❝ ကျွန်တော် ၏ မိထွေး ❞
ကျွန်တော် ၏ မိထွေး မှာ ကျွန်တော် ၏ မိခင် ကဲ့သို့ပင် ယောသူ ဖြစ်ပါသည် ။ ကျွန်တော် ၏ မိခင် ကို အသား ဖြူသည် ၊ ညို သည် တိတိကျကျ မမှတ်မိ သော် လည်း ကျွန်တော် ၏ မိထွေး မှာ အသား ဖြူ ပါသည် ။ ရုပ် မှာ လည်း အလွန် ချောပါသည် ။ ကျွန်တော် ၏ ဖခင် က တော့ အသား မည်းသည် ။ သို့ရာတွင် ကျွန်တော် ၏ မိထွေး မှာလည်း အရပ်အမောင်း ကောင်းသူဖြစ် ၍ ကျွန်တော် ၏ ဖခင် နှင့် အလွန် ပင် လိုက်ဖက် ပါ သည် ။
တစ်ခု တော့ ရှိသည် ။ ကျွန်တော် ၏ ဖခင် က မဟုတ်လျှင် မခံ စိတ်ကြီးသူ တစ်ယောက် ။ သတ္တိ လည်း ကောင်းသည် ။ ကျွန်တော် ၏ မိထွေး က ထိုကဲ့သို့ မဟုတ် ။ မဟုတ်လျှင် လည်း ငုံ့ ၍ သာ ခံနေ တတ်သည် ။ သို့ရာတွင် ကျွန်တော် ၏ မိထွေး သည် လောက ကို တော့ ကြံ့ကြံ့ ခံ ၍ ရင်ဆိုင် ရဲသည့် သတ္တိ ရှိသည် ။
သူ ဒေါသ ထွက်နေသည် ကို လည်း ကျွန်တော် ထူးထူးခြားခြား ကြီး မတွေ့ဖူး ။ တစ်ပါး သူ နှင့် ခွန်းကြီးခွန်းငယ် စကား များ ရန်ဖြစ် သည် ကို လည်း တစ်ခါ မျှ မမြင်ဖူး ။ အလွန်လည်း နူးညံ့ သိမ်မွေ့ ၍ ယဉ်ကျေးသူ တစ်ဦး သာ လျှင် ဖြစ်ပါသည် ။
အလွန် လည်း ရှက် တတ်ပါသည် ။ ကျွန်တော့် ဖခင် ၏ အမည် ကို လည်း တစ်ခါ မျှ သူ မခေါ်ဖူး ။ သူ့ ကိစ္စ ရှိလျှင် ကျွန်တော်တို့ မှ တစ်ဆင့် သာ လျှင် “ မင့် အဖေ က ” ၊ “ မင်းတို့ အဖေ က ” ဟူ၍ သာ သုံးစွဲ ပြောဆို တတ်ပါသည် ။
သူ ရယ် လျှင် လည်း သူ ၏ သွားများ ပေါ်မည် ကို စိုးရိမ် တတ်သည် ။ သူ ၏ နှုတ်ခမ်းတွေ ကို အတင်း စေ့ ပိတ်ထား ရင်း နှင့် ရယ် တတ် ပါသည် ။ ထိုအခါ များတွင် သူ ၏ မျက်လုံးအိမ် တို့ မှာလည်း ကျဉ်းကျဉ်းကလေးတွေ ဖြစ်၍ သွား တတ်ပါသည် ။
နောက်ပြီးတော့ ပုံပြင်တွေ ထဲ က မိထွေး မျိုး မဟုတ် ။ မိထွေး မကောင်း သည့် အကြောင်းများ ကို ရေးဖွဲ့ ထားရစ် ခဲ့ကြ သည့် ပုံပြင် တို့ မှာ ကျွန်တော် တို့ ၏ မိထွေး နှင့် လုံးဝ မသက် ဆိုင် ။ လုံးဝ မပတ်သက် ။ ကျွန်တော် ၏ မိထွေး မှာ အလွန် သဘော ကောင်းသူ တစ်ဦး သာလျှင် ဖြစ်သည် ။
ကျွန်တော် သည် ကျွန်တော် ၏ မိခင် အကြောင်း ကို ကောင်းစွာ မသိရှိ သော်လည်း ကျွန်တော့် မိထွေး ၏ အကြောင်း ကို တော့ ကောင်းစွာ သိရှိပါသည် ။
ကျွန်တော့် မိထွေး မှာ ကျွန်တော့် အမေ ၏ ညီမ တစ်ဝမ်းကွဲ တော်စပ်သူ တစ်ဦး လည်း ဖြစ်ပါသည် ။ ဒုတိယကမ္ဘာစစ် ကာလ ဂျပန်ခေတ် တွင် ကျွန်တော် ၏ အမေ ဆုံး သွားပြီး နောက်ပိုင်း ကျွန်တော် တို့ ၏ အဘွား က ကျွန်တော် တို့ ကလေးများ အတွက် စိတ်ချရ စေရန် ကျွန်တော် တို့ ၏ ဖခင် နှင့် ကျွန်တော် တို့ ၏ မိထွေး အား စီစဉ် ပေးခဲ့ခြင်း ဖြစ်သည် ဟူ၍ လည်း သိရှိရ ဖူး သည် ။
ဒုတိယကမ္ဘာစစ် ကို ကျွန်တော် ရေးတေးတေး မှတ်မိ ပါသည် ။ ထိုစဉ်က ကျွန်တော် ၏ အသက် မှာ အတော်ပင် ငယ်လွန်း လှသေး ၍ ဇဝေဇဝါ အိပ်မက် လို လို ဖြစ်နေခြင်း ဖြစ်သည် ။
ကျွန်တော် တို့ မြစ်ခြေမြို့ကလေး ၏ အပေါ် သို့ လေယာဉ် ပျံတွေ အုပ်လိုက် အုပ်လိုက် ပျံသန်း လာကြ၍ ဗုံးတွေ ကြဲချ သွားတာ ကို မှတ်မိသည် ။ နောက် မီးခိုးလုံးကြီးတွေ အလိပ် လိုက် အလိပ် လိုက် မည်း တက် လာကြတာ ကို မှတ်မိသည် ။
ထို လေယာဉ်ပျံတွေ အုပ်လိုက် အုပ်လိုက် ပျံသန်းလာ ကြပြီ ဆိုလျှင် ကျွန်တော်တို့ ၏ မြစ်ခြေမြို့ကလေး ပေါ် သို့ လင်းတ ငှက်ကြီးတွေ အုပ်လိုက် အုပ်လိုက် ပျံသန်းလာကြသည် ဟူ ၍ ကျွန်တော် ခံစား ရသည် ။ နောက်ပြီးတော့ ထို လေယာဉ်ပျံ တွေ ၏ အသံတွေ က လည်း တဝီဝီ နှင့် ခွေးအူသံတွေ လို အသံ ရှည်ကြီးတွေ နှင့် အော်မြည်၍ လာ တတ် ကြသည် ။
ထို လေယာဉ် တို့ ၏ အော်မြည်သံကြီးများ မှာ အလွန် လည်း ကျက်သရေ မဲ့ လှသည် ။ အလွန်လည်း ကြောက်စရာ ကောင်းပါ သည် ။ အဝေးကြီး မှ နေ၍ ၎င်းတို့ ပျံသန်း လာကြသည်များ ကို ကြားရပြီ ဆိုလျှင် မကြာမီ ကျယ်လောင်စွာ အော်မြည်၍ ကျွန်တော် တို့ ရွာ ၏ အပေါ် မှ ဖြတ်ကျော် ပျံသန်း သွားကြ လေ့ ရှိသည် ။ ၎င်းတို့ ၏ နောက်ဘက် တွင် မီးခိုးတန်းတွေ ကလည်း အတန်း လိုက် တန်း နေရစ်လေ့ ရှိသည် ။
ထိုစဉ်က ကျွန်တော်တို့ မှာ မြစ်ခြေမြို့ကလေး ၏ အရှေ့ ဘက် တွင် ရှိသည့် သရက်တောရွာကလေး ၌ နေထိုင် ကြပါ သည် ။ မြစ်ခြေမြို့ကလေး နှင့် ကျွန်တော်တို့ ၏ သရက်တောရွာ ကလေး မှာ ပေတစ်ရာ ကျော်ကျော် ခန့် လောက် သာ လျှင် ကျယ် သည့် ချောင်းငယ်ကလေး တစ်ခု သာ လျှင် ခြားသည် ။ ထိုချောင်း ကလေး ၏ အမည် ကို လည်း ကျွန်တော်တို့ နေသည့် ရွာ ကို အစွဲပြု၍ သရက်တောချောင်း ဟု ခေါ်ကြပါသည် ။
ကျွန်တော် တို့ အိမ် မှာ လည်း ထို ချောင်း ၏ အစပ် ရွာ အဝင် ကုန်းမြင့် ပေါ် တွင် ရှိသည် ။ အိမ် အဝင်ဝ တွင် ရွှေဟင်္သာပွဲရုံ ဆို သည့် ဆိုင်းဘုတ်ကြီး ရှိပါသည် ။ အိမ်ခြံဝင်းကြီး မှာလည်း အတော်ပင် ကျယ်ဝန်း၍ အိမ် ၏ မြောက်ဘက် ချိုင့် တွင် ဥယျာဉ် ရှိသည် ။ မာလကာ ၊ ရှောက် ၊ သံပရာ စသည့် အပင်တွေ ရှိ ကြသည် ။ နောက်ပြီး ညောင်ပင်ကြီး တစ်ပင် လည်း ရှိသည် ။ အိမ် အဝင် ၌လည်း ညောင်ပင်ကြီး နှစ်ပင် ရှိပါသည် ။ နွေရာသီ ဆိုလျှင် လည်း ကျွန်တော် တို့ ၏ ခြံဝင်းကြီး ထဲ မှာ အေးစိမ့် လို့ သာလျှင် နေလေ့ ရှိပါသည် ။ ညောင်ရွက်ခတ်သံတွေ ကို လည်း ကြား ၍ နေရသည် ။
ကျွန်တော်တို့ ၏ အိမ် အောက် တွင် ဗုံးခိုကျင်းကြီး တစ်ခု လည်း ရှိသည် ။ ထို အထဲ တွင် သေနတ်တွေ ကို ဖွက်၍ ထားပါ သည် ။ အဖေ နှင့် သူ၏ သူငယ်ချင်းတွေ ထို သေနတ်တွေ ကို မကြာမကြာ သွင်းလိုက် ထုတ်လိုက် နှင့် အလုပ်တွေ ရှုပ်နေ တတ်ကြသည် ။
မြစ်ခြေမြို့ကလေး အပေါ် သို့ လေယာဉ်ပျံတွေ အုပ်လိုက် ပျံသန်းလာကြပြီး ဗုံးတွေ ကြဲချပြီ ဆိုလျှင် ချက်ချင်းပင် မီးတောက်တွေ နှင့် မီးခိုးလုံးကြီးတွေ တက် လာကြသည် ကို ကျွန်တော်တို့ သရက်တောရွာကလေး မှ လှမ်း ၍ မြင် နေရသည် ။
နောက်ပြီး မကြာမီ ကျွန်တော်တို့ ၏ သရက်တောရွာ ကလေး ပေါ် သို့ လည်း ရောက်၍ လာကြတော့မည် ။ ထိုအခါ လူ ကြီးတွေ မှာ ပျာယာခတ် နေကြ၍ ကပျာကယာ ကျွန်တော်တို့ ကို ပွေ့ချီကာ အိမ် အောက် မှ ဗုံးခိုကျင်း ထဲ သို့ ကြွက်တွေ လို ပြေးဝင်၍ သွားကြရပါသည် ။
နောက် လေယာဉ်ပျံအသံတွေ ရပ်စဲ သွားကြပြီး စိတ်ချ ရလောက်ပြီ ဆို မှ တစ်ဖန် ဗုံးခိုကျင်း ထဲ မှ အပြင် သို့ ပြန်၍ ထွက်လာ ကြရ ပြန်သည် ။
ထိုအချိန်တွင် မြစ်ခြေမြို့ကလေး ဆီ ၌ မီးတွေ လောင် နေကြပြီ ကို တွေ့မြင် ၍ နေကြရသည် ။
နောက် ကျွန်တော်တို့ ရွာ ၏ အရှေ့ဘက် တစ်ဆက် တည်း တွင် ရှိသည့် ထန်းစဉ်ရွာ နှင့် တောင်ဘက် မှ အင်းဝိုင်းရွာ ၏ အကြား ယာခင်းပြင်ကြီး ထဲ တွင် လေယာဉ်ပျံကြီး တစ်စင်း ပျက်ကျသွားသည် ကို ကြားသိ ကြရပါသည် ။ ထို လေယာဉ်ပျံ ကြီး ကို ကျွန်တော် ၏ အဖေ နှင့် သူ ၏ လုပ်ဖော်ကိုင်ဖက် တော် လှန်ရေးရဲဘော်တွေ က ပစ်ချ လိုက်ကြပုံ ရပါသည် ။ လေယာဉ် မှ ရန်သူ မှာ လည်း သေဆုံးသွားပုံ ရပါသည် ။
ကျွန်တော် ၏ မိခင် ဖြစ်သူ မှာ လည်း ကျွန်တော် ၏ အောက် မှ ညီမလေး ကို မွေးဖွားခဲ့ပြီး သွေးနုသားနု အချိန်၌ပင် လေယာဉ် အသံတွေ ၊ ဗုံးပေါက်ကွဲသံ တွေ ကြောင့် သွေးလန့်၍ သေဆုံး သွားခဲ့ရသည် ။
ထိုအချိန်က ကျွန်တော် ၏ အသက် မှာ နှစ်နှစ် ခန့် လောက် သာလျှင် ရှိသေး၍ အမေ ၏ အသုဘ ကို ကောင်းစွာ မမှတ် မိ ။ ကျွန်တော် ဇဝေဇဝါ ဖြစ်၍ နေပါသည် ။
ကျွန်တော် ၏ အဖေ နောက်ထပ် အိမ်ထောင် ပြုတော့ လည်း ကျွန်တော် ၏ အသက် မှာ အတော်ပင် ငယ် သေးသည် ။ ကိုယ့် မစင် မျှပင် ကိုယ်တိုင် မသုတ်တတ်သေး ။ ကျွန်တော် ၏ မိထွေး ကပင် ကျွန်တော် နှင့် ညီမလေး တို့ ကို ချေးပါသေး ပေါက် က စ၍ သန့်စင် ပေး ခဲ့ရသည် ။
ထိုစဉ်က ကျွန်တော် အိပ် လျှင် လည်း ကျွန်တော် ၏ ဖခင် နှင့် ကျွန်တော် ၏ မိထွေး တို့၏ အကြား ၌ သာ အိပ် တတ်သည် ။ သို့မှသာလျှင် နှစ်နှစ်ခြိုက်ခြိုက် နှင့် အိပ်လို့ ရသည် ။ တစ်ရေး နိုး၍ တခြား နေရာ ရောက် နေလျှင်လည်း ထ ၍ ငို တတ် သည် ။ ကျွန်တော် ၏ ဖခင် နှင့် ကျွန်တော် ၏ မိထွေး တို့ ၏ အကြား ၌ သာ လျှင် နွေးနွေးထွေးထွေးနှင့် အိပ်လို့ ပျော်သည် ။
ထို့ကြောင့်လည်း ကျွန်တော်တို့ ညီအစ်ကို မောင်နှမ တစ်တွေ က ကျွန်တော်တို့ ၏ မိထွေး ကို အားလုံး က ပင် မိခင် အရင်း လို ချစ်ကြခြင်း လည်း ဖြစ်ပါသည် ။ သို့ရာတွင် ဘာကြောင့် မှန်း မသိ ကျွန်တော်တို့ က ကျွန်တော်တို့ မိထွေး ကို အားလုံး ကပင် “ မအောင်မေ ” ဟူ၍ သာ လျှင် ခေါ်ကြသည် ။ ကျွန်တော် ထင်သည် ။ အိမ်နီးနားချင်း လူကြီးသူမတွေ ခေါ်ကြသည် ကို နား စွဲသွား၍ ကျွန်တော် တို့ က လည်း “ မအောင်မေ ” ဟူ၍ လိုက် ခေါ်ခဲ့ကြခြင်း ဖြစ်ပုံ ရပါသည် ။
ကျွန်တော် တို့ မှာ ပြင်လို့ မရ ။ အသက် ကြီး သည် အထိ ထို အတိုင်း သာ လျှင် ခေါ်ဝေါ် သုံးစွဲခဲ့ကြပါသည် ။ နောက်ပိုင်း တွင် ထိုကဲ့သို့ “ မအောင်မေ ” ဟူ၍ ခေါ်ခြင်းသည် ကျွန်တော် တို့ တကယ် ချစ်၍ ခေါ်ခြင်း ဖြစ်သည် ဟူ၍ လည်း ခံစားရ သည် ။ ကျွန်တော်တို့ အဖို့ “ မအောင်မေ ” ဆိုသည့် အမည် သည် “ အမေ ” ဆိုသည့် ဝေါဟာရ သာ လျှင် ဖြစ်သည် ။
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံး သွားပြီး လွတ်လပ်ရေး မရမီ ကာလ ဗိုလ်ချုပ်အောင်ဆန်း တို့ ခေါင်းဆောင်ကြီးတွေ လုပ်ကြံ ခံရတော့ ကျွန်တော် တို့ ရွာ မှ လူကြီးတွေ တစ်ရွာလုံး လိုလို ငိုကြတာ ကို ကျွန်တော် မှတ်မိသည် ။ ကျွန်တော်တို့ ကလေးတွေ ဘာမှန်း မသိကြသေးသော်လည်း လူကြီးတွေ ငို ကြသည် ကို တွေ့မြင် ရပြီး အလိုလို ဝမ်းနည်း လာကြ၍ လိုက် ငို မိခဲ့ကြပါသည် ။
နောက် မကြာမီ ရဲဘော်ဖြူ နှင့် အလံနီ တို့ တောခို ၍ သွားခဲ့ကြပါသည် ။ ကျွန်တော် ၏ အဖေ နှင့် နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် သူငယ်ချင်းတွေ လည်း တောခို သွားကြရာ အိမ်နီးချင်း ကျွန်တော် ၏ ကစားဖော်ငယ် သူငယ်ချင်းတွေ နှင့် လည်း အချိန်မှ စ၍ ကွဲကွာ ခဲ့ရပါသည် ။
ကျွန်တော် ၏ ဖခင် မှာ တောခိုသွားကြသူများ တွင် မပါ ။ ကွန်မြူနစ်ဝါဒ ကို မယုံကြည် ၍ တော မခိုခဲ့ခြင်း သာလျှင် ဖြစ်သည် ဟု ထင် မိသည် ။ ကျွန်တော်တို့ အရွယ် မရောက်ကြ သေးသည့် ကလေးငယ်များ ၏ နောင်ရေး အတွက် ငဲ့ကွက်၍ တော မခိုခဲ့ခြင်း လည်း ဖြစ်နိုင်ပါသည် ။
သို့ရာတွင် ကျွန်တော် ၏ ဖခင် ထံ မှ ကွန်မြူနစ်ဝါဒ သဘောတရားများ နှင့် ပတ်သက်၍ ပြောကြားခြင်းများ ကို မူ တစ်ခါမှ တစ်လုံး တစ်ပါဒ မှ မကြားခဲ့ရဖူးပါ ။ သို့ဖြစ်၍လည်း “ ကွန်မြူနစ်ဝါဒ ကို မယုံကြည်၍ တော မခိုခဲ့ခြင်း သာ လျှင် ဖြစ် သည် ဟု ထင်ပါသည် ” ဟူ၍ ပြောရခြင်း လည်း ဖြစ်သည် ။
ထိုစဉ်က ပခုက္ကူခရိုင် သည် ဗကပ တို့ ၏ လှုပ်ရှားမှုများ နှင့် ပတ်သက်၍ အလွန် နာမည် ကြီးပါသည် ။ ထိုစဉ်က သခင်သန်းထွန်း နှင့် သခင်စိုး တို့ ကိုယ်တိုင် ပင်လျှင် ပခုက္ကူခရိုင် အတွင်း ၌ပင် ရှိကြသည် ဟူ၍ လည်း ကြားသိရ ဖူးသည် ။ သို့ဖြစ်ရာ ၎င်းတို့ ၏ မြန်မာပြည် ကွန်မြူနစ်ပါတီ နှင့် အလံနီပါတီ တို့ ၏ ဌာနချုပ် မှာ လည်း ပခုက္ကူခရိုင် အတွင်း ၌ ပင် ရှိကြပုံ ရသည် ။ ထိုစဉ်က ပခုက္ကူခရိုင် အတွင်း မှ ရေစကြိုမြို့ ဆိုလျှင် လည်း မော်စကိုမြို့ ဟူ၍ပင် ခေါ်ဝေါ်သုံးစွဲ ပြောဆိုခဲ့ကြသည် ကို ကျွန်တော် ကြား ဖူးသည် ။
ပခုက္ကူခရိုင် တွင် နာမည်ကြီး သူပုန်ခေါင်းဆောင်များ ဖြစ်ကြသည့် ဗိုလ်ကြာလှိုင် နှင့် ဗိုလ်သန်းမောင် တို့ မှာ လည်း တော မခိုမီ ၊ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေး မရမီ တော်လှန် ရေး ကာလ က ကျွန်တော့် ဖခင် ၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တစ်ရွာတည်း သား ငယ်သူငယ်ချင်း ရဲဘော်အပေါင်းအသင်း များ သာ လျှင် ဖြစ်ခဲ့ကြပါသည် ။
ကျွန်တော် ၏ ဖခင် မှာ အသက် ကြီး ၍ ၎င်းတို့ အားလုံး လိုလို က နောင်ကြီး ဟူ၍ သာလျှင် ခေါ်ဝေါ် သုံးစွဲခဲ့ကြသည် ။ ကျွန်တော် ၏ ဖခင် က မူကား ၎င်းတို့ကို ၎င်းတို့ ၏ နာမည်များ အတိုင်း သာလျှင် သန်းမောင် ၊ ကြာလှိုင် စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲခဲ့ပါသည် ။
ကျွန်တော် ၏ ဖခင် သည် သူ ၏ နိုင်ငံရေး လုပ်ဖော်ကိုင် ဖက်သူငယ်ချင်းများ တောခို သွားကြပြီး နောက်ပိုင်း တွင် ဘာကြောင့်မှန်း မသိ ။ ကျွန်တော့် ကို မွေးဖွားခဲ့သည့် သရက်တော ရွာကလေး မှ မြစ်ခြေမြို့ကလေး သို့ ပြောင်းရွှေ့ ၍ သွားခဲ့ပါ သည် ။ ၎င်း ၏ အပေါင်းအသင်း သူငယ်ချင်းများ မရှိကြတော့ ၍ ဟု ထင်မိသည် ။ ကျွန်တော့် မိခင် မရှိတော့၍ မနေချင်တော့ တာ လည်း ဖြစ်နိုင်ပါသည် ။
နောက်ပိုင်းတွင် တောခို သွားကြသည့် သူ ၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ က ကျွန်တော် ၏ ဖခင် အား ၎င်းတို့ တောခို သွားကြစဉ် မလိုက်ပါခဲ့၍ သိပ် မကျေနပ်ကြ ဟု ကြားသိ ရဖူးသည် ။ နောက်ပိုင်း တွင် ကွန်မြူနစ် သောင်းကျန်းသူတွေ က ကျွန်တော်တို့ ၏ မြစ်ခြေမြို့လေး ကို ဝင်ရောက်၍ သိမ်းပိုက် ခဲ့ကြ ပါသည် ။ ထိုစဉ်က ကျွန်တော်တို့ မြို့ကလေး ကို ဝင်ရောက်၍ သိမ်းခဲ့ကြသည့် သောင်းကျန်းသူ တပ် မှ ခေါင်းဆောင် မှာ ဗိုလ်ကြာလှိုင် ဖြစ်ခဲ့ပါသည် ။ ၎င်းတို့ မှာ ဆင်တပ်တွေ နှင့် ဝင်ရောက် လာခဲ့ကြခြင်း ဖြစ်ရာ ကျွန်တော် တို့ ယခင် နေထိုင်ခဲ့ကြ သည့် သရက်တော ရွာ မှ အိမ်ဝင်းကြီး အတွင်း တွင် ဝင်ရောက်၍ တပ်စွဲ နေထိုင်ခဲ့ကြ ပါသည် ။
ထိုစဉ်က ဆင် အကောင် အရေအတွက် မှာ လည်း အတော် ပင် များပါသည် ။ ထို ဆင်ကြီးများ ကို ကျွန်တော်တို့ အိမ်ဝင်းကြီး ထဲ မှာ ညောင်ကြီးများ နှင့် အိမ်ရှေ့ ရွာအဝင် ညောင်ပင်ကြီးများ တို့ ၏ အောက်၌ သံကြိုးကြီးများ နှင့် ချည်၍ ထားရာ ထို ဆင်ကြီး များက ကျွန်တော်တို့ ၏ ညောင်ပင်ကြီးများ မှ အကိုင်းအခက် အလက်များ ကို ၎င်းတို့ ၏ နှာမောင်းကြီးများ နှင့် ဆွဲ၍ ချိုးချကြ သည်များ ကို လည်း ကျွန်တော် ယနေ့တိုင် ပင် မြင်ယောင် မှတ်မိ၍ နေပါသေးသည် ။
နောက်ပြီးတော့ တချို့ ဆင်တွေ မုန်ယိုပြီး လွတ် သွားကြ သည်များလည်း ရှိခဲ့ပါသည် ။ ကျွန်တော် ၏ ဘဝ တွင် ဆင် ဆိုသည့် သတ္တဝါကြီးများ ကို ပထမဆုံး အကြိမ် စ၍ မြင်ဖူးခြင်း လည်း ဖြစ်ခဲ့ပါသည် ။
ထို အချိန် က ဗိုလ်ကြာလှိုင် သည် ကျွန်တော် ၏ ဖခင် ကို သူ ၏ ရဲဘော်များ အား အခေါ် လွှတ် လိုက်၍ ကျွန်တော် ၏ ဖခင် မှာ လိုက်သွား ရသည် ။ ကျွန်တော် ၏ မိထွေး မှာ လည်း စိတ် ပူ၍ လိုက် သွားခဲ့ပါသည် ။
ဗိုလ်ကြာလှိုင် ကို တွေ့တော့ ကျွန်တော် ၏ ဖခင် က “ ဟေ့ ... ကြာလှိုင် မင်း ငါ့ ကို ခေါ်တယ်ဆို ဘာကိစ္စ ရှိလို့လဲ ” ဟူ၍ မေးရာ မိထွေး ခမျာ လွန်စွာပင် ထိတ်လန့် စိုးရိမ်ခဲ့မိသည် ဟူ၍ သိရပါသည် ။ ထိုစဉ် က ကျွန်တော် ၏ ဖခင် အား ဗိုလ်ကြာလှိုင် က ခေါ်ခြင်း မှာ သ,တ်ရန် ဖြစ်သည် ဟူ၍လည်း ကျွန်တော် ၏ မိထွေး က ကျွန်တော် တို့ အား မကြာမကြာ ပြန်၍ ပြောပြခဲ့ဖူး ပါသည် ။
ထိုစဉ်က ဤကဲ့သို့ မကြောက်မရွံ့ နှင့် ကျွန်တော် ၏ ဖခင် က ဗိုလ်ကြာလှိုင် အား ပြောဆို ဆက်ဆံပုံများ ကို ပြန်၍ ပြောပြသည့် အခါများတွင် ကျွန်တော့် မိထွေး ၏ မျက်နှာ မှာ ကျွန်တော့် ဖခင် နှင့် ပတ်သက်၍ အံ့သြခြင်း ၊ စိုးရိမ်ခြင်း ၊ ထိတ် လန့်ခြင်း ၊ ဂုဏ်ယူခြင်း ၊ ဝမ်းမြောက်ခြင်း တို့ နှင့် ပြည့်နှက်ကြသည် ကို တွေ့ရပါသည် ။
ထိုအချိန်များ တွင် သူ ၏ မျက်လုံးအိမ်များ မှ မျက်ရည် များမှာ လည်း စီးကျ လာတတ်ကြ၍ သူ ၏ လက်ဖဝါးပြင်များ နှင့် မျက်ရည်တွေ ကို သုတ်ရင်း ပြော နေတတ်သည် ကို လည်း တွေ့ရသည် ။ ဤကဲ့သို့ ကျွန်တော် တို့ အား ပြန်၍ ပြောပြသည့် အကြိမ်တိုင်း လိုလို မှာ လည်း ဤ အတိုင်း သာ လျှင် သူ့ ကို တွေ့မြင်ရပါသည် ။ သူ့ တွင် ထို အဖြစ်အပျက် တို့ မှာ မနေ့တစ်နေ့ က အဖြစ်အပျက်များ ဖြစ်သည် ဟူ၍ ထင် နေပုံ ရပါသည် ။
ထိုအချိန် က ဗိုလ်ကြာလှိုင် သည် သရက်တောရွာ တွင် ရှိသည့် အိမ်ဝင်းကြီး ကို သိမ်း၍ စိတ်ပိုင်းပြီး အခြား သူများ အား ဝေငှ ၍ ပေး သွားခဲ့ပါသည် ။
ကျွန်တော်တို့ ၏ နိုင်ငံ လွတ်လပ်ရေး ရပြီး နောက်ပိုင်း ဖဆပလ အစိုးရ ၏ လက်ထက် ရောက်လာသော အခါတွင် လည်း ကျွန်တော် ၏ ဖခင်သည် ထို အိမ်ဝင်းကြီး နှင့် ပတ်သက်၍ ပြန်လည် ရယူဖို့ မကြိုးစား ၊ ဗိုလ်ကြာလှိုင် ၏ ဆန္ဒ အတိုင်း သာ လျှင် ဖြစ် စေ ခဲ့ ပါသည် ။
ဖဆပလ အစိုးရ ၏ လက်ထက် သို့ ရောက်လာ ပြန်သည် အခါ ကျတော့လည်း ကျွန်တော့် ဖခင် ၏ ဘဝကံကြမ္မာ မှာ ဆိုး ပြန်သည် ဟူ၍ ပြော ရပါမည် ။ သူ ၏ ဖက်ဆစ်တော်လှန်ရေး ကာလ က အတူတကွ လုပ်ကိုင်ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက် ရဲဘော် အပေါင်းအသင်း သူငယ်ချင်း တို့ မှာ တောထဲ တွင် ရောက် နေကြသည် ဖြစ်ရာ ဖဆပလ အစိုးရ ၏ သင်္ကာမကင်းခြင်း ကို ခံရ ပြန်သည် ။
ထိုအချိန် မှာလည်း ကျွန်တော် တို့ က အရွယ် မရောက်ကြ သေး ။ ကျွန်တော် ၏ မိထွေး မှာ လည်း သမီး တစ်ယောက် နှင့် သား တစ်ယောက် ကို မွေးဖွားပြီး စ အရွယ် ။ ကျွန်တော် ၏ ဖခင် မှာ သားသမီး ခုနစ်ယောက် ၏ အနာဂတ် အတွက် စီးပွားရေး လုပ်ငန်းများ ကို ကြိုးစား ရှာဖွေနေသည့် ကာလ ဖြစ်သည် ။
သူ ပိုင် အညာလှေကြီး နှင့် အောက်ပြည် အောက်ရွာ များ သို့ ကုန်ကူးသန်းသွားလာ ရောင်းဝယ် နေသည့် ကာလ ဖြစ်သည် ။ ဟင်္သာတ ၊ ညောင်တုန်း ၊ မအူပင် ၊ ငါးခယ်မ ၊ မြောင်းမြ စသည့် မြို့ကြီးများ ၏ အမည်များ ကို ကျွန်တော် ငယ်စဉ် ကလေး ဘဝ ကတည်း က ကြားဖူးသည် ။
ထိုမြို့များ မှာ ကျွန်တော် ၏ ဖခင် သူ ၏ အညာလှေကြီး နှင့် မကြာမကြာ ဧရာဝတီမြစ် အတွင်း စုန်ချည်တစ်ခါ ၊ ဆန် ချည်တစ်လှည့် နှင့် သွားလာ ကူးသန်း ရောင်းဝယ်နေခဲ့သည့် မြို့များ သာ ဖြစ်ခဲ့ကြသည် ။
တစ်ခါတစ်ရံ ဓားပြ အတိုက် ခံ ရ တတ်သည် ။ တစ်ခါ က ဆိုလျှင် ကျွန်တော် ၏ ဖခင် ခမျာ ကျောပြင် တွင် ဓားပြတွေ ၏ ဓားပြား နှင့် ရိုက် လွှတ်လိုက်ခြင်း ကို ခံခဲ့ရဖူးသည် ။ ထိုစဉ်က ကျွန်တော် ၏ ဖခင်၏ ကျောပြင် မှ ဓားပြား ဒဏ်ရာများ ကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရဖူးသည် ။ ဝမ်းလျား မှောက် ခိုင်း ထား၍ ဓားပြများ က ဓားပြား နှင့် ရိုက် လွှတ်လိုက်ခြင်း ဖြစ်သည် ဟူ၍ သိရှိခဲ့ရဖူးသည် ။
ဓားသွား နှင့် အခုတ် မခံခဲ့ရခြင်း ပင်လျှင် တော်ပေသေး သည် ဟူ၍ ပြော ရပါမည် ။ တစ်ခုတော့ ရှိသည် ။ ထိုခေတ် ထို အခါက ဓားပြများ မှာ သစ္စာ တော့ ရှိကြသည် ။ လူ တစ်ယောက် အသက် ကို အကြောင်းမဲ့ သတ်ပစ်သည့် ဓလေ့ တော့ မရှိကြ ဟူ၍ ကြားသိရဖူးသည် ။
ကျွန်တော့် ဖခင် ၏ စီးပွားရေး ကြိုးစား အားထုတ်မှုများ မှာ လည်း တိုးတက်သင့်လောက် တိုးတက်ပါသည် ။ အညာလှေ ကြီး သုံးစင်း အထိ ပင် ပိုင်ဆိုင်ခဲ့သည် ။
ထို အချိန် တွင် ကျွန်တော့် ဖခင် ၏ စီးပွား တိုးတက်မှု ကို မနာလို မရှုဆိတ်နိုင် ဖြစ်နေကြသည့် လူ တချို့ ၏ အကောက် ကြံမှု ကို ကျွန်တော် ၏ ဖခင် ခံရရှာသည် ။ သောင်းကျန်းသူ နှင့် ဆက်သွယ်သည် ဆိုကာ အစိုးရ က ကျွန်တော် ၏ ဖခင် အား ပုဒ်မ ၅ နှင့် ဖမ်းဆီးသွားခြင်း ကို ခံခဲ့ရ ရှာပါသည် ။
ကျွန်တော် ၏ ဖခင် ကို သောင်းကျန်းသူ တို့ ၏ နယ်မြေ ဖြစ် သည့် ရေစကြို သို့ သွားသည် ဆိုကာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည် ။ အမှန်မှာ ကျွန်တော် ၏ ဖခင် သည် အောက်ပြည် အောက်ရွာ မှ ဆန် တက် ၍ လာမည့် သူ ၏ အညာလှေကြီးများ ကို သွားရောက် ၍ ကြိုဆိုခြင်း မျှသာ ဖြစ်ခဲ့သည် ။ ကျွန်တော် ၏ ဖခင် ထောင် သုံးနှစ် အချ ခံခဲ့ရသည် ။
ထိုစဉ်က ကျွန်တော် ၏ မိထွေး မှာ အရွယ် မရောက်ကြ သေးသည့် ကျွန်တော် တို့ ညီအစ် ကို မောင်နှမ ငါးယောက် နှင့် သူ မွေးထားသည့် သားသမီးများ စုစုပေါင်း ကလေး ခုနှစ်ယောက် တို့နှင့် လုံးချာလည် ၍ ကျန်ရစ်ခဲ့သည် ။ ပခုက္ကူထောင်ကြီး တွင် ထောင်ကျ ခံ နေရသည့် ကျွန်တော် ၏ ဖခင် ထံ သို့ လည်း မကြာမကြာ ထောင်ဝင်စာ သွား၍ တွေ့ရ ရှာသည် ။
ကျွန်တော် ၏ အဖေ မရှိတော့ သူ ၏ အညာလှေကြီး သုံးစင်း တို့ မှာ လည်း ကုန်းပေါ် တွင် လွန်း တင်၍ ထားရသည် ။ နောက်ပိုင်း တွင် ထို အညာလှေကြီး သုံးစင်း တို့ မှာလည်း မလိုသူ တို့ ၏ မီးတင်ရှို့ခြင်း ကို ခံရပါသည် ။
ကျွန်တော် ၏ ဖခင် ရှာဖွေ စုဆောင်း ထားရစ်ခဲ့သော စီးပွား ဥစ္စာ တို့ မှာ လည်း ကျွန်တော်တို့ ကလေး ခုနစ်ယောက် နှင့် လုံးချာလည် နေသည့် ကျွန်တော် တို့ ၏ မိထွေး မှာ ဘာမျှ လုပ်၍ ကိုင်၍ မရ ။ အဖေ အဖမ်း ခံနေရသည့် သုံးနှစ် တာ ကာလ အတွင်း တွင် ထုခွဲပေါင်နှံ ရောင်းချ၍ စားသောက် နေရသည် ဖြစ်ရာ အားလုံး လိုလိုပင် ကုန်ဆုံး၍ သွားခဲ့ပါသည် ။
နောက် ကျွန်တော် ၏ ဖခင် မှာ ထောင် က လွတ်လာ တော့ သုည မှ ပြန်၍ စ ရ ရှာပါသည် ။ ကျွန်တော် ၏ ဖခင် မှာ ဈေးနား တွင် တဲကလေး တစ်လုံး ထိုး၍ ဘယ်အချိန် ဘယ် ကာလ က သင်ကြား တတ်မြောက် ထားခဲ့သည် မသိရသော ဆံပင်ညှပ် ပညာကလေး နှင့် လုပ်ကိုင်၍ ကျွန်တော် တို့ မိသားစု အား လူလား မြောက်အောင် ရှာဖွေ ကျွေးမွေးခဲ့ ရှာပါသည် ။ ထို ဆံပင်ညှပ် ပညာ ကို ကျွန်တော် ၏ အဖေ ထောင် ထဲ မှ တတ် မြောက်သင်ကြားလာခဲ့ခြင်း ဖြစ်သည် ဟူ၍ ထင်မိသည် ။ ထို ပညာရပ် ကို ကျွန်တော် ၏ အထက် မှ အစ်ကို ဖြစ်သူ အား အမွေ အဖြစ် သင်ကြား ပေးခဲ့ပါသည် ။
ထို ကာလ တွင် ပင် ကျွန်တော် ၏ မိထွေး မွေးထားသည့် ညီကလေး ခင်မောင်ဝင်း မှာ မကျန်းမမာ ဖြစ်၍ သေဆုံးသွား ခဲ့ရရှာပါသည် ။ ကျွန်တော် ၏ ညီလေး မှာ လူ့လောက တွင် သုံးနှစ်ကျော် ခန့် လောက် သာလျှင် နေထိုင် ၍ သွားခဲ့ရ ရှာပါသည် ။
ကျွန်တော် ၏ ဖခင် နှင့် ကျွန်တော် ၏ မိထွေး တို့ မှာ ကျွန်တော် တို့ ညီအစ်ကို မောင်နှမတစ်တွေ အား ဘာမျှ မလုပ် မခိုင်းခဲ့ပါ ။ နောက်ဆုံး ကျွန်တော် တို့ အား ရေ ကို မျှ ပင် အခပ် မခိုင်းခဲ့ပါ ။
ညီအစ်ကို မောင်နှမ အချင်းချင်း ရန် ဖြစ်ကြလျှင် အဖေ က ရိုက်တတ် သော်လည်း ကျွန်တော်တို့ ၏ မိထွေး က မူကား ကျွန်တော် တို့ အား တစ်ခါမျှ လည်း မရိုက်ခဲ့ဖူးပါ ။ ကျွန်တော် တို့ ၏ အဖေ က ကျွန်တော်တို့ အား ရိုက် လျှင်လည်း ကျွန်တော် တို့ ၏ မိထွေး က မကြိုက်ပါ ။
ကျွန်တော်တို့ ညီအစ်ကို မောင်နှမ တစ်တွေ ကို ငယ်စဉ် က ပင် အမေ မရှိရှာကြသူများ ဖြစ်ခဲ့ကြရ၍ အထူး အလို လိုက် ထားခဲ့ ဟန် တူပါသည် ။
နောက် ကျွန်တော်တို့ ညီအစ်ကို သုံးယောက် ကို ရှင်ပြု ပေး၍ ကျွန်တော်တို့ ၏ အဖေ ဆောက်လုပ် လှူဒါန်းခဲ့သည် မဇ္ဈိမာရာမကျောင်းကြီး ၌ သင်္ကန်း ဝတ်၍ နေထိုင် ခဲ့ကြရပါသည် ။ ဆရာတော်ကြီး ၏ ဘွဲ့အမည် မှာ ဦးဉာဏ ဖြစ်ပါသည် ။ ပထမ ဆရာတော်ကြီး ၏ ဘွဲ့အမည် မှာ ဦးဇယံတ ဖြစ်သည် ဟူ၍ သိရှိရပါသည် ။ ကျွန်တော်တို့ မမြင်ဖူးလိုက်ပါ ။ ထို ဆရာတော်ကြီး ၏ လက်ထက် ၌ ကျွန်တော် ၏ ဖခင် မှာ လည်း သင်္ကန်း ဝတ် ၍ ပညာ သင်ကြားခဲ့ရဖူးပါသည် ။
ကျွန်တော်တို့ ပညာ သင်ကြား ခဲ့ရစဉ် က လူသေခေါင်း ပျဉ်ချပ်ကြီးများ နှင့် ပြုလုပ် ထားသော ပျဉ်ပြားသင်ပုန်းကြီးများ ပေါ် တွင် ကကြီး ခကွေး မှ စ၍ ရေးသား သင်ယူခဲ့ကြရသည် ။
ထို ပျဉ်ချပ် မှာ ကျွန်တော်တို့ အဘိုး သေဆုံးသွားခဲ့စဉ်က အလောင်း ထည့်၍ အသုံးပြုခဲ့သည့် ခေါင်းပျဉ်ချပ် လည်း ဖြစ် နိုင်သည် ။ သို့မဟုတ် အဘွား အတွက် အသုံးပြုခဲ့သည့် ခေါင်းပျဉ် ချပ်လည်း ဖြစ်နိုင်သည် ။
ကျွန်တော်တို့ အညာကျေးရွာများ ၏ ထိုခေတ် ထိုအခါ က ဓလေ့ထုံးစံ မှာ လူ တစ်ဦး တစ်ယောက် သေဆုံး၍ သွားလျှင် သုသာန် မှ ထို သေဆုံးသွားသူ ၏ အလောင်း ထည့်သည့် ခေါင်းပျဉ် ချပ်ကြီးများ ကို ဘုန်းတော်ကြီးကျောင်းများ သို့ ပြန်လည် ယူဆောင် သွားပြီး ဘုန်းကြီးကျောင်းဝင်းကျယ်ကြီး ၏ အတွင်း ထောင့် တစ်ထောင့် တွင် ရှိသည့် လေးတိုင်စင်ကြီး တစ်ခု ပေါ်သို့ တင်၍ နွေ ၊ မိုး ၊ ဆောင်း ပစ် ထားတတ်ကြသည် ။
ထိုအခါ ခုနစ်ရက် ခုနှစ်လီ ထည့်၍ ထားသည့် လူသေအလောင်းကောင် ၏ အရိအရွဲ တို့ မှာ လည်း စင်ကြယ်သွားပြီး လိုအပ်သည့် အခါကျမှ ထို ပျဉ်ချပ် ကို ယူဆောင် ကာ တစ်တောင် ကျော် တစ်ထောင့်ထွာ ခန့် လောက်စီ ဖြတ်၍ စာသင်ပုန်း ပြုလုပ် အသုံးပြုကြခြင်း ဖြစ်သည် ။ ထိပ်ဘက် တွင် ဆနွင်းမကင်းပုံ တစ်ခု ပြုလုပ် ထား၍ အပေါက် တစ်ခု ဖောက် ထားသည် ။ ၎င်း ကို စာသင်ပုန်းခေါင်း ဟူ၍ ခေါ် ပါသည် ။
ထို ခေါင်းပျဉ်ချပ်များ မှာ များသောအားဖြင့် လက်ပံသား ကို သာလျှင် အသုံးပြုလေ့ ရှိရာ အလွန်လည်း ပေါ့ပါးပါသည် ။ ထို ပျဉ်ချပ် ပေါ်တွင် မီးသွေးခဲ နှင့် ထမင်းရည် ကို သုတ်လိမ်းပြီး ခြောက်သွေ့ စေရန် နေပူ လှမ်းရသည် ။ နောက် ကံ့ကူဆံ နှင့် စာ ရေး သားရပါသည် ။
ထို့ကြောင့် မိမိ အား ပထမဦးဆုံး စ၍ ပညာသင်ကြားပေး ခဲ့သည့် ဆရာ ကို ကံ့ကူလက်လှည့် ဆရာ ဟူ၍ ရှေးက ခေါ်ဝေါ် သုံးစွဲခဲ့ကြခြင်း ဖြစ်ပုံ ရပါသည် ။
ကကြီး ခကွေး နှင့် ဗျည်းသရ အားလုံး စုံသွားလျှင် မြန်မာ စာ ကို ရေးတတ် ဖတ်တတ် ပြီ ဖြစ် ပါသည် ။ ၎င်းကို သင်ပုန်းကြီး ကုန်သွားပြီ ဟူ၍ ခေါ်ဝေါ် သုံးစွဲကြပါသည် ။ နောက် ပရိတ်ကြီး သင်ကြရသည် ။
ကျွန်တော် ဘုန်းကြီးကျောင်း တွင် ပရိတ်ကြီး ကုန်တော့ ကျွန်တော် တို့ ၏ ဖခင်က ဘုန်းကြီးကျောင်း မှ နုတ် ၍ အထက်တန်း ကျောင်း သို့ ပြောင်းရွှေ့ထား ပြန်ပါသည် ။
ကျွန်တော် ပထမဦးဆုံး အတန်းစာ သင်ယူရသည့် အတန်းကျောင်း မှာ ကျွန်တော့် ကို မွေးဖွားခဲ့သည့် သရက်တော ရွာကလေး မှ ဆရာထွန်း ၏ ကျောင်း တွင် ဖြစ်ပါသည် ။ ထို ဆရာကြီး ၏ ရုပ်လက္ခဏာ မှာ အသား အနည်းငယ် ဖြူ ၍ အရပ်မြင့်မြင့် သေးသေးသွယ်သွယ် ပိန်ပိန်ပါးပါးပင် ဖြစ်သော်လည်း သျှောင်စောင်း နှင့် ဖြစ်ရာ အလွန် ကျက်သရေ ရှိ၍ ခံ့ညားပါ သည် ။
ကျွန်တော် ၏ မိထွေး မှာ မူလ က စာ မတတ်ပါ ။ နောက် ကျွန်တော် ၏ ဖခင် က သူ ကိုယ်တိုင် စာ သင် ပေးပါသည် ။ ဉာဏ် အလွန် ကောင်းသူ ဖြစ်၍ မကြာခင် တတ်မြောက် သွားခဲ့ပါသည် ။ စာ တတ် ချင်သည့် စိတ်ဓာတ် ရှိသူ ဖြစ်၍ ဤသို့ မြန်မြန်ဆန်ဆန် စာဖတ် တတ် သွားခြင်းလည်း ဖြစ်နိုင်ပါသည် ။
သူ စာ ဖတ်လျှင် အသံ ထွက် ၍ စာလုံး ပေါင်းပြီးမှ ဖတ်ပါ သည် ။ သူ စာဖတ်သည့် အသံ မှာ အလွန် နားထောင်၍ ကောင်း ပါသည် ။ သူ မဖတ်တတ်ဘဲ ဖြစ်နေသည့် နေရာ သို့ ရောက်လျှင် ကျွန်တော်တို့ က ပြော ပြ၍ ဆရာကြီး လုပ် ကြရပါသည် ။
နောက်ပိုင်း တွင် ကျွန်တော် ၏ မိထွေး မှာ လည်း မြန်မာ စာ ကို ကျွမ်းကျင်စွာ ဖတ်တတ်သွားခဲ့ ၍ ကျွန်တော်တို့ သင်ကြား ကြရသည့် ကျောင်းစာအုပ်များ မှ အစ တွေ့သမျှ စာအုပ် အားလုံး လိုလို တို့ ကို ဖတ်ပါသည် ။ သူ အားလပ်သည့် အချိန်များ တွင် အိမ်လည် သည့် အလေ့အကျင့် လည်း မရှိ ။ ထိုစဉ်က ကျွန်တော် တို့၏ မြို့ကလေးသို့ ရောက်ရှိ လာခဲ့သည့် နဂါးနီအသင်း ထုတ် စာအုပ်များ နှင့် စာပေဗိမာန်ထုတ် လူတစ်လုံး သူတစ်လုံး စာအုပ် မှ အစ အားလုံးလိုလို တို့ ကို သာ ဖတ်၍ နေတတ်ပါသည် ။
လ သာသည့် ညများ ဆိုလျှင် အိမ်ရှေ့ ကွပ်ပျစ် ပေါ် တွင် ကျွန်တော် တို့ အား ပုံပြင်တွေ ကို လည်း ပြောပြ တတ်ပါသည် ။ ကျွန်တော်တို့ ကြားဖူးကြသည့် ရွှေယုန် နှင့် ရွှေကျား ပုံပြင် ပညာရှိ ဇီးကွက်ကြီး အကြောင်း နှင့် မကောင်းသည့် မိထွေး အကြောင်း ပုံပြင် တို့ မှာ လည်း ကျွန်တော်တို့ ၏ မိထွေး က ပြောပြ၍ သိခဲ့ ကြရသည့် ပုံပြင်များ သာ လျှင် ဖြစ်ခဲ့ကြပါသည် ။
သူ သည် ကျွန်တော်တို့ အား ပညာတတ်ကြီးတွေ ဖြစ်စေ လိုသည် ။ အိမ် အလုပ် ဆို၍လည်း ဘာမှ မခိုင်း ၊ ကျွန်တော်တို့ ကျောင်းစာတွေ ကို အော်၍ ဖတ်နေကြပြီ ဆိုလျှင် သူ ပျော်၍ နေ တတ်သည် ။ ကျွန်တော် တို့ စာမေးပွဲတွေ အောင်ကြသည့် နှစ် ထိုနေ့ ဆိုလျှင် သူ အထူး ပျော်ရွှင်သည့် နေ့များ သာလျှင် ဖြစ်ခဲ့ ပါသည် ။
သို့ရာတွင် ကျွန်တော်တို့ မှာ သူ ဖြစ်စေ ချင်သလို ဘွဲ့ရ ပညာတတ်တွေ ဖြစ်၍ မလာခဲ့ကြ ။ ကျွန်တော် ဆိုလျှင် မက်ထရစ် စာမေးပွဲ ကို ဖြေဆိုပြီးသည့် နှစ် တွင် ကျွန်တော် ဝါသနာ ပါရာ ပန်းချီပညာ ကို သာလျှင် ရွေးချယ်ခဲ့၍ ၁၉၆၀ ပြည့်နှစ် တွင် ကျွန်တော်တို့ အလွန် ချစ်သော ကျွန်တော်တို့ ၏ မိထွေး နှင့် ကျွန်တော် အလွန်ချစ်သော ကျွန်တော် ၏ ရွာကလေး ကို ခွဲခွာ ခဲ့ပါသည် ။
ကျွန်တော် ဖ.ဆ.ပ.လ သန့်ရှင်းအစိုးရ ၏ လက်ထက် တွင် မန္တလေးမြို့ သို့ ရောက်ရှိခဲ့၍ တော်လှန်ရေးအစိုးရ ၏ လက်ထက် ပြည်သူပိုင် သိမ်း သည့် နှစ် တွင် ရန်ကုန်မြို့ကြီး သို့ ရောက် ရှိခဲ့ပြီး ကျွန်တော် ဝါသနာ ပါသော စာနယ်ဇင်း ပန်းချီ လုပ်ငန်း တို့ ကို ရေးဆွဲ လုပ်ကိုင် နေထိုင်ခဲ့ပါသည် ။
ကျွန်တော် အိမ်ထောင် ကျ၍ ပထမ သားဦး ရတော့ ရန်ကုန်မြို့ကြီး တွင် အသည်းအသန် မကျန်းမမာ ဖြစ် ပါသည် ။ ၎င်း သတင်း ကို ရွာ မှ ကျွန်တော် ၏ ဖခင် ကြားတော့ “ ဒီကောင် ကို ရန်ကုန် မှာ အသေ မခံနိုင်ဘူး ၊ ရွာ မှာ ပဲ အသေ ခံမယ် ၊ သွား ခေါ်ချည်ကြ ” ဟူ၍ ပြောပြီး ကျွန်တော် ၏ အစ်မ အကြီးဆုံး နှင့် ကျွန်တော် ၏ အစ်ကို နှစ်ယောက် နှင့် ကျွန်တော် ၏ မိထွေး မှ မွေး သည့် ကျွန်တော် ၏ ညီလေး တို့ ကို အခေါ် လွှတ် လိုက်ပါသည် ။
ကျွန်တော် တို့ လင်မယား နှင့် မွေးကင်းစ သားငယ် တို့ မှာလည်း ရွာ သို့ ရောက်ရှိ၍ သွားခဲ့ပါသည် ။ ကျွန်တော့် မှာ ကျွန်တော် ၏ ဖခင် ကျွန်တော် ၏ မိထွေး နှင့် ကျွန်တော် ၏ ရွာကလေး ကို တွေ့မြင်ရတော့ ပြန်လည်၍ နေကောင်း သွားခဲ့ပါသည် ။
ကျွန်တော် ၏ မိထွေး မှာ ကျွန်တော့် ကို ချစ် သကဲ့ သို့ ပင် ကျွန်တော် ၏ ဇနီး နှင့် ကျွန်တော် ၏ သား ကို လည်း လွန်စွာ ချစ် သည်ကို တွေ့ရသည် ။ ကျွန်တော် ၏ သား ဆိုလျှင် လည်း သူ လက် ပေါ် က မချ ။
နောက် ကျွန်တော် ၏ ဖခင် က သူ့ မြေးကို ယူ၍ ပွေ့ ထားပြန်သည် ။ ထိုအခါ ကျွန်တော် ၏ သား က သူ့ အဘ ၏ အပေါ် တွင် ချေးတွေ ပါ ချတော့ ကျွန်တော် ၏ မိထွေး မှာ သဘောတွေ ကျ၍ ရယ်ပါသည် ။
နောက် ကျွန်တော် ၏ မိထွေး က ကလေး ကို ပြန် ယူ၍ ကျွန်တော် ငယ်စဉ်က ကဲ့သို့ ပင် ကျွန်တော် ၏ သား ကိုလည်း သန့် စင်၍ ပေးရပြန်ပါသည် ။ ကလေး ၏ ဝမ်းအရောင် ကို သေချာစွာ ကြည့်ရှု ၍ ကလေး ၏ ဝမ်း အခြေအနေ ကိုလည်း အကဲခတ် ပြော ဆိုနေပြန်ပါသည် ။ နောက်ပြီး တော့ ကလေး ကို ချစ်ရင် သူ့ ရဲ့ ချေး ကို လည်း ချစ်ရမည် ဟူ၍ ပြောပြပါသည် ။
ကျွန်တော်တို့ လင်မယား နှင့် သားငယ်တို့ ရွာ တွင် သုံး လ ကျော် လောက် နေထိုင် ခဲ့ကြ၍ ရန်ကုန် ကို ပြန်ခါနီး ထိုင်၍ ကန်တော့ ကြတော့ ကျွန်တော် ၏ မိထွေး မှာ ငို ပြန်ပါသည် ။ အသံ ကို မထွက်အောင် သူ ၏ နှုတ်ခမ်းများ ကို အတင်း စေ့ပိတ် ၍ ထားပါသည် ။ သို့ရာတွင် သူ ၏ မျက်လုံးအိမ်များ မှ မျက်ရည်တွေ က သူ့ ၏ ပါးပြင် ပေါ် သို့ စီး၍ ကျနေ ကြပါသည် ။
ရန်ကုန် အပြန် တွင် ထန်းခေါက်တောင်းကြီး တစ်လုံး နှင့် ငရုတ် ၊ ကြက်သွန် ၊ မောင်မခေါ်ပဲ ၊ မြေပဲ ၊ ပဲကြီးလှော် ၊ ထန်း လျက် စသည် တို့ ကိုလည်း အပြည့်အသိပ် ထည့် ၍ ပေး လိုက်ပါ သေးသည် ။ ကျွန်တော် ၏ ဇနီး အတွက် ယောနယ် မှ ထွက်သည့် သနပ်ခါးတုံးတွေ ကိုလည်း ပေး လိုက်ပါသေးသည် ။ နောက်ပိုင်း တွင် ကျွန်တော် သား သုံးယောက် ရသည့် အချိန်၌ မိသားစု လိုက် ရွာ သို့ တစ်ခေါက် ရောက် ဖြစ်သေးသော် လည်း နောက်ပိုင်း တွင် ကျွန်တော် တို့ မိသားစု မှာ ရွာ သို့ ထပ်မံ ၍ မရောက်ဖြစ်ခဲ့တော့ ။ ကျွန်တော် တစ်ဦးတည်း သာ လျှင် တစ်တုံးတစ်တုံ ရွာ သို့ ရောက် ဖြစ်ခဲ့သည် ။
ကျွန်တော် ရွာ သို့ တစ်ခေါက် ရောက် သွားတော့ တစ် ညနေ မှောင်ရီပျိုးစ အချိန် ထမင်း စားသောက်ပြီး ကြ၍ အိမ်ရှေ့ မြေ ပြောင်ပြောင် ပြည်ပန်းညိုပင်ကလေး ၏ အောက် တွင် ကျွန်တော် ၏ ဖခင် ၊ ကျွန်တော် ၏ မိထွေး နှင့် ကျွန်တော် တို့ မှာ ထိုင်ခုံ တစ်လုံး စီ နှင့် ထိုင်၍ စကား ပြော နေ ကြပါသည် ။
မှတ်မှတ်ရရ ထိုနေ့ မှာ နွေရာသီ ၏ နေ့ တစ်နေ့ ဖြစ်သည် ။ ကျွန်တော်တို့ လေးညင်း ခံရင်း အိမ်ရှေ့တွင် ထွက် ထိုင်ကြပြီး စကား ပြောနေကြခြင်း လည်း ဖြစ်သည် ။
ထိုစဉ် ကျွန်တော် ၏ ဖခင် က “ ငါတော့ ဒီဘဝ နောက် ဆုံးပဲ ဗျ ” ဟူ၍ ပြောပါသည် ။ ထို စကားကို ကျွန်တော် ၏ မိထွေး နှင့် ကျွန်တော် ပါ နှစ်ဦးစလုံး နားလည် ကြပါသည် ။ ကျွန်တော် ၏ ဖခင် နှင့် ကျွန်တော် ၏ မိထွေး တို့ နှစ်ဦး စလုံး မှာ အာနာပါန ကမ္မဋ္ဌာန်းတရားများ ကို အားထုတ် နေကြသူများ ဖြစ်ကြရာ တရား အဆင့် တစ်ခုသို့ ရောက်ရှိ သွားကြသည့် အချိန်တွင် ယခု ဘဝ မှာ နောက်ဆုံး သာလျှင် ဖြစ်သည် ဟူ၍ အဓိပ္ပာယ် ထွက်ပါသည် ။
ဒါနဲ့ ကျွန်တော် ၏ မိထွေး က ပြုံး ၍ “ တစ်ဘဝတော့ နေပါဦး ” ဟူ၍ ပြန်ပြောပါသည် ။ ထိုအခါ ကျွန်တော် ၏ ဖခင် က ကျွန်တော် ၏ မိထွေး ကို တစ်ချက် လှည့် ကြည့်တော့ ကျွန်တော် ၏ မိထွေး က ပြုံးရယ်ရင်းနှင့် ပင် ' တကယ် ပြောတာ ၊ တစ်ဘဝ တော့ နေပါဦး ' ဟူ၍ ထပ် ပြောပြန်ပါသည် ။
ထိုအချိန် တွင် ကျွန်တော် သည် တိတ်ဆိတ်စွာ ထိုင်နေရင်း ကျွန်တော် ၏ ဖခင် နှင့် ကျွန်တော့် မိထွေး တို့ ၏ ပြော စကားများ ကို သာလျှင် အာရုံစိုက် နားထောင် နေရင်းနှင့် ၎င်းတို့ ၏ အမူ အရာများ ကို ဂရုတစိုက် အကဲခတ် ကြည့်ရှု နေမိသည် ။
ထိုအခါ ကျွန်တော် ၏ ဖခင် မှာ ဘာမှ ပြန်၍ မပြော ။ တစ် ဖက်သို့ မျက်နှာ ကို လွှဲပြောင်းသွားရင်း နှင့် သူ ၏ လက် ထဲ မှ သူ အလွန် ကြိုက်နှစ်သက်သည့် ရွှေကျီးဆေးပေါ့လိပ်ကြီး ကိုသာ လျှင် သောက် ၍ နေပါသည် ။
ထိုနေ့က ကျွန်တော် ၏ မိထွေး ကို နောက်ဆုံး တွေ့မြင် ခဲ့ရခြင်း ဖြစ်သည် ကို ကျွန်တော် မသိခဲ့ပါ ။
နောက် သရက်မြို့ တွင် နေထိုင် နေသည့် ကျွန်တော့် မိထွေး မှ မွေးသည့် သမီးအကြီး ညီမ ဖြစ်သူ မှာ သူနာပြုသင်တန်း တစ်ခု ထပ်မံ၍ တက်ရန် အတွက် ရန်ကုန်မြို့ သို့ ရောက်ရှိ ၍ လာ ပါသည် ။
ညီမ ဖြစ်သူ သူနာပြုသင်တန်း ပြီးဆုံးမည့် ရက် လောက် တွင် ကျွန်တော့် မိထွေး မှာ ကျွန်တော် ၏ သားသမီးများ အား စုံစေ့အောင် မြင်ဖူးတွေ့ဖူး လို၍ ရန်ကုန်မြို့သို့ လိုက်လာမည် ဖြစ်သည် ဟူ၍ သိရသည် ။ ထို့ အတွက် ကျွန်တော် ၏ မိထွေး မှာ သရက်မြို့ သို့ ရောက်ရှိ၍ နေပြီ ဖြစ်ပါသည် ။
ထိုစဉ် ရန်ကုန် သို့ ထွက်ခွာလာမည့် တစ်ရက် အလို တွင် သရက်မြို့ ၌ ပင် ကျွန်တော် ၏ မိထွေး မှာ ရုတ်တရက် လဲကျ ၍ မကွေးဆေးရုံကြီး ၌ ကွယ်လွန် သွားခဲ့ ရှာပါသည် ။ ကွယ်လွန်ချိန် ၌ ကျွန်တော့် မိထွေး ၏ အသက် မှာ ၆ဝ ကျော် ၆၅ နှစ် ခန့် မျှ လောက် သာလျှင် ရှိလိမ့်ဦးမည် ဟူ၍ ထင်မိပါသည် ။
နောက် ကာလ တစ်ခု တွင် ကျွန်တော် ၏ ဖခင် မှာ လည်း မြစ်ခြေမြို့ကလေး ၌ ပင် ကွယ်လွန်၍ သွားရှာခဲ့ပါသည် ။ ကျွန်တော် ၏ ဖခင် ကွယ်လွန် တော့ အသက် ၈၃ နှစ် ဖြစ်ပါသည် ။
ကျွန်တော် ၏ မိထွေး နှင့် ကျွန်တော့် ဖခင် တို့ နှစ်ဦး စလုံး ၏ အသုဘ ကို ကျွန်တော် သင်္ဂြိုဟ်ခွင့် မရခဲ့ပါ ။
ကျွန်တော် ထင်ပါသည် ။ ကျွန်တော် ၏ မိထွေး နှင့် ကျွန်တော် ၏ ဖခင် တို့မှာ အနည်းဆုံး တစ် ဘဝ တော့ ပြန်လည် ဆုံတွေ့ ကြလိမ့်ဦးမည် ဟူ ၍ ထင် မိပါသည် ။
◾မောင်ဒီ
📖 ဟန်သစ်မဂ္ဂဇင်း
ဖေဖော်ဝါရီလ ၊ ၁၉၉၅ ခု
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment