❝ မယုံနဲ့ တဲ့ ခင်ဗျာ ❞
“ မယုံနဲ့ ဗျ ”
ခေါင်း မပါ ခြေ မပါ ၊ ဗြုန်း ဆို စကားလုံး တစ်လုံး ဆိုင် ထဲ ပစ်ဝင် လာတယ် ခင်ဗျ ။ ဘာများပါလိမ့် ဆိုပြီး လှည့် ကြည့် လိုက် တော့ မှ အသား ဖြူဖြူ လူ တစ်ယောက် နဲ့
အသား မည်းမည်း လူ တစ်ယောက် ဝင် လာတာ ကို တွေ့ ရတယ် ခင်ဗျာ့ ။
“ မယုံနဲ့ဗျ ။ ဒီ မိုးမှောင် ဆို တဲ့ အကောင် က အပြော က မိုး မှာ ၊ သောက် တော့
ရေအိုးစင် ဆိုတဲ့ လူစားမျိုး ဗျာ ၊ ဘယ့်နှယ်ဗျာ ဒီ တိုက် ကို ၃၅ နဲ့ ဝယ် လိုက်တယ် ဆိုတာ ယုံနိုင်စရာ မှ မရှိတာဗျာ ၊ အဲဒီ တိုက် ဟာ မနှစ် တုန်း က ၁၈ သိန်း နဲ့ အတင်း ထိုး ရောင်း နေတဲ့ တိုက် ပါ ဗျာ ၊ အလွန်ဆုံး ပေးရ လှ ၂၀ - ၂၂ ပေါ့ ဗျာ ”
“ သူ က ပြန် ရောင်း ကောင်း အောင် မပေါက်တဲ့ ဈေး နဲ့ ဖိန့် နေသလား မှ မသိတာ ”
ထို လူ နှစ်ယောက် သည် စားပွဲ သို့ ထိုင် မိသည့် တိုင်အောင် စကား က မပြတ်သေး ။
“ ဖြစ်နိုင်တယ် ဗျ ၊ ဟိုနေ့ က လည်း ဗျာ ၊ ကြည့် သူ ပြော ပုံ နိုင်တီအိတ်မော်ဒယ် ၂၈
နဲ့ ဆို ၊ ရ သလောက် ယူမယ် ၊ ဆယ်စီး ရ ရ ၊ ဆယ့်ငါးစီး ရ ရ နဲ့ အော် နေပြန်တယ်ဗျာ ၊ ဒီ ကောင့် စကား ချင့် ယုံ ဗျ ”
“ အင်း ... ခက်တော့ခက်သားပဲ ၊ ဟေ့ ... ညီလေး အိုက်စ်ကော်ဖီ နှစ်ခွက် ”
နောက်ထပ် ကပ်စတန်မာ ( လာရောက် စားသောက်သူ ) များ ဝင် လာသဖြင့် ကျွန်တော့် အာရုံ သည် နောက် လူများ ထံ ရောက် သွားပါ၏ ။ ဆိုင်ရှင် တို့ ထုံးစံ အတိုင်း ။ စားသောက်ဆိုင် ၊ အရက်ဆိုင် ၊ ဈေးဆိုင်ပိုင်ရှင်များ သည် ကပ်စတန်မာများ ပြော စကား ကို မကြား တစ်ချက် ၊ ကြား တစ်ချက် ဖြစ် နေကြသည် က များပါ၏ ။ ဘောလုံးပွဲ ၊ ဆိုင်ကယ်ဈေး ၊ ကားဈေး ၊ တိုက်ဈေး ၊ နှစ်လုံး သုံးလုံး အခြေအနေ အချိန်အခါ ပေါ် မူတည်၍ ပြော နေကြသော စကားများ ကို ခေါင်း ထဲ မှ အတင်း ပုတ်ထုတ် ပစ်နေရပါ၏ ။ သောက် ချင် တာ သောက် ရအောင် ၊ စား ချင် တာ စား ရအောင် ၊ ခံတွင်း တွေ့ သွားအောင် ၊ စိတ် မငြိုငြင်အောင် ၊ သူတို့ ပြော နေတဲ့ စကား နောက် စိတ် အာရုံ ပါ သွားလို့ ကတော့ အလုပ် ပျက် ပြီ သာ မှတ် ပေတော့ ။ စိတ် က အိုးနင်း ခွက်နင်း တောင် ရောက် မြောက် ရောက် ရောက် မသွားဖို့ အရေး ကြီးတယ် ခင်ဗျ ။ သို့သော် “ မယုံနဲ့ဗျ ” ဆိုသော စကားလုံး ကျွန်တော့် ဦးခေါင်း ထဲ စွဲ ကျန် နေပါ၏ ။
မယုံနဲ့ဗျ တဲ့ ဗျာ ။
သူ့ စကား ကို ကျွန်တော် သဘော ကျ သလိုလို ပဲ ဗျာ ။ အသက် ၆ဝ အတွင်း မှာ
ယုံ မိလို့ ခံ ရပေါင်း များပကောဗျာ ။
“ ကိုချမ်းသာ ရှင့် လူ ပေါ် မလာတာ ကြာပြီ ၊ ကြည့် လုပ်ဦး ”
တစ်နေ့ ကုန်စုံဆိုင် ပိုင်ရင် ဒေါ်အိ က ပြော တယ် ခင်ဗျ ၊ ရှင့်လူ ဆို ကတည်း က ကျွန်တော်သိ လိုက်ပြီ ။ ဖိုးချော ကို ပြောတာ ၊ ဖိုးချော ဈေး စ ရောင်း တော့
“ ဟေ့ကောင် ချမ်းသာ ၊ ဒေါ်အိ ကို ပြော ပေးကွာ ”
ဆိုလို့ ဒေါ်အိ ကို လိုက် ပြော ပေး ရတယ် ခင်ဗျ ။
ဖိုးချော ဟာ ကျွန်တော့် မိတ်ဆွေ ပါ ၊ ငယ်ပေါင်းကြီးဖော် တွေ ပါ ၊ ငွေရေး ကြေးရေး စိတ်ချ ပါ ၊ ကျွန်တော် တာဝန် ယူပါတယ် ပေါ့ ၊ ဖိုးချော ဟာ အစ က တော့ ဟုတ်တုတ်တုတ် ခင်ဗျ ၊ ကုန် ကြွေး ယူလိုက် ၊ ရောင်း လိုက် ၊ ပြန် ဆပ်လိုက် ၊ အသစ် ထပ် ယူ လိုက် ၊ အဟောင်း ပေး အသစ် ယူ ၊ အဆင် ချော လို့ ၊ ကျွန်တော့် မှာ ကြား ထဲ က ဝမ်းသာ မိ ။ အရောင်းအဝယ် မှန် ကောင်း ၊ လင်မယား နှစ်ယောက် ပြုံးပြုံး ပြုံးပြုံး နဲ့ ဝင်ငွေ မှန် နေပြီ ။ ထမင်း နပ်မှန် နေပြီပေါ့ ခင်ဗျာ ။ စက်ဘီးလေး တစ်စီး ဝယ် လိုက်ပြီ ။
“ တယ် ဟုတ်ပါလားဟ ”
ကျွန်တော့် မှာ ဝမ်းသာ ။ မြေကွက်ကလေး တစ်ခြမ်း ဝယ် လိုက်ပြီ ။
“ ဟာ ... ဟုတ်ပြီဟေ့ ၊ ငါ့ လူ ဟန်ကျနေပြီ ”
သုံးပင်အိမ်ကလေး ဆော က်လိုက်ပြီ ။
“ အမယ် ... အဟုတ်ကြီး ပါ လား ဟ ”
လက်လီလက်ကား ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်အိ မိတ်ကောင်း ရတာပဲ ။ ဒေါ်အိ ၊ တဆင့်ခံ ဖိုးချော ၊ ဖိုးချော မိန်းမ မိပိန် ၊ မိပိန် သမီး ဘုတ်ဘုတ် ၊ ပေးကြယူကြ ၊ ရောင်းကြ
ဝယ်ကြ ၊ ဟုတ်ပြီ ဟုတ် နေပြီ ။ ဖြစ် နေပြီ အလုပ် ။
“ မောင် ... ကြည့် ပြော ဦးနော် ၊ ဖိုးချော မိန်းမ မိပိန် လွတ် နေပြီ ”
“ ဘယ်သူ က ကြိုး ဖြေ လွှတ် လိုက်လို့တုန်း ဟ ”
“ ဟာ ... မောင် က လည်း ”
ကျွန်တော် သဘော ပေါက် ပါသည် ။ မိပိန် လွတ် နေပြီ ။ ပထမ တစ်ကြိမ် တွေ့ တော့ ပါတိတ် ဝမ်းဆက် ကျောက်စိမ်းရောင် ၊ နောက် တစ်ကြိမ် ရွှေအိုရောင် ၊ နောက် တစ်ကြိမ် မျှင်ငါးပိရောင် ။ သူ့ နဲ့ လိုက်လား မလိုက်လား မသိ ၊ မိပိန် က တော့ ဝမ်းဆက် ထည်လဲ
လှော် နေပြီ ။ မြောက်တောက် မြောက်တောက် ဖြစ် လာပြီ ။ ဘယ်လို ထိန်းရပါ့ ။
“ ငွေ ကို ရေ ထင်တယ်ကွ ၊ ငချော တဲ့ တစ်ချော တည်း ရှိတယ် ”
ဟာ ... ပြဿနာ ၊ ဖိုးချော ပါ လွတ် လာပြီ ။ ထိန်းမရ သိမ်းမရ ဖြစ် လာပြီ ။ ကြားထဲ က “ ငွေရေးကြေးရေး ကိစ္စ ကျွန်တော် တာဝန် ယူပါတယ် ” ဆိုသော မောင်ချမ်းသာ မျက်ခုံး လှုပ် ချင် လာပြီ ။
ရှေ့ဆက် မဖတ်ချင်ပါနဲ့ တော့ ဇာတ်သိမ်း မကောင်းပါ ။ အာမခံ ရဲသော လူမိုက် ၊ ငမိုက်သား ကျွန်တော် ဖိုးချော အကြွေးများ ကို စိုက် လျှော် လိုက် ရပါ၏ ။ ဒေါ်အိ မျက်နှာ မကြည့်ရဲတော့ပါ ။ ကျွန်တော့် ထက် ဆိုးတာ က သိန်း ၅ဝ ဖိုးတုတ် ခင်ဗျ ၊ သိန်း ၅ဝ နဲ့ နာမည် ကြီး သွားတာ ဖိုးတုတ် ပါ ပဲ ။ ပြည်မြို့ မှာ ။ သူ့ အဝယ်တော် လူယုံ မောင်ရွှေလူ က သုံးလုံး ပေါက် သတဲ့ ဗျာ ။ သိန်း ၅ဝ ရတယ် ပေါ့ နော် ။ အမယ် ... ဘုန်းကြီး ဆွမ်းကျွေးတွေ ဘာတွေ လုပ်လို့ ။ သူ့ ဆရာ ဖိုးတုတ် ဇွတ် ဆွဲ ခေါ်လို့ ကျွန်တော် ပါ ပါ သွားရသေး ။ ကန့်လန့် ကန့်လန့် နဲ့ ။ ဆွမ်းကျွေး မှာ ထမင်း စား နေတုန်း ဖိုးတုတ် မိတ်ဆွေ ဝကြီး က ဖိုးတုတ် နား နား ကပ် ပြော တယ် ။ တိုးတိုးကလေး ၊ ကျွန်တော် မပီမသ ကြား လိုက်တယ် ။
“ ဟေ့ကောင် မင်း လူ သုံးလုံး ပေါက်တာ မင်း က “ ဒိုင် ”
ဖြစ် နေဦးမယ်နော် ” တဲ့ ။ ကျွန်တော် နား မရှင်းပါ ၊ နား မလည်ပါ ၊ အ , လိုက်သည့် ဖြစ်ခြင်း ။
နောက် သုံးလ လောက် ကြာ တော့ မှ ကျွန်တော် နားလည် သွားပါ၏ ။ မောင်ရွှေလူ ပြေး ပြီ ။
ဖိုးတုတ် သိန်း ၅ဝ ထိ သွားပြီတဲ့ ဗျာ ။ ပြော တယ် ခင်ဗျ ၊ ပြော ကြတယ် ခင်ဗျ ၊ ၂၄၀
နဲ့ ဝယ် လိုက်တာ ၊ ၂၅ဝ နဲ့ ဝယ် လိုက်တာ ၊ ဘာ လုပ် လိုက်တာ ဘယ်လို ဖြစ် လာတယ် ။ ဘယ်က ဘယ်လောက် မြတ်တယ် ။ သည်နေ့ ဘယ်ဈေး ပေါက် နေတယ် ၊ ဘာတွေ ဖြစ်နေပြီ ပေါ့နော် ။
“ ဟုတ်ကော ဟုတ်ကဲ့လားကွာ ”
ကျွန်တော် က တစ်ခါ တစ်ခါ မိန်းမ ရ လာသော သတင်းများ ကို ဆန်းစစ်မိပါ၏ ။
“ မသိဘူးလေ ၊ သူတို့ ပြော တာ ရှင် သိအောင် ပြန် ပြော ရတာ ၊ နေ ... ဒီလို ဆို
နောက် သူများ ကြား ထားတာတွေ ပြန် ပြော မပြတော့ဘူး ”
“ အယ် ... အယ် ... သည်လိုတော့ မလုပ်လိုက် ပါ နဲ့ကွာ ၊ တို့ သတင်းသမား ဆိုတာ မှန်သည် ဖြစ်စေ ။ မမှန်သည် ဖြစ်စေ သတင်း ရဖို့တော့ လိုတာပေါ့ကွာ ၊ ရတဲ့ သတင်း ကို ဦးခေါင်း ထဲ ရိုက် ထည့် ထား ၊ ဦးနှောက် က စစ်ဆေး ၊ ချင့် ယုံ ရတာပေါ့ ကွာ ”
သူများ ပြော တဲ့ စကား တစ်ဝက် ခွဲ ၊ တစ်စိတ် ထပ် စိပ် ၊ အဲသည် တစ်စိပ် လောက် ယုံ ရုံ နဲ့ တော့ မထိခိုက် လောက်ဘူးပေါ့ နော် ။ ဟင်း ... ဟင်း ... အမှန်အတိုင်း ပြော ရလျှင် သူတပါး ကို မဆိုထားဘိ ၊ ကိုယ့် ကိုယ် ကိုယ် တောင် သိပ် မယုံချင်တော့ သလို လိုပဲ ဗျာ ။ ငါ လုပ် ခဲ့တာတွေ မှန် သလား မှား သလား ၊ ဟုတ် မှ ဟုတ်ရဲ့လား ပေါ့နော် ။
( ကျွန်တော့် အသက်အရွယ် ရောက် လာရင် ကျွန်တော့် လို ပဲ ဆန်းစစ် ကြည့်မိလိမ့်မည် ထင်ပါ၏ ။ )
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment