ဥဩပျို သံချိုနှောခဲ့ပြီ ဖြစ်သည့် အတွက် မန်ကျည်းရွက်နုထွက်ရန် ပုရစ်ဖူး ကိုယ်စီဖြင့် အရိုးပြိုင်းပြိုင်း ထနေသော အကိုင်းအခက် တို့ကို တန်ဆာ ဆင်လာပေပြီ ။ တောင်ဥယျာဉ်တော် အတွင်းမူ သပြေငုတ် တို့ သည် သပြေညိုတက် တလူလူ နှင့် အညွှန့်အတက် တို့ ထွက်လာသည်ကိုလည်း တွေ့ရပေပြီ ။ ဥဩသံ ကူနှောချက် ကို အကျွန် လည်း နာခံရင်း မင်းတရားကြီးဘုရား ကို ဆေးတော် ဆက်ခဲ့သည်မှာ ငါးရက် ပင် ရှိလာကြောင်း အမှတ်ရမိပါတော့သည် ။ ဆေးတော်ဆက်ပြီး ငါးရက် အတွင်း မင်းတရားကြီးဘုရား ၏ ရောဂါတော်မှာ ရေ တွေ့သော ကြာ ကဲ့သို့ ပြန်လည် လန်းဆန်း စိုပြေစ ပြုလာပေပြီ ။
ဘဝရှင်မင်းတရားကြီးဘုရား နှစ်ခြိုက်စွာ စက်တော်ခေါ်နေရာမှ စီးချက်မှန်မှန် ထွက်ပေါ်လာသော ဟောက်သံ ကို နာခံရင်း အကျွန့် အတွေး တို့မှာ ပျံ့လွင့်နေပါလေသည် ။
သည်ကနေ့ ငခဲ ဆက်သမည့် ဆေးတော်အသစ် မှာ ကနောင် အိမ်ရှေ့စံကိုယ်တော် အား မပြတ် ဆက်သနေရသည့် ဆေးတော် ဖြစ်ကြောင်း သိရှိရပေသည် ။ ယခုအကြိမ် ဆေးတော် အစုသွားရာတွင် ငခဲ တို့ တသိုက် သက်စွန့်ဆံဖျား စွန့်စားမှု ကို အမှတ်မထင် တွေ့ကြုံရပုံကို ငခဲ ပြန်လည် ပြောပြသဖြင့် နားထောင်ရသော အကျွန် ပင် ကြက်သီးထမိပါသည် ။
ငခဲ နှင့် တပည့်ပေါင်း ၁၅ ယောက် တို့ မှာ လမိုင်းတော အတွင်းမှ အလို ရှိသော ဘယဆေးများ ကို ရှာဖွေ စုဆောင်းကြပြီးသည့် နောက် ဆေးတော်တွင် ပါဝင်သည့် ကျောက်သွေး ရယူနိုင်ရန် လမိုင်းတော မှ အရှေ့စူးစူး သို့ ခရီးဆက်ကြပါသည် ။ တောင်ပေါ် အတက် ပြင်ဦးလွင် မရောက်မှီ သုံးတိုင် လောက် အလိုတွင် ကျောက်ချပ် ကျောက်လွှာတို့ အကြားမှ ယိုစီးကြလာသော ကျောက်သွေး (ကျောက်ဆီ ၊ ကျောက်နှစ် ကို ခေါ်ပါသည် ။ ) များ တွေ့ ရှိ၍ ဝါးကျည်တောက်များ ပြုလုပ် ထည့်သိုနေဆဲ ငခဲ ၏ တပည့် ဖိုးမှင် အော်သံ ကြားကြရသည့်အတွက် အနီးဆုံး လူများ ဖြစ်ကြသော ငခဲ နှင့် ငပေါက် တို့ ဖိုးမှင် ရှိရာသို့ အရောက် ပြေးကြပါသည် ။
ငခဲ တို့ ရောက်ရှိချိန် တွင် ဖိုးမှင် နှင့် ဝက်ဝံကြီး တကောင် တို့ သူ တပြန် ၊ ငါ တပြန် သတ်ပုတ်နေသည် ကို တွေ့ကြရပါသည် ။ ငခဲ လည်း ငှက်ကြီးတောင် ဓါး ဖြင့် ဝက်ဝံ ကို ခုတ်ပိုင်း ရန် ဓါးမိုး ၍ အသင့်ပြင်ထားသော်လည်း ဖိုးမှင် မှာ ဗလကောင်းသူ ဖြစ်၍ ဝံ တပြန် ၊ ဖိုးမှင် တပြန် ဖြစ်နေသည့် အတွက် ဓါး ဖြင့် ခုတ်ပိုင်းရန် အခွင့် မသာနိုင်ခဲ့ပါ ။ အတန်ကြာ မှ ဖိုးမှင် အောက် အရောက် ငခဲ ၏ ဓါးချက်ဖြင့် လင်္ကျာနံတောင်း မှ လက်ဝဲနံတောင်း ကို ထိုးဖောက်နိုင်ခဲ့သည်ဟု ပြောပါသည် ။
ဝံ ကုတ် သည့် ဒဏ်ချက်ဖြင့် ဖိုးမှင် မျက်လုံး တဖက် ထွက်သွားပါသည် ။ ရှားပါး၍ ရခဲလှသော
ဝံ သည်းချေ နှင့် ဖိုးမှင် မျက်စိ တဖက် လဲလှယ် ယူရ သလို ဖြစ်နေသောကြောင့် မင်းတရားကြီးဘုရား
ကျန်းခန့်တော် မူလာပါလျှင် ဂရုဏာတော်သက်၍ ဆုတော် ၊ လာဘ်တော် ရရှိလေအောင် ဆောင်ရွက်ပေးဖို့
ငခဲ က အကျွန့် အား မှာထားခဲ့ပါသည် ။ အရှင် တို့ အကျိုး ကို သက်စွန့်ကြိုးပမ်း ထမ်းရွက်သူများ ကို
မြှောက်စားလေ့ ရှိသော မင်းတရားကြီးဘုရား အကြောင်း ကို ကောင်းစွာ သိရှိသော အကျွန် မှာ ဖိုးမှင် အတွက် ဆောင်ရွက်ပေးရန် သဘောတူလိုက်ပါသည် ။
ငခဲ ဆက်သမည့် ဆေးတော် သည် ခက်ခက်ခဲခဲ စုဆောင်းရသလောက် တန်ခိုးအာနိသင် ထက်မျက်လှပါသည် ။ ၎င်း ဆေးတော် အကြောင်း ကို နောင်တွင် လှိုင်ထိပ်ခေါင်တင် အိမ်ရှေ့စံမိဖုရား သိရှိသွားပြီးနောက် သမားတော် ငခဲ ကို ခေါ်ယူ ကြိမ်းမောင်းရင်း သမားတော်ကြီး ဆေးတော် အစွမ်းကြောင့် “ စိန်ခြူးကြာညောင် ” ဘောလယ် ဖြစ်လာရကြောင်း ညည်းတော် မူသဖြင့် သူ့ ဆေးတော်ကို “ စိန်ခြူးကြာညောင် ဆေးတော် ” ဟု အမည် မှည့်ထားကြောင်း တိတ်တခိုး ငခဲ က ပြောခဲ့သည့် အတွက် အကျွန် တို့ နှစ်ယောက် တသောသော ရယ်ရပါသေးသည် ။
မင်းတရားကြီးဘုရား ယခု ခံစားနေရသော ဝေဒနာ နှင့် ပတ်သတ်၍ အကျွန့် အား ငခဲ က အပြင်းအထန် ကြိမ်းမောင်းခြင်း ကို ခံခဲ့ရပေသည် ။ သူ့ ကိုသာ တင်ကြို တင်ကူး အသိပေးခဲ့လျှင် ရွှေနန်းရှင်လည်း စိတ်ပျို ၊ ကိုယ်နုစေရမည့် အပြင် မင်းတရားကြီးဘုရား ၏ မိဖုရားများ အားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ အလိုတော်ကျစေရမည် ဟု ပင် ဆိုခဲ့ပါသေးသည် ။ သစ်ဆိမ့်မိဖုရား အမှုကိစ္စမျိုး ပင် မပေါ်ပေါက်နိုင်ကြောင်း ငခဲ က ရဲရဲကြီးပင် အာမခံခဲ့ပါသည် ။ သူ ၏ ဆေးစွမ်း မည်မျှ ထက်မျက်သည် ကို အကျွန့် ကိုယ်တွေ့ မရှိရသေးသော်လည်း ကနောင်အိမ်ရှေ့စံကိုယ်တော်ကြီး သန်စွမ်းကြောင်းတော့ ပြည်ကြီး ပျော်ဘွယ် အရပ်မှ ဂေါင်းမ မိစပ် ပြောဘူး၍ သိခဲ့ရပေသည် ။ ကနောင်မင်းသားကြီး အား “ အာဂယောက်ျားပါလား ” ဟု မှတ်ထင်ခဲ့သော်လည်း ယခုမှပင် ငခဲ ဆေးစွမ်းကြောင့်ကိုး ဟု နားလည်လာပါတော့သည် ။
တတို့တဆိတ် ကို တအိတ်လုပ် ပြောကြသည်မှာ လူတို့ ၏ သဘာဝပင် ဖြစ်ချိမ့်မည်ထင်ပါသည် ။
တိုင်းတားမင်းကြီး ဦးဖိုး သည် ယမန်နေ့ကပင် အကျွန့်အား မင်းတရားကြီးဘုရား သည် မြို့တော်မြောက်ပါး က ဖျဉ်းညီနောင် နတ်ကွန်း ကို ဖျက်ဆီးပစ်လိုက်သည့် အတွက် ဖျဉ်းညီနောင် စိတ်တော် ခု၍ ဖမ်းစားသောကြောင့် စိတ်တော် ကယောင်ချောက်ခြား ဖြစ်သွားရကြောင်း ၊ ယခု တောင်နန်းဒေဝီ အမိန့်တော်ဖြင့် သူ ကိုယ်တိုင် ဦးစီး ကြီးကြပ်၍ ကန်ပိုင်ရွာ တွင် ကြီးမား ခန့်ညားသော နတ်ကွန်း အသစ် ဆောက်လုပ်ပေးလိုက် သဖြင့် ကိုယ်တော်ကြီး ရောဂါမှာ ပိန်းကြာဖက်ပေါ် ရေမတင် လျှောကျဘိ သကဲ့သို့ ရှိလာကြောင်း အကျွန့် အား အမြှပ် ထွက် မတတ် လာပြောပါလေသည် ။ အကျွန် လည်း မရယ်မိစေရန် မနည်း အောင့်အီး သီးခံနားထောင်ရင်း အကျွန် ကပင် သဟာကြောင့် လွန်ခဲ့သော ရက် ၊ သီတင်းတပတ် လောက်က ကျားဟိန်းသံ ကြားနေရသည် ထင်မိကြောင်း ခပ်ဖျောဖျော ပြောလိုက်ရာ ... ၊ “ ဟုတ်ပဗျာ ၊ ဟုတ်ပေမဗျ ... ” ဟု ခေါင်း တညိမ့်ညိမ့် ၊ လည် တခါခါနှင့် အကျွန့် အပါးမှ ထွက်သွားပါသည် ။ အကျွန် လည်း ရယ်ချင်သော ထို စိတ်ကို မျိုသိပ်ရင်း ရွှေပြည်မင်းကြီး ဦးဖိုးလှိုင် ကို တိုးတိုးတွတ်တွတ် နှင့် ကောလဟာလ သတင်းတွေ ကို အရင်းအတိုင်း ဖြန့်ချီတော်မူနေသော တိုင်းတားမင်းကြီး ကို ကြည့်ရင်း နောင်ရေး ကို တွေးတောမိပါသည် ။
အကျွန် တို့ လုပ်ကြံခဲ့သော ထိုးဇတ် ကို နောင်သောအခါ ကာလတွင် လူ အများတို့ ၏ ပါးစပ်ဖျားဝယ် “ နတ်ကွန်း ကို နတ်သက် ကြွေပြီ ” ဟု အမိန့်တော် မှတ်၍ ဖျက်ဆီးခဲ့ခြင်းကြောင့် ရွှေဖျင်းညီနောင် က မင်းတရားကြီးဘုရား ကို စိတ်တော် ကွက်၍ ဖမ်းစားသည် ။ ရွှေဖျင်းညီနောင် ဖမ်းစားသည့် အတွက် မင်းတရားကြီးဘုရား စိတ်တော် ချောက်ခြားရသည် ။ စီးတော်ကျား ဖြင့်လည်း မြို့ပြင် အပမှ လာရောက် တောင်းဆိုသောကြောင့် နတ်ကွန်း အသစ် ဆောက်ပေးတော် မူလိုက် မှ စီးတော်ကျား အသံလည်း ပျောက် ၊ ကိုယ်တော်ကြီးဘုရား မှာလည်း ကျန်းမာ ပကတိ ချမ်းသာစွာ ရှိသွားကြောင်း ... ရှေးဟောင်း ဒဏ္ဍာရီ ပုံပြင် သဖွယ် ပြောဆိုကြမည် ကို အကျွန် တွေးမိ၍ ရယ်သွမ်းအကြိမ်ကြိမ် သွေးရပါသည် ။
နန်းတွင်း သို့ ငခဲ ရောက်ရှိလာချိန် မင်းတရားကြီးဘုရား နိုးတော်မူလာပါလေသည် ။ ဆေးတော် မဆက်မှီ က မင်းတရားကြီးဘုရား သည် နေထန်းတဖျား အချိန် ရောက်အောင် တကြိမ်တခါ မှ စက်တော်ခေါ်ဖူးသည် ဟု မရှိခဲ့ပါ ။ မျက်နှာသစ်တော် ရေချတော်မူပြီးသည့် နောက် မင်းတရားကြီးဘုရား အား ဆက်သရမည့် ဆေးတော်သစ် ကို ငခဲ က အကျွန့် လက်ဝယ်သို့ ပေးအပ်ပါလေသည် ။ ဆေးသုံးရန် အညွှန်းကိုလည်း ပြောပါသည် ။ ပထမ သုံးရက် အတွင်း ဆေး ကို ဇီးကင်းခန့် နံနက် နေ့ - ည တို့တွင် တကြိမ် ကျစီ ရေအေး နှင့် သောက်တော်မူစေရမည် ။ ဒုတိယ သုံးရက် တွင် နံနက် - ည တို့တွင် တကြိမ်ကျ အိပ်ရာဝင် အိပ်ရာထ ပေးဆက်တော် မူရမည် ။ဒုတိယ သုံးရက် လွန်မြောက်ပြီးနောက် နောက်ပိုင်း ရက်များတွင် တနေ့လျှင် တကြိမ်ကျ နေ့ခင်းပိုင်း သို့မဟုတ် ညဦးပိုင်း တွင် သောက်သုံးတော် မူနိုင်ကြောင်း ရှင်းလင်း ပြောပြနေပါသည် ။ နေ့စဉ်မှန်မှန် တကြိမ်ကျ မှီဝဲသုံးဆောင်နေသမျှ ကာလပတ်လုံး စိတ်ပျိုကိုယ်နု ၍ လောက စည်းစိမ် ကို ငြီးငွေ့သည့် တိုင်အောင် ခံစားနိုင်ကြောင်း အကျွန့် အား အကျယ်တဝင့် ရှင်းလင်းပြပါသည် ။
မင်းတရားကြီးဘုရား နံနက်စာ စားအပြီး အချိုပွဲ တည်တော်မူနေစဉ် မလှမ်းမကမ်းမှ ခစားနေသော အကျွန် တို့ နှစ်ယောက် ကို မြင်တွေ့၍ အနား တိုး ၍ ခစားရန် အချက်ပြလိုက်သည် ။ အကျွန် လည်း ရှေ့သို့ တိုးကပ်ခါ ငခဲ ပေးအပ်ထားသော အစ် ကို ပြသရင်း လျှောက်တင်ပါသည် ။
“ မှန်လှပါ ... သမားတော်ကြီး ငခဲ က ယနေ့ ဆေးတော် အသစ် ဆက်သတော် မူကြောင်းပါ ဘဝရှင် မင်းတရားကြီးဘုရား ”
“ ဟဲ့ ... ငခဲ ရဲ့ ။ နင် ဆက်သသည့် ဆေးတော် နဲ့ ငါ ကိုယ်တော်မြတ် ကျန်းခန့်တော် မူလာတာ ကို ဘသို့ကြောင့် ဆေးတော် အသစ် ဆက်သရသည်လဲ ။ ငါ ကိုယ်တော်မြတ် စားလို့လဲ မြိန်တော်မူသဗျ ။ အိပ်စက်လို့လဲ ပျော်တော်မူသဗျ ”
“ မှန်လှပါ ။ ယခု ဆက်သသော ဆေးတော်အသစ် မှာ ကျန်းခန့်တော်မူသသူများ သာ သုံးဆောင် မှီဝဲရသည် ဖြစ်၍ ဘဝရှင် မင်းတရားကြီးဘုရား အတွက် ဆေးတော်သစ် အဖြစ် လဲလှယ် ပေးဆက်ရခြင်းပါ ဘုရား ”
“ အသို့သော အာနိသင် ရှိပေသလဲ ... သမားတော် ငခဲ ရဲ့ ”
“ ဤ ဆေးတော် သည် မြတ်စွာဘုရားသခင် လက်ထက်တော် အခါကတည်း က ရှိနေခဲ့ပြီး သမားတော်ကြီး ဇီဝက က ဖော်စပ်တော်မူခဲ့ခြင်း ဖြစ်ပါသည် ဘုရား ။ မဇ္ဈိမဒေသ အာယုဒ ဆေးကျမ်း မှ ဆင်းသက်လာဟန် တူ၍ မဟာသာကီဝင် မင်းမျိုးအနွယ် တို့ လက်စွဲကျော် ဆေးတော် တလက်လည်း ဖြစ်ခဲ့ပါသည် ဘုရား ။ မဇ္ဈိမတိုင်း ကို အုပ်ချုပ်မင်းလုပ် ခဲ့သော သမတမင်း မှ အစဉ်အဆက် ဆင်းသက်လာခဲ့သော မင်းအပေါင်း တို့ လက်မလွတ်စေဘဲ သုံးစွဲလာခဲ့ကြသည့် ရွှေနန်းဆက်ဆေးတော် ဖြစ်ပါသည် မင်းတရားကြီးဘုရား ”
“ အလို ... ငခဲ ရဲ့ဆေးတော်ဟာ သည်လောက် ကြီးကျယ်နေပါရက် နဲ့ ငါ ကိုယ်တော်မြတ်ကို အစ ကနဦး
ကတည်းက ဘဇာကြောင့် မဆက်သရသနည်း ”
မင်းတရားကြီးဘုရား က ရွှင်ပြုံးသော မျက်နှာတော် နှင့် ရယ်သွမ်းသွေးသလို မိန့်တော်မူသည်ကြောင့် အကျွန် ကပင် ငခဲ ကိုယ်စား တင်လျှောက်လိုက်ပါသည် ။
“ မှန်လှပါ ... မင်းတရားကြီးဘုရား နှင့် မိဖုရားခေါင်ကြီးများ ကပါ “ ခုံတော် ပျိုမှ ၊ သမား အိုမှ ” ဟု စွဲမှတ်ယုံကြည်နေတော် မူကြပါသဖြင့် သည်ဆေးတော်ကို မဆက်သဝံ့တော့ပါ ဘုရား ။ ညီတော် ကနောင် အိမ်ရှေ့စံကိုယ်တော်ကြီး ကိုသာ ဆက်သခဲ့ရသည် ဟု ကျွန်တော်မျိုးကြီး အား သမားတော် ငခဲ ပြောခဲ့ဖူးကြောင်းပါ ဘုရား”
“ ဟုတ်ပေသဗျ ။ ငါ ကိုယ်တော်တိုင် ကပင် သမားတော် ငခဲ အား အထင်သေးမိသဗျ ။ နင့် ဆေးတော် ထက်မြက်ရိုး မှန်ရန်တော့ နင့် ကို ချီးမြှင့်မြှောက်စားတော် မူမဗျား ။ ညီညီ ကလဲ သည်ဆေးတော် ကောင်းကြောင်း ငါ့ ကို ပြောသင့်ပေသဗျ ”
“ ကျွန်တော်မျိုးကြီး အသက်ပေး၍ လျှောက်တင်ဝံ့ပါသည် ဘုရား ။ ဤ ဆေးတော် သည် စံနစ်တကျ အသုံးပြုခဲ့ပါလျှင် သုံး သူ မှာ အကျိုးထူး ခံစားရမည်မှာ မြေကြီးလက်ခတ်မလွဲ နိုင်သလို မှန်ကန်လှကြောင်းပါ ဘုရား ။ ဆေးတော် ကို ပိုမို မသုံးစွဲမိစေရန် သတိတော် ဆက်ရပါမည် ဘုရား ”
“ အိမ်း .... ပိုမို သုံးစွဲမိသော် အသို့သော အပြစ် ကို ဖြစ်တော်မူတတ်ပေသလဲ ငခဲ ရဲ့”
“ တန်ဆေး ၊ လွန်ဘေး ” ဆိုသည့် အတိုင်း ဘေးတွေ့တတ်ပါသည် ဘုရား ။ မည်သည့် ဘေးရန်မျိုး တွေ့နိုင်ကြောင်း ကိုတော့ အတိအကျ တင်လျှောက်ရန် ခက်လှကြောင်းပါ မင်းတရားကြီးဘုရား”
သမားတော်ကြီး ငခဲ ၏ ဆေးတော် ဆက်သကြပြီးသည့်နောက် ဘဝရှင် မင်းတရားကြီးဘုရား အား ခြေတော်
ဦးခိုက်ပြီး နောက် မှန်နန်းဆောင်တော် မှ အကျွန် တို့ နှစ်ယောက် ပြန်ထွက်လာခဲ့ကြပါလေသည် ။
အကျွန် ကပင် စတင်၍ “ ကိုရင် ငခဲ ။ သည် ဆေးတော် ကို အသုံးများရင် ဘယ်လို ဝေဒနာမျိုး
ခံစားရတတ်သည်လဲဗျ ”
“ ကျုပ် ကိုယ်တိုင်လည်း ဆေးမှီဝဲ သူ ဖြစ်နေပေမဲ့ ဘေးဖြစ်တတ်သယ် ဆိုသည်ကြောင့် ကျုပ် တခါမှ
ပို မစားခဲ့ဖူးလို့ မသိဘူးပ ။ ကနောင် အိမ်ရှေ့စံ ကိုယ်တော်ကြီး ကတော့ ဆေး ပို စားမိတာကြောင့်
သူ လဲ အိပ် မရဘူး ... သူ့ မိဖုရားလေး လဲ ငိုယိုတော် မူရတဲ့ အပြင် သုံးရက်လောက် လမ်း မလျှောက်နိုင်အောင်
ဖြစ်ရသယ် လို့ ပြောတော် မူဖူးတာဘဲ ငမောင်ကြီး ရ ”
“ သည်လောက် ကောင်းသည့် ဆေးစွမ်း လက်ကိုင်ပြုပြီး ကိုရင် ငခဲ က မိန်းမတွေ သောက်ရမ်း ယူသာ ထင်ပ ။ ကျုပ်တို့ ကို သည် ဆေး မပေးပဲ ကျိတ်စားတဲ့ ငခဲ ကိုတော့ ကျုပ် ထောင်းချင်လှဗျ ”
“ ကျုပ် ကို အထင်မလွဲပါနဲ့ ငမောင်ကြီး ရာ ။ စကားမစပ် မိနိုင်ကြသဟာကြောင့်ပါ ။ ကိုယ့် လူ လိုချင်သပဆိုရင် အချိန်မရွေး ရနိုင်ပါသယ် ” ဟု ရယ်မောပြောဆိုရင်း နှုတ်ဆက်၍ ရွှေနန်းတော်ကြီး မှ ထွက်ခွာသွားပါသည် ။ ငခဲ မြင်းခွာသံ စဲလေတော့မှ အကျွန် လည်း ရွှေနန်းတော်ကြီး အတွင်း ပြန်ဝင်ခဲ့ပါလေသည် ။
ပိတောက်တွေ ရွှေရည်လူး၍ အတာလည်း ကူးခဲ့ပေပြီ ။ ရွက်နုရွက်သစ်တို့ဖြင့် စိမ်းလန်း စိုပြေလာသော ဩကာသလောက ၏ ကြည်နူးဖွယ်သော အပြောင်းအလွဲလေး တို့သည် ရွှေနန်းတော်ကြီး ဆီ သို့ စိုးမိုးလာပါလေတော့သည် ။ မင်းတရားကြီးဘုရား လည်း ကျန်းမာတော် မူရုံမျှ မကတော့ပဲ ငခဲ ဆက်သော ဆေးတော် ကြောင့် စိတ်သွားတိုင်း ကိုယ်ပါ လိုရာ ရောက်နေသဖြင့် မော် တပြုံးပြုံး ပျော် မဆုံးအောင်
ရှိနေပါလေသည် ။ အကျွန် ဟိုစဉ်က ထိန်းသိမ်းပေးရသည့် ဆောင်တော်ကူးမှတ်တမ်း တွင် တည လျှင် တစ်ဆောင် ကျ ကူးပြောင်းရမည့် အစား ၊ တည ကို နှစ်ဆောင် ကျ ကူးပြောင်းရန် အမိန့်တော် အသစ်ကြောင့် စာရင်းထပ်မံ အသစ် ပြုလုပ်ပေးရ ပါလေသည် ။ အကျွန် ပင်းတလဲ ပြန်စဉ် အခိုက်အတန့်အတွင်း အဆောင်တော်ကူးရန် အလှည့်ကျ စောင့်ရသည်ကို အလှမ်းဝေးလှချည့်ရဲ့ ဟု ညည်းညူတော်မူကြသော မိဖုရား များ အဆောင်တော် ကို အလှည့် ပို အနေဖြင့် မင်းတရားကြီးဘုရား မှာ ရက်တပတ် တသီတင်းမျှ အဆောင်တော် များ ဆက်လက် ကူးရသောကြောင့် ကိုယ်တော် တွင် ကာမအင်အား ညှိုးနွမ်းပင်ပန်းတော်မူသည့် ရောဂါတော် စွဲကပ်လာပါသည် ။
သမားတော် ငခဲ ၏ ဆေးတော် သည် မှတ်ကျောက် အတင်ခံနိုင်လောက်အောင် ထက်မြတ်မှန်း မင်းတရားကြီးဘုရား ကိုယ်တော်တိုင် စမ်းသပ်တွေ့ရှိရ၍ ယုံကြည်စိတ်များ တိုးတက်လာပါသည် ။ သို့ဖြစ်၍ ဆောင်တော်ကူးမှတ်တမ်း ကို တည လျှင် တဆောင် မှ တည လျှင် နှစ်ဆောင် ကျ ကူးသန်းရန် ပြင်ဆင်ရေးဆွဲ ပေးဆက်ရခြင်း ဖြစ်ပါသည် ။
သမားတော် ငခဲအား လည်း ဆေးဝါးထက်မြတ်သည့် အကျိုးအားကြောင့် ပညာသိဒ္ဓိဘွဲ့ ( ထိုဘွဲ့သည် ယခုခေတ် သိုးဆောင်းဆေးပညာ M.R.C.P ဘွဲ့မျိုးဖြစ်ပါသည် ။ ) ကို မကြာမှီကပင် ရွှေလွှတ်တော်ကြီး အတွင်း အခမ်းအနားဖြင့် အပ်နှင်းခြင်း ခံခဲ့ရပေသည် ။ ငခဲ ကြောင့် အသက်အရွယ် ကြီးရင့်ကြသော သမားတော်ကြီးများ ဖြစ်သော ဦးဘဲ ၊ ဦးစံဝင်း ၊ ဦးရှင် ၊ ဦးစာ ၊ ဦးနက် ၊ ဦးမှိုင်း ၊ ဦးမိတ် ၊ ဦးတူ တို့ ရှစ်ဦး စလုံးတို့မှာ မျက်စိ ၊ မျက်နှာ မလှကြပါပေ ။ ဦးပေါ တစ်ယောက်ပင် ငခဲ နှင့် မတိမ်းမယိမ်းအရွယ် လူငယ်ပိုင်း တွင် ရှိသူမို့ မကျေနပ်ဟန် မပြကြောင်း သိရပါသည် ။
သူတို့ အားလုံးပေါင်း ငခဲ ပါ ၁ဝ ဦး စလုံးမှာ မင်းတရားကြီးဘုရား ခန့်အပ်ထားသော ဘိသက္ကိရာဇဘွဲ့ ရ ဘုရင့်သမားတော်ကြီး များ ဖြစ်ကြပါသည် ။ ထိုသူများ အထဲမှ ငခဲ မှာ ဆေးတော်ကောင်း ဆက်သနိုင်သူ ဖြစ်၍ ဘေသဇ္ဇပါရဂူ ထူးချွန်သူအဖြစ် ပညာသိဒ္ဒိဘွဲ့ ချီးမြှင့်ခြင်းခံရပေသည် ။ ထို ဘွဲ့ထူး အပြင် မင်းတရားကြီးဘုရား အမိန့်တော်ဖြင့် အဆောင်နန်းတို့ အတွင်း တံခါး မရှိ ဓါး မရှိ ဝင်ထွက်ခွင့်လည်း ရရှိသွားပေသည် ။
အကျွန့် အနေဖြင့် ဘဝရှင်မင်းတရားကြီးဘုရား ကျန်းခန့်တော် မမူသည့် နေ့မှ စ၍ အိမ်သို့ပင် မပြန်တော့ဘဲ မင်းတရားကြီးဘုရား အနားမှနေ၍ နေ့ညမရွေး အမှုတော်ထမ်းပေးနေပါသည် ။ ယနေ့အဖို့ ကိုယ်တော်လည်း ရွှင်ရွှင်လန်းလန်း ရှိနေတော်မူသဖြင့် အိမ်သို့ပြန်ခွင့်တောင်းမိပါသည် ။ အိမ်ပြန်ခွင့်ပြုသည်၌ ငခဲ ဆက်သသော ဆေးအစ်တော် ကို မင်းတရားကြီးဘုရား လက်ရောက် အပ်နှင်းပြီး ပြန်လာခဲ့ပါသည် ။ အကျွန့် အနေဖြင့် သား ၊ သမီးများ နှင့် ပျော်ရွှင်ချမ်းမြေ့စွာ ၁ဝ ရက် မျှလောက် နေထိုင်ရင်း အချိန်များကို ကုန်လွန်စေခဲ့ပါသည် ။
ထိုမျှ လွန်မြောက်သည့် နောက်ပိုင်းရက် ကျမှ မင်းတရားကြီးဘုရား ထံတော် အပါးသို့ ပြန်လည် ခစားပါသည် ။ မင်းတရားကြီးဘုရား မှာ ခါတိုင်းနေ့များထက်ပင် ပိုမိုနုပျို ရွှင်လန်းနေသည်ဟုပင် ထင်မှတ်မိပါသည် ။ အကျွန် ၏ စိတ်တွင်းမှ မနေနိုင် မထိုင်နိုင်လောက်အောင်ဖြစ်လာခါ မင်းတရားကြီးဘုရား ပြောင်းလွဲလာပုံကို ကြည့်နေတော်မူရင်းကပင် .... “ မင်းတရားကြီးဘုရား ကို ဖူးတွေ့ရသည်မှာ ရွှေစိတ်တော် ကြည်နူး၍ ရွှင်မြူးပုံ ရလှသည် ဟု ဘုရားကျွန်တော်မျိုးကြီး ထင်မိကြောင်းပါဘုရား ” ဟု လျှောက်တင်လိုက်သည် ။
“ ဟုတ်ပေမဗျ ။ ငါ ကိုယ်တော်မြတ်လည်း သွတ်လတ်ပေါ့ပါး ရှိတော်မူလှတယ် ။ ငခဲ ဆက်သသည့် ဆေးတော်သည် ငါ ကိုယ်တော်မြတ် အတွက် မဟာဩသဓ နတ်ဆေးတော်ကြီးတမျှ ထူးခြားသော အကျိုးကို ပေးစွမ်းတယ် မှတ်တယ် ငမောင်ကြီး ရဲ့”
“ ဝမ်းမြောက်လှကြောင်းပါဘုရား ။ တန်ခိုးအာနိသင် ထက်မြက်သော ဆေးတော်များကို စားသုံးသင့်သည် ထက် ပိုမို စားသုံးမိပါလျှင် သမားတော် ငခဲ လျှောက်ထားသကဲ့သို့ တန်ဆေး ၊ လွန်ဘေး ဖြစ်မည် စိုးလှပါသည် ဘုရား”
“ အိမ်း ... ငါ ကိုယ်တော် သတိတော် ဆက်လျက်ပါ ။ တခါတရံ နင် ဆက်သသည်ထက် ပိုမို စားသုံးတော်မူကြည့်ရာ အကျိုးထူး ခံစားရတာကို တွေ့သဗျ ”
“ မှန်လှပါ ။ အတိုင်းအတာထက် မလွန်ကဲမိစေရန် သတိတော် ချပ်သင့်ပါသည် ဘုရား ”
“ သတိတော်ထားရတော် မူပေမည်ပ ။ စားလို့ အရသာထူးသလို အာနိသင်ကလဲ အံ့မခန်း ထက်မြက်ပေတယ် ။ သဟာများကြောင့် ငခဲ ဟာ ငါ့ ကို မဆက်သပဲ နှစ်အတော်ကြာ သိုသိပ်ထားတာ ငါ တွေးကြည့်မိရင် ငခဲ အပေါ် စိတ်ကွက်တော်မူတယ် ငမောင်ကြီး ရဲ့ ”
“ မှန်လှပါဘုရား ။ ငခဲ ကို အပြစ်တော် တင်လျှင် မလျော်ကန်ကြောင်းပါ ဘုရား ။ သမားကောင်းတို့ မည်သည်မှာ ရောဂါ တွေ့မှ ဆေး ပေး ရပါသည် ဘုရား ။ ရောဂါ မသိ အနာ မရှိသသူများအား ဆေးစားရန် လိုက်လံ ပေးနေပါက ကိုယ့်ကိုကိုယ် ဖော် မသူတော်မျိုး ထဲ ပါသွားတတ်သည်မို့ ဆင်ခြင်နေခြင်း ဖြစ်ပါလိမ့်မည် ဘုရား”
“ ငမောင်ကြီး တင်လျှောက်ချက် သည် လျှော်ကန်သင့်မြတ် လှပေတယ်ဗျ ။ ငခဲ ဟာလဲ ငါ ကိုယ်တော်မြတ် ကို စေတနာထားသူ မှန်ပေလိမ့်မယ် ”
ဤသည်တို့ကြောင့် မင်းခစား ယောင်္ကျား ၊ ကမ်းနားသစ်ပင် ဟု ဆိုခဲ့ခြင်း ဖြစ်ပေမည် ။ ဆေးတော်ကောင်း ဆက်သပြန်ပါသော်လည်း အဆက်သ နောက်ကျလေခြင်း ဟု အပြစ်တင်ရှိသလိုလို ဖြစ်နေသော ဘဝရှင် မင်းတရားကြီးဘုရား အား အကျွန် အလျှောက်ကောင်း၍သာ ငခဲ အထောင်း လွတ်ပေတော့သည် ။
အကျွန် ရွှေနန်းတော်ကြီး ထဲ လာရောက် အိပ်စက်ရသည် ဆိုကတည်းက အရှေ့တော်ကြီး ရှိ မှန်နန်းစနုဆောင် ညီလာခံခန်းမ အနောက်ဘက်တွင် တင်းတိမ်ကာရံ၍ အခန်းဖွဲ့ပေးထားပါလေသည် ။
တခုသော ညချမ်းအချိန် အကျွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ် စူးစူးဝါးဝါး ကြောက်လန့်တကြား
မိန်းမအော်သံ တသံ ကြားလိုက်ရသည်မှာ ....
“ ဘဝရှင် မင်းတရားကြီးဘုရား ဘာဖြစ်မှန်း မသိရသည်ကြောင့် ကယ်တော်မူကြပါ ” ဟူ၍ သဉ္ဇာလီညောင်စောင်း ထက်မှ ကြားလိုက်ရပါသည် ။ သည် အသံကြောင့် အကျွန် ၏ ဆောင်ဓါး ကို ဆွဲပြီး အသံထွက်ပေါ်လာရာ အနောက်တော်ကြီး သို့ အရောက် ပြေးသွားမိပါသည် ။ အကျွန် ရောက်ရှိချိန် အနောက်တော်ကြီး အနောက်ဘက်ဆုံး ဆောင်ကူးကြား လမ်းမပေါ်တွင် မင်းတရားကြီးဘုရား ပက်လက်လန် လဲ နေသည်ကို မြင်မိ၍ ထိတ်ကနဲ ဖြစ်သွားမိပါသည် ။ လက်နက်တော် တစ်ခုခု ထိပါး၍ သွေးအိုင်ထဲ လဲနေလေသလော ဟု ထင်မိ၍ ဒရောသောပါး ပြေးသွားပါသည် ။ အသက်ပင် ရဲရဲ မရှူဝံ့လောက်အောင် တုန်လှုပ်ခြောက်ခြားလှပြီး ရင်တဖိုဖို ဖြင့် အနားရောက်အောင် တိုးသွားပြီးမှ မရဲတရဲ ငုံ့ကြည့်မိပါတော့သည် ။ သွေးတစက်တလေ မမြင်ရတော့မှသာ ရဲရဲတင်းတင်း ကြည့်ရဲလာပါသည် ။ မင်းတရားကြီးဘုရား ဖြစ်ပုံ တွေ့ရတော့မှ စိတ်ချသွားကာ အမြှုပ် တစီစီဖြင့် တက်နေသည်ကြောင့် အနှိပ်တော်ဆက်ရန် ဒူးထောက်ထိုင်လိုက်သည် တွင် အနောက်နန်းမတော်ကြီး နှင့် အခြား ကောင်းစွာ မမှတ်မိသော မိဖုရားငယ် နှစ်ပါး ကို လည်း တွေ့ရှိရပါသည် ။
ထို မိဖုရားများ ကို မြင်တွေ့မိတော့မှ ပတ်ဝန်းကျင် ကို အကဲခတ်လိုက်ပါတော့သည် ။ တာဝန်ကျ အိပ်ဖန်တော်သား အတော်များများ လည်း မင်းတရားကြီးဘုရား လဲကျရာ ပတ်ဝန်းကျင် တဝိုက်တွင် စုပြုံဝိုင်းအုံ ဝန်းရံနေမှုကြောင့် လေထွက် ၊ လေဝင်လမ်းများ ပိတ်ဆို့ကာ လှောင်အိုက်လျက် အိုက်စပ်ပူလောင်နေသည် ကို သတိပြုမိပါသည် ။ သို့ဖြစ်သည်ကြောင့် အကျွန် လည်း အနှိပ်တော် မဆက်သေးပဲ အကြံထုတ်၍ မည်ကဲ့သို့ ဆောင်ရွက်သင့်ကြောင်း တွေးယူနေသခိုက် အနောက်နန်းမတော်ကြီးကပင် “ ဟဲ့ ... အိပ်ဖန်တော်သားတွေ သမားတော်ကြီးတွေ ပင့်ချေပါ ။ မင်းတရားကြီးဘုရား ရေတိမ်နစ်ရချေရဲ့ ။ နီးရာ သမားတော်ကြီး ကို အမြန် ပင့်ချေကြပါ ”
ဟူသော အသံကို ကြားရသည်မှ သမားတော်ကြီးများ ပင့်၍ ကုသစေသည်မှာ အသင့်လျော်ဆုံး ဖြစ်မည်ကို အကျွန် လည်း သဘောပေါက်သွားပါသည် ။
“ သမားတော်ကြီး ဦးစံဝင်း နဲ့ သမားတော် ဦးနက် ရဲ့ အိမ်ဟာ ရွှေနန်းတော်ကြီး နဲ့ အနီးဆုံးမို့ သူတို့ နှစ်ဦး ထဲက တဦး ကိုတော့ အမြန်ပြေးပင့်ချေပါ ” အကျွန် စေလွှတ်လိုက်ချိန် အဆုံးတွင် အကျွန့် နောက်နားမှ မိဖုရားငယ် တဦး အသံ ပေါ်ထွက်လာပြီး ။
“ နန်းမတော်ကြီးဘုရား မင်းတရားကြီးဘုရား ဝေဒနာတော် ဟာ ဘယ် သမားတော် ဘယ် အနှိပ်တော် နှင့်မှ
ကုသ၍ ရနိုင်မည် မဟုတ်ကြောင်းပါဘုရား ။ ဘုရား ကျွန်မ ကိုသာ ကုသခွင့်ပြုတော်မူပါ ”
“ ဟယ် ... မိကွန်း ။ နင် တကယ် ပြောသည်လား ”
“ မှန်လှပါ ။ အချိန်တော် လွန်သွားရင် ခက်ပလိမ့်မယ် ဘုရား ။ ဘုရား ကျွန်မ ကိုသာ ကုသခွင့်
ပေးတော်မူပြီး ဘုရားကျွန်မ အလိုရှိတဲ့ ပစ္စည်း မြန်မြန် ရှာပေးတော်မူပါ ”
မိဖုရားငယ် က မင်းတရားကြီးဘုရား ကိုယ်တော်ပေါ်မှ တနေရာ ကို လက်ညှိုးထိုးပြသရင်း နန်းမတော်ကြီး အား တင်လျှောက်နေသည် ကို ကြားမြင်ရသော အကျွန် မှာ နားမလည် သဘောမပေါက်သော်လည်း ရောဂါ ပျောက်ကင်းစေမှု အတွက် အာမခံရဲသော ထိုမိဖုရား တောင်းဆို အလိုရှိသော ပစ္စည်းများ ရှာဖွေပေး၍ မင်းတရားကြီးဘုရား ၏ ရောဂါတော် ကိုသာ အမြန် ကုစားတော် မူစေလိုပါသည် ။ သို့သော် မင်းတရားကြီးဘုရား ၏ အသက်စည်းစိမ် တို့ကို အကျွန် ထက် ပိုမို ချယ်လှယ်နိုင်ခွင့် ရှိသော မိဖုရား တို့ အလယ်မှာ အကျွန် သည် မျက်စိသူငယ် နှင့် ဖြစ်နေရသခိုက် တောင်နန်းမတော် မင်္ဂလာဒေဝီ အဂ္ဂမဟာဒေဝီ မိဖုရားခေါင်ကြီး က .....
“ ဟဲ့ ... ပြောစမ်းပါ မြန်မြန် ... နင် ဘာ အလိုရှိသလဲ .. ရွှေနန်းရှင် မောင်မောင်ဘုရား
ကျန်းဂန်တော် မူဖို့သာ အရေးကြီး သဟဲ့ ”
“ မှန်လှပါ ... ရိုင် လိပ် တလိပ်သာ မြန်မြန် ပေးသနားတော်မူပါ မမဖုရား ” ဟု မိဖုရားလေး ၏ လျှောက်တင်သံ အဆုံး အကျွန် ကပင်
“ ရပါစေမယ် အရှင်မိဖုရား ” ဟု လျှောက်ထား လိုက်ရသည် ။ ထိုမှ တဆက်တည်း “ ဟေ့ .. အိပ်ဖန်တော်မှူး ရိုင်လိပ်တလိပ် ကို ခု အမြန် ယူဆက်စမ်း ... အချိန်နှောင်းလို့ မင်းတရားကြီးဘုရား အတွက် ကြောင့်ကျတော်မူကြရင် နင့် အသက် ကွပ်မျက် မဟဲ့ ”
အကျွန် လည်း ဟိုလူလိုလို ဒီလူလိုလို စောင်းမျောင်းကြိမ်းမောင်းရင်း ရိုင်လိပ် အယူခိုင်းလိုက်ပါသည် ။
ရိုင်လိပ် သွားယူချိန်တွင် လူအုပ်မှာ အတော်ပင် ကြီးမားနေချေပြီ ။ လူရှစ်ဆယ်ကျော် တရာ နီးပါမျှလောက်
ဝန်းရံထားသည်ကြောင့် အတော် လှောင်အိုက်နေပုံ ရပါသည် ။ တောင်နန်းဒေဝီ အဂ္ဂမဟေသီ
မိဖုရားကြီး အား လူအုပ် ဖယ်ရှင်းပေးပါမှ လေဝင်မည် ။ လေအေး ၊ လေကောင်း ဝင်လာလျှင် မင်းတရားကြီးဘုရား အတွက် ကောင်းမည် ထင်ကြောင်း တင်လျှောက်မှ မိဖုရားခေါင်ကြီး အမိန့်ဖြင့် လူအုပ် ကို ဆယ်လံ အကွာ မှ ခစားနေစေပါသည် ။ ရိုင်လိပ် အယူသွားသသူ အိပ်ဖန်တော်သားလည်း ဆယ်ဗီဇနာ (ဆယ်ခုနှစ် မိနစ်သာသာ ) အတွင်း ရောက်ရှိလာပါလေသည် ။ ရိုင် ရလျှင် အကျွန် ကပင် .... “ ရိုင်လိပ် ရောက်ရှိလာကြောင်းပါဘုရား” ဟု တင်လျှောက်လိုက်သည်ကြောင့် ထို မိဖုရား ကပင် အကျွန့် အား ....
“ မင်းတရားကြီး ဘုရား ကို ရိုင် ပတ်လိုက်စမ်းပါ ။ မြန်မြန် ပတ်လိုက်ပ ” ဟု အမိန့်ပေးပါလေသည် ။ အကျွန် လည်း မဆိုင်းမတွ ပင် ပတ်ပေးလိုက်ပါသည် ။ ( ရိုင် ဆိုသည်မှာ အမြင့် တတောင့်ထွာ ၊ အလျား အတောင် နှစ်ဆယ် ရှိပါသည် ။ ဝါး ကို နှီးစိပ်၍ ဖျာ ကဲ့သို့ ယက်လုပ်ထားပါသည် ။ လှည်းပေါ်တွင် ပစ္စည်းများ သယ်ယူရာတွင် ပိုမို သယ်ယူနိုင်ရန် ရိုင် ကို ကာရန်တင်ဆောင်ကြပေသည် ။ ရိုင် ကို ရှည်လျားသောကြောင့် လိပ် ၍ သိမ်းဆည်းကြရိုး ထုံးစံ ရှိပေသည် ။ )
မည်သည့် ယောက်ျား မျှ အနားတွင် မရှိစေရ ဟု မင်းတရားကြီးဘုရား ၏ ဝေဒနာတော် ကုစားမည့်
မိဖုရား က ဆိုမိန့် သဖြင့် အကျွန် လည်း မင်းတရားကြီးဘုရား အနား မှ မခွာချင်ဘဲလျက် နှင့် ခွာထွက်ခဲ့ရပါသည် ။ နန်းမတော်ကြီးများ နှင့် မောင်းမမိသံ အခြွေအရံ ၊ သင်းပင်း မိန်းမများ အားလုံး ကိုလည်း ရိုင်လိပ် နှင့် လေးငါးလှမ်း အကွာဝေး မှ ကျောပေး ရပ်နေစေပါလေသည် ။
အကျွန် လည်း ထူးခြားလှသော အမိန့်တော်သံ ကို နာခံရလေသည်ကြောင့် မင်းတရားကြီးဘုရား အတွက် စိုးရိမ်ကြောင့်ကျ ဗျာပါရ စိတ် ဝင်ရောက်လာကာ အရေးအခင်း တစုံတခု ပေါ်ပေါက်လာပါက အမြန် ဝင်ရောက် ကယ်တင်နိုင်ရန် မလှမ်းမကမ်းမှ နေ၍ အသင့်ခစားမည် ဟု ပိုင်းဖြတ်လိုက်ပါသည် ။ အကျွန် လည်း အနီးဆုံး အကာအကွယ် ဖြစ်နေသော မြောက်ဆောင်တော် ကျည်းရှင်တံခါးပေါက် ကို မြင်မိ၍ ကျည်းရှင်တံခါး အကွယ် တွင် ဝင်ရောက် ပုန်းအောင်းနေလိုက်ပါသည် ။
ထို မိဖုရား ရိုင်ပတ် အတွင်း ဝင်သွားသည်ကို တံခါးကြား မှ မြင်နေရပါသည် ။ လအရောင် အား မကောင်း၍
ဝိုးတဝါး ဖြင့် ထို မိဖုရား သည် ကိုယ်တော့် အပေါ်တွင် ခွစီးလျက် လှုပ်ရှားနေဟန် မြင်နေရပါသည် ။
မန်းမှုတ်နေသလို နှင့် တူသည်ဟုလည်း ထင်မိသည် ။ အကျွန် နှင့် သုံးလေးလံ မျှသာ ဝေးကွာသော်လည်း ကြယ်ရောင်သာသာ ထွန်းလင်းနေသော လဆုတ်အားဖြင့် ရိုင် အကွယ်အကာ ကင်းလွတ်သည့်
ပုခုံး အထက်ပိုင်း ကိုသာ မထင်မရှား တွေ့ရပေသည် ။ ဆောင့် လျက် ဖိသတ်နေသယောင်လည်း
ထင်မှတ်ရပါသည် ။
ကြည့်ရင်းကြည့်ရင်း နှင့် ပင် မင်းတရားကြီးဘုရား လည်မျိုတော်ကို ညှစ်နေသည့် ပုံစံမျိုးဖြင့်
ကုန်းကွကုန်းကွ အမူအရာမျိုး ကို ကွဲကွဲပြားပြား မြင်ရ၍ ဆောင်ဓါး ဖြင့် တအား ဝင်ပိုင်းရ ကောင်းမလားဟု စိတ်ကူး ပေါက်လာပါသည် ။ ဒေါသ ထွက်၍ အကျွန့် တကိုယ်လုံးလည်း တဆတ်ဆတ် တုန်လာသည်ကို သတိပြုမိပါသည် ။ ဆောင်ဓါး ကိုပင် လက်ဖြင့် စမ်း၍ ယောင်ယမ်း ဆွဲမိပါသေးသည် ။ မိဖုရားကြီးများ အလယ်တွင် မင်းတရားကြီးဘုရား ကို လုပ်ကြံ သတ်ဖြတ်ဝံ့မည် မဟုတ်ကြောင်း နောက်မှ တွေးမိ၍ စိတ်အေးသလို ရှိသွားပါသည် ။
ထိုသည်ကြောင့် တံခါးကြား မှ ဂရုတစိုက် ချောင်းကြည့်ပြန်ပါသည် ။ ရိုင် ပေါ်တွင် လွှားတင်ထားသော အရာတခု သည် လရောင် ၊ ကြယ်ရောင် မလင်းတလင်း အောက်တွင် တလက်လက် တောက်ပနေသည်ကို မြင်မိပါသည် ။ ထို အရာကား အဘယ်နည်း .... ။ မည်သို့သော ပစ္စည်း ဖြစ်နိုင်ပါသနည်း ဟု အပြေးအလွှား တွေးတောကြည့်လိုက်သောအခါ မိဖုရားများ ဝတ်ဆင်သည့် ဘော်စီ ရွှေချည်ထိုး ထမီ ဖြစ်နိုင်ကြောင်း စဉ်းစားမိပါသည် ။ မင်းတရားကြီးဘုရား တွင် အပမှီသည့် အတွက် ထမီ အုပ်ပြီး မန်းမှုတ် ကုစားနေရသလော ။ ကုစားမန်းမှုတ် နိုင်သော နာနာရုပ် လောကီပညာ ကို တတ်မြောက်သော မိဖုရား ရှိသည် ဟုလည်း တခါမျှ မကြားမိ ၊ မသိရပါပေ ။ ထို မိဖုရား လက်ဝယ်တွင်လည်း ထမီ အပို မပါခဲ့သည် ကို အကျွန် ကောင်းစွာ မှတ်မိပါသည် ။ ရိုင်ပတ် ပေးရင်း မည်သည့် မိဖုရားနည်း ဟု စေ့စေ့စပ်စပ် မှတ်မိအောင် ကြည့်ခဲ့ မိ၍ မိဖုရားလေး တွင် ထမီ အပို မပါကြောင်း ကို အသေအချာ သတိရလာပါသည် ။
အကျွန် တွေးမိပြန်ပါသည် ။ ဤ ထမီသည် မည်သူ့ ထမီဖြစ်ရအံ့ နည်း ။ အဘယ်သို့သော အကြောင်းကြောင့် ဤ မိဖုရား သည် မင်းတရားကြီးဘုရား ကိုယ်တော် အပေါ် ရာရာသသ တက်၍ လှိုင်းစီး သကဲ့သို့ နိမ့်ချည်မြင့်ချည် လှုပ်ရှားနေရပေသနည်း ။ အကျွန် မသိသော ရောဂါ ၊ အကျွန် မခန့်မှန်းနိုင်သော မင်းတရားကြီး ဝေဒနာ ကို ကြိုးစား ၊ ပမ်းစား ကုစားပေးနေသော မိဖုရားလေး အပေါ် ဂရုဏာစိတ် တို့ပင် ယိုဖိတ်လာပါသဖြင့် စောစော က ပြစ်မှား မိသော အကျွန့် ကိုယ် အကျွန် အပြစ် တင်ချင်သလို ဖြစ်လာပါသေးသည် ။
ကြည့်ရင်း ကြည့်ရင်းနှင့်ပင် လှုပ်ရှားမှုမှာ ပိုမို သွက်လက်လာပါသည် ။ မိဖုရား ကိုယ်တော်တိုင်လည်း မောပန်းလာဟန် ရှိလာပေသည် ။ “ ဟော .. ဟော ” ဟု သက်ပြင်းရှည် ဆွဲ၍ချလိုက်သံမှာ ဘဝရှင်မင်းတရားကြီးဘုရား အသံ ထင်ပ ။ အိုး .... မိဖုရားလေး က ထမီ ကို လှမ်းယူလိုက်ပေပြီ ။ “ ဟင်း .... မိကွန်း ပေးတဲ့ အသက် ရှိတော့ပါကလား ” ဟူသော မင်းတရားကြီးဘုရား ၏ အသံတော် ကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရပေပြီ ။ ဘဝရှင်မင်းတရားကြီးဘုရား သတိ လည်လာတော် မူချေပကိုး ။ အလို မိဖုရားလေးဘုရား ရိုင်ပေါ် က ကျော်လွား ထွက်ပြီး ခပ်သုတ်သုတ် ပြေးသွားပါပေါ့လား ။ တအံ့တဩ ကြည့်ရင်းနှင့်ပင် မင်းတရားကြီးဘုရား ထလာတော်မူသည် ကို မြင်မိ၍ အကျွန် လည်း တံခါးကွယ်မှ ထွက်လိုက်ပြီး မင်းတရားကြီး ထံပါး သွားရောက် ခစားပါသည် ။ မင်းတရားကြီးဘုရား အနား အကျွန် ရောက်ရှိချိန်တွင် တောင်နန်းမဟေသီ အနောက်နန်းမိဖုရားကြီး မှ အစ တွဲကူနေသူ ၊ ခြေတော် ကိုင်ရမလို ၊ လက်တော် ကိုင်ရမလို ဖြစ်နေသသူ မိဖုရားများ အားလုံး ပြာလောင်ခတ်နေသော်လည်း မင်းတရားကြီးဘုရား က တည်ငြိမ်အေးဆေးသော လေသံဖြင့် ....
“ စိုးရိမ်တော် မမူကြပါနဲ့ အမိတို့ .... မောင်မောင်ဘုရား ကျန်းခန့်တော်မူကပြီပဲ ... စိတ်ချလက်ချ ကိုယ့် အဆောင် ၊ ကိုယ့် စံနန်း သာ မြန်းကြပေရော့ ”
မိဖုရားကြီး ၊ ငယ် မောင်းမမိသံများ လည်း မင်းတရားကြီးဘုရား အား ခြေတော်ဦးခိုက်ကြပြီး ထွက်ခွာသွားကြပါသည် ။ မိဖုရားကြီး များ ထွက်ခွာပျောက်ကွယ် သွားလေကြကုန်တော့မှ အကျွန်တို့ ဘက်သို့ မင်းတရားကြီးဘုရား လှည့်တော်မူရင်း .... “ ငမောင်ကြီး သာ ငါ ကိုယ်တော်မြတ် နဲ့ ရှိပစေကွယ် ရို့ ။ အိပ်ဖန်တော်သားများ လည်း ကိုယ့် တာဝန် ကိုယ်သာ မလစ်ဟင်းစေအောင် သွားရောက် ထမ်းရွက်ကြပေရော့ မောင်မင်းများ ဗျား ”
အမိန့်တော်မြတ်အတိုင်း အိပ်ဖန်တော်သား အားလုံး မင်းတရားကြီးဘုရား အပါးမှ ထွက်ခွာသွားကြပါသည် ။ အကျွန် မှ တပါး တဦးတယောက်မျှ မင်းတရားကြီး အပါး မရှိတော့ချိန်ကြမှ .... “ မှန်လှပါ ... ဘဝရှင် မင်းတရားကြီးဘုရား မည်သည့် ဝေဒနာတော်ကြောင့် သည်သို့ ဖြစ်တော်မူရပါသနည်း ဘုရား ”
“ အိမ်း ... ဘယ်သို့သော ဝေဒနာတော် ဆိုသည်ကို သမားတော် ငခဲ လာမှ မေးစမ်းရမည်ပ ၊ ငါ ကိုယ်တော်မြတ် ငခဲ ဆက်သသည့် ဆေးတော် ကို စွမ်းအင် အတိအကျ သိရှိရန် ယနေ့ အခါတိုင်း ထက် နှစ်ဆ ပို စားမိ သဟ”
မင်းတရားကြီးဘုရား ပြန်ကြားချက်ကြောင့် အကျွန့် မှာ ရင်ဘက် ကို လက်နှစ်ဖက် ဖြင့် ကိုယ့် ကို ကိုယ် ဖိရင်းက “ မြတ်စွာဘုရားအပေါင်း တသောင်း ကယ်တော်မူကြပါ ဘုရား ၊ ကယ်ဆယ်တော်မူကြပါ ” အကျွန့် အမူအရာကို မင်းတရားကြီးဘုရားကြည့်၍ ပြုံးတော်မူရင်းကပင် ဆက်လက်၍ “ သုံးဆယ်အဆောင် ကနေ ကြေးမျှင် ပ ။ ကြေးမျှင်မိဖုရား အဆောင်က အထွက် နင် မြင်သည့်အတိုင်းပေ ပ ။ နင် သိကြားရပုံကိုလဲ နားတော် လျှောက်စမ်းဘိ ငမောင်ကြီး ”
“ ဘုရား ၊ သိကြား နဲ့ သမာဒေဝနတ်ကောင်း နတ်မြတ်တွေသာ လျစ်လျူရှုနေကြတော့မယ်ဆိုရင် မင်းတရားကြီးဘုရား ဆေးတော် စမ်းတာနဲ့ ရှိသမျှ မိဖုရားတွေ အနိစ္စသဘော နဲ့ ကိစ္စချော ကုန်တော့မှာ သေချာသ ဘုရာ့ ။ ခြိုးခြံတော်မူမှ သင့်လျှော်မည် ဖြစ်ကြောင်းပါ ဘုရား”
“ သယ် ... ငမောင်ကြီး သောက်စကားတွေ များလှသကွယ် ။ နင် ကြားသိရပုံ ကို နားတော် လျှောက်စမ်းပါ့ဆို ”
“ ကျွန်တော်မျိုးကြီး အိပ်ပျော်နေရာမှ မည်သည့် မိဖုရား အသံမှန်း မသိသော မိန်းမအသံ တသံဖြင့် ကြောက်လန့် တကြား “ ဘဝရှင် မင်းတရားကြီးဘုရား ဘာဖြစ်တော်မူမှန်း မသိသောကြောင့် ကယ်တော်မူကြပါ ” အော်သံ အကြား ကျွန်တော်မျိုးကြီး လည်း ဆောင်ဓါး ဆွဲပြီး အပြေးအလွှား လာခဲ့ပါသသည် ဘုရား ... ကျွန်တော်မျိုးကြီး မင်းတရား ထံတော် အပါး ရောက်ရှိချိန် ကိုယ်တော်ဘုရား ပက်လက် အမြှုပ် ထွက်၍ တက် နေသည်ကို မြင်မိကြောင်းပါဘုရား ”
“ ဟုတ်ပေမဗျ ... ကြေးမျှင် မိဖုရား ဟာ ငါ ကိုယ်တော်မြတ် ကို ထုံးတမ်းစဉ်လာ အတိုင်း အဆောင်တော်ဝ အထိ လိုက်ပို့တော်မူသဟာကိုတော့ သတိတော် ရှိပါလေရဲ့ ။ ကျိုင်းတုံ အဆောင်တော် လှမ်းဖို့ ကြွမြန်းရင်းပဲ တရိပ်ရိပ် နဲ့ တက်လာတဲ့ သွေးသားတော်တွေဟာ ဝမ်းတော်ကနေ ရင်တော် ၊ ရင်တော် ကနေ ဦးခေါင်းတော် အရောက် မူးသွားဟန် ရှိသဟဲ့ .. ငမောင်ကြီး ရဲ့ ”
“ အဲသဟာကြောင့် သမားတော်ငခဲ က တန်လျှင် ဆေး ၊ လွန်လျှင် ဘေး လို့ တင်လျှောက်ထားခဲ့ခြင်း
ဖြစ်ရမည်ထင်ကြောင်းပါ ဘုရား ”
“ ဟုတ်ပေမပေါ့ ...ကဲ ငမောင်ကြီး ၊ ဓါးထမ်းရင်း အဆောင်တော် အပြင်ကနေ စောင့်အုံး ။ ငါ ကျိုင်းတုံ မိဖုရား ထံ ဝင်လိုက်ဦး မဗျ ”
မင်းတရားကြီးဘုရား အဆောင်တော် အတွင်း ဝင်ရောက် ပျောက်ကွယ်သွားတော့မှ အကျွန် လည်း သက်ပြင်းချမိပါသည် ။ ယခု အချိန်တွင်မူ ငခဲ ဆေးတော်ကြောင့် လှိုင်ထိပ်ထား က “ စိန်ခြူးကြာညောင် ” ချီ ဘောလယ် ရေးဖွဲ့တော် မူခဲ့ရသည် ဆိုသော စကားကို အကျွန် သံသယ မဖြစ်တော့ပါ ။
ယခုပင် အဆောင်နှစ်ဆောင် မိဖုရားသုံးပါး တို့ ထံမှ ကြည်နူးမှု ရယူခဲ့ပြီးလေမှ ကျိုင်းတုံ အဆောင်တော် သို့
ဝင်တော်မူချေပြန်သည် ။
တရွာလုံး နှင့် ရန်ပြုသော ယစ်သမား ငမူး အတွက် အဆုံးအဖြတ် ပေးရန် ခက်ခဲသကဲ့သို့ တရွာလုံး ကပင် ဆိုးရွား သလော ... တယောက်တည်းသော ယစ်သမား ငမူး ကပင် ဆိုးလေသလော ဆိုသည့် ပုံပမာနှယ် မည်သူ့ကို အဆိုး ပြုရမည်မှန်း မသိတော့ပါ ။ သည်တခါ မင်းတရားကြီးဘုရား တခြား တပါးသော အဆောင်တော် သို့ ကူးဝင်တော် မူဦးမည် ဆိုခဲ့ပါလျှင် မိုးစင်စင် လင်းပေတော့မည် ။
တုံးကြီး ခေါက်သံပင် ကြားနေရချေပြီ ။ နောက် တဗဟိုရ် ရှိသော် အာရုဏ် တက်ပေတော့မည် ။ မဟာဝိသုဒ္ဓါရုံကျောင်းတိုက် မှ အာရုဏ်ဆွမ်းချက်ရန် နှင့် ကျောင်းတွင်း ၊ ဇရပ်တွင်း သန့်ရှင်းရေး ပြုလုပ်ရန် နှိုးဆော်သည့် တုံးကြီး ခေါက်သံ သည် အာရုဏ် မတက်မှီ တဗဟိုရ် အလိုတွင် နေ့စဉ်မှန်မှန် ခေါက်လေ့ ရှိပါသည် ။ အကျွန်လည်း လိုသည်ထက် ပိုမို၍ အသုံးပြုလျှင် ထက်မြက်သော စွမ်းအင်ဖြင့် တန်ခိုးပြတက်သော ငခဲ ဆေးတော် လက်ဝယ် ရောက်ရှိနေသည့် မင်းတရားကြီးဘုရား အတွက် တမြှော်တခေါ်ကြီး စဉ်းစားမိပါသည် ။
လိုသည်ထက် ဆေးတော် ကို ပိုမို၍ အသုံးပြုလျှင် စပ်ကူးမတ်ကူးကြား ကာလအတွင်း ဖြစ်ပေမင့် အရှိန်အဟုန် ပြင်းစွာဖြင့် တန်ခိုးတော် ပြတတ်သော ဆေးတော် သည် မိဖုရား များလှသော မင်းတရားကြီးဘုရား နှင့်မှ တိုက်တိုက်ဆိုင်ဆိုင် တွေ့ကြုံရသည့် အတွက် နောင်သောကာလတွင် မမြှော်မှန်းနိုင်လောက်အောင် တိုးပွားလာဦးမည့် သွေးတော် ၊ သားတော်များ အတွက် မြို့သစ် တစ်ခုများ ထပ်မံ တည်ပေးရပေဦးမည်လား မဆိုတတ် ။ အကယ်၍ မြို့တော်အသစ် တည်ဆောက်ပေးဖို့ အကျွန့် အား တာဝန်ပေးခဲ့ပါလျှင် .....
ဤကဲ့သို့ ဆိုသော် နန်းတွင်း အရှုပ်အရှင်းများ ကင်းရှင်းသော စီမံကိန်းကို မည်ကဲ့သို့ ပြုလုပ်ဆောင်ရွက်ရမည်ကို အကျွန် မကြံစည်တတ်၍ စိတ်မောနေသခိုက် ဆောင်ဓါး ထမ်းရင်း စဉ်းစားနေသော အကျွန့် ပုခုံး အား မင်းတရားကြီးဘုရား က နောက် က ပုတ်လိုက်လေသည် ။
“ မှန်လှပါဘုရား ... လင်းကြက်တွန်ကြူးသံ ကြားနေရပါ သဖြင့် မင်းတရားကြီးဘုရား ကျေနပ်တော် မူလောက်ပြီ ထင်ကြောင်းပါ ဘုရား ”
“ အိမ်း ... ငါ ကိုယ်တော် စဉ်းစားတော်မူနေ သဟ ။ ခြိုးခြံတော် မူလိုက်ရရင် မောင်မင်းတို့ တတွေ
ဒုက္ခ ပွေနေဦးမလား လို့ .... ငမောင်ကြီး ရဲ့ ”
“ သည်းခံ၍ ခြိုးခြံတော်မူပါ မင်းတရားကြီးဘုရား ၊ ခြိုးခြံရတဲ့ အတွက် ဒီလို ဒုက္ခမျိုးတွေ
ထပ်တွေ့လာရမယ်ဆိုရင် ငမောင်ကြီး ရင်စီးပြီး ခံပါ့မယ် ဘုရား ”
“ ငါ ကိုယ်တော်မြတ်ကြီး ရဲ့ ဒုက္ခကို ငမောင်ကြီး ကယ်နိုင်တာ မှတ်နေသလား မောင်မင်း ရဲ့ ”
“ ဘုရား ကျွန်တော်မျိုးကြီး သိပါ့ ဘုရား ။ မင်းတရားကြီးဘုရား ခြိုးခြံတော် မူလိုက်မယ်ဆိုလျှင် အရှင့် အပါးမှာ ကျွန်တော်မျိုးကြီး ရော ၊ ရိုင်လိပ် ရော ၊ မိဖုရား မယ်ကွန့် ရော နံနက် လင်းလျှင် လင်းချင်း အဆင်သင့် ခစားလျက် ရှိနေပါစေ့မယ် ဘုရား ”
အကျွန် ၏ တင်လျှောက်ချက် အဆုံးတွင် မင်းတရားကြီးဘုရား လည်း ရယ်မောရင်း ...
“ ကောင်းသဗျ ။ ကောင်းသဗျ ။ နင် ပြောသည့် တာဝန် လစ်ဟင်းလျှင် နင့် ခေါင်းကို ငါ ကိုယ်တော်တိုင် ဖြတ်ပြီး သတ်ရမယ်ဗျ ” ဟု ပြောကြားလျက် မင်းတရားကြီးဘုရား လက်ယာ လက် ဖြင့် အကျွန့် ရောင် ကို ဆွဲကာ စက်တော် ခေါ်ရန် မှန်နန်းဆောင် ဆီ သို့ ကြွမြန်းတော် မူပါလေသည် ။
“ မင်းတရားကြီး ဘုရား ၏ ရွှေစိတ်တော် မြူးကြွ၍ အကျွန့် ကို ကြည်စယ်လိုသော သဘော နှင့် ရောင်ပေစူး ကို ဆွဲရာတွင် လှုပ်ခါ ရမ်းခါ နှင့် နာကျင်အောင် အကျွန် အား ပြုငြားသော်လည်း အကျွန် မှာ နာချိန် မရ ။ အော်ရန် ဂရုမထားမိ ။ အကျွန် စိုးရိမ်မိသည်ကား တစ်ခုသာ ရှိ၏ ။ မင်းတရားကြီးဘုရား စားတော်မူသော “ စိန်ခြူးကြာညောင် ” ဆေးတော် ကို မခြိုးခြံဘဲ ပိုမို၍ နေ့စဉ်စားသုံးနေမည် ဆိုပါလျှင် နေပြည်တော် ရတနာပုံ တွင် မိန်းမ ရှားပါးသွားမည် ကိုသာ စိုးရိမ်ကြီး စိုးရိမ်နေမိပါသည် ။
“ ခြိုးခြံတော်မူပါဘုရား ”
ဤတွင် ပြီးဆုံးပါပြီ ။
အပိုင်း ( ၃ ) ❝ မာန်စွယ် ကျိုးပါပေါ့ ❞ ကို ဆက်လက် တင်ပေးပါမည် ။
koaungnaingoo.blogspot.com
.
No comments:
Post a Comment