Saturday, January 21, 2023

ကျွန်ုပ် နှင့် တက်ဈေး လျှော့ဈေး


 

❝ ကျွန်ုပ် နှင့် တက်ဈေး လျှော့ဈေး ❞

ကျွန်တော်တို့ ငယ်စဉ် ဘဝ တုန်း ကတော့ ကျွန်တော်တို့ သည် အဝယ်သမား လုံးလုံး သာ ဖြစ်သည် ။

အရုပ် နှင့် မုန့် ကို ဝယ် ကြသည် ။ ကျောင်းသုံးကိရိယာများ ဖြစ်သော စာအုပ် ၊ ဘောလ်ပင် ၊ ခဲတံ ၊ ခဲဖျက် နှင့် စွန် ၊ ဂေါ်လီ ၊ ဂျင် ၊ သားရေကွင်း တို့ ကို ဝယ် ကြ ရသည် ။ ကလေးဘဝ သည် အဝယ်သမား လုံးလုံး သာ ဖြစ်သည် ။ ထို့ကြောင့် နိုင်ငံခြား ကုမ္ပဏီကြီးများ က ကလေးများ ဝယ်ချင် အောင် နည်းမျိုးစုံ နှင့် ဆန်းသစ်သော ကစားစရာများ ကို ထုတ်လုပ် ရောင်းချကာ ကြီးပွား နေကြခြင်း ဖြစ်သည် ။

ကျွန်တော်တို့ ကလေးတွေ လက် ထဲ သို့ ပိုက်ဆံ တစ်မတ် ၊ ငါးမူး ရောက် လာသည် နှင့် ကျွန်တော်တို့ စတင် စဉ်းစားတာ တစ်ခု ခု ဝယ် ရန်သာ ဖြစ်လေသည် ။ ထို့ကြောင့် လူ သည် ရောင်းခြင်း နှင့် ဝယ်ခြင်း တွင် ဝယ်ခြင်း ကို စတင် ရင်းနှီးသော သတ္တဝါ ဟု နားလည် ရ ပါသည် ။

သို့သော် အသက်အရွယ် အနည်းငယ် ရ လာသော ကလေးဘဝ မှာ ပင် ကျွန်တော်တို့ ရောင်းခြင်း ကို စတင် ရင်းနှီး ကြရသည် ။ သို့သော် ကျွန်တော်တို့ ရောင်းခြင်း က တရားဝင် တော့ မဟုတ် ။ အနည်းငယ် လျှို့ဝှက်သည်းဖို ဆန် သည် ။ ထို ရောင်းခြင်း ကို စတင် သင် ပေး သူ က ကျွန်တော့် သူငယ်ချင်း ကျော်ထွေး ဆို သူ ဖြစ်သည် ။ ဒီကောင် က လူရည် လည်သည် ။ ပါးနပ်သည် ။ ဂေါ်လီ ရိုက် ၊ အရုပ်‌ ထောင် ၊ သားရေကွင်း ပစ် ကြ လျှင် လည်း လစ်လျှင် လစ်သလို လူရေ လည် တတ်သည် ။ ညစ်သည် ။ အငြင်း သန်သည် ။

ထိုနေ့ က သူ နှင့် ကျွန်တော် အထွာ ငါးပြား နှင့် အထိ ဆယ်ပြား ကြေး ဂေါ်လီ ရိုက် နေကြ၏ ။ ကျွန်တော် သုံးဆယ့်ငါးပြား လောက် နိုင် နေကာ ဒီကောင် တော်တော် ရှုံး နေချိန် တွင် “ ဒန်အိုး ဒန်ခွက်တွေ ဝယ်တယ် ” ဆိုသော အသံ ကြား တော့ ဒီကောင့် မျက်နှာ က ဝင်း ကာ သွား၏ ။

“ ဟေ့ကောင် စာကလေး ။ ခဏ နေဦးကွာ ... ”

ကျော်ထွေး က သူ့ ဂေါ်လီ ကို ပြေး ကောက် ၊ ဒန်အိုး ဒန်ခွက် ကု,လားကြီး ကို လက် လှမ်း ပြကာ အိမ် ထဲ သို့ လှစ်ခနဲ ပြေးကာ ဝင် သွား သည် ။ ကျွန်တော် ကြောင် ကာ ရပ် နေမိသည် ။ ခဏ ကြာတော့ ကျော်ထွေး က သူ့ အိမ် နောက်ဖေး မှ လှစ်ခနဲ ထွက် လာ ကာ ကျွန်တော့် ကို လက်ဟန် ခြေဟန်ဖြင့် ပြ ကာ ခေါ်သည် ။ ကျွန်တော် အူကြောင်ကြောင် နှင့် ရောက် သွား တော့ ကျော်ထွေး က ကျွန်တော့် ကို လေသံ သဲ့ဖြင့် “ လာကွ ၊ မြန်မြန် ” ဟု ခေါ်ကာ ဘုန်းကြီးကျောင်း အနောက်ဘက် ရှိ ညောင်ပင်ကုန်း သို့ ပြေး ၏ ။

ညောင်ပင်ကုန်း သို့ ရောက်တော့ ခုနက ဒန်အိုးဒန်ခွက်သည် ကု,လားကြီး က အမောအပန်း ဖြေကာ ထိုင် စောင့် နေတာ တွေ့ ရ၏ ။ ကျော်ထွေး ကို မြင်တော့ ပြုံး ပြကာ “ ဘာတွေ ပါသေးလဲကွ ” ဟု လှမ်းကာ မေး လေသည် ။ ကျော်ထွေး က ဘာမှ ပြန် မပြောဘဲ အောင်မြင်သော အပြုံး ဖြင့် သူ ယူလာသော အထုပ်များ ကို ဖြည် ကာ ပြ သည် ။

ဓါတ်ခဲ ၊ နို့ဆီခွက် ၊ ပလပ်စတစ် ၊ ဆေးပုလင်း ၊ ကော်ဆပ်ပြာခွက် အဟောင်း ၊ ကော်ရုပ်ကလေးများ နှင့် သတ္တုစ အကျိုးအပဲ့ တွေ ဖြစ်သည် ။ နို့ဆီခွက် နှစ်ခွက် လည်း ပါ သေး၏ ။ ကု,လားကြီး က ကျော်ထွေး ချ ပြ သမျှ ထဲ က ရောင်းလို့ ရတာတွေ ဖယ်ကာ ထုတ်သည် ။ ကော် ကို သတ်သတ် ပုံ သည် ။ နို့ဆီခွက် နှင့် ပုလင်း ကို သတ်သတ် ပုံ သည် ။ ထိုသို့ ပုံသည့် အထဲ တွင် အေးမ ၏ ဘိုမရုပ် တစ်ရုပ် ကို လည်း ကျွန်တော် တွေ့ ရသည် ။

“ အဲဒါ ... အေးမ ဘိုမရုပ် မဟုတ်လား ”

“ မဟုတ်ပါဘူးကွာ ။ ငါ့ ဘာသာ ငါ မြောင်း ထဲ က ကောက် ထားတာပါ ”

ထုနှက် ထား သဖြင့် ပိန်လိန် နေ သော်လည်း ရေကူးဝတ်စုံ အနီကလေး ကို ဝတ် ထားသော ဘိုမရုပ်ကလေး သည် အေးမ ၏ အရုပ် ဖြစ်ကြောင်း ကို ကျွန်တော် သိ ပါသည် ။

ခဏ ကြာတော့ ကျော်ထွေး နှင့် ကု,လားကြီး အငြင်းအခုံ ဖြစ်ကြသည် ။ ဓါတ်ခဲ တစ်လုံး ကို ကျော်ထွေး က ဆယ်ပြား တောင်း ပြီး ကု,လားကြီး က ငါးပြား ဟု ဆိုသည် ။ ကျော်ထွေး က မုတ်ဆိတ်ဗရဗျစ် နှင့် အရုပ်ဆိုးကု,လားကြီး ကို လုံးဝ မကြောက်ဘဲ ပြန် အော်သည် ။ ပြန် ဟောက်ရဲသည် ။ ကျော်ထွေး သည် ကျွန်တော့် အတွက် ဟီးရိုး ဖြစ် ကာ သွား၏ ။ ကျွန်တော် ဆိုလျှင် တော့ ဘာမှ မပြောရဲ မှာ သေချာသည် ။

“ တော်ပြီဗျာ ... မရောင်းတော့ဘူး ။ ခင်ဗျား က ဈေး နှိမ်တယ် ”

ကျော်ထွေး က ချ ထားသော တိုလီမိုလီတွေ ကို ပြန် ကောက်သည် ။ ကု,လားကြီး က စိတ် မဆိုးသည့် အပြင် ကျော်ထွေး အား ပင် ချော့ သေး၏ ။

“ ကဲပါကွာ .. ။ ကဲ .. သုံးလုံး ကို တစ်မတ် ပေးမယ် ။ ဟုတ်ပြီလား ”

ဓါတ်ခဲ ဈေး တည့်ပြီး သွားတော့ ကော်ခွက်တွေ ကို ချိန်သည် ။ ကော်ကျွတ် ဆိုတာ ကို တော့ မယူ ဟု ပြောသည် ။ နောက်ဆုံး မှာ ကျော်ထွေး ဆယ့်ငါးပြား ရသည် ။

“ နောက်ထပ် ရှိသေးလားကွ ”

“ မရှိတော့ဘူး ။ ဒါ အကုန်ပဲ ”

“ ဝါယာကြိုးခွေ အဟောင်းတွေ ဘာတွေ မရှိဘူးလား ”

“ ဝါယာကြိုး ကို ဝယ်လို့လား ”

“ အထဲ က ကြေးချောင်း ကို ဝယ် တာကွ ။ ဈေး ကောင်းတယ် ။ အစိတ်ဈေး ။ တစ်ဆယ်သား ကို နှစ်ကျပ်ခွဲ ရမယ် ”

နောက်ဆုံး ကျော်ထွေး က ကော်ကျွတ် ဆိုတာ ကို ပြန် မယူတော့ဘဲ ကု,လားကြီး ကို ပေး လိုက်သည် ။ ကု,လားကြီး က ရယ်မောရင်း ကျွန်တော်တို့ ကို ဂုံနီအိတ် ထဲ က ကော်ဘူးကြီး ထုတ် ကာ ပဲကြီးလှော် တစ်ယောက် တစ်ဆုပ် စီ ပေးသည် ။ ကျွန်တော်တို့ ရောင်း နေတုန်း ရွာလယ်လမ်း က ကောင်မလေး တစ်ယောက် အပြေးအလွှား လာ ကာ လဲသော သင်္ကြန် ရေပြွတ်ကလေး ကို လည်း ပိုက်ဆံ မပေးဘဲ ပဲကြီးလှော် ပဲ ပေးသည် ။

ကျွန်တော်တို့ ဂေါ်လီ ဆက် မရိုက် တော့ ဘဲ ညောင်မြစ် တွေ ပေါ် ထိုင် ကာ ပဲကြီးလှော် စားကြသည် ။

“ ကျောင်း တက်တဲ့ နေ့ မှ တစ်နေ့ တစ်မတ် ရတာ ။ မုန့်ဖိုးရယ် ၊ ကစားဖို့ ရယ် ဘယ် လောက် မလဲကွ ။ ဒီလိုပဲ ကြံ ရတာပေါ့ ။ ဒီ ပစ္စည်းတွေ က လည်း လူကြီးတွေ မသုံးပါဘူး ကွာ ။ ဟိုနေရာ ထား ၊ ဒီနေရာ ထိုး နဲ့ ကွ ။ မင်းတို့ အိမ် မှာ ရော အဲဒါမျိုးတွေ မရှိဘူးလား ”

“ ရှိတယ်ကွ ။ ဒါပေမဲ့ ... ငါ က ဘာကို ရောင်းရမယ် ဆိုတာ မသိဘူး ”

ထိုနေ့မှ စ၍ ကျွန်တော်တို့ ၏ အရောင်း စတင်ခဲ့ပြီး ရောင်းခြင်း နှင့် ပတ်သက်၍ ကျွန်တော် ၏ ကန့်ကူလက်လှည့် ဆရာ မှာ ကျော်ထွေး ဖြစ် လာခဲ့သည် ။ ကျွန်တော်တို့ အိမ် က လူကြီးတွေ မရှိ ခိုက် ဝင်ရောက် ရှာဖွေတော့ နို့ဆီခွက် ၊ ကော်ရုပ်ဟောင်းများ ၊ ကော်ခြင်းတောင်း တစ်ခု ၊ ပုလင်းအလွတ်များ နှင့် ကြေးထမင်းအိုး အဟောင်းကြီး တစ်ခု ရသည် ။

ပထမ ဦးဆုံး ကျွန်တော့် အရောင်း ကို စတင်ခြင်း ဖြစ်သော် လည်း တကယ် ရောင်းသူ က တော့ ကျော်ထွေး သာ ဖြစ်သည် ။ ကြေးမင်းတုံးကြီး ကို ချိန်တော့ ကျော်ထွေး က ငါးကျပ်သား အလေး ကို အတင်း ထည့်သည်  ။ ကု,လားကြီး က လျှာ ထွက်နေပြီ ဟု အော်၏ ။ နောက်ဆုံး ကျော်ထွေး က သုံးဆယ့်ငါးကျပ်သား မရ လျှင် မရောင်း ဟု ဆိုသည် ။ လုပ်နေကျ အတိုင်း ပစ္စည်းတွေ ကို ပြန် သိမ်းသည် ။ ကု,လားကြီး က သုံးဆယ့်ငါးကျပ်သား ကို ငြီးငြီးငြူငြူ နှင့် ပေး ရသည် ။

ရောင်း နေစဉ် မည်သို့ပင် ရန်ဖြစ်သည် ဖြစ်စေ ၊ ပစ္စည်းတွေ ကို သူ့ ရဲ့ ဂုန်နီ အိတ် ထဲ ထည့် ပြီး လျှင် တော့ ကုလားကြီး က ပဲကြီးလှော် လက် တစ်ဆုပ် ပေးမြဲ ဖြစ်သည် ။ ထိုနေ့ က ကျွန်တော် ပိုက်ဆံ လေးကျပ် ခြောက်ဆယ့်ငါးပြား ရသည် ။ ခြောက်ဆယ့်ငါးပြား ကို တော့ ကျော်ထွေး က ပွဲစား သဘောမျိုး ဖြတ်ကာ ယူ၏ ။ ကျွန်တော် မှာ ကျပ်တန် လေးရွက် ထည့် ထားသော အင်္ကျီအိတ် ကို လက် နှင့် ဖိ ထားရင်း ပျော် လည်း ပျော်သည် ။ ကြောက် လည်း ကြောက် နေ မိသည် ။ အိမ် က သိ သွားလျှင် ဘယ်လို ဖြစ်မည်နည်း ။

“ လျှာ ဆို တာ ကိုယ့် ဘက် က ထွက်တာ မကောင်းဘူး ။ သူ့ ဘက် က ကို ထွက် မှ ကောင်းတာ ။ ဒီ ကု,လား အလေး ခိုးတာ ငါ သိ တာပေါ့ကွာ ။ ငါ့ အိမ် က ချိန်ခွင် နဲ့ မင်း ချိန် ရင် မင်း ခြောက်ကျပ် လောက် ရ မှာ သေချာတယ် "

ကျော်ထွေး အမေ က ဈေး ထဲ မှာ ပဲပင်ပေါက် ရောင်း သဖြင့် သူ့ အိမ် မှာ ချိန်ခွင် ရှိသည် ။

“ ငါ့ အိမ် က သိ သွားရင် ဘယ်လို လုပ် မလဲကွ ”

“မသိပါဘူးကွာ ။ လူကြီးတွေ က သူတို့ ဘာသာ အလုပ် ရှုပ် နေတာ ။ ဒီ အစုတ်ပလုပ်တွေ ကို ဘယ်သူ က သတိ ထား နေမှာလဲ ”

ကျော်ထွေး ပြော တာ ၃ ၊ ၄ ရက် လောက် တော့ ဟုတ်သည် ။ တစ်ပတ် လောက် ကြာတော့ အိမ် က သိ သွား၏ ။ ကျွန်တော့် ကျောပြင် ကို ဗျော တင်သည် ။ အိမ် က ပစ္စည်း ကို ခိုး ရောင်း တတ်နေပြီ ဟု အမေ က အထိတ်တလန့် ပြော ကာ တီး ခြင်း ဖြစ်သည် ။ နင် တို့ ဘာ နားလည်လို့ လဲ ။ နင်တို့ ကို အဲဒီ လူကြီးတွေ က နှပ်ချ သွားတာ ဟု လည်း ဆိုသည် ။

ရိုက်တုန်း ခဏ သာ နာသည် ။ ပြီးတော့ ... ကျွန်တော့် အိမ် က ရောင်းလို့ ရသည့် ပစ္စည်းများ ကို ရောင်းမြဲ သာ ဖြစ်၏ ။ သို့သော် ရောင်းသည့် နေရာ တွင် တော့ ကျော်ထွေး ကို လက်ဦးဆရာ မို့ အားကိုး နေရ ဆဲ ဖြစ်၏ ။

ကျော်ထွေး က နည်းပညာ စုံသည် ။ ဘာမှ ရောင်းစရာ မရှိသော နေ့မျိုး မှာ ကု,လားကြီး ကို တွေ့ လျှင် “ မနေ့ က ပဲ ဦးဘဆင့် ကို ရောင်း လိုက်ပြီဗျ ” ဟု ပြော တတ်သည် ။ ကု,လားကြီး က စိတ် ဆိုးသည် ။

“ အရာကြီး က ဈေး နှိမ်တာကိုး ဗျာ ။ ဦးဘတင့် က ကြေးတစ်ပိဿာ လေးဆယ် ပေး တာ ။ မနေ့ က ငါးဆယ်သား လောက် ရှိတယ် ။ ဒန် ကို သုံးဆယ် တဲ့ ။ ဓါတ်ခဲ က လည်း ဆယ်ပြား ၊ ရေနံဆီပုလင်းအဖြူ က တစ်မတ် တဲ့ ”

တကယ် ရောင်း တာ မဟုတ်ဘဲ သူ လိုချင်သော ဈေးတွေ ကို ပြောသည် ။ ကု,လားကြီး က လည်း ပေးမည် ဟု ပြော၏ ။ ထို့ကြောင့် ကျော်ထွေး နှင့် ရောင်း လျှင် ဈေး ပို ရ တတ်သည် ။ ကျွန်တော်တို့ အရောင်း လောက ထဲ သို့ နောက် ဝင် လာ သူ က အေးမ ဖြစ်၏ ။ အေးမ ကို တော့ ကျွန်တော်တို့ နှစ်ယောက် က ဆရာကြီး လုပ် ကြသည် ။

တစ်နေ့ အေးမ ရောင်းသော ဒန်ခွက်အစုတ်တွေ က အလေးချိန် နည်းနည်း လို နေသည် ။ ကု,လားကြီး က “ ရှာပါဦး အတိုအစကလေး တွေ ရှိသေးလား ” ဟု ခိုင်းသည် ။ ကျွန်တော်တို့ က လည်း ရှာခိုင်း သဖြင့် အေးမ သူ့ အိမ် ထဲ ပြန် ဝင်ကာ ခဏ နေတော့ ဒန်အိုးဖုံး တစ်ခု ကို ယူ လာသည် ။ ကု,လားကြီး က ဒန်အိုးဖုံး ကို ထု ကာ ချိန် သည် ။ ထိုနေ့ က အေးမ ခုနစ်ကျပ် ရ သည် ။

ညနေ စောင်း တော့ အေးမ ငါးဖယ်တေ အတေ ခံ ရသည် ။ ဒန်အိုးဖုံး အကောင်း ကို ရောင်းစား ကြသော ကြောင့် ဖြစ်သည် ။ အေးမ ၏ အမလေး ၊ အဘလေး အော်သံ ကို ကျွန်တော်တို့ အတိုင်း သား ကြား နေရ၏ ။ ကျွန်တော်တို့ လည်း အေးမ အိမ် ဘက် သို့ မသွားရဲတော့ ။

အိမ် မှ ပစ္စည်းများ ကို လူကြီးများ က အလစ် မပေးကြသော အခါ ကျွန်တော်တို့ အမှိုက်ပုံး ထဲ ၊ ရေမြောင်း ထဲ ဆင်း ကြသည် ။ မြေကြီး ထဲ နစ် နေသော ပလပ်စတစ်များ ၊ ကော်ရုပ်များ ၊ ဒန် ၊ ကြေးချောင်း အတိုအစများ ကို ရှာ ကြသည် ။ အိမ် က သိ သွားတော့ ကွေး နေအောင် ဆော်ပလော် အတေ ခံ ရပြန် သည် ။ အမေ က “ ပလပ်စတစ် ကောက်စား မလို့လား ဟဲ့ ။ ပလပ်စတစ် ကောက်စား မလို့လား ” ဟု အော်ကာ ဆော် သည် ။

ထို ငယ်စဉ် က အတွေးများ ကို ကျွန်တော် ဝရံတာ မှာ ရပ်ရင်း ဒန်အိုးဒန်ခွက် ဝယ်သူ ကို မျှော်ရင်း တွေး နေခြင်း ဖြစ်သည် ။ ငယ်စဉ်တုန်း က လို အတိုအစကလေး တွေ ရောင်းဖို့ တော့ မဟုတ် ။ ပုလင်းများ ရောင်းရန် အတွက် သာ ဖြစ်သည် ။

ကျွန်တော့် အိမ် တွင် ပုလင်းတွေ က တောင် လို ပုံ နေပြီ ။ ကျွန်တော် ကိုယ်တိုင် သောက် ထားသော ပုလင်း ၊ အပေါင်းအသင်းများ နှင့် သောက် ထားသော ပုလင်း ၊ သူတို့ ချည်း လာ ကြိတ်ပြီး ထားခဲ့သော ပုလင်း ။ အရက် ပုလင်း မျိုးစုံ သည် အိပ်ခန်း ခြေရင်းမှာ လဲလျက် ၊ ထောင်လျက် တစ်ခု ပေါ် တစ်ခု ထပ်လျက် ရှိနေကြသည် ။ ဘီယာပုလင်း ၊ Rum ပုလင်း ၊ ဂျင်ပုလင်း ၊ ဝီစကီပုလင်း ၊ သံဘူးတွေ အမျိုး စုံ ၏ ။

ကျွန်တော့် လေဒီ ဒေဝီချပ်ပြား က “ ပုလင်းတွေ ရောင်း မှ ဖြစ်မယ် ” ဟု ရာဇသံ ထုတ် ကာ ဘာမှ အလုပ် မရှိသော ကျွန်တော့် ကို ပုလင်း ဝယ်သူ စောင့် ခိုင်း ထားခြင်း ဖြစ်သည် ။ ထိုမှ တစ်ဆင့် ငယ်စဉ် က အတွေး ကို ကျွန်တော် ရောက် သွား ခြင်း ဖြစ်သည် ။

ခဏ ကြာ တော့ “ ဒန်အိုး ဒန်ခွက်တွေ ဝယ်တယ် ။ စက္ကူတွေ ၊ ပုလင်းတွေ ဝယ်တယ် ” ဆိုသော အသံ ကို ကြား ရသည် ။

လေဒီချပ်ပြား ထည့် ပေး ထားသော ပုလင်းဆွဲခြင်း ကို ကိုင်ကာ ကျွန်တော် ဆင်း ရသည် ။ ဝယ်သူ က တော့ ကျွန်တော် ငယ်စဉ် တုန်း က ရောင်းခဲ့သူ လိုပင် ကု,လား တစ်ယောက် ဖြစ်သည် ။ လေဒီချပ်ပြား က လည်း ကျွန်တော့် နောက် ကို ရောက် လာသည် ။

ဝယ်သူ က ပုလင်းတွေ ကို သူ့ အမျိုးအစား နှင့် တန်းစီကာ ချ သည် ။

“ ဘီယာ ပုလင်း က ဘယ်လောက် လဲ ”

“ ဘီယာ ပုလင်းညို က နှစ်ဆယ် အစ်မလေး ။ Rum က အစိတ် ။ လေးထောင့် အဖြူ တွေ က ဆယ့်ငါးကျပ် ၊ ဘီယာသံဗူး နဲ့ ဗီဗီဘူး က ငါးကျပ် ”

“ ဟာ ... နည်းတယ် ။ Rum ပုလင်း ကို သုံးဆယ် ၊ ဘီယာ က အစိတ် ရ မှ ၊ နှစ်ဆယ် ဆို မရောင်းဘူး ။ ရောင်းနေကျ ဈေး တွေ သိပြီးသား ”

ကျွန်တော် ပြုံးသည် ။ ဒါ ... ကျော်ထွေး ရဲ့ နည်းပါ ။ လေဒီချပ်ပြား က တတ်ပြီးသား တချို့ ကိစ္စတွေ ကို မိန်းမတွေ က မသင်ဘဲ တတ် နေ တတ်ကြသည် ။

“ အစ်မလေး ရယ် ... ပုလင်း က တစ်နေ့ နဲ့ တစ်နေ့ ဈေး ကို မတူတာပါ ။ ဒါ ... ဈေးမှန် ပါ အစ်မလေး ။ ဘီယာပုလင်း က ပြန်သွင်း မှ နှစ်ဆယ့်နှစ်ကျပ် ပဲ ရတာ ”

“ မရဘူး ။ တလောကတင် ရောင်းတာ ။ အစိတ် ရတယ် ။ အစိတ် ပဲ ။ Rum က သုံးဆယ် ။ သံဘူးတွေ က တော့ ထားပါတော့ ”

“ မရလို့ပါ အစ်မလေး ရယ် ... ။ ကျွန်တော် ပေးတာ ဈေးမှန် ပါ ။ အစ်မလေးတို့ ပုလင်းတွေ ရောင်းနေကျ ဆိုတာ သိပါတယ် ။ ကျွန်တော် ဆင်းရဲပေမဲ့ ညာ မစား တတ်ပါဘူး ။ တစ်လုံး ကို နှစ်ကျပ် ပဲ မြတ်ပြီး ဒီ ပုလင်းတွေ ကို တစ်နေ ကုန် ထမ်း နေရတာပါ ။ အစ်မမောင် ကို နှစ်ကျပ် တော့ ပေး စားပါ ”

ရောင်းရေး ဝယ်တာ လွန်ဆွဲပွဲ ကို ကျွန်တော် ဘာတစ်ခွန်း မှ ဝင် မပြောဘဲ အသာ ပြုံးကာ ကြည့် နေမိသည် ။ ခေတ်တွေ စနစ်တွေ ဘယ်လို ပင် ပြောင်းပြောင်း ၊ ရောင်းသူ နှင့် ဝယ်သူ အကြား မှာ ရောင်းသူ က ဈေးပို လို ချင်ပြီး ဝယ်သူ က လျှော့ ပေး ချင်သော သဘောတရားတွေ လူတွေ ရှိ နေသမျှ အမြဲ ရှိနေမည့် အမှန်တရား ဟု ကျွန်တော် ထင်သည် ။

ကိုရွှေကု,လား က ဈေးမှန် ဖြစ်ကြောင်း ကျိန်တွယ် ကာ ပြောသည် ။ ကျွန်တော့် လေဒီချပ်ပြား က လည်း ရောင်းရေးဝယ်တာ မှာ သူ့ အသည်း က မာ ပါသည် ဟု ဆိုသော သဘော ဖြင့် ရင်ဘတ်ကလေး ကို ကော့ ၊ နှုတ်ခမ်း ကို တင်းတင်း စေ့ ကာ ခေါင်း ကို တွင်တွင် ကြီး ခါ နေသည် ။ သူ့ ဆိုဈေး ထက် တစ်ကျပ် မှ မလျှော့ လို သော မာန သည် လေဒီချပ်ပြား ၏ မျက်လုံး ပုစိကွေးကလေး ထဲ မှာ ဝင်းလက် ကာ နေသည် ။ ကျွန်တော် ဝင်ဖို့ သင့်ပြီ ။

“ ကဲ ... မင်း အစိတ် ရတယ် ဆိုရင် လည်း ရတဲ့ လူ နဲ့ ကျမှ ရောင်းတော့ကွာ ။ ပြန် သိမ်း ထားလိုက် ”

ကျွန်တော် က အသံ ကို သတိ ထား ကာ ခပ်ပြတ်ပြတ် ပြောရ၏ ။

ဒီတော့မှ ဟိုဘက် က လေ လျော့ ကာ သွားသည် ။

“ ဟာ ... အစ်ကိုလေး ရာ ။ ဖောက်သည် အရင်းတွေ နော် ။ ဖောက်သည် တော့ အပျက် မခံရပါစေနဲ့ ။ ကဲ ... ကိုယ့် ညီ ကို ပေး မစားလည်း ဒီ တစ်ခါတော့ ရှိစေတော့ ။ ကျွန်တော် မမြတ်ဘူး နော် ။ ဒါပေမဲ့ ဖောက်သည် ကို အပျက် မခံဘူး အစ်ကို ။ အစ်ကိုတို့ က ပေး မစားတော့ လည်း အကို့ညီ ကံ ပဲပေါ့ ”

သူ က ငြီးငြီးငြူငြူ နှင့်ပြောရင်း ပုလင်းနှုတ်ခမ်း ကို စိန်တစ်ပွင့် ပွတ်သလို ပွတ်သည် ။ Rum ပုလင်း တစ်လုံး က နှုတ်ခမ်းသား ပဲ့ နေသည် ။ မဝယ် ဟု ဆိုသည် ။

“ ဒီ ပုလင်း က ရော ဘယ်လောက် ပေးသလဲ ”

လေဒီချပ်ပြားက Red Label ပုလင်း နှစ်လုံး ကို မြှောက် ကာ မေး ၏ ။

“ ဟာ ... အဲဒီ ပုလင်း က မဝယ်ဘူး အစ်မ ။ နိုင်ငံခြားဖြစ် ဘာမှ လုပ်လို့ မရဘူး ”

“ ဟင် ... ဝယ် တုန်းက ခြောက်ထောင် ကျော် ပေးရတာ ၊ အစိတ် တောင် မရဘူးလား ”

“ ဒီ ပုလင်း နော် ... အလကား ပေးလည်း မယူဘူး အစ်မလေး ”

လေဒီချပ်ပြား က မကျေမနပ် ဖြစ်ကာ နေသည် ။ ရေသန့်ဘူး အနောက်တွေ ငါးကျပ် ပေးသည် ဆိုသဖြင့် ကျွန်တော် ရော လေဒီချပ်ပြား ပါ လျှောက် ရှာကာ တွေ့သမျှ ရောင်း လိုက်သေး၏ ။ အားလုံး ရှစ်ရာ့ ခုနှစ်ဆယ် ရသည် ။

“ တွေ့တယ် မဟုတ်လား ... ။ သူတို့ တစ်ပုလင်း ကို လေးဆယ် လောက် တော့ ရမှာ ။ ဒါမျိုးက နပ် နေပြီ ။ ပြောရဦးမယ် ... နောက်ကို ခြောက်ထောင် ဆိုတဲ့ ဟာ ဝယ် မသောက်နဲ့ တော့ ။ Rum ပဲ သောက် ။ သူ က မှ သုံးဆယ် ပြန် ရတာ ။ ဘီယာပုလင်း လည်း မဆိုးဘူး ”

လေဒီချပ်ပြား က သူ ရသော ပိုက်ဆံ ကို ရေတွက် ရင်း သူ ရခဲ့သည့် အောင်ပွဲ ကို ကျေနပ် နေသည့် စစ်သူကြီး တစ်ဦး လေသံ ဖြင့် ပြောသည် ။ ဟုတ်ပါသည် ။ ဒီ တစ်ကြိမ် ကျွန်တော် အောင်ပွဲ ခံ လိုက်ပါသည် ။ သို့သော် နောက်ရက် များ မကြာမီ ကိုရွှေကု,လား က ဝရံတာ တွင် ရပ် နေသော ကျွန်တော် နှင့် လေဒီချပ်ပြား ကို တွေ့လျှင် ပုလင်း ရှိသေးလား ဟု လှမ်း မေးတတ်သည် ။ ကျွန်တော် နှင့် ကြုံလျှင် “ မရှိသေးဘူး ” “နည်းသေးတယ်ကွ ” ဟု ပြန် ပြောတတ်ပြီး ၊ လေဒီချပ်ပြား နှင့် ကြုံ လျှင် တော့ လေဒီချပ်ပြား က ပုလင်း ကို အမြဲ မပြတ် စုံစမ်း နေတတ်သည် ။ ဟိုဘက် က လည်း ပုလင်း တက်ဈေး ကို မှန်မှန် ဖြေ ကာ ပေး၏ ။ ပုလင်း က လည်း ထုံးစံ အတိုင်း ပြန် များကာ နေ ပြန်သည် ။ သို့သော် လေဒီချပ်ပြား က ကြိုက်ဈေး မရ တာ ရော ၊ ဒီထက် ပုလင်း များအောင် စောင့် ချင် တာကြောင့် မရောင်းသေး ။

ထိုနေ့ က ကျွန်တော် ရေး ပြီးသား ဝတ္ထု တစ်ပုဒ် ကို ရုပ်ရှင် ရိုက်ရန် အတွက် Company တစ်ခု က လာ ကာ ဝယ်သည် ။ ဇာတ်ညွှန်း ကို လည်း ကျွန်တော် ကိုယ်တိုင် ခွဲ ရမည် ဖြစ်သည် ။

Company က ကျွန်တော် နှင့် တစ်ခါ မျှ အလုပ် မလုပ်ဘူးသော Company ဖြစ်၏ ။ ဆလွန်းကားကလေး နှင့် အိမ် ရှေ့ ရပ်ကာ အမျိုးသမီး နှစ်ယောက် နှင့် အမျိုးသား တစ်ဦး ကျွန်တော် နှင့် သိသော ရှူတင်မန်နေဂျာ တို့ ပါသည် ။ ထို မန်နေဂျာ က ပင် စတင် မိတ်ဆက် ပေး ကာ ကျွန်တော်တို့ စကား ပြောကြသည် ။

ကျွန်တော် ရေး ရန် အချိန် ၊ မင်းသား မင်းသမီး အားလုံး ညှိကာ ပြီးတော့ အဆင် ပြေ ကြသည် ။ သို့သော် ဝတ္ထု အတွက် ငွေ ကျ မှ ဈေး က ညှိ မရ ဖြစ်ကာ နေ၏ ။

“ ဆရာ ရယ် ... ။ ကျွန်မတို့ က ဆရာ့ ပရိသတ် တွေ ပါ ။ ဆရာ့ စာအုပ် ဆို ထွက်တာ နဲ့ သိပ် ကြိုက်တာ ။ သူ က ကျွန်မ ညီမလေး ။ ဆရာ့ စာအုပ် ငှား လာရင် သူ နဲ့ အမြဲ လု ရတာ ။ အခု စာအုပ် ကို လည်း ကြိုက်လွန်းလို့ ဝယ် တာပါ ဆရာ ။ ဆရာ့ အနုပညာ ကို ဆစ်တာ မဟုတ်ပါဘူး ။ လျှော့ လိုက်ပါ ဆရာ ရယ် ”

ကျွန်တော် တော်တော် ကို အားနာ နေပြီ ဖြစ်သည် ။ သို့သော် စိတ် ကို တင်း ထားရ၏ ။ ကွာ နေသည့် ဈေး က တစ်သိန်း တိတိ ဖြစ်၏ ။

“ ဟုတ်ကဲ့ပါ ... ကျွန်တော် နားလည် ပါတယ် ။ ပြီးခဲ့တဲ့ အပတ် က တောင် မှ ကုမ္ပဏီ တစ်ခု က လှမ်းပြီး ဖုန်း ဆက် ထားသေးတယ် ။ တရားဝင် တော့ ထပ် မဆက်သွယ် သေး လို့ပါ ။ ညီမတို့ က တော့ ဦး တာ ပေါ့ နော် ”

ဒါကတော့ ကျွန်တော့် ထုံးစံ အတိုင်း ကျွန်တော့် လက်ဦးဆရာ ကျော်ထွေး ၏ နည်း ကို သင့်တော် သလို ပြောင်းလဲ ကာ အသုံး ချ လိုက်ခြင်း ဖြစ်၏ ။ ထိရောက် မှု က တော့ ရှိပါ သည် ။

“ ထားလိုက်ပါတော့ ဆရာ ရယ် ... ။ နောက်လည်း ဆရာ့ ဝတ္ထုတွေ ဝယ် ဦး မှာပဲ ဟာ ။ အခု ပေးတဲ့ ဈေး ကလည်း မနည်းပါဘူး ။ ဆရာတို့ က တစ်ချက် တွေး လိုက်ရင် တစ်ပုဒ် ရ တာပဲဟာ ၊ နော် ... ဆရာ ။ ထား လိုက်ပါ ”

ကျွန်တော် တော်တော် စိတ် ညစ် သွားသည် ။ ကျွန်တော် က ရောင်းသူ ဖြစ် သော်လည်း ရောင်း နေသည့် ကုန်ပစ္စည်း က အရင်းအနှီး ဘယ်လောက် ဆို တာ တိတိကျကျ သတ်မှတ် ၍ ရသော ပစ္စည်းမျိုး မဟုတ် ။ ကျွန်တော့် ရောင်းကုန် အတွက် အရင်းအနှီး က အာရုံငါးပါး နှင့် ခံစားမှု သာ ဖြစ်သည် ။

“ ခက်တာပဲဗျာ ... ။ ကျွန်တော်တို့ မတည့်ကြတဲ့ ဈေး က ကား ရိုက်ရင် ရှူတင်ထမင်းဖိုး ပဲ ရှိပါတယ် ။ ထူးခြားမှု မရှိပါဘူး ”

ကျွန်တော့် စကား ဆုံးတော့ အကြောင်းအရာပေါင်း များစွာ ကို ချ ပြကာ သုံးဦး သား ဈေး ဆစ် ကြပြန်သည် ။ လေဒီချပ်ပြား က ကျွန်တော့် ကို လက် ကုတ် သည် ။ ကျွန်တော် က သဘော ပေါက် ကာ လုံးဝ မလျှော့ ။ ကောင်မလေး က ဝက်ဝံရုပ်ကလေး နှင့် ထုတ် ထားသော သူ့ Hand Phone ကလေး ကို ဆက် သည် ။ ပြော တာတော့ ကျွန်တော် နား မလည် သည့် ဘာသာစကား ။ တရုတ်စကား ဟု ထင်ပါသည် ။

“ ကဲ ... ဆရာ ကျွန်မတို့ နောက် ငါးသောင်း ထပ် တိုး ပေးပါ့မယ် ။ စရံ လည်း ချ ထားခဲ့လိုက် မယ် ဆရာ ။ ထား လိုက်ပါတော့ နော် ”

ကောင်မလေး က ပြောပြောဆိုဆို သူ့ လည်သာအိတ် ထဲ မှ ထောင်တန် တစ်အုပ် ကို ထုတ် သည် ။ ဒါလည်း တိုက်ခိုက်ခြင်း တစ်မျိုး ။ မက်လုံး တစ်နည်း ဆိုတာ ကျွန်တော် သိသည် ။ ကျွန်တော် တောင့် ခံ ထား လိုက်သည် ။

“ မလုပ်ပါနဲ့ဗျာ ... ။ ကျွန်တော် ပြော တဲ့ ဈေး အတိုင်းပဲ ”

ထိုစဉ် အောင်မြင် ခန့်ညား သော အသံ တစ်သံ အိမ်ရှေ့လမ်းမ မှ ထွက် ကာ လာ၏ ။

“ ဆရာ ... ဆရာ ။ ပုလင်းတွေ ဈေး တက် နေပြီ ဆရာ ။ Rum ပုလင်း က သုံးဆယ့်ငါး ၊ ဘီယာ က သုံးဆယ် ၊ ဝီစကီလေးထောင့် ပုလင်း က လည်း သုံးဆယ့်ငါးကျပ် ပဲ ။ ဘီယာ က သုံးဆယ် ဆရာ ။ ပုလင်း ရှိ ရင် ရောင်း ထား ဆရာ ။ တက်ဈေးကလေး နဲ့ ရအောင် ။ မမလေး ပြောတော့ ပုလင်း နှစ်ဆယ် အစိတ် လောက် ရှိတယ် ဆို ... ။ တက်ဈေး ရတုန်း ကျွန်တော် စေတနာ နဲ့ ပြောတာ ဆရာ ။ ရောင်းမယ် မဟုတ်လား ”

ကျွန်တော့် မျက်နှာ ဘယ်မှာ သွား ထား ရ မှန်း မသိတော့ ။ Company က လူတွေ ကျွန်တော့် ကို တအံ့တဩ ငေး ကြည့် နေကြ၏ ။

ကျွန်တော် ငါးသောင်း ကို ချက်ချင်း လျှော့ ကာ ပွဲ ကို မြန်မြန် ဖြတ် လိုက်ရသည် ။

လေဒီချပ်ပြား က မကျေနပ် ။

“ ဘာဖြစ်လို့ ပေး လိုက်ရတာလဲ ။ သူတို့ က သိပ် ကြိုက် နေပြီ ပဲ ။ တင်း ထား ရင် ဝယ်မယ့် ဟာ ကို ”

ကျွန်တော် ဘာမှ ပြန် မပြောပါ ။ Rum ပုလင်း တစ်ဆယ် ဈေး တက် သွားပြီ ။ ကျွန်တော် ငါးသောင်း လျှော့ လိုက်ရသည် ။

◾နီကိုရဲ

📖 ကျွန်တော် နှင့် ဈေးသည် အလွဲများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment