Thursday, January 19, 2023

ဖေဖေ လိမ်တာ


 

❝ ဖေဖေ လိမ်တာ ❞

မောင်ထွန်းငွေ သည် မိမိ ၏ ဖခင် ပြော ထားသော စကား ကို ကြား လျက် “ ထွန်းငွေ ထွန်းငွေ မင်း မှားမယ်နော် ၊ မိန်းမ ဆိုတာ မျိုး ဟာ ကျားထက် ပင် ဆိုးဝါးသေးတယ် နော် ၊ ယောက်ျားကလေးတွေ ကို တွေ့ပြီ လား ဆို မှ ဖြင့် စားချင် သလိုလို ၊ ဝါးချင် သလိုလို နဲ့ ကြာကလေး တစ်ချက် ပြ မှဖြင့် အချက်ကျ မသိတဲ့ ယောက်ျားတွေ ဟာ ဒီနေရာ မှာ တစ်ချက် တည်း ချောက်ချားပြီး မှောက်မှား ကြ ကုန်တာပဲ ။ ဒါကြောင့်မို့ ငါ့ သား ၊ အရာရာ မှာ စဉ်းစားပြီး ယွင်းမမှား ရ အောင် နေ ပါနော် ” စသည် ဖြင့် ၊ မိမိ ၏ ဖခင် ဆုံးမ သွန်သင် ထားသော စကားကလေးတွေ ကို အလုပ်တိုက် သို့ သွား တိုင်း ပင် သတိ ရ မိလေတော့၏ ။

“ မောင်ထွန်းငွေ ” သည် ပွဲစားကြီး ဦးဘဖိုး ၏ တစ်ဦးတည်း သော သား ဖြစ်၍ ၊ မိမိ ၏ မိခင် မှာ သေဆုံး သွား သဖြင့် မိတဆိုး သားကလေး ဖြစ်ပြီး လျှင် ၊ အင်္ဂလိပ်စာ ၇ တန်း အောင် ရုံ မျှ နှင့် ပင် အလုပ်တိုက် တစ်ခု သို့ တစ်လ လျှင် ( ၅ဝိ ) မျှ နှင့် ဝင်ရောက် လုပ်ကိုင် လျက် နေလေ၏ ။

အလုပ်တိုက် သို့ သွား တိုင်း ဖခင် ၏ စကား ကို သတိ ရ မိခြင်း မှာ ကား မိမိ ၏ သွားရာ လမ်း တွင် မကြည့်ဘဲ မနေနိုင် ၊ မမြင်ဘဲ အလုပ် မလုပ်နိုင် လောက် အောင် လှ လည်း လှ ၊ ယဉ် လည်း ယဉ် ၊ ယှဉ်စရာ တုမရှိသည့် သမုတိနတ်နွယ် တို့ လို လျှပ်ကြယ် အောင် ဝတ်ဆင်ထားသည် လည်း မဟုတ် ၊ ပပဝတီ တို့ လို ခုနစ်ဆောင် သော ခန်းဆောင် တို့ ကို လျှမ်းပြောင်အောင် မီး မထွန်းဘဲ လင်း စေ တတ်သည် လည်း မဟုတ် ။ အချုပ် ကို ဆိုရမှာ ဖြင့် အလှတကာ တို့ ၏ ထိပ်ခေါင် တင် ၊ အယဉ်တကာ တို့ ၏ ပထမ ၊ မြင် ရသူ မူးခနဲ ကျ ရအောင် အထူးပဲ အဆင်း ကို ဆောင် နိုင်သည့် မင်းကတော် ဒေါ်လေးကြီး ၏ သမီး ‘ ခင်သန်းရီ ’ ကလေး အတွက် ကြောင့် သာ ၊ အလုပ် သွားတိုင်း သတိ ရ မိလေ တော့ သတည်း ။

အဆိုပါ ‘ ခင်သန်းရီ ’ အား ‘ မောင်ထွန်းငွေ ’ နှင့် အတူ ၊ တစ်ကျောင်း တည်း နေစဉ် အခါ က မေတ္တာစာ တစ်စောင် ဆက်သဖူး ခဲ့ ချေ၏ ။ သို့ရာတွင် ‘ ခင်သန်းရီ ’ သည် ‘ မောင်ထွန်းငွေ ’ အား ပြန်စာ ဟူ ၍ တစ်စောင် မျှ မရေးခဲ့ဖူးသေး ချေ ။ သို့သော် မောင်ထွန်းငွေ အလုပ်တိုက် သို့ လာ တိုင်းပင် ခဏခဏ အကြည့် ချင်း ဆုံ မိ ကြလေ၏ ။

တစ်နေ့သော အခါ ။

ရှူးဖိနပ် ကို စီး ၍ မောင်ထွန်းငွေ သည် ခပ်အေးအေး အလုပ်တိုက် သို့ လာ နေစဉ် ဒေါ်အေးမိ က အိမ် ထဲ မှ နေ၍ ခေါ်သဖြင့် ခဏ ဝင် သွားလေ၏ ။

“ မောင်ထွန်းငွေ ဒီ ကနေ့ အလုပ် ထွက် တာ အခြား နေ့ နှင့် မတူပါကလား ”

“ ဘာဖြစ်လို့လဲ ဒေါ်ဒေါ် ”

“ ဪ .. ဒီနေ့ ကျတော့ မှ မင်း က စတိုင်ကျကျ နှင့် အေးအေးဆေးဆေး လျှောက် လို့ပါ ”

“ တစ်ခါတလေ စတိုင် ထုတ် ကြည့် ရတာပေါ့ ဒေါ်ဒေါ် ရယ် ”

“ နေပါဦးကွယ် ၊ စကားမစပ် ဟိုဘက် နား က ဒေါ်လေးကြီး သမီး နဲ့ မင်း သိ သလား ”

“ သိပါတယ် ၊ ပြောစမ်းပါဦး ”

“ ဒီလိုကွဲ့ တစ်နေ့ က ဒေါ်ဒေါ် ကို မင်း အကြောင်း နှင့် စပ်ပြီး ပြောတယ် ၊ ကိုထွန်းငွေ ဟာ ကျွန်မ တို့ နှင့် ကျောင်း နေဖက်ပါတဲ့ ၊ ဟို အခါတုန်း က ဒီလို လူရည် မသန့်ပြန့် သေး ပါဘူး ၊ အဲဒီတုန်း က သူ ကျွန်မ ကို ဟိုသင်း လုပ် လို့ သူ ရိုက်ခံ ထိ သေးတာပေါ့ ၊ ကျွန်မ လေ အခုထက် ထိ သတိ ရ မိသေးပါတယ် ဒေါ်ဒေါ် ရယ် တဲ့ ဒါနဲ့ ဒေါ်ဒေါ် က ကြား ဖြတ်ပြီး “ ညည်း ကို သူ က ဘာလုပ်လို့ ရိုက်ခံ ထိ ရတာလဲ လို့ ” မေးတော့ ‘ ခင်သန်းရီ ’ ကလေး က ခပ်ပြုံးပြုံးကလေး လုပ် ပြီး “ မမေးပါနဲ့ ဒေါ်ဒေါ် ရယ် ”

“ အို ဒေါ်ဒေါ် က လည်း အ လိုက်တာ နော် ၊ ရအောင်ပဲ မေး ပါတော့လား ”

“ နေပါဦးလေ မောင်ထွန်းငွေ ရဲ့  ၊ နားထောင်ပါဦး တိုတိုပဲ ပြောပြပါစို့လေ ၊ မင်း က မေတ္တာစာ ပေးဖူးလို့ ဆို ”

“ ဟုတ်ကဲ့ ပေးဖူးပါတယ် ”

“ အဲဒီအခါ က စပြီး အခုထက်ထိ ပေါ့ လေ ၊ သူ က စာ မပြန်ပေးလို့ ကိုထွန်းငွေ တော့ ကျွန်မ ကို အထင်များ လွဲ နေမလား ” လို့ ဒေါ်ဒေါ် ကို ပြောတယ် ၊ “ သနား လည်း သနားစရာပါကွယ် ၊ အခု မင်း က ဘယ်လို သဘောမျိုး ရ ပါသလဲ ၊ မင်း ကြံ ရင်တော့ ဟန် ကျတော့မှာပဲ ကွဲ့ ”

ထိုအခါ မောင်ထွန်းငွေ သည် မိမိ ၏ ဖခင် ဆုံးမ သွန်သင် ပြောဆို ထားသော စကားကလေး ကို ပြေး၍ သတိ ရမိသည် နှင့် မျက်နှာ ကို တစ်မျိုးပြင်ကာ “ စဉ်းစားဦးမယ် ဒေါ်ဒေါ် ”ဆို၍ အလုပ်တိုက် သို့ ထွက်သွား လေ၏ ။

သုံးရက် မျှ ကြာသော အခါ ။

“ မောင်ထွန်းငွေ အလုပ် မသွားသေးဘူးလား ”

“ အချိန် နည်းနည်း လိုသေးတယ် ဖေဖေ "

“အေး ဒါဖြင့် ဒီကို ခဏ လာဦး”

“ဟုတ်ကဲ့ ဖေဖေ”

ဆို၍ ဝပ်တွား ကာ အနား တွင် ထိုင် လျက် နေလေ၏ ။

“ မောင်ထွန်းငွေ ဖေဖေ ပြော ထား တာ တွေ ကို မှတ်မိသေးရဲ့လား ၊ မိန်းမတွေ ဟာ ကျား နဲ့ တူတယ် ။ မျက်စကလေး တစ်ချက် ပစ်လိုက်ပြီ ဆိုမှ ဖြင့် မြွေပွေး တစ်ချက် ပေါက် လိုက်တာ နှင့် တူ တယ်နော် ၊ ဖေဖေ တို့ ကို ကြည့်ပါလား ၊ မိန်းမ ညှဉ်းဆဲ ထား လို့ ပေါ့ ၊ ခါးတွေ ကုန်း ၊ ဒူးတွေ ချောင် ချိ နေတာ ၊ အဲဒါပဲ မင်း စဉ်းစားတော့ ၊ မင်း စဉ်းစားရင် မိန်းမ ဟာ ဘာမှ မကောင်းပါ က လား ဆိုတာ မင်း  သိ လာ လိမ့်မယ် ၊ အဖေ့ သား မမိုက်နဲ့ နော် ကဲ .. ကဲ သွားပေတော့ သွားပေတော့ ”

မောင်ထွန်းငွေ သည် အပေါ်အင်္ကျီ ကို ဝတ်ပြီး အလုပ်တိုက် သို့ ကပျာကယာ ထွက် လာ သော အခါ ယခင် ခေါ်နေကျ အိမ် က ‘ ဒေါ်အေးမိ ’ က ဆီး ၍

“ အောင်မယ် ... မောင်ထွန်းငွေ ၊ တယ် နောက်ကျ ပါ လား ၊ ဝင်ပါဦးကွယ် ”

ဆို၍ ဝင် သွား ရ ပြန်လေ၏ ။

“ ဘယ့်နှယ်လဲ မောင်ထွန်းငွေ စဉ်းစား ပြီးပြီ လား ”

“ဟာ ... ဒေါ်ဒေါ် က လည်း မြန်လှချေ က လား ”

“ တော် ၊ တော် စကား ပြော မနေနဲ့ တော့ မင်း ငါ့ နောက် လိုက်လာ ”

ဟု ခေါ် သွား ပြီး အခန်း တွင်း သို့ အတင်း သွင်း ပြီး လျှင် ၊ အပြင် မှ သော့ ကို ခတ် ထား လိုက်လေ၏ ။

‘ မောင်ထွန်းငွေ ’ သည် ရုတ်တရက် အခန်း ထဲ သို့ ရောက်သည် နှင့် မျက်စိ မှာ မှောင်မိုက် သွားပြီး တစ်အောင့် လောက် ကြာ မှ ဟိုဟိုဒီဒီ ကြည့်ရှု လေရာ ၊ အခန်း ၏ ထောင့်စွန်း တွင် ကုပ်ကုပ်ကလေး ထိုင် နေ ရှာသော ' ခင်သန်းရီ ' ကို တွေ့ ရသည် နှင့် တစ်ကိုယ်လုံး ဖိန်းရှိန်း သွားပြီး ၊ တဆတ်ဆတ် တုန်ယင် ကာ ဖြင့် တံခါး ကို အတင်း ထု ၍ “ ဒေါ်ဒေါ်  တံခါး ဖွင့်ပေးပါ ” ဟု အော် သော် လည်း မဖွင့်ပေး သဖြင့် ၊ အသာကလေး ကျောချင်း အပ် ၍ ထိုင် ပြီး လျှင် စဉ်းစား မိ သည် မှာ ဩော် ၊ ဖေဖေ ပြော ခဲ့ တဲ့ စကားတွေ ဟာ မိန်းမများ ဟာ ကြောက်စရာ အကောင်ကြီး ၊ ကျား ထက် ပင် ဆိုးဝါးသေးတယ် လို့ ပြော ခဲ့တာ အဟုတ် ကို မှန် မှာ ပါ ပဲ ၊ အခုတောင် အဝေးကြီး ရှိ သေးတယ် ၊ ငါ့ အသားတွေ ဆတ်ဆတ် တုန်ပြီး စိတ် ဟာ လည်း ဘယ်လို ဖြစ်သွား မှန်း မသိ ၊ နတ်ပူး နေ သလိုပဲ ၊ သို့သော် သိ ရအောင် ကြုံတဲ့ အခိုက် စမ်း ကြည့်မှပဲ ဟု စိတ်ကူး မိလေ၏  ။

“ ခင်သန်းရီ ၊ ဒီ အခန်း ထဲ မှာ ဘာဖြစ်လို့ ဝင် နေရတာလဲ ”

“ ဒေါ်ဒေါ် က ဒီမှာ ခဏကလေး နေပါ ဆိုလို့ နေ တာပါ ”

“ ဒါဖြင့် ကိုကိုငွေ နှင့် တွေ့ ရအောင် ဝင် နေတာပေါ့ ”

“ အို ... မပြောတတ်ပါဘူး ” ( ခေါင်း ငုံ့၍ ပြောသည် )

“ စောင့်နေတယ် ဆိုရင် တော့ ကိုကို က ဘာ လုပ်ဦးမှာတဲ့ လဲ ”

“ ကိုကို လည်း ‘ ရီရီ ’ ကို တွေ့ ဖို့ ဒီ အခန်း ထဲ ရောက် လာတာပေါ့ ”

ဆို၍ သေးသွယ် ပျော့ပျောင်း ရွှေဖယောင်း ပမာ လက်ဖျားကလေး ကို အသာအုပ် ၍ ကိုင် လိုက်လေ၏ ။

“ အို.. ကိုကို က လည်း တွေ့ ရင် တွေ့ချင်း ဆောက် နဲ့ ထွင်း ဆို သလိုပဲ ၊ အခုပဲ တွေ့ ရသေးတယ် ၊ တစ်ခါတည်း အတင်းပဲ ” ( မျက်စောင်း ထိုး ၍ ပြောသည် )

ထိုအခါ မောင်ထွန်းငွေ သည် မိမိ ၏ ဖခင် ပြောသော စကားကို သတိ ရ ကာ ဖေဖေ ၊ ငါ့ ကို ဟိုတုန်း က ညာ ပြောတာပဲလေ ဟု မိမိ ၏ လက် ကို ငုံ့ ၍ ကြည့် မိ လေ၏  ။

“ ရီရီ ရယ် ၊ ငယ်ငယ် က အကြောင်းကလေးတွေများ သတိ မရမိဘူးလား ”

“ ရီရီ လေ တစ်နေ့ မပြတ် ကိုကိုငွေ ကို တွေ့ တိုင်း သတိ ရပြီး ၊ ကိုကိုငွေ တော့ ရီ ကို စိတ်ဆိုး နေပြီ လို့ ထင် မိသေးပါတယ် ”

“ ရီရီ ကို လေ ၊ စိတ်ဆိုး ဖို့ ဝေးစွ ကိုကို ရဲ့ အချစ် ကို ရီ လက်ခံပါ့ဦး မလားလို့ စဉ်းစား မိပါသေးတယ် ”

ဆို၍ ရီရီ အား အသာကလေး အရုပ်ကလေး သဖွယ် ပွေ့ချီ ပြီး ပေါင် ပေါ် တွင် တင်လျက် ပါးချင်း အပ်၍

“ ရီရီ ၊ ကိုကိုငွေ ကို အဟုတ်ပဲ ချစ်တယ် နော် ”

“ အို ... ကြည့်ပါလား ကိုကို က လည်း လွန်လွန်းလှတယ် ” ( နှုတ်ခမ်းကလေး စူ လျက် ပြော သည် )

“ ရီရီ နဲ့ သာ ဒီလို နေရမယ် ဆိုရင် လေ ကိုကို တစ်သက်လုံး ထမင်း မစားဘဲ နေနိုင်ပါတယ် ” ( မျက်ခုံး တစ်ဖက် မြှင့်၍ ပြောသည် ) ဇာတ်လိုက်မင်းသား မောင်မောင်စိုး ကို ပြေး ၍ သတိ ရ မိလေ၏ ။

“ ကိုကို အဟုတ်ပဲ တကယ် အစစ် ချစ်တယ်နော် ၊ နောက်တော့ သာ ကိုကို တို့ ဖေဖေ က ငြင်းပယ် မှ ဖြင့် ရီရီ ဒုက္ခ ရောက်ပါ့မယ် ” ( မျက်နှာသေကလေး နှင့် သနားဖွယ် ရုပ်ဆောင် ၍ ပြောသည်  )

“ ရီရီ .. ကိုကို့ သဘော တစ်ခု ပါ ပဲ ယုံပါ ”

“ ဪ .. မိန်းမသားကလေး ဆိုတော့ တိမ်းပါး သွားပြီ ဆိုမှ ဖြင့် ကတိမ်းကပါး နှင့် သူများ ကဲ့ရဲ့ဖွယ် ဖြစ် မှာ စိုးပါတယ် နော် ”

“ အို …. ဒါတွေ မစိုးရိမ်ပါနဲ့ စိတ်ချပြီးတော့ ယုံကြည်ပါ ၊ အချစ် ကို သာ ဒီရေ အမြဲ တိုး ကာ ချစ်ပါ့မယ် ”

ဆို၍ ၎င်းတို့ နှစ်ဦး သည် ကမ္ဘာကြီး မှောင်ကာ ဖုံးလျက် တိတ်ဆိတ်စွာ နှင့် အကြည်ဓာတ် စိုက်ကာ အာရုံ ကို ခံစား နေကြလေ၏ ။

“ အို ...ကိုကို ရီရီ ကို လွှတ် တော့ ၊ အချိန် တောင် အတော် နှောင်း သွားပြီ ၊ ဒေါ်ဒေါ် ကို တံခါး ဖွင့် ခိုင်းတော့ ”

“ ဒေါ်ဒေါ် ၊ ဒေါ်ဒေါ်  တံခါး ဖွင့် ပေးပါတော့ ”

ထိုအခါ ဒေါ်အေးမိ သည် တံခါး ဖွင့် ပေး လိုက်လေသော် မောင်ထွန်းငွေ နှင့် ခင်သန်းရီ တို့ သည် ရှေ့နောက် ညီစွာ ထွက် လာကြလေ၏ ။

“ ကဲ .. ကဲ မင်း အလုပ် မသွားတော့ဘူးလား ”

“ အလုပ် မသွားတော့ဘူး ၊ အိမ် ကို ပဲ ပြန် တော့မယ် ၊ အခွင့်ပေးပါဦး ”

ဆို၍ ထွက် ခဲ့ လေ၏ ။

လမ်း တစ်လျှောက် လုံး မိမိ ဖခင် ပြော သော စကား ကို သတိ ရ ကာ ဖေဖေ တော့ ငါ့ ကို ညာ ထားတာပဲ ၊ ဖေဖေ ပြောတာ ထက် ‘ ဆီ နဲ့ ရေ ၊ ဆီးစေ့ နဲ့ မြင့်မိုရ်တောင် ၊ ကု ,လား နဲ့ဝက်သား ၊ ဘုန်းကြီး နဲ့ ဘီး ၊ ဆံထုံးကြီး နဲ့  မယ်သီလ ' ကွာခြား သလို အပုံကြီး ကွာ နေတာပဲ ၊ အင်း အခုတော့ အဖေ့ သား သိပြီ ။ ညာ လို့ တော့ မရဘူး စသည် ဖြင့် စဉ်းစား ရင်း အိမ် သို့ ရောက် လာလေ၏ ။

“ ဟဲ့... ထွန်းငွေ ဒီ ကနေ့ တယ် စော ပါကလား ”

“ ဟုတ်ကဲ့ ဖေဖေ ၊ နည်းနည်း နေ မကောင်းတာ နဲ့ စောစော ပဲ ပြန် လာခဲ့တယ် ”

“ ဟဲ့ ... ဟို အဖြေကျော် ဆေးတစ်ခွက် သောက်ဦး ”

“ ဖေဖေ ၊ ကျွန်တော် သောက်စရာ မလိုတော့ပါဘူး ။ ဖေဖေ့ ကို ပဲ ပြောစရာ လိုပါတယ် ”

“ ကဲ ... ပြောစမ်းပါဦး ”

“ ဖေဖေ ၊ ကျွန်တော် ကြီးပြီ နော် ၊ မိန်းမ ယူ ရင် တော်မယ် ထင်တယ် ”

“ ဟာ ... ဖေဖေ ပြောထားတဲ့ စကားတွေ ငါ့ သား မေ့ ပြီလား ”

“ မမေ့ပါဘူး ဖေဖေ ၊ သတိ ရ ပါတယ် ၊ ဖေဖေ က မိန်းမ ဟာ မကောင်းဘူး ဆို ၊ အခုတော့ တယ် ကောင်းပါလား ဖေဖေ ၊ ကျွန်တော့် ကို ဖေဖေ လိမ်တာ ပေါ့လေ ”

ထိုအခါ ဦးဘဖိုး သည် တစ်ဖက် သို့ လှည့်လျက် ဒီ အကောင် ခွ ကျပြီ ၊ ငါ တော့ ပြောလို့ ရ မှာ မဟုတ်ဘူး ဆို၍ ခေါင်းညိတ် ကာ နေလေ သတည်း ။

◾တင်လေးမောင်

📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment