Wednesday, January 4, 2023

ကိုယ်ရေးကြုံသော်


❝ ကိုယ်ရေးကြုံသော် ❞

( ၁ )

ကျွန်တော်တို့ နှစ်ယောက် မှာ သေမင်း နှင့် အပြေး ပြိုင် နေ ရသည် ။

ကျွန်တော်တို့ မျှော်မှန်းရာ ပန်းတိုင် သို့ သေမင်း က စက္ကန့်ပိုင်း မျှ စော၍ ရောက် သွားလျှင်ပင် ကျွန်တော်တို့ အား သေမင်း က သူ ၏ မရဏနိုင်ငံ သို့ ဆွဲခေါ်သွားမည် ဖြစ်သည် ။ ကျွန်တော်တို့ က သေမင်း ထက် စက္ကန့်ပိုင်း မျှ စော၍ ပန်းတိုင် သို့ ရောက်အောင် သွားနိုင်လျှင် လည်း ကျွန်တော်တို့ သည် သေမင်း ကို ကျွန်တော် တို့ နှစ်ယောက် ၏ ဇီဝနိုင်ငံ မှ မောင်းထုတ် နိုင်မည် ဖြစ်၏ ။

သို့သော် သေမင်း ထက် စော၍ ပန်းတိုင်သို့ ရောက်နိုင်မည့် အရေးကား ခက်ခဲလှချေသည် တကား ။

ကျွန်တော်တို့ နှစ်ယောက် သည် နွမ်းလျပန်းဟိုက်စွာ ရေစပ် သို့ ဆင်း လာကြသည် ။ ချောင်းကမ်းပါး မှာ ခပ်ပြေပြေ ဆင်ခြေလျော ဖြစ် သောကြောင့် ရေစပ် သို့ ဆင်း ရသည် မှာ သက်သက်သာသာ ပင် ရှိသည် ။

ချောင်းရေ သည် ကြည်လင် လှသည် ။ အောက် မှ ရေညှိများ တက်ကာ ထိုးထိုးထောင်ထောင် ဖြစ် နေသော ကျောက်တုံးများ ကို မြင် နေရသည် ။

ကျော်ခေါင် က ချောင်း ကို စ၍ ကူးသည် ။ သူ့ နောက် မှ ကျွန်တော် ...  ။

ချောင်းရေ မှာ ကြည်လင် သလောက် အေးမြ သည် ။ ရေ အနက် မှာ ဒူးဆစ် မျှ သာ ဖြစ် သော်လည်း ရေစီး အလွန် မြန်သည် ။ ရေညှိများ ကပ်လျက် ရှိသည့် အပြင် ထိုးထိုးထောင်ထောင် ဖြစ်နေသော ကျောက်တုံးများ ပေါ် တွင် နင်း ၍ အစီး မြန် လှသော ရေအလျင် ကို ဖြတ် ကူး ရသည် မှာ မလွယ်ကူလှ ။ ကျွန်တော်တို့ လို အင်အား ကုန်ခန်းကာ နွမ်းလျ ပန်းဟိုက်လျက် ရှိသူများ အဖို့ ပို၍ ခက်ခဲ လှသည် ။

ကျွန်တော့် ရှေ့မှ ကျော်ခေါင် က ဒယီးဒယိုင် ဖြစ်နေသလို ကျွန်တော် လည်း ဘယ်ယိမ်း ညာယိမ်း ဖြစ် နေသည် ။ ခြေနှစ်ဖက် ဖြင့် စုံ ရပ်နေသည့် အချိန် တွင် ရေစီး ဒဏ် ကို တောင့်၍ ခံနိုင် သော်လည်း ရှေ့သို့ သွားရန် ခြေ တစ်ဖက် ကြွ လိုက်သည် နှင့် တစ်ပြိုင်နက် ရေစီးဒဏ် ကို မခံနိုင်တော့ဘဲ ဒယီးဒယိုင် ဖြစ်ရသည်ချည်း ပင် ဖြစ်သည် ။

ကျော်ခေါင် မှာ ကျွန်တော့် ထက် ကိုယ်လုံး ကိုယ်ဖန် ထွားကျိုင်း သည့် အပြင် နဂို ကပင် သက်လုံ ကောင်းသူ ဖြစ်သည် ။ ထို့ကြောင့်လည်း ကျွန်တော် ချောင်းလယ် သို့ ရောက်သည့် အချိန် တွင် သူ သည် ချောင်း တစ်ဖက် ကမ်းနား သို့ ရောက် နေသည် ။ ကျွန်တော် သည် သူ့ ကို အမီ လိုက်ရန် ခြေ ကို ခပ်သွက်သွက် လှမ်း လိုက်၏ ။ ရှေ့ သို့ တစ်လံကျော်ကျော် မျှ ချောမောစွာ ရောက်ရှိသွား ပြီးနောက် ကျွန်တော် သည် ကျောက်တုံး တစ်ခု နှင့် တိုက်မိပြီး ရေ ထဲ သို့ လဲကျ မတတ် ဖြစ်သွားသည် ။ ဟပ်ထိုး ဟပ်ထိုး ဖြစ် နေသော ကျွန်တော့် ကိုယ် ကို ချက်ချင်း ပင် ပြန်၍ ထိန်းရင်း တစ်ချက် မျှ အော်ဟစ် ညည်းတွား မိသည် ။

ကျော်ခေါင် သည် ကျွန်တော့် အော်ဟစ် ညည်းတွားသံ ကို ကြားဟန် မတူ ၊ ရှေ့သို့ သာ တစိုက်စိုက် သွားလျက် ရှိသည် ။

ကျွန်တော် သည် ကျွန်တော့် ကိုယ် ကို ဟန်အောင် ထိန်းထားပြီး နောက် ရှေ့သို့ လှမ်း လိုက်သည် ။ စောစော က လို ရေထဲ သို့ လဲကျ သွား မတတ် ဟပ်ထိုး ဟပ်ထိုး ဖြစ် သွားပြီး နာကျင်စွာ အော် လိုက် မိပြန်သည် ။

ယခုအကြိမ် ကျွန်တော့် အော်သံ မှာ ကျော်ခေါင် ကြားနိုင်ရုံမျှ မက တစ်တောလုံး ဟိန်း သွားအောင် ကျယ် သည် ။ သို့သော် ကျော်ခေါင် သည် နား မရှိသော သူ ကဲ့သို့ လှည့်၍ မျှ ကြည့်ဖော် မရ ။

“ ဟေး ... ကျော်ခေါင် ” 

ကျွန်တော် က လှမ်း၍ ခေါ် လိုက်သည် ။

“ ငါ့ ခြေထောက် နာ သွားလို့ စောင့် ပါဦးကွ ” 

ကမ်းပေါ် သို့ ပင် ရောက်နေပြီ ဖြစ်သော ကျော်ခေါင် သည် ယခုအချိန် တွင် လည်း ကျွန်တော့် ကို လှည့်စောင်း ၍ မျှ မကြည့်ဘဲ ရှေ့ကို သာ ငိုက်စိုက် ငိုက်စိုက် နှင့် သွားနေသည် ။

“ ဟေး  ... ကျော်ခေါင် ” 

ကျွန်တော် က ရှိသမျှ အားအင် ကို ဖျစ်ညှစ် ကာ တစ်တောလုံး ပဲ့တင် ဟည်း သွားအောင် ဒုတိယမ္ပိ ခေါ် လိုက်ပြန်သည် ။

သူ သည် ယခင် အတိုင်း လှည့်၍ မျှ ပင် မကြည့် ။

ကျွန်တော် သည် ရေ ထဲ တွင် ကိုယ် ကို ထိန်း၍ ရပ်ရင်း အကြိမ်ပေါင်း များစွာ တကြော် ကြော် အော်၍ ခေါ် နေမိသည် ။ ထိုသို့ ခေါ်နေရင်း ပင် ကျော်ခေါင် သည် တောင်ကမူ တစ်ခု ၏ နောက် တွင် ပျောက်ကွယ် သွားခဲ့လေသည် ။

ကျော်ခေါင် ပျောက်ကွယ် သွားတော့ မှ ပင် ကျွန်တော် သည် ပတ်ဝန်းကျင် ကို ကြည့် မိသည် ။

တောနက် ခေါင်ခေါင် တောင် အထပ်ထပ် ထဲ တွင် လူ သတ္တဝါ ဆို၍ ကျွန်တော် တစ်ယောက် တည်း ပါ တကား ။

( ၂ )

ကျော်ခေါင် နှင့် ကျွန်တော် မှာ တစ်ရွာတည်း နေ တစ်ရေတည်း သောက် ဖြစ်ရုံသာ မက ညီအစ်ကို အရင်း ကဲ့သို့ ချစ်ခင်ကြသူများ ဖြစ်သည် ။

ကျော်ခေါင် က ကျွန်တော့် ထက် အသက် ငါးနှစ် မျှ ကြီးသည့် အပြင် ကျွန်တော့် အစ်မကြီး နှင့် ပုဆိုးတန်းတင် အကြင်လင်မယား ဖြစ် နေသောကြောင့် သူ့ အား အစ်ကိုကြီး သဖွယ် သဘော ထားခဲ့သည် ။ သူ နှင့် ကျွန်တော်
မှာ ကစားဖော် ကစားဖက် ဖြစ်ခဲ့ကြသည့် အလျောက် သူ့ အား ကျွန်တော် က ကျော်ခေါင် ဟူ၍ ပင် ခေါ် ခဲ့သည် ။ ကြီးပြင်း လာ၍ ကျွန်တော်တို့ မိဘမျိုးရိုး အရ ဆင်ဦးစီးများ ဖြစ် လာကြသော အခါ လည်း သူ နှင့် ကျွန်တော် မှာ သစ်တောကြိုးဝိုင်း တစ်ခု ထဲ တွင် အတူတူ အလုပ် လုပ် ခဲ့ကြသည် ။ သူငယ်ချင်း ဘဝ ဆင်ဦးစီး ဘဝ တွင် ပင် သူ နှင့် ကျွန်တော် မှာ ညီရင်းအစ်ကို ကဲ့သို့ ချစ်ခင်ခဲ့ကြသူများ ဖြစ်ရာ သူ နှင့် ကျွန်တော့် အစ်မကြီး မငွေယုံ တို့ ပုဆိုးတန်းတင် အကြင်လင်မယား ဖြစ် လာ သောအခါ သူ နှင့် ကျွန်တော် မှာ တစ်အူထုံ့ဆင်း ညီအစ်ကို အရင်း ထက် ပင် ချစ်ခင်မှု ပို ခဲ့ကြသည် ။

ဤသို့ ချစ်ချစ်ခင်ခင် နေလာခဲ့ကြ၍ ကျွန်တော့် အစ်မကြီး တွင် သားကလေး တစ်ယောက် ထွန်းပေါက်ကာ ဆင်ပေါ် သို့ တက်ရောက် ကစားနိုင် သော ခြောက်နှစ်သား အရွယ် သို့ ရောက်လာသည့် အချိန်၌ ဒုတိယကမ္ဘာ စစ်မီး ထ ၍ တောက် လာသည် ။

ကျွန်တော်တို့ အလုပ် လုပ်ရသော အထက် ချင်းတွင်းခရိုင် အင်းတောင် ကြိုးဝိုင်း မှ ဦးစီး အတော်များများ ပင် အိန္ဒိယ သို့ ပြောင်းရွှေ့သွားကြသော ဘုံဘေဘားမားကုမ္ပဏီ မှ အရာရှိများ နှင့် အတူ လိုက်ပါ သွားကြသည် ။ ကျွန်တော့် မှာ တစ်ကိုယ်ရေ တစ်ကာယသမား ဖြစ်သည့် အလျောက် ထို ဦးစီးများ နှင့် အတူ အိန္ဒိယ သို့ လိုက်ပါ သွား လို လှသည် ။ သို့သော် သား နှင့် မယား နှင့် ဖြစ်နေသောကြောင့် ကျော်ခေါင် က ကျွန်တော် နှင့် အတူ လိုက်ပါနိုင်မည် မဟုတ်သည် ကို သိ နေသည် က တစ်ကြောင်း ၊ ကျွန်တော့် အစ်မကြီး မငွေယုံ က တားမြစ်သည် က တစ်ကြောင်း တို့ကြောင့် ကျွန်တော် အိန္ဒိယ သို့ လိုက် မသွားတော့ဘဲ ကျော်ခေါင် တို့ နှင့် အတူ တူ ပင် ဝက်တုတ်ရွာ သို့ ပြောင်းရွှေ့
နေထိုင် ခဲ့ကြရသည် ။

ဂျပန်ခေတ် တွင် အစား ဆင်းရဲ အနေ ဆင်းရဲ ဖြစ်နေသည့် ကြား မှ ကျော်ခေါင် နှင့် ကျွန်တော် သည် တောထဲ တွင် ကျွန်တော် တို့ ဝှက်ထားသော ကျွန်တော် တို့ ဆင်နှစ်ကောင် ကို မကြာမကြာ သွား၍ ဆေးဝါး တိုက်ကျွေးခြင်း ၊ ထိခိုက်ရှ နေသော ဒဏ်ရာများ ကို ကုသပေးခြင်း ပြုလုပ် ကြပါသည် ။

ဦးစီး နှင့် ဆင် မှာ လင် နှင့် မယား ဆိုလျှင်လည်း ဟုတ်သည် ။ သား နှင့် အဖ ဆိုလျှင်လည်း မှန်သည် ။ အဘယ့်ကြောင့် ဆိုသော် ဦးစီး ဖြစ်သူသည် အသက် ၁၄ နှစ် အရွယ် မှ စ၍ ၈ နှစ်သား ရှိသော ဆင် ကို ထိန်းကျောင်း ခိုင်းစေ ဆုံးမ လာခဲ့ရသောကြောင့် ဖြစ်သည် ။

ကျော်ခေါင် က သူ့ ဆင်မ ' မကျော့ ' အပေါ် တွင် သံယောဇဉ် ကြီး သလို ကျွန်တော် က လည်း ကျွန်တော့် ဆင် ' ကျားမနိုင် ' အပေါ် တွင် ခင်မင်မှု လွန်ကဲ လှသည် ။ ထို့ကြောင့်လည်း ခေတ်ဆိုးကြီး အတွင်း ဂျပန်များ လက် တွင်
ရက်ရက်စက်စက် အခိုင်း မခံ ရလေအောင် ၃ လ တစ်ကြိမ် ၊ ၆ လ တစ်ကြိမ် ဆိုသလို တောပြောင်း ၍ ဝှက် ထား ခဲ့သည် ။

ဤကဲ့သို့ ကျွန်တော် တို့ က ဂရုစိုက်၍ ဝှက် ထားခဲ့သော ဆင် နှစ်ကောင် မှာ ဂျပန်များ ဘေးရန်မှ လုံခြုံ ခဲ့သော်လည်း ကျွန်တော်တို့ ကား မလုံခြုံ ခဲ့ ။

ဂျပန်များ မြန်မာပြည် မှ ဆုတ်ခွာ မပြေးရမီ တစ်နှစ် ကျော် ကျော် ခန့် အလို တွင် မည်သူ က မည်ကဲ့သို့ လက်ထောက် ချလိုက်သည် မသိ ၊ ကျော်ခေါင် မှာ ဂျပန် ၏ ဖမ်းဆီးခြင်း ခံ ရပါတော့သည် ။ ထိုအချိန်တွင် ကျွန်တော့် မှာ ဆင်များ ဝှက်ထားရာ တော သို့ ရောက် နေသဖြင့် အဖမ်း မခံခဲ့ရ ။

ဂျပန်များ သည် ကျော်ခေါင် ကို ဖမ်းဆီးကာ အမျိုးမျိုး နှိပ်စက်ပြီး နောက် ဝှက် ထားသော ဆင်များ ကို ထုတ်ပေးရန် တောင်းဆို ကြသည် ။ ဂျပန် အနှိပ်အစက် ကို ကြာရှည် မခံနိုင်သော ကျော်ခေါင် သည် နောက်ဆုံး တွင် အရှုံး ပေးကာ ကျွန်တော် တို့ ဆင်များ ဝှက်ထားသည့် နေရာ ကို လိုက်ပြရသည် ။

သူ့ ဆင် ' မကျော့ ' ကို တကြော် ကြော် ခေါ်နေသော ကျော်ခေါင့် အသံ ကို ကြား လိုက်ရသည် နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခု တော့ ဖြစ်ပြီ ဟု ကျွန်တော် အတပ် သိ လိုက်သည် ။ ထို့ကြောင့် လည်း ယာယီ ထိုး ထားသော တဲ အတွင်း မှ ထွက်ကာ ကိုင်းတော ထဲ သို့ ပြေးဝင် ၍ ပုန်း နေ လိုက်သည် ။

' မကျော့ ' ကို ဂျပန်များ လက်သို့ အပ်ပြီး နောက် များမကြာမီ အတွင်း ကျော်ခေါင့် အသံ ကို ထပ်၍ ကြားရပြန်သည် ။ ထိုအသံ မှာ နာကြင်စွာ အော် ဟစ် လိုက်သော အသံ ပင် ဖြစ်သည် ။

ဂျပန်များ သည် ကျော်ခေါင် အား ကျွန်တော့် ဆင် ' ကျားမနိုင် ' ကို ခေါ် မပေးရ ကောင်းလား ဟု ရိုက်နှက် နေခြင်းပင် ဖြစ်မည် ဟု စဉ်းစား လိုက်မိသည် ။

ကွမ်း တစ်ယာ ညက် ခန့် အကြာ တွင် ကျော်ခေါင့် အော်သံ ပေါ် ထွက်လာ  ပြန်သည် ။ ဤ အသံ ကား နာကျင်စွာ အော်ဟစ် လိုက်သော အသံ မဟုတ်ဘဲ ကျွန်တော့် ကို ခေါ် လိုက်သော အသံ ပင် ဖြစ်သည် ။

“ သာရောက် ရေ ... မြန်မြန် ထွက်ခဲ့ ဟေ့ ၊ နင် မလာရင် ငါ သေရတော့မယ် ” 

သူ့ အသံ ကို ကြား လိုက်ရသော ကျွန်တော့် အဖို့ ကျွန်တော့် အသည်း ကို ချွန်း ဖြင့် အခွဲ ခံရ သကဲ့သို့ ဖြစ် သွားသည် ။ ကျွန်တော် သည် နောက် တစ်ကြိမ် ထပ်၍ အခေါ် ကို ပင် မစောင့်တော့ဘဲ ကိုင်းကြား ထဲ မှ ထွက် လာခဲ့သည် ။

“ ဟေး  ... ဘိဓမာ ၊ ဆင် ... ဆင် ... ဖမ်းပေး ၊ ဖမ်းပေး ” 

မြန်မာ စကား တတ်သော ဂျပန် တစ်ယောက် က ကျွန်တော် ကျော်ခေါင့် အနား သို့ ရောက် သွားလျှင် သွားချင်း ငေါက်ဆတ်ဆတ် အမိန့် ပေးသံ ကို ပင် နာခံရသည် ။

ငြင်းနေ၍ အကျိုး ထူးတော့မည် မဟုတ်သည်ကို သိနေသည့် အတိုင်း ကျွန်တော့် ဆင် ' ကျားမနိုင် ' ကိုလည်း ဂျပန်များ လက် သို့ ဝကွက် ၍ အပ် လိုက်ရသည် ။

ဤကဲ့သို့ သူတို့ အလိုရှိသည့် ဆင် နှစ်ကောင် ကို ဝှက်ထားရာ မှ ထုတ် ပေးလိုက်လျှင် ကိစ္စ ပြီးပေပြီ ဟု မှတ်ထင် ခဲ့၏ ။ သို့သော် ကျွန်တော့် အထင် ကား မှားခြင်းကြီး မက မှား ခဲ့ ချေသည် ။

ကျော်ခေါင် နှင့် ကျွန်တော် သည် ဦးစီးများ အဖြစ် ဂျပန်များ ခေါ်ဆောင်ရာ နောက်သို့ လိုက် ခဲ့ရပြီး ခိုင်းစေသမျှ လုပ် ပေး ကြရတော့သည် ။

( ၃ )

ကျွန်တော် တို့ ဆင်ဦးစီးများ အနေဖြင့် တောကျွမ်း သည် ဆိုသည် မှာ မှန်ပါ၏ ။

သို့သော် ကိုယ့် နယ် ကိုယ့် ဒေသ ကိုယ့် အလုပ် မဟုတ်သော နေရာ တွင် အဘယ်ကဲ့သို့ တောကျွမ်း နိုင်ပါမည်နည်း ။

ကျွန်တော်တို့ နှင့် အခြား ဆင်ဦးစီး လေးငါးဆယ် တို့ သည် မိမိတို့ ဆင်များ ဖြင့် ဂျပန်တို့ ၏ လက်နက်ရိက္ခာများ ကို တင်ဆောင်ကာ ချင်းတွင်းမြစ်ကမ်း မှ နေ၍ ကဘော်တောင်ကြား ကို ဖြတ်ကာ အင်ဖာလွင်ပြင် သို့ ရောက် အောင် လာ ခဲ့ကြရသည် ။

ကဘော်တောင်ကြား ကို ' သေမင်းတောင်ကြား ' ဟူ၍ ကြားဖူးခဲ့သည် မှ လွဲ၍ တစ်ခါတစ်ခေါက် မျှ မရောက်ဖူးခဲ့ ။ အင်ဖာ ဆို သည် ကိုကား ကြားပင် မကြားဖူး ။

ဤကဲ့သို့ မိမိ မရောက် မပေါက် ဖူးသော ဒေသ တွင် အဘယ်သို့လျှင် တောကျွမ်း နိုင် ပါမည်နည်း ။

ဤကဲ့သို့ ကျွန်တော်တို့ တစ်ခါ တစ်ခေါက် မျှ မရောက် မပေါက်ဖူးသော ဒေသ ၌ တွေ့ကြုံ နေရသည် မှာ လည်း တကယ့် စစ်ပွဲကြီး ။

အင်္ဂလိပ် နှင့် အမေရိကန် တို့ ဘက်မှ မည်မျှ သေသည် ကို မသိရသော် လည်း ဂျပန်များ ဘက် မှ အသေအပျောက် မှာ မူ အင်ဖာလွင်ပြင် ပြည့် လု မတတ်ပင် ရှိသည် ဟု ထင်သည် ။ ကျွန်တော်တို့ ဆင်ဦးစီးများ သည် ရှေ့တန်း စစ်မြေပြင် သို့ ရောက်သည် ဟု ဆို နိုင် လောက်အောင် ဂျပန်စစ်တပ်များ အကြား တွင် ညှပ် ၍ ပါသွားခဲ့ရသည် ။ သို့သော် အင်ဖာလွင်ပြင် သို့ ရောက်ပြီး သုံးလေးရက်မျှ မကြာမီ ကျွန်တော်တို့ အား ကဘော်တောင်ကြား သို့ ပြန်
ဆုတ် ခိုင်းသည် ။ နောက်မှ လာ နေသော စစ်ကူတပ်များ အတွက် သစ်ခုတ် သည့် အလုပ် ၊ သစ်ဆွဲ သည့် အလုပ် ၊ တံတားဆောက် သည့် အလုပ် ၊ ရိက္ခာ နှင့် လက်နက် သယ်ဆောင်ပေးရ သည့် အလုပ်များ မှာ များပြား လှသည် ။

အလုပ် များ လှသလောက် စား ရသည့် အစာ မှာ စိတ်ပျက်စရာ ကောင်းလှသည် ။ ထို စိတ်ပျက်စရာ ကောင်းသော အစားအစာ ကို ပင် ဝဝလင်လင် မစားရ ။

ဆင်များ အတွက် လည်း ဆင်စာ လုံလုံလောက်လောက် မရနိုင် ။

ထုံးစံအားဖြင့် ဆင်များ ကို ညနေ အလုပ် ပြီးချိန် တွင် အစာ ရှာ၍ စား နိုင်ရန် တစ်ညလုံး လွှတ် ထားမြဲ ဖြစ်သည် ။ မနက် မှ ဆင်ဦး က လွှတ်ထားသည့် ဆင် ကို သွား၍ ကောက် ကာ အလုပ် လုပ် ခိုင်းမြဲ ဖြစ်သည် ။ ယခုမူ ဆင်များ ကို မလွှတ်ရ ဟု အမိန့် ထုတ်ကာ သစ်ပင် တွင် တစ်ည လုံး ချည် ထားသည် ။ ဆင် စားရန် အစာ ကို ဦးစီးများ က ရှာဖွေ ကျွေး ကြရသည် ။ အဘယ်မှာ လုံလောက်အောင် ရှာဖွေ၍ ရနိုင်ပါမည်နည်း ။

ဆင်များ ကို ခိုင်းပုံ ကို လည်း ကြည့်ပါဦး  ...  ။

ဆင် ကို ခိုင်းရာ၌ တစ်နှစ် တွင် ၉ - လ ခိုင်း ၍ ၃ - လ အနား ပေးမြဲ ဖြစ်သည် ။ ၉ - လ ခိုင်း သည် ဆိုသော်လည်း ထို ၉ - လ အတွင်း နေ့တိုင်း ခိုင်းခြင်း မဟုတ် ၊ တစ်လ လျှင် ခိုင်းရက် ၁၈ - ရက် သာ ရှိသည် ။ ဆင် တစ်ကောင် ကို ၃ - ရက် ဆက်တိုက် ခိုင်း ၍ ၂ - ရက် အနား ပေး ရမြဲ ဖြစ်သည် ။ ခိုင်းရက် အတော အတွင်း တွင် လည်း တစ်နေ့ လုံး ခိုင်းရသည် မဟုတ် ၊ ရှစ်နာရီ ခန့် သာ ခိုင်း နိုင်သည် ။ နံနက်ပိုင်း ညနေပိုင်း တွင် သာ ခိုင်း၍ နေ့လယ် နေပူချိန် တွင် ရပ်နား ထားရသည် ။ ဆင် တစ်ကောင် သည် တစ်နှစ် တွင် ရက်ပေါင်း ၁၆၂ - ရက် သာ အလုပ် လုပ် နိုင်သည် ။ ဤထက် ပို၍ ခိုင်းက ခိုင်း၍ ရသော်လည်း ဆင် သက်ဆိုး ရှည်မည် မဟုတ်ချေ ။ ယခု ဂျပန်များ ခိုင်းပုံမှာ နားရက် ဟူ၍ လုံးဝ မရှိ ။ ဆင် အစာ စားသည့် အချိန် ၊ ရေချိုးသည့် အချိန် တွင် ပင် အရေးကြီးသည် ဟု ဆိုကာ ခိုင်းစေတတ်ကြသည် ။

သို့ဖြင့် ဆင်များ သည် အစား လည်း ဝအောင် မစားရ ၊ ရေ လည်း ဝအောင် မချိုးရ ၊ အလုပ် က လည်း နားရက် မရှိသဖြင့် ပိန်ချုံး ကာ အဖျားအနာ ထူ လာသည် ။ လူ သည် နေထိုင် မကောင်းလျှင် စိတ်တို သကဲ့သို့ ဆင် လည်း အဖျားအနာ ထူ လာသောအခါ ခိုင်းတိုင်း မလုပ် ပြောတိုင်း မရတော့ဘဲ ကလန်ကဆန် လုပ် လာသည် ။

တစ်နေ့တွင် အရေးကြီးသော တံတား တစ်ခု ပြိုကျ သွားသဖြင့် အလျင်အမြန် ပြန် ဆောက်ရန် အတွက် တောင်ကမ်းပါးယံ တွင် အသင့် ခုတ်လှဲပြီး ရှိနေသော သစ်လုံးများ ကို တောင်အောက် လမ်းပေါ် သို့ ရောက်အောင် ဆွဲချ ကြရသည် ။ ဆင်များ မှာ ခိုင်းတိုင်း မလုပ် ၊ ပြောတိုင်း မရဘဲ ကလန်ကဆန် လုပ် နေ ကြသဖြင့် အလုပ် နှောင့်နှေး နေသည် ။ ကျွန်တော်တို့ ဆင်ဦးစီး ဆယ်ယောက် ကို အုပ်ချုပ်သော ဂျပန် မှာ အလုပ် မတွင်ကျယ်သဖြင့် ကျွန်တော်တို့ ကို စိတ်ဆိုး လျက် ရှိသည် ။ သူ့ စိတ် တွင် ကျွန်တော် က တမင်တကာ အလုပ် နှေးကွေး အောင် လုပ်နေသည် ဟု ထင်ဟန် ရှိသည် ။ ထို့ကြောင့် ကျွန်တော် တို့ ဦးစီး ဆယ်ယောက် အား ဆင် ပေါ် မှ ဆင်း ခိုင်းကာ တန်းစီစေသည် ။ ထို့နောက် တစ်ယောက် စီ ရှေ့သို့ ထွက် ခိုင်းပြီး ပါး ကို ဘယ်ပြန် ညာပြန် ရိုက်သည် ။ တံတား ကို ယနေ့ ပြီးအောင် မဆောက်နိုင်လျှင် အားလုံး ပစ်သတ်မည် ဟု လည်း ကြိမ်းမောင်းသည် ။

ဂျပန် ရိုက်နှက်၍ ပြီးသောအခါ ဆင်ပေါ် သို့ ပြန်တက် ၍ အလုပ် ဆက် လုပ်ရသည် ။

ကျွန်တော့် ဆင် ' ကျားမနိုင် '  က သစ်လုံး ကို ဆွဲ၍ ကျော်ခေါင့် ဆင် ' မကျော့ ' က တွန်း ရသည် ။ ကျွန်တော် တို့ သည် ချွန်းချက်ပေး၍ ဆင်များ ကို ခိုင်းစေကြရသည် ။ သို့သော် သစ်လုံး မှာ အဆမတန် ကြီးသည့် အပြင် ဆင်များ မှာ လည်း အားအင် ကုန်ခန်း သလောက် ရှိနေကြသဖြင့် တော်တော် နှင့် အောက်သို့ မရောက်နိုင် ။

ဤကဲ့သို့ ဆင်ခေါင်း ခွေးချီ သကဲ့သို့ လုပ်နေရစဉ် အတွင်း ဂျပန် သည် မကျော့ အနီးသို့ ရောက်လာပြီး ဦးစီး ဖြစ်သူ ကျော်ခေါင် ကို အော်ဟစ် ဆဲဆိုကာ သေနတ်ကြီး တကားကား ဖြင့် ခုပင် ပစ်သတ်တော့ မလို ခြိမ်းခြောက် နေသည် ။

မကျော့ သည် သစ်လုံး ကို ကုန်း၍ တွန်းရာမှ ရုတ်တရက် ထ လိုက်ပြီး သေနတ်ကြီး တကားကား ဖြင့် အော်ဟစ်ဆဲဆို နေသော ဂျပန် အား နှာမောင်း ဖြင့် ဖမ်း ယူကာ သစ်လုံး တွင် ဆင့်၍ ဆင့်၍ ရိုက် လိုက်သည် ။

ဂျပန် ၏ ငယ်သံပါအောင် အော် လိုက်သော အသံ မှာ တစ်တောလုံး ကို ပဲ့တင် ထပ် သွားသည် ။ ထို့နောက် တဒိုင်းဒိုင်း ပစ်ခတ် လိုက်သော သေနတ်သံများ နှင့် နာကျင် စူးရှစွာအော်ဟစ် လိုက်သော အသံများ ကို ကြား လိုက် ရပြီး နောက် မကျော့ လည်း မြေပေါ် တွင် ဗုန်းဗုန်းကြီး လဲကျ သွားသည် ကို တွေ့ လိုက်ရသည် ။

စခန်းရှိ အခြား ဂျပန်များ သည် သူတို့ စစ်တပ် မှ စစ်သား တစ်ယောက် ကို သတ်ပစ်သော မကျော့ အား ချက်ချင်းပင် ပြန်၍ လက်စား ချေလိုက်ပေပြီ ။

ဤသို့ လက်စား ချေရုံနှင့် အားမရသော ဂျပန်များ သည် ဦးစီး ဖြစ်သူ ကျော်ခေါင် အား သစ်ပင် တစ်ပင် တွင် ကြိုး နှင့် တုပ်ကာ ရိုက်နှက် ကြပြန်သည် ။ ကျွန်တော် မှာ ကျော်ခေါင့် အတွက် မခံမရပ်နိုင်အောင် ဒေါသ ထွက်လျက် ရှိ သော်လည်း သူတို့ က လူများစု ဖြစ်သည့် အပြင် လက်နက် လည်း ရှိ သူများ ဖြစ်၍ အောင့်အည်း နေ လိုက်ရသည် ။

ထိုနေ့ ည တွင် ကျော်ခေါင် နှင့် ကျွန်တော် သည် ဂျပန်များ လက် မှ ထွက်ပြေး လာခဲ့ ကြသည် ။ ဂျပန် များ ဖမ်းမိ သွားလျှင် သက်သာတော့မည် မဟုတ်သည် ကို သိသော ကျွန်တော်တို့ သည် ဂျပန်များ လိုက်ရှာ၍ မတွေ့နိုင်အောင် ချောက်ကြီးများ ၊ ကမ်းပါးယံကြီးများ ၊ လွှသွား ကဲ့သို့ ထက်သော ကျောက်တောင်များ ၊ တိုး မပေါက်နိုင်အောင် ထူသော ဝါးတောကြီး နှင့် ကြိမ်တောကြီးများ ကို ဖြတ်၍ ပြေး ခဲ့ကြရသည် ။

ကျော်ခေါင် မှာ ဂျပန်များ ရိုက်နှက်ထားသော ဒဏ်ကြောင့် အတော်ပင် ချည့်လျက် ရှိသည် ။ ထို့ကြောင့် တစ်ည နှင့် တစ်နေ့ အကြာ တွင် လုံခြုံသော ကျောက်ဂူ တစ်ခု ထဲ ၌ ကျော်ခေါင် ၏ ဒဏ်ရာများ သက်သာလာသည် အထိ
ရပ်နား နေရသည် ။

ကျော်ခေါင် တို့ အိမ် မှ ထွက်ခွာလာ ကတည်း က ကျစ်ကျစ်လျစ်လျစ် ထုပ် ယူခဲ့သော ထမင်းခြောက်များ မှာ ယခုလို ဂျပန်ရန် မှ ထွက်ပြေး နေရသည့် အချိန်တွင် တန်ဖိုး ရှိလှသည် ။ သို့သော် ဂျပန် ရန် နှင့် များစွာ မဝေးလှသေး သည့် အတွက် ဂူထဲမှ ဂူအပြင် သို့ မထွက်ရဲသော ကြောင့် ပါ လာသော ထမင်းခြောက် ကိုသာ စား နေရရာ ကျော်ခေါင့် ဒဏ်ရာများ သက်သာလာပြီး နောက် ခရီး ဆက် ထွက်ရသည့် နေ့ တွင် ကား ထမင်းခြောက် ဆို၍ တစ်ယောက် လျှင် တစ်ဆုပ် စာ မျှသာ ကျန်ရှိ နေတော့ သည် ။

( ၄ )

ယနေ့ ကား ကျောက်ဂူ ထဲ မှ ထွက် လာခဲ့ပြီး နောက် ငါးရက်မြောက် သော နေ့ ဖြစ်သည် ။

ထမင်း မစားခဲ့ရသည် မှာ သုံးရက် ရှိ နေပေပြီ ။

ဝမ်းဗိုက် က တကြုတ်ကြုတ် နှင့် လှုပ် လျက်ရှိသည် ။ လည်ချောင်း က ပူလောင် နေသည် ။ မျက်စိ က ပြာဝေ ကာ ခေါင်း က မခံမရပ်နိုင်အောင် ကိုက်ခဲလျက် ရှိသည် ။ ခြေထောက် မှာ ကား ကွဲအက်ရောင်ရမ်း ကာ သွေး တစိမ့်စိမ့် ထွက်ပြီး လေးလံ လျက် ရှိသည် ။

ကျွန်တော့် မှာ ကျော်ခေါင့် ကို မီအောင် မလိုက်နိုင်ဘဲ အမြဲ နောက်ကျ နေ သည် ။ ကျော်ခေါင် က  ... .

“  ဟေး  ...  သာရောက် ရ ၊ အားတင်းစမ်းပါကွ ”  

ဟု ပြောသော်လည်း ကျွန်တော့် မှာ အားတင်း လေ အားလျော့ လေ ဖြစ်နေသည် ။

ကျော်ခေါင် သည် ငှက်ပျောရိုင်း မှ အူတိုင် ကို ခုတ်ယူလာပြီး ပါလာသော မြေအိုး တွင် ပြုတ် ကာ ကျွန်တော့် ကို စား စေသည် ။ ရောင်ကိုင်းနေသော ကျွန်တော့် ခြေထောက် ကို ရေနွေး ဖြင့် အုပ် ပေးသည် ။

သည်လိုနှင့် ပင် ငှက်ပျောအူများ ကို စား ၍ တစ်ရက် ကုန် သွား ပြန်သည် ။

နောက် တစ်ရက် တွင် လည်း ကျွန်တော့် မှာ ကျော်ခေါင် ကို မီအောင် လိုက်နိုင်ခြင်း မရှိ ။ ဝါးရင်းတုတ် တစ်ချောင်း ကို အားပြုကာ တရွေ့ရွေ့ လှမ်း ရသည် ။ လှမ်းတိုင်း လှမ်းတိုင်း လည်း လူ တစ်ကိုယ်လုံး ဆတ်ဆတ် တုန်သွား
သည် အထိ နာကျင်လှသည် ။

ကျွန်တော်တို့ သည် ချောင်းကမ်းစပ် တစ်ခု သို့ ရောက်ခဲ့ကြသည် ။ ကျွန်တော့် ရှေ့ မှ ကျော်ခေါင် က ဒယီးဒယိုင် ဖြစ် နေသည် ကို မြင် ရသည် ။

ကျော်ခေါင် က ချောင်း ကို စ ၍ ကူးသည် ။ သူ့ နောက် မှ ကျွန်တော် ၊ ကျွန်တော် ချောင်းလယ် သို့ ရောက်နေသည့် အချိန် တွင် သူ သည် ချောင်း တစ်ဖက် ကမ်းနား သို့ ရောက် နေလေသည် ။ ကျွန်တော် သည် သူ့ ကို မီရန် ခြေ ကို ခပ်သွက်သွက် လှမ်း လိုက်၏ ။ ရှေ့သို့ တစ်လံ ကျော်ကျော် မျှ ချောမောစွာ ရောက်ရှိသွားပြီး နောက် ကျောက်တုံး တစ်ခု နှင့် တိုက် မိပြီး ရေ ထဲ သို့ လဲကျ မတတ် ဖြစ်သွားသည် ။ ဟပ်ထိုး ဟပ်ထိုး ဖြစ်နေသော ကျွန်တော့် ကိုယ် ကို ချက်ချင်း ပြန်၍ ထိန်းရင်း အော်ဟစ် ညည်းတွား မိသည် ။

ကျော်ခေါင် သည် ကျွန်တော့် အော်ဟစ်ညည်းတွားသံ ကို ကြားဟန် မတူ ။ ရှေ့သို့ သာ တစိုက်စိုက် သွားလျက် ရှိသည် ။

ကျွန်တော် သည် ကျွန်တော့် ကိုယ် ကို ဟန်ဆောင် ထိန်း ထားပြီး နောက် ရှေ့သို့ လှမ်း လိုက်သည် ။ စောစော ကလို ရေထဲ သို့ လဲကျ သွား မတတ် ဟပ်ထိုး ဟပ်ထိုး ဖြစ်သွားပြီး နာကျင်စွာ အော် လိုက်မိပြန်သည် ။

ယခုကြိမ် ကျွန်တော့် အော်သံ မှာ ကျော်ခေါင် ကြားနိုင်ရုံမျှ မက တစ်တောလုံး ဟိန်းသွားအောင် ကျယ်သည် ။ သို့သော် ကျော်ခေါင် သည် နား မရှိသောသူ ကဲ့ သို့ လှည့်စောင်း၍မျှ ကြည့်ဖော် မရ ။

“ ဟေး  ... ကျော်ခေါင် ”  

ကျွန်တော် က လှမ်း၍ ခေါ် လိုက်သည် ။

“ ငါ့ ခြေထောက် နာသွားလို့ စောင့်ပါဦးကွ ”  

ကမ်းပေါ်သို့ ရောက်နေပြီ ဖြစ်သော ကျော်ခေါင် သည် ယခု အကြိမ် တွင် လည်း ကျွန်တော့် ကို လှည့်စောင်း၍ မျှ မကြည့်ဘဲ ရှေ့သို့ သာ ငိုက်စိုက် ငိုက်စိုက် နှင့် သွားနေသည် ။

ကျွန်တော် သည် ရေထဲ တွင် ကိုယ်ကို ထိန်း၍ ရပ်ရင်း အကြိမ်ပေါင်း များစွာ တကြော်ကြော် အော်၍ ခေါ်နေမိသည် ။ ထိုသို့ ခေါ် နေရင်းပင် ကျော်ခေါင် သည် တောင်ကမူ တစ်ခု ၏ နောက် တွင် ပျောက်ကွယ် သွားခဲ့ပေပြီ ။

ကျွန်တော် သည် ရေထဲ တွင် တစ်နာရီ ကျော်ကျော် မျှ ကျောက်တုံး တစ်တုံး လို ရပ် နေ မိသည် ။

ထို့နောက် အားတင်းကာ တစ်ဖက် ကမ်းစပ် သို့ ရောက်အောင် သွားမည် ဟု ဆုံးဖြတ် လိုက်သည် ။

ကျွန်တော် သည် ခြေ တစ်လှမ်း လှမ်း လိုက်၏ ။ အသည်း ခိုက်အောင် နာကျင်သွားသော ဝေဒနာ ကြောင့် မျက်ရည် ပေါက်ပေါက် ကျ မိသည် ။

ထိုစဉ်တွင် မမျှော်လင့်သော အသံ တစ်ခု ကို ကြား လိုက်ရသည် ။

' ကျားမနိုင် ' သည် ဂျပန်များ လက် မှ ရုန်းထွက် ကာ ကျွန်တော့် နောက် သို့ တကောက် ကောက် လိုက်ပါ လာနေပြီ မဟုတ်ပါလား ။ 

◾တက္ကသိုလ်နန္ဒမိတ်

📖 မြဝတီမဂ္ဂဇင်း
      အတွဲ - ၉ ၊ အမှတ် - ၆
      ဧပြီလ - ၁၉၆၁ ။

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment