Wednesday, January 25, 2023

ရဲတိုက်


 

❝ ရဲတိုက် ❞

[ တိုးရစ်တွေ စီးလေ့ ရှိတဲ့ သင်္ဘော တစ်စင်း နဲ့ ဧရာဝတီမြစ် ကို ဆန်တက် ပြီး ကျွန်တော် ခရီး တစ်ခု သွား ခဲ့တယ် ။ မိတ်ဆွေကောင်းတွေ နဲ့ အေးအေးလူလူ သွား တဲ့ ခရီးပါ ။

သင်္ဘော မှာ အိပ်ခန်း ၊ စားသောက်ခန်းတွေ ပါတယ် ။ သင်္ဘော အမိုး ပေါ် မှာ ရှုမျှော်ခင်း ကြည့် ဖို့ ထိုင်ခုံတွေ ပါတယ် ။ အဲဒီ ထိုင်ခုံတွေ မှာ ထိုင်ပြီး မြစ်ဘေး ဝဲယာ အလှအပတွေ ကို ခံစားတယ် ။ ကင်မရာသမားတွေ က ဓာတ်ပုံ ၊ ဗီဒီယိုမှတ်တမ်း တင် တယ် ။

မန္တလေး မှ ဗန်းမော် အထိ တစ်မြို့ဝင် တစ်မြို့ထွက် သွား ခဲ့တာပါ ။ မှောင် တဲ့ နေရာ သောင်စပ် မှာ သင်္ဘော ကပ် တယ် ။ သောင်ပြင် မှာ တင် နေတဲ့ ရေမျော ထင်းတုံး တွေ ကို ကောက်ယူ ပြီး မီး ဖိုတယ် ။ မီးဖို မှာ ခေါပုတ် ကင် စားတယ် ။

မီးဖို ဘေး မှာ မိတ်ဆွေတွေ စကားဝိုင်း ဖွဲ့ပြီး ညဉ့်နက် မှ အိပ်ရာ ဝင်တယ် ။ မနက် လင်းလို့ နှင်း ကွဲ ရင် သင်္ဘော ဆက် ထွက် တယ် ။ လတ်လတ်ဆတ်ဆတ် မြစ်ပုစွန် ၊ မြစ်ငါး နဲ့ ထမင်း စား ရတယ် ။

ကျွန်တော်တို့ ရဲ့ ခရီးဖော် ထဲ မှာ ရုပ်ရှင်မင်းသား ရဲတိုက် လည်း ပါတယ် ။ သူ က ကင်မရာ တစ်လုံး နဲ့ ဗီဒီယို ရိုက် ရင် ရိုက် ၊ မရိုက် ရင် စာ ဖတ် နေလေ့ ရှိတယ် ။ သူ ဖတ် နေတဲ့ စာအုပ် ကို ယူ ကြည့်တော့ “ စကြဝဠာကြီး ၏ ခေတ်ကြီး ငါးခေတ် ” တဲ့ ။ လေးနက် တဲ့ စာတွေ ဖတ်သူ ဖြစ်လို့ ရဲတိုက် ကို ကျွန်တော် လေးစားမိတယ် ။

ညချမ်း ချိန် ခါ မီးပုံ ဘေး မှာ ရောက်တတ် ရာရာ စကားဖောင် ဖွဲ့ မိကြတော့ လည်း သူ့ အတွေးအမြင်တွေ ကို ကျွန်တော် သဘော ကျ တယ် ။ ဖြတ်သန်း ခဲ့ ရတဲ့ သူ့ ဘဝ အကြောင်း မေး တော့ လည်း စိတ်ဝင်စားစရာ ကောင်းတယ် ။ သူ့ ဘဝ ဇာတ်ကြောင်း ထဲ မှာ ဆရာ ၊ မိဘ တွေ ဆင်ခြင် စရာ တွေးဆ စရာ အဖြစ်ကလေး တွေ လည်း ပါတယ် ။ သူ ဖြတ်သန်း ရတဲ့ ဘဝ ဒဏ်ရာ ဒဏ်ချက်တွေ ကို လည်း စာနာ ရတယ် ။

ကျွန်တော် တို့ စီး လာတဲ့ သင်္ဘော က ဒုတိယမြစ်ကျဉ်း ကို ဝင် ခဲ့ပြီ ။ ဧရာဝတီမြစ်ရေ က သိပ် ကို နည်း နေတာ မို့ ကြက်တူရွေး လည်း ရေ မသောက်နိုင် တော့ဘူး ။ ဒုတိယမြစ်ကျဉ်း ထဲ က ကျောက်သားကမ်းပါးယံ မှာ ကြက်တူရွေး တစ်ကောင် ရဲ့ ပုံစံ နဲ့ တူ တဲ့ ကျောက်ဆောင် တစ်ခု ရှိတယ် ။ ကြက်တူရွေးနှုတ်သီး နဲ့ မြစ်ရေပြင် ထိ ချိန် ဆိုရင် မြစ်ရေ များတယ် ၊ ရေစီး သန်တယ် လို့ မြစ်ကြောင်း မှာ သွားလာသူတွေ က အမှတ်သညာ ထား ကြတယ် ။ ယခုတော့ နှုတ်သီး နဲ့ ရေပြင် အဝေးကြီး ။

သင်္ဘော က ကျောက်တောင် ကမ်းပါးယံ အောက် မှာ တရွေ့ရွေ့ ခုတ်မောင်း ရင်း ဆန်တက် ရတယ် ။

ရဲတိုက် က တော့ သူ့ ဘဝ ကို စိတ်လို လက်ရ ပြောပြ နေပါတယ် ။ ]

•••••   •••••   •••••

အဖေ က ဦးထွန်းညွန့်မော် ၊ အမေ က ဒေါ်ခင်သန့်ဇင် ၊ တောင်ကြီး စဝ်စံထွန်း ဆေးရုံ မှာ ကျွန်တော် မွေးတယ် ။ အဖေ က ရှေ့နေ ၊ အမေ က ကျောင်းဆရာမ ၊ ညီအစ်ကို သုံးယောက် ရှိတာ ယောက်ျားလေး တွေ ချည်း ပဲ ။

ခြောက်တန်း အထိ တောင်ကြီး အထက ၄ မှာ တက် ခဲ့တယ် ။ ကျွန်တော် တက် တဲ့ အချိန် အထိ ဆရာမကြီး က ဒေါ်အေးချစ် ၊ နာမည် သိပ် ကြီး တဲ့ ဆရာမကြီး ၊ စည်းကမ်း ကြီးတယ် ၊ အောင်ချက် ကောင်းတယ် ပေါ့ ။ တစ်နိုင်ငံလုံး ကျောင်းတွေ Top Ten ပေးရာ မှာ ကျွန်တော်တို့ ကျောင်း တတိယ ရ ဖူးတယ် ။

၁၉၉၅ ဒီဇင်ဘာ ။ ကျွန်တော် ခြောက်တန်း မှာ အမေ ဆုံးတယ် ။ အမေ ဆုံး သွားတော့ ခုနစ်တန်း က နေ ဆယ်တန်း အထိ ပြင်ဦးလွင် မှာ ကျွန်တော်တို့ ညီအစ်ကို သုံးယောက် လုံး ဘော်ဒါ သွား နေတယ် ။ ပြင်ဦးလွင် အထက ( ၁ ) မှာ နေ ရတာ ။

အဖေ က ရှေ့နေ မလုပ်ဘဲ စီးပွားရေး လုပ်တယ် ။ အဆောက်အအုံ ကန်ထရိုက် စာမေးပွဲ အောင်တယ် ။ သစ် လုပ်တယ် ။

အမေ မဆုံးခင် အချိန် ၁၉၉၅ ခုမှာ မိုင်းပြင်း က ကျွန်တော့် အဖေ ရဲ့ သစ်ကွင်း ကို သူပုန်တွေ ဝင်ပြီး မီးရှို့ သွားတယ် ။ ကျွန်တော်တို့ တွေ က အညိုရောင်နယ်မြေ ထဲ မှာ အလုပ် လုပ် ရတာ ။ အစိုးရ က မီးရထားလမ်း ဖောက် နေတာ ကို ဇလီဖားတုံး ထုတ် ပေးရတာ ။ ကိုယ်ပိုင် dealing နဲ့ လုပ်နေရတာ ။

သစ်ကွင်း ကို သူပုန် ဝင် တော့ အလုပ်သမား ၂ဝ လောက် သေတယ် ။ ခြေပြတ် လက်ပြတ်တွေ ဖြစ် ကြတယ် ။

စီးပွားရေး ခါး ပြတ် သွားတယ် ။ သေတဲ့ လူတွေ အတွက် အဖေ က လျော်ကြေး ပေး ရတယ် ။ သူပုန် က ကျွန်တော်တို့ မိသားစု ကို မြို့ ပေါ် အထိ လိုက် ရန်ရှာ မှာ စိုးလို့ ကိုယ့် အိမ် ကိုယ် မနေဘဲ ရှောင် ပြေး နေ ရတယ် ။

အဲဒီ အချိန် မှာ အမေ လေးဖက်နာ စ ဖြစ်တယ် ။ အဲဒီလို ရှောင်ပုန်း မနေ ရဘူး ဆိုရင်တော့ အမေ့ ရောဂါ ကို seriously ကု မိ မှာ ပဲ ။ ရောဂါလက္ခဏာ က serious သိပ် မတွေ့ရဘူး ။ ယားနာဖု လို အရည်ကြည်ဖုလေး တွေ ပေါက် လိုက် ၊ အမေ တကယ် ဖြစ် နေတာ က အသည်း မှာ မှို တက် နေတာ ။ လေးဖက်နာ ဆေး တွေ ပေး တော့ မှို ကို အားပေးတာ  ဖြစ်နေတယ် ။

အဲဒီ ကာလ မှာ ပဲ အဖေ့ မှာ လျော်ကြေးတွေ ပေးရ ၊ ကိစ္စပေါင်းစုံ ဖြေရှင်းရ နဲ့ ။ အမေ ဆုံး သွားတယ် ။ ငါ့ သားလေး သုံးယောက် ကို ရင်အုပ် မကွာ စောင့်ထိန်းမယ် လို့ အဖေ့ မှာ စိတ်ဓာတ် ရှိရင် တောင် မှ မလုပ်နိုင်ဘူး ။

အဖေ က မန္တလေးသား ၊ တောင်ကြီး မှာ အမျိုးအဆွေ လည်း မရှိဘူး ။ ဒါကြောင့် ပြင်ဦးလွင် ဘော်ဒါဆောင် ကို ညီအစ်ကို သုံးယောက် လုံး ပို့ လိုက်တာ ။ ကျွန်တော် ငယ်ငယ် က ကစားတယ် ။ ကျွန်တော့် ငယ် ဘဝ က တော်တော်လေး အဆင် ပြေတယ် ။ အမေ က ဆရာမ ၊ အပေါင်းအသင်း ၊ အသိုင်းအဝိုင်း အကုန်လုံး ပြည့်ပြည့်စုံစုံ နေ ရတာ ။ အဖေ က အောင်မြင်တဲ့ စီးပွားရေးသမား ။ ကျွန်တော်တို့ က ကစားဖို့ စားဖို့ ကိုယ် လိုချင်တာ ဝယ်ဖို့ ပဲ ။ ကျွန်တော် ငယ်ငယ် က စာစီစာကုံးပြိုင်ပွဲ ၊ ပန်းချီပြိုင်ပွဲ တွေ မှာ ဆုတွေ ရတယ် ။

အမေ ဆုံး သွားပြီ ဆိုတော့ အပြောင်းအလဲတွေ အများကြီး ဖြစ်တယ် ။ ကျွန်တော့် အသက် က ၁၁ နှစ် ၊ စ စဉ်းစား တတ်ပြီ ၊ အဲဒီ အရွယ် မှာ စာအုပ်လေး သုံးလေး အုပ် ဖတ် ဖူးတယ် ။ ကိုယ့် ကိုယ် ကိုယ် ဘယ်လို ပြုစု ပျိုးထောင် ရမလဲ စိတ်ဝင်စား တဲ့ အရွယ် ရောက် နေပြီ ။

အမေ ဆုံးပြီ ဆိုတော့ ။ အမေ ဆုံး သွားတဲ့ ကလေးတွေ အများကြီး ၊ သူတို့ ဟာ အမေ မရှိလို့ ဆိုတဲ့ effect ( သက်ရောက်မှု ) ကို ခံပြီး ကြီးပြင်း သွားကြတယ် ။ ငါ့ ကျ မခံဘူးကွာ ၊ အမေ ဆုံးတယ် ဘာဖြစ်လဲ အဲဒီ effect ရောက် လာမယ် ဆိုတာ သိသိကြီး နဲ့ တော့ ငါ မခံဘူး ။

ဘယ်လို ရှောင်ကွင်းမလဲ ။ အမေ မရှိတော့တဲ့ အတွက် စိတ်ဓာတ်ရေးရာ အရ လည်း ကွက်လပ်ကြီး ဖြစ် သွားတယ် ။ Physically ( ရုပ်ပိုင်း ) အရ လည်း ကွက်လပ် ဖြစ် သွားတယ် ။ ကိုယ် နေတဲ့ မြို့ က နေ အခြား မြို့ သွားပြီး ကျောင်း တက် ရတယ် ။ ကံကြမ္မာ ကြောင့် ဖြစ်ရတယ် လို့ လက် မခံ ဘဲ ကိုယ် လုပ်ချင်လို့ လုပ်တာ ၊ တောင်ကြီး မှာ ကျောင်း မတက်ချင်တော့ လို့ ပြင်ဦးလွင် မှာ ကျောင်း သွား တက်တာ ။ အဆောင် သွား နေရတာ ဟာ အမေ မရှိလို့ အိမ် မနေတာ မဟုတ်ဘဲ ကိုယ် နေချင်လို့ သွားနေတာ လို့ သဘော ထား လိုက်တယ် ။ ဟိုမှာ အဖေ မရှိ ၊ အမေ မရှိ တစ်ကောင်ကြွက် ဖြစ် နေရတာ ကို အဲဒီလို သဘော ထားတယ် ။ အား ဖြစ်စေမယ့် ဟာ ကို ပဲ စဉ်းစားတယ် ။

ပြင်ဦးလွင် မှာ အဆောင် မနေ ခင် အထိ ကျွန်တော် က စာ ဝါသနာ မပါဘူး ။ အရမ်း ဆော့ တယ် ။ ခုနစ်တန်း ပြင်ဦးလွင် ရောက် တော့ ရောက်ရောက်ချင်း ပဲ စာမေးပွဲ မှာ အဆင့် တစ် ရ သွားတယ် ။ အဲဒီမှာ စာ ကို ဝါသနာ ပါ သွားတယ် ။

ကျွန်တော့် ကျောင်းသား ဘဝ မှာ ခုနစ်တန်း နှစ် က စ ပြီး တစ်နှစ် ကို သုံးတန်းစာ စာ ပိ တယ် ။ ခုနစ်တန်း မှာ ခုနစ်တန်း စာလည်း သင် ရသလို ရှစ်တန်းစာ လည်း သင် ရတယ် ၊ ကိုးတန်းစာ လည်း သင် ရတယ် ။ ကျောင်း စ နေပြီ ဆို ကတည်း က ဘော်ဒါ အုပ် က ကျွန်တော့်ကို မွေးတာ ။ သူ့ ကျောင်းအဆောင် နာမည် ရဖို့ အတွက် လူ မွေးတဲ့ အထဲ ကျွန်တော် ပါ သွားတော့ စာ ပိတာပဲ ။

ကျွန်တော် ခုနစ်တန်း နှစ် လောက် မှာ ကွန်ပျူတာ ဝင်းဒိုးနိုင်တီဖိုက် ပေါ် တယ် ။ ပြင်ဦးလွင် မှာ သင်တန်း ဖွင့် တော့ ဆရာ က သင်တန်း အပ်တယ် ။

ကျွန်တော် က ကလေး ။ ချက်ချင်း လက် မခံဘူး ။ ဆရာက သြဇာ ရှိတော့ အပ်လို့ ရတယ် ။ ကျွန်တော့် ဘဝ မှာ အမှတ်တရ ပဲ ။

အိုင်တီ ကို အစောကြီး ထိတွေ့ ခွင့် ရတယ် ။ သူများ မတတ်တဲ့ ပညာ ကို တတ်တော့ လည်း ကွန်ဖီးဒင့် တစ်မျိုး ရတယ် ။ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ် ရှိ လာတယ် ။ ဒီ စိတ်ဓာတ် က အခြား ဟာတွေ မှာ လည်း အထောက်အကူ ပြုတယ် ။ ဘာ လုပ်လုပ် ရဲရဲဝံ့ဝံ့ လုပ် ရဲတယ် ။ ဦးဆောင် စိတ်ဓာတ် ရှိ လာတယ် ။

ကျွန်တော့် ဘော်ဒါအုပ် က အရမ်း လောဘ ကြီးတယ် ။ ကျွန်တော့် ကို အရမ်း မောင်းတယ် ။ ခြောက်တန်း လောက် အထိ တောင်ကြီး မှာ နေတုန်း က ကျွန်တော့် မှာ အပေါင်းအသင်း အရမ်း များတယ် ။ ဆော့ရင် ဦးဆောင် ဆော့တယ် ။ ပြင်ဦးလွင် မှာ အဆောင် နေတော့ ကျွန်တော် အမြဲတမ်း တစ်ယောက် တည်း ဖြစ် နေတယ် ။

ကျွန်တော် ကြိုက်မိတဲ့ သူ က အဆောင် က အစ်မကြီး ။ ကျွန်တော့် မှာ ချစ်ရမယ့် သူ တစ်ယောက် မှ မရှိတဲ့ အတွက် ကိုယ့် ကို ချစ်တဲ့ သူ တစ်ယောက် လို ချင်တာ ။ အဲဒါကို အဲဒီအချိန် က သဘော မပေါက်ဘူး ။ နောက်မှ သဘော ပေါက်တာ ။ ကိုယ် က အတင်း လိုက် ငြိတွယ် တာ ။ ဟိုဘက် က အလိုက်သင့် တုံ့ပြန်တာ ။ အဲဒါရှိ နေရင် ကျွန်တော် စာ ကျက်လို့ ရတယ် ။

ရည်းစား သာ ထားတာ ကျွန်တော် သူ နဲ့ ချိန်း မတွေ့ဖူးဘူး ။ အပြင် လျှောက် မသွားဘူး ။ အချိန် မပေးဘူး ။ စိတ်ပိုင်းဆိုင်ရာ ခွန်အား ယူ တဲ့ သဘောပဲ ။ ရည်းစား ထား တာ ကို ဘော်ဒါအုပ် က သိတော့ ရိုက် တယ် ။ ရေရေလည်လည် ရိုက် တာ ။ သေရာ ပါတဲ့ ဒဏ်ရာ ရတယ် ။

အမေ ဆုံးပြီး သုံးနှစ် လောက် ကြာ တော့ အဖေ့ အမေ က အဖေ့ ကို နောက် အိမ်ထောင် ပြုဖို့ တိုက်တွန်းတယ် ။ အဖေ က ကျွန်တော်တို့ ညီအစ်ကိုတွေ ကို တိုင်ပင် တယ် ။ ကျွန်တော်တို့  လက်ခံတယ် ။ အဖေ နောက် အိမ်ထောင် ပြုတယ် ။ ကျွန်တော့် ဘဝ မှာ ဖိအား အမျိုးစုံ ဝင်တဲ့ အချိန် ပေါ့ ။ ဆယ်တန်း စာမေးပွဲ ကို မဖြေတော့ ဘဲ အိမ် ပြန် လာခဲ့တယ် ။

ငါ့ ဦးနှောက် ကောင်းတယ် လို့ ကိုယ့် ကိုယ် ကိုယ် သိ လာတဲ့ အချိန် မှာ သူတို့ သွေး တိုင်း လက်ခံတယ် ။ သူတို့ ခိုင်းတဲ့ အတိုင်း စာ ကျက်တယ် ။ ဒါပေမဲ့ နောက်ဆုံး မှာ မခံနိုင်တော့ဘူး ။

တောင်ကြီး ပြန် ရောက်တော့ အဖေ နဲ့ မနေဘဲ အဘွား အိမ် မှာ နေတယ် ။ အဘွား ရယ် ကျွန်တော်တို့ ညီအစ်ကို သုံးယောက် ရယ် အတူ နေ ကြတယ် ။ ကျွန်တော် ချက်ရေးပြုတ်ရေး ၊ အိမ်ထောင်ထိန်း  တာဝန် ယူတယ် ။

ဆယ်တန်း ဒုတိယနှစ် က ကျွန်တော့် မှာ နောက်ထပ် ပြဿနာ တစ်ခု ထပ် ဖြစ်တယ် ။

ကျွန်တော် စာကျက်ချိန် ယူတာ  လွဲ သွားတယ် ။ တစ်နေကုန် ကျူရှင် တက် တယ် ။ ပြန် လာပြီး ည ၇းဝဝ နာရီ က နေ ၁၁းဝဝ နာရီ လောက် အထိ အိပ်တယ် ။ ည ၁၁းဝဝ နာရီ အိပ်ရာ ထပြီး နောက် နေ့ အထိ တောက်လျှောက် အဲဒီ ပုံ အတိုင်း run တယ် ။

အဲဒီ ပုံစံ နဲ့ နေတာ ရယ် ၊ ရှေ့နှစ် က Pressure တွေ ရယ် ကြောင့် ကျွန်တော် memory lost ဖြစ် သွားတယ် ။ စာမေးပွဲ မဖြေခင် သုံးလ လောက် မှာ စာ ကျက်ရင်း အိပ်ပျော် သွား တာ တစ်ည လုံး မနိုးတော့ဘူး ။ နောက် နေ့ နိုး လာတော့ ကျက် ထားတဲ့ စာတွေ တစ်လုံး မှ သတိ မရတော့ဘူး ။

အဲဒီ အချိန် မှာ ပျာယာခတ် သွားပြီ ။ လူ လည်း အရူးတစ်ပိုင်း ဖြစ် သွားတာ ။ စာအုပ်တွေ ပြန် လှန် ကြည့်တော့ ဘာမှ မမှတ်မိဘူး ။ တစ်နေ ကုန် ဒုက္ခ ရောက်တယ် ။ နှစ်ရက် လောက် အခန်း အောင်း နေ လိုက်ပြီး မှ အဖေ့ ကို ပြော ပြတယ် ။

ဆရာဝန် ဆီ သွားတယ် ။ ဆရာဝန် က လွယ်လွယ် ပြော ရရင် ဦးနှောက် က ဂျမ်း ဖြစ် သွား တာပေါ့ ။

ည ၁၁းဝဝ နာရီ က နေ မနက် ၅းဝဝ နာရီ အထိ မှာ ဦးနှောက် က ဓာတ် တစ်မျိုး ထွက် သတဲ့ ။ ဦးနှောက် ကို သိပ် မသုံးတဲ့ သူ အတွက် အရေး မပါပေမဲ့ တစ်ချိန် လုံး ဦးနှောက် သုံး တဲ့ လူ ကတော့ အဲသည် အချိန် မှာ အိပ် ကို အိပ် ပေး ရမယ် တဲ့ ။ ကျွန်တော် ပထမနှစ် က ကျက်ထား သမျှ စာတွေ သင်ရိုးသစ် ပြောင်း လို့ ။နောက် တစ်ခါ ပြန် ကျက် ရတယ် ။ ခု တစ်ခါ ကိုယ် ရပြီးသား စာတွေ ပျောက် ကုန်ပြီ ။

ငယ်ငယ် ကတည်း က ဆရာဝန် လည်း ဖြစ်ချင်တာ မဟုတ်ဘူး ။ အင်ဂျင်နီယာ လည်း မဖြစ်ချင်ဘူး ။ ကျွန်တော် စာ ကျက်ရတဲ့ ရည်ရွယ်ချက် က စာ ကျက်ချင်လို့ ပဲ ။ ခုတော့ ကျက်ထားတဲ့ စာတွေ လည်း မရှိတော့ဘူး ။ ဒါနဲ့ ဆယ်တန်း စာမေးပွဲ ကို ကျွန်တော် လက် လွှတ် လိုက်တယ် ။

◾ကျော်ရင်မြင့်

📖 အရောင်အသွေးစုံစုံ
      ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment