❝ ပထမဆုံး နဲ့ နောက်ဆုံး ❞
“ အဖေ ဘန်ကောက် မှာ ဆေး လာ စစ် လိမ့်မယ် ၊ အဲဒါ ဦး လာ တွေ့ နိုင် မလား ”
ဉာဏ်ပေါ့် သမီး ယုယ ဆီ က အဲဒီ အမေး စကား ကြား လာတော့ ကျွန်တော် သိပ် မအံ့ဩတော့ပါ ။ မကြာသေးခင် ရက်ပိုင်း က ပဲ သူ့ အဖေ ရဲ့ အခြေအနေ ကို Online Chatting က နေ ယုယ ကိုယ်တိုင် ပြောပြ ထား လို့ ကျွန်တော် သိပြီး နေပါပြီ ။ ကျွန်တော် နေတာ က ချင်းမိုင် ၊ သူ လာ မှာ က ဘန်ကောက် ။ တစ်နေကုန် ကား စီးသွားရမယ့် ခရီး ။ တော်ရုံ အရေး မကြီးလျှင် ကျွန်တော် မသွားချင် ။ သို့သော် သူ့ အခြေအနေ ဘယ်လို ရှိမလဲ ဆိုတာတော့ သိချင်သည် ။ ကောင်း နေမလား ၊ ဆိုး နေမလား ။ မျှော်လင့် နိုင် ဦး မလား ။ စိတ်ပျက် အားငယ်စရာ အခြေအနေ ဆိုရင် လည်း ဖြစ် သွားနိုင်သည် ။ ကျွန်တော် နောင်တ မရချင်ပါ ။ “ လာမှာပါ ”
ဟု အကြောင်း ပြန် လိုက်သည် ။
သူ ဘန်ကောက် ရောက်သည့် နေ့ တွင်ပဲ သူ နဲ့ ဖုန်း ပြောဖြစ်သည် ။ လူမမာ သံ လုံးဝ မပေါက် ။ အရင်အတိုင်း မာမာတင်းတင်း ၊ နောက်တီး နောက်တောက် ၊ ပေါက်ကရတွေ လျှောက် ပြောသည် ။ ပြီးတော့ သူ့ ကျန်းမာရေး အခြေအနေ ရှည်ရှည်ဝေးဝေး ရှင်းပြသည် ။ နောက် ကျွန်တော် လာ တွေ့ရမယ့် ရက် ကို ညှိ ကြသည် ။ သူ က ဆေးရုံ ရက်ချိန်း ရှိတဲ့ ရက်တွေ မှာ မလာစေချင် ။ အေးအေးဆေးဆေး စကား ပြောခွင့် မရမှာ စိုးလို့ ။ ဆေးရုံ ရက်ချိန်း လွတ်တဲ့ တစ်ရက် ကို ချိန်း လိုက်ကြသည် ။ ဖုန်း ပြောချိန် က တစ်နာရီ ကျော် ကြာ သွားသည် ။ ဒါတောင် ကိုယ်တော် က မဝသေး ။ ဆက် ပြောချင်သေးပုံ ရသည် ။ အမှန်တော့ သူ နား စေချင်လို့ ကျွန်တော် အတင်း ဖြတ် လိုက်ခြင်းပါ ။ နောက် ရက်တွေ လည်း နေ့တိုင်း နီးပါး ပြော ဖြစ် ကြသည် ။ ကြာချိန် တစ်နာရီ အောက် ဘယ်တော့မှ မရှိ ။ တော်တော် ပြောနိုင်တဲ့ ကောင် ။ အဆုတ်ကင်ဆာ ဖြစ် နေပေလို့ပဲ ။ ချိန်းတဲ့ ရက် မတိုင်ခင် ၂ ရက် အလိုမှာ ကျွန်တော် နဲ့ ဇနီး တို့ ဘန်ကောက် ဆင်း ဖို့ ပြင်ဆင် ရသည် ။ ကျွန်တော့် ဇနီး နှင့် သူ တက္ကသိုလ် မှာ ကတည်း က ရင်းနှီးပြီးသား မို့ ဇနီး က ပါ လိုက် တွေ့ ချင်သည် ။ ည ဘက် ကျ တော့ ယုယ ဆီ က Message လာ သည် ။
“ အဖေ က မှာတယ် ။ ဦး တို့ လာ ရင် ချင်းမိုင် က နေ ဆေးပေါ့လိပ် တစ်စည်း ဝယ်လာ ပေး ပါ တဲ့ ”
ကြည့် လုပ်ပုံ က ။ သူ က အဆုတ်ကင်ဆာ လူမမာ ။ လူမမာ သတင်း မေး လာရမယ့် ကျွန်တော် က ဆေးပေါ့လိပ်စည်းကြီး နဲ့ လာရ မတဲ့လား ။ အရပ်ရပ် နေပြည်တော် ကြားလို့ မှ မတော် ။ ကျွန်တော် စိတ်တိုမယ် ဆိုတာ ခန့်မှန်း မိ လို့ ယုယ က ပျာပျာသလဲ ရှင်း သည် ။
“ သမီး မသိဘူးနော် ၊ အဖေ က အချိန်မီ အောင် အတင်း ပြော ခိုင်းလို့ ပြော ရတာ ။ မပြောပြန် ရင်လည်း သမီး ပဲ အဆူ ခံ ရမှာ ။ ဝယ်တာ မဝယ်တာတော့ ဦး သဘော ပဲ ”
ချင်းမိုင် မှာ မြန်မာတွေ ( အများစု က တိုင်းရင်းသားတွေ ) ဖွင့် တဲ့ ဈေးဆိုင် တော်တော်များများ ရှိ သည် ။ မြန်မာ့ အစားအစာ အသုံးအဆောင်တွေ အပြင် ဆေးပေါ့လိပ် လည်း ရသည် ။ ဒါကို ဒီကောင် ကြားဖူးနားဝ ရှိထား လို့ မှာ တာ ဖြစ်မှာ ပေါ့ ။ ကျွန်တော် သူ့ ကို ဒီလောက် အထိတော့ အလို မလိုက်နိုင်ပါ ။ ဟို ရောက် မှ ကြည့် ပြောမည် ။
ဉာဏ်ပေါ် နဲ့ ကျွန်တော် မဆုံဖြစ်တာ ခန့်မှန်းခြေ ၁၀ နှစ် လောက် ရှိပြီ ထင်သည် ။ သူ ဘာပုံ ပေါက် နေမလဲ ကျွန်တော် မခန့်မှန်း တတ် ။ ကင်ဆာလူမမာ ဆိုတော့ အရိုးပေါ် အရေတင် ၊ မျက်တွင်းချောင် ပါးရိုးကျ နဲ့ အိပ်ရာ ထဲ ပက်လက်ကလေးများ ဖြစ် နေ မလား ။ တကယ် တွေ့တော့ မဟုတ်ပါ ။ နည်းနည်း ပိန်သွားတာ က လွဲ လို့ သွားနိုင် လာနိုင် ၊ ထနိုင် ထိုင်နိုင် ၊ လန်းလန်းဆန်းဆန်း လူကောင်း ပကတိ အတိုင်း ။ ကျွန်တော်တို့ စိတ်အေး ကြ ရသည် ။
မာကြောင်း သာကြောင်း ၊ ဟိုအကြောင်း သည်အကြောင်း တော်တော်လေး ပြောကြပြီး မှ ကျွန်တော် ပေးတဲ့ ဆင်ခြေကို သူ ယုံပုံ မရပါ ။ “ ဟုတ်ပါပြီဗျာ ၊ ဟုတ်ပါပြီ ” လို့ ဆောင့်ကြီး အောင့်ကြီး အငေါ် ထူး လိုက်သေးသည် ။ ငယ်ကျင့် က မပျောက်သေး ။
“ မင်း က လဲ ကွာ ငွေတွေ အများကြီး အကုန်ခံပြီး ဒီ အထိ ဆေးလာ ကုပြီးတော့မှ ပလိုင်း ပေါက် နဲ့ ဖား ကောက် သလို မဖြစ်ချင်စမ်းပါ နဲ့ ။ စိတ် ကို နိုင်အောင် ထိန်းပြီး ဒီ ဆေးလိပ် ကို ရအောင် ဖြတ် မှ ပေါ့ ။ ငါ တောင် ရသေးတာပဲ ၊ မင်း ဘာ မရစရာ ရှိသလဲ ”
ကျွန်တော် ကြိုးစားပြီး လေအေးလေး နဲ့ ချော့မော့ နားချသည် ။ ဒီလိုကျတော့ လည်း ဘာမှ ပြန် မ ငြင်းဘဲ ခေါင်း ငုံ့ပြီး နား ထောင်သည် ။ ကျွန်တော့် စိတ် ထဲ မကောင်းလှပေမဲ့ သေမင်း နှင့် စစ်ခင်းရမည့် ပွဲ မှာ ကျွန်တော့် သူငယ်ချင်း ကို နိုင်စေ ချင်သည် ။ သူ နိုင် ဖို့ ဒီလောက်တော့ ကျွန်တော် ရက်စက် ရဲ ရမည် ။
အဲဒီ နေ့ က သူ နဲ့ကျွန်တော်တို့ ဇနီးမောင်နှံ စကားတွေ အများကြီး ပြော ဖြစ်ကြသည် ။ မိသားစု အကြောင်း ၊ အလုပ်အကိုင် အကြောင်း ၊ သူငယ်ချင်းတွေ အကြောင်း ၊ စာအုပ်တွေ အကြောင်း ၊ အနုပညာလောက အကြောင်း ၊ စုံတကာ စေ့ ၊ ပြောလို့ မကုန် ။ “ သူမ ” နဲ့ “ ယုယ ”
တို့ က ဘန်ကောက် လူခံ သူတို့ အမေ တစ်ယောက် နဲ့ ဟိုနား သည်နား ခဏ ထွက် လည်ကြသည် ။ ကျွန်တော် တို့ ရှိ နေတော့ သူ့ အဖေ အတွက် စိတ် ပူစရာ မလို ။
ဉာဏ်ပေါ် က ကြိုတင် ပြောခဲ့သည့် အတိုင်း သူ့ စာအုပ် အသစ် အတွက် မျက်နှာဖုံးပန်းချီ ကျွန်တော့် ကို အပ်သည် ။ သူ့ စာအုပ် ( တစ်ကိုယ်တော်မဂ္ဂဇင်း ) အကြောင်း ရှင်းပြသည် ။ သူ လိုချင်သည့် မျက်နှာဖုံး အနေအထား ကို ကျွန်တော် နှင့် တိုင်ပင် သည် ။ သူ ပြုံး လျှင် ပါးစပ် နည်းနည်း ရွဲ့တတ်ကြောင်း ၊ အဲဒါကို က ခနဲ့ပြုံး ထေ့ပြုံး နေကြောင်း ။ အဲဒီ အပြုံး ကို အမိအရ ရေးဆွဲပြီး မျက်နှာဖုံး တင်ချင်ကြောင်း သူ တောင်းဆို သည် ။ သူ့ ပုံ ကို မျက်နှာဖုံး သုံး မှာ ဆိုတော့ ကျွန်တော် ပါလာသည့် ကင်မရာ နှင့် ရိုက် ရသည် ။ သူ့ မှာ ရှိပြီးသား ပုံတွေ ကိုလည်း ကျွန်တော် မကြိုက် ။ သဘာဝ အတိုင်း လိုချင်သည် ။ ဒါကြောင့် ကျွန်တော့် ဇနီး နှင့် ဆက် စကား ပြော ခိုင်း ထားပြီး မတူတဲ့ ရှုထောင့်တွေ ကနေ ကျွန်တော် လှည့်ပတ် ရိုက်သည် ။ ဆယ့်လေးငါးပုံ ရပြီ ဆိုမှ ကျွန်တော်တို့ စကား လက်စ သတ်ကြသည် ။
နာရီ ကြည့် လိုက်တော့ ကျွန်တော်တို့ ငါးနာရီ လုံးလုံး စကား ပြောခဲ့ကြမှန်း တအံ့တဩ သိ လိုက်ရသည် ။ တည်းခိုဆောင် ၏ အောက်ထပ် အထိ သူ လိုက် ပို့သည် ။
ကျွန်တော်တို့ က မပင်ပန်းကြောင်း ဆင်ခြေ ပေးသည် ။ လက်ပြ ကျန်ရစ်ခဲ့သော သူငယ်ချင်း ကို ကြည့်ပြီး ကျွန်တော့် ရင်ထဲ လွမ်းလွမ်းဆွေးဆွေး ဆို့ဆို့နင့်နင့်ကြီး ခံစား နေရသည် ။ ဒါ နောက်ဆုံးများ ဖြစ် နေ မလား သူငယ်ချင်း ရယ် ။
ချင်းမိုင် ပြန် ရောက်ပြီး မကြာခင် ရက်ပိုင်း အတွင်း သူ့ စာအုပ် မျက်နှာဖုံး အတွက် ပုံကြမ်း တစ်ပုံ ပို့ ပေး လိုက်သည် ။ သူ ပြော သလို သူ့ ပုံတူ ကယ်ရီကေးချား နဲ့ ဖန်တီး ကြည့်တာပါ ။ ဒါပေမဲ့ သူ မကြိုက် ။ နောက် တစ်ပုံ ထပ် လုပ်ပေးဖို့ တောင်းဆို သည် ။ ဒီတစ်ခါတော့ ကယ်ရီကေးချား မဟုတ် ၊ ပန်းချီပုံတူ လိုချင်သည် တဲ့ ။ နည်းနည်း အချိန် ယူပြီး ကြိုးစား ရေးဆွဲ ပေးလိုက်သည် ။ ကြည့်ပြီးတော့ ဒါကို လည်း သူ စိတ်တိုင်း မကျပြန် ပါ ။ နောက် တစ်ကြိမ် ထပ် ရေးပေးဖို့ ပူဆာ ပြန်သည် ။ ကျွန်တော့် ရဲ့ စာနယ်ဇင်း သရုပ်ဖော်ပန်းချီ ဆရာ သက်တမ်း တစ်လျှောက် မှာ အပ်နှံသူ မကြိုက်လို့ မျက်နှာဖုံး တစ်ဖုံး ကို ( ၃ ) ကြိမ် တိုင်တိုင် ပြန် ရေးဆွဲ ပေးရတယ် လို့ မရှိခဲ့ဖူးပါ ။ သာမန် အချိန် ဆိုရင်တော့ “ ဟေ့ကောင် မင်း တခြား ပန်ချီဆရာ ဆီ သွား အပ်တော့ ။ ငါ လုပ် မပေးနိုင်တော့ဘူး ”
ဟု ဘု ပြော မိမှာ အသေအချာ ပါ ပဲ ။ တခြား လူ ( ထုတ်ဝေသူ တစ်ယောက် ယောက် ) ကို ဆိုရင်တော့ အဲဒီလို ပြော ထွက်ချင် မှ ထွက်မည် ။ သူ့ ကျတော့ သူငယ်ချင်း အရင်းကြီး မို့ ပြော မထွက်စရာ မရှိ ။ ဒါပေမဲ့ ကျွန်တော် မပြောခဲ့ပါ ။ ဒါဟာ သာမန် အချိန် မှ မဟုတ်ဘဲ လေ ။ ကျွန်တော့် သူငယ်ချင်း ရဲ့ နောက်ဆုံး အချိန် နောက်ဆုံး စာအုပ် လို့ ကျွန်တော့် စိတ် ထဲ က အလိုလို သိ နေခဲ့သည် ။ သိစိတ် က လက်မခံ ချင် ပေမဲ့ လည်း မသိစိတ် မှာ တော့ မျှော်လင့်ချက် မဲ့ နေခဲ့ပါပြီ ။
လက် ကို သိပ် မထိန်းနိုင် တော့ လို့ ယိုင်ယိုင်ရွဲ့ရွဲ့ ဖြစ်နေတဲ့ လက်ရေးတွေ နဲ့ သူ ကျွန်တော့် ဆီ စာ တစ်စောင် ရေးပို့ လာသည် ။ ကျွန်တော် ကို သူ ကိုယ်တိုင် ပေးထားသော နာမည် ပြောင် “ ဥက္ကဋ္ဌ ”
လို့ အစ ချီ ပြီး …
ဥက္ကဋ္ဌ
အားနာနာနဲ့ပဲ
ပြောရတော့မှာပဲ ။
အစီအစဉ်တစ်မျိုး
ပြောင်းသွားပါတယ် ။
အခု အချိန် မှာ ထွက်လာ တဲ့ စာအုပ်တွေ ကြည့်လိုက်တော့
အားလုံး လိုလိုက ပန်းချီပို့ထရိတ်တွေ ၊
ဓာတ်ပုံတွေ ၊ ဓာတ်ပုံ ကို အခြေခံပြီး
စက် နဲ့ ပြင် ထားတဲ့ ပို့ထရိတ်တွေ ချည်း ဖြစ်နေတယ် ။
၂၅ နှစ် ကျော် ပြီး မှ ခင်ဗျား နဲ့ကျွန်တော်
ပထမဆုံး ပြန် တွဲ တဲ့ စာအုပ်မှာ
ထူးထူးခြားခြား ဖြစ်ချင်တယ် ။
ဆရာ လုပ်တယ်လို့ မထင်ပါနဲ့ ။
ကျွန်တော့် စိတ်ကူ းက
ဘိလပ်မြေအိတ်စက္ကူ ( ကာကီ ) ကို
လုံးချေပြီး ပြန်ဖြန့် ၊ အဲဒီ အပေါ်မှာ လိုင်း နဲ့ ပဲ
ကယ်ရီကေးချား ( သို့ ) ပို့ထရိတ် ကို
ပက်စတယ် ဒါမှမဟုတ် ချားကိုးလ် effect နဲ့
လုပ်ချင်တယ် ။
( သာဓု - အနုဝင်္ကဘာ တုန်း က လို
လိုင်းမျိုး ရရင် ကောင်းမယ်) ။
နောက်ခံစက္ကူ တချို့နေရာတွေ က စုတ်ပြဲနေမယ် ။
တစ်ကိုယ်တော်မဂ္ဂဇင်း ဆိုတဲ့
စာလုံး ကို လည်း သွက် ချင်တယ် ။
လက်ရေးစာလုံး ဖြစ်ဖြစ်ပေါ့ ။
ဒီ စာအုပ် က ကျွန်တော့် အတွက်
အရေးကြီးလို့ ကြိုးစားပြီး ကူညီပါ ။
ခင်ဗျား လုပ်ရင် ဖြစ်ပါတယ် ။
ဉာဏ်
“ ဒီ စာအုပ် က ကျွန်တော့် အတွက် အရေးကြီးလို့ ”
ဆိုတဲ့ စာကြောင်းလေး ကို ဖတ်ရချိန် မှာတော့ ကျွန်တော့် ရဲ့ သိစိတ် မှာ ရော ၊ မသိစိတ် မှာ ရော မျှော်လင့်ချက် လက်ကျန် သိပ် မရှိချင်တော့ပါ ။ သူ ဒီလို ရေးပုံ ထောက်တော့ သူ့ အခြေအနေ သူ သိ နေလို့ပဲ ဖြစ်မည် ။
“ အားမနာပါနဲ့ ကွ ၊ မင်း အတွက် အရေးကြီးတဲ့ စာအုပ် ဆိုတော့ မင်း စိတ်တိုင်းကျ တဲ့ အထိ လုပ်ပေး ရ မှာပေါ့ ”
ဟု ကျွန်တော် အကြောင်း ပြန်လိုက်သည် ။ ဉာဏ်ပေါ် ဟာ သိပ် အကင်းပါးတဲ့ လူ တစ်ယောက် မို့ ကျွန်တော့် ဆိုလိုချက် ကို သူ သဘောပေါက်လိမ့်မယ် ဆိုတာ ယုံမှား သံသယ ဖြစ်စရာ မရှိပါ ။
ဒီလိုနဲ့ မျက်နှာဖုံး ပုံ ပြီးသွားတဲ့ နေ့ မှာ သမီးယုယ ဆီ email နဲ့ ပို့ ပေး လိုက်သည် ။ “ သမီး တော့ ဒီပုံ အကြိုက်ဆုံးပဲ ။ အဖေ လည်း ကြိုက်လိမ့်မယ် လို့ မျှော်လင့်တယ် ”
ဟု အကြောင်း ပြန်သည် ။ ယုယ ရဲ့ ခန့်မှန်းချက် မမှား ပါ ။ နောက် ရက် မှာ ဉာဏ်ပေါ့် သဘောထား ကျွန်တော့် ဆီ ရောက် လာသည် ။
So, this it real Myo Myint !
လူပျင်းကြီး ကို နိုးထ လာအောင်
တိုက်တွန်းနှိုးဆော်ပေးတဲ့
ဒါဒါကြီး ကို
အထူး ကျေးဇူးတင်ပါတယ် ။
ဉာဏ်
“ ဒါမှ မျိုးမြင့် အစစ် ” လို့ သူ ပြော လိုက်တာပါ ။ သူ လိုချင်တဲ့ အတိုင်း ရလို့ စိတ် ကျေနပ်သွားပေမဲ့ ကျွန်တော့် ကို တော့ သူ့ ထုံးစံ အတိုင်း တိုက်ရိုက် မချီးကျူး ချင် ပါ ။ စိတ် ထဲ ကလိကလိ ဖြစ်အောင် စ,ချင် နောက်ချင် သည် ။ အဲဒီတော့ ကျွန်တော့် ဇနီး ထားထား ( သူ့ အခေါ် “ ဒါဒါကြီး ” ) ကို သွယ်ဝိုက် ၍ ချီးကျူး လိုက်သည် ။ အဲဒါကို မှ “ မင်းလူ ” ဟု မခေါ်လျှင် မည်သူ့ ကို ခေါ် မည်နည်း ။
“ ဒီ တစ်ခါ အပေါက်အလမ်း တည့်သွားပြီ ဆိုလို့ ဝမ်းသာသကွာ ။ နို့မို့ ဒီ ရုပ်ကြီး နောက်တစ်ခါ ပြန် ဆွဲ ရ ရင် ငါ ပဲ အအိပ်အစား ထပ် ပျက်ရ ဦး မှာ ။ အခုတော့ ဝဋ်ကျွတ်ပြီပေါ့ ” ဟု ကျွန်တော် ပြန် တွယ် လိုက်သည် ။ တက္ကသိုလ် မှာ တုန်း က ဆိုလျှင် ကျွန်တော် သူ့ ကို ဆွဲထိုးဖို့ အထိ ခဏခဏ စိတ် ဆိုး ဖူးသည် ။ သူ က လည်း စိတ် မဆိုး မချင်း အတည်ပေါက် နှင့် စ သည် ။ ချစ် လို့ စ မှန်း သိ နေတော့ လည်း ကျွန်တော့် မှာ ဆွဲ မထိုး သာ ။ မခံချိ မခံသာ နှင့် အံ ကြိတ် လိုက်ရသည့် အကြိမ်ပေါင်း မနည်းတော့ ။
အခုလည်း ကျောင်း တုန်း က အကျင့် အတိုင်း လုပ်လာ ပြန်သည် ။ ဒီ တစ်ခါတော့ ကျွန်တော် စိတ် မဆိုးမိ ။ ကျေကျေနပ်နပ်ကြီး သာ ပြုံး လိုက်မိသည် ။ ငါ့ ကို စ , ရ လို့ မင်း ပျော်တယ် ဆိုရင် ငါ ကျေနပ်တယ် သူငယ်ချင်း ရယ် ။ မင်း အတွက် ပျော်ချိန်တွေ သိပ် မကျန်တော့လို့ ပါ ။
အများ သိကြသည့် အတိုင်း သူ့ လုံးချင်းသစ် တစ်ကိုယ်တော်မဂ္ဂဇင်း သည် သူ ကွယ်လွန်ပြီး မှ ထွက်သည် ။ သူ့ နောက်ဆုံး စာအုပ်လေး ကို သူ မြင်မသွား ရှာ ။ သို့သော် ကျွန်တော့် အတွက် တော့ ဖြေသာ ပါသည် ။ စာအုပ် မမြင်ရပေမဲ့ ကျွန်တော့် လက်ရာ မျက်နှာဖုံး ကို တော့ သူ ကျေကျေနပ်နပ်လေး တွေ့မြင် သွားရသည် ။ စာအုပ် ထွက်ပြီး ချိန် မှာ မိတ်ဆွေအပေါင်းအသင်းတွေ နှင့် မင်းလူ စာဖတ်ပရိသတ်တွေ က မျက်နှာဖုံး ကောင်းကြောင်း ကြိုက်ကြောင်း ချီးကျူး စကား ဆိုကြသည် ။
မိတ်ဆွေများ ခင်ဗျား - ချီးကျူး လိုလျှင် ကျွန်တော့် သူငယ်ချင်း မင်းလူ ကို သာ ချီးကျူးကြပါ ။ မူရင်း အိုင်ဒီယာ ဟာ သူ့ စိတ်ကူး ပါ ။ ကျွန်တော် က အတတ်ပညာ နဲ့ သူ့ စိတ်ကူး ကို အကောင်အထည် ဖော် ပေးရုံ သက်သက်ပါ ။
၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း မှာ အဖမ်း ခံကြ ရတော့ ကျွန်တော် က ဘူမိဗေဒ နောက်ဆုံးနှစ် ကျောင်းသား ၊ ဉာဏ်ပေါ် က ဒုတိယနှစ် ဒဿနိကဗေဒ ကျောင်းသား ။ အင်းစိန်ထောင် ထဲ မှာ ဆုံပြီး ဘော်ဒါ ဖြစ်ကြသည် ။ အပြင် ရောက်တော့ လည်း တတွဲတွဲ ။ သူ လည်း စာရေးဆရာမင်းလူ မဖြစ်သေး ။ ကျွန်တော် လည်း ပန်းချီမျိုးမြင့် မဖြစ်သေး ။ အနုပညာ နယ် မှာ နေရာကလေး တစ်နေရာ ရဖို့ အတူတူ ကြိုးစား ခဲ့ ကြသည် ။ သူ ပထမဆုံး လုံးချင်း ပန်းကျောင်း ရေးတော့ ကျွန်တော့် ကို မျက်နှာဖုံး အပ်သည် ။ သူ့ မှာ ထူးထူးခြားခြားလေး ဖြစ်ချင်သည့် ရောဂါ အဲသည်တုန်း ကတည်း က ရှိ ခဲ့သည် ။ ပန်းကျောင်း ဝတ္ထု က အထက်တန်းကျောင်းသား လူငယ်တွေ အကြောင်း ဆိုတော့ လိုက်ဖက်မှု ရှိအောင် ကျွန်တော် သုံးနေကျ ရေဆေး ကို မသုံးဘဲ ရောင်စုံခဲတံ နှင့် ရေးဆွဲ ပေး လိုက်သည် ။ သူ့ စိတ်ကြိုက် ဖြစ် သွားသည် ။ ပန်းကျောင်း ဝတ္ထု နဲ့ ပွဲဦးထွက် သူ အောင်မြင် သွား သလို ကျွန်တော့် ကို လည်း အထိုက်အလျောက် ပရိသတ် သိ သွားခဲ့သည် ။
အဲဒီ နောက် သူ့ စာအုပ်တွေ မှာ ကြိုကြား ကြိုကြား
မျက်နှာဖုံး ရေးခွင့် ရခဲ့သည် ။ တစ်ခါတစ်ရံ လည်း မဂ္ဂဇင်း စာမျက်နှာ တွေ ပေါ် မှာ သူ့ စာ နဲ့ ကျွန်တော့် ပုံ တွဲ မိသည် ။ ၁၉၉၁ ကျွန်တော် ပြည်ပ ထွက် သွားတော့ လူချင်း ရော အနုပညာချင်း ရော အဆက် ပြတ် ခဲ့ ရပြန်သည် ။ ဟော အခု ဆုံမည် ဆိုတော့ သူ ရောဂါ ဖြစ်နေချိန် ကျ မှ ပြန် ဆုံရသည် ။ ဆုံရ ပြန် တော့လည်း တိုက်တိုက်ဆိုင်ဆိုင် သူ့ စာအုပ် အတွက် မျက်နှာဖုံး ကျွန်တော့် ကို အပ်မည် ဟု ရည်ရွယ် ထား ချိန် ။ သူ နှင့် ကျွန်တော် စာမျက်နှာ ပေါ် မှာ မဆုံဖြစ်တာ ၂၅ နှစ် ကြီး များ တောင် ကြာ သွားခဲ့ပါပေကော ။ တစ်ကိုယ်တော်မဂ္ဂဇင်း ကို ကျွန်တော့် အဖုံး နှင့် ထွက်ဖို့ သူ စိတ်အား ထက်သန် ခဲ့ သလို ၊ ရေးဆွဲ ရမည့် ကျွန်တော် ကိုယ်တိုင်လည်း အမှန်တကယ် စိတ် လှုပ်ရှား ခဲ့ ပါသည် ။
သူ မရှိတော့ သော်လည်း သူ့ တစ်ကိုယ်တော်မဂ္ဂဇင်း က တော့ သပ်သပ်ရပ်ရပ် လှလှပပကလေး ထွက် လာခဲ့သည် ။ မင်းလူ ပရိသတ်များ နှင့် ရေးဖော်ရေးဖက်များ ဆွေမျိုး အပေါင်းအသင်းများ အားလုံး ဘဝင် ကျ ကြသည် ။ အဲသည် အားလုံး ထဲ ဘဝင်အကျ ဆုံး သူ ကတော့ ကျွန်တော် ပဲ ဖြစ်လိမ့်မယ် ထင်တယ် ။ မင်းလူ ရဲ့ စာပေဘဝခရီး မှာ ပထမဆုံး စာအုပ် ပန်းကျောင်း နဲ့ နောက်ဆုံး စာအုပ် တစ်ကိုယ်တော်မဂ္ဂဇင်း အဖုံးတွေ ကို ရေးဆွဲ ပေးခဲ့ သူ ဟာ ကျွန်တော် တစ်ယောက် တည်း ဖြစ် နေ လို့ ပါပဲ ။
တစ်ခါတစ်ခါ ကျွန်တော် လည်း ကျွန်တော့် စိတ်ထဲ ဇဝေဇဝါ ဖြစ် မိသည် ။ ဒီလို တိုက်ဆိုင်မှု ဖြစ်ဖို့ ဆိုတာ ကံကြမ္မာ က ပဲ တွန်းပို့ လိုက်တာလား ။ ဒါမှမဟုတ် သူ ကိုယ်တိုင် က ပဲ သူ့ အကြောင်း သူ သိ လို့ ကျွန်တော် ရှိ ရာ အရပ် ဆီ တမင် ရောက် လာခဲ့ တာလား ။ ကျွန်တော် မဝေခွဲတတ်တော့ ပါ ။
လွမ်းပါတယ် သူငယ်ချင်း ရယ် … ။
◾ ပန်းချီမျိုးမြင့်
📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment