Monday, January 2, 2023

ပြတင်းပေါက်များ နှင့် အိမ်


 ❝ ပြတင်းပေါက်များ နှင့် အိမ် ❞


ပြတင်းပေါက်များ နှင့် အိမ်များ ကို တွေ့တိုင်း ရပ် ငေး တတ်သော အကျင့် သည် ကျွန်မ မှတ်မိသလောက် သိတတ်စ အရွယ် နှစ်နှစ် ၊ သုံးနှစ် လောက် ကတည်း က စခဲ့သည် ထင်သည် ။ ကျွန်မ မွေးဖွားသော အိမ် မှာ မြို့လယ်ကောင် ရှိ သုံးခန်းတွဲ တိုက်ခန်း သာ မို့ ရှေ့ဝင် တံခါး ၊ နောက်ဖေး မီးဖိုချောင် အထွက် တံခါး တို့ သာ ပါ ပြီး ပြတင်းပေါက် တစ်ပေါက် မှ မပါပေ ။ ထိုအခါ ပြတင်းပေါက် မမြင်ဖူးသော ကျွန်မ သည် ပြတင်းပေါက် များများ နှင့် အိမ်များ ကို  တွေ့တိုင်း အထူးအဆန်း သဖွယ် ရပ် ငေး တတ်ခဲ့သည် ။


' မေမေ ... အဲဒါ ဘာလဲ ' ဟု ကျွန်မ အထူးအဆန်း အဖြစ် မေးတိုင်း မေမေ က ရယ်မော ကာ ဖြေ ရမြဲ ... ။ ကျွန်မ ၏ ငယ်ဘဝ ကာလများ တွင် အမေ က ပြတင်းပေါက်များ ကို အံ့ဖွယ် တစ်ရပ် အဖြစ် ထင် တတ်သော ကျွန်မ အဖြစ် ကို လူ လာ တိုင်း ပြောကာ ရယ်မော ခဲ့သည် ကို မှတ်မိ နေခဲ့၏ ။ ကျွန်မ သည် ပြတင်းပေါက် ရှိသော အိမ်များ သို့ အလည် သွား တိုင်း ပြတင်းပေါက် ၌ မညောင်းမတောင့် ရပ်ကာ ပြတင်းပေါက် ကို နှစ်သက် တတ် ခဲ့၏ ။ ကျွန်မတို့ အိမ် သည် အိမ်ရှေ့ခန်း မှ လွဲပြီး နေ့ခင်းကြောင်တောင် မှာ ပင် မီး ထွန်း မှ လင်း သည် မို့ ပြတင်းပေါက် မှ အလင်း နှင့် လေ တို့ ဝင်သည် ကို အံ့ဩရင်း ပင် ကျွန်မ ဘယ်လို နှစ်သက်မှန်း မသိ နှစ်သက် တတ် ခဲ့သည် ။ အိမ် ပြန် ရောက် ရင်တော့ ကျွန်မ သည် မည်းမှောင် နေသော ကျွန်မ အိပ်ခန်းကလေး ကို ကြည့် ကာ ကလေး အတွေး ဖြင့် ဖေဖေ့ ကို ပြတင်းပေါက် ဖောက် ပေး ဖို့ ပူဆာ တတ်ပြန်၏ ။ ကလေး သာ မို့ ကျွန်မ သည် အလယ်ခန်း တိုက်ခန်း မှာ ပြတင်းပေါက် ဖောက် မရ သည် ကို နား မလည်ဘဲ အဖေ နှင့် အမေ ကို စိတ် ကောက်မြဲ .. ။ စိတ်ဆိုး ငိုယိုမိ မြဲ ။ ထိုအခါ စိတ် မရှည်သော ဒေါသ ကြီးသော အမေ ၏ ရိုက်နှက်ခြင်း ကို ခံ ရကာ ငိုယိုရင်း ပင် အိပ်ပျော် ခဲ့ရ၏ ။


ကလေး အရွယ် ပေမဲ့ အနည်းငယ် သိတတ်စ အရွယ် သို့ ရောက်လာသော အခါ ကျွန်မ သည် ငယ်ငယ်တုန်း က လို အရိုက် ခံ၍ ပြတင်းပေါက် ဖောက်ပေး ဖို့ မပူဆာတော့ သော်လည်း မည်းမှောင် လှောင်ကျဉ်း သည့် အခန်း ထဲ ရှိ ခုတင် ထက် တွင် အသက်ရှူ ကျပ်စွာ ဖြင့် လူးလှိမ့် ရတိုင်း -


' ငါ ကြီး လို့ အိမ် ဆောက်ရင် ပြတင်းပေါက် တွေ အများကြီး ပါတဲ့ အိမ်ဆောက်မယ် ' ဟု တွေး တတ်ခဲ့ပြန်သည် ။ ထိုအခါ တိုင်း ပြတင်းပေါက် တစ်ပေါက် ပင် မရှိသော ကျွန်မ ၏ အိမ် ကို စိတ် အလို မကျစွာဖြင့် ကျွန်မ ငြူစူ တတ်ခဲ့၏ ။ အမှောင် ထဲ ၌ ကျွန်မ သည် ပြတင်းပေါက် မရှိသော နံရံ ကို စိုက်ကြည့် ကာ မွန်းကျပ် တိုင်း ၊ ပန်ကာ လေ ဖြင့် လေ အတု ကို ဖန်တီး ရယူ ရတိုင်း ပြတင်းပေါက် များ ကို တမ်းတ မိ မြဲ ... ။ လိုချင် မိ မြဲ ပင် ... ။


ကျွန်မ လိုချင်သော ပြတင်းပေါက်များ နှင့် အိမ် မှ ပြတင်းပေါက်များ သည် ကျွန်မ အချိန်မရွေး ခေါင်း ထုတ်ကာ အပြင် သို့ ကြည့် နိုင်သော ပြတင်းပေါက် စစ်စစ် များ ဖြစ်ကြသည် ။ သံပန်း ၊ သံဆန်ခါ ဘာမှ မတပ်ထားသော ၊ ခန်းဆီးစ ကလေး တစ်စ ပင် တွဲလွဲခိုခြင်း မရှိသော ပြတင်းပေါက် ပင် ။ ကျွန်မ သည် ထို ပြတင်းပေါက် မှ တစ်ဆင့် ကောင်းကင်ပြာလဲ့ နှင့် မြက်ခင်းစိမ်းများ ကို အရသာ ခံ ၍ ကြည့်နိုင်သည် ။ မိုးမှုန်စ နူးညံ့များ ၏ အတွေ့ ကို ပြတင်းပေါက် မှ လက် နှစ်ဖက် ထုတ်ရင်း ဖမ်းယူ ခံစားနိုင်သည် ။ ကျွန်မ သည် စိတ်ကူး ထဲ က အိမ် တွင် ပြတင်းပေါက်များ ကျယ်ဝန်းစွာ ပါ၍ နွေမိုးဆောင်း သုံးပါး စလုံး တံခါး မပိတ်တမ်း ဖွင့်၍ ထား တတ်၏ ။ နေရောင် တို့ သည် ထို အိမ် ထဲ သို့ အဆီးအတား မရှိ ဝင်ရောက် နိုင် သလို ... ဆောင်း မနက်ခင်းများ ၌ နှင်းစက် တို့ ဖြင့် စိုထိုင်းအေးစက် နေသော ကြမ်းပြင် ပေါ် မှာ ကျွန်မ သည် စိတ် ထင်တိုင်း လဲလျောင်း နိုင်လေသည် ။ ပြတင်း မှ တစ်ဆင့် ငှက်မျိုးစုံ တို့ သည် အိမ် ထဲ သို့ ဝင်ကာ ငှက်သံစုံ တို့ ဖြင့် မြည်ကြွေး လျက် ... ကျွန်မ ၏ နံနက်ခင်း တိုင်း သည် ကျွန်မ မုန်းသော နှိုးစက်သံ စူးစူး ကြောင့် မနိုး ရတော့ဘဲ ငှက်နှိုးသံ ဖြင့် နိုးသော နံနက်ခင်းများ ဖြစ်ကြ၏ ။ လ သာသော ညများ ၌ ပြတင်းပေါက် များ မှ ဝင် လာသော လရောင်ပြိုးပြက်ဖြင့် တစ်အိမ်လုံး လင်းပ ကာ ၊ လ မသာသော ညများ ၌ ကြယ်ရောင်စုံ တို့ ၏ ဖြိုးဖြောက်သော အလင်းရောင် သည် အိမ် ထဲ သို့ တိတ်တဆိတ် ဝင်ရောက် နေ တတ်ပြန်သည် ။ ပြတင်း မှ တစ်ဆင့် လေ တို့ သည် စိတ် ထင်တိုင်း ဝင်ရောက် ကာ ဟိုဟို သည်သည် သွားလာရင်း နံရံ ၌ ထောင် ထားသော ဂစ်တာကြိုး ကို တိုး တိုက် မိကြသဖြင့် ဂီတသံပိုင်းစ တို့ ကျိုးကျိုးကျဲကျဲ မြည်ကြွေး ရ ပြန်သည် ။


ပြတင်းပေါက် မှ တစ်ဆင့် ကျွန်မ ခေါင်း ထုတ် ကြည့် တိုင်း အမျိုးအမည် မကွဲပြား လှသော အလေ့ကျ ရောင်စုံပန်း တို့ က လူသွားလမ်း တစ်လျှောက် ဝဲယာ ၌ လွန့်လူးကာ ကျွန်မ ကို ပြုံးရယ် နှုတ်ဆက် တတ် ပြန်သေး၏ ။


အို .. ဘယ်လောက်များ တန်ဖိုး ရှိ လိုက်တဲ့ ပြတင်းပေါက် ပါ လဲ ကွယ် ။ ကျွန်မ သည် ပြတင်းပေါက် တစ်ပေါက် ပင် မရှိသော ကျွန်မ ၏ အိမ် ၌ မွန်းကျပ် လွတ်လပ်စွာ နေ ရတိုင်း မျက်စိ ကို စုံ မှိတ်ကာ ပြတင်းပေါက် များ နှင့် အိမ် ဆီ သို့ အလည် သွားမြဲ ... ။


ထိုအခါ တိုင်း မွန်းကျပ် လှောင် နှောင်ဖွဲ့ နေသော ကျွန်မ ၏ စိတ် တို့သည် လွင့်ဝဲ ပေါ့ပါး ကာ ကျွန်မ မသိသော ကမ္ဘာ့သစ် ဆီသို့ ကျွန်မ ကို ဆွဲငင် ခေါ်ငင် သွားတော့၏ ။


    •••••   •••••   •••••   •••••


ပြတင်းပေါက်များ နှင့် အိမ် ကို ကျွန်မ စ ၍ ဆောက် ခဲ့သည်မှာ မှတ်မှတ်ရရ ကျွန်မ ငါးတန်း နှစ် က ဖြစ်သည် ။ ထိုနေ့ က ကျွန်မ သည် ကျောင်းစာစီစာကုံးပြိုင်ပွဲ ၌ အလယ်တန်း အဆင့် ပထမ ရခဲ့၏ ။ ကလေးပီပီ အောင်မြင်မှု အတွက် ပျော်ရွှင်စွာ အိမ် သို့ အပြေး ပြန်ရင်း အဖေ နှင့် အမေ့ ကို ပထမဆုံး အသိ ပေး ချင်နေခဲ့၏ ။ အိမ် ရောက်တော့ အဖေ နှင့် အမေ က မရောက်သေး ။ ခေါင်းရင်းခန်း ၌ အပ် ထားသော သော့ ကို ယူရင်း ကျွန်မ သည် အိမ် ထဲ သို့ ဝင်ကာ မည်းမှောင်သော အခန်းကျဉ်းကလေး ထဲ ၌ ထိုင် မရ ထ မရ ဖြစ်ကာ အဖေ နှင့် အမေ အပြန် ကို စိတ်စော စွာ စောင့် နေခဲ့သည် ။


ထို နေ့ က မီး မလာ သလို အဖေ နှင့် အမေ သည် ခါတိုင်း ပြန်ချိန် ထက် များစွာ နောက်ကျ ပြီး မှ ပြန် ရောက် လာခဲ့ကြသည် ။ အဖေ့ ကိုယ် ၌ အရက်နံ့ များ မွှန်ထူ နံဟောင် နေ သလို အမေ့ တစ်ကိုယ်လုံး လည်း ဒေါသ ကြောင့် တဆတ်ဆတ် တုန် နေခဲ့သည် ။ လမ်း ၌ မပြီးပြတ် ခဲ့သော ရန်ပွဲ သည် အိမ ၌ မီးစာ မြှင့် ကာ အစွမ်းကုန် တောက်လောင် လေတော့သည် ။


ကျွန်မ သည် မည်းမှောင် နေသော အခန်း ထဲ ရှိ ခုတင် ချောင် ၌ ကိုယ် ကို ကပ်ကာ ကြောက်ရွံ့စိတ် ဖြင့် တဆတ်ဆတ် တုန် နေခဲ့သည် ။ အရက်နံ့ များ ဖြင့် တစ်ခန်းလုံး မွှန်ထူကာ ဒေါသ ကြောင့် ဗလုံးဗထွေး ဖြစ် နေသော အမေ့ စကားသံ စူးစူး ၊ အသံကုန် ဟစ်၍ ဆဲ နေသော အဖေ့ ဆဲသံ မျိုးစုံ ၊ ထို အသံ များ ကြား၌ ကျွန်မ ပျော်ရွှင်မှု နှင့် အောင်မြင်မှု တို့ သည် ရွဲရွဲစို နစ်သွားသော စက္ကူ တစ်စ ပမာ ပျော့ဖတ် ပျက်စီး၍ ပုံပျက် ကျပျောက် သွားတော့၏ ။ ကျွန်မ သည် အသံ တစ်စက် မှ မထွက် စေ ရအောင် သတိ ထား ကာ ငိုရှိုက် နေရင်းမှ ကြောက်ရွံ့မှု တို့ သည် ကျွန်မ မုန်းသော ပင့်ကူကောင်များ လို ကျွန်မ ပေါ်သို့ တွား တက် လာ ကြပြီး ရုန်း မရနိုင်အောင် အစေးမျှင်များ ဖြင့် တစ်စ ဆီ တုပ်နှောင် ကြပြန်၏ ။ ထို ခဏလောက် ကျွန်မ တွယ်ရာ မဲ့ စွာ ခံစားရမှု မှာ ဘဝ တစ်သက်တာ ၌ ပင် မပေါ်ခဲ့သေး ။ ပျော်ရွှင် ခဲ့သော စိတ် တို့ ၏ ပုံပြောင်း ကျပျောက် လွယ်မှု မှာ မြန်ဆန် လွန်းလှ၏ ။ စွပ်စွဲသံ နှင့် ငိုယိုသံများ နာခံရင်း မုန်းတီးကြောက်ရွံ့ကာ ခေါင်းအုံး ကို နား ၌ ဖိကပ် ထား မိပြန်သည် ။ ထိုခဏ ၌ ကျွန်မ သည် ... တန်ခိုးရှင် တစ်ဦးဦး ဖန်ဆင်း ပေးလိုက်သည့် နှယ် ပြတင်းပေါက်များ နှင့် အိမ်ကလေး ကို ရှာဖွေ တွေ့ရှိ သွားတော့သည် ။


ကျွန်မ သည် အံ့သြ မှင်တက် မိပြီး ထို အိမ်ကလေး ကို လှည့်ပတ် ကြည့်မိသည် ။ အိမ်ကလေး တွင် ကျယ်ပြော လွတ်လပ်သော ပြတင်းပေါက်များ မှ လွဲ၍ ဘာမှ မပါ ပါ ။ ပြတင်းပေါက်များ နှင့် အိမ် တွင် ပြတင်းပေါက်များ နှင့် ကျွန်မ သာ ရှိ ကြ၏ ။ ကျွန်မ သည် စာစီစာကုံး ဆု ရသည့် နေ့ မှာ ထို အိမ်ကလေး ကို ရှာ တွေ့သည့် အတွက် ထို အိမ်ကလေး ကို ကျွန်မ ဘာသာ ကျွန်မ ချီးမြှင့်သော ဆုလာဘ် ဟု ထင် လေသည် ။ မခမ်းနားလှပေမဲ့ လွတ်လပ်သော ထို အိမ်ကလေး ၌ လုံခြုံစွာ ပုန်းခို ပျော်ရွှင် တတ်ခဲ့၏ ။

 

မည်းမှောင်သော နံရံ သည် ကျွန်မ အတွက် အဓိပ္ပါယ် ရှိ လာကာ ... မှို့ မညီမညာ ဖြင့် မအိစက်တော့ သော ကျွန်မ မွေ့ရာ သည် ကျွန်မ အတွက် အိပ်မက် စရာ ဖြစ် လာ ခဲ့လေသည် ။


ကလေးဘဝ တစ်လျှောက်လုံး ကျွန်မ ဆွဲသော အိမ်များ မှာ ပြတင်းပေါက်များ နှင့် အိမ်များ ချည်း ဖြစ်ကာ ကျွန်မ ၏ ရည်ရွယ်ချက် သည် လည်း ' ပြတင်းပေါက် ပါ သော အိမ် ဆောက်ရန် ' ဖြစ် နေ ခဲ့တော့သည် ။


ကလေးဘဝ က လူကြီးများ အလုပ် ရှာ ၍ မေးရိုး မေးစဉ် ‘ သမီး ကြီးရင် ဘာ လုပ်မှာလဲ ' မေးတိုင်း ကျွန်မ အဖြေ သည် တစ်သမတ်တည်း မရိုးစွာ ' ပြတင်းပေါက်များ ပါသော အိမ် ဆောက်ရန်သာ ' ဖြစ်သည် ။ ကျွန်မ ထိုသို့ ဖြေတိုင်း လူကြီးများ က အံ့ဩ ဟန်ဖြင့် ခဏ ငေးကာ ရယ်မော တတ်ကြသော်လည်း  ကျွန်မ ရင် ထဲ က ပြတင်းပေါက်များ နှင့် အိမ် သည် အသက်အရွယ် ရ လာသည် နှင့် အမျှ ပို၍ ခိုင်မာ လာခဲ့သည် ။


    •••••   •••••   •••••   •••••


အရွယ် ရ လာပေမဲ့ ကျွန်မ သည် ငယ်ငယ်တုန်း က လိုပင် ပြတင်းပေါက်စစ်စစ်များ နှင့် အိမ်များ ကို တွေ့တိုင်း တမေ့တမော ရပ် ငေး ကြည့်တုန်းပင် ။ သို့သော် တစ်ခု ပို လာသည် မှာ .. ရပ် ငေး ရုံတင် မဟုတ်တော့ဘဲ အိမ်ဈေးများ ကို ... စုံစမ်း ကြည့် တတ် လာခြင်းပင် ။ အိမ်ဈေး မှန်သမျှ တို့သည် ဘယ်အခါ မေးမေး ကျွန်မ လက်လှမ်း မမီနိုင်သော ဈေး တို့ သာ ဖြစ် ကြ၏ ။ ကျွန်မ ကုမ္ပဏီ ၌ တစ်လ လုပ်စာ ငါးသောင်း ကို ဘာမှ မစား မသောက် ဘဲ လစဉ် စု၍ ဝယ် ရင် တောင်မှ ဆယ့်ငါးနှစ် ၊ အနှစ်နှစ်ဆယ် ကြာ မှ ရမည့် ငွေကြေး များ သာ ဖြစ် ကြ၏ ။ ဒါတောင် ထို ဆယ့်ငါးနှစ် လုံးလုံး အိမ်ဈေး တို့ မတက် ပါ မှ ဝယ် နိုင်လေမည် ။ ငယ်ငယ် က ကလေး အတွေး ဖြင့် ကြီး ရင် အိမ် ဆောက်မယ် ဆိုသော မျှော်လင့်ချက် တို့ သည် ယုံကြည်မှု အသွင် ဖြင့် ခိုင်မာ နေခဲ့သော်လည်း အသက် အစိတ် ( ၂၅ ) နှစ် နား သို့ တဖြည်းဖြည်း ကပ် လာသည် နှင့် အမျှ ကျွန်မ ၏ ခိုင်မာမှု တို့ သည် အလွှာလိုက် ကွာ ကျမှန်း မသိ  ကွာကျ လာခဲ့သည် ။ ကျွန်မ သည်  ကိုယ့် ကိုယ် ကိုယ် ညံ့ဖျင်းသူ တစ်ယောက် အဖြစ် ထင်မှတ် ယုံကြည် ကာ ဘာကို နာကြည်း မိ မှန်း မသိ နာကြည်း လာပြန်သည် ။

မပြေလည်သော စီးပွားရေး ထဲ ၌ အဖေ က အရက် ကမ္မဋ္ဌာန်း စီးဖြန်း ရင်း ဖြင့် တစ်ကိုယ်စာ လွတ်လမ်း ရှာ သလို အမေ က အားကိုးရာ အဖြစ် မြောက်ဒဂုံ အစွန် ဘက် ရှိ ဘုန်းကြီးကျောင်း များ ဆီသို့ ပြေး ချင် ပြေး ၊ မပြေး ရင် ဘုရားစင် ၌ ထွန်း ထားသော အမွှေးတိုင် ထဲ မှ ဂဏန်း ရှာ ကာ ဘဝ ၌ ပျော်မွေ့ လေသည် ။ ကျွန်မ က တော့ ကျွန်မ ငယ်ငယ် တုန်း က ထ က် ဖယောင်းတိုင် ပိုမို ထွန်းညှိ လာရသော မည်းမှောင် သည့် တိုက်ခန်း ထဲ ၌ ငယ်ငယ်တုန်း က လို ပင် ကျွန်မ ၏ ပြတင်းပေါက် များ နှင့် အိမ် ထဲ သို့ ပြေးခို ရလေသည် ။ ထိုခဏ ၌ ဘဝ သည် ခဏ နေပျော်စရာ ထင်မှတ်ကာ အတု ဖန်ဆင်း ၍ နေရခြင်း ကို ပင် ဘဝ ၏ အဓိပ္ပါယ် ဟု ထင်ချင် လာ ပြန်သည် ။


အိမ် ထဲ ရှိ လူ သုံးဦး သည် မျက်နှာချင်း တေ့တေ့ မဆိုင် ဖြစ်ကြဘဲ တစ်ဦး နှင့် တစ်ဦး ဘာကို အားနာမှန်း မသိ အားနာ ကြကာ လူ ပီပီ ပင် ကိုယ့် လွတ်လမ်း နှင့် ကိုယ့် ဘဝ ကို တစ်ကိုယ်ကောင်း ဆန် စွာ တွယ်ဖက် ထားကြလေ၏ ။


ကျွန်မ သည် ဒီ တစ်သက် တော့ ဖြင့် မည်းမှောင်မှောင် တိုက်ခန်း ထဲ မှာပင် ရုန်း မရသော ဝဋ် နှယ် ကုန်ဆုံးတော့မည် ဟု ထင်ဆဲ အလင်းရောင် တစ်စ သည် မမျှော်လင့်သော နေရာ မှ ကျွန်မ ဆီ ပြိုးပျက် ချဉ်းကပ် လာတော့၏ ။


    •••••   •••••   •••••   •••••


ထိုနေ့ က အဖေ သည် ခါတိုင်း နေ့ များ ထက် အရက် ပို သောက် လာခဲ့၏ ။ မိသားစု အားလုံး စုံ သည့် အချိန် ညပိုင်း မှာ ပင် ရုတ်တရက် ဆိုသလို အဖေ က အသံ ဗလုံးဗထွေးကြီး ဖြင့် ‘ အိမ်ရောင်းမယ် ’ ဟု ကြေညာ လိုက်တော့သည် ။ အမေ က သဘော တူသည် လည်း မဟုတ် ၊ မတူသည် လည်း မဟုတ် ။ ဒီ နှစ် ပိုင်း မှာ အမေ ထားနေကျ ' ဗလာမျက်နှာ ' နှင့် သာ ဖြစ်သည် ။ ကျွန်မ ထံ ၌ ဆိုစရာ စကား ရှိသည် မထင် ။ ဘာကို မှ လည်း မပြောချင်လှ သဖြင့် နံရံ ကို သာ ငေး နေခဲ့လေသည် ။ အဖေ က လည်း ပြောစရာ ရှိသည် ကို တာဝန် အရ ပြောသည့် ဟန် မျိုး သာ ရှိပြီး ကျွန်မ ၏ ကန့်ကွက်မဲ ၊ ထောက်ခံမဲ တို့ ကို စိတ်ဝင်စား ပုံ မရှိပေ ။


တကယ်တော့ အဖေ့ အိမ် ( တိုက်ခန်း ) ရောင်းမည့် အစီအစဉ် သည် ငွေပို မရှိသူ တို့ အိမ်ဈေး တက် လာသော အခါ ပိုလေး ထွက်လို ထွက်ငြား လုပ် တတ်သော အစီအစဉ် သာ ဖြစ်သည် ။ ကျွန်မ သိ ရ သလောက် အမေ့ ထံ ၌ လည်း ပေးစရာ တို့ ရှိသည် ။ တကယ့် တကယ် ရောင်းမည် ဆိုတော့ အမေ့ မျက်နှာ မကောင်းလှ သော်လည်း အမေ့ ၌ ကန့်ကွက် နိုင်သော အင်အား တို့ ဆိတ်သုဉ်းကာ အဖေ က လည်း ငွေ ကို မြင်ချင်လှပြီ မို့ ကျွန်မ မုန်းသော ထို တိုက်ခန်းအား ဈေး ခပ်ပေါပေါ ဖြင့် ပင် အရောင်း စွံ ရတော့သည် ။


ထိုအခါ ကျွန်မ တစ်သက်လုံး ရွတ် ခဲ့ရသော ပြတင်းပေါက် တစ္ဆေ သည် ပူးကပ် ရာ မှ ကျွန်မ ကို ကိုယ်ထင် ပြကာ အသက် ဝင် လှုပ်ရှား လာတော့သည် ။


    •••••   •••••   •••••   •••••


တကယ်တော့ အဖေ့ တိုက်ခန်း ရောင်း ရငွေ သည် ပေးစရာ အကြွေး တို့ ကို ပေးပြီးသည့် နောက် ... သွားရေးလာရေး အနည်းငယ် ခက်သော မိုးရာသီ ၌ ရွှံ့ပေ တတ်သော မြို့သစ်ကလေး ၌ အိမ် နှင့် မြေကလေး ကို ဝယ်နိုင်သည် ဆိုရုံ မျှ သာ ပို လေသည် ။ ထို ရပ်ကွက် ၌ အိမ် တို့ သည် တစ်အိမ် နှင့် တစ်အိမ် အနည်းငယ် ဝေးကာ လူနေ ကျဲ လှ၏ ။ ပျဉ်ထောင် သွပ်မိုး ဆိုသော်လည်း ညိုညစ်ညစ် မွဲခြောက်ခြောက် သာ ဖို့ အမေ က အိမ် ကို ကြည့်ကာ မျက်နှာ ညိုသည် ။ တစ်သက်လုံး မြို့လယ်ကောင် ဆူဆူညံညံ ၌ သာ နေလာ ကြသူများ အဖို့ မိုးရာသီ ၌ ဖား အော်သံ နှင့် မိုးရွာ သံ သာ ဟိန်းဟိန်းညံ တတ်သော ထို ရပ်ကွက် ၌ မနေတတ် ဟု ဆို လာသည် ။


ကျွန်မ က ပြတင်းပေါက်စစ်စစ် များ သုံးပေါက် ပါ တာ နှင့် ပင် ထို အိမ်ကလေး ၏ အပြစ် အနာအဆာ အားလုံး ကို မမြင်နိုင်တော့ ဘဲ ရှိ လာသည် ။ ထို အိမ် မှ ပြတင်းပေါက် တံခါး တို့ သည် သစ်သားတံခါးများ သာ မို့ ပိတ် ထားရင် ဘာမှ မမြင်ရတော့ပေ ။ ကျွန်မ သည် နေ့ခင်း ဆို မီးထွန်းစရာ မလိုသော ၊ အလင်းရောင် တို့ ဖောဖောသီသီ ဝင်သော ထို အိမ်ကလေး ကို ဘုရား ပေး သည့် အိမ် ဟု ပင် ထင် လေသည် ။ ကျွန်မ တို့ အိမ်ပြောင်း ရသော အချိန်သည် ဝါ ဝင်ခါ နီး မို့ အကြို မိုး တို့သည် ကျွန်မ တို့ ကို ဆီးကြို နှုတ်ဆက် လေသည် ။ မြို့သစ် မိုး သည် အဆီးအတား မဲ့ စွာ ပွင့်လင်း လွတ်လပ်လှ၏ ။ ပြတင်း မှ ဝင် လာသော မိုးရေ တို့ သည် လေ နှင့် အတူ ရော ကာ ပြတင်း ၌ ခဏ ရပ်ရုံ မျှ ပင် ရွဲရွဲ စို လေသည် ။ သွပ်မိုး ပေါ် သို့ တဖြောင်းဖြောင်း ကျ သော မိုးသံ ကို သာယာစရာ ဟု ထင်သည် ။ ကျွန်မ သည် ကိုယ့် ကိုယ် ကိုယ် အသစ် မွေးဖွားခွင့် ရလာသူ တစ်ဦး ပမာ ထင်၍ ပျော်ရွှင် သွက်လက် လာခဲ့၏ ။


ကျွန်မ သည် နေ့ ဆိုရင် ပြတင်းပေါက် ကို ဖွင့် ၍ ကိုယ် တစ်ဝက် လောက် အပြင် သို့ ထွက်ကာ အိမ် နံဘေး ရှိ လူ မနေသော မြေကွက်လပ် မှ မြက်ရိုင်း တို့ ကို အရသာ ခံ ၍ ကြည့်နိုင် သလို ည ဆိုရင်လည်း ခုတင် ထက် ၌ လဲလျောင်း ရင်း ပင် ကြယ်ရောင်ပြိုးပြက် တို့ ကို ပြတင်းပေါက် မှ မြင် နိုင် သေးသည် ။ အိမ် နံဘေး မှ အလေ့ကျ ပန်း တို့ ၏ အရောင် စပ်ဟပ်ပုံ တို့ ကို ကြည့်ရင်း ဖတ် ထားသော ကဗျာ အပိုင်းအစ တို့ ကို ကောက်ယူ တွဲသီ နိုင် ပါသေးသည် ။


ထိုသို့ ရှိနေ သရွေ့ ကျွန်မ က ပြတင်းပေါက်များ နှင့် အလှုပ် ရှုပ် နေဆဲ ၊ အမေ က တော့ လူနေ ကျဲပါး သည် ကို လန့်ကာ ဖတ်ထား သမျှသော မှုခင်းဂျာနယ် ၊ မဂ္ဂဇင်းများ မှ ဖြစ်ရပ်များ ကို ထိုင် တွေး နေတော့သည် ။


အမေ သည် ဆိတ်မွေး ၊ ဝက်မွေး သူ တို့ ပေါသော ၊ လက်လုပ်လက်စား များ များ သော မြို့သစ်ကလေး ကို နေ့ ရှိသရွေ့ အပြစ် ရှာ မျက်လုံး နှင့် ကြည့် တော့၏ ။ ထို အပြစ် ရှာ မျက်လုံးများ သည် တံခါး ဖွင့် ထားလျှင် ဘာ အကာအရံ အတားအဆီး မျှ မရှိသော ကျွန်မ ၏ ပြတင်းပေါက် များ ဆီ သို့ ကျရောက် တော့သည် ။ အမေ က သူခိုး ကြောက်သည် ဟု ဆိုဆဲ ။ အဖေ က ကျွန်မ နှင့် ပြတင်းပေါက်များ ၏ တွယ်တာ ရင်းနှီးမှု ကို အနက်အဓိပ္ပါယ် တစ်မျိုး ကောက်ကာ မလိုလား နိုင်အောင် ရှိ တော့သည် ။


အဖေ နှင့် အမေ တို့ ၏ အယူအဆ တို့ သည် လားရာ မတူသော်လည်း နောက်ဆုံးတော့ ပြတင်းပေါက် ကို မုန်းတီးခြင်း ၌ သာ ဆုံး လေသည် ။


ပြတင်းပေါက်ကလေးများ နှင့် ရင်းနှီး ခွင့် တစ်လ မပြည့်မီ မှာ ပင် အဖေ နှင့် အမေ သည် လိုက်ကာ နှင့် သံဆန်ခါ တပ်ရန် စိုင်းပြင်း တော့သည် ။ ကျွန်မ က သံဆန်ခါ တပ်မည့် အစီအစဉ် ကို တစ်သက် နှင့် တစ်ကိုယ် အပြင်းအထန် ကန့်ကွက်မိ၏ ။ အမေ က ကျွန်မ ကို စူးစူးဝါးဝါး ကြည့်ကာ


' နင် ရူး နေသလား ။ ဒီ ပြတင်းပေါက် တွေ က ဘာ အကာအရံ မှ မရှိတော့ အချိန်မရွေး သူခိုး ကျော် ဝင် နိုင်တယ် ဟဲ့ ' ဟု ဆိုလေသည် ။


သံဆန်ခါ တပ် တော့ရော သူခိုး မဝင်နိုင်မှာမို့လား .. ဟု ကျွန် မတွေးဆဲ သံဆန်ခါ တို့ လိုက်ကာ တို့ ဘာဆို ဘာမှ မတပ်ဘဲ နေကြသော ကျွန်မ ရပ် ဖူးသည့် ပြတင်းပေါက်စစ်စစ်များ နှင့် အိမ် မှ လူများ အကြောင်း ကို ကျွန်မ ဆက် တွေး နေမိ၏ ။


ဘယ်လောက်များ ရဲရင့် လွတ်လပ်လိုက် တဲ့ လူတွေ ပါလိမ့် ။ အဲဒီ အိမ် က လူတွေ ကရော အဖေ နှင့် အမေ့ လို အိမ် ကို သူခိုး ဝင်မှာ မကြောက်ကြဘူး တဲ့ လား ။ အဖေ နှင့် အမေ လို ကိုယ့် အိမ် ထဲ လမ်းမ က လူ လှမ်း ကြည့် လို့ မြင် နေမှာ ကို မစိုးရွံ့ကြဘူး တဲ့ လား ... ။ ကျွန်မ က အံ့ဩစွာ ဖြင့် ပင် ပြတင်းပေါက် စစ်စစ် နှင့် အိမ် မှ လူများ ၏ ကြောက်ရွံ့မှု ကင်းသော စိတ် ကို လေးစား မိပြန်၏ ။


ကျွန်မ ရော ... ။ ကျွန်မ ပြတင်းပေါက်တွေ ကို ကြောက်လား .. မကြောက်ဘူးလား ။ မကြောက်ဘူး ဟု  ထင် လေသည် ။ ကျွန်မ သည် နေရောင် နှင့် လေညှင်းနုပျံ့ ကို မက်မောကာ နေ့ ရှိသရွေ့ ပြတင်းပေါက် မှ မြင်ကွင်း တို့ ကို စုပ်ယူ ရသည်ကို နှစ်ခြိုက်သည် မို့ ကြောက်ခြင်း ကို မေ့ လေသည် ။ ကြောက်ခြင်း ကို မေ့ သော် လည်း ရဲဝံ့ နိုင်သော အင်အား တို့ နဂို ကင်းဆိတ်သော ဗီဇ ကြောင့် အဖေ နှင့် အမေ တို့ ၏ သံဆန်ခါ အစီအစဉ် ကို ပျက်အောင် မဖျက် နိုင်ပြန် ချေ ။


ကျွန်မ သည် ကိုယ့် ကိုယ် ကိုယ် ရွံမုန်း ကာ အထင် လည်း သေး ၍ လာသည် ။ လွတ်လပ် ပွင့်လင်းသော ပြတင်းပေါက် နှင့် ကျွန်မ သည် မတန်တော့ သဖြင့် လွှတ်ချ လိုက်ရလေပြီ ။ သံဆန်ခါကွက်များ ကြား မှ မြင် ရသော ကောင်းကင် နှင့် ငှက်ငယ် တို့ သည် ကျွန်မ ကို ဘယ်လိုမှ မဖမ်းစား နိုင်တော့ချေ ။ အစိမ်းရောင် လိုက်ကာစ လူးလွင့် ဖြင့် ကျွန်မ ၏ ပြတင်းပေါက် သည် တစ်ဝက် တစ်ပျက် မြင်ကွင်း တို့ ကို အစွမ်း ရှိသလောက် ပေး နေသော်လည်း ကျွန်မ သည် ထို ပြတင်းပေါက်များ ကို မနှစ်မြို့နိုင်တော့ပြန်ချေ ။


ပြတင်းပေါက်များ ကို ကျောခိုင်း ရင်း ဖြင့်ပင် ကျွန်မ ၏ စိတ် တို့ သည် ထုံထိုင်း ဝေဝါး လာ ခဲ့တော့၏ ။ သို့သော် ပြတင်းပေါက် ချင်ခြင်း သည် ကျွန်မ ကိုယ် ပေါ် ၌ ပုရွက်ဆိတ် များ လို နေရာ အနှံ့ တိုးဝင် တွားသွားကာ ကျွန်မ ကို ကိုက်ခဲ ကြပြန်သည် ။ ကျွန်မ သည် ငယ်ငယ် တုန်း က လိုပင် မျက်စိ ကို စုံ မှိတ်ရင်း ကျယ်ဝန်း လွတ်လပ်သော ပြတင်းပေါက် ကို အမော တကော လိုက် ရှာမိတော့၏ ။


ဘယ်မှာလဲ ... ဘယ်မှာလဲကွယ် ...


လေ နှင့် နေရောင် တို့ အဆီးအတား မဲ့ ဝင်ရောက် မွှေနှောက် နိုင်သော ပြတင်းပေါက်ကလေး .. ကျွန်မ ရဲ့ ပြတင်းပေါက် ...


ဘယ်မှာလဲကွယ် ... 


ကျွန်မ သည် ပြတင်းပေါက် နောက် ကို တကောက်ကောက် လိုက်ရင်း ရှာ သည် ။ ပြတင်းပေါက် သည် ကျွန်မ ရှေ့ မှ မီးခိုးငွေ့တန်း များ လို လွင့်ဝဲကာ ထွက်ပြေး လေသည် ။


ကျွန်မ သည် မီးခိုးငွေ့များ နောက် မှ မမောနိုင်စွာ လိုက်ဆဲ ...


မီးခိုးငွေ့ တို့ သည် ရုတ်တရက် ရပ်ကာ အရိပ် ထင် တော့၏ ။


အရိပ် သည် တဖြည်းဖြည်း ထင် လာကာ ကျွန်မ ရှေ့ ၌ သံဆန်ခါ များ ... သံပန်း များ ၊ စေ့စေ့ ပိတ် ၍ နေသော တံခါး များ.. ။ ပိန်းပိတ် မှောင် သော အမှောင် တို့ သာ ... ။  


◾ပန်းရိပ်ဖြူ 


📖 မဟေသီ မဂ္ဂဇင်း

     ၂၀၀၉ ၊ စက်တင်ဘာ ၊ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment