Sunday, January 8, 2023

ဒေသစွဲစိတ်


 ❝ ဒေသစွဲစိတ် ❞


ကိုအဏ္ဏဝါ သည် သူ ၏ မွေးရာ ဇာတိ ဖြစ်သည့် ရခိုင်ပြည် နယ်က ကိန္နရီချောင်းရွာကြီး ကို အလွန် သံယောဇဉ် ကြီး သူ ဖြစ်သည် ။ ဒေသစွဲ စိတ် ရှိ သူဟု ဆိုနိုင်သည် ။ သီတင်းဝါလ ကျွတ်လျှင် တစ်ခါ တစ်ခေါက် တော့ အရောက် သွားဦးမည် ဟု စိတ်ကူး ထား သည် ။ စိတ်ကူး ထား တာ ကို ဖွင့် ပြောမိသည် ။ သူ့ ဇနီး မဖြူတုတ် က ဆူပူ ပါ လေတော့သည် ။

 

“ အားအား ရှိတိုင်း ဒီ ရခိုင် ကို သွားဖို့ပဲ စိတ်ကူး နေတယ် ။ ဒါလောက်တောင် ဒေသစွဲ စိတ် ရှိနေရင် ရခိုင် မှာ ပဲ နေ လိုက်ပါတော့ လား ၊ ဘာဖြစ်လို့ ရန်ကုန် မှာ နေတာလဲ ”

 

“ လူတိုင်း လူတိုင်း ဟာ ကိုယ့် ဒေသ ကို တော့ သံယောဇဉ် ရှိကြတာပေါ့ကွာ ”

 

“ မရှိနိုင်ဘူး ၊ လူ ဆို တာ ပျော် ရာ မှာ မနေရဘူး ၊ တော် ရာ မှာ နေရတယ် ၊ ဒေသ ကို သံယောဇဉ် ရှိချင် တိုင်း ရှိလို့ မရဘူး လမ်းစရိတ် က အသွားအပြန် တစ်သောင်းကျော် တယ် ရှင့် အလာကို မျှော်နေကြတဲ့ ရွာ က ဟာတွေ ကို ပေးရ ကမ်းရ မှာ က ရှိသေးတယ် ”

 

မဖြူတုတ် ပြောမယ် ဆိုလည်း ပြောစရာ ဖြစ်နေသည် ။ ဂွ - ငါးသိုင်းချောင်းလမ်း မပေါက် မီ က တောင်ကုတ်လမ်း က သွားခဲ့ ကြရသည် ။ ရန်ကုန် မှ သံတွဲမြို့ အထိ ကို သုံးရာ သာ ပေးရသည် ။ ဂွ - ငါးသိုင်းချောင်း လမ်း ပေါက် သွားတော့ ၁၅ဝဝဝိ/- ပေး ရသည် ။ ပြီးခဲ့တဲ့ နွေ က ကိုအဏ္ဏဝါ တစ်ခေါက် သွားခဲ့သေးသည် ။ ခရီးသည် တစ်ယောက်ကို အသွား ၄၅ဝဝိ ၊ အပြန် ၅ဝဝဝိ ပေး ရသည် ။ စားတာ သောက်တာ နဲ့ ဆိုလျှင် ခရီးစရိတ်ချည်း သက်သက် အတော် များမည် ဖြစ်သည် ။  


မဖြူတုတ် ကို မလှန်ရဲ သည့် ကိုအဏ္ဏဝါ သည် သူ လုပ်ချင် တာ  မလုပ်ရသော အခါ စိတ် တိုသည် ။ စိတ် တိုတာ ကို အကြောင်းပြ ပြီး ပုလင်း နှင့် ဖန်ခွက် ထုတ် တော့သည် ။ မဖြူတုတ် နှင့် စကား ကတောက်ကဆ များတိုင်း လုပ်လေ့ ရှိသော အလေ့အထ ဖြစ်သည် ။ စိတ်ညစ်လို့ ၊ ပျော်လို့ ၊ ပူလို့ ၊ အေးလို့ ၊ ဧည့်သည် လာလို့ စသည်ဖြင့် အကြောင်း ပြ စရာ တစ်မျိုး မျိုး ဖြင့် အလွန် ကြိုက်သည့် အရက် ကို ဇိမ်ခံ သောက်လေ့ ရှိသည် ။ အရက်ပုလင်း နှင့် ဖန်ခွက် ကို လသာဆောင် က ခုံနိမ့်လေး မှာ တင်သည် ။ ရေခဲရေ တစ်ပုလင်း နှင့် ထမင်း နဲ့ စားရန် ချက် ထားသည့် ဝက်သားဟင်း တစ်ပန်းကန် ကို မြည်း ရန် သွားယူသည် ။ မဖြူတုတ် က မျက်စောင်း ထိုး ကြည့်ပြီး  ပွစိပွစိမေတ္တာ ပို့သည် ။ ဝက်သား ကို အတုံးလေးတွေ ဖြစ် အောင် လှီးပြီး သံပုရာရည် ညှစ်လိုက်သည် ။

 

ဖန်ခွက် အဝကျယ်ပုပုလေး ထဲကို မန္တလေးရမ် လက် နှစ်လုံးခန့် လောင်း ထည့် လိုက် သည် ။ ရေ တစ်ဝက် ရောပြီး ပက်လက်ကုလားထိုင် မှာ နေရာ ယူ လိုက်သည် ။

 

ပက်လက်ကုလားထိုင် မှာ အသားကျအောင် ထိုင်မိသည် နှင့် တပြိုင်နက် ခွက် ကို ကောက်ကိုင် မော့ လိုက်သည် ။ ရင် ထဲ ကို ပူ ကနဲ ခွဲ ဆင်း သွားသည့် အရသာ နှင့် အတူ နားရွက်တွေ ထူပူ သွား သည့်အရသာ ကို ပါ ခံစား လိုက်ရသည် ။ သံပုရာရည် ဖျန်းထားသည့် ဝက်သား အမြည်း တစ်ဖတ် ယူ ဝါး လိုက်သည် ။ စိတ် ညစ်တာ တစ်ဝက် ပြေ သွားသည် ဟု ထင် ရသည် ။ စိတ် ညစ်တာ က တော်တော် ရယ် အရက် သောက်ချင်တာ က ပိုများ နေသည် ။ မဖြူတုတ် က ကိုအဏ္ဏဝါ ကို ရခိုင် ကို မသွားစေချင်တာ ဒီ အကြောင်း လည်း ပါ သည် ။ ဒေသ စွဲ လို့ ဒေသ ကို ချစ်လို့ သွား ချင်တာထက် ၊ ရွာ က သူငယ်ချင်းတွေ နဲ့ ပြန် တွေ့ရင် ပျော်လို့ ဆိုပြီး အရက် ကို ဖိ တွယ်တော့မည် ဖြစ်သည် ။ အဲဒီတော့ ကိုအဏ္ဏဝါ က လည်း ရခိုင် ကို သွား မသောက် ရ လျှင် အိမ် မှာ သောက်တယ်ကွာ ဘာဖြစ်လဲ ဆိုတဲ့ ပုံစံနဲ့ အကြောင်း မရှိအကြောင်း ရှာ ပြီး တွယ် နေခြင်း ဖြစ်သည် ။

 

ကိုအဏ္ဏဝါ သည် သူ့ ညာဉ် အတိုင်း တစ်ခွက် ဝင် သွားတယ် ဆိုရင် နောက်ထပ် ဆက်တိုက် ဆက်တိုက် တွယ် တော့သည် ။ သောက် လိုက် အမြည်း စား လိုက် ဖြင့် အရသာ တွေ့ နေသည် ။ အိမ်အပေါ် ထပ် က လသာဆောင် မှာ လေ တဖြူးဖြူး ဖြင့် ဇိမ်ကျ နေသည် ။ ပက်လက် ကုလားထိုင် မှာ မျက်စိ မှိတ် ထိုင် ရင်း လူတို့ ၏ ဒေသ စွဲ စိတ် အကြောင်း ကို စဉ်းစားနေသည် ။

 

ကိုအဏ္ဏဝါ သည် သူ ၏ မွေးရပ်ရွာ ကိန္နရီချောင်း မှ ထွက်ခွာ လာခဲ့တာ နှစ်ပေါင်း လေးဆယ် ကျော် ပြီ ဖြစ်သည် ။ ရွာ ကို လည်း မမေ့ ၊ ရွာ က သူငယ်ချင်းတွေ ကို လည်း မမေ့နိုင် ဖြစ်နေသည် ။

 

လွမ်းတ နေ တတ်သည် ။ ရွာဦး ကျောင်းကြီး ရယ် ၊ ပျံလွန်တော်မူ သွားပြီ ဖြစ်တဲ့ ငယ်ဆရာ ၊ ဆရာတော်ဘုရား ကို သတိ ရနေသည် ။ နွေရာသီ ရောက်ပြီ ဆို လျှင် ရွာဦး တောင်ပေါ်ကျောင်း ရဲ့ နောက်ကျော မှာ ရှိတဲ့ တောင်ပေါ် ရွက်ကြွေတော က ဥဩငှက်ကလေး အော်မြည် သံ ကို ပါ ကြားယောင် နေပါသည် ။ ဒီ အချိန် ဆိုရင် ရွာ အပြင် ကွင်း စပ် က လက်ပန်တော မှာ လက်ပန်ပွင့် တွေ ရဲရဲနီအောင် ပွင့် နေ ကြ ရော့မည် ။ ရွာထိပ် က တောင်ကမူကုန်းစောင်းတွေ မှာ သခွပ်ပွင့် တွေ လှိုင်လှိုင် ကြွေ လို့ မြေပြင် မှာ ဖွေးဖွေးလှုပ် နေ ရော့ မည် ။ ခွေးပစ်ကုန်း က သပြေတော မှာ သပြေသီးမှည့် ကောက်သူတွေ ဖြင့် ကြွက်ကြွက်ဆူ နေတော့ မည် စသည် ဖြင့် တွေးနေတတ်သည် ။ ဒါတွေ ဟာ ကိုအဏ္ဏဝါ ၏ ဒေသစွဲ စိတ် ဖြစ်နိုင်သည် ။

 

မန္တလေးရမ် တစ်ကျိုက် မော့လိုက် အမြည်း တစ်ဖတ် စား လိုက် လုပ်နေသည့် ကိုအဏ္ဏဝါ သည် ရေချိန် အတော် တက် နေပြီ ဖြစ်သည် ။ ဖန်ခွက် ကို အသာ ချပြီး ပက်လက်ကုလားထိုင် ပေါ် မှာ နောက်မှီ လှန် ချလိုက်သည် ။ မျက်စိ မှိတ်ပြီး မှိန်းရင်း သူ ရောက် ခဲ့ဖူးသည့် နိုင်ငံတွေ က မြန်မာလူမျိုး တွေ ဒေသ စွဲ စိတ် ရှိ ပုံတွေ ကို ပြန် တွေးနေမိသည် ။ အကြောင်း အမျိုးမျိုးကြောင့် ကိုယ့် တိုင်းပြည် ကထွက်ခွာ သွားကြပြီး အမေရိကန် ၊ ကနေဒါ ၊ ဂျာမဏီ စသည့် နိုင်ငံတွေ မှာ ရောက်ရှိ နေကြသည့် မြန်မာ တွေ ထဲ က ဒေသစွဲ စိတ် ရှိသူတွေ သည် မြန်မာပြည် ကို လွမ်းလို့ မြန်မာသင်္ဘောတွေ သူတို့ မြို့ဆိပ်ကမ်း ကို ဆိုက်ကပ် လာလျှင် သင်္ဘော ကို လာ လည်ကြသည် ။ မြန်မာလူမျိုးတွေ ကို တွေ့ချင် လို့ လာ ကြခြင်းဖြစ်သည် ။

 

အမေရိကန် အနောက်ဘက်ခြမ်း က ဆိပ်ကမ်းတွေ ကို ရောက် လျှင် မြန်မာ မိသားစုတွေ ထဲ က ကိုကိုအောင် ၊ ကိုခင်မောင်လတ် ၊ ကိုဖိုးထူး ၊ ဗိုလ်မှူးတောလ်ဘတ် ၊ ကိုထွန်းရင် ၊ အန်ကယ် အယ်လင်ချို တို့ မိသားစုတွေ တအုံတမကြီး သင်္ဘော ကို လာ လည် ကြသည် ။ ကနေဒါ ကို ရောက် လျှင် ကိုခင်မောင်ညို မစူဇင် တို့ မိသားစုတွေ လာ လည်ကြသည် ။ ဂျာမဏီ ကို ရောက်လျှင် ကိုခင်မောင်ဦး တို့ မိသားစု လာ လည်ကြသည် ။ မအားမလပ် သည့် ကြား က မြန်မာ လူမျိုးတွေ ကို တွေ့ ချင်လွန်း လို့ လာ လည် ကြခြင်းဖြစ်သည် ။

 

နိုင်ငံတကာ ရောက် မြန်မာလူမျိုးတွေ သည် မြန်မာသင်္ဘောသား တွေ ပါသည့် သင်္ဘောတွေ ပေါ် ကို ရောက်ပြီဆိုလျှင် မြန်မာ စကား ကို အားရပါးရ ပြော ကြတော့သည် ။ မြန်မာ အစားအစာတွေ ကိုအားရပါးရ စား ကြတော့သည် ။ မြန်မာပြည် အကြောင်းတွေ ကို သိချင်လို့ ဒလစပ် မရပ်မနား မေး ကြတော့သည် ။ ရွှေတိဂုံစေတီတော်ကြီး ဘက်စုံ ပြုပြင်မွမ်းမံ ထားလို့ အရမ်း သပ္ပာယ် နေတယ် ဆိုတာ ဟုတ်သလား ၊ ရန်ကုန်မြို့ကြီး မှာ လမ်းတွေ ချဲ့ထွင် ပြုပြင် ထားလို့ အရမ်း လှနေပြီ ဆိုတာ ဟုတ် လား ၊ တွံတေးသိန်းတန် သေ ဆို ၊ ဝင်းဦးတို့ ကောလိပ်ဂျင်နေဝင်း တို့ သေပြီးနောက် သူတို့ လို သရုပ်ဆောင်တွေ နောက်ထပ် ပေါ်သေးလား စသည်ဖြင့် မေး သည် ။

 

နိုင်ငံရပ်ခြား ရောက် မြန်မာလူမျိုးတွေ သည် မြန်မာပြည် ကို လွမ်း လို့ မြန်မာလူမျိုးတွေ နဲ့ တွေ့ ရအောင် လာခြင်းသည်လည်း မြန်မာပြည် နှင့် မြန်မာလူမျိုး တွေ ကို ချစ်လို့ ၊ တစ်နည်း ပြောရလျှင် ဒေသ စွဲ စိတ် ရှိလို့ဖြစ်သည် ။ သင်္ဘော မှာ တစ်နေ ကုန် အောင် နေ ပြီး မှ ပြန်ကြလေ့ ရှိသည် ။ ပြန်တာတောင် မြန်မာပြည် နှင့် မြန်မာလူမျိုး တွေ ကို အလွမ်း မပြေနိုင် သေး လို့ သူတို့ နေတဲ့ အိမ်တွေ ကို လိုက် လည်ပါဦးဟု အလည် ခေါ်လေ့ ရှိသည် ။

 

အမေရိကန်နိုင်ငံ ရောက် မြန်မာတွေ က သူတို့ နေတဲ့ အိမ် တွေကို လိုက် လည်ပါ ဆိုလို့ ကိုအဏ္ဏဝါ နှင့် မြန်မာသင်္ဘောသား တစ်စု လိုက် သွားကြသည် ။ လိုက်ပါသူတွေ များလို့ ကိုကိုအောင် နှင့် ကိုခင်မောင်လေး တို့ ကားတွေ ပေါ် မှာ လူတွေ ပြည့် သွားသည် ။ ကိုအဏ္ဏဝါ က နာမည် မသိရသေးသည့် အသက်ကြီးကြီး လူ တစ်ယောက် ၏ ကား ပေါ် မှာ လိုက်ပါ သွားသည် ။ မြန်မာတွေ နေကြသည့် အိမ်တွေ တစ်အိမ် ပြီး တစ်အိမ် ဝင် ကြသည် ။ စားကြ သောက်ကြ သည် ။ သူတို့ နေထိုင်ရပုံတွေ ကို လေ့လာခွင့် ရသည် ။ အိမ် တိုင်း မှာ မြန်မာပြည်အလွမ်းပြေ ကြည့်ဖို့ အတွက် မြန်မာပြည် က ထုလုပ် သည့် သစ်သား ပန်းပုရုပ်တွေ ၊ မြန်မာ့ရှုခင်းပုံ ပန်းချီကားတွေ အ ခုတ်တရ အလှပြ ချိတ်ဆွဲထားကြတာ တွေ့ရသည် ။ မန္တလေးသား တွေ က နန်းတော်မြို့ရိုး နှင့် ကျုံး ပုံ ကို ဂုဏ်ယူစွာ အလှပြ ချိတ်ဆွဲ ထားကြသည် ။ မည်သည့် ဘာသာ ကိုးကွယ် သည် ပင် ဖြစ်စေ တိုင်းပြည် နှင့် လူမျိုး ကို ချစ်လို့ တစ်နည်း ပြောရလျှင် ဒေသ စွဲ စိတ် ရှိလို့ ရွှေတိဂုံစေတီတော် ပုံ နှင့် မန္တလေးမဟာမြတ်မုနိ ပုံတော်တွေ ကို အိမ်ဦးခန်း မှာ အမြတ်တနိုး ချိတ်ဆွဲ ထား ကြသည် ။  

 

ညနေ မိုး ချုပ် လာ လို့ သင်္ဘော ကို ပြန်ကြတော့မည် ဆိုတော့ သူတို့ ကားတွေ နဲ့ ပဲ ပြန် ပို့ ပေး သည် ။ ကိုအဏ္ဏဝါ က အလာတုန်း က ကား ကို ပင် တက်စီး သည် ။ မြို့တွင်း တစ်နေရာ အရောက် မှာ ကားသုံးစီး ရှေ့နောက် အတူ သွား နေရာမှ လမ်း ကွဲသွားသည် ။ ကိုအဏ္ဏဝါ တစ်ယောက် တည်း လိုက်ပါ လာသည့် ကား သည် လူ စည်ကား သည့် မြို့လယ်ခေါင် ကို ဖြတ်ပြီး မြို့ပြင် ကို ရောက် လာသည် ။ လူနေ အိမ်ခြံ မရှိ သလောက် နည်းသည့် ကွင်းပြင်ကြီး ထဲ က လမ်းကျယ်ကြီး ပေါ်  မှာ အရှိန် ပြင်းပြင်း ဖြင့် မောင်း နေသည် ။ ကိုအဏ္ဏဝါ သံသယ ရှိ လာ၍ အတူ လာကြသည့် ကားတွေ ကို တွေ့လို တွေ့ငြား ရှေ့နောက် ကြည့် သည် ။ တစ်စီး မှ မတွေ့ဖြစ်နေသည် ။ ကား မောင်း သူနှင့် လည်း မရင်းနှီး ၍ မေး ရမှာ အားနာ နေ သည် ။ အလာ တုန်း က လမ်း အတိုင်း မဟုတ်၍ စကားစမြည် ပြော သလိုလို ဖြင့် မေး ကြည့်သည် ။

 

“ ကျွန်တော်တို့ အလာ တုန်း က ဒီ လမ်း မဟုတ်ဘူးနော် ”

 

“ မဟုတ်ဘူး ခင်ဗျ ၊ ခင်ဗျားတို့ ကို တစ်နေရာ ပို့ပြီး ပြ စရာ ရှိလို့ ခေါ်လာတာ ”

 

“ ဒါဆိုရင် စောစော က ကား နှစ်စီး လည်း အဲဒီကို သွား ကြတာလား ”

 

“ ဟုတ်ပါတယ် ခင်ဗျာ ၊ ဟိုမှာ ဆုံ ကြမယ်လေ ”

 

ကိုအဏ္ဏဝါ သံသယ ရှင်း သွားသည် ။ မိုး ချုပ်ခါနီး မှ ဘာ များ ပြချင်ပါလိမ့် ဟု တွေးမိသည် ။ ကတ္တရာလမ်းမကြီး က ဖြောင့်ဖြူး နေသည် ။ အိမ်တွေ ခြံတွေ နှင့် ယာဉ် အသွားအလာ မတွေ့ ရသော်လည်း လမ်းဘေး ဝဲယာ မှာ မီးရောင်တွေ ထိန်လင်းနေသည် နေ့လယ် နေ့ခင်း လို ဖြစ်နေသည် ။ အတူ လာကြသည့်ကား နှစ်စီး မတွေ့ မမြင် ရ ဖြစ်နေသည် ။ ကားရှေ့ တည့်တည့်က လမ်းမကြီး မှာ ရောမခေတ်လက်ရာ ဖြင့် ဆောက် ထားသည့် အဝင်ဂိတ် ကြီး ကို လှမ်းမြင် နေရသည် ။ ဂိတ်ပေါက်ကြီး အနီး ကို ရောက် သောအခါ ကား ကို ရပ်ပြီး ကား ပေါ် က ဆင်း လိုက်ရသည် ။

 

ဂိက်ပေါက်ကြီး ၏ ဥရောပ လက်ရာ ကနုပ်ပန်းတွေ ကို အစိမ်းရင့်ရောင် ၊ အဝါရောင် ၊ အနီရောင် တို့ ဖြင့် သုတ် ထားသည် ။

 

ဂိတ်ပေါက်ကြီး ကို ထူပြီး မြင့်သည့် အနီရောင် သံတံခါးကြီးဖြင့် ပိတ် ထားသည် ။ ရင်ခွဲသံတံခါးကြီး ၏ အပေါ် က နဖူးစီးအုတ်ရိုး မှာ ( နိဗ္ဗာန် နှင့် ငရဲ လမ်းခွဲ ဂိတ် ) လို့ အဓိပ္ပာယ် ရသည့် အင်္ဂလိပ် စာလုံးနီကြီး ဖြင့် ရေးထားပြီး ဆေး အနီရောင် သုတ် ထားသည် ။ အနီရောင်စာလုံးကြီးတွေ က သွေးတွေ စီးကျ နေဟန် ဆေးချယ်ထား လိုက်သေး သည် ။ ဂိတ်ကြီး ၏ ပုံပန်းသဏ္ဍာန် နှင့် အရောင်အသွေးတွေ ကို မြင်လိုက်ရုံဖြင့် ကြောက်စရာကြီး ဖြစ် နေသည် ။ ဘယ်လိုထူးဆန်း တာတွေ ကို ပြ ချင်လို့ ဒီကို ခေါ် လာတာပါလိမ့် ဟု ကိုအဏ္ဏဝါ တွေးနေသည် ။ ဒစ္စန္ဒီလင်း ဆိုတဲ့ နေရာများလား ဟု တွေး မိသည် ။

 

ဂိတ်တံခါးကြီး လူ တစ်ကိုယ် စာ ဖွင့် ပေး သော အခါ ကိုအဏ္ဏဝါ ဝင် လိုက်ပါသည် ။ ကိုအဏ္ဏဝါ ဝင်ပြီးသည် နှင့် တံခါးကြီး ပြန် ပိတ် သွားသည် ။ တံခါးကြီး ၏ အတွင်း ဘက် ကတစ်ဘက် တစ်ချက် မှာ နေရာ ယူပြီး ရပ် နေသည့် ခက်ရင်းခွကိုင် အစောင့် နှစ်ယောက် က ကိုအဏ္ဏဝါ ၏ လက်မောင်း တစ်ဘက် စီ ကို ခပ်တင်းတင်း ဆုပ်ကိုင် လိုက်ကြသည် ။ ခက်ရင်းခွ ကိုင် အစောင့် နှစ်ယောက် ၏ ခေါင်းတွေ မှာ ဦးချို ချွန်ချွန်ကြီး တွေ ပါသည် ။ ကိုယ်လုံးတီး ဝဝကြီးတွေဖြစ်သည် ။ တစ်နေရာ မှာ အရှက် လုံရုံလေး သစ်ရွက် ဖြင့် အုပ် ထားသည် ။ မျက်နှာတွေ က ဝက်ဆီဖတ်ထုတ် တရုတ်ကြီး ရဲ့ မျက်နှာလို အဆီပြန်နေသည် ။ ဆီဒယ်အိုးကြီးတွေကို ကြော် ရ လွန်း လို့ အဆီခိုး ဝနေသည့် သဘောမျိုး ဖြစ်သည် ။ အတော် သဘာဝ ကျအောင်သရုပ်ဆောင် နိုင်သူ တွေ ပါလားဟု တွေး မိသည် ။

 

ဒစ္စန္ဒီလင်း က သရဲဂိတ် နှင့် ငရဲပြည် ဆိုတာ ဖြစ်မည် ဟု တွေးလိုက်သည် ။ အမေရိကန် မှာ အလွန် နာမည်ကြီးသည့် နေရာဖြစ်သည် ။

 

ခက်ရင်းခွ ကိုင် ငရဲသား နှစ်ယောက် သည် ကိုအဏ္ဏဝါ ၏ လက်မောင်း နှစ်ဘက် ကို ခပ်ကြမ်းကြမ်း ဆွဲပြီး အဆောက်အဦးကြီး တစ်ခု ဆီ ကို ခေါ် လာသည် ။ ကိုအဏ္ဏဝါ က အတူ ပါလာသည့် ကားမောင်း သူ ကို လှည့် ကြည့်သည် ။ မတွေ့ ဖြစ် နေသည် ။ ငရဲသား နှစ်ယောက်  က ကိုအဏ္ဏဝါ တစ်ယောက် တည်း ကို သာ ဆွဲယူ လာ သည် ။ ငရဲသား တွေ ကို မေးကြည့် သည် ။

 

“ ကိုယ့် လူ တို့ ကျွန်တော့် မိတ်ဆွေ ကော ”

 

“ မသိဘူး ၊ မင်း တစ်ယောက် တည်း ကို ငါ တို့ စောင့်နေတာ ”

 

ကိုအဏ္ဏဝါ က အင်္ဂလိပ် လိုမေးသည် ။ ငရဲသား နှစ်ယောက် က မြန်မာ လို ပြန် ပြောသည် ။ ကိုအဏ္ဏဝါ အံ့သြသွားသည် ။ အတော် တတ်နိုင်သူ တွေ ဖြစ်သည် ။ ဘက်စုံ သဘာဝ ကျ အောင် သရုပ် ဆောင် နိုင်သူတွေ ဖြစ် သည် ။ ဒါကြောင့် ထင် သည့် ဝင်ကြေး ၂၅ ဒေါ်လာ လောက် ပေးရသည် ။ ကိုအဏ္ဏဝါ နှင့် အတူလာ ကားမောင်းသမား သည် သံတံခါးအနီကြီး ရဲ့ အပြင်ဘက် မှာ ကျန် နေခဲ့တာ ဖြစ်မည် ။ ကိုအဏ္ဏဝါ ကို အဆောက်အဦးကြီး ထဲ က စား ပွဲ တစ်လုံး ရှေ့မှာ ထိုင်ခိုင်းသည် ။ စားပွဲကြီး ရဲ့ ဟိုဘက် ကနုတ်ပန်း ဖေါ် ကုလားထိုင် မှာ ရှေ့ဖတ်စာရေး လို ၊ ဆွဲချ လို ၊ အစိုးရရှေ့နေ လို လူ တစ်ယောက် ထိုင်နေသည် ။ သူ့ ရှေ့ မှာ ပီစီကွန်ပျူတာ တစ်လုံး အသင့် ပြင်ထားသည် ။ ကိုအဏ္ဏဝါ ကို ဆွဲ ခေါ် လာကြသည့် ငရဲသား နှစ်ယောက် က ကိုအဏ္ဏဝါ ရဲ့ နောက် မှာ ခက်ရင်းခွ ကိုယ်စီ ဖြင့် ရပ် နေကြသည် ။

 

“ ဒူဟူဟူ … ဒူဟူဟူ … ဒူဟူဟူ ”

 

မောင်း ထုသံ သုံးချက် နှင့် အတူ ကျယ်လောင်သည့် အသံ ကြီး ဖြင့် အော်သံ ကို ကြား လိုက်ရသည် ။ ရှေ့ဖတ် စာရေး က ထိုင်ရာ က ထ ရပ် လိုက် သဖြင့် ကိုအဏ္ဏဝါ ပါ ထရပ် လိုက်ရသည် ။ အဆောက် အဦးကြီး ၏ အတွင်းဘက် ကျကျ က ရင်ခွဲတံခါးကြီး ပွင့်သွားပြီး ငရဲမင်းကြီး ထွက်လာပါသည် ။ နဖူး ပြောင်ပြောင် ထောင်ထောင်မောင်းမောင်း မျက်နှာ ပြဲပြဲ ဗိုက်ရွဲရွဲကြီး ဖြစ်သည် ။ အပေါ် ပိုင်း မှာ အဝတ် မပါ ဗလာ ကိုယ်တုံးလုံး ဖြစ်သော်လည်း အောက်ပိုင်း မှာ မူ ရောမခေတ် စစ်သူကြီးတွေ ဝတ်သည့် ပေါင်တစ်ဝက်ပေါ် စကတ် တိုတို ဝတ် ထား သည် ။ ဦးခေါင်း ပေါ် မှာ ဦးချို သုံးချောင်း ပါသည် ။ ဝဲယာ မှာ တစ်ချောင်း စီ နှင့် နဖူးအထက် နား မှာ ကြံ့ သတ္တဝါ ရဲ့ ဦးချို လို အပို တစ်ချောင်း ပါနေသည် ။ သူများ ထက် ထူး ၍ နဖူး မှာ ချို ပေါက် နေခြင်း ဖြစ်သည် ။

 

ငရဲမင်းကြီး ၏ အခြွေအရံတွေ ဖြစ်သည့် ထီးတော်မိုး ၊ ဓား ကောက်ကိုင် တင်းပုတ်ထမ်း တို့ မှာ လည်း ချို နှစ်ချောင်း စီ ပါသည် ။ ဒီတော့မှ ရှေ့ဖတ်စာရေး မှာ လည်း ချို နှစ်ချောင်း ရှိတာ ကို သတိ ပြု မိသည် ။ ငရဲမင်းကြီး က ကနုတ်ပန်းဖေါ် ကုလားထိုင်ကြီး မှာ ဣန္ဒြေ ရရ ဝင် ထိုင် လိုက်သည် ။ ငရဲမင်းကြီး ထိုင် ပြီးတော့မှ ရှေ့ဖတ် စာရေး က ထိုင် ချလိုက်၍ ကိုအဏ္ဏဝါ ပါ ထိုင် ချ လိုက်ပါသည် ။ ကျန် သူတွေ အားလုံး မတ်တပ် ရပ် နေကြရသည် ။ ငရဲမင်းကြီး က ကွန်ပျူတာ ကိုင် စာရေး ကို မေးသည် ။

 

“ သူ့ မှတ်တမ်း ကောင်းရဲ့လား ”

 

“ ဒါန ၊ သီလ ၊ ဘာဝနာ မရှိ သလောက်ပဲ ဆရာ ”

 

ငရဲမင်းကြီး က ကိုအဏ္ဏဝါ ကို သနားသည့် အကြည့် ဖြင့် ကြည့်သည် ။ အတည်ပေါက် ဖြင့် သရုပ်ဆောင် နေကြတာ မဟုတ်ဘဲ တကယ် အရေး ယူတော့ မည့် ပုံ လုပ်နေကြ သော အခါ ကိုအဏ္ဏဝါ ကြောက် လာသည် ။ ဒါန ၊ သီလ ၊ ဘာဝနာ မရှိသော်လည်း ကံငါးပါး လောက် မြဲ ခဲ့တယ် ဆိုရင် သက်သက်ညှာညှာ စဉ်းစားပေးလို့ များ ရနိုင်မလား ကွန်ပျူတာ ထဲ က မှတ်တမ်းကို သေသေချာချာ စစ် ရန် ငရဲမင်းကြီး က ပြောသည် ။ ရှေ့ဖတ်စာရေး က ကွန်ပျူတာ ခလုတ် တွေ ကို နှိပ် ကြည့်ပြီး ခေါင်း ခါသည် ။ ငရဲမင်းကြီး ကိုယ်တိုင် ကိုအဏ္ဏဝါ ကို မေးသည် ။

 

“ သူတစ်ပါး အသက် ကို သ-တ်ခဲ့သလား ”

 

“ တောသား ဆို တော့ ဧည့်သည် လာ ရင် ကြက် သ-တ်ပြီး ထမင်း ကျွေး ခဲ့ရတာ မျိုးတော့ ရှိတာပေါ့ ဆရာရယ် ၊ လူ ကို မသတ် ဖူးတာ တော့ အမှန်ပါ ”

 

ငရဲမင်းကြီး က သဘော ပေါက်ဟန် ဖြင့် ခေါင်း တဆတ် ဆတ် ညိတ် နေသည် ။ သက်ညှာ လို့ ရနိုင်မည့် အချက် ကို ရှာနေပုံ ရသည် ။ ကိုအဏ္ဏဝါ ၏ ထွက်ဆိုချက် အားလုံး ကို ကွန်ပျူတာ မှာ ရေး သွင်းရန် စာရေး ကို အမိန့် ပေးသည် ။

 

“ သူတပါး ဥစ္စာ ခိုးဖူးသလား ”

 

“  ကင်းရှင်းတယ် လို့ မပြောနိုင်ဘူးပေါ့ ဆရာ ရယ် ။ နည်းနည်းပါးပါး တော့ ရှိမယ် ထင်တာပဲ ”

 

“ သူတစ်ပါး သားမယား ပြစ်မှား ကျူးလွန် ဖူးသလား ”

 

“ အဲဒါတော့ လုံးဝ ကင်းရှင်းပါတယ် ခင်ဗျာ ၊ ဘုရားစူး မိုးကြိုးပစ် ကင်း ပါတယ် ” 

 

“ ဟုတ်ပါ့မလား မောင်ရင် က သင်္ဘောသား ဆိုတော့ ကမ္ဘာ အရပ်ရပ် က မောင်ရင် နဲ့ ပတ်သက်ခဲ့တဲ့ ကောင်မတွေ ဟာ လွတ်လွတ်လပ်လပ်တွေ ပါလို့ ပြော နိုင်လို့လား ”

 

“ ဒါဒါ တော့ ကျွန်တော် ဘယ် သိပါ့မလဲ ဆရာ ရယ် ၊ သူတို့ က ပိုက်ဆံ လိုချင်လို့ ကျွန်တော် နဲ့လာပြီး ပတ်သက်တဲ့ ဟာ ပဲ ဟာကို ၊ လင် ရှိသလား ၊ မရှိဘူးလား မမေးမိပါဘူး ”

 

ကိုအဏ္ဏဝါ တုန်တုန်ရင်ရင် ထစ်ထစ်ငေါ့ငေါ့ ဖြစ် နေ သည် ။ ချောင် ပိတ် မိ မေးခွန်းတွေ ကို ဖြေရ ခက်နေသည် ။ ကိုအဏ္ဏဝါ ပြောသမျှတွေ ကို စာရေး က မှတ်တမ်း တင်သည် ။

 

“ မဟုတ်မမှန် ပြောဖူးသလား ”

 

“ စီးပွားဖြစ် ဖိုးတွမ်တီး ရိုက်တာမျိုး မလုပ်ဖူးပါဘူး ၊ လူ အထင် ကြီး အောင် ကြွားတာ ဝါတာ က တော့ နည်းနည်းပါးပါး ရှိတာပေါ့ ဆရာ ရယ် ”

 

“ ဘာပဲ ဖြစ်ဖြစ်လေ လိမ်တာညာတာ ပဲ ၊ အမှု ကြီးတာ နဲ့ သေးတာ ပဲ ကွာတယ် ”

 

ငရဲမင်းကြီး က သူ့ စာရေး ကို ရေးမှတ်ရန် အချက် ပြသည် ။ ကံငါးပါး မှာ တစ်ပါး မှ လွတ်လွတ်ကင်းကင်း မဖြစ်သေး၍ ကိုအဏ္ဏဝါ နဲ့ အမှု က အတော် ရင်လေးစရာ ကောင်း နေသည် ။ နောက်ဆုံး ရင်ဆိုင်ရမည့် စွဲချက် က ပို ဆိုးသည် ။

 

“ အရက်သေစာ သောက်သလား ”

 

“ ဒါကတော့ ဆရာရယ် ယောက်ျားတွေ ဟာ အနည်း နဲ့ အများ မကင်းကြပါဘူး ၊ ဆရာတို့ လည်း လူ့ပြည် မှာ တုန်း က နည်းနည်းပါးပါး သောက် ခဲ့ကြမှာပေါ့ ။ ကျွန်တော် သောက်ပါတယ် ။ သောက် ပြီး အိပ် တာပဲ ၊ အရက် မူး ပြီး မဟုတ်တာ ဘာမှ မလုပ်ခဲ့ပါဘူး ဗျာ ”

 

“ဒီ မှာ ကိုယ့် လူ မေးတာ ကို ပဲ ဖြေ ဟို လူ့ ဆွဲ ထည့် ဒီ လူ့ ဆွဲ ထည့် မလုပ်ပါနဲ့”


“ယောက်ျားချင်း ကိုယ်ချင်း စာဖို့ ပြောတာပါဗျာ”


“ကိုယ်ချင်းစာတယ်၊သက်ညှာတယ်၊ မလွဲသာ မှ အပြစ် ပေးတယ်၊ ကံငါးပါး မမြဲရင် အဝီစိငရဲ မှာ အနည်းဆုံး ခုနှစ်နှစ် ပဲ၊ ဒီမှာ လည်း အခက်အခဲတွေ ရှိလို့ လက် မခံချင်ဘူး၊ သံဒယ်အိုးကြီးတွေ မလုံလောက်ဘူး၊ ပဲဆီ မတတ်နိုင် လို့ စားအုန်းဆီ နဲ့ ကြော် နေ ရတယ် တာဝတိန်သာ က ညှော်လို့ ဆိုပြီး သိကြားမင်း က ငါ့ ကို တယ်လီဖုန်း နဲ့ လှမ်း ဟောက်တယ်၊ လုပ်ရတာ လွယ်တယ် မထင်နဲ့၊ ဖြစ်နိုင်ရင် မောင်ရင် တို့ ကို အရေး မယူချင်ဘူး”


သူ့ ဘက် က ကြည့် တော့ လည်း ဟုတ်တာပဲ ဟု ကိုအဏ္ဏဝါ နားလည် သွားသည်။ ကိုအဏ္ဏဝါ ကို ဘယ်လို အရေး ယူရမယ် ဆိုတာ ကို ငရဲမင်းကြီး က သူ့ စာရေး နှင့် ဆွေးနွေး တိုင်ပင် နေသည်။ ရှေ့ဖတ်စာရေး က ဥပဒေ အရ ဆိုရင် တော့ အရေး ကို ယူရမည်။ မသိ နားမလည် လို့ ကျူးလွန်ခဲ့သည့် ပြစ်မှု အသေးအဖွဲတွေ ဖြစ်လို့ ငရဲမင်းကြီး ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြင့် သက်ညှာ လို က သက်ညှာ လို့ ရပါသည် ဟု တင်ပြသည်။ ငရဲမင်းကြီး က မေး လက်ထောက် ပြီး စဉ်းစား နေသည်။


ကိုအဏ္ဏဝါ သည် ငရဲမင်းကြီး ရဲ့မျက်နှာ ကို သေသေချာချာ ကြည့်သည်။ တစ်ချိန် တစ်ခါ က တစ်နေရာ မှာ မြင်ဖူး သလိုလို လည်း ထင် လာသည်။ သေသေချာချာ စဉ်းစားတော့မှ သတိရ လာသည်။ အတူ တွဲပြီး အရက် သောက်ဖူး တာ ကို မှတ်မိ လာသည်။


“ ဆ ဆရာ သာကေတ က မဟုတ်လား ဟင် ”

 

“ ဟုတ်တယ် ၊ ခင်ဗျား က ဘယ်ကလဲ ”

 

“ ကျွန်တော် လည်း သာကေတသား ပဲ ကိုမောင်မောင် ရဲ့ ကြက်တဲ မှာ ဆရာ နဲ့ အတူ အရက် သောက် ဖူးတယ် ၊ မှတ်မိလား မသိ ဘူး ၊ ၁၉၇၅ ခုနှစ် လောက် က ထင်တယ် ၊ ကိုကြီးမြင့် တို့ ကိုထွန်းရီ တို့ ပါတယ်လေ ”

 

“ ဒါကြောင့် ခင်ဗျား ကို လည်း မြင်ဖူးပါတယ် လို့ ထင် နေ တာ ”

 

“ ဟုတ်ပါတယ် ဆရာ ကျွန်တော် လည်း ဆရာ့ လို ပဲ သာကေတမြို့ကြီး စ တည် ကတည်း က နေ လာတာ ဒီနေ့ အထိ ပါ ပဲ ”

 

“ အင်း ကျုပ်တို့ သာကေတသားချင်း ယိုင်းပင်း သက်ညှာ ရမှာပေါ့ ဗျာ ”

 

“ ဟီး သိုင်းကျူးပါ ဆရာ ”


ငရဲမင်းကြီး သည် သူ့ စာရေး ကို အမိန့် ပေးသည် ။  

 

“ သူ့ ကို ငရဲ ကို လည်း မပို့ နဲ့ ၊ နတ်ပြည် ကို လည်း မပို့ နဲ့ ။ လောလောဆယ် လူ့ ပြည် ပြန် သွား ခိုင်းလိုက် ၊ နောက် တစ်ခါ ရောက်လာ မှ လိုအပ်သလို ဆုံးဖြတ်မယ် ။ မင်း ရဲ့ ကွန်ပျူတာ ထဲ က သူ့ ကေ့စ်ဖိုင် ကို ဟတ်ဒစ်မင်မိုရီ ထဲ မသွင်း နဲ့ ဒီလို လုပ်ပစ်လိုက် ကဲ ခင်ဗျား ပြန် လို့ ရ ပါပြီ ”

 

ငရဲမင်းကြီး ထိုင်ရာ မှ ထ တော့ ကိုအဏ္ဏဝါ ပါ ထ လိုက် သည် ။ အစောင့် ငရဲသား နှစ်ယောက် က ကိုအဏ္ဏဝါ ကို အရင် လို မဆက်ဆံတော့ပဲ ပြုံးပြုံးရွှင်ရွှင် ဖြင့် ဂိတ် ကို ပြန်ပို့သည် ။ လက်ဖက်ရည်ဖိုး တောင်း ကြလို့ တစ်ယောက် ကို ၁၀ ဒေါ်လာ စီ ပေး လိုက်သည် ။

 

ဂိတ် အပြင် ကို ရောက်သော အခါ ကိုအဏ္ဏဝါ ဝမ်းသာ၍ အားရပါးရ အော်ဟစ် ရယ်မော လိုက်သည် ။

 

“ ဘယ်လို ဖြစ်နေတာလဲ ဟင် ၊ လေ ဖြတ်ပြီး မသာ ပေါ်တော့ မလို့လား ”

 

မဖြူတုတ် က ကိုအဏ္ဏဝါ ၏ လက်မောင်း ကို ဆွဲထူ လှုပ်နှိုး နေသည် ။ ကိုအဏ္ဏဝါ သည် အပေါ်ထပ် က လသာဆောင် မှာ အရက် သောက် နေရင်း အိပ်ပျော် သွားခဲ့ခြင်း ဖြစ်သည် ။ ဝူဝူး ဝါးဝါး အော်သံ ကြားလို့ အောက်ထပ် က မဖြူတုတ် က ပြေး တက်လာပြီး လှုပ် နှိုး နေခြင်း ဖြစ်သည် ။ မူးမူး ဖြင့် အိပ်ပျော် သွားရာ မှ လန့် နိုးလာ သည့် ကိုအဏ္ဏဝါ က တော့ ဒေသ စွဲ စိတ် ဆိုတာ ငရဲပြည် မှာ တောင် ရှိ ပါလား လို့ တွေးနေမိသည် ။ 

 

◾အဏ္ဏဝါစိုးမိုး


📖 ရယ်စရာ မဂ္ဂဇင်း

      ၂၀၀၄ ခု ၊ ဇန္နဝါရီ လ

 

#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment