Monday, January 23, 2023

တစ်မိုး လင်း ၏


 ❝ တစ်မိုး လင်း ၏ ❞


မနက် ၆ နာရီ မှာ မခင်သူ နိုးလေ့ ရှိသည် ။ ခေါင်း အုံ တာ ကို အရင် သိရ၏ ။ ပြီးတော့ ဝမ်းနည်းခြင်း နှင့် စိတ်လျှော့ခြင်း တို့ ဝင်လာ၏ ။ နှစ်ခု ပေါင်း လိုက် ကာ ထူးဆန်းစွာ ဖြစ်ပေါ်  လာ ပြန်သော စိတ်ထုံ ခြင်း ဝေဒနာ ကို ခံစား ရ ကာ သည် အတိုင်း နေနိုင်ပါရဲ့ဟု တွေး နိုင်လေ၏ ။ အကြောင်း ကား သူ သည် သီချင်း ဆို လို့ ပို၍ ကောင်းမည် ဖြစ်လေ၏ ။ ပို၍ အပင်ပန်း ခံနိုင်မည် ။ အသက် အောင့် နိုင်မည် ဖြစ်လေ၏ ။ အားငယ် လွန်း၍ သော် လည်းကောင်း ၊ အားရှိလာပြန်၍ သော် လည်းကောင်း တစ်စုံ တစ်ခု ကို ထ လုပ်နိုင်သည့် သတ္တိ သည် တော်တော်နှင့် တော့ ပေါ်ဦးမည် မဟုတ် ။ ထို အတော အတွင်း အေးချမ်းမည် ဖြစ်လေ၏ ။ မခင်သူ ၏ အပြင် စာ ဖတ် နေလေ့ ရှိသော သူငယ်ချင်း ကရင်မကလေး ကိုးကား ရွတ်ဆို လေ့ ရှိသည့် အတိုင်း အသည်းကွဲခြင်း ၏ အဆုံး သည် အေးချမ်းခြင်း ၏ အစ တည်း ။ ဘားနတ်ရှော ကို ကျေးဇူး တင် ပါသည် ။


ကျီး တစ်ကောင် နှစ်ကောင် က တအ အ အော် လိုက်သည် ။ မခင်သူ သည် ပျင်းရိ လေးတွဲ့စွာ ထ ကာ ပထမဆုံး မှန် ကြည့် ၏ ။ ည က ခေါင်းလိမ်းဆီ လိမ်း ၍ ဝိုင်ယာ နှင့် ကောက် ထားသော ဆံပင်လိပ်များ သည် လျော့တိလျော့ရဲ နှင့် ပွ နေ၏ ။ မျက်နှာ က ချောင် နေ၏ ။ သူ က ဘယ်အချိန် မှ အိပ်ပျော်တယ် ဆိုတာ မမှတ် မိ ။ ရင် ထဲ ၌ ဆန်းဆန်းပြားပြား ယားကျိကျိ ရှိလာသည်နှင့် “ အားဟာ အချစ် လောကကြီးဟာ အဆင်မပြေ ” ဟု ဆိုလိုက်၏ ။ သူ့ သီချင်းသံ သည် ခါတိုင်း လို ပင် အံ့သြစဖွယ် သာယာ လေ၏ ။


ထို့နောက် ခေါင်းရင်း ၌ တရားဓမ္မ ပြောပြ သူ အစား ချိတ်ဆွဲထား သည့် ဘရိုမိုစက္ကူ ကို အထပ် လိုက် ဆွဲယူ ပြီး ခြောက်ရွက် တိတိ ရေတွက် ယူ ပြီး ကျန်တာ ကို မသေမသပ် ခေါက်ချိုး ၍ အင်္ကျီ အိတ် ထဲ ထည့်လေ၏ ။ ထို့နောက် ရေချိုးခန်း ကို သွားသည် ။


တစ်ခေါက် ပြန် လာပြီး မှ သွားပွတ်တံ ၊ သွားတိုက်ဆေး ၊ မျက်နှာသုတ်ပဝါ ၊ ဆပ်ပြာခွက်တို့ ကို မမေ့ မလျော့ တစ်ခု မှ မကျန် ရ အောင် သတိ အထူး ပြု၍ ယူ၏ ။ သွား တိုက်သည့် အမှု ကို လူ မြင် ကောင်း အောင် ပြုရင်း စိတ် က ရောက်တတ် ရာရာ သွားလာ နေ၏ ။ ပူလောင်သော မျက်ရည် များ ကုန်ခန်း လျှင် အေးမြ သော မျက်ရည် တစ်စေ့ နှစ်စေ့ လည် မြဲ တည်း ။ ပြီးတော့ သီချင်း ဆို နေ တတ်သည် ။


မျက်နှာ သစ် ပြီး ပြန် လာပြန်၏ ။ ခေါင်း ဖြီး၏ ၊ ပေါင်ဒါ ရိုက် ၏ ။ နှုတ်ခမ်း ဆိုး၏ ။ မျက်ခုံးမွေး ဆွဲ၏ ။ ပါး တို့ ကို မသိမသာ ခြယ်၏ ။ ပြီးတော့ ခဏ ထိုင် ငေးကာ ကော်ဖီ ဆင်း သောက် သည် ။


ထောပတ် က စား လို့ ကောင်း ၏ ။ ပေါင်မုန့် က လည်း နူးညံ့ ပါ ရဲ့ ။ သို့သော် ကော်ဖီ နှင့် မျှော ချ မှ ဆုတ်ကန် ဆုတ်ကန် နှင့် ကျသည် ။အတော် ဆိုး တဲ့ ဟာ တွေ နင် တို့များ ငါ အူ မရှိရင် စား မှာ မဟုတ်ဘူး ဟု အူကြောင်ကြောင် တွေးပြီး ရယ်ချင် သော် လည်း မရယ်ဘဲ ဘေး က ထမင်းစားပွဲ အတူ ထိုင်မြဲ သူငယ်ချင်း ကို စိတ် မပါသော စကား လှမ်း ပြော၏ ။ သူ ပြန် ပြောပြသည် ကို နား မထောင် တော့ ဘဲ အခန်း ကို ပြန် တက် လာသည် ။ 


ထို့နောက် တစ်ခေါက် ပြန် ဆင်းပြီး သတင်းစာ ဖတ် ၏ ။ သတင်းစာ မှာ ပါသည့် အကြောင်းအရာများ ကို တကယ်တော့ သိချင် တာ လည်း မဟုတ် ။


ဧည့်စားပွဲ ၌ တွေ့ ရသည့် သူငယ်ချင်းများ နှင့် စကား ပေါက်ကရ ပြော ပြန်သည် ။ ဘိုင်စကုတ် သွား ကြည့်မည့် အကြောင်း နှင့် ပိုက်ဆံ ကို ချွေတာ မသုံးစွဲအပ်ကြောင်း ,  ဖြစ်လေသည် ။


မဂ္ဂဇင်း အဟောင်းများ ကို လှန်လှော ပြီး အရုပ် ကြည့် ပြန်သည် ။ ဒါကတော့ ပိုပြီး စိတ်ဝင်စားစရာ ကောင်း၏ ။ အင်္ဂလိပ်မ ချောချော တစ်ယောက် ၏ အရုပ် ဆိုး လှသော ဟန်ပန် မကျသည့် နောက်ဆုံး ထွင် သည့် အဝတ်အစားများ နှင့် ရိုက် ထားသည့် ကိုးရိုးကားရား နေထိုင်ပုံ များ ကို တွေ့၏ ။ ကိုယ့် အခန်း က ကုလားမလေး ဒေါ်ရိုသီ နေပုံထိုင်ပုံ အတိုင်း မို့ မြူးထူး စိတ်ကလေး တော့ ဝင်လာ၏ ။ ထို့နောက် ဘာမှ မပြောဘဲ ထ လာပြီး အခန်း သို့ ပြန် ရောက် ပြန်သည် ။


ရေမိုးချိုး ဖြီးလိမ်း ပြင်ဆင်သည် မှာ တစ်နာရီ ကျော်ကျော် ကြာ လေသည် ။ ပြီးခါစ မှန်များ ကြည့် လိုက်လျှင် သပ်ရပ် လွန်း ၍ တောင့် နေ တတ်သည် ။ ထို့ကြောင့် အိပ်ရာ ပေါ် ပစ် လှဲ ကာ ကျောင်းစာ ကို ဖတ်လေသည် ။ 


စာ တစ်လုံး မှ မရလိုက် ဘဲ ထမင်း စားချိန် တန် သော် ထ ပြီး မှန် ကြည့် လိုက် ရာ တောင့်ခြင်း ပျောက် သွား ပြီ ကို တွေ့ သည် ။ ကျေနပ်၏ ။ အတန်း ထဲ ကိုင် ရမည့် စာအုပ်များ ကို အသင့် ပြင်ပြီး ထမင်းစား ဆင်း ပြန်၏ ။ အောက် ရောက် မှ သတိ ရပြီး ပြန် တက်ကာ ဓာတ်ဘူး ကို ယူ၏ ။ ထမင်း စား ပြီး ဓာတ်ဘူး ကို မေ့ ကာ အပေါ် တက် လာသည် ။ အပေါ် ရောက် မှ သတိ ရ ပြီး အောက်ဆင်း ကာ ဓာတ်ဘူး ယူ၏ ။ ပြီးတော့ အခန်း သို့ ပြန် တက် လာသည် ။


မှန် ကြည့်ပြီး နှုတ်ခမ်း ကွက်သည် ကို သုတ် လေ၏ ။ ပေါင်ဒါ ထပ် ရိုက်သည် ။ မိုး အုံ့သည် ကို ပြတင်း မှ လှမ်းကြည့်၏ ။ သီချင်း ဆိုချင် လာ ပြန်၏ ။ ဂီတာ အတီး ကောင်းသည့် သူ့ ကို သတိ ရ၏ ။


“ မယ် ဆိုလျှင် မောင် က တီးပါရှင့် ၊ မောင် ငို လျှင် မယ် က ညည်း မယ် ပေါ့ ”


စိတ် နည်းနည်း ပေါ့ပါး လာ၏ ။ မခင်သူ သည် သီချင်း ဆို စားချင် သူ ဖြစ်ရာ သီချင်း ဆို ဖို့ အတွက် တော့ ကျောင်းစာမေးပွဲ ကျ လည်း ကျ ပါစေ ၊ ဘာမဆို လုပ်နိုင်ပါ ရဲ့ဟု သူအောက်မေ့ လေ၏ ။ ထို့ကြောင့် စာမေးပွဲ တစ်ခု ကို သုံးလေး ခါ မဖြေဘဲ နှင့် မအောင်စဖူး ချေ ။


ကျောင်း သွားမည် ဟု အောက် ဆင်း ခဲ့ရာ ဖောင်တိန် ကျန်ရစ် သည် မို့ ပြန် တက် ယူ ရ၏ ။ “ အောင်မယ် ကံကောင်းလို့ ၊ မေ့တော့မလို့ ” ဟု ရေရွတ်ကာ အခန်း သော့ ကို ရှာဖွေ၏ ။ မတွေ့  ။ ပျောက်ပြီ ထင် သည် ။ ပျောက်ပါစေ ၊ ကိစ္စ မရှိ ။ ကု,လား ဆီ မှာ သော့ပို ရှိသားပဲ ။ ဒီ အတိုင်း အပြင် က ပိတ် သွားမယ် ။


အောက် ရောက် သော် ခေါင်း ထဲ က မူး၏ ။ နေ လို့ မကောင်းဘူး ထင်သည် ။ အားဟာ မူး လာ ပါ ကလား ဟ ။ အရင် က လည်း ဒီလိုပဲ မူး မူး လဲ တာ ။ ဒါ ပြန် ထ ချင်ပြီ ထင်တယ် ။ ငါးကြီးဆီ တို့ ဘာတို့ ညာတို့ ပြန် သောက်ဦး မှ ပါပဲ ။ ပြီးတော့ မော သ ကွာ ။ ဘာဖြစ်လို့ပါလိမ့် ။


ဟော .… မူး ရင် မျက်စိ ရှေ့ နဲ့ ဘေး ကို မြင် ရတဲ့ စက်ဝိုင်းခြမ်း ဟာ ကျဉ်းကျဉ်း လာ ပြီး ပြာမှောင် တတ်တယ် ။ အတွန့် အဝိုင်းစက် ပြာနှမ်းနှမ်း ရွှေရွှေ တွေ မှုန်မှုန် ပေါ်တယ် ။ ခဏကလေး အတွင်း မှာ ဘာမှန်း မသိ တော့ဘူး ။ ပြီးတော့ ချွေးတွေ ရွှဲ လာပြီး မြေ ပေါ် မှာ ပက်လက် နိုး နေတတ်တယ် ။ ပြီးတော့ မော လိုက်တာ လွန်ပါ ရော ။ 


မခင်သူ သည် သူ ၏ အခန်း သို့ ရောက် အောင် လှေကား နှစ်ဆင့် တက် ရ ရာ လှေကား ထစ် ပေါင်း ခြောက်ဆယ့်သုံး ထစ် ရှိသည် ဆိုတာ တစ်ခါ မှ ရေတွက် ကြည့်ဖို့ သတိ မရ သဖြင့် မသိချေ ။ 


◾ကြည်အေး


📖 တက္ကသိုလ်နှစ်လည်စာစောင် ၊ 

      အတွဲ ၃ ၊ အမှတ် ၆ ၊ 

      ၁၃၁၅ ခုနှစ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment