Saturday, January 28, 2023

တစ်ကျပ်တန် ပုံပြင်


 

❝ တစ်ကျပ်တန် ပုံပြင် ❞

ကျွန်တော့် အသက် ဆယ်နှစ် ကျော် လောက် ရှိပြီ ထင်ပါ ရဲ့  ။ ဒီ ဆယ်နှစ် ၊ ဆယ့်တစ်နှစ် လောက် အတောအတွင်း မှာ ကျွန်တော် ဆုံခဲ့ ကြုံခဲ့ ရတာ တွေ က လည်း စုံလို့  ၊ နားထောင်မယ့် သူ ရှိ ရင်တော့ အသေအချာ ပြောပြ ချင်ပါ သေး တယ် ။

အရင်တုန်းက ကျွန်တော် ဆိုတဲ့ ကျွန်တော် ဟာ အခုလို စုတ်တီးစုတ်ပြတ် ပျော့တီးပျော့ဖတ် မဟုတ်ရပါဘူး ဗျာ ၊ တကယ့် ကို သစ်သစ်လွင်လွင် လှလှပပ နဲ့ တောင့်တောင့်ရောင့်ရောင့်ကလေး ပါ ။ ညီတော် နောင်တော် အဖော်အပေါင်းတစ်စု နဲ့ အတူ စက်ကြီး ထဲ ကနေ တစ်စုတစ်ဝေး တပျော်တပါးကြီး ထွက် လာ ကြတာကို ခု ပြန်တွေးရင်း အခုတောင် ပျော်မိပါ သေးတ ယ် ။

ကျွန်တော်တို့ ညီအစ်ကို တစ်ရာ ကို စက်ကြီး နဲ့ ချပ်ခနဲ ချုပ် လိုက်တုန်း ကလည်း ကျွန်တော် တို့ တွေ ပျော်ရွှင်တက်ကြွပြီး မြူး နေကြတာပါ ပဲ ။ ကျွန်တော် က လောကကြီး ကို လေ့လာချင် စူးစမ်းချင် လို့ ရှေ့ဆုံး မှာ နေချင် ပေမယ့် နေခွင့် မကြုံခဲ့ပါဘူး ။ ဒါပေမဲ့ ရှေ့ဆုံး က ကျွန်တော် တို့ အစ်ကိုကြီး ကိုလေပေါ က သူ တွေ့သမျှ မြင်သမျှတွေ ကို အမြဲ ပြန် ပြောနေတတ် တယ် လေ ။ ဒါကြောင့် ကျွန်တော်တို့ လို အလတ်တွေ က ကြား မှာ ညပ်နေ ပေမယ့် အားလုံး သိ နေခဲ့ရတယ် ။

အသစ် ဘဝတုန်း က တော့ အခုလို ဘယ် ဟုတ်ပါ့မလဲ ဗျာ ။ တကယ်ကို မျက်နှာ ကြီး ခဲ့ ပါတ ယ် ။ ကျွန်တော်တို့ ကို တွေ့တဲ့ သူတိုင်း က ‘ ဟယ် ကျပ်တန် အသစ် အုပ်လိုက်ကလေး ’ လို့ ဆိုပြီး ချစ်စနိုး ကြည့် ကြတယ် ။ တချို့ကလည်း ‘ လိုချင်လိုက်တာ လဲမလား ’ တဲ့ ၊ ရှင်မတောင်သနပ်ခါး ကို ပါး ပေါ် မှာ အစင်းအစင်းလေးတွေ ထင်အောင် ဘီးနဲ့ ခြစ်ပြီး ၊ လိမ်း ထားတဲ့ ကောင်မလေး တစ်ယောက် က ဆိုရင် ကျွန်တော် တို့ ကို ကောက်ပြီး ရှုပ်ခနဲ တောင် နမ်း လိုက်သေးတယ် ။ ကျွန်တော့် အစ်ကိုကြီး က တော့ ပီတိတွေ ဖြာ လို့  ၊ “ ညီလေးတို့ ရေ သူ့ ပါး လေး က လည်း မွှေး သကွ ” လို့ ခပ်အုပ်အုပ် ကလေး အော် ပြော လိုက်သေးတယ် ။ ပျော်စရာကြီးနော် ။

ကျွန်တော်တို့ ညီအစ်ကိုတွေ ဟာ တစ်စုတည်း တစ်ဝေး တည်း အတော် ကြာအောင် နေခဲ့ရပါတယ် ။ ဒါပေမဲ့ မိန်းမဝ၀ကြီး တစ်ယောက် ဆီ ကို ရောက်တော့ လ နဲ့ ကို ချီ ပြီး ပျင်း နေရတော့ တာပဲ ။ မိန်းမကြီး က ကျွန်တော် တို့ ကို မသုံးရက်ပါဘူး ။ လှူဖို့ သိမ်းထားမယ် ဆိုပြီး အံဆွဲထဲ ထည့် သော့ ခတ် လိုက်တော့တာ ကိုး ။ ပရုတ်လုံးနံ့ သင်း နေတဲ့ အဲဒီ အံဆွဲ ထဲ မှာ စာရွက်စာတမ်း တချို့ ၊ ဓာတ်ပုံ တချို့နဲ့ ယွန်းဘူး လေး တစ်ဘူး ရှိတယ် ။ အဲဒီ ယွန်းဘူးလေး ထဲ မှ လက်စွပ် သုံးကွင်း ၊ လက်ကောက် တစ်ရန် နဲ့ ရွှေ ဆွဲကြိုး နှစ်ကုံး ရှိတယ် ။ အဲဒီ ဒေါ်ဆွဲကြိုး တို့  ၊ ဒေါ်လက်ကောက် တို့ က အတော် ဘဝ မြင့် သား ဗျ ။ ကျွန်တော် တို့ ကို တယ်ပြီး အဖက် မလုပ်လှဘူး ။ အစ်ကိုကြီး ကိုလေပေါ ကတော့ သူတို့ နဲ့ အရော ဝင် ဖို့ ကြိုးစား ရှာသား ။ ဒါပေမဲ့ မ အောင်မြင်ပါဘူး ။

အဲဒီ အံဆွဲကြီး ထဲ မှာ နေရ တာ တော့ တစ်သက် နဲ့ တစ်ကိုယ် အပျင်း ဆုံး ပါပဲ ဗျာ ။ မှောင် က လည်း မှောင် ၊ မွန်း က လည်း မွန်း ၊ အပြင် လောကကြီး မှာ ဘာဖြစ်လို့ ဖြစ်နေမှန်း လည်း မသိ ၊ တစ်အံဆွဲ တည်း အတူ နေရတဲ့ ဒေါ်ဆွဲကြိုးတို့  ၊ ဒေါ်လက်ကောက် တို့ နဲ့ က လည်း အဆင် မပြေ ၊ အလွမ်း က မသင့် ရွှေလက်စွပ်ကလေး က တော့ တစ်ခါတစ်ရံ ကျွန်တော်တို့ နဲ့ စကား ပြောခဲ့တ ယ် ။ ဒါတောင် နှိမ် ပြောပြတာပါ ။ “ နင်တို့ က ငွေစက္ကူ ထဲ မှာ တော့ အချောဆုံး တန်ဖိုး အနည်းဆုံးပဲ ”

လို့ ပြောတဲ့ အခါလည်း ပြောရဲ့  ၊ “ နင် တို့ ထက် တန်ဖိုး နည်း တာ က တော့ အကြွေ ပဲ ရှိတော့ တယ် ။ ဒါတောင် အကြွေ က ရှားတော့ နင်တို့ ထက်တော့ မျက်နှာ ကြီးသေး တယ် ”

လို့ ပြောတဲ့ အခါ လည်း ပြောရဲ့ ၊ စကား ပြောဖော် မရှိလို့ သာ ပြော နေ ရပေမယ့် အဲဒီ ရွှေလက်စွပ် နဲ့ လည်း .. တကယ်တော့ အကြော မတည့် လှပါဘူး ဗျာ ။ နှစ်လ သုံးလ လောက် အံဆွဲ ထဲ အောင်း နေရပြီး တဲ့ အခါ မှာ တော့ ကျွန်တော်တို့ လွတ်မြောက်ခွင့် ကြုံ လာ ပါတယ် ။ မိန်းမဝဝကြီး က ကျွန်တော်တို့ ကို အံဆွဲ ထဲ က နေ ပြန် ထုတ်တယ် ။ ချုပ် ထားတဲ့ သံကလစ် ကို ဂရုတစိုက် ဖြုတ်ပြီး ကျွန်တော်တို့ ကို တစ်ရွက်ချင်း စီ တယ် ။ နောက်ပြီး ဘုန်းကြီး ယပ်တောင်ကြီး တစ်ချောင်း မှာ ဖြန့်ပြီး ကပ် တ ယ်လေ ။ ကျွန်တော်တို့ လည်း အဲဒီ ကျတော့ မှ အသက် ကို ဝ၀ ရှူ လို့ လောကကြီး ကို လင်းလင်း ကျင်းကျင်း စိတ်တိုင်းကျ ကြည့်ခွင့် ကြုံတော့တယ် ။

မိန်းမဝ၀ကြီး က ကျွန်တော် တို့ ကို ယူ သွားပြီး ကထိန် က ပဒေသာပင် မှာ ချိတ် တ ယ် ။ ကျွန်တော်တို့ ဘေး က လူတွေ ဟာ အဝတ် ကောင်း ဝတ်ပြီး ရယ်မော ပျော်ရွှင် နေကြတယ် ။ ကျွန်တော်တို့ လည်း သူတို့ နဲ့ ရောပြီး တအား ကို ပျော် နေ မိတာပဲ ။ အဆိုတွေ ၊ အကတွေ ၊ အတီးတွေ ၊ အမှုတ်တွေ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ ကျွန်တော်တို့ ကို သယ် သွား ကြတာ ။ အဲဒီလို ဘဝမျိုး ကို တော့ လွမ်းမိပါရဲ့ ဗျာ ။ ဒီ တစ်သက်မှာ လည်း ပဒေသာပင် ပေါ် ကို တော့ နောက် တစ်ခေါက် ပြန်ရောက်မှာ မဟုတ်တော့ပါဘူး ။

နောက်တော့ ကျွန်တော် တို့ မြို့ ဆင်ခြေဖုံး က ဘုန်းကြီးကျောင်းလေး တစ်ကျောင်း ထဲ ရောက် သွား တာ ပေါ့ ။ ဘုရားစင် အောက် က ပေါ်လစ်ရောင် မရှိတော့တဲ့ စားပွဲလေး ပေါ် မှာ ဘုရားစာအုပ်ကလေးတွေ တင်ထား တယ် ။ ကျွန်တော်တို့ တစ်တွေ ကို လည်း အသားညိုညို ကိုရင်ကြီး တစ်ပါး က ယပ်တောင် က နေ ဖြုတ်ပြီး ဘုရားစာအုပ် ကြား ထဲ ညှပ် ထား လိုက် တော့ တယ် ။

ကျွန်တော်တို့ ရောက် နေတဲ့ ကျောင်း က ဆရာတော် က ကျန်းမာပုံ မရ ဘူး ။ ကျွန်တော်တို့ ဟာ ကျောင်း က စာအုပ် ထဲ မှာ အပြားလိုက် ညပ်နေလို့ လောကကြီး ကို ကြည့်ခွင့် မကြုံပေမယ့် သူ့ ရဲ့ ချောင်းဆိုးသံ ကိုတော့ အမြဲ ကြား နေရတယ် ။ နှပ်ချေး တစ်ရှုံ့ရှုံ့ လုပ် နေ တတ်တဲ့ ဘုန်းကြီးကျောင်းသားလေး တစ်ယောက် က ကျွန်တော်တို့ ကို တစ်ရွက် ချင်း ၊ နှစ်ရွက် ချင်း ထုတ် ယူ သွားတတ်တယ် ။ ကျွန်တော့် အစ်ကိုတွေ က လည်း ‘ သွားပြီဟေ့ ’ လို့ နှုတ်ဆက် ပြီး ပါ ပါ သွားကြတယ် ။ သူတို့ တွေ ဘယ်များ ရောက်ကုန်ပါလိမ့် လို့ တွေး နေတုန်း တစ်နေ့တော့ ကျွန်တော် တို့ အလှည့် ရောက် လာတော့တယ် ။ ကျွန်တော်တို့ ညီအစ်ကို သုံးယောက် ဟာ မောင်နှပ်ချေးရှုံ့ ရဲ့ လက် ထဲ မှာ ရင် တဖိုဖို နဲ့ ပါ လာရင်း လမ်းဘေး က ကွမ်းယာဆိုင်လေး တစ်ခု ကို ရောက် လာကြတယ် ။

“ ဘာမီတွန် ရယ် ၊ ပါရာစီတီမောလ် ရယ် ၊ နောက်ပြီး တရုတ်ချောင်းဆိုးပျောက်ဆေး အမည်းပြားလေး တွေ ရယ် ပေးပါဦး ”

လို့ ပြောပြီး ကျွန်တော် တို့ ကို ကွမ်းယာဆိုင်ကုလား ရဲ့ လက် ထဲ ထည့်လိုက်တယ် ။ ကွမ်းယာဆိုင်ကုလား က သွား ဖွေးဖွေး ပေါ်အောင် ရယ်ရင်း “ မင်းတို့ ဘုန်းကြီး အဖျား မပျောက်သေးဘူး လား ။ ဒါဆိုရင် အင်ပစလင် ဝယ်သောက် ၊ ဈေး က တော့ န ည်းနည်းကြီးတယ် ” တဲ့  ၊ ကျောင်းသားလေး က တော့ မှုန်တေတေနဲ့ နှပ်ချေးပဲ ရှုံ့ နေတယ် ။ ဘာ မှ ပြန် မပြောပါဘူး ။

ဒီလိုနဲ့ ကျွန်တော်တို့ ညီအစ်ကို သုံးယောက် ဟာ ကွမ်းယာဆိုင်ကုလား ဒူး နဲ့ ဖိ ထားတဲ့ သံဖြူပုံး ထဲ ရောက်သွားကြရတယ် ။ ဝမ်းသာစရာ ကောင်းတာက ကျွန်တော့် အစ်ကို လေးငါးခြောက်ယောက် ကို လည်း အဲဒီ သံဖြူ ပုံး ထဲ မှာ တွေ့ရတာပါပဲ ။ ညနေ ကျတော့ ကွယ်းယာဆိုင်ပိုင်ရှင် ကိုကုလား က ကျွန်တော် တို့ တွေ ကို သူ ရဲ့ ပိုက်ဆံအိတ် မည်းမည်းကလေး အထဲ ကို ပြောင်းပြီး ထည့်တယ် ။ သူ့ ပိုက်ဆံအိတ် က လည်း သူ့ ဆိုင်လိုပဲ ဗမာဆေးနံ့ ၊ အာမွှေးနံ့ ၊ စမုံစပါးနံ့ သင်း နေတယ် ။ ဒါပေမဲ့ အဲဒီ မှာ တစ်ည ပဲ အိပ် လိုက်ရပါတယ် ။ နောက်နေ့ မနက် ကျ တော့ ကိုကုလား က ကျွန်တော်တို့ ကို ထုတ် ပြီး မိန်းမတစ်ယောက် ကို ပေး တယ် ။

“ ရော့ အမာကြည် ၊ နင် ဧည့်ခံ ကောင်းလို့ ငါ အပိုဆု ပေးတာ ၊ အသစ် စက်စက်ကလေး ဆယ်ရွက် ” တဲ့ ။ ခပ်ပေါပေါ ယိုးဒယားရေမွှေး ကို ကြိုင် နေ အောင် ဖျန်းထားတာ ကတော့ အမာကြည် ဆို တဲ့ အမျိုးသမီး ပါ ပဲ ။ အတွင်းခံ အင်္ကျီ အနက်ရောင် ပေါ် မှာ ထပ် ဝတ်ထားတဲ့ အနီရောင် အင်္ကျီ က အတော် ကို ပါးတယ် ဗျ ။ အင်္ကျီ က နီနီ ၊ နှုတ်ခမ်း က နီနီ ၊ ခေါင်းပေါ် မှာ လည်း ပန်းအနီ တစ်ပွင့် ပန် ထားတော့ သူ့ ကြည့် ရတာ ရင်ခုန်စရာ တော့ အတော် ကောင်း သား ။ သူ က ကျွန်တော်တို့ ကို တစ်ချက် လှမ်း ကြည့်ပြီး မျက်နှာ ကို မဲ့ လိုက်တ ယ်ဗျ ။

“ ကျပ်တန်ကလေး ဆယ်ရွက် လောက် ကို များ ကိုမူတူး ရယ် ။ ဆယ်တန် ဆိုလည်း ဟုတ်သေးရဲ့” လို့ ပြောတယ် ။ ကုလားကတော့ တ ဟဲဟဲ ရယ်ရင်း သူရဲ့ ပါး ကို ဆွဲ လိမ် လိုက်တယ် နောက်ပြီး ။

“ ဟိုက်ရော ၊ ညီလေးတို့ ရေ ၊ တို့ တစ်တွေ ဘယ်လို အိမ် ကို ရောက်နေ လဲ သိရဲ့ လား ” တဲ့  ။

ကျွန်တော်တို့ အစ်ကိုကြီး ကိုလေပေါ က မျက်လုံးမျက်ဆန် ပြူး သွားရာ က အသံ တုန်တုန်ကြီး နဲ့ ပြောတယ် ။ ဘဝ ဆိုတာ ဒီလိုပဲ ပေါ့ ဗျာ ။ ပဒေသာပင် ပေါ် မှာ ချည်း ပဲ အမြဲတမ်း နေချင်လို့ တော့ ဘယ် ရပါ့မလဲ ။ မအမာကြည် က ကျွန်တော် တို့ ကို သူ့ ဆီ မှာ ကြာကြာ မထားပါဘူး ။ အဲဒီနေ့ မနက်ခင်း မှာ ပဲ ဈေး ထဲ ခေါ် သွားတယ် ။ မုန့်ဟင်းခါးဆိုင် ထိုင် ၊ ပဲ ကြော် နဲ့ နှစ်ခွက် ဆင့် စားပြီး ကျွန်တော် နဲ့ ကျွန်တော် ရဲ့ ညီလေး ကို မုန့်ဟင်းခါးသည် ဆီ ပစ် ပေး လိုက်တယ် ။ “ ရော့ဟေ့ နှစ်ကျပ် ” တဲ့  ။ ကျွန်တော် ကတော့ မုန့်ဟင်းခါး နှစ်ခွက် ကို နှစ်ကျပ် ဆိုတော့ တစ်ခွက် ကို တစ်ကျပ် ပေါ့ လို့ စိတ် ထဲ က တွက် နေ မိတယ် ။ ကျွန်တော် ဟာ မုန့်ဟင်းခါး တစ်ခွက် စာ တန်ဖိုး ရှိတယ် လေ ။ မဆိုးပါဘူးဗျ နော် ။

အဲဒီမှာ လည်း တစ်အောင့်လေး ပဲ နေ လိုက် ရပါတယ် ။ မုန့်ဟင်းခါးသည် အဒေါ်ကြီး က ကျွန်တော် တို့ ကို ကောက် ကိုင်ပြီး “ ရော့ သမီးတို့ ညီအစ်မ ဒီနေ့ အတွက် မုန့်ဖိုး ” တဲ့  ။ ကျွန်တော် လည်း ပိုက်ဆံဘူးကလေး ထဲ မှာ ကျန်ခဲ့ တဲ့ ညီလေး ကို “ သွားပြီဟေ ” လို့ နှတ်ဆက်ရင်း ကျောင်းစိမ်းအင်္ကျီလေးတွေ ဝတ် ထားတဲ့ ကောင်မလေး နှစ်ယောက် နောက် ကို ကတိုက်ကရိုက် လိုက် ခဲ့ ရပါတယ် ။ အဲဒီအချိန် က စပြီး ညီအစ်ကိုတွေ အားလုံး နဲ့ ခွဲ ပြီး ကျန်တဲ့ ဘဝခရီး ကို ကျွန်တော် အထီးတည်း နှင် ရတော့တာပါ ပဲ ဗျာ ။

ကောင်မလေး နှစ်ယောက် က ကျွန်တော့် ကို တင်းတင်း ဆုပ်ကိုင်ထားရင်း ငြင်းလိုက်ကြတာ ညံ နေတာပဲ ။ “ ဂွေးသီးစားမယ် ” တဲ့  ။ “ ဆီးထုပ် ကောင်းတယ် ” တဲ့  ၊ “ ခေါက်မုန့်ကြိုက်တယ် ” တဲ့  ။ နောက်ဆုံးတော့ ကျွန်တော့် ကို မာလာကာသီး လေးလုံး နဲ့ လဲ လိုက်ကြတယ် ။ မာလကာသီးသည် က ကျွန်တော့် ကို သိမ်း ထားပြီး နောက် တစ်နေ့ ကျ တော့ သူ့ သားလေး ကို မုန့်ဖိုး ပေး ပြန်ရော ၊ သူ့ သားလေး က ကျွန်တော့် ကို ပြောင်းဖူးသည် ဆီ ပို့ လိုက်တယ် ။

အဲဒီ ပြောင်းဖူးသည် ဆီ မှာ ကျွန်တော် စပြီး ဒုက္ခ ရောက်ရတော့တာ ပါ ပဲ ။ အတော်ကို နမော် နမဲ့ နိုင်တဲ့ မိန်းမကြီး ဗျာ ၊ အငွေ့ တထောင်း ထောင်း ထန ေတဲ့ ပြောင်းဖူးတောင်း ထဲ ကို ကျွန်တော် ဇောက်ထိုး ပြုတ်ကျ သွားတာကို သူ ချက်ချင်း မသိလိုက်ဘူး ။ ကျွန်တော့် ခမျာ ပူပူလောင် လောင် စိုစိုရွှဲရွှဲ တွေ ကြား မှာ ချက်ချင်း ကို ပျော့ပြီး အိကျ သွား ရတော့တယ် ။ စိတ် က လည်း ဆိုး ။ ငို က လည်း ငိုချင် နေတော့ ကျွန်တော့် ကို ဝိုင်းပြီး သနားနေ ကြတဲ့ ပူပူနွေးနွေး မွှေးမွှေးကြိုင်ကြိုင် မပြောင်းဖူးတို့ နဲ့ စကား တောင် မပြောဖြစ်ခဲ့ ပါဘူး ။ သူ့ တောင်း ထဲ မှာ ပြောင်းဖူးတွေ တော်တော် လျော့ သွား တော့ မှ ကျွန်တော့် ကို တွေ့တော် မူတော့ တယ် ။ “ ဟယ် တော် ၊ ကျပ်တန်လေး တော့ ၊ ဘယ်တုန်းက ကျ သွားပါလိမ့် ” လို့ အသံပြာပြာကလေး နဲ့ ပြော နေ သေးတယ် ။ ဒီမှာ ဖြင့် သေပဲ သေတော့မယ် ။ မပြောချင်တော့ပါဘူး ဗျာ ။

သူ က နေပူ မှာ ဖြန့်ပြီး လှန်း ပေးလို့ ကျွန်တော်လည်း ပြန်ပြီး ခြောက်ခြောက်သွေ့သွေ့ တော့ ဖြစ် သွား ပါတယ် ။ ဒါပေမဲ့ အရင်တုန်း က လို သစ်သစ်လွင်လွင် တောင့်တောင့်ရောင့်ရောင့် နဲ့ လှပတဲ့ ဘဝမျိုး ကို တော့ ပြန်ပြီး မရတော့ပါ ဘူး ဗျာ ။

နောက်တစ်နေ့ မနက် ကျတော့ ပြောင်းဖူးသည် က ကျွန်တော် တို့ ကို ကန်စွန်းရွက် လေးစည်း နဲ့ လဲ လိုက်တယ် ။ ကန်စွန်းရွက်သည် က ချဉ်ပေါင်ရွက်သုံးစည်း နဲ့ လဲ လိုက်တယ် ။ ကန်စွန်းရွက်သည် က ချဉ်ပေါင်ရွက် သုံးစည်း နဲ့ လဲ တယ် ။ ချဉ်ပေါင်ရွက်သည် က ဘဲဥ နှစ်လုံး နဲ့ လဲတယ် ။ ဘဲဥသည် က တစ်ခါ မန်ကျည်းသီးမှည့် တစ်ပုံ ၊ မဆလာ နှစ်ထုပ် နဲ့ ကုန်စုံဆိုင် မှာ လဲ လိုက်ပြန်ရော ၊ ကုန်စုံဆိုင်ပိုင်ရှင် ရဲ့ သား ခေါင်းတုံး နဲ့ ကောင်လေးက သူ့ အမေ အလစ် မှာ ကျွန်တော့် ကို နှိုက်ပြီး ဓားလှီးရေခဲချောင်း ဝယ် စား လိုက်တော့ ကျွန်တော်လည်း ရေခဲချောင်းသည် ဆီ ရောက် လာတယ် ။ ရေခဲချောင်းသည် က ခေါက်မုန့်သည် ဆီ ကို ပို့လိုက်တယ် ။ ခေါက်မုန့်သည်  က တစ်ခါ ကျွန်တော့် ကို ဘဲဥဆိုင် ပြန် ပို့ လိုက်ပြန်ရော ၊ တစ်နေ့တည်း နဲ့ ကို ကျွန်တော် လည်း ချာလပတ်ရမ်းပြီး အတွေ့ အကြုံ တွေ စုံ သွားတာပဲ ။ ကျွန်တော် ဆိုတဲ့ ကျွန်တော့် ကို ဘယ်ပစ္စည်း နဲ့ လဲ ရင် ဘယ်လောက် ရ မလဲ ဆိုတာ လည်း ကိုယ့် ကိုယ် ကိုယ် အတော် သိ လာတယ် ။ ဥပမာ ကန်စွန်းရွက် ဆိုရင် လေးစည်း ၊ ဘဲဥ ဆိုရင် နှစ်လုံး ၊ ငှက်ပျောသီး ဆိုရင် သုံးလုံး ၊ မုန့်ဟင်းခါး ဆိုရင် တစ်ခွက် စသည် ဖြင့် ပေါ့လေ ။

အဲဒီ ဈေးကလေးပတ်ဝန်းကျင် မှာ ကျွန်တော် လည်း လ နဲ့ ကို ချီ ပြီး ပတ်ချာလည် နေရ တယ် ။ တော်ကြာနေ ဘဲဥဆိုင် ရောက်လိုက် ၊ တော်ကြာနေ ကုန်စိမ်းဆိုင် ရောက်လိုက် ၊ တော် ကြာနေ ငါးပိဆိုင် ရောက်လိုက် နဲ့ အို စုံတကာ ကို စုံလို့  ၊ သုံးလေးလ အတွင်းမှာ ကျွန်တော့် ရဲ့ ရုပ် အဆင်း လည်း အတော်ကြီး ကို ညှိုးနွမ်းပြီး မှေး မှိန် လာတယ် ။

တစ်နေ့ကျ တော့ ခေါက်ဆွဲသည် က နေ ကျွ န်တော့် ကို ကျောက်စိမ်းလက်စွပ်ကြီးတွေ ဆင့် ဝတ် ထားတဲ့ အန်တီကြီး တစ်ယောက် ဆီ ပြန် အမ်း လိုက်တယ် ။ အဲဒီကျတော့မှ ပဲ ကျွန်တော် လည်း အဲဒီ ဈေးကလေး ထဲ က လွတ် ထွက် လာနိုင် တော့တယ် ။ ဒါပေမဲ့ အန်တီကြီး အိတ် ထဲ မှာ ပိတ် မိ နေတာ ကတော့ အတော် ကို ကြာ သွား သဗျ ။ အဲဒီ အိတ် ထဲ မှာ ကျွန်တော့် ထက် ကြီးတဲ့ အရွ က်ကြီးတွေ ချည်းပဲ ။ နောက်ပြီး ကျောက်နီ ၊ ကျောက်ပြာ ၊ ကျောက်စိမ်းကလေးတွေကိုလည်း အထုပ်လိုက်ကလေး တွေ တွေ့ရတယ် ဗျ ။ ရွှေ နဲ့ မတွေ့ရ သေးလို့ လားတော့ မသိဘူး ။ သူတို့ အံဆွဲ ထဲ က ဒေါ်လက်စွပ် တို့ ဒေါ်လက်ကောက် တို့ လောက် ကြီးကြီးကျယ်ကျယ် မနေကြရှာ ပါဘူး ။ သူတို့ ချင်း လည်း လေသံလေးတွေ နဲ့ စကား ပြောရင်း ဒီကနေ တစ်ဆင့် ဘယ်သူ့ လက် ထဲ ရောက်ပြီး ဘယ်သူများ သူတို့ ကို ရွှေ နဲ့ ရံပေးပါမလဲ လို့ တွေးရင်း ရင်ခုန် နေကြရှာတယ် ။ ကျွန်တော့် ခမျာ လည်း အဲဒီ သားရေပိုက်ဆံအိတ်ကြီး ရဲ့ အောက်နား က ညပ်ပြီး ကပ် နေ လိုက်တာ အတော့် ကို ကြာ သွားတယ် ။ ထွက်ရမယ့် နေ့ ကို ပျင်းပျင်း နဲ့ စောင့် နေလိုက်ရ တာ ၊ အင်း ထွက်မယ့် ထွက် ရတော့ ဘယ်သူ့ လက်ထဲ ရောက်တယ် ထင်လဲ ဟင် ။

တစ်နေ့တော့ မီးပွိုင့် တစ်ခု မှာ ကား ရပ်နေရ တုန်း “ ထမင်းဖိုးလေး သနားပါ ” ဆိုတဲ့ အသံလေး ကို ကြားရတယ် ဗျ ။ အန်တီကြီး က သူ့ သားရေအိတ်ကြီးကို ချောက်ခနဲ ဖွင့် လိုက်ပြီး မွှေနှောက် လိုက်တယ် ။ နောက်ဆုံး တော့ အောက်ဘက် မှာ ညပ်ပြီး ကပ်နေတဲ့ ကျွန်တော့် ကို တွေ့ပြီး ဆွဲ ထုတ် လိုက်တယ် ။ နောက်ပြီး ဒန်ခွက်ပိန်ပိန်ကလေး တစ်ခု ထဲ ထည့် လိုက်တယ် လေ ။ ကျွန်တော် ဆိုတဲ့ ကျွန်တော် က လည်း  ပထမဆုံးအကြိမ် လို့ ပြောရ တာ က ဒုတိယ ၊ တတိယအကြိမ်တွေ လည်း ရှိခဲ့လို့ ပါပဲ ဗျာ ။

လမ်းဘေး က စားသောက်ဆိုင်ကလေးတွေ က လည်း သူတို့ ဆိုင် နား သူတောင်းစား လာရင် သာ မကြိုက်တာ ။ ပိုက်ဆံ ပေး ဝယ်တော့လည်း သူတောင်းစား မို့ အလကား ပေးတယ် လို့ မရှိပါ ဘူး ဗျာ ။ သူတောင်းစား ပိုက်ဆံ ကို လည်း ယူ တာပါပဲ ။

နောက်ပိုင်းတော့ ကောင်းကောင်း တောင် မမှတ်မိတော့ပါဘူး ဗျာ ။ တစ်ယောက် လက် ကနေ တစ်ယောက် ပြောင်းရလွန်း လို့ သိပ် မထူးခြားတာတွေ ကို မှတ်မှတ်ရရ တောင် မရှိတော့ပါဘူး ။

လေးငါးခြောက်လ ကနေ လေးငါးခြောက်နှစ် ကြာ လာတော့ ကျွန်တော့် ရုပ် ကျွန်တော့် ရည် ဟာ အတော်ကလေး ကို နွမ်းနယ် လာ ပါတယ် ။ ဒီ ကြားထဲ မှာ အင်္ကျီ နဲ့ ရောပြီး ဆပ်ပြာရည် အစိမ် ခံရတာတွေ ၊ မိုး မိတာ တွေ ၊ ရွှံ့ဗွက် ထဲ ပြုတ် ကျတာတွေ လည်း ဖြစ်ခဲ့သေးတာ ကိုး ။

အခုတော့ ကျွန်တော် ဟာ ကျပ်တန်လတ်လတ်ကလေး ဘဝ က နေ ကျပ်တန်နွမ်းနွမ်းကလေး ဘဝ ကို ရောက်လုတဲကာ ဖြစ် နေပါပြီ ။ အဲဒီ ဘဝ ရောက်တော့ မှ ကျွန်တော့် ခမျာ ဘတ်(စ်) ကား စပယ်ရာ ဆီ ခဏ ခဏ ရောက်ရတော့တာ ကတော့ နည်းနည်း ထူးဆန်းတယ် ဗျ ။ အရင် တုန်း က ကျွန်တော့် ပိုင်ရှင်တွေ ဟာ ဘတ်  (စ် ) ကားခပ ေးရင် ကျွန်တော့် ကို ချန်ထား တတ်ကြ တယ် ။ အခုတော့ ကျွန်တော့် ကို အရင်ဆုံး ဆွဲ ထုတ်ပြီး ပေးလိုက်ကြတယ် ။ ကျွန်တော့် ဘဝ ရဲ့ နောက်ပိုင်း ရက်တွေ ဟာ ပိတ်လှောင်ကျပ်ညပ် နေတဲ့ ကားကြီး ပေါ် မှာ “ ကားခလေး မစပါ ၊ ဟို နောက် က အစ်မကြီး ကားခကလေး ခင်ဗျ ။ အလယ်ကို တိုးကြပါ ။ အလယ် မှာ ချောင်ပါတယ် ။ မှတ်တိုင် ပါရင် ကြိုပြော ဆွဲဆရာရေ့ ” လို့ ပါးစပ် မပိတ် အော် နေတဲ့ စပယ်ရာ ရဲ့ ချွေးစော် နံ နေ တဲ့ လက်ချောင်းတွေ ကြား မှာ ဖြစ်နေလိမ့်မယ် လို့ မထင်မိခဲ့ပါဘူး ဗျာ ။

စပယ်ရာ ရဲ့ လွယ်အိတ် ထဲ မှာ ကျန်တန်နွမ်း နွမ်းကလေးတွေ မှ အများကြီး ပဲ ။ တချို့လည်း ခပ်ရိရိ ခပ်စုတ်စုတ် တောင် ဖြစ် နေပြီ ။ သူတို့ ဆီ မှာ လည်း အနံ့ပေါင်း မှ စုံလို့  ။ တချို့ ဆီ မှ ငါးပိစော်  ၊ဆားစော် နံ သဗျ ။ တချို့ကျတော့ လည်း ကြက်စော် ဝက်စော်နံ လို့  ။ တချို့ကျ ပြန် တော့လည်း ငါးညှီနံ့ တထောင်းထောင်း နဲ့  ၊ ကျွန်တော် နဲ့ အတူတူ လက်ညှိုး နဲ့ လက်ခလယ် ကြား မှာ ညှပ်ခံ ထားရတဲ့ နွမ်းနွမ်း ဖပ်ဖပ် အကောင် ဆီ ကတော့ မဆလာနဲ့  ၊ နနွင်းနံ့ ရ သဗျ ။ သူ က ကျွန်တော့် ကို ကြည့်ရင်း “ အင်း မင်း လည်း မကြာပါဘူး ။ ငါ့ လို ရိပြီး စုတ် လာမှာ ပါပဲ ကွာ ” လို့ ပြောပြီး အသံအက်အက် နဲ့ ရယ် လိုက် သေးတယ် ။

တစ်နေ့တော့ ဘတ် ( စ် ) ကား ပေါ် မှာ ပဲ ကျွန်တော့် အစ်ကိုကြီး ကိုလေပေါ နဲ့ ခဏ ဆုံ လိုက်ရ တယ် ။ အစ်ကိုကြီး က ကျွန်တော့် ထက် ဆိုးတ ယ် ။ နှစ်ပိုင်း ပြတ်ခါနီး ဖြစ်နေလို့ ခါးလယ် က ဖြ တ်ပြီး စက္ကူ နဲ့ ကပ် ထားရတယ် ။ ကျွန်တော့် ကို တွေ့တော့ သူခမျာ လည်း ဝမ်းတွေ သာလို့ “ ကျွန်တော် တော့ ကား ပေါ် မှာ ချည်းပဲ အချိန် ကုန် နေတယ် အစ်ကိုကြီးရေ ”လို့ ကျွန်တော် က ပြောတော့ အစ်ကိုကြီး ကပြုံးတယ် ။ “ ကားပေါ် မှာ ကောင်းပါတယ် ညီလေး ရာ ၊ ဈေး ထဲ မသွား ချင်ပါ နဲ့ မျက်နှာ ငယ်လွန်းလို့  ”လို့ ပြောတယ် ။ ဒါကတော့ အသစ် ဘဝ နဲ့ အဟောင်း ဘဝ နဲ့ ဘယ်တူပါ့မလဲလေ ။ သစ်သစ်လွင်လွင် တောက်တောက်ပပ တုန်း က လို အမြဲတမ်း မျက်နှာ ကြီးချင် နေလို့ ဘယ် ဖြစ်ပါမလဲ ။ ဒါတွေကို ကျွန်တော် နားလည်ပါတယ် ။ ကျွန်တော် က တော့ ဘတ် ( စ် ) ကား ပေါ် မှာ နဲ့ စာ ရင် ဈေး ထဲ မှာ ပျော်တယ် ။

ကျွန်တော့် ဆုတောင်း ပြည့်တယ်လို့ ပြော ရမှာ ပေါ့ ။ နောက် သုံးလေး ရက် လောက် နေ တော့ အတွက်အချက် ကောင်းပုံ ရတဲ့ အိမ်ရှ င်မ တစ်ယောက် ရဲ့ ပိုက်ဆံအိတ် ကလေး ထဲ က နေပြီး ဈေး ထဲ ကို ပြန် လိုက်ခဲ့ရတယ် ။ အိမ်ရှင်မ က ဟင်းရွက်သည် ရှေ့ မှာ ရပ်ပြီး “ ငရုတ်သီး စိမ်း ငါးမူးဖိုး ၊ နံနံပင် ငါးမူးဖိုးပေးပါ  ”တဲ့  ။ ဟင်းရွက်သည် က “ ငါးမူးဖိုး မရောင်းဘူး ” လို့ ခပ်ဆတ်ဆတ် ပြောတယ်ဗျ ။ အိမ်ရှင်မ က သက်ပြင်းလေး ချပြီး “ ဒါဆို ရင်လည်း ငရုတ်သီးစိ မ်း တစ်ကျပ်ဖိုး ပဲ ပေးပါတော့ ”  တဲ့ ‘ အင်း သူ ရဲ့ ဟင်း ကို နံနံပင် မပါဘဲ ချက်တော့မယ် ထင်ပါရဲ့ ' လို့ တွေးနေ မိတုန်း ကျွန်တော် လည်း ဟင်းရွက်သည် ရဲ့ ဗန်း ထဲ ရောက်သွားရတော့တယ် ။  ဟင်းရွက်သည် က မုန့်ဟင်းခါးတစ်ပွဲ မှာ စားပြီး ကျွန်တော် နဲ့ အတူတူ ငါးကျပ်တန် တစ်ရွက် ကို ပါ မုန့်ဟင်းခါးသည် ဆီ ပို့ လိုက်တယ် ။ ကျွန်တော် လေ စိတ် ထဲ မှာ မကောင်းတာ နဲ့ “ အ ရင်တုန်း ကတော့ မုန့်ဟင်းခါး တစ်ပွဲကို တစ်ကျပ်ပါဗျာ ” လို့ ငါးကျပ်တန် ကို ပြောပြ မိတယ် ။ ငါးကျပ်တန် နွမ်းနွမ်းလေး ကတော့ ပြုံးတယ် ဗျ  ။ “ အေး တစ်ကျပ် မတိုင်ခင် က ဟိုး အရင်တုန်း က တစ်မတ် နဲ့ တောင် ရခဲ့ဖူးပါသကွာ ” လို့ ပြော တယ် ။ ကျွန်တော် ဘာ ပြန် ပြောရတော့မှာ လဲ ဗျာ ။

နေ့ခင်း ကျတော့ မုန့်ဟင်းခါးသည် ဆီ ဘဲဥသည် က ဘဲဥဖိုး လာ တောင်းတယ် ။ ဆယ်လုံး ကို ငါးဆယ် တဲ့ ဆိုတော့ တစ်လုံး ငါးကျပ် ပေါ့ ။ “ ဒီလိုဆို ကျွန်တော် ဟာ ဘဲဥ တစ်လုံး ကိုတောင် ဝယ်လို့ မရတော့ဘူးပေါ့ ” လို့ အလန့်တကြား အော် မိတယ် ။ ငါးကျပ်တန် က တော့ ရင့်ကျက် တဲ့ အပြုံး ကို ပဲ ပြုံး နေတယ် ။ နောက်ပြီး လော လောဆယ် မှာ တော့ ငါ ဟာ ဘဲဥ တစ်လုံး ဝယ် လို့ ရသေးတယ် တဲ့  ။

ဒါကြောင့် မို့ အစ်ကိုကြီး က “ ဈေးထဲမသွား ချင်ပါနဲ့ ကွာ ” လို့ ပြောတာ ကိုး ။ “ မျက်နှာငယ် တယ် ” လို့ ပြောတာ ကိုး ။

ကျွန်တော်လေ ပိုက်ဆံ ထည့်ထားတဲ့ ပလတ်စတစ် ဆန်ခါလေး ရဲ့ ထောင့် မှာ ကုပ်ကုပ်လေး ချောင်ခို နေမိတယ် ။ နောက်နေ့ ကျ တော့ မုန့်ဟင်းခါးသည် က ကျွန်တော့် ကို မဆလာ တစ်ထုပ် နဲ့ လဲ လိုက်တယ် ။ ကုန်စုံဆိုင် က မိန်းမ က ရေခဲထုပ် ဝယ်စားတော့ ကျွန်တော် လည်း ရေခဲထုပ် ရောင်း တဲ့ ချာတိတ်ကလေး ရဲ့ အင်္ကျီ အိတ် ထဲ ရောက်ခဲ့ရ ပြန်တယ် ။ ချာတိတ်ကလေး က မာလကာသီး တစ်လုံး နဲ့ လဲ တယ် ။ မာလကာသီးသည် က စမူဆာ ဝယ် စားတော့ တစ်ခု တစ်ကျပ် ဆိုတဲ့ စမူဆာ က တကယ့် ကို ပိစိကွေးလေး ။

စမူဆာသည် ကောင်လေး က ပြောင်းဖူးသည် ကို ‘ တစ်ဖူး ဘယ်လောက်လဲ ' တဲ့  ။ “ သုံးကျပ် ” လို့ ခပ်ပြတ်ပြတ် ဖြေသံ ကြားတော့ “ တော်ပါပြီ ။ မ စားတော့ပါဘူး ” တဲ့  ။ ဟင်း အရင်တုန်း က ကျွန် တော့် ကို ပေးရင် ပြောင်းဖူး နှစ်ဖူး ပြန် ရတယ် ဆိုတာ ကျွန်တော် ဘယ်သူ့ ကို ပြောပြရမလဲ ဟင် ။ ကျွန်တော် ဟာ ဘာဖြစ်လို့ ချဉ်ပေါင်ရွက် တစ်စည်း ။ ကန်စွန်းရွက် တစ်စည်း ကို တောင် ဝယ် လို့ မရတော့တာ လဲ ။ ဟိုး အရင်တုန်း က ကျွန်တော့် ကို ပေးရင် ကန်စွန်းရွက် လေးစည်း ရဖူး တယ် ဆိုတာ ကို ရော ယုံတဲ့ သူ ရှိပါ မလား ။

ဈေး ထဲ တစ်ခေါက် ရောက်မိရင် တော်တော် နဲ့ အပြင် ကို ပြန် မရောက် တာ ကတော့ အရင် အတိုင်း ပါပဲ လေ ။ ကျွန်တော် လည်း ဈေး ထဲ မှာ ဟိုဆိုင် ရောက် လိုက် ဒီဆိုင် ရောက်လိုက် နဲ့ ရင်တုန်း က လို ပဲ ချာလည် လှည့် နေ ရတယ် ။ ဒါပေမဲ့ ခက်တာ က အရင်တုန်း က လို ကျွန်တော် တစ်ယောက် တည်း မဟုတ်တော့တာ ပဲ ။ ငါးကျပ်တန် တို့  ၊ ဆယ်တန် တို့  ၊ လေးဆယ့်ငါးကျပ်တန် တို့ ဘေးက နေပြီး အဖော်အဖြစ် နဲ့ ကပ် လိုက် နေရတယ် ။ “ အချို မှုန့် တစ်ထုပ် ဆယ့်ခြော က်ကျပ် ” ဆိုရင် ကျွန်တော် က ဆယ့်ငါးကျပ်တန် နဲ့ တွဲ လိုက် သွား ရတယ် ။ “ မျှင်ငါးပိ တစ်ဆယ် သား ဆယ့်တစ်ကျပ် ” ဆိုရင် ဆယ်တန် နဲ့ တွဲပြီး လိုက် သွား ရတယ် ။ အိုဗျာ .. စိတ်တွေ လည်း မပျော်တော့ ပါဘူး ဗျာ ။ တကယ်ပါပဲ ။

ဒီကနေ့ တော့ ရေမြောင်း ဘေး မှာ ဒယ်အိုး ချ ပြီး ကြော် နေတဲ့ အကြော် သည် ဆီ ကို ဆယ့်ငါး ကျပ်တန် တစ်ရွက် နဲ့ အတူ တွဲပြီး ရောက်လာ ရ တယ် ။  အ ကြော်ဗန်း ကို မေး တင်ပြီး တွေးမိတွေးရာ တွေး ၊ ငေးမိငေးရာ ငေး နေ မိတုန်း အကြော်သည် ရဲ့ သားလေး က မုန့်ဖိုး လာ တောင်းတယ် ။ “ အမေ မုန့်ဖိုး ” တဲ့  ။ အကြော်သည် အစ်မကြီး က သူ့ သား ကို တစ်ချက် မော့ ကြည့် လိုက်ပြီး ဗန်း ထဲ က ကျွန်တော့် ကို ကောက် ပြီး လှမ်း ပေးလိုက်တ ယ် ။ အံမယ် ဘသားချောလေး က မယူဘူး ဗျ ။ “ အမေ့ တစ်ကျပ် နဲ့ ဘာရမှာ လဲ ” လို့ မကျေနပ် ပြောတယ် ။

“ ဘာရရ ရတာ စား ” လို့ အမေ က အော်တော့ ကောင်လေး က “ အမေ့ အကြော် တောင် တစ်ကျပ် နဲ့ ရလို့ လား ” လို့ ခံ ပက်တယ် လေ ။ မိန်းမကြီး က ' သံချောင်း နော် ၊ ရှည် မနေနဲ့  ၊ ငါ တီးမိမယ် ' တဲ့ ။ အဟုတ် စိတ်ဆိုးပြီး တအား အော် တယ် ဗျ ။

ကောင်လေး ပြောတာ ဟုတ်သား ပဲ ။ ဘာလို့ စိတ်ဆိုး နေတာလဲ လို့ ကျွန်တော် က တိုးတိုး လေး ပြောမိတုန်း အမယ်လေး ဗျာ ။ ဆိုးလိုက် တဲ့ ကောင်ကလေး ၊ ကျွန်တော့် ကို သူ့ အမေ လက် ထဲ ကနေ ဆတ်ခနဲ ဆွဲ ယူ ပြီး ဖျတ်ခနဲ လွှင့် ပစ် လိုက်တယ် ။

“ ဟယ့် သံချောင်း ၊ နင် လူပါး ဝလှချေ ကလား ” တဲ့ သူ့ အမေ က ကြိမ်းတယ် ။ သူ့ လက် ထဲ က ဘူးသီးစိတ် ကို ပစ် ချပြီး နေရာ က နေ ဒေါသ တကြီး ထ တယ် ။

ကျွန်တော် မြောင်း ထဲ ကို ဖျတ်ခနဲ လွင့် ကျ သွားတယ် ။ မြောင်းဘေး မှာ ကပ် ပေါက် နေတဲ့ ထိကရုံးပင် ကို ကမန်းကတန်း လှမ်း ဆွဲ ထား ပေမယ့် မရပါဘူးဗျာ ။ ရေစီး ထဲ မျော ပါ သွားတယ် ။

“ ဆယ်ပါ ၊ ဆယ်ပါ ၊ ကျွန်တော့် ကို မြန်မြန် ဆယ်ပါ ”

ကျွန်တော် က အထိတ်တလန့် နဲ့ အော်တယ် ။ ဒါပေမဲ့ သူတို့ သား အမိ က ဂရု မစိုက်ကြပါဘူး ။ သူ့ အမေ က ပေစောင်းစောင်း ရပ် နေတဲ့ သံချောင်း ဆီ ကို သွက်သွက်ကြီး လှမ်း သွားပြီး ကျော ကို ဗုန်းခနဲ ထု တယ် ။ သံချောင်း က အော် ငို တယ် ။ “ အမေ့ တစ်ကျပ် နဲ့ ဘာရမှာ လဲ ” တဲ့  ။

ဒီလို မပြောပါနဲ့ ကောင်လေး ရယ် ။ ငါ နဲ့ လဲ ရင် စမူဆာ ၊ ဘယာကြော် ပိစိကွေးလေး တစ်ခု တော့ ရ ပါတယ် ။ မာလကာသီး သေးသေးလေး တစ်လုံး နောက်ပြီး မဆလာ ဆိုလည်း တစ်ထုပ်တော့ ရပါ သေးတယ် ။

နောက်ပြီး နောက်ပြီး မထသ ကားခ လည်း ပေး လို့ ရပါ သေးတယ် ။ ကျွန်တော် လေ သူတို့ ကြား အောင် တအား အော် ပါတယ် ။ ဒါပေမဲ့ သူ တို့ သားအမိ ကတော့ လုံးဝ ဆို လုံးဝ ကို ဂရု မစိုက်ကြပါဘူး ဗျာ ။

ဟော သံချောင်း ကို သူ့ အမေ က တစ်ချက် ထပ် ထု ပြန်ပြီ ။ သံချောင်း က အော် ပြန်ပြီ ။ “ အမေ့ တစ်ကျပ် နဲ့ ဘာရမှာ လဲ ”  တဲ့  ။

ကျွန်တော့် စကားများ ကို နားထောင်ကြပါဦး ဗျာ ။ ကျွန်တော့် ကို စည်ပင်သာယာ အိမ်သာခ ပေး ရင် ချိုချဉ် တစ်လုံး တောင် ပြန် ရပါ သေးတ ယ် ။ ကျွန်တော့် ကို ပစ် မထားပါနဲ့ ဆယ် ပါ ဗျာ ။ ဆယ် ပေးပါ ။ မြန်မြန် ဆယ် ပေးပါ ။ အို ကျွန်တော် ပြောတာ ကြားကြရဲ့ လား ဗျာ ၊ ငရုတ်သီးစိမ်း လည်း တစ်ကျပ်ဖိုး ဝယ်လို့ ရပါသေးတယ် ၊ ရေခဲထုပ် တစ်ကျပ်တန် လည်း ရှိပါသေးတယ် အို ကြားရဲ့ လား ဗျ ။ တညင်းသီး ဆိုရင်တော့ တစ်လုံး ။ ဆယ်ကြ ပါ ဗျ ။ အမြန် ဆယ်ကြပါ ။

ကျွန်တော် လေ ဒီလိုပဲ ရေ စီး ထဲ မှာ မျော ... မျော ... မျော ... မျော ...

◾ မစန္ဒာ
      ဖခင် ( မန်းတင် )

📖 စာပေမျိုးဆက်များ စာပေစုစည်းမှု

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment