❝ ဆင်းရဲသူ ❞
“ မေမေကြီး အတွက် အနှိပ်သည် လာပါပြီ ဒေါ်လေး ”
အိမ်ရှေ့ မှ တူတော်မောင် မောင်သက်ထွန်း ၏ အသံ ကို ကြား လျှင် ကြားခြင်း သင်ဖြူး တစ်ချပ် ပေါ် တွင် တစောင်း လှဲ ၍ သနပ်ဖက်ဆေးလိပ် ကို ဇိမ် နှင့် မှိန်း နေသော ဒေါ်လေးခင် သည် လူးလဲ ထ လိုက်ပြီး ဆေးလိပ် ကို လက်ကြား ညှပ် လိုက်ကာ အိမ်ရှေ့ သို့ ခပ်သုတ်သုတ် သွား၍ တံခါး ကို ဖွင့် လိုက်သည် ။
“ ဝင်ပါ ဒေါ်ကြီး ”
မောင်သက်ထွန်း က အနှိပ်သည် အဒေါ်ကြီး အား အိမ် ထဲ သို့ ဝင်ရန် ပြောသည် ။ အနှိပ်သည် အဒေါ်ကြီး သည် အိမ် ထဲ သို့ မဝင်သေးဘဲ ဒေါ်လေးခင် ၏ မျက်နှာ ကို တစ် လှည့် ၊ ရှေ့တူရူ မှ ပြောင်လက် နေသော ကြမ်းပြင် ကို တစ်လှည့် ကြည့်၍ သူ့ ခြေထောက်များ ကို ခြေသုတ်ဖုံ တွင် ဖိ၍ ဖိ၍ သုတ် နေ သည် ။ တကယ်တော့ အဒေါ်ကြီး သည် ပြောင်လက်စွာ တိုက် ထားသော ကြမ်းပြင် ပေါ် သို့ သူ ၏ ပေရေ နေသော ခြေထောက်များ ဖြင့် နင်း တက် သွားရန် ကို မဝံ့ မရဲ ဖြစ်နေခြင်း ဖြစ်ပေသည် ။ သံတံခါးရွက် တစ်ဖက် ကို ကိုင် လျက် အနှိပ်သည် အဒေါ်ကြီး ၏ အဝင် ကို စောင့် နေသော ဒေါ်လေးခင် သည် ယခု မှ အနှိပ်သည် အဒေါ်ကြီး ကို ကြည့် မိသည် ။
အဒေါ်ကြီး ၏ အဝတ်များ မှာ အဆင် ရှိ ပါသည် ဆိုရုံမျှ အင်္ကျီ နှင့် လုံချည်များ ဖြစ်သည် ။ အင်္ကျီ မှာ ဟောင်းနွမ်း လွန်း ရသည့် အထဲ ပင်နီ ဖျင်ကြမ်းအင်္ကျီ ဖြစ်သဖြင့် ပို၍ ပင် ညစ်နွမ်းသယောင် ဖြစ် နေလေသည် ။ မပြောင်သော အင်္ကျီလုံချည်များ ၏ အထက်ပိုင်း ခေါင်း က ဆံပင် မှာ လည်း ရှင်း လင်းသေသပ်စွာ မဖြီး ဘဲ စုပြီး ဖြစ် သလို ထုံး ထား သဖြင့် အဒေါ်ကြီး ၏ ညစ်နွမ်းမှု မှာ ကြည့်ချင် စရာပင် မရှိတော့ပေ ။ အသက်အရွယ် မှာ လေးဆယ်ကျော် ငါးဆယ် တွင်း မျှ ရှိသော်လည်း ခြောက်ဆယ်ကျော် အမယ်ကြီး လောက် အိုစာ နေ လေသည် ။
အဒေါ်ကြီး ၏ မဝံ့မရဲ အမူအရာ နှင့် ရုပ်ရည် အဝတ်အစားများ ကို ကြည့်ရင်း ဒေါ်လေးခင် သည် အဒေါ်ကြီး အား သနား သလို ဖြစ် လိုက်မိသည် ။ ထို့ကြောင့် “ ဝင်သာ ဝင်ပါ အဒေါ် ရယ် ၊ ကျွန်မတို့ အိမ် က ဒီလိုပဲ ၊ နေ့စဉ် တိုက်နေ ကျမို့ ပြောင်လက် နေတာပါ ။ အားနာစရာ မရှိပါဘူး ဝင်ဝင် ” ဟု ဆို လိုက်ရသည် ။ မောင်သက်ထွန်း ပြောချိန် က အိမ် ထဲ သို့ မဝင်ရဲ ဖြစ် နေသော အဒေါ်ကြီး သည် ဒေါ်လေးခင် က ပြော လိုက်မှ သွက်သွက် လှမ်းကာ အိမ် ထဲ သို့ ဝင် လေသည် ။
အနှိပ် ခံ မည့် သူ မှာ ဒေါ်လေးခင် ၏ မိခင် မောင်သက်ထွန်း ၏ အဘွား အသက် ၈၀ အရွယ် ရှိ ဒေါ်သက်နှင်း ဖြစ် သည် ။ ဒေါ်သက်နှင်း မှာ အိပ်ခန်း ထဲ တွင် ရှိနေသည် ။ သို့သော် ဒေါ်သက်နှင်း ရှိသော အိပ်ခန်း ထဲ သို့ အနှိပ်သည်ကြီး ကို ဒေါ်လေးခင် က ခေါ် မသွားပေ ။ အိမ်ရှေ့ခန်း တွင် ခေတ္တ ထိုင် ခိုင်းပြီး အိမ် ထဲ သို့ ဝင်ကာ မွေ့ရာ တစ်လိပ် ကို ယူ လာပြီး စောစောက သူ လှဲ အိပ်နေသော သင်ဖြူးဖျာ ပေါ် တွင် သပ်သပ်ရပ်ရပ် ခင်း ပေးသည် ။ ထို့နောက် ခေါင်းအုံး နှင့် စောင် ကို ချ ပေးကာ အမေ့ အတွက် ဆေးလိပ်ခွက် နှင့် ထွေးခံ ကို လည်း မောင်သက်ထွန်း ကို တစ်ပါ တည်း ယူ ခိုင်း ၍ အမေ့ အိပ်ရာ ဘေး တွင် ချ ပေး လိုက်သည် ။ အမေ ထွက် လာသော အခါ အနှိပ် ခံရန် အိပ်ရာ အဆင်သင့် ဖြစ် နေပေပြီ ။
အမေ သည် မွေ့ရာ ပေါ် သို့ လှဲ ချလိုက်ရင်း ..... “ ဟဲ့ ငါ့ မီးခြစ် အိပ်ခန်း ထဲ မှာ ကျန်ခဲ့ပြီ ။ လေးခင် ယူပြီး ငါ့ ဆေးလိပ်ခွက် ထဲ ထည့် လိုက်ပါ ” ဟု ဆိုသည် ။
အဘွားကြီး ဒေါ်သက်နှင်း မှာ ဆေးလိပ် အလွန် ကြိုက်သူ ဖြစ်သည် ။ ဆေးလိပ် နှင့် ငါးမိနစ် ထက် ပို၍ ကင်း ကွာ မနေသူ ဖြစ်သည် ။ အမေ သောက် သလောက် လည်း အမေ့ သမီးကြီး ဖြစ်သူ ဒေါ်လေးခင် က အမေ နှင့် အပြိုင်ပင် ဆေးလိပ် ကြိုက်သူ ဖြစ်သည် ။ မောင်သက်ထွန်း ၏ အမေ ဒေါ်လေးရှင် မှာ မူ လုံးဝ ဆေးလိပ် သောက် သူ မဟုတ်ပေ ။ ထို့ကြောင့် ဆေးလိပ် သောက် သူ အမေကြီး နှင့် သမီးကြီးဒေါ်လေးခင် တို့ သားအမိ သည် တစ်ယောက် မီးခြစ် တစ်လုံး စီ နှင့် မီးခြစ် အပြိုင် ကိုင် ကြရသည် ။
နှိပ်ရန် အမေကြီး အဆင်သင့် ဖြစ်သော အခါ အနှိပ်သည် အဒေါ်ကြီး သည် အဘွားကြီး ကို စောင်ပါး တစ်ထည် အသာအယာ လွှမ်းခြုံ လိုက်ပြီး စတင် နင်း လေသည် ။ ဒေါ်လေးခင် သည် အမေ့ ကို အိပ်ရာ ပြင်ဆင် ပေးနေရ သဖြင့် ခေတ္တ ချ ထားရသော ဆေးလိပ် ကို ကောက် ယူ၍ သူ့ လက် ထဲ တွင် အသင့် ရှိနေသော မီးခြစ် ကို ချောက် ခနဲ ခြစ် ၍ မီး ညှိ လိုက်သည် ။ ဆေးလိပ် ကို မီး စွဲသည် နှင့် တစ်ပြိုင်နက် အနှစ်နှစ် အလလ က မသောက်ရ သူ ကဲ့သို့ အားရပါးရ ဖွာ ရှိုက် လေတော့သည် ။ ဆေးလိပ် သောက်ရင်း မှ အမေ မီးခြစ် ယူ ခိုင်း သည် ကိုလည်း သတိ ရလာသည် ။ သို့သော် “ မောင်သက်ထွန်း ရေ မင်း ဘွားအေ မီးခြစ် အိပ်ခန်း ထဲ မှာ ကျန်ခဲ့ သတဲ့ ၊ သွား ယူ ပြီး ဒီ ဆေးလိပ်ခွက် ထဲ လာ ထည့် ပေးဦးဟေ့ ” ဟု တူတော်မောင် ကို လှမ်းအော် ကာ ခိုင်း လိုက်သည် ။
မကြာခင် မောင်သက်ထွန်း သည် မီးခြစ် ကို လာ ပေး ပြီး အိမ်ရှေ့ ဘက် သို့ ထွက် သွားသည် ။ ဒေါ်လေးခင် သည် လည်း ဆေးလိပ် လက်ကြား ညှပ်ကာ အမေ့ ဘေး မှ ထ၍ မီးဖို ထဲ သို့ ဝင် ခဲ့သည် ။
“ လေးရှင် .. ညည်း သား တော့ ဘယ် အနှိပ်သည် ခေါ် လာသလဲ မသိဘူးတော့ ။ ငါ တော့ မပြောချင်ဘူး ။ အမေ ခံ နေကျ အရှေ့ပိုင်း က ဒေါ်သင်းမြကြီး လို သန့်သန့် ရှင်းရှင်း လည်း မဟုတ်ဘူး အေ ။ ညည်း သား ခေါ်လာတဲ့ အနှိပ်သည် ညည်း ပဲ ထွက် ကြည့်ပါဦး ။ ငါ တော့ မပြောချင် ဘူး ညည်း သား လုပ်ပုံ ”
ဒေါ်လေးခင် သည် ရေချိုးခန်း ထဲ တွင် ရေ ချိုးနေသော ညီမ ဖြစ်သူကို အပြင်ဘက် မှနေ၍ ခပ်တိုးတိုး လှမ်း ပြော သည် ။ ဒေါ်လေးရှင် သည် ရေ ကို ကပျာကယာ ချိုး၍ အပြင် သို့ ထွက် လာကာ ကိုယ်ပေါ် မှ ရေစက်များ ကို မျက်နှာသုတ် ပဝါ နှင့် သုတ်ရင်း “ မမ ဒီ အထဲ လာ မှ ပြောမလို့ ကျွန်မစောင့် နေတာ ။ လူကလေး က ပြော သွားပါတယ် ။ ဒေါ်သင်းမြကြီး မရှိဘူးတဲ့ ။ အနောက်ပိုင်း အနှိပ် ထွက် သွားပြီ လို့ ပြော တယ် ။ ဒေါ်သင်းမြ က လည်း ချိန်း ထား မှ ရတာ မဟုတ်လား ။ သူ က လက် လည် တာ မဟုတ်ဘူး ။ ဒီ မိန်းမကြီး ကို ဒေါ်သင်းမြ အစ်မကြီး က ထည့် ပေး လိုက်တာပဲ ။ နာမည် က ဒေါ်ဖွား တဲ့ ။ သင်းမြ လောက် အကြော နား မလည်ပေမယ့် အမေနှင်း အညောင်းပြေ ခံနှင့် ရတာပေါ့ ၊ တစ်ကျပ် ပဲ ပေး လိုက်ပါ လို့ ပြော လိုက်သတဲ့ ။ ကွက်သစ်ပိုင်း က လို့ ပြော တာပဲ ။ ရောက် လာ မှ တော့ အမေ က လည်း ဘာမှ မပြော တာ နှိပ်ပါစေတော့ ” ဟု ပြောကာ အစ်မ ဖြစ်သူ ကို ဒေါ်ဖွား အကြောင်း ပြော ပြသည် ။
“ အင်း ... ညည်း က အမေ က မမေးဘူးများ မှတ်နေ လား ။ အမေ့ မြေး ခေါ်လာ မှ ဂျီး ( ကြေး ) များ မနေပါနဲ့ ခံလိုက် ပေါ့ လို့ ငါ က ပြောရတာ ၊ ငါ တော့ ဒေါ်သင်းမြကြီး မဟုတ် လို့ အိပ်ခန်း ထဲ သွင်း မပေးခဲ့ဘူး ၊ အပြင်ဘက် ခန်း မှာ ပဲ အိပ်ရာ လုပ် ပေးခဲ့တယ် ။ ဘုမသိ ဘမသိ အစိမ်းသက်သက် အနှိပ် ခံရတာ ။ ပြီး အမေ က အနှိပ် ခံရင် မျက်စိ ဖွင့်တော့တာ မဟုတ်ဘူးမှတ်လား ။ ကဲ ညည်း ရေချိုး ပြီး ရင်တော့ အိမ်ရှေ့ လှမ်း မျှော်လိုက် ။ ငါ တော့ တစ်မှေး မှေး လိုက်ဦး မယ် ”
ဒေါ်လေးရှင် ထံ မှ ဘာ စကား မှ ထပ် မဆက်သောအခါ ဒေါ်လေးခင် သည် အနီး ရှိ ဖျာကြမ်း ကို လှမ်း ဆွဲကာ ဆေးလိပ် ကို ဘေး သို့ ချကာ လှဲ အိပ်လိုက်သည် ။
“ မမတို့ သားအမိ ကတော့ တကယ့် ကို လွန်ပါတယ် ။ သမီး က ဒီ က ဆေးလိပ် ချကာရှိသေး ၊ အမေ က ဟိုမှာ အနှိပ် ခံ လျက် က ဆေးလိပ် သောက် နေပြီ ။ သူတို့ မှာ မျက်စိ မှိတ် ချိန်ကလေး ပဲ ဆေးလိပ် ချ ကြတာ ”
ဒေါ်လေးခင် မျက်စိ မှိတ်ကာ ရှိသေး ဒေါ်လေးရှင် က မိခင် ဖြစ်သူ ဆေးလိပ် သောက် နေကြောင်း အစ်မ ဖြစ်သူ ကို လှမ်း ပြောသည် ။ ဒေါ်လေးခင် က မျက်စိ မဖွင့်ဘဲ “ ဒါကတော့ ကြိုက်တာကို အေ ” ဟု ပြောဆို လိုက်ရင်း ပြန် အိပ်နေ သည် ။
ဒေါ်လေးခင် တို့ အိမ် မှာ ရှေးအခေါ် ဘီဒိုနှစ်ထပ် အိမ် ဖြစ်သည် ။ မီးဖို မှာ နောက်ဆောင်ကပ် ဖြစ်သည် ။ မီးဖိုခန်း ဆို သော်လည်း အိမ်ရှေ့ခန်း နီးနီး ကျယ်ဝန်းလေသည် ။ တစ်ဘက် အနိမ့် တွင် ထမင်း ချက် ၍ အဆောင်အလယ် တွင် နေ့ခင်းနေ့လယ် တုံးလုံးပက်လက် လှဲရန် ဖျာကြမ်းများ ကို အဆင်သင့် ခင်း ထားလေသည် ။ တစ်ဘက် ထောင့် တွင် သနပ်ခါး လိမ်း ရန် မှန်တင်ခုံ နှင့် ကျောက်ပြင်များ လည်း ရှိ လေသည် ။ မီးဖိုခန်း မှ နေ၍ အိမ်ရှေ့ဧည့်ခန်း ကို လှမ်း မြင်ရ ၏ ။
ဒေါ်လေးရှင် သည် ဒေါ်လေးခင် ဘေး သနပ်ခါး ခုံ တွင် သနပ်ခါး လိမ်း ရင်း အမေ ဆေးလိပ် သောက် နေကြောင်း ကို အစ်မ ဖြစ်သူ အား ပြော လိုက်ခြင်း ဖြစ်လေသည် ။
“ မေမေ ရေ .. မေမေ ၊ ဖေဖေ သွားတဲ့ အဘိုးလေးကွန်း တို့ အလှူ က ရှင်လောင်း လှည့် လာပြီ ။ လာ ကြည့်ပါဦး ။ မြင်းကြီးတွေ က လှ က လှသ နဲ့ဗျာ ။ ဒေါ်လေး ရော ၊ ဒေါ်လေး လာလာ လာကြလေဗျာ ၊ ဒါနဲ့ မမြင်လိုက်ရဘဲ နေတော့မှာပဲ ”
ဘွားအေ ဖြစ်သူ ကို မီးခြစ် ပေးပြီး ကတည်း က ပျောက်ချက်သား ကောင်း နေသော မောင်သက်ထွန်း သည် ဘယ်က ဘယ်က ပေါက် လာသည်မသိ အိမ်ရှေ့ မှ တအား ကျုံးအော်သည် ။
မောင်သက်ထွန်း ခေါ်သံကြောင့် သနပ်ခါး သွေးနေ သော ဒေါ်လေးရှင် က သနပ်ခါးတုံး ကို ပစ်ချ ခဲ့သလို မှိန်း နေ သော ဒေါ်လေးခင် သည် လည်း ကုန်း ထ ကာ ညီအစ်မ နှစ်ယောက် အိမ်ရှေ့ သို့ အပြေး ထွက် ခဲ့ကြသည် ။
ရှင်လောင်းလှည့်ပွဲ မှာ တောမြို့ ထုံးစံ အတိုင်း မြန်မာ ဆန်ဆန် ရှင်လောင်းများ ကို မြင်း နှင့် တင်၍ လှည့်သည် ။ ကွမ်းတောင်ကိုင် ၊ ပန်းတောင်ကိုင် မြို့ကျက်သရေဆောင် အပျိုချောများ ကို ဤ ပွဲ တွင် သေချာစွာ မြင်တွေ့နိုင်ပေ သည် ။ တစ်မြို့လုံး မမောနိုင် မပန်းနိုင် စေတနာ ထားကာ အားလုံး အပင်ပန်း ခံ၍ ရှင်လောင်း လှည့်သည် ကို ကူညီ ကြ လေသည် ။
နံနက်ပိုင်း ဖြစ်သော်လည်း ၁၁ နာရီ ခန့် ရှိပြီ ဖြစ်၍ နေရောင် မှာ အတော်ကလေး ပူပြင်းလာပြီ ဖြစ်သည် ။ ဒိုးပတ် ဝိုင်း မှ လူငယ် တစ်စု မှာ တစ်မြို့လုံး လှည့်လည် ကခုန် ခဲ့ရ သဖြင့် ဖားနေကြပြီ ဖြစ်သည့် အတွက် ဒေါ်လေးခင် တို့ အိမ် ရှေ့ အရောက် တွင် တီးသူ က သာ တီး၍ က သူများ မှာ မက နိုင်ကြတော့ပေ ။
“ ဟေ့ .... တို့ အိမ် ကျမှ မက လို့တော့ မဖြစ်ဘူးဟေ့ မောင်သန်းအောင် ရေ တစ်ပိုဒ် လောက်တော့ လုပ်ပါဦး ကွဲ့ ”
ကွမ်းတောင်ကိုင်အပျိုချော အုပ် လွန်သွားသည် နှင့် တစ်ပြိုင်နက် ဒေါ်လေးခင် က လူငယ်တစ်စု ထံသို့ လှမ်း အော် လိုက်သည် ။
“ ဒေါ်လေးခင်ကြီး ကြည့်ချင် လို့လား ။ က ပါတယ် ဗျာ ၊ က ပါတယ် ” ဆို၍ မောင်သန်းအောင် ဆိုသူ သည် ဦးရွှေရိုး က ကို စိတ်ပါလက်ပါ ကပြ လေသည် ။ ဒေါ်လေးခင် ၊ ဒေါ်လေးရှင် ၊ မောင်သက်ထွန်း တို့ နှင့် အတူ တစ်ဘက် အိမ် မှ လူများ လည်း မောင်သန်းအောင် တို့ ဒိုးပတ်ဝိုင်း ကို တပြုံးပြုံး နှင့် သဘော ကျနေကြသည် ။
တီးကွက် ဆုံးသည် နှင့် အိုးစည်ဆရာ ကိုကွမ်းမောင် က ...
“ ဒေါ်လေးခင်ကြီး ကျေနပ်ပါတော့ ဗျာ ၊ နောက် တစ်ကျော့များ တော့ မကျော့ ခိုင်း လိုက်ပါနဲ့နော် ။ တစ်မြို့လုံးလုံး လှည့် လာခဲ့ရတဲ့ ဒဏ် က မသေးဘူး ဗျို့ ၊ ပေါင် ကို ကွ လို့ ” ဟု ဆိုသည် ။ ဒေါ်လေးခင် က “ ကျေနပ်ပါ သတဲ့တော် ” ဟု ဆိုလိုက်မှ ရယ်မောကာ ထွက်ခွာ သွား ကြသည် ။ ဒေါ်လေး ခင်သည် ထွက်ခွာ သွားသော ရှင်လောင်း လှည့် ပရိသတ် ကို ကြည့်ရင်း ...
“ ဦးလေးကွန်း က နောက်မယား က မွေး တဲ့ သား ကလေးတွေ ကို အကြီးအကျယ် ကို ခြေကုန်သွန် ရှင်ပြု လိုက် တာပဲ ။ ကလေးတွေ ကုသိုလ်ပေါ့ လေ ။ မောင်စိန် တို့ အမေ လက်ထက် က များ ဦးလေးကွန်း ခမျာ မောင်စိန်ကလေး ကို ဒီလို ရှင်ပြု မပေးနိုင်ဘူး ။ ခုတော့ အထက်အောက်အညာ ကုန်ကူးတာ က လည်း ဟန်တယ် ထင်ပါရဲ့ ။ တစ်မြို့လုံးကို ဖိတ်တာတဲ့ ။ သိသိ - မသိသိ ဘယ်သူ့ မှ မချန်ဘူး ဆိုပဲ ” ဟု အမေ့ ဘက် သို့ လှည့်၍ ပြောသည် ။ အမေ က “ ညည်းတို့ ညီအစ်မ ပါ လိုက် သွားဖို့ ကောင်းတယ် ။ ညည်းတို့ မလာ တာ မောင်ကွန်း က ငါ့ လာ ရန်ထောင်ပါလိမ့် မတော် ” ဟု ဆိုသည် ။
အိမ်ထဲ သို့ ပြန် မဝင်သေးဘဲ တံခါးပေါက် မှ ပြောနေသော သမီးကြီးဒေါ်လေးခင် ကို အမေ က မှောက်လျက် သား အနင်း ခံ နေရာ မှ လှည့် မကြည့်ဘဲ ပြောသည် ။ ဒေါ်ဖွား သည် သူတို့ သားအမိ ပြောသည် ကို နားထောင်ရင်း နင်းမြဲ နင်း နေ၏ ။ ဒိုးပတ်ဝိုင်း ကို အများ ကြည့် သော်လည်း သူ သည် ထွက် ကြည့်ပေ ။
“ မောင်သက်ထွန်း တော့ ဒိုးပတ်ဝိုင်း နောက် ပါ သွား ပြန်ပြီ ”
ဒေါ်လေးရှင် က သားတော်မောင် လိုက် သွားသည့် အကြောင်း ကို သာ ပြောရင်း အပြီး မသတ်သေးသည့် သနပ်ခါး ဆက် လူးရန် မီးဖို ထဲ သို့ ပြန် ဝင်သွား၏ ။
“ ပြောလည်း မတတ်နိုင်ဘူး အမေ ရယ် ။ အိမ် အလုပ် တွေ နဲ့ မောလွန်းလို့ ၊ ဘယ် အလှူအတန်း မှ မသွားချင်ဘူး ။ ဆွေမျိုး ဆိုပြီး သွားပြန်တော့ သူစိမ်း အလှူ ကျ မသွားရင် ပြောစရာ ဖြစ်လာ ပြန်ရော ၊ ဘယ် အလှူ မှ မသွားဘဲ နေလိုက် တာ အေးရော ၊ ကျွန်မတို့ သွား လည်း အမေ ဒီနေ့ အနှိပ် ခံ ရမှာ မဟုတ်ပါဘူး ”
ဒေါ်လေးခင် သည် အမေ့ ကို ပြောရင်း အမေ့ နား တွင် ဝင်ရောက် ထိုင်လိုက်သည် ။ ထိုင် ပြီးပြီးချင်း လည်း ... “ လေးရှင်ရေ ... ညည်း ထွက်လာရင် ငါ အိပ်တဲ့ နားက ဆေးလိပ် တို ဆွဲခဲ့စမ်းပါ ဟေ့ ၊ အိပ် လည်း ပြန် မအိပ်ချင်တော့ပါ ဘူး ၊ ကွမ်းမောင် တို့ ဒိုးပတ်ဝိုင်း ကြည့်ပြီး မျက်စိ လည်း ကျယ် သွားပြီ ။ ဆေးလိပ် ပဲ သောက် တော့မယ် ” ဟု ဆိုကာ ညီမ ဖြစ်သူ ကို ဆေးလိပ် ယူ ခဲ့ရန် လှမ်း အော်လိုက်သည် ။
ဒေါ်လေးခင် စကား မဆုံးတဆုံး မှာ ပင် ဒေါ်လေးရှင် က ဆေးလိပ်တို ကို ယူလာ၍ အစ်မ ဖြစ်သူ အား ပေး ကာ မီးဖို ထဲသို့ ပြန် ဝင် သွားသည် ။ ဒေါ်လေးခင် သည် သူ့ ဆေး လိပ်တို ကို ထိပ်ဖျား မှ ပြာများ ကို အသေအချာ လက် နှင့် ဖိ သိပ် လိုက်သည် ။ ပြီးမှ မီး ညှိရန် အမေ့ ဆေးလိပ်ခွက် ထဲ မှ မီးခြစ် ကို ယူ ရန် လက် ပြင် လိုက်သည် ။
“ ဟင် ... အမေ ”
ဒေါ်လေးခင် သည် နောက်ထပ် ဘာစကား မှ မဆက် ဘဲ ရပ် ထားလိုက်သည် ။ တော်တော်လေး ကြာသည် အထိ ဘာစကား မှ ဆက် မပြောသောအခါ အမေ က ..
“ ဘာတုံး ညည်း ဟာ ၊ အလန့်တကြား ”
သည်တော့မှ ဒေါ်လေးခင် သည် ဒေါ်ဖွား မျက်နှာ ကို တစ်ချက် မော့ကြည့်ကာ
“ မီးခြစ် အမေ ... မီးခြစ် ၊ အမေ့ ဆေးလိပ်ခွက် ထဲ မှာ အမေ့ မီးခြစ် မရှိပါလား ” ဟု ပြောလိုက် သည် ။
“ ရှိပါတယ် ၊ ခုနပဲ ငါ ဆေးလိပ် သောက်လို့ ခြစ်ပြီး ပြန် ထည့် ထားလိုက်သားပဲ ” ဟု အမေ က မျက်စိ မဖွင့်ဘဲ မှိန်း နေရာမှ ပြန်လည် ပြောဆိုလိုက်သည် ။
အမေ ပြောသည် မှာ ဟုတ်သည် ။ သူ စောစောက နောက်ဖေး ဘက် တွင် ရှိနေစဉ် အမေ ဆေးလိပ် သောက် နေ ကြောင်း ကို ညီမ ဖြစ်သူ က ပင် ပြောသေးသည် ။ အမေ သောက် လက်စ ဆေးလိပ် သည်လည်း ဆေးလိပ်ခွက် ထဲ တွင် ရှိ နေသည် ။ မီးခြစ် ကား မရှိ ။ ဒေါ်လေးခင် သည် ဒေါ်ဖွား ကို တစ်ခါ မော့ ကြည့်ပြန်သည် ။
စောစောက ဟောင်းနွမ်းသော အဝတ်များ နှင့် မြင်ရ ၍ “ ဆင်းရဲလိုက်တာ ” ဟု သနား ခဲ့မိသော သူ့ ကရုဏာ စိတ်များ သည် ဤတစ်ခါ ဒေါ်ဖွား ကို ကြည့်ချိန် မှာတော့ သူ့ ရင်ထဲ မှ အားလုံး ထွက်သွားတော့သည် ။
အသား မည်း သလောက် ၊ နှုတ်ခမ်း တွဲ ၍ မျက်စိ ပေါက် ကျဉ်းကျဉ်း ၊ သွား ခေါခေါ နှင့် ဒေါ်ဖွား ၏ ရုပ်သွင် ကို အခုမှ အသေအချာ ကြည့်မိကာ “ ဒါကြောင့်လည်း ဒီ ဘဝ အထိ မလှမပ ဖြစ် ရတာကိုး ” ဟု ရင် ထဲ က တွေး လိုက်မိ သည် ။
အတွေး နှင့် အတူပင် ဒေါ်လေးခင် သည် ဖြည်းလေး စွာ ထ ၍ နောက်ဖေးဘက် သို့ ဝင်ခဲ့ကာ သူ့ ဖျာဘေး တွင် ချ ထားသော မီးခြစ် ကို ယူ၍ သူ့ ဆေးလိပ် ကို မီး ညှိလိုက် သည် ။ ပြီးလျှင် ပြင်းပြင်း ဖွာရှိုက် လိုက်သည် ။ မီးခိုးများ သည် သူ့ ရှေ့တူရူ တွင် တလိပ်လိပ် တက် နေသည် ။ ဤ အိမ် တွင် သမီး နှစ်ယောက် နှင့် အမေ သာ ရှိသည် ။ လူစိမ်း ကား ဒေါ်ဖွား တစ်ယောက် တည်း ၊ ယခု အမေ့ မီးခြစ် မရှိတော့ ။ ဒီလောက် ရှင်း နေသည့် ကိစ္စ ကို မည်သို့ ရှုပ်အောင် တွေး ယူ နေ ရ ပါမည်လဲ ။
“ လေးရှင် ရေ .. အမေ့ မီးခြစ်တော့ မရှိတော့ဘူး ဟေ့ ”
ရင်ထဲ က မကျေမနပ် ဖြစ်မှု ကို ဒေါ်လေးခင် သည် ညီမ ဖြစ်သူ အား ဖောက်သည် ချ လိုက်သည် ။
“ အစ်မ က လည်း ”
ဒေါ်လေးရှင် က အင်္ကျီကြယ်သီး တပ် ရာမှ မယုံကြည် သလို လှည့် ပြောသည် ။
“ အစ်မ ကလဲ မနေနဲ့ မချော ၊ ငါ အပြင်ဘက် မှာ အိပ်ရာ ခင်း ပေး မိတာပဲ ခပ်ကောင်းကောင်း ဖြစ်နေပြီ ၊ ရှင်လောင်း လှည့် တာ ကြည့်တဲ့ အခိုက်ကလေး လစ်တာပဲ ၊ ဘာ ကြာ လိုက်လို့ ၊ ဒီဘက် လှည့်တယ် ဆို မရှိတဲ့ အဖြစ်မျိုး ၊ အမေ က စောစော က တောင် သူ ဆေးလိပ် သောက်လို့ ခြစ်သေးသတဲ့ ”
“ ဟုတ်တယ် ကျွန်မ လည်း မြင် လိုက်သားပဲ ၊ တစ် နေရာ ရာ ထား မိသလား အစ်မ ရယ် ”
“ အို .. ရှင်လောင်းလှည့် မလာခင်လေး က အမေ ဆေးလိပ် ညှိ ပါတယ် ဆိုနေတဲ့ ဥစ္စာ ၊ ညည်း က လည်း ”
ဒေါ်လေးခင် က ငေါက် လိုက် သဖြင့် ဒေါ်လေးရှင် သည် ဘာမှ ထပ် မပြောတော့ပေ ။ ဒေါ်လေးခင် သည် အိမ် ရှေ့သို့ ထွက်သွား ကာ မသိမသာ အမေ့ အိပ်ရာ ကို ပြင် ပေး သလို ၊ ဆင် ပေး သလို နှင့် မီးခြစ် ကို ဟိုစမ်း သည်စမ်း ရှာ ပြန် သည် ။ မတွေ့သော အခါ ညီမ ဖြစ်သူ ဆီ သို့ ပြန် လာ ပြန် သည် ။ ဒေါ်ဖွား ကတော့ ဘာမှ မပြော ၊ မေး လည်း မမေး ။ သူ မသိ သလိုပင် အမေ့ ကို နှိပ်မြဲ နှိပ်နေ၏ ။ ဒေါ်လေးခင် စိတ် ထဲ ကတော့ “ အမေကြီး ခုနတုန်း က ပဲ ခြစ် သေးတာပဲ ။ ရှိ မှာ ပေါ့ ၊ ရှာ ပါဦး ၊ ဒီ ခေါင်းအုံး အောက်များ ရောက် နေလား ၊ ဒီဘက်ရော ” ဘာညာ နှင့် ဤလို ပြော၍ သူ နှင့် အတူ လိုက် ရှာ ပေးစေချင်သည် ။ ခုလို မသိ သကဲ့သို့ ဘာသိ ဘာသာ နေ သူ ကို တော့ ရင် ထဲ က နည်းနည်းကလေး မှ မကျေနပ်ပေ ။
“ ငါ တော့ ဒါကြောင့် ဘယ်သူမှ မယုံဘူး ။ ဆင်းရဲ လေလေ သံဝေဂ ရရ ဆိုတာ က ရှားသား ကလား ”
ဆေးလိပ်တို ကို ဧရာဝတီသင်္ဘောခေါင်းတိုင် ရှုံး အောင် ဖွာ ချ ရင်း ဒေါ်လေးခင် သည် သူ့ ရင် ထဲ က မကျေနပ် မှု ကို ညီမ ဖြစ်သူ ကို တဖျစ်တောက်တောက် လာ၍ ပြော ပြန်သည် ။
“ မမ လက် ထဲ က မီးခြစ် က အမေ့ မီးခြစ်များ ဖြစ်နေသ လား ၊ ကြည့်လည်း လုပ်ပါဦး ၊ မမ တို့ က ရမ်း စွပ်စွဲနေ ”
ဒေါ်လေးခင် က စိတ်ရှုပ်ရှုပ် နှင့် ပြောပြန်၏ ။
“ ကြံကြီးစည်ရာ အေ ... ဒါ ငါ့ မီးခြစ် အေ့ ၊ ငါ့ မီးခြစ် က အဖိုး တန်တာ မဟုတ်ပါဘူး ။ ဟောဒီ ဖင် မှာ “ ဝ ” ကလေး တောင် ခွဲ ရေး ထားသေးတယ် ။ ဒါ ဟိုတုန်း က ငါ့ မီးခြစ် နဲ့ အမေ့ မီးခြစ် နဲ့ ဆင်ဆင် တူ နေလို့ ။ အမေ့ ဥစ္စာ ကို “ န ” ကြီး ရေး ထားတယ် ။ အခုတော့ အမေ့ မီးခြစ် ၊ ငါ့ မီးခြစ် တူ လည်း မတူတော့ပါဘူး ။ အမေ့ မီးခြစ် က ရန်ကုန် က တူ လာ လည် တုန်း က ပေး သွားတဲ့ မီးခြစ် အေ့ ။ မီးခြစ် က အဖိုးတန်တယ် ။ နိုင်ငံခြား က လာတဲ့ မီးခြစ်ကလေး ။ ညည်း က ဘာမှ သိတာ မဟုတ်ဘူး ။ ငါ က လိုချင်လို့ တောင် အမေ့ ဆီ တောင်းသေး တယ် ။ အမေ က မပေးဘူး တော့် ။ သူ့ တူ က ပေးတာ ဆိုပြီး တကိုင်ကိုင် နဲ့ ၊ ခုတော့ ... ”
“ လေးခင် ပိုက်ဆံ ယူလာခဲ့ပါ ဟေ့ ။ သူငယ်မ ပြန် တော့မယ် တဲ့ ”
ဒေါ်လေးခင် စကား မဆုံးသေးခင် အိမ်ရှေ့ မှ အမေ့ ခေါ်သံ ကြောင့် ဒေါ်လေးခင် မှာ ကမန်းကတန်း ထွက်လာခဲ့ ကာ သူ့ ဘော်လီအိတ် ထဲမှ ငွေတစ်ကျပ် ကို နှိုက် ယူ၍ ဒေါ်ဖွား အား ပေး လိုက်သည် ။
“ သွားမယ်နော် ၊ ဒေါ်သင်းမြ မအားတဲ့ အခါ အနှိပ်ခံ ချင် ရင် လည်း ခုလိုပဲ ကျွန်မ ကို အချိန်မရွေး ခေါ်ခိုင်းပါ ”
ဒေါ်ဖွား က ကိုယ် ကို ခပ်ပေါ့ပေါ့ ထား ကာ ပိုက်ဆံ ကို လှမ်းယူရင်း ဒေါ်လေးခင် ကို ပြောသည် ။
“ ဟုတ်ကဲ့ ဟုတ်ကဲ့ ”
ဟုတ်ကဲ့ ကို နှုတ် က သာ သွက်သွက် လိုက်လိုက်ရ သော်လည်း ဒေါ်လေးခင် ရင် ထဲ က မူ ရိုသေကျိုးနွံမှု ကို အပြည့် ပြပြီး ပျော့ပျော့နဲ့ နံတဲ့ ကြောင်ချီး မို့ ကြောက်လှပါပြီ ရှင် ဟု ပြော နေမိသည် ။
ဒေါ်ဖွား ထွက် သွားလျှင် ထွက် သွားချင်း ဒေါ်လေး ခင် သည် အမေ့ နား သို့ အပြေး ရောက် လာကာ ... “ အမေတို့ ကလည်း အနှိပ် ခံတဲ့အခါ နည်းနည်းပါးပါးများ မျက်စိကလေး ဘာလေး ဖွင့် ကြည့်ရောပေါ့ ” ဟု ဆိုသည် ။
“ ကြည့်ပါတယ် အေ ၊ ငါ မီးညှိ ပြီး သေသေချာချာ ၊ ဆေးလိပ်ခွက် ထဲ ပြန် ထည့် လိုက်ပါတယ် အေ ” ဟု အမေ က သူ မှတ်မှတ်မိမိ ရှိကြောင်း ပြောသည် ။
ပြောပြောဆိုဆို ပင် ဒေါ်လေးခင် သည် စောစော က ညှာညှာတာတာ ရှာ ခဲ့ရသော အမေ့ စောင် နှင့် ခေါင်းအုံးများ အောက် သို့ ဗြောင်းဆန်အောင် လှန်လှော ၍ ရှာပြန်သည် ။ မီးခြစ် အစအန ကို မျှ မတွေ့ရပေ ။
သမီးကြီး နှင့် အတူ အမေ လည်း ခေါင်းအုံး နှင့် စောင် များ ကို ဟိုလှန် ဒီလှန် လုပ်၍ ဝိုင်းဝန်း၍ ရှာဖွေသည် ။ စိတ် ထဲ က သူ အမှုမဲ့ အမှတ်မဲ့ ထားမိသည့် အတွက် ပျောက်သွား သည့် မီးခြစ်ကလေး ကို နှမြော သော်လည်း သမီးများ က ဆူပူ နေသဖြင့် ဘာမျှ မပြောဘဲ ဆိတ်ဆိတ်ပင် နေသည် ။
“ ကဲလေ ... ပျောက် သွားမှတော့ ရှာလို့ ရပါတော့မ လား ။ ရှာ နေ လည်း မောရုံပဲ နေမှာပါ ။ ဒါ အမေ တို့ သင်ခန်းစာ ပဲ ”
ဒေါ်လေးခင် သည် စိတ်ပျက်သံ နှင့် အမေ့ ဘက် သို့ လှည့် ပြောလိုက်သည် ။
“ ဟုတ်မယ် မထင်ပါဘူး မမရယ် ”
အနီးအနား တွင် ရပ်နေသော ဒေါ်လေးရှင် က ခုချိန်ထိ ဒေါ်ဖွား ကို မယိုးစွပ်သေးသလို အစ်မ ဖြစ်သူ ၏ စွပ်စွဲချက် ကို လှမ်း ပြင်လိုက်သည် ။
“ အိုအေ ... ညည်း ကလဲ ”
စိတ်မော လူမော ဖြစ် နေသော ဒေါ်လေးခင် သည် ဒီလောက်ပင် ပြော၍ ညီမ နှင့် အမေ့ အနား မှ ထ ၍ သွားကာ ရေချိုးရန် ရေချိုးခန်း သို့ ဝင် သွားသည် ။
ဒေါ်လေးခင် ရှာ သလိုပင် ဒေါ်လေးရှင် က လည်း အမေ့ အိပ်ရာ ကို မကျေနပ်သလို ရှာ ပြန်သည် ။ သူ လည်း အပြီးသတ်တော့ အမော သာ အဖတ်တင်သည် ။
“ ကဲ အေ ... အိပ်ရာတွေ သာ အိပ်ခန်း ထဲ သွင်း လိုက် ပါတော့ လေးရှင်ရယ် ။ ညည်း အစ်မ ပြော တာလည်း ဟုတ် ပါတယ် ။ မတွေ့တာ ရှာလို့ အမောသာ အဖတ် တင် နေမှာပါ ပဲ ။ အခန်း ထဲ က ညည်း ပြန် ထွက်လာ ရင် သာ ငါ ဖို့ အင်္ကျီ နဲ့ လုံချည် တစ်ထည် တော့ ယူခဲ့ပါဦး ။ အနှိပ် ခံပြီး အဝတ် တွေ လဲ ဦးမှ ”
အမေ သည် သမီးငယ် အား ပြောရင်း သမီးငယ် အိပ် ရာ သိမ်းရန် ပက်လက်ကုလားထိုင် ပေါ်သို့ ရွှေပြောင်း ထိုင် ပေး လေသည် ။ ဒေါ်လေးရှင် သည် မွေ့ရာ နှင့် ခေါင်းအုံးများ ကို လိပ်၍ အိပ်ခန်း ထဲ သို့ ပွေ့ယူ သွားသည် ။ ပြန် အထွက် လာ တွင် အမေ့ ကို အင်္ကျီ နှင့် လုံချည် ပေးရင်း ...
“ အမေ နို့ သောက်တော့မလား ” ဟု မေးသည် ။
အမေ က “ ထည့်ခဲ့ပါ ” ဟု ဆိုသော အခါ ဒေါ်လေးရှင် သည် နောက်ဖေး ဘက် သို့ ဝင်ခဲ့သည် ။
ဒေါ်လေးရှင် သည် မီးဖို ထဲ မှ နို့ဖန်ခွက် နှင့် ပြန်ထွက် လာချိန်တွင် အမေ အင်္ကျီ ၊ လုံချည် လဲ ပြီးနေပြီ ။ အမေ့ ကို နို့ခွက် ပေးပြီး အမေ ချွတ် ချ ထားသော အင်္ကျီ နှင့် လုံချည် ကို သိမ်းရန် ဒေါ်လေးရင် ကောက် ယူခဲ့သည် ။
“ ဟင် ... အမေ ဒီမှာ မီးခြစ် ပါ လား ”
“ ဟေ ... ”
ဒေါ်လေးရှင် စကား အဆုံး တွင် အမေ အံ့သြလွန်း၍ ကျယ်လောင်စွာ ဟေ တစ်လုံး အမေ့ နှုတ်မှ ထွက်သွား သည် ။ အသက် ကြီး လာ ပြီ ဖြစ်သော အမေ သည် ယခုမှ အားလုံး ကို သတိ ရ သည် ။ ဘုမသိ ဘမသိ အနှိပ်သည်ကြီး အ ပေါ် စိုးရိမ်စိတ် လွန် နေသော အမေ သည် ဆေးလိပ် ညှိ အပြီး တွင် မီးခြစ် ကို သူ့ ဘော်လီ အိတ် ထဲ သို့ ထည့် ထားခဲ့သည် ။ ထည့် နေကျ မဟုတ်သဖြင့် အမေ သည် မေ့ နေခဲ့သည် ။ သူ့ စိတ် ထဲ တွင် ထည့်နေကျ ဆေးလိပ်ခွက် ထဲ သို့ ပင် ထည့်မိ သည်ဟု ထင် ခဲ့သည် ။ သို့ကြောင့် သူ့ အင်္ကျီအိတ် ကို လုံးဝ နှိုက် မကြည့်ဘဲ ချွတ်ချ ထားခဲ့သည် ။ ယခု ဒေါ်လေးရှင် လာ မှ အင်္ကျီ ထဲ မှ ခိုးလိုးခုလု သူ့ မီးခြစ် ကို တွေ့သွားခဲ့ခြင်း ဖြစ် သည် ။
“ ပြော မပြောချင်ပါဘူး ဟယ် ၊ လေးခင် ပြောတာများ ဟိုခမျာ ကြား ရင်တော့ ... ”
အမေ စကား ကို အဆုံးမသတ် ဘဲ ယူကျုံး မရသည့် အသံ နှင့် ပြောဆို ညည်းညူ လိုက်သည် ။
ဒေါ်လေးရှင် သည် လက် ထဲ မှာ မီးခြစ်ကလေး ကို ကိုင် ရင်း “ မရှိ ခိုးနိုး ၊ မလှ စုန်းမျိုး ” ဆိုသော စကား အဓိပ္ပာယ် ကို မိနစ်ပိုင်း အတွင်း မှာ နားလည် လိုက် လေသည် ။
◾ ယုဝတီသိင်္ဂီမြင့်
📖 သွေးသောက်မဂ္ဂဇင်း
၁၉၆၈ ခုနှစ် ၊ ဩဂုတ်လ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment