Monday, January 16, 2023

မင်း … ဗိသုကာ … လူ


 ❝ မင်း … ဗိသုကာ … လူ ❞


“ မင်းလူ ” ဖြစ် လာမယ့် “ ဉာဏ်ပေါ် ” ကို စ တွေ့ တော့ ရှစ်တန်းကျောင်းသား ဘဝ ( ၁၉၇၀ ) ။ ထိုစဉ် က ရှစ်တန်း သည် အစိုးရ စစ် ။ အောင် သူ များ ကို ဝိဇ္ဇာ ၊ သိပ္ပံ ခွဲ ၍ အောင်ချက်ထုတ်သည် ။ ခုနစ်တန်း အောင် ကျောင်းသား အားလုံး ထဲ မှ အမှတ် အများဆုံး ကျောင်းသား ကျောင်းသူများ ကို စုစည်းပြီး Excellent အခန်း ( E ) သို့ ရောက် လာ ကြ သဖြင့် သူ နဲ့ အတန်း ဖော် အဖြစ် ဆုံရခြင်း ဖြစ်သည် ။ သူငယ်ချင်းတော့ မဖြစ်သေး ။


ထိုစဉ်က သင်္ဃန်းကျွန်းမြို့နယ်တွင် နာမည် ကြီး သော “ တိုက်စစ် ” လူငယ်ဘောလုံးအသင်း၏ “ ဂိုးသမား ” အဖြစ် သူ့ ကို ကြား ဖူး ထားသည် ။ ဂိုးဖမ်း လည်း တော် သည် ဟု သိထားသည် ။ အရပ် ရှည်မည် ၊ ကြံ့ခိုင်မည် ဟု ထင် ထားသည် ။ သူ့ ကို တွေ့ တော့ တခြား စီ ။ အရပ် ပု သည် ။ လူကောင် သေး သည် ။ အရပ် ပု လို့ အမြင့် ခုန် ရတဲ့ ဂိုးသမား လုပ်သလား ၊ လူကောင် သေး လို့ ဉာဏ်ကြီးသလား တော့ မသိ ။ သူငယ်ချင်း ဖြစ် သွားတော့ သူ့ကို “ ဉာဏ်ကြီး ” လို့ ကျွန်တော် ခေါ်သည် ။


သူငယ်ချင်း မဖြစ် ခင် ရှစ်တန်းကျောင်းသား ဘဝ က တော့ သူ့ကို သဘော မတွေ့လှ ။ သူ က အရပ် သာ ပုသည် ။ လူတွေ ကို လွှမ်းခြုံ အုပ်မိုး ကြည့် တတ် သည် ။ “ ကွန်ပစ် အကြည့် ” ဟု ဆို နိုင်သည် ။ ကိုတံငါ က ငါးပွက်ရာ သို့ ပိုက်ကွန် ကို “ ဝိုက် ” ပစ် သလိုမျိုး အကြည့် ဖြစ် သည် ။


“ တိုက်စစ် ” အသင်း ရဲ့ ဂိုးသမား မို့ တစ်ကွင်းလုံး ၏ ကစားကွက်ကို လွှမ်းခြုံ ကြည့်မြင်ရင်း အကျင့် ပါ သွားသလား ၊ ( နောင်တွင် ) တိုက်စစ် ဆင် ဖို့ ဗျူဟာခင်းခြင်း ကို လေ့ကျင့် တာ လား ၊ ဆရာ ကြယ်နီ ရဲ့ “ ကိုတံငါ ” ဝတ္ထုတွေ ကို အဖတ် များခဲ့လို့လား မသိပါ ။


ရှစ်တန်း ကို မူလ ရွေးချယ်ထားသည့် ကျောင်းသား ၊ ကျောင်းသူ အားလုံး တန်းလုံးကျွတ် အောင်ပြီး ကိုးတန်းသိပ္ပံတွဲခန်း ရောက် မှ သူ နဲ့ကျွန်တော် အခန်း ၏ နောက်ဆုံးတန်း မှာ တစ်ခုံတည်း ထိုင် ဖြစ် ၊ သူငယ်ချင်း ဖြစ် ခဲ့သည် ။ ထိုစဉ် က တစ်ခုံတည်း ထိုင် သူငယ်ချင်း ၄ ယောက် မှာ ဉာဏ်ပေါ် ( မင်းလူ ) ၊ ချစ်ကိုကို ( မူးယစ်အထူးကုဆရာဝန်ကြီး ကွယ်လွန် ) ၊ လှဝင်း ( ဂျူဒိုလှဝင်း ၊ အကောက်ခွန် ၊ ဂျပန်ပြန် ၊ ကွယ်လွန် ) နှင့် ကျွန်တော် တို့ပါ ။ အားလုံး က လူကောင် အသေးဆုံး သူ့ ကို ချစ်ခင်စွာ “ ဉာဏ်ကြီး ” လို့ ခေါ်ကြသည် ။ ၁၀ တန်း ရောက် တော့ သူ စာဖတ်နှုန်း အတော် မြင့် နေပြီထင်သည် ။ ကျောင်းသင်ဘာသာရပ် စာပေ တော့ ဟုတ်ဟန် မတူ ။ သူ့ အိမ် အလည် ရောက် သွားတဲ့ အခါမှာ သူ့ အမေ “ အမေညို ” က “ မင်း တို့ သူငယ်ချင်း က ပက်လက်ကုလားထိုင် မှာ ထိုင်ပြီး တစ်နေ ကုန် စာ ပဲ ဖတ်နေတယ် ။ အညောင်း မိပြီး နေမကောင်း ဖြစ်ဦးမယ် မင်း တို့ ပြောကြဦး ။ အမေ ပြော တော့လည်း သူ က မကြိုက်ဘူး ၊ “ ကိုဂျစ်ကန်ကလေ ”


အမေညို့ ကျေးဇူး ကြောင့် သူ့ အိမ် နာမည် သိ လိုက်ရသည် ။


“ ကိုဂျစ်ကန် ”


•••••   •••••   ••••• 


စရိုက် တူ လို့ အပေါင်းအသင်းဖြစ် တာလား ၊ အပေါင်းအသင်း ဖြစ် လို့ စရိုက် တူ သွားတာလား ဆိုတာတော့ စဉ်းစား စရာပါ ။ ဒီ စရိုက် ကြောင့် လည်း ပါမည် ။ မမှန်ဘူး ဟု ယူဆ လျှင် တုံ့ပြန်တတ်သည့် သဘာဝ ကြောင့် လည်း ဖြစ်မည် ။ ဉာဏ်ပေါ် ( မင်းလူ ) ၊ ခင်မော် ( နေရီ ) ၊ စိုးထွန်း U.S.A ( ကျွန်တော့်အစ်ကို ) နှင့် ကျွန်တော် တို့ ဦးသန့်အရေးအခင်း တုန်း က ရင်ခွဲတိုက် အခန်း ( ၉ ) အင်းစိန် မှာ အတူ ရှိနေစဉ် အဆောင်တာဝန်ခံ ဆာဂျင်သိန်းမြိုင် ( နောက်တော့ ဘိုးတော်သိန်းမြိုင် ) ၏ အရက်မူးမူး နှင့် အပြင် ခေါ် ထုတ် ၊ ခေါင်းပေါ် လက် တင် ၊ ထောင် နံရံ မျက်နှာအပ် ခိုင်းပြီး ဗြက် ၃ လက်မ လောက် ရှိတဲ့ စစ် Equipment ခါးပတ် နဲ့ ဘယ်ပြန် ညာပြန် လှိမ့် ရိုက်ခြင်း ကို ( နောင်တွင် ) ခံခဲ့ရသည် ။ မနာခဲ့ကြပါ ။


“ ပြင်းထန်သော စိတ်ဓာတ်ခွန်အား သည် နာကျင်မှုဒုက္ခအပေါင်း ကို ရင်ဆိုင် ကျော်လွှားနိုင်သည် ” 


ဟူသည့် တန်ဖိုး မဖြတ်နိုင်သော အသိ ကို ရ ခဲ့သည် ။ စစ်ခါးပတ် ရိုက်ချက် ၊ ခွန်းအား အတွက် ဖြစ် စေခဲ့သည် ။


ကျေးဇူးတင်၏ ။


•••••   •••••   ••••• 


“ ဆယ်တန်း အောင် လို့ အမှတ် မီရင် ငါ ဗိသုကာ တက် ချင်တယ် ” 


ဉာဏ်ပေါ် ကျွန်တော့် ကို ပြောခဲ့သည် ။ သူ ဘာ ကို ဖန်တီးတည်ဆောက် ချင်မှန်း ကျွန်တော် မသိ ။ သူ ကိုယ်တိုင်က ကွဲကွဲပြားပြား သိ မသိ ဆိုတာ ကို လည်း ကျွန်တော် မသိပါ ။ ဆန်းဆန်းပြားပြား အတွေးတော့ သူ့ မှာ ရှိ နေနိုင်သည် ။


“ အေးကွာ ၊ ကောင်းတာပေါ့ ”


ဘာမှန်း မသိသေးတဲ့ ကောင်းတဲ့ အရာ တစ်ခု ကို မှန်းဆ ပြီး ကျွန်တော် တုံ့ပြန် ခဲ့သည် ။ ၁၀ တန်း အောင် တော့ သူ့ အမှတ်က ကပ် မမီ ။ သူ R.I.T နဲ့ လွဲခဲ့သည် ။ ဒဿနိကဗေဒ ( Philosophy ) ခုံနံပါတ် ၁ နဲ့ ဝင် သွားသည် ။ ပထမနှစ် အောင် တော့ သူ တစ်ယောက် တည်း ပါဠိ ဂုဏ်ထူး ထွက်သည် ။ ပါဠိ ဂုဏ်ထူး ထွက်ခြင်း က သူ့ ကို ဗုဒ္ဓစာပေ နှင့် နီးကပ်စေသည် ဟု ယူဆ နိုင်သည် ။ သို့သော် ဗုဒ္ဓ အဆုံးအမ နှင့် နီး မနီး တော့ ကျွန်တော် မသိနိုင် ။


သူ သည် တက္ကသိုလ် တက်ရင်း တစ်ဖက် က စာအုပ် ထုတ်ဝေရေးလုပ်ငန်း ကို လုပ်သည် ။ သူ့ ဖခင် ဦးသာဓု ၏ “ စာသဘင် ” စာအုပ်တိုက် မှ တစ်ဆင့် သူ့စာအုပ်တွေ ထုတ် တော့ သူ နဲ့ကျွန်တော် တစ်တွဲ တွဲ ရှိခဲ့သည် ။ ဆရာပြည့် ( အောင်ပြည့် ) ၏ ဘာလိုသေးလဲ အချစ်ရယ် ကို သူ ထုတ်တော့ ကျွန်တော် ( Proof ) ကူ ဖတ်ခဲ့သည် ။ ကာရန်မဲ့ ကဗျာများ ၊ စာတမ်း ၊ ဝတ္ထုတိုရှည် အထူးသဖြင့် သူ့ ကို စာဖတ် သူ တို့ ပိုသိစေခဲ့သော မမ စာစုတွေ ကို ပြောဖြစ် ရေးဖြစ် နေခဲ့ပြီ ။


•••••   •••••   ••••• 


ဘူမိဗေဒ ကျောင်းသား ဖြစ်သော ကျွန်တော် က သူ နဲ့ အတူ ဒဿနိကဗေဒ အတန်းများ တက် ဖြစ်သည် ။ ဆရာ ဦးဖေအောင် ၊ ဆရာ ဦးခင်မောင်ဒင် ၊ ဆရာမ ဒေါ်ကြည်ကြည်လှ ၊ တခြား ဆရာမကြီး တို့ ၏ အတန်း များ ။ သူ နဲ့ အတူ တက္ကသိုလ် ပန်းချီ အနုပညာခန်းမ ကို သွားရင်း ကိုမျိုးမြင့် ( ပန်းချီမျိုးမြင့် ) ၊ ကိုဇေယျ ( သားကြီးမောင်ဇေယျ ) ၊ ကိုတင်မောင်ကြည် ( မောင်မောင်စနေ ) ၊ ကိုစိုးမြင့် ( တိုးမိုး ) ၊ ကိုအောင်ကျော်မိုး ၊ ညိုကြီး ၊ ညိုဝင်းမောင် ၊ ပန်းချီကိုမျိုး ၊ ခင်စောဦး ( ဖက်တီးပုတ် ) ၊ ခင်မြဇင် ၊ စာရေးကြီး ၊ အေးအေးမာ ၊ ဘာဘာကျော် ၊ မစံ စတဲ့ သူတွေ နဲ့ မိတ်ဆွေ ဖြစ်ခဲ့သည် ။ ဆရာ ဦးသိန်းဟန် ၏ ပန်းချီသင်တန်းများ နဲ့ အတူ ပန်းချီပြပွဲများ ၊ နံရံကပ် စာစောင်များ တင်ဆက်ရင်း ပန်းချီခန်းမ အားကောင်း ခဲ့ သည် ။


ဉာဏ်ပေါ် က တောကျောင်းဘုန်းကြီး အမည် နှင့် ကဗျာများ ရေး ခဲ့သည် ။ သူ ၏ ဆိုင်းဘာဘာ လည်း တတ်နိုင်ပါဘူး ကဗျာ သည် ထို ခေတ် ဦးသန့်အရေးအခင်း အပြီး က တက္ကသိုလ် ကျောင်းသူ တို့ ရဲ့ အလယ် မှာ ထင်ရှား ခဲ့ သည် ။


ဆံပင်ရှည် ပြဿနာ ( Problem of Long Hair ) စာတမ်း ကို ၇၄ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကို ကိုင်စွဲပြီး သူ ရေးခဲ့ရာ တက္ကသိုလ် အတွင်း အပြင်မှာ လှုပ်ခတ် ခဲ့သည် ။ ထိုခေတ်က တက္ကသိုလ် ကျောင်းသား ယောက်ျားလေး တိုင်း လိုလို ဆံပင်ရှည် ထား ကြသည် ။ ကိုယ်ကြပ်အင်္ကျီ ( Flare ) ဘောင်းဘီရှည် အောက်ခြေပွ ဝတ် ကြသည် ။ တက္ကသိုလ်ကျောင်းသူတွေ က ဆံပင်ရှည် ခါးဝဲ ထားကြသည် ။ လူငယ်တွေ ဆံပင်ရှည် ထားခြင်း ကို ဆံပင်တို ၊ ထိပ်ပြောင်လူကြီးတွေ က ယဉ်ကျေးမှုသင်တုန်းဓား နဲ့ ရိတ် ချင်ခဲ့ကြသည် ။ အချိန် တန် လျှင် ဆံပင်သည် တို သွား ရုံမက ထပ်ပါပြောင် သွားသည့် သဘာဝတရား ကို မမြင်နိုင်လောက် အောင် ထိုခေတ် ဆံပင်တို ထိပ်ပြောင် လူကြီး တွေ က ဉာဏ် သေးလွန်းသည် ။


“ ဉာဏ်ကြီး ” နဲ့ “  ဉာဏ်သေး ” ထိပ်တိုက် တွေ့ခြင်းပင် ။


ထိုစဉ်က တက္ကသိုလ် လမ်းစဉ်လူငယ် အဖွဲ့ လည်း ရှိသည် ။ ( မ.ဆ.လ ) နောက်ခံ အဖွဲ့တွေ မို့ သူတို့ ၏ ဟန်ပန် က တစ်ဘာသာ ထွက် နေသည် ။ ထို အဖွဲ့ ထဲ မှ ကျောင်းသား တစ်ယောက် က ဉာဏ်ပေါ် ရဲ့ ဆံပင်ရှည် ပြဿနာ စာတမ်း ကို တန်ပြန် ရေးသည် ။ ဆံပင်ရှည် ပြဿနာ ဆောင်းပါး ရေးသူ ကို စုံစမ်း သည် ။ ထိုစဉ် အယ်ဒီတာချုပ် ( နံရံကပ် ) က ကိုဇေယျ ( သားကြီးမောင်ဇေယျ ) ။ ဗိုလ်ချုပ် ( ကိုအောင်ဆန်း ) က ဦးညိုမြ ကို ( Hell Hound at Large ) လွတ်မြောက် နေသော ငရဲခွေး ဆောင်းပါး အတွက် ဆောင်းပါးရှင် ကို ထိန်ချန် ပေး တဲ့ ထုံး နှလုံး မူ ပြီး “ ဉာဏ်ပေါ် ”  ကို ကာကွယ် ပေးခဲ့သည် ။ စုံစမ်း ခဲ့ တဲ့ တန်ပြန် ဆောင်းပါးရှင် က နောင် တစ်ချိန် မှာ စုံစမ်းစစ်ဆေးရေး ဌာနကြီး တစ်ခု မှာ အရာရှိကြီး တစ်ယောက် ဖြစ်သွား ပါလေရော ။ ခုတော့ ပင်စင် ယူ သွားလောက်ပါပြီ ။


•••••   •••••   ••••• 


ကဗျာ ရေးသူ ချင်း မို့ တူရာ စုမိတော့ ဉာဏ်ပေါ် ( မင်းလူ ) ၊ တိုးမိုး ၊ မောင်မောင်စနေ ၊ သားကြီးမောင်ဇေယျ တို့ နဲ့ ကျွန်တော် ပိုမို နီးစပ် ခင်မင်ခဲ့သည် ။


စိတ်ပညာ ကျောင်းသား “ တိုးမိုး ” နဲ့ အတူ တိုးမိုး ရဲ့ အခန်းဖော် အောင်ကျော်ဆင့် ( ပြည် ) နဲ့ လည်း သူငယ်ချင်း ဖြစ်ခဲ့တော့ မင်းလူ ၊ တိုးမိုး ၊ မြင့်ကောင်း ( ကျွန်တော် ) နဲ့ ပြည်လတ် ( အောင်ကျော်ဆင့် ) ၄ ယောက် တွဲပြီး လက်ကမ်းကဗျာလေး တစ်အုပ် စ ထုတ်ဖြစ်သည် ။ နောက်တော့ ပဌမဿန္တမိုး လို့ အမည် ပေးထားတဲ့ ဒုတိယ လက်ကမ်း ကဗျာစာအုပ် ထုတ် ဖြစ်သည် ။ စာအုပ် အဖုံး ကို ဘာဘာကျော် က ဆွဲ ပေးသည် ။ ကိုမျိုးမြင့် ( ပန်းချီမျိုးမြင့် ) က အဖုံး ကို လမ်းညွှန် ပြုပြင် ပေးသည် ။ နောက်ပိုင်း မှာ တော့ ချစ်ဒုက္ခ ၊ အချစ်မြို့သားများ ၊ နွေသစ်ရွက် ၊ ရွှေနှလုံးသား ကဗျာ ၄ အုပ် နှင့် မိုးထဲက နှင်းဆီ ဝတ္ထုတိုစု တစ်အုပ် ပုံနှိပ် ထုတ်ဝေဖြစ်ကြသည် ။ မောင်မောင်စနေ ရဲ့ အတန်းဖော် သူငယ်ချင်း ကိုမျိုးညွန့် ( မျိုးရာဇာညွန့် ) က လည်း တစ်ဖွဲ့တည်း ဖြစ် သွားတာမို့ “ မင်းလူ ၊ တိုးမိုး ၊ မြင့်ကောင်း ၊ မျိုးရာဇာညွန့် ၊ မောင်မောင်စနေ ၊ သားကြီးမောင်ဇေယျ ” ၆ ယောက် အစုအဖွဲ့ ဖြစ် ခဲ့သည် ။


•••••   •••••   ••••• 


မင်းလူ ရဲ့ အချစ်လားဟေ့ ဝင်ခဲ့လေကွယ် ကဗျာ စာအုပ် က မြန်မာစာပေ ၊ ကာရန်မဲ့ ကဗျာနယ် မှာ ထင်ရှား ခဲ့သည် ။ သူ့ကဗျာတွေ ကို “ ခံစားမှု သံစဉ် အပြည့် ပါသော ကာရန် ကဗျာစု ( Rhymeless Poems with Full Emotional Rhythms ) ဟု ကျွန်တော် အမည် ပေးချင်ပါသည် ။ “ ကာရန်မဲ့ ကဗျာ ဆိုတာ ဒီလိုကွ ” လို့ ပြောချင်ပုံ ရပါသည် ။ သူ့ ရဲ့ ဗိသုကာ လက်ရာ တစ်ခု ဟု ဆိုနိုင်ပါသည် ။


သူ သည် ပန်းကျောင်း ၊ ချစ်သောပန်းကလေး စသည့် လူငယ် ဘဝ ထင်ဟပ် သည့် ချစ်စရာ ဝတ္ထုများ မှ အစ ပြု ၍ စာပေနယ် မှာ မင်းလူ ဟူသည့် အမည် တင်ကျန်ရစ် စေ မည့် အောင်မြင် သော ဝတ္ထုပေါင်းများစွာ ၊ စာတမ်းများ ၊ ရုပ်ရှင်ဇာတ်ညွှန်း ဖြစ်သော ခုနစ်စဉ်အလွမ်း ရုပ်ရှင် သည် အကယ်ဒမီဆုများ ရယူ ခဲ့သည် ။ ဇာတ်ညွှန်း အတွက် တော့ အကယ်ဒမီ မရခဲ့ ။ “ ဉာဏ်သေး ” သူတွေ နဲ့ တွေ့ သွားလို့ ဖြစ်မည် ။ နိုင်ငံရေး နယ်ပယ် မှာလည်း သူ အလွတ် မပေးခဲ့ ။ လွဲချော် သမျှ ကို သရော် ပြ တဲ့ (Satirist) လုပ် ခဲ့သည် ။


ဘာတွေ ဖြစ်ကုန်ကြပြီလဲ သည် သူ့ သမိုင်းဝင် သရော်စာ ပါ ။ ထို့ကြောင့် လည်း နိုင်ငံကျော် ၊ ကမ္ဘာကျော် “ နဝတပတ္တမြားကြီး ၃ လုံး ” နဲ့ အတူ မင်းလူ ၊ ကိုမျိုးမြင့်ညိမ်း ၊ ကိုစိန်လှိုင် တို့ကို နဝတအစိုးရ က ဂုဏ်ပြု ချီးမြှင့်ခဲ့သည် ။ နိုင်ငံတော် ဝါဒဖြန့်သတင်းစာ ၏ ရှေ့ဖုံး မှာ “ နဝတပတ္တမြားကြီး ၃ လုံး ပုံ ”  ၊ နောက်ဖုံး မှာ မင်းလူ တို့ ၃ ယောက်ပုံ ဖော်ပြီး အကျယ်တဝင့် ဂုဏ်ပြု ခဲ့သည် ။ ကမ္ဘာ က သိအောင် ဂုဏ်ပြု ပေး လို့ “ နဝတ ” ကို ကျေးဇူး တင်ထိုက်၏ ။


•••••   •••••   ••••• 


သူငယ်ချင်း မင်းလူ … မင်း ဟာ ဗိသုကာ တစ်ယောက် အကယ် စစ်စစ် ဖြစ် ခဲ့ပါတယ် ။ မြန်မာစာပေသမိုင်း မှာ မပျောက်ပျက်နိုင် တော့ တဲ့ နေရာ တစ်ခု ကို မင်း အခိုင်အမာ တည်ဆောက်နိုင် ခဲ့ပါတယ် ။


မင်း … ဗိသုကာ … လူ …  ။


•••••   •••••   ••••• 


မင်း ကို ငါ နောက်ဆုံး တွေ့တော့ မင်း က ဝိတိုရိယ ဆေးရုံပေါ် မှာ ။ မင်း က စကား တောင် မပြောနိုင် တော့ ဘူး ။ ၉ တန်း ကျောင်းသား ဘဝ က စပြီး နှစ်ပေါင်း ၄၀ ကျော် ကြာအောင် မင်း နဲ့ ငါ မခွဲမခွာ ရှိခဲ့ကြ ၊ ဆွေးနွေးခဲ့ ၊ တိုင်ပင်ခဲ့ ၊ ရန်ဖြစ်ခဲ့ကြ ၊ စကားအခွန်းပေါင်း များစွာ ပြောခဲ့တဲ့ မင်း တစ်ယောက် ခုတော့ စကားတစ်ခွန်း တောင် မပြော နိုင်တော့ ။ မင်း ရဲ့လျှာ ကို တောင် မထိန်းချုပ်နိုင် ၊ မစေစားနိုင်တော့ ။ ငါ ပြန်တော့မယ် လို့ နှုတ်ဆက် တော့ မင်း ရဲ့ထုံစံအမူအရာ အတိုင်း မေးကလေး ကို ဆတ်ပြီး “ အေး ” လို့ တုံ့ပြန်ခဲ့တယ် ။ မင်း က မင်း ရဲ့ပါးစပ်ကို လက်ညှိုး ထိုး ပြခဲ့တယ် ။ “ စကား ပြောလို့ မရတော့ဘူး ” ဆိုတဲ့ အဓိပ္ပာယ် ။


မင်း ဆီ က ထွက် လာ တော့ မင်း တက် နေတဲ့ ဆေးရုံဝင်း နဲ့ ကပ်လျက် မှာ ရှိတဲ့ M.C.C ဆိုတဲ့ အဆောက်အအုံ ရှိ ရာ ဝင်း ထဲ ရောက် ခဲ့တယ် ။ အဲဒီ နေရာမှာ ငွေရတုသဘင်ပွဲကြီး တစ်ခု ကျင်းပ နေလေရဲ့ ။ လူ တွေ က တိုး မပေါက် ။ လူငယ် ၊ လူလတ် ၊ လူကြီးတွေ တစ်ယောက်ပြီး တစ်ယောက် စင်မြင့် ပေါ်တက် ၊ မိန့်ခွန်းတွေ ချွေ ၊ သူ တို့ “ လျှာ ” တွေ စက် တပ်ထား သလို လှုပ်ရှား နေကြတယ် ။ သူတို့ မျက်နှာတွေ က ကျေနပ် ပြုံး ပြုံး ဂုဏ်ယူ မဆုံး ဖြစ် နေကြလေရဲ့ ။


ဒီ မြင်ကွင်း ကို မင်း သာ ငါ နဲ့အတူ မြင် ခဲ့ရမယ် ဆိုရင် မင်း ရဲ့ “ လျှာ ” ဘယ်လို လှုပ်ပြီး ဘယ်လို စကားတွေ ထုတ် ပြောမလဲ ဆိုတာ ငါ ကြားချင် ပေ မယ့် ကြားခွင့် မရတော့ပါ ။


မင်း လို Satirist တစ်ယောက် က ဒီ လောကကြီး ကို ထားရစ်ခဲ့လို့ ဒီ ခေတ် ကံ ကောင်း သွားတာလား ၊ ကံ ဆိုး သွားတာလား ။


မင်း ပြော ဖူးတယ် “ ဟင်း ရဲ့အရသာ ကို ဇွန်း က မသိနိုင်ဘူး ” လို့ ။


ဟုတ်တယ် ဉာဏ်ကြီး ။


“ ဟင်း ရဲ့ အရသာ ကို မသိနိုင်တဲ့ ဇွန်းတွေ က ဆွမ်းပွဲ မှာ မင်း မူ နေကြတယ် ”


◾မြင့်ကောင်း


📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment