❝ မောင်ဒီ ❞
( အို ... မောင်ဒီ )
ကျွန်တော့် ကို မိတ်ဆွေ တစ်ယောက် က နောက် လ ကောက်ကြောင်း ဘယ်သူလဲ ဟု မေး လာသည် ။
ကျွန်တော် က ပန်းချီမျိုးညွန့် ဟု ဖြေ တော့ ထို မိတ်ဆွေ အံ့သြ သွားဟန် တူသည် ။ သူ က မြဝတီမဂ္ဂဇင်း တွင် ဆောင်းပါးရှင် ကောင်းညွန့် ရေး နေသည့် မဂ္ဂဇင်းသရုပ်ဖော် ပန်းချီဆရာများ တွင် ပန်းချီမျိုးညွန့် ပါပြီးဖြစ်ရာ ကျွန်တော် ကောက်ကြောင်း ရေး ၍ မသင့်တော့ ကြောင်း ထောက်ပြ ဆွေးနွေးခြင်း ဖြစ်ပါသည် ။
မှန်ပါသည် ၊ ကောင်းညွန့် ၏ မဂ္ဂဇင်း သရုပ်ဖော် ပန်းချီဆရာများတွင် ပန်းချီမျိုးညွန့် အကြောင်း ကကြီး မှ အ အထိ ပါပြီး ဖြစ် ပါသည် ။ မွေးသက္ကရာဇ် ၊ မိဘ မျိုးရိုး ၊ ဇာတိ ချက်ကြွေ ၊ ပန်းချီ စ သင်သော နှစ် စသည် စသည် များ ။
သို့သော်လည်း ကျွန်တော့် ကောက်ကြောင်း နှင့် ကား မတူနိုင်ပါ ။ ကျွန်တော် က ထို လူပုဂ္ဂိုလ်တို့ ၏ အချက်အလက်ပိုင်း ကို စိတ် မဝင်စားလှ ။ ထို သူတို့ ၏ လိပ်ပြာ ကိုချစ်သည် ။ ရင်ခုန်ပုံ ကို စိတ်ဝင်စားသည် ။ သက်ဝင်မှု ကို အကဲ ဖမ်း သည် ။ စိတ်ကူးစိတ်သန်း ဆုပ်ဖမ်း မရနိုင်သော သူတို့ ၏ အသက်ရှူပုံ ကို မြတ်နိုးသည် ။
ထို့ကြောင့် မင်းသစ် ၊ မင်းသိုက်မွန် တို့ အပြီး တွင် မောင်ဒီ ခေါ် ပန်းချီမျိုးညွန့် သည် ကျွန်တော့် ကောက်ကြောင်း တစ်ခု ဖြစ် လာရ ပြန်ပါသည် ။
••••• ••••• •••••
မောင်ဒီ ဆိုသော နာမည် သည် ကျွန်တော်တို့ ဟိုး ခပ်ငယ်ငယ် ကတည်း က ပင် ရင်းနှီးခဲ့ရပြီး ဖြစ်သည် ။
ကျွန်တော်တို့ ငယ်ငယ် က သင် ရသော ဖတ်စာ ထဲ မှာ မောင်ဒီ နာမည် ပါသည် ။ မောင်ဒီ ဆိုတာ က အရိုင်း ။ တောတွင်းသား ။ တွံတေး တောတန်းကြီး တစ်လျှောက် မှာ နေသည် ။
တစ်နေ့ ထို တောတန်း ၏ ပင်လယ်ကမ်းပါး မှာ သင်္ဘော တစ်စင်း ဆိုက်ကပ် လာသည် ။ မွန်ဘုရင်ကြီး ၊ မွန်မင်းသမီး နှင့် အခြွေအရံများ ၊ ထိုစဉ် က မွန်ဘုရင်ကြီး မှာ ခေါင်းကိုက် ရောဂါ စွဲကပ် နေ သတဲ့ ။ ဒါကို တောတွင်းသား အရိုင်းကလေး မောင်ဒီ က ကု ပေး သတဲ့ ။ ပျောက် သတဲ့ ။ သည်တော့ မွန် မင်းသမီးလေး က ကျေးဇူး တင်ပြီး မောင်ဒီ့ ကို ချစ်ရေး ဆို သတဲ့ ။
မောင်ဒီ က ပြေး ၊ မင်းသမီး က လိုက် ။ တစ်နေရာ မှာ လက်ချင်း ခိုက် မိသည် ကို အစွဲပြုပြီး “ လက်ခိုက် ” ကျေးရွာ တဲ့ ။ မောင်ဒီ က ကြိုက်ဘူး ၊ မင်းသမီး က ကြိုက်ပါ ဟု ငြင်းကြ ခုံကြတဲ့ နေရာ ကို အစွဲပြုပြီး “ ကြိုက်ဘူး ကြိုက်ပါ ဘုရား ” တဲ့ ။ ထို လက်ခိုက်ရွာ တို့ ၊ ကြိုက်ဘူးကြိုက်ပါဘုရား တို့ ကို ကွမ်းခြံကုန်း ဒလ ကားလမ်း ပေါ် မှာ တွေ့ နိုင်သည် ။
ပြီးတော့ ဒေးဒနော ၊ အင်္ဂလုံး စသော မွန်ကျေးရွာ စဉ် များ ။ ကျွန်တော်တို့ ငယ်ငယ် ကွမ်းခြံကုန်း - ဒလ ကားလမ်း ကို ဖြတ်၍ ဖြတ်၍ သွား ရတိုင်း ၊ ရွာတွေ ၊ ဘုရားတွေ ကို မြင်ရတိုင်း ထို ဖတ်စာ ထဲ က မောင်ဒီ့ အတိတ်တွေ က အရိပ် လို ကပ်ငြိခဲ့မြဲ ဖြစ်သည် ။
ပုံပြင် ထဲ က မောင်ဒီ နှင့် ဝေးခဲ့ပြီး နောက် လောကသား မောင်ဒီ နှင့် ဆုံရသော ထို ပန်းချီမောင်ဒီ ခေါ် မျိုးညွန့် က ကျွန်တော့် ကို ပုံပြင် နှယ် ဖမ်းစား တိမ်းမူး စေ ခဲ့ပြီ ။ မောင်ဒီ ကောက်ကြောင်း အစအနများပင် တကား ။
••••• ••••• •••••
ကျွန်တော့် တွင် မောင်ဒီ အင်ထရိုဒတ်ရှင်း ( Introduction ) တွေ တော်တော်များများ ရှိ ခဲ့ပါသည် ။
ခေတ်သစ် အဆိုတော် ခင်ဝမ်းက သူ ၏ တေးတစ်ပုဒ် ကို အို ... မောင်ဒီ ဟု ပေး ဖူးသည် ။
“ အို ... မောင်ဒီ ... ခင်ဗျား နဲ့ ကျွန်တော် လမ်းကြိုလမ်းကြား ... လျှောက် သွားတုန်း က ... အကြောင်းတွေ ... ” စသော လူငယ်ကြိုက် တေး တစ်ပုဒ် ။
ထို မောင်ဒီ ကား ပန်းချီမောင်ဒီ ခေါ် မျိုးညွန့် ။ ၃၈ လမ်း ထိပ် ကို ဖြတ် သွားတိုင်း ကျွန်တော့်အနုပညာ မိတ်ဆွေ တစ်ယောက် က ခရေလက်ဖက်ရည်ဆိုင် တွင် ခပ်မှိန်မှိန် ထိုင် နေသော လူ တစ်ယောက် ကို လက်ညှိုး ညွှန်ပြီး “ အဲဒါ မောင်ဒီ ပေါ့ ” ဟု ပြ ဖူးသည် ကို မှတ်မိ၏ ။
ထို မောင်ဒီ သည် လည်း ပန်းချီမောင်ဒီ ခေါ် မျိုးညွန့် ။
ဟိုး ... ၁၉၇၁ ခုနှစ် တစ်ဝိုက် ရန်ကုန်ဘဆွေ ဦးစီးခဲ့သော ရုပ်ရှင်ချစ်သူမဂ္ဂဇင်းများ ပြန် ရှာ ဖတ်တော့ မောင်ဒီ ကလောင်ဖြင့် ကဗျာ တော်တော်များများ တွေ့ သည် ။ ထို မောင်ဒီ သည် လည်း ပန်းချီမောင်ဒီ ခေါ် မျိုးညွန့် ။
ထို မောင်ဒီ နှင့် ကျွန်တော်တို့ သည် ၁၉၈၀ ပြည့် နှစ် လွန် သည်ဘက် နှစ်များ တွင်း မှာ လူချင်း ရင်းနှီး မိခဲ့ကြပေသည် ။
••••• ••••• •••••
တစ်ခါက တော့ ဘားလမ်း ( မဟာဗန္ဓုလပန်းခြံလမ်း ) ညနေခင်း လက်ဖက်ရည်ဆိုင် တစ်ဆိုင် မှာ ကျွန်တော် ၊ ကိုဒီ ၊ ပိုပို နှင့် ကိုခင်လွန်း တို့ ထိုင် နေ ဖြစ်ကြသည် ။ လက်ဖက်ရည် တစ်ငုံ ၊ ဘိန်းမုန့် တစ်ဖဲ့ ၊ အကြမ်း တစ်ခွက် နှင့် ညနေ ။
ကိုဒီ က ကျွန်တော့် ကို ခေါင်း တညိတ်ညိတ် လုပ်ပြီး ပြုံး ကြည့် နေခဲ့သည် ။
“ ကျွန်တော် ရုပ်ရှင် ရိုက်ချင် တဲ့ လူ နှစ်ယောက် ရှိတယ် ဗျ ၊ ဒါရိုက်တာ ကိုမိုးသူ ရယ် ၊ ခင်ဗျား ရယ် ပဲ ကိုသာချို ၊ တကယ် ပြောတာ ၊ ကိုမိုးသူ ကိုတော့ သိုင်းကားတွေ ရိုက် ချင်တယ် ၊ ခင်ဗျား ကို တော့ ဂျာမန်စစ်ကား ရိုက် ချင်တယ် ”
ကိုဒီ့ စကား ဆုံးတော့ အားလုံးက ခပ်ဟဟ ဝိုင်း ရယ်သည် ။ ကျွန်တော့် မှာ ကား မျက်နှာ မထားတတ်တော့ ။
ကိုဒီ ကား ကျွန်တော့် ကို လူကြမ်း အဖြစ် မြင်သည် ။ အရိုင်း အဖြစ် မြင်သည် ။ ကိုဒီ့ အမြင် ကိုကား ကျွန်တော် မငြင်းပါ ။ ကိုဒီ နှင့် နှိုင်းယှဉ် လျှင် ကျွန်တော် သည် ကြမ်းနေ ရိုင်းနေ ပါလိမ့်မည် ။
ကျွန်တော် က သွေးဆူ သည် ။ လူ တစ်ယောက် ယောက် သည် မဟုတ် မတရား လုပ်ခွင့် သာ နေပုံမျိုး ၊ ခပ်ချောင်ချောင် နှင့် ထမင်း စား နေရပုံမျိုး ၊ မျက်ခုံးမွေး ပေါ် စင်္ကြံ လျှောက်ခွင့် ရနေပုံမျိုး ပေါ်နေမည် ဆိုသည် နှင့် ရန် ရှာ ချင်သည် ။ ရန် စ ချင်သည် ။ ကိုယ်ထိလက်ရောက် တုံ့ပြန်ရပုံမျိုး ကို အမှန်တရား ထင်သည် ။ ခွင့် မလွှတ်စတမ်း ။ ကိုဒီ ကား ကျွန်တော်တို့ နှင့် ပြောင်းပြန် ။ အရာရာ ကို ခွင့်လွှတ်ပြီး ( သက်ဝင်မှု )ကျကျ ရင်ဆိုင်ချင်သူ ။
ကိုဒီ့ အတွက် ကြိယာဝိသေသနတွေ များစွာ ရှိပါသည် ။ အေးအေးဆေးဆေး ၊ ငြိမ်းငြိမ်းချမ်းချမ်း ၊ တွေးတွေးဆဆ ၊ ပေါ့ပေါ့ပါးပါး ၊ တိတိပပ ၊ ယုံယုံကြည်ကြည် ၊ မှန်မှန်ကန်ကန် ၊ ခက်ခက်ခဲခဲ စသည် များ ။
••••• ••••• •••••
လူ တစ်ယောက် အတွက် အရေးကြီးဆုံး သော မေးခွန်း တစ်ခု ရှိ ပါသည် ။ “ ဘာ လုပ်ဖို့ လူ ဖြစ်လာသလဲ ” ဟူသည့် မေးခွန်း ။
ကဗျာ ရေး ဖို့ ၊ ဝတ္ထု ရေး ဖို့ ၊ ဆေး ကု ဖို့ ၊ ဇာတ်လိုက် လုပ် ဖို့ ၊ တေး သီဆို ဖို့ စသော အဖြေ များ လည်း အထွေ ထွေ ရှိ ပါသည် ။
သည် အဖြေ တစ်ခု ခု ကို ရွေးချယ် ဖို့ လည်း လူတိုင်း မှာ တာဝန် ရှိ ပါသည် ။ အလွယ်တကူ ဖြေ လို့ မရ ။ ရည်ရွယ်ချက် ရော ၊ ကိုယ်တိုင်ရဲ့ စွမ်းရည်ရော ပေါင်း ပြီး မှ မိမိ ဘယ် နေရာမှာ ရှိသလဲ ဆိုတာ ကို ပြောဆို ဖို့ ဖြစ် ပါသည် ။
ကိုဒီ တွင် ကား အဖြေ ရှိပြီး ဖြစ်ပါသည် ။ ပန်းချီ သည် မောင်ဒီ ၊ မောင်ဒီ သည် ပန်းချီ ပေ ပဲ ပေါ့ ၊ ပန်းချီ ဆွဲ ဖို့ မွေးဖွား လာသူတွေ လက်ချိုး ၍ ရသည့် အထဲ မှာ ကိုဒီ အခိုင်အမာ ပါပါသည် ။
တစ်ခါက မဂ္ဂဇင်းတိုက် တစ်ခုမှာ ကိုဒီ နှင့် ဆုံပါသည် ။ ကျွန်တော် က နံရံ ပေါ် မှ ရောင်းတမ်းဝင် ဝတ္ထုစာအုပ် ကြော်ငြာလှလှ တစ်ခု ကို ညွှန်း ပြီး -
“ ဆရာဒီ ... အဲဒီ ပုံ ကို အခု နေ ဆရာဒီ ဆွဲမယ် ဆိုရင် အလွယ်တကူ နဲ့ ရ မလား ၊ ကျွန်တော် သိချင်တယ်ဗျာ ၊ မဆွဲတတ် တာ လား ၊ မဆွဲချင် တာ လား ၊ ဆွဲ ကော ဆွဲဖူး ခဲ့ လား ၊ လုပ်စမ်းပါ ”
မေးထိုက်သော မေးခွန်း လား ၊ မမေးထိုက်သော မေးခွန်း လားတော့ မသိ ။
ကိုဒီ မှာ တော်တော်ကြာကြာ ငြိမ် နေသည် ။ မေးရိုး ကားကား ၊ မျက်တွင်း ကျကျ ၊ နှုတ်ခမ်းမွေး ထူထူ နှင့် မျက်လုံး ပုတ်ခတ်ပုတ်ခတ် ၊ ဘုန်းကြီးကျောင်းသား အကြီးစား ရုပ် မျိုး ။
“ ဒါက တော်တော်ရှည်ရှည် ပြော ရမယ့် ဟာ ပဲ ကိုသာချို ”
“ လုပ်ပါ ဆရာဒီ ရဲ့ ၊ ဘာဖြစ်လဲ ”
ကိုဒီ က နံရံ ပေါ် က အပေါစား စီးပွားဖြစ် စာအုပ် ကြော်ငြာ ကို တစ်ချက် လှမ်း ကြည့် ပြန်သည် ။
“ ဒါမျိုး ကို ကော်မာရှယ်ပန်းချီ ခေါ် တယ် ဗျ ။ ဒီလို ကိုသာချို ရာ ၊ ကျွန်တော် ရန်ကုန် ရောက်ပြီး အနုပညာဝန်ထောက် ဆရာ ဦးစံဝင်း နဲ့ တွေ့ တယ် ၊ မတွေ့ခင် ဘဝတွေ က တော့ ထားပါတော့ ဗျာ ၊ တိုတို ချုံ့ပြော ရရင် ဆရာ ဦးစံဝင်း ဆီ သွားပြီး ကျွန်တော့် ပန်းချီကားကလေး တွေ သွား ပြတယ်ဗျ ။ အဲတော့ ဦးစံဝင်း က ဘာ ပြော သလဲ ဆိုတော့ မင်း ဟာ က ကော်မာရှယ် တွေ ပဲ ကွ တဲ့ ။ ကျွန်တော် က လည်း အဲဒါကို မခံချင်ဆုံးပဲ ဗျာ ၊ Fine လို့ ပဲ ပြောစေချင်တယ် ။ ဒါကို မကျေနပ်နိုင်ဘူး ။ နောက် တစ်ကား ထပ် ဆွဲပြီး တစ်ခါ သွား ပြန် ပြတာပေါ့ ၊ အဲဒါလည်း ဆရာဦးစံဝင်း က ကော်မာရှယ် ပဲ ပြော တာပဲ ။ တစ်ခါ ကျွန်တော့် လက် ကို ကျွန်တော် အတင်း ဖျက်ပြီး Fine မဖြစ် ဖြစ် အောင် ဆွဲ ပြီး သွား ပြန် ပြတာပဲ ၊ ဒါလည်း ဆရာ က ရယ်ပြီး မင်းလက်က ကော်မာရှယ် လက် တဲ့ ၊ ကျွန်တော့် မှာ ဝမ်းနည်း လိုက်ရတာ ဗျာ ၊ ဒါ ... ကျွန်တော့် ငယ်လက်ပေါ့ ၊ ခု ဒါတွေ ကျွန်တော် ဖျောက် လိုက်ပြီ ၊ ဒါဆို ဒီ ကော်မာရှယ် ပန်းချီ ဆွဲနိုင် ၊ မဆွဲနိုင် ခင်ဗျား မေးစရာ မလိုတော့ဘူး ပေါ့ ”
အားလုံးက ကိုဒီ ၏ နွမ်းနွမ်းပါးပါး အရိပ်အငွေ့များ ကို ငေးကြည့် နေကြသည် ။
ကျွန်တော် က တော့ ကိုဒီ အမြဲတမ်း ဝတ်သည့် အင်္ကျီလက်တို ဖြူဖြူဝယ် အမြဲတမ်း ပိန်ကပ် နေသော အိတ်ကပ်လေး ကို ငေး ကြည့်နေ မိသည် ။
တစ်ဒါဇင် နီးပါး ရှိသည့် သူ့ ကလေးများ ။ သင်္ဃန်းကျွန်း ငမိုးရိပ် လူနေ အိမ်ခြေ ရွှံ့နွံဗွက်အိုင် အိမ်အိုအိမ် ရဲ့ကလေးများ ။ ကိုဒီ ၏ မလှမပ ဘဝ အရိပ်များ မှာ ရှည်လျားလွန်းလှပါသည် ။
••••• ••••• •••••
တစ်ခါ က တော့ ကိုဒီ ၏ စားဝတ်နေရေး အဆင်မပြေမှုများနှင့် ပတ်သက် ပြီး ကျွန်တော် က အားမလို အားမရ ပြော ဖူးသည် ။
“ ဆရာဒီ ငွေ ရှာ သင့်တယ် ဗျ ၊ ဆရာဒီ့ အသိအမြင်တွေ အတတ်ပညာ တွေ ကို ဖျက်ပြီး ပိုက်ဆံ ရှာပါလား ဗျာ ” ဟု ။
ကိုဒီ ကား ခပ်မဆိတ် ၊ ပြုံးလဲ့လဲ့ နှင့် ပဲ ကျွန်တော့် ကို ကြည့် သည် ။ ထို အကြည့် မှာ အဓိပ္ပာယ် များစွာ ပါဝင် သည် ။ ထို အကြည့် နှင့် သူ့ ဘဝ တစ်လျား ကို ကျွန်တော် အတန်အသင့် တော့ နားလည်ထား ပါသည် ။
ကျွန်တော် ပုဂံညောင်ဦး ရောက် တော့ ဗူးဘုရား ခြေရင်း က နေ ဧရာဝတီ ကို ထိုင် ကြည့် နေ ခဲ့ ဖူးသည် ။ ဟိုးဘက် တစ်ဖက် ကမ်းပါး ပေါ် မှာ ဧရာဝတီ ရဲ့ တောအုပ်အုပ် ရွာငယ်ကလေးတွေ ကို လှမ်း တွေ့ နေရသည် ။ ဟိုး တော်တော် လှမ်းလှမ်း မှာ သရက်တော တဲ့ ။ မြစ်ခြေ သရက်တော ။ ကိုဒီ့ မွေးရပ်ဇာတိ သရက်တော ပေ ပဲ ပေါ့ ။
ထို သရက်တော က နေ ၁၉၅၉ - ၆ဝ ပြည့်နှစ် လောက် က ကိုဒီ ထွက်ခဲ့သည် ။ မန္တလေး က ဗဟိုစည် သတင်းစာ မှာ ကာတွန်းဆရာ အလျင် ဝင် လုပ်သည် ။ ထို့နောက် ရန်ကုန် က ကြော်ငြာဌာန တစ်ခု နှင့် ဆက်မိပြီး ရန်ကုန် ကို တက် လာသည် ။ ရန်ကုန် အရောက် မှာ တော့ ထို ကြော်ငြာဌာန က ဖျက်သိမ်း ပြီး ဖြစ်နေခဲ့ပြီ ။
“ ဒုက္ခ ရောက် လိုက်တာ မပြောပါ နဲ့ တော့ ကိုသာချို ရာ ၊ ဒါပေမဲ့ ကျွန်တော် က ကာတွန်း ဦးအောင်ရှိန် နဲ့ ရင်းနှီးတယ် ဗျ ၊ ကာတွန်းဦးအောင်ရှိန် မန္တလေး လာ တုန်း က ဆရာမြမျိုးလွင် အိမ် မှာ စားကြသောက်ကြ ဝိုင်းဖွဲ့ကြ ပေါ့ ၊ အဲဒီ အဆက်ကလေး ရှိထားတော့ ဆရာဦးအောင်ရှိန် ကို အကူအညီ တောင်း ရတာပဲ ၊ အဲဒီမှာ ပဲ စားအိမ် သောက်အိမ် နေအိမ် ဖြစ်သွားတယ် ဆိုပါတော့ ”
စသည် ဖြင့် ကိုဒီ ပြောဖူးသည် ။
ထို့နောက် တွင် တော့ ကွယ်လွန်သူ စာရေးဆရာ မိုးဝေ က ကိုဒီ့ ကို မဂ္ဂဇင်း ပန်းချီ လောက ထဲ ဆွဲ သွင်း သွားခဲ့လေသည် ။
“ ခင်ဗျား နှယ် ... ငွေ က တော့ သောက်သောက်လဲ ရ တာပဲ ၊ ပန်းချီကျောင်း တွေ ဘာ တွေလည်း ကျွန်တော် က တက် ဖူးတာ မဟုတ်ဘဲ နဲ့ တစ်လ တစ်ထောင် နှစ်ထောင် စီ တယ်ဆိုတာ ဟိုခေတ် အခါ ငွေ တန်ဖိုး နဲ့ ခင်ဗျား မှန်းသာ ကြည့် ပေတော့ ။ အဲဒီ တုန်း က Women ထဲ က မိန်းမပုံတွေ ကို မြန်မာ အဝတ်အစားတွေ ဝတ် ပေးပြီး ဆွဲ နေတာပေါ့ ။
ဒါပေမဲ့ ၆၅ ... အင်း ... ၆၅ ခုနှစ် လောက် ပါပဲ ၊ ကျွန်တော် စိတ် ပြောင်း သွားတယ် ၊ ကမ္ဘာ့ပန်းချီတွေ နဲ့ သွား တွေ့တယ် ၊ ပီကာဆို ၊ ဂေါ်ဂင် ၊ ဗန်ဂိုး ၊ ရေနွား ၊ စေဇန်း အများကြီး ဗျာ ၊ ဒီမှာ တင် ငါ ပန်းချီကား ပဲ ရေးမယ် ၊ အပေါစား မဂ္ဂဇင်း သရုပ်ဖော် မရေးဘူး ဆိုပြီး အခိုင်အမာ ဆုံးဖြတ်ခဲ့တယ် ။ အေးဗျာ ... Women ကို တွေ့ သွားပြီး ဗန်ဂိုး တို့ လည်း ဝင်လာရော ကျွန်တော် ငတ် တာပါပဲ ၊ ကျွန်တော် အများကြီး တင်းခံ ခဲ့တယ် ကိုသာချို ၊ အဲဒီတုန်းက လမ်းဘေး မှာ ကျွန်တော် စာအိတ်လေးတွေ တောင် ရောင်း ဖူးခဲ့တယ် ။
တစ်နေ့ မှာ မှတ်မှတ်ရရ ကျွန်တော် စာအိတ် ရောင်း နေတယ် ၊ ကျွန်တော့် မိန်းမ က လည်း ကလေး ကို ချီပြီး ဘေး မှာ ရပ် လို့ ။ လူ တစ်ယောက် ဗျာ ၊ လူကြီး လူကောင်း ပါ ပဲ ။ အစိတ်ထုပ် တစ်ထုပ် ကို ဘယ်လောက်လဲ တဲ့ ၊ ကျွန်တော် က နှစ်ကျပ်ခွဲ လို့ ဆိုတော့ တခြား မှာ နှစ်ကျပ် ရတယ် တဲ့ ၊ ဒီလိုနဲ့ နှစ်ကျပ်ခွဲ နဲ့ နှစ်ကျပ် တော်တော်လေး ငြင်း ပြီးတော့ သူ ထွက် သွားတယ် ။
ခဏကြာတော့ သူ တစ်ခါ ပြန် လှည့် လာတယ် ၊ လာ ပြန် ဝယ်တာ ဗျ ၊ ပါးစပ် က လည်း ပြော လိုက်သေးတယ် ၊ တခြား မှာ တကယ် နှစ်ကျပ် ရတယ် တဲ့ ၊ သက်သက် ဝယ် တာ တဲ့ ၊ ဟောဟို မှာ မင်း မိန်းမ ချီ ထား တဲ့ ကလေး မျက်နှာ ကြောင့် ဝယ်တာ တဲ့ ။ ကျွန်တော့် ရင် ထဲ ကြေကွဲ လိုက်ရတာ ကိုသာချို ရာ ။ ဒါနဲ့ ကျွန်တော် ကော်မာရှယ် တစ်ဝက် ၊ Fine တစ်ဝက် လုပ်မယ် ဆိုပြီး မဂ္ဂဇင်းတွေ ဘက် စိတ် လည် လာ ပြန်တာပဲ ”
ဘာပဲ ဖြစ်ဖြစ် ကိုဒီ့ ပုံများ နှင့် ပတ်သက်၍ သဘော မကျနိုင်သူများ လည်း ရှိ ပါသည် ။
ကဗျာဆရာ ကိုဖြိုးထိန် က ...
“ ကိုဒီ့ ပုံ တချို့တော့ ကျွန်တော် မကြိုက်ဘူး ဗျာ ၊ ကဗျာသရုပ်ဖော်ပုံ ဗျာ ၊ တြိဂံလေးတွေ ၊ လေးထောင့်လေးတွေ ၊ စက်ဝိုင်းတွေ နဲ့ ကိုဆွေတင့် စိတ်ညစ်မယ် ဆို ညစ် လောက်တယ် ဗျ ” ဟု ပြောဖူးသည် ။
မှန်ပါသည် ၊ စီးပွားရေး ရောင်းတမ်းဝင် အားနည်း လွန်းတော့ ကိုဒီ ပုံများ ကို တချို့ တစ်ဝက် စိတ်ပျက်မည် ဆိုလည်း ပျက်လောက် ပါသည် ။
ကိုခင်လွန်း က တော့ ...
“ ကိုယ် ကတော့ အကုန် ကြိုက်တယ်ဗျာ ၊ ဆရာဒီ ဘာမှ မရေးနဲ့ဦး ၊ ရိုးရိုး လက်ရေး ပဲ ရေးအား ပါတယ်လို့ ကိုယ် ထင်တယ် ၊ သူ့ လိုင်းတွေ မှာ ခွန်အား ရှိတယ် ” ဟု ဆိုဖူးသည် ။
ပန်းချီ ကိုအောင်ဘ က ...
"ဟာ ... ဒီ လူ က တစ်နေရာ ကို ရောက်သွားပြီ ဗျ ၊ သူ က ပါရမီရှင် ပဲ ပြောရမလား မသိဘူး ၊ ဘယ်သူ မှ လိုက် တု လို့ မရဘူး ၊ သူ ရယ် ၊ မုတ်သုန် ရယ် ကျွန်တော် လေးစားတယ် ” ဟု ဆိုဖူးသည် ။
ဘာပဲ ဖြစ်ဖြစ် ကိုဒီ့ ပန်းချီ ကို ဦးညွှတ်သူများ ထဲ မှာ ကျွန်တော် လည်း ပါ ပါသည် ။
••••• ••••• •••••
တစ်ခါကတော့ အရက်ဆိုင် တစ်ဆိုင် မှာ ကိုဒီ နှင့် ဆုံဖူးသည် ။ ဇောင်းထက် ၊ ကိုအောင်ပွင့် ၊ ကိုစိုးသစ် ၊ ကိုခင်လွန်း ၊ ပန်းချီ သန်းဌေးမောင် တို့ လည်း ပါသည် ဟု ကျွန်တော် ထင်သည် ။ ကိုဒီ က သူ့ ပန်းချီကားတွေ အကြောင်း ဘက် ကို စကား ခေါ် သွားသည် ။
ဥပုသ်နေ့ ဆိုသော ပန်းချီကား အကြောင်း ။ ထို ပန်းချီကား က အအေးရောင် ပန်းချီကားချပ် ။ ဇရပ် တစ်ဆောင် ပါသည် ။ ဇရပ် ပေါ် မှာ ဥပုသ်သည် အဘိုး နှင့် အဘွား ပါသည် ။ ဇရပ် ၏ လှေကားရင်း နား မှာ အိပ်ပျော် နေသော ခွေး တစ်ကောင် ပါသည် ။ ဇရပ် ရေတံလျှောက် ထဲ မှာ ခိုငှက်ကလေး တွေ ရှိသည် ။ ဇရပ် နှင့် မနီးမဝေး ခရေပင် အောက် မှာ ကောင်မကလေးတွေ ဇယ် တောက် နေသည် ။ ခပ်လှမ်းလှမ်း မှာ တော့ ဘုရား တစ်ဆူ ရှိသည် ။ ကောင်းကင် မှာ တိမ် ပါသည် ။ ငြိမ်သက်အေးဆေးမှု ၏ သန္တရသ ရုပ်ပုံတစ်ချပ် ။
“ ကျွန်တော့် ပန်းချီကား က အရှေ့တောင်အာရှ ရဲ့ အေးချမ်းမှု ကို ဖော်ပြတဲ့ ကား ဗျ ။ ကား ထဲ မှာ အကုန် ပါတယ် ။ Traditional ကား ၊ မိရိုးဖလာ ကား ဆိုတော့ အကုန် ထည့်လို့ ရတာပေါ့ ၊ အဲဒီ ကား ဗျာ ၊ အမေရိကန် စစ်သံမှူး က ဝယ် သွားတယ် ။ မကြာပါဘူး ဗျာ ၊ အမေရိကန်ကျူးကျော်စစ် ဗီယက်နမ် မှာ ပြီး သွားတာပဲ ။ ကျွန်တော့် ပန်းချီ ကား ကြောင့် ဗီယက်နမ်စစ် ရပ် သွားတာ ဗျ ”
အားလုံး က မျက်လုံး အပြူးသား နှင့် ကိုဒီ့ ကို ဝိုင်း ကြည့် ကြသည် ။ ဒါကတော့ ကိုဒီ ၏ သူ့ ပန်းချီအနုပညာ အပေါ် ယုံကြည်ချက် ။
“ ဒီမှာ ကိုသာချို ၊ ကျွန်တော် ကော်မာရှယ် အပေါ် ကောင်းကောင်း နားလည်တယ် ဗျ ။ ပြော ရရင် ဗျာ ပန်းချီကားဘောင် ( ပေါင် ) ကို ဘာ ရောင် သုတ် ရင် ဘယ် သံရုံး က ကြိုက်တယ် ဆိုတာ တောင် ကျွန်တော် သိ ပါတယ် ၊ ဒါပေမဲ့ ကျွန်တော် ဈေးကွက် ဝင် ဖို့ ထက် ကိုယ် ရေးချင်တာ ကို ရေး ရတာ ပို အရသာ တွေ့တယ် ဗျ ”
ဒါကတော့ ပန်းချီ နှင့် သူ့ ယုံကြည်မှု ။ နည်းနည်း ထွေ ရင် တော့ ကိုဒီ ကဗျာ ရွတ်ပြီ ။ မန္တလေးသို့ ၊ ဥပုသ်နေ့ ၊ ပျံလွှားငှက် ၊ ကန်တော်ကြီး ၊ ထန်းလျက်ခဲ ၊ လေညင်းကလေး ၊ အိပ်မက် ၊ ကင်းစောင့်သမား ၏ လေးတင်ခန်း ၊ သားကလေး ဖိုးဝ ၊ ကဗျာတွေ မှ များလှပါသည် ။
ကျွန်တော် ရော ၊ ပတ်သက်ရာရာ အသိုက်အဝန်း က ရော ကိုဒီ့ ကဗျာ ကို သူ့ ပန်းချီ လောက် အထင် မကြီးလှ ။ သို့သော် “ တစ်ဝိုင်းစာ ” သူ ကဗျာ ရွတ်ဆို ပုံ က တော့ ခံစားမှုပါသည် ။ ဓမ္မိက ဦးဘသန်း က တော့ မြန်မာပြည် ရဲ့ ရှားရှားပါးပါး ကဗျာဆရာ ထဲ မှာ ကိုဒီ ပါ သတဲ့ ။ အမြင် က တော့ ကွဲပြား နိုင်ပါသည် ။
••••• ••••• •••••
ဆရာမြသန်းတင့် စကား နှင့်ပြော ရ လျှင် မြစ် ထဲ မှာ ရေတွေ အများကြီး စီး သွား ကြပြီ ။ ရော်ရွက် တွေ ကြွေခြောက်ကြ ။ ပုရစ်ဖူးတို့ နုသစ် ပွင့်အာ ၍ လာကြ ။ ကမ်းပါးတွေ တဝုန်းဝုန်း လဲပြို သွားကြ ။ သောင်တွေ ကျွန်းတွေ ဖြစ်ထွန်း လာကြ ။ အပြောင်းအလဲတွေ ကုဋေကုဋာ အသိန်းအသန်း ။
ကိုဒီ ကား သည် အတိုင်း ချည်လုံချည် တစ်ပတ်အနွမ်း ၊ အင်္ကျီလက်တို အဖြူရောင် ။ လွယ်အိတ်ပါးပါး တစ်လုံး ၊ မျက်လုံး ပေကလတ် ပေကလတ် ၊ ပြီးတော့ ဖြူနီဝါပြာ အရောင်တွေ ၊ အရုပ်တွေ ၊ သက်ဝင်မှုတွေ ။ ပြီးတော့ အင်္ကျီ အိတ်ကပ် ထဲ မှာ ဘယ်တော့မှ ပိုက်ဆံ မရှိတာတွေ ။
◾မောင်သာချို
📖 အိပ်မက်ဖူးမဂ္ဂဇင်း
အမှတ် ၆ ၊ ၁၉၈၉ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment