❝ နေစိမ့် ❞
( မျော နေသော ရေခဲတုံး )
ပထမ တော့ နေ က ချစ်ချစ်တောက် ပူ နေသည် ။ နောက်တော့ မိုးကောင်းကင် တစ်ခု လုံး ရုတ်တရက် ခဲသားပုပ်ရောင်များ ဖြင့် မည်းညစ် ၍ သွား လေသည် ။ လေ သည် အေး လည်း အေး ၊ သန့် လည်းသန့်ရှင်း စွာ ခပ်ပြင်းပြင်း ဝင်ရောက် လာ၏ ။ လေ နောက် တွင် ကား မိုး က ကပ် လိုက်လာပါသည် ။ တဝေါဝေါ သွန်းထိုး ရွာ ချ လိုက်သော မိုးစက် မိုးပေါက် များ ။
အဲသည့် နောက် မှာ ရပ်ချင်ပြန်တော့လည်း ကိုရွှေမိုး က တိခနဲနေအောင် ပင် ရပ်ချ လိုက်လေသည် ။ အခု ပူ ၊ အခု အေး နှင့် အသိရ ခက်စွာသော အညာမိုး သည် ကျွန်တော် တို့ လို အောက်သူ အောက်သားများအဖို့ အဆန်းအပြား ပင် ။ တစ်ခါ တစ်ခါ လင်းလက် ဝင်းပြက် လိုက်သော လျှပ်စစ် စီးကြောင်းများ နှင့် အတူ ပစ်ချ လိုက် သော မိုးကြိုး မှာ အညာမြေ ပင် သိမ့်သိမ့်တုန် သွား ခဲ့လေသည် ။ ထိုသို့သော အညာ ၏ မိုးရက် တစ်ရက် မှာပင် သူ ကျွန်တော့် ထံ ကို ရောက်ရှိ လာခဲ့ လေသည် ။
“ ကျွန်တော့် ကဗျာ တော့ ရောင်းလိုက် ရပြီ ကိုသာချို ”
“ အေး ... ကိုယ် တွေ့တယ် ”
မှန်ပါသည် ၊ ခု တစ်လော မဂ္ဂဇင်း စာမျက်နှာ ကြော်ငြာများ တွင် စတီရီယို တေးသံရှင် မာရဇ္ဇ ၏ ကြော်ငြာ ကို ကျွန်တော် တွေ့ နေရသည် ။ သီချင်းခွေ ၏ ခေါင်းစီး ကို ဂမ္ဘီရမိုးကြိုး ဟု တွေ့ ကတည်း က သူ့ ကဗျာ ခေါင်းစီး မှန်း ကျွန်တော် သိသည် ။ ဘယ်ရွေ့ဘယ်မျှ နှင့် ရောင်းဖြစ်ခဲ့သည် ကို သာ ကျွန်တော် က မသိ ခြင်း ဖြစ်သည် ။
ထို ဂမ္ဘီရမိုးကြိုး ကဗျာ မှာ ၁၉၉၁ ခုနှစ် ၊ ရုပ်ရှင်တေးကဗျာ သြဂုတ်လ ထုတ် မှာ ဖော်ပြ ခဲ့သော ကဗျာ ဖြစ်သည် ။ မိုး ကို ဖွဲ့သော ကဗျာ ။ လေ တိုက်ခတ် လာပုံ ၊ တိမ်များ ရုန်းကြွ လှုပ်ရှားလာပုံ ၊ မုတ်သုံလေ နှင့် မုတ်သုံမိုး ခရီးပြင်း နှင် လာပုံ ၊ ကောင်းကင် မှာ လျှပ်စီးများ ပပ်ကြားအက် လို ပေါ်လာပုံ ၊ သစ်ရွက်တို့ တဖျတ်ဖျတ် ကြွေကြပုံ ၊ မိုးကြိုး ဝုန်းခနဲ ပစ်ချပုံ တို့ကို ဖွဲ့ထားသော ကဗျာ ဖြစ်သည် ။
လှ သည် ၊ လွတ်လပ် သည် ၊ စကားလုံး အသုံးအနှုန်း ကျစ်သည် ။ အသံ ခွန်အား ပါသည် ။ သို့သော် အကြောင်းအရာ အား မကောင်းလှ ဟု ကျွန်တော် ယူဆ သည် ။
လေညင်းတစိမ်း ပွတ်သပ်
မွန်းကျပ်ရုန်းကြွ တိမ်အုပ် ...
အလင်းစ ပပ်ကြားအက်ထ
လဲကျ သစ်ရွက်သေ ခုန်ပေါက် ...
လမ်းလျှောက် ကကြိုးသင် ။
မျက်တောင်ခတ် ကောင်းကင်
ပဲ့တင်သံ အထပ်ထပ်
စောင်းကြိုးတွေ ပြတ်ခဲ့ပေါ့ ။
ကဗျာ က ဒါပဲ ဖြစ်ပါသည် ။ ဒါကို သူ က ဂမ္ဘီရမိုးကြိုး ဟု ပေးထားသည် ။ သည် ခေါင်းစီး ကို မာရဇ္ဇ က သီချင်းခွေ Title ယူ သုံးသည် ။
“ ဘယ်လောက် ပေးလဲ ”
“ သုံးထောင်တည်းပါ ”
“ ဘီယာ တော့ သောက်ရသေးတာပေါ့ ”
သည်တော့ သူ က မပွင့်တပွင့် ရယ်သည် ။
နေစိမ့် ၊ သို့မဟုတ် မျောနေသော ရေခဲတုံး ။
••••• ••••• •••••
တကယ်တော့ နေစိမ့် နှင့် ကျွန်တော် တို့ ရင်းနှီး ခင်မင်မှု သက်တမ်း သည် အနှစ်၂ဝ ဝန်းကျင် ရှိ ခဲ့ပါပြီ ။ ကျွန်တော် ရှစ်တန်း ကျောင်းသား လောက် မှာ မြောက်ဥက္ကလာ ရှိ ကျွန်တော်တို့ လမ်း ထဲ ကို သူတို့ မိသားစု ပြောင်းလာကြသည် ။ သူ တို့ အိမ်ရှေ့ မှာ အိမ်ဆိုင်ကလေး ဖွင့် ထားသည် ။ ထို အိမ်ဆိုင်ကလေး မှာ သူ က ထိုင် သည် ။
သည်တုန်း က ကျွန်တော် သည် ကဗျာများ ကို အင် နှင့် အား နှင့် ရေး နေခဲ့သော အချိန် ဖြစ်သည် ။ တစ်နေ့ ၁၀ ပုဒ် ၊ အပုဒ် ၂၀ ။ မဂ္ဂဇင်းတိုက်များ ကို ပို့သည် ။ တစ်ပုဒ် မှ မပါ ။ သို့သော် စိတ်ပျက် သည် မရှိဘဲ နေ့တိုင်း ရေး နေ့တိုင်း ပို့ နေခြင်း ဖြစ်ရာ တစ်လ ကုန် ၍ စက္ကူဟောင်းများ ရောင်းသော အခါ တစ်ထပ်ကြီး ဖြစ် နေတတ်သည် ။ ထို စာမူဟောင်းများ ကို သွား ရောင်းသည့် ဆိုင် မှာ လည်း နေစိမ့် ထိုင် သည့် အိမ်ဆိုင်ကလေး ပင် ဖြစ်ရာ သူ က ဘယ် က မှ မရွေးသော ကျွန်တော့် ကဗျာများ ကို ဖတ်ပြီး သဘောကျ နေခဲ့သည် ဟု ဆိုသည် ။
သို့ဖြင့် သူ နှင့် ကျွန်တော် လူချင်း ရင်းနှီး သွားကြကာ သူ ပါ ကဗျာ အမြောက်အမြား ရေးဖွဲ့ လာသည် ။ ထို့နောက် ကျွန်တော့်ဘက် က အနုပညာ အသိုက်အဝန်း နှင့် ပါ သူ ဆက်မိ သွား ခဲ့လေသည် ။
ထိုစဉ်က ကျွန်တော်တို့ တစ်တွေ စွဲစွဲမြဲမြဲ ထိုင် ဖြစ်ကြသော လက်ဖက်ရည်ဆိုင် မှာ မေဓာဝီလမ်း ဆုံ မှ “ ကျောက်စိမ်းမြတ် ” ဖြစ်သည် ။ ကျောက်စိမ်းမြတ် ကျွန်တော် တို့ ၏ ဒဏ် ကို ခံသည် ။ Black Coffee နှစ်ခွက် လောက် မှာ သောက် ပြီး ရေနွေးကြမ်း တစ်အိုး ပြီး တစ်အိုး ကုန် သည် အထိ ၊ စားပွဲ ပေါ်မှာ ဆေးလိပ်ပြာတွေ တောင် လို ပုံသည် အထိ မထ တမ်း ထိုင်ကြသော ကျွန်တော်တို့ ကို ခွင့် လွှတ်သည် ။
သည် ဆိုင်ကလေး မှာ ပဲ ကျွန်တော် တို့ ၏ ကလောင်နာမည်များ ကို ရွေး ကြသည် ။ ကျေးလက် ကိုချစ်သော ကျွန်တော် က မြန်မာဆန်ဆန် မောင်သာချို ကို ယူသည် ။ လူတိုင်း နှင့် ရင်းနှီး လွယ်သော သူ ကို ခင်လွန်း ဟု ပေး သည် ။ မထုံတက်သေး နိုင်သော ၊ အူကြောင်ကြောင် နိုင်သော သူ့ ကို ကား နေစိမ့် ဟု ပေး လိုက်ကြပါသည် ။
နောက်တော့ ကျွန်တော် တို့ လည်း တက္ကသိုလ် ရောက် ၊ နေစိမ့် လည်း ကိုးတန်း ရောက်သော အခါတွင် ကား ကျွန်တော်တို့ ၏ ကဗျာများ မဂ္ဂဇင်း စာမျက်နှာများ ပေါ် တွင် ရောက်ရှိပြီး ဖြစ် သွားကြလေသည် ။
ထိုစဉ်က ကျွန်တော်တို့ တန်ဖိုးထားသော မဂ္ဂဇင်း နှစ်စောင် ရှိပါသည် ။ မိုးဝေ နှင့် ရှုမဝ ။ ကိုညိုသစ် ၊ ကိုသန်းအုန်း တို့ ကိုင်သော မိုးဝေ ကို ဘဝ ဆန်သည် ဟု ကျွန်တော် ထင်သည် ။ ရှုမဝကို အနုပညာ ဆန်သည် ဟု ကျွန်တော် တို့ မြင်သည် ။ သည် နှစ်စောင် မှာ ဖိ ရေးသည် ။ ထို မိုးဝေမဂ္ဂဇင်း ၌ ကျွန်တော်တို့ အစု မှ ဝတ္ထုတို စ ပါ သူ မှာ နေစိမ့် ဖြစ်သည် ။ “ အရသာ လျှာ က သိသည် ” ဟူသော ဝတ္ထုတို ဖြင့် မိုးဝေ ၏ နေစိမ့် ဖြစ် သွားသော အခါ ငယ်ပင် ငယ်သေး သော်လည်း သူ့ ကို လေးစား မိကြသည် ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ ကတော့ အူကြောင်ကြောင် နိုင် ဆဲ ။
••••• ••••• •••••
တစ်နေ့ တော့ ကျွန်တော် တို့ အုပ်စု လက်ဖက်ရည်ဆိုင် မှာ ထိုင် ဖြစ်ကြသည် ။ ကိုခင်လွန်း ၊ ယမုံ ၊ ချစ်လွမ်းနွေး ၊ နေစိမ့် နှင့် ကျွန်တော် ။
ဟိုရောက် သည်ရောက် ပြောကြရင်း ဗီတိုအာဏာ နှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများ အကြောင်း ရောက် သွားသည် ။ သည်မှာ တင် သူ က စကား တစ်ခွန်း မေး လာသည် ။ ဗီတိုအာဏာ ဆို တာ ဘာလဲ ။
သူ တစ်ပါး ကို နောက်ပြောင်ရာ ၌ လက်တွဲ ညီ လှသော ကျွန်တော်တို့ က နေစိမ့် ကို အတည် နှင့် နောက်သည် ။
“ အာဏာ နှစ်မျိုး ရှိတယ် နေစိမ့် ရ ၊ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ ကို သုံးခွင့် ပေး ထားတာ ၊ ကုလသမဂ္ဂ အမိန့် ပေါ့ ဗီဒိုအာဏာရယ် ၊ ကြောင်အိမ်အာဏာ ရယ် ။ ဗီဒိုအာဏာ က တော့ နည်းနည်း ညင်သာတယ် ၊ ကြောင်အိမ် က တော့ နည်းနည်း ကြမ်း တာပေါ့ ၊ ခုထိတော့ ကြောင်အိမ်အာဏာ ကို ဘယ်သူ မှ သိပ် မသုံးသေး ပါဘူး ”
သည် စကား ကို နေစိမ့် က အတည် ယူသည် ။ ကမ္ဘာ့အင်အားကြီး နိုင်ငံ တစ်ခု ၏ အမည် ကို တပ်ကာ ဆဲသည် ။
“ ဒီကောင် တွေ သိပ် ဗိုလ်ကျချင်တယ်ဗျာ ၊ ကြောင်အိမ်အာဏာ သုံးလာရင် ကမ္ဘာကြီး အတွက် ခက်သေးတယ် ”
နေစိမ့် က တက်တခေါက်ခေါက် ၊ ကျွန်တော်တို့ က အူနှိပ် ၍ မဆုံး ။ ဒါလည်း သူ က သဘော ပေါက်ပုံ မရ ။
တစ်ခါမှာ တော့ နေစိမ့် က ပညာရေး နှင့် ပတ်သက်၍ ကျွန်တော့် ကို မေးသည် ။ သည်တုန်းက သူ က ရှစ်တန်း အောင်ပြီး ကိုးတန်း တက်ဖို့ ပြင်ဆင် နေဆဲ အချိန် ။ ဆယ်တန်းအောင် ရန် ဘာကြောင့် ခက်နေရသလဲ ။ စာတွေ က ဘယ်လောက် အဆင့် မြင့် လို့လဲ စသည့် မေးခွန်းများ ပင် ဖြစ်ပါသည် ။
ကျွန်တော် က ခြောက်ဘာသာ ရှိကြောင်း ၊ ထို အထဲ တွင် သင်္ချာ ပါ ကြောင်း ၊ သင်္ချာ မှာ ပင် အက္ခရာ ၊ ဂဲသြမေတြီ ၊ တြီဂို ဟူ၍ သုံးမျိုး ကွဲ နေကြောင်း ၊ တြီဂို မှာ ပင် log ကို ကျက် ရသည် မှာ ခက် လှကြောင်း တန်းတလျား ရှင်းပြကာ log စာအုပ်ကို သူ့ အား ပြ လိုက်ပါသည် ။ သူ က ရှုပ်ထွေး လှသော log ဇယားများ ကို ကြည့်ကာ ဒါတွေ ဘယ်လို ကျက်သလဲ ဟု မေးသည် ။
ကျွန်တော် က sin 30 ဘယ်လောက် ၊ sin 90 ဘယ်လောက် ၊ cos 30 ဘယ်လောက် စသည် ဖြင့် အလွတ် ပြော ၍ အဖြေများ မှန်နေသည် ကို တွေ့သော အခါ နေစိမ့် အံ့သြ သွားသည် ။ ဒါ့ကြောင့် လည်း ကိုသာချို တက္ကသိုလ် ရောက် နေတာပဲ ဟု ချီးမွမ်းသည် ။ နောက် သူ ကိုးတန်း ရောက်ပြီး log ကို သင်ရတော့မှ ထို ဒီဂရီများ သည် အလွယ်တကူ အသေ မှတ်၍ ရသည့် ဂဏန်းများ ဖြစ်ကြောင်း သိပြီး ကျွန်တော့် ကို ဒေါကန်ခြင်း ဖြစ်သည် ။
တစ်ခါ မှာ တော့ နေစိမ့် တစ်ယောက် ဝမ်းမြောက် ဝမ်းသာဖြင့် ကျွန်တော် တို့ အုပ်စု ရှိရာ ကို ရောက် လာသည် ။
“ ပုဂ္ဂိုလ်တွေ ၊ မြင့်ဦးဦးမြင့် ဆိုတာ ကျွန်တော့် ဘော်ဒါ ဗျ ၊ ခုမှ တစ်ယောက် နဲ့ တစ်ယောက် စာ ရေး မှန်း သိ လာကြတာ ”
“ နေပါဦး ၊ ဘယ်မှာ တွေ့ လာတာလဲ ”
“ မေဓာဝီလမ်းဆုံ ”
“ ဘာ လုပ်တယ်တဲ့ လဲ ”
“ ဘာမှ မလုပ်ဘူး ၊ အနုပညာ သက်သက် ပဲ ”
ကျွန်တော်တို့ က မဟုတ်နိုင်ကြောင်း ကို ဝိုင်း ပြောကြသည် ။ မြင့်ဦးဦးမြင့် ဟူ သည် ဝန်ထမ်း တစ်ယောက် ဟု ကြားဖူးကြောင်း ၊ မြောက်ဥက္ကလာသား မဟုတ်ကြောင်း ၊ ရှုမဝ မှာ ရေး နေသည့် ကဗျာများ မှာ အတွေး လှပ လှကြောင်း ဝိုင်းဝန်း ရှင်း ပြကြသည် ။
နေစိမ့် က ဟုတ် ၊ မဟုတ် စုံစမ်းမည် ဟု ဆိုသည် ။ ကျွန်တော်တို့ က လည်း လက်ဖက်ရည်ဆိုင်မှာ ချိန်း ခိုင်း လိုက်သည် ။ ကျွန်တော် တို့ သဘော က တစေ့တစောင်း အကဲ ခတ်ပြီး မဟုတ် လျှင် ရှောင်ရန် နှင့် ဟုတ်လျှင် မိတ်ဖွဲ့ ကြရန် ဖြစ်ပါသည် ။
သို့သော် နေစိမ့် က လက်ဖက်ရည်ဆိုင် ထိုင်ထိုင်ချင်း မှာ ပင် -
“ ကဲ ... ကဗျာ ရေးနည်း ဘယ်နှနည်း ရှိသလဲ ”
ဟု ဗြောင် မေးချလိုက်ပါတော့သည် ။
ထို သူ လည်း ဘာ ပြောရမှန်း မသိ ၊ ကျွန်တော် တို့ လည်း မျက်နှာ ဘယ် ထား ရမှန်း မသိဖြင့် လက်ဖက်ရည်ဝိုင်း မှာ တိတ်ဆိတ် သွားပါသည် ။ နောက် ရက်များ ၌ ထိုပုဂ္ဂိုလ်နှင့် တွေ့ သော အခါ နှုတ်ဆက် ရ အခက် ၊ ရှောင်ရ အခက် နှင့် ပုံမှန် အနေအထား ရောက်အောင် မနည်း အချိန် ယူ ခဲ့ရဖူးပါသည် ။ ယင်းကား နေစိမ့် ၏ မြင့်ဦးဦးမြင့် အတု ချွတ်ခန်း ။
မှတ်မှတ်ရရ ကျွန်တော်တို့ အစုကလေး တွင် သမီးရည်းစား ကို သမီးရည်းစား ပီပီသသ စ ၍ ထားသော သူ မှာ နေစိမ့် ဟု ဆို နိုင်ပါသည် ။ ယခု သူ နှင့် ပေါင်းသင်း နေသော ဇနီးသည် နှင့် နေစိမ့် တို့ သမီးရည်းစားဘဝ တွင် ကျွန်တော် တို့ က အကြံပေး များ ဖြစ်သည် ။ တစ်ခါ တွင် နေစိမ့် က သူတို့ ၏ သမီးရည်းစား ဘဝ သည် ခြောက်ကပ်ကပ် နိုင်လှသည် ဟု ညည်း သည် ။
ရှင်းပါသည် ။
နေစိမ့် က လည်း အရက် မသောက် ၊ ကွမ်း မစား ၊ ဆေးလိပ် မသောက် ၊ ရည်းစား မပွေ ။ ကောင်မလေး က အရိုးခံ ။ သည်တော့ အားလုံး ကောင်းပါသည် ဇာတ်လမ်းကြီး မှာ လေးတွဲ့တွဲ့ကြီး ဖြစ် နေသည် ။
“ လမ်း ဆို တာ အကွေ့ ရှိရတယ် နေစိမ့် ရ ။ မင်း တို့ က စင်းလွန်းတယ် ၊ ဒီ ညနေ တွေ့ ဖို့ ရှိတယ် မဟုတ်လား ၊ အရက် သောက် သွား ကွာ ”
“ ကျွန်တော် မသောက်တတ်ဘူး ကိုသာချို ”
ကျွန်တော် က နေစိမ့် အရက် သောက် သွား ၊ ကောင်မလေး က သိ တော့ စိတ် ဆိုး ၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပြီး မခေါ် မပြော ဖြစ်ကြ ၊ သူ က ပြန် တောင်းပန် စသည် ဖြင့် ဇာတ်လမ်း ကို နည်းနည်း လှုပ်သွား စေချင်သည် ။ သို့သော် သူ က မသောက်တတ် ဟု ဆိုသော အခါ ဘယ်လို လုပ် ရမည်မသိ ဖြစ် သွားသည် ။
“ ဒီလို လုပ် ၊ တစ်ပက် လောက်ဝယ် ပြီး ပါးစပ် ထဲ မှာ နည်းနည်း ငုံ ထား ၊ ပြီး ပြန်ထွေး ပစ်လိုက် ၊ ပြီးမှ သွား တွေ့ ”
“ ဟုတ်တယ် ၊ အဲဒီ အကြံ ကောင်းတယ် ”
သို့ဖြင့် အဆူ ခံချင် လွန်းသော နေစိမ့် တစ်ယောက် သူ့ ကောင်မလေး နှင့် သွား တွေ့ ပါသည် ။ နောက်တော့ ကျွန်တော့် ဆီ ပြန် လာပြီး ဘာမပြော ညာမပြော နှင့် ကြမ်းပြင် ပေါ် ပက်လက် လှန် လှဲ ချ ကာ ရင် ဖွင့် ပါတော့သည် ။
“ ကျွန်တော့် ဆီ က အရက်နံ့ ကို သူ မရဘူး ကိုသာချို ”
“ မင်း အနား မကပ်ဘူး လား ”
“ ကပ်တာပဲ ဗျာ ၊ သူ က ဘာမှ မပြောဘူး ”
“ နောက် တစ်ခါ ပေါ့ ကွာ ၊ ဘာတတ်နိုင်မှာလဲ ”
“ ဟာ ... နောက်တစ်ခါ မနေတော့ဘူး ဗျာ ”
“ ဒါဖြင့် မင်း ဘယ်လို လုပ်ခဲ့လဲ ”
“ ကိုယ့် ပါးစပ် ကို နမ်းကြည့်စမ်း ၊ ဘာ စော် နံလဲ ဟား ... ဆိုပြီး လုပ် လိုက်တယ် ဗျာ ၊ အဲတော့မှ သူ က အရက်စော် လား မသိဘူး တဲ့ ၊ ဒါနဲ့ ကျွန်တော် က ကိုယ် မှားပါတယ် အချစ် ရယ် ၊ နောက် မသောက်တော့ပါဘူး ဆိုပြီး တောင်းပန် ခဲ့ ရတယ်ဗျာ ”
“ သေကွာ ”
ကျွန်တော် သည် ပြဿနာ ကို မနည်း ရှင်းခဲ့ရ ဟန် ဖြင့် ပက်လက် လှန်ကာ လှဲ နေသော နေစိမ့် ကို ကြည့်ပြီး အူတက်အောင် ဟားတိုက် မိပါတော့သည် ။
ဤသို့ ဤနှယ် မထုံတက်သေးနိုင် လှသော နေစိမ့် တစ်ယောက် ငယ်စဉ် က သာ ဤသို့ ဖြစ်ခြင်း ဖြစ်ပြီး ကြီးလာလျှင် တော့ ဤ အကျင့်များ ပျောက် သွား လိမ့်မည် ဟု ထင် ထားခဲ့သည် ။ သို့သော် မပျောက်ပါ ။
သူ့ ကဗျာ မဂ္ဂဇင်း တွေ ပေါ် မှာ တော်တော်များများ ဖော်ပြ ခံရပြီး နောက်ပိုင်း ၊ သူ လည်း အိုး နှင့် အိမ် နှင့် ဖြစ် သွားပြီးနောက်ပိုင်း တစ်ရက် မှာ လေထန်ကုန်း မှာ ထိုင် ဖြစ်ကြသည် ။ သည်တုန်း က စာရေးဆရာ နေဝင်းမြင့် ဝိုင်း ထဲ ဝင် လာသည် ။ ကိုနေဝင်းမြင့် က နေစိမ့် ကဗျာတွေ ကို ကြိုက် ပြီး နေစိမ့် ကို စိတ်ဝင်စားသည် ။
“ ကိုနေစိမ့် ကျောင်း နာမည် က ”
“ လွယ်ပါတယ် ဗျာ ၊ အ - ထ - က ( ၁ ) မြောက်ဥက္ကလာ ပေါ့ ”
ထိုစဉ် က ကြောင်တွေတွေ ဖြင့် နေစိမ့် ကို ငေးမော ကြည့် နေသော ကိုနေဝင်းမြင့် မျက်နှာ ကို ကျွန်တော် မမေ့ တော့ ။ ကျွန်တော် က ကြား က မနေနိုင် ဘဲ -
“ မင်း နာမည် အရင်း ကို မေးနေတာကွ ”
ဟု ဆို မှ -
“ ဪ အေးနိုင် အေးနိုင် ”
ဟု အလန့်တကြား သူ ထပြော သည် ။
အေးတိအေးစက် မျောပါနေသော ရေခဲ တစ်တုံး ။
••••• ••••• •••••
စားပွဲ ပေါ် မှာ က မန္တလေးရမ်ပုလင်း ။ နောက် ... ဆော်ဒါပုလင်း တချို့ ၊ ကြက်ကြော် ၊ ကိုက်လန် ၊ မှိုကန်စွန်း ၊ စီးကရက်ဘူး နှင့် ဇစ်ပိုမီးခြစ် ။ ဒါတွေ အားလုံး ကို နေစိမ့် က စီမံပေးထားခြင်း ဖြစ်သည် ။
သည်လို ဝိုင်းမျိုးမှာ မကြာမကြာ ဆုံခွင့် ရသူတွေ က ကျွန်တော် ၊ ကိုခင်လွန်း ၊ ယမုံ ၊ ဇောင်းထက် ၊ ကိုအောင်ပွင့် ၊ ကိုသင်းခိုင် စသည် စသည် များ ။ ထို ဝိုင်းမျိုးတွေ မှာ နေစိမ့် အဓိက ထား ပြောသည့် စကားများ က သူ အရင်းရှင် မဟုတ်ကြောင်း ။ ကျွန်တော် က တော့ ထို ဝိုင်းမျိုး ရှိလျှင် အရင်းရှင် မဟုတ်ကြောင်း ရှင်းပွဲ ဟု ကင်ပွန်း တပ်သည် ။
စင်စစ် သူ့ ကို အရင်းရှင် ဟု ကင်ပွန်း မတပ်ပါ ။
သူ က လည်း သူ့ ကိုယ် သူ ကွမ်းဒိုင် ဖွင့်ထားရခြင်း ကို မလုံမလဲ ဖြစ်နေခဲ့သည် ။ မိသားစု မှာ သူ အကြီးဆုံး ။ ဒါကြောင့် ဆယ်တန်း အောင်အောင် ဖြေ မနေတော့ ဘဲ ညီတွေ ၊ ညီမတွေ တက္ကသိုလ် တက်ရေး အတွက် သူ့ ဖခင် ၏ လက်ငုတ် လက်ရင်း ဖြစ်သော ကွမ်းဒိုင် ကို ဆက် ဦးစီးသည် ။
ပထမ ကီလီ ၊ နောက် သီရိမင်္ဂလာဈေး ။ အောက် အရပ် က ထွက်သမျှ ကွမ်းများ ကို ကောက်ကာ အညာမြို့များ သို့ တင်ပို့ ပေးခြင်း ဖြစ်သည် ။ ဝင်ငွေ အသင့်အတင့် ရှိမှန်း လည်း ကျွန်တော် တို့ က သိသည် ။ ဒါကို သူ က မလုံမလဲ ဖြစ်သည် ။ ဒါကြောင့် လည်း ထိုဝိုင်းမျိုးတွေ ကို မေ့လောက်လျှင် တစ်ခါ ကျင်းပသည် ။
ကျင်းပတိုင်း လည်း သူ ပြောတတ်သည့် စကား က -
“ ခင်ဗျားတို့ က ကျွန်တော့် ကို အရင်းရှင် ထင် နေလား ”
ဒါပဲ ဖြစ်ပါသည် ။
အပြင် ဘက် မှာ အညာမိုး က သွန်းချ လာ ပြန်သည် ။ လွင့် နေ အောင် မြင့် သော လက်ပံပင်ကြီး က လေ ထဲ မှာ ယိမ်းခါ ၍ နေသည် ။
မိုး နှင့် အတူ ရောက် လာသော သူ့ ကို ကြည့် ကာ တစ်ခု သော မိုး ကို ကျွန်တော် သတိ ရ လာပြန်ပါသည် ။
သည်တုန်း က လည်း မိုး တွေ ရွာ လျက် ၊ လေ တွေ တိုက် လျက် ၊ မိုး ထဲ မှာ လူတွေ လှုပ်ရှား သက်ဝင် လျက် ။ အချိုးအကွေ့ မိုး များ ။
မိတ်ဆွေ ကဗျာဆရာ က ကဗျာ အရွတ် ကောင်းသူ ဖြစ်သည် ။ သူ က နေစိမ့် နှင့် မင်းထက်မောင် ကို ဟာမိုနီ လိုက် ခိုင်း သည် ။ ကျွန်တော် က မုန်တိုင်း ထဲ က ကဗျာ တစ်ပုဒ် ဟု အလှဗေဒ ဖြင့် အမည် ပေးသည် ။ တစ်ခါ က မိုးရေစက်များ ။ မုန်တိုင်းမိုး ။
အညာမိုး က စဲ သွား ပြန်ပါပြီ ။
နေစိမ့် က ဆေးလိပ် ကို ဖွာရင်း အပြင် ကို ငေးရီ ၍ နေသည် ။ ဘောဂဗေဒ တစ်ဝက် ၊ အလှဗေဒ တစ်ဝက် ဖြင့် ရောက်လာသော ကျွန်တော် ၏ ဧည့်သည် ကို ကျွန်တော် ဘာ စာအုပ် ဖြင့် ဧည့်ခံရမည် မသိ ။ မြန်မာ့ဓန လား ၊ အနာဂတ် အတွက် ကဗျာစာအုပ် လား မသိ ပြီ ။
◾မောင်သာချို
📖 ကြူးပစ်မဂ္ဂဇင်း
မေလ ၊ ၁၉၉၅ ၊
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment