❝ သားသက်ဝေ ❞
အရပ် ထဲ မှာ ကြက် ပျောက် သွားသည် ဆို လျှင် မောင်မြစ် ။
ဘုရားပွဲ မှာ ခေါင်းပေါင်း ချွတ် သွားသည် ဆိုလျှင် မောင်မြစ် ။
ကြက်ဝိုင်း ဖဲဝိုင်း မှာ ရန် ဖြစ်သည် ဆိုလျှင် မောင်မြစ် ။
အရပ် ထဲ မှာ အရက် မူး၍ လဲ နေသည်ဆို လျှင် မောင်မြစ် ။
မောင်မြစ် သည် ဟိုးလေး တကျော်ကျော် နှင့် မိုက်မဲ ဆိုးတေ နေသူ ဖြစ်၏ ။
ဘုန်းကြီးကျောင်း တွင် စာ သင်နေစဉ် က လူဆိုးဘွဲ့ ကို ရ ခဲ့၏ ။ ကျောင်းပြေး ရာ တွင် ဝိဇ် ၊ ခိုး ရာ တွင် ဇော် ၊ ရမ်းကား ရာ တွင် ပထမ ဖြစ်ခဲ့၏ ။ နေ့လယ် စာအံချိန် တွင် ကျောင်းပြေး ၍ ဆိတ် ၊ နွား ၊ မြင်း တို့ ကို စီး တတ် သော ကြောင့် ဘုန်းတော်ကြီး ၏ ကြိမ်စာ ကျွေး ခံရသည် မှာ မောင်မြစ် အတွက် ရိုး နေလေပြီ ။ တစ်ခါ က ကျောင်း ပြေး ၍ သင်္ချိုင်းကုန်း ရှိ အခေါင်းလွတ် တစ်ခု တွင် နှစ်ည နှင့် တစ်ရက် တိတိ ခိုအောင်း နေခဲ့ဖူး၏ ။ ကျောင်း က ကြက် ကို ခိုး၍ စား သော ကြောင့် ကျော နှင့် တင်ပါး တွင် ကြိမ်စကြာ ကစား ခံ ရသည် မှာ လည်း မောင်မြစ် အတွက် အဆန်း မဟုတ်ချေ ။ အိပ်ပျော် နေသော ကျောင်းသား တို့ ၏ ခြေမ အကြား တွင် မှို့ ညှပ် ၍ မီးရှို့လေ့ ရှိသောကြောင့် အရိုက် ခံ ရသည် မှာ လည်း အခြားသော သူတို့ အတွက် ဖြစ်ပါမူ မေ့နိုင်ဖွယ်ရာ အကြောင်း မရှိ ။ နောက်ဆုံး ၌ ဘုန်းတော်ကြီး က လက် လျှော့ လိုက် သောကြောင့် ကျောင်း မှ ထုတ် ၍ အိမ် တွင် ပင် ထားရှိ လေသည် ။ အိမ် မှာ လည်း တစ်ရန် ပင် ဖြစ်၏ ။
မောင်မြစ် မိဘ တို့ မှာ တောလိုက်အုံပါ များစွာ ချမ်း သာ ပေ၏ ။ တစ်ယောက် တည်း သော သားကလေး အား အလွန်အမင်း ချစ်ကြ၍ များစွာ အလို လိုက် လေသည် ။ အလို လိုက် သလောက် ပင် မောင်မြစ် က အမိုက် စော်ကားလေ၏ ။ ဝိဇယမင်းသား ကို အားကျ ၍ လား မသိ ။ မောင်မြစ် သည် နောက်လိုက်ငယ်သား ကျွန်ယုံတော်များ နှင့် အရပ် ကို မွှေနှောက် မှောက်လှန် လျက် ရှိ၏ ။ တစ်ရာအစိတ် ၊ တစ်ရာသုံးဆယ် တန် သော လွန်းပုဆိုး တို့ ကို ထည် လဲ ဝတ် ၍ ငယ်ကျွန်တော် တို့ အား ငွေထုပ် ကို ထမ်းစေ လျက် ရွာစဉ် ကို လျှောက် ပြီးလျှင် ကြက် တိုက်၏ ။ ဖဲ ရိုက်၏ ။ အရက် သောက်၏ ။ ရန် ဖြစ်၏ ။ မိမိ နှင့် မျက်နှာကြော မတည့်သူ မှန် က ကြီးငယ် မရှောင် ၊ ဗြောင် သော် လည်းကောင်း ၊ ပုန်း၍ သော် လည်းကောင်း တုတ် စမ်းလေ့ ရှိသောကြောင့် လျော် ကြေး ပေးရသည်မှာ များလှလေပြီ ။ တစ်ခါ က လည်း ဇာတ် ပွဲ တစ်ခု တွင် ရှင်ဘုရင် ထွက် ၌ ပြက်လုံး ထုတ် ၍ ရယ်စရာ ပြောရမည် ဟု အမိန့် ပေးသည် ကို မလိုက်နာ နိုင်ရှာသော ဇာတ်သမား တို့ အား တက် ၍ ရိုက် သောကြောင့် အမိ အဖ လုပ်သူ တို့ မှာ အကြီးအကျယ် တောင်းပန် တိုးလျှိုးခဲ့ရလေ သည် ။ တစ်ကြိမ် မှာ လည်း အလှူခံ ထွက်သော သီလရှင် တို့ ကို ထန်းတော ထဲ တွင် တွေ့၍ ဓားပြ ခြိမ်းခြောက်လျက် အက ခိုင်း သောကြောင့် ဆရာဘုန်းတော်ကြီး ခေါ် ၍ ရိုက် သည် မှာ သွေးထွက်သံယို နှင့် သုံးလေးရက် မထိုင်နိုင် လောက် အောင် ဖြစ် တော့၏ ။ ထိုသို့ ဆိုးတေ၍ ကောင်းတုန်း ကာလသား အရွယ် မှာ ပင် ဖခင်ကြီး ဆုံး ရှာတော့၏ ။ မောင် မြစ် မှာ ကား နောင်တ ရမည် ဝေးစွ ။ ပိုမို ဆိုးသွမ်း ဟော့ရမ်း လေတော့သည် ။
အရက် သောက် ၊ ဖဲ ကစား ရာ တွင် အတော် ဝါ ရင့် သွား သော ကာလ ဘိန်းပုန်းရာဇာ ဘဝ သို့ ရာထူး တိုးတက်ကြီး မြင့် သွား လေ၏ ။ တိတ်တိတ်ပုန်း ဘ၀ အစ ပထမ တွင် ကား ရှေးက ကဲ့ သို့ အမှု မပွေ အပိုးသေ လေ သောကြောင့် မိခင်ကြီး မှာ အတော် ဝမ်းသာ၏ ။ မိခင် ၏ မျက်နှာ တွင် အစဉ်အမြဲ စိုစွတ်သော မျက်ရည် သည် ခြောက်သွေ့ တော့ မည် ကြံတုန်း တွင် မောင်မြစ် ၏ ဘိန်း စား သော ဘဝ သည် ဘူး ပေါ် သလို ဘွားဘွားကြီး ပေါ် လာလေ၏ ။ အရက် စွဲ သူ ကား ပြန် ၍ ကောင်း ချင် လျှင် ကောင်း နိုင်သေး၏ ။ ဘိန်း စားသော သူ ကား ပြန် ၍ ကောင်း လာ ဖို့ရန် အလွန် ခဲယဉ်း၏ ။ မိခင်ကြီး မှာ တငိုငို တယိုယို နှင့် နေရ လေတော့သည် ။ အတော် ဇွဲ ကောင်း သော အသက် ဖြစ်၍ သာလျှင် မထွက်ဘဲ ကျန်ရစ် ၏ ။ သို့ တငိုငို နှင့် စိတ် အဆင်းရဲကြီး ဆင်းရဲ နေရသော မိခင် ထံ မှ မောင်မြစ် သည် အတင်းအဓမ္မ ငွေ တောင်း၍ အ ပြင်အပ တွင် ပျော်ပွဲ ဖွဲ့ နေရုံ နှင့် မတန်သေး ။ အိမ် တွင် တရုတ် တစ်ယောက် ကို ခေါ် ထားလျက် မီးခိုးချင်း မိုးမွှန် လေအောင် ဆေး စည်းစိမ် ကို ခံ လေတော့သည် ။ မိမိ အိပ် ခန်းထရံ ကို ဖောက်ထွင်း ၍ ပြောင်း ကို သွတ် ပြီးလျှင် တရုတ် ကို တစ်ဖက် မှ မီး ညှိစေလျက် ဆေး အရသာ ခံသည် မှာ တစ်နေ့ ကို ငါးကျပ်သား ၊ ခြောက်ကျပ်သား ကုန်၏ ။ ထိုသို့ နေ့စဉ် ရက်ဆက် သုံးဖြုန်း လေသော ကြောင့် ကျွဲ ၊ နွား ၊ လယ်ယာ ပစ္စည်းဥစ္စာ တို့ မှာ သူ တစ်ပါး ၏ လက်တွင်း သို့ သက်ဆင်း လေတော့၏ ။ ခိုစရာ မှ အရိပ် မရှိသော ဘ၀ သို့ ရောက် ရလေ၏ ။ တစ်ရပ် လုံး က အော့နှလုံး နာနေသော မောင်မြစ် အား မည်သူ က မျှ မသနား ။ မိမိ ၏ ကျေးဇူးခံ ကျေးဇူးစား များ ပင် လျှင် မျက်နှာ လွှဲ ကြကုန်၏ ။ သို့သော် မောင်မြစ် သည် ဘိန်း တည်း ဟူသေ နတ်ဆိုး အစိမ်း ကို အ ချိန် မှန်မှန် ပူဇော် နိုင် မှ အသက် ချမ်းသာရာ ရမည် ဖြစ်၍ ရွာ ပေါ် ရှိ တရုတ်ဆိုင် တစ်ခု တွင် ထင်းခွဲ ၊ ရေခပ် အလုပ် ဖြင့် ခိုကပ် လျက် အသက် မွေး ရလေတော့သည် ။ မိခင်ကြီး မှာ ကား အရပ် က သဒ္ဒါကြေး ကို မှီခို အားထားလျက် မျက် ရည် နှင့် မျက်ခွက် နေရ ရှာ လေတော့ သတည်း ။
ကာလ ရှည်လျားလေသော် ရွာ ရှိ တရုတ်ဆိုင် က လက် မခံ နိုင်တော့၍ မောင်းနှင် လွှတ် လေသောကြောင့် မြို့ ပေါ် ရှိ တရုတ်မုန့်ဆိုင် တစ်ခု တွင် ထမင်းစား ကျွန်ခံ အဖြစ် နှင့် ဘိန်းနတ် ကို လုပ်ကျွေး ရလေ၏ ။ အာယုဝဍ္ဎန မဟာ သြသဓဆေးကြီး ကို အချိန် မှန်မှန် မမှီဝဲ မသုံးဆောင် ရ သော် ငြား လည်း ချိုးရေခပ် ၊ သနပ်ခါးသွေး ၊ ကလေးထိန်း ၊ ထဘီ လျှော် အလုပ် ကို ကား နားရသည် မရှိ ဆက်တိုက် လုပ်ရ လေ၏ ။ ရှေးအခါ ဘုန်း တောက် စဉ်က လွန်းပုဆိုးကြီး တလွှားလွှား ၊ နောက်လိုက် ငယ်သား အပြည့်အစုံ နှင့် ဂုဏ် တံခွန် လွှင့် နေသော မောင်မြစ် ကို တွေ့ဖူးသူ သည် အကွက် အဆင် မပေါ်သော နံငယ်ပိုင်းကလေး မျှ နှင့် အောက်ကျ နောက်ကျ သပေါက် ဘဝ တွင် ရှိသော ပစ္စုပ္ပန် မောင်မြစ် ကို တွေ့မြင် ရပါ က များစွာ သံဝေဂ ရ ရှိ ပေလိမ့်မည် ။ အစား မမှန် ၊ အအိပ် မမှန် ၊ လူမလေး ခွေးမခန့် နှင့် ဆင်းရဲလှစွာသော ဘဝ ကို မောင်မြစ် သည် တစ်စတစ်စ စက်ဆုပ်စ ပြု လာ၍ ဆေး ဖြတ်မည် ကြံ မိ၏ ။ ဆေး ဖြတ်သော ကိစ္စ ကား ပြော သလောက် မလွယ်ကူ ။ အခန့် မသင့်လျှင် အသက် ကို ရန်ရှာ မည်ဖြစ်၏ ။ သို့ကြောင့် မောင်မြစ် မှာ ထမ်းပိုး နှင့် လှည်း တုတ် ကြား တွင် အစဉ်းစားရ ခက် လျက် စိတ် အပျက်ကြီး ပျက် လေတော့၏ ။
တစ်ခုသော နေ့ ၌ မောင်မြစ်တို့ ရွာ မှ ဈေးဝယ် လာ သော အဒေါ်ကြီး တစ်ဦး က မောင်မြစ် အား သတင်း တစ်ခု ကို ပြောကြားသည် မှာ မောင်မြစ် ၏ မိခင်ကြီး မှာ သေကောင်ပေါင်းလဲ နာ ဖျား နေကြောင်း ၊ ဆေးပေးမီးယူ ပြုစု မည့် သူ မရှိ ၊ ရောဂါ မှာ တစ်နေ့တစ်ခြား ဆိုးရွားလာလေ သောကြောင့် အသက် ရှင်နိုင်ဖွယ် မမြင် တော့ ကြောင်း ၊ မသေမီ အတွင်း မောင်မြစ် အား မြင်တွေ့ သွား လိုကြောင်း စသည် တို့ ဖြစ်၏ ။ မောင်မြစ် ၏ စိတ် သည် ကြီးစွာ ထိတ်လန့် စိုးရိမ် သွား၏ ။ မိမိ အား များစွာ အလို လိုက်ရှာသော မိခင်ကြီး ၏ သနားဖွယ် သော မျက်နှာ ကို မြင်ယောင် လာ ၍ ဣန္ဒြေ မျှ မဆည်နိုင် ၊ မျက်ရည် တွေတွေ ကျ လေတော့၏ ။ ရှေးက ဆိုးခဲ့ တေခဲ့ သော စိတ်ယုတ်မာ တို့ သည် ကြက် ပျောက် ငှက်ပျောက် ပျောက် လေ၍ နောင်တ ရခြင်း ၊ ထိတ် လန့်ခြင်း ၊ ပူဆွေးစိုးရိမ်ခြင်း တို့ သည် တစ်ခုပြီး တစ်ခု ဆက် ကာ ဆက်ကာ ပေါ် လာလေတော့၏ ။
ထို့ကြောင့် မိမိ ၏ သခင် ပေါက်ဖော်ကြီး ထံ မှ ငွေကလေး တစ်ကျပ် ကို အသနား ခံ ၍ မိခင်ကြီး အတွက် ဓာတ်စာ တို့ ကို ဝယ်၏ ။ ငန်းဆေး ၊ လျှာပွတ်ဆေး ၊ အဖျားဖြတ်ဆေး တို့ ကို ဆရာကတော် ထံ မှ တောင်း၏ ။ သို့သော်လည်း အသက် ကို မီ နိုင်ဦးမလား ဟူသော စိုးရိမ်ခြင်း က ကြီးမား လှသော ကြောင့် မိမိ အတွက် အာယုဝဍ္ဎန ဆေး ဝယ် သွားဖို့ ကို မေ့ လေတော့၏ ။ စုဆောင်း ရသမျှကလေး ကို ထမ်း၍ အထွေထွေ အလာလာ စဉ်းစား ပူပန်သော အသွင်ဖြင့် ခေါင်း ငိုက်စိုက် ကျိုး လျက် ရွာ ဘက် သို့ ထွက်ခဲ့ လေ၏ ။ ယခု ပြည်တော်ပြန် မောင်မြစ် ကား ရှေးက မောင်မြစ် မဟုတ် ၊ မိုက်စွယ် ကျိုး သော မောင်မြစ် ၊ ဘိန်းစိတ် ပျောက်သော မောင်မြစ် ၊ သံဝေဂ ရသော မောင်မြစ် ဖြစ် လေတော့၏ ။
ရွာ သို့ ရောက်၍ သူ တစ်ပါး ၏ နွားတင်းကုပ် ထဲ တွင် မချိတင်ကဲ ဝေဒနာ ခံစား နေရရှာသော မိခင် ကို မြင်သော အခါ ရှေး က ထက် ပို၍ တရား ကျလေတော့၏ ။ တော်သင့်ရာ ဆေးတို့ ကို ရေလဲ အမျိုးမျိုး နှင့် တိုက် ၊ ဓာတ်စာ ကို ကျွေး ၊ ခြေဆုပ်လက်နယ် ပြု နှင့် တစ်နေ့ ကုန် သွားလေ၏ ။ မိခင်ကြီး မှာ သားလူမိုက်ကြီး တရား ကျလာသည် ကို မြင် ရသောကြောင့် တစ်ကြောင်း ဆေးဝါး အစားအစာ မှီဝဲရသော ကြောင့် တစ်ကြောင်း များစွာ စိတ် ချမ်းသာ လာလေ၏ ။ သို့သော် ဆေး ပြတ်နေသော မောင်မြစ် မှာ မူ နှာရည် တရွှဲရွှဲ ၊ မျက်ရည် တဝဲဝဲ နှင့် ဘိန်းနတ် ဖမ်းစားခြင်း ကို ခံ ရလေ၏ ။ သို့နှင့်လည်း မိခင် အား အပြုအစု မပျက် ၊ အနား က ထိုင်၍ အရိပ် တကြည့်ကြည့် နှင့် “ အမေ သက်သာရဲ့လား ၊ ဘာ စား ချင်သလဲ ဟင် ၊ ခံတွင်း ကောင်း လာအောင် လျှာပွတ် ဆေးကလေး စားပါဦးတော့ ” နှင့် အားပေး စကား ပြော ကြား လျက် ရှိပေ၏ ။ ညအခါ ၌ လည်း အိပ်သည် မရှိ ။ ငုတ် တုတ် နှင့် လင်း လေ၏ ။ နောက် တစ်နေ့ တွင် ဘိန်းနတ် သည် ပိုမို ရက်စက် ကြမ်းကြုတ်စွာ ဖမ်းစားသည် ကို အလွန်အမင်း ချမ်းခြင်း ၊ မခံမရပ် နိုင်အောင် ပူခြင်း တို့ က တစ်လှည့်စီ သက်သေ ပြ လျက် ရှိ၏ ။ အရိုးအဆစ် မှ စ၍ တစ်ကိုယ်လုံး မှာ လည်း ကြေကွဲ ပျက်စီး သွားမလောက် ကိုက်ခဲ စ ပြု လာလေ၏ ။ သို့နှင့်လည်း အားမလျှော့ မိခင် ကို ပြုစုလျက် ပင် ရှိ၏ ။ မြို့သို့ ပြေး ၍ ဆေးဝါး မှီဝဲလျှင် မိမိ ဝေဒနာ ချက်ချင်း ပျောက်ကင်းမည် ကို သိ သော်လည်း မိခင် ကို မထား ရက်ခဲ့သည် က တစ်ကြောင်း ၊ ဘိန်း ကို မုန်း သည် က တစ်ကြောင်း ကြောင့် ကြိုးစား ၍ ခံ လေ၏ ။ နောက် တစ်နေ့ တွင် ကား ဟန် မဆောင် နိုင်တော့ ၊ မိမိ လည်း လဲ လေတော့၏ ။
ဘိန်းနတ် က အစွမ်းကုန် ညှဉ်းဆဲ လေပြီ ။ သို့နှင့်လည်း မိခင် အား အပြုအစု မပျက် ။ အနိုင် ခဲ ၍ ထ ပြီးလျှင် မိခင် အား ကြည့်ရှု မစ လျက်ပင် ရှိ၏ ။ သေ လိုလျှင်လည်း ဤ နေရာ တွင် ပင် သေ စေတော့ ၊ မိခင် အား မထားပစ်ခဲ့ နိုင် ။ ဘိန်း ကို လည်း ပြန်၍ မခင်တွယ် လိုတော့ ဟု စိတ် ကို ဆုံး ဖြတ် လိုက်လေ၏ ။ နောက် တစ်နေ့ မိုးသောက် သော အခါ ကား ဘိန်းနတ် သည် လက် လျှော့ စ ပြု လေ၏ ။ မိခင်ကြီး လည်း သိသိသာသာ သက်သာ လာ လေ၏ ။ ရက်အနည်း ငယ် ကြာသော အခါ မောင်မြစ် မှာ လည်း ဘိန်းနတ် လက် မှ လွတ် ထွက်၏ ။ မိခင် မှာ လည်း သေမင်း လက် မှ လွတ်ထွက် လေ၏ ။ ရွာသူရွာသား များ မှာ ယင်းတို့ သားအမိ အား ကြည့် လျက် များစွာ အံ့သြ ကုန်၏ ။ သနားကြ ကုန်၏ ။
မောင်မြစ် မှာ ရေခပ် ၊ ထင်းခွဲ အလုပ် မှ တစ်ပါး အခြား အလုပ် ကို မတတ် သော ကြောင့် မိခင် အား လုပ်ကျွေး နိုင်လောက်သော အလုပ် တစ်ခု ခု ကို ရှာဖွေရန် မြို့သို့ တက် သွားလေ၏ ။ သခင်ဟောင်း မုန့်သည် တရုတ်ကြီး ထံ တွင် အကြံ တောင်း ရာ မိမိတို့ တောရွာကလေး တွင် တရုတ်မုန့် မျိုးစုံ နှင့် ရေနံဆီ ရောင်း ဖို့ အကြံ ပေး၏ ။ အရင်းငွေ ကို လည်း စိုက်ထုတ် မ,စ ပေ၏ ။ ကျေးဇူး ကြီးပေစွ ။
တစ်ခုသော နံနက် တွင် မောင်မြစ် သည် တစ်ဖက် သော ဆိုင်း တွင် ရေနံဆီ ၊ တစ်ဖက် သော ဆိုင်း တွင် မြေပဲယို ၊ လမုန့် ၊ မုန့်ကြိုးလိမ် စသော တရုတ်မုန့် မျိုးစုံ ကို ထည့် ၍ ထမ်းပိုး ဖြင့် ထမ်းလျက် ရွာရိုး သို့ ဈေးရောင်း ထွက်လေ၏ ။ ရွာသူရွာသားများ က လည်း သနားလှ သဖြင့် သူ့ ထက် ငါ ဝယ်ခြမ်း ကြကုန်၏ ။ ရသမျှ သော အမြတ်အစွန်းကလေး မှ စုသင့် သလောက် စု၍ သုံးသင့် သလောက် သုံးလျက် မိခင် အား လုပ်ကျွေး ၊မွေးမြူ လာရာ တစ်နှစ် ကျော်ကျော်လောက် အတွင်း တွင် မိခင် အား ကိုယ်ပိုင် တဲ အိမ်ငယ်ကလေး နှင့် ခံ့ခံ့ညားညား ထား နိုင် လာလေ၏ ။ မြို့သို့ ကုန်ဝယ် သွား ရာ မှ ပြန် လာသော အခါတိုင်း “ ဟောဒါက အမေ ဥပုသ် ယူ ဖို့ ငှက်ပျောသီးကြီး ၊ ဟောဒါက အမေ ကြိုက်တတ်တဲ့ ပြောင်းဖူးဖက် ဆေးလိပ် ၊ ဘုရားမီး ပူဇော်ဖို့ ဖယောင်းတိုင် လည်း ပါတယ် ” စသည် ဖြင့် ဝယ် လာသော ပစ္စည်း တို့ ကို ဆိုင်ခင်း ၍ ပြ လေ့ရှိသည် ။ ထိုသို့သော အခြင်းအရာ ကို မြင်ရသော မိခင်ကြီး မှာ တစ်သက်လုံး ခံစားလာရသော ဝေဒနာ အမျိုးမျိုး တို့ ကို မေ့ပျောက်၍ ဝမ်း အသာကြီး သာ လေ၏ ။ သာဓု အကြိမ်ကြိမ် ခေါ် လေ၏ ။
သို့ သော် တစ်နေ့ တွင် ကား မောင်မြစ် ကို အားကျ သော တရုတ် တစ်ယောက် သည် မောင်မြစ် ကဲ့သို့ ပင် ဆိုင်း ထမ်းပိုး တန်ဆာပလာ အစုံ နှင့် တစ်ဇာတ် တစ်စင် ထောင် ၍ ဈေးပြိုင် ရောင်း လာသည် ကို တွေ့ ရ၏ ။ မောင်မြစ် ၏ ဦးကျိုး ပြီးသား စိတ် သည် ကား မတုန်လှုပ် ။ သူ့ ဝမ်းစာ သူ ရှာလေသည် သာ ဟူသော အမှတ် ဖြင့် အေးအေးပင် နေ လေ၏ ။ ရွာသူရွာသား တို့ မှာ လည်း မောင်မြစ် ဆီ က သာ ဝယ်ခြမ်းသည် များ ကုန်၏ ။ အပြိုင် ရောင်း လာသော တရုတ် ကား မောင်မြစ် ပေါ် တွင် အမျက် သို စ ပြုလေ၏ ။ သို့သော် အပေါ်ယံ ရွှေမှုံကြဲကလေး နှင့် မောင်မြစ် အား မိတ် ဖွဲ့ လာ၏ ။ သွား အတူ ၊ လာ အတူ မောင်မြစ် ၏ ကိစ္စ တို့ တွင် ကူညီ စ ပြုလာ၏ ။
တစ်ခုသော နံနက် တွင် မောင်မြစ် နှင့် ထို ဈေးသည် တရုတ် တို့ သည် ဈေး ဝယ်ရန် မြို့သို့ အတူ တက် သွားကြ လေ၏ ။ ဝယ်ခြမ်းခြင်း ကိစ္စ ပြီးသော အခါတွင် ထို တရုတ် သည် မောင်မြစ် ၏ ပစ္စည်း တို့ ကို ဝိုင်းကူ ထုပ်ပိုးပေး၍ မိမိ မလိုက်နိုင်သေးကြောင်း ပြောလျက် မောင်မြစ် အား တစ်ယောက် တည်း လွှတ် လိုက်လေ၏ ။ မောင်မြစ် သည် ရွာ နားရှိ ထန်းတော သို့ ရောက်သော အခါ မိခင် အတွက် ဝယ် ယူ လာသော ဆေးလိပ်စည်းကြီး ပြုတ်ကျ၍ ကောက်ယူ စည်းနှောင် နေစဉ် ထန်းတော ထဲ မှ ပုလိပ် နှစ်ယောက် ထွက် လာ၍ မိမိ ၏ ကုန်ထုပ် တို့ ကို ဖွင့် ရှာ လေ၏ ။ အကြောင်း မသိ ရှာသော မောင်မြစ် မှာ ကြောင်တောင် ငေး ၍ ကြည့် နေမိ ရှာ၏ ။ တစ်ခုသော မုန့်ထုပ် အကြား မှ ဘိန်းထုပ် တစ်ခု ကို တွေ့၍ ပုလိပ် တို့ က ဖမ်းမည် ၊ ဆီးမည် ခြိမ်းခြောက် သော အခါ ကျ မှ သတိ ရ လျက် မိမိ ပစ္စည်း မဟုတ်ကြောင်း ကို အမျိုးမျိုး ရှင်းပြ တောင်းပန်ပါ သော် လည်း အမှု ဆာ နေသော ပုလိပ်တော်မင်း တို့ မှာ မလွှတ်နိုင်ဘဲ မြို့ သို့ အပါ ခေါ်ဆောင် သွား လေတော့၏ ။ လမ်း တွင် လူကြုံ တွေ့၍ မိခင် အတွက် ဝယ် လာသော စားဖွယ်သောက်ဖွယ် တို့ ကို ပေးလိုက်ပါရစေ ဟု တောင်းပန် သော်လည်း အမိန့် မရ ၊ မိခင်ကြီး ရှိ ရာ ရွာ ဘက် သို့ စောင်းငဲ့ ၍ ကြည့်ကာ ကြည့်ကာ နှင့် ပင် ရဲသား တို့ လက်တွင်း ၌ လိုက်ပါ သွား ရှာ လေတော့ သတည်း ။
မောင်မြစ် ၏ မိခင်ကြီး မှာ ကား ဈေးသည် ထောင်ကဲကြီး ၏ ခါးပတ်စိမ်းကြီး နှင့် လျော့ရိလျော့ရဲ ပတ်ထားသော ဗိုက်ရွဲကြီး အထံ မှ ဖြည်းဖြည်း ညင်းညင်း နှင့် ပျင်းပျင်းရိရိ စည်းစိမ် နှင့် ထွက်ပေါ် လာသော “ ရေနံ .. စီ ၊ ရေ .. နံ .. စီ ” ဟူသော အသံ ကို ကြား ရတိုင်း သားသက်ဝေ အား လွမ်း ဆွတ် တမ်းတ မိသဖြင့် ထို အသံ ဆိတ် ရာ သီလရှင်ကျောင်း သို့ သွား ၍ ဗန်းခုံး ကို မိတ် ဖွဲ့ လျက် တရား နှင့် ဖြေဖျော် နေရ လေတော့ သတည်း ။
◾မင်းသုဝဏ်
📖 မြန်မာဝတ္ထုတို ( ၁၉၁၂ - ၁၉၆၄ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment