Tuesday, January 17, 2023

လူ တစ်ယောက် ရေး တဲ့ ဝတ္ထု


 ❝ လူ တစ်ယောက် ရေး တဲ့ ဝတ္ထု ❞


( ၁ )


တစ်နေ့ တာ ၏ နေ ဝင်ချိန် တွင် ဆို နေကျ သီချင်းလေး ကို ဆိုရင်း ပြန်နေကျ လမ်းသွယ်လေး မှာ အရင် လို ပဲ အရှုံး များစွာ ကို အပြုံး မပျက် ရင်ခွင် ပိုက်ပြီး အိမ် အဟောင်းလေး ဆီ ပြန် လာ သူ မှာ ကျွန်တော် ဖြစ်သည် ။ 


( ၃ ) 


မသေချာခြင်း များ ဖြင့် သေချာ နေသော ဘဝ တွင် ကျွန်တော် သည် ဘာ တစ်ခု မှ မပိုင်ဆိုင် သော ဘဝ ကို ပိုင်ဆိုင် ထား သူ ဖြစ်သည် ။ ကျွန်တော့် ထံ တွင် အမည် ပေး ထားသော သီချင်း တစ်ပုဒ် ရှိ နေ၏ ။ လိုအပ်ခြင်း များစွာ ဖြင့် ပြည့်စုံ နေ သော ထို သီချင်း အား အမည် ပေးရန် မပြည့်စုံသေး ဟု ကျွန်တော် ထင် ပါသည် ။


( ၄ )


ညီအစ်ကို မသိ တသိ အချိန် တွင် ညီအစ်ကို မှန်း သိသိ ကြီး နှင့် ပင် ကျွန်တော် တို့ ညီအစ်ကို နှစ်ယောက် လမ်း ခွဲ လိုက် ကြသည် ။ မိသားစု ဆိုသော စကား သုံးလုံး နှင့် ကမ္ဘာ ခြား ခဲ့သည် မှာ အဖေ ဆုံး ကတည်း က ဖြစ်၏ ။ အမေ နှင့် ညီမလေး ကို တော့ တစ်ရံတစ်ခါ ဆို့နစ်စွာ လွမ်းဆွတ် မိသည် ။


( ၆ )


တစ်နေ့ ထက် တစ်နေ့ လူသား များ ပိုမို ယဉ်ကျေး လာ ကာ တစ်နေ့ ထက် တစ်နေ့ လူသားများ ပိုမို ရိုင်းစိုင်း လာ ကြ၏ ။ ဆယ့်နှစ်ကြိုး တပ် ဗဟုခေတ်ကြီး ထဲ တွင် ကျွန်တော် လည်း ပို လိမ္မာ လာ ပြီး ပို၍ မိုက်တွင်း နက် နက် လာသည် ။


( ၈ )


မကြည်လင်သော အမြင်များ ၊ သံသယများ ၊ ထောင်ချောက်များ ၊ ရေတံခွန် နှင့် ပန်းပွင့်များ ၊ သစ်တော်သီးများ ၊ အေးစက် ပူနွေးခြင်း ၊ ရဲဝံ့ကိုးစားခြင်း ၊ ကြည်နူး ပျော်ရွှင်ခြင်း ၊ တစ်ဖန် လိုက်နာ လွယ် ကြသော ပုံသေနည်း အသီးသီး ... ထို ပန်းချီကား အား သင် တို့ ရေးဆွဲ ခဲ့ကြ သည် ။ မျှော်လင့်ချက် ၊ ချစ်ခြင်းမေတ္တာ ၊ လိင်ရမ္မက် ၊ အနုပညာ ၊ အထီးကျန်ဆန်ခြင်း ၊ ဂျင်းဘောင်းဘီ သုံးထည် ၊ ဂီတာ လက်ကွက် တချို့ ၊ ဖြောင့် လက်သီး တစ်လုံး ဤ သည် မှာ ကျွန်တော် ရေးဆွဲသော ပန်းချီ ကား ဖြစ်၏ ။


( ၉ ) 


အေးမြမြသက် မှာ ကျွန်တော် နှင့် လွဲချော် ခဲ့သော ချစ်သူ ဖြစ်ပြီး ဤ ဝတ္ထု ထဲ တွင် သူမ အကြောင်း စာ တစ်တန် ပေ တစ်ဖွဲ့ မပြောလိုပါ ။ မာယာ ဓားပုန်း တစ်လက် ၏ သွယ်ဝိုက် ရက်စက်ခြင်း ကို လည်း မပြော လိုပါ ။ ကောင်မလေး တစ်ယောက် မှားယွင်း ယူဆောင် သွားသော ကျွန်တော် ၏ ကဗျာဒိုင်ယာရီ စာအုပ်ကလေး အကြောင်း ကို လည်း မပြောလိုပါ ။ ဘာဆို ဘာမျှ မပြောလိုပါ ။ မပြောလိုသော ကြောင့် ကျွန်တော် ၏ ရန်ဖက် မြောက်အရပ် မှ တိမ်တိုက်များ အကြောင်း လည်း မပြော တော့ ပါ ။ 


( ၁၀ ) 


တိုက် မြင့်မြင့် တွေ ကြား ထဲ မှ လမင်း ကို မော့ ကြည့် ရတာ လည်ဆစ်ရိုး တွေ နာကျင် လွန်းလှသည် ။ 


နောက်ဆုံး .. 


ဒီလို မော့ ကြည့် ခွင့် ရတာ ကို ပဲ ကျေးဇူး တင် မိသေးတော့၏ ။


( ၁၁ ) 


ဗန်ဂိုး ၏ အနုပညာ ဆာလောင်မှု ကို သိသည် ။ တောင်တန်း တို့ ၏ စိမ်းသော ရနံ့ ကို သိသည် ။ မမြင်ရသော မိဘမေတ္တာ သည် ထုထည် ကြီးမားကြောင်း သိသည် ။ ခံစား၍ သိခြင်းမျိုး ဖြစ်သည် ။ ကိုယ့် ကိုယ် ကို မည်သို့မျှ မခံစားရသော ကြောင့် ကျွန်တော့် အကြောင်း ကျွန်တော် မသိ ၊ တစ်စုံတစ်ရာ မှားယွင်း နေပြီလား ။ 


( ၁၃ ) 


ဖြူစင် ငြိမ်းချမ်းသော ကလေးငယ် တို့ ၏ ကိုယ် ပေါ် တွင် မည်သို့သော ကျိန်စာ အရိပ်မည်း မျှ မကျရောက်စေရ ၊ ကျွန်တော့် လက်ချောင်း များဖြင့် ကောင်းကင်ပြာကြီး တစ်ခု ယက်လုပ် ပေးမည် ။ ကျေးဇူး ပြု ၍ ဒေါင်ကျကျ ၊ ပြားကျကျ တွေးခေါ် ပေးကြပါ ။ 


( ၁၄ ) 


အချစ် နှင့် စစ် တွင် အမြဲ အကုန်လုံး တရားသည် ဆိုသော စကားပုံ ကို ဆန့်ကျင် ပါသည် ။ ထို့ကြောင့် မအေးမြမြသက် အား ရည်းစား စကား မပြော ဖြစ်ခဲ့ပါ ။ ပြောကြ ကြေး ဆိုလျှင် အလင်း တစ်ဝက် ၊ အမှောင်  တစ်ဝက် ရွက်လွှင့် နေသော ဘဝ တစ်ခု အကြောင်း ပြောပြ ချင်သည် ။ အရာရာ ၌ အစ မကောင်းခဲ့သော ကြောင့် အနှောင်းသေချာ မည် မထင်ပါ ။


( ၁၅ ) 


ကျွန်တော် က ကမ္ဘာလောက အား “ ကကြီး ” မှ “ အ ” အဆုံး ထိ ချစ်ခင် သူ ဖြစ်သည် ။ သူ လို ကိုယ် လို ချောင်ကလေး တစ်ချောင် တွင် နေထိုင် သည် ။ ကျွန်တော့် မှားယွင်းမှု များ ကို သာ “ အေ ” မှ “ ဇက် ” အထိ နား လည် ပေးကြ စေလိုပါသည် ။


( ၁၆ )


သက္ကရာဇ် တွေ ပေါ် လမ်းလျှောက် ရင်း ကဗျာ ရေး မည် ။ လွဲချော် ခဲ့ ရသော ရင်ခုန်သံ စစ်စစ်များ ကျွန်တော် ထံ ပြန် လာပါဦးမည် လား ။ အလွမ်း ဆို တာ ရင်ဘတ် ထဲ ဓား တစ်ချောင်း မြို ချ ထားရခြင်း ပင် ဖြစ် သည် ။ တစ်ရံရော အခါ က ကြေကွဲခြင်းများ အိပ်မက် ဖြစ် သွားကြ၏ ။ အနုပညာ အား အသေ ရ ရ အရှင် ရ ရ နမ်းရှိုက် ပါ ရစေတော့ ...  ။ 


( ၁၇ ) 


စာပိုဒ် ( ၂ ) ၊ ( ၅ ) ၊ ( ၇ ) ၊ ( ၁၂ ) ။ ဤ စာပိုဒ်များ တွင် မည်သည့် စကားလုံး မှ ရေးသွင်း မထားပါ ။ ဖြစ်နိုင်လျှင် ကျန် စာပုဒ်များ ကို လည်း စကားလုံး များ ဖြင့် မဖွဲ့စည်းချင်ပါ ။ သို့ရာတွင် စကားလုံးများ ၊ စကားသံများ ဖြင့် ဆူညံ နေသော အရပ် ကို လောက ဟု ခေါ်ဆို ကြလေ၏ ။ 


( ၁၈ ) 


အပြာရောင် ကောင်းကင် ထဲ သို့ ကျွန်တော် ၏ မရှိသေးသော တောင်ပံများ နှင့် ပျံသန်း ရန် ကြိုးစားမှု မှာ ‘ ဝ ’ မရှိဘဲ “ ဝိ” လုပ် ခြင်း သာ ဖြစ်ပေမည် ။ ထို့အတူ ပင် မအေးမြမြသက် အား လွမ်းဆွတ်ခြင်း သည် ကျွန်တော် ၏ စိတ္တဇ သာ ဖြစ်၍ လတ်တလော သင် ဖတ်ရှု နေသော စာသားများ သည် လူ တစ်ယောက် ရေးသား ထား သော ဝတ္ထု တစ်ပုဒ် ဖြစ်ကောင်း ဖြစ် နေနိုင်ပါသည် ။


◾လွန်းဆက်နိုးမြတ်


📖 ကြယ်ကိုးစင်း နဲ့ လင်းတဲ့ ကောင်းကင်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment