Tuesday, January 24, 2023

မော်ဒန် စွမ်းအင်


 ❝ မော်ဒန် စွမ်းအင် ❞

 

ဓါတုအင်ဂျင်နီယာ ဒေါက်တာ ဒေဝစက္ခု သည် ... “ အောင်ပြီ ၊ အောင်ပြီ ... ” ဟု ကြွေးကြော် ပြီး နောက် ဓါတ်ခွဲခန်း အပြင် သို့ ပြေး ထွက်ခဲ့သည် ။ သုတေသနဌာန အဆောက်အအုံ အပြင် ကို ရောက်တော့ မှ ပြင်ပ လောက တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် နေကြောင်း သတိ ပြုမိ၏ ။ ညဉ့် နက် လှပြီ ။ ထို့ကြောင့် အဆောက်အအုံ ထဲ ပြန် ဝင် ခဲ့ရသည် ။

 

ဓါတ်ခွဲခန်း ထဲ ကို ပြန် ရောက်ပြီး တိုင်ကပ်နာရီ ကို လှ မ်းကြည့်သည် ။ နှစ်နာရီ ထိုး လုပြီ ။ သူ ၏ အောင်မြင်မှု ကို ချက်ချင်း လက်ငင်း ပြောပြစရာ လူ မရှိသဖြင့် စိတ် ထဲ မရိုးမရွ ဖြစ် နေရသည် ။ ယခု စမ်းသပ်မှု မှာ အထူး လျှို့ဝှက် ထားဖို့ လိုအပ်သဖြင့် လက်ထောက် တပည့်တပန်း ပင် ခေါ် မထားပဲ တစ်ယောက် တည်း ကျိတ် လုပ်ခဲ့ရခြင်း ဖြစ်၏ ။ ထို့ကြောင့် ဓါတ်ခွဲခန်း ထဲ မှာ သူ တစ်ယောက် တည်း သာ ရှိ နေသည် ။

 

အခန်း ထဲ က အင်ဂျင်စက် လည်သံ သဲ့သဲ့ ကြား နေရသည် ။ ထို အင်ဂျင်စက် ကို နှိုးထားခဲ့ သည် မှာ မိနစ် လေးဆယ် ရှိပြီ ။ ခုထိ အရှိန် ကောင်းစွာ လည် နေတုန်း ။ ဒီ အတွက် အသုံးပြုရသည့် လောင်စာဆီ မှာ မပြောပ လောက်အောင်ပင် နည်း ပါးသည် ။ အားလုံး ပေါင်း မှ တစ် စီစီ သာ ဖြစ်၏ ။

 

ထို အချက်သည် ပင် သူ ၏ စမ်းသပ် သုတေသနပြုမှု အောင်မြင်ခြင်း ဖြစ်၏ ။ တစ်နည်းအားဖြင့် တစ်ကမ္ဘာလုံး အုံးအုံးကြွက်ကြွက် ဖြစ် လောက်အောင် ကြီးကျယ်သည့် တီထွင်မှုကြီး ဖြစ်လေသည် ။

 

သို့ရာတွင် လောလောဆယ် မှာ တော့ သူ တစ်ယောက် တည်း ။ မဟုတ်သေးပါဘူး ။ ငါ ဟာ တစ်ယောက် တည်း မဟုတ်သေးပါဘူး ဟု တွေးမိ မှ သူ့ ဇနီး ကို သတိ ရ လိုက်သည် ။ ခုချိန် လောက် ဆို အိပ် နေ လောက်ပြီ ။ ဘာပဲ ဖြစ်ဖြစ် ဦးဦးဖျားဖျား ဆောလျှင်စွာ အသိ ပေး ရမည် ။ တယ်လီဖုန်း ယူ ပြီး အိမ် ကို ဆက်သွယ် လိုက်သည် ။ အတန်ကြာတော့မှ သူ့ ဇနီး က ဖုန်း ကိုင်သည် ။ တယ်လီဖုန်း နဲ့ ဆက်သွယ် ထား သော ရုပ်ပုံကားချပ် ပေါ် မှာ သူ့ ဇနီး ၏ ပုံ ပေါ် လာသည် ။ အိပ်ရာ မှ ထ လာ ရ သဖြင့် အိပ်မှုန်စုံမွှား ဖြစ်နေပုံ ကို မြင် ရသည် ။ အိမ် က တယ်လီဖုန်း ကားချပ် ပေါ် မှာ တော့ တက်ကြွလန်းဆန်း နေသည့် မိမိ ၏ ပုံ ပေါ် နေ ပေလိမ့်မည် ။

 

“ အချစ်ရေ ... ကိုယ် စမ်းသပ် နေတဲ့ ကိစ္စ အောင်မြင်သွားပြီ ... ကိုယ်တို့ အရမ်း ချမ်းသာတော့မယ် ကွ ... သိလား ... ”

 

သူ့ ဇနီး မှာ ချက်ချင်း အိပ်ချင် ပြေ သွားပုံ ရပြီး အံ့သြဝမ်းသာမှု က မျက်နှာ ပေါ်  မှာ ထင်ရှား ပေါ် လွင်လာသည် ။

 

“ ကျွန်မတို့ ... ကျွန်မတို့ ... ” ဟု ရေရွတ် ရင်း မျက်လုံး ထဲ မှာ မျက်ရည်တွေ ပြည့်လျှံ လာသည် ။ သူ က အလောတကြီး  ပြော လိုက်သည် ။

 

“ဟေ့ ... သိပ် အဖိုးတန်တဲ့ မျက်ရည်တွေ ကို အလဟဿ မဖြုန်းတီးပစ်နဲ့ လေ ... ”

 

နှစ်ဆယ့်တစ် ရာစု အစောပိုင်း မှ စ၍ ကမ္ဘာ ပေါ်  တွင် စွမ်းအင် အကျပ်အတည်း ဖြစ်လာခဲ့သည် ။ အကြောင်းတရား တွေ က တော့ အများကြီး ပင် ဖြစ်၏ ။ ကမ္ဘာ့ရေနံသိုက်များ လျှော့နည်း လာသည် ။ အိုဇုန်းလွှာ ပေါက်ပြဲမှု ပိုမို ပြန့် လာ သဖြင့် သဘာဝ ပတ်ဝန်းကျင် အတွက် စိုးရိမ်စရာ ဖြစ် လာခဲ့သည် ။

 

ထို့ကြောင့် ရေနံစွမ်းအင် ကို အကန့်အသတ် ဖြင့် သာ သုံးစွဲ ကြရသည် ။

 

ရေနံ နေရာ တွင် အဏုမြူစွမ်းအင် ဖြင့် အစား ထိုးဖို့ကြိုးစားကြသည် ။ သို့ရာတွင် အဏုမြူစွမ်းအင် မှာ လက်နက် အဖြစ် လည်း အသုံး ပြု နိုင်သဖြင့် အင်အားကြီးနိုင်ငံတွေ က နည်းပညာ ဖြန့်ဝေ ပေးရန် တွန့်ဆုတ် နေကြသည် ။ ထို့အပြင် အဏုမြူလောင်စာ စွန့်ပစ်ပစ္စည်းတွေ စုပုံ လာပြီး အဆိပ်အတောက် ဖြစ်လာသည် ။ ပတ်ဝန်းကျင် ပျက်စီးမှု ၊ လေထုညစ်ညမ်းမှုများ ဖြစ်လာသည် ။

 

အချို့ နိုင်ငံများ မှာ ကိုယ့် မှာ ရှိသမျှ နည်းပညာ ဖြင့် အဏုမြူဓါတ်အားပေးစက်ရုံ များ တည်ထောင် ကြသည် ။ နည်းစနစ် အားနည်းမှု ကြောင့် စက်ရုံတွေ ပေါက်ကွဲမှု ဖြစ်သည် ။ ရေဒီယိုဓါတ်ကြွမှုကြောင့် လူ အများအပြား သေကြေ ကြရသည် ။ သီးနှံများ ၊ စားသောက်ကုန်များ ဓါတ်ရောင်ခြည် သင့်ပြီး သုံးမရ ၊ စားမရ ဖြစ် ကုန်သည် ။ အဏုမြူစွမ်းအင် ထုတ်လုပ် ရာ မှ ကုန်ကြမ်း အဖြစ် သုံးရသော ယူရေနီယံ ဈေး က လည်း အလွန် ကြီးမြင့် သဖြင့် တွက်ခြေ မကိုက်ဘဲ ဖြစ် လာလေသည် ။

 

ထိုအခါ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကင်းစင်သော ရေအား လျှပ်စစ် ထုတ်လုပ်မှုများ တွင်ကျယ် လာသည် ။ ရေတံခွန် မှန်သမျှ ၊ မြစ်ချောင်း မှန်သမျှ ၊ ရေအားလျှပ်စစ်စက်ရုံတွေ တည်ဆောက် ကြသည် ။ ဒါကလည်း မြစ်ချောင်း ပေါများသော ဒေသ အတွက် သာ အဆင်ပြေသည် ။ မြစ်တွေ ၊ ချောင်းတွေ ဆိုတာ က လည်း ခရီးသွားလာရေး ၊ ကုန်စည်ပို့ဆောင်ရေး အတွက် လည်း သုံးဖို့ နေရာ ပေး ရ သေးသည် ။ တစ်ချို့ က တော့ ပင်လယ်ဒီရေလှိုင်း ၏ ရိုက်ခတ်မှု အား ကို ယူပြီး လျှပ်စစ် ထုတ်ယူ ကြသည် ။ တချို့လည်း ပင်လယ် တွင်း ရှိ ရေစီးကြောင်းများ မှ ထုတ်ယူ ဖို့ ကြိုးစား ကြသည် ။ လေရဟတ်များ ပြန်လည် ခေတ်စား လာသည် ။ ကုန်းမြင့်များ ၊ ပင်လယ် ကမ်းစပ်များ တွင် တိုက်ခတ်သော လေအဟုန် ဖြင့် ရဟတ်များ ကို လည်ပတ် စေပြီး လျှပ်စစ်ဓါတ် ထုတ် ယူကြသည် ။

 

အချို့သိပ္ပံပညာရှင်များ က တစ်မျိုး ကြံစည်သည် ။ သူတို့ စိတ်ကူး က အလွန်သေးငယ် ပေါ့ပါးသော ရဟတ်ကလေးများ ကို မြေပြင် ပေါ် တွင် ချ ထားမည် ။ တကယ်တော့ ထို ရဟတ်ကလေး များမှာ ဂျင်နရေတာ အသေးစားကလေးများ သာ ဖြစ်သည် ။ မိုး ရွာ သော အခါ ကောင်းကင် မှ ကျလာသည့် မိုးစက်မိုးပေါက်တို့ ထိ မှန်သည့် အရှိန် ဖြင့် ရဟတ် ကလေးများ လည်ပတ်မည် ။ ထိုအခါ မပြောပလောက်သော လျှပ်စစ် ဓာတ်အား ကို ရရှိမည် ။ ထိုကဲ့သို့သော ကိရိယာလေးပေါင်း သိန်း နှင့် ချီ၍ ရှိသောကြောင့် အားလုံး စုပေါင်း လိုက်လျှင် မြင့်မားသော လျှပ်စစ်ဓာတ်အား ကို ရနိုင်မည် ဟု စိတ်ကူး သည် ။ သို့ရာတွင် မိုး ဆိုတာ က မိုးတွင်း မှာ တောင် နေ့တိုင်း ရွာ တာ မဟုတ် ။

 

တစ်ချို့ က လည်း ဓာတ်အားရုံကြီး များ တွင် မိုးကြိုး မြှူ သည့် ကိရိယာများ တပ်ဆင်မည် ။ ထိုအခါ ပစ်သမျှ မိုးကြိုးများ က ထို ကိရိယာ ကို လာ မှန်မည် ။ မိုးကြိုး ပစ်ရာ မှ ရရှိသော လျှပ်စစ်ဓာတ်အား ကို သိုလှောင်၍ လိုသလို ဖြန့်ဖြူးနိုင်မည် ဟု သီအိုရီ ထုတ်သည် ။ ထို သီအိုရီ အရ ဆိုလျှင် “ဘုရားစူး မိုးကြိုးပစ်” ဟု ကျိန်တွယ်သူ တွေ များလာ ဖွယ်ရာ ရှိသည် ဟု သတင်းစာများ က ထေ့ကြ လှောင်ကြ သည် ။

 

နောက်ပိုင်း တွင် နေရောင်ခြည်စွမ်းအင် သုံးစွဲ မှု များပြားလာခဲ့သည် ။ နေရောင် ကို ဖောဖောသီသီ ရသော နိုင်ငံများ တစ်ပန်း သာသည် ။ တစ်ချို့က နေရောင်ခြည် ကို အိတ်စ်ပို့ လုပ်ဖို့ နည်းပညာတွေ ရှာဖွေ လာကြသည် ။ နေရောင်ခြည် အရ နည်းသော နိုင်ငံများ က တစ်မျိုး ကြံ စည်ကြသည် ။ နေရောင် အမြဲ ရနိုင်သော ကမ္ဘာ့လေထု အပြင်ဘက် သို့ ဓာတ်အား စုဆောင်းသည့် ဂြိုဟ်တုစက်ရုံများ လွှတ်တင်မည် ။ ရရှိသော လျှပ်စစ်ဓာတ်အား ကို မိုက်ကရိုဝေ့ဗ် အဖြစ် အသွင် ပြောင်း၍ မြေပြင်စခန်း သို့ ပို့မည် ။ မြေပြင်စခန်း က မိုက်ကရိုဝေ့ဗ်များ ကို လျှပ်စစ်ဓာတ်အား အဖြစ် ပြန်ပြောင်းပြီး ဖြန့်ဖြူးမည် ။

 

သို့ရာတွင် အထက်ပါ နည်းပညာ အားလုံး မှာ ကုန်ကျစရိတ် မြင့်မားသည် ချည်း ပင် ဖြစ်၍ အခက် ကြုံနေကြရသည် ။

 

ဒီလို အခြေအနေ မှာ ပင် ကမ္ဘာ့အီလက်ထရောနစ် ဈေးကွက် က အလွန်အမင်း ကြီးထွား လာသည် ။ နည်းပညာ တိုးတက် ဆန်းသစ် လာမှုကြောင့် အီလက်ထရွန်းနစ် ပစ္စည်းများ မှာ လူတိုင်း အလွယ်တကူ ဝယ်သုံး နိုင်လောက်အောင် ဈေး ချို လာ၏ ။ ထို့အပြင် မော်တော်ကား ၊ သင်္ဘော ၊ မီးရထား ၊ လေယာဉ် စသည်တို့လည်း အဆမတန် များပြား လာခဲ့သည် ။ တစ်ဖက် က စွမ်းအင် ထုတ်လုပ်မှု ကျဆင်း နေချိန် ဖြစ်သောကြောင့် အထုတ် နှင့် အသုံး မမျှပဲ အကျပ်အတည်း က ပိုပြီး ကြီး လာသည် ။

 

ထိုအခါ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေသည် ဟူသော အကြောင်းပြချက် ဖြင့် အကန့်အသတ် နှင့် သာ အသုံးပြု နေ ရသော ရေနံလောင်စာ ကို အပြည့်အဝ ပြန်လည် အသုံးပြု ခွင့် ပေးသင့်ကြောင်း အဆိုပြုသော နိုင်ငံများ ပေါ်ပေါက် လာသည် ။ သူတို့ က ရေနံ သုံးစွဲမှု ကို ကန့်သတ်မည့် အစား ပေါက်ပြဲသွားသော အိုဇုန်းလွှာ ကို ဖာထေး ဖို့သာ ကြိုးစားသင့်သည် ဟု အဆိုပြုသည် ။ ကမ္ဘာ့ နိုင်ငံ အားလုံး စုပေါင်း အကုန်အကျ ခံပြီး အိုဇုန်း ဓာတ်ငွေ့ ထုတ်လုပ်သည့် ဧရာမဂြိုဟ်တုစက်ရုံကြီး ကို လွှတ်တင်ပြီး ပေါက်ပြဲ နေသော နေရာ ကို ဖာထေး ပြုပြင်နိုင်သည် ဟု အကြံ ပေးသည် ။

 

နောင်မှ ဖြစ်ချင်တာ ဖြစ် ၊ လောလောဆယ် လောင်စာ အကျပ်အတည်း ပြေလည် ရင် ပြီးရော ဆိုပြီး ရေနံ လောင်စာ ကို ကိုယ့် သဘော နှင့် ကိုယ် သုံးဖို့ တာစူ နေသော နိုင်ငံများ လည်း ရှိ လာသည် ။ တကယ်တော့ ရေနံ ကို အပြည့်အ၀ ပြန်သုံး လာလျှင်ပင် လောင်စာစွမ်းအင် အကျပ်အတည်း က အထိုက်အလျောက် သာ ပြေလည် နိုင်မည် ။ ရေနံ ထုတ်လုပ်မှု က လျော့ကျ နေပြီ မဟုတ်လား ။

 

အထက်ပါ အကြောင်းအချက် များ ကြောင့် သိပ္ပံပညာရှင်များ သည် အစား ထိုး နိုင်မည့် လောင်စာ နည်းပညာများ ကို အသည်းအသန် သုတေသနပြု ရှာဖွေကြလေသည် ။ အချို့ မှာ စိတ်ကူး အဆင့် ၊ အချို့ မှာ သီအိုရီ အဆင့် ၊ တချို့ က တော့ လက်တွေ့ စမ်းသပ် ပြနိုင်သည် ။ သို့ရာတွင် အလုပ် ဖြစ်လောက် အောင် ထုတ်လုပ်ဖို့ အခက်အခဲ တွေ ရှိ နေသည် ။

 

ထိုအချိန်တွင် ဒေါက်တာဒေဝစက္ခု က ရေနံ နေရာ တွင် အစား ထိုး နိုင်မည့် လောင်စာအရည် တစ်မျိုး ကို သုတေသန ပြုလုပ် ရှာဖွေ တွေ့ရှိခဲ့သည် ။ ထိုအရည်ကား အခြား မဟုတ် ၊ “ မျက်ရည် ” ပင် ဖြစ်လေ၏ ။

 

မျက်ရည် ၏ စွမ်းအင် က လည်း အံ့မခန်း ပင် ဖြစ်၏ ။ မျက်ရည် တစ် စီစီ ( တစ်စက် ခန့် ) သည် ဓာတ်ဆီ တစ်လီတာ ၏ စွမ်းအား နှင့် ညီမျှသည် ။ တစ်နည်းအားဖြင့် မျက်ရည် သည် ဓာတ်ဆီ ထက် အဆ ပေါင်း တစ်ထောင် ပို၍ အစွမ်း ထက်သည် ။

 

သူ ၏ တီထွင်မှု က အလွန် အကျိုးပြုသည် ။ မျက်ရည် ၏ စွမ်းအား က အလွန် မြင့်မားသဖြင့် မော်တော်ယာဉ်များ မှာ မျက်ရည် တစ်ကြိမ် ဖြည့် ထား လျှင် တစ်သက်လုံး မောင်းနှင် နိုင် သလို ဖြစ် နေ၏ ။ ပင်လယ်ကူး သင်္ဘောကြီးများ မှာ အရင်လို ဒီဇယ်ဆီ ဂါလန်ပေါင်း ထောင်သောင်းချီ ထည့် သွားစရာ မလိုတော့ ။ လောင်စာဆီ အတွက် အလေးချိန် ရော ၊ နေရာ အကျယ်အဝန်း ပါ သက်သာ သွား သဖြင့် ကုန်စည် အမြောက်အမြား ပိုမို တင်ဆောင် နိုင်သည် ။ ဒုံးပျံများ ၊ အာကာသ လွန်းပျံယာဉ်များ လည်း လောင်စာ အရည်အခဲ တန် နှင့် ချီပြီး သယ်ဆောင် စရာ မလိုတော့ သဖြင့် ခရီး အကွာအဝေး ပိုမို သွားနိုင်သည် ။ အင်္ဂါဂြိုဟ် ပေါ် သို့ လူ ဆင်းသက်နိုင်ပြီ ဖြစ်၏ ။

 

အိမ်တိုင်း အိမ်တိုင်း တွင် ကိုယ်ပိုင် လျှပ်စစ်ဓာတ်အားပေးစက်များ ရှိပြီး မျက်ရည် တစ်လီတာ ထည့် ထားလျှင် သုံးနှစ် လောက် အဆက်မပြတ် လည်ပတ် နိုင်သည် ။ အဆိုပါ နည်းပညာ ကို စတင် တီထွင် ခဲ့ သော ဒေါက်တာ ဒေဝစက္ခု မှာ နေ့ချင်း ညချင်း ချမ်းသာ သွားသည် ။ ထို့အတူ မျက်ရည် သည် ဈေးကောင်း ရသော ပစ္စည်း ဖြစ် လာသည် ။ ကမ္ဘာ ပေါ် တွင် မျက်ရည် ဈေးကွက် ပေါ်ထွန်း လာသည် ။ မျက်ရည် ကို ဈေးကောင်း ပေး၍ လိုက်လံ ဝယ်ယူ စုဆောင်းသည့် ကုမ္ပဏီများ ပေါ်ပေါက်လာသည် ။

 

လူတို့ သည် လည်း ငိုကြွေးခြင်း ၌ ခုံမင် လာကြသည် ။ အငို သင်တန်းများ ၊ အငို အကျိုးဆောင် လုပ်ငန်းများ ထွန်းကား လာသည် ။ အလွမ်းအဆွေး ရုပ်ရှင်ဇာတ်ကားများ ၊ အလွမ်းဝတ္တုများ ခေတ်စား လာသည် ။ မိန်းကလေး တွေ က လည်း မူးရူး နှိပ်စက်တတ်သော ယောကျာ်းများ ကို မှ ရွေး ၍ လက်ထပ် ကြသည် ။ မျက်ရည် နှင့် မျက်ခွက် ဖြစ်လေ ၊ တွက်ခြေ ကိုက်လေ မဟုတ်လား ။ အငို သန်သော ကလေးများ ကို အကျိုး ပေးသည် ဆိုပြီး မိဘတွေ က ပို ချစ်ကြသည် ။ တစ်ချို့ မိဘ တွေ က တော့ ကလေးတွေ ကို အကြောင်း မရှိ အကြောင်း ရှာပြီး ရိုက် ကြ သဖြင့် ဥပဒေ ထုတ်ပြီး တားမြစ် ယူရ၏ ။

 

တစ်ချို့က မျက်ရည် ချူ သည့် အနေ ဖြင့် ကြက်သွန်ဥနီများ ကို ရှူ ကြသောကြောင့် ကြက်သွန်နီဈေး တွေ တက် ကုန် သည် ။ နှာ ချေ လျှင် မျက်ရည် ထွက်တတ်သည် ဟု ဆိုကြသဖြင့် ကတိုးနှာ ရှု ကြရာ အချေ လွန်ပြီး နှာခေါင်း ရောဂါတွေ ဖြစ်သူတွေ လည်း ရှိသည် ။ မျက်စဉ်းတွေ ခတ် လို ခတ် ၊ မျက်စိ ထဲ ပရုတ်ဆီ ထည့် လို ထည့် လုပ်ကြသဖြင့် မျက်စိ ပျက်သူ တွေ လည်း မနည်းလှချေ ။ မီးခိုးမှိုင်း အရှူ ကောင်း သဖြင့် အဆုတ် ရောဂါ ရသူတွေ ကလည်း တစ်မှောင့် ။

 

မျက်ရည် ဆိုသည် မှာ အစွမ်း ထက် တာတော့ မှန်သည် ။ သို့ရာတွင် ရေနံ လို မြေကြီး ထဲ က အလွယ်တကူ ထုတ် ယူလို့ မရ ။ လူ ၏ခန္ဓာကိုယ် မှ ထွက် လာရခြင်း ဖြစ်၏ ။ လူတွေ ကလည်း လောဘ ကြီးသည် ။ ကိုယ် အသုံး လို သလောက် သာ မဟုတ်ပဲ စီးပွား ဖြစ် ထုတ် ချင် လာသည် ။ မျက်ရည် ဈေး က လည်း တစ်ဖြည်းဖြည်း ပို တက် လာ သဖြင့် မျက်ရည် မထွက် ထွက် အောင် နည်းမျိုးစုံ ဖြင့် ကြိုးစား လာကြသည် ။ အစပိုင်း မှာ ဟုတ် သလိုလို ရှိ သော်လည်း ကြာရှည် ကျတော့ မလွယ်လှ ။ မျက်ရည် ခန်းခြောက် သည့် ရောဂါတွေ ဖြစ် လာ၏ ။

 

ဤသို့ဖြင့် မျက်ရည် ရှားပါး လာသည် ။ ဈေး က လည်း အဆမတန် တက် လာသည် ။ ချွေး ဖြင့် မျက်ရည် အတု လုပ်ရောင်း သူတွေ ပင် ရှိ လာသည် ။ ဟိုအရင် တုံး က လို စွမ်းအင် အကျပ်အတည်း ဆိုက်ဖို့ ဦးတည် လာ ပြန်သည် ။

 

သို့တိုင်အောင် ...  ။

 

ရပ်ကွက် တစ်ခု တွင် လူပျိုကြီးတစ်ယောက် ရှိ လေ၏ ။ ထို သူမှာ သူများ တကာလို အခက်အခဲ မရှိ ။ နေ့စဉ် နေ့တိုင်း ပင်နင်စလင် တစ်ပုလင်း စာ ခန့် ရှိသော မျက်ရည် ကို ပုံမှန် ထုတ် ရောင်း နေနိုင်သည် ။ ထို ရောင်းရ ငွေ ဖြင့် ချောင်လည်စွာ နေထိုင် စားသောက် နိုင်သည် ။ တိုက် တစ်လုံး ဝယ်ပြီး နောက်ဆုံးပေါ် ကား အသစ် တစ်စီး တောင် စီး နိုင်သည် ။

 

ထိုအခါ အခြား လူတွေ က သူ့ အပေါ်  စိတ်ဝင်စား လာကြသည် ။ ဘာကြောင့် ခုလို နေ့စဉ် ပုံမှန် မျက်ရည် ထုတ် လုပ်နေနိုင်သလဲ သိ ချင် လာကြသည် ။ သူ့ ကို မေး တော့ လည်း ပြုံးစေ့စေ့ သာ လုပ်နေ၏ ။ လူတွေ က အမျိုးမျိုး ထင်မြင်ချက် ပေး ကြသည် ။ ဟို အရင် က ရည်းစား ကွဲ ခဲ့တာတွေ ပြန် စဉ်းစား ပြီး မျက်ရည် ကျ ကျ နေတာ ဖြစ်နိုင်တယ် ... ရည်းစားဟောင်း ရဲ့ ဖြတ်စာတွေ ပြန် ဖတ်လို့ နေမှာပေါ့ စသည်ဖြင့် တွေးတော ကြသည် ။ သို့ရာတွင် သူ့ မှာ ဘယ်တုံး က မှ ရည်းစား ရှိခဲ့ တာ မဟုတ် ။ ပြီးတော့ သူ့ ကြည့် ရတာ ည ည ငို ထားသည့် ပုံလည်း မပေါ် ။ စားကောင်း သောက်ကောင်း ၀၀ဖြိုးဖြိုး ။ မျက်နှာ က လည်း ကြည်ကြည်လင်လင် ။

 

နောက်ဆုံးတော့ ည ဘက် ကျ လျှင် သူ ဘာ လုပ်သလဲ တိတ်တဆိတ် ချောင်း ကြည့် ကြဖို့ ဆုံးဖြတ် ကြသည် ။ ဤသို့ဖြင့် တစ် ည မှာ သူ့ အိမ် ကို ချဉ်းကပ်ပြီး ချောင်းမြောင်း ကြသည် ။ ထိုအခါ ကျ မှ လူပျိုကြီး ၏ လျှို့ဝှက်ချက် ကို သိကြရလေ၏ ။

 

လူတွေ အမှတ်တမဲ့ ဖြစ်ပြီး မေ့လျော့ နေ သည့် အချက် ကို လူပျိုကြီး က ကောင်းစွာ အသုံး ချခဲ့ခြင်း ဖြစ်၏ ။ တခြား မဟုတ် ၊ လူတို့ သည် ငို မှသာ မျက်ရည် ထွက်ခြင်း မဟုတ် ။ ဟက်ဟက်ပက်ပက် ရယ်မော လျှင် လည်း မျက်ရည် ထွက် တတ်သည် ဆိုသော အချက် ပင် ဖြစ်၏ ။

 

လူပျိုကြီး သည် ည အိပ်ခါ နီးလျှင် ရယ်စရာမဂ္ဂဇင်း ကို ဖတ်သည် ။ ထို့နောက် ခွက်ထိုးခွက်လန် ရယ် လေသည် ။ ရယ် ရ လွန်း၍ မျက်ရည်များ ထွက် ကျ လာ သောအခါ ပုလင်းကလေး ဖြင့် ခံ ထားပြီး နောက် တစ်နေ့ ထုတ် ရောင်းသည် ။ ဤသည် မှာ သူ ၏ ညစဉ် အလုပ် ဖြစ်၏ ။

 

ထို သတင်း မှာ တစ်ယောက် စကား တစ်ယောက် နား သို့ ပျံ့နှံ့သွားပြီး လူတိုင်း လူတိုင်း ရယ်စရာ မဂ္ဂဇင်း ကို အလုအယက် ဝယ်ယူ ငှားရမ်း ဖတ်ရှုကြသည် ။ ထိုအကြောင်း ကို ကမ္ဘာ က ပါ သိ သွားသောအခါ မဂ္ဂဇင်းတိုက် သို့ အမှာစာတွေ အမြောက်အမြား စုပြုံ ရောက်ရှိ လာသည် ။ ဤသို့ဖြင့် ရယ်စရာမဂ္ဂဇင်း မှာ ဘာသာပေါင်း များစွာ ဖြင့် စောင်ရေ သန်းပေါင်း များစွာ ရိုက်နှိပ်ပြီး ကမ္ဘာ အနှံ့ ဖြန့်ချိ ရောင်းချ ရသည် ။ မဂ္ဂဇင်း ထုတ်ဝေသူ မှာ လည်း ကမ္ဘာ့ အချမ်းသာဆုံး စာရင်း ဝင်သွား သည် ။ စာရေးဆရာများအား မဂ္ဂဇင်း မှ ဟာသဝတ္တုတို တစ်ပုဒ် အတွက် စာမူခ ဒေါ်လာ တစ်သိန်း ချီးမြှင့် သည် ။ ဟာသစာရေးဆရာများ မှာ ကိုယ်ပိုင် ဂျက်လေယာဉ်များ ၊ ဇိမ်ခံရွက် သင်္ဘောများ ၊ ရိုးစ်ရွိုက်ကား များ ၊ မာစီဒီးကားများ ဝယ်စီး ကြ လေတော့သည် ။

 

( ပျော်စရာ ကောင်းလေစွ )

 

◾မင်းလူ


📖 နှလုံးသား ၃၅၀ / ၈၄


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment