Thursday, January 26, 2023

ဆေးရောင်စုံ


 ❝ ဆေးရောင်စုံ ❞


အေးမြသော လေညှင်းကလေးများ က မြစ်ရေပြင် ကို ဖြတ်၍ တသုန်သုန် တိုက်ခတ် နေသည် ။ ရောင်နီ လာချိန် ဖြစ် သော်လည်း ကမ်းနား လမ်း ဘက် ဆီ မှာ တော့ လူသွား လူလာ တွေ့မြင် နေရပြီ ။ လဘက်ရည်ဆိုင် ၊ မုန်းဟင်းခါးဆိုင်များ ဆီမှ မီးရောင် မြင်နေရပြီ ။ ဆူးလေ စေတီတော်ကြီး ဆီ မှ ဆည်းလည်းသံ သဲ့သဲ့ ကို နားဆင်ရင်း မျက်လုံး ဝေ့ ကြည့် လိုက်တော့ မြို့တော်ခန်းမ က အိပ်မောကျနေ ဆဲ ပင် ရှိသေးသည် ။


“ ဗျိုး ... ကိုဧမာ နိုးနေပြီလားဗျ ၊ မင်္ဂလာနံနက်ခင်းပါ ” 


“ မင်္ဂလာပါ ၊ ဘုရားသခင် ကောင်းချီးပေးပါစေ ” 


“ ကိုကျောက်တိုင် ရေ ၊ ဒီနေ့ ရာသီဥတု သာယာတယ် နော့ ၊ စကား မစပ် ခင်ဗျား အရှေ့က မြက်ခင်း ပေါ် မှာ ကွမ်းတံတွေး တွေ အမှိုက်တွေ များ လိုက်တာ ၊ သန့်ရှင်းရေးလေး ဘာလေး ဂရုစိုက်ဖို့ လို မယ်နော်  ”


ကိုဧမာ က ပြောတော့ သူ သက်ပြင်း တစ်ချက် ချ မိသည် ။ သည့်ထက် ဂရုစိုက် ရလျှင် မြက်ခင်း ပေါ် ကွမ်းတံတွေး ထွေး သူ ၊ အမှိုက် ချသူ များ ကို သူ ကိုယ်တိုင် ခါးတောင်းကျိုက် ၍ လိုက် ရိုက် ဖို့ သာ ကျန်တော့သည် ။ အမှိုက်ပုံးများ နေရာ အနှံ့ ချ ပေး ထားပါလျက် နှင့် ထိုသို့ ဖြစ်ရခြင်း ကို သူ လည်း နား မလည် ။


“ ဟုတ်တယ်ဗျာ ၊ ကျုပ် လည်း ဂရုစိုက်တာပဲ ၊ ဒါပေမယ့် အဲလို ဖြစ် ဖြစ်နေတာ ဘယ်လို လုပ်ရမှန်းကို မသိပါဘူး ” 


“ ဘယ်လို မှ မလုပ်နဲ့ ကိုယ့် လူ ရေ ၊ လူ အတော်များများ က သည် အတိုင်းပဲ ၊ စည်း နဲ့ ဘောင် နဲ့ နေရ မှာ ကို ရှက်စရာ လို့ ထင် နေကြတာ ၊ မနေ့က ပဲ ကြည့်ပါလား  ”


သူတို့ စကား ကို ကြားဖြတ် ပြော လိုက်သူ က ကိုမြို့တော် ။


“ ဟော ကိုမြို့တော် ၊ နိုးပြီ လား ၊ လင်းစမ်းပါဦး ဗျ ၊ မနေ့က ဘာဖြစ်တယ် ဆိုတာ ”


သူ စိတ်ဝင်တစား မေးတော့ ကိုမြို့တော် က ခပ်မဲ့မဲ့ ပြုံး လိုက်သည် ။ 


“ ဘာဖြစ်ရမလဲ ဗျာ ၊ မနေ့ နေ့လည် က ပေါ့ ၊ ကျုပ် နား က မီးပွိုင့် မှာ ကောင်လေး တစ်ယောက် လမ်း ကူးဖို့ ရပ် စောင့် နေတာ ၊ ပွိုင့် က စိမ်း နေတော့ သူ က မကူးသေးဘူး ပေါ့ ။ အဲဒါ ကို တခြား တစ်ယောက် က ဘာ လှမ်း ပြောလဲ သိလား ”


“  ပြောပါဦးဗျ ၊ ကိုမြို့တော် ပြောပြ မှ သိမှာပေါ့ ”


“ တောကျချက် ကတော့ မြို့လည်ခေါင် လာပြီး ပွိုင့် နီ တာကို စောင့် ကူး နေသေးတယ် လို့ လှမ်း ပြောသွားတာ ဗျ ၊ ကိုင်း ဘယ်လောက် စိတ်ပျက် ဖို့ ကောင်းသလဲ ဆိုတာ တွေးသာ ကြည့်တော့ ”


“ ဟုတ်ပါ့ဗျာ ၊ လူညစ် က လူတွင်ကျယ် လုပ်တယ် ဆိုတာ ဒါမျိုး ထင်ပါရဲ့ ”


“ အဟုတ်ပဲဗျို့ ၊ ရှိသေးတယ် ၊ လူကူးမျဉ်းကျား မှာ ကူး နေတဲ့ လူတွေ ကို ကား အရှိန် မလျော့ပေးတာတွေ ၊ လူကူးမျဉ်းကျား ရှိသား နဲ့ မကူးဘဲ ကြုံသလို ဖြတ်ကူးတာတွေ ... ”


“ ဒါနဲ့ ကိုသိမ်ကြီး တစ်ယောက် တော့ အလုပ် များ နေလား မသိဘူး ။ ခုထိ စကား လှမ်း မပြောသေးဘူး  ”


ကိုဧမာ ပြော မှ ပင် ကိုသိမ်ကြီး ဆီ သူ လှမ်း ကြည့်မိသည် ။ ကိုသိမ်ကြီး ဝန်းကျင် တွင် မတော့ ထုံးစံ အတိုင်း ရှုပ်ရှက်ခတ် နေသည် ။ ဝင်ထွက် သွားလာ နေကြသော ဈေးဝယ်သူများ ၊ တဆာဆာ အော် နေကြသော ဈေးသားများ ၊ အထမ်းသမားများ က ပုရွက်ဆိတ် ကလေးများ အစာ သယ်နေကြသည့် နှယ် ။


“ အင်း .. လူတွေ လည်း ရှာရဖွေရတာ ခက်တယ်နော် ၊ လူဦးရေ က ထူထပ် ကုန်ဈေးနှုန်းတွေ က ကြီး နဲ့ ”


“ ခင်ဗျား က သာ ကုန်ဈေးနှုန်း ကြီးတယ်တို့ ပိုက်ဆံ ရှာ ရ ခက်တယ်တို့ ပြောနေတာ ၊ မဂိုလမ်းဘက် က ရွှေဆိုင်တွေ မှာ ကျ တော့ လည်း ရွှေတွေ ဝယ် နေလိုက်ကြတာများ အလကား ဝေ နေသလား မှတ်ရတယ်  ”


သူ့ စကား ကို အလျှင်အမြန် ဝင် ထောက်လိုက်သူ က ကိုသိမ်ကြီး ။ 


“ ဟာဗျာ ၊ ကိုသိမ်ကြီး က လည်း ပြော တော့မယ် ၊ ဒီလိုပဲပေါ့ ၊ မွဲတဲ့ သူ လည်း မွဲ ပေါများတဲ့ သူတွေ လည်း ပေါများကြမှာ ပေါ့ဗျ ၊ မဟုတ်ဘူး လား ကိုဧမာရယ် ”


ကိုမြို့တော် က ကိုဧမာ ကို စစ်ကူ တောင်းနေသည် ။ သူ ကတော့ ရွှေဆိုင်များ ဆီ ဘက် ယောင်ယမ်း၍ ကြည့် လိုက်မိသည် ။ ကိုသိမ်ကြီး ပြော သည့် အတိုင်း လူများ ကြပ်ခဲ နေသည် ။ ရွှေဆိုင် တစ်ဆိုင် ၏ အပေါက်ဝ တွင် အသက် ၆၀ ခန့် လုံခြုံရေးကြီး က ထမင်းချိုင့်လေး မ ကာ မတ်တပ် ထမင်း စား နေသည် ။ ကားမှတ်တိုင် မှာ တော့ ‘ ထီပေါက်စဉ်မှန်တွေ စဆုံး ’ ဟု အော် ရောင်းနေသည့် ကလေးငယ် တစ်ဦး ။


“ ဒါနဲ့ ကိုသိမ်ကြီး ရဲ့ ၊ ခင်ဗျား က ဘာ လုပ်နေလို့ ခုမှ စကား လှမ်း ပြောနိုင်ရတာတုန်း ”


“ ဈေးသည်တွေ ပတ် ပြေးနေတာ ငေး နေ မိတာဗျ ၊ မာလကာသီး ရောင်းတဲ့ လူကြီးဗျာ .. အထမ်းကြီး ကို မပြီး တိုက်ပေါ် တက် ပြေးတာ ၊ သူ့ ဒူး နဲ့ လှေကား ဆောင့်မိတာများ ဒုန်းခနဲ ပဲ ၊ အတော် နာရှာ မှာ ၊ သူ့ ကြည့်ပြီး ကျုပ် ဖြင့် စိတ်တွေ ဆင်းရဲလိုက်တာ လွန်ပါရော ”


“ ဒါဆို ပျံကျဈေးသည် တွေ ကို ရှင်းလင်းတဲ့ လူတွေကို အပြစ် မြင်တာလား ကိုသိမ်ကြီးရဲ့ ”


“  မဟုတ်ဘူး ၊ မဟုတ်ဘူး  ၊ ကျုပ် က သူတို့ကို အပြစ် မြင်တာ မဟုတ်ဘူး ၊ သူတို့ လည်း သူတို့ အလုပ် သူတို့ လုပ်တာ ၊ လမ်းဘေး မှာ ပျံကျ ဈေးသည် တွေ ရှုပ်ရှက်ခတ် နေပြီး ကားတွေ ရပ်မရ ပြုမရ နဲ့ မို့ ရှင်းလင်းရ တာပဲ ၊ ဘယ်သူ မှ မမှားပါဘူး ၊ နောက်ဆုံးတော့ လည်း ကျုပ်တို့ ပြောနေကျ အတိုင်း ကံ ပေါ့ဗျာ ၊ ကံ ပေါ့ ”


“  အချို့အချို့တွေ က ဆိုင်ကြီးဆိုင်ကောင်း တွေ မှာ အစားအသောက် ကောင်း တွေ အေးအေးလူလူ စား နေချိန်မှာ အချို့ချို့ ကတော့ ဘယာ ကြော်သုပ် ပန်းကန်လေး မပြီး မတ်တပ် စား နေရတာ ဗျ ၊ တရား ကျ ဖို့ တော့ ကောင်းသား ”


“  အေးဗျာ ၊ ခက်တော့လည်း ခက်သားလား ၊ ဘယ်သူ့ အပြစ်ရယ် လို့မှ မပြောတတ်အောင်ပါပဲ ”


ကိုဧမာ က တွေးတွေးဆဆ နှင့် ပြောသည် ။ အတွေးကိုယ်စီ တွေးမိ ကြ၍ ထင်သည် ။ သူတို့ စကားဝိုင်းလေး တဒင်္ဂ ငြိမ်သက်သွားသည် ။


     •••••   •••••   ••••• 


“  အောင်မြင် နေတဲ့ စီးပွားရေး သမားတော်တော်များများ ရဲ့ သီအိုရီ က “  နည်းနည်း ရင်းပြီး များများ မြတ်အောင် လုပ် ” တဲ့ ဗျ  ” 


တခဏ တိတ်ဆိတ် သွားသော စကားဝိုင်းလေ မှာ ကိုမြို့တော် ၏ အသံ ကြောင့် ပြန်လည် လှုပ်ရှား လာသည် ။


“  ဟုတ်မှာပဲ  ၊ နည်းနည်း ရင်းပြီး များများ မြတ်အောင် လုပ်နိုင်

ကြလို့ လည်း ချမ်းသာကြတာ နေမှာ ၊ သူတို့ ချမ်းသာ တဲ့ အထဲ က မရှိ ဆင်းရဲသား တွေ အတွက် ဝေမျှ ပေးရင် သိပ် ကောင်းမှာပဲဗျာ  ”


“  ပိုင်ဆိုင်သမျှ ကို ကွန်မြူနစ် ဆန်ဆန် အညီအမျှ ဝေရမယ် ဆိုတာမျိုး တော့ မဟုတ်ဘူးပေါ့ လေ ၊ တချို့ ငွေရှင်တွေ အိမ်တွေ လျှောက် ဝယ်တယ် ၊ တိုက်ခန်းတွေ ဝယ်တယ် ၊ ကိုယ် နေနိုင်တာက တစ်နေရာ တည်း ၊ အဲလိုတွေ မလုပ်စေချင်တာ ”


“  ဟုတ်တယ်ဗျ ၊ ကိုကျောက်တိုင် ပြောတာ ကို ကျုပ် ထောက်ခံ တယ် ၊ သူတို့ က ဈေးကောင်း ရ ရင် ငှားတယ် ၊ ရောင်းတယ် ၊ ဘာဖြစ်လဲ ဆိုတော့ အိမ်ခြံမြေ ဈေးတက်တယ် ၊ အခြေခံ လူတန်းစားတွေ ဟာ စားရေး နဲ့ ဝတ်ရေး ထက် ကျောချစရာ တစ်နေရာ အတွက် အပြင်းအထန် ရှာဖွေ ရော ။ နောက်ဆုံး အကျင့်စာရိတ္တ ပိုင်း ပါ ထိခိုက် လာ နိုင်တာပါပဲ ။ သူသူ ကိုယ်ကိုယ် အူမ မတောင့် ဘဲ သီလ မစောင့်နိုင်ကြပါဘူး  ”


ကိုမြို့တော် ၏ ပြော စကား ကြောင့် သူ သက်ပြင်း တစ်ချက် ချ မိသည် ။ ကုန်စည်များ ကို ဈေး ကျစဉ် ဝယ် လှောင် ထားပြီး ဈေး တက် မှ ထုတ် ရောင်းကြသည် ကို သူ မြင်တွေ့ ဖူးသည် ။ စီးပွားရေး အကွက်မြင် သူများ ဟု ချီးကျူးရမည် လား ၊ လောဘ ကြီးသူများ ဟု ရှုံ့ချ ရမည်လား မခွဲခြားတတ် တော့ ။


“ တိုင်းပြည် တစ်ပြည် ဖွံ့ဖြိုးတိုးတက် ဖို့ ဆိုရင် စီးပွားရေးသမား တိုင်းဟာ သမာအာဇီဝ ကျ ရုံ နဲ့ မပြီးဘဲ လူအများ လိုအပ်ချက် နဲ့ အကျိုး ကို တတ်နိုင် သမျှ စဉ်းစားပေးဖို့ လိုတယ်  ၊ ဘယ်သူ့ ကို မှ ဆဲဆို အပြစ်တင် နေစရာ မလိုဘဲ နိုင်ငံ တိုးတက်အောင် လုပ်နိုင်တဲ့ နည်းတွေ ထဲ က တစ်ခု အဖြစ် မြင်ရလိမ့်မယ် ထင်တယ်ဗျ  ”


“  အေးဗျာ ... အပြော လွယ်ပေမယ့် လက်တွေ့ မှာ ပူးပေါင်း ပါဝင်ဖို့ ခက်ခဲ ပါတယ် ၊ ဆုတောင်း အကြံပြု ရုံ ပေါ့ ဗျာ ”


“ ဟေ့လူတွေ ၊ ဟိုကောင်လေး ဆံပင် ကို ကြည့်စမ်း ၊ ကတုံး တစ်ဝက် ကြက်တောင် တစ်ဝက် နဲ့ အဆန်းပါ လား ”


ကိုမြို့တော် က ရုတ်တရက် ထ အော်ရင်း ကောင်လေး တစ်ယောက် ကို ညွှန်ပြ နေသည် ။ ကောင်လေး ၏ ဆံပင် က နားထင် ဘေးဘက် နှင့် အနောက်ပိုင်း များ ကို ကတုံး နီးနီး ဖြစ်အောင် ညှပ် ထား ပြီး ဦးခေါင်း အလယ်ရှိ ဆံပင်များ ကို စုစည်း ထားသည် ။ မျက်နှာနုနုလေး က ကြည်လင် နေ သော် လည်း ဆံပင် ပုံစံကြောင့် စပ်ဖြဲဖြဲ ဖြစ်နေသည် ဟုထင် ရသည် ။ ပုံမှန် တွေ့ နေကျ ဆံပင် သပ်သပ်ရပ်ရပ် နှင့် သာ ဆိုလျှင် အတော် ချောမည့် ကောင်လေး ဟု မှတ်ချက် ချ မိသည် ။


“ ကိုမြို့တော် က လည်း မြို့လည်ခေါင် နေပြီး ဒါမျိုး ကို အဆန်း တကျယ် လုပ် နေတယ် ၊ ခင်ဗျား တော့ ခေတ်နောက်ကျ နေပြီ  ”


ကိုဧမာ က ခပ်ပြုံးပြုံး ပြောတော့ ကိုမြို့တော် က ရှက်ရှက် နှင့် ရယ်နေ သည် ။


“  ကျုပ် ကတော့ အဲဒီလိုတွေ မကြိုက်ဘူး ၊ မြင် ရတာ ကန့်လန့်ကြီး ၊ ခုခေတ် စကားတွေ လည်း ကျုပ် တော့ နားမလည်ပေါင် ဗျာ ၊ ဘာတဲ့ .. ငချွတ်ကလေး တွေ ပြော ပြော နေကြတာ ၊ FA ကောင်တဲ့ ဂျင်းကောင် တဲ့ ... ဘာတွေမှန်း ကို မသိဘူး ”


ကိုသိမ်ကြီး က မဲ့ကာရွဲ့ကာ နှင့် ပြောတော့ သူတို့ အားလုံး အားပါးတရ ရယ် မိကြတော့သည် ။


“ ဒီလိုပေါ့လေ ၊ ခေတ် ရေစီးကြောင်း အလိုက် ဘန်းစကားတွေ ၊ မွေးစား စကားတွေ အမျိုးမျိုး ခေတ်စား လာတာပေါ့ ”


“ ဟုတ်ပါတယ် ၊ ကိုသိမ်ကြီး ပြောသွားတဲ့ ငချွတ်ကလေး ဆိုတာ လည်း မွေးစား စကား တစ်မျိုး ထင်ပါရဲ့ ၊ ကောင်လေး သေးသေးလေး လို့ အဓိပ္ပါယ် ရ သတဲ့ ၊ အမှန်က ချိတား တဲ့ ၊ တမီးလ် အမျိုးသားကြီး တစ်ယောက် ပြော တာ ကြားဖူး တာ ပဲ ၊ အဲဒါကို ကျုပ်တို့ က ချွတ်တား ချွတ်တား နဲ့ ပြောရာ က နေ ငချွတ် ဖြစ်လာတာ ထင်ပါရဲ့ ၊ အခု ကလေးတွေ သဘောကျ နေတဲ့ ချိုတာဗီး ဆိုတာ လည်း ဒါပဲ နေမှာ  ”


“ ဒါနဲ့ ခုတလော မုဒိန်းမှုတွေ ကြားနေရတာ စိတ်မသက်သာ လိုက်တာဗျာ ”


ဟုတ်သည် ။ ယခုတလော မုဒိန်းမှုများ ဆက်တိုက် ဆိုသလို ကြား နေရသည် ။ ရင် နင့်စရာ ၊ စိတ် မသက်သာစရာ  ၊ မကြားရက်စရာ 


“ တောက် ...... ဒင်းတို့တွေ ဒီလောက် ထကြွ နေလည်း ပိုက်ဆံ ပေးပြီး ပျော်ပါးကြတာ မဟုတ်ဘူး ၊ ကန်တော့ဗျာ ၊ မရိုမသေ့စကားပါ  ” 


ကိုဧမာ က ကြိတ်မနိုင် ခဲမရ တက်တခေါက်ခေါက် နှင့် ပြောတော့ ကိုမြို့တော် က သူ့ ထုံးစံအတိုင်း ခပ်မဲ့မဲ့ ပြုံး လိုက်သည် ။


“ မထင်နဲ့ဗျ ၊ မုဒိန်းသမား ဆိုတာမျိုး က ပြည့်တန်ဆာ ကို ငွေပေး အသာတကြည် ပျော်မြူးရုံ နဲ့ စိတ် အာသာ ပြေတတ်တာ မဟုတ်ဘူး ၊ တဖက်သား က နာနာကျဉ်ကျဉ် အော်ဟစ်နေတာ ကို မှ အရသာခံ ကာမဘီလူး စီး တတ်တာမျိုး တွေဗျ ၊ စိတ်ရောဂါ လို့ ပဲ ပြောရမလား ၊ အောက်တန်းကျ လွန်းတယ် လို့ ပဲ ပြောရမလားပဲ ”


“ အဓိက က တော့ အမျိုးသမီးတွေ အနေနဲ့ အချိန်တိုင်း သတိ ရှိ ရမယ် ၊ မိဘတွေ ကိုယ်တိုင် က လည်း ကိုယ့် ရင်သွေး ကို မျက်ကွယ် ရာ မှာ မထားသင့်ဘူး မဟုတ်လား .. အင်း ... မုဒိမ်းမှု ပညာပေး တွေ ကြိုတင် ကာကွယ်ရေး အစီအစဉ်တွေ ဒီထက် အင်တိုက်အားတိုက် လုပ်ကြဖို့ လိုမယ်ဗျို့ ”


“ အေးဗျာ ၊ ဘယ်လိုတွေ ဖြစ်ကြမှန်း ကို မသိပါဘူး ၊ ဘာပဲဖြစ်ဖြစ် အဲဒီလို လူ့ အောက်တန်းစား ငရဲသားတွေ ကို တော့ လူ့ဘောင် ထဲ မှာ မထား သင့်တာ အမှန်ပဲ ၊ နောင် ကြဉ်အောင် မှတ်လောက်သားလောက် အောင် လုပ်ပစ်စေချင် မိ တာပဲ ”


သူ့ စိတ် ထဲ တွင် လည်း ကိုမြို့တော် ပြော သကဲ့သို့ ပင် လူ့ အောက်တန်းစားများ ကို နောင် ကြဉ်အောင် အပြစ် ပေးချင် စိတ် များ ပေါ်နေသည် ။ လူ့ ငရဲသားများ ကြောင့် ပန်းကလေးပေါင်း များစွာ သည် နာကျဉ်ဝမ်းနည်း စွာ ကြွေလွင့် ခဲ့ ရသည် ။ လူ့ဘုံ ရှိ ငရဲခန်း နှင့် ကြုံကြရသည် ။ မိသားစု များစွာ ရင်နင့် ခဲ့ရသည် ။ ထို ငရဲကောင်များ ကို အပြစ် ပေးရန် “ မျက်လုံး တစ်လုံး ဆုံး လျှင် တစ်လုံးချင်း  ” ဟူသော ဟမ္မူရာဘီ ဘုရင်ကြီး၏ ကိုဓ ဥပဒေ သာ ဆိုလျှင် တော့ အတော် ထိရောက်လိမ့်မည် ထင်သည် ။


     •••••   •••••   ••••• 


“  စာအုပ်ဆိုင်တွေ ၊ ဂျာနယ်လက်ဝှေ့ သမားတွေ သိပ် မတွေ့ တော့ဘူး ဗျ နော် ၊ လူတွေ စာ သိပ် မဖတ်ဖြစ်ကြတော့ဘူး ထင်ပါရဲ့ ”


ကိုမြို့တော် က ဘယ် ကို ငေး ရင်း အတွေး ရလာသည် မသိ စာအုပ် ဆိုင်လေးတွေ အကြောင်း ရုတ်တရက် ပြော လာသည် ။


ဟိုတချိန် က တော့ သည် ဝန်းကျင် မှာ စာအုပ်တိုက်တွေ ၊ စာအုပ်ဆိုင် တွေ များခဲ့သည် ။ စာမူ လာ ပို့ရင်း တွေ့ကြ ဆုံကြ စကား ပြောကြသည့် ကလောင်ရှင်များ လည်း ခြေချင်း လိမ်လျက် ။ စာအုပ် အဟောင်းဆိုင်လေး များ ဖြင့်လည်း စည်ကား လျက် ။


“ လူတွေ စာ မဖတ်တာ မဟုတ်ဘူးဗျ ၊ ဖတ်တော့ ဖတ်ကြပါတယ် ၊ ပြီးတော့ အခု ချိန် က media ခေတ် လေဗျာ ၊ ပုံနှိပ်စာလုံး ထက် phone screen နဲ့ TV Screen က စာလုံးတွေ ကို ပို အာရုံ ရောက်ကြတာ မဆန်းပါဘူး ၊ ခေတ် အခြေအနေ ပြောင်း လာတာတွေ လည်း အများကြီး ပါ မှာ ပေါ့  ”


“  ကျွန်တော်တို့ ဆီ မှာ ကလည်း လူငယ်တွေ ၊ ကလေးငယ်တွေ အတွက် ဖတ်စရာ မှတ်စရာ နည်းသေးတယ် ၊ သူတို့လေး တွေ စာပေ ကို ပိုပြီး မြတ်နိုး တတ် လာအောင် ကျွန်တော်တို့ ဘာ လုပ်ကြမလဲ ဆိုတာ အဖြေ ရှာဖို့ လိုတယ်ဗျ ”


“  ဒီလောက် Social Media တွေ ခေတ်စား နေတဲ့ အချိန်မှာ စာအုပ်တိုက်လေးတွေ ကြိုကြားကြိုကြား ရှိနေ သေးတာပဲ ကံကောင်းလှပြီ ဆိုရမှာ ပေါ့ ဗျာ ၊ စာအုပ် တစ်အုပ် ပုံနှိပ်ဖို့ ဆိုတာ လွယ်တာ မှတ်လို့  ”


“ အင်း .. တချို့ကလည်း အခြား ဘာဝယ်ဝယ် သာ မနှမျောကြတာ ၊ စာအုပ်လေးတွေ နှစ်ထောင် လောက် ဆိုရင် ပဲ လက် တွန့် နေကြပြီ ”


စက္ကူ ဈေး ကြီး ၊ ဖြန့်ဝေမှု စရိတ် က များ အခြား ဖျော်ဖြေရေး များစွာ ပေါ်ပေါက်နေချိန် တွင် အချို့သော စာအုပ်တိုက်များ ၊ မဂ္ဂဇင်းများ ၊ ဂျာနယ်တိုက်များ ရပ်တန့် သွားရသည် မှာ ထူးတော့ မထူးဆန်းလှ ။ 


“ ကဲ ... ကဲ ... စကား ပြောလို့တော့ ကောင်းတယ်ဗျာ ၊ ညနေ တောင် စောင်း တော့ မှာ ဆိုတော့ နောက်နေ့ အတွက် ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ပြီး နားကြဦးစို့ ဗျာ ”


ကိုသိမ်ကြီး က စတင် နှုတ်ဆက် မှ ပင် သူတို့ လည်း စကားဝိုင်း ကို လက်စ သိမ်း တော့သည် ။ ညနေ ၄ နာရီ ခန့် ပင် ရှိတော့မည် ။ သူ့ အနီး တဝိုက် တွင် ရုံးသွား ရုံးပြန်များ ၊ အေးအေးလူလူ အပန်းဖြေ နေသူများ ဖြင့် စည်ကား နေသည် ။ ကလေးများ က ကစားကွင်းငယ် တွင် ပျော်ရွှင်စွာ ကစား လျက် ။ ရေခဲမုန့်သည် ၊ ရေသန့်ဘူးသည် များ ကလည်း ခြေချင်း လိမ်လျက် ။ ချစ်သူစုံတွဲများ က လည်း ကြည်နူးလျက် ။


သူ့ ခြေရင်း တွင် အမျိုးသမီးလေး တစ်ယောက် အေးအေးလူလူ လာ ထိုင်ရင်း နားကြပ်ကလေး တပ်၍ သီချင်း နားထောင် နေသည် ။ သိပ်မကြာ လိုက် Software အကြောင်း Marketing ဆင်း နေပုံ ရသည့် အခြား အမျိုးသမီးလေး တစ်ယောက် က Software ကို လာ မိတ်ဆက်သည် ။ အဆင်ပြေလျှင် Zapya ဖြင့် Software ကူး ပေးမည့် အကြောင်းလည်း ပြော နေသည် ။ ပထမ အမျိုးသမီးလေး က Marketing အမျိုးသမီးလေး ရှင်းပြ သမျှ ကို စိတ်ရှည်လက်ရှည် နားထောင်ပြီး Software ကို လည်း ယူ ထား လိုက်သည် ။ ခဏ နေတော့ အမျိုးသမီးလေး ထံ ဖုန်း ဝင်လာသည် ။ 


 “ ဟယ်လို .. အင်း .. ဟုတ်တယ် ၊ သူ နဲ့ အတူ ပြန်မှာ လေ ၊ သူငယ်ချင်း က သင်တန်း တစ်ချိန် တက် နေလို့ သူ့ ကို စောင့်ရင်း ပန်းခြံ ထဲ လာ ထိုင် နေတာ ”


 “  ....... ”


“  ကို ... သိလား ၊ ကောင်မလေး တစ်ယောက် Software အသစ် ကို Marketing လာ ဆင်း လို့ ကူး ထား လိုက်သေးတယ် ”


 “  ....... ”


“  ဟင် .. ကို က လည်း ၊ မြလေး က အလကား ရလို့ ကူး တာ မဟုတ်ဘူး ၊ အသုံး လည်း မလိုဘူး ၊ အားနာ လို့ လည်း မဟုတ်ဘူး ”


 “  ....... ”


“  ကိုယ်ချင်းစာလို့ပါ ကို ရယ် ၊ သူတို့ မှာ တစ်ယောက် ကို ကူး ပေးဖို့ အရေး မျက်နှာ အောက်ချ ပြီး ပြော ရတာ ၊ ကုမ္ပဏီ ပြန် ရောက်ရင် လည်း များများ ဖြန့်နိုင်ကြောင်း ပြနိုင်မှ Bonus ရတာ ကို ရဲ့ ”


သူ အမှတ်မထင် မြင်လိုက်ရ ကြားလိုက်ရ သော အလှတရားလေး တစ်ခု ကို အကြိမ်ကြိမ် ဦးညွတ် လိုက် မိသည် ။ ကိုယ်ချင်းစာ တရား ကြောင့် လား မသိ အမျိုးသမီးငယ် ၏ မျက်နှာလေး မှာ ကျက်သရေ ရှိ လှသည် ။ နောက်နေ့ ကိုမြို့တော် တို့ နှင့် စကား ပြောလျှင် ထို အမျိုးသမီးငယ် အကြောင်း ထည့် ပြော ရ ဦးမည် ။


အချိန်တို့ တရွေ့ရွေ့ ကုန်ဆုံး သွားသည် ။ ညနေ က စည်ကား နေ သော လူသွားလူလာများ တဖြည်းဖြည်း ကျဲပါး သွားသည် ။ ဈေးဆိုင်ကလေး များ လည်း သိမ်း ကုန် ကြပြီ ။ သူ့ ပတ်ဝန်းကျင် သည် တစ်နေ့တာ အတွက် ခဏတာလေး တော့ ပြန်လည် ငြိမ်သက် သွား ပြန်လေသည် ။


မျက်လုံး ကို အသာ မှိတ် လိုက်သည် ။ တစ်နေ့လုံး စကားတွေ ပြော ပြီးနောက် ပြန် မရနိုင်တော့သော အချိန်ကာလ အချို့ကို သူ လွမ်း နေသည် ။ သောက်ရေခွက် ကို ကြိုး နှင့် ချည်ထား စရာ မလိုသည့် ကာလ ကို သူ လွမ်း သည် ။ အိမ်ထောင်ဦးစီး အလုပ် လုပ်ရုံ မျှ ဖြင့် တစ်မိသားစု လုံး ထမင်း ဝ သည့် ကာလများ ကို လွမ်းသည် ။ အုန်းလက်နွားလှည်း စီး နေကြသည့် ကလေးငယ် များ ကို လွမ်းသည် ။


ခပ်ဝေးဝေး ဆီ မှ လွင့်ပျံ လာသော တေးသွား တစ်ပုဒ် က သူ့ အလွမ်း များ ကို ပို တိုး လာစေ သကဲ့သို့ ရှိသည် ။


“  ဪ ... ငယ်မူ မဖျောက်နိုင်ဘု ... ပျော်လောက်ဖွယ် မယ်ရင် ... ရယ်.. လွမ်းပါဘိ တယ် ၊ ... ပျို့ ဇာတိနွယ် .... ပျို့ တို့ဇာတိနွယ်..... နှစ်တိုင်း ဆက်ထွန် ကြက်သွန်ခင်း ရဲ့ အလယ် ....... ညီညွတ်ရေး နဲ့ အသက် ရှည်ရှည် ခင်ခင်မင်မင် ... လက်ရေ တစ်ပြင်တည်း ... ရှေးကတော့ ပို ချစ်ကြတယ်  ”


◾ဂျူနီယာခင်လေး


📖 တစ်ယောက် တစ်ဘဝ ( ၃ )


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment