❝ စိတ်ဆိုးသွားသော နတ်ပြက်ကလေး ❞
“ မွဲပြာပြာ ” တိုင်းပြည် မှ မင်းသားကလေး ကြည်သာ သည် နာမည် နှင့် ဆန့်ကျင်ဘက် ဖြစ်အောင် ပင် မကြည်မသာ ဖြစ် နေ ပေသည် ။ အကြောင်းတော် ကား ယနေ့ နံနက် ဆယ်နာရီ ခန့် တွင် ‘ ငွေဗိမာန် ’ တိုင်းပြည် မှ မင်းသမီး ကလေး လှကညာ သည် ခမည်းတော် ဘုရင်ကြီး ရှေ့ တွင် ကြင်ဘက်တော် ကို ရွေး ရတော့မည် ဖြစ်၏ ။ မင်းသမီးကလေး ၏ ကြင်ဘက်တော် ဖြစ်ရမည့် သူ မှာ လှကညာ မင်းသမီးကလေး က လည်း သဘော ကျ သူ ဖြစ်ရမည် ။ ခမည်းတော် ဘုရင်ကြီး က လည်း သဘော ကျ သူ ဖြစ်ရ မည် ။ ထိုမှသာ မင်းသမီးကလေး ၏ ကြင်ဘက်တော် ဖြစ် နိုင်ပေမည် ။
မင်းသားကလေး ကြည်သာ နှင့် မင်းသမီးကလေး လှကညာ သည် တက္ကသီလာပြည်ကြီး ၌ ပညာ သင်ခဲ့ကြ စဉ် က ချစ်ခင်ခဲ့ကြ၏ ။ ထို့ကြောင့် ယနေ့ အချိန် မီ မင်း သားကလေး ကြည်သာ ရောက်ခဲ့ လျှင် မင်းသမီးကလေး က တော့ ပန်းကုံး စွပ်မည် မှာ မုချ ဖြစ်၏ ။
သို့သော် ... ။
အလွန် မွဲလှသော ကြည်သာ မှာ အဝတ်အစားများ လည်း ညှိုးနွမ်း သည် ။ ပြီးတော့ စီး သွား စရာ မြင်း လည်း မရှိ ၊ သူ့ ဖခင် အုပ်ချုပ်ရသော တိုင်းပြည်ကလေး မှာ သေး ငယ် လှ သဖြင့် ငွေဗိမာန်တိုင်းပြည် သို့ သွားရာ လမ်း မှ သံမနိုင်နယ်စားကြီး လောက် ပင် မချမ်းသာ ချေ ။ ဆင်းရဲမွဲတေ လှသော မင်းသားမျိုး ကို ငွေဗိမာန် ဘုရင်ကြီး က ဘယ်လိုမှ သဘော ကျ နိုင်မည် မဟုတ်ချေ ။
သို့ ဖြစ်သော ကြောင့် မင်းသားကလေး ကြည်သာ သည် မကြည်မသာ ဖြစ် နေ ရပေတော့၏ ။ ထိုအခိုက် တွင် နတ်ပြည် မှ ဒယာဒေဝီ နတ်သမီး သည် လူ့ ပြည် ကို ငုံ့ ကြည့် လိုက်သည် ။ ဤ နတ်သမီး သည် လူသားများ အပေါ် သနားကြင်နာ တတ်သော ကြောင့် ဒယာမင်းသမီး ဟု ခေါ်တွင်ခြင်း ဖြစ်၏ ။ ' ဒယာ ’ ဟူသော ပါဠိစကား ၏ အဓိပ္ပာယ် မှာ ‘ သနားခြင်း ’ ဖြစ် သည် ။
သို့သော် ဒယာဒေဝီ သည် လူတိုင်း ကို တော့ သနား သည် မဟုတ်ပါ ။ စိတ်ထား ကောင်းမွန်ပြီး ပညာ ကို ကြိုး စား သင်ကာ ဘုရား တရား သံဃာ ဆရာ မိဘ တို့ ကို ရိုသေသူ ဖြစ်မှ သာ လျှင် ထိုသူမျိုး ဒုက္ခ ကြုံတွေ့ နေသည် ကို တွေ့လျှင် သနား တတ် ၏ ။ ဒယာဒေဝီ သည် သနား စိတ် ဖြစ်ပေါ် လာ လျှင် လည်း ကူညီတတ်စေသည် ။
ကြည်သာ မင်းသားကလေး သည် ဒယာဒေဝီနတ် သမီး ကြင်နာသနား နိုင်သော လူစားမျိုး ထဲ တွင် အပါ အဝင် ဖြစ်၏ ။ သို့ ဖြစ်သောကြောင့် ယခု ကဲ့သို့ ကြည်သာ မင်းသားကလေး မှိုင်တွေ နေသည် ကို မြင်သောအခါ ဒယာဒေဝီနတ်သမီး သည် အစေအပါး ဖြစ်သော ဒါန နတ်သားတစ်ပါး ကို မင်းသားလေး အဘယ်ကြောင့် စိတ်
ညှိုးငယ် နေရသည် ဆိုခြင်း အကြောင်းရင်း ကို စုံစမ်းရန် စေလွှတ် လိုက်၏ ။
ကြည်သာ မင်းသားကလေး သည် ချောင်းကလေး နံဘေး ရှိ ကျောက်တုံး တစ်တုံး ပေါ် တွင် ထိုင်၍ ရေတွေ ကို ကြည့်ကာ ငေးမှိုင် နေစဉ် ဒါနနတ်သား သည် သူ့ အနား တွင် ဖြုတ်ခနဲ ပေါ် လာလေ၏ ။
မင်းသားကလေး သည် လည်း အလန့်တကြား ဖြစ်သွား၏ ။
“ ဟောဗျ .. ခင်ဗျားက ဘယ်က ပေါက်လာတာလဲ ”
“ ကျုပ် က သစ်ပင် မှ မဟုတ်တာ ပေါက်လာပါ့ မလားဗျ ၊ အဲ .. အီး ဆိုရင်လည်း ပေါက်ချင် ပေါက် မှာ ပေါ့လေ ”
“ ဟာ .. စိတ်ညစ်ရတဲ့ အထဲ ဘာတွေ လာပြောနေ တာလဲဗျာ ။ ကျွန်တော် ဟာ ခင်ဗျား ရဲ့ ရန်သူ လည်း မဟုတ်ပါဘူး ။ ဒီတော့ ကျွန်တော့် ကို မနှောင့်ယှက်ပါနဲ့ ဗျာ ”
ထိုအခါ နတ်သား သည် အားရပါးရ အော် ၍ ရယ်မိ တော့၏ ။
“ အမလေး ဟ .. ဟမ်း ၊ ဖြစ်မှ တဖျစ်ဖျစ် မြည်လိုက် လေ ၊ ခင်ဗျား ကို နှောင့်ယှက် မလို့ မဟုတ်ဘူး ၊ မ , မလို့ လာတာ မ , မလို့ လာတာ ဗျ ”
“ ဗျာ .. ကျွန်တော့် ကို ဘာဖြစ်လို့ မ , ရ မှာလဲ ။ ကျွန်တော် ထိုင်နေတဲ့ အောက်က ကျောက်တုံးကြီး ကို ရွှေ့ချင် လို့လား ”
“ ဟာ .. ကျုပ် က နတ်သား ဗျ ၊ လမ်း ခင်း တဲ့ အကောင် မဟုတ်ဘူး ။ ကျောက်တုံး ကို ဘာလုပ်ဖို့ ရွှေ့ရမှာလဲ ”
“ သိပါဘူးဗျာ .. ကျောက်တုံး အောက်မှာ ခင်ဗျား ရဲ့ ခြေမ များ ပိ နေ သလားလို့ပါ ”
“ လာပြန်ပါပြီကော .. ခြေမ ပိ နေမှတော့ စောစောလို အော်ပြီး ရယ်နိုင်ပါ့မလား မင်းသား ရဲ့ ”
“ အော် .. စောစော က ဟာ ရယ်တာ ကိုး ”
“ ရယ်တာပေါ့ ဗျ ၊ ခင်ဗျား က ဘာလုပ်တာ မှတ်လို့လဲ ”
“ ဝါးဟားဟားဟား ဆိုတော့ အိပ်ချင်လို့ လာ သမ်း နေတယ် မှတ်လို့ ”
“ သေလိုက်ပါတော့ ငါ့ ကိုယ်လေး ”
"အခုဟာ ကော .. ရယ်တာပဲလား ”
“ ညည်းတာဟေ့ ... ညည်းတာ ၊ အဖျား တက်နေ တယ်လို့ လည်း မှတ်မနေနဲ့ဦး ၊ အင်း .. ဒါကြောင့်လည်း ဒယာဒေဝီ က သနားတာ ကိုး ။ ပုံပန်း က လည်း သနားချင် စရာပဲ ၊ သနားစရာ ကောင်းလိုက်တာမှ နဖူး ရော ၊ ဒူး ရော ၊ တံတောင် ရော ၊ လက်သီး ရော ၊ ဖနောင့် ရော ဆင့်ဆင့်ပြီး ပစ်သွင်းစရာ ကောင်းအောင်ပဲ သနားသင့် နေပြီ ကော ”
“ အခုဟာက ရယ်တာလား .. ကျိန်တာလား ”
“ သေငယ်ဇော နဲ့ ဆန့်ငင်ဆန့်ငင် ဖြစ်နေတာဟေ့ ၊ ကဲပါလေ ကြာပါတယ် ။ ကျုပ် လာတဲ့ ကိစ္စ ကို ပြောမယ် ”
“ ဪ .. ကိစ္စ ရှိလို့ လာ တာကိုး ”
"ဟဲ .. ကိစ္စ ရှိလို့ လာတာပေါ့ ၊ ကိစ္စ မရှိဘဲနဲ့ မင်းသား ရဲ့ မှိုင်တွေချ နေတဲ့ ကျက်သရေ မဲ့ မျက်ခွက်ကြီး ကို ထမင်း အဆာ ခံပြီး ဘာဖြစ်လို့ လာ ကြည့်နေရမှာလဲ ၊ ကိုင်း .. မှန်မှန် သာ ပြောပေတော့ ”
“ မှန်မှန် ပြောရမယ် ဆိုတော့ မြန်လည်း မမြန်ဘူး ။ နှေးလည်း မနှေးဘူးပေါ့ နော် ”
“ လိမ်မပြောနဲ့ လို့ ပြောတာဗျို့ ကဲပါလေ .. ခင်ဗျား စိတ်ညစ် နေတာ သေချာတယ် ”
“ သိပ်သေချာပါတယ် ”
“ အဲ .. မှန်မှန်သာ ပြော ၊ ဘာဖြစ်လို့ စိတ်ညစ် နေတာလဲ ”
“ မပျော်လို့ပါ ”
ဒါနနတ်သား သည် သူ့ နဖူး ကို သူ့ လက်ဝါး နှင့် ရိုက် မိကာ မေ့လဲ မကျ သွားအောင် အတော်ပင် ထိန်းသိမ်း ထား လိုက်ရတော့သည် ။
“ စိတ်ညစ်ပါတယ် ဆို ကတည်း က မပျော်လို့ မှန်း တော့ သိတာပေါ့ ၊ ဘာဖြစ်လို့ မှိုင် နေရတယ် ၊ ဘာ အလို မပြည့်ဘူး ဆိုတာတွေ ကို ပြော ၊ အခုဟာ က ကျုပ် ကို ဒယာ ဒေဝီနတ်သမီး က ခိုင်းလို့ လာတာ ၊ ခင်ဗျား အလို ပြည့်ရမယ် ”
ဒါနနတ်သား ၏ စကား ကို ကြားရသော အခါ ကြည်သာ မင်းသားကလေး သည် များစွာပင် ဝမ်းမြောက်ဝမ်း သာ ဖြစ်သွားပြီး သူ့ အဖြစ်သနစ် ကို ပြန် ပြောပြသည် ။ သို့ဖြင့် ဒါနနတ်သား သည် နတ်ပြည် သို့ ပြန်ကာ ဒယာဒေဝီ အား အကြောင်းစုံ လျှောက်တင် လေ၏ ။
ထိုအခါ ဒယာဒေဝီ သည် သူ ၏ တန်ခိုးဖြင့် သက်တံ တံတားကြီး ကို ထိုး ပေးသည် ။ တံတား ၏ တစ်ဖက် စ သည် နတ်ပြည် မှ တဖြည်းဖြည်း ကျ လာ၍ ကြည်သာ မင်းသားလေး ၏ ဘေး သို့ ရောက်၏ ။ ထို တံတား ၏ တစ်ဖက် သော အစ သည် လည်း နတ်ပြည် မှ တဖြည်း ဖြည်း ကျ ၍ ငွေဗိမာန်နန်းတော် ရှေ့သို့ ကျ လာသည် ။
ကြည်သာ မင်းသားကလေး သည် ဝမ်းသာ အားရ သက်တံ တံတားကြီး တစ်ဖက်သို့ တက် လိုက်မိသည် နှင့် တစ်ပြိုင်နက် သူ သည် တငြိမ့်ငြိမ့် ရွေ့လျား သွားလေတော့ သည် ။ သို့သော် စောစောက တစ်ဖက်သော အစ သည် နတ်ပြည် မှ ထိုးကျခဲ့စဉ် က အမှတ်မဲ့ ထိုင် နေသော နတ် ပြက်ကလေး တစ်ပါး ကို တိုက်၍ တွန်းရွှေ့သွားသည် ဖြစ်ရာ အဆိုပါ နတ်ပြက်ကလေး မှာ ယက်ကန်ယက်ကန် နှင့် လူ့ပြည် သို့ ရုန်းရင်းကန်ရင်း ရောက် လာ လေ၏ ။ နတ်ပြက်ကလေး သည် ဒေါပွစွာ ဖြင့် ရုန်းကန် နေရာ က ဒလိမ့်ခေါက်ကွေး မြေပေါ် သို့ အကျ တွင် ပြန် ထ မည်ပြု ၏ ။ သို့သော် သက်တံတံတား ပေါ် မှ ဆင်းလာသော ကြည်သာ မင်းသားကလေး သည် သူ့ ကို မမြင်ဘဲ နှင့် ဇက်ပိုး ကို နင်း၍ ဆင်း သွားလေရာ နတ်ပြက်ကလေး မှာ လေးဖက်ထောက် မိရာ က လျှောခနဲ ပြားဝပ် သွား ရပြန်လေ၏ ။
ပန်းကုံးကြီး ကို ကိုင်၍ စွပ်တော့မည် ပြုခါ မှ ချစ်ရ သူ ကြည်သာ မင်းသားလေး ကို ရှာ မတွေ့ သဖြင့် လှကညာ မင်းသမီးလေး မှာ ပန်းကုံးကြီး တကိုင်ကိုင် နှင့် ယောင်ချာချာ ဖြစ်နေ ရှာသည် ။ အစွပ် ခံချင် နေကြသည့် မင်းသားများ မှာ လည်း စွပ်ပါစေတော့ ဟူ၍ လည်တိုင် တွေ ဆန့်ခနဲ ဆန့်ခနဲ ပြူ ထုတ်ကြရာ မင်းသားတစ်ပါး မှာ ဇက်ကြော ထောက်ခနဲ တင် သွားသဖြင့် “ အင်း ” ဟု အော် ကာ ရှုံ့မဲ့သော မျက်နှာ နှင့် ကြက်ကြီး လည် လိမ် ထား သလို ဖြစ် နေလေတော့၏ ။
စွပ်တော့မလား စွပ်တော့မလား နှင့် အသည်း တဖိုဖို ကြည့် နေသော ငွေဗိမာန် ဘုရင်ကြီး သည် ကြာ တော့ စိတ် မရှည်နိုင်အောင် ဖြစ်ရလေသည် ။
“ ဟ .. ဘယ်လိုလဲ သမီးတော်ရဲ့ ၊ အညောင်းပြေ အညာပြေ လမ်းလျှောက် တာ ဆိုရင် ပန်းကုံးကြီး ကို အသာ ချ ထားပေါ့ ၊ ခုတော့ နင့်ဟာ က ခုပဲ ဂွပ်ခနဲ စွပ်တော့ မလား .. စွပ်တော့မလား ဆိုပြီး ငါ က ဖင် တကြွ ကြွ ဖြစ်နေတာ ကြာရင် ငါ ဟာ ရာဇပလ္လင် ပေါ် က ကျွမ်းပျံ ကျ လိမ့် မယ်နော် ”
ခမည်းတော် က မကျေနပ်သည့် လေသံ ဖြင့် နှိုးဆော် လိုက်သော အခါ လှကညာ မင်းသမီးကလေး သည် ပို၍ အကျပ် ကျ သွားကာ မျက်ရည်လေးများ ပင် ဝိုင်း၍ လာ လေတော့သည် ။
ထိုအခိုက် တွင် ကြည်သာမင်းသားကလေး သည် နန်းရင်ပြင် သို့ ဘွားခနဲ ရောက်ရှိ လာလေရာ ပရိသတ် များ မှာ “ ဟယ် ” ခနဲ ဖြစ် သွား ရ၏ ။
ကြည်သာ မင်းသားကလေး ၏ တစ်ကိုယ်လုံး မှာ သက်တံရောင် တို့ ဖြင့် လှပဝေဆာစွာ တပြောင်ပြောင် တလက်လက် ဖြစ် နေလေတော့သည် ။ ထိုကဲ့သို့ ကြည်သာ မင်းသားကလေး သည် လှကညာ မင်းသမီးကလေး ၏ ရှေ့ဝယ် ရင်ကော့ ၍ ဝင့်ကြွားစွာ ရပ်တည် မိသည့် ခဏ ဝယ် နတ်ပြက်ကလေး သည် မြေကြီး ပေါ် မှ လူး လဲ ထ လာ နိုင်တော့၏ ။
သူ သည် အလွန်ပင် စိတ်ဆိုး သွားသည် ။ သူ့ ဘာသာ သူ နတ်ပြည် ၏ အစွန်း တိမ်တိုက် တစ်ခု ဝယ် ထိုင် နေစဉ် သက်တံ ၏ အပိုင်းအစွန်းကြီး သည် သူ့ တင်ပါး ကို နောက် က နေ ပြီး လာ ထိုး၍ တွန်းချ ခဲ့၏ ။ တစ်ဖန် မြေပြင် ပေါ် သို့ နတ်ပြက် ကျ မကျဘဲ ခွေး ကျ ကျ သွားသဖြင့် “ ပြီးတာ တွေ ပြီးပါစေတော့ ” ဟု ကျေအေးမည် ပြုပြီး ပြန် ၍ ထမည် ကြံ ပြန်တော့ လည်း ဇက်ပိုး ကို နင်းချ သွားသဖြင့် မြေကြီး ကို ကုန်း နမ်း ရသည် ။ ပါးစပ် ထဲ သို့ သဲတွေ ၊ ဖုန် တွေ ဝင် သဖြင့် တဖွီးဖွီး ထွေး ထုတ်ပစ်ရ၏ ။
ထိုကြောင့် နတ်ပြက်ကလေး သည် အလွန် ပင် စိတ် ဆိုး သွားသည် ။ သူ့ အဖို့ စိတ်ဆိုးစရာတွေ ဖြစ်ရသည့် တရားခံ မှာ သက်တံရောင်စုံ ထွက် နေသည့် ကြည်သာ မင်းသားကလေး သာ ဖြစ်ရမည် ဟု စိတ် ထဲ တွင် မှတ်ယူ ထားပြီး ခပ်လှမ်းလှမ်း မှ ပင် ကြည်သာ မင်းသားကလေး ကို မှုန်တေတေ နှင့် ကြည့် နေသည် ။
နတ်ပြည် တွင် လည်း ဒယာဒေဝီနတ်သမီး သည် နတ်သဘင် အစည်းအဝေး သို့ သွားချိန် တန်ပြီ ဖြစ်၍ ထွက်သွားခါ နီး ဒါနနတ်သား ကို လူ့ပြည် မှ ကြည်သာ မင်းသား အား စောင့်ကြည့်၍ လိုအပ် လျှင် ကယ်မ ရန်
အမိန့် ပေး ထွက် သွားလေသည် ။ ထိုကြောင့် ဒါနနတ် သား က လည်း ကြည်သာ မင်းသား ကို ပြူး နေအောင် ကြည့် ရ၏ ။
လှကညာ မင်းသမီးကလေး ခါတိုင်း နှင့် မတူ အထူး ပင် တောက်ပြောင် လှပနေသော ချစ်သူ ကြည်သာ မင်းသားကလေး ကို ရှေ့တွင် တွေ့ ရသော အခါ အတိုင်း မသိ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၍ ကပျာကယာ ပန်းကုံး စွပ်ရန် လက် ကို မြှောက် သည် ။
ထိုခဏ တွင် နတ်ပြက်ကလေး သည် လက်ညှိုး ထိုး ပါးစပ် မှ ပွစိပွစိ လုပ်၏ ။ သူ က ထိုသို့ လုပ် လိုက်သော အခါ လှကညာ မင်းသမီးလေး ၏ လက် ထဲ မှ ပန်းကုံး ကြီး မှာ မြွေကြီး ဖြစ် သွားလေရာ “ အမယ်လေး ” ဟု အော်၍ ပန်းကုံးကြီး ကို ပစ်ချ ကာ မင်းသမီးကလေး မှာ မေ့ လဲ ကျ သွားလေ၏ ။
ရှင်ဘုရင်ကြီး သည် ချက်ချင်း ပင် ရာဇပလ္လင် ပေါ် မှ ဖင်လျှော ၍ ဆင်း လာခဲ့လေ၏ ။
“ ဟဲ့ ကောင် ... မင်း ဘယ်လို လုပ်လိုက်တာလဲ ၊ မင်း ဟာ မင်းသား ယောင် ဆောင်လာတဲ့ မှော်ဆရာ ပဲ ဖြစ်မယ် ”
ရှင်ဘုရင်ကြီး က ကြိမ်းမောင်းသည် ။ အနား မှ စစ်သည်ရဲမက်တို့ က လည်း ကြည်သာ မင်းသား ကို ဝင်ရောက် ဖမ်းဆီးရန် ဘုရင်ကြီး ၏ နှုတ် မှ ထွက်မည့် အမိန့် ကို စောင့်နေကြ၏ ။ ကြည်သာ မင်းသားကလေး မှာ လည်း ဘုမသိ ဘမသိ နှင့် မျက်လုံး ဝိုင်း သွားရတော့သည် ။
“ ကျွန်တော်မျိုး ဘာမှ မလုပ်ပါ ဘုရား ”
“ မင်း မလုပ်လို့ .. ဒီဟာ က ဒီဟာ က ”
ရှင်ဘုရင်ကြီး သည် ပန်းကုံး ဆီ သို့ လက်ညှိုး ညွှန်၍ ပြောပြောဆိုဆို နှင့် လှည့်ကြည့် သည် တွင် သူ့ စကား မှာ တစ်ပိုင်းတစ်စ နှင့် ရပ် သွားလေ၏ ။ အဘယ်ကြောင့် ဆို သော် သူတို့ အချင်း များ နေခိုက်တွင် ပင် နတ်ပြည် မှ ဒါန နတ်သား က ဖနောင့် တစ်ချက် ပေါက်၍ နှုတ် မှ ပွစိပွစိ လုပ် လိုက်ရာ စောစောက မြွေကြီး မှာ ရွှေစင် အတိ ပြီးသော မြွေရုပ်ကြီး ဖြစ် သွားသောကြောင့် ပင် ဖြစ်သည် ။ ဝင်းဝါ တောက်ပ နေသော ရွှေစင်ရုပ် မြွေကြီး သည် အထူး လှပ ဆန်းကြယ် သဖြင့် ဘုရင်ကြီး ကို ဝမ်းမြောက်စေ၏ ။
“ အယိုယို .. လှလှချည်လား ၊ ဒါကြီး ကို မင်း က ငါ့ ကို လက်ဆောင် ပေးမယ် ဆိုရင် မင့် အပြစ် ကို တစ်ဝက် ချမ်းသာ ပေးလိုက်မယ် ။ သမီးတော် မေ့ လဲ သွားတာ ကို ချမ်းသာရာ ရအောင် လုပ်ပေးမှ ကျန်တဲ့ အပြစ် တစ်ဝက် ကျေပြီး မင့် ကို သမီးတော် နဲ့ ထိမ်းမြား ပေးစားမယ် ဟေ့ ”
စောစော က သူ လုပ် လိုက် သဖြင့် မင်းသားကလေး ဒုက္ခ ရောက်သွားရသော အခါတွင် ဝမ်းမြောက်စွာ ဖြင့် ဗိုက် ကို လက်နှစ်ဖက် နှင့် ဖိ၍ ရယ် နေ သော နတ်ပြက်ကလေး မှာ ဘုရင်ကြီး ဒေါသ အနည်းငယ် ပြေသွားသည် ကို တွေ့ ရ ရာ တွင် မှုန်တေတေ ပြန် ဖြစ် လာရပြန်သည် ။ သူ သည် ကြည်သာ မင်းသား ဘာ လုပ်မည်နည်း ဟု လှမ်း ၍ အကဲ ခတ် နေသည် ။
ကြည်သာမင်းသားလေး ခမျာ မှာ လည်း မင်းသမီးလေး သည် သူ့ ဘာသာ သူ မေ့လဲ ကျသွားခြင်း ဖြစ်ရာ ပြန်လည် ၍ သတိ ရ လာအောင် မည်သို့ လုပ်ရမှန်း မသိ ဖြစ် နေတော့သည် ။
နတ်ပြည် ရှိ ဗိမာန်လက်ရန်း ကို လက်ထောက် ကြည့် နေသော ဒါနနတ်သား မှာ ကြည်သာ မင်းသား ၏ အဖြစ် ကို ပို၍ ထင်ရှားအောင် ငုံ့ ကြည့် နေရင်းက အားလွန် ၍ ထိုးကျ လေ၏ ။ သို့သော် သတိ ကောင်း သဖြင့် လက်ရန်း တန်း ကို ခြေတို့ ဖြင့် ချိတ်ဆွဲ ထားရာ တွဲလွဲကြီး ဖြစ်နေ သည် ။ ဤတွင် ဒါနနတ်သား သည် လက် နှစ်ဖက် ကို အားယူ လွှဲယမ်း ၍ နောက်သို့ ကောက် တင် လိုက်ရာ ဖုတ် ခနဲ အပေါ်သို့ ပြန် ရောက် သွားတော့သည် ။ ထိုအခါမှ လူပြည် သို့ ဆက်၍ ကြည့်ရ ပြန်၏ ။
ကြည်သာ မင်းသားကလေး သည် လည်း အမျိုးမျိုး စဉ်းစားရာ မှ စိတ်ကူး ပေါက် လာကာ မင်းသမီးကလေး ၏ ခေါင်းရင်းဘက် သို့ သွား၍ လေးဖက် ထောက်ကာ မင်းသမီးလေး ၏ ငယ်ထိပ် ကို ကုန်း ၍ မှုတ် သည် ။
ထိုအခိုက်တွင် နတ်ပြက်ကလေး သည် လက်ညှိုး ညွှန် ၍ ပါးစပ် မှ ပွစိပွစိလုပ် ပြန်လေ၏ ။
ကြည်သာ မင်းသားကလေး သည် အသာအယာ ပင် မှုတ် သည် ဖြစ်ငြား သော် လည်း မင်းသမီးကလေး မှာ တစ်ကိုယ်လုံး အတောင့်လိုက် လျှောခနဲ ထွက် သွား သည် ။ ကြည်သာ မင်းသား သည် လေ ကို ပြန် ၍ ရှိုက် သော အခါ တွင် မင်းသမီး တစ်ကိုယ်လုံး မှာ အတောင့် လိုက် ပင် လျှောခနဲ ပြန် ရောက် လာပြန်၏ ။ ဤသို့ဖြင့်
မင်းသားကလေး က မှုတ် လိုက် လေ ပြန် ရှိုက်လိုက် လုပ် နေ သည် နှင့် အမျှ မင်းသမီးလေး ၏ ကိုယ်ခန္ဓာ တောင့်တောင့်ကြီး မှာ လည်း လျှော့ခနဲ လျှော့ခနဲ ရှေ့တိုး နောက် ငင် ဖြစ် နေလေတော့သည် ။
ငွေဗိမာန်ဘုရင်ကြီး ၏ နှုတ်ခမ်းမွေး တို့ သည် နှစ်စ စလုံး ကော့ပျံထောင်တက် လာကြလေကုန်၏ ။ မျက်လုံး တို့ သည် လည်း ပြူးကျယ် ဝိုင်းစက် ကာ မီး တဝင်းဝင်း ဖြစ်လာ ကြ ကုန်သည် ။
“ ဟေ့ .. သတိ ရအောင် လုပ်ပါဆိုမှ တယ်လဲ ခက်နေ ပါလား ။ မင်း က သေပြီ မှတ်လို့ အလောင်း ကစား နေတာ လားကွ ဟေ ”
နတ်ပြက်ကလေးကား ဝမ်းဗိုက် ကို လက် နှစ်ဖက် ဖြင့် ဖိရင်း ရယ်မော နေပြန်လေ၏ ။ ထိုအခိုက် တွင် ဒါန နတ်သား သည် ဖနောင့် တစ်ချက် ပေါက်ရင်း နှုတ် မှ ပွစိပွစိ လုပ်ရ ပြန်တော့သည် ။
ဘုရင်ကြီး သည် မကျေမနပ် နှင့် ပင် သမီးတော် ၏ ခြေရင်း နား သို့ လျှောက် လာ ၍ ငုံ့ ကြည့် ၏ ။ ကြည်သာ မင်းသားကလေး လည်း ကြောက် ကြောက် နှင့် မှုတ် ထည့် လိုက်ရာ ၊ မင်းသမီးလေး ၏ ကိုယ်လုံး သည် တောင့်တောင့်ကြီး ဖြစ် နေလျက် က ကျွီခနဲ မတ်တတ် ထောင် လာလေ၏ ။ ရုတ်တရက် ဖြစ်၍ ဘုရင် ကြီး သည် “ ဗုဒ္ဓေါကြီး နဲ့ ဆွမ်းတော်တင် ” ဟု အော် ၍ လန့် ခုန် မိ လေသည် ။
ထို့နောက် သမီးတော် ကို ကြည့် သော အခါ သမီးတော် မှာ အကောင်း ပကတိ ဖြစ်နေ သဖြင့် များစွာ ဝမ်းသာ သွား၏ ။
“ ဟယ် ... ငါ့ နေကြီး သမီးတော် ကောင်းသွားပါ ပကော ။ အဲလေ .. ငါ့ သမီးကြီး နေကောင်း သွားပါ ပကော လား ။ ဟဲ့ မိဖုရားကြီး ၊ သောက်ရေ ပေးစမ်း ။ သမီးတော် ကို တိုက် ရမယ် ”
နတ်ပြက်ကလေး သည် အဝေး မှ ကြည့် ရင်း မှုန်တေ တေ ဖြစ်သွား ပြန်လေ၏ ။
မိဖုရားကြီး ယူလာ ပေးသော ရေခွက် ကို ဘုရင်ကြီး က ကောက် အယူ လိုက် တွင် သူ့ လက်ထဲ သို့ ရောက်သည် နှင့် တစ်ပြိုင်နက် ရေခွက် ပျောက်ကာ ၊ မျောက်ကလေး ကို လည်ကုပ် က စု ၍ ဆွဲ ထား မိလျက်သား ဖြစ် နေလေ၏ ။ မျောက် က ကွိကွိကွကွ နှင့် ယက်ကန်ယက်ကန် လုပ် သဖြင့် ဘုရင်ကြီး သည် အလန့်တကြား လွှတ် ချ ရသည် ။
“ ဟဲ့ .. သောက်ကျိုးနဲ မျောက်မျိုးငနဲ ပါ လား ”
ဒါနနတ်သား သည် ဖနောင့် ပေါက် ၍ ပွစိ ပွစိ လုပ်ရ ပြန် လေ၏ ။
မျောက်ကလေး သည် ဘုရင်ကြီး လွှတ် ချ လိုက်၍ မြေ ပေါ် သို့ အရောက်တွင် ရွှေစင် အတိ ပြီးသော မျောက်ရုပ် ကလေး ဖြစ် သွားလေ၏ ။ ဘုရင်ကြီး ကား ဝမ်းသာ ပြန် လေတော့သည် ။
“ ဟာ ရွှေမျောက် ဟေ့ .. ရွှေမျောက် ။ ငါ တော့ အသရေ တောက် ရ ပြန်ဦးတော့မယ် ။ ဒါမှ ရွှေသမက် အစစ် ပါ လား ။ အလန့်တကြားတွေ ဖြစ်သမျှ ရွှေ ချည်းပဲ ။ ရှေ့ဆက် လန့်ပါစေ ငါတော့ ကျေနပ်မှာပဲ ။ ကြိုက်ကပြီ ကွ ၊ ကြိုက်ကပြီကွ ... လုပ်လိုက် ဟေ့ ”
နတ်ပြက်ကလေး သည် သစ်ပင် တစ်ခု ၏ အရင်း တွင် ငုတ်တုတ် ထိုင် ၍ မှိုင် နေ ရတော့သည် ။ သူ့ စိတ် က တော့ ဆိုးမြဲပင် ဖြစ်နေ၏ ။
ဘုရင်ကြီး ကား ကျေနပ် နှစ်ခြိုက်လွန်း လှ သဖြင့် သမီးတော် လှကညာ ကို ကြည်သာ မင်းသားလေး နှင့် ထိမ်းမြားပေးစားတော် မူ လေသည် ။
ကြည်သာ မင်းသားကလေး သည် ငွေဗိမာန် တိုင်းပြည် မှ အကောင်းဆုံး မြင်းတစ်စီး ကို ယူကာ လှကညာ မင်းသမီးကလေး ကို မြင်း ပေါ် တွင် တင်၍ နှစ်ယောက် အတူ စီး လျက် ၊ မွဲပြာပြာ တိုင်းပြည် သို့ ပြန် လာခဲ့လေ၏ ။
စိတ် ဆိုး သွားသော နတ်ပြက်ကလေး သည် လည်း ကြည်သာ မင်းသားလေး တို့ မြင်း နှင့် ငွေဗိမာန်တိုင်းပြည် ကြီး က ထွက်ခွာသည် ကို မြင်သည် နှင့်တစ်ပြိုင်နက် ၊ ဖုတ် ဖတ် ခါ ထ၍ နောက် မှ လိုက်သွားလေသည် ။ သူ သည် ယခု ထက်တိုင် စိတ်ဆိုး မပြေသေးချေ ။ ထိုကြောင့် ကြည်သာ မင်းသားကလေး ကို အား ရအောင် ဒုက္ခ ပေးခြင်း ငှာ နောက် က တကောက်ကောက် လိုက်ပါခဲ့ခြင်း ဖြစ်၏ ။ အားရအောင် ဒုက္ခတွေ ပေးခဲ့ သမျှ မှာ အားရသည့် အဆင့် သို့ မရောက်မီ ကပင် ဒုက္ခတွေ ပျောက် ပျောက် ကုန် သဖြင့် နတ်ပြက်ကလေး သည် စိတ် မတင်မကျ ဖြစ်နေရ၏ ။
ငွေဗိမာန် တိုင်းပြည်ကြီး မှ မွဲပြာပြာ တိုင်းပြည် သို့ သွားသော လမ်းခရီး တွင် သံမနိုင်နယ်စားကြီး မှာ နယ်စား ဟု သာ ဆိုရသည် ။ ငွေကြေး အင်အားရော ၊ စစ်သည်ရဲမက် အင်အား ပါ မသေးငယ်လှ သဖြင့် တော်ရုံတန်ရုံ ရှင် ဘုရင်များ ပင် သူ့ကို မမီကြချေ ။ ထိုသို့သော ရှင်ဘုရင် များ သည် သံမနိုင်နယ်စားကြီး ကို လေးစားကြရသည် ။
ကြည်သာမင်းသား က ရောက်ရှိ လာသော အခါ သံမနိုင်နယ်စားကြီး သည် ကိုယ်တိုင် ထွက်၍ ကြို၏ ။
“ မင်းသားလေး ကျုပ် ရဲ့ တိုက်ကြီး မှာ ထမင်း တစ်နပ် ဝင်ပြီး သုံးဆောင်သွား စမ်းပါ ။ ကျုပ် က သတင်း ကြား ပြီးပြီ ။ ငွေဗိမာန်ဘုရင်ကြီး ရဲ့ သမီးတော် လှကညာ ကို တော်ရုံ ပုဂ္ဂိုလ် မရနိုင်ဘူး ။ မင်းသားလေး က ရခဲ့တယ် ဆိုတော့ ဂုဏ်ပြုချင်လို့ပါ ”
သံမနိုင်နယ်စားကြီး သည် စိတ်ရင်း ကောင်း၏ ။ မာန်မာန ကြီးခြင်း မရှိ ။ သို့သော် စိတ်ဆိုးသည့် အခါတွင် ကား ပြင်းထန် လှသည် ။ စိတ် ဆိုးသည့် အခါမျိုးတွင် အလွန် လည်း ရက်စက်တတ်၏ ။ သူ ၏ စိတ်ဆိုးမှု ကို အကြောင်း သိသူ တိုင်း လွန်မင်းစွာ ကြောက်လန့် တတ် ကြသည် ။
သို့ဖြစ်သောကြောင့် နတ်ပြည် မှ ဒါနနတ်သား သည် ကြည်သာ မင်းသားကလေး တို့ သံမနိုင်ရဲတိုက်ကြီး ထဲ သို့ ဝင်ရောက် သွားကြသည် ကို တွေ့သော အခါတွင် မျက်လုံး တို့ သည် စည်းမဲ့ကမ်းမဲ့ ပြူး ကုန် ကြတော့သည် ။ သူ့ အနေ ဖြင့် တော်တော် ဂရုစိုက် ရတော့မည် ။ အကယ်၍ အကြောင်း တစ်ခုခုကြောင့် သံမနိုင်နယ်စားကြီး အမျက် ထွက် ခဲ့သော် ကြည်သာမင်းသားကလေး သည် ကွိခနဲ ဒုက္ခ ရောက်တော့မည် ။ မင်းသားလေး ကွိခနဲ ဒုက္ခ ရောက် လျှင် ဒယာဒေဝီ ပြန် လာ၍ သိသော အခါ၌ မိမိ သည်လည်း ဇိခနဲ ဒုက္ခ ရောက်ရမည် မှာ သေချာ၏ ။ ထိုကြောင့် အတင်း ပြူး ကြည့်ရသည် ။ ခါး ကို ကိုင်းညွှတ်၍ ကြည့် သည် ။ ပို၍ ပို၍ ဂရု စိုက်ရသဖြင့် ပို၍ ပို၍ ခါး ကိုင်း၏ ။ ထိုကြောင့် ထုံးစံ အတိုင်း ...
“ ဟမလေး ... ကျ ပ ဟ ”
ဟု အော်ကာ သူ သည် အရှိန် လွန်၍ လက်ရန်း မှ ကျော် ကျသည် ။
ကိစ္စ မရှိပါ ။ လိမ္မာပါးနပ်သော နတ်သား ဖြစ်သည် နှင့် အညီ ပုဆိုးစ တစ်ဖက် ကို လက်တန်း တွင် မြဲမြဲ ချည် နှောင် ထားသည် ဖြစ်သော ကြောင့် တစ်ချိန် တွင် ဆက်လက် မကျတော့ဘဲ လေ ထဲ တွင် တန်းလန်းကြီး ဖြစ်ကာ လွှဲယမ်း နေလေ၏ ။ ထိုအခါတွင် မှ ဒါနနတ်သား သည် ပုဆိုးစ ကို ပြန်၍ တွယ်ဖက် တက် ကာ ကြည် သာ မင်းသားလေး တို့ ကို မျက်ခြည်မပြတ် ကြည့် နေသည် ။
သူ့နည်း တူ ပင် နတ်ပြက်ကလေး သည် လည်း ရဲတိုက်ကြီး ၏ ပြတင်းပေါက် တစ်ခု ၏ အပြင် ၊ သစ်ပင် တစ်ပင် ခွကြား ၌ ထိုင်၍ ကြည်သာ မင်းသားလေး တို့ ကို မျက်ခြည်မပြတ် ကြည့်နေ၏ ။
ရဲတိုက်ကြီး ၏ ကြမ်းခင်း မှာ ကျောက်ပြားများ ဖြစ် သဖြင့် နယ်စားကြီး သည် မင်းသားလေး တို့ ကို ကုလား ထိုင်များ နှင့် ဧည့်ခံသည် ။ မနီးမဝေး က စားပွဲရှည်ကြီး ပေါ် တွင် ထမင်းဟင်း သစ်သီးချိုချဉ် မျိုးစုံ တို့ကို တည်
ခင်း စေ၏ ။
“ ကဲ မင်းသား ၊ အစားအစာတွေ တော့ အဆင် သင့်ပြီ ၊ ကိုယ့် ကုလားထိုင် ကိုယ် ရွှေ့ခဲ့ကြပါ ”
နယ်စားကြီး က ဤသို့ ပြော၍ သူ ကိုယ်တိုင်က လည်း သူ ထိုင်လျက် ရှိသော ကုလားထိုင်ကြီး ကို ရွှေ့လာ လေ၏ ။ လှကညာ မင်းသမီးကလေး က လည်း ရွှေ့ လာ ၏ ။ ထိုနည်းတူစွာ ပင် ကြည်သာ မင်းသားကလေး သည် လည်း ကုလားထိုင် ကို ဖင် နှင့် သိပ် မကွာစေဘဲ ၊ လက်တန်း မှ ကိုင်ကာ ခါး ကိုင်း၍ ရွှေ့ လာရန် ကြိုးစား၏ ။ နတ်ပြက်ကလေး သည် လက်ညှိုး ညွှန်၍ ပါးစပ် မှ ပွစိပွစိ လုပ် လေတော့သည် ။
“ အီ .. အီး ”
ကြည်သာ မင်းသားကလေး သည် ကုလားထိုင် ကို လွယ်လွယ် ဆွဲ၍ မပါလာ သဖြင့် အင်အား ကို စိုက်ထုတ် ၍ ဆွဲ၏ ။ ကုလားထိုင် မှာ ကျောက်သားထု ဖြင့် ပြုလုပ်ထားဘိ သည့် အလား ၊ မြေ ပေါ် မှ တစ်လက်မ မှ ကြွ မတက် ချေ ။ မင်းသားကလေး သည် ခါးကြီး ကို အတင်း ကုန်း၍ လုံ့လ ဝါယမ ပြင်းစွာ ထုတ်ကာ မျက်နှာကြီးများ နီ လာ သည် အထိ အတင်း မ ဆွဲသည် ။ ကုလားထိုင် ကား မဖြုံချေ ။ နယ်စားကြီး သည် ဖင်နား တွင် ကုလားထိုင် တန်း လန်း မ , လျက် ကပင် ကြည်သာ မင်းသားလေး ၏ ဘက် သို့ လှည့် ကြည့်မိ သဖြင့် ရှေ့ဆက် မသွားနိုင်ဘဲ ရပ်၍ အံ့အားသင့်လျက် ကြည့် မိသည် ။
“ မင်းသား ဘာ လုပ်နေတာလဲ ”
ကြည်သာ မင်းသား သည် ချွေးတွေ ပြန်အောင် ဆွဲ ၏ ။ ကုလားထိုင် ကား မထူးခြားပါချေ ။ ဒါနနတ်သား သည် မျက်မှောင်ကုတ် ၍ ပါးစပ် မှ ပွစိ ပွစိလုပ် ရတော့၏ ။
ဝေါ ...
ကြည်သာ မင်းသား က အားကုန် ဆွဲနေသော ကုလားထိုင် သည် ရုတ်တရက် ပင် ဖက်ရွက်ကလေး ပမာ ပေါ့ပါး သွားလေရာ ။ မင်းသားလေး မှာ ကုလားထိုင်ကြီး တန်းလန်း နှင့် ပင် ရှေ့သို့ စိုက်စိုက် စိုက်စိုက် နှင့် အရှိန်ပြင်း စွာ ထွက်သွားပြီး သံမနိုင်နယ်စားကြီး ၏ နံရိုးများ ကို ခေါင်း နှင့် ပြေး တိုက် မိသည် ။
“ ဟယ် ... ကမျဉ်းနီ နဲ့ ပိုးတီကောင် ၊ သေပါပြီဟ ”
ဟု အော်၍ နယ်စားကြီး သည် ကြမ်း ပေါ် သို့ ကုလားထိုင် နှင့် အတူ ထွေးလား ၊ လုံးလား ကျ သွားလေ၏ ။ ပြန်၍ ထ လာ သော အခါတွင် ကား သူ ၏ မျက်နှာ မှာ နီမြန်း နေသည် ။
နတ်ပြက်ကလေး သည် ဗိုက် ကို နှိပ်၍ အားရပါးရ ရယ် ၏ ။
သို့သော် မင်းသားလေး ၏ ကုလားထိုင် တွင် ကျောက်ပြား အခင်းကြီး ပါ ကပ်၍ ပါလာလေရာ ၊ မြေ တိုက်ခန်း ပေါ် လာပြီး မြောက်မြားစွာ သော ရွှေငွေရတနာ တို့ ကို တွေ့မြင် ကြရလေ၏ ။ အစ က ဒါတွေ ရှိမှန်း မသိ သော နယ်စားကြီး သည် ကျေနပ်၍ ကြည်သာ မင်းသား အပြန် တွင် တစ်ဝက် ခွဲ ပေး လိုက်ရာ ၊ မွဲပြာပြာ တိုင်းပြည် မှာ ဖိတ်ဖိတ်တောက်တိုင်းပြည် ဟု ပင် အမည် ပြောင်း လိုက်ရလေတော့၏ ။
ဒယာဒေဝီ ပြန် ရောက်လာပြီး သော အခါတွင် ကား ၊ နတ်ပြက်ကလေး သည် နတ်သဘင် အစည်းအဝေး တက်ရန် အကြောင်းမဲ့ ပျက်ကွက် သဖြင့် သိကြားမင်း ၏ လှေကား ကို မှုန်တေတေ နှင့် သန့်ရှင်းရေး လုပ် နေ ရတော့ သည် ။
◾ကြပ်ကလေး
📖 ပျော်ရွှင်ဖွယ် ဟာသပုံပြင်များ ပေါင်းချုပ် ( ဒုတိယ တွဲ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment