Monday, January 23, 2023

မင်းလူ ၏ ထိပ်တန်း လျှို့ဝှက်ချက်


 

❝ မင်းလူ ၏ ထိပ်တန်း လျှို့ဝှက်ချက် ❞

၁၈ ရက် နေ့ ၊ ဩဂုတ်လ ၂၀၁၃ ။ နေ့လယ် ၂ နာရီ ၊ ရေဝေးခန်းမ ။ မင်းလူ ၏ မလှုပ်မယှက် ၊ ရုပ်ကလာပ် သည် နာရေးကူညီမှုအသင်း ၏ တင့်တယ်ခန့်ညားသော မှန်ခေါင်း အတွင်း ရှိနေခြင်း ဖြင့် မင်းလူ သေဆုံးသွားပြီ ဟု ယုံကြည်ရန် အကြောင်း ရှိ၏ ။ သို့သော် သူ ၏ ရုပ်ကလာပ် ဤနေရာ သို့ ရောက်ပြီး မင်းလူ ကွယ်လွန်ပြီ ဟု ဖြစ်စေရန် မင်းလူ ကိုယ်တိုင် စီစဉ်ခဲ့ခြင်း ဖြစ်သည် ကို တော့ မည်သူမျှ သိနိုင်ကြတော့မည် မဟုတ် ။ သူ၏ ပရိုဂရမ် ကွန်ထရိုလာ ( Program Controller ) ( နောက်တွင် ပီစီ ဟု ဖော်ပြပါမည် ) က လွဲ၍ ဟု ဆိုလျှင် တော့ ပို၍ တိတိကျကျ ပြောရာ ရောက် လိမ့်မည် ။

မင်းလူ သေခြင်း ကို မင်းလူ ကိုယ်တိုင် သေချာစွာ စီမံခဲ့လေသည် မို့ မင်းလူ ဝမ်းမနည်း ၊ သို့သော် မင်းလူ သေဆုံးခြင်း စီမံကိန်း ကို အချိန်ကုန်ခံ ငွေကုန်ခံ ၍ စီမံ ခဲ့သည် မှန်သော်လည်း ယခု လောလောဆယ် တွေ့မြင် နေရသော မြင်ကွင်း သည် မင်းလူ သေဆုံးခြင်း စီမံကိန်း တွင် “ ဟာ ” ကွက် တစ်ခု ဖြစ် ခဲ့လေပြီလား ။

အသက် နှစ်ဆယ် ဝန်းကျင် ခန့် လူငယ် တစ်ဦး သည် မင်းလူ ၏ ရုပ်ကလာပ် ရှိရာ သို့ တဖြည်းဖြည်း ချဉ်းကပ် ၍ လာသည် ။ မင်းလူ ၏ မျက်နှာ ကို စေ့စေ့ ကြည့် နေရင်း ၊ မျက်ရည်များ မျက်ဝန်း မှ စီးကျ လာသည် ။ နောက် ဆရာမောင်ညိုဝင်း ရေးဆွဲ ထားသော မင်းလူ ၏ ပုံတူ ပန်းချီကား ကို ကြည့် လိုက် ၊ မင်းလူ ၏ မလှုပ်မယှက် သော ရုပ်ကလာပ် ကို ကြည့်လိုက် ဖြင့် ငို ရာ မှ ရှိုက် ၊ ရှိုက် ရာမှ ရှိုက်ကြီးတငင် ငိုကြွေး နေ လေတော့သည် ။ မြင်ကွင်း အားလုံး ကို မင်းလူ မြင် နေ ရသည် ။ လက်ရှိအဖြစ်အပျက် ကို အစီရင်ခံပါဆိုသော သဘော ဖြင့် မင်းလူ သူ ၏ ပီစီ ကို မျက်ရိပ် ပြလိုက်သည် ။

“ ဒီလို အာစရိ ဒီကလေး က ငယ်ငယ် ကတည်း က စာဖတ်ချင် စိတ် ရှိခဲ့တာ နောက်တော့ အာစရိ ရဲ့ “ အော်ဆွေး ” ကို ဖတ်မိ ၊ အရမ်းကျေနပ် ၊ နောက် သူ့ မိသားစု ကို ပေးဖတ် ၊ သူ့မိသားစု လည်း “ အော်ဆွေး ” ကို ဖတ်ပြီး သဘောကျ ၊ ခုတော့ တစ်မိသားစုလုံး အာစရိ ပရိသတ် ဖြစ် ၊ စာဖတ်ဝါသနာ လည်း စွဲ သွားကြလို့ သူ ကျေနပ် နေကာ မှ ခုလို အာစရိဖြစ် သွားတော့ သူ ရော သူ့ မိသားစု ရော မခံစား နိုင်ကြတော့ဘူး လေ ။ အာစရိ မြင် တဲ့ အတိုင်း သူ ငို နေတာ နာရီဝက် လောက် ရှိနေပြီ ”

“ အေးကွာ ဒီ တစ်ချက်တော့ ငါ လည်း ထည့် မတွက်မိလိုက်ဘူး ၊ ဒီကလေး က ဘာ အလုပ် လုပ်လဲ ”

“ အုတ်သဲကျောက် ထမ်းရတဲ့ အလုပ်သမားလေး လို့ သိရတယ် ”

မင်းလူ မျက်နှာ တစ်ချက် ပျက်သွားသည် ။

“ အေးကွာ ငါ့ ရဲ့ ဝတ္ထုတိုပေါင်းချုပ် စာအုပ် သူ့ လက်ထဲ ရောက် အောင် မင်း လုပ်လို့ ဖြစ်မလား ။ အေး ငါ့ လက်မှတ် ထိုးထားတဲ့ စာအုပ် နော် ”

“ ဖြစ်တယ်လေ အာစရိ သိသားနဲ့ ”

မင်းလူ ပီစီ က သူ ၏ ခရီပျူတာ ကို ဖွင့်၍ တစ်စုံတစ်ရာ လုပ် လိုက်သည် ။ မင်းလူ ဈာပနပွဲ မြင်ကွင်း ကြောင့် မင်းလူ ကိုယ်တိုင် စီမံကိန်း ချ ၍ ဆောင်ရွက်ခဲ့သော “ မင်းလူ ကွယ်လွန်ခြင်း ” စီမံကိန်းကြီး ကို တောင် မင်းလူကိုယ်တိုင် ဖျက် လိုက်ရင် ကောင်းမလား ဟု ချီတုံ ချတုံ ဖြစ် နေမိသည် ။

မင်းလူ ၏ စာပေ အသိုင်းအဝိုင်း မှ မိတ်ဆွေများ ၊ မိသားစု ၏ ညှိုးငယ်သောမျက်နှာများ ၊ အလယ်တန်း ၊ အထက်တန်း ၊ တက္ကသိုလ် တွင် ကျောင်း အတူ တူ တက်ခဲ့သော သူငယ်ချင်းများ ၏ ဝမ်းနည်းကြေကွဲ နေသော မျက်နှာများ ကြောင့် မင်းလူ “ ထင့်ခနဲ ” ဖြစ်မည် ဆိုလည်း ဖြစ်လောက်သည် ။ မင်းလူ ကို ချစ်သောစာပေချစ် ပရိသတ် နှင့် ဆွေမျိုးသားချင်း သူငယ်ချင်းများ များ လွန်း သောကြောင့် ခန်းမကြီး တစ်ခုလုံး ပြည့်လျှံ ၍ အပြင်ဘက် စင်္ကြံတစ်လျှောက် ၌ ပင် ပြည့်နှက်၍ နေသည် ။ အခုချိန် မှန်ခေါင်းကြီး ကို တွန်းဖွင့်၍ ထ လာပြီး - “ ကျုပ် နောက်နေတာပါ ” ဟု ဆိုလျှင် အားလုံး ပျော်ရွှင် သွားနိုင်သည် ။

“ ငါ ကလည်း အားလုံး ကို ပျော်ရွှင်စေချင်တာ ”

မင်းလူ သည် ပရိသတ် ကို ကြည့်၍ တစ်ချက် “ တွေ ” သွားသည် ။

“ မဖြစ်သေးပါဘူးလေ ၊ ဒီ စီမံကိန်း က ခုလုပ် ခုဖြစ် ခဲ့ တာမှ မဟုတ်ဘဲ ”

မင်းလူ ပရိသတ် ကို ကြည့် နေရင်း မင်းကိုနိုင် နှင့် ကိုကိုကြီး တို့ ရောက်လာကြသည် ကို တွေ့လိုက်သည် ။ ဒေါ်သန်းမြင့်အောင် ၊ ကိုဆောင်းဦးလှိုင် နှင့် ကိုမျိုးမြင့်ညိမ်း တို့ ခေါင်းချင်း ဆိုင် ၍ တစ်ခုခု ပြော နေကြသည် ။ မင်းလူ နောက်ဆုံး ခရီးအတွက် စကား နည်းနည်း စီ ပြော ကြမယ် ။

မင်းလူ နား စွင့် လိုက်သည် ။

ပထမဦးဆုံး ဒေါ်သန်းမြင့်အောင် စတင် ပြောသော စကားထဲ တွင် “ မင်းလူ ဘယ်တော့ မှ မသေဘူး ” ဆိုသော စကား ပါ လာ သောကြောင့် မင်းလူ မလုံမလဲ နှင့် ဘေးဘီ ကို ကြည့်လိုက်သည် ။

“ ဘယ်လိုလဲ ” ဟူသော မျက်နှာ ဖြင့် မင်းလူ က သူ ၏ ပီစီ ကို လှမ်း ကြည့် လိုက်သည် ။ “ စိတ်ချပါ ” ဟူသော မျက်နှာထား ဖြင့် သူ ၏ ပီစီ က မင်းလူ ကို ပြန်ကြည့်သည် ။

“ ပြောလို့ မရဘူးနော် ၊ ဒေါ်သန်းမြင့်အောင် က တော်တော် လျင်တာကွ ၊ သူ ရိပ်မိ သွား တာများလား ၊ မင်း မကြားဘူးလား ငါ မသေဘူး လို့ ပြောနေတာ ကို ”

“ မဟုတ်ပါဘူး အာစရိ ရဲ့ ၊ သူ နဲ့ စာဖတ်ပရိသတ်တွေ ရင်ထဲ အမြဲ ရှိနေမယ် ဆိုတဲ့ ဟဲ ဟဲ ၊ အာစရိ ကို တော့ ဆရာ လုပ်ရမှာ အားနာပါတယ် အလင်္ကာလေ အာစရိ ရဲ့ အလင်္ကာ ”

“ ဒီလိုဆို လည်း ပြီးတာပဲ ကွာ ။ ဒေါ်သန်းမြင့်အောင် က လျင်တယ် နော် ပိရိအောင် လုပ်ထား ”

“ သူ ပြောတဲ့ မင်းလူ မသေဘူးဆိုတာ လည်း အာစရိ ရဲ့ စီမံကိန်းပဲ လေ ၊ ဒေါ်သန်းမြင့်အောင် နိမိတ်ဖတ် တော်တာပေါ့ ”

ဒေါ်သန်းမြင့်အောင် ပြောပြီးသော အခါ မင်းကိုနိုင် က လည်း အမှတ်တရ စကား တစ်ခွန်း ပြောပြန်သည် ။

“ ဆရာ နဲ့ နောက် ဘဝ တွေ မှာ လည်း ပြန် တွေ့ပါရစေ ၊ ဆရာ့ စာတွေ ဖတ်ပါရစေ ”

ဆိုသောစကား ပါ လာသည် ။

မင်းလူ တစ်ချက် တည်ခနဲ ဖြစ်သွားသည် ။ ပီစီ ကို ပခုံး ဖက်၍ -

“ မင်းကိုနိုင် ပြောတာတွေ မင်း ကြားလား ”

“ ကြားတယ် အာစရိ ”

“ ငါ့ ကို တကယ် သေတယ် မှတ်ပြီး နောက် ဘဝ ကို လိုက်လာမဲ့ ကိစ္စ ၊ မဖြစ်သေးဘူး ကွ ၊ သူ့ မှာ လုပ်စရာတွေ အများကြီး ကျန် သေးတယ် ၊ သူ နောက် ဘဝ တစ်ခု လောလောလတ်လတ် မရောက်အောင် မင်း တာဝန် ယူ နော် ။ နှစ် ၃၀ / ၄၀ ကြာ ပြီး ရင်တော့ သူ့ သဘောပေါ့ ကွာ ”

“ စိတ်ချ အာစရိ ”

“ ဟေ့ ဟေ့ ကြားလား ”

“ ဘာလဲ အာစရိ ”

“ ကိုဆောင်းဦးလှိုင် က လည်း ငါ သေတယ် ဆိုတာ အဟုတ်မှတ်ပြီး နောက် ဘဝ ငါ့ စာဖတ်ပရိသတ် လုပ်မလို့ ဆို ပဲ ။ ဒီကိစ္စ လည်း မင်းကိုနိုင် လို ပဲ ဘာမှ စောစောစီးစီး မဖြစ်အောင် မင်း တာဝန် ယူ ရမယ်နော် ”

“ ဆရာ့ နောက် လိုက်ချင် သူတွေ ထဲ က မလိုက်သင့်သေး သူတွေကို ကျွန်တော့် ခရီပျူတာ မှာ စာရင်း လုပ်ထား ပြီးပါပြီ ။ အာစရိ စိတ်ချပါ ”

“ အေး တစ်ခုတော့ ရှိတယ် ၊ ကိုမျိုး ( မျိုးမြင့်ညိမ်း ) အတွက် တော့ မင်း စိတ်မပူနဲ့ ။ ငါ့ မှာ သူ့ အတွက် အစီအစဉ် သီးခြား ရှိတယ် ”

မင်းလူ ၏ ပီစီ က တစ်ချက် တွေ ရင်း ၊ ပြီးမှ ခေါင်း ညိတ် လိုက်သည် ။

အမှတ်တရ စကား ပြောကြားသူများ အနက် မောင်မောင်စနေ ( တင်မောင်ကြည် ) က မင်းလူ သူ့ ကို ပြောခဲ့သော စကားများ ကို ကြေကွဲ ဝမ်းနည်း သံ ဖြင့် ရွတ်ဆိုနေသံ ကို မင်းလူ ကြား လိုက် ရသည် ။

“ ကျုပ် သေသွားတော့ ဘာဖြစ်သေးလဲ ။ ကျုပ် သေလို့ ရပြီ တဲ့ ”

မင်းလူ က သူ ၏ ပီစီ ဘက် လှည့် ကြည့်ပြီး -

“ အူကျူကူး က ငါ ပြောခဲ့တာ အကုန် မှတ်မိ နေတာပဲ ။ ခက်တာ က သူ တော်တော် ဝမ်းနည်း နေပုံ ရတယ် ။ ငါ့ ကို တကယ်ပဲ သေပြီ မှတ်နေတာ ။ ဒီတော့ သူ့ ကျန်းမာရေး ကိစ္စ ကို မင်း အထူး ဂရုစိုက် ပေးစေချင်တယ် ”

ပီစီ က မင်းလူ ဘက် လှည့်၍ ခေါင်း ရမ်း လိုက်သည် ။

“ မဖြစ်ဘူး အာစရိ ”

“ ဘာ အခက်အခဲ ရှိလို့လဲ ”

“ ဒီလို အာစရိ ၊ သူ့ ကျန်းမာရေး ဆိုတာ က ကျွန်တော့် ထက် ဖက်တီးဘုတ် ရဲ့ သဘောထား က အရေး ကြီးတယ် ။ သူ က တင်မောင်ကြည် ရဲ့ ချက်ကောင်း ကို ကိုင် ထားတာ အာစရိရဲ့ ။ သူ ပျော်ရွှင် နေရင် တင်မောင်ကြည် ရဲ့ ကျန်းမာရေး ကောင်း လိမ့်မယ် ”

“ အဲ့ဒါဆိုလည်း ဖက်တီးဘုတ် ဘက် လှည့် ကိုင် ကွာ ”

“ အဲဒါလည်း ကျွန်တော် ကိုင်လို့ မရဘူး ”

“ ဘာလို့လဲကွ ”

“ ဒါက စီးပွားရေး နဲ့ ဆိုင်တယ် အာစရိ ”

မင်းလူ တစ်စုံတစ်ခု ကို တွေးမိပြီး -

“ အော် အေးအေး ငါ သိပြီ ၊ ခုလည်း ငါ နောက်ဆုံး မသေခင်ဆိုပါတော့ကွာ ၊ ရေး ခဲ့တဲ့ စာအုပ် ကို သူတို့ ကို ထုတ်ဝေခွင့် ပေးခဲ့ ပြီးပြီလေ ”

“ ဒီလောက်နဲ့ မလုံလောက်ဘူး အာစရိ ၊ အဲဒါကို သိသွားရင် ”

“ ဒီလိုလုပ်ကွာ ငါ့ မလေးမေ ရယ် ၊ ယုယ ရယ် ကို မင်း ချဉ်းကပ် ပြီး ငါ့ စာအုပ်တွေ နောက် ပြန် ထုတ်ရင် သူတို့ ထုတ်လို့ ရအောင် လုပ်ပေး လိုက်ကွာ ”

ထို စကား ကြားရတော့ မှ ပီစီ လည်း ရင်ထဲ မှ အလုံးကြီး ကျသွားသလို မျက်နှာ ဖြင့် -

“ ဒီလို ဆိုရင်တော့ ဖြစ်နိုင်ပါလိမ့်မယ် အာစရိ ”

“ ဖြစ်နိုင်ပါလိမ့်မယ် ဆိုတဲ့ မရေမရာ မလုပ်နဲ့လေကွာ ဖြစ်အောင် လုပ်စမ်းပါ ”

“ ဒီလို ရှိတယ် အာစရိ ၊ သူ နဲ့ ဖက်တီးဘုတ် ရဲ့ တခြား အတွင်းကိစ္စ ကလည်း တစ်စိတ်တစ်ပိုင်း က ပါဝင် ပတ်သက် နေသေးတယ် လေ ”

မင်းလူ က ပြုံး လိုက်သည် ။

“ ဒါလေးများကွာ … မင်း လည်း သိသား နဲ့ ”

“ ဟုတ်ပါပြီ အာစရိ ဒါပဲလား ”

“ အင်း “ ဝိုင်း ” ကို လည်း ဂရိုစိုက်လိုက်ဦး ဟိုမှာ တွေ့လား တရှုံ့ရှုံ့ လုပ် နေတယ် ”

မင်းလူ အမှန်တကယ် သေဆုံးကြောင်း နောက်ဆုံး အတည်ပြုချက် ဖြစ်သည့် မင်းလူ ၏ ရုပ်ကလာပ် ကို မီးသင်္ဂြိုဟ် ရန် အတွက် ပြင်ဆင် နေ လေပြီ ။ မင်းလူ ၏ ရုပ်ကလာပ် ကို မီးသင်္ဂြိုဟ်စက် ရှိရာ သို့ တွန်းရွှေ့သွားသူတွေ ရော ၊ နောက်မှ  ဘေးမှ လိုက်ပါ လာသူတွေ ရော အားလုံး တရွေ့ရွေ့ လှမ်း ကြည့် နေကြသည် ။ တစ်ယောက် တည်း သော ညီလေး အတွက် ကိုရူပ ၏ ဝမ်းနည်းကြေကွဲမှု က မျက်နှာ တွင် အထင်သား ။

“ ငါ လုပ်တာ တရားရဲ့လားကွာ ၊ ငါ့ ကြောင့် အားလုံး ဝမ်းနည်း နေကြရပြီ ”

ပီစီ က အားတင်းသော မျက်နှာဖြင့် -

“ အာစရိ နောက်ကြောင်း ပြန် လှည့်ဖို့ စိတ်မကူးနဲ့တော့ နော် ။ ဒါက တရားဝင် ဖြစ်သွားပြီလေ ။ အာစရိ အများကြီး အပင်ပန်းခံ ခဲ့သလို ကျွန်တော် တာဝန် မကျေရင် အဘ က သ,တ်မှာ ”

“ အေးပါကွာ ”

“ နောက်ဆုံး ပရိုဂရမ် က အရေးအကြီးဆုံး နော် အာစရိ ။ စိတ် တည်ငြိမ် ဖို့ အလိုဆုံး အချိန်ပဲ နော် ။ သူတို့ က အာစရိ ဘော်ဒီကို မီး ရှို့ကြလိမ့်မယ် ။ အာစရိ က မီးခိုးခေါင်းတိုင် က ပြန်ထွက်ခဲ့ရမှာ ၊ ကျွန်တော် ခေါင်းတိုင် ထိပ် မှာ စောင့်မယ် ”

“ အေးပေါ့ ဒါပဲပေါ့ ၊ နောက်ဆုံး တော့ ဒါပဲ ဖြစ်ရမှာပေါ့ ”

•••••   •••••   •••••

မီးခိုးခေါင်းတိုင် မှာ မီးခိုးများ တလွင့်လွင့် ပျံထွက် လာသည် ။ မီးခိုးများ သည် ဝေ့ဝဲ တစ်ခါ စုလာ တစ်လှည့် လူးလွန့် တစ်လီ တည်ငြိမ် တစ်တန် ကြည်ကာ တစ်နည်း မှုန်၍ တစ်ဖုံ အမျိုးမျိုး အသွင်သဏ္ဌာန်များ ဖြစ်ပေါ် နေရာ မှ နောက်ဆုံး တွင် မင်းလူ ၏ ပကတိ ပုံ ဖြစ်ပေါ် လာပြီး နောက် ကောင်းကင် တစ်နေရာ သို့ ရွေ့လျား သွားနေသည် ကို တော့ မည်သူမျှ သတိ ထား လိုက်မိဟန် မတူချေ ။ ထို့အတူ လက် ထဲ တွင် ခရီပျူတာ တစ်လုံး ကို ပိုက်၍ မင်းလူ ၏ ကိုယ်သဏ္ဌာန် နောက် မှ ထပ်ကြပ်မကွာ ပါ သွားသော ပီစီ ကို လည်း သတိ ထား မိ လိုက်ကြဟန် မတူပါချေ ။

•••••   •••••   •••••

ထို အဖြစ်အပျက်များ မတိုင်မီ လွန်ခဲ့သော ၈ လ ခန့် က ဖြစ်သည် ။ မင်းလူ သည် အတွေး ထူး ကို အထူး တွေးသော စာရေးဆရာ ဖြစ်သည် နှင့် အညီ အိပ်စက်ရာ တွင် လည်း ပြောင်းပြန် အိပ်စက် သော သူ ဖြစ်သည် ။ ( အိပ်ရာ ထဲ တွင် ခြေရင်း ခေါင်းရင်း ပြောင်းပြန် ထား၍ အိပ်သည် ဟု မယူဆစေလို ) နေ့ဘက် တွင် အိပ် ၍ တစ်ည လုံး စာ ရေးသော စာရေးဆရာ ဖြစ် လေသည် ။ အထက်တန်း ကျောင်းသား ဘဝက သိပ္ပံဆိုင်ရာ သင်ရိုးများကို သင်ယူခဲ့ သူ ဖြစ်ပြီး တက္ကသိုလ် ရောက် မှ ဝိဇ္ဇာဘာသာ ( ဒဿနိကဗေဒ ) ကို ယူခဲ့သူ ဖြစ်သော ကြောင့် ဝိဇ္ဇာ ရော သိပ္ပံပညာ ပါ တီးမိ ခေါက်မိ သူ ဖြစ်သည် ။ စာ ရေး သက် ၄၀ နီးပါး ရှိပြီ ဖြစ်၍ စာပေါင်းစုံ လည်း ရေးခဲ့ပြီး ဖြစ်သည် ။ သူ့ သူငယ်ချင်း တစ်ယောက် အသည်းကင်ဆာ ဖြင့် ဘဝနိဂုံး ချုပ် ခါနီး နာရီပိုင်း အလို တွင် ဆေးရုံ တင်ခဲ့ရဖူးသည် ။ ထို လူနာ ကို ထို ဆေးရုံ မှ ဝန်ထမ်းများ က သွေး လေးပုလင်း သွင်းရမည် ဟု ဆိုသော အခါ သူ တော်တော်လေး ခံစား ခဲ့ရဖူးသည် ။ သွေး တစ်ပုလင်း ကို ကျပ်ငွေ ရှစ်သောင်း ကျမည် ဟု ပြောသည် ။ အမှန်တကယ် အသက် ရှင် နိုင်သော လူနာများ အတွက် အရေးပါသည့် အဖိုးတန် သွေးကို မကြာခင် ကွယ်လွန်တော့မည့် လူနာ ထဲ သို့ ထည့်သွင်း အလဟဿ ဖြစ်စေပြီး လူနာရှင် ထံ ငွေ ယူဖို့ တွေးရဲ ကြံရဲ လုပ်ရက် သည့် ဆေးရုံဝန်ထမ်းများ ကို အံ့ဩခဲ့ရ ဖူးသည် ။ “ အို နာ သေ ” ဆိုသော လူသားတို့ ၏ လမ်းစဉ် ကို မင်းလူ စိတ်ဝင်စား ခဲ့သည် ။ သို့သော် လက်ရှိ အသက်အရွယ် အရ သူ အိုမင်းမစွမ်း ဖြစ်ဖို့ အတွက် အချိန်တွေ တော်တော် စောင့်ရဦးမည် ။ နာခြင်း နှင့် သေခြင်း သဘောတွေ ကို လက်တွေ့ မြန်မြန်ဆန်ဆန် သိ နိုင်ဖို့ အရေး အချိန် တော်တော် စောင့်ရဦးမည် ကို လည်း မင်းလူ မလိုလား ။ မင်းလူ ၏ စာပေ အတွေး သည် သာမန် လှုပ်ရှားကာ နေထိုင်သော လူသား တို့ ၏ ဘဝ ထက် လွန်၍ ရေးချင် နေသည် ။ ဆေးရုံ တွေ ဆိုတာ က ရော ဘယ်လိုလဲ ။ သေဘေး နဲ့ ရင်ဆိုင် နေရတဲ့ လူနာ နဲ့ မိသားစု ကို နွေးထွေးကြင်နာ အစွမ်းကုန် အကူအညီ ပေးပြီး ဖေးမ ကုသရာ က ရလာတဲ့ လုပ်အား အပေါ် ကျေနပ် ရပ်တည်ကြတဲ့ နေရာ တွေ လား ။ “ မင်း ငါ့ ဆီ ရောက် လာပြီ ၊ ကိုင်း ဘာ တတ်နိုင်သေးလဲ ၊ ရှိသမျှ အကုန် ထုတ် ပါသမျှ အကုန် ပေး ၊ မရှိတော့ဘူး ဆိုလည်း ရှိတာတွေ ရောင်းချ ပေါင်နှံပြီး ပေး တော့ ” ဆိုပြီး လုပ်မယ့် နေရာတွေ လား ။ ဟိုက ဒီက ပြောသံ ဆိုသံ တွေကြားပြီး စာ တစ်အုပ် ဖြစ်လာတာ ထက် ကိုယ်တွေ့ သိ ရရင် ပို ကောင်းမှာ ။ မင်းလူ သည် နာ ၊ သေ ၊ သေလွန်ပြီး နောက် ဆိုသော စာအုပ် တစ်အုပ် တော့ မသေ မီ ရေးဖွဲ့ ချင်သေးသည် ။ စာ ရေးဖို့ က အသက် ရှင်ရမည် ။ “ နာ ၊ သေ ၊ သေလွန်ပြီးနောက် ” ဆိုသော စာမျိုး ကို တကယ် သေပြီး မှ ရေးဖို့ ဆိုတာ မဖြစ်နိုင် ။

ဤသို့ဆိုလျှင် -

နာခြင်း သေခြင်း ဖြစ်စဉ်များ ကို တကယ် မဖြစ်စေဘဲ ဟန် ဆောင် ရမည် ။ နာချင် ယောင် သေချင် ယောင် ဆောင် ရမည် ။ ထိုအခါ နာခြင်း သေခြင်း အတွေ့အကြုံ ကို ကိုယ်တိုင် ခံစားခွင့် ရလိမ့်မည် ။ ထို စီမံကိန်းကြီး ကို  အကောင်အထည် ဖော်ရန် အတွက် မင်းလူ တစ်ယောက် တည်း နှင့် တော့ ဖြစ်မည် မဟုတ် ။ ကိုယ်တိုင် က နာခြင်း နှင့် သေခြင်း ကို ဟန်ဆောင် ရမည် ဆိုတော့ ကိုယ် နှင့် ထပ်တူ လွတ်လပ်စွာ သွားလာ လှုပ်ရှားပြီး ဖြစ်ပျက်သမျှ အကြောင်းအရာ အားလုံး ကို အသေးစိတ် မှတ်တမ်းတင် အကူအညီ ပေးမည့် သူ တစ်ယောက် လည်း လိုအပ် နေသေးသည် ။

ပေါက်တတ်ကရ ရှာရှာဖွေဖွေ တွေးတော စဉ်းစား တတ်သည့် မင်းလူ သည် နာခြင်း သေခြင်း ဟန်ဆောင် ပရိုဂရမ် ကို ကိုယ်တိုင် ရေးဆွဲနိုင်သည် ထားဦး ၊ ပရိုဂရမ် ကွန်ထရိုလာ တစ်ယောက် တော့ လိုအပ် နေသေးသည် ။ ထို လူ တွင် ရှိ ရမည့် အရည်အချင်းများ က လည်း ပေါ့သေးသေး မဟုတ် ။ ထို သူကို မင်းလူ က သာ တွေ့မြင်ခွင့်ရ စေ ရမည် ။ ထို သူ ပြောသော စကား ကို လည်း မင်းလူ သာ ကြား နိုင်ရမည် ။ မင်းလူ နာခြင်း သေခြင်း ဟန် ဆောင် သောကြောင့် အခြား ဖြစ်ပေါ် လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများ ကို လည်း ဖြေလျှော့ ဆောင်ရွက် ပေးနိုင်သည့် အစွမ်း လည်း ရှိ ရမည် ။ ကိုယ်ပိုင် ဓာတ်ခွဲခန်း စမ်းသပ်မှု အရ လည်းကောင်း ၊ စိတ်ပညာ ကျင့်စဉ်များ အရ လည်းကောင်း ၊ နာခြင်း သေခြင်း တို့ ကို ဟန်ဆောင် ၍ ရ နိုင်သော အဆင့် အထိ မင်းလူ ပေါက်မြောက် ခဲ့လေပြီ ။ သို့သော် သူ လိုချင်သည့် အရည်အချင်း နှင့် ပြည့်စုံသော ပရိုဂရမ် တစ်ယောက် ရဖို့ အရေး က အခက်ခဲဆုံး ဖြစ်၍ နေ လေသည် ။ ထို ကိစ္စ ကို မင်းလူ စဉ်းစား နေသော ခုနှစ်ရက်ပြည့် သော နေ့ တစ်နေ့ ၏ နေ့လယ်ခင်း တွင် မင်းလူ အိပ်မက် တစ်ခု မက် လေသည် ။ အိပ်မက် ထဲ တွင် ဝတ်ဖြူစင်ကြယ် နှင့် အရပ် ထောင်ထောင်မောင်းမောင်း ၊ အသားမည်းမည်း နှင့် ပုဂ္ဂိုလ်ကြီး ကို တွေ့ လိုက်ရသည် ။ မင်းလူ သေချာ ကြည့်သည် ။

“ ဟင် အဖေ ”

“ အေး ဟုတ်တယ် သား ”

“ အဖေ အခု ဘယ် ရောက်နေလဲ ”

“ အဖေ ဘယ် ရောက်နေလဲ ဆိုတာ ထက် မင်း ကိစ္စ ပိုအရေး ကြီး နေတယ် မဟုတ်လား ၊ မင်း က ငယ်ငယ် ကတည်း က ကတ်သီးကတ်သတ် စကားကြီး စကားကျယ် တွေ ပြောခဲ့တဲ့ကောင် ၊ အေး အခုလည်း မင်း ကတ်သီးကတ်သတ် အတွေးတွေ အတွက် အဖေ ကူညီနိုင်တာတွေ ရှိလို့ ရောက်လာတာပဲ ”

“ ကတ်သီးကတ်သတ် မဟုတ်ပါဘူး ၊ အဖေ သိပါတယ် ”

“ အေးလေ သိ လို့လည်း လာ တာ ပေါ့ ကွာ ၊ မင်း အဆန်း ထွင် ဦးမယ် မဟုတ်လား ”

“ ဟဲ ဟဲ အဖေ က လည်း အဖေ တကယ် ကူညီ မှာ လား ”

“ သာဓု လူပါးဝတယ် ထဲ မှာ ငါ ကိုယ်တိုင် ရေး ခဲ့တာပါကွာ ။ မင်း မှတ်မိတယ် မဟုတ်လား ၊ တကယ် စေတနာ ရှိလို့ ကူညီချင်တာ ဆိုရင် ရွှေအိုး ကို အိမ် အရောက် ပို့ပေးပါ ဆိုပြီး အိပ်မက် လာပေးတဲ့ ပုဂ္ဂိုလ်ကြီး ကို ပြော လိုက်တာလေ ။ တစ်ဝက်တစ်ပျက် ရပ် မထားပါဘူးကွ ”

“ ဟုတ်ပြီ အဖေ က မိုက်တယ် ”

“ မင်း လိုချင်တာ ပရိုဂရမ် ကွန်ထရိုလာ မဟုတ်လား ”

“ ဟုတ်တယ် အဖေ ၊ သူ့ မှာ လိုအပ်တဲ့ အရည်အချင်းတွေ က ”

“ ငါ သိပြီးပါပြီ ကွာ ၊ ဒီတော့ မင်း ဒီနေ့ က စပြီး ညတိုင်း မင်း စာရေးစားပွဲ ကို လက် နဲ့ ခေါက် နေပေတော့ ”

“ ဟာ အဖေ က လည်း ကျွန်တော် စာ ရေးတာရယ် ၊ ဆေးလိပ် ဖွာတာရယ် ဆိုတော့ ညာဘက် လက် က မအားဘူး အဖေ ရဲ့ ”

“ ဒီလိုဆို ဘယ်ဘက် လက် နဲ့ ခေါက် ကွာ ”

“ ခေါက်တော့ ဘာဖြစ်မှာလဲ ”

“ ခေါက် ဆို ခေါက် ကွာ ၊ မင်း လိုချင်တာ ရ လိမ့်မယ် ”

“ ဟုတ်ပြီ အဖေ ၊ နောက် ဟင် အဖေ ”

မင်းလူ အိပ်ရာ မှ လန့် နိုး သွားသည် ။

မင်းလူ သူ့ အိပ်မက် ကို မယုံ၍ မဖြစ် ၊ အဖေ က အိပ်မက် ထဲ မှာ ထင်ထင်ရှားရှား ပြော သွားတာ ရုတ်တရက် ပျောက်သွားတာ က ကော မင်းလူ ပြုံးလိုက်သည် ။ အဖေ က နေ့လယ် မှာ အလုပ် များ တတ်သူ နေ့လယ်ဘက် အိပ်မက် ပေးရတာ ဆိုတော့ သိပ် မအားဘူး ထင်သည် ။

အိပ်မက် မက် ပြီးနောက် မင်းလူ ညစဉ် စားပွဲ ကို ဘယ်ဘက် လက် နဲ့ ခေါက် ၍ နေလေသည် ။ ၃ ရက် မြောက် သော ည ၁၁ နာရီခွဲ အချိန် ခန့် တွင် မင်းလူ စာရေးစားပွဲ ကို ခေါက် နေစဉ် ပတ်ဝန်းကျင် ၌ လေ တိုးသံ ခပ်ပြင်းပြင်းလေး ကို ထိတွေ့ ခံစားလိုက်ရသည် ။ တိမ်တိုက်တွေ လို အဖြူလုံးကြီး က တဖြည်းဖြည်း ကြည်လင် လာ၍ ဘာကြီးမှန်း မသိသော ပစ္စည်း တစ်ခု ပိုက်ထားသော လူ တစ်ယောက် ဖြစ်၍ လာသည် ။

“ ဟင် ခင်ဗျား ဘယ်သူလဲ ”

“ အာစရိ လို နေတဲ့ လူ ပါ အာစရိ ”

“ ငါ လိုတာက ”

“ အကုန် သဘောပေါက်တယ် အာစရိ ၊ အာစရိ လိုသမျှ အကုန် ဖြစ်စေမယ် ”

“ ဒါဆို မင်း ကို အဖေ လွှတ် လိုက်တာလား ”

“ အဘ ရဲ့ တိုက်ရိုက် ညွှန်ကြားချက် ပါ ပဲ ဟဲ ဟဲ ”

မင်းလူ က ထို သူ ကို အကဲ ခတ်လိုက်သည် ။

အသက်အရွယ် အစိတ် သုံးဆယ် ခန့် ရှိသည် ။ ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက် ရှိသည် ။

“ မင်း လက်ထဲ က ရော ဘာကြီးလဲ ကွ ”

“ Creaputer လို့ ခေါ်တယ် အာစရိ ၊ ဖန်တီး တွက်ချက် လိုသမျှ အကုန် ပြီးတဲ့ ပစ္စည်း ”

မင်းလူ လိုအပ်သော အရည်အချင်း နှင့် ပြည့်စုံမှု ရှိ မရှိတော့ စမ်းသပ် ရလိမ့်ဦးမည် ။

“ ကဲကွာ ဒါဆို မင်း ကိုယ်ဖျောက် လိုက်စမ်း ”

“ အာစရိ ရယ် အခု လည်း ကိုယ် ဖျောက်ထားပြီး သားပါ ၊ အာစရိ တစ်ယောက် ပဲ မြင်ရအောင် လုပ် ထားတာပါ ”

“ မလိုချင်ဘူးကွာ လုံးဝ ဖျောက် လိုက် ”

ပီစီ က ကိုယ်ရောင် ဖျောက် လိုက်သည် ။ မင်းလူ ပင် မမြင်ရတော့ချေ ။ မင်းလူ က ထိုင်ရာ မှ ရုတ်တရက် ထ ပြီး မီးခလုတ် ရှိရာ သို့ ပြေး၍ မီးခလုတ် ကို ပိတ် လိုက်သည် ။ အမှောင် ထဲ မှ အသံ ထွက် လာသည် ။

“ အာစရိ ဘာ လုပ်တာလဲ ”

“ မင်း မသိပါဘူး ။ ငါတို့ ဆီ မှာ မီး က ခဏ ခဏ ပျက်တာကွ ၊ မီးရောင် ထဲ မမြင်ရဖို့ ထက် ၊ မီး ပျက်တဲ့ အခါ မမြင်ရ ဖို့ က ပို အရေးကြီးတယ် ကွ ”

“ ကဲ မြင်လား ”

“ မမြင်ဘူး ၊ ဒါပေမဲ့ နေပါဦး ငါ စမ်းဦးမယ် ”

မင်းလူ က အရေးပေါ်သုံး LED မီး ကို ပိတ် ၍ ဖယောင်းတိုင် ကို မီး ညှိ လိုက်သည် ။ အမှောင် ထဲ မှ ပီစီ ၏ အသံ ထွက်လာသည် ။

“ အာစရိ LED တောင် စိတ်ချရမှ တော့ ဖယောင်းတိုင် မလိုပါဘူး အာစရိ ရယ် ”

“ ဖယောင်းတိုင် ထွန်းပြီး နေတာက တိုင်းပြည်ချစ်စိတ် ရှိလို့ ဆိုပြီး ပြောဖူးတာ မင်း မသိပါဘူး ၊ လူတွေ က ဖယောင်းတိုင် အကျင့် ရနေပြီ ကွ ”

“ ကဲ ဘယ်လိုလဲ အာစရိ ဖယောင်းတိုင်မီး နဲ့ ရော မြင်ရလား ”

ပီစီ ကို မမြင်ရတော့ မှ မင်းလူ က အမှောင် ထဲ သို့ လှမ်း၍ ပြော လိုက်သည် ။

“ မင်း မဆိုးပါဘူး ”

အမှောင် ထဲ မှာ တုံ့ပြန်သံ ထွက်လာသည် ။

“ အာစရိရယ် အနေအထား အားလုံး သဘော ပေါက် ပြီး မှ အတိအကျ တီထွင်ပြီး အဘ လွှတ် လို့ လာခဲ့တာပါ ၊ အာစရိ မယုံဘူးလား ၊ ထမင်း တစ်နပ် လည်း လျှော့ စားနိုင်ပါတယ် ဟဲ ဟဲ ”

မင်းလူ စိတ်တိုင်းကျ ဖြစ်သွားလေသည် ။

သို့သော် မင်းလူ ပဲ လေ စေ့စပ် သေချာရမှာပေါ့ ။

“ ဟုတ်ပါပြီ ၊ ငါ မြင်ရအောင် ပြန် လုပ်လိုက် ”

ပီစီ ကို မင်းလူ ပြန် မြင်ရလေပြီ ။

“ နေဦးကွ ငါ စမ်းသပ်ဦးမယ် ”

“ ဩော် … အာစရိ က လည်း ”

“ မဩော်နဲ့ ငါ့ လူ ၊ မင်း ငါ့ ကို စကား ပြောတာ သူများ မကြားဘူး ဆိုတာ ရယ် ၊ မင်း ကို ငါ ပဲ မြင်ပြီး သူများ တွေ မမြင်နိုင်ဘူး ဆိုတာရယ် လည်း စမ်းသပ်ရဦးမယ် ”

“ လုပ်လိုက်လေ အာစရိ ”

“ ဒီလိုဆို မင်း ငါ နဲ့ အတူ တူ အောက်ထပ် ကို လိုက်ခဲ့ ”

ပြောပြောဆိုဆို မင်းလူ က အိမ် အောက်ထပ် သို့ ဆင်း သွား လေသည် ။ အောက်ထပ် တွင် မင်းလူ ၏ သမီးငယ် ယုယ ရှိနေသေးသည် ။ မင်းလူ အပေါ် ထပ် မှ ဆင်းလာသည် ကို ယုယ က တွေ့ သွားသည် ။

“ အဖေ ဘာ လိုလို့လဲ တစ်ခု ခု စားချင် လို့ လား ”

“ မဟုတ်ဘူး သမီး ၊ ဟို စမ်းသပ် ”

“ ဘာလဲ အဖေ ”

“ ဘာမှ မဟုတ်ပါဘူး သမီး အဖေ့ ကို မြင်လား ”

“ အဖေ နေကောင်း ”

“ ယုယ နင် အတွေး ကို ရပ်လိုက် ၊ ငါ မေးတာ ဖြေ ၊ ငါ့ ကို မြင်လား ”

“ မြင်တာပေါ့ အဖေ ရ ”

“ နောက် ဘယ်သူ့ ကို မြင်သေးလဲ ”

“ အဖေ ”

“ ငါ မေးတာ ဖြေပါ ”

“ အမေ ရေ ”

“ ငါ မေးတာ ပဲ ဖြေပါ ၊ ကိစ္စ ရှိလို့ မေး နေတာ ”

“ အဖေ့ ပဲ မြင်တာပေါ့ အဖေရယ် ”

မင်းလူ ၏ ဘေးတွင် ပြုံးပြုံးကြီး ရပ်နေသော ပီစီ က ပါးစပ် ကို အသားကုန် ဖြဲ လိုက်သည် ။ ကဲ ယုံပြီလားပေါ့ ။

“ ဟုတ်ပြီ ၊ ကဲ စကား ကျယ်ကျယ် ပြော ရရင် တစ်ရပ်ကွက်လုံး နိုး သွားလိမ့်မယ် ”

“ သမီး ကို ပြော နေတာ မဟုတ်ဘူး ”

“ အဖေ ဘာတွေ ဖြစ်နေတာလဲ ”

“ ဘာမှ မဖြစ်ပါဘူးကွယ် ၊ ကဲလေ ဟို ကောင် ”

ပီစီ က အသံကျယ်ကျယ် ဖြင့် “ ယုယ ဘာတွေ လုပ်နေလဲ ” ဟု အော် ပြော လိုက်သည် ။ မင်းလူ ယုယ ကို သေချာစွာ ကြည့် နေသည် ။ ယုယ ဘာသံ မျှ ကြားပုံ မပေါ် ။

“ သီချင်း ဆိုစမ်း ကွာ ၊ တွံတေးသိန်းတန် သီချင်း ”

“ သမီး အစ အဆုံး ရတာ တစ်ပုဒ် မှ မရှိဘူး ”

“ သမီး ကို ပြောတာ မဟုတ်ပါဘူး ”

“ သမီး အမေ့ ကို နှိုးလိုက် မှ ဖြစ်မယ် ထင်တယ် ၊ အဖေ ဘာတွေ ပြော နေတာလဲ ”

“ စမ်းသပ်မှု ”

မင်းလူ က ပီစီ ဘက် လှည့်၍ ဆိုတော့လေကွာ ဆိုသော မျက်နှာထား လုပ်လိုက်သည် ။ ပီစီ က တွံတေးသိန်းတန် ၏ ခေါင်းလောင်းသံ တညံညံပေး ၊ ရွာအကြောင်းတွေ တွေးမြင်မိရင် အစချီ သော သီချင်း ကို တွံတေးသိန်းတန် အသံ ထက် ပို၍ စူးရှ ကျယ်လောင်စွာ ဆို နေ လေသည် ။ ပီစီ ၏ သီချင်း တွင် နစ်မျော နေသော မင်းလူ ၏ မျက်နှာ ကို ကြည့်၍ ယုယ ဝေခွဲ မရ ဖြစ်လာသည် ။ သီချင်း ဆုံးသွား မှ မင်းလူ က ယုယ ဘက် သို့ လှည့်၍ -

“ သမီး ကြားလား ”

“ ဘာကိုလဲ အဖေ ”

“ သီချင်း လေ တွံတေးသိန်းတန်  သီချင်း ”

“ သီချင်း တော့ မကြားဘူး အဖေ ”

“ ဒါဖြင့် ဘာ ကြားလဲ ”

“ ဟိုး အဝေး က ခွေးဟောင်သံ သဲ့သဲ့ တော့ ကြားတယ် ”

မင်းလူ ကျေနပ်စွာ ပြုံး လိုက်သည် ။

“ ကဲ သမီး လုပ်စရာ ရှိရင် လုပ်တော့ အဖေ ပြန် တက် လိုက်ဦးမယ် ”

စာရေးဆရာ ၏သမီး ဖြစ်သော ယုယ က မင်းလူ ကို နားလည်မှု ပေး နိုင်သော မျက်နှာထား ဖြင့် ခုန ဖတ် နေသော စာအုပ် ကို ကောက် ကိုင် လိုက်သည် ။ မင်းလူ နှင့် ပီစီ တို့ သည် အပေါ်ထပ် သို့ ရောက်သောအခါ ခေါင်းချင်း ဆိုင်၍ စီမံကိန်းကြီး ကို ရေးဆွဲ နေလေတော့သည် ။

•••••   •••••   •••••

“ အာစရိ ဘာ ရောဂါ လုပ်မလဲ ”

“ ကင်ဆာ ပေါ့ ကွာ ”

“ ကင်ဆာ က သိပ် ခေတ်စားတယ် ကွ ၊ ရောဂါ အခြေအနေ ပေါ် မူတည်ပြီး ပိုက်ဆံ ညှစ် ထုတ် တာလည်း အဆင် ပြေတယ်လေ ”

“ အာစရိ ပိုက်ဆံ တင်းတောင်း နဲ့ ခြင်ရမယ် နော် ”

“ မပူပါနဲ့ ငါ အားလုံး စီစဉ် ထားပြီးပါပြီ ”

“ ကင်ဆာ ရှိ မရှိ အတည် ပြုဖို့ ဆေးစစ်ချက် ထုတ်ရမှာ ၊ အာစရိ ဘယ်မှာ လုပ်မလဲ ”

“ နိုင်ငံခြား တစ်နေရာ ရာ မှာ လုပ်ကွာ ၊ ယုယ လည်း ခရီး ထွက် ချင် နေတာ ”

“ ဒီလိုဆို စင်ကာပူ ”

“ စင်ကာပူ မလုပ်နဲ့ ကွာ ၊ စင်ကာပူ က ပျင်းစရာကြီး ၊ ဘန်ကောက် ဆို အားလုံး အဆင်ပြေတယ် ”

“ ဟုတ်ပြီ အာစရိ ”

မင်းလူ သည် သူမ နှင့် ယုယ ကို ပါ ခေါ်၍ ဘန်ကောက် သို့ ဆေးစစ်ခံ ထွက်ခဲ့လေသည် ။ အချိန် တစ်လ သာ ကြာ သွားသည် ။ မရှိသော ကင်ဆာရောဂါ ဖြစ်သော ကြောင့် အဖြေ တိတိကျကျ ရှာ မတွေ့ ။ အဖေ့ ကို လူမမာ လို သဘော ထား ၍ သမီးကြီး သူမ က အဖေ ကြိုက်တတ်တာလေး အဖေ စားဖို့ဆို၍ ဝယ် ဝယ် လာပြီး အဖေ က နည်းနည်း သူမ က များများစား လေသည် ။ ဘန်ကောက် တွင် တစ်လ နေသော ကာလ အတွင်း သူမ သည် အလေးချိန် ၁၀ ပေါင် ခန့် တိုး လာသည် ။ အဖေ့ နား ကပ်၍ အလွန် ပင်ပန်း နေသော ယုယ ကို လည်း မင်းလူ က ဆမ်းဆောင်းအက်စ်တူး တစ်လုံး နှင့် လက်ပ်တော့ အိုင်သရီး တစ်လုံး ဝယ်ပေး လိုက်သည် ။ နောက်ဆုံး ဘန်ကောက် က ဆေးရုံကြီး မှ ဆေးစစ်ချက် အဖြေ ထွက်လာသည် ။

ကိုယ်ရောင် ဖျောက်တတ်သော ကင်ဆာ အမျိုးအစား တွင် ပါဝင်သော ကင်ဆာ အဖြစ် ဆေးစစ်ချက် ကို အတည် ပြုခဲ့လေသည် ။ မင်းလူ ကင်ဆာရောဂါ ခံစားနေရပြီ ဖြစ်သည် ။ မင်းလူ လိုချင်သော လက်တွေ့ “ နာ ” ခွင့် ရ လေပြီ ။ ရန်ကုန် ပြန်ရောက် လျှင် လူမမာကြီး အဖြစ် ပီစီ အားကိုး နှင့် လူနာ ဖြစ်ရခြင်း အတွေ့အကြုံများကို မှတ်တမ်း တင် ထား ရပေလိမ့်မည် ။

•••••   •••••   •••••

မင်းလူ ၏ မိသားစု အားလုံးရော အစ်ကို ၊ အစ်မ ၊ တူ ၊ တူမများပါ မကျန် အလုပ် ရှုပ် ကုန်ကြသည် ။

“ ပီစီ ”

“ ဆို အာစရိ ”

“ ငါ အဆင့် တစ်ခု ထပ် မြှင့်ရလိမ့်မယ် ထင်တယ် ”

“ ဘာကိုလဲ အာစရိ ”

“ ရောဂါ ပုံစံ ”

“ ဘာကြောင့်လဲ အာစရိ ရဲ့ ”

“ လူနာ လာမေး တဲ့ လူတွေ က ငါ့ ကို နေကောင်းလား ချည်း ပဲ မေး နေကြတာကွ ”

“ ဒီတော့ ”

“ ငါ က လည်း နေ ကောင်းတော့ နေကောင်းတယ် ပဲ ပြောတာပေါ့ ”

“ ဒီလို မလုပ်နဲ့လေ အာစရိ ”

“ အဲဒါ ပြောတာပေါ့ကွ မင်း သိတဲ့ အတိုင်း ငါ က လည်း တယ် စကား ပြောချင်တာ ”

“ ဆိုပါဦး ”

“ ငါ စကား ပြောလို့ မရ အောင် အဆင့် မြှင့်ကွာ ”

“ ဘယ်လိုလဲ အာစရိ ”

“ ကင်ဆာ က ဦးနှောက် ကို ရောက် သွားသလို လုပ်မယ်ကွာ ၊ သိပ် မမြင်ရဘူး စကား ပြောလို့ မရဘူး ဆိုရင် ငါ နည်းနည်းနားငြီး သက်သာ သွားမယ် ၊ မင်း နဲ့ လည်း အလုပ် ပို လုပ်လာနိုင်မယ် လေ ”

“ တကယ် လိုအပ်လို့လား အာစရိ ”

“ လိုမယ် ထင်တယ်ကွ ”

“ ရပြီလေ ၊ အာစရိ အလိုကျပါပဲ ”

ဆေးရုံ တစ်ခု သို့ သွား ၍ မင်းလူ ၏ ဦးခေါင်း ကို ဓာတ် ကင် ရ လေသည် ။ ထို ဆေးရုံ မှ ဆရာဝန်ကြီး ၏ သမားဂုဏ် ပြည့်ဝမှု ၊ လူနာ ကို နွေးထွေးကြင်နာစွာ ဆက်ဆံမှုတွေ ကိုလည်း ပီစီ က အပြည့်အဝ မှတ်တမ်း တင်လေသည် ။ ၁၀ ကြိမ် ဓာတ်ကင် ပြီး သောအခါ ဓာတ်ကင် ခံရခြင်း အကြောင်းပြချက် နှင့် မင်းလူ စကား မပြောဘဲ နေခွင့် ရ လေသည် ။

•••••   •••••   •••••

“ အာစရိ ဘယ်လိုလဲ ၊ မှန်းချက် နဲ့ နှမ်းထွက် ကိုက်ရဲ့လား ”

“ မင်း သိတဲ့ အတိုင်းပဲလေ ”

“ အာစရိ ခံစားချက်တွေ လည်း ခရီပျူတာ ထဲ အကုန် ထည့်ထား မှ ဖြစ်မှာ နော် ”

“ ဒါ အဓိက ပဲ မဟုတ်လား ”

“ တစ်ခု ရှိတယ် ၊ အာစရိ က သေချင်ယောင် ဆောင် မှာ ဆိုတော့ စာအုပ် ထွက်တဲ့ အခါ အာစရိ နာမည် တော့ သုံးလို့ မရဘူး ဆိုတာ အာစရိ စဉ်းစားထားပြီးသား လို့ ကျွန်တော် နားလည် လိုက်မယ်နော် ”

“ ဘယ် မေ့ပါ့မလဲကွာ ၊ မင်းလူ ကို အဓိက မထားဘဲ စာ ကို အဓိက ထား လို့ ဒီ စီမံကိန်း ဖြစ်လာတာပဲ ”

“ အာစရိ အတွေ့အကြုံ မှတ်တမ်း တွေ စာ ဖြစ်လာအောင်ရော စီစဉ်ပြီးပြီလား ”

“ အင်း ငါ တွေးထားတာပေါ့ ကွာ ၊ မင်းဝေဟင် လေး က တော့ မဆိုးဘူးကွ ၊ သူ က တစ်ဆင့် ထွက် လာရင် ကောင်း မလား ၊ ဒါမှမဟုတ် ငါ့ ရဲ့ ကပြား တွေ က တစ်ဆင့် ပဲ လုပ်ရမလားတော့ ဖြည်းဖြည်းပေါ့ ကွာ ”

“ ဘာလဲ အာစရိ ရဲ့ ကပြား ဆိုတာ ”

“ ဩော် မင်း က ကလုံး ( Clone ) လောက် သိတာကိုး ကွ ။ ငါ တီထွင် ထား တာ က “ ကပျား ” (Cypyar) အမျိုးအစားကွ ။ လူချင်း ပုံသဏ္ဌာန် မတူပေမဲ့ အတွေးအခေါ်  အယူအဆ လုံးဝ ထပ်တူ တူ တဲ့ ကိုယ်ပွားမျိုး ဆိုပါတော့ ”

“ စိတ်ဝင်စားတယ် အာစရိ ၊ တယ်လည်း ခြေလှမ်းသွက်သွက် နဲ့ ထွင် လိုက်တာပါလား ”

“ ဟင် ရာမ ၊ မင်း တယ်လည်း မိုက်ပါလားကွာ ” ဟု ဗိုလ်အောင်ဒင် နှုတ် မှ ထုတ်ပြောစဉ် က လုပ် လိုက်သော မျက်နှာအမူအရာ အတိုင်း မင်းလူ က လုပ်၍ ပီစီ ကို ကြည့် လိုက်သည် ။

“ ပေါက်ပါပြီ အာစရိ ”

“ မင်းလူ ဆိုတဲ့ သူ ငါ ကိုယ်တိုင် သေသွားပါပြီ ဆိုပြီး အားလုံး နဲ့ဖြတ် ရတဲ့ ဒီ စီမံကိန်းကြီး ကို ပေါ့ပေါ့ဆဆ တော့ လုပ်ပါ့မလား ကွာ ၊ ရည်ရွယ်ချက် သေးသေး နဲ့ တော့ ဘယ် လုပ်ပါ့မလဲ ”

“ ယုံပါတယ် အာစရိ ”

“ အေး ငါ့ ကပြားတွေ က ပဲဖြစ်ဖြစ် တခြား အစီအစဉ်တွေ က ပဲ ဖြစ်ဖြစ် တို့ အခု ရ ထားတဲ့ မှတ်တမ်းတွေ ၊ ခံစားချက်တွေ ၊ နာခြင်း သေခြင်း အတွေ့အကြုံတွေ ။ အေး အဲဒါတွေပါ မကဘူး မောင် ၊ လိုအပ်လာရင် ဘာတွေ ဖြစ်ကုန်ကြပြန်ပြီလဲ ဆိုတဲ့ စာတွေ ပါ ထွက် လာအောင် အထိ စီစဉ်ထားပြီးပြီ ကွ ”

ပီစီ သည် သူ ၏ အာစရိ မင်းလူ ကို နှစ်ထောင်းအားရ ဝမ်းသာ လေးစား သော မျက်နှာ ဖြင့် ပါးစပ် အဟောင်း သား ကြည့်၍ နေလေသည် ။

•••••   •••••   •••••

မင်းလူ နှင့် ပီစီ တို့ သည် နာခြင်း ၊ သေခြင်း တို့ နှင့် ပတ်သက်သော အချက်အလက် များစွာ ( ဂျူလီယာအာဆန် နှင့် စနိုးဒန်း တို့ ထက် ပို၍ စုံလင်သော အချက်အလက် များစွာ ) ရရှိပြီး သော အခါ မင်းလူ ၏ နောက်ဆုံး အစီအစဉ် ဖြစ်သော သေသည် ဟု ဟန် ဆောင်ခြင်း ကို ၂၀၁၃ ဩဂုတ်လ ၁၄ ရက်နေ့ ည ၁၁း၃၀ တွင် ဆောင်ရွက်ခဲ့လေသည် ။

စာဖတ်သူများ က မမျှော်လင့်ဘဲ မင်းလူ မသေသေးကြောင်း ၊ သေချင် ယောင် ဆောင်ခြင်း မျှသာ ဖြစ်ကြောင်း သိရှိ သွားကြလေပြီ ။ မင်းလူ ၏ စီမံကိန်းများ ဆက်လက် အကောင်အထည် ဖော် နိုင်ရန် အတွက် မင်းလူ ကို ကူညီသော အားဖြင့် အထက်ပါ အကြောင်းအရာများ မပေါက်ကြား စေရန် စာဖတ်သူ တို့ မှ နှုတ် လုံဖို့ လို ပါသည် ။

◾နေရီ

📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment