❝ လူ နှင့် လေ့လာရေး ❞
( ၁ )
သူ့ လို မဖြစ်ချင်လျှင် သူ့ကို လေ့လာပါ ။
သို့သော်.…..
သူ့ ကို လေ့လာရင်း သူ့ လို လည်း ဖြစ်သွားတတ်၏ ။
( အမည်မသိ )
( ၂ )
ညဉ့် လေ က တသုန်သုန် တိုက်ခတ် နေသည် ။ မီးရောင် တလက်လက် နှင့် လှပ နေသော မြို့တော် ကို ငုံ့ကြည့်ရင်း လေစီးနှင့် အတူ သူ လည်း လိုက်ပါ မျောရွေ့ နေသည် ။
မလှမ်းမကမ်း ကင်းမျှော်စင် မှ သန်းခေါင်လွန် သံချောင်း ခေါက်သံ ကို ကြား ရ၏ ။ သူ့ ခန္ဓာကိုယ် သည် အိမ် ရှိ စာကြည့်ခန်း ထဲ တွင် တင်ပလ္လင်ခွေ ထိုင်ရင်း မလှုပ်မယှက် ကျန်ရစ် နေသည် ဖြစ်ကြောင်း သတိ ရ မိ၏ ။
( သူ က James M. Mointock ၏ Getting out of your Body စာအုပ် ကို ကျော်လွန် အောင် မြင် ထားသူ ဖြစ်၏ ။ ရုပ်ခန္ဓာ ကို ချန် ထားပြီး ဝိညာဉ် ချည်း သက်သက် ခရီး ထွက် နိုင် သူ ဖြစ် လေသည် ။ )
သူ က လေ့လာရေး ကို အလွန် ဝါသနာ ပါ သူ ဖြစ်၏ ။ ဗဟုသုတ ကို လည်း အလွန် လိုလားသည် ။ ခရီး တစ်ခု ထွက်ခြင်း သည် စာအုပ် တစ်ရာ ဖတ်ခြင်း နှင့် ညီမျှ သည် ဟု လည်း ခံယူ ထားပြန်၏ ။ ထိုသို့ဖြင့် လူ မအား လျှင် ဝိညာဉ် ဖြင့် ခရီး သွား နိုင်အောင် လေ့ကျင့် ခဲ့ရခြင်း ဖြစ်လေသည် ။
ထို ကျင့်စဉ် ကို ပေါက်မြောက် အောင်မြင် ခဲ့ ၍ သူ့ ဘဝ ကို သူ ကျေနပ် အားရ ဖြစ် မိပါသေးသည် ။ ခုဆို တာ့ဂျ်မဟာ ဂူဗိမာန် ကို လည်း သူ သွား ခဲ့ ပြီးပြီ ။ နိုင်းလ်မြစ် ပေါ် မှာ လည်း ဖြတ်ပျံဖူး၏ ။ အီဖယ်မျှော်စင် ၏ ထိပ်ဖျား မှာ လည်း သူ ခိုနားဖူးပါပြီ ။ ဘာမြူဒါ ကို သာ သွားရ ကောင်းနိုး ၊ မသွားရ ကောင်းနိုး ဖြစ် နေမိ၏ ။
အဝေး မှ ခွေး အူသံ ကြား သည် ။ အိမ် ပြန် ရန် သူ သတိ ရ လာ၏ ။ ရပ်ကွက် ထဲ သို့ ပြန် အဝင် မှာ ခွေးလေ ခွေးလွင့် တစ်ကောင် က သူ ရှိ ရာ ကို မသင်္ကာ သလို လိုက်လံ မော့ ကြည့်ရင်း မာန်ဖီသည် ။ သူ့ အိမ် ဆီ ပြန်ရောက်ပြီ ။ စာကြည့်ခန်း ၏ ပြတင်းဘောင် မှာ တစ်ချက် နားပြီး စာကြည့်ခန်း ထဲ လှမ်း ကြည့်မိ သော အခါ -
“ ဟင်.... ”
သူ အကြီးအကျယ် အံ့သြ တုန်လှုပ် သွား ရလေသည် ။
( ၃ )
သူ့ ခန္ဓာကိုယ် သည် သူ ထားသည့် အတိုင်း တင်ပလ္လင်ခွေ ထိုင် ပြီး မျက်စိ မှိတ်လျက် မဟုတ်တော့ .... ။
သူ့ ခန္ဓာကိုယ် သည် စာကြည့်စားပွဲ မှာ ထိုင်ပြီး ကျကျနန ပင် စာ တစ်အုပ် ကို ဖတ် နေလေသည် ။
“ အို ”
( ၄ )
အံ့သြခြင်း ကြီးစွာ နှင့် သူ ငေးကြည့် နေ မိသေးသည် ။ ထို့နောက် မှ “ အဖြေ ” ကို သူ ရှာတွေ့ လိုက်၏ ။ ထိတ်ထိတ်ပျာပျာ လည်း ဖြစ်မိသည် ။ သူ ရုပ်ခန္ဓာ ထဲ သို့ အခြား ဝိညာဉ် တစ်ကောင် ဝင်ရောက် နေခြင်း ဖြစ် လေသည် ။
“ အောင်မာ ရာရာစစ ဘယ် က သတ္တဝါ လဲ ”
ဒေါသ ဖြင့် အခန်း ထဲ ဝင် သွားပြီး
“ ဟေ့ကောင် ”
ထို သတ္တဝါ က သူ့ ခန္ဓာကိုယ် ဖြင့် စာ ထိုင် ဖတ်နေပြီး သူ ခေါ်သည် ကို ပင် ချက်ချင်း မကြား ။
“ ဟေ့ကောင် ”
နောက် တစ်ခေါက် ထပ် ခေါ် မှ ကြား၏ ။ လှည့် အကြည့် မှာ သူ က
“ မင်း ဘယ်က ကောင်လဲ ၊ ဘာကိစ္စ ငါ့ ကိုယ် ထဲ ဝင် နေ ရတာလဲ ”
ထို သတ္တဝါ သူ့ ကို မျက်မှောင် ကြုတ်လျက် ပြန် ကြည့်ရင်း
“ ဘာလဲ ဘာတွေ ပြော နေတာလဲ ”
“ ဘာကွ ဘာတွေ ပြော ရမှာလဲ ။ မင်း အခု ပြန် ထွက်စမ်း ”
“ ဘာလို့ ထွက် ရမှာလဲ ”
“ ဘာ ဟေ့ကောင် အောင်မာ ၊ ထွက်စမ်း ။ ဒါ ငါ့ ကိုယ် ကွ ။ မင်းလို ဘယ် က မှန်း မသိတဲ့ ကလေကချေကောင် က ဝင်ချင် တိုင်း ဝင် လို့ ရမလား ၊သွား ထွက် ”
ထို သတ္တဝါ က သူ့ ကို ဂရု မစိုက်သလို စာအုပ် ကို ဆက် ဖတ်ရင်း
“ မထွက်ပါဘူး ။ငါ့ ဘာသာ ငါ ဝင် နေတာ ဘာဖြစ်လဲ ”
ဒေါသ က အလိပ်လိုက် ထွက်လာ သဖြင့် သူ အတော် နှင့် ပင် စကား ပြန် ပြော၍ မရ ။ ထို့နောက် မှ
“ ဒါ ငါ့ ကိုယ် ကွ ။ ငါ အပြင် ခဏ ထွက် သွားတာ ”
“ မင်း ဘာဖြစ်လို့ ထွက် သွားလဲ ။ ဘယ်သူ မှ မရှိလို့ ငါ ဝင် နေတာ ဘာဖြစ်လဲ ”
“ ရ မလားကွ ။ မင်း လို ကိုယ် မရှိ ရုပ် မရှိ ကောင် က ”
တဆက်တည်း မှာ သူ အမျိုးမျိုး ဆဲရေး တိုင်းထွာ လိုက်သည် ။ သို့သော် ထို သတ္တဝါ က နာ တတ်ပုံ မပေါ်လှ ။ သူ့ ကို လည်း သိပ် အရေး မလုပ်ဘဲ စာအုပ် ကို သာ တစ်ရွက်ချင်း လှန်လှော ဖတ်နေသည် ။
သူ က ခံပြင်းလှစွာ
“ ငါ ခဏတဖြုတ် လေ့လာရေး ထွက် သွားတာ ”
“ ဘာ ထွက်သွားတာ ”
“ လေ့လာရေး ၊ လေ့လာရေး ၊ လေ့လာရေး ထွက် သွားတာ ”
ထို သတ္တဝါ က နှုတ်ခမ်း တွန့် ၍ မဲ့ လိုက်ရင်း
“ ဟွန်း ဒီလောက် လေ့လာချင် မှ တော့ ကွာ ။ ညဉ့်ဦးပိုင်း ကတည်း က ဒီ နား မှာ ငါ လျှောက် ပျံနေတာကို မင်း လေ့လာ မိ ဖို့ ကောင်းတယ် ”
“ ငါ က အဝေးကြီး သွား လေ့လာ နေရတာကွ ”
“ လုပ် မနေစမ်းပါနဲ့ ကွာ ။ မင်း ဒီလို ထွက်သွားတာ နဲ့ ငါ ဒီလို ဝင်လာ လိမ့်မယ် ဆိုတာ ကို မင်း အစောကြီး ကတည်း က လေ့လာထား ဖို့ ကောင်းတယ် ”
သူ ဘာ ပြန် ပြောရမည်မှန်း မသိ ဖြစ် နေပြီးမှ
“ ဟေ့ကောင် ၊ မင်း ထွက် သွားမလား ။ မထွက်ဘူးလား ”
“ မထွက်ဘူး ”
“ ကဲကွာ ”
ထို သတ္တဝါ ကို သူ ပြေး ထိုးလိုက်၏ ။ သို့သော် ထိုး၍ မရ ။ ထို သတ္တဝါ ရှောင်သည် မဟုတ်ပါဘဲ သူ က လည်း ဘယ်လို မှ ထိုး၍ မထိ ။ ထို သတ္တဝါ သူ့ ကို အထူးအဆန်း လို ပြန်ကြည့် လေသည် ။
ထိုအချိန် မှာ ပဲ
“ ဘယ် အချိန် ရှိ နေပြီလဲ ။ မအိပ်သေးဘူးလား ”
( ၅ )
တံခါး ဝ မှာ ညဝတ်အင်္ကျီ ကပိုကရို နဲ့ ခပ် နွဲ့နွဲ့ ရပ် နေသည် က သူ့ မိန်းမ ။ သူ တုန်လှုပ် သွား၏ ။
“ ဟေ့ … ဟေ့ .... အဲဒီ ကောင် က ငါ မဟုတ်ဘူး ။ အဲဒါ ဘယ်က ကောင် လည်း မသိဘူး ။ ငါ က ဒီမှာ ”
သူ အော် သော်လည်း သူမ က မကြား ။ သူ သွား ဆွဲ သော်လည်း သူမ အသား က ခံစားရ ပုံ မပေါ် ။ သူမ က ထို သတ္တဝါ ကို ပဲ မျက်လုံးကလေး မှေးစင်း ကြည့် လိုက်ရင်း
“ ထားတော့ ၊ အဲဒီ စာအုပ် ကို မနက် ကျ မှ ဆက် ဖတ် ။ ခု အိပ် ဖို့ ကောင်းပြီ ”
ထို သတ္တဝါ က ပြုံးပြုံးကြီး ဖြင့်
“ အဟီး.... အင်း .... အင်း .... ၊ အိပ်ကြတာပေါ့ ။ အဟဲ ”
သူ က ထိန်းမရ သိမ်းမရ ဒေါသဖြင့် လှမ်း အော် လိုက်သည် ။
“ ဟေ့ကောင် ”
သို့သော် ထို သတ္တဝါ က သူ့ ကို လုံးဝ အမှုမထား ။ သူ့ မိန်းမ ၏ ခါးသိမ် ကို သိုင်း ဖက်ရင်း အိပ်ခန်း ဆီ တွဲ ထွက်သွားသည် ။
“ ဟာ ”
သူ နောက် က လိုက် ဆွဲ၏ ။ သူတို့ နှစ်ယောက် ကို ပြန် ခွဲ၏ ။
“ ဟေ့ကောင် ၊ ဒါ …ငါ့ မိန်းမ ၊ ဟေ့ကောင် ”
သူ လုပ်သမျှ ဘာမှ အရာမရောက်ဘဲ ဖြစ် နေသည် ။ သူတို့ နှစ်ဦး အိပ်ခန်း ထဲ လှမ်း အဝင် မှာ
“ ဟေ့ကောင် ”
အသံနက်ကြီး ဖြင့် အော် လိုက်ရင်း သူ ပါ လိုက် ဝင်မည် ပြု၏ ။ ထို သတ္တဝါ က သူ့ ကို ဆတ်ခနဲ လှည့် ကြည့်ပြီး...
“ ဘာလဲ ၊ မင်း လိုက် လေ့လာဦး မလို့လား ”
သူ ကြောင် သွားသည် ။ ထိုအချိန် မှာ ပဲ သူတို့ နှစ်ဦး က အိပ်ခန်း ထဲ ဝင် သွားပြီး အိပ်ခန်း တံခါး က လည်း ချပ်ခနဲ ပိတ် သွား၏ ။
“ ..... ..... ..... .... ..... ”
သူ ဘာ လုပ်ရမည် မသိ ။
အိပ်ခန်း ထဲ မှ သူ့ မိန်းမ ၏ ရယ်သံ တစ်ချက် ကို ခပ်တိုးတိုး ကြား လိုက် ရ၏ ။ သူ မခံမရပ် နိုင်အောင် ဒေါသတွေ ထွက် လာသည် ။ ပူလောင် ပေါက်ကွဲ နေသော ဒေါသ ကို သူ မထိန်းနိုင်တော့ ။ သို့သော် ဘာမှ လည်း လုပ်၍ မရ ။
ထိုသို့ဖြင့် သူ သည် လေထဲ မှာ ပဲ ခုန် နေရတော့သည် ။
( အစ်ကိုကြီး ကိုဇော်ငြိမ်းလတ် သို့ )
◾တာရာမင်းဝေ
📖 ချယ်ရီမဂ္ဂဇင်း
ဧပြီ ၊ ၁၉၉၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment