Tuesday, January 31, 2023

သူတစ်စိမ်း


 ❝ သူတစ်စိမ်း ❞


( တစ် )


ကျွန်တော် သည် ကြောင် တစ်ကောင် ဖြစ်ပါသည် ။ ပိုပြီး တိတိကျကျ ပြော ရလျှင် ကျွန်တော် သည် ကိုယ့် ကို ချစ်ခင် ယုယသူများ ၏ လက် ပေါ် တွင် အပျင်း ကြီး နေသည့် ကြောင် တစ်ကောင် ဖြစ် ပါသည် ။


ခြင်္သေ့များ ၊ ကျားများ နှင့် ကျားသစ်များ သည် “ ကြောင်ကြီး မျိုးနွယ်ဝင် အုပ်စု ” ထဲတွင် ပါဝင်သည် ဟူသော သတ္တဗေဒ ပါရဂူ တို့ ၏ အဆိုအရ ကျွန်တော် သည် အဆိုပါ “ အကောင်ကြီး ” များနှင့် အလိုလို နေရင်း ဆွေမျိုး တော်စပ် နေသူ လည်း ဖြစ်ပါသည် ။


သို့သော် ... ကြောင် တစ်ကောင်သည် ဘယ်တုန်း က မှ ခြင်္သေ့ လို ဟိန်းရန် ဟောက်ရန် ကြိုးစားခဲ့ဖူးခြင်း မရှိသည် ကို သင် သတိထား မိပါသလား ...


စကား စပ်မိ ၍ ပြော ရ လျှင် သင် ကော ကျွန်တော် ပါ နပိုလီယန် ကို ကောင်းစွာ သိကြသော်လည်း “ နိပိုလီယန် ၏ ယောက်ဖ ” အမည် ကို ( ဘယ် ... သမိုင်း စာမျက်နှာ ကမှ မော်ကွန်း မထိုးခဲ့သော ကြောင့် ) မသိခဲ့ကြပါ ။ ထို့အတူ ‘ အိုင်းစတိုင်း ’ ကို သိ သော်လည်း အိုင်းစတိုင်း ၏ မယား ဘက် က ပါသော တူ တစ်ဝမ်းကွဲ ၏ အမည် ကို ဘယ်သူ က မှ ကြားဖူးလိမ့်မည် မဟုတ်တာ သေချာပါသည် ။


( ကျွန်တော့် အယူအဆ ကို သင် နားထောင် လိုမည် ဆိုပါက လောက ၌ လူတို့ မလိုအပ်ဘဲ လျှောက် လုပ် နေကြသော ကိစ္စများ အနက် ဆွေမျိုး စပ်ခြင်း အလုပ် သည် မင်္ဂလာဆောင် အခမ်းအနား ကျင်းပ ပုံမျိုး နှင့် ခပ်ဆင်ဆင် တူကြောင်း ပြောပြလိုပါ သေးသည် ။ အတော် ရှုပ်ရှုပ်ထွေးထွေး လုပ် ရသော ကိစ္စ ဖြစ်ပြီး နောက်ပိုင်း တော့ လည်း ဘာမှ မဟုတ်ပါ ။ )


နပိုလီယန် နှင့် ဆွေမျိုး တော်စပ် ရရုံ မျှ ဖြင့် နပိုလီယန် လို ဟိန်းဟောက် တတ်ကြသော ‘ လူ ’ များ ၊ အိုင်းစတိုင်း နှင့် ဆွေမျိုး တော်စပ် ရရုံ မျှဖြင့် အိုင်းစတိုင်း လို ဟိန်းဟောက် တတ်ကြသော ‘ လူ ’ များ သည် လမ်း မှာ ကြောင် တစ်ကောင် နှင့် ဆုံ လျှင် ဦးညွှတ် အရိုအသေ ပေး သင့် ပါသည် ။


( နှစ် )


ကျွန်တော် သည် ငှက်ကုလားအုတ် တစ်ကောင်  ဖြစ်ပါသည် ။


အများ သူ ငါ ပြော ကြသော စကား အရ ငှက်ကုလားအုတ် သည် ရန်သူ ကို မြင်သည် နှင့် တစ်ပြိုင်နက် သူတို့ ၏ ဦးခေါင်းများ ကို သဲမြေ ထဲ တွင် ထိုးဝှက် ဖုံးကွယ် ထား လိုက်တတ်ကြောင်း သိရပါသည် ။ မျက်စိများ ကို သဲ ဖုံးသွားသော ကြောင့် ရန်သူ ကို မမြင်ရတော့ ငြားသည် တကယ် စင်စစ် ရန်သူ မရှိတော့ခြင်း မဟုတ်ကြောင်း နားလည်အောင် ခက်ခက်ခဲခဲ ရှင်းပြ စရာ မလိုအပ်လှ သော် လည်း ( ငှက်ကုလားအုတ် များ နှင့် တချို့သော လူများ အတွက် မူ ) နားလည်ဖို့ အတော် ခက်ခဲကြောင်း သင် ခက်ခက်ခဲခဲ ကြိုးစားပြီး မှ သဘော ပေါက် ပါလိမ့်မည် ။


“ ဉာဏ်မျက်စိ ကို ကျယ်ကျယ် ဖွင့်ထား ” ဟု မည်သူ ပြောခဲ့ပါသနည်း ။


သင် သည် တစ်စုံတစ်ရာ ကို လေးခွဖြင့် ပစ် လိုပါက သင့် မျက်စိ တစ်လုံး ကို တော့ ပိတ်ထားပြီး မှ ချိန် ရန် လိုအပ်ပေလိမ့်မည် ။ ကျေးဇူးပြု ၍ မျက်စိများ ကို သိပ် ကျယ်ကျယ် မဖွင့်ပါ နှင့် ။


ဆယ်ထပ်တိုက် ပေါ် က ခုန်ချပြီး ကိုယ့် ကိုယ် ကိုယ် သတ် စေရန် သင် စိတ်ကူး ထား ပါလျှင် မူ သင့် မျက်စိ နှစ်လုံး စလုံး ကို စုံ မှိတ် ထား လိုက်ခြင်းသည် သာ အကောင်းဆုံး ဖြစ်ကြောင်း ကျွန်တော် အကြံပေး လို ပါသည် ။


( သုံး )


ကျွန်တော် သည် နှံကောင် တစ်ကောင် ဖြစ် ပါသည် ။


လောလောဆယ် တွင် ကျွန်တော် အစာရေစာ ငတ်မွတ်လျက် ရှိပါသည် ဟု ပြောလျှင် သင်တို့ အနေ ဖြင့် “ ပုရွက်ဆိတ် နှင့် နှံကောင် ” ပုံပြင် ကို ချက်ချင်း သတိ ရ ကြလိမ့်မည် ထင်၏ ။


သင် ထင် ထားသည့်အတိုင်းပင်  ဖြစ်ပါသည် ။


ကျွန်တော့် ထံ သို့ ပုရွက်ဆိတ်  တစ်ကောင် ရောက် လာ၏ ။


“ သင့် အနေနဲ့ အချိန် ရှိတုန်း က တော့ အစာ စုဆောင်း တဲ့ အလုပ် ကို မလုပ်ဘဲ အချိန် ဖြုန်း နေခဲ့ပြီး အခု မှ ကျွန်ုပ် စုဆောင်း ထား တဲ့ အစာတွေ ကို တောင်းဖို့ စိတ် မကူးပါနဲ့ ၊ မပေးနိုင်ဘူး ”


ဟု ပြော၏ ။


ကျွန်တော် အတော် စိတ်ဆိုး သွား ပါသည် ။


ဘာဖြစ်လို့များ နီတိတွေ ၊ ပုံပြင်တွေ ထဲ က အတိုင်း အားလုံး က လိုက်ပြီး သရုပ်ဆောင် နေကြပါလိမ့် ဟု လည်း တွေး မိ၏ ။


တကယ် ဆိုလျှင် ထို “ ပုရွက်ဆိတ် နှင့် နှံကောင် ” ပုံပြင် သည် အတော် ရယ်စရာ ကောင်း ပါသည် ။


နှံကောင် က ဘယ်လို အကြောင်း နှင့် မှ ပုရွက်ဆိတ် တစ်ကောင် ၏ အစာ ကို တောင်း စား ဖို့ မဖြစ် နိုင်ပါ ။ ( စား သော အစာ ပုံစံ ချင်း မတူသော ကြောင့် ဖြစ်ပါသည် ။ )


နှံကောင် သည် အက်ကရီဒိုင်အီဒေး ( Acridiidae ) အုပ်စု ဝင် ပိုးမွှား တစ်မျိုး ဖြစ်ပြီး သစ်ရွက်စိမ်းများ နှင့် သစ်ပင်ငယ် တို့ ၏ ပင်စည်များ ကို သာ စားသောက် တတ် သော သတ္တဝါ ဖြစ်ပါသည် ။


ပုရွက်ဆိတ် မှာ မူ ဟိုင်မင်းနော့ပ်တဲရာ ( Hymenoptera ) အုပ်စု ဝင် ဖော်မစ်ဒီ မျိုးစိတ် ဖြစ် သောကြောင့် ပျားရည် ၊ သကြား ၊ ထမင်း တို့ ကဲ့သို့ အချိုရည် ပါသော ပစ္စည်း ၊ အသားအစအနများ နှင့် ပျ ကဲ့သို့ သော ပိုးမွှားငယ်ကလေးများ ကို စား ပါသည် ။


ပုရွက်ဆိတ် လို မျိုး အစာ ကို ကြိုကြိုတင်တင် မစုဆောင်း ထားရ ကောင်းလား ဟု အပြစ် တင် နေသည့် အစား နှံကောင် စားသော အစားအစာ သည် စုဆောင်း သိုလှောင်ထား ရန် မဖြစ်နိုင်သော သဘော သဘာဝ ရှိ ကြောင်း အရင် နားလည်အောင် ကြိုးစားသင့်ပါသည် ။


‘ ချွေတာ စုဆောင်း သူဌေးလောင်း ’ ဆိုသည့် စကား ကို မှားသည် ဟု ကျွန်တော် ပစ်ပစ်ခါခါ မပြော လို ပါ ။ နှံကောင် အနေဖြင့် စုတတ် ဆောင်းတတ် မည် ဆိုလျှင် သစ်ရွက်ခြောက်များ ၊ သစ်ပင်ဆွေး များ ကို ပိုင်ဆိုင်သော ဇောတိက တစ်ကောင် ဖြစ်လာ နိုင်စရာ ရှိသည် ဟု သာ ဖြေတွေး တွေး လိုက်ပါသည် ။


ချွေတာ စုဆောင်း နိုင်ရန် အခွင့်အလမ်း နည်းပါး လွန်း လှသည့် ဘဝများ သည် လောကမှာ ရှိနေသေးသည့် အကြောင်း အခွင့်အလမ်း သာ သည့် တစ်ချိန် ချိန် တွင် ကျွန်တော် ပုံပြင် တစ်ပုဒ် ရေးပါဦးမည် ။


•••••   •••••   •••••


( လေး )


ကျွန်တော် သည် ကမ္ဘာ ပေါ် တွင် အလှဆုံး ဟု အသတ်မှတ် ခံ ရသည့် “ နန္ဒဝန်ငှက် ” တစ်ကောင် ဖြစ် ပါသည် ။


ပစိဖိတ်သမုဒ္ဒရာ ထဲ ရှိ ကျွန်းများ တွင် လှည့်လည်ကျက်စားလေ့ ရှိသည့် ထို ငှက်မျိုး သည် ပရာဒီစီ အပိုဒါ ( Ptradisae Apoda ) မျိုးနွယ်ဝင် ငှက် ဖြစ်ပြီး ခြေထောက်များ မပါရှိသော ကြောင့် မြေပြင် ပေါ် သို့ လုံးဝ ဆင်းသက်ခြင်း မရှိဘဲ အစဉ် ထာဝရ ကောင်းကင် မှာ သာ ပျံဝဲ နေတတ်ကြောင်း ၁၉ ရာစု နှစ် ထုတ် ဗြိတိသျှစွယ်စုံကျမ်း တစ်စောင် တွင် ဖတ် လိုက်ရသော အခါ ကျွန်တော် အံ့ဩ သွား ပါသည် ။


စင်စစ် ထို အချက်အလက် သည် မှားယွင်း နေကြောင်း နောင် အတော် ကြာ မှ ကျွန်တော် သိ လာ ရသည် ။


ထို ငှက်များ တွင် သူလို ကိုယ်လို ခြေထောက် နှစ်ချောင်း ပါရှိသည့် တိုင် ဒေသခံ ကျွန်းသူကျွန်းသားများ က ထို ငှက်များ ဖမ်းဆီး မိပြီး ဥရောပ သို့ တင်ပို့ ရောင်းချခြင်း မပြုမီ ခြေထောက် နှစ်ချောင်း ကို ဖြတ် ပစ် လိုက်ခြင်း သာ ဖြစ်၏ ။


ယင်း ကို ဥရောပတိုက်သား တို့က အူကြောင်ကြောင် နိုင်လှစွာ တလွဲတချော် တွေး ပြီး အမှတ် မှား ခဲ့ကြပုံ ရ ပါသည် ။


မဆီမဆိုင် လှ စွာ ပင် ကျွန်တော် ဖျတ်ခနဲ သတိ ရ လာသော စကားပုံ တစ်ခု ကို ရွတ်ပြ လိုက်ပါသည် ။


" Who has no courage shuld have legs "


“ သတ္တိ မရှိသူ တစ်ယောက် တွင် ခြေထောက်များ ရှိ ဖို့ လိုသည် ”


ဟူသည့် အီတလီ စကားပုံ ဖြစ်၏ ။


ကျွန်တော် သဘော တူ ပါသည် ။ သတ္တိ မရှိဘူး ဆိုမှ တော့ ထွက်ပြေး ရဦးမည် ဆိုသည် ကို သင် ကော ကျွန်တော် ပါ နားလည် ထားကြသည် မဟုတ်လား ။ ထို သူ တွင် ခြေထောက်တွေ ရှိ ဖို့ရာ အသေအချာ လိုအပ် ပါသည် ။


ကျွန်တော့် တွင် ခြေထောက်များ မရှိပါ ။


သတ္တိ ရှိလွန်း နေသောကြောင့် ကား မဟုတ် ။


ကျွန်တော် သည် ခြေထောက်များ အဖြတ် ခံ ထားရသော နန္ဒဝန်ငှက် တစ်ကောင် ဖြစ်ပါသည် ။


•••••   •••••   •••••


( ငါး )


ကျွန်တော် အမြီး ပြတ် နေသည့် ခွေး တစ်ကောင် ဖြစ် ပါသည် ။


အီစွတ်ပုံပြင်များ ကို ဖတ်ဖူးလျှင် သင် ... ကျွန်တော့် ကို သိပါ လိမ့်မည် ။ မိမိ တွင် အမြီး ပြတ်နေသည့် အတူတူ တခြား ခွေးတွေ ကို ပါ အမြီးတွေ ဖြတ် ပစ် လိုက် ဖို့ ရန် တိုက်တွန်းခဲ့သော ပုံပြင် ထဲ မှ ခွေး သည် ကျွန်တော် ဖြစ် ပါသည် ။


စင်စစ် ထို ကိစ္စ သည် ကျွန်တော် ၏ ယုတ်မာ မနာလိုမှု တစ်ခု မဟုတ်ဘဲ ခွေးဘောင်လောကကြီး တစ်ခုလုံး ကို ကယ်တင်ရန် ကြိုးပမ်း ခဲ့သော ကျွန်တော် ၏ အားထုတ်မှု တစ်ရပ် သာ ဖြစ်သည့် အကြောင်း ဤ နေရာ မှ နေ၍ ဖြေရှင်းပါရစေ ။


ကြောက်ရွံ့စရာ တွေ့ လျှင် အမြီးကုပ်ခြင်း ၊ ပျော်ရွှင် ဝမ်းမြောက်စရာ တွေ့ လျှင် အမြီးနန့်ခြင်း တို့သည် ကျွန်တော်တို့ ခွေးများ ၏ “ ဟန် မဆောင်တတ်သည့် အားနည်းချက် ” ဖြစ်၏ ။


လူတွေ က တော့ သည်လို မဟုတ်ပါ ။ ကြောက်ရွံ့သော်လည်း မကြောက်ရွံ့ ချင် ယောင် ဟန်ဆောင် ထား နိုင်ကြ၏ ။ ပျော်ရွှင်ဝမ်းမြောက်သည့် တိုင် သူတို့ ၏ နှုတ်ခမ်းများ ကို မဲ့ ထား နိုင်စွမ်း ရှိကြ၏ ။


အဲသည်လို စွမ်းဆောင်ရည် ထူးကဲသော ဟန်ဆောင်မှု မျိုး ရ ချင်လျှင် ခွေးများ တွင် အမြီး မရှိ မှ ဖြစ်ပေလိမ့်မည် ။


မယားငယ် ချိုင်းမွေး ကို သာ မြတ်နိုးရိုသေ တတ်ကြပြီး “ ရိုးသားခြင်း ” ကို အလေးအနက် ထားရကောင်းမှန်း မသိသော ‘ လူများ ’ အတွက် ခွေး တစ်ကောင် ၏ ခံစားချက် ကို ကျေးဇူး ပြု ၍ နားလည် ခွင့်လွှတ် ပေးစေ လို ပါသည် ။


တကယ်ပင် လူတွေ က ရိုးသားခြင်းကို နေရာ မပေးချင် ကြပါ ။


“ အမြီး သည် ခွေး တစ်ကောင် ၏ ရိုးသားမှု ဖြစ်သည် ” ဆိုသည့် အချက် ကို လည်း အသိအမှတ် မပြု ကြပါ ။


ခွေးမြီးကောက် ကျည်ထောက်စွပ် ဟူသည့် စကားပုံ ကို သင် ကြားဖူး သည် မဟုတ်လား ။ ပြုပြင် သွန်သင် ဆုံးမ ၍ မရသော ‘ လူ ’ များ ကို ခွေး အမြီး နှင့် ခိုင်းနှိုင်း ထားခြင်း ဖြစ်ပါ သည် ။ ခွေး အမြီး ကို ဝါးကျည်ထောက် စွပ် ပြီး ဖြောင့်အောင် ကြိုးစား ကြည့်သော် လည်း နဂို အတိုင်း ကောက်မြဲ ကောက်နေသည် ဟု ဆိုလို ပုံ ရ၏ ။


တကယ် ဆို လျှင် သည် ကိစ္စတွင် ခွေး အမြီး ကို တရားခံ  လုပ်စရာ ဘာ အကြောင်း မှ မရှိပါ ။ အမြီးကောက် နေသည် ကို ဖြောင့် ပေးဖို့ရန် အလှပြင်ဆိုင် သွား အပ်သည့် ခွေး ဟူ၍ သင် ကြားဖူးပါသလား ။ သူ့ ဘာသာ သူ ရိုးရိုးသားသား ကျေကျေနပ်နပ် ကောက် နေသည့် အမြီး ကို မနေနိုင် ၊ မထိုင်နိုင် ဖြောင့်ပေး ဖို့ရန် လက် ဆော့ ပြီး ဝါးကျည်ထောက် သွား စွပ်သူ မှာ သာ အပြစ် ရှိပါသည် ။ ကမ္ဘာဦး အစ ကတည်း က ကောက် နေသည့် ခွေး အမြီး သည် ( ကျွန်တော် သိရ သလောက် ) မည်သူ့ ကို မှ ဒုက္ခပေးခဲ့ဖူးခြင်း မရှိပါ ။


ခွေးငယ်များ ၏ ရှေ့ရေး ကို ကယ်တင်ရန် အတွက် ခွေး အပေါင်း တို့ မျက်နှာ ငယ်စရာ ဖြစ်စေသည့် အမြီးများ ကို ဖြတ်တောက် ပစ်ဖို့ ကျွန်တော် တိုက်တွန်း နှိုးဆော်ခဲ့ရသည့် အကြောင်း သဘော ပေါက် လောက်ပြီ ထင် ပါသည် ။


အကယ်၍ သင် သာ ဘဝ တစ်ခု ခု တွင် ခွေး ဖြစ်ရပါက သင့် အမြီး ကို ဖြတ်ပစ်ပါမည် ဟု ကျွန်တော့် အား ကတိ ပေး နိုင်ပါမည်လား ။


•••••   •••••   •••••


( ခြောက် )


နိဂုံးချုပ် အနေဖြင့် ပြောရလျှင် ...


ကျွန်တော် သည် မြက်ပင် တစ်ပင် လည်း ဖြစ်ပါသည် ။


“ သစ် တစ်ပင်ကောင်း ငှက် တစ်သောင်း နား နိုင် ” ဟူသော စကား အရ ဆိုလျှင် ကျွန်တော် သည် သစ်ပင်ကောင်း တစ်ပင် မဟုတ် သလို သလို ဘာ လိုလို ... ဖြစ် နေ၏ ။ ကျွန်တော် ကတော့ သစ်ပင် ဆိုသည် မှာ ငှက်တွေ နား ဖို့ ရည်ရွယ်ချက် ဖြင့် ပေါက် ပေး ရတာလား ၊ သူ့ ဘာသာ သူ ပေါက်စရာ အကြောင်း ရှိ သောကြောင့် ပေါက် ရတာလား .. ဆိုသည် ကို စဉ်းစား နေမိပါသည် ။


ကျွန်တော် သည် မြက်ပင် ဖြစ်နေသော ကြောင့် ကျွန်တော့် အပေါ် တွင် ငှက် တစ်ကောင် မှ နား ရန် မဖြစ်နိုင်ပါ ။


လူ့ ဘဝ ... ဆိုသည် မှာ ငှက်တွေ နားဖို့ ရန် ပေါက် လာ ပေး ရသော သစ်ပင် တစ်ပင် မဟုတ်ကြောင်း နှင့် သူ့ နည်း သူ့ ဟန် နှင့် သူ တောင်း နေခွင့် ရှိသည့် အကြောင်း သင်တို့ ကို အားလပ်သည့် အခါ များ တွင် ပြောပြဦးမည် ဟု ကျွန်တော် စိတ်ကူး ထားပါသည် ။


•••••   •••••   •••••


( ခုနစ် )


“ ကံ သာ လျှင် အမိ ကံ သာ လျှင် အဖ ” ဟု ပြောတတ်သူများ နှင့် တွေ့ လျှင် မှတ်ပုံတင် တောင်း ကြည့်လိုက်ပါ ။ အဖ အမည် ဦးကံ အမိ အမည် ဒေါ်ကံ ဟု ရေးထား လိမ့်မည် မဟုတ်သည် က တော့ သေချာ ပါသည် ။


ကျွန်တော့် အဖေ နှင့် အမေ သည် ဦးမြဝင်း နှင့် ဒေါ်အေးကြွယ် ဖြစ်ပြီး ကျွန်တော့် အမည် မှာ မောင်ကျော်စိုး ဖြစ်ပါသည် ။


ကျွန်တော် သည် ကြောင် သော် လည်းကောင်း ၊ ခွေး သော် လည်းကောင်း ၊ ငှက် သော် လည်းကောင်း ၊ မြက် သော် လည်းကောင်း မည်မျှပင် ဆိုးဆိုးရွားရွား ဖြစ် နေစေကာမူ ကျွန်တော့် အဖေ နှင့် အမေ တို့ ၏ နာမည် ကို ဦးကံ နှင့် ဒေါ်ကံအဖြစ် ပြောင်း ပစ်လိမ့်မည် မဟုတ် ပါ ။


ကျွန်တော် သည် ... ကျွန်တော် သာ လျှင် ဖြစ် ပါသည် ။


◾မင်းခိုက်စိုးစန်


📖 ကြယ်ကိုးစင်း နဲ့ လင်းတဲ့ ကောင်းကင်


#ကိုအောင်နိုင်ဦး


.

Monday, January 30, 2023

ပထမဆုံး နဲ့ နောက်ဆုံ


 

❝ ပထမဆုံး နဲ့ နောက်ဆုံး ❞

“ အဖေ ဘန်ကောက် မှာ ဆေး လာ စစ် လိမ့်မယ် ၊ အဲဒါ ဦး လာ တွေ့ နိုင် မလား ”

ဉာဏ်ပေါ့် သမီး ယုယ ဆီ က အဲဒီ အမေး စကား ကြား လာတော့ ကျွန်တော် သိပ် မအံ့ဩတော့ပါ ။ မကြာသေးခင် ရက်ပိုင်း က ပဲ သူ့ အဖေ ရဲ့ အခြေအနေ ကို Online Chatting က နေ ယုယ ကိုယ်တိုင် ပြောပြ ထား လို့ ကျွန်တော် သိပြီး နေပါပြီ ။ ကျွန်တော် နေတာ က ချင်းမိုင် ၊ သူ လာ မှာ က ဘန်ကောက် ။ တစ်နေကုန် ကား စီးသွားရမယ့် ခရီး ။ တော်ရုံ အရေး မကြီးလျှင် ကျွန်တော် မသွားချင် ။ သို့သော် သူ့ အခြေအနေ ဘယ်လို ရှိမလဲ ဆိုတာတော့ သိချင်သည် ။ ကောင်း နေမလား ၊ ဆိုး နေမလား ။ မျှော်လင့် နိုင် ဦး မလား ။ စိတ်ပျက် အားငယ်စရာ အခြေအနေ ဆိုရင် လည်း ဖြစ် သွားနိုင်သည် ။ ကျွန်တော် နောင်တ မရချင်ပါ ။ “ လာမှာပါ ”

ဟု အကြောင်း ပြန် လိုက်သည် ။

သူ ဘန်ကောက် ရောက်သည့် နေ့ တွင်ပဲ သူ နဲ့ ဖုန်း ပြောဖြစ်သည် ။ လူမမာ သံ လုံးဝ မပေါက် ။ အရင်အတိုင်း မာမာတင်းတင်း ၊ နောက်တီး နောက်တောက် ၊ ပေါက်ကရတွေ လျှောက် ပြောသည် ။ ပြီးတော့ သူ့ ကျန်းမာရေး အခြေအနေ ရှည်ရှည်ဝေးဝေး ရှင်းပြသည် ။ နောက် ကျွန်တော် လာ တွေ့ရမယ့် ရက် ကို ညှိ ကြသည် ။ သူ က ဆေးရုံ ရက်ချိန်း ရှိတဲ့ ရက်တွေ မှာ မလာစေချင် ။ အေးအေးဆေးဆေး စကား ပြောခွင့် မရမှာ စိုးလို့ ။ ဆေးရုံ ရက်ချိန်း လွတ်တဲ့ တစ်ရက် ကို ချိန်း လိုက်ကြသည် ။ ဖုန်း ပြောချိန် က တစ်နာရီ ကျော် ကြာ သွားသည် ။ ဒါတောင် ကိုယ်တော် က မဝသေး ။ ဆက် ပြောချင်သေးပုံ ရသည် ။ အမှန်တော့ သူ နား စေချင်လို့ ကျွန်တော် အတင်း ဖြတ် လိုက်ခြင်းပါ ။ နောက် ရက်တွေ လည်း နေ့တိုင်း နီးပါး ပြော ဖြစ် ကြသည် ။ ကြာချိန် တစ်နာရီ အောက် ဘယ်တော့မှ မရှိ ။ တော်တော် ပြောနိုင်တဲ့ ကောင် ။ အဆုတ်ကင်ဆာ ဖြစ် နေပေလို့ပဲ ။ ချိန်းတဲ့ ရက် မတိုင်ခင် ၂ ရက် အလိုမှာ ကျွန်တော် နဲ့ ဇနီး တို့ ဘန်ကောက် ဆင်း ဖို့ ပြင်ဆင် ရသည် ။ ကျွန်တော့် ဇနီး နှင့် သူ တက္ကသိုလ် မှာ ကတည်း က ရင်းနှီးပြီးသား မို့ ဇနီး က ပါ လိုက် တွေ့ ချင်သည် ။ ည ဘက် ကျ တော့ ယုယ ဆီ က Message လာ သည် ။

“ အဖေ က မှာတယ် ။ ဦး တို့ လာ ရင် ချင်းမိုင် က နေ ဆေးပေါ့လိပ် တစ်စည်း ဝယ်လာ ပေး ပါ တဲ့ ”

ကြည့် လုပ်ပုံ က ။ သူ က အဆုတ်ကင်ဆာ လူမမာ ။ လူမမာ သတင်း မေး လာရမယ့် ကျွန်တော် က ဆေးပေါ့လိပ်စည်းကြီး နဲ့ လာရ မတဲ့လား ။ အရပ်ရပ် နေပြည်တော် ကြားလို့ မှ မတော် ။ ကျွန်တော် စိတ်တိုမယ် ဆိုတာ ခန့်မှန်း မိ လို့ ယုယ က ပျာပျာသလဲ ရှင်း သည် ။

“ သမီး မသိဘူးနော် ၊ အဖေ က အချိန်မီ အောင် အတင်း ပြော ခိုင်းလို့ ပြော ရတာ ။ မပြောပြန် ရင်လည်း သမီး ပဲ အဆူ ခံ ရမှာ ။ ဝယ်တာ မဝယ်တာတော့ ဦး သဘော ပဲ ”

ချင်းမိုင် မှာ မြန်မာတွေ ( အများစု က တိုင်းရင်းသားတွေ ) ဖွင့် တဲ့ ဈေးဆိုင် တော်တော်များများ ရှိ သည် ။ မြန်မာ့ အစားအစာ အသုံးအဆောင်တွေ အပြင် ဆေးပေါ့လိပ် လည်း ရသည် ။ ဒါကို ဒီကောင် ကြားဖူးနားဝ ရှိထား လို့ မှာ တာ ဖြစ်မှာ ပေါ့ ။ ကျွန်တော် သူ့ ကို ဒီလောက် အထိတော့ အလို မလိုက်နိုင်ပါ ။ ဟို ရောက် မှ ကြည့် ပြောမည် ။

ဉာဏ်ပေါ် နဲ့ ကျွန်တော် မဆုံဖြစ်တာ ခန့်မှန်းခြေ ၁၀ နှစ် လောက် ရှိပြီ ထင်သည် ။ သူ ဘာပုံ ပေါက် နေမလဲ ကျွန်တော် မခန့်မှန်း တတ် ။ ကင်ဆာလူမမာ ဆိုတော့ အရိုးပေါ် အရေတင် ၊ မျက်တွင်းချောင် ပါးရိုးကျ နဲ့ အိပ်ရာ ထဲ ပက်လက်ကလေးများ ဖြစ် နေ မလား ။ တကယ် တွေ့တော့ မဟုတ်ပါ ။ နည်းနည်း ပိန်သွားတာ က လွဲ လို့ သွားနိုင် လာနိုင် ၊ ထနိုင် ထိုင်နိုင် ၊ လန်းလန်းဆန်းဆန်း လူကောင်း ပကတိ အတိုင်း ။ ကျွန်တော်တို့ စိတ်အေး ကြ ရသည် ။

မာကြောင်း သာကြောင်း ၊ ဟိုအကြောင်း သည်အကြောင်း တော်တော်လေး ပြောကြပြီး မှ ကျွန်တော် ပေးတဲ့ ဆင်ခြေကို သူ ယုံပုံ မရပါ ။ “ ဟုတ်ပါပြီဗျာ ၊ ဟုတ်ပါပြီ ” လို့ ဆောင့်ကြီး အောင့်ကြီး အငေါ် ထူး လိုက်သေးသည် ။ ငယ်ကျင့် က မပျောက်သေး ။

“ မင်း က လဲ ကွာ ငွေတွေ အများကြီး အကုန်ခံပြီး ဒီ အထိ ဆေးလာ ကုပြီးတော့မှ ပလိုင်း ပေါက် နဲ့ ဖား ကောက် သလို မဖြစ်ချင်စမ်းပါ နဲ့ ။ စိတ် ကို နိုင်အောင် ထိန်းပြီး ဒီ ဆေးလိပ် ကို ရအောင် ဖြတ် မှ ပေါ့ ။ ငါ တောင် ရသေးတာပဲ ၊ မင်း ဘာ မရစရာ ရှိသလဲ ”

ကျွန်တော် ကြိုးစားပြီး လေအေးလေး နဲ့ ချော့မော့ နားချသည် ။ ဒီလိုကျတော့ လည်း ဘာမှ ပြန် မ ငြင်းဘဲ ခေါင်း ငုံ့ပြီး နား ထောင်သည် ။ ကျွန်တော့် စိတ် ထဲ မကောင်းလှပေမဲ့ သေမင်း နှင့် စစ်ခင်းရမည့် ပွဲ မှာ ကျွန်တော့် သူငယ်ချင်း ကို နိုင်စေ ချင်သည် ။ သူ နိုင် ဖို့ ဒီလောက်တော့ ကျွန်တော် ရက်စက် ရဲ ရမည် ။

အဲဒီ နေ့ က သူ နဲ့ကျွန်တော်တို့ ဇနီးမောင်နှံ စကားတွေ အများကြီး ပြော ဖြစ်ကြသည် ။ မိသားစု အကြောင်း ၊ အလုပ်အကိုင် အကြောင်း ၊ သူငယ်ချင်းတွေ အကြောင်း ၊ စာအုပ်တွေ အကြောင်း ၊ အနုပညာလောက အကြောင်း ၊ စုံတကာ စေ့ ၊ ပြောလို့ မကုန် ။ “ သူမ ” နဲ့ “ ယုယ ”
တို့ က ဘန်ကောက် လူခံ သူတို့ အမေ တစ်ယောက် နဲ့ ဟိုနား သည်နား ခဏ ထွက် လည်ကြသည် ။ ကျွန်တော် တို့ ရှိ နေတော့ သူ့ အဖေ အတွက် စိတ် ပူစရာ မလို ။

ဉာဏ်ပေါ် က ကြိုတင် ပြောခဲ့သည့် အတိုင်း သူ့ စာအုပ် အသစ် အတွက် မျက်နှာဖုံးပန်းချီ ကျွန်တော့် ကို အပ်သည် ။ သူ့ စာအုပ် ( တစ်ကိုယ်တော်မဂ္ဂဇင်း ) အကြောင်း ရှင်းပြသည် ။ သူ လိုချင်သည့် မျက်နှာဖုံး အနေအထား ကို ကျွန်တော် နှင့် တိုင်ပင် သည် ။ သူ ပြုံး လျှင် ပါးစပ် နည်းနည်း ရွဲ့တတ်ကြောင်း ၊ အဲဒါကို က ခနဲ့ပြုံး ထေ့ပြုံး နေကြောင်း ။ အဲဒီ အပြုံး ကို အမိအရ ရေးဆွဲပြီး မျက်နှာဖုံး တင်ချင်ကြောင်း သူ တောင်းဆို သည် ။ သူ့ ပုံ ကို မျက်နှာဖုံး သုံး မှာ ဆိုတော့ ကျွန်တော် ပါလာသည့် ကင်မရာ နှင့် ရိုက် ရသည် ။ သူ့ မှာ ရှိပြီးသား ပုံတွေ ကိုလည်း ကျွန်တော် မကြိုက် ။ သဘာဝ အတိုင်း လိုချင်သည် ။ ဒါကြောင့် ကျွန်တော့် ဇနီး နှင့် ဆက် စကား ပြော ခိုင်း ထားပြီး မတူတဲ့ ရှုထောင့်တွေ ကနေ ကျွန်တော် လှည့်ပတ် ရိုက်သည် ။ ဆယ့်လေးငါးပုံ ရပြီ ဆိုမှ ကျွန်တော်တို့ စကား လက်စ သတ်ကြသည် ။

နာရီ ကြည့် လိုက်တော့ ကျွန်တော်တို့ ငါးနာရီ လုံးလုံး စကား ပြောခဲ့ကြမှန်း တအံ့တဩ သိ လိုက်ရသည် ။ တည်းခိုဆောင် ၏ အောက်ထပ် အထိ သူ လိုက် ပို့သည် ။

ကျွန်တော်တို့ က မပင်ပန်းကြောင်း ဆင်ခြေ ပေးသည် ။ လက်ပြ ကျန်ရစ်ခဲ့သော သူငယ်ချင်း ကို ကြည့်ပြီး ကျွန်တော့် ရင်ထဲ လွမ်းလွမ်းဆွေးဆွေး ဆို့ဆို့နင့်နင့်ကြီး ခံစား နေရသည် ။ ဒါ နောက်ဆုံးများ ဖြစ် နေ မလား သူငယ်ချင်း ရယ် ။

ချင်းမိုင် ပြန် ရောက်ပြီး မကြာခင် ရက်ပိုင်း အတွင်း သူ့ စာအုပ် မျက်နှာဖုံး အတွက် ပုံကြမ်း တစ်ပုံ ပို့ ပေး လိုက်သည် ။ သူ ပြော သလို သူ့ ပုံတူ ကယ်ရီကေးချား နဲ့ ဖန်တီး ကြည့်တာပါ ။ ဒါပေမဲ့ သူ မကြိုက် ။ နောက် တစ်ပုံ ထပ် လုပ်ပေးဖို့ တောင်းဆို သည် ။ ဒီတစ်ခါတော့ ကယ်ရီကေးချား မဟုတ် ၊ ပန်းချီပုံတူ လိုချင်သည် တဲ့ ။ နည်းနည်း အချိန် ယူပြီး ကြိုးစား ရေးဆွဲ ပေးလိုက်သည် ။ ကြည့်ပြီးတော့ ဒါကို လည်း သူ စိတ်တိုင်း မကျပြန် ပါ ။ နောက် တစ်ကြိမ် ထပ် ရေးပေးဖို့ ပူဆာ ပြန်သည် ။ ကျွန်တော့် ရဲ့ စာနယ်ဇင်း သရုပ်ဖော်ပန်းချီ ဆရာ သက်တမ်း တစ်လျှောက် မှာ အပ်နှံသူ မကြိုက်လို့ မျက်နှာဖုံး တစ်ဖုံး ကို ( ၃ ) ကြိမ် တိုင်တိုင် ပြန် ရေးဆွဲ ပေးရတယ် လို့ မရှိခဲ့ဖူးပါ ။ သာမန် အချိန် ဆိုရင်တော့ “ ဟေ့ကောင် မင်း တခြား ပန်ချီဆရာ ဆီ သွား အပ်တော့ ။ ငါ လုပ် မပေးနိုင်တော့ဘူး ”

ဟု ဘု ပြော မိမှာ အသေအချာ ပါ ပဲ ။ တခြား လူ ( ထုတ်ဝေသူ တစ်ယောက် ယောက် ) ကို ဆိုရင်တော့ အဲဒီလို ပြော ထွက်ချင် မှ ထွက်မည် ။ သူ့ ကျတော့ သူငယ်ချင်း အရင်းကြီး မို့ ပြော မထွက်စရာ မရှိ ။ ဒါပေမဲ့ ကျွန်တော် မပြောခဲ့ပါ ။ ဒါဟာ သာမန် အချိန် မှ မဟုတ်ဘဲ လေ ။ ကျွန်တော့် သူငယ်ချင်း ရဲ့ နောက်ဆုံး အချိန် နောက်ဆုံး စာအုပ် လို့ ကျွန်တော့် စိတ် ထဲ က အလိုလို သိ နေခဲ့သည် ။ သိစိတ် က လက်မခံ ချင် ပေမဲ့ လည်း မသိစိတ် မှာ တော့ မျှော်လင့်ချက် မဲ့ နေခဲ့ပါပြီ ။

လက် ကို သိပ် မထိန်းနိုင် တော့ လို့ ယိုင်ယိုင်ရွဲ့ရွဲ့ ဖြစ်နေတဲ့ လက်ရေးတွေ နဲ့ သူ ကျွန်တော့် ဆီ စာ တစ်စောင် ရေးပို့ လာသည် ။ ကျွန်တော် ကို သူ ကိုယ်တိုင် ပေးထားသော နာမည် ပြောင် “ ဥက္ကဋ္ဌ ”

လို့ အစ ချီ ပြီး …

ဥက္ကဋ္ဌ
အားနာနာနဲ့ပဲ
ပြောရတော့မှာပဲ ။
အစီအစဉ်တစ်မျိုး
ပြောင်းသွားပါတယ် ။
အခု အချိန် မှာ ထွက်လာ တဲ့ စာအုပ်တွေ ကြည့်လိုက်တော့
အားလုံး လိုလိုက ပန်းချီပို့ထရိတ်တွေ ၊
ဓာတ်ပုံတွေ ၊ ဓာတ်ပုံ ကို အခြေခံပြီး
စက် နဲ့ ပြင် ထားတဲ့ ပို့ထရိတ်တွေ ချည်း ဖြစ်နေတယ် ။
၂၅ နှစ် ကျော် ပြီး မှ ခင်ဗျား နဲ့ကျွန်တော်
ပထမဆုံး ပြန် တွဲ တဲ့ စာအုပ်မှာ
ထူးထူးခြားခြား ဖြစ်ချင်တယ် ။
ဆရာ လုပ်တယ်လို့ မထင်ပါနဲ့ ။
ကျွန်တော့် စိတ်ကူ းက
ဘိလပ်မြေအိတ်စက္ကူ ( ကာကီ ) ကို
လုံးချေပြီး ပြန်ဖြန့် ၊ အဲဒီ အပေါ်မှာ လိုင်း နဲ့ ပဲ
ကယ်ရီကေးချား ( သို့ ) ပို့ထရိတ် ကို
ပက်စတယ် ဒါမှမဟုတ် ချားကိုးလ် effect နဲ့
လုပ်ချင်တယ် ။
( သာဓု - အနုဝင်္ကဘာ တုန်း က လို
လိုင်းမျိုး ရရင် ကောင်းမယ်) ။
နောက်ခံစက္ကူ တချို့နေရာတွေ က စုတ်ပြဲနေမယ် ။
တစ်ကိုယ်တော်မဂ္ဂဇင်း ဆိုတဲ့
စာလုံး ကို လည်း သွက် ချင်တယ် ။
လက်ရေးစာလုံး ဖြစ်ဖြစ်ပေါ့ ။
ဒီ စာအုပ် က ကျွန်တော့် အတွက်
အရေးကြီးလို့ ကြိုးစားပြီး ကူညီပါ ။
ခင်ဗျား လုပ်ရင် ဖြစ်ပါတယ် ။

                ဉာဏ်

“ ဒီ စာအုပ် က ကျွန်တော့် အတွက် အရေးကြီးလို့ ”

ဆိုတဲ့ စာကြောင်းလေး ကို ဖတ်ရချိန် မှာတော့ ကျွန်တော့် ရဲ့ သိစိတ် မှာ ရော ၊ မသိစိတ် မှာ ရော မျှော်လင့်ချက် လက်ကျန် သိပ် မရှိချင်တော့ပါ ။ သူ ဒီလို ရေးပုံ ထောက်တော့ သူ့ အခြေအနေ သူ သိ နေလို့ပဲ ဖြစ်မည် ။

“ အားမနာပါနဲ့ ကွ ၊ မင်း အတွက် အရေးကြီးတဲ့ စာအုပ် ဆိုတော့ မင်း စိတ်တိုင်းကျ တဲ့ အထိ လုပ်ပေး ရ မှာပေါ့ ”

ဟု ကျွန်တော် အကြောင်း ပြန်လိုက်သည် ။ ဉာဏ်ပေါ် ဟာ သိပ် အကင်းပါးတဲ့ လူ တစ်ယောက် မို့ ကျွန်တော့် ဆိုလိုချက် ကို သူ သဘောပေါက်လိမ့်မယ် ဆိုတာ ယုံမှား သံသယ ဖြစ်စရာ မရှိပါ ။

ဒီလိုနဲ့ မျက်နှာဖုံး ပုံ ပြီးသွားတဲ့ နေ့ မှာ သမီးယုယ ဆီ email နဲ့ ပို့ ပေး လိုက်သည် ။ “ သမီး တော့ ဒီပုံ အကြိုက်ဆုံးပဲ ။ အဖေ လည်း ကြိုက်လိမ့်မယ် လို့ မျှော်လင့်တယ် ”

ဟု အကြောင်း ပြန်သည် ။ ယုယ ရဲ့ ခန့်မှန်းချက် မမှား ပါ ။ နောက် ရက် မှာ ဉာဏ်ပေါ့် သဘောထား ကျွန်တော့် ဆီ ရောက် လာသည် ။

So, this it real Myo Myint !
လူပျင်းကြီး ကို နိုးထ လာအောင်
တိုက်တွန်းနှိုးဆော်ပေးတဲ့
ဒါဒါကြီး ကို
အထူး ကျေးဇူးတင်ပါတယ် ။

                      ဉာဏ်

“ ဒါမှ မျိုးမြင့် အစစ် ” လို့ သူ ပြော လိုက်တာပါ ။ သူ လိုချင်တဲ့ အတိုင်း ရလို့ စိတ် ကျေနပ်သွားပေမဲ့ ကျွန်တော့် ကို တော့ သူ့ ထုံးစံ အတိုင်း တိုက်ရိုက် မချီးကျူး ချင် ပါ ။ စိတ် ထဲ ကလိကလိ ဖြစ်အောင် စ,ချင် နောက်ချင် သည် ။ အဲဒီတော့ ကျွန်တော့် ဇနီး ထားထား ( သူ့ အခေါ် “ ဒါဒါကြီး ” ) ကို သွယ်ဝိုက် ၍ ချီးကျူး လိုက်သည် ။ အဲဒါကို မှ “ မင်းလူ ” ဟု မခေါ်လျှင် မည်သူ့ ကို ခေါ် မည်နည်း ။

“ ဒီ တစ်ခါ အပေါက်အလမ်း တည့်သွားပြီ ဆိုလို့ ဝမ်းသာသကွာ ။ နို့မို့ ဒီ ရုပ်ကြီး နောက်တစ်ခါ ပြန် ဆွဲ ရ ရင် ငါ ပဲ အအိပ်အစား ထပ် ပျက်ရ ဦး မှာ ။ အခုတော့ ဝဋ်ကျွတ်ပြီပေါ့ ” ဟု ကျွန်တော် ပြန် တွယ် လိုက်သည် ။ တက္ကသိုလ် မှာ တုန်း က ဆိုလျှင် ကျွန်တော် သူ့ ကို ဆွဲထိုးဖို့ အထိ ခဏခဏ စိတ် ဆိုး ဖူးသည် ။ သူ က လည်း စိတ် မဆိုး မချင်း အတည်ပေါက် နှင့် စ သည် ။ ချစ် လို့ စ မှန်း သိ နေတော့ လည်း ကျွန်တော့် မှာ ဆွဲ မထိုး သာ ။ မခံချိ မခံသာ နှင့် အံ ကြိတ် လိုက်ရသည့် အကြိမ်ပေါင်း မနည်းတော့ ။

အခုလည်း ကျောင်း တုန်း က အကျင့် အတိုင်း လုပ်လာ ပြန်သည် ။ ဒီ တစ်ခါတော့ ကျွန်တော် စိတ် မဆိုးမိ ။ ကျေကျေနပ်နပ်ကြီး သာ ပြုံး လိုက်မိသည် ။ ငါ့ ကို စ , ရ လို့ မင်း ပျော်တယ် ဆိုရင် ငါ ကျေနပ်တယ် သူငယ်ချင်း ရယ် ။ မင်း အတွက် ပျော်ချိန်တွေ သိပ် မကျန်တော့လို့ ပါ ။

အများ သိကြသည့် အတိုင်း သူ့ လုံးချင်းသစ် တစ်ကိုယ်တော်မဂ္ဂဇင်း သည် သူ ကွယ်လွန်ပြီး မှ ထွက်သည် ။ သူ့ နောက်ဆုံး စာအုပ်လေး ကို သူ မြင်မသွား ရှာ ။ သို့သော် ကျွန်တော့် အတွက် တော့ ဖြေသာ ပါသည် ။ စာအုပ် မမြင်ရပေမဲ့ ကျွန်တော့် လက်ရာ မျက်နှာဖုံး ကို တော့ သူ ကျေကျေနပ်နပ်လေး တွေ့မြင် သွားရသည် ။ စာအုပ် ထွက်ပြီး ချိန် မှာ မိတ်ဆွေအပေါင်းအသင်းတွေ နှင့် မင်းလူ စာဖတ်ပရိသတ်တွေ က မျက်နှာဖုံး ကောင်းကြောင်း ကြိုက်ကြောင်း ချီးကျူး စကား ဆိုကြသည် ။

မိတ်ဆွေများ ခင်ဗျား - ချီးကျူး လိုလျှင် ကျွန်တော့် သူငယ်ချင်း မင်းလူ ကို သာ ချီးကျူးကြပါ ။ မူရင်း အိုင်ဒီယာ ဟာ သူ့ စိတ်ကူး ပါ ။ ကျွန်တော် က အတတ်ပညာ နဲ့ သူ့ စိတ်ကူး ကို အကောင်အထည် ဖော် ပေးရုံ သက်သက်ပါ ။

၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်း မှာ အဖမ်း ခံကြ ရတော့ ကျွန်တော် က ဘူမိဗေဒ နောက်ဆုံးနှစ် ကျောင်းသား ၊ ဉာဏ်ပေါ် က ဒုတိယနှစ် ဒဿနိကဗေဒ ကျောင်းသား ။ အင်းစိန်ထောင် ထဲ မှာ ဆုံပြီး ဘော်ဒါ ဖြစ်ကြသည် ။ အပြင် ရောက်တော့ လည်း တတွဲတွဲ ။ သူ လည်း စာရေးဆရာမင်းလူ မဖြစ်သေး ။ ကျွန်တော် လည်း ပန်းချီမျိုးမြင့် မဖြစ်သေး ။ အနုပညာ နယ် မှာ နေရာကလေး တစ်နေရာ ရဖို့ အတူတူ ကြိုးစား ခဲ့ ကြသည် ။ သူ ပထမဆုံး လုံးချင်း ပန်းကျောင်း ရေးတော့ ကျွန်တော့် ကို မျက်နှာဖုံး အပ်သည် ။ သူ့ မှာ ထူးထူးခြားခြားလေး ဖြစ်ချင်သည့် ရောဂါ အဲသည်တုန်း ကတည်း က ရှိ ခဲ့သည် ။ ပန်းကျောင်း ဝတ္ထု က အထက်တန်းကျောင်းသား လူငယ်တွေ အကြောင်း ဆိုတော့ လိုက်ဖက်မှု ရှိအောင် ကျွန်တော် သုံးနေကျ ရေဆေး ကို မသုံးဘဲ ရောင်စုံခဲတံ နှင့် ရေးဆွဲ ပေး လိုက်သည် ။ သူ့ စိတ်ကြိုက် ဖြစ် သွားသည် ။ ပန်းကျောင်း ဝတ္ထု နဲ့ ပွဲဦးထွက် သူ အောင်မြင် သွား သလို ကျွန်တော့် ကို လည်း အထိုက်အလျောက် ပရိသတ် သိ သွားခဲ့သည် ။

အဲဒီ နောက် သူ့ စာအုပ်တွေ မှာ ကြိုကြား ကြိုကြား

မျက်နှာဖုံး ရေးခွင့် ရခဲ့သည် ။ တစ်ခါတစ်ရံ လည်း မဂ္ဂဇင်း စာမျက်နှာ တွေ ပေါ် မှာ သူ့ စာ နဲ့ ကျွန်တော့် ပုံ တွဲ မိသည် ။ ၁၉၉၁ ကျွန်တော် ပြည်ပ ထွက် သွားတော့ လူချင်း ရော အနုပညာချင်း ရော အဆက် ပြတ် ခဲ့ ရပြန်သည် ။ ဟော အခု ဆုံမည် ဆိုတော့ သူ ရောဂါ ဖြစ်နေချိန် ကျ မှ ပြန် ဆုံရသည် ။ ဆုံရ ပြန် တော့လည်း တိုက်တိုက်ဆိုင်ဆိုင် သူ့ စာအုပ် အတွက် မျက်နှာဖုံး ကျွန်တော့် ကို အပ်မည် ဟု ရည်ရွယ် ထား ချိန် ။ သူ နှင့် ကျွန်တော် စာမျက်နှာ ပေါ် မှာ မဆုံဖြစ်တာ ၂၅ နှစ် ကြီး များ တောင် ကြာ သွားခဲ့ပါပေကော ။ တစ်ကိုယ်တော်မဂ္ဂဇင်း ကို ကျွန်တော့် အဖုံး နှင့် ထွက်ဖို့ သူ စိတ်အား ထက်သန် ခဲ့ သလို ၊ ရေးဆွဲ ရမည့် ကျွန်တော် ကိုယ်တိုင်လည်း အမှန်တကယ် စိတ် လှုပ်ရှား ခဲ့ ပါသည် ။

သူ မရှိတော့ သော်လည်း သူ့ တစ်ကိုယ်တော်မဂ္ဂဇင်း က တော့ သပ်သပ်ရပ်ရပ် လှလှပပကလေး ထွက် လာခဲ့သည် ။ မင်းလူ ပရိသတ်များ နှင့် ရေးဖော်ရေးဖက်များ ဆွေမျိုး အပေါင်းအသင်းများ အားလုံး ဘဝင် ကျ ကြသည် ။ အဲသည် အားလုံး ထဲ ဘဝင်အကျ ဆုံး သူ ကတော့ ကျွန်တော် ပဲ ဖြစ်လိမ့်မယ် ထင်တယ် ။ မင်းလူ ရဲ့ စာပေဘဝခရီး မှာ ပထမဆုံး စာအုပ် ပန်းကျောင်း နဲ့ နောက်ဆုံး စာအုပ် တစ်ကိုယ်တော်မဂ္ဂဇင်း အဖုံးတွေ ကို ရေးဆွဲ ပေးခဲ့ သူ ဟာ ကျွန်တော် တစ်ယောက် တည်း ဖြစ် နေ လို့ ပါပဲ ။

တစ်ခါတစ်ခါ ကျွန်တော် လည်း ကျွန်တော့် စိတ်ထဲ ဇဝေဇဝါ ဖြစ် မိသည် ။ ဒီလို တိုက်ဆိုင်မှု ဖြစ်ဖို့ ဆိုတာ ကံကြမ္မာ က ပဲ တွန်းပို့ လိုက်တာလား ။ ဒါမှမဟုတ် သူ ကိုယ်တိုင် က ပဲ သူ့ အကြောင်း သူ သိ လို့ ကျွန်တော် ရှိ ရာ အရပ် ဆီ တမင် ရောက် လာခဲ့ တာလား ။ ကျွန်တော် မဝေခွဲတတ်တော့ ပါ ။

လွမ်းပါတယ် သူငယ်ချင်း ရယ် …  ။

◾ ပန်းချီမျိုးမြင့်

📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်

#ကိုအောင်နိုင်ဦး

.

ကာရန်မဲ့


 

❝ ကာရန်မဲ့ ❞

စွဲလမ်းမှု တစ်ခု ဘယ် အချိန် က အမြစ်တည် ခဲ့တယ် ဆိုတာ ကို တိတိကျကျ မမှတ်မိပေမယ့် မိုးတွေ ရွာ နေတဲ့ ဆောင်းတွင်း ကာလ တစ်ခု မှာ ကိုယ် မင်း ကို ချစ်နေခဲ့ပြီ ဆိုတာ က တော့ အသေအချာ ပဲ ။

မိုး မရွာ သင့် တော့ တဲ့ ဆောင်း တွင်း လို ကာလ တစ်ခု မှာ မိုး ရွာ ခဲ့ သလို ကိုယ် လည်း မချစ်သင့်တော့ တဲ့ အချိန် ရောက် မှ မင်း ကို ချစ်ခဲ့ မိတယ် ။

အချစ် ဆိုတာ ဖန်တီး ယူ လို့ မရ သလို ၊ ဖျက်ဆီး ပစ် လို့ လည်း မရဘူး လို့ ကိုယ့် ကို ယုံကြည်စေ ခဲ့ သလား ။ တစ်ချိန် မှာ ကိုယ် ချစ်ရမည့် သူ တစ်ယောက် တွေ့ လာဦးမှာ ဆိုတဲ့ ပတ်ဝန်းကျင် စကား ကို အလေးအနက် မထားခဲ့ မိလို့ သက်သေ ပြ တာလား ။

ဘာပဲ ဖြစ်ဖြစ် မင်း ကို ကိုယ် ချစ်ခဲ့ မိပြီ ၊ အသိ စိတ် နဲ့ ထိန်းချုပ် နိုင် တဲ့ ပြော စကား ၊ အပြုအမူတွေ ကို ကိုယ် ထိန်းချုပ် ထားနိုင် ပေမယ့် စိတ်ကို ထိန်းချုပ်ဖို့ ဆိုတာ ကို တော့ ကိုယ် မတတ်နိုင်ခဲ့ဘူး ။

တတ်နိုင်သမျှ မေ့ ထားရင်း မုန်းလို့ ရအောင် ကြိုးစား ကြည့်ရင်း နဲ့ တစစ ရင် ထဲ ပိုမိုတိုးဝင် နှောင်တွယ် လာ တာ ကိုယ့် ကုသိုလ် ဆိုး လို့ပဲ ပေါ့ ။

ဟုတ်တယ်လေ ... အခု အချိန် မှာ ကိုယ် မင်း ကို ချစ်နေတယ် ဆိုတာ အပြစ် ဖြစ်ရုံ သာ မက အကုသိုလ် တစ်ခု ကို ပါ ကျူးလွန် နေမိတာ မဟုတ်ဘူးလား ။

မုန်း တာပဲ ဖြစ်ဖြစ် ချစ် တာပဲ ဖြစ်ဖြစ် အဲဒီ လူ ဟာ ကိုယ် နဲ့ ပတ်သက် နေတော့တာပဲ လို့ သူငယ်ချင်း တစ်ယောက် ပြော ဖူးတယ် ။ အဲဒါကြောင့် မင်း နဲ့ကိုယ် ပတ်သက် ခဲ့ လေ သလား ။

မင်း ကို အရမ်း မုန်း လွန်း ရာ က စတင် သတိထား မိခဲ့တာ မို့ ကိုယ် ဒီလို တွေး မိတာပါ ။ မုန်းတီးမှု တစ်ခု ဟာ စွမ်းအင် တစ်ခု လို ပဲ ချစ်ခြင်း အဖြစ် ပြောင်းလဲ သွား နိုင်စွမ်း ရှိ သလား ။ အဲဒါ ကို သာ ကိုယ် ကြို သိခဲ့ရင် မင်း ကို မမုန်း ဘဲ နေဖို့ ကိုယ် ကြိုးစားခဲ့မိမှာပါ ။

အခုတော့ ရေး မိ သမျှ ကဗျာတွေ ၊ မက် သမျှ အိပ်မက် တွေ အားလုံး မင်း နဲ့ စပ်ဆိုင်ပတ်သက် လာ မှ ကိုယ့် ရင် ထဲ မင်း ထိုးဖောက် ဝင်နေပြီ မှန်း သိ လိုက်ရတော့ သိပ် ကို နောက်ကျ သွားခဲ့ပြီ လေ ။

ဘယ်လို မှ ရင်ဖွင့် စရာ မကောင်း တဲ့ အကြောင်း တစ်ခု ကို ကြိတ် ခံစား ရင်း ကဗျာတွေ ၊ စာတွေ အဖြစ် ရေး မိတဲ့ အခါ လျှို့ဝှက် သိမ်းဆည်း ဖျောက်ဖျက် ရင်း ရင် ပွင့် မတတ် ခံစားရတဲ့ အခါ ကိုယ် ဘယ်လို နေပါ့ မလဲ ။ ဘာပဲ ဖြစ်ဖြစ် ကိုယ့် အပြစ် ဒဏ် ကို ကိုယ် သာ ခံစား ရုံ ပေါ့ လေ ။

တကယ်ပဲ ဟုတ် သလား ၊ ကိုယ် စိတ် ထင်စွာ တစ်ဖက်သက် ဆွဲ တွေး တာလား မသိနိုင် တဲ့ မင်း ရဲ့ အကြည့်တွေ ထဲ မှာ ကိုယ် သာယာ နစ်မျော နေ မိတာ ၊ အခြား မိန်းကလေးတွေ နဲ့ စကား ပြောတဲ့ အခါ အလိုလို အူတို ဒေါပွ နေ မိတာ ... ၊ မင်း အနား မှာ ရှိ နေတဲ့ အချိန် တွေ မှာ အယောင်ယောင် အမှားမှား နဲ့ ဘာမှ မလုပ် တတ် မကိုင်တတ် သလို ဖြစ် နေတာ ... ၊ အဲဒါတွေ ကို ကိုယ် ခံစား နေရတယ် လို့ သူများတွေ ကို သွား ပြောရင် ရယ်ကြ မလား ။ အထင်သေး ရှုတ်ချတဲ့ အကြည့် နဲ့ ကြည့် ကြ မလား ။ ထိတ်လန့်စွာ တစ်ယောက် တည်း မျိုသိပ် ခံစားရင်း ကိုယ် ပေါက်ကွဲရာ တစ်နေရာ တည်း ဖြစ်တဲ့ စာရွက်ကလေးတွေ သာ တစ်ရွက်ပြီး တစ်ရွက် ကုန်ခန်း သွားခဲ့ပါတော့တယ် ။

တကယ်တော့ လည်း ကိုယ် နဲ့မင်း ဘယ်လို မှ ချစ် ခွင့် မရှိတာ ကို ပဲ တစ်ခါတစ်ရံ ကိုယ် ကျေနပ် နေ မိတယ် ။ မင်း မှာ ကိုယ် မနှစ်သက် တဲ့ အချက်တွေ အများကြီး ရှိနေ တယ် ။ ကိုယ့် ဦးနှောက် နဲ့ စဉ်းစား ဆုံးဖြတ်မယ် ဆိုရင် ဘဝ ခရီးဖော် တစ်ယောက် အဖြစ် ကိုယ် ဘယ်လို မှ ဆုံးဖြတ် ရဲ မှာ မဟုတ်ဘူး ။ ( ဆုံးဖြတ်ခွင့် ရှိခဲ့ရင်ပေါ့ လေ )

ဒါပေမယ့် ကိုယ် မင်း ကို စွဲလမ်းတာ က အဲဒါတွေ နဲ့ ဘာမှ မပတ်သက် သလို ပဲ သီးခြား ဝေးလွင့် နေ ရဲ့ ။ တကယ်လို့ များ မင်း ကိုယ်တိုင် က ကိုယ့် ကို တုံ့ပြန် ခံစားပြီး ချစ်နေခဲ့တယ်  ဆိုရင် တောင် ကိုယ် ကျေနပ် ရုံ က လွဲလို့ ဘာမှ ပို မှာ မဟုတ်ဘူးလေ ။

“ ချစ်လား ” လို့ မေး လာ ခဲ့ရင်လည်း ကိုယ် မင်း ကို ချစ်လွန်း လို့ အသက် ထွက် သွားပါစေ ငြင်း ရမှာပဲ လေ ။ စိတ် ကို မထိန်းချုပ် နိုင် ပေမယ့် နှုတ် အရ ၊ အပြုအမူ အရ ကိုယ် အတတ်နိုင်ဆုံး ထိန်းချုပ် မှာ ပါ ။ မင်း ကို ခိုး ကြည့် မိတဲ့ မျက်လုံးတွေ က လွဲလို့ ပေါ့ ။ ဘယ်လို မှ မထိန်းချုပ် နိုင် စွာ ကလေးလေး လို ချစ်ဖို့ ကောင်း တဲ့ မင်း မျက်နှာ ကို ငေးကြည့် နေမိတာ အပြစ် ရှိ မှန်း သိလျက် နဲ့ ကိုယ် မရှောင်နိုင်ဆုံး အချက်ပါပဲ ။ မင်း ကိုယ်တိုင် ကော အခြား လူတွေ ကော ဘယ်သူမှ မမြင် နိုင် မသိ နိုင် တဲ့ အရပ် ဒေသ တစ်ခု မှာ ပုန်းအောင်း ပြီး မင်း ရဲ့လှုပ်ရှားမှု မှန်သမျှ ကိုယ် ငေး ကြည့် နေချင် လိုက်တာ ။

မင်း နဲ့ မတွေ့ ရတဲ့ နေ့တွေ မင်းရဲ့ အသံ မကြား ရ တဲ့ နေ့ တွေ မှာ ရင် ထဲ အရမ်း လစ်ဟာ ပြီး အရာရာ အဓိပ္ပာယ် ကင်းမဲ့ နေ သလို ခံစားရတယ် ။ အနား မှာ ရှိနေတယ် ဆိုတာ ကို သိ ရင် မင်း ကို မတွေ့ ရရင် တောင် မှ ရင် ထဲ မှာ ကျေနပ်တယ် ။ အရာရာ ပြည့်စုံ နေ သလို ပဲ ။ ဒါတွေဟာ အပြစ်တွေ ပဲ လို့ သိ နေ ပေမယ့် ကိုယ် ကျူးလွန်ခဲ့ မိပြီ လေ ။

နီး နေလို့ သာယာ နေတာ ဝေး သွား ရင် မေ့ သွား မှာ ပဲ လို့ ကိုယ့် ကို ကိုယ် နှစ်သိမ့် ထား သမျှတွေ ဝေး မှ မမှန် နိုင်မှန်း သိ လာ ရ တော့တယ် ။

ကျောင်း ရက်ရှည် ပိတ် တဲ့ ကာလတွေ မှာ အရမ်း လွမ်း နေတာ ၊ သတိ ရ နေတာတွေ ကို ကိုယ်တိုင် ပဲ သိတယ် ။ “ သတိရတယ် ” ဆိုတဲ့ စကားတွေ ရင် ထဲ မှာ ပြည့် ပြီး ပွင့်ထွက် မတတ် ခံစား ရတဲ့ အခါ “ I Miss You ” ဆိုတဲ့ သီချင်း ကို ပဲ အခါခါ ဖွင့် ရင်း ကက်ဆက်ကလေး ကို ကိုယ့် ကိုယ်စား အော် ခိုင်း ထား ရတယ် ။

ကိုယ် သိထားခဲ့ တဲ့ ဂဏန်း ငါးလုံး ကို လှည့် ဖို့ သတ္တိ မရှိတိုင်း ဖုန်းခွက်ကလေး ကို ကိုင်လိုက် ချလိုက် နဲ့ ရက်များစွာ ဖြတ်ကျော်ခဲ့ရတယ် ။ ကဗျာပေါင်း များစွာ ရေး ဖြစ်တဲ့ နေ့တွေ မှာ ဘယ် သွားသွား မင်း နဲ့ များ တွေ့ မလား ဆိုပြီး ရှာဖွေ မိတဲ့ ရက်တွေ မှာ တစ်ဖက်သတ် နားလည် ခံစားထားတဲ့ အမှတ်တရ အကြောင်းတွေ ကို ပြန် တွေးနေ မိ တဲ့ ရက်တွေ မှာ ကိုယ့် ကို ကိုယ် ထိန်းချုပ် နိုင်မှု ကင်းမဲ့ နေ ခဲ့တယ် ။

ပိုင်ဆိုင် လို တဲ့ စိတ်ဆန္ဒ ကင်းမဲ့ နေလျက် ပိုင်ဆိုင် နိုင်စွမ်း မရှိမှန်း သိလျက် နဲ့ ကိုယ် ဘာကြောင့် သည်လို ဖြစ် နေတာလဲ ။ ဘယ်သူ့ ကို မှ အဖြေ ရှာ မခိုင်းရဲ ကိုယ့် ဘာသာ ကိုယ် လည်း အဖြေ ထုတ် နိုင်စွမ်း မရှိတဲ့ ပုစ္ဆာ တစ်ပုဒ် ကို ရင် ထဲ မှာ ကြာရှည် သိမ်းဆည်း ရင်း နှစ်များ စွာ သာ ကုန်ဆုံး လွန်မြောက် သွားပါတော့တယ် ။

ဝါသနာ အရ ရေး မိ တဲ့ ဝတ္ထုတွေ မှာ မင်း အကြောင်း နဲ့ ကင်းကွာပြီး မရေးတတ်တော့ သလို ဖြစ်နေ တာမို့.စာ မရေး ရဲ ခဲ့တာ ကြာ ပြီ ။ ရေးထား သမျှတွေ ကို လည်း ဘယ် မဂ္ဂဇင်းတိုက် မှ မပို့ ရဲ ဘဲ သိမ်းဆည်း ထား ခဲ့ရတာ လည်း ကြာခဲ့ပါပြီ ။

မတော်တဆ ဖတ် မိလို့ သူငယ်ချင်းတွေ က မေး တဲ့ အခါ ကိုယ့် ခံစားချက် နဲ့ ဘာမှ မပတ်သတ် သလို ရယ်မော ဖြေရှင်း နေရာ တာ ကိုယ် လိပ်ပြာ မသန့်ပါဘူး ။

မင်း ကိုယ်တိုင် လည်း မသိ ၊ တခြား ဘယ်သူ မှ လည်း မသိနိုင်တဲ့ ကိုယ့် ရင် ထဲ က ခံစားမှုတွေ ဘယ်တော့ ကြေပျက် သွားမှာလဲ ။ အဲသည် နေ့ ကို ကိုယ် စောင့်စား ရင်း ရင်မော လာတယ် ။ အဲဒီ နေ့ ဆိုတာ ရော ရှိ လာ နိုင်ပါ ဦး မလား ။ ပိုင်ဆိုင် လို စိတ်ကင်းစွာ နဲ့ စွဲလမ်း။ခဲ့ တာ မို့ မင်း မှာ သက်ဆိုင် သူ ရှိ လာ ခဲ့လည်း ကိုယ် စွဲလမ်း နေဆဲ ဖြစ် မှာ ပါပဲ ။

မင်း ကို မေ့ နိုင် မယ့် နေရာ ကို ကိုယ် ထွက်ပြေး သွားချင် တယ် ။ ထွက်ပြေး သွား ရင် ကော လွတ် နိုင်ပါ့မလား ။

ကိုယ့် ကို ကိုယ် သာ မုန်း လာပြီး မင်း ကို မမုန်း နိုင် တာ ဘယ် လို ဝဋ်ကြွေး ကြောင့် လဲ ။

“ အချစ် ” ဆိုတဲ့ အရာ ကို ကိုယ် အမှန်တကယ် တွေ့ ရှိ ခဲ့တာ လား ။ ကိုယ် ဘယ်လို မှ မဖြေရှင်း နိုင် တော့ တဲ့ ပဟေဠိတွေ ပါ ပဲ ကွာ ။

တစ်စ တစ်စ နဲ့ ဟောင်းနွမ်း လာတဲ့ ရက် များစွာ မှာ ကိုယ် ဟာ အကုသိုလ် အပြည့် နဲ့ လူ တစ်ယောက် ဖြစ် လာတယ် ။ ထိန်းချုပ် လို့ မရတဲ့ ကိုယ့် စိတ်တွေ ကို လည်း ထိန်း မနေချင်တော့ဘူး ။ မျှော်လင့်ချက် ကင်းစွာ နဲ့ တစ်သက်လုံး စွဲလမ်း ဖို့ ကိုယ့် ကို ကိုယ် ခွင့်ပြု လိုက် မိ ပြီ ။

ဒါဟာ အပြစ် ရှိတယ် ... မှားတယ် ဆိုတာ ကို သိလျက် နဲ့ ဖျောက်ဖျက် မရတဲ့ စွဲလမ်းမှု တွေ အတွက် ကိုယ် အမြဲ မှား နေ တော့ မှာ ... ။

◾ကျွန်း

📖 ဆေးတက္ကသိုလ် ( ၁ ) နှစ်လည် မဂ္ဂဇင်း
      ၁၉၉၃ - ၁၉၉၄

#ကိုအောင်နိုင်ဦး

.

Sunday, January 29, 2023

ကျွန်တော် ၏ မိထွေး


 

❝ ကျွန်တော် ၏ မိထွေး ❞

ကျွန်တော် ၏ မိထွေး မှာ ကျွန်တော် ၏ မိခင် ကဲ့သို့ပင် ယောသူ ဖြစ်ပါသည် ။ ကျွန်တော် ၏ မိခင် ကို အသား ဖြူသည် ၊ ညို သည် တိတိကျကျ မမှတ်မိ သော် လည်း ကျွန်တော် ၏ မိထွေး မှာ အသား ဖြူ ပါသည် ။ ရုပ် မှာ လည်း အလွန် ချောပါသည် ။ ကျွန်တော် ၏ ဖခင် က တော့ အသား မည်းသည် ။ သို့ရာတွင် ကျွန်တော် ၏ မိထွေး မှာလည်း အရပ်အမောင်း ကောင်းသူဖြစ် ၍ ကျွန်တော် ၏ ဖခင် နှင့် အလွန် ပင် လိုက်ဖက် ပါ သည် ။

တစ်ခု တော့ ရှိသည် ။ ကျွန်တော် ၏ ဖခင် က မဟုတ်လျှင် မခံ စိတ်ကြီးသူ တစ်ယောက် ။ သတ္တိ လည်း ကောင်းသည် ။ ကျွန်တော် ၏ မိထွေး က ထိုကဲ့သို့ မဟုတ် ။ မဟုတ်လျှင် လည်း ငုံ့ ၍ သာ ခံနေ တတ်သည် ။ သို့ရာတွင် ကျွန်တော် ၏ မိထွေး သည် လောက ကို တော့ ကြံ့ကြံ့ ခံ ၍ ရင်ဆိုင် ရဲသည့် သတ္တိ ရှိသည် ။

သူ ဒေါသ ထွက်နေသည် ကို လည်း ကျွန်တော် ထူးထူးခြားခြား ကြီး မတွေ့ဖူး ။ တစ်ပါး သူ နှင့် ခွန်းကြီးခွန်းငယ် စကား များ ရန်ဖြစ် သည် ကို လည်း တစ်ခါ မျှ မမြင်ဖူး ။ အလွန်လည်း နူးညံ့ သိမ်မွေ့ ၍ ယဉ်ကျေးသူ တစ်ဦး သာ လျှင် ဖြစ်ပါသည် ။

အလွန် လည်း ရှက် တတ်ပါသည် ။ ကျွန်တော့် ဖခင် ၏ အမည် ကို လည်း တစ်ခါ မျှ သူ မခေါ်ဖူး ။ သူ့ ကိစ္စ ရှိလျှင် ကျွန်တော်တို့ မှ တစ်ဆင့် သာ လျှင် “ မင့် အဖေ က ”  ၊ “ မင်းတို့ အဖေ က ”  ဟူ၍ သာ သုံးစွဲ ပြောဆို တတ်ပါသည် ။

သူ ရယ် လျှင် လည်း သူ ၏ သွားများ ပေါ်မည် ကို စိုးရိမ် တတ်သည် ။ သူ ၏ နှုတ်ခမ်းတွေ ကို အတင်း စေ့ ပိတ်ထား ရင်း နှင့် ရယ် တတ် ပါသည် ။ ထိုအခါ များတွင် သူ ၏ မျက်လုံးအိမ် တို့ မှာလည်း ကျဉ်းကျဉ်းကလေးတွေ ဖြစ်၍ သွား တတ်ပါသည် ။

နောက်ပြီးတော့ ပုံပြင်တွေ ထဲ က မိထွေး မျိုး မဟုတ် ။ မိထွေး မကောင်း သည့် အကြောင်းများ ကို ရေးဖွဲ့ ထားရစ် ခဲ့ကြ သည့် ပုံပြင် တို့ မှာ ကျွန်တော် တို့ ၏ မိထွေး နှင့် လုံးဝ မသက် ဆိုင် ။ လုံးဝ မပတ်သက် ။ ကျွန်တော် ၏ မိထွေး မှာ အလွန် သဘော ကောင်းသူ တစ်ဦး သာလျှင် ဖြစ်သည် ။

ကျွန်တော် သည် ကျွန်တော် ၏ မိခင် အကြောင်း ကို ကောင်းစွာ မသိရှိ သော်လည်း ကျွန်တော့် မိထွေး ၏ အကြောင်း ကို တော့ ကောင်းစွာ သိရှိပါသည် ။

ကျွန်တော့် မိထွေး မှာ ကျွန်တော့် အမေ ၏ ညီမ တစ်ဝမ်းကွဲ တော်စပ်သူ တစ်ဦး လည်း ဖြစ်ပါသည် ။ ဒုတိယကမ္ဘာစစ် ကာလ ဂျပန်ခေတ် တွင် ကျွန်တော် ၏ အမေ ဆုံး သွားပြီး နောက်ပိုင်း ကျွန်တော် တို့ ၏ အဘွား က ကျွန်တော် တို့ ကလေးများ အတွက် စိတ်ချရ စေရန် ကျွန်တော် တို့ ၏ ဖခင် နှင့် ကျွန်တော် တို့ ၏ မိထွေး အား စီစဉ် ပေးခဲ့ခြင်း ဖြစ်သည် ဟူ၍ လည်း သိရှိရ ဖူး သည် ။

ဒုတိယကမ္ဘာစစ် ကို ကျွန်တော် ရေးတေးတေး မှတ်မိ ပါသည် ။ ထိုစဉ်က ကျွန်တော် ၏ အသက် မှာ အတော်ပင် ငယ်လွန်း လှသေး ၍ ဇဝေဇဝါ အိပ်မက် လို လို ဖြစ်နေခြင်း ဖြစ်သည် ။

ကျွန်တော် တို့ မြစ်ခြေမြို့ကလေး ၏ အပေါ် သို့ လေယာဉ် ပျံတွေ အုပ်လိုက် အုပ်လိုက် ပျံသန်း လာကြ၍ ဗုံးတွေ ကြဲချ သွားတာ ကို မှတ်မိသည် ။ နောက် မီးခိုးလုံးကြီးတွေ အလိပ် လိုက် အလိပ် လိုက် မည်း တက် လာကြတာ ကို မှတ်မိသည် ။

ထို လေယာဉ်ပျံတွေ အုပ်လိုက် အုပ်လိုက် ပျံသန်းလာ ကြပြီ ဆိုလျှင် ကျွန်တော်တို့ ၏ မြစ်ခြေမြို့ကလေး ပေါ် သို့ လင်းတ ငှက်ကြီးတွေ အုပ်လိုက် အုပ်လိုက် ပျံသန်းလာကြသည် ဟူ ၍ ကျွန်တော် ခံစား ရသည် ။ နောက်ပြီးတော့ ထို လေယာဉ်ပျံ တွေ ၏ အသံတွေ က လည်း တဝီဝီ နှင့် ခွေးအူသံတွေ လို အသံ ရှည်ကြီးတွေ နှင့် အော်မြည်၍ လာ တတ် ကြသည် ။

ထို လေယာဉ် တို့ ၏ အော်မြည်သံကြီးများ မှာ အလွန် လည်း ကျက်သရေ မဲ့ လှသည် ။ အလွန်လည်း ကြောက်စရာ ကောင်းပါ သည် ။ အဝေးကြီး မှ နေ၍ ၎င်းတို့ ပျံသန်း လာကြသည်များ ကို ကြားရပြီ ဆိုလျှင် မကြာမီ ကျယ်လောင်စွာ အော်မြည်၍ ကျွန်တော် တို့ ရွာ ၏ အပေါ် မှ ဖြတ်ကျော် ပျံသန်း သွားကြ လေ့ ရှိသည် ။ ၎င်းတို့ ၏ နောက်ဘက် တွင် မီးခိုးတန်းတွေ ကလည်း အတန်း လိုက် တန်း နေရစ်လေ့ ရှိသည် ။

ထိုစဉ်က ကျွန်တော်တို့ မှာ မြစ်ခြေမြို့ကလေး ၏ အရှေ့ ဘက် တွင် ရှိသည့် သရက်တောရွာကလေး ၌ နေထိုင် ကြပါ သည် ။ မြစ်ခြေမြို့ကလေး နှင့် ကျွန်တော်တို့ ၏ သရက်တောရွာ ကလေး မှာ ပေတစ်ရာ ကျော်ကျော် ခန့် လောက် သာ လျှင် ကျယ် သည့် ချောင်းငယ်ကလေး တစ်ခု သာ လျှင် ခြားသည် ။ ထိုချောင်း ကလေး ၏ အမည် ကို လည်း ကျွန်တော်တို့ နေသည့် ရွာ ကို အစွဲပြု၍ သရက်တောချောင်း ဟု ခေါ်ကြပါသည် ။

ကျွန်တော် တို့ အိမ် မှာ လည်း ထို ချောင်း ၏ အစပ် ရွာ အဝင် ကုန်းမြင့် ပေါ် တွင် ရှိသည် ။ အိမ် အဝင်ဝ တွင် ရွှေဟင်္သာပွဲရုံ ဆို သည့် ဆိုင်းဘုတ်ကြီး ရှိပါသည် ။ အိမ်ခြံဝင်းကြီး မှာလည်း အတော်ပင် ကျယ်ဝန်း၍ အိမ် ၏ မြောက်ဘက် ချိုင့် တွင် ဥယျာဉ် ရှိသည် ။ မာလကာ ၊ ရှောက် ၊ သံပရာ စသည့် အပင်တွေ ရှိ ကြသည် ။ နောက်ပြီး ညောင်ပင်ကြီး တစ်ပင် လည်း ရှိသည် ။ အိမ် အဝင် ၌လည်း ညောင်ပင်ကြီး နှစ်ပင် ရှိပါသည် ။ နွေရာသီ ဆိုလျှင် လည်း ကျွန်တော် တို့ ၏ ခြံဝင်းကြီး ထဲ မှာ အေးစိမ့် လို့ သာလျှင် နေလေ့ ရှိပါသည် ။ ညောင်ရွက်ခတ်သံတွေ ကို လည်း ကြား ၍ နေရသည် ။ 

ကျွန်တော်တို့ ၏ အိမ် အောက် တွင် ဗုံးခိုကျင်းကြီး တစ်ခု လည်း ရှိသည် ။ ထို အထဲ တွင် သေနတ်တွေ ကို ဖွက်၍ ထားပါ သည် ။ အဖေ နှင့် သူ၏ သူငယ်ချင်းတွေ ထို သေနတ်တွေ ကို မကြာမကြာ သွင်းလိုက် ထုတ်လိုက် နှင့် အလုပ်တွေ ရှုပ်နေ တတ်ကြသည် ။

မြစ်ခြေမြို့ကလေး အပေါ် သို့ လေယာဉ်ပျံတွေ အုပ်လိုက် ပျံသန်းလာကြပြီး ဗုံးတွေ ကြဲချပြီ ဆိုလျှင် ချက်ချင်းပင် မီးတောက်တွေ နှင့် မီးခိုးလုံးကြီးတွေ တက် လာကြသည် ကို ကျွန်တော်တို့ သရက်တောရွာကလေး မှ လှမ်း ၍ မြင် နေရသည် ။

နောက်ပြီး မကြာမီ ကျွန်တော်တို့ ၏ သရက်တောရွာ ကလေး ပေါ် သို့ လည်း ရောက်၍ လာကြတော့မည် ။ ထိုအခါ လူ ကြီးတွေ မှာ ပျာယာခတ် နေကြ၍ ကပျာကယာ ကျွန်တော်တို့ ကို ပွေ့ချီကာ အိမ် အောက် မှ ဗုံးခိုကျင်း ထဲ သို့ ကြွက်တွေ လို ပြေးဝင်၍ သွားကြရပါသည် ။ 

နောက် လေယာဉ်ပျံအသံတွေ ရပ်စဲ သွားကြပြီး စိတ်ချ ရလောက်ပြီ ဆို မှ တစ်ဖန် ဗုံးခိုကျင်း ထဲ မှ အပြင် သို့ ပြန်၍ ထွက်လာ ကြရ ပြန်သည် ။

ထိုအချိန်တွင် မြစ်ခြေမြို့ကလေး ဆီ ၌ မီးတွေ လောင် နေကြပြီ ကို တွေ့မြင် ၍ နေကြရသည် ။

နောက် ကျွန်တော်တို့ ရွာ ၏ အရှေ့ဘက် တစ်ဆက် တည်း တွင် ရှိသည့် ထန်းစဉ်ရွာ နှင့် တောင်ဘက် မှ အင်းဝိုင်းရွာ ၏ အကြား ယာခင်းပြင်ကြီး ထဲ တွင် လေယာဉ်ပျံကြီး တစ်စင်း ပျက်ကျသွားသည် ကို ကြားသိ ကြရပါသည် ။ ထို လေယာဉ်ပျံ ကြီး ကို ကျွန်တော် ၏ အဖေ နှင့် သူ ၏ လုပ်ဖော်ကိုင်ဖက် တော် လှန်ရေးရဲဘော်တွေ က ပစ်ချ လိုက်ကြပုံ ရပါသည် ။ လေယာဉ် မှ ရန်သူ မှာ လည်း သေဆုံးသွားပုံ ရပါသည် ။

ကျွန်တော် ၏ မိခင် ဖြစ်သူ မှာ လည်း ကျွန်တော် ၏ အောက် မှ ညီမလေး ကို မွေးဖွားခဲ့ပြီး သွေးနုသားနု အချိန်၌ပင် လေယာဉ် အသံတွေ ၊ ဗုံးပေါက်ကွဲသံ တွေ ကြောင့် သွေးလန့်၍ သေဆုံး သွားခဲ့ရသည် ။

ထိုအချိန်က ကျွန်တော် ၏ အသက် မှာ နှစ်နှစ် ခန့် လောက် သာလျှင် ရှိသေး၍ အမေ ၏ အသုဘ ကို ကောင်းစွာ မမှတ် မိ ။ ကျွန်တော် ဇဝေဇဝါ ဖြစ်၍ နေပါသည် ။

ကျွန်တော် ၏ အဖေ နောက်ထပ် အိမ်ထောင် ပြုတော့ လည်း ကျွန်တော် ၏ အသက် မှာ အတော်ပင် ငယ် သေးသည် ။ ကိုယ့် မစင် မျှပင် ကိုယ်တိုင် မသုတ်တတ်သေး ။ ကျွန်တော် ၏ မိထွေး ကပင် ကျွန်တော် နှင့် ညီမလေး တို့ ကို ချေးပါသေး ပေါက် က စ၍ သန့်စင် ပေး ခဲ့ရသည် ။

ထိုစဉ်က ကျွန်တော် အိပ် လျှင် လည်း ကျွန်တော် ၏ ဖခင် နှင့် ကျွန်တော် ၏ မိထွေး တို့၏ အကြား ၌ သာ အိပ် တတ်သည် ။ သို့မှသာလျှင် နှစ်နှစ်ခြိုက်ခြိုက် နှင့် အိပ်လို့ ရသည် ။ တစ်ရေး နိုး၍ တခြား နေရာ ရောက် နေလျှင်လည်း ထ ၍ ငို တတ် သည် ။ ကျွန်တော် ၏ ဖခင် နှင့် ကျွန်တော် ၏ မိထွေး တို့ ၏ အကြား ၌ သာ လျှင် နွေးနွေးထွေးထွေးနှင့် အိပ်လို့ ပျော်သည် ။ 

ထို့ကြောင့်လည်း ကျွန်တော်တို့ ညီအစ်ကို မောင်နှမ တစ်တွေ က ကျွန်တော်တို့ ၏ မိထွေး ကို အားလုံး က ပင် မိခင် အရင်း လို ချစ်ကြခြင်း လည်း ဖြစ်ပါသည် ။ သို့ရာတွင် ဘာကြောင့် မှန်း မသိ ကျွန်တော်တို့ က ကျွန်တော်တို့ မိထွေး ကို အားလုံး ကပင် “ မအောင်မေ ” ဟူ၍ သာ လျှင် ခေါ်ကြသည် ။ ကျွန်တော် ထင်သည် ။ အိမ်နီးနားချင်း လူကြီးသူမတွေ ခေါ်ကြသည် ကို နား စွဲသွား၍ ကျွန်တော် တို့ က လည်း “ မအောင်မေ ” ဟူ၍ လိုက် ခေါ်ခဲ့ကြခြင်း ဖြစ်ပုံ ရပါသည် ။

ကျွန်တော် တို့ မှာ ပြင်လို့ မရ ။ အသက် ကြီး သည် အထိ ထို အတိုင်း သာ လျှင် ခေါ်ဝေါ် သုံးစွဲခဲ့ကြပါသည် ။ နောက်ပိုင်း တွင် ထိုကဲ့သို့ “ မအောင်မေ ”  ဟူ၍ ခေါ်ခြင်းသည် ကျွန်တော် တို့ တကယ် ချစ်၍ ခေါ်ခြင်း ဖြစ်သည် ဟူ၍ လည်း ခံစားရ သည် ။ ကျွန်တော်တို့ အဖို့ “ မအောင်မေ ”  ဆိုသည့် အမည် သည် “ အမေ ”  ဆိုသည့် ဝေါဟာရ သာ လျှင် ဖြစ်သည် ။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံး သွားပြီး လွတ်လပ်ရေး မရမီ ကာလ ဗိုလ်ချုပ်အောင်ဆန်း တို့ ခေါင်းဆောင်ကြီးတွေ လုပ်ကြံ ခံရတော့ ကျွန်တော် တို့ ရွာ မှ လူကြီးတွေ တစ်ရွာလုံး လိုလို ငိုကြတာ ကို ကျွန်တော် မှတ်မိသည် ။ ကျွန်တော်တို့ ကလေးတွေ ဘာမှန်း မသိကြသေးသော်လည်း လူကြီးတွေ ငို ကြသည် ကို တွေ့မြင် ရပြီး အလိုလို ဝမ်းနည်း လာကြ၍ လိုက် ငို မိခဲ့ကြပါသည် ။

နောက် မကြာမီ ရဲဘော်ဖြူ နှင့် အလံနီ တို့ တောခို ၍ သွားခဲ့ကြပါသည် ။ ကျွန်တော် ၏ အဖေ နှင့် နိုင်ငံရေး လုပ်ဖော် ကိုင်ဖက် သူငယ်ချင်းတွေ လည်း တောခို သွားကြရာ အိမ်နီးချင်း ကျွန်တော် ၏ ကစားဖော်ငယ် သူငယ်ချင်းတွေ နှင့် လည်း အချိန်မှ စ၍ ကွဲကွာ ခဲ့ရပါသည် ။ 

ကျွန်တော် ၏ ဖခင် မှာ တောခိုသွားကြသူများ တွင် မပါ ။ ကွန်မြူနစ်ဝါဒ ကို မယုံကြည် ၍ တော မခိုခဲ့ခြင်း သာလျှင် ဖြစ်သည် ဟု ထင် မိသည် ။ ကျွန်တော်တို့ အရွယ် မရောက်ကြ သေးသည့် ကလေးငယ်များ ၏ နောင်ရေး အတွက် ငဲ့ကွက်၍ တော မခိုခဲ့ခြင်း လည်း ဖြစ်နိုင်ပါသည် ။

သို့ရာတွင် ကျွန်တော် ၏ ဖခင် ထံ မှ ကွန်မြူနစ်ဝါဒ သဘောတရားများ နှင့် ပတ်သက်၍ ပြောကြားခြင်းများ ကို မူ တစ်ခါမှ တစ်လုံး တစ်ပါဒ မှ မကြားခဲ့ရဖူးပါ ။ သို့ဖြစ်၍လည်း “ ကွန်မြူနစ်ဝါဒ ကို မယုံကြည်၍ တော မခိုခဲ့ခြင်း သာ လျှင် ဖြစ် သည် ဟု ထင်ပါသည် ” ဟူ၍ ပြောရခြင်း လည်း ဖြစ်သည် ။

ထိုစဉ်က ပခုက္ကူခရိုင် သည် ဗကပ တို့ ၏ လှုပ်ရှားမှုများ နှင့် ပတ်သက်၍ အလွန် နာမည် ကြီးပါသည် ။ ထိုစဉ်က သခင်သန်းထွန်း နှင့် သခင်စိုး တို့ ကိုယ်တိုင် ပင်လျှင် ပခုက္ကူခရိုင် အတွင်း ၌ပင် ရှိကြသည် ဟူ၍ လည်း ကြားသိရ ဖူးသည် ။ သို့ဖြစ်ရာ ၎င်းတို့ ၏ မြန်မာပြည် ကွန်မြူနစ်ပါတီ နှင့် အလံနီပါတီ တို့ ၏ ဌာနချုပ် မှာ လည်း ပခုက္ကူခရိုင် အတွင်း ၌ ပင် ရှိကြပုံ ရသည် ။ ထိုစဉ်က ပခုက္ကူခရိုင် အတွင်း မှ ရေစကြိုမြို့ ဆိုလျှင် လည်း မော်စကိုမြို့ ဟူ၍ပင် ခေါ်ဝေါ်သုံးစွဲ ပြောဆိုခဲ့ကြသည် ကို ကျွန်တော် ကြား ဖူးသည် ။

ပခုက္ကူခရိုင် တွင် နာမည်ကြီး သူပုန်ခေါင်းဆောင်များ ဖြစ်ကြသည့် ဗိုလ်ကြာလှိုင် နှင့် ဗိုလ်သန်းမောင် တို့ မှာ လည်း တော မခိုမီ ၊ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေး မရမီ တော်လှန် ရေး ကာလ က ကျွန်တော့် ဖခင် ၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တစ်ရွာတည်း သား ငယ်သူငယ်ချင်း ရဲဘော်အပေါင်းအသင်း များ သာ လျှင် ဖြစ်ခဲ့ကြပါသည် ။

ကျွန်တော် ၏ ဖခင် မှာ အသက် ကြီး ၍ ၎င်းတို့ အားလုံး လိုလို က နောင်ကြီး ဟူ၍ သာလျှင် ခေါ်ဝေါ် သုံးစွဲခဲ့ကြသည် ။ ကျွန်တော် ၏ ဖခင် က မူကား ၎င်းတို့ကို ၎င်းတို့ ၏ နာမည်များ အတိုင်း သာလျှင် သန်းမောင် ၊ ကြာလှိုင် စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲခဲ့ပါသည် ။

ကျွန်တော် ၏ ဖခင် သည် သူ ၏ နိုင်ငံရေး လုပ်ဖော်ကိုင် ဖက်သူငယ်ချင်းများ တောခို သွားကြပြီး နောက်ပိုင်း တွင် ဘာကြောင့်မှန်း မသိ ။ ကျွန်တော့် ကို မွေးဖွားခဲ့သည့် သရက်တော ရွာကလေး မှ မြစ်ခြေမြို့ကလေး သို့ ပြောင်းရွှေ့ ၍ သွားခဲ့ပါ သည် ။ ၎င်း ၏ အပေါင်းအသင်း သူငယ်ချင်းများ မရှိကြတော့ ၍ ဟု ထင်မိသည် ။ ကျွန်တော့် မိခင် မရှိတော့၍ မနေချင်တော့ တာ လည်း ဖြစ်နိုင်ပါသည် ။

နောက်ပိုင်းတွင် တောခို သွားကြသည့် သူ ၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ က ကျွန်တော် ၏ ဖခင် အား ၎င်းတို့ တောခို သွားကြစဉ် မလိုက်ပါခဲ့၍ သိပ် မကျေနပ်ကြ ဟု ကြားသိ ရဖူးသည် ။ နောက်ပိုင်း တွင် ကွန်မြူနစ် သောင်းကျန်းသူတွေ က ကျွန်တော်တို့ ၏ မြစ်ခြေမြို့လေး ကို ဝင်ရောက်၍ သိမ်းပိုက် ခဲ့ကြ ပါသည် ။ ထိုစဉ်က ကျွန်တော်တို့ မြို့ကလေး ကို ဝင်ရောက်၍ သိမ်းခဲ့ကြသည့် သောင်းကျန်းသူ တပ် မှ ခေါင်းဆောင် မှာ ဗိုလ်ကြာလှိုင် ဖြစ်ခဲ့ပါသည် ။ ၎င်းတို့ မှာ ဆင်တပ်တွေ နှင့် ဝင်ရောက် လာခဲ့ကြခြင်း ဖြစ်ရာ ကျွန်တော် တို့ ယခင် နေထိုင်ခဲ့ကြ သည့် သရက်တော ရွာ မှ အိမ်ဝင်းကြီး အတွင်း တွင် ဝင်ရောက်၍ တပ်စွဲ နေထိုင်ခဲ့ကြ ပါသည် ။

ထိုစဉ်က ဆင် အကောင် အရေအတွက် မှာ လည်း အတော် ပင် များပါသည် ။ ထို ဆင်ကြီးများ ကို ကျွန်တော်တို့ အိမ်ဝင်းကြီး ထဲ မှာ ညောင်ကြီးများ နှင့် အိမ်ရှေ့ ရွာအဝင် ညောင်ပင်ကြီးများ တို့ ၏ အောက်၌ သံကြိုးကြီးများ နှင့် ချည်၍ ထားရာ ထို ဆင်ကြီး များက ကျွန်တော်တို့ ၏ ညောင်ပင်ကြီးများ မှ အကိုင်းအခက် အလက်များ ကို ၎င်းတို့ ၏ နှာမောင်းကြီးများ နှင့် ဆွဲ၍ ချိုးချကြ သည်များ ကို လည်း ကျွန်တော် ယနေ့တိုင် ပင် မြင်ယောင် မှတ်မိ၍ နေပါသေးသည် ။

နောက်ပြီးတော့ တချို့ ဆင်တွေ မုန်ယိုပြီး လွတ် သွားကြ သည်များလည်း ရှိခဲ့ပါသည် ။ ကျွန်တော် ၏ ဘဝ တွင် ဆင် ဆိုသည့် သတ္တဝါကြီးများ ကို ပထမဆုံး အကြိမ် စ၍ မြင်ဖူးခြင်း လည်း ဖြစ်ခဲ့ပါသည် ။

ထို အချိန် က ဗိုလ်ကြာလှိုင် သည် ကျွန်တော် ၏ ဖခင် ကို သူ ၏ ရဲဘော်များ အား အခေါ် လွှတ် လိုက်၍ ကျွန်တော် ၏ ဖခင် မှာ လိုက်သွား ရသည် ။ ကျွန်တော် ၏ မိထွေး မှာ လည်း စိတ် ပူ၍ လိုက် သွားခဲ့ပါသည် ။

ဗိုလ်ကြာလှိုင် ကို တွေ့တော့ ကျွန်တော် ၏ ဖခင် က “ ဟေ့ ... ကြာလှိုင် မင်း ငါ့ ကို ခေါ်တယ်ဆို ဘာကိစ္စ ရှိလို့လဲ ”  ဟူ၍ မေးရာ မိထွေး ခမျာ လွန်စွာပင် ထိတ်လန့် စိုးရိမ်ခဲ့မိသည် ဟူ၍ သိရပါသည် ။ ထိုစဉ် က ကျွန်တော် ၏ ဖခင် အား ဗိုလ်ကြာလှိုင် က ခေါ်ခြင်း မှာ သ,တ်ရန် ဖြစ်သည် ဟူ၍လည်း ကျွန်တော် ၏ မိထွေး က ကျွန်တော် တို့ အား မကြာမကြာ ပြန်၍ ပြောပြခဲ့ဖူး ပါသည် ။

ထိုစဉ်က ဤကဲ့သို့ မကြောက်မရွံ့ နှင့် ကျွန်တော် ၏ ဖခင် က ဗိုလ်ကြာလှိုင် အား ပြောဆို ဆက်ဆံပုံများ ကို ပြန်၍ ပြောပြသည့် အခါများတွင် ကျွန်တော့် မိထွေး ၏ မျက်နှာ မှာ ကျွန်တော့် ဖခင် နှင့် ပတ်သက်၍ အံ့သြခြင်း ၊ စိုးရိမ်ခြင်း ၊ ထိတ် လန့်ခြင်း ၊ ဂုဏ်ယူခြင်း ၊ ဝမ်းမြောက်ခြင်း တို့ နှင့် ပြည့်နှက်ကြသည် ကို တွေ့ရပါသည် ။

ထိုအချိန်များ တွင် သူ ၏ မျက်လုံးအိမ်များ မှ မျက်ရည် များမှာ လည်း စီးကျ လာတတ်ကြ၍ သူ ၏ လက်ဖဝါးပြင်များ နှင့် မျက်ရည်တွေ ကို သုတ်ရင်း ပြော နေတတ်သည် ကို လည်း တွေ့ရသည် ။ ဤကဲ့သို့ ကျွန်တော် တို့ အား ပြန်၍ ပြောပြသည့် အကြိမ်တိုင်း လိုလို မှာ လည်း ဤ အတိုင်း သာ လျှင် သူ့ ကို တွေ့မြင်ရပါသည် ။ သူ့ တွင် ထို အဖြစ်အပျက် တို့ မှာ မနေ့တစ်နေ့ က အဖြစ်အပျက်များ ဖြစ်သည် ဟူ၍ ထင် နေပုံ ရပါသည် ။

ထိုအချိန် က ဗိုလ်ကြာလှိုင် သည် သရက်တောရွာ တွင် ရှိသည့် အိမ်ဝင်းကြီး ကို သိမ်း၍ စိတ်ပိုင်းပြီး အခြား သူများ အား ဝေငှ ၍ ပေး သွားခဲ့ပါသည် ။

ကျွန်တော်တို့ ၏ နိုင်ငံ လွတ်လပ်ရေး ရပြီး နောက်ပိုင်း ဖဆပလ အစိုးရ ၏ လက်ထက် ရောက်လာသော အခါတွင် လည်း ကျွန်တော် ၏ ဖခင်သည် ထို အိမ်ဝင်းကြီး နှင့် ပတ်သက်၍ ပြန်လည် ရယူဖို့ မကြိုးစား ၊ ဗိုလ်ကြာလှိုင် ၏ ဆန္ဒ အတိုင်း သာ လျှင် ဖြစ် စေ ခဲ့ ပါသည် ။ 

ဖဆပလ အစိုးရ ၏ လက်ထက် သို့ ရောက်လာ ပြန်သည် အခါ ကျတော့လည်း ကျွန်တော့် ဖခင် ၏ ဘဝကံကြမ္မာ မှာ ဆိုး ပြန်သည် ဟူ၍ ပြော ရပါမည် ။ သူ ၏ ဖက်ဆစ်တော်လှန်ရေး ကာလ က အတူတကွ လုပ်ကိုင်ခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက် ရဲဘော် အပေါင်းအသင်း သူငယ်ချင်း တို့ မှာ တောထဲ တွင် ရောက် နေကြသည် ဖြစ်ရာ ဖဆပလ အစိုးရ ၏ သင်္ကာမကင်းခြင်း ကို ခံရ ပြန်သည် ။ 

ထိုအချိန် မှာလည်း ကျွန်တော် တို့ က အရွယ် မရောက်ကြ သေး ။ ကျွန်တော် ၏ မိထွေး မှာ လည်း သမီး တစ်ယောက် နှင့် သား တစ်ယောက် ကို မွေးဖွားပြီး စ အရွယ် ။ ကျွန်တော် ၏ ဖခင် မှာ သားသမီး ခုနစ်ယောက် ၏ အနာဂတ် အတွက် စီးပွားရေး လုပ်ငန်းများ ကို ကြိုးစား ရှာဖွေနေသည့် ကာလ ဖြစ်သည် ။

သူ ပိုင် အညာလှေကြီး နှင့် အောက်ပြည် အောက်ရွာ များ သို့ ကုန်ကူးသန်းသွားလာ ရောင်းဝယ် နေသည့် ကာလ ဖြစ်သည် ။ ဟင်္သာတ ၊ ညောင်တုန်း ၊ မအူပင် ၊ ငါးခယ်မ ၊ မြောင်းမြ စသည့် မြို့ကြီးများ ၏ အမည်များ ကို ကျွန်တော် ငယ်စဉ် ကလေး ဘဝ ကတည်း က ကြားဖူးသည် ။

ထိုမြို့များ မှာ ကျွန်တော် ၏ ဖခင် သူ ၏ အညာလှေကြီး နှင့် မကြာမကြာ ဧရာဝတီမြစ် အတွင်း စုန်ချည်တစ်ခါ ၊ ဆန် ချည်တစ်လှည့် နှင့် သွားလာ ကူးသန်း ရောင်းဝယ်နေခဲ့သည့် မြို့များ သာ ဖြစ်ခဲ့ကြသည် ။ 

တစ်ခါတစ်ရံ ဓားပြ အတိုက် ခံ ရ တတ်သည် ။ တစ်ခါ က ဆိုလျှင် ကျွန်တော် ၏ ဖခင် ခမျာ ကျောပြင် တွင် ဓားပြတွေ ၏ ဓားပြား နှင့် ရိုက် လွှတ်လိုက်ခြင်း ကို ခံခဲ့ရဖူးသည် ။ ထိုစဉ်က ကျွန်တော် ၏ ဖခင်၏ ကျောပြင် မှ ဓားပြား ဒဏ်ရာများ ကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရဖူးသည် ။ ဝမ်းလျား မှောက် ခိုင်း ထား၍ ဓားပြများ က ဓားပြား နှင့် ရိုက် လွှတ်လိုက်ခြင်း ဖြစ်သည် ဟူ၍ သိရှိခဲ့ရဖူးသည် ။

ဓားသွား နှင့် အခုတ် မခံခဲ့ရခြင်း ပင်လျှင် တော်ပေသေး သည် ဟူ၍ ပြော ရပါမည် ။ တစ်ခုတော့ ရှိသည် ။ ထိုခေတ် ထို အခါက ဓားပြများ မှာ သစ္စာ တော့ ရှိကြသည် ။ လူ တစ်ယောက် အသက် ကို အကြောင်းမဲ့ သတ်ပစ်သည့် ဓလေ့ တော့ မရှိကြ ဟူ၍ ကြားသိရဖူးသည် ။

ကျွန်တော့် ဖခင် ၏ စီးပွားရေး ကြိုးစား အားထုတ်မှုများ မှာ လည်း တိုးတက်သင့်လောက် တိုးတက်ပါသည် ။ အညာလှေ ကြီး သုံးစင်း အထိ ပင် ပိုင်ဆိုင်ခဲ့သည် ။

ထို အချိန် တွင် ကျွန်တော့် ဖခင် ၏ စီးပွား တိုးတက်မှု ကို မနာလို မရှုဆိတ်နိုင် ဖြစ်နေကြသည့် လူ တချို့ ၏ အကောက် ကြံမှု ကို ကျွန်တော် ၏ ဖခင် ခံရရှာသည် ။ သောင်းကျန်းသူ နှင့် ဆက်သွယ်သည် ဆိုကာ အစိုးရ က ကျွန်တော် ၏ ဖခင် အား ပုဒ်မ ၅ နှင့် ဖမ်းဆီးသွားခြင်း ကို ခံခဲ့ရ ရှာပါသည် ။ 

ကျွန်တော် ၏ ဖခင် ကို သောင်းကျန်းသူ တို့ ၏ နယ်မြေ ဖြစ် သည့် ရေစကြို သို့ သွားသည် ဆိုကာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည် ။ အမှန်မှာ ကျွန်တော် ၏ ဖခင် သည် အောက်ပြည် အောက်ရွာ  မှ ဆန် တက် ၍ လာမည့် သူ ၏ အညာလှေကြီးများ ကို သွားရောက် ၍ ကြိုဆိုခြင်း မျှသာ ဖြစ်ခဲ့သည် ။ ကျွန်တော်  ၏ ဖခင် ထောင် သုံးနှစ် အချ ခံခဲ့ရသည် ။

ထိုစဉ်က ကျွန်တော် ၏ မိထွေး မှာ အရွယ် မရောက်ကြ သေးသည့် ကျွန်တော် တို့ ညီအစ် ကို မောင်နှမ ငါးယောက် နှင့် သူ မွေးထားသည့် သားသမီးများ စုစုပေါင်း ကလေး ခုနှစ်ယောက် တို့နှင့် လုံးချာလည် ၍ ကျန်ရစ်ခဲ့သည် ။ ပခုက္ကူထောင်ကြီး တွင် ထောင်ကျ ခံ နေရသည့် ကျွန်တော် ၏ ဖခင် ထံ သို့ လည်း မကြာမကြာ ထောင်ဝင်စာ သွား၍ တွေ့ရ ရှာသည် ။

ကျွန်တော် ၏ အဖေ မရှိတော့ သူ ၏ အညာလှေကြီး သုံးစင်း တို့ မှာ လည်း ကုန်းပေါ် တွင် လွန်း တင်၍ ထားရသည် ။ နောက်ပိုင်း တွင် ထို အညာလှေကြီး သုံးစင်း တို့ မှာလည်း မလိုသူ တို့ ၏ မီးတင်ရှို့ခြင်း ကို ခံရပါသည် ။ 

ကျွန်တော် ၏ ဖခင် ရှာဖွေ စုဆောင်း ထားရစ်ခဲ့သော စီးပွား ဥစ္စာ တို့ မှာ လည်း ကျွန်တော်တို့ ကလေး ခုနစ်ယောက် နှင့် လုံးချာလည် နေသည့် ကျွန်တော် တို့ ၏ မိထွေး မှာ ဘာမျှ လုပ်၍ ကိုင်၍ မရ ။ အဖေ အဖမ်း ခံနေရသည့် သုံးနှစ် တာ ကာလ အတွင်း တွင် ထုခွဲပေါင်နှံ ရောင်းချ၍ စားသောက် နေရသည် ဖြစ်ရာ အားလုံး လိုလိုပင် ကုန်ဆုံး၍ သွားခဲ့ပါသည် ။

နောက် ကျွန်တော် ၏ ဖခင် မှာ ထောင် က လွတ်လာ တော့ သုည မှ ပြန်၍ စ ရ ရှာပါသည် ။ ကျွန်တော် ၏ ဖခင် မှာ ဈေးနား တွင် တဲကလေး တစ်လုံး ထိုး၍ ဘယ်အချိန် ဘယ် ကာလ က သင်ကြား တတ်မြောက် ထားခဲ့သည် မသိရသော ဆံပင်ညှပ် ပညာကလေး နှင့် လုပ်ကိုင်၍ ကျွန်တော် တို့ မိသားစု အား လူလား မြောက်အောင် ရှာဖွေ ကျွေးမွေးခဲ့ ရှာပါသည် ။ ထို ဆံပင်ညှပ် ပညာ ကို ကျွန်တော် ၏ အဖေ ထောင် ထဲ မှ တတ် မြောက်သင်ကြားလာခဲ့ခြင်း ဖြစ်သည် ဟူ၍ ထင်မိသည် ။ ထို ပညာရပ် ကို ကျွန်တော် ၏ အထက် မှ အစ်ကို ဖြစ်သူ အား အမွေ အဖြစ် သင်ကြား ပေးခဲ့ပါသည် ။

ထို ကာလ တွင် ပင် ကျွန်တော် ၏ မိထွေး မွေးထားသည့် ညီကလေး ခင်မောင်ဝင်း မှာ မကျန်းမမာ ဖြစ်၍ သေဆုံးသွား ခဲ့ရရှာပါသည် ။ ကျွန်တော် ၏ ညီလေး မှာ လူ့လောက တွင် သုံးနှစ်ကျော် ခန့် လောက် သာလျှင် နေထိုင် ၍ သွားခဲ့ရ ရှာပါသည် ။

ကျွန်တော် ၏ ဖခင် နှင့် ကျွန်တော် ၏ မိထွေး တို့ မှာ ကျွန်တော် တို့ ညီအစ်ကို မောင်နှမတစ်တွေ အား ဘာမျှ မလုပ် မခိုင်းခဲ့ပါ ။ နောက်ဆုံး ကျွန်တော် တို့ အား ရေ ကို မျှ ပင် အခပ် မခိုင်းခဲ့ပါ ။

ညီအစ်ကို မောင်နှမ အချင်းချင်း ရန် ဖြစ်ကြလျှင် အဖေ က ရိုက်တတ် သော်လည်း ကျွန်တော်တို့ ၏ မိထွေး က မူကား ကျွန်တော် တို့ အား တစ်ခါမျှ လည်း မရိုက်ခဲ့ဖူးပါ ။ ကျွန်တော် တို့ ၏ အဖေ က ကျွန်တော်တို့ အား ရိုက် လျှင်လည်း ကျွန်တော် တို့ ၏ မိထွေး က မကြိုက်ပါ ။

ကျွန်တော်တို့ ညီအစ်ကို မောင်နှမ တစ်တွေ ကို ငယ်စဉ် က ပင် အမေ မရှိရှာကြသူများ ဖြစ်ခဲ့ကြရ၍ အထူး အလို လိုက် ထားခဲ့ ဟန် တူပါသည် ။

နောက် ကျွန်တော်တို့ ညီအစ်ကို သုံးယောက် ကို ရှင်ပြု ပေး၍ ကျွန်တော်တို့ ၏ အဖေ ဆောက်လုပ် လှူဒါန်းခဲ့သည် မဇ္ဈိမာရာမကျောင်းကြီး ၌ သင်္ကန်း ဝတ်၍ နေထိုင် ခဲ့ကြရပါသည် ။ ဆရာတော်ကြီး ၏ ဘွဲ့အမည် မှာ ဦးဉာဏ ဖြစ်ပါသည် ။ ပထမ ဆရာတော်ကြီး ၏ ဘွဲ့အမည် မှာ ဦးဇယံတ ဖြစ်သည် ဟူ၍ သိရှိရပါသည် ။ ကျွန်တော်တို့ မမြင်ဖူးလိုက်ပါ ။ ထို ဆရာတော်ကြီး ၏ လက်ထက် ၌ ကျွန်တော် ၏ ဖခင် မှာ လည်း သင်္ကန်း ဝတ် ၍ ပညာ သင်ကြားခဲ့ရဖူးပါသည် ။

ကျွန်တော်တို့ ပညာ သင်ကြား ခဲ့ရစဉ် က လူသေခေါင်း ပျဉ်ချပ်ကြီးများ နှင့် ပြုလုပ် ထားသော ပျဉ်ပြားသင်ပုန်းကြီးများ ပေါ် တွင် ကကြီး ခကွေး မှ စ၍ ရေးသား သင်ယူခဲ့ကြရသည် ။

ထို ပျဉ်ချပ် မှာ ကျွန်တော်တို့ အဘိုး သေဆုံးသွားခဲ့စဉ်က အလောင်း ထည့်၍ အသုံးပြုခဲ့သည့် ခေါင်းပျဉ်ချပ် လည်း ဖြစ် နိုင်သည် ။ သို့မဟုတ် အဘွား အတွက် အသုံးပြုခဲ့သည့် ခေါင်းပျဉ် ချပ်လည်း ဖြစ်နိုင်သည် ။

ကျွန်တော်တို့ အညာကျေးရွာများ ၏ ထိုခေတ် ထိုအခါ က ဓလေ့ထုံးစံ မှာ လူ တစ်ဦး တစ်ယောက် သေဆုံး၍ သွားလျှင် သုသာန် မှ ထို သေဆုံးသွားသူ ၏ အလောင်း ထည့်သည့် ခေါင်းပျဉ် ချပ်ကြီးများ ကို ဘုန်းတော်ကြီးကျောင်းများ သို့ ပြန်လည် ယူဆောင် သွားပြီး ဘုန်းကြီးကျောင်းဝင်းကျယ်ကြီး ၏ အတွင်း ထောင့် တစ်ထောင့် တွင် ရှိသည့် လေးတိုင်စင်ကြီး တစ်ခု ပေါ်သို့ တင်၍ နွေ ၊ မိုး ၊ ဆောင်း ပစ် ထားတတ်ကြသည် ။

ထိုအခါ ခုနစ်ရက် ခုနှစ်လီ ထည့်၍ ထားသည့် လူသေအလောင်းကောင် ၏ အရိအရွဲ တို့ မှာ လည်း စင်ကြယ်သွားပြီး လိုအပ်သည့် အခါကျမှ ထို ပျဉ်ချပ် ကို ယူဆောင် ကာ တစ်တောင် ကျော် တစ်ထောင့်ထွာ ခန့် လောက်စီ ဖြတ်၍ စာသင်ပုန်း ပြုလုပ် အသုံးပြုကြခြင်း ဖြစ်သည် ။ ထိပ်ဘက် တွင် ဆနွင်းမကင်းပုံ တစ်ခု ပြုလုပ် ထား၍ အပေါက် တစ်ခု ဖောက် ထားသည် ။ ၎င်း ကို စာသင်ပုန်းခေါင်း ဟူ၍ ခေါ် ပါသည် ။

ထို ခေါင်းပျဉ်ချပ်များ မှာ များသောအားဖြင့် လက်ပံသား ကို သာလျှင် အသုံးပြုလေ့ ရှိရာ အလွန်လည်း ပေါ့ပါးပါသည် ။ ထို ပျဉ်ချပ် ပေါ်တွင် မီးသွေးခဲ နှင့် ထမင်းရည် ကို သုတ်လိမ်းပြီး ခြောက်သွေ့ စေရန် နေပူ လှမ်းရသည် ။ နောက် ကံ့ကူဆံ နှင့် စာ ရေး သားရပါသည် ။

ထို့ကြောင့် မိမိ အား ပထမဦးဆုံး စ၍ ပညာသင်ကြားပေး ခဲ့သည့် ဆရာ ကို ကံ့ကူလက်လှည့် ဆရာ ဟူ၍ ရှေးက ခေါ်ဝေါ် သုံးစွဲခဲ့ကြခြင်း ဖြစ်ပုံ ရပါသည် ။

ကကြီး ခကွေး နှင့် ဗျည်းသရ အားလုံး စုံသွားလျှင် မြန်မာ စာ ကို ရေးတတ် ဖတ်တတ် ပြီ ဖြစ် ပါသည် ။ ၎င်းကို သင်ပုန်းကြီး ကုန်သွားပြီ ဟူ၍ ခေါ်ဝေါ် သုံးစွဲကြပါသည် ။ နောက် ပရိတ်ကြီး သင်ကြရသည် ။
ကျွန်တော် ဘုန်းကြီးကျောင်း တွင် ပရိတ်ကြီး ကုန်တော့ ကျွန်တော် တို့ ၏ ဖခင်က ဘုန်းကြီးကျောင်း မှ နုတ် ၍ အထက်တန်း ကျောင်း သို့ ပြောင်းရွှေ့ထား ပြန်ပါသည် ။

ကျွန်တော် ပထမဦးဆုံး အတန်းစာ သင်ယူရသည့် အတန်းကျောင်း မှာ ကျွန်တော့် ကို မွေးဖွားခဲ့သည့် သရက်တော ရွာကလေး မှ ဆရာထွန်း ၏ ကျောင်း တွင် ဖြစ်ပါသည် ။ ထို ဆရာကြီး ၏ ရုပ်လက္ခဏာ မှာ အသား အနည်းငယ် ဖြူ ၍ အရပ်မြင့်မြင့် သေးသေးသွယ်သွယ် ပိန်ပိန်ပါးပါးပင် ဖြစ်သော်လည်း သျှောင်စောင်း နှင့် ဖြစ်ရာ အလွန် ကျက်သရေ ရှိ၍ ခံ့ညားပါ သည် ။

ကျွန်တော် ၏ မိထွေး မှာ မူလ က စာ မတတ်ပါ ။ နောက် ကျွန်တော် ၏ ဖခင် က သူ ကိုယ်တိုင် စာ သင် ပေးပါသည် ။ ဉာဏ် အလွန် ကောင်းသူ ဖြစ်၍ မကြာခင် တတ်မြောက် သွားခဲ့ပါသည် ။ စာ တတ် ချင်သည့် စိတ်ဓာတ် ရှိသူ ဖြစ်၍ ဤသို့ မြန်မြန်ဆန်ဆန် စာဖတ် တတ် သွားခြင်းလည်း ဖြစ်နိုင်ပါသည် ။

သူ စာ ဖတ်လျှင် အသံ ထွက် ၍ စာလုံး ပေါင်းပြီးမှ ဖတ်ပါ သည် ။ သူ စာဖတ်သည့် အသံ မှာ အလွန် နားထောင်၍ ကောင်း ပါသည် ။ သူ မဖတ်တတ်ဘဲ ဖြစ်နေသည့် နေရာ သို့ ရောက်လျှင် ကျွန်တော်တို့ က ပြော ပြ၍ ဆရာကြီး လုပ် ကြရပါသည် ။

နောက်ပိုင်း တွင် ကျွန်တော် ၏ မိထွေး မှာ လည်း မြန်မာ စာ ကို ကျွမ်းကျင်စွာ ဖတ်တတ်သွားခဲ့ ၍ ကျွန်တော်တို့ သင်ကြား ကြရသည့် ကျောင်းစာအုပ်များ မှ အစ တွေ့သမျှ စာအုပ် အားလုံး လိုလို တို့ ကို ဖတ်ပါသည် ။ သူ အားလပ်သည့် အချိန်များ တွင် အိမ်လည် သည့် အလေ့အကျင့် လည်း မရှိ ။ ထိုစဉ်က ကျွန်တော် တို့၏ မြို့ကလေးသို့ ရောက်ရှိ လာခဲ့သည့် နဂါးနီအသင်း ထုတ် စာအုပ်များ နှင့် စာပေဗိမာန်ထုတ် လူတစ်လုံး သူတစ်လုံး စာအုပ် မှ အစ အားလုံးလိုလို တို့ ကို သာ ဖတ်၍ နေတတ်ပါသည် ။

လ သာသည့် ညများ ဆိုလျှင် အိမ်ရှေ့ ကွပ်ပျစ် ပေါ် တွင် ကျွန်တော် တို့ အား ပုံပြင်တွေ ကို လည်း ပြောပြ တတ်ပါသည် ။ ကျွန်တော်တို့ ကြားဖူးကြသည့် ရွှေယုန် နှင့် ရွှေကျား ပုံပြင် ပညာရှိ ဇီးကွက်ကြီး အကြောင်း နှင့် မကောင်းသည့် မိထွေး အကြောင်း ပုံပြင် တို့ မှာ လည်း ကျွန်တော်တို့ ၏ မိထွေး က ပြောပြ၍ သိခဲ့ ကြရသည့် ပုံပြင်များ သာ လျှင် ဖြစ်ခဲ့ကြပါသည် ။

သူ သည် ကျွန်တော်တို့ အား ပညာတတ်ကြီးတွေ ဖြစ်စေ လိုသည် ။ အိမ် အလုပ် ဆို၍လည်း ဘာမှ မခိုင်း ၊ ကျွန်တော်တို့ ကျောင်းစာတွေ ကို အော်၍ ဖတ်နေကြပြီ ဆိုလျှင် သူ ပျော်၍ နေ တတ်သည် ။ ကျွန်တော် တို့ စာမေးပွဲတွေ အောင်ကြသည့် နှစ် ထိုနေ့ ဆိုလျှင် သူ အထူး ပျော်ရွှင်သည့် နေ့များ သာလျှင် ဖြစ်ခဲ့ ပါသည် ။

သို့ရာတွင် ကျွန်တော်တို့ မှာ သူ ဖြစ်စေ ချင်သလို ဘွဲ့ရ ပညာတတ်တွေ ဖြစ်၍ မလာခဲ့ကြ ။ ကျွန်တော် ဆိုလျှင် မက်ထရစ် စာမေးပွဲ ကို ဖြေဆိုပြီးသည့် နှစ် တွင် ကျွန်တော် ဝါသနာ ပါရာ ပန်းချီပညာ ကို သာလျှင် ရွေးချယ်ခဲ့၍ ၁၉၆၀ ပြည့်နှစ် တွင် ကျွန်တော်တို့ အလွန် ချစ်သော ကျွန်တော်တို့ ၏ မိထွေး နှင့် ကျွန်တော် အလွန်ချစ်သော ကျွန်တော် ၏ ရွာကလေး ကို ခွဲခွာ ခဲ့ပါသည် ။

ကျွန်တော် ဖ.ဆ.ပ.လ သန့်ရှင်းအစိုးရ ၏ လက်ထက် တွင် မန္တလေးမြို့ သို့ ရောက်ရှိခဲ့၍ တော်လှန်ရေးအစိုးရ ၏ လက်ထက် ပြည်သူပိုင် သိမ်း သည့် နှစ် တွင် ရန်ကုန်မြို့ကြီး သို့ ရောက် ရှိခဲ့ပြီး ကျွန်တော် ဝါသနာ ပါသော စာနယ်ဇင်း ပန်းချီ လုပ်ငန်း တို့ ကို ရေးဆွဲ လုပ်ကိုင် နေထိုင်ခဲ့ပါသည် ။

ကျွန်တော် အိမ်ထောင် ကျ၍ ပထမ သားဦး ရတော့ ရန်ကုန်မြို့ကြီး တွင် အသည်းအသန် မကျန်းမမာ ဖြစ် ပါသည် ။ ၎င်း သတင်း ကို ရွာ မှ ကျွန်တော် ၏ ဖခင် ကြားတော့ “ ဒီကောင် ကို ရန်ကုန် မှာ အသေ မခံနိုင်ဘူး ၊ ရွာ မှာ ပဲ အသေ ခံမယ် ၊ သွား ခေါ်ချည်ကြ ” ဟူ၍ ပြောပြီး ကျွန်တော် ၏ အစ်မ အကြီးဆုံး နှင့် ကျွန်တော် ၏ အစ်ကို နှစ်ယောက် နှင့် ကျွန်တော် ၏ မိထွေး မှ မွေး သည့် ကျွန်တော် ၏ ညီလေး တို့ ကို အခေါ် လွှတ် လိုက်ပါသည် ။

ကျွန်တော် တို့ လင်မယား နှင့် မွေးကင်းစ သားငယ် တို့ မှာလည်း ရွာ သို့ ရောက်ရှိ၍ သွားခဲ့ပါသည် ။ ကျွန်တော့် မှာ ကျွန်တော် ၏ ဖခင် ကျွန်တော် ၏ မိထွေး နှင့် ကျွန်တော် ၏ ရွာကလေး ကို တွေ့မြင်ရတော့ ပြန်လည်၍ နေကောင်း သွားခဲ့ပါသည် ။

ကျွန်တော် ၏ မိထွေး မှာ ကျွန်တော့် ကို ချစ် သကဲ့ သို့ ပင် ကျွန်တော် ၏ ဇနီး နှင့် ကျွန်တော် ၏ သား ကို လည်း လွန်စွာ ချစ် သည်ကို တွေ့ရသည် ။ ကျွန်တော် ၏ သား ဆိုလျှင် လည်း သူ လက် ပေါ် က မချ ။

နောက် ကျွန်တော် ၏ ဖခင် က သူ့ မြေးကို ယူ၍ ပွေ့ ထားပြန်သည် ။ ထိုအခါ ကျွန်တော် ၏ သား က သူ့ အဘ ၏ အပေါ် တွင် ချေးတွေ ပါ ချတော့ ကျွန်တော် ၏ မိထွေး မှာ သဘောတွေ ကျ၍ ရယ်ပါသည် ။
နောက် ကျွန်တော် ၏ မိထွေး က ကလေး ကို ပြန် ယူ၍ ကျွန်တော် ငယ်စဉ်က ကဲ့သို့ ပင် ကျွန်တော် ၏ သား ကိုလည်း သန့် စင်၍ ပေးရပြန်ပါသည် ။ ကလေး ၏ ဝမ်းအရောင် ကို သေချာစွာ ကြည့်ရှု ၍ ကလေး ၏ ဝမ်း အခြေအနေ ကိုလည်း အကဲခတ် ပြော ဆိုနေပြန်ပါသည် ။ နောက်ပြီး တော့ ကလေး ကို ချစ်ရင် သူ့ ရဲ့ ချေး ကို လည်း ချစ်ရမည် ဟူ၍ ပြောပြပါသည် ။

ကျွန်တော်တို့ လင်မယား နှင့် သားငယ်တို့ ရွာ တွင် သုံး လ ကျော် လောက် နေထိုင် ခဲ့ကြ၍ ရန်ကုန် ကို ပြန်ခါနီး ထိုင်၍ ကန်တော့ ကြတော့ ကျွန်တော် ၏ မိထွေး မှာ ငို ပြန်ပါသည် ။ အသံ ကို မထွက်အောင် သူ ၏ နှုတ်ခမ်းများ ကို အတင်း စေ့ပိတ် ၍ ထားပါသည် ။ သို့ရာတွင် သူ ၏ မျက်လုံးအိမ်များ မှ မျက်ရည်တွေ က သူ့ ၏ ပါးပြင် ပေါ် သို့ စီး၍ ကျနေ ကြပါသည် ။

ရန်ကုန် အပြန် တွင် ထန်းခေါက်တောင်းကြီး တစ်လုံး နှင့် ငရုတ် ၊ ကြက်သွန် ၊ မောင်မခေါ်ပဲ ၊ မြေပဲ ၊ ပဲကြီးလှော် ၊ ထန်း လျက် စသည် တို့ ကိုလည်း အပြည့်အသိပ် ထည့် ၍ ပေး လိုက်ပါ သေးသည် ။ ကျွန်တော် ၏ ဇနီး အတွက် ယောနယ် မှ ထွက်သည့် သနပ်ခါးတုံးတွေ ကိုလည်း ပေး လိုက်ပါသေးသည် ။ နောက်ပိုင်း တွင် ကျွန်တော် သား သုံးယောက် ရသည့် အချိန်၌ မိသားစု လိုက် ရွာ သို့ တစ်ခေါက် ရောက် ဖြစ်သေးသော် လည်း နောက်ပိုင်း တွင် ကျွန်တော် တို့ မိသားစု မှာ ရွာ သို့ ထပ်မံ ၍ မရောက်ဖြစ်ခဲ့တော့ ။ ကျွန်တော် တစ်ဦးတည်း သာ လျှင် တစ်တုံးတစ်တုံ ရွာ သို့ ရောက် ဖြစ်ခဲ့သည် ။

ကျွန်တော် ရွာ သို့ တစ်ခေါက် ရောက် သွားတော့ တစ် ညနေ မှောင်ရီပျိုးစ အချိန် ထမင်း စားသောက်ပြီး ကြ၍ အိမ်ရှေ့ မြေ ပြောင်ပြောင် ပြည်ပန်းညိုပင်ကလေး ၏ အောက် တွင် ကျွန်တော် ၏ ဖခင် ၊ ကျွန်တော် ၏ မိထွေး နှင့် ကျွန်တော် တို့ မှာ ထိုင်ခုံ တစ်လုံး စီ နှင့် ထိုင်၍ စကား ပြော နေ ကြပါသည် ။

မှတ်မှတ်ရရ ထိုနေ့ မှာ နွေရာသီ ၏ နေ့ တစ်နေ့ ဖြစ်သည် ။ ကျွန်တော်တို့ လေးညင်း ခံရင်း အိမ်ရှေ့တွင် ထွက် ထိုင်ကြပြီး စကား ပြောနေကြခြင်း လည်း ဖြစ်သည် ။

ထိုစဉ် ကျွန်တော် ၏ ဖခင် က “ ငါတော့ ဒီဘဝ နောက် ဆုံးပဲ ဗျ ”  ဟူ၍ ပြောပါသည် ။ ထို စကားကို ကျွန်တော် ၏ မိထွေး နှင့် ကျွန်တော် ပါ နှစ်ဦးစလုံး နားလည် ကြပါသည် ။ ကျွန်တော် ၏ ဖခင် နှင့် ကျွန်တော် ၏ မိထွေး တို့ နှစ်ဦး စလုံး မှာ အာနာပါန ကမ္မဋ္ဌာန်းတရားများ ကို အားထုတ် နေကြသူများ ဖြစ်ကြရာ တရား အဆင့် တစ်ခုသို့ ရောက်ရှိ သွားကြသည့် အချိန်တွင် ယခု ဘဝ မှာ နောက်ဆုံး သာလျှင် ဖြစ်သည် ဟူ၍ အဓိပ္ပာယ် ထွက်ပါသည် ။

ဒါနဲ့ ကျွန်တော် ၏ မိထွေး က ပြုံး ၍ “ တစ်ဘဝတော့ နေပါဦး ”  ဟူ၍ ပြန်ပြောပါသည် ။ ထိုအခါ ကျွန်တော် ၏ ဖခင် က ကျွန်တော် ၏ မိထွေး ကို တစ်ချက် လှည့် ကြည့်တော့ ကျွန်တော် ၏ မိထွေး က ပြုံးရယ်ရင်းနှင့် ပင် ' တကယ် ပြောတာ ၊ တစ်ဘဝ တော့ နေပါဦး ' ဟူ၍ ထပ် ပြောပြန်ပါသည် ။

ထိုအချိန် တွင် ကျွန်တော် သည် တိတ်ဆိတ်စွာ ထိုင်နေရင်း ကျွန်တော် ၏ ဖခင် နှင့် ကျွန်တော့် မိထွေး တို့ ၏ ပြော စကားများ ကို သာလျှင် အာရုံစိုက် နားထောင် နေရင်းနှင့် ၎င်းတို့ ၏ အမူ အရာများ ကို ဂရုတစိုက် အကဲခတ် ကြည့်ရှု နေမိသည် ။

ထိုအခါ ကျွန်တော် ၏ ဖခင် မှာ ဘာမှ ပြန်၍ မပြော ။ တစ် ဖက်သို့ မျက်နှာ ကို လွှဲပြောင်းသွားရင်း နှင့် သူ ၏ လက် ထဲ မှ သူ အလွန် ကြိုက်နှစ်သက်သည့် ရွှေကျီးဆေးပေါ့လိပ်ကြီး ကိုသာ လျှင် သောက် ၍ နေပါသည် ။ 

ထိုနေ့က ကျွန်တော် ၏ မိထွေး ကို နောက်ဆုံး တွေ့မြင် ခဲ့ရခြင်း ဖြစ်သည် ကို ကျွန်တော် မသိခဲ့ပါ ။

နောက် သရက်မြို့ တွင် နေထိုင် နေသည့် ကျွန်တော့် မိထွေး မှ မွေးသည့် သမီးအကြီး ညီမ ဖြစ်သူ မှာ သူနာပြုသင်တန်း တစ်ခု ထပ်မံ၍ တက်ရန် အတွက် ရန်ကုန်မြို့ သို့ ရောက်ရှိ ၍ လာ ပါသည် ။

ညီမ ဖြစ်သူ သူနာပြုသင်တန်း ပြီးဆုံးမည့် ရက် လောက် တွင် ကျွန်တော့် မိထွေး မှာ ကျွန်တော် ၏ သားသမီးများ အား စုံစေ့အောင် မြင်ဖူးတွေ့ဖူး လို၍ ရန်ကုန်မြို့သို့ လိုက်လာမည် ဖြစ်သည် ဟူ၍ သိရသည် ။ ထို့ အတွက် ကျွန်တော် ၏ မိထွေး မှာ သရက်မြို့ သို့ ရောက်ရှိ၍ နေပြီ ဖြစ်ပါသည် ။ 

ထိုစဉ် ရန်ကုန် သို့ ထွက်ခွာလာမည့် တစ်ရက် အလို တွင် သရက်မြို့ ၌ ပင် ကျွန်တော် ၏ မိထွေး မှာ ရုတ်တရက် လဲကျ ၍ မကွေးဆေးရုံကြီး ၌ ကွယ်လွန် သွားခဲ့ ရှာပါသည် ။ ကွယ်လွန်ချိန် ၌ ကျွန်တော့် မိထွေး ၏ အသက် မှာ ၆ဝ ကျော် ၆၅ နှစ် ခန့် မျှ လောက် သာလျှင် ရှိလိမ့်ဦးမည် ဟူ၍ ထင်မိပါသည် ။

နောက် ကာလ တစ်ခု တွင် ကျွန်တော် ၏ ဖခင် မှာ လည်း မြစ်ခြေမြို့ကလေး ၌ ပင် ကွယ်လွန်၍ သွားရှာခဲ့ပါသည် ။ ကျွန်တော် ၏ ဖခင် ကွယ်လွန် တော့ အသက် ၈၃ နှစ် ဖြစ်ပါသည် ။ 

ကျွန်တော် ၏ မိထွေး နှင့် ကျွန်တော့် ဖခင် တို့ နှစ်ဦး စလုံး ၏ အသုဘ ကို ကျွန်တော် သင်္ဂြိုဟ်ခွင့် မရခဲ့ပါ ။

ကျွန်တော် ထင်ပါသည် ။ ကျွန်တော် ၏ မိထွေး နှင့် ကျွန်တော် ၏ ဖခင် တို့မှာ အနည်းဆုံး တစ် ဘဝ တော့ ပြန်လည် ဆုံတွေ့ ကြလိမ့်ဦးမည် ဟူ ၍ ထင် မိပါသည် ။

◾မောင်ဒီ

📖 ဟန်သစ်မဂ္ဂဇင်း
       ဖေဖော်ဝါရီလ ၊ ၁၉၉၅ ခု

#ကိုအောင်နိုင်ဦး

.

Saturday, January 28, 2023

မောင်ဒီ


 

❝ မောင်ဒီ ❞

( အို ... မောင်ဒီ )

ကျွန်တော့် ကို မိတ်ဆွေ တစ်ယောက် က နောက် လ ကောက်ကြောင်း ဘယ်သူလဲ ဟု မေး လာသည် ။

ကျွန်တော် က ပန်းချီမျိုးညွန့် ဟု ဖြေ တော့ ထို မိတ်ဆွေ အံ့သြ သွားဟန် တူသည် ။ သူ က မြဝတီမဂ္ဂဇင်း တွင် ဆောင်းပါးရှင် ကောင်းညွန့် ရေး နေသည့် မဂ္ဂဇင်းသရုပ်ဖော် ပန်းချီဆရာများ တွင် ပန်းချီမျိုးညွန့် ပါပြီးဖြစ်ရာ ကျွန်တော် ကောက်ကြောင်း ရေး ၍ မသင့်တော့ ကြောင်း ထောက်ပြ ဆွေးနွေးခြင်း ဖြစ်ပါသည် ။

မှန်ပါသည် ၊ ကောင်းညွန့် ၏ မဂ္ဂဇင်း သရုပ်ဖော် ပန်းချီဆရာများတွင် ပန်းချီမျိုးညွန့် အကြောင်း ကကြီး မှ အ အထိ ပါပြီး ဖြစ် ပါသည် ။ မွေးသက္ကရာဇ် ၊ မိဘ မျိုးရိုး ၊ ဇာတိ ချက်ကြွေ ၊ ပန်းချီ စ သင်သော နှစ် စသည် စသည် များ ။

သို့သော်လည်း ကျွန်တော့် ကောက်ကြောင်း နှင့် ကား မတူနိုင်ပါ ။ ကျွန်တော် က ထို လူပုဂ္ဂိုလ်တို့ ၏ အချက်အလက်ပိုင်း ကို စိတ် မဝင်စားလှ ။ ထို သူတို့ ၏ လိပ်ပြာ ကိုချစ်သည် ။ ရင်ခုန်ပုံ ကို စိတ်ဝင်စားသည် ။ သက်ဝင်မှု ကို အကဲ ဖမ်း သည် ။ စိတ်ကူးစိတ်သန်း ဆုပ်ဖမ်း မရနိုင်သော သူတို့ ၏ အသက်ရှူပုံ ကို မြတ်နိုးသည် ။

ထို့ကြောင့် မင်းသစ် ၊ မင်းသိုက်မွန် တို့ အပြီး တွင် မောင်ဒီ ခေါ် ပန်းချီမျိုးညွန့် သည် ကျွန်တော့် ကောက်ကြောင်း တစ်ခု ဖြစ် လာရ ပြန်ပါသည် ။

•••••   •••••   •••••

မောင်ဒီ ဆိုသော နာမည် သည် ကျွန်တော်တို့ ဟိုး ခပ်ငယ်ငယ် ကတည်း က ပင် ရင်းနှီးခဲ့ရပြီး ဖြစ်သည် ။

ကျွန်တော်တို့ ငယ်ငယ် က သင် ရသော ဖတ်စာ ထဲ မှာ မောင်ဒီ နာမည် ပါသည် ။ မောင်ဒီ ဆိုတာ က အရိုင်း ။ တောတွင်းသား ။ တွံတေး တောတန်းကြီး တစ်လျှောက် မှာ နေသည် ။

တစ်နေ့ ထို တောတန်း ၏ ပင်လယ်ကမ်းပါး မှာ သင်္ဘော တစ်စင်း ဆိုက်ကပ် လာသည် ။ မွန်ဘုရင်ကြီး ၊ မွန်မင်းသမီး နှင့် အခြွေအရံများ ၊ ထိုစဉ် က မွန်ဘုရင်ကြီး မှာ ခေါင်းကိုက် ရောဂါ စွဲကပ် နေ သတဲ့ ။ ဒါကို တောတွင်းသား အရိုင်းကလေး မောင်ဒီ က ကု ပေး သတဲ့ ။ ပျောက် သတဲ့ ။ သည်တော့ မွန် မင်းသမီးလေး က ကျေးဇူး တင်ပြီး မောင်ဒီ့ ကို ချစ်ရေး ဆို သတဲ့ ။

မောင်ဒီ က ပြေး ၊ မင်းသမီး က  လိုက် ။ တစ်နေရာ မှာ လက်ချင်း ခိုက် မိသည် ကို အစွဲပြုပြီး “ လက်ခိုက် ” ကျေးရွာ တဲ့ ။ မောင်ဒီ က ကြိုက်ဘူး ၊ မင်းသမီး က ကြိုက်ပါ ဟု ငြင်းကြ ခုံကြတဲ့ နေရာ ကို အစွဲပြုပြီး “ ကြိုက်ဘူး ကြိုက်ပါ ဘုရား ” တဲ့ ။ ထို လက်ခိုက်ရွာ တို့ ၊ ကြိုက်ဘူးကြိုက်ပါဘုရား တို့ ကို ကွမ်းခြံကုန်း ဒလ ကားလမ်း ပေါ် မှာ တွေ့ နိုင်သည် ။

ပြီးတော့ ဒေးဒနော ၊ အင်္ဂလုံး စသော မွန်ကျေးရွာ စဉ် များ ။ ကျွန်တော်တို့ ငယ်ငယ် ကွမ်းခြံကုန်း - ဒလ ကားလမ်း ကို ဖြတ်၍ ဖြတ်၍ သွား ရတိုင်း ၊ ရွာတွေ ၊ ဘုရားတွေ ကို မြင်ရတိုင်း ထို ဖတ်စာ ထဲ က မောင်ဒီ့ အတိတ်တွေ က အရိပ် လို ကပ်ငြိခဲ့မြဲ ဖြစ်သည် ။

ပုံပြင် ထဲ က မောင်ဒီ နှင့် ဝေးခဲ့ပြီး နောက် လောကသား မောင်ဒီ နှင့် ဆုံရသော ထို ပန်းချီမောင်ဒီ ခေါ် မျိုးညွန့် က ကျွန်တော့် ကို ပုံပြင် နှယ် ဖမ်းစား တိမ်းမူး စေ ခဲ့ပြီ ။ မောင်ဒီ ကောက်ကြောင်း အစအနများပင် တကား ။

•••••   •••••   •••••

ကျွန်တော့် တွင် မောင်ဒီ အင်ထရိုဒတ်ရှင်း ( Introduction ) တွေ တော်တော်များများ ရှိ ခဲ့ပါသည် ။

ခေတ်သစ် အဆိုတော် ခင်ဝမ်းက သူ ၏ တေးတစ်ပုဒ် ကို အို ... မောင်ဒီ ဟု ပေး ဖူးသည် ။

“ အို ... မောင်ဒီ ... ခင်ဗျား နဲ့ ကျွန်တော် လမ်းကြိုလမ်းကြား ... လျှောက် သွားတုန်း က ... အကြောင်းတွေ ... ” စသော လူငယ်ကြိုက် တေး တစ်ပုဒ် ။

ထို မောင်ဒီ ကား ပန်းချီမောင်ဒီ ခေါ် မျိုးညွန့် ။ ၃၈ လမ်း ထိပ်  ကို ဖြတ် သွားတိုင်း ကျွန်တော့်အနုပညာ မိတ်ဆွေ တစ်ယောက် က ခရေလက်ဖက်ရည်ဆိုင် တွင် ခပ်မှိန်မှိန် ထိုင် နေသော လူ တစ်ယောက် ကို လက်ညှိုး ညွှန်ပြီး “ အဲဒါ မောင်ဒီ ပေါ့ ” ဟု ပြ ဖူးသည် ကို မှတ်မိ၏ ။

ထို မောင်ဒီ သည် လည်း ပန်းချီမောင်ဒီ ခေါ်  မျိုးညွန့် ။

ဟိုး ... ၁၉၇၁ ခုနှစ် တစ်ဝိုက် ရန်ကုန်ဘဆွေ ဦးစီးခဲ့သော ရုပ်ရှင်ချစ်သူမဂ္ဂဇင်းများ ပြန် ရှာ ဖတ်တော့ မောင်ဒီ ကလောင်ဖြင့် ကဗျာ တော်တော်များများ တွေ့ သည် ။ ထို မောင်ဒီ သည် လည်း ပန်းချီမောင်ဒီ ခေါ် မျိုးညွန့် ။

ထို မောင်ဒီ နှင့် ကျွန်တော်တို့ သည် ၁၉၈၀ ပြည့် နှစ် လွန် သည်ဘက် နှစ်များ တွင်း မှာ လူချင်း ရင်းနှီး မိခဲ့ကြပေသည် ။

•••••   •••••   •••••

တစ်ခါက တော့ ဘားလမ်း ( မဟာဗန္ဓုလပန်းခြံလမ်း ) ညနေခင်း လက်ဖက်ရည်ဆိုင် တစ်ဆိုင် မှာ ကျွန်တော် ၊ ကိုဒီ ၊ ပိုပို နှင့် ကိုခင်လွန်း တို့ ထိုင် နေ ဖြစ်ကြသည် ။ လက်ဖက်ရည် တစ်ငုံ ၊ ဘိန်းမုန့် တစ်ဖဲ့ ၊ အကြမ်း တစ်ခွက် နှင့် ညနေ ။

ကိုဒီ က ကျွန်တော့် ကို ခေါင်း တညိတ်ညိတ် လုပ်ပြီး ပြုံး ကြည့် နေခဲ့သည် ။

“ ကျွန်တော် ရုပ်ရှင် ရိုက်ချင် တဲ့ လူ နှစ်ယောက် ရှိတယ် ဗျ ၊ ဒါရိုက်တာ ကိုမိုးသူ ရယ် ၊ ခင်ဗျား ရယ် ပဲ ကိုသာချို ၊ တကယ် ပြောတာ ၊ ကိုမိုးသူ ကိုတော့ သိုင်းကားတွေ ရိုက် ချင်တယ် ၊ ခင်ဗျား ကို တော့ ဂျာမန်စစ်ကား ရိုက် ချင်တယ် ”

ကိုဒီ့ စကား ဆုံးတော့ အားလုံးက ခပ်ဟဟ ဝိုင်း ရယ်သည် ။ ကျွန်တော့် မှာ ကား မျက်နှာ မထားတတ်တော့ ။

ကိုဒီ ကား ကျွန်တော့် ကို လူကြမ်း အဖြစ် မြင်သည် ။ အရိုင်း အဖြစ် မြင်သည် ။ ကိုဒီ့ အမြင် ကိုကား ကျွန်တော် မငြင်းပါ ။ ကိုဒီ နှင့် နှိုင်းယှဉ် လျှင် ကျွန်တော် သည် ကြမ်းနေ ရိုင်းနေ ပါလိမ့်မည် ။

ကျွန်တော် က သွေးဆူ သည် ။ လူ တစ်ယောက် ယောက် သည် မဟုတ် မတရား လုပ်ခွင့် သာ နေပုံမျိုး ၊ ခပ်ချောင်ချောင် နှင့် ထမင်း စား နေရပုံမျိုး ၊ မျက်ခုံးမွေး ပေါ်  စင်္ကြံ လျှောက်ခွင့် ရနေပုံမျိုး ပေါ်နေမည် ဆိုသည် နှင့် ရန် ရှာ ချင်သည် ။ ရန် စ ချင်သည် ။ ကိုယ်ထိလက်ရောက် တုံ့ပြန်ရပုံမျိုး ကို အမှန်တရား ထင်သည် ။ ခွင့် မလွှတ်စတမ်း ။ ကိုဒီ ကား ကျွန်တော်တို့ နှင့် ပြောင်းပြန် ။ အရာရာ ကို ခွင့်လွှတ်ပြီး ( သက်ဝင်မှု )ကျကျ ရင်ဆိုင်ချင်သူ ။

ကိုဒီ့ အတွက် ကြိယာဝိသေသနတွေ များစွာ ရှိပါသည် ။ အေးအေးဆေးဆေး ၊ ငြိမ်းငြိမ်းချမ်းချမ်း ၊ တွေးတွေးဆဆ ၊ ပေါ့ပေါ့ပါးပါး ၊ တိတိပပ ၊ ယုံယုံကြည်ကြည် ၊ မှန်မှန်ကန်ကန် ၊ ခက်ခက်ခဲခဲ စသည် များ ။

•••••   •••••   •••••

လူ တစ်ယောက် အတွက် အရေးကြီးဆုံး သော မေးခွန်း တစ်ခု ရှိ ပါသည် ။ “ ဘာ လုပ်ဖို့ လူ ဖြစ်လာသလဲ ” ဟူသည့် မေးခွန်း ။

ကဗျာ ရေး ဖို့ ၊ ဝတ္ထု ရေး ဖို့ ၊ ဆေး ကု ဖို့ ၊ ဇာတ်လိုက် လုပ် ဖို့ ၊ တေး သီဆို ဖို့ စသော အဖြေ များ လည်း အထွေ ထွေ ရှိ ပါသည် ။

သည် အဖြေ တစ်ခု ခု ကို ရွေးချယ် ဖို့ လည်း လူတိုင်း မှာ တာဝန် ရှိ ပါသည် ။ အလွယ်တကူ ဖြေ လို့ မရ ။ ရည်ရွယ်ချက် ရော ၊ ကိုယ်တိုင်ရဲ့ စွမ်းရည်ရော ပေါင်း ပြီး မှ မိမိ ဘယ် နေရာမှာ ရှိသလဲ ဆိုတာ ကို ပြောဆို ဖို့ ဖြစ် ပါသည် ။

ကိုဒီ တွင် ကား အဖြေ ရှိပြီး ဖြစ်ပါသည် ။ ပန်းချီ သည် မောင်ဒီ ၊ မောင်ဒီ သည် ပန်းချီ ပေ ပဲ ပေါ့ ၊ ပန်းချီ ဆွဲ ဖို့ မွေးဖွား လာသူတွေ လက်ချိုး ၍ ရသည့် အထဲ မှာ ကိုဒီ အခိုင်အမာ ပါပါသည် ။

တစ်ခါက မဂ္ဂဇင်းတိုက် တစ်ခုမှာ ကိုဒီ နှင့် ဆုံပါသည် ။ ကျွန်တော် က နံရံ ပေါ် မှ ရောင်းတမ်းဝင် ဝတ္ထုစာအုပ် ကြော်ငြာလှလှ တစ်ခု ကို ညွှန်း ပြီး -

“ ဆရာဒီ ... အဲဒီ ပုံ ကို အခု နေ ဆရာဒီ ဆွဲမယ် ဆိုရင် အလွယ်တကူ နဲ့ ရ မလား ၊ ကျွန်တော် သိချင်တယ်ဗျာ ၊ မဆွဲတတ် တာ လား ၊ မဆွဲချင် တာ လား ၊ ဆွဲ ကော ဆွဲဖူး ခဲ့ လား ၊ လုပ်စမ်းပါ ”

မေးထိုက်သော မေးခွန်း လား ၊ မမေးထိုက်သော မေးခွန်း လားတော့ မသိ ။

ကိုဒီ မှာ တော်တော်ကြာကြာ ငြိမ် နေသည် ။ မေးရိုး ကားကား ၊ မျက်တွင်း ကျကျ ၊ နှုတ်ခမ်းမွေး ထူထူ နှင့် မျက်လုံး ပုတ်ခတ်ပုတ်ခတ် ၊ ဘုန်းကြီးကျောင်းသား အကြီးစား ရုပ် မျိုး ။

“ ဒါက တော်တော်ရှည်ရှည် ပြော ရမယ့် ဟာ ပဲ ကိုသာချို ”

“ လုပ်ပါ ဆရာဒီ ရဲ့ ၊ ဘာဖြစ်လဲ ”

ကိုဒီ က နံရံ ပေါ် က အပေါစား စီးပွားဖြစ် စာအုပ် ကြော်ငြာ ကို တစ်ချက် လှမ်း ကြည့် ပြန်သည် ။

“ ဒါမျိုး ကို ကော်မာရှယ်ပန်းချီ ခေါ် တယ် ဗျ ။ ဒီလို ကိုသာချို ရာ ၊ ကျွန်တော် ရန်ကုန် ရောက်ပြီး အနုပညာဝန်ထောက် ဆရာ ဦးစံဝင်း နဲ့ တွေ့ တယ် ၊ မတွေ့ခင် ဘဝတွေ က တော့ ထားပါတော့ ဗျာ ၊ တိုတို ချုံ့ပြော ရရင် ဆရာ ဦးစံဝင်း ဆီ သွားပြီး ကျွန်တော့် ပန်းချီကားကလေး တွေ သွား ပြတယ်ဗျ ။ အဲတော့ ဦးစံဝင်း က ဘာ ပြော သလဲ ဆိုတော့ မင်း ဟာ က ကော်မာရှယ် တွေ ပဲ ကွ တဲ့ ။ ကျွန်တော် က လည်း အဲဒါကို မခံချင်ဆုံးပဲ ဗျာ ၊ Fine လို့ ပဲ ပြောစေချင်တယ် ။ ဒါကို မကျေနပ်နိုင်ဘူး ။ နောက် တစ်ကား ထပ် ဆွဲပြီး တစ်ခါ သွား ပြန် ပြတာပေါ့ ၊ အဲဒါလည်း ဆရာဦးစံဝင်း က ကော်မာရှယ် ပဲ ပြော တာပဲ ။ တစ်ခါ ကျွန်တော့် လက် ကို ကျွန်တော် အတင်း ဖျက်ပြီး Fine မဖြစ် ဖြစ် အောင် ဆွဲ ပြီး သွား ပြန် ပြတာပဲ ၊ ဒါလည်း ဆရာ က ရယ်ပြီး မင်းလက်က ကော်မာရှယ် လက် တဲ့ ၊ ကျွန်တော့် မှာ ဝမ်းနည်း လိုက်ရတာ ဗျာ ၊ ဒါ ... ကျွန်တော့် ငယ်လက်ပေါ့ ၊ ခု ဒါတွေ ကျွန်တော် ဖျောက် လိုက်ပြီ ၊ ဒါဆို ဒီ ကော်မာရှယ် ပန်းချီ ဆွဲနိုင် ၊ မဆွဲနိုင် ခင်ဗျား မေးစရာ မလိုတော့ဘူး ပေါ့ ”

အားလုံးက ကိုဒီ ၏ နွမ်းနွမ်းပါးပါး အရိပ်အငွေ့များ ကို ငေးကြည့် နေကြသည် ။

ကျွန်တော် က တော့ ကိုဒီ အမြဲတမ်း ဝတ်သည့် အင်္ကျီလက်တို ဖြူဖြူဝယ် အမြဲတမ်း ပိန်ကပ် နေသော အိတ်ကပ်လေး ကို ငေး ကြည့်နေ မိသည် ။

တစ်ဒါဇင် နီးပါး ရှိသည့် သူ့ ကလေးများ ။ သင်္ဃန်းကျွန်း ငမိုးရိပ် လူနေ အိမ်ခြေ ရွှံ့နွံဗွက်အိုင် အိမ်အိုအိမ် ရဲ့ကလေးများ ။ ကိုဒီ ၏ မလှမပ ဘဝ အရိပ်များ မှာ ရှည်လျားလွန်းလှပါသည် ။

•••••   •••••   •••••

တစ်ခါ က တော့ ကိုဒီ ၏ စားဝတ်နေရေး အဆင်မပြေမှုများနှင့် ပတ်သက် ပြီး ကျွန်တော် က အားမလို အားမရ ပြော ဖူးသည် ။

“ ဆရာဒီ ငွေ ရှာ သင့်တယ် ဗျ ၊ ဆရာဒီ့ အသိအမြင်တွေ အတတ်ပညာ တွေ ကို ဖျက်ပြီး ပိုက်ဆံ ရှာပါလား ဗျာ ” ဟု ။

ကိုဒီ ကား ခပ်မဆိတ် ၊ ပြုံးလဲ့လဲ့ နှင့် ပဲ ကျွန်တော့် ကို ကြည့် သည် ။ ထို အကြည့် မှာ အဓိပ္ပာယ် များစွာ ပါဝင် သည် ။ ထို အကြည့် နှင့် သူ့ ဘဝ တစ်လျား ကို ကျွန်တော် အတန်အသင့် တော့ နားလည်ထား ပါသည် ။

ကျွန်တော် ပုဂံညောင်ဦး ရောက် တော့ ဗူးဘုရား ခြေရင်း က နေ ဧရာဝတီ ကို ထိုင် ကြည့် နေ ခဲ့ ဖူးသည် ။ ဟိုးဘက် တစ်ဖက် ကမ်းပါး ပေါ် မှာ ဧရာဝတီ ရဲ့ တောအုပ်အုပ် ရွာငယ်ကလေးတွေ ကို လှမ်း တွေ့ နေရသည် ။ ဟိုး တော်တော် လှမ်းလှမ်း မှာ သရက်တော တဲ့ ။ မြစ်ခြေ သရက်တော ။ ကိုဒီ့ မွေးရပ်ဇာတိ သရက်တော ပေ ပဲ ပေါ့ ။

ထို သရက်တော က နေ ၁၉၅၉ - ၆ဝ ပြည့်နှစ် လောက် က ကိုဒီ  ထွက်ခဲ့သည် ။ မန္တလေး က ဗဟိုစည် သတင်းစာ မှာ ကာတွန်းဆရာ အလျင် ဝင် လုပ်သည် ။ ထို့နောက် ရန်ကုန် က ကြော်ငြာဌာန တစ်ခု နှင့် ဆက်မိပြီး ရန်ကုန် ကို တက် လာသည် ။ ရန်ကုန် အရောက် မှာ တော့ ထို ကြော်ငြာဌာန က ဖျက်သိမ်း ပြီး ဖြစ်နေခဲ့ပြီ ။

“ ဒုက္ခ ရောက် လိုက်တာ မပြောပါ နဲ့ တော့ ကိုသာချို ရာ ၊ ဒါပေမဲ့ ကျွန်တော် က ကာတွန်း ဦးအောင်ရှိန် နဲ့ ရင်းနှီးတယ် ဗျ ၊ ကာတွန်းဦးအောင်ရှိန် မန္တလေး လာ တုန်း က ဆရာမြမျိုးလွင် အိမ် မှာ စားကြသောက်ကြ ဝိုင်းဖွဲ့ကြ ပေါ့ ၊ အဲဒီ အဆက်ကလေး ရှိထားတော့ ဆရာဦးအောင်ရှိန် ကို အကူအညီ တောင်း ရတာပဲ ၊ အဲဒီမှာ ပဲ စားအိမ် သောက်အိမ် နေအိမ် ဖြစ်သွားတယ် ဆိုပါတော့ ”

စသည် ဖြင့် ကိုဒီ ပြောဖူးသည် ။

ထို့နောက် တွင် တော့ ကွယ်လွန်သူ စာရေးဆရာ မိုးဝေ က ကိုဒီ့ ကို မဂ္ဂဇင်း ပန်းချီ လောက ထဲ ဆွဲ သွင်း သွားခဲ့လေသည် ။

“ ခင်ဗျား နှယ် ... ငွေ က တော့ သောက်သောက်လဲ ရ တာပဲ ၊ ပန်းချီကျောင်း တွေ ဘာ တွေလည်း ကျွန်တော် က တက် ဖူးတာ မဟုတ်ဘဲ နဲ့ တစ်လ တစ်ထောင် နှစ်ထောင် စီ တယ်ဆိုတာ ဟိုခေတ် အခါ ငွေ တန်ဖိုး နဲ့ ခင်ဗျား မှန်းသာ ကြည့် ပေတော့ ။ အဲဒီ တုန်း က Women ထဲ က မိန်းမပုံတွေ ကို မြန်မာ အဝတ်အစားတွေ ဝတ် ပေးပြီး ဆွဲ နေတာပေါ့ ။

ဒါပေမဲ့ ၆၅ ... အင်း ... ၆၅ ခုနှစ် လောက် ပါပဲ ၊ ကျွန်တော် စိတ် ပြောင်း သွားတယ် ၊ ကမ္ဘာ့ပန်းချီတွေ နဲ့ သွား တွေ့တယ် ၊ ပီကာဆို ၊ ဂေါ်ဂင် ၊ ဗန်ဂိုး ၊ ရေနွား ၊ စေဇန်း အများကြီး ဗျာ ၊ ဒီမှာ တင် ငါ ပန်းချီကား ပဲ ရေးမယ် ၊ အပေါစား မဂ္ဂဇင်း သရုပ်ဖော် မရေးဘူး ဆိုပြီး အခိုင်အမာ ဆုံးဖြတ်ခဲ့တယ် ။ အေးဗျာ ... Women ကို တွေ့ သွားပြီး ဗန်ဂိုး တို့ လည်း ဝင်လာရော ကျွန်တော် ငတ် တာပါပဲ ၊ ကျွန်တော် အများကြီး တင်းခံ ခဲ့တယ် ကိုသာချို ၊ အဲဒီတုန်းက လမ်းဘေး မှာ ကျွန်တော် စာအိတ်လေးတွေ တောင် ရောင်း ဖူးခဲ့တယ် ။

တစ်နေ့ မှာ မှတ်မှတ်ရရ ကျွန်တော် စာအိတ် ရောင်း နေတယ် ၊ ကျွန်တော့် မိန်းမ က လည်း ကလေး ကို ချီပြီး ဘေး မှာ ရပ် လို့ ။ လူ တစ်ယောက် ဗျာ ၊ လူကြီး လူကောင်း ပါ ပဲ ။ အစိတ်ထုပ် တစ်ထုပ် ကို ဘယ်လောက်လဲ တဲ့ ၊ ကျွန်တော် က နှစ်ကျပ်ခွဲ လို့ ဆိုတော့ တခြား မှာ နှစ်ကျပ် ရတယ် တဲ့ ၊ ဒီလိုနဲ့ နှစ်ကျပ်ခွဲ နဲ့ နှစ်ကျပ် တော်တော်လေး ငြင်း ပြီးတော့ သူ ထွက် သွားတယ် ။

ခဏကြာတော့ သူ တစ်ခါ ပြန် လှည့် လာတယ် ၊ လာ ပြန် ဝယ်တာ ဗျ ၊ ပါးစပ် က လည်း ပြော လိုက်သေးတယ် ၊ တခြား မှာ တကယ် နှစ်ကျပ် ရတယ် တဲ့ ၊ သက်သက် ဝယ် တာ တဲ့ ၊ ဟောဟို မှာ မင်း မိန်းမ ချီ ထား တဲ့ ကလေး မျက်နှာ ကြောင့် ဝယ်တာ တဲ့ ။ ကျွန်တော့် ရင် ထဲ ကြေကွဲ လိုက်ရတာ ကိုသာချို ရာ ။ ဒါနဲ့ ကျွန်တော် ကော်မာရှယ် တစ်ဝက် ၊ Fine တစ်ဝက် လုပ်မယ် ဆိုပြီး မဂ္ဂဇင်းတွေ ဘက် စိတ် လည် လာ ပြန်တာပဲ ”

ဘာပဲ ဖြစ်ဖြစ် ကိုဒီ့ ပုံများ နှင့် ပတ်သက်၍ သဘော မကျနိုင်သူများ လည်း ရှိ ပါသည် ။

ကဗျာဆရာ ကိုဖြိုးထိန် က ...

“ ကိုဒီ့ ပုံ တချို့တော့ ကျွန်တော် မကြိုက်ဘူး ဗျာ ၊ ကဗျာသရုပ်ဖော်ပုံ ဗျာ ၊ တြိဂံလေးတွေ ၊ လေးထောင့်လေးတွေ ၊ စက်ဝိုင်းတွေ နဲ့ ကိုဆွေတင့် စိတ်ညစ်မယ် ဆို ညစ် လောက်တယ် ဗျ ” ဟု ပြောဖူးသည် ။

မှန်ပါသည် ၊ စီးပွားရေး ရောင်းတမ်းဝင် အားနည်း လွန်းတော့ ကိုဒီ ပုံများ ကို တချို့ တစ်ဝက် စိတ်ပျက်မည် ဆိုလည်း ပျက်လောက် ပါသည် ။

ကိုခင်လွန်း က တော့ ...

“ ကိုယ် ကတော့ အကုန် ကြိုက်တယ်ဗျာ ၊ ဆရာဒီ ဘာမှ မရေးနဲ့ဦး ၊ ရိုးရိုး လက်ရေး ပဲ ရေးအား ပါတယ်လို့ ကိုယ် ထင်တယ် ၊ သူ့ လိုင်းတွေ မှာ ခွန်အား ရှိတယ် ” ဟု ဆိုဖူးသည် ။

ပန်းချီ ကိုအောင်ဘ က ...

"ဟာ ... ဒီ လူ က တစ်နေရာ ကို ရောက်သွားပြီ ဗျ ၊ သူ က ပါရမီရှင် ပဲ ပြောရမလား မသိဘူး ၊ ဘယ်သူ မှ လိုက် တု လို့ မရဘူး ၊ သူ ရယ် ၊ မုတ်သုန် ရယ် ကျွန်တော် လေးစားတယ် ” ဟု ဆိုဖူးသည် ။

ဘာပဲ ဖြစ်ဖြစ် ကိုဒီ့ ပန်းချီ ကို ဦးညွှတ်သူများ ထဲ မှာ ကျွန်တော် လည်း ပါ ပါသည် ။

•••••   •••••   •••••

တစ်ခါကတော့ အရက်ဆိုင် တစ်ဆိုင် မှာ ကိုဒီ နှင့် ဆုံဖူးသည် ။ ဇောင်းထက် ၊ ကိုအောင်ပွင့် ၊ ကိုစိုးသစ် ၊ ကိုခင်လွန်း ၊ ပန်းချီ သန်းဌေးမောင် တို့ လည်း ပါသည် ဟု ကျွန်တော် ထင်သည် ။ ကိုဒီ က သူ့ ပန်းချီကားတွေ အကြောင်း ဘက် ကို စကား ခေါ် သွားသည် ။

ဥပုသ်နေ့ ဆိုသော ပန်းချီကား အကြောင်း ။ ထို ပန်းချီကား က အအေးရောင် ပန်းချီကားချပ် ။ ဇရပ် တစ်ဆောင် ပါသည် ။ ဇရပ် ပေါ် မှာ ဥပုသ်သည် အဘိုး နှင့် အဘွား ပါသည် ။ ဇရပ် ၏ လှေကားရင်း နား မှာ အိပ်ပျော် နေသော ခွေး တစ်ကောင် ပါသည် ။ ဇရပ် ရေတံလျှောက် ထဲ မှာ ခိုငှက်ကလေး တွေ ရှိသည် ။ ဇရပ် နှင့် မနီးမဝေး ခရေပင် အောက် မှာ ကောင်မကလေးတွေ ဇယ် တောက် နေသည် ။ ခပ်လှမ်းလှမ်း မှာ တော့ ဘုရား တစ်ဆူ ရှိသည် ။ ကောင်းကင် မှာ တိမ် ပါသည် ။ ငြိမ်သက်အေးဆေးမှု ၏ သန္တရသ ရုပ်ပုံတစ်ချပ် ။

“ ကျွန်တော့် ပန်းချီကား က အရှေ့တောင်အာရှ ရဲ့ အေးချမ်းမှု ကို ဖော်ပြတဲ့ ကား ဗျ ။ ကား ထဲ မှာ အကုန် ပါတယ် ။ Traditional ကား ၊ မိရိုးဖလာ ကား ဆိုတော့ အကုန် ထည့်လို့ ရတာပေါ့ ၊ အဲဒီ ကား ဗျာ ၊ အမေရိကန် စစ်သံမှူး က ဝယ် သွားတယ် ။ မကြာပါဘူး ဗျာ ၊ အမေရိကန်ကျူးကျော်စစ် ဗီယက်နမ် မှာ ပြီး သွားတာပဲ ။ ကျွန်တော့် ပန်းချီ ကား ကြောင့် ဗီယက်နမ်စစ် ရပ် သွားတာ ဗျ ”

အားလုံး က မျက်လုံး အပြူးသား နှင့် ကိုဒီ့ ကို ဝိုင်း ကြည့် ကြသည် ။ ဒါကတော့ ကိုဒီ ၏ သူ့ ပန်းချီအနုပညာ အပေါ် ယုံကြည်ချက် ။

“ ဒီမှာ ကိုသာချို ၊ ကျွန်တော် ကော်မာရှယ် အပေါ် ကောင်းကောင်း နားလည်တယ် ဗျ ။ ပြော ရရင် ဗျာ ပန်းချီကားဘောင် ( ပေါင် ) ကို ဘာ ရောင် သုတ် ရင် ဘယ် သံရုံး က ကြိုက်တယ် ဆိုတာ တောင် ကျွန်တော် သိ ပါတယ် ၊ ဒါပေမဲ့ ကျွန်တော် ဈေးကွက် ဝင် ဖို့ ထက် ကိုယ် ရေးချင်တာ ကို ရေး ရတာ ပို အရသာ တွေ့တယ် ဗျ ”

ဒါကတော့ ပန်းချီ နှင့် သူ့ ယုံကြည်မှု ။ နည်းနည်း ထွေ ရင် တော့ ကိုဒီ ကဗျာ ရွတ်ပြီ ။ မန္တလေးသို့ ၊ ဥပုသ်နေ့ ၊ ပျံလွှားငှက် ၊ ကန်တော်ကြီး ၊ ထန်းလျက်ခဲ ၊ လေညင်းကလေး ၊ အိပ်မက် ၊ ကင်းစောင့်သမား ၏ လေးတင်ခန်း ၊ သားကလေး ဖိုးဝ ၊ ကဗျာတွေ မှ များလှပါသည် ။

ကျွန်တော် ရော ၊ ပတ်သက်ရာရာ အသိုက်အဝန်း က ရော ကိုဒီ့ ကဗျာ ကို သူ့ ပန်းချီ လောက် အထင် မကြီးလှ ။ သို့သော် “ တစ်ဝိုင်းစာ ” သူ ကဗျာ ရွတ်ဆို ပုံ က တော့ ခံစားမှုပါသည် ။ ဓမ္မိက ဦးဘသန်း က တော့ မြန်မာပြည် ရဲ့ ရှားရှားပါးပါး ကဗျာဆရာ ထဲ မှာ ကိုဒီ ပါ သတဲ့ ။ အမြင် က တော့ ကွဲပြား နိုင်ပါသည် ။

•••••   •••••   •••••

ဆရာမြသန်းတင့် စကား နှင့်ပြော ရ လျှင် မြစ် ထဲ မှာ ရေတွေ အများကြီး စီး သွား ကြပြီ ။ ရော်ရွက် တွေ ကြွေခြောက်ကြ ။ ပုရစ်ဖူးတို့ နုသစ် ပွင့်အာ ၍ လာကြ ။ ကမ်းပါးတွေ တဝုန်းဝုန်း လဲပြို သွားကြ ။ သောင်တွေ ကျွန်းတွေ ဖြစ်ထွန်း လာကြ ။ အပြောင်းအလဲတွေ ကုဋေကုဋာ အသိန်းအသန်း ။

ကိုဒီ ကား သည် အတိုင်း ချည်လုံချည် တစ်ပတ်အနွမ်း ၊ အင်္ကျီလက်တို အဖြူရောင် ။ လွယ်အိတ်ပါးပါး တစ်လုံး ၊ မျက်လုံး ပေကလတ် ပေကလတ် ၊ ပြီးတော့ ဖြူနီဝါပြာ အရောင်တွေ ၊ အရုပ်တွေ ၊ သက်ဝင်မှုတွေ ။ ပြီးတော့ အင်္ကျီ အိတ်ကပ် ထဲ မှာ ဘယ်တော့မှ ပိုက်ဆံ မရှိတာတွေ ။

◾မောင်သာချို

📖 အိပ်မက်ဖူးမဂ္ဂဇင်း
      အမှတ် ၆ ၊ ၁၉၈၉ ။

#ကိုအောင်နိုင်ဦး

.

တစ်ကျပ်တန် ပုံပြင်


 

❝ တစ်ကျပ်တန် ပုံပြင် ❞

ကျွန်တော့် အသက် ဆယ်နှစ် ကျော် လောက် ရှိပြီ ထင်ပါ ရဲ့  ။ ဒီ ဆယ်နှစ် ၊ ဆယ့်တစ်နှစ် လောက် အတောအတွင်း မှာ ကျွန်တော် ဆုံခဲ့ ကြုံခဲ့ ရတာ တွေ က လည်း စုံလို့  ၊ နားထောင်မယ့် သူ ရှိ ရင်တော့ အသေအချာ ပြောပြ ချင်ပါ သေး တယ် ။

အရင်တုန်းက ကျွန်တော် ဆိုတဲ့ ကျွန်တော် ဟာ အခုလို စုတ်တီးစုတ်ပြတ် ပျော့တီးပျော့ဖတ် မဟုတ်ရပါဘူး ဗျာ ၊ တကယ့် ကို သစ်သစ်လွင်လွင် လှလှပပ နဲ့ တောင့်တောင့်ရောင့်ရောင့်ကလေး ပါ ။ ညီတော် နောင်တော် အဖော်အပေါင်းတစ်စု နဲ့ အတူ စက်ကြီး ထဲ ကနေ တစ်စုတစ်ဝေး တပျော်တပါးကြီး ထွက် လာ ကြတာကို ခု ပြန်တွေးရင်း အခုတောင် ပျော်မိပါ သေးတ ယ် ။

ကျွန်တော်တို့ ညီအစ်ကို တစ်ရာ ကို စက်ကြီး နဲ့ ချပ်ခနဲ ချုပ် လိုက်တုန်း ကလည်း ကျွန်တော် တို့ တွေ ပျော်ရွှင်တက်ကြွပြီး မြူး နေကြတာပါ ပဲ ။ ကျွန်တော် က လောကကြီး ကို လေ့လာချင် စူးစမ်းချင် လို့ ရှေ့ဆုံး မှာ နေချင် ပေမယ့် နေခွင့် မကြုံခဲ့ပါဘူး ။ ဒါပေမဲ့ ရှေ့ဆုံး က ကျွန်တော် တို့ အစ်ကိုကြီး ကိုလေပေါ က သူ တွေ့သမျှ မြင်သမျှတွေ ကို အမြဲ ပြန် ပြောနေတတ် တယ် လေ ။ ဒါကြောင့် ကျွန်တော်တို့ လို အလတ်တွေ က ကြား မှာ ညပ်နေ ပေမယ့် အားလုံး သိ နေခဲ့ရတယ် ။

အသစ် ဘဝတုန်း က တော့ အခုလို ဘယ် ဟုတ်ပါ့မလဲ ဗျာ ။ တကယ်ကို မျက်နှာ ကြီး ခဲ့ ပါတ ယ် ။ ကျွန်တော်တို့ ကို တွေ့တဲ့ သူတိုင်း က ‘ ဟယ် ကျပ်တန် အသစ် အုပ်လိုက်ကလေး ’ လို့ ဆိုပြီး ချစ်စနိုး ကြည့် ကြတယ် ။ တချို့ကလည်း ‘ လိုချင်လိုက်တာ လဲမလား ’ တဲ့ ၊ ရှင်မတောင်သနပ်ခါး ကို ပါး ပေါ် မှာ အစင်းအစင်းလေးတွေ ထင်အောင် ဘီးနဲ့ ခြစ်ပြီး ၊ လိမ်း ထားတဲ့ ကောင်မလေး တစ်ယောက် က ဆိုရင် ကျွန်တော် တို့ ကို ကောက်ပြီး ရှုပ်ခနဲ တောင် နမ်း လိုက်သေးတယ် ။ ကျွန်တော့် အစ်ကိုကြီး က တော့ ပီတိတွေ ဖြာ လို့  ၊ “ ညီလေးတို့ ရေ သူ့ ပါး လေး က လည်း မွှေး သကွ ” လို့ ခပ်အုပ်အုပ် ကလေး အော် ပြော လိုက်သေးတယ် ။ ပျော်စရာကြီးနော် ။

ကျွန်တော်တို့ ညီအစ်ကိုတွေ ဟာ တစ်စုတည်း တစ်ဝေး တည်း အတော် ကြာအောင် နေခဲ့ရပါတယ် ။ ဒါပေမဲ့ မိန်းမဝ၀ကြီး တစ်ယောက် ဆီ ကို ရောက်တော့ လ နဲ့ ကို ချီ ပြီး ပျင်း နေရတော့ တာပဲ ။ မိန်းမကြီး က ကျွန်တော် တို့ ကို မသုံးရက်ပါဘူး ။ လှူဖို့ သိမ်းထားမယ် ဆိုပြီး အံဆွဲထဲ ထည့် သော့ ခတ် လိုက်တော့တာ ကိုး ။ ပရုတ်လုံးနံ့ သင်း နေတဲ့ အဲဒီ အံဆွဲ ထဲ မှာ စာရွက်စာတမ်း တချို့ ၊ ဓာတ်ပုံ တချို့နဲ့ ယွန်းဘူး လေး တစ်ဘူး ရှိတယ် ။ အဲဒီ ယွန်းဘူးလေး ထဲ မှ လက်စွပ် သုံးကွင်း ၊ လက်ကောက် တစ်ရန် နဲ့ ရွှေ ဆွဲကြိုး နှစ်ကုံး ရှိတယ် ။ အဲဒီ ဒေါ်ဆွဲကြိုး တို့  ၊ ဒေါ်လက်ကောက် တို့ က အတော် ဘဝ မြင့် သား ဗျ ။ ကျွန်တော် တို့ ကို တယ်ပြီး အဖက် မလုပ်လှဘူး ။ အစ်ကိုကြီး ကိုလေပေါ ကတော့ သူတို့ နဲ့ အရော ဝင် ဖို့ ကြိုးစား ရှာသား ။ ဒါပေမဲ့ မ အောင်မြင်ပါဘူး ။

အဲဒီ အံဆွဲကြီး ထဲ မှာ နေရ တာ တော့ တစ်သက် နဲ့ တစ်ကိုယ် အပျင်း ဆုံး ပါပဲ ဗျာ ။ မှောင် က လည်း မှောင် ၊ မွန်း က လည်း မွန်း ၊ အပြင် လောကကြီး မှာ ဘာဖြစ်လို့ ဖြစ်နေမှန်း လည်း မသိ ၊ တစ်အံဆွဲ တည်း အတူ နေရတဲ့ ဒေါ်ဆွဲကြိုးတို့  ၊ ဒေါ်လက်ကောက် တို့ နဲ့ က လည်း အဆင် မပြေ ၊ အလွမ်း က မသင့် ရွှေလက်စွပ်ကလေး က တော့ တစ်ခါတစ်ရံ ကျွန်တော်တို့ နဲ့ စကား ပြောခဲ့တ ယ် ။ ဒါတောင် နှိမ် ပြောပြတာပါ ။ “ နင်တို့ က ငွေစက္ကူ ထဲ မှာ တော့ အချောဆုံး တန်ဖိုး အနည်းဆုံးပဲ ”

လို့ ပြောတဲ့ အခါလည်း ပြောရဲ့  ၊ “ နင် တို့ ထက် တန်ဖိုး နည်း တာ က တော့ အကြွေ ပဲ ရှိတော့ တယ် ။ ဒါတောင် အကြွေ က ရှားတော့ နင်တို့ ထက်တော့ မျက်နှာ ကြီးသေး တယ် ”

လို့ ပြောတဲ့ အခါ လည်း ပြောရဲ့ ၊ စကား ပြောဖော် မရှိလို့ သာ ပြော နေ ရပေမယ့် အဲဒီ ရွှေလက်စွပ် နဲ့ လည်း .. တကယ်တော့ အကြော မတည့် လှပါဘူး ဗျာ ။ နှစ်လ သုံးလ လောက် အံဆွဲ ထဲ အောင်း နေရပြီး တဲ့ အခါ မှာ တော့ ကျွန်တော်တို့ လွတ်မြောက်ခွင့် ကြုံ လာ ပါတယ် ။ မိန်းမဝဝကြီး က ကျွန်တော်တို့ ကို အံဆွဲ ထဲ က နေ ပြန် ထုတ်တယ် ။ ချုပ် ထားတဲ့ သံကလစ် ကို ဂရုတစိုက် ဖြုတ်ပြီး ကျွန်တော်တို့ ကို တစ်ရွက်ချင်း စီ တယ် ။ နောက်ပြီး ဘုန်းကြီး ယပ်တောင်ကြီး တစ်ချောင်း မှာ ဖြန့်ပြီး ကပ် တ ယ်လေ ။ ကျွန်တော်တို့ လည်း အဲဒီ ကျတော့ မှ အသက် ကို ဝ၀ ရှူ လို့ လောကကြီး ကို လင်းလင်း ကျင်းကျင်း စိတ်တိုင်းကျ ကြည့်ခွင့် ကြုံတော့တယ် ။

မိန်းမဝ၀ကြီး က ကျွန်တော် တို့ ကို ယူ သွားပြီး ကထိန် က ပဒေသာပင် မှာ ချိတ် တ ယ် ။ ကျွန်တော်တို့ ဘေး က လူတွေ ဟာ အဝတ် ကောင်း ဝတ်ပြီး ရယ်မော ပျော်ရွှင် နေကြတယ် ။ ကျွန်တော်တို့ လည်း သူတို့ နဲ့ ရောပြီး တအား ကို ပျော် နေ မိတာပဲ ။ အဆိုတွေ ၊ အကတွေ ၊ အတီးတွေ ၊ အမှုတ်တွေ မြိုင်မြိုင်ဆိုင်ဆိုင် နဲ့ ကျွန်တော်တို့ ကို သယ် သွား ကြတာ ။ အဲဒီလို ဘဝမျိုး ကို တော့ လွမ်းမိပါရဲ့ ဗျာ ။ ဒီ တစ်သက်မှာ လည်း ပဒေသာပင် ပေါ် ကို တော့ နောက် တစ်ခေါက် ပြန်ရောက်မှာ မဟုတ်တော့ပါဘူး ။

နောက်တော့ ကျွန်တော် တို့ မြို့ ဆင်ခြေဖုံး က ဘုန်းကြီးကျောင်းလေး တစ်ကျောင်း ထဲ ရောက် သွား တာ ပေါ့ ။ ဘုရားစင် အောက် က ပေါ်လစ်ရောင် မရှိတော့တဲ့ စားပွဲလေး ပေါ် မှာ ဘုရားစာအုပ်ကလေးတွေ တင်ထား တယ် ။ ကျွန်တော်တို့ တစ်တွေ ကို လည်း အသားညိုညို ကိုရင်ကြီး တစ်ပါး က ယပ်တောင် က နေ ဖြုတ်ပြီး ဘုရားစာအုပ် ကြား ထဲ ညှပ် ထား လိုက် တော့ တယ် ။

ကျွန်တော်တို့ ရောက် နေတဲ့ ကျောင်း က ဆရာတော် က ကျန်းမာပုံ မရ ဘူး ။ ကျွန်တော်တို့ ဟာ ကျောင်း က စာအုပ် ထဲ မှာ အပြားလိုက် ညပ်နေလို့ လောကကြီး ကို ကြည့်ခွင့် မကြုံပေမယ့် သူ့ ရဲ့ ချောင်းဆိုးသံ ကိုတော့ အမြဲ ကြား နေရတယ် ။ နှပ်ချေး တစ်ရှုံ့ရှုံ့ လုပ် နေ တတ်တဲ့ ဘုန်းကြီးကျောင်းသားလေး တစ်ယောက် က ကျွန်တော်တို့ ကို တစ်ရွက် ချင်း ၊ နှစ်ရွက် ချင်း ထုတ် ယူ သွားတတ်တယ် ။ ကျွန်တော့် အစ်ကိုတွေ က လည်း ‘ သွားပြီဟေ့ ’ လို့ နှုတ်ဆက် ပြီး ပါ ပါ သွားကြတယ် ။ သူတို့ တွေ ဘယ်များ ရောက်ကုန်ပါလိမ့် လို့ တွေး နေတုန်း တစ်နေ့တော့ ကျွန်တော် တို့ အလှည့် ရောက် လာတော့တယ် ။ ကျွန်တော်တို့ ညီအစ်ကို သုံးယောက် ဟာ မောင်နှပ်ချေးရှုံ့ ရဲ့ လက် ထဲ မှာ ရင် တဖိုဖို နဲ့ ပါ လာရင်း လမ်းဘေး က ကွမ်းယာဆိုင်လေး တစ်ခု ကို ရောက် လာကြတယ် ။

“ ဘာမီတွန် ရယ် ၊ ပါရာစီတီမောလ် ရယ် ၊ နောက်ပြီး တရုတ်ချောင်းဆိုးပျောက်ဆေး အမည်းပြားလေး တွေ ရယ် ပေးပါဦး ”

လို့ ပြောပြီး ကျွန်တော် တို့ ကို ကွမ်းယာဆိုင်ကုလား ရဲ့ လက် ထဲ ထည့်လိုက်တယ် ။ ကွမ်းယာဆိုင်ကုလား က သွား ဖွေးဖွေး ပေါ်အောင် ရယ်ရင်း “ မင်းတို့ ဘုန်းကြီး အဖျား မပျောက်သေးဘူး လား ။ ဒါဆိုရင် အင်ပစလင် ဝယ်သောက် ၊ ဈေး က တော့ န ည်းနည်းကြီးတယ် ” တဲ့  ၊ ကျောင်းသားလေး က တော့ မှုန်တေတေနဲ့ နှပ်ချေးပဲ ရှုံ့ နေတယ် ။ ဘာ မှ ပြန် မပြောပါဘူး ။

ဒီလိုနဲ့ ကျွန်တော်တို့ ညီအစ်ကို သုံးယောက် ဟာ ကွမ်းယာဆိုင်ကုလား ဒူး နဲ့ ဖိ ထားတဲ့ သံဖြူပုံး ထဲ ရောက်သွားကြရတယ် ။ ဝမ်းသာစရာ ကောင်းတာက ကျွန်တော့် အစ်ကို လေးငါးခြောက်ယောက် ကို လည်း အဲဒီ သံဖြူ ပုံး ထဲ မှာ တွေ့ရတာပါပဲ ။ ညနေ ကျတော့ ကွယ်းယာဆိုင်ပိုင်ရှင် ကိုကုလား က ကျွန်တော် တို့ တွေ ကို သူ ရဲ့ ပိုက်ဆံအိတ် မည်းမည်းကလေး အထဲ ကို ပြောင်းပြီး ထည့်တယ် ။ သူ့ ပိုက်ဆံအိတ် က လည်း သူ့ ဆိုင်လိုပဲ ဗမာဆေးနံ့ ၊ အာမွှေးနံ့ ၊ စမုံစပါးနံ့ သင်း နေတယ် ။ ဒါပေမဲ့ အဲဒီ မှာ တစ်ည ပဲ အိပ် လိုက်ရပါတယ် ။ နောက်နေ့ မနက် ကျ တော့ ကိုကုလား က ကျွန်တော်တို့ ကို ထုတ် ပြီး မိန်းမတစ်ယောက် ကို ပေး တယ် ။

“ ရော့ အမာကြည် ၊ နင် ဧည့်ခံ ကောင်းလို့ ငါ အပိုဆု ပေးတာ ၊ အသစ် စက်စက်ကလေး ဆယ်ရွက် ” တဲ့ ။ ခပ်ပေါပေါ ယိုးဒယားရေမွှေး ကို ကြိုင် နေ အောင် ဖျန်းထားတာ ကတော့ အမာကြည် ဆို တဲ့ အမျိုးသမီး ပါ ပဲ ။ အတွင်းခံ အင်္ကျီ အနက်ရောင် ပေါ် မှာ ထပ် ဝတ်ထားတဲ့ အနီရောင် အင်္ကျီ က အတော် ကို ပါးတယ် ဗျ ။ အင်္ကျီ က နီနီ ၊ နှုတ်ခမ်း က နီနီ ၊ ခေါင်းပေါ် မှာ လည်း ပန်းအနီ တစ်ပွင့် ပန် ထားတော့ သူ့ ကြည့် ရတာ ရင်ခုန်စရာ တော့ အတော် ကောင်း သား ။ သူ က ကျွန်တော်တို့ ကို တစ်ချက် လှမ်း ကြည့်ပြီး မျက်နှာ ကို မဲ့ လိုက်တ ယ်ဗျ ။

“ ကျပ်တန်ကလေး ဆယ်ရွက် လောက် ကို များ ကိုမူတူး ရယ် ။ ဆယ်တန် ဆိုလည်း ဟုတ်သေးရဲ့” လို့ ပြောတယ် ။ ကုလားကတော့ တ ဟဲဟဲ ရယ်ရင်း သူရဲ့ ပါး ကို ဆွဲ လိမ် လိုက်တယ် နောက်ပြီး ။

“ ဟိုက်ရော ၊ ညီလေးတို့ ရေ ၊ တို့ တစ်တွေ ဘယ်လို အိမ် ကို ရောက်နေ လဲ သိရဲ့ လား ” တဲ့  ။

ကျွန်တော်တို့ အစ်ကိုကြီး ကိုလေပေါ က မျက်လုံးမျက်ဆန် ပြူး သွားရာ က အသံ တုန်တုန်ကြီး နဲ့ ပြောတယ် ။ ဘဝ ဆိုတာ ဒီလိုပဲ ပေါ့ ဗျာ ။ ပဒေသာပင် ပေါ် မှာ ချည်း ပဲ အမြဲတမ်း နေချင်လို့ တော့ ဘယ် ရပါ့မလဲ ။ မအမာကြည် က ကျွန်တော် တို့ ကို သူ့ ဆီ မှာ ကြာကြာ မထားပါဘူး ။ အဲဒီနေ့ မနက်ခင်း မှာ ပဲ ဈေး ထဲ ခေါ် သွားတယ် ။ မုန့်ဟင်းခါးဆိုင် ထိုင် ၊ ပဲ ကြော် နဲ့ နှစ်ခွက် ဆင့် စားပြီး ကျွန်တော် နဲ့ ကျွန်တော် ရဲ့ ညီလေး ကို မုန့်ဟင်းခါးသည် ဆီ ပစ် ပေး လိုက်တယ် ။ “ ရော့ဟေ့ နှစ်ကျပ် ” တဲ့  ။ ကျွန်တော် ကတော့ မုန့်ဟင်းခါး နှစ်ခွက် ကို နှစ်ကျပ် ဆိုတော့ တစ်ခွက် ကို တစ်ကျပ် ပေါ့ လို့ စိတ် ထဲ က တွက် နေ မိတယ် ။ ကျွန်တော် ဟာ မုန့်ဟင်းခါး တစ်ခွက် စာ တန်ဖိုး ရှိတယ် လေ ။ မဆိုးပါဘူးဗျ နော် ။

အဲဒီမှာ လည်း တစ်အောင့်လေး ပဲ နေ လိုက် ရပါတယ် ။ မုန့်ဟင်းခါးသည် အဒေါ်ကြီး က ကျွန်တော် တို့ ကို ကောက် ကိုင်ပြီး “ ရော့ သမီးတို့ ညီအစ်မ ဒီနေ့ အတွက် မုန့်ဖိုး ” တဲ့  ။ ကျွန်တော် လည်း ပိုက်ဆံဘူးကလေး ထဲ မှာ ကျန်ခဲ့ တဲ့ ညီလေး ကို “ သွားပြီဟေ ” လို့ နှတ်ဆက်ရင်း ကျောင်းစိမ်းအင်္ကျီလေးတွေ ဝတ် ထားတဲ့ ကောင်မလေး နှစ်ယောက် နောက် ကို ကတိုက်ကရိုက် လိုက် ခဲ့ ရပါတယ် ။ အဲဒီအချိန် က စပြီး ညီအစ်ကိုတွေ အားလုံး နဲ့ ခွဲ ပြီး ကျန်တဲ့ ဘဝခရီး ကို ကျွန်တော် အထီးတည်း နှင် ရတော့တာပါ ပဲ ဗျာ ။

ကောင်မလေး နှစ်ယောက် က ကျွန်တော့် ကို တင်းတင်း ဆုပ်ကိုင်ထားရင်း ငြင်းလိုက်ကြတာ ညံ နေတာပဲ ။ “ ဂွေးသီးစားမယ် ” တဲ့  ။ “ ဆီးထုပ် ကောင်းတယ် ” တဲ့  ၊ “ ခေါက်မုန့်ကြိုက်တယ် ” တဲ့  ။ နောက်ဆုံးတော့ ကျွန်တော့် ကို မာလာကာသီး လေးလုံး နဲ့ လဲ လိုက်ကြတယ် ။ မာလကာသီးသည် က ကျွန်တော့် ကို သိမ်း ထားပြီး နောက် တစ်နေ့ ကျ တော့ သူ့ သားလေး ကို မုန့်ဖိုး ပေး ပြန်ရော ၊ သူ့ သားလေး က ကျွန်တော့် ကို ပြောင်းဖူးသည် ဆီ ပို့ လိုက်တယ် ။

အဲဒီ ပြောင်းဖူးသည် ဆီ မှာ ကျွန်တော် စပြီး ဒုက္ခ ရောက်ရတော့တာ ပါ ပဲ ။ အတော်ကို နမော် နမဲ့ နိုင်တဲ့ မိန်းမကြီး ဗျာ ၊ အငွေ့ တထောင်း ထောင်း ထန ေတဲ့ ပြောင်းဖူးတောင်း ထဲ ကို ကျွန်တော် ဇောက်ထိုး ပြုတ်ကျ သွားတာကို သူ ချက်ချင်း မသိလိုက်ဘူး ။ ကျွန်တော့် ခမျာ ပူပူလောင် လောင် စိုစိုရွှဲရွှဲ တွေ ကြား မှာ ချက်ချင်း ကို ပျော့ပြီး အိကျ သွား ရတော့တယ် ။ စိတ် က လည်း ဆိုး ။ ငို က လည်း ငိုချင် နေတော့ ကျွန်တော့် ကို ဝိုင်းပြီး သနားနေ ကြတဲ့ ပူပူနွေးနွေး မွှေးမွှေးကြိုင်ကြိုင် မပြောင်းဖူးတို့ နဲ့ စကား တောင် မပြောဖြစ်ခဲ့ ပါဘူး ။ သူ့ တောင်း ထဲ မှာ ပြောင်းဖူးတွေ တော်တော် လျော့ သွား တော့ မှ ကျွန်တော့် ကို တွေ့တော် မူတော့ တယ် ။ “ ဟယ် တော် ၊ ကျပ်တန်လေး တော့ ၊ ဘယ်တုန်းက ကျ သွားပါလိမ့် ” လို့ အသံပြာပြာကလေး နဲ့ ပြော နေ သေးတယ် ။ ဒီမှာ ဖြင့် သေပဲ သေတော့မယ် ။ မပြောချင်တော့ပါဘူး ဗျာ ။

သူ က နေပူ မှာ ဖြန့်ပြီး လှန်း ပေးလို့ ကျွန်တော်လည်း ပြန်ပြီး ခြောက်ခြောက်သွေ့သွေ့ တော့ ဖြစ် သွား ပါတယ် ။ ဒါပေမဲ့ အရင်တုန်း က လို သစ်သစ်လွင်လွင် တောင့်တောင့်ရောင့်ရောင့် နဲ့ လှပတဲ့ ဘဝမျိုး ကို တော့ ပြန်ပြီး မရတော့ပါ ဘူး ဗျာ ။

နောက်တစ်နေ့ မနက် ကျတော့ ပြောင်းဖူးသည် က ကျွန်တော် တို့ ကို ကန်စွန်းရွက် လေးစည်း နဲ့ လဲ လိုက်တယ် ။ ကန်စွန်းရွက်သည် က ချဉ်ပေါင်ရွက်သုံးစည်း နဲ့ လဲ လိုက်တယ် ။ ကန်စွန်းရွက်သည် က ချဉ်ပေါင်ရွက် သုံးစည်း နဲ့ လဲ တယ် ။ ချဉ်ပေါင်ရွက်သည် က ဘဲဥ နှစ်လုံး နဲ့ လဲတယ် ။ ဘဲဥသည် က တစ်ခါ မန်ကျည်းသီးမှည့် တစ်ပုံ ၊ မဆလာ နှစ်ထုပ် နဲ့ ကုန်စုံဆိုင် မှာ လဲ လိုက်ပြန်ရော ၊ ကုန်စုံဆိုင်ပိုင်ရှင် ရဲ့ သား ခေါင်းတုံး နဲ့ ကောင်လေးက သူ့ အမေ အလစ် မှာ ကျွန်တော့် ကို နှိုက်ပြီး ဓားလှီးရေခဲချောင်း ဝယ် စား လိုက်တော့ ကျွန်တော်လည်း ရေခဲချောင်းသည် ဆီ ရောက် လာတယ် ။ ရေခဲချောင်းသည် က ခေါက်မုန့်သည် ဆီ ကို ပို့လိုက်တယ် ။ ခေါက်မုန့်သည်  က တစ်ခါ ကျွန်တော့် ကို ဘဲဥဆိုင် ပြန် ပို့ လိုက်ပြန်ရော ၊ တစ်နေ့တည်း နဲ့ ကို ကျွန်တော် လည်း ချာလပတ်ရမ်းပြီး အတွေ့ အကြုံ တွေ စုံ သွားတာပဲ ။ ကျွန်တော် ဆိုတဲ့ ကျွန်တော့် ကို ဘယ်ပစ္စည်း နဲ့ လဲ ရင် ဘယ်လောက် ရ မလဲ ဆိုတာ လည်း ကိုယ့် ကိုယ် ကိုယ် အတော် သိ လာတယ် ။ ဥပမာ ကန်စွန်းရွက် ဆိုရင် လေးစည်း ၊ ဘဲဥ ဆိုရင် နှစ်လုံး ၊ ငှက်ပျောသီး ဆိုရင် သုံးလုံး ၊ မုန့်ဟင်းခါး ဆိုရင် တစ်ခွက် စသည် ဖြင့် ပေါ့လေ ။

အဲဒီ ဈေးကလေးပတ်ဝန်းကျင် မှာ ကျွန်တော် လည်း လ နဲ့ ကို ချီ ပြီး ပတ်ချာလည် နေရ တယ် ။ တော်ကြာနေ ဘဲဥဆိုင် ရောက်လိုက် ၊ တော်ကြာနေ ကုန်စိမ်းဆိုင် ရောက်လိုက် ၊ တော် ကြာနေ ငါးပိဆိုင် ရောက်လိုက် နဲ့ အို စုံတကာ ကို စုံလို့  ၊ သုံးလေးလ အတွင်းမှာ ကျွန်တော့် ရဲ့ ရုပ် အဆင်း လည်း အတော်ကြီး ကို ညှိုးနွမ်းပြီး မှေး မှိန် လာတယ် ။

တစ်နေ့ကျ တော့ ခေါက်ဆွဲသည် က နေ ကျွ န်တော့် ကို ကျောက်စိမ်းလက်စွပ်ကြီးတွေ ဆင့် ဝတ် ထားတဲ့ အန်တီကြီး တစ်ယောက် ဆီ ပြန် အမ်း လိုက်တယ် ။ အဲဒီကျတော့မှ ပဲ ကျွန်တော် လည်း အဲဒီ ဈေးကလေး ထဲ က လွတ် ထွက် လာနိုင် တော့တယ် ။ ဒါပေမဲ့ အန်တီကြီး အိတ် ထဲ မှာ ပိတ် မိ နေတာ ကတော့ အတော် ကို ကြာ သွား သဗျ ။ အဲဒီ အိတ် ထဲ မှာ ကျွန်တော့် ထက် ကြီးတဲ့ အရွ က်ကြီးတွေ ချည်းပဲ ။ နောက်ပြီး ကျောက်နီ ၊ ကျောက်ပြာ ၊ ကျောက်စိမ်းကလေးတွေကိုလည်း အထုပ်လိုက်ကလေး တွေ တွေ့ရတယ် ဗျ ။ ရွှေ နဲ့ မတွေ့ရ သေးလို့ လားတော့ မသိဘူး ။ သူတို့ အံဆွဲ ထဲ က ဒေါ်လက်စွပ် တို့ ဒေါ်လက်ကောက် တို့ လောက် ကြီးကြီးကျယ်ကျယ် မနေကြရှာ ပါဘူး ။ သူတို့ ချင်း လည်း လေသံလေးတွေ နဲ့ စကား ပြောရင်း ဒီကနေ တစ်ဆင့် ဘယ်သူ့ လက် ထဲ ရောက်ပြီး ဘယ်သူများ သူတို့ ကို ရွှေ နဲ့ ရံပေးပါမလဲ လို့ တွေးရင်း ရင်ခုန် နေကြရှာတယ် ။ ကျွန်တော့် ခမျာ လည်း အဲဒီ သားရေပိုက်ဆံအိတ်ကြီး ရဲ့ အောက်နား က ညပ်ပြီး ကပ် နေ လိုက်တာ အတော့် ကို ကြာ သွားတယ် ။ ထွက်ရမယ့် နေ့ ကို ပျင်းပျင်း နဲ့ စောင့် နေလိုက်ရ တာ ၊ အင်း ထွက်မယ့် ထွက် ရတော့ ဘယ်သူ့ လက်ထဲ ရောက်တယ် ထင်လဲ ဟင် ။

တစ်နေ့တော့ မီးပွိုင့် တစ်ခု မှာ ကား ရပ်နေရ တုန်း “ ထမင်းဖိုးလေး သနားပါ ” ဆိုတဲ့ အသံလေး ကို ကြားရတယ် ဗျ ။ အန်တီကြီး က သူ့ သားရေအိတ်ကြီးကို ချောက်ခနဲ ဖွင့် လိုက်ပြီး မွှေနှောက် လိုက်တယ် ။ နောက်ဆုံး တော့ အောက်ဘက် မှာ ညပ်ပြီး ကပ်နေတဲ့ ကျွန်တော့် ကို တွေ့ပြီး ဆွဲ ထုတ် လိုက်တယ် ။ နောက်ပြီး ဒန်ခွက်ပိန်ပိန်ကလေး တစ်ခု ထဲ ထည့် လိုက်တယ် လေ ။ ကျွန်တော် ဆိုတဲ့ ကျွန်တော် က လည်း  ပထမဆုံးအကြိမ် လို့ ပြောရ တာ က ဒုတိယ ၊ တတိယအကြိမ်တွေ လည်း ရှိခဲ့လို့ ပါပဲ ဗျာ ။

လမ်းဘေး က စားသောက်ဆိုင်ကလေးတွေ က လည်း သူတို့ ဆိုင် နား သူတောင်းစား လာရင် သာ မကြိုက်တာ ။ ပိုက်ဆံ ပေး ဝယ်တော့လည်း သူတောင်းစား မို့ အလကား ပေးတယ် လို့ မရှိပါ ဘူး ဗျာ ။ သူတောင်းစား ပိုက်ဆံ ကို လည်း ယူ တာပါပဲ ။

နောက်ပိုင်းတော့ ကောင်းကောင်း တောင် မမှတ်မိတော့ပါဘူး ဗျာ ။ တစ်ယောက် လက် ကနေ တစ်ယောက် ပြောင်းရလွန်း လို့ သိပ် မထူးခြားတာတွေ ကို မှတ်မှတ်ရရ တောင် မရှိတော့ပါဘူး ။

လေးငါးခြောက်လ ကနေ လေးငါးခြောက်နှစ် ကြာ လာတော့ ကျွန်တော့် ရုပ် ကျွန်တော့် ရည် ဟာ အတော်ကလေး ကို နွမ်းနယ် လာ ပါတယ် ။ ဒီ ကြားထဲ မှာ အင်္ကျီ နဲ့ ရောပြီး ဆပ်ပြာရည် အစိမ် ခံရတာတွေ ၊ မိုး မိတာ တွေ ၊ ရွှံ့ဗွက် ထဲ ပြုတ် ကျတာတွေ လည်း ဖြစ်ခဲ့သေးတာ ကိုး ။

အခုတော့ ကျွန်တော် ဟာ ကျပ်တန်လတ်လတ်ကလေး ဘဝ က နေ ကျပ်တန်နွမ်းနွမ်းကလေး ဘဝ ကို ရောက်လုတဲကာ ဖြစ် နေပါပြီ ။ အဲဒီ ဘဝ ရောက်တော့ မှ ကျွန်တော့် ခမျာ ဘတ်(စ်) ကား စပယ်ရာ ဆီ ခဏ ခဏ ရောက်ရတော့တာ ကတော့ နည်းနည်း ထူးဆန်းတယ် ဗျ ။ အရင် တုန်း က ကျွန်တော့် ပိုင်ရှင်တွေ ဟာ ဘတ်  (စ် ) ကားခပ ေးရင် ကျွန်တော့် ကို ချန်ထား တတ်ကြ တယ် ။ အခုတော့ ကျွန်တော့် ကို အရင်ဆုံး ဆွဲ ထုတ်ပြီး ပေးလိုက်ကြတယ် ။ ကျွန်တော့် ဘဝ ရဲ့ နောက်ပိုင်း ရက်တွေ ဟာ ပိတ်လှောင်ကျပ်ညပ် နေတဲ့ ကားကြီး ပေါ် မှာ “ ကားခလေး မစပါ ၊ ဟို နောက် က အစ်မကြီး ကားခကလေး ခင်ဗျ ။ အလယ်ကို တိုးကြပါ ။ အလယ် မှာ ချောင်ပါတယ် ။ မှတ်တိုင် ပါရင် ကြိုပြော ဆွဲဆရာရေ့ ” လို့ ပါးစပ် မပိတ် အော် နေတဲ့ စပယ်ရာ ရဲ့ ချွေးစော် နံ နေ တဲ့ လက်ချောင်းတွေ ကြား မှာ ဖြစ်နေလိမ့်မယ် လို့ မထင်မိခဲ့ပါဘူး ဗျာ ။

စပယ်ရာ ရဲ့ လွယ်အိတ် ထဲ မှာ ကျန်တန်နွမ်း နွမ်းကလေးတွေ မှ အများကြီး ပဲ ။ တချို့လည်း ခပ်ရိရိ ခပ်စုတ်စုတ် တောင် ဖြစ် နေပြီ ။ သူတို့ ဆီ မှာ လည်း အနံ့ပေါင်း မှ စုံလို့  ။ တချို့ ဆီ မှ ငါးပိစော်  ၊ဆားစော် နံ သဗျ ။ တချို့ကျတော့ လည်း ကြက်စော် ဝက်စော်နံ လို့  ။ တချို့ကျ ပြန် တော့လည်း ငါးညှီနံ့ တထောင်းထောင်း နဲ့  ၊ ကျွန်တော် နဲ့ အတူတူ လက်ညှိုး နဲ့ လက်ခလယ် ကြား မှာ ညှပ်ခံ ထားရတဲ့ နွမ်းနွမ်း ဖပ်ဖပ် အကောင် ဆီ ကတော့ မဆလာနဲ့  ၊ နနွင်းနံ့ ရ သဗျ ။ သူ က ကျွန်တော့် ကို ကြည့်ရင်း “ အင်း မင်း လည်း မကြာပါဘူး ။ ငါ့ လို ရိပြီး စုတ် လာမှာ ပါပဲ ကွာ ” လို့ ပြောပြီး အသံအက်အက် နဲ့ ရယ် လိုက် သေးတယ် ။

တစ်နေ့တော့ ဘတ် ( စ် ) ကား ပေါ် မှာ ပဲ ကျွန်တော့် အစ်ကိုကြီး ကိုလေပေါ နဲ့ ခဏ ဆုံ လိုက်ရ တယ် ။ အစ်ကိုကြီး က ကျွန်တော့် ထက် ဆိုးတ ယ် ။ နှစ်ပိုင်း ပြတ်ခါနီး ဖြစ်နေလို့ ခါးလယ် က ဖြ တ်ပြီး စက္ကူ နဲ့ ကပ် ထားရတယ် ။ ကျွန်တော့် ကို တွေ့တော့ သူခမျာ လည်း ဝမ်းတွေ သာလို့ “ ကျွန်တော် တော့ ကား ပေါ် မှာ ချည်းပဲ အချိန် ကုန် နေတယ် အစ်ကိုကြီးရေ ”လို့ ကျွန်တော် က ပြောတော့ အစ်ကိုကြီး ကပြုံးတယ် ။ “ ကားပေါ် မှာ ကောင်းပါတယ် ညီလေး ရာ ၊ ဈေး ထဲ မသွား ချင်ပါ နဲ့ မျက်နှာ ငယ်လွန်းလို့  ”လို့ ပြောတယ် ။ ဒါကတော့ အသစ် ဘဝ နဲ့ အဟောင်း ဘဝ နဲ့ ဘယ်တူပါ့မလဲလေ ။ သစ်သစ်လွင်လွင် တောက်တောက်ပပ တုန်း က လို အမြဲတမ်း မျက်နှာ ကြီးချင် နေလို့ ဘယ် ဖြစ်ပါမလဲ ။ ဒါတွေကို ကျွန်တော် နားလည်ပါတယ် ။ ကျွန်တော် က တော့ ဘတ် ( စ် ) ကား ပေါ် မှာ နဲ့ စာ ရင် ဈေး ထဲ မှာ ပျော်တယ် ။

ကျွန်တော့် ဆုတောင်း ပြည့်တယ်လို့ ပြော ရမှာ ပေါ့ ။ နောက် သုံးလေး ရက် လောက် နေ တော့ အတွက်အချက် ကောင်းပုံ ရတဲ့ အိမ်ရှ င်မ တစ်ယောက် ရဲ့ ပိုက်ဆံအိတ် ကလေး ထဲ က နေပြီး ဈေး ထဲ ကို ပြန် လိုက်ခဲ့ရတယ် ။ အိမ်ရှင်မ က ဟင်းရွက်သည် ရှေ့ မှာ ရပ်ပြီး “ ငရုတ်သီး စိမ်း ငါးမူးဖိုး ၊ နံနံပင် ငါးမူးဖိုးပေးပါ  ”တဲ့  ။ ဟင်းရွက်သည် က “ ငါးမူးဖိုး မရောင်းဘူး ” လို့ ခပ်ဆတ်ဆတ် ပြောတယ်ဗျ ။ အိမ်ရှင်မ က သက်ပြင်းလေး ချပြီး “ ဒါဆို ရင်လည်း ငရုတ်သီးစိ မ်း တစ်ကျပ်ဖိုး ပဲ ပေးပါတော့ ”  တဲ့ ‘ အင်း သူ ရဲ့ ဟင်း ကို နံနံပင် မပါဘဲ ချက်တော့မယ် ထင်ပါရဲ့ ' လို့ တွေးနေ မိတုန်း ကျွန်တော် လည်း ဟင်းရွက်သည် ရဲ့ ဗန်း ထဲ ရောက်သွားရတော့တယ် ။  ဟင်းရွက်သည် က မုန့်ဟင်းခါးတစ်ပွဲ မှာ စားပြီး ကျွန်တော် နဲ့ အတူတူ ငါးကျပ်တန် တစ်ရွက် ကို ပါ မုန့်ဟင်းခါးသည် ဆီ ပို့ လိုက်တယ် ။ ကျွန်တော် လေ စိတ် ထဲ မှာ မကောင်းတာ နဲ့ “ အ ရင်တုန်း ကတော့ မုန့်ဟင်းခါး တစ်ပွဲကို တစ်ကျပ်ပါဗျာ ” လို့ ငါးကျပ်တန် ကို ပြောပြ မိတယ် ။ ငါးကျပ်တန် နွမ်းနွမ်းလေး ကတော့ ပြုံးတယ် ဗျ  ။ “ အေး တစ်ကျပ် မတိုင်ခင် က ဟိုး အရင်တုန်း က တစ်မတ် နဲ့ တောင် ရခဲ့ဖူးပါသကွာ ” လို့ ပြော တယ် ။ ကျွန်တော် ဘာ ပြန် ပြောရတော့မှာ လဲ ဗျာ ။

နေ့ခင်း ကျတော့ မုန့်ဟင်းခါးသည် ဆီ ဘဲဥသည် က ဘဲဥဖိုး လာ တောင်းတယ် ။ ဆယ်လုံး ကို ငါးဆယ် တဲ့ ဆိုတော့ တစ်လုံး ငါးကျပ် ပေါ့ ။ “ ဒီလိုဆို ကျွန်တော် ဟာ ဘဲဥ တစ်လုံး ကိုတောင် ဝယ်လို့ မရတော့ဘူးပေါ့ ” လို့ အလန့်တကြား အော် မိတယ် ။ ငါးကျပ်တန် က တော့ ရင့်ကျက် တဲ့ အပြုံး ကို ပဲ ပြုံး နေတယ် ။ နောက်ပြီး လော လောဆယ် မှာ တော့ ငါ ဟာ ဘဲဥ တစ်လုံး ဝယ် လို့ ရသေးတယ် တဲ့  ။

ဒါကြောင့် မို့ အစ်ကိုကြီး က “ ဈေးထဲမသွား ချင်ပါနဲ့ ကွာ ” လို့ ပြောတာ ကိုး ။ “ မျက်နှာငယ် တယ် ” လို့ ပြောတာ ကိုး ။

ကျွန်တော်လေ ပိုက်ဆံ ထည့်ထားတဲ့ ပလတ်စတစ် ဆန်ခါလေး ရဲ့ ထောင့် မှာ ကုပ်ကုပ်လေး ချောင်ခို နေမိတယ် ။ နောက်နေ့ ကျ တော့ မုန့်ဟင်းခါးသည် က ကျွန်တော့် ကို မဆလာ တစ်ထုပ် နဲ့ လဲ လိုက်တယ် ။ ကုန်စုံဆိုင် က မိန်းမ က ရေခဲထုပ် ဝယ်စားတော့ ကျွန်တော် လည်း ရေခဲထုပ် ရောင်း တဲ့ ချာတိတ်ကလေး ရဲ့ အင်္ကျီ အိတ် ထဲ ရောက်ခဲ့ရ ပြန်တယ် ။ ချာတိတ်ကလေး က မာလကာသီး တစ်လုံး နဲ့ လဲ တယ် ။ မာလကာသီးသည် က စမူဆာ ဝယ် စားတော့ တစ်ခု တစ်ကျပ် ဆိုတဲ့ စမူဆာ က တကယ့် ကို ပိစိကွေးလေး ။

စမူဆာသည် ကောင်လေး က ပြောင်းဖူးသည် ကို ‘ တစ်ဖူး ဘယ်လောက်လဲ ' တဲ့  ။ “ သုံးကျပ် ” လို့ ခပ်ပြတ်ပြတ် ဖြေသံ ကြားတော့ “ တော်ပါပြီ ။ မ စားတော့ပါဘူး ” တဲ့  ။ ဟင်း အရင်တုန်း က ကျွန် တော့် ကို ပေးရင် ပြောင်းဖူး နှစ်ဖူး ပြန် ရတယ် ဆိုတာ ကျွန်တော် ဘယ်သူ့ ကို ပြောပြရမလဲ ဟင် ။ ကျွန်တော် ဟာ ဘာဖြစ်လို့ ချဉ်ပေါင်ရွက် တစ်စည်း ။ ကန်စွန်းရွက် တစ်စည်း ကို တောင် ဝယ် လို့ မရတော့တာ လဲ ။ ဟိုး အရင်တုန်း က ကျွန်တော့် ကို ပေးရင် ကန်စွန်းရွက် လေးစည်း ရဖူး တယ် ဆိုတာ ကို ရော ယုံတဲ့ သူ ရှိပါ မလား ။

ဈေး ထဲ တစ်ခေါက် ရောက်မိရင် တော်တော် နဲ့ အပြင် ကို ပြန် မရောက် တာ ကတော့ အရင် အတိုင်း ပါပဲ လေ ။ ကျွန်တော် လည်း ဈေး ထဲ မှာ ဟိုဆိုင် ရောက် လိုက် ဒီဆိုင် ရောက်လိုက် နဲ့ ရင်တုန်း က လို ပဲ ချာလည် လှည့် နေ ရတယ် ။ ဒါပေမဲ့ ခက်တာ က အရင်တုန်း က လို ကျွန်တော် တစ်ယောက် တည်း မဟုတ်တော့တာ ပဲ ။ ငါးကျပ်တန် တို့  ၊ ဆယ်တန် တို့  ၊ လေးဆယ့်ငါးကျပ်တန် တို့ ဘေးက နေပြီး အဖော်အဖြစ် နဲ့ ကပ် လိုက် နေရတယ် ။ “ အချို မှုန့် တစ်ထုပ် ဆယ့်ခြော က်ကျပ် ” ဆိုရင် ကျွန်တော် က ဆယ့်ငါးကျပ်တန် နဲ့ တွဲ လိုက် သွား ရတယ် ။ “ မျှင်ငါးပိ တစ်ဆယ် သား ဆယ့်တစ်ကျပ် ” ဆိုရင် ဆယ်တန် နဲ့ တွဲပြီး လိုက် သွား ရတယ် ။ အိုဗျာ .. စိတ်တွေ လည်း မပျော်တော့ ပါဘူး ဗျာ ။ တကယ်ပါပဲ ။

ဒီကနေ့ တော့ ရေမြောင်း ဘေး မှာ ဒယ်အိုး ချ ပြီး ကြော် နေတဲ့ အကြော် သည် ဆီ ကို ဆယ့်ငါး ကျပ်တန် တစ်ရွက် နဲ့ အတူ တွဲပြီး ရောက်လာ ရ တယ် ။  အ ကြော်ဗန်း ကို မေး တင်ပြီး တွေးမိတွေးရာ တွေး ၊ ငေးမိငေးရာ ငေး နေ မိတုန်း အကြော်သည် ရဲ့ သားလေး က မုန့်ဖိုး လာ တောင်းတယ် ။ “ အမေ မုန့်ဖိုး ” တဲ့  ။ အကြော်သည် အစ်မကြီး က သူ့ သား ကို တစ်ချက် မော့ ကြည့် လိုက်ပြီး ဗန်း ထဲ က ကျွန်တော့် ကို ကောက် ပြီး လှမ်း ပေးလိုက်တ ယ် ။ အံမယ် ဘသားချောလေး က မယူဘူး ဗျ ။ “ အမေ့ တစ်ကျပ် နဲ့ ဘာရမှာ လဲ ” လို့ မကျေနပ် ပြောတယ် ။

“ ဘာရရ ရတာ စား ” လို့ အမေ က အော်တော့ ကောင်လေး က “ အမေ့ အကြော် တောင် တစ်ကျပ် နဲ့ ရလို့ လား ” လို့ ခံ ပက်တယ် လေ ။ မိန်းမကြီး က ' သံချောင်း နော် ၊ ရှည် မနေနဲ့  ၊ ငါ တီးမိမယ် ' တဲ့ ။ အဟုတ် စိတ်ဆိုးပြီး တအား အော် တယ် ဗျ ။

ကောင်လေး ပြောတာ ဟုတ်သား ပဲ ။ ဘာလို့ စိတ်ဆိုး နေတာလဲ လို့ ကျွန်တော် က တိုးတိုး လေး ပြောမိတုန်း အမယ်လေး ဗျာ ။ ဆိုးလိုက် တဲ့ ကောင်ကလေး ၊ ကျွန်တော့် ကို သူ့ အမေ လက် ထဲ ကနေ ဆတ်ခနဲ ဆွဲ ယူ ပြီး ဖျတ်ခနဲ လွှင့် ပစ် လိုက်တယ် ။

“ ဟယ့် သံချောင်း ၊ နင် လူပါး ဝလှချေ ကလား ” တဲ့ သူ့ အမေ က ကြိမ်းတယ် ။ သူ့ လက် ထဲ က ဘူးသီးစိတ် ကို ပစ် ချပြီး နေရာ က နေ ဒေါသ တကြီး ထ တယ် ။

ကျွန်တော် မြောင်း ထဲ ကို ဖျတ်ခနဲ လွင့် ကျ သွားတယ် ။ မြောင်းဘေး မှာ ကပ် ပေါက် နေတဲ့ ထိကရုံးပင် ကို ကမန်းကတန်း လှမ်း ဆွဲ ထား ပေမယ့် မရပါဘူးဗျာ ။ ရေစီး ထဲ မျော ပါ သွားတယ် ။

“ ဆယ်ပါ ၊ ဆယ်ပါ ၊ ကျွန်တော့် ကို မြန်မြန် ဆယ်ပါ ”

ကျွန်တော် က အထိတ်တလန့် နဲ့ အော်တယ် ။ ဒါပေမဲ့ သူတို့ သား အမိ က ဂရု မစိုက်ကြပါဘူး ။ သူ့ အမေ က ပေစောင်းစောင်း ရပ် နေတဲ့ သံချောင်း ဆီ ကို သွက်သွက်ကြီး လှမ်း သွားပြီး ကျော ကို ဗုန်းခနဲ ထု တယ် ။ သံချောင်း က အော် ငို တယ် ။ “ အမေ့ တစ်ကျပ် နဲ့ ဘာရမှာ လဲ ” တဲ့  ။

ဒီလို မပြောပါနဲ့ ကောင်လေး ရယ် ။ ငါ နဲ့ လဲ ရင် စမူဆာ ၊ ဘယာကြော် ပိစိကွေးလေး တစ်ခု တော့ ရ ပါတယ် ။ မာလကာသီး သေးသေးလေး တစ်လုံး နောက်ပြီး မဆလာ ဆိုလည်း တစ်ထုပ်တော့ ရပါ သေးတယ် ။

နောက်ပြီး နောက်ပြီး မထသ ကားခ လည်း ပေး လို့ ရပါ သေးတယ် ။ ကျွန်တော် လေ သူတို့ ကြား အောင် တအား အော် ပါတယ် ။ ဒါပေမဲ့ သူ တို့ သားအမိ ကတော့ လုံးဝ ဆို လုံးဝ ကို ဂရု မစိုက်ကြပါဘူး ဗျာ ။

ဟော သံချောင်း ကို သူ့ အမေ က တစ်ချက် ထပ် ထု ပြန်ပြီ ။ သံချောင်း က အော် ပြန်ပြီ ။ “ အမေ့ တစ်ကျပ် နဲ့ ဘာရမှာ လဲ ”  တဲ့  ။

ကျွန်တော့် စကားများ ကို နားထောင်ကြပါဦး ဗျာ ။ ကျွန်တော့် ကို စည်ပင်သာယာ အိမ်သာခ ပေး ရင် ချိုချဉ် တစ်လုံး တောင် ပြန် ရပါ သေးတ ယ် ။ ကျွန်တော့် ကို ပစ် မထားပါနဲ့ ဆယ် ပါ ဗျာ ။ ဆယ် ပေးပါ ။ မြန်မြန် ဆယ် ပေးပါ ။ အို ကျွန်တော် ပြောတာ ကြားကြရဲ့ လား ဗျာ ၊ ငရုတ်သီးစိမ်း လည်း တစ်ကျပ်ဖိုး ဝယ်လို့ ရပါသေးတယ် ၊ ရေခဲထုပ် တစ်ကျပ်တန် လည်း ရှိပါသေးတယ် အို ကြားရဲ့ လား ဗျ ။ တညင်းသီး ဆိုရင်တော့ တစ်လုံး ။ ဆယ်ကြ ပါ ဗျ ။ အမြန် ဆယ်ကြပါ ။

ကျွန်တော် လေ ဒီလိုပဲ ရေ စီး ထဲ မှာ မျော ... မျော ... မျော ... မျော ...

◾ မစန္ဒာ
      ဖခင် ( မန်းတင် )

📖 စာပေမျိုးဆက်များ စာပေစုစည်းမှု

#ကိုအောင်နိုင်ဦး

.