Friday, January 13, 2023

ဇောင်းထက်

 ❝ ဇောင်းထက် ❞

( နေကြာတစ်ပွင့် အရိုင်း )

ဆောင်း က တော့ လက်နက် ချ သွားခဲ့ပါပြီ ။

အညာနွေ ဆိုတာ က တော့ တိုက် ချင် သလို တိုက် နေ တဲ့ လေပူရိုင်းတွေ ရဲ့ အောက် မှာ တစ်ရွက် မျှ မကျန်တော့ဘဲ တမာ တွေ ၊ ရှား တွေ ၊ ဆူးဖြူ တွေ နဲ့ ကြည့်လေ ရာ ရာ မှာ မွဲခြောက်ခြောက် ပါ ပဲ ။ ထနောင်းပင် များ က တော့ အားလုံး အစိမ်း ။

ကျွန်တော့် အခန်း နဲ့ တည့်တည့် ကို လှမ်း ကြည့်တဲ့ အခါ မိန်းကလေးဆောင် ထောင့် က နေ ကောင်းကင် ကို လွတ်လွတ်ကျွတ်ကျွတ်ကြီး လွင့် တက် သွားတဲ့ လက်ပံပင်ကြီး တစ်ပင် ကို တွေ့ နေ ရတယ် ။ အက်ကွဲ နေ တဲ့ လက်ပံသီး တွေ က နေ ထွက်ကျလာ တဲ့ လက်ပံမှို့ တွေ ဟာ ဖွေးခနဲ ဖွေးခနဲ နှင့် ကြည့် မဝတဲ့ အညာ အလှ များ ပါ ပဲ ။

တက္ကသိုလ်ကောလိပ်တွေ ကလည်း ပိတ် သွားကြ ပြန် ၊ ဆယ်တန်း အဖြေလွှာ တွေ သွား စစ်ဖို့ ရက် က လည်း မရောက်သေး နှင့် အား နေတဲ့ အချိန် များ မှာ ကျွန်တော့် ဆီ ရောက် လာ တာကတော့ အတွေး ပါ ပဲ ။

အဲဒီ အတွေး ထဲ မှာ ပါ လာတာက တစ်ခါ က ... ဇောင်းထက် ။

ဘာလိုလို နဲ့ ကျွန်တော် တို့ ရဲ့ စာပေ လောက ၊ တက္ကသိုလ် လောက ၊ ပြီးတော့ သူ့ မိသားစု လောက အဝန်းအဝိုင်းကလေး က နေ ဇောင်းထက် ထွက် ခွာ သွားခဲ့တာ တစ်နှစ် ကျော် ခဲ့ပါပြီ ။

ဆုံး ဆုံးချင်း ဇောင်းထက်အကြောင်း ကို ရေး ဖို့ ကျွန်တော် ပြင်ဆင် ခဲ့ ဖူးတယ် ။ ဒါပေမဲ့ ရေး မရ လောက်အောင် စိတ်လှုပ်ရှား နေမိတဲ့ အတွက် ဒီ အတိုင်း ချ ထား ခဲ့ရတယ် ။ နောက် တစ်လ နှစ်လ အကြာ မှာ ရေး ဖို့ ထပ် လုပ် ပြန် တော့လည်း ရေး မရအောင် ရှိခဲ့ပြန်ဆဲ ။

တကယ်တော့ ဇောင်းထက် နဲ့ ကျွန်တော် ဟာ စာပေ လောက ၊ တက္ကသိုလ် လောက ၊ လူမှု လောက အထွေထွေ မှာ အရင်းနှီးဆုံး သူငယ်ချင်းများ လို့ ဆို ရ လောက် တဲ့ သူများ ပါ ပဲ ။

ဒါ့ကြောင့် သူ့ အကြောင်း အမှတ်တရများ ကို ကျွန်တော်  ရေး သင့်တယ် လို့ တချို့ က တိုက်တွန်းကြတယ် ။

တချို့ က လည်း ဘယ်သူ့အတွက် မှ အကျိုး မရှိဘူး ဆိုရင် မရေးသင့် တဲ့ အကြောင်း တား တယ် ။

ပြော ရရင် ကျွန်တော့် စိတ် ထဲ ရှိ တဲ့ အတိုင်း လွှတ် ရေးလိုက်ရင် သေပြီး တဲ့ သူ တစ်ယောက် ၊ ဘာမှ မပြော နိုင် တဲ့ သူ တစ်ယောက် ထိများ ထိခိုက်လေ မလား လို့ ကျွန်တော် အကြိမ်ကြိမ် ချင့်ချိန် နေ မိတာလည်း ပါ ပါတယ် ။

ဘာပဲ ဖြစ်ဖြစ် ၊ ခုတော့ ကျွန်တော် ချ ရေး ဖြစ်ပြီ ။

အမှား များ ၊ အမှန် များ ၊ ပြီးတော့ ... အစောဆုံး ထွက်သွားသူ အတွက် ကျွန်တော့် အမှတ်ရချက် များ ... ။

•••••   •••••   •••••

မနှစ် က ဆယ်တန်း အဖြေလွှာတွေ စစ် ကြတော့ ရန်ကုန်တက္ကသိုလ် ထဲ မှာ သူငယ်ချင်း တွေ ဆုံ ကြတယ် ။ သည်တုန်း က ဇောင်းထက် ဆုံးပြီး တာ တစ်လ ။ လောက် ပဲ ရှိ ပါ ဦးမယ် ။

တစ်ညနေ မှာ စာ စစ် လို့ အပြီး တက္ကသိုလ်ရိပ်သာ လမ်း ပေါ် က ပြည့်ဝ မှာ သူငယ်ချင်း တစ်စု ဆုံ မိကြတယ် ။

ဧရာဝဏ်သွေးဆေး ကိုကျော်ဝင်း ၊ ကိုအောင်ကျော်မင်း ၊ ကိုကျော်မင်း ၊ ကိုခင်သော် ၊ ဆလိုင်းစာခေါင် နဲ့ ကျွန်တော် တို့ ပါ ပဲ ။ အလုပ် မအားဘူး ဆို တဲ့ ပညာတန်ဆောင် က ကိုအောင်မြင့်ဦး နဲ့ ကိုဌေးလွင် ၊ ကိုဌေးသိန်း တို့ က လွဲ ရင် ပေါ့ ။

မြက်ခင်း စိမ်းစိမ်း ၊ စားပွဲခင်း နီနီ ပေါ် မှာ လူ ခြောက်ယောက် ၊ အရက် ခွက် ခုနစ် ခွက် ။

ကိုကျော်မင်း က နောက်ဆုံး အရက် ခွက် ထဲ မှာ ဝီစကီ ကို ငှဲ့ ထည့် ပြီး ကျွန်တော် က တစ်ခွက် ပို နေကြောင်း ပြော မိသည် ။

“ တမင် ထည့်ပေးထားတာ ၊ ဒီ ဝိုင်း မှာ ဇောင်းထက် ရှိတယ် ။ ဒါ သူ ထိုင် ဖို့ ခုံ ၊ သူ လည်း သောက်ပေ့စေ ”

ကျွန်တော်တို့ အားလုံး ကြက်သီးတွေ ဖြန်းခနဲ ထသွားမိတယ် ။ ကွက်လပ်ကြီး တစ်ခု ထဲ ဖြတ်သွားရသလိုပါလား ။

Irich Shegel ရဲ့ The Class ကို ဘာသာပြန် တဲ့ ဆရာမြသန်းတင့် ရဲ့ လွမ်းမောခဲ့ရ တက္ကသိုလ်ညများ ကို ကျွန်တော် ဖတ်ဖူးတယ် ။ ဒီဝတ္ထု ထဲ မှာ Herverd တက္ကသိုလ် ထွက် ကျောင်းသားတွေ နှစ်တိုင်း ပြန်ဆုံတဲ့ ညစာစားပွဲ ပါတယ် ။

တက် သူ တက် ၊ ပျက် သူ ပျက် ၊ အောင်မြင် သူ ၊ ရှုံးနိမ့် သူ ၊ လူဆိုး ၊ လူကောင်း အစုံ ပေါ့ ။

မတက်နိုင်တာ က အများအကျိုး အတွက် အသက် ကို စွန့် သွားသူများ နဲ့ အကျဉ်းစံ ။ ဒီလို ခပ်ဆင်ဆင် စားပွဲဝိုင်း တစ်ခု မှာ ဇောင်းထက် ဟာ အမှတ် ရ စရာ ဖြစ်ခဲ့ပါတယ် ။

တစ်လော က လည်း ပင်လယ်မဂ္ဂဇင်း အမှတ် ၃ ကို ဖတ်ဖြစ်တယ် ။ ဒီ မဂ္ဂဇင်း ထဲ မှာ ဆရာနန္ဒာသိန်းဇံ ရဲ့ ဆောင်းပါး တစ်ပုဒ် ပါ ပါတယ် ။ “ အလွဲ မာန ၏ လားရာ ကို ဖန်ဆင်း သူ ” ဆိုပြီး ဇောင်းထက် အကြောင်း ကို ဖွဲ့ ထားခဲ့တယ် ။

ခု ရက်ပိုင်း တွေ ထဲ မှာ မန္တလေး က ကာတွန်းဆရာ အော်ပီကျယ် ဆီ က စာ တစ်စောင် ကျွန်တော့် ဆီ ရောက် လာ ပြန်ပါတယ် ။ သူ့ စာ ရဲ့ အောက်ခြေ မှာ “ မန်းဘဲ ” လို့ လက်မှတ် ထိုးထားတယ် ။

အဲဒီ မန်းဘဲ ( အော်ပီကျယ် ) တို့ရဲ့ ရန်ကုန် စက်မှုတက္ကသိုလ် နဲ့ ရန်ကုန်တက္ကသိုလ် စုစည်း နွေးထွေးစေခဲ့ တာ ဟာ လည်း ဇောင်းထက် ပါ ပဲ ။

ဘာပဲဖြစ်ဖြစ် အရာ အားလုံး ဟာ ဇောင်းထက် ကို အမှတ် ရစရာတွေ ဖြစ်စေခဲ့တယ် ။

•••••   •••••   •••••

ကျွန်တော့် ရဲ့ ဒိုင်ယာရီစာမျက်နှာ များ ထဲ မှာ ဇောင်းထက် နဲ့ ပတ်သက် တဲ့ စာမျက်နှာ များ ကို ၁၉၇၈ - ၇၉ ခုနှစ် လောက် က စ တွေ့ လာရတယ် လို့ ပဲ ဆိုရမှာပါ ။

ကျွန်တော် တို့ တစ်သိုက် ဟာ ၁၉၇၇ ခုနှစ် မှာ ဆယ်တန်းအောင် ခဲ့ သူ များ ဖြစ်လို့ ၁၉၇၈ ခုနှစ် မှာ ဒေသကောလိပ် တွေ နဲ့ တန်း တိုးပါတယ် ။

မြောက်ဥက္ကလာ က အောင် တဲ့ ကျွန်တော် နဲ့ သမိုင်း က အောင်တဲ့ ဇောင်းထက် တို့ ဒေသကောလိပ် ၂ မှာ ဆုံ ကြတယ် ။

ကျွန်တော် က ပထမနှစ် သင်္ချာကျောင်းသား ၊ ဇောင်းထက် က ပထမနှစ် ဇီဝဗေဒ ကျောင်းသား ။ ဘာသာ တွဲ ချင်း ကွဲ ကြလို့ တစ်နှစ် လုံး မဆုံမိပေမယ့် နှစ်လည်မဂ္ဂဇင်း ထွက် ပြီး တဲ့အခါ စာ ဝင် ရေး ကြတဲ့ သူ အချင်းချင်း ရင်းနှီး သွား ကြတယ် ။

ကျွန်တော် က ကိုးတန်းကျောင်းသား ဘဝ ကတည်း က မဂ္ဂဇင်း စာမျက်နှာ ပေါ် တွေ ကို ရောက်ပြီးသား ဖြစ်လို့လား မသိ ။ ဇောင်းထက် က အစစ အရာရာ ကျွန်တော့် ကို ဦးစားပေး ဆက်ဆံ တတ် မြဲ ။

ဒီလိုနဲ့ ဒုတိယနှစ် ရောက်တဲ့ အခါ ကျွန်တော် က သတ္တုပညာ ယူ ပြီး ဇောင်းထက် က ဓာတုလုပ်ငန်း ယူ ပါတယ် ။ ဒါပေမဲ့ ရေထွက်ပညာဌာန က ဦးသိန်းဦး ရဲ့ အကူအညီ နဲ့ အလွမ်းကျောင်း ဆိုတဲ့ ကဗျာစာအုပ်လေး ထုတ် ဖြစ် သွားတဲ့ အခါ သူ နဲ့ ကျွန်တော်ဟာ တစ်အုပ် တည်း ပျံ တဲ့ ငှက်တွေ ဖြစ် သွားခဲ့ပါတော့တယ် ။

•••••   •••••   •••••

တကယ် တော့ ဇောင်းထက် ဟာ ဖခင် မေတ္တာ ငတ် တဲ့ သားပါ ။

သူ ငယ်ငယ် ကတည်း က သူတို့ညီအစ်ကို လေးယောက် ကို မိခင် က အုပ်ထိန်း ခဲ့တယ် ။ ဖအေ က အရပ်တစ်ပါး ကို ထွက်ခွာ သွားခဲ့တာ သေ သလား ရှင် သလား မသိတော့ ။ သည်တော့ သူတို့ မိသားစု စီးပွားရေး ကျပ်တည်း ကြ တာ ဘာမှ မဆန်း ။

အိမ် အောက်ထပ် နှစ်ခန်း ကို ငှား ထားတယ် ။ အဝီစိတွင်း က နေ ရပ်ကွက် ထဲ ကို ပိုက် နဲ့ ရေ ပေးတယ် ။

ဒါဟာ မိသားစု ထမင်းအိုး ပါ ပဲ ။

တစ်ခါ တစ်ခါ ဇောင်းထက် ဟာ သမိုင်းကုလားကျောင်း မှတ်တိုင် ကနေ သမိုင်းကောလိပ်ဝင်း ကို ဖြတ် ပြီး ဒေသကောလိပ် ( ၂ ) ကို ခြေကျင် လာတယ် ။

သည် တုန်း က ကားခ ၁ဝ ပြား ၊ မြောက်ဥက္ကလာ နဲ့ ကောလိပ် မှ ပြား ၂၀ ။

“ ပြော ရင်လည်း မောင်ရင် က အပို လို့ ထင်ဦးမယ် ကိုသာချို ။ တစ်ခါ တစ်ခါ ကိုယ့် မှာ ဆယ်ပြား လည်း ခက် တယ် ကွာ ”

ကော်လာ က ချုပ်ရိုးစ တချို့ ဖွာ ထွက် နေတဲ့ ၊ အဝါရောင် ဘက် ကို လု နေတဲ့ တက်ထရွန်အင်္ကျီဖြူ ၊ ခပ်ပါးပါး ကို ဝတ်ထား တဲ့ ဇောင်းထက် ကို ကျွန်တော် ငေး ကြည့် နေမိတယ် ။

သူ့ ကိုယ် ပေါ် မှာ က သတ္တုပစ္စည်း ဆို လို့ ဆီ စွန်း နေတဲ့ လက်သုတ်ပဝါ နဲ့ ထုပ် ထားတဲ့ ထမင်းဘူး ပဲ ပါ ပါတယ် ။

တစ်ခါ မှာ တော့ ဇောင်းထက် နဲ့ ကျွန်တော် ဒေသကောလိပ် ရှေ့ အင်းလျား ကန်စပ် က ကုက္ကိုပင်ကြီး အောက် မှာ ထိုင် ဖြစ်ကြတုန်း အသက် မပါလှတဲ့ အပြုံး နဲ့ သူ က ကျွန်တော့် ကို ပြုံး ပြရင်း -

“ တင်တင်ဦး နဲ့ ကိုယ် နဲ့ တော့ ကိစ္စ ပြတ်ပြီ ကိုသာချို ”

“ အေးလေ ၊ ထင်ထားသားပဲ ”

ဝင်းဝင်းပပ ရှိ လွန်းသော အမျိုးသမီး တစ်ယောက် နှင့် ညှိုးငယ်လွန်း လှသော ကျွန်တော့် သူငယ်ချင်း ဇောင်းထက် တို့ သည် အတိုင်းပဲ ဖြစ် လာကြမည် ကို ကျွန်တော် တို့ ကြိုတင် တွက်ဆ ထားပြီး ပင် ဖြစ်၍ ထူးပြီးတော့ မအံ့သြ လှ ။

•••••   •••••   •••••

ဒုတိယနှစ် အောင် ပြီးတော့ ရန်ကုန်တက္ကသိုလ်ကြီး ဟာ ကျွန်တော် တို့ ရဲ့ ခိုလှုံရာ ။ တတိယနှစ် ကျောင်းသားတွေဘဝ မှာ ကျွန်တော် က ရူပဗေဒ အဓိက ၊ သူ က သတ္တဗေဒ အဓိက ။

အဲဒီမှာ ကိုယ့် အတန်းတွေ ကို ကိုယ် ပုံမှန် တက် နေကြရင်း ကျွန်တော်တို့ သိပ္ပံကျောင်းသား တစ်စု တို့ မှာ ရောဂါ တစ်ခု တက် လာကြတယ် ။ မြန်မာစာပေ ကို ပြောင်း ယူ ဖို့ အိပ်မက်များ ။

မှတ်မှတ်ရရ အဆိုတော် မေခလာ ၊ ရုပ်ရှင်သရုပ်ဆောင် စန္ဒာလင်း ( မှုံရွှေရည် ) တို့ က အစ ကျွန်တော်တို့ တစ်သိုက် မြန်မာစာဌာန ကို ချီတက် သွား ကြပြီး သည် တုန်း က ဆရာမကြီး ဒေါ်စီစီဝင်း နဲ့ တွေ့ကာ မေဂျာပြောင်း ယူရေး ဆွေးနွေး ဖြစ်ကြတဲ့အခါ ဆရာမကြီး က လိုလိုလားလားပဲ လက်ခံပါတယ် ။

“ ခုလို စာ လည်း တကယ် ရေးသား နေကြတဲ့ သားတို့ တွေ ဒီ ဌာန ကို ပြောင်းလာမယ် ဆိုတာ ဝမ်းသာစရာပါ ကွယ် ၊ ဇောင်းထက် က နာမည် ရင်း မောင်ဇင်ဝေ ဆို တော့ နာမည်ရင်းကလေး က မှ ပို လှနေသလားလို့ ”

ဒါနဲ့ ပဲ တောင်ငူဆောင် တောင်ပိန္နဲပင်ရိပ် ဟာ ကျွန်တော်တို့ ရဲ့ စကားဝိုင်း ရှည်လျားရာ နေရာ ဖြစ် လာခဲ့တယ် ။

တစ်ခါ တစ်ခါ ရုပ်ရှင်အောင်လံမဂ္ဂဇင်း က အစ်ကို ရွှေမြိတ်သောင်းတင် ၊ သဘင်မဂ္ဂဇင်း က ကိုချစ်ဦးညို တို့ ရောက် လာ တတ်တယ် ။

တစ်ခါ တစ်ခါ ကိုမင်းသစ် ၊ တစ်ခါ တစ်ခါ မြို့တော်မောင်ယဉ်အောင် ၊ တစ်ခါ တစ်ခါ ဆရာဒဂုန်တာရာ ၊ ဆရာထွန်း ( တက္ကသိုလ်မင်းမော် ) တို့ နဲ့ လက်ဖက်ရည်ဆိုင် ဟာ စကားလှိုင်းတွေ ကြီး နေခဲ့ကြတယ် ။

ကြာတော့ ဇောင်းထက် နဲ့ ကျွန်တော် ဟာ အိမ် ပြန်ဖြစ်တယ် မရှိတော့ဘဲ ပဲခူးဆောင် က သူငယ်ချင်းတွေ အခန်း မှာအိပ် လိုက် ၊ စက်မှုတက္ကသိုလ်သွား ပြီး မောင်နေသစ် ( ရေဦး ) အခန်း မှာ အိပ်လိုက် ၊ ရန်ကုန်တက္ကသိုလ် ပန်းချီခန်း မှာ အိပ်လိုက် နဲ့ လိမ့် နေသော ကျောက်ခဲများ ။

အဲဒီလို ဖြတ်သန်း နေကြရင်း က ဇောင်းထက် က အလုပ် တစ်ခု ခု လုပ်ချင်ပါကြောင်း ကျွန်တော့် ကို ပြော လာပါတယ် ။

သည်တုန်း က ယမုံ ဟာ မဟူရာစားသောက်ဆိုင် မှာ ကောင်တာ ထိုင်ပါတယ် ။ ယမုံ ဟာ ကျွန်တော် နဲ့ အတူ ရင်းနှီးပြီး သူဖြစ်လို့ ဇောင်းထက် နဲ့ မိတ်ဆက် ပေးပြီး အလုပ် တစ်ခု ဖန်တီး ပေး ဖို့ ပြောတဲ့ အခါ ချက်ချင်း ပဲ ဆိုင် ကို ကြက်ဥ သွင်း ဖို့ လက်ခံတယ် ။

ပထမ တော့ သူ့ အလုပ် ဟာ မနက် စောစော အိပ်ရာ ထ ၊ ကြက်ခြံတွေ က ကြက်ဥ သွား ကောက် ၊ ပြီးရင် မဟူရာ ကိုသွား သွင်းပါပဲ ။ နောက်တော့ ညနေ ဘက် ပါ မဟူရာ ကို သွားပြီး စားပွဲဝိုင်း ထိုး တယ် ။ ည ဘက် စာရင်းကိုင် တယ် ။ အားချိန်တွေ က တော့ တက္ကသိုလ် ထဲ မှာ ။

ရုပ်ရည် သနားကမား နဲ့ ဇောင်းထက် တစ်ယောက် မဟူရာ အရက်ဆိုင် ရဲ့စားပွဲဝိုင်း တွေ မှာ လင်ပန်းကလေး ကိုင် ပြီး ဘာ သုံးဆောင်မလဲ မေး နေဟန် ၊ ပို ငွေ ကို ပြန် အမ်း ဟန် ၊ သောက်သုံး သူ တွေ က ငါးကျပ် တစ်ဆယ် ပြန်ပြီး ချီးမြှင့်တဲ့ အခါ ဦးညွှတ် လို့ ပြုံးပြ ဟန် တွေ က ဗီဒီယို ပြကွက်တွေ ဆန် လွန်းပါတယ် လေ ။

တစ်ခါမှာတော့ ဇောင်းထက် က ကျွန်တော့် ကို အကူအညီ တစ်ခု တောင်းတယ် ။ ဆရာမကြီး တစ်ယောက် ဆီ သွားပြီး ခွင့်တိုင်မယ့် ကိစ္စ မှာ အဖော် လိုက်ခဲ့ဖို့ ။

ဒါနဲ့ ကျွန်တော် လိုက်သွားတဲ့အခါ မြန်မာကျောက်စာ သင် တဲ့ ဆရာမကြီး ကို သူ ဟာ စီးပွားရေး အဆင် မပြေကြောင်း ၊ ဒါ့ကြောင့် မနက်ပိုင်း အလုပ် ဆင်းရကြောင်း ၊ မနက်ပိုင်း ကျောက်စာချိန် ပျက်တာကို ခွင့်လွှတ် ပေးရန် အကြောင်း ၊ ရ သလောက် ပြန် ဖတ်နေရပါကြောင်း သူ တောင်းပန် နေ ခဲ့တယ် ။

“ ပိုက်ဆံ မရှိရင် တက္ကသိုလ် မတက်နဲ့ ပေါ့ ကွ ၊ အတန်း ပျက် လို့ ရမလား ”

ရုတ်တရက် အားပေး လိုက် တဲ့ ဆရာမကြီး ရဲ့စကား မှာ အားလုံး မှင်တက် မိ သွား ကြတယ် ။ ကြောက်လန့်ဖွယ် တိတ်ဆိတ်မှု နဲ့ အတူ နှစ်ယောက်သား အခန်း ထဲ က ပြန် ထွက် လာ မိကြတယ် ။

တစ်ခါ မှာ လည်း ရန်ကုန်မြို့လယ် အနှံ့ စားသောက်ဆိုင်တွေ ကို တစ်ဆိုင် ဝင် တစ်ဆိုင် ထွက် သူ ခေါ် လို့ ကျွန်တော် လိုက် သွား ခဲ့ရတယ် ။

ကောင်တာ ဆီ က အသားနီစပ်စပ် နဲ့ လူတွေ ဆီ ကို အပြုံး နဲ့ သွား ရင်း “ ကြက်ဥ ပို့ ချင်လို့ပါ ” လို့ ပြော ဟန် ၊ ခေါင်းခါ ပြလိုက်တဲ့ အခါ ခပ်ညှိုးညှိုး ပြန် ထွက် လာ ဟန် တွေ ဟာ ဘယ်သူ မှ မှတ်တမ်း မတင်လိုက် နိုင်တဲ့ ပြကွက် တွေ ဖြစ် ခဲ့ရပြီ ။

သည် ကြား ထဲ က ပဲ ကြည်ကြည်ဝင်း ဆို တဲ့ ချာတိတ်မ နဲ့ မေတ္တာ မျှ မိ ကြပြီး မီး တစ်စ ကို သူ ထပ် ပျိုးခဲ့တယ် လေ ။

•••••   •••••   •••••

တကယ်တော့ ကြည်ကြည်ဝင်း နဲ့ ကျွန်တော် တို့ ဟာ ဇောင်းထက် နဲ့ မညား ခင် အထိ စကား ပြောဖူးကြသူ များ မဟုတ်ကြပါဘူး ။ တစ်ခါ တစ်ခါ မှ သာ ဇောင်းထက် နဲ့ အတူ တွဲလျှောက် သွားတာမျိုး ကို တက္ကသိုလ်လမ်း တွေ ပေါ် မှာ ဖြတ်ဖြတ် တွေ့ လိုက်ရတာမျိုးပါ ။

တကယ့် တကယ် စ ပြီး ရင်းနှီး ခွင့် ကြုံတဲ့ အခါ ကျ တော့ ပြဿနာ ဟာ ထု နဲ့ ထည် နဲ့ ကပ် ပါ လာခဲ့ပြီ ။

ဒီတုန်းက နောက်ဆုံးနှစ်စာမေးပွဲတွေ ဖြေလု ဆဲဆဲအချိန် ပါ ။ ဇောင်းထက် ရော ကြည်ကြည်ဝင်း ပါ မျက်နှာ မသာမယာ နဲ့ ကျွန်တော့် ဆီ ကို ရောက်လာ ကြတယ် ။ ခိုးပြေးကြ ဖို့ အစီအစဉ် ကို ကျွန်တော် က ကူညီဖို့ ပါ ပဲ ။ သူတို့ နှစ်ယောက် ဟာ တစ်နေ့ လုံး ပန်းခြံ ပေါင်းစုံ ၊ ဘုရား ပေါင်းစုံ ၊ လမ်း ပေါင်းစုံ ကို သွား နေပြီး အကျပ် ရိုက် နေခဲ့ရတာကြောင့် တော်တော်လည်း နွမ်းညှိုး နေကြပါပြီ ။

ဒါနဲ့ ကျွန်တော် က လောလောဆယ် မြောက်ဥက္ကလာ က ကျွန်တော်တို့ အိမ် ကို တစ်ည ခိုး လာ ဖို့ လမ်းညွှန် ပါတယ် ။

အိမ် မှာ လည်း ကျွန်တော့် ညီ အလတ် တစ်ယောက် သာ ရှိပြီး လူကြီးတွေ က နယ် ပြန် နေတဲ့ အချိန်ကိုး ။ ဒါကြောင့် တစ်ည နေ ပြီး နောက် နေ့ မှာ မှ ကွမ်းခြံကုန်း က ကျွန်တော့် မိဘများ ရှိရာ အိမ် ကို သွားဖို့ စီစဉ် ရပါတယ် ။

မှောင် မှ မြောက်ဥက္ကလာ အိမ် ကို ရောက် လာတဲ့ ဇောင်းထက် နဲ့ ကြည်ကြည်ဝင်း ကို အိမ် မှာ ခဏ ထား ခဲ့ပြီး ယမုံ ၊ ခင်လွန်း ၊ နေစိမ့် စ တဲ့ စာပေမိတ်ဆွေ တွေ ဆီ သွား ပြီး ငွေရေး ကြေးရေး က အစ လိုတာတွေ စီစဉ်ဖို့ ကျွန်တော် ထွက်ခဲ့တယ် ။

နောက် နှစ်ရက် မှာ ကျွန်တော် ၊ ကိုခင်လွန်း ၊ ယမုံ ၊ နေစိမ့် ၊ ချစ်လွမ်းနွေး ( အခု မိုးဆက် ) တို့ ရဲ့ ဝန်းရံမှုတွေ နဲ့ မြောက်ဥက္ကလာ တရားရုံးမှာ သူတို့ နှစ်ယောက် လက်ထပ် ဖြစ်ကြတယ် ။

ဒါကြောင့် ထင်ပါရဲ့ ၊ နောင် တစ်ချိန် မှာ ကြည်ကြည်ဝင်း က ကျွန်တော့် ကို ဦးချ ကန်တော့ တယ် ။

အဲဒီ ကြည်ကြည်ဝင်း က ပဲ သား နှစ်ယောက် မွေး တဲ့ အခါ အနော်ရထာဇောင်းထက် ၊ သာလွန်ဇောင်းထက် ဆိုပြီး ကိုဇောင်းထက် က နာမည် ပေးပါသတဲ့ ။

ကျွန်တော် နည်းနည်း စိတ်ညစ် သွား မိတယ် ။

•••••   •••••   •••••

သည့် နောက်ပိုင်း မှာ တော့ မဟာဝိဇ္ဇာ တက် လိုက် ၊ မဂ္ဂဇင်းတိုက်တွေ သွား လိုက် ၊ စားပွဲထိုး လိုက် ၊ စာရင်း ကိုင် လိုက် နဲ့ လောက ကို ဖြတ်သွားရင်း တက္ကသိုလ်ဆရာ ဘဝ ကို သူ ရောက် လာ ခဲ့ပါတယ် ။ ကြည်ကြည်ဝင်း က လည်း အိမ် က ဆင်း သွား လိုက် ၊ ကျွန်တော် တို့ က ကြား ဝင် လိုက် ၊ ပြန် ပေါင်း လိုက် နဲ့ ပါ ပဲ ။

ကြည်ကြည်ဝင်း ရဲ့ ဆန္ဒ တစ်ခု က အိမ်ခွဲ ဆင်းပြီး ဘဝ ကို သီးသီးသန့်သန့် ထူထောင်ချင်တဲ့ ဆန္ဒ ပါ ။ ဇောင်းထက် က တော့ အမြဲတမ်း ကာလသား လို နေချင်သူ ။ အဲဒီ ကမ်းပါး နှစ်ခု ကြား မှာ တံတား ထိုး လိုက် ၊ ပြန် ကျိုး သွားလိုက် ။

“ ကိုဇောင်းထက် တို့ က သားတွေ ချည်း လေးယောက် မွေးထား တာ ဆို တော့ မိန်းမသားတွေ ရဲ့ ဆန္ဒ ကို ကိုယ်ချင်း မစာတတ်ဘူး ထင် တယ် ဗျာ ”

ကိုအောင်ပွင့် ပြောဖူး တဲ့ စကား တစ်ခွန်း ပါ ။

“ ဟေ့ကောင် ဇောင်း ၊ ကောင်မလေး တစ်ခု ခု လမ်းချော် သွားရင် မင်း တာဝန် နော် ”

ကိုဌေးလွင် ရဲ့ သတိပေးသံ ။

ဒါပေမဲ့ ဘယ်သူတွေ က ဘာပြောပြော နောက်ပိုင်း မှာ ဇောင်းထက် ဟာ ဘဝ ကို ကြမ်းကြမ်းရမ်းရမ်း နေထိုင် လာတယ် ။ ကိုမင်းသစ် ရဲ့ ခြံ ထဲ မှာ စက် ကျ လာတယ် ။

ကြည်ကြည်ဝင်း က လည်း အစိုးရ အလုပ် တစ်ခု ဝင် လုပ်ရင်း က ဆရာဝန် လောက် ကို အသာလေး ယူ လို့ ရတယ် ဆိုတဲ့ အထိ ချဲ လာတယ် ။

အဆိုးဆုံး က တော့ ဇောင်းထက် ဟာ နောက်ထပ် မေတ္တာတေးချင်း တစ်ပုဒ် ကို တက္ကသိုလ် ကျောင်းသူမ တစ်ဦး နဲ့ သံပြိုင် သီဆို လိုက်ခြင်းပါပဲ ။

ကြည်ကြည်ဝင်း က လည်း ပြတ်တယ် ။

အဲသည် တစ်ပါး သော မိန်းမပျို ရဲ့ အိမ် ကို လိုက် သွားပြီး တကယ် ယူမယ် ဆိုရင် ကလေး နှစ်ယောက် နဲ့ တကွ လွှဲ ပေးမယ် ဆိုတဲ့ အကြောင်း သွားရှင်း တာပါပဲ ။

သည်မှာ တင် တစ်စ တစ်စ တင်းလာတဲ့ ကြိုး ဟာ ထောင်းခနဲ ပြတ်တောက် သွား ခဲ့ရပြီ ။ တရားဝင် ကွာရှင်း ကြတယ် ။ ကလေးတွေ ကို ကြည်ကြည်ဝင်း က ကိုမင်းသစ် ကို ခဏ လွှဲပေးတယ် ။

နောက်ဆုံး မှာ တော့ ကြည်ကြည်ဝင်း ဟာ အငယ်ဆုံး သားကို ဆွေမျိုးတွေ ဆီ အပ်ပြီး အလုပ် လုပ်ဖို့ မလေးရှား ကို ထွက် သွား တော့တာပါပဲ ။

•••••   •••••   •••••

တကယ်တော့ ဇောင်းထက် ကို ဗီဒီယိုလောက ထဲ ကို ဆွဲ သွင်း သွား တဲ့ သူ ဟာ ပန်းချီလှထွဏ်းအောင် လို့ ပြော ရလောက်ပါတယ် ။ ကိုလှထွဏ်းအောင် က မန္တလေးသိန်းဇော် နဲ့ ပတ်သက်သူ ။ သည်တော့ မန္တလေးသိန်းဇော် ပါဝင်တဲ့ မြောက်ပြန်လေတွင် တင်သော ကမ္ပည်း က စပြီး ဇောင်းထက် ဗီဒီယိုလောက ထဲ ကို ရောက် သွားတယ် လို့ ဆို ရ မှာပါ ။ ကျွန်တော်တို့ က တော့ ဒါကို သဘော မတွေ့လှပါဘူး ။

“ မင်းရဲ့ ခပ်ပျက်ပျက် စရိုက် နဲ့ တော့ ကိုက်ပါ့ကွာ ”

လို့ ကိုဌေးလွင် ( ထွန်းဇော်ဌေး ) က ပြောတဲ့ အခါ ဇောင်းထက် မျက်နှာ ပျက် ချင်တယ် ။

•••••   •••••   •••••

တစ်ခါ တစ်ခါ တော့ လည်း အတိတ် က မုန်တိုင်းများ ကို ကျွန်တော် သတိ ရ နေတယ် ။

၃၃ လမ်း ထဲ က လှေကားခြေရင်း မှ ထမင်းထုပ်များ ၊ ဗားတော့ဗရက် ၊ အနာဂတ် အတွက် ကဗျာ ၊ ကိုစိမ်းနီ ၊ ကိုမင်းသစ် ၊ ယမုံ ၊ ကိုအောင်ဇင်မင်း ၊ ကိုရန်ပိုင် ၊ မင်းနွယ်စိုး ၊ မြင့်ဦးဦးမြင့် ၊ ကိုညီညွတ် ၊ မင်းသိုက်မွန် ၊ နေစိမ့် ၊ မင်းထက်မောင် ၊ ကဗျာ ကို ချစ်ခဲ့ကြ ၊ မိုးရေစက်များ ၊ အိပ်မက် ၊ အတင်း ဖြတ်မောင်း သွား တဲ့ ကား ၊ အတင်း လူးလာ ကူးခပ်နေ တဲ့ ဇောင်းထက် ။

ဒီမှာ သူ မမှားခဲ့ပေဘူး ။ သူ ခြင်္သေ့ ပါ ။

•••••   •••••   •••••

ကိုမင်းသစ် ဟာ စုပေါင်း အရက်သောက် တဲ့ ပွဲတွေ ကို အတော် ဝါသနာ ထုံ တဲ့ သူပါ ။ သူ့ ခြံ ထဲ မှာ မကြာ မကြာ ဆိုသလို ကျင်းပလေ့ ရှိတယ် ။

ရုပ်ရှင်မင်းသားကြီး မြတ်လေး တို့ အပါအဝင် မိတ်ဆွေ တချို့ကို ဝိုင်း တစ်ခု လုပ် ပေးပါတယ် ။ ရွက်ကြွေတွေ တစ်ခု ချင်း ထပ် နေတဲ့ သစ်ပင်ကြီး ရဲ့ အောက် မှာ စားပွဲရှည်ကြီး ခင်းလို့ ။ တော်တော်လေး ညဉ့် နက် လာ တဲ့ အခါ အဲဒီ ဝိုင်း ကို ဇောင်းထက် ရောက် လာတယ် ။ ရေချိန် များ လာ ဟန် တူပါရဲ့ ၊ အတော် လည်း မူး နေပါပြီ ။

ကိုမင်းသစ် က နောက်မှ ရောက်လာတဲ့ လူ ဖြစ်လို့ အားလုံး ကို မိတ်ဆက် ပေး ပါတယ် ။

အဲဒီမှာပဲ ဇောင်းထက် က လက်ဆွဲ နှုတ်ဆက်တယ် ။ ပြီးတော့ ဘယ်သူ မှ မထင်မှတ် ထား တဲ့ စကား တစ်ခွန်း ကို ပြောချ လိုက်ပါရော ။

တစ်ဝိုင်းလုံး ဘာ လုပ်ရမှန်း မသိ ငြိမ် ကျသွားတယ် ။ အိမ်ရှင်ကို မင်းသစ် က တော့ ပေါက်ကွဲ မဆုံး ။

“ ဟေ့ ဇောင်းထက် ၊ မင်း ထွက်သွား ၊ ဒါ ငါ့ ဧည့်သည် ကွ ”

ရုပ်ရှင်မင်းသားကြီး မြတ်လေး က တော့

“ ဟေ့ ဖိုးမင်းသစ် ၊ နောင် ဘာပဲ လုပ်လုပ် ဇောင်းထက် မပါစေနဲ့ကွာ ”

မှန်ပါတယ် ၊ ခုတော့ ဘာလုပ်လုပ် ဇောင်းထက် မပါဝင်နိုင်တော့ပါ ။

ဇောင်းထက် မှာ ရှိတဲ့ ထူးချွန်တဲ့ အချက် တစ်ခု က တော့ ဇဝနဉာဏ် ရွှင်တယ် လို့ ပဲ ဆိုရမယ့် အချက်ပါ ။

သူ တစ်ခါ တစ်ခါ ဖောက်လိုက်တဲ့ အသော က တစ်ဖက် လူ ကို တော်တော်ကလေး လှုပ်နှိုးသွားစေတယ် ဆိုတာ မကြာ မကြာ တွေ့ ရတတ်တဲ့ အချက် ပါ ပဲ ။

တစ်ခါ မှာ တော့ ဇောင်းထက် ခွေး ကိုက် ခံရတယ် ။ သူ့ ရပ်ကွက် ထဲ က ခွေး က သူ ကျောင်း အလာ မှာ ဖမ်း ကိုက် ထည့် လိုက်တာပါ ။

“ ကိုသာချို ၊ တက္ကသိုလ်ဆေးရုံ ခဏ လိုက်ခဲ့ကွာ ”

ကားမှတ်တိုင် က ဆင်းဆင်းချင်း တောင်ငူဆောင် ကို ဖြတ်ဝင် လာကာ ကျွန်တော့် ကို ဝင် ခေါ်တယ် ။ ဟို ရောက်တော့ တက္ကသိုလ်ဆေးရုံ ပြင်ပလူနာဌာန က မဖွင့်သေးဘူး ။

“ ၉:၃၀ နာရီ မှ ဆေးရုံ ဖွင့်ပါတယ် ”

“ ဟုတ်ကဲ့ပါ ခင်ဗျာ ၊ ကျွန်တော်တို့ ရပ်ကွက် ထဲ က ခွေး က အဲဒါကို မသိ လို့ ရှစ်နာရီ လောက် က ကိုက် ထည့်လိုက်လို့ပါ ၊ နောက် ကို ၁ဝ နာရီ လောက် မှ ကိုက် ဖို့ ပြော ထားပါ့မယ် ”

ရုတ်တရက် မျက်နှာ နီရဲ သွားပြီး ဇောင်းထက် ကို လှမ်းကြည့်တဲ့ တာဝန်ကျ ဆရာမ ရဲ့ မျက်နှာ ရယ် ၊ ဇောင်းထက် ရဲ့ ခပ်ထေ့ထေ့ အပြုံး ရယ် ဟာ မမေ့နိုင်စရာ အဖြစ်ပါပဲ ။

•••••   •••••   •••••

ဇောင်းထက် တစ်ယောက် မြစ်ကြီးနားကောလိပ် ကို ပြောင်းသွား ရပြီး ရန်ကုန် ကို ပြန် ရောက် အလာ မှာ တော့ ကချင်မီးတောက်အရက် နဲ့ အတူ ငှက်ဖျားပိုး ပါ ပါ လာပါတယ် ။

သည် ကြား ထဲ မှာ ကို ပဲ ဆယ်တန်း စစ် ဖို့ ရန်ကုန် ကို ဆင်း အလာ မှာ လူစိမ်းတွေ လာ ခေါ်လို့ ဆိုပြီး အိမ် က နေ နှစ်ခါလောက် ပျောက် သွားလို့ သူ နဲ့ မတွေ့ဘဲ ကျွန်တော် အိမ် က ပြန် ပြန် လှည့် လာရတယ် ။ တကယ်တော့ ရန်ကုန် ကို ပါ လာတဲ့ ငှက်ဖျားပိုး က ဒီလောက် မဆိုးလှပါဘူး ။

အရက် ရယ် ၊ ပေတေ တာ ရယ် ပေါင်း လိုက်တဲ့ အခါ ပို ဆိုးသွား ဟန် တူပါတယ် ။

ပထမ တက္ကသိုလ်ဆေးရုံ ၊ နောက် ရန်ကုန်ဆေးရုံကြီး ၊ နောက် ဂျပန်ဆေးရုံသစ် ဆို ပြီး တင်ရကြောင်း ၊ ငွေကြေးကိစ္စကို ကိုစိမ်းနီ နဲ့ ရန်ကုန် တက္ကသိုလ် က ကူညီ ကြောင်း ၊ နောက်ဆုံး ရက် တွေ မှာ သတိ မရှိတော့ လို့ ခြေတွေ လက်တွေ ကို ခုတင် နဲ့ တွဲပြီး ကြိုး ချည် ထား ရကြောင်း ၊ ကဗျာတွေ ရွတ်နေ ခဲ့ ကြောင်း ဆိုတာ တွေ ကို နောင် မှ ကျွန်တော် သိ ရတာပါ ။

သူ ဆေးရုံ တက် နေတော့ ကျွန်တော် က ရွေးမြစ်ကမ်းပါး က အလုပ် လုပ် နေတဲ့ စပါးဒိုင် မှာ ။

ဒါပေမဲ့ မြစ်ဝကျွန်းပေါ် က ရန်ကုန် ပြန် ရောက် ရောက်ချင်း ဇောင်းထက် အသုဘ ကို မီ တယ် ။ ကိုချစ်ဦးညို ၊ ဒါရိုက်တာမောင်ဝဏ္ဏ ၊ ကိုသွေးသစ် ၊ ကိုစိန်ဝင်း ( ပုတီးကုန်း ) ၊ ကိုစိမ်းနီ ၊ ကိုမင်းသစ် ၊ မြင့်ဦးဦးမြင့် ၊ မြမြင့်မိုရ် ၊ ကိုခင်လွန်း ၊ ကိုအောင်ပွင့် ၊ အားလုံး အားလုံး ကျွန်တော် တို့ ချစ်တဲ့ အနုပညာသည် တွေ အားလုံး ပါ ပဲ လေ ...

တက္ကသိုလ်ဆရာ ၊ ဆရာမတွေအားလုံး နဲ့ ကျွန်တော် က တော့ လောက ရဲ့ ဂမ္ဘီရ ဆန် မှု တွေ ကို နားမလည် ရှာတဲ့ သူ့ ကလေးလေးတွေ သူ့ ရုပ် အလောင်း ကို ငေး ကြည့် နေတာ ကို ပဲ ကြေကွဲ လို့ မဆုံးနိုင်တော့ ။

သူ ဆုံး တော့ ၃၃ နှစ် ။ ၁၉၉၃ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ဝ ရက် ။

•••••   •••••   •••••

ခုတော့ဖြင့် ဇောင်းထက် မရှိတာ တစ်နှစ် ကျော်ခဲ့ပြီး ၊ ထရံ မှာ ထိုးထား တဲ့ ယပ်တောင် ပေါ် က ဇောင်းထက် ရဲ့ ပန်းချီပုံကြမ်း ကို ကြည့် ပြီး အတိတ် ဆိုတာ အိပ်မက် အကြီးစားပါ ဆိုတဲ့ မအိ ရဲ့ ကဗျာ ကို သတိရမိသေးတယ် ။

ဟုတ်ပါတယ်လေ ၊ အတိတ် ဆိုတာ အိပ်မက် အကြီးစားတွေ ပါပဲ ။

◾မောင်သာချို

📖 ကြူးပစ်မဂ္ဂဇင်း
      သြဂုတ်လ ၊ ၁၉၉၄ ။

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment