Friday, January 27, 2023

ယာဂုအိုးကြီး ကွဲခါမှ


 ❝ ယာဂုအိုးကြီး ကွဲခါမှ ❞


အေးငြိမ်း ပြုံးမိပြန်သည် ။ သို့ပေမင့် အေးငြိမ်း အပြုံး က မဲ့ပြုံး ၊ မချိပြီး ။


စင်စစ် ဇာတ်ကြောင်း အစအဆုံး လိပ်ပတ်လည်ခဲ့သည် မှာ မနေ့ က မှ ။ ဟော ဒီနေ့ နေ့လယ် ကျတော့ ရန်ကုန် ရှိ အေးငြိမ်း သူငယ်ချင်း ၊ မိစု ထံမှ စာ ရောက်လာခဲ့သည် ။ အေးငြိမ်း က သည် ကနေ့ ကျမှ တိုက်တိုက်ဆိုင်ဆိုင် ရောက်ရှိ လာသည့် မိစု စာ ကို နောက် တစ်ခေါက် ထပ် ဖတ်လိုက် မိ ပြန်၏ ။ အစအဆုံး တော့ မဟုတ် ။ သူ့ စိတ် ကို လှုပ်ခတ် ပစ်လိုက်သည့် နောက်ဆုံး စာပိုဒ် တစ်ခုတည်း ကိုသာ ဒုတိယ အကြိမ် မြောက် ဖတ်လိုက်မိခြင်းပင် ။


“ ဒါနဲ့ အေးငြိမ်း ရေ ၊ မင်းတို့ ဆီမှာ အစိမ်းတွေ သိပ် ပေါတာပဲဆို ၊ တို့အတွက် ဝမ်းဆက်လောက် ရှာပေးစမ်း ပါဟယ် ၊ တို့ ရန်ကုန်မှာ ခု သိပ် ခေတ်စား နေတယ် ၊ သိပ် အကောင်းစားကြီး မဟုတ်တောင် အသင့်အတင့် လောက် ရရင် တော်ပါပြီ ၊ သုံးလေးထောင် လောက် ဆိုရင် မရနိုင်ဘူးလား ၊ ရမယ်ဆိုရင် တို့ ငွေ ပို့ပေးမယ် ” တဲ့ ။ 


သည် စာပိုဒ် ပါ ပဲ အေးငြိမ်း ကို မဲ့ပြုံး ပြုံးစေခဲ့တာ ။ မချိပြုံး ပြုံး စေခဲ့တာ ။ သည် စာပိုဒ် ပါပဲ အေးငြိမ်းစိတ် ကို လှုပ် နှိုးလိုက် တာ ။ ခံပြင်းစိတ် ကို ပုတ်ခတ် ကစား လိုက်တာ ။


       •••   •••   •••   •••  


“ ကိုယ့် ယောက်ျား မသေခင် က ဝတ်ခဲ့တဲ့ ပစ္စည်းမို့ မရောင်းရက် ဘဲနဲ့ အငတ်ခံ နေခဲ့တာ ၊ ခုတော့ သားသမီးတွေ မလိမ္မာ လို့ ရောင်းရတော့မှာ အေး ရေ ”   


အေးငြိမ်း က မမခင်မြင့် ကို စိတ်မကောင်းစွာ ကြည့်နေမိ သည် ။ မမခင်မြင့် က ခေါင်းငုံ့ ကာ လက်စွပ်ကလေး ကို ပွတ်သပ် ကြည့် နေသည် ။ သူ ခင်ပွန်းသည် ဝတ်ဆင်ခဲ့သည် ကို ပြန်လည် အမှတ်ရနေသည် ထင် ပါ၏ ။


“ နှမြောလျက်သား နဲ့ ရောင်းရမှာ အေး ရေ ၊ ဒီပြင် သူစိမ်း လူ လက် ထဲ ရောက် သွားတာနဲ့ စာရင် ညီအစ်မ အရင်း လို ချစ်တဲ့ အေး ဆီ ရောက်တာ က မှ ဖြေသာ သေးတယ် ဆိုပြီး လာ ပြတာ ။

ကောင်း တာတော့ မပြောနဲ့ ၊ အသားကလဲ ဖယောင်းသား ၊ အသွေး ကလဲ ငှက်ပျောညွန့်သွေး ၊ ကြည့်စမ်း ဟိုဘက် သည်ဘက် ပေါက်နေတာ မြသား အတိုင်းပဲ ”  


မှန်ပါသည် ။ လက်စွပ်ကလေး က နေရောင်တွင် တဖိတ်ဖိတ် ။ အရောင်ကလည်း အေးငြိမ်း ကြားဖူးနားဝ ရှိခဲ့သလို စိမ်းဝါဝါ ကလေး ၊ ကြည်ကြည်ကလေး ။ အေးငြိမ်း ဝတ် ကြည့်လိုက်၏ ။


လက်သူကြွယ် နှင့် မတော် ၊ အတန်ငယ် ချောင်သည် ။ လက်ခလယ် နှင့် မှ တော်ရုံ ။ အင်းလေ သူ့ ယောကျ်ား ဝတ်ခဲ့တဲ့ လက်စွပ် ဆိုတော့ မိန်းကလေး လက် နဲ့ ဘယ် တော်ပါ့မလဲ ။ မောင့် လက် နဲ့ ဆိုရင် အတော်ပဲ နေမှာ ။ ဒါပေမယ့် မောင် က လက်စွပ် တို့ ဘာ တို့ ဝတ်ရန် ဝါသနာ မပါ ။ ဝယ်လိုက်ရင် ဆိုပြောနေဦး မလား ။ ပြီးတော့ လခစား ပီပီ လင့်တစ်ယောက် ရှာစာ ကို သားအမိ လေးယောက် ထိုင်စားနေရသူ ပီပီ အေးငြိမ်း တို့ ဆီမှာ ပိုငွေလျှံ များများ မရှိ ။ 


“ သူ့ ပစ္စည်းကလေး အမှတ်တရ သည် တစ်ခု ရှိပါတော့တယ် ဆို ပြီး သိမ်းထားခဲ့တာ ၊ ခုတော့ သား ထောင် ကျမယ့် အရေးမို့  ထုခွဲ ပစ်ရမှာ ”


မမခင်မြင့် စကား မဆက်တော့ ။ ငို နေပြန်ပြီ ထင် ပါရဲ့ ။ အေးငြိမ်း သူ့ မျက်နှာကို မကြည့်ရက်တော့ ။ မမခင်မြင့် မျက်ရည်များကို မြင်လျှင် အေးငြိမ်း လည်း မျက်ရည် ဝဲ ရပေဦးမည် ။ သည် အရပ် ရောက်မှ သိခဲ့ ၊ ခင်ခဲ့ ၊ ရင်းနှီးခဲ့ရပေမယ့် မမခင်မြင့် နှင့် ပတ်သက်၍ အေးငြိမ်း စိတ်မကောင်း ဖြစ်ရပေါင်း များပြီ ။ မျက်ရည်ကျရပေါင်း များပြီ ။ အေးငြိမ်း က စိတ် ပျော့လွန်းသည် ။ ငယ်ငယ်ရွယ်ရွယ် နှင့် မုဆိုးမ ဖြစ်ခဲ့သူ ။ သားသမီး ငါးယောက် ကို ကောက်ညှင်းပေါင်း ရောင်း ကျွေး နေသူ ။ အကြီးဆုံး သား က ဘိန်းဖြူ ရှူ ၊ ဖဲရိုက် ၊ လောင်းကစား အကုန် လုပ်ကာ မအေ့ ကို ဒုက္ခ ပေးနေသူ ။


သည် အကြောင်းတွေ ကို အိမ်ချင်း ဓားလွယ်ခုတ် မို့ မျက်မြင် ကိုယ်တွေ့ ပါ မြင်နေရသဖြင့် မမခင်မြင့် ဆိုလျှင် အေးငြိမ်း က ဆန် ချေးလည်း လက် မနှေး ၊ ငွေ ချေးလည်း ခပ်သွက်သွက် ၊ မမ

ခင်မြင့် ကလေးတွေ အတွက် အိမ် က သားများ၏ အင်္ကျီဘောင်းဘီ တစ်ပတ်ရစ်များ ပေးရသည် က လည်း မရေမတွက် နိုင် ။ 


မမခင်မြင့် က လည်း ဆင်းရဲပေမယ့် သစ္စာ ရှိသည် ။ ကျေးဇူး သိတတ်သည် ။ ပိုက်ဆံ ချေး လိုက်လျှင် ဘယ်တော့မှ ပြန်မဆပ် သည် ဟု မရှိ ။ တစ်လ နှင့် မဆပ်နိုင် ပါ က နှစ်လ ခွဲ ဆပ်သည် ။ ပြီး အေးငြိမ်း နေထိုင်မကောင်း လျှင် သူ လာပြီး အပြေးအလွှား ချက်ပြုတ် လျော်ဖွပ် ပေးသွားတတ်သည် ။ သူ က ဟင်းချက်လည်း တော်သည် ။ ချဉ်ပေါင်းဟင်း ချက် လျှင် သော် မှ မြက်မြက် သက်သက် နှင့် အရသာ ရှိရှိ ဖြစ်အောင် ချက် တတ်သည် ။


တစ်ခါတစ်ခါ ဟင်းချက် ညံ့သော အေးငြိမ်း ကို မောင်  စ တတ်သည် ။   


“ အေး ရေ သုံးလေးရက် လောက် ဖျားလိုက် စမ်းပါဦး ကွာ ”  တဲ့ ။


သိကျွမ်းခဲ့သည် မှာ တစ်နှစ်ပင် မပြည့်တတ်သေးမီ မမခင်မြင့် နှင့် က သည် အထိ ရင်းနှီးနေခဲ့ပြီ ။ တစ်ဦး ဒုက္ခ ကို တစ်ဦး က တတ်နိုင်သည့် ဘက် က စေတနာ နှင့် ကူညီခဲ့ဖူးကြပြီ ။ ယခုလည်း 


“ အေး ယူမယ် ဆိုရင် ဝယ်ရင်းဈေး အတိုင်းပဲ ပေးပါတော့ ”  


သူတစ်ပါး ကက်ဆက် ကို ခိုး ပေါင် ပြီး ဘိန်းဖြူ ရှူ ပစ်သူ သား အတွက် ရောင်းနေရသည့် လက်စွပ် ကို အေးငြိမ်း ဝယ် လိုက်မိသည် ။ သားတွေ ရှင်ပြုရန် အတွက် ကုပ်ကုပ်ကျစ်ကျစ် စုထားခဲ့သည့် အစိတ်တန် အသစ်စက်စက်ကလေးတွေများ ထဲမှ လေးဆယ့်နှစ်ရွက်တိတိ သေတ္တာ ထဲ မှ နေ၍ မမခင်မြင့် လက်သို့ ရောက်သွား၏ ။ မောင့် ကို မတိုင်ပင်ဘဲ ဝယ် လိုက်၍ ဆူများ ဆူဦးမလား ။ အခု ဒီလောက် ကောင်းတဲ့ ပစ္စည်း သည်လောက် ဈေးချောင်ချောင်း နှင့် ရတာ မောင် ကလည်း ကန့်ကွက်မှာ မဟုတ်ပါဘူး ။  ညနေ မောင် ရုံး က ပြန်လာတော့ အကျိုး အကြောင်း ပြောပြသော အခါ -


“ အချောင် ရတယ် ဆိုတာ ဒါမျိုး နေမှာပဲ ”   


“ ဟုတ်တယ်နော် သူ့ ခမျာ အရင်းအတိုင်း ရောင်းရ ရှာတာ မောင် ရဲ့ ၊ တစ်ပြား မှ မြတ် ရှာတာ မဟုတ်ဘူး ”  


“ အရင်းအတိုင်း တော့ ဟုတ်ဟန် မတူပါဘူး အေး ရာ ၊ နည်းနည်းပါးပါးတော့ အမြတ် ယူ ဦးမှာပါ ”  


“ အို ယူလဲ ယူပေါ့ မောင်ရဲ့  ၊ ဈေး က သိပ် သက်သာနေတဲ့ ဟာပဲ ၊ အေးတို့ ကို သိပ်ခင်လို့ ဒီလောက် ဈေး နဲ့ ရောင်းတဲ့ ဟာ ပဲ ”  


လင်မယားနှစ်ယောက် တတွတ်တွတ် ပြောရင်း တပြုံးပြုံး ။


      •••   •••   •••   •••  


လက်စွပ်ကလေး ဝယ်ပြီး တစ်ပတ်ခန့် အကြာ မောင် က အေး ငြိမ်း ကို သတင်း တစ်ခု ပြောလာသည် ။ 


“ အေးရေ ကိုထွန်းကြွယ်ကြီး မှတ်မိသေးလား ”   


“ အိုး သိပ်မှတ်မိတာပေါ့ ၊ ကပ်စေးနှဲကြီးလေ ၊ သူ နိုင်ငံခြား သွားတုန်းက အေး ဆွယ်တာ တစ်ထည် မှာ လိုက်တာ ၊ ဒီ ရောက်တော့ ငွေ နှစ်ရာ တောင်းယူ တာရော မှတ်မိသေးလား ”  


“ ဟုတ်လား ၊ မောင် ဖြင့် မေ့တောင် နေပြီ ” 


“ ပြီးတော့ သားကြီး ငယ်ငယ် က လဟာပြင် ဈေး မှာ အေး တို့ မုန့်သွား စားတော့ သူ နဲ့ တွေ့တာ ကော ၊ အဲဒီတုန်းကလဲ သူ့ ညီတွေ ညီမတွေ အားလုံး စား တာကို မောင် က ချည်း ပိုက်ဆံ ပေး လိုက်ရတာကော တကယ့် ကပ်စေးနှဲကြီး ”  


“ ဟေး ဟေး မောင့် မိန်းမ ကတော့ သိပ် ကို အမှတ် ကောင်း တာပါလားဟေ့ ၊ အခု ကိုထွန်းကြွယ်ကြီး ကောလင်း ပြောင်းခဲ့ ရပြီကွ ၊ မောင် စစ်ကိုင်း အသွား ရထား ပေါ် မှာ တွေ့ခဲ့တယ် အဲဒါ သူ က မှာလိုက်တယ် ။ လက်စွပ် ကောင်း ..... ”  


မောင် က ခပ်တိုးတိုး ဆက် ပြောသည် ။ အေးငြိမ်း က မျက်တောင် ပင် မခတ်နိုင်ဘဲ စိတ်ဝင်စားစွာ နားထောင်ပြီး ...


 “ ဟယ် ပွတာပဲ ၊ ဒါဆို အေး တို့ ဝယ် ထားတဲ့  ...”


“ အေးလေ ရောင်း လိုက်ရင် အမြတ် ရမှာ သေချာတယ် ”   


“ အိုး ၊ ဒီလူကြီး ဆို လေးထောင် က တစ်ပြား မှ မလျှော့ နိုင်ဘူး ” 

 

“ ဟော အေး ကတော့ လောဘ ကြီးပြီ ၊ ဒီလောက်ကြီးတော့ လွန်တာပေါ့ ၊ မောင့် သူငယ်ချင်း အရင်းကြီး ဟာ ကို ”


“  ရင်းရင်း မရင်းရင်း ၊ သူများ ဆိုရင် သုံးခုလောက် နဲ့ ရောင်း မယ် ၊ သူ့ တော့ လေး ရမှ သူများ အပေါ် သိပ် တင်စီးတဲ့ လူကြီး ဒီတစ်ခါ သိမယ် ”  


“ ကဲပါကွာ သူ့ လဲ ပြ ကြည့်ရဦးမှာ ၊ သူ ကြိုက် မှ အလုပ် ဖြစ် မယ့် ဟာများ ၊ ဒီတစ်ခါ မောင် သွားရင် ထည့် ပေးလိုက် ”  


သုံးလေးရက် အကြာ မောင် မန္တလေး ဆင်း တော့ ထို လက်စွပ် ကလေး ကို စွပ် သွားသည် ။ အေးငြိမ်း ကတော့ အိမ် မှာ စိတ်ကူး ဖဲ ရိုက်ရင်း ကျန်ရစ်သည် ။ မမြတ်ဘူး ဆို နှစ်ထောင် ကျော် က။တော့ မြတ် မှာ သေချာသည် ။ သူများတွေ လာ လာ ပြသည့် လေးငါးထောင်တန် တွေ တောင် မမခင်မြင့် လက်စွပ်လောက် မကောင်း ။ နှစ်ထောင်ကျော် မြတ် လျှင် ကျော်သမျှ ကို မမခင်မြင့် ကို ပေးလိုက်ဦးမည် ။ သူ့ ခမျာ ငွေ အမြဲ ပြတ်လပ်နေရှာ သူပဲ ။ ပေးမည် ။ ပေးမည် ။ တကယ့်ကို စေတနာ အပြည့် နှင့် ပေးလိုက်မည် ။ ပြီး သားတွေ ရှင်ပြုဖို့လည်း နောက်နှစ် သို့ ရွှေ့ဆိုင်း မနေတော့ ၊ သုံးထောင်ခန့် ငွေ မှာ လှလှပပ ပြည့်ပြည့်စုံစုံ မလှူ နိုင် စရာ အကြောင်း မရှိ ။ သည်နှစ် သီတင်းကျွတ် မှာပင် လှူ ပစ်လိုက်တော့မည် ။ အတွေး နှင့်ပင် ပီတိတွေ တဝေဝေ ။ ကြည်နူးစိတ် က ရင်ဝယ် တသိမ့်သိမ့် ။


သုံးရက် ပဲ ကြာသည် ။ မောင် ပြန်လာသည် ။လက်စွပ်ကလေး ကို လက် မှာ စွပ်လျက်သားပဲ တွေ့ရသည် ။


“ ဘာတဲ့လဲ ၊ ကပ်စေးနှဲကြီး က ဈေးများလို့တဲ့ လား ၊ လေး ငါးရာ လောက် လျှော့ ပြီး ရောင်း ပစ် ခဲ့တာ မဟုတ်ဘူး မောင် ကလဲ ”   


“ တော်စမ်းပါကွာ ၊ အတုကြီး ကွ ”  


မောင် က ရှုသိုးသိုးနှင့် ခပ်အောင့်အောင့် ဖြေ၏ ။  


“ ဘာ ၊ အတုကြီး ဟုတ်ရဲလား ”   


“ အေး ၊ အတု မှ ရေမရော တဲ့ အတု ခင်ဗျ သိပြီလား ၊ ရွှေ က တော့ အစစ် တဲ့ ၊ ဒါပေမယ့် ရှိလှ တစ်မတ်သား ပေါ့ ” 


“ ဟင် ဒီလိုဆို ” 


တစ်ခါမျှ မဝင်ဖူးသော သံသယ စိတ်ကလေး က ရင်ထဲ ဆောင့် ဝင်လာ၏ ။


“ မခင်မြင့် က ညာ ရောင်းတာ နေမှာပေါ့ ”   


“ အို ၊ သူ ဒီလို လုပ်မယ် မထင်ပါဘူး ”  


မျက်စိမှိတ် ငြင်းရင်း လက်စွပ် ရောင်းပြီးကတည်းက သူတို့ အိမ် သို့ ပေါ် မလာတော့သည့် မခင်မြင့် ကို အတွေး ထဲ ရောက် လာ၏ ။ ဟုတ်မှာ ဒါကြောင့် မခင်မြင့် သူ့ ကို မျက်နှာချင်း မဆိုင်တော့တာ နေမှာ ။


“ ရော့ဗျာ ၊ လေးထောင်တန် လက်စွပ်ကြီး ၊ မီးခံသေတ္တာ ထဲ သော့ခတ် သိမ်းထားပေတော့ ”   


မောင် က ခပ်ငေါ့ ပြောပေးခဲ့၏ ။ အေးငြိမ်း က မယုံနိုင် သလိုပင် လက်စွပ်ကလေး ကို ဖင်ပြန် ခေါင်းပြန် လှည့်ပတ် ကြည့် နေမိသည် ။ မယုံနိုင်စရာ အကြောင်းလည်း မရှိ ။ ယုံလည်း မယုံချင် ။  


အေးငြိမ်း တစ်ယောက် အေး လည်း မအေးနိုင်တော့ ။ ငြိမ်း ချမ်းမှု လည်း မကပ်နိုင်တော့ ။ 

စိတ်အမာကြီး မောပြီးရင်း မောရင်း ။  


လုပ်ရက်လေခြင်း ၊ ရက်စက်လိုက်လေခြင်း ၊ ကောက်ကျစ် လိုက်လေခြင်း ၊ သူတို့ သားအမိတွေ ကို စေတနာသန့်သန့် နှင့် ကူညီခဲ့သည် ကို မှ မထောက်ထား ။


တစိမ့်စိမ့် တွေးမိလေလေ ရင်ထဲ မှာ ခံပြင်းလေလေ ။ 


“ ဟင်း ၊ ငါ့ အပေါ် လှည့်စားရက်တဲ့ မမခင်မြင့် တော့ တစ်နေ့ သိမယ် ။ ဟင်း ”  


ကြိမ်းသာ ကြိမ်းမိသည် ။ တကယ်တော့ အေးငြိမ်း ဘာလုပ် နိုင်တာ မှတ်လို့ ။ စိတ်သက်သာအောင်သာ ကြိမ်း နေမိခြင်းသာ ။ 


“ နေနှင့်ဦး ၊ သင်း ဒါကြောင့် မလာရဲဘဲ နေတာ ၊ တွေ့မှ ပြော ပစ်လိုက်ဦးမယ် ”  


       •••   •••   •••   •••  


တိုက်တိုက်ဆိုင်ဆိုင်ပင် နောက် တစ်နေ့ မှာ မခင်မြင့် နှင့် ဈေးထဲ တွင် ပက်ပင်းပါ တွေ့ တော့၏ ။ အေးငြိမ်း ကို တွေတော့ မခင်မြင့် က မမြင်ချင်ယောင် ဆောင်ကာ မျက်နှာ လွှဲနေ၏ ။ ခေါင်း ငုံ့ ကာ ဖိနပ် တွေ ရွေးနေ၏ ။ ဟင်း ဘာရမလဲ ။


“ ဟော မမခင်မြင့် ဖိနပ် ဝယ် နေတာလား ၊ အောင်မယ် ဆင်ကြယ်ဖိနပ်တွေ ပါလား ၊ ဈေးတော့ ကြီး မယ်နော် ၊ ဒါပေ မယ့် သိပ် ခိုင်တာ အရင်ကတော့ သုံးဆယ်ကျော် ပဲ ၊ ခု ဘယ် လောက်တဲ့လဲ ဟင် ”   


ပါးစပ် က ပေါက်ပေါက်ဖောက် သလို အရွဲ့ တိုက် ပြော နေ သော်လည်း စိတ် ထဲက မူ တစ်မျိုး ။ ဟင်း အရင် က ပလတ်စတစ် ကော်ဖိနပ်ကလေး တောင် လူ စေ့အောင် မရှိတဲ့ ဟာတွေ ခုတော့ ငါ့ ပိုက်ဆံတွေ နဲ့ ဆင်ကြယ်ဖိနပ် တောင် ဝယ် စီးနေကြပြီပေါ့လေ ။  


မခင်မြင့် က မလုံမလဲ ဖြင့် ပြုံးရမလို ရယ်ရမလို မျက်နှာပေး ဖြင့် -


“ လေးဆယ့်သုံးကျပ် တဲ့ အေးရယ် ၊ ဝယ် မပေးနိုင်ပါဘူးကွယ် ။ ဈေး က များလွန်း အားကြီးပါတယ် ”  


“ အို စိတ်ကူး မလွဲနဲ့ မမခင်မြင့် ရဲ့ ၊ ဈေးကြီးပေမယ့် ဒီပြင် ဖိနပ် တစ်လ စီး ရရင် သူ က နှစ်လ စီးရတာ ၊ ပိုက်ဆံ ရှိတုန်း ဝယ် သာ ဝယ်ပေးလိုက် ၊ ဈေး ကော ဝယ်ပြီးပြီလား ”  


စပ်စပ်စုစု မေးရင်း ခြင်းတောင်း ထဲ ကို ပြူးပြဲ ကြည့်လိုက်၏ ။ အမယ် တယ် ဟုတ်ပါလား ၊ ငါးကြင်း ခုတ်သားတွေ ၊ အမယ်လေး ကြီးပွားနေလိုက်တာ ၊ ငါ့ ဆီ က မတရား ယူသွားတဲ့ ပိုက်ဆံတွေ နဲ့ ။ အရင်က ချဉ်ပေါင်ရေကျဲ နဲ့ စား နေတဲ့ ဟာတွေ ။ 


“ အစိတ်သား ထဲ ပါ ၊ ဈေးကလဲ ပေါတာနဲ့ ”  


ဖြီး ဖြီး စမ်း ။အေးငြိမ်း လည်း အိမ်ရှင်မသက် ဆယ်နှစ် ကျော် ခဲ့ပြီပဲ ။ သည် ငါးခုတ်သားတွေ အစိတ်သား မက ရှိသည်ကို မသိဘဲ နေမလား ။ ခုလို ရှားပါးသည့် အချိန် မှာ ဈေး ပေါလို့ ဆိုတာကကော ယုတ္တိ ရှိလိုလား ။  


“ ဟင်း ဟင်း ၊ အေးတို့ တော့ အမဲသား အစိတ်သားပဲ ဝယ်ခဲ့တယ် ၊ လကုန်ရက် မဟုတ်လား မမခင်မြင့် ရဲ့ ၊ အာလူး ငါး ဆယ်သား နဲ့ ရောမယ်လေ ၊ ပြီး ကန်စွန်းရွက် ကြော် မယ် ၊ ဒါပဲ ”  


အို့ တို့ အမ်းတမ်း ဖြစ်သွားသည့် မခင်မြင့် မျက်နှာကို စေ့စေ့ ကြည့်ပြီး ပြောဖြစ်အောင် ပြောခဲ့သေး၏ ။


ဒါတင် က ရိုးလား ။ အေးငြိမ်းတို့ အောက်ထပ်ရှိ စက်ဆိုင် သို့ မခင်မြင့် သမီး ချောစု အင်္ကျီ လာ ရွေးတော့ လည်း တမင် သက်သက် အိမ် ပေါ် ခေါ် ကြည့်သေးခဲ့၏ ။


“ အောင်မယ် ၊ တယ် ဟုတ် ပါလား ဟေ့ ၊ ဖော့ရှန် အပွင့် ကလေးတွေ ပါ လား ၊ တစ်ကိုက် ဘယ်လောက် ပေးရလဲကွယ့် ”  


“ တစ်ကိုက် ငါးဆယ် တဲ့ အန်တီအေး ၊ မေမေ က လက်စက ချောစု ကတော့ လက်တို လေ ”  


“ ကောင်းတယ် ၊ ကောင်းတယ် ၊ ပိုက်ဆံ တတ်နိုင်ရင် ဒီလို အကောင်းစားမျိုး သာ ဝယ် ဝတ် ၊ အန်တီအေး တို့တော့ မဝယ် နိုင်ပါဘူးကွယ် ၊ အကြွေး ရောင်းမယ့် ဆိုင်များ ရှိရင် အန်တီ

နဲ့ ဆက် ပေးစမ်းပါလို့ ချောစု မေမေ ကို ပြော လိုက်စမ်း သိလား ၊ ဒီ အစမျိုး အန်တီအေး သိပ် ကြိုက်လို့ပါ လို့ နော် ”  


ကောင်မလေး မပြောဘဲ နေမည် မဟုတ် ၊ ပြောပါက အေးငြိမ်း ဘာကို ရည်ရွယ် ပြောမှန်း မခင်မြင့် သိလိမ့်မည် အမှန် ။ အေးငြိမ်း တခုတ်တရ မှာနေပုံ ကို မောင် က သဘော ပေါက်ဟန် တူသည် ။ မဲ့ ပြုံးပြုံး နေသည် ။ အေးငြိမ်း ကတော့ မခင်မြင့် တို့ ကောင်းကောင်း စားတာ ၊ လှလှ ဝတ်တာ ၊ လူမွေးလူတောင် ပြောင် လာတာကို မြင်တိုင်း ရင်မှာ အောင့်သက်သက် ။ 


နဖူး က အမာရွတ် ကို မြင်တိုင်း မဟော် ကို မကျေချမ်းနိုင် သည့် ကေဝဋ်ပုဏ္ဏား လို သေတ္တာ ထဲ တွင် မျက်နှာငယ်လေးများ ဖြင့် ကျန်ရစ်သည့် အစိတ်တန်လေး နှစ်ချပ် ကို မြင်တိုင်း ရင်တွင်း က အကျိတ်အခဲကြီး က ကြီး ကြီးလာသည် ။ 


“ မခင်မြင့်ရယ် အကြံ ရိုင်းလိုက်ပါဘိ ”  


     •••   •••   •••   •••  


နောက် တစ်နေ့ ။   


မခင်မြင့် တို့ အိမ် သက်ကယ် အသစ် မိုးနေသည် ။


သက်ကယ် အသစ် တစ်ချပ် မခင်မြင့် တို့ အိမ်ခေါင်မိုးပေါ် ရောက်သွားတိုင်း ရောက်သွားတိုင်း ငါ့ ဆီက လိမ်ယူသွားတဲ့ ငွေတွေ နဲ့ အိမ်ခေါင် အသစ် မိုး နေတာပါလား ဟူ၍ တွေးမိ သဖြင့် မကျေနိုင် ၊ မချမ်းနိုင် ။ ငါ့ ငွေ တွေကို သူ ကောင်းကောင်း အသုံးချနေတာပဲ ။ မိန်းမ နှယ် မျက်နှာ ပြောင် လိုက်တာ ။ ငါ့ မှာတော့ ငါ့ သားလေးတွေ ရှင်ပြုဖို့ စုထားတဲ့ ငွေတွေ ပေးလိုက်ရ တာ ။ ဒီ မိန်းမ နှယ် တရား မရှိလိုက်တာ ။ သံသရာ ပါ မှာ သူ မကြောက်ဘူး ထင်ပါရဲ့ ။


အေးငြိမ်း က တစ်ချိန်လုံး ထွက် ကြည့် နေမိသည် ။ အပေါ် က စီး ကြည့်နေရသည်မို့ မခင်မြင့် တို့ အိမ် က လှုပ်ရှားမှု မှန်သမျှ မြင်တွေ့နေရ၏ ။ နံနက်စာ စားချိန် ရောက်တော့ အိမ်ခေါင် မိုး ပေးသည့် လူ နှစ်ယောက် ကို ဝက်သားဟင်း နှင့် ထမင်း ကျွေး သည့် အကြောင်းကိုပါ သူတို့ စကား အရ သိရတော့ ပို၍ မကျေ နပ် ။ ဟင်း ငါတို့ မှာတော့ လကုန်ရက် မို့ အသားဟင်း မစား နိုင် ။ သင်း ကတော့ ငါ့ ပိုက်ဆံတွေ နဲ့ ဝက်သား အဆီတစ်ထပ် အသားတစ်ထပ် သွားဖုံးမြုပ်အောင် ကိုက်နေပြီပေါ့ ။


ကြည့်ရင်း တွေးရင်း နာကျည်း ခံပြင်း ပြီး ဒေါသ ထွက် လာ သည် ။


ပစ္စည်းတွေ ရွှေ့ကာ မကာ ဖြင့် အထဲဝင် အပြင်ထွက် အလုပ် များနေသည့် မခင်မြင့် က ဖြတ်ကနဲ အေးငြိမ်း တို့ အိမ်ပေါ်သို့ လှမ်း ကြည့်လိုက်၏ ။ 


သူ့ ကို မမှိတ်မသုန် စူးစူးရဲရဲကြီး ကြည့် နေသည့် အေးငြိမ်း အကြည့် နှင့် ဆုံသော် မျက်နှာ ပျက်သွား၏ ၊ ချက်ချင်း မျက်နှာ လွှဲ ကာ အိမ် ထဲသို့ သုတ်သုတ်ကြီး ဝင် သွားတော့၏ ။


“ ဟင်း သူ သိတယ် ၊ သူ မဟုတ်တာ လုပ်ထားတာ သိမှန်း သူ သိတယ် ၊ မိန်းမ ကို က ရိုးပုံရိုးလက် နဲ့ လည် လိုက်တာ ၊ ငါးကျပ် တစ်ဆယ် နဲ့ အယုံသွင်းပြီး တစ်ထောင် ကိုးရာ ကျတော့ အပိုင် တွယ် သွားတာ မိန်းမလည် ပဲ ”  


ညနေ မောင် ရုံး က ပြန်လာတော့ ဝရန်တာ ကို ခေါ်ခဲ့ပြီး မခင်မြင့် တို့ အိမ် လက်ညှိုးထိုး ပြ လိုက်မိ၏ ။ 


“ ဟိုမှာလေ ၊ အေး တို့ ပိုက်ဆံတွေ နဲ့ အိမ်အသစ် မိုးထားတာ ဟင်း သူ ကတော့ အဘက်ဘက် က ကို စမတ် ကျနေတာပဲ ”  


မောင် က တစ်ချက် သာ လှမ်း ကြည့်ပြီး အေး မျက်နှာ ကို ပြန် ကြည့်သည် ။ အေး ရင် ထဲက ဒေါသတွေ မောဟတွေ ကို မြင် လိုက်ဟန် တူသည် ။ အေးငြိမ်း လက် ကို ဆွဲကာ အိမ် ထဲ ခေါ်ခဲ့ပြီး -


“ ဒီမှာ အေး ၊ လွန်တာက လွန်ခဲ့ပြီ ၊ စိတ် ပြတ်လိုက်ပါတော့ ။ ကိုယ် ညံ့လို့ ကိုယ် ခံရတာပဲ မဟုတ်ဘူးလား ”  


“ အို အေး က သူ့ ကို ယုံ မိလို့ပါ ။ ဒီလို လုပ်လိမ့်မယ်လဲ မထင်ခဲ့ မိလို့ပါ ၊ အေး တို့ ကျေးဇူးတွေလဲ သူ့ အပေါ်မှာ အများကြီး ရှိခဲ့တာ မဟုတ်လား ”  


“ ကဲ တော်ပါပြီလေ ၊ ဘယ်လောက်မှလဲ ထိခိုက်သွားတာ မဟုတ်ပါဘူး ၊ အေး ကို ကြည့်ရတာ မောင် မောလှတယ် ၊ ဒီကိစ္စ မေ့ ထားလိုက်ပါတော့ ကွာ ၊ သူ့ စေတနာ သူ့ အကျိုးပေး လိမ့်မယ် ၊ ဟုတ်ပြီလား အေး ၊ ပြီးတော့ မောင်တို့ ချွေးနှဲစာနဲ့ ကုပ်ကုပ်ကပ်ကပ် စုထားခဲ့တဲ့ ပိုက်ဆံ က တစ်ဘက် ဆင်းရဲ သူ ရဲ့ စားဝတ်နေရေး ကို တန်ဖိုးရှိရှိ ဖြေရှင်းပေး နေနိုင်တာ ကို ကြည့်ပြီး စိတ် ကို ဖြေ ပေါ့ ၊ ဒါလဲ အလှူအတန်း တစ်ခု ပဲ မဟုတ်လား အေး ရဲ့ ၊ မခင်မြင့် က သာ သူ့ မှာ အကြွေးဆပ်စရာ မရှိလို့  ။ အင်္ကျီဝတ်စရာ မရှိလို့ ၊ စားစရာ မရှိလို့ ငွေတစ်ထောင် လောက် ပေးပါ ဆို အေး ပေးနိုင်မလား ”


“ အို ၊ ဒါကတော့ ”


“ ကဲပါလေ ၊ မောင် ပြောသလိုသာ တွေးပြီး ကိုယ့် အလှူ အတွက် သာဓု ခေါ်လိုက်စမ်းပါ အေး ၊ အင်း ဒီ မိုးရာသီ မှာတော့ မခင်မြင့် တို့ သားအမိတွေ မိုးလုံလေလုံ ဇိမ်ရှိရှိ နဲ့ အိပ်ကြ ရတော့မှာပေါ့ ကွာ ၊ သာဓု သာဓု သာဓု ”   


မောင် က ပြောင်စပ်စပ် ပြောနေဆဲ အိမ်ရှေ့တံခါးခေါက်သံ ကြား၍ သွား ဖွင့် လိုက်တော့ မခင်မြင့် ။


“  ဪ ... ”


အံ့ဩလွန်းသဖြင့် သည် တစ်ခွန်းသာ ပြောနိုင်ပြီး ကြောင် ရပ် နေမိသည် ။ မခင်မြင့် က အေးငြိမ်း မျက်နှာ ကို တစ်လှည့် ၊ မောင့် မျက်နှာ ကို တစ်လှည့် မျက်နှာသေလေး နှင့် ကြည့် နေသည် ။ 


“ မခင်မြင့် အိမ်ထဲ ဝင်ပါဦး ”


မောင် က ဣန္ဒြေ မပျက် နှုတ်ဆက် ဖိတ်ခေါ်လိုက်၏ ။ 


မခင်မြင့် မျက်နှာ လွှဲရင်း သူ့ စကား ကို စ သည် ။ 


“ ကျွန်မတို့ အိမ် မိုးတာ အေး တစ်နေ့ လုံး ထွက် ကြည့် နေတာ ကျွန်မ မြင် ပါတယ် ၊ ခုန ကိုကျော်ထွန်း ရုံး က ပြန်လာတာ ဝရန်တာ ကနေ ရပ် ကြည့် နေတာလဲ ကျွန်မ မြင်ပါတယ် ၊ တစ်နေ့ က ချောစု ကို ပြော လိုက်တဲ့ စကား အဓိပ္ပာယ် ကိုလဲ ကျွန်မ နားလည်ပါတယ် ၊ တကယ်တော့ အေး တို့ဟာ ကျွန်မ ကျေးဇူး ရှင်တွေ ပါ ၊ ဒီ ကျေးဇူးရှင်တွေ ကို ကျွန်မ လှည့်စားမိခဲ့ တာ တွေးတိုင်း စိတ်မကောင်း ... ကောင်းပါဘူး ”  


မမျှော်လင့်ဘဲ ဝန်ခံစကား ကြား လိုက်ရသဖြင့် အေးငြိမ်း တို့ မှင်တက်မိ သွားတော့သည် ။


“ အေး ဆီက ယူသွားတဲ့ ပိုက်ဆံတွေ ကျွန်မ ပြန် ရှာပေးပါ မယ် ၊ အေး ကျွန်မ ကို မြင်တိုင်း ကြည့်တဲ့ အကြည့် ကို ကျွန်မ ဆက် မခံနိုင်တော့ဘူး ၊ ကျွန်မ နဲ့ တွေ့  တိုင်း ပြောတဲ့ စကားတွေ ရဲ့ ဒဏ် ကို ကျွန်မ ဆက် မခံနိုင်တော့ဘူး ၊ ကျွန်မ ကို ခွင့် ခွင့်လွှတ်ပါ အေး ရယ် ”  


အေးငြိမ်း စကား မဆိုနိုင်တော့ ။ သူ့ ရှေ့ တွင် ရပ်နေသည့် မမခင်မြင့် ၏ ရုပ်ပုံ ကို ပင် ကြည်ကြည်လင်လင် မမြင်နိုင်တော့ ။ အေးငြိမ်း မျက်လုံးများ ကို မျက်ရည် ဖုံးခဲ့ပြီတည်း ။  


“ ကိစ္စ မရှိပါဘူး မမခင်မြင့် ရယ် ၊ အရင် ကတော့ အေး တကယ့် ကို စိတ် အနှောင့်အယှက် ဖြစ်ခဲ့ ပါတယ် ။ ခုတော့ အေး ကျေနပ်ပါပြီ ၊ အေးတို့ ငွေတွေ ပြန် ပေးစရာလို့ မလိုပါဘူး ၊ မမခင်မြင့် လိုတာ သုံးပါတော့ ၊ အေး စေတနာ ပြတ်ပါတယ် ”  


      •••   •••   •••   •••  


အဖြစ်ကတော့ ဒါပါပဲ မိစု ရဲ့ ၊ အေး အဖြစ်က ယာဂုထမနဲ အိုးကြီး ကွဲ ခါမှ စွန့်ကြဲ လှူဒါန်း လိုက်ရတဲ့ အဖြစ်ပါပဲ ၊ ခုတော့ ဝေဒနာ ကို စေတနာ အဖြစ် ပြောင်းလဲ ပစ်တတ်တဲ့ အမြတ် တစ်ခုတော့ ရ လိုက်ပါပြီ ။ ဒါပေမယ့် မိစု ဆီ က စာ ရတော့ အေး အဖြစ် ကို တွေးပြီး မချိပြုံးလေးတော့ ပြုံး လိုက်မိပါသေးတယ် ။ မိစု မှာ တဲ့ အစိမ်းကလေး ကို တော့ အေး တာဝန် မခံရဲဘူး ဆိုရင် သဘောပေါက်ကျေနပ်လိမ့်မယ် ထင်ပါတယ် နော် ”   


သူငယ်ချင်း မိစု ထံ အေးငြိမ်း သည်သို့ပင် စာပြန် ဖြစ်ခဲ့ ပါ၏ ။


◾ကြူကြူသင်း


📖 ငွေတာရီ မဂ္ဂဇင်း 

      ၁၉၇၇ ခု ၊ သြဂုတ်လ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment