Thursday, January 5, 2023

ဖူးစာနတ် ပုသိမ်ထီး


 

❝ ဖူးစာနတ် ပုသိမ်ထီး ❞

ဘချော သည် နာမည် နှင့် လိုက်အောင် မချောသော်လည်း ကိုယ်ထည် ခံ့ညားခြင်း ၊ ခေတ် ကာလ လိုက် စတိုင် ထုတ်တတ်ခြင်း တို့ ကြောင့် နာမည်ကလေး ရ၏ ။ မြင်းခြံမြို့ ရှိ အင်္ဂလိပ်ကျောင်းကြီး တွင် ကိုးတန်း ပညာ ကို ကြိုးစား ၍ သင်အံ လျက် ရှိ နေရာ ရယ်ရွှင်ဖွယ် ပီယဝါစာ စကားများ ကို ရေ လို ပေါအောင် ပြောတတ် ဆိုတတ် သည့် အတွက် သူငယ်ချင်း မိတ်ဆွေအများ က ချစ်ခင် မြတ်နိုး ကြ၏ ။ ဘချော သည် ( လူလည်ကြီး ) ဟူသော ဘွဲ့ထူးကို ချီးကျူးခြင်း ခံ ရသဖြင့် မာန်ဟုန် တက်ကြွ လာပြီးလျှင် အပျိုမဒန်း ၊ ဇယ် ၊ ဆမူကလေးများ ကို အရယူလိုသော စိတ် ဖြစ်ပေါ်လာလေသတည်း ။

အထက်ပါ ကျောင်းကြီး မှာ ပင် ခင်သိန်း သည် ရှစ်တန်း တွင် ဝင်ရောက် သင်ကြား လျက် ရှိ၏ ။ အလှအချော တွင် BELL ( ဘဲလ် )ဟု ခေါ်ဆို ထိုက် သော်လည်း ခင်သိန်း မှာ ရုန့်ရင်းကြမ်းတမ်း ခက်ထရော်သော စကား များ ကို သာ ပြောလေ့ ရှိသဖြင့် ကျောင်းသား ကိုလူပျိုများ မှာ ပိုး ချင် သော် လည်း မပိုး ဝံ့ကြချေ ။ သို့အတွက် ဘချော အား မြှောက် ပေး၏ ။ ( ထင်ရာစိုင်း - ထင်တိုင်းပြု ) တတ်သော ဘချော သည် ( ငါ စွံ ရမယ် မရလျှင် မနေဘူး ) ဟု သန္နိဋ္ဌာန် ချပြီး လျှင် အပိုး လမ်း ကို တစ်မျိုး လှမ်း ၍ ဖွင့် လေ၏ ။

ခင်သိန်း သည် အဖော် မပါ တစ်ယောက် တည်း သာ ကျောင်း မှပြန် ၍ သွားလေ့ ရှိ၏ ။ ဘချော သည် ခင်သိန်း ပြန်သော အချိန်မှာ မိမိ အိမ် သို့ ပြန်၏ ။ ကျောင်း နှင့် မနီးမဝေး လမ်းကြားကလေး ထဲ တွင် နှစ်ယောက် ယှဉ် ၍ တမင် လမ်း လျှော က်၏ ။ ဘချော ၏ စိတ်ကို သိ သော ခင်သိန်း သည် ဆက်ကာ ဆက်ကာ ဘချော အား ဆဲ၏ ။ ခင်သိန်း ၏ ကြမ်းတမ်းသော စကားများ သည် ဘချော ၏ နား ထဲ သို့ ပျားသကာ လို ချို အောင် ဝင်၍ သွားလေ၏ ။ မခင်သိန်း ကို ချစ်လို့ပါ ၊ စိတ်မဆိုးပါနဲ့ ဟူသော စကားများ ကို ကြားရသော အခါ မိမိ တွင် ပါ လာသော မိန်းမဆောင်း ထီး နှင့် ဘချော အား ရိုက် လိုက်၏ ။ ဘချော မှာ စိတ် မဆိုး ၊ မိမိ ၏ စိတ် ကို ( အနာမခံ - အသာ မစံရ ) No Pains No Gains ဟူသော စကားပုံ နှင့် ဖိနှိပ် လိုက်၏ ။ ခင်သိန်း ၏ နှုတ်ခမ်း စူ ထွက်၍ လာသည် ကို ပင် တစ်မျိုး ကြည့်၍ ယဉ်သည် ဟု ဘချော ၏ စိတ် တွင် ဆုံးဖြတ် လိုက်၏ ။ ၎င်း နောက် လူ ရှုပ်သော လမ်းပေါ် သို့ ရောက်သော အခါ နှစ်ဦး ခွဲ၍ ထွက်သွားလေ့ ရှိ၏  ။

ဤကဲ့သို့ လျှင် နေ့စဉ်ရက်ဆက် လိုက်၍ ချစ်တင်းနှီးနှော မလျှော့ဘဲ ဘချော ကြံစည်ရာ ထမြောက် အောင်မြင်သော နေ့ ညနေခင်း ကျောင်း လွှတ် ချိန် သို့ ရောက် ခဲ့လေ၏ ။ ဘချော သည် ခါတိုင်း ကဲ့သို့ တွဲ၍ လမ်း လျှောက်ပြီး လျှင်

“ မခင်သိန်း ၊ ဘချော ကို သနားပါနော် ၊ ဒီလောက်တောင် အသနားခံ ဝင် လျှင် ခင် ဟာ ရက်စက်ဖို့ မသင့်ပါဘူး ”

ဟု ပြောပြောဆိုဆို ခင်သိန်း၏ ချောမောမွေ့ ညက်သော လက်မောင်းသားကလေး ကို အသာအယာ ကိုင် လိုက်လေ၏ ။ ဒေါသ ကြီး သော ခင်သိန်း သည် ဘချော အား ၎င်း ၏ ပုသိမ်ထီး နှင့် ဆက်ကာ ဆက်ကာ ရိုက်၏ ။ အလိုက် မသိသော ထီးရိုး သည် ဘချော ၏ ပါး တွင် သွေး ထွက်အောင် ထိလေ၏ ။ တစက် စက် ကျစီးသော သွေး သည် ခင်သိန်း ၏ ဒေါသ ကို နိုင်နင်း လိုက်ပြီး လျှင် သနား ကရုဏာ ဖြစ် လာလေ၏ ။ ( ငါ့ ကြောင့် ဘချော သွေး ထွက် သံယို ဖြစ် နေပြီ ၊ ငါ ဟာ မိန်းမမိုက်ကလေး ပါလား ၊ ငါ ဟာ ရက်စက်တဲ့ သူငယ်မ ပါ ကလား ) ဟု ကိုယ့် ကိုယ် ကိုယ် အပြစ် တင်ပြီးလျှင် သွက်လက်စွာ ကိုဘချော စိတ် မဆိုးပါနှင့် နော် ၊ ခင်သိန်း မိုက် လို့ ဖြစ်ရတာပါ ဟူသော တောင်းပန် စကား ကို စိတ် ထဲ တွင် ဗြောင်းဆန် အောင် ကစားရင်း ပြော လိုက်လေ၏ ။ ဘချော က လည်း “ မခင်သိန်း ၊ ကိုဘချော စိတ် မဆိုး တတ်ပါဘူး ၊ မခင်သိန်း စိတ် ဆိုး မှာ သာ ကိုဘချော ကြောက် တာပါပဲ ”

“ အို .. ခင်သိန်း စိတ် မဆိုးတော့ဘူး ကိုဘချော ”

ဟူသော စကားများ ကို ကြား ရသော အခါ ဘချော သည် ဆက်လက်၍

“ ခင်ရယ် ၊ မောင့် အချစ် ကို လက်ခံပါ ၊ ကိုဘချော ဟာ လူလိမ်လူညာ မဟုတ်ပါဘူး ၊ ယုံပါတော့ နော် ”

“ ဟင့်အင်း ၊ ကိုဘချော လောကကြီး မှာ ယောက်ျားများ ကို ယုံကြည်ဖို့ အတော် ခဲယဉ်း ပါတယ် ၊ သုံးရက် လောက် ခင်သိန်း စဉ်းစားပါရစေဦး ”

ဟု ပြန်၍ ပြော လိုက်သောအခါ ဘချော မှာ ကမ္ဘာမြေကြီး ချာချာလည် ၍ နေသည် ဟု ထင်လောက်အောင် ဘချော ၏ စိတ် တွင် သွက်သွက်ခါအောင် လှုပ်ရှားလျက် သွား လေတော့သတည်း ။

( သုံးရက် လွန်သော နေ့ )

“ ဟေ့ ဘချော ၊ စာ တစ်စောင် ရောက်တယ် ”

“ ပေးကွာ ၊ ဘယ် က လာ တာ ပါလိမ့် ”

ဘချော သည် စာအိတ် ကိုဖောက် ၍ ဖတ် လိုက်သော အခါ ဝမ်း အသာကြီး သာ၍ သွားလေ၏ ။

( ကိုဘချော ရှင့် ခင် ကိုဘချော ကို ချစ် လာပါပြီတဲ့ ၊ ကိုဘချော က သာ စကား တည်တံ့ပါစေ)

ဘချော ၏ စိတ် သည် အငြိမ် မနေ နိုင်အောင် လှုပ်ရှား၍ လာသဖြင့် ကျောင်း က အပြန် တွင် ခင်သိန်း အား ( ကိုဘချော ညတော့ လာခဲ့မယ် ၊ ခင်သိန်း စောင့်နေနော် ၊ ကိုးနာရီခွဲ ) ဟု ပြောပြောဆိုဆို ဘချော ၏ ပြန်ကြားချက် ကို စောင့်စား နေသော ခင်သိန်း ကို ပင် မကြည့်တော့ဘဲ ခြေလှမ်း သုတ်၍ သွားလေသတည်း ။

( ည ၉ နာရီ ခွဲ )

ဘချော အား မျှော်လင့် တောင့်တလျက် နေသော ခင်သိန်း သည် ပန်းခြံ ထဲ တွင် ဆေးလိပ် ကို တဖွာဖွာ နှင့် ၊ ဘချော ၏ အလာ ကို စောင့်လျက်ရှိ၏ ။ နာရီကြီး မှ ကိုးချက် ထိုး ပြီးလျှင် ထိုး ပြီး ချင်း ပင် ဘချော မှာ ခြံ ထဲ သို့ ရောက်ရှိ၍ လာ ခဲ့လေ၏ ။ ကြိုတင် ကာ စောင့်မျှော်လျက် နေသော ခင်သိန်း သည် ရှေ့ မှ မိမိ ထံ သို့ လာ နေသော တလှုပ်လှုပ် နှင့် ခပ်သုတ်သုတ် ဖြင့် လျှောက်လာသော မည်းမည်း သဏ္ဌာန် တစ်ခု ကို တွေ့မြင်လေရာ သေချာစွာ စိုက် ကြည့်၍ နေပြီး ဧကန္တ ဟို က လာ နေတဲ့ လှုပ်လှုပ် လှုပ်လှုပ် နဲ့ မည်းမည်းကြီး ဟာ ကိုဘချော ပါ ပဲ ဟု တထစ်ချ ယုံကြည် လိုက်သည် နှင့် တစ်ပြိုင်နက် သန်မာထွားကျိုင်း သော ဘချော ၏ လက်ကြီး သည် ခင်သိန်း ၏ နုထွားသော ပခုံး ပေါ် သို့ လက် ရောက် ၍ သွားလေ၏ ။

“ အို ”

“ ဘာ အို လဲ ”

“ လွှတ်နော် ဒါပဲ ၊ ရှင် ဒါလောက် ရမ်းမှန်း သိရင် ခင်သိန်း စကား မပြန်ဘူး ၊ ခုတော့ အားမနာပဲ …. ”

“ ဘာ အားမနာသလဲ ”

“ ခုလို အရမ်းကာရော လုပ် တာပေါ့ ”

“ ဒါ ရမ်းတယ် လို့ ဆို နိုင်သလား ”

“ တော်ပါ ၊ စကား တတ်မှန်း သိပါတယ် ... ကြည့်ပါလား ၊ ကိုဘချော ဖယ်ပါ ဆို နေ .. ”

ဘချော သည် ခင်သိန်း အား မိမိ ၏ ရင်တွင်း သို့ ပိုက်ပွေ့ ကာ ယူလိုက် ပြီး နောက်

“ ခင်သိန်း ... ကိုဘချော ကို ချစ်ပါနော် ၊ ကိုဘချော ခင်သိန်း ကို မရရင် သေရပါတော့မယ် ၊ ချစ်တယ် မဟုတ်လား .. ခင် ”

“ ဒီလို ရမ်းတဲ့ လူ ကို မချစ်ဝံ့ဘူး ”

“ ဒါ ရမ်းတာ မဟုတ်ပါဘူး ခင်ရဲ့ ၊ ချစ်လွန်း တော့ ကိုယ့် စိတ် ကိုယ် မနိုင်ဘူး ၊ မနိုင်တော့ ... ”

“ တော်ပါ ၊ ကြားရပြင်း ကတ်လိုက်တာ ”

“ မကတ်ပါနဲ့ ”

“ ကတ်တယ် ”

“ အို .. ဘယ့်နှာလဲ ခင် ”

“ ဘယ့်နှာလဲ မောင် ”

“ ကဲ ... ရှုပ် ..ရှုပ် ... ရှုပ် ”

“ ကြည့်စမ်း ”

“ မမြင်ရဘူး ”

“ ဘာတုံး ”

“ အချစ်မှောင် ”

“ လွှတ်ပါ ”

“ မလွှတ်ဘူး ”

“ မလွှတ်ဘဲ နေ လို့ ဖြစ်သလား ”

“ ကိုဘချော ... နားလည်ပါတယ် ”

“ အမယ်... လူတတ်ကြီးနယ်"

“ တတ်တယ်လေ ”

“ တော်ပါ ”

“ မတော်နိုင်ဘူး ”

ဘချော ၏ မာကျော တောင့်တင်းသော ကိုယ်ကာယကြီး ပင် လျှင် အချစ် ဟူသော နတ် ဖမ်းစားခြင်း ခံ ရသောအခါ ရင် တတုန်တုန် နှင့် ဖိုလှိုက် ၍ နေလေ၏ ။ ထွားကျိုင်းသော ဘချော ၏ ရင်ခွင် ဝယ် နေ ရသော ခင်သိန်း မှာ လည်း ပိပိရိရိကလေး ဖြစ်လျက် နေလေ၏ ။

ဘချော သည် တကြောက်ကြောက် တရွံ့ ရွံ့ နှင့် နေရသော ခင်သိန်း အား မြင် မိတိုင်း လှုပ်ရှား ပြီး လျှင် မရပ်မတည် နိုင်သော အချစ် လှိုင်းဂယက် ကို ပြိုင်းတက် လှုံ့ဆော် စေလေ၏ ။ မြောက်ဘက် တောတန်း မှ အရမ်း တိုက်လျက် ရှိသော လေပြည်လေညင်း ကလေးများ က လည်း ချစ်သူနှစ်ဦး ၏ အချစ်စိတ် ကို မပစ် ရက် နိုင်အောင် နှိုး လိုက်လေ၏ ။

နွေ လ ကျောင်းကြီး ပိတ် ၍ မကြာ မြင့် မီ ( ဘချော နှင့် ခင်သိန်း ) တို့၏ မင်္ဂလာဆောင် ကို မြင် မိသောကြောင့် ၎င်းတို့ မှာ တူနှစ်ကိုယ် တစ်ဖုံ နွှဲပြီး အပုံ ပဲ ချစ်ကြလိမ့်မည် ဟု ကျွန်ုပ် ၊ ၎င်းတို့ ကို ကြည့်ကာ ဖြင့် စိတ် ထဲ ၌ အားကျ မိတော့သတည်း ။

◾ချင်းကလေး

📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment