❝ မိုး ကောင်း တုန်း ရွာ ထား ဦး ❞
ခင်ခင်စော မနေ့ က ထက် ချော နေသည် ။ ဒီနေ့ မှ ပိုပြီး လှ နေ မှန်း ချော နေမှန်း ကျွန်တော် သတိ ထား မိသည် က အဆိုး မဆိုသာ ၊ နံနက် ကိုးနာရီ မထိုး မီ မှာ ဘူတာ သို့ ခင်ခင်စော သုံးခေါက် ရောက် သည် ။
“ ပိုင်လေး ... အဆန်စာပို့ ဘယ်အချိန် ရောက်မှာလဲ ”
ရထား ချိန် လာ မေးသည် က တစ်ကြိမ် ၊
“ ပိုင်လေး .. အထက် က အမြန် နဲ့ အောက် က စာပို့ နဲ့ ဘယ်မှာ ဆုံနိုင် မလဲ ဟင် ”
ရထား ဆုံ လာ မေး သည် က တစ်ကြိမ် ။
“ ပိုင်လေး ... ဆန်ကွဲ တစ်တင်း တန်ဆာ ဘယ်လောက် ကျ မလဲ ဟင် ၊ အဆန်စာပို့ မှာ လပ်ဂိတ် လုပ်ပြီး မြစ်ကြီးနား ကို တင် ချင်လို့ ”
တန်ဆာခ လာ မေးသည် က တစ်ကြိမ် ။
ပထမ တစ်ကြိမ် က အမှုမဲ့ အမှတ်မဲ့ ၊ နောက် တစ်ကြိမ် မှာ ခင်ခင်စော ကို သတိ ထား ပြီး ကြည့် မိသည် ။ ခရမ်းရောင် ဖော့ရှန် အထက်အောက် ဆင်တူ ၊ သိသာထင်ရှားသော မိတ်ကပ်ခြယ်မှုန်း ထားသည့် ပြုံး မျက်နှာ ၊ ကနွဲ့ ကလျ သူမ ဟန်ပန် ၊ သံနိမ့် သံမြင့် ခပ်ဝဲဝဲ သူမ အပြောကလေး များ ကြောင့် ၊
“ အင်း ... ဒီနေ့ တော်တော် ထူးတာပဲ ” ဟု မှတ်ချက် ချ မိသည် ။
ဒီ ကနေ့ နှင့် မနေ့ က ခင်ခင်စော ၏ အပြုအမူ တို့ ကို ဆက်စပ် ကြည့်မိ သည် ။ ကျွန်တော့် စိတ်ထဲ ထင့်ခနဲ ဖြစ် သွားသည် ။
••••• ••••• •••••
“ ဦးလေးထွန်း ၊ ပိုင်လေး ကော ရှိလား ... ”
“ အေး .. ရှိတယ်လေ ၊ ဘူတာ ထဲ မှာ စာရင်း လုပ်နေတယ် ။ ဘာလဲ ... နင် က တန်ဆာ လုပ် ချင် လို့လား ခင်ခင်စော ရဲ့ ”
“ ရော ... ခတ်ပြီကော ညယ် .. တန်ဆာ လုပ်မှ ပိုင်လေး ကို လာ တွေ့ ရ မှာ လား ဦးလေးထွန်း ရဲ့ ”
ဂျမာဒါ ( လမ်းခွဲကိုင် မီးရထား အမှုထမ်း ) ဦးထွန်း နှင့် အချီအချ စကားသံ များ ကြောင့် ခေါင်းထောင် ကြည့် လိုက်သည် ၊ သို့သော် လက်မှတ် ပေါက် တွင် ကာ ထားသော ရာဇမတ်ကွက်များ ကြား မှ ကျွန်တော့် မျက်လုံး ကို ချက်ချင်း ရုပ်သိမ်း လိုက် ရ၏ ။
အကြောင်း မူ ကား ခင်ခင်စော မည်သော ရှမ်းမလေး သည် ကျွန်တော့် စားပွဲ ရှိရာ သို့ ရွေ့လျား လာ သောကြောင့် တည်း ။
မျက်နှာကျပုံ ၊ အသားဖြူပုံ တို့ မှာ ရှမ်းမလေးများ နှင့် ထူးမခြား ၊ ကြည်လဲ့သောမျက်လုံး ၊ ကွေးညွှတ်သော မျက်ခုံး နှင့် ပါးပြင် ထက် မှ စံပယ်တင်မှဲ့ ရှင်ကလေး က သာ ထူးခြား နေသည် ။
ခင်ခင်စော ကျွန်တော့် စားပွဲ ရှေ့ ရပ်မိသည် နှင့် ကျွန်တော် က ဆီးကြို မေး လိုက်သည် ။
“ ဘာကိစ္စ ရှိပါသလဲ ခင်ဗျာ ”
“ ဪ ... ပိုင်လေး ညနေပိုင်း ရထား ကုန်လို့ အား ရင် အစော တို့ အိမ် အလည် လာ ခဲ့ပါလား လို့ ”
“ ဒုက္ခ ရှာလို့ .. ခင်ခင်စော ရယ် ”
“ ရော .. ပိုင်လေး က လည်း .. ပိုင်လေး ဒီကို ပြောင်း လာတာ တစ်လ လောက် ရှိပြီ ။ ဘယ်မှ မထွက်ဘဲ မမချော က လည်း အခေါ် ခိုင်း နေတာ ခဏ ခဏ ပဲ ။ လာ ဖြစ်အောင် လာရမယ် နော့ ”
ကျွန်တော် က “ အင်း ... အဲ ” မလုပ် မီ မျက်လုံးလေး ဝင့် ကာ မျက်ခုံးလေး ချီ ကာ နှင့် ခင်ခင်စော ထွက် သွားသည် ။
“ ဘယ်နှယ်လဲ ပိုင်လေး ... ဘယ်လို သဘော ရ သလဲ ”
ပြုံးစစ မျက်နှာ ပေး နှင့် ဦးထွန်း က မေး လာသည် ။ သူ့ စကား ၊ သူ့ မျက်နှာ ထား ၏ အဓိပ္ပာယ် ကို ကျွန်တော် ရိပ်စား မိသည် ။ သို့သော် ... ကျွန်တော် က မတုန်မလှုပ် ငုတ်တုတ် ။
သည် ဘူတာ သို့ ကျွန်တော် ပြောင်း လာခဲ့သည် မှာ တစ်လ ပြည့် ပြီ ၊ ရောက်စ တစ်ခေါက် သာ ရွာ ထဲ သို့ ရုံပိုင်ကြီး နှင့် လှည့် ကြည့် ဖူးသည် ။ နောက် ထပ် မလှည့် ဖြစ် ။ မြစ်ကြီးနားမြို့ နှင့် မိုင် ၆ဝ ခန့် သာ ဝေး ပြီး ရန်ကုန် နှင့် မိုင် ၆ဝဝ ကျော် ခန့် ဝေးသည် ။ ကချင်ပြည်နယ် တွင်း ဖြစ်ပေမည့် ရှမ်း ၊ ဗမာ ၊ ကတူး ၊ ကနဏ်း နှင့် မြန်မာ အချို့ နေထိုင်သော ရွာ ဖြစ်သည် ။
ဒီ ရွာ ဝန်းကျင်ဒေသ ၏ အဓိက ထွက်ကုန် မှာ ဆန် ၊ မြေပဲ နှင့် ကြံ ဖြစ် သည် ။ ကြံ ကို ဆားမော် ၊ နမ္မတီး ၊ သကြားစက်များ အတွက် စိုက်ပျိုး ကြသည် ။ ပိုး ၊ မိုး နှင့် မျိုး တို့ ၏ ပယောဂ ကြောင့် မြေပဲ မရသည် မှာ နှစ်နှစ် ရှိပြီ ။ မိုး ကောင်း သော အရပ် ဖြစ်သည့် အတွက် စပါး ကို အားထား စိုက်ကြသည် ။ ရ လည်း ရသည် ။ ဆန်စက် နှစ်လုံး နှင့် ဟာလာစက်ကလေးများ ၏ စက်သံ တညံညံ က သက်သေ ခံ နေသည် ။ အရှေ့ ၊ အနောက် ၊ တောတောင် ရံလျက် ရုပ်ရှင်ရုံ ၊ ကျေးလက်ဆေးပေးခန်း ၊ နံနက်ခင်း ဈေး ၊ ရဲစခန်း ၊ ဘူတာ စသည် တို့ကြောင့် မြို့ မကျ တကျ ရွာကလေး ဟု သတ်မှတ် နိုင်သည် ။
ရွာ နှင့် မနီးမဝေး ၊ ချောင်းများ တစ်ဝိုက် သို့ ရွှေရှာ ထွက်ကြသူများ က လည်း မနည်းလှ ၊ ရွှေတွင်း တူးကြ ၊ ရွှေ ကျင်ကြ နှင့် နေ့တွက် ကိုက်သူ လည်း ရှိ ။ ငှက်ဖျား မိကြ ၊ ပင်ပန်းမှု ဒဏ် ကြောင့် ဖျားနာသေကြ သူ များ လည်း ရှိ၏ ။ ရွှေတူး ၊ ရွှေကျင်ကြသူ များ ၏ အဝတ်အစား အသားအရောင် ညစ် သ ထက် ညစ် လာကြပြီး ရွှေဝယ် သူ များ သည် တဖြည်းဖြည်း ကြီးပွား လာကြ၏ ။
ဦးထွန်း ၏ ပြောပြချက် အရ ခင်ခင်စော တို့ အိမ် က ရွှေ ၊ ငွေ ၊ ကျောက် အရောင်းအဝယ် လုပ်သည် ။ ရွှေ နှင့် ကျောက်စိမ်း အကြောင်း ကို ကောင်း ကောင်း နားလည်သည် ။
“ ရွှေ ၊ ကျောက် ၊ ဆင် ၊ မြင်း ၊ စိုးစဉ်း ( အနည်းငယ် ) သိ က ထမင်းဝ ” ဟု ဆိုရိုးစကား ရှိသည် မဟုတ်လော ။ ခင်ခင်စော တို့ ကြီးပွား သည် မှာ မဆန်း ။ ဖွဲ ၊ ဆန်ကွဲ ၊ ဆန် နှင့် နေကြာ တို့ ကို အထက် ၊ အောက် အနှံ့ ပို့သည် ။ ကုန်မျိုး စုံ စတိုးဆိုင် ဖွင့်သည် ။ စပါးခွဲစက် ဟာလာစက် လည်း ထောင် ထားသည် ။ စတိုးဆိုင် က ပစ္စည်း စုံ သလောက် အပြော ချို သော ခင်ခင်စော တို့ ညီအစ်မ နှစ်ယောက် ကြောင့် အရောင်း သွက်သည် ။ ကျွန်တော် ဘူတာ မှ ကုန်တန်ဆာ ပါဆယ်တန်ဆာ စာအုပ်များ ကို ကြည့် မိ သော အခါ ခင်ခင်စော တို့ နာမည်များ ကို အများဆုံး တွေ့ရ၏ ။
ရွာ တွင် ဖွဲ တစ်တင်း နှစ်ကျပ် ကောက် ရ ပြီး ရွှေဘို အောက်ပိုင်း အမရပူရ မြို့ဟောင်း သို့ ရောက်လျှင် ၁ဝ ကျပ် ၊ ၁၂ ကျပ် ရောင်း ရ၏ ။ ဖွဲ ၊ ဆန်ကွဲ တင်း ရေ ရာချီ ပို့သောကြောင့် အမြတ်ငွေ ထောင် နှင့် ချီ ပြန်သည် ။
မြစ်ကြီးနား ၊ မန္တလေး လမ်းမိုင် တစ်လျှောက်တွင် သွားရဲ လာရဲ ၊ လုပ် ကိုင် ရဲ သော သွက်လက်ချက်ချာသော ဒင်ခင်စော တို့ ညီအစ်မ နှစ်ယောက် အား မီးရထား အမှုထမ်း တော်တော်များများ က သိကျွမ်း ခင်မင် နေကြသည် ။
••••• ••••• •••••
“ ရော ... ပိုင်လေး တို့ က ဘူတာ မှာ စကားဝိုင်း ဖွဲ့ နေ ကြတာကိုး ။ အစော တို့ ဖြင့် စောင့် နေ လိုက်တာ ”
“ ကဲ .. ကဲ .. ပိုင်လေး ရေ ... လာ ခေါ်နေပြီ ။ လိုက်သွား လိုက် ဦး ၊ ကျွန်တော် ဘူတာ စောင့် နေပါ့မယ် ”
“ လာပါ ပိုင်လေး ရဲ့ ”
ခင်ခင်စော ၏ ဦးဆောင်မှု ၊ ဦးထွန်း ၏ တွန်းပို့မှု တို့ ကြောင့် ခင်ခင်စော အိမ် သို့ ကျွန်တော် ရောက် ဖြစ်သည် ။ ရွာလယ်လမ်းမကြီး ကို မျက်နှာ မူ ထား သော ပျဉ်ထောင်အိမ်ကြီး သည် ခမ်းနားလှ၏ ။ အောက်ထပ် တွင် စတိုးဆိုင် ၊ အပေါ်ထပ် တွင် ဧည့်ခန်း နှင့် တွဲလျက် ရွှေ ငွေ ၊ ကျောက် ရောင်းဝယ်ရာ အခန်း ၊ အိမ်ကြီး ၏ နောက်ဘက် တွင် ဟာလာစက် နှင့် ဂိုဒေါင် တစ်လုံး ၊ စပါး လှည်းများ ၊ ဖွဲအိတ်များ ၊ ဆန်အိတ်များ ကို ဂိုဒေါင် အနီး တွင် အစီအရီ တွေ့ ရ သည် ။
“ ပိုင်လေး ... ဆေးလိပ် သောက်နှင့်ပါဦး နော် ... အစော စီစဉ် လိုက်ဦးမယ် ”
အလိုက် သိ သော ခင်ခင်စော ဟု စိတ် ထဲ မှ ချီးကျူးသည် ။ ဖိုက်ဘာခင်း စားပွဲ ပေါ် မှ ငါးသုံးလုံး စီးကရက် ၊ ဓာတ်ငွေ့ မီးခြစ် နှင့် ပြာကြွေခွက်ကလေး များ က ကျွန်တော့် ကို လက်ယပ် ခေါ်နေသည် ။ ကျွန်တော် သည် ဆေးလိပ် သောက် လျက် ဧည့်ခန်း ကို မျက်စိ ကစား ကြည့်မိသည် ။ သဘာဝ စားပွဲငယ် ပေါ် မှ ဂျေဗီစီရေဒီယိုကက်ဆက် ၊ မှန်ဗီရိုများ ၊ ဗီရိုတွင်း မှ အလှအပ ပစ္စည်း များ ၊ သုံးထပ်ပြား ခန်းဆီးနံရံများ ပေါ် မှ နိုင်ငံခြား ရုပ်ရှင်မင်းသမီးများ ၏ ပုံစံ အမျိုးမျိုး ရောင်စုံပုံများ ၊ မှန်ဗီရို ပေါ် မှ ပန်းပု အနုအလှ ရုပ်လုံး ရုပ်ဝတ္ထု များ က ဧည့်ခန်း ၏ လူမှု အဆင့်အတန်း ကို ဖော်ကြူး နေသည် ၊
“ ထမင်း သုံးဆောင်ရအောင် ... ပိုင်လေး ”
ခင်ခင်စော ၏ အသံ ကြားမှ ကျွန်တော့် အာရုံ ကို ထိန်းချုပ် လိုက် ရ၏ ။ အစ က အလည်အပတ် သဘော သာ လိုက်ခဲ့ခြင်း ဖြစ်သည် ။ ယခု ထမင်းပွဲ ပြင် ထားပြီ ဖြစ် နေ၏ ။ အားနာမှု ဖြင့် ငြင်း သော်လည်း မရ ။
“ အားမနာပါနဲ့ ပိုင်လေး ၊ ဟင်းတွေ လည်း ထည့် စားပါ ။ ပိုင်လေး စား တာ အားမရ လိုက်တာ နော့ ... ”
ပြော လည်း ပြော ကိုယ်တိုင် လည်း ထည့် ပေး ထားသော ဟင်းများ က ကျွန်တော့် ထမင်း ပန်းကန် တွင် ထမင်း ပင် မမြင်ရတော့ ။ ငါးခူကြော် ၊ ဆိတ်သားဟင်းဖတ်များ နှင့် ကြက်အသည်းလေး တစ်ဖတ် ၊ ခင်ခင်စော ၏ အပြုံးကလေး တစ်စ ။
ထမင်းပွဲ သိမ်းလျှင် ဘာလီရည် တိုက် ပြန်သည် ။
အချိန် တန် ၍ အိမ် ပြန် ရ သော် လည်း ခင်ခင်စော ၏ ပြောသံ စကားလေးများ ၊ အပြုံးကလေးများ သည် ကျွန်တော့် ထံ ဝဲ နေပြီ ။ မိုး တစိမ့်စိမ့် ရွာ နေ သော် လည်း တော်တော် နှင့် အိပ် မရ ။
အိပ် မပျော် ပြန်တော့လည်း အိပ်မက်ကမ္ဘာ တွင် ခင်ခင်စော နှင့် လက်တွဲ လျက် ဆုံးစ မရှိ တစ် နေရာ သို့ လျှောက်လှမ်း နေသည် ဟု မြင်မက် မိ၏ ။ မိုးကြိုး ပစ်သံ ၊ မိုးချုန်းသံ တို့ကြောင့် တစ်ရေး နိုး ရသည် ။
သည် ကနေ့ ခင်ခင်စော မနေ့က ထက် ချော နေကြောင်း သတိ ထား လိုက် မိသည် ။
“ ရုံပိုင်လေး အပြင် ထွက် ကြည့်စမ်းပါ ၊ ဆန်အိတ်တွေ တစ်တွဲစာ လောက် ရှိမယ် ။ အားလုံး တန်ဆာ လုပ်ပေး ပြီးသား လား ”
ရုံပိုင်ကြီး အမေး စကား ကြောင့် ပလက်ဖောင်း ဘက် လှမ်း ကြည့်မိသည် ။
“ ဟာ ဟုတ်သားပဲ ၊ တန်ဆာ လုပ်တာ ၁၃ ပိုင်း ပဲ ရှိတယ် ။ ဒီမှာ ပုံထား
တာ က အိတ် တစ်ရာ ကျော် လောက် ရှိတယ် ။ မဖြစ်ဘူး ရုံပိုင်ကြီးရေ .. တား မှ ပဲ ။ ( ဒီတီအမ် တိုင်းပို့ဆောင်ရေးမန်နေဂျာ ) ကလည်း လပ်ဂိတ်တွေ များများ စု မတင်ဖို့ ၊ အလေးချိန် မညီမညွတ် ဖြစ်ပြီး ရထား အန္တရာယ် ဖြစ်နိုင်လို့ တား ထား တယ် ”
ကျွန်တော် သည် ပြောပြောဆိုဆို ဖြင့် ဆန်အိတ်များ ရှိရာ သို့ အရောက် သွားသည် ။
“ ဒီ ဆန်အိတ်တွေ ဘယ်သူ့ ဟာ လဲ ”
မေး မည့် သာ မေး ရသည် ။ အိတ်များ ပေါ် မှ “ စော ” “ ချော ” စသည့် အမှတ်များ ကြောင့် အိတ် ပိုင်ရှင်များ ကို သိ လိုက်သည် ။
“ ဒါ မမစော တို့ အိတ်တွေ ပါ ၊ မမစော တို့ က ရထားဆုံ လိုက်ပြီး နေရာ ယူ သွားတယ် ”
ရထား ပေါ် တင် ရန် စောင့် နေသော အထမ်းလုပ်သားများ ၏ အဖြေက တို ပြတ်ပြတ် ပင် ။
ကျွန်တော့် စိတ် တို့ သည် ဆူဝေ လာသည် ။ တဒင်္ဂ အတွင်း ခင်ခင်စော ၏ ပြုံးမျက်နှာလေး ကို လည်းကောင်း ၊ အသည်းဖတ်ကလေး ကို လည်းကောင်း တစ်စ စီ ပြန်လည် မြင်ယောင် လာသည် ။
သည် က နေ့ ခင်ခင်စော ၏ အလှအပ ၊ အညုအခရာ စကားစလေးများ နှင့် လက်မှတ် ဝယ် သွားပုံ ၊ မနေ့ က ခင်ခင်စော ၏ ဧည့်ဝတ်ပြုမှု တို့ သည် ကျွန်တော့် ကို အခက် ကြုံ ရပြီ ။
ရထားသည် အပြင် အလံတိုင် မှ ဥဩသံ ပေးပြီး ဝင် လာသည် ။ ကျွန်တော့် တွင် အချိန် များများ မရ ၊ တစ်ခု ခု ကို ယတိပြတ် ဆုံးဖြတ် လိုက်သည် ။
“ ဟေ့ ... ဒီ တန်ဆာ မလုပ်ရသေးတဲ့ အိတ်တွေ ရော တန်ဆာ လုပ်ပြီး အိတ်တွေ ရော ဒီနေ့ လုံးဝ မတင်ပါ နဲ့ ၊ ခင်ဗျားတို့ အိတ်တွေ ကြောင့် ရထား အန္တရာယ် ဖြစ်လိမ့်မယ် ”
ရထား ဝင်လာပြီ ။
“ မတင်ကြနဲ့ ... မတင်ကြနဲ့ ”
ပဲ့တင် ထပ် မျှ အော် နေသော် လည်း အချည်းနှီး ပင် ။ ရထား ပေါ် မှ ခရီးသည် များ ကို ကျော်ခွ ၊ အိတ်များ ကို တွန်းထိုး တင်ကြ ၊ နေရာ ယူကြ အော်ကြ ဟစ်ကြ နှင့် ပွက်ပွက်ညံ နေပြီ ။
ကျွန်တော် သည် လုပ်သင့် လုပ်ထိုက် သော အလုပ် ကို လုပ် လိုက် ရ သည် ။ ရုံပိုင်ကြီး ကို အကြောင်း ကြား ၊ ဒေသခံ ပြည်သူ့ရဲ နှင့် ပါတီကောင်စီ လူကြီးများ ကို အကူအညီ တောင်း ၊ ရထားလိုက် ရဲများ နှင့် ပူးပေါင်း ကာ ရထား အား ရပ်တန့် စေပြီး တင်ပြီး သမျှ အိတ်များ ကို ပြန်လည် ချ စေသည် ။
အိတ်ပိုင်းများ ချ အပြီး ရထား ထွက် အသွား ဆန်အိတ်ပုံကြီး ဘေး မှ ခင်ခင်စော က ကျွန်တော့် ကို စူးစူးရဲရဲ ကြည့် နေသည် ။ မျက်ထား ညိုညို ၊ ကပို ကရို နှင့် ခင်ခင်စော သည် မနက် က အလှအပ တို့ ပျောက်ဆုံး သွားပေပြီ ။
“ တစ်လုပ် ကျွေးဖူး သူ့ ကျေးဇူး ” ဆိုသည့် စကား ကို ကျွန်တော် နား လည် ပါသည် ။ သို့သော် ခင်ခင်စော ၏ ကျွေး ဖူးသော ကျေးဇူး နှင့် ပြည်သူ့ ဝန်ထမ်း ပီပီ ပြည်သူ တို့ ၏ ကျေးဇူး ကို နှိုင်းယှဉ် ကြည့်ပါမူ ခင်ခင်စော ခွင့် လွှတ်နိုင် ကောင်းပါ၏ ။
ကျွန်တော် အဘယ်မျှ အတွေး လွန် နေသည် မသိ ။ ဘူတာ ဘေး မှ ဖြတ် သွား သူ တစ်ယောက် ၏ စကားသံ က ကျွန်တော့် အာရုံ ကို လှုပ်နိုး စေ၏ ။
“ မိုး ကောင်းတုန်း ရွာထား ဦး ပေါ့ ”
ပီပီသသ ကြား လိုက်သော အသံ ကြောင့် အသံ လာရာ သို့ ကြည့်မိသော် နှုတ်ခမ်းလေး ကို ကိုက် ထားသော မဲ့ပြုံးလေး နှင့် ခင်ခင်စော ။
မှန်သည် ။
မိုး ကောင်းတုန်း ရွာ ထား ရပေမည် ။
မိုး ရွာ မှ ပျိုး သာ မည် မဟုတ်ပါလား ။ ဝင်ငွေ တိုးရေး ၊ ရထားများ အချိန် မှန်ရေး ၊ မတော်တဆမှု တားဆီးရေး ၊ ခရီးသည်များ စိတ်ချမ်းမြေ့ရေး ... စသော ရထားပို့ဆောင်ရေး ကော်ပိုရေးရှင်း ၏ ‘ ရည်မှန်းချက် ပျိုးပင် ’ တို့ သည် ကျွန်တော်တို့ ရထား အမှုထမ်းများ ၏ ‘ တာဝန်ကျေမိုး ’ ရွာသွန်း ဖြိုး မှ ပျိုးသာလာမည် မဟုတ်ပါလား ။
“ မိုးကောင်းတုန်း ရွာထားရပေမည် ”
◾မောင်စိုးလှိုင် ( ရေစကြို )
📖 အင်းတော်မဂ္ဂဇင်း
ဧပြီ ၊ ၁၉၈၁
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment