Tuesday, November 30, 2021

ဆောင်ကြာမြိုင်မှတ်တမ်း 04


 

“ ဘုရားကားအောက် ၊ မျောက်ကားထက်ဆို ၊ သည်ပုံလိုပင် ၊ မင်းလိုကို ရှောင်ပေဘူး ။ အောင်နိုင်လည်း  ခေါင်ထက်က ၊ မြင်းဇက်ခွသကဲ့ ၊ ခြေခွကားယား ....”

       ◾ ရွှေတိုက်စိုး ဦးတိုး

ကုန်းဘောင်ခေတ်  ဆောင်ကြာမြိုင်မှတ်တမ်း  အပိုင်း ( ၂ )

❝ ခြိုးခြံတော်မူပါဘုရား ❞

တံပူဖြင့် သွား တို့ကို စောလျှင်စွာ တိုက်စားရင်းပင် မျက်နှာကို အမြန်သစ်လိုက်ရပါလေသည် ။ သာယာသော ဥဩသံ သည် ခါတိုင်း နွေဦးရက်လို ပျံ့လွင့်လာခါ လူသားတို့ကို ခညောင်းရင်း ရာသီပြောင်းကြောင်း  အစီရင်ခံနေသလိုပင် ဖြစ်တော့သည် ။ သူ့သံသာ အစီအရင်ခံချက်ကို နာခံလိုရက်နှင့်ပင် ဝေလီဝေလင်း ခေါ်တော်ရောက်လာသည့် အတွက် ရွှေနန်းတော်ကြီး ဆီကို အရောက်နှင်းရပေဦးတော့မည် ။ ထိုသည်တို့ကြောင့် ချစ်စဖွယ် သာယာသော ဥဩသံလေး ကိုပင် ရတက်မအေးသောကြောင့် နားမဆင်နိုင် ဖြစ်ရပေသည် ။

ကျောင်းကျိုး ကောင်းဆိုး မသိရ၍ မအေးနိုင်သေးသော အတွေးစိတ်တို့ဖြင့် မြင်းကုန်းနှီး တင်နေသည်ကို စောင့်စားရင်း အရှေ့ဘက်ဆီ သို့ လှမ်းမျှော်အကြည့်လိုက်တွင် ဖန်နေဝင်းသည် ကြက်သွေးအရင့်ရောင်ဖြာလျက် လောကဓါတ် အား အလင်းရောင် ပေးဆောင်ရေးတာဝန်ကို ထမ်းရွက်ရန် အလို့ငှာ ပေါ်ထွက်လာပါလေသည် ။

ထို ရောင်နီ နှင့် ထို ဥဩသံ ကောင်းမှု တို့ကြောင့် စကားပင် သည် အရိုးပြိုင်းပြိုင်း ကျအောင် ရွက်ဟောင်းတွေ လွင့်ကြွေလေပြီ ကိုလဲ သတိပြုမိလာပါသည် ။ တဖန် ဥဩသံ က ဆက်ကာဆက်ကာ တွန်ကြူးသံ လာတော့မည် ဆိုပါလျှင် စိမ်းစိုစိုစကားရွက် နုနုထွတ်ထွတ်တို့ အကြားဝယ် ဆွတ်ဆွတ်ဖြူသော စကားပွင့်တွေ ဝေလာကြဦးမည် ။

အကျွန် သည် ချိုသာသော ဥဩသံ ကို နားထောင်ရင်း နှစ်သစ်ကို မျှော်မှန်း ကြည့်မိပါသည် ။ ပိတောက်ပင် သည်လည်း တာအကူး တွင် ရွှေရည်လူးသော အဖူးအပွင့် တို့ဖြင့် ဝေဆာစွာ တင့်တယ်ပေဦးတော့မည် ကို  အားယူမျှော်မှန်း ကြည့်မိပေသည် ။

အတွေးတို့ အကြားဝယ် ငေးမျော်ယမ်းယော်နေဆဲ တွင် ငယ်ကျွန်လက်စွဲတော် က သတိပေးလိုက်သဖြင့် လွင့်ပျံ့နေသော စိတ်အာရုံတို့ကို စုစီးကာ မြင်းပေါ် သို့ လွှားကနဲ တက်ပြီး ရွှေနန်းတော်ကြီး ဆီသို့ မြင်းကို အပြင်း နှင်ခဲ့ပါလေသည် ။  အတွင်းသစ်တပ် တံခါးနီတော် အရောက် အစောင့်တံခါးမှူး က .....

“ ဟေ့ .. ရပ် ။ အသူနည်း ” ဟု အမေးတော် ရှိပြန်၍ ...

“ တံခါးမှူး ကျုပ် ပင်းတလဲစား ရွှေမောင်ကြီး ပလေ ” ဟု ပြန်ပြောလိုက်ရသည် ။ အကျွန် ၏ တုံ့ပြန်သံကို ပြန်လည် ဖြေကြားခြင်း မရှိသော်လည်း တံခါး မှာ ပွင့်လာပါသည် ။ ထို ပွင့်ဟလာသည့် အချက်ကပင် အကျွန့် အား သွားခွင့်ပြုသည် ကို နားလည်လိုက်၍ မြင်း ကို ကြိမ် ဖြင့် တချက် ဆတ်၍ ရိုက်လိုက်ပါတော့သည် ။ သခင့် အလိုကို သိသော သိန္ဓောမျိုး စပ်အုန်းခွန်ချော စီးတော်မြင်း သည် အကျွန့် အား တဟုန်ထိုး နန်းတော်ဦး ဆီ အရောက် သယ်ဆောင်သွားပါလေသည် ။

လျင်မြန်လှသော အဟုန်ကြောင့် လက်ပစ်တတွတ် အတွင်း အရှေ့စမုတ်တော်ကြီး လှေခါးရှေ့ အရောက်တွင် မြင်းပေါ် မှ ဆင်းလိုက်ပါသည် ။ အောက်ရောက်သည် ဆိုလျှင်ပင် အိပ်ဖန်တော်သားများ ကို တွေ့ရပါသည် ။ အကျွန် က မည်သူမည်ဝါ ဟု မသိသော်လည်း အကျွန့် ကို သိသော ထို အိပ်ဖန်တော်သား လက်သို့ မြင်းဇက် ကို  ပေးအပ်လိုက်ပြီး  စမုတ်တော်ကြီး လက်ဝဲလှေခါးမှ နန်းတော်ကြီး ပေါ်သို့  ခပ်သော့သော့ တက်သွားမိပါသည် ။ ( အရှေ့စမုတ်တော်ကြီး ဟုခေါ်သော နန်းတော်အရှေ့ဘက်ပိုင်း တွင် လှေခါးသုံးသွယ် တို့သည် ကပ်လျက်ယှဉ်တွဲ၍  ရှိပါသည် ။ အလယ်လှေခါးမှာ မင်းတက် လှေခါး ဖြစ်၍ ရှင်ဘုရင် မှ တပါး မည်သူမျှ မတက်ရပါ ။ ဝဲဘက် ၊ ယာဘက် လှေခါး တို့ မှသာ နန်းတွင်းသူ ၊ နန်းတွင်းသားများ နှင့် အခြားသူများ တက်ရောက်ကြရပါသည် .... စာရေးသူ )

အရှေ့စမုတ်တော်ကြီး မှ ပတ်၍ မြေနန်းတော် သီဟာသနပလ္လင် တောင်ဘက် ဘေးကပ်လျက် ကွေ့ပတ်ပြီး မှန်နန်း စနုဆောင် သို့ ကူးဝင်ချိန်တွင် အိပ်ဖန်တော်မှူး ကဖိုးညွန့် နှင့် တွေ့ပါသည် ။

“ မင်္ဂလာပါ ဝန်မင်း ။ နံနက်စောစော ကသောကမော နဲ့ ဘယ်လို အရေးအခင်းများ နဲ့ ဘယ်ကို ကြွမလို့ပါလဲ ”

“ မှန်ပေသဗျှ ။ ဘဝရှင် မင်းတရားကြီးဘုရား က အခေါ်တော် ရှိနေတယ် ။ ချက်ချင်း လာခဲ့ရမယ် ဆိုတဲ့ အမိန့်တော်မြတ် ကြောင့် ကသောကမြော ဖြစ်ရသဗျှ ”  ဟု စကား ကို တဝက်တပျက် ပြောရင်း ဆက် မပြောနိုင်တော့ပဲ မင်းတရားကြီးဘုရား  စက်တော်မူရာ မှန်နန်းတော် အိပ်ဖန်တော်ဆောင် သို့ သာ  အသော့ ကူး ဝင်လိုက်ပါတော့သည် ။

ဘဝရှင် မင်းတရားကြီးဘုရား နှင့် အကျွန် တို့  ဤ တစ်ကြိမ် တွေ့ဆုံရခြင်းမှာ မမျှော်လင့်သော တွေ့ဆုံမှုပင် ဖြစ်ပါသည် ။ အကျွန် အနေဖြင့် ရင်တွင်း၌ ဘဝရှင်မင်းတရားကြီးဘုရား ၏ ရုပ်လက္ခဏာ ကို လုံးဝမေ့လျော့သွားပြီဟု မဆိုသာသော်လည်း ပင်းတလဲမြို့ ၌ ရှိနေချိန် သုံးလသော ကာလအတွင်း ဘဝရှင်မင်းတရားကြီးဘုရား အကြောင်းကိုမူ တသသ သတိရလျက်  ရှိနေကြောင်းကိုတော့ ဝန်ခံရမည်သာ ဖြစ်ပါသည် ။ အကျွန် နှင့် ခွဲခွာရခါနီး မင်းတရားကြီးဘုရား ၏ ရွှေရုပ်သွင် နှင့် ယခု မင်းတရားကြီးဘုရား ကို ဖူးတွေ့နေရသော ရွှေရုပ်သွင် တို့ ခြားနားပုံတို့မှာ ဗေလုဝ နတ်စောင်း ကို တီးခတ်အံ့သောငှာ နတ်သမီး ငါးရာ ခြံရံလျက် တင့်တယ်စွာဖြင့် စောင်းကြိုးကို ညှိနေသော ပဉ္စသီက္ခနတ်သား နှင့် ခွေးဝဲစား အလယ် ဗျက်စောင်းကြိုး ကို  တီးခတ်နေသည့် ဖုန်းတောင်းစား ကဲ့သို့ပင် နှိုင်းယှဉ်လောက်အောင် ကွာခြားပါဘိ တကား ။

ဟိုစဉ် အခါက မင်းတရားကြီးဘုရား ၏ ဝင်းဝါစိုပြေသော အသားတော် သည် အလောင်းမင်းတရားကြီးဘုရား ၏ အနွယ်တော်ပီပီ  နုပျိုစိုပြေလျက် ၊ တောင့်တင်းသန်မာ မြင့်မားသော ကိုယ်ဟန်နေထား ရှိပေသည် ။ ယောကျာ်း ပီသသော မောင်းသား အဖုံဖုံတို့ကို ထုထုပြီး ခရာချင် ၊ တာချင်သော  မိဖုရား အပေါင်းတို့ကို စွေ့ချီ မြှောက်ကိုင်ကာ လဲဝါဂွမ်းဆိုင် ကို ဆုတ်ကိုင်သည့် အလား အားအင်တော်များ ရှိခဲ့သည်ကိုလည်း အကျွန် သိပါသည် ။

ကျက်သရေ ရှိလှ၍ ကြီးမားကျယ်ပြန့်သည့် မဟာနဖူးတော် အောက်ရှိ  ဖြောင့်စင်းသော နှာတန် ၊ သောက်ရှူးကြယ် အလား ဝင်းလဲ့တောက်ပြောင်သည့် မျက်လုံးတော် တို့မှာ ယခုအခါ ညိုးလျော် မှေးမှိန်၍ နေချေပြီ ။ ပြုံးမလို ၊ ရယ်မယောင် နှင့် မစေ့တစေ့ ရှိသော နှုတ်ခမ်းတော် တို့မှာလည်း ပွင့်အံဟပြဲ၍ နေပါလေပြီ ။ ရာမမင်း ၏ လေးတော် လို မကွေးတကွေးလေး ရှိနေသော မျက်ခုံးတော် မှာလည်း ပြူးကြောင်ပြဲလန် လာသော မျက်လုံးတော် တို့ကြောင့် ဖြောင့်တောင့်တောင့် ပင် ဖြစ်နေချေပါပြီ ။

အကျွန့် အား မြင်တိုင်း ၊ တွေ့တိုင်း အာဇ္ဇဝန်း ရွှင်ရွှင် နှင့် မင်းတရားကြီးဘုရား က မေးလေ့ ပြောလေ့ ရှိပါသည် ။ အကျွန့် သံတော်ဦး မတင်မှီ နှုတ်ခွန်းမဆက်မှီ နှစ်လိုဖွယ်သော အပြုံးဖြင့် “ ငမောင်ကြီး ၊ ခဲ့ရွှေကြီး ၊ ငတာတူးကြီး ” ဟု အကျွန် ၏ ငယ်နာမည် များဖြင့် မင်းတရားကြီး ခေါ်ချင်သလို ခေါ်ကာ စကားဆိုလေ့ ရှိပါသည် ။ ယခုအချိန် တွင် မင်းတရားကြီးဘုရား မှာ အပါးတော်တွင် ခေါ်တော်မူ၍ ရောက်ရှိ ခစားနေသည်မှာ ကွမ်းတရာညက် မက ကြာရှည်ရှိသည် တိုင်အောင် မည်သို့မျှ မိန့်ဆိုခြင်း မပြုပဲ တွေဝေငေးငိုင်နေသည်ကို တွေ့မြင်ရသော အကျွန့် မှာ ဝမ်းနည်းသလို ဖြစ်လာရပါတော့သည် ။ ယူကြုံးမရလည်း ဖြစ်လာပါသည် ။

သခင် ဘုန်းကြီး လျှင် ကျွန် ဓါးပီး သည် ဆိုသည့် အတိုင်း အကျွန်အား မြှောက်စားချီးမြှင့်ခဲ့သော အရှင်သခင် တွင် မည်ကဲ့သို့သော အဖြစ်အပျက် အပြောင်းအလဲမျိုး တွေ့ကြုံဖြစ်ပျက် နေရသည်တို့ကိုပင် မသိရနိုင်လေအောင် အပျော်ကျူးမိသော အကျွန့် ကို အကျွန် သာ အပြစ်တင်ချင်သလို ဖြစ်လာရပါတော့သည် ။

သို့ပြီးတကား အကျွန် လည်း မင်းတရားကြီးဘုရား အခေါ်တော် ရှိရသည့် အကြောင်းအရင်း ကို သိရှိနိုင်ရန် ....

“ မှန်လှပါ ။ ဘဝရှင်မင်းတရားကြီး ထံပါး ငယ်ကျွန်လက်စွဲ ငမောင်ကြီး ခစားလျက်ရှိကြောင်းပါ ဘုရား ” ဟု တင်လျှောက်လိုက်လေတော့မှ မင်းတရားကြီးဘုရား မှာလည်း တိုး၍ ညင်သာသော လေသံဖြင့် ....

“ ငမောင်ကြီး ၊ နင် စားရသော နယ်ပယ် အေးချမ်းသာယာပါ၏ လော ၊ ရောင်းဝယ် ဖောက်ကား စပါးဆန်ရေ ပေါများပါ၏ လော ”  ဟု အမေးတော် ရှိလေသည် ။

“ ဘုန်းတော်ကြောင့် ရပ်ရွာလည်း အေးချမ်းသာယာ စပါးဆန်ရေလည်း ပေါကြွယ်ဝ၍ စိုးရိမ်တော် မမူပါနှင့် ဘုရား ။ အရှင်မင်းကြီးဘုရား တွင်သာ မည်ကဲ့သို့သော ဝေဒနာတော် ကပ်ရောက်နေပါ၍ ဤမျှ ညိုးငယ်နေရပါ သလဲ  ဘုရား ”

“ ငမောင်ကြီး ၊ ငါ့ တွင် ဘယ်သို့သော ရောဂါထူးထွေ ကပ်ရောက်လေသည်ကို ဘဇာ့ကြောင့် မေးဘိသနည်း ငမောင်ကြီး ”

“ မှန်လှပါ ... ဘဝရှင် မင်းတရားကြီးဘုရား ။ ကျွန်တော်မျိုးကြီး အပိုင်စားရသော နယ်ပယ်ဒေသသို့ ကျွန်တော်မျိုးကြီး မသွားရောက်ရမှီ ကာလ အရှင့် အပါးတော်တွင် ဖဝါး ၊ ခြေထပ် ခစားလျက်ရှိစဉ် ကိုယ်တော် ၏ အသားအရေ တို့သည် စိုပြေ ပြည့်ဖြိုး ပါသည် ။ ယခု ဘဝရှင် မင်းတရားကြီး ထံတော်အပါး ကျွန်တော်မျိုး   ပြန်လည်ရောက်ရှိ ခစားချိန်တွင် ကိုယ်တော်ဘုရား ၏ အရည်အသွေးတော် တို့မှာ ညိုးလျှော်လျက် ရှိသည်ကို မြင်ရမိကြောင်းပါ ဘုရား ”

“ အိမ်း .. ဟုတ်ပေသဗျ ။  လွန်ခဲ့တဲ့  တလလောက်က စပြီး  ငါ ကိုယ်တော်မြတ်မှာ နှလုံးတုန် ရင်ခုန်တော် မူသည့်အတွက် သမားတော်ကြီးများ နဲ့ တိုင်ပင်ကာ ဆေးတော်များ စားသုံးခဲ့ပေမယ့် မသက်သာဘူး ငမောင်ကြီး ရဲ့ ”

“ မှန်လှပါ ... မင်းတရားကြီးဘုရား ၏ ဝန်မင်းကြီးများ ဖြစ်ကြသော ကင်းဝန်မင်းကြီး ၊ ခန်းပတ်မင်းကြီး  ၊ ရွှေပြည်ဝန်ကြီး ၊ တိုင်းတားမင်းကြီး များတို့က အကြံဉာဏ်တော်များ မပေးဆက်ကြပေဘူးလား ဘုရား ”

“ သမားဟူးရား များ  ပေးဆက်တော်မူသော ဆေးတော်များ သောက်သော်လည်း မပျောက်ကင်းတော်မူ၍ သူတို့လဲ လောကီ ဗေဒင်ကိန်းခန်းအရ ဇီဝိတဒါန ၊ ယတြာ ၊ ဓါတ်ရိုက် ဓါတ်ဆင် စသော  ဘုရား ကု သမားတော်များ ကိုလည်း အဆောင်ရ ၊ နန်းရ မိဖုရားကြီးများ နှင့် မောင်းမမိတ်သံများ တိုင်ပင်ပြီး ငါ ကိုယ်တော် အရှင်မြတ်အတွက် ပြုလုပ် ဆောက်ရွက်ကြပေမဲ့ မထူးခြားလှဘူး ငမောင်ကြီးရဲ့ ။ သို့မို့ကြောင့်  ငါ ကိုယ်တော်မြတ် နင် အခစား ဝင်ရောက်ချိန်ထိ မစောင့်ဘဲ အခေါ်တော် ရှိလိုက်ရခြင်းပ ”

“ ဘဝရှင် မင်းတရားကြီးဘုရား ဆေးတော် ဆက်သည့် အထဲတွင် ၊ ဘုရား ကျွန်တော်မျိုးကြီး တို့နှင့် အရှင့် အရေးတော် ပေါ်ခိုက်တုန်းက တိုက်ဖော် ၊ ခိုက်ဖက် ဖြစ်သော မြင်းစီးရဲဘက်ဗိုလ်ဟောင်း သမားတော်ကြီး ငခဲ   ဆေးတော်များ ပါဝင်တော် မူပါရဲ့လား ဘုရား ”

“ သမားတော် ငခဲ ဟာ  ငယ်ရွယ်သူ ဖြစ်နေသမို့ကြောင့် သမားတော်ကြီးများ ဆက်သသော ဆေးတော်များသာ စားသုံးရပေသေးတယ် ငမောင်ကြီး ရဲ့ ။ ငခဲ ဟာ သမားတော် အဖြစ်နဲ့ အမှုထမ်းဆောင်နေပေမင့် .. သူ့ ဆေးတော်များ ကို ငါ ကိုယ်တော်တိုင် မစားသုံးဘူးသေး သမို့  ငခဲ အကြောင်းတော့ ကောင်းကောင်း မသိရသေးဘူးပ ”

“ မှန်လှပါ ဘုရား ... အရှင်ဘုရား စွဲကပ်သော ဝေဒနာအတွက်  ငခဲ နှင့် တိုင်ပင်၍ ဆောင်ရွက်ခွင့် ပေးတော်မူပါ ။ ကုလားဖြူလူမျိုး ဆေးဝါးများ နှင့် ကုလားမဲလူမျိုး ဆေးဝါးတော်များလည်း အောက်ပြည် ဒဂုန် တွင် ပေါများလှကြောင်း ကြားမိဘူး၍ စိုးရိမ်နှောင်းလို့ ကြောင့်ကြတော်မူရန်မရှိကြောင်းပါ ဘုရား ”

“ ကောင်းပေသဗျာ ... ကောင်းပေဗျ ။ သာပေမင့်  ငါ ကိုယ်တော်မြတ် အနေဖြင့် ကုလားဖြူရော ၊ ကုလားမဲ လူမျိုးများ ရဲ့ ဆေးဝါးတော်တွေ ကို မမှီဝဲ လိုဘူး ငမောင်ကြီး ရဲ့”

“ ဘဝရှင် မင်းတရားကြီးဘုရား အလိုတော်ကျ ဖြစ်စေရပါမည် ဘုရား ။ ကုလားအဖြူ ၊ အမဲ တို့ ဆေး မမှီဝဲ လိုလျှင် စိန့်တိုင်းပြည် မှ သမားတော်ကြီးများ လည်း  ရှိပါသေးသည် ။ တိုင်းရင်းသား လူမျိုး အနွယ်ဝင် ရှမ်းဆေးယွန်း ဆေးတော်များလည်း အများအပြား ရှိသေးကြောင်းပါ ဘုရား ။ ကျွန်တော်မျိုးကြီး ကိုယ်တိုင် ဆေးပညာရပ်များ ကို ကျွမ်းကျင်သူ ငခဲ နှင့် တိုင်ပင်၍ ဆေးတော်များ စီရင်နိုင်အောင် ကြိုးစားပါမည် ဘဝရှင် မင်းတရားကြီး ဘုရား ”

“ အိမ်း .... ဆေးတော်အတွက် အလိုရှိရာများကို ဝယ်ယူရန် ၊ စုဆောင်းရန် ငမောင်ကြီး အလိုရှိရာကို ရွှေတိုက်တော်ဝန် ထံမှ အမိန့်တော်မြတ် ခံယူပြီး အလို ရှိသမျှ ရွှေ ၊ ငွေ ဘဏ္ဍာ တို့ကို ထုတ်ယူသုံးစွဲခွင့် ရှိစေဗျား ”

အကျွန်လည်း ခြေတော်ဦးခိုက်ရင်း မင်းတရားကြီး ထံပါးမှ ထွက်ခွာလာခဲ့ပါသည် ။ မင်းတရားကြီးဘုရား ရွှေစိတ်တော် မကြည်သာ ကျန်းဂန်တော် မမူကြောင်း တွေ့မြင်ရသည့် အကြောင်းချင်းရတို့ကြောင့် အကျွန်၏ စိတ်ဝယ် လေးလံထိုင်းမှိုင်းနေရပါလေသည် ။

အကျွန့် တကိုယ်လုံးလည်း ချွေးစေးများဖြင့် နစ်လျက်ရှိလေသည် ။ အကျွန့် ကိုယ်ပေါ်မှ ချွေးရည်တို့သည် အကျွန် ဝတ်ဆင်လာခဲ့သော တောင်ရှည် ကြိုးပုဆိုးနှင့် တရုတ်ပိုး အပေါ်ဝတ် သိုရင်းအင်္ကျီ တခုလုံး ရေဖျန်းဆွတ်ထား သကဲ့သို့  ရွှဲရွှဲစိုလျက် ရှိပါလေသည် ။

စွတ်စိုနေသော အဝတ်ဖြင့် မြင်း ကို အသော့နှင်ခဲ့၍ တိုးဝှေ့လာသော လေအရှိန် တို့သည်လည်း အကျွန့် ရင်ထဲ ၊ ဝမ်းထဲ တွင် ဘဝရှင်မင်းတရားကြီးဘုရား အတွက် ပူပင်ခြင်း ၊ ပြင်းပြနေသော စိတ်နှလုံး ကို အေးချမ်းအောင် မပြုနိုင်ခဲ့ပေ ။ ထိုသို့ ပူပန်စိတ်ဇော ဆောင်နေသောကြောင့် ရောင်းရင်း အပေါင်းအသင်း ဖြစ်နေသော ငခဲ ထံသို့  အကူအပံ့ ရယူရန် မြင်း ကို နှင်လာခဲ့ခြင်း ဖြစ်လေသည် ။

ငခဲ မှာ ဘုရင့် သမားတော် အဖြစ် အမှုတော် ထမ်းရွက်ရသော်လည်း နန်းတော်အတွင်း အချိန်ပြည့် တာဝန်ထမ်းရွက်ရ သူ မဟုတ်မူ၍ မြို့တော်အပြင် အနောက်တော်ပိုင်း မလွန်မင်းသား အပိုင်စားရာ မလွန်ရပ်ကွက် တွင် နေထိုင်ပါသည် ။ ရွှေနန်းတော်ကြီး နှင့် ခရီး တစ်တိုင် သာသာ အဝေးလေးပင် ရှိရိုး မှန်သော်လည်း ရောက်ခဲလှသည် ဟု ထင်မှတ်နေပါသည် ။ မင်္ဂလာတံခါး မှ ထွက်ခဲ့ပြီးနောက် တံတားကျော်ခါ ကျုံး အပြင် ရောက်ရှိသည်နှင့် တပြိုင်တည်း မြင်း ကို ကြိမ် တို့ ၍ ခပ်သုတ်သုတ်ပင် အပြင်း စီးမိပါသည် ။

မြင်းစီးရင်း နှင့် ဘဝရှင် မင်းတရားကြီးဘုရား အရေးတော် ပေါ်ခဲ့စဉ် အတွင်းက ငခဲ ၊ ငစံကြီး ၊ ငရွှေဘေး တို့နှင့် အတူ အမှုတော် ထမ်းရွက်ပုံ တို့ကို ပြန်လည် အမှတ်ရလာပါသည် ။

မင်းတုန်းမင်းသား ရွှေဘိုမြို့ လုပ်ကြံရန် ငစီ ဆို သူ နှင့်  ကြက်တက်ရွာသား ငဘိုး တို့အား ရွှေဘိုမြို့ အတွင်း ရုပ်ဖျက် ဝင်ရောက်စေကာ  အချက်ပေး မီး အပြခိုင်းပါသည် ။ မြကန်ရွာသူကြီး  ငရွှေသီး ကိုလည်း မုန်အာ တံတားပြင် က  မီး ပြစေပါသည် ။ ချိန်းချက်ဆိုသည့် အတိုင်း မီးပြသည် နှင့် တပြိုင်တည်း မြို့ပြင် ရှိ ရဲဘက် မြင်းတပ်ဗိုလ်ဟောင်း ငခဲ ( ပုဂံမင်း အမှုတော်ထမ်းစဉ် က ငခဲ ကို အင်္ဂလိပ် ၊ မြန်မာ စစ်ပွဲ အတွက် ရဲဘက် မြင်းတပ်ဗိုလ် ခန့်အပ်၍  အောက်ပြည်ရွာ ရှိ စစ်မြေသို့ ပို့ခါနီး အခိုက်အတန့်တွင် မင်းတုန်းမင်း အရေးတော် ပေါ်လာသည်၌ ပုဂံမင်း ထံ မနေတော့ဘဲ မင်းတုန်းမင်းသား နောက်တော် ပါလာခဲ့၍ အမှုတော် ကို ထမ်းသူဖြစ်သည် ။ ) ငရွှေဘေး ၊ ငစံကြီး ၊ ငရွှေသိုက် နှင့် အကျွန် တို့ ကိုယ်တိုင် ကြပ်ကြပ်မတ်မတ်  ကွပ်ကဲထားသော မင်းတုန်းမင်းသားကြီး ၏ တပ်များ သည် မြို့ထိပ်ကနေ၍ မြို့ဝန်ငဝိုင်း တပ်များ ကို  ပမာဏ မပြုဘဲ ဝင်ရောက်တိုက်ခိုက်ကြပုံတွေကိုလည်း သတိရလာပါသည် ။ မြို့ပေါက်သောကြောင့် မြို့ဝန်ငဝိုင်း လည်း သူ့ တပ်ကို သူ မစည်းကြပ် ၊ မကွပ်ကဲနိုင်တော့ဘဲ ကိုယ်လွတ်ရုန်း၍ ထွက်ပြေးသွားရပါလေသည် ။

ငဝိုင်း ထွက်ပြေးသွားပြီးနောက် မြို့ ကို အမိအရ သိမ်းမိပြီ ဖြစ်၍ မင်းတုန်းမင်းသားကြီး ရွှေဘိုမြို့ ကို အမြန်လာရောက် သိမ်းပိုက်တော်မူပါ ဟု ငခဲ တို့က မြင်းလျင် စေလွှတ်၍ လျှောက်ထားသည် တို့ကြောင့် ၁၂၁၄ ခုနှစ် ၊ ပြာသိုလဆန်း ၁၂  ရက် နေ့တွင် မင်းတုန်းမင်းသားကြီး ရတနာသီင်္ဂီ ၊ ရွှေဘိုမြို့ သို့ ရောက်ရှိလာကာ မြို့ဝန်ငဝိုင်း အိမ်တွင် စံနေတော် မူသည် ။ ရက်များ မကြာမှီ နောက်မှ ချီလာသော ကနောင်မင်းသား တပ် ရွှေဘို သို့  ဆိုက်ရောက်လာကြောင်းတွေကိုပါ တရေးရေး နှင့်  မြင်ယောင်လာပါသည် ။

အမရပူရ ကို လုပ်ကြံရာတွင်လည်း စစ်ကိုင်း စစ်ကြောင်း ကို လှတောကြီးရွာသား မြင်းတပ်ဗိုလ် ငရွှေပြင် ကို ဗိုလ်ချုပ် အဖြစ် ခန့်အပ်ဦးစီး တိုက်ခိုက်စေခဲ့ပါသည် ။ ပုဂံမင်း တပ်များ ကို လှိုင်မင်းသား ဦးစီး၍ စမွန်းကြီးရွာ မှ စောင့်ကြိုရင်း တိုက်ခိုက်သည်ကြောင့် တိုက်ပွဲကြီး  ဖြစ်ပွားခဲ့ပေသည် ။ ထို တိုက်ပွဲတွင် ငခဲ အစွမ်းပြခဲ့ပုံ တို့မှာ လူတိုင်း ပါးစပ်ဖျားတွင် ရေပန်းစားနေသော ပုံပမာ ကဲ့သို့ပင်   ဖြစ်ခဲ့ပါလေသည် ။

ဓါးထက်သော ကနောင်မင်းသား အိမ်ရှေ့စံ ကိုယ်တော်ကြီး မှာ ငခဲ ၏ လုပ်ရည်ကြံရပ် ကို သိရှိတော် မူ၍ အမြင့် သို့ ရောက်ရှိချိန် တွင် ငခဲ ကို စစ်တပ် အတွင်း ဗိုလ်မှူး အဖြစ် တာဝန်ထမ်းဆောင်ရန် အခွင့်အရေး ပေးသနားခဲ့သည် ။ ငခဲ မှာ တာဝန်ဝတ္တရား အရသာ တိုက်ရခိုက်ရသော်လည်း စိတ်မွေ့လျော် ပျော်ပိုက်ခြင်း မရှိကြောင်း ၊ ကနောင်မင်းသားကြီး အား လျှောက်တင် ငြင်းပယ်သည်ကြောင့်  သူ တတ်သိသော ဆေးပညာ ဖြင့် သမားတော် အရာပေး မြှောက်စားခြင်း ခံခဲ့ရပေသည် ။

ငခဲ မှာ ဘုရင့်သမားတော်  ၁ဝ ပါး တွင်  တပါး အပါအဝင် ဖြစ်သော်လည်း ရှင်ဘုရင် ကိုယ်တိုင် အသုံးမပြုဘူးကြောင်း ယခုမှပင်  သိရှိရပါလေသည် ။ ထိုသည်ကြောင့် ငခဲ မှာ နန်းမြို့ပြင်တွင် နေထိုင်ပုံရလေသည် ။ သူ့ ကို ချီးမြှင့် မြှောက်စားသော ကနောင်ကိုယ်တော်ကြီး ၏ သားတော် မလွန်မင်းသား နှင့် အတူ နေထိုင်ဟန် ရှိပေသည် ။

မလွန်ရပ် ရှိ မလွန်ဈေး မှာ မြို့ပြင် ရှိ ဈေးများ အားလုံးတို့တွင် အကြီးဆုံး ဖြစ်၍ အကောက်ခွန် ကို မလွန်မင်းသား ပင် ရယူပိုင်ခွင့် ကို ဘကြီးတော်သူ ဘဝရှင်မင်းတရားကြီးဘုရား က  အပိုင်စား ပေးထားခဲ့ခြင်း ဖြစ်ပေသည် ။

မလွန်ရပ် ရှိ  ငခဲ အိမ် သို့ အကျွန် ရောက်ရှိချိန်တွင် အခြား တစိမ်းတရံ ဧည့်သည် နှစ်ယောက် နှင့် စကားပြော နေသည်ကို တွေ့ရပါလေသည် ။ အကျွန် အား ငခဲ က .....

“ ဟယ် .... ပင်းတလဲစား ငမောင်ကြီး ပါလား ။ ဘယ်သို့သော  အချင်းရပ်ဖြင့် ငါ့ အထံ လာဘိသနည်း ။ အိမ်သူသက်ထား နာမကျမ်း၍ လော ”

“ မဟုတ်ပေဘူးပ ငခဲရ ၊ မင်းတရားကြီးဘုရား အတွက် နင် နှင့် ငါ တိုင်ပင်၍ အကျိုးသယ်ပိုးရန် လာခဲ့ခြင်းပေပဲ ”

“ အသို့  ဆိုလေသနည်း ။  ဘဝရှင် မင်းတရားကြီးဘုရား တွင် ပြည့်ရှင်မင်း အဖြစ် ကို ရယူအောင် ကြံဆောင်ရပြီးသည့် နောက် မည်သို့သော အရေးအခင်း သည် နင် နှင့် ငါတို့ အတွက် အချက်ရှိလေပါသနည်း  ။ လွန်ခဲ့သော ဆယ်နှစ်ကျော် အတွင်း တို့များ အတူ အသက် နှင့် လဲ၍ ထမ်းရွက်ဝန်တာ ပြီးဆုံးလေမှ ငါ တို့ နင် တို့  အကူအညီ သည် ထူးခြားအံ့လော ”

“ တော်စမ်းပ ငခဲ ရာ ။ နင် သည်သာ သမားဟူးရား အဖြစ် ခံယူထားသသူမို့ တွေ့မြင်သသူများအပေါ် မစောကြော မမေးမစမ်းပဲ သောက်ရမ်း ဆရာ မလုပ်ပါလေနှင့် ။ ငါ လာသည့်အရေးမှာ ဘဝရှင်မင်းတရားကြီးဘုရား မကျန်းခန့်တော်မူသည့် အရေးသာပ ”

“ အလို .. ကျန်းခန့်တော် မမူဘူး ဟုတ်စ  ။ ငါ လွန်ခဲ့သည့် သီတင်းပတ် ခစားဝင်စဉ် က မာချာသေး သဟ ။ ကိုယ်တော် အနည်းငယ် ကြုံလှီသွားသည်မှ အပ တခြား ဘာမျှ ငါ မမြင် ။ သူ့ တွင် သမားဟူးရားအို တို့  ခြံရံနေသဟာကြောင့် ငါ အသို့ ပြုရအံ့နည်း ”

“ နင့် စကား ငါ့ နား အသိပါ ၊ ငခဲ ရာ ။ နင့် ဆေးဝါး ကို မင်းတရားကြီးဘုရား မမှီဝဲသည့် အတွက် နင် မကျေနပ်တော်မူတယ် မဟုတ်လား ။ အဲ့သဟာ မင်းတရားကြီးဘုရား အလိုတော် မဟုတ်ဘူးဗျ ”

“ မင်းတရားကြီး ဘုရား  ကြားသိတော် မူရင် နင့် စကားကြောင့် ငါ ဒဏ်သင့်နေပမယ် ငမောင်ကြီး ရာ ။ သူတို့ အဘိ ( စကြာဒေဝီ  တောင်နန်းစံ နှင့် ဆင်ဖြူမရှင်  မိဖုရား တို့ကို ဆိုလိုခြင်း ဖြစ်သည် ။ ) ခုံတော်ပျို မှ သမားအို မှ ဆိုသဟာကြောင့် ငါ လဲ အဝေးကနေပြီး မေတ္တာတော် ပို့ဆက်လျက်ပါ ။ ငမောင်ကြီး ရာ ငါ့ အရှင် သခင်အရင်းပေပဲ  ...”

“ အေးပဟယ် ... သဟာကြောင့် မင်းတရားကြီးဘုရား ကျန်းခန့်ဘို့ အရေး ငါ တွေးမိလို့ နင့် ဆီ လာသပေါ့ ”

“ သည်လိုဆိုရင်  မင်းတရားကြီးဘုရား ကို နားတော် ဆက်ခဲ့ပြီပေါ့ ဟုတ်လား ။ ငါ က မင်းတရားကြီးဘုရား အတွက် ဘယ်လို ဆောင်ရွက်ပေးရမယ် ဆိုတာ သိစမ်းပရစေလကွာ ။ အနာ ရှိရင် ဆေး ရှိသည် ပ ငမောင်ကြီး ရ ”

“ လာရင်း အလိုကတော့ မင်းတရားကြီးဘုရား ဟာ အအိပ်အနေ နည်းပါးရပြီး ၊ နှလုံးတုန် ရင်ခုန်တော် မူတယ်လို့ မိန့်ဆိုသဟ ။ ကိုယ်တော် လဲ အတော် ချုံး ပြီး မျက်လုံးတော်တွေပင် ညိုးလျော်နေတာ ဖူးတွေ့ရပေတယ် ”

“ အိမ်း ...ကိုယ်တော်ကြီးဘုရား က ငါ ဆက်မဲ့ ဆေးတော် ကိုသောက်သုံးတော် မူလိုတယ် ဆိုရင်ဖြင့် ငါ လိုက်ကြည့်ရပေမယ်  ။ သာမှလဲ အနာ မသိ ဆေး မရှိ ဆိုသလိုမဖြစ်ရမပေါ့ ” ဟု ပြောရင်း ငခဲ သည် သူ့ ဧည့်သည်များ ဘက်သို့ လှည့်၍ ယခု ပေးလိုက်သော ဆေးများကို ယူ၍ အညွှန်းအတိုင်း တိုက်ကျွေးပြီး မနက်ဖြန် မနက် အကြောင်းပြန် ပြောရန် မှာကြားလိုက်သည် ။

အနာ မမြင် ၊ ဆေး မတင် နှင့် ၊ အနာ မသိ  ဆေး မရှိ ၊ အနာ မပိုင် ဆေး မကိုင် နှင့် ဆိုသည့် ဆောင်ပုဒ်အတိုင်း မင်းတရားကြီးဘုရား ၏  ဝေဒနာတော် ကို  ကုစားရမည့် အရေးအခင်း အတွက် လူနာ ၏ အခြေအနေ ကို ကိုယ်တိုင်ကိုယ်ကျ လိုက်လံစစ်ဆေးမည် ဖြစ်သောကြောင့် နံနက်စာ ထမင်းစားသောက်ရန် ဒုတိယ ဇနီး သည် မယ်အုန်းခိုင် ကို လှမ်း၍ စေခိုင်းလိုက်ပါသည် ။ ငခဲ တွင် အတူနေ ဇနီး မယ်ငြိမ်း ၊ မယ်အုန်းခိုင် ၊ မယ်တုတ် ၊ မယ်မြိုင် လေးယောက် ရှိကြောင်း ကိုတော့ တပ်အပ် သိပြီး  ဖြစ်ပါသည် ။  ကျန် ကိုယ်လုပ်တော် အမြှောင်မယား လည်း အများအပြား ရှိကြောင်း ကြားရဘူးသော်လည်း ၊  ရှေးက မယုံမကြည် ရှိသော်လည်း ယခုတော့ ငခဲ လက်ဝယ် တခုကောင်း ရှိရမည် ဟူသော အတွေး တို့က အကျွန့် အား အလုပ်ပေးနေပါတော့သည် ။

ငခဲ နှင့် အကျွန် မှာ ငယ်ပေါင်းကြီးဖော်များ မဟုတ်ကြသော်လည်း မင်းတရားကြီး အရေးတော် မှ စ၍ သေ အတူ ၊ ရှင် မကွာ အမှုတော်ထမ်းဖက်များ ဖြစ်ကြပါလေသည် ။ မင်းတရားကြီးဘုရား အမြင့် သို့ ရောက်ရှိ၍ သင့်လျှော်သလို  မြှောက်စားခံရသည့် ကျွန်ရင်း မှတ်တမ်း တွင် အကျွန် တို့ နှစ်ယောက် လည်း ပါဝင်ခဲ့ပေသည် ။ ရောင်းရင်းများ အဖြစ် မရှိ အတူ ၊ ရှိ အတူ ၊ တစ်ယောက် အိမ် တစ်ယောက် ဝင်ထွက် စားသောက်ခဲ့ကြသည်အထိ ရင်းနှီးခဲ့ကြပါလေသည် ။

ငခဲ ၏ သက်ထားအိမ်သူ မယ်အုန်းခိုင် ယူလာခဲ့သော ဒေါင်းလန်းကြီး မှ ထမင်း ကို အကျွန် ပါ လက်ဆေးရင်း အတူတကွ စားသောက်ကြပါသည် ။ ငရံ့ကင် ကို နှမ်းဆီ ရွှဲရွှဲ ဆမ်း ၊ ပဲနီပြုတ် နှင့် ဘူးချဉ်ရည် ဟင်း တို့ အပြင် မိုးမျှော် ငရုတ်သီးထောင်းကလေး ဖြင့် စားသောက်ကြပါသည် ။ လက်ရေတပြင်စီး ဒေါင်းလန်းကြီး ဖြင့် အရသာ ရှိစွာ စားသုံးကြပြီးနောက် ငခဲ လည်း အကျွန် နှင့် အတူပင် မင်းတရားကြီးဘုရား ထံတော်သို့  မြင်းကိုယ်စီ  စီးရင်း  လိုက်ပါလာခဲ့ပါသည် ။ စကားတပြောပြော နှင့် မြင်း ကို အသားကျ စီးနှင်းခဲ့ရာ တခဏအတွင်း ရွှေနန်းတော်ကြီး ဆီသို့ ဆိုက်ရောက်ပါတော့သည် ။

ဘဝရှင် မင်းတရားကြီးဘုရား ညီလာခံသဘင် မဝင်တော့သည်မှာ ယနေ့ ( ၄ ) ရက် မြောက် ရှိပြီ ဖြစ်ပါသည် ။ မှန်နန်းဆောင်တော် တွင် မင်းတရားကြီးဘုရား အနား ခစားလျက် ရှိသော ဆင်ဖြူမရှင် မိဖုရားကြီး နှင့် ခြွေရံ သင်းပင်း များ သာ ရှိနေချိန်  ဖြစ်ပါသည် ။

အကျွန်တို့ လည်း မင်းတရားကြီးဘုရား ခြေတော်ရင်းတွင် ဝပ်စင်းခစားရင်း “ မှန်လှပါ ...ငယ်ကျွန်ရင်း ငခဲ ရောက်ရှိ ခစားလျက် ရှိကြောင်းပါ မင်းတရားကြီး ဘုရား ” ဟု ငခဲ က တင်လျှောက်လိုက်သည် ။

“ အိမ်း ...ကောင်းသဗျား ။ ငမောင်ကြီး နဲ့ အတူ ပါလာတယ် မဟုတ်လား ”

“ ဘုရား ကျွန်တော်မျိုးကြီး ကို ဘဝရှင်မင်းတရားကြီးဘုရား အလိုတော် ရှိတယ် ဟု ပင်းတလဲစား ငမောင်ကြီး  ဆင့်ခေါ်ချက် အရ ခြေဖဝါးတော်အောက် အခစားရောက်ရပါသည် ။ အသျှင် မင်းတရားကြီးဘုရား အလိုတော်ကျ လုပ်ဆောင်ပေးရန် အသင့် ရှိတော် မူကြောင်း လျှောက်ထားဝံ့ပါသည် ဘုရား ”

“ ဟုတ်ပေသဗျား ... ငါ ကိုယ်တော် ကျန်းခန့်တော် မမူလို့ နန်းတွင်း သမားဟူးရားများ ဆေးတော် ဆက်ကြလို့  သုံးစွဲတော်မူတာလဲ မထူးခြားလှဘူး ငယ်ကျွန်ကြီး ။ ဘလဲဘရွာစား နဲ့လဲ အနှိပ်တော် မပြတ် ဆက်တော်မူတာလဲ  မခြားနားသည် ကို ငမောင်ကြီး တင်လျှောက်ချက်ကြောင့် ငခဲ ဆေးတော် နဲ့ စမ်းသပ်လိုတော် မူသဗျ ”

“ အမိန့်တော်မြတ် အတိုင်းပါ ဘုရား  ။ အနာ နှင့် ဆေး သင့်အောင်ပေး ၊ ပျောက်ရေး မခက်လှပါ ဘုရား ။ အနာ မသိ ၊ ဆေး မရှိ သလို ဖြစ်တတ်၍  မင်းတရားကြီးဘုရား ဝေဒနာတော်  ခံစားရပုံတွေကို  မိန့်တော်မူပါ ဘုရား ”

“ သည်လို ငခဲ ရ ။ ငါ ကိုယ်တော်မြတ်ကြီး မှာ လွန်ခဲ့သော တလလောက်ကစပြီး နှလုံးတုန် ရင်ခုန်တော် မူတယ် ” စကား မဆုံးမှီ မောပန်းဟန်နှင့် ခေတ္တ စကား အဖြတ်လိုက်တွင် သမားတော်ကြီးငခဲ က ဘုရင်မင်းမြတ် မိန့်တော်မူ မည့် စကားများ ကို ကြို၍ လျှောက်ထားလေသည် ။

“ မှန်လှပါ ။ အမောရင်တုန် အားကုန် အားပျက်တဲ့ အခါ  အစားအသောက် လျော့ပါး၍  အိပ်စက်ခြင်း လဲ ကင်းတတ်ပါသည် ဘုရား ။ အိပ်စက် လျော့ပါး တံတွေး များ၍ ရင်ဝမ်းတွင်း မအီမသာ မသတီရာ မှ ပျို့အန်လို စိတ်များလည်း မကြာမကြာ  တွေ့ရတတ်ပါသည်ဘုရား ”

“ဟုတ်ပေသဗျား ... ဟုတ်ပေသဗျား ။ ငခဲ လျှောက်တင်ချက် အတိုင်းပေပဲ ”

“ ထိုမှ တဖန် ရှေ့ဆက်ပြန်သော် သွေးလေ ချောက်ခြား ၊ ကြောက်အားတော် ပို အလိုလို စိတ်ဝမ်းတော် မကျ ရှိတတ်လှ၍ ငိုချင် ရယ်ချင် သလို ဖြစ်ရပါမည် ။ ငိုရ ၊ ရယ်ရ ထိုမှ စ၍  ခံတွင်း မကောင်း ကိုယ်တော် ညောင်းလျက် ကာမ အား ခန်းခြောက် ကိုယ့် ငယ်တော် ပါ ညီညီ မှာ နွမ်းခွေ ပန်းသေ ပန်းညှိုး ” စကားမဆုံးမီ မင်းတရားကြီးဘုရား က  လက်ဟန်ပြ တားမြစ်တော်မူပြီး ...

“ ဟယ် .. ငခဲ ၊ နင် ပင် ငါ့ ကိုယ်တွင်း ပူးဝင်ကပ်ခါ  ကြည့်ဘိသို့  ရှိလှ၏ ။ နင့် ပညာ ကို ငါ ယုံစားတော်မူကပြီမို့  ငါ ကိုယ်တော် ခံစားရမှု ဝေဒနာ အစုစု တို့ ကို ကုသနိုင်လျှင် ကုသပါတော့ ငယ်ကျွန်ကြီး ”  ဟု အမိန့်တော်မြတ် ချလိုက်သည် ။

“ မှန်လှပါ .. ဘဝရှင်မင်းတရားကြီးဘုရား ရောဂါဝေဒနာတော် ကို အမြန်ဆုံး ကြိုးပမ်းကုစားပေးပါမည် ဘုရား ။ ဆေးတော် ဆက်ရေးအတွက် ဆေးပြုစုမှု တခုသာ ကျန်ရှိနေသေးကြောင်းပါ ဘုရား ”

ဤတွင် အနားမှ ခစားလျက်ရှိသော ဆင်ဖြူမရှင် အလယ်နန်းမဆောင်တော် မိဖုရားကြီး မှာ သမားတော်ကြီး ငခဲ နှင့် ဘဝရှင်မင်းတရားကြီး တို့ ပြောဆိုကြပုံ အစအဆုံး ကြားသိပြီး ယုံကြည်အားထားလာစိတ် ဖြစ်၍ ...

“ သမားတော်ကြီး ဦးခဲ ရဲ့ ဆေးဝါးတော် ကုသမှု ခံယူရပါလျှင် မုချ ရောဂါတော် ပျောက်ကင်းမည်ဖြစ်ကြောင်း စုစု ယုံကြည်တော် မူပါသည်ဘုရား ”  ဟု ထောက်ခံ လျှောက်တင်လိုက်လေသည် ။

“ မောင်ဘုရား အလိုတော်လဲ ကျတယ် စုကြီး ရဲ့ ။ စုကြီး တို့ ကလဲ ယုံကြည်တော် မူတယ်ဆိုရင် ကောင်းသဗျား ”

မိဖုရားကြီး ဘက် လှည့်ရင်း ပြောရာမှ  တဆက်တည်း ငခဲ ကို ပင် ..

“ ခုနက မောင်မင်း တင်လျှောက်ချက် ထဲမှာ ဆေးပြုရမှု တစ်ခု သာ ကျန်နေသေးကြောင်း ပါတယ် မှတ်တယ် ။ ဘယ်သို့သော အကြောင်းခြင်းလဲ ငခဲ ရဲ့ ၊ ရွှေ ၊ ငွေ လိုသမျှ ဘဏ္ဍာတော်တိုက် မှ လိုသလောက် ထုတ်ယူ သုံးစွဲစေဘို့  ငမောင်ကြီး ကို အမိန့်တော်မြတ် မှတ်ပြီးကပြီပဲ ”

“ မှန်လှပါ ... ဆေးတော်ဆက်ဘို့ ဘဏ္ဍာငွေကြေး အတွက် မဟုတ်ကြောင်းပါ ဘုရား  ။ ကျွန်တော်မျိုးကြီး ၏ ဆေးဝါးဖေါ်စပ်မှုကို ပြုနိုင်ရန် မတ္တရာ နယ် လမိုင်းတော အတွင်း ဆေးပင် ၊ ဆေးမြစ် ၊ ဆေးဥ စုဆောင်း ရှာဖွေဘို့  အချိန်တော် သုံးရက် လောက်သာ လိုကြောင်း အခွင့်တောင်း လျှောက်ထားပါသည် ဘုရား ”

“ ရှိစေဗျား ။ အချိန်တော် အလိုရှိသလောက် ယူ၍  ဆေးတော် ဆက်စေဗျား ။ ဆေးဝါးကုသနိုင်ရေး အတွက်  ဆေးတော် စုဆောင်းရန် ငခဲ အလိုရှိသမျှ ငမောင်ကြီး က အမိန့်တော် သုံး၍ အကူအပံ့ ပေးစေဗျား ”

အမိန့်တော်မြတ် မှတ်သည်ကို အကျွန်တို့ နှစ်ယောက် စလုံး တပြိုင်တည်း ....

“ ဗျာဒိတ်တော်မြတ် အတိုင်းပါ ဘုရား” ဟု သံတော်ဦး တင်၍  အတူတကွ ရှေ့တော်မှ ထွက်ခွာလာခဲ့ကြပါသည် ။

အပြန်တွင် ငခဲ ကို အကျွန် အိမ် သို့ ဖိတ်ခေါ်၍ အတူ လိုက်ပါလာလေသည် ။ ငခဲ အား ရေမိုးချိုးပြီးမှ ပြန်ရန် တားမြစ်သော်လည်း ဆေးတော် စုဆောင်းရေး အတွက် လမိုင်းတော သို့ တက်ရောက်ရမည့် အစီအစဉ်များ  ပြုလုပ်ရန်လည်း ရှိသေး ၊ သူ့ ဆေးဝါးများ စားသုံးနေကြသော လူနာများ ကို ဆေးပတ် ကုန်၍ သူ ခရီးထွက်နေစဉ်  လာရောက် ဆေးဝါးတောင်းပါ က မည်သို့ ပြုလုပ်ဆောင်ရွက်ရမည် တို့ကို မှာကြားစရာတွေ များပြားလှသည် ကြောင့် ပြန်သွားပါလေသည် ။  ငခဲ မပြန်မှီ မင်းတရားကြီးဘုရား ရောဂါတော် အကြောင်း နှင့် ပတ်သတ်၍ မေးမြန်းစုံစမ်းသည်တွင် ငခဲ က ပြုံးစေ့စေ့ဖြင့် အကျွန့် နား သို့တီးတိုး ပြောကြား ခဲ့ပါလေသည် ။

သူ ဆေးစုသွားသခိုက်  မင်းတရားကြီးဘုရား ညီလာခံ မဝင်နိုင်ဘဲ  ရက် အတော်ကြာ ဖြစ်နေရသည့် ရောဂါတော် အကြောင်း အပြင်အပ သို့ တရက် မဟုတ် နှစ်ရက် အမှန်အတိုင်း ပေါက်ကြားရပေလိမ့်မည် ။ ထိုသို့ ပေါက်ကြားသွားပါလျှင် မင်းတရားကြီးဘုရား အတွက် ရောဂါတော် ကြောင့် အရှက်တော် ရနိုင်ကောင်းစရာ အကြောင်း ရှိ၍ တခုခု ကို ရိုးမယ်ဖွဲ့စေလျက် ပြုလုပ်ထားသင့်ကြောင်း ငခဲ အကြံဉာဏ် ပေးခဲ့ပါလေသည် ။

ထိုသည်တို့ကြောင့် အကျွန် လည်း ငခဲ နှင့် ဆေးတော် အတွက် ဘယဆေး ဖြစ်သော သစ်ဥ ၊ သစ်ဖု ၊ သစ်ရွက် ၊ သစ်မြစ် တို့ စုဆောင်းရာသို့ လိုက်ပါလိုလျက်နှင့် ပင် ဘဝရှင်မင်းတရားကြီးဘုရား အပေါ် ရဟန်းရှင်လူအပေါင်း တို့ အထင်သေးစေ၍ အရှက်တော် ရမည့် ကိစ္စ မှ လွဲရှောင်ပေးနိုင်စေရန်  ပြုလုပ်ရမည့် တာဝန် အတွက် နေရစ်ခဲ့ရပါသည် ။
အကျွန် အနေဖြင့် စဉ်းစားရသည်မှာလည်း အမောတကောပင် ဖြစ်ပါလေသည် ။ ငခဲ ကလည်း အတိအကျ ပြောဆို အကြံပေးခဲ့သည် မဟုတ်၍ ပြေလည် ပြီးပြတ်စေဘို့မှာ အကျွန့် တာဝန် လုံးလုံး ရှိနေသည့် အတွက် အိပ်မပျော်နိုင်အောင်ပင် ဖြစ်ရပါသည် ။

အကျွန်သည် ဘဝရှင် မင်းတရားကြီးဘုရား နှင့် ဆယ့်ငါးနှစ် ကျော်ကျော် အတူတကွ နေထိုင် ကြီးပြင်းလာခဲ့ရ သူ အိမ်တော်ပါ တစ်ယောက် ဖြစ်ပါသည် ။ မင်းတရားကြီးဘုရား စိတ်သဘောတော် ကို သိတန်သ၍ သိရှိပြီး ဖြစ်ပါလေသည် ။ မင်းတရားကြီးဘုရား သည် ရတနာသုံးပါးကို တကယ် ယုံကြည်သူ ၊ ကိုးကွယ်  ဆည်းကပ်လိုသူ  တဦး ဖြစ်ကြောင်း အကျွန့် တွင် သံသယ လုံးဝ မရှိခဲ့ပါ ။

မည်သည့် အခါကာလ မည်သည့် ဒေသနေရာမျိုးများတွင်လည်း ရတနာသုံးပါးတည်း ဟူသော ဘုရား ၊ တရား ၊ သံဃာ ထို သုံးပါး တို့ကို မေ့လျော့လိမ့်မည် မဟုတ်ကြောင်း အကျွန် သိပါသည် ။ ထို သိရှိချက်များ ကို မူတည်၍ မင်းတရားကြီးဘုရား အတွက် တပည့်လိမ္မာ ဆရာ အာပတ်လွတ် စေသော  ကိစ္စမျိုး ကို ပြုလုပ်ပေးရန် အကျွန် သံနိဌာန် ချလိုက်မိပါတော့သည် ။

နောက်တနေ့  နံနက်စောစော တွင် အကျွန့် လူယုံတော်များဖြင့် မြို့တော် မြောက်ဘက် ရှိ ရွှေဖျဉ်းညီနောင် နတ်ကွန်း ကို မင်းတရားကြီးဘုရား အမိန့်တော် ရှိလေဟန်ဖြင့် ဖျက်ဆီးပစ်လိုက်ပါသည် ။ မင်းတရားကြီးဘုရား အလိုတော် အရ ကုလားညီနောင် နတ်ကွန်း မှာ နတ်သက်ကြွေပြီး ဖြစ်၍ နတ်ကွန်း ရှိနေရန် မလိုလားအပ်တော့ကြောင်း  ဥက္ကောဒေယျ ဖြစ်အောင် ကောလဟာလ သတင်း အဖြစ်လည်း တီးတိုး လွှင့်လိုက်ရပါသည် ။ တီးတိုးသတင်း သည်   မောင်းကြေးနင်း ခတ်တီးကျေညာရသော သတင်းထက် ပိုမိုပျံ့နှံ့ လွယ်သည် ဟု အကျွန် မျှော်လင့်ထားသကဲ့သို့ပင်  လျင်မြန်လှပါလေသည် ။

နံနက်စာ စားအပြီး ဆွမ်းခံပြန်ချိန် လောက်တွင် အကျွန် ရွှေနန်းတော်ကြီး ထံသို့ အခစား ဝင်ရောက်ချိန်လောက် တွင် ထို သတင်းစကား ကို လူတိုင်း လူတိုင်း ကြားသိပြီး ဖြစ်နေကြပါသည် ။ မင်းတရားကြီးဘုရား အပါးတော် သို့ အကျွန် ခစားဝင်သော ကာလတွင် အဆောင်ရ နန်းရ မိဖုရားကြီး တို့ ၏ မိဖုရားအကြီးချုပ် ( ၆ ) ပါး ခစားလျက် ရှိနေပါသည် ။ မင်းတရားကြီးဘုရား သည် သမားတော် ငခဲ တင်ကြို ပြောကြားခဲ့သည့် အတိုင်း ဝေဒနာတော်ကြောင့် ကယောင်ကတမ်း မြည်တမ်းစပင် ပြုနေပါချေသည် ။ ထို မိဖုရားများ ထဲတွင် ပါဝင်သူ အလယ်နန်းမတော်  ဆင်ဖြူမရှင် မိဖုရား တပါးသာ အနည်းငယ် ပူပန်မှု နဲ ဟန် ရှိပါသည် ။ အဂ္ဂမဟေသီ မင်္ဂလာဒေဝီ မိဖုရားကြီး သည် သမားတော်များ အားလုံး ဆင့်ခေါ်၍  ဆေးတော် ဆက်ရေး အတွက် တိုင်ပင်ရန် စီစဉ်နေသည်ကို အကျွန် မြင်တွေ့ရပါသဖြင့် မနေသာတော့ပဲ ဆင်ဖြူမရှင် မိဖုရားကြီး အား အရိပ်အခြည် ပြရင်း သံတော်ဦးတင်ရန် ရှိကြောင်း နားတော် ပေါက်စေရန် အဆောင်တော်မှ အခြွေအရံများ နှင့်  ထွက်ခွာတော်မူရင်း ပန်းခုံတော်ဘက် သို့ ကူးဝင်သွားတော်မူပါလေသည် ။

အကျွန် လည်း တအောင့်တနား လောက် စောင့်ဆိုင်းပြီး မှ ဆင်ဖြူမရှင် မိဖုရားကြီး ရှိရာ ပန်းခုံတော်ဆောင် သို့ ကူးဝင်ရောက် ဖူးမျှော်ပါသည် ။ အကျွန် ရောက်ရှိသွားလေမှ အထိန်းအရများ ကို အဝေးမှ ခစားရန် အမိန့်တော် မှတ်လိုက်သည့်အတွက်  အကျွန် လည်း မိဖုရားကြီး အား .....

“ အသျှင် မိဖုရားကြီး သိရှိတော်မူသည့် အတိုင်း သမားတော်ကြီး ငခဲ  ဆေးတော်ဆက်ရန် ဆေးဝါးစုဆောင်းဖို့  ခရီးထွက်သွားကြောင်းပါ ဘုရား ။ သမားတော်ကြီး ငခဲ တင်ကြို ပြောဆိုချက်အရ မင်းတရားကြီးဘုရား စိတ်တော်ချောက်ခြား ၍  နေတော်မူလျှင်  စိတ်တော်ပူရန် မရှိကြောင်းပါ  ဘုရား ”

“ မဖုရား အနေဖြင့် သမားတော်  ဦးခဲ တင်လျှောက် ပြောကြားချက်ကို  ကြားသိရသည့် အတွက် ဦးခဲ ဆေးတော် ဆက်လျှင် မောင်မောင်ဘုရား  ဝေဒနာတော် ပျောက်ကင်းမည်လို့ ယုံကြည်ပါသည် ။ ဒါပေမင့် တောင်နန်းစံ  မိဖုရားကြီး အမိန့်ဖြင့် တခြား သမားတော်ကြီး များ ဆေးတော် ဆက်လျှင် ဆေးချက် မှားပြီး မောင်ဘုရား အတွက်များ ဆိုးဝါးနေလေမလား လို့ စိတ်တော် ပူမိတယ် ပင်းတလဲစားကြီး ရဲ့ ”

“ မှန်လှပါ ... ပူပင်ရန် မရှိသေးကြောင်းပါ ။  သမားတော်ကြီး ငခဲ ဆေးတော်ဆက်နိုင်မည့် ရက်လောက်သာ ခန့်မှန်းတွက်ဆပြီး နောင် သုံးရက်မြောက်သော နေ့တွင် မင်းတရားကြီးဘုရား ဝေဒနာတော် မသက်မသာ ရှိလာခဲ့သော် အရှင်ဆင်ဖြူမရှင် မိဖုရား သဘောတော် နှင့် တခြား တပါးသော သမားဟူးရားများ ဖြင့် ကုသခွင့် ရရှိရန်သာ အဂ္ဂမဟေသီ တောင်နန်းစံ မင်္ဂလာဒေဝီ မိဖုရား (တချို့ ရာဇဝင် ဆရာများ က စင်္ကြာဒေဝီ ဟုလည်း ဆိုကြပါသည် ။ ) ကြီးနှင့် အစီအစဉ်သာ ပြုတော်မူထားနှင့်ပါ ဘုရား ”

“ သည် တာဝန်ကို မဖုရား တာဝန်သာ ထားလိုက်ပါ ။ မြို့စားကြီး တို့ အနေနဲ့ သမားတော် ဦးခဲ ဆေးတော် အချိန်မှီ ဆက်သနိုင်ဖို့ ကြိုးစားကြပါ ”

“ မှန်လှပါ ... ကြိုးပမ်းလျက် ရှိကြောင်းပါ  ” ဟု ပြန်လည် တင်လျှောက်ခဲ့ပြီး နောက် အကျွန် လည်း ငခဲ ဘယဆေးအစု သွားသည်ကို  စောင့်ကြိုငံ့လင့်ရင်း ဆေးတော် ကို စိတ်စောလျက် ရှိနေပါသည် ။

         ( ဆက်ရန် )

koaungnaingoo.blogspot.com

.

Monday, November 29, 2021

ဆောင်ကြာမြိုင်မှတ်တမ်း 03


 

“ အလို ... အပျိုတော် ခင်ထား နဲ့ ခင်ဖုန်း တို့ပါလား ..... ဘယ်လို ဝိသေသထူး နဲ့ လာကြသလဲ အမိတို့ ရယ် .....”

“ မှန်လှပါ .... ၊  မြို့ဝန်မင်း ကို သက်ပန်မိဖုရားကြီး နဲ့ ကျွန်တော်မျိုးမ ရဲ့ ထိပ်စုဖုရား ( သရစိန်း မိဖုရားကြီး တို့က အခေါ်တော် ရှိလိုက်ကြောင်းပါ .... ။ နင်တို့ ကိုယ်တိုင် သွားပြီး တင်ပချေရမယ် ဆိုသမို့ လာခဲ့ရသည်ပ  မြို့ဝန်ကတော်မမကြီး ဘုရား  .... ”

“ ရှိပ ... ။  ရှိပ ... ။  လုံမလေး တို့ ဘ အခုတင် စီးတော်မြင်း အသင့် ကုန်းတင်ခိုင်းရင်း အတွင်းဆောင်ဘက် ဝင်သွားပါတယ်  ...”

မကြာမီ ထွက်လာသော  မြို့ဝန်မင်း သည် နန်းတွင်း၌  တန်ခိုးထက်သော မိဖုရားကြီးများ ၏ အပျိုတော်ကြီးများ ကို  တွေ့ရ၍  “ ဘယ်လို အကြောင်းပ အမိတို့ ရေ  .... ရွှေနန်းတော်ကြီး က မလာစဘူး အလာထူး သည်မို့  သစ်ဆိမ့်မိဖုရားကြီး  အကြောင်း စနည်းနာလာကြလေသလား .....”

သရစိန်း မိဖုရားကြီး ၏ အပျိုတော် ခင်ဖုန်း ကပင်  .....

“ မှန်လှပါ .... မြို့တော်ဝန်မင်း ကို ကျွန်တော်မျိုးမ ရဲ့ အရှင်သခင် မိဖုရား နှင့် သက်ပန်မိဖုရားကြီး တို့က ကိုယ်တိုင်ကိုယ်ကျ သွားပြီး ဖိတ်ခေါ်ချေကြဘိ ဆိုမိန့်တဲ့ အတွက်ပါ  ...”

“ အမိတို့ သခင်မဖုရားများ ကိုသာ လျှောက်တင်လိုက်ပါ  ....  ခု မကြာမတင် ပဲ ကျုပ် ဝင်ရောက် ခစားပမယ် ဆိုတာကို သစ်ဆိမ့်မိဖုရား နှင့် ပတ်သတ်သည့် အရေးအခင်း ဖြစ်နေရင်တော့ ဘုန်းတော်ကြီး ဘုရား ကိုယ်တော်တိုင် ပင်းတလဲ မြို့စားကြီး ဦးရွှေမောင်ကြီး ကို အရေးကုန် လွှဲအပ်ထားကြောင်း အမိ တို့ သခင်ဘုရားမများ ကို တင်ကြို လျှောက်ထားနှင့်ကြပေရော့  ကွယ်တို့ ....”

မြို့ဝန်မင်း လည်း အပျိုတော်ကြီးများ ကို ပြန်ကြားပြောဆိုပြီး ကျူးကျော်သူ မောင်မြတ်စံ ရှိရာ ထောင်ချုပ်သို့ သွားရောက်ပါလေသည် ။ ထောင်မှူးကြီး နှင့် တွေ့ဆုံပြီး ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးရန် ငမြတ်စံ ကို  အထုတ်ခိုင်းလိုက်ပါတော့သည် ။

များမကြာမှီ အတွင်းဆောင် အကြပ် နှစ်ယောက် ခြံရံလျက် လိုက်ပါလာသူ ငမြတ်စံ ကို မြင်ရသည့် တခဏဝယ် မြို့ဝန်မင်း စိတ်တို့ပင် အတန်ငယ် တုန်လှုပ် သွားပါလေသည် ။ ကျီးတို့ အလယ် တင့်တယ်စွာ စံပယ်နေသော ဟင်္သာမင်း ကို မြင်တွေ့ရဘိသည့် အလား လိင်တူ ယောကျာ်းချင်း ဖြစ်သူ မြို့ဝန်မင်း ကိုယ်တိုင်ပင် ဂရုဏာစိတ် ယိုဖိတ်လာပါသည် ။ ကျက်သရေ မင်္ဂလာအပေါင်း တို့ နှင့် ပြည့်စုံသူပင် ဖြစ်ငြားသော်လည်း ကံမကောင်း   အကြောင်း မလှ၍ ကာမေသုမိစ္ဆာစာရ ကံ ကို ကြူးလွန်သူ ဖြစ်ရပေသည်ဟု မြို့ဝန်မင်း ကပင် ထင်ယောင်ထင်မှား  ကြူးလွန်သူ အတွက် စောဒကတက်စိတ် ဖြစ်သွားရပါလေသည်  ။

“ ကဲ ..... မောင်ရင် ။ ဘယ်ကနေပြီး ဘယ်လို သစ်ဆိမ့်မိဖုရား နှင့် မှောက်မှားကြရသည် ကို တိုတို နှင့် လိုရင်းကို လင်းစမ်းပ ....”

“ မှန်လှပါ .... ။ မြို့ဝန်မင်းဘုရား  .. ။ ကျွန်တော်မျိုး သည် ဂေါသီတာရာမ  ကျောင်းတိုက်အုပ် ဆရာတော်ဘုရား နှင့် တရွာတည်းနေ တရေတည်းသောက်သသူ  အုတ်ဖိုရွာသား ဖြစ်ပါသည် ။ ဆရာတော်ဘုရား  ကျောင်းတော်တွင်  စာဝါ တက်နေသူ  ဖြစ်ပါသည် ။ သျှောင်တလုံး  အဆုံး မခံလိုသေး၍ ပထမငယ် ပြန်ဆိုပြီးမှ သာသနာ့ဘောင် သို့  ကူးဝင်တော့မည် ဟု  ရည်မှန်းချက် ရှိပါသည် ....”

နားထောင်နေရာမှ စကားမဆုံးမီ  မြို့ဝန်မင်း က ကြားဖြတ်၍  .....

“ အဆောင်တော် ထဲ ဝင်ရောက်ပုံ နဲ့ သစ်ဆိမ့်မိဖုရား နဲ့ ဘယ်လို ယဉ်ပါးကြပုံသာ ပြောပါဘိ ... ။ ကျူးကျော်သူ အတွက်ကတော့ သေမိန့် ပဲ ကိုယ့် လူရ  ....”

“ ကျွန်တော်မျိုး ကို သွေးသောက်ကြီး စစ်ဆေးမေးမြန်းသည့် အတိုင်း ထွက်ဆိုရမည် ထင်မှတ်၍ပါ ဘုရား .... ။ ကျောင်းတိုက် သို့ သစ်ဆိမ့်မိဖုရား လပြည့် လကွယ် နေ့တိုင်း ဆွမ်းအုပ် ကိုယ်တိုင် ပိုက်၍ ဆွမ်းဝတ်ပြု အလာတွင်  ကျွန်တော်မျိုးကြီး အား တွေ့မြင်တော်မူပါသဖြင့် ... ဆရာတော်ဘုရား အား သည် သူငယ် ရုပ်ရည် ရူပကာ သည်  ကျောင်းတော် နှင့် မတန် ၊ ထီးဟန် ၊ နန်းဆန်သည် မို့ တပည့်တော်မ ထံ ပေးအပ်ပါလျှင် နန်းတွင်းသုံး မင်းခစား  ယောက်ျား ဖြစ်စေရပါမည်ဟု လျှောက်ထား၍ တောင်းဆိုတော်မူချက် ကို ဆရာတော်ဘုရား က ငါ့ တပည့်သားမြေး  ဖြစ်သော်လည်း သူ အလိုရှိ၍ လိုက်လိုပါသည် ဆိုပါမှ ဖြစ်ပေမည် .... ။ သူ့ သဘော  စောကြောဘိ ဒကာမကြီး ဟု ဘုန်းဘုရား မိန့်ကြားတော်မူခဲ့ပါသည် ...”

ငမြတ်စံ လည်း အနည်းငယ်မျှ အာခြောက်ဟန် နှင့် တံတွေးမျိုရင်း ခေတ္တစကားပြော ရပ်ဆိုင်းပြီးမှ ဆက်လက်၍ .....

“ မြို့ဝန်မင်း သိတော်မူသည့် အတိုင်း ကျွန်တော်မျိုး ကို ထီးသုံးအမှုတော် အထမ်း အရာတော် ဖြစ်စေမည်ဟု မဖုရား အမိန့်ထားရှိသည်ကြောင့်  လိုက်လိုပါသည် ဟု အဖြေ ပေးတော်မူခဲ့ပါသည် .... ။ သည့်နောက်ပိုင်း ခင်ဝိုင်းစိုး နှင့် ခင်ပို တို့က ဘုရားတပည့်တော် ကို အပျိုတော် တယောက် လို ဝတ်ဆင်စေပြီး ၊ အလိုတော် ရှိတော်မူသည့် အခါတော်တိုင်း သန်းခေါင် မတိုင်မှီ  ကြာချည်ရံ ကို အရောက်လှမ်း ဖြေဖျော်ခဲ့ရာမှ တစ်နှစ်ကျော် အကြာတွင် အိပ်ဖန်တော်သား မြင်တွေ့၍  ယနေ့ ကဲ့သို့ ရာဇဝတ်တော် သင့်၍ အနှောင်အဖွဲ့ ရရှိခြင်းပါ မြို့တော်ဝန်မင်း ဘုရား .....”

“ ကောင်းကပြီ မောင်ရင် ... ။ မောင်ရင် သည် စတင်သူ မဟုတ်သော်လည်း ကျူးကျော်သူ အမှန်ပင် ဖြစ်သည့်အတွက် အကွပ်မျက် ခံရမည်ပ ...  ။ ဘဝကူးပြောင်း ကောင်းစေရန် မကွပ်မျက်ခင် ဘုရားတရား သာ အာရုံပြုပြီး ကောင်းရာ  ကောင်းမှုသာ ပြုပေတော့ ကိုယ့်လူ ရ  .....”

မြို့ဝန်မင်း လည်း မောင်မြတ်စံ အား စကားပြန်ကြားရင်း ၊ ထောင်မှူး အကြပ် အာဏာပါးကွက်သားပါ မကျန် အားလုံးသို့ သစ်ဆိမ့် အမှု နှင့် ပတ်သတ်သသူ အားလုံး  ရဟန်းရှင်လူများ မှာ ကွပ်မျက်ခံရမည့်  သူများ ဖြစ်၍ စစ်ဆေးမေးမြန်းမှု မပြီးမှီ မလစ်လပ် ရော့ပါးစေရ ၊ နှိပ်စက်ညှင်းပန်းမှုလည်း မရှိစေရ ၊ မင်းတရားကြီးဘုရား ကိုယ်တော် နှင့် သက်ဆိုင်သော အမှု ဖြစ်၍ အကျဉ်းအချုပ် ချထားသူများ မပျောက်မရှစေရန် ကိုလည်း အထူးဂရုပြုရမည် စသည်တို့ကို  သွန်သင်ဆုံးမပြီး ရွှေနန်းတော်ကြီး ဆီသို့ ထွက်ခွာခဲ့ပါတော့သည် ။

ပင်းတလဲစား ဦးရွှေမောင်ကြီး နှင့် တွေ့ဆုံဘို့ရန် ချိန်းဆိုထားချိန် ထက် အနည်းငယ် စောသေးသဖြင့် သက်ပန်မိဖုရားကြီး နှင့် သရစိန်း မိဖုရားများ ထံ အခစား ဝင်ရောက်ပါသည် ။ ထို မိဖုရားကြီး နှစ်ပါးစလုံး ကလည်း  မြို့ဝန်မင်း အား သစ်ဆိမ့်မိဖုရား အမှု နှင့် ပတ်သတ်မေးမြန်း စုံစမ်းကြခြင်း ဖြစ်ပါသည် ။ မဟာဝိသုဒ္ခါရုံကျောင်းတိုက် မှ သံဃာအချို့ နှင့် ဂေါသီတာရာမတိုက် ဆရာတော်ဘုရား အပါအဝင် ရဟန်းသံဃာများ ကိုတော့ သက်သက်ညှာညှာ စစ်ဆေး အပြစ်ပေးရန် တို့ကို မိန့်ကြားကြပါသည် ။ မြို့ဝန်မင်း အနေဖြင့်လည်း လက်စွဲတော်ကြီး ပင်းတလဲစား ဦးရွှေမောင်ကြီး ကိုသာ အာဏာကုန် လွှဲအပ်ခြင်း ခံရသူ ဖြစ်၍ သူ သာ တတ်နှိင်မည့် အကြောင်းတို့ကို လျှောက်ထားခဲ့ပါသည် ။

မြို့ဝန်မင်းလည်း ဗဟိုရ် ( ၇ ) ချက် တီးသံ ကြားရပြီး ပင်းတလဲစား ဦးရွှေမောင်ကြီး နှင့် တင်ကြို ချိန်းဆိုထားရာ မြေစိုက်နန်းမကြီး သို့ ထွက်ခွာသွားပါသည် ။ ဦးရွှေမောင်ကြီး လည်း ရွှေလွှတ်တော် အဆောက်အဦး အဖြစ်  အသုံးပြုထားသော မြေစိုက်နန်းမကြီး မှ မြို့ဝန်မင်း အလာ ကို ကြိုဆိုနေနှင့်ပါသည် ။

မြို့ဝန်မင်း လည်း “ ပင်းတလဲစားကြီး ရောက်သည်မှာ ကြာပပြီလား .... ။ ကျုပ် လည်း သရစိန်းမိဖုရားကြီး နှင့် သက်ပန်မိဖုရားကြီး များ အခေါ်တော် ရှိ၍ အခစား ဝင်နေရသမို့ အချိန်တော် နှောင်းသလို ဖြစ်ရပလေတယ်  ....”

“ နောက်မကြာ တခဏကပဲ ကျုပ်လဲ ရောက်သည်ပ ... ။ မိဖုရားကြီး က မြို့ဝန်မင်း ကို သစ်ဆိမ့်မိဖုရား အကြောင်း စောကြော သည် မဟုတ်ပေလား ....”

“ မှန်လေသဗျား .... ။ ကျုပ် ကလဲ  ပင်းတလဲစား ဦးရွှေမောင်ကြီး သာ အညီအပံ့ ပြုနိုင်ပေမယ် .... ။ ဘုန်းတော်ကြီးဘုရား ကိုယ်တော်တိုင် အရေးကုန် အပ်နှင်းတော်မူကြောင်း တင်လိုက်သဗျ  .... ”

“ ဘာပြုမဲ့ ပြောရသည်တုန်း ... မြို့ဝန်မင်း ရဲ့ .... ။ သူရို့ လင် သူရို့ တင်လိုရာ တင်ရင် ပီးသပ ...။ ကျုပ်တို့က ခိုင်းသည့် ကျွန် ထွန်သည့် နွား ပေကပဲ .... ”

မြို့ဝန်မင်း လည်း သဘောတွေ့၍  ရယ်သွမ်းသွေးရင်းမှ ......“ ပင်းတလဲစားကြီး က အိမ်တော်ပါ လက်စွဲတော်ကြီး မို့ မိဖုရားတွေ ကို ပြောချင် ဆိုချင်သည့် အရေးဆို မိန့်ဝံ့ပေမဲ့၊ ကျုပ်တို့သာ ဆိုရင် ခေါင်းပျောက်လိမ့်မဗျား ..”

ပင်းတလဲစားကြီး နှင့် မြို့ဝန်မင်း တို့လည်း စုံစမ်းသိရှိရချက်များကို အတန်ကြာဆွေးနွေး တိုင်ပင်ကြပါသည် ။ မည်ကဲ့သို့ တင်လျှောက်ကြရမည်ကိုလည်း ညှိနှိုင်းတိုင်ပင်ကြပါသည် ။

ပင်းတလဲစားကြီး အနေဖြင့် မဟာဝိသုဒါ္ခရုံကျောင်းတိုက်မှ ( အရှေ့အင်္ကန်း  ) တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ ၊ ရာဇာ ဝိရာဇဂုရု ဘွဲ့တံဆိပ် နာမတော်ရ စံကင်းဆရာတော်ဘုရားကြီး ၏ တပည့်ရဟန်း အချို့ တို့ အမှုတွင် ပါဝင်နေသည်ကို ကြားသိရ၍ စိတ်မကောင်း ဖြစ်မိပေသည် ။ ဂေါသီတာရာမ ဆရာတော် မှာလည်း အကျင့်သိက္ခာတော် နှင့် ပြည့်စုံသူ ပုဂ္ဂိုလ်အကျော် ဖြစ်ကြောင်း ကြားသိရ၍ စိတ်မကောင်း ဖြစ်မိပါလေသည် ။

ညညီလာခံသဘင်  စတင်ချိန်  စေ့ရောက်သည် ဖြစ်၍ မြို့ဝန်ကြီး နှစ်ပါး လည်း ရှေ့တော်မှောက် အခစား ရောက်လာကြပါလေသည် ။ ညညီလာခံ ကိုလည်း မှန်နန်းတော် ဘမယာသနဆောင်နန်း တွင် ပြုလုပ်မြဲ ဖြစ်ပါသည် ။ မှူးကြီးမတ်ရာ သေနာပတိ စုံညီချိန်တွင် ဘဝရှင် မင်းတရားကြီးဘုရား ကြွရောက်တော် မူလာပေသည် ။

ညီလာခံ စတင်သည် နှင့် တပြိုင်နက် ဘဝရှင်မင်းတရားကြီးဘုရား သည် ပင်းတလဲစား ဦးရွှေမောင်ကြီး အား အမေးတော် ရှိပါလေသည် ။

မင်းကြီး - “ ဟဲ့  ... ငမောင်ကြီး ရဲ့ ၊  သစ်ဆိမ့်မိဖုရား အရေးအခင်း အတွက် ထောက်လှမ်းရသမျှ နားတော်ဆက်စမ်း  ....”

ငမောင်ကြီး - “ မှန်လှပါ  .. ဘုန်းတော်ကြောင့် အနွယ်အခင်များ တဦးတယောက်မျှ မကျန်ရအောင် ဖမ်းဆီး  ချုပ်နှောင်ပြီးကြောင်းပါ ဘုရား  ...”

မင်းကြီး - “ အမှန် ကူပံ့သသူတို့ကို စစ်ဆေးရွေးချယ်၍ ကွပ်မျက်ရမည်လို့  မိန့်တော်မူပြီးကပြီဘဲ  .... မဆိုင်သသူ မှန်သမျှ အပြစ် မရှိ ကင်းလွတ်ကြစေပဗျား ...”

ငမောင်ကြီး - “ အနွယ်အခင် တို့ကို ဖမ်းဆီးချုပ်နှောင်ရာတွင် ကျူးကျော်သူမှာ ဂေါသီတာရာမတိုက် ဆရာတော်ဘုရားကြီး သားတပည့် ဖြစ်နေပါသဖြင့် ဆရာတော်ဘုရားကြီး အားလည်း  ချုပ်နှောင်ပြီး ရှိပါသည် .... ။ ကျူးကျော်သူ ၏ အနွယ်အခင်များ အဖြစ်နှင့်လည်း မဟာဝိသုဒ္ခါရုံကျောင်းတိုက် စံကင်းဆရာတော်ဘုရားကြီး ၏  တပည့်သား အချို့တို့ ပါရှိနေပါသဖြင့် မည်ကဲ့သို့ အရေးယူ အပြစ်ပေးရမည်ကို အမိန့်တော် မှတ်တော်မူပါ မင်းတရားကြီးဘုရား .... ”

မင်းကြီး - “ တပည့်မကောင်း ဆရာ့ခေါင်း ၊ သားသမီး မကောင်း မိဘခေါင်း ဆိုဘိသို့ ၊ တပည့်တာဝန် ဆရာ တွင် ရှိသမို့ ငါ့ ဆရာပင် ဖြစ်လင့်ကစား အပြစ်ရှိသသူ ကို အပြစ်ယူစေမှသာ  တရားမင်းစစ် ဧကန်ဖြစ်မည်ပ  ... ။  ကွပ်မျက်မှုသာ ပြုပစေ ငမောင်ကြီး .... ”

မင်းတရားကြီးဘုရား ၏  စကား အဆုံးတွင် ဦးရွှေမောင်ကြီး မှာ စောဒက မတက်သာတော့သဖြင့်  ....

“ ဗျာဒိတ်တော်မြတ် အတိုင်းပါဘုရား  .....” ဟု တင်လျှောက်လိုက်ရပါသည် ။ သစ်ဆိမ့် အရေး ကိစ္စ ပြီးပြတ်ပြီးနောက် ညီလာခံတွင် ပြည်တွင်းပြည်ပ အရေးတို့ကို သက်ဆိုင်ရာ  ဌာန ဝန်ကြီး ၊ ဝန်ကလေး ၊ အတွင်းဝန်  စသည်တို့ နှင့် တိုင်ပင်ဆွေးနွေးပြီး  အခါတော်စေ့မှ ညညီလာခံ သဘင် ကို ရုပ်သိမ်းလိုက်ပါတော့သည် ။

မြို့ဝန်မင်း နှစ်ပါးလည်း ညီလာခံ အစဲတွင် မှ ပင်းတလဲစားကြီး က “ ကျုပ်စိတ် အထင်က မဟာဝိသုဒ္ခါရုံကျောင်းတိုက် စံကင်းဆရာတော်ဘုရားကြီး သားတပည့်များ ပါဝင်သည် ဟု ကြားရကတည်းက သည် အမှုတော့ ပေါ့လျော့တန်ရဲ့လို့ ယုံမှတ်မိသမျှ အမြင်နဲ့  ကွဲလွဲသွားသဗျား ...”

“ ဟုတ်သဗျ .... ပင်းတလဲစားကြီး မှတ်သလို ဂေါသီတာရာမ ဆရာတော် ဆိုတာလည်း ကျုပ်တို့ မိဖုရားကြီးများ ရဲ့ ဆရာတကာ ဖြစ်နေပြန်တော့ ပေါ့လျော့တန်ကောင်းရဲ့လို့ ထင်မိသဗျ ....”

ပင်းတလဲစား  - “ အိမ်း  ..... ကျုပ်တို့ကတော့  မင်းခယောက်ျား ဆိုတော့ မင်းကြိုက် လိုက်ပြီး လုပ်ဆောင်ကြရလေမပေါ့ ... ။ မြို့ဝန်မင်း ဆက်လက်စစ်ဆေးမှု ပြုသာပြုသပ .. ။ အားလုံး ပြည့်စုံတဲ့နေ့ အမိန့်တော် အတိုင်း လွှတ်သင့်သသူ လွှတ် ကွပ်မျက်သင့်သသူ ကွပ်မျက် လိုက်ရုံဘဲ ...” 

မြို့ဝန်မင်း နှင့် ပင်းတလဲစားကြီး တို့လည်း ဘီရိုလှည်း ကိုယ်စီဖြင့် ကိုယ်သက်ဆိုင်ရာ သို့ ကိုယ်စီ ထွက်ခွာသွားကြလေသည် ။

သစ်ဆိမ့်မိဖုရား အမှုနှင့် ပတ်သတ်၍ ဖမ်းဆီးချုပ်နှောင်ထားခြင်း ခံထားရသော ရဟန်းရှင်လူများကြောင့် အုတ်အော်သောင်းနင်း ဖြစ်ခါ ထင်ကြေးအမျိုးမျိုး ပေးနေကြပါသည် ။ နေရာတကာတိုင်းတို့တွင်လည်း ကိုယ် လိုရာ ကိုယ် ဆွဲယူပြီး  တီးတိုးပြောဆိုနေကြပါသည် ။ သာသနာ့ဒါယကာဘွဲ့ခံယူ၍ သာသနာပြုမည့် မင်းတရားကြီး က  ဤကဲ့သို့ ရဟန်းတော်များ ကို မကွပ်မျက်တန်ကောင်း  နောက်နောင်တွင် ယခုကဲ့သို့ အလားအလာများ  ပပျောက်စေဘို့သာ အပြစ် ရှိသူများကို ဖမ်းဆီးအကျဉ်းချ အပြစ်ပေးခြင်း ဖြစ်ကြောင်း တို့ကိုသာ လက်တို့ ပြောနေကြသည် ။

စိတ်ဝမ်းတော်ပြေ  အနေတော်ကျလာပါက ကျူးကျော်သူမှ တပါး အားလုံးကိုပင် ပြန်လွှတ်လိမ့်မည် ဖြစ်ကြောင်း ထင်ကြေးပေးသူများလည်း ရှိကြပါသည် ။

ထို ကောလဟာလ သတင်းအမျိုးမျိုး ကို ချေဖျက်သည့်သတင်းတခု မကြာမှီ  ရွှေနန်းတော်ကြီးဆီမှ ပြင်ပသို့ ပေါက်ကြားလာပါတော့သည် ။ အဆောင်ရ ၊ နန်းရ မိဖုရားကြီး တို့ ၊ အကြီးအကဲ  မိဖုရားကြီးတစု တို့ မင်းတုန်းမင်းတရားကြီးဘုရား အား လျှောက်ထားကြသည်ဟု  ကြားရပေသည် ။ ကျူးကျော်သူ နှင့် ကိုယ်ထိလက်ရောက် အားပေးအားမြှောက်ပြုသူ သစ်ဆိမ့်မိဖုရား နှင့် အပျိုတော်နှစ်ယောက် ကိုသာ ထိုက်သင့်သော အပြစ်ပေးဆုံးမခြင်း ပြုလုပ်ပြီး ကျန် ရဟန်းရှင်လူများအား အပြစ်တော်မှ ချမ်းသာခွင့်ပေးပါရန် ဖြစ်ပေသည် ။ ဘဝရှင် မင်းတရားကြီး ဘုရား ကလည်း  မယ်မင်းတို့ပါ နောက်တကြိမ် သည် အမှုမျိုး မကျူးလွန်ဝံ့စေရန် ပြင်းပြင်းထန်ထန် အရေးယူ နမူနာပြသသည့် သဘောဖြစ်၍ အမိန့်တော်မြတ်အတိုင်း ကွပ်မျက်ရမည်ဟု ပြောကြားတော်မူ၍ နောက်တကြိမ်မျှပင် မတင်လျှောက်ဝံ့တော့ကြောင်းပင် ဖြစ်ပါသတည်း ။

ရာဇဂုရု ဘွဲ့တံဆိပ်တော်ရ  ဆရာတော်ဘုရားကြီး များ ဖြစ်သည့် သင်္ဂဇာဆရာတော် ဘုရားကြီး ပင် သွားရောက် မေတ္တာရပ်ခံခဲ့သည် ကို မင်းတရားကြီးဘုရား က ဆိတ်ဆိတ်နေခဲ့သည့်အတွက် လက်လျှော့ပြန်ခဲ့ရပေသည်။

ထို သတင်းများကြောင့် နန်းတော်အတွင်း ဩဇာညောင်းသည် ဆိုသော ဗန်းမော်ဆရာတော် ၊ ရှမ်းကလေးကျွန်း ဆရာတော်ကြီးများ ပင် မသိကျိုးကျွန်ပြု နေကြလေသည် ။ ငယ်ရွယ်သူ ကျောင်းသားရှင်သာမဏေများ ကိုသာ ကင်းလွတ်စေပြီး ရဟန်းတော် နှစ်ကျိပ် ၊ သာမဏေ လေး ၊ ဝတ်ကြောင်ခြောက် ပေါင်း သုံးကျိပ် တိတိ တို့ကို ကွပ်မျက်သုတ်သင်ရန်  ရက် သတ်မှတ်လိုက်ပါတော့သည် ။

(၄ )

တောင်စွယ်နေကွယ်လျှင် သတ်ဖြတ်ရမည့် နေ့ ၊ နံနက်အာရုဏ်တက်ချိန်တွင် အရှေ့တံခါးမှ တောင်ဝှေးတချောင်း ထောက်၍ ဆရာတော်ကြီး တပါး တံခါးကို လာရောက်ပြီး တောင်ဝှေးဖြင့် ခေါက်ပါလေသည် ။ တံခါးမှူး အမေးအလျှောက် ရှိ၍ ပထမရွှေကျင်ဆရာတော်ဘုရား ဖြစ်ကြောင်း ပြောပြချက် အရ မနေသာဝင့်သော  အကြောင်းကြောင့်  တံခါးမှူး က ဖွင့်ပေးလိုက်ရပါတော့သည် ။

နန်းတော် အဝင် သစ်တပ်မြို့ရိုး တံခါးနီတော် ရောက်ပြန်သော် ရှေးနည်းအတိုင်း အတွင်းတော်သို့ ဝင်ခွင့် ပြုလိုက်ရပါသည် ။ ဘဝရှင်မင်းတရားကြီးဘုရား စက်တော်ခေါ်ရာ မှန်နန်းဆောင် သို့ အိပ်ဖန်တော်သားများ အကူအညီဖြင့် ရောက်ရှိသွားပါလေသည် ။ ဘဝရှင် မင်းတရားကြီးဘုရား စက်တော်ခေါ်ရာ သလွန်ညောင်စောင်း ကို တောင်ဝှေးဖြင့် ခေါက်၍ နှိုးတော်မူရာ မင်းတရားကြီးဘုရား လည်း စက်တော်ခေါ်ရာမှ မျက်စိဖွင့် အကြည့်တွင် ပထမရွှေကျင်ဆရာတော်ဘုရားကြီး ကို မြင်တော်မူ၍ စက်တော်ခေါ်ရာမှ ချက်ခြင်းတဖြုတ် ထကာ ရွှေကျင်ဆရာတော်ဘုရားကြီး ကို နေရာထိုင်ခင်း ပေးလျက်  ဦးချပြီး    ....

“ အသျှင်ဘုရား ၊ မည်သို့သော အရေးအခင်းတော် အတွက် ယခုကဲ့သို့ အာရုဏ်တက် ကြွလာရပါသနည်း  ... ဘုရား ... ”

“ တကာတော် မင်းတရားကြီးအတွက် လာခဲ့ရပါသည်  ...  ။ တကာတော် သည် မင်းသားဘဝ ငါ နှင့် အတူ ရှိစဉ်က ငါ့ အား သာသနာ့ဝန် ထမ်းဆောင်၍ သာသနာ ကို စောင့်ရှောက်တော် မူပါ ... ဘုရား တပည့်တော်လည်း  သာသနာ ကို ပြုစုနှိင်သော မင်း အဖြစ် ရအောင် ကြိုးပမ်းပါမည် ဟု .. ငါ့ အား လျှောက်တင်ထားခဲ့သည်ကို မှတ်မိပါသေး၏ လော   .... ”

“ မှန်လှပါ ...  ဘုရားတပည့်တော် လျှောက်ထားချက် အတိုင်း သာသနာကို ပြုစုနှိင်သော မင်း အဖြစ် ရရှိပြီးသည့်နောက် အသျှင်ဘုရား နှင့် အတူ သာသနာ ကို ပြုစုလျက် ရှိကြောင်းပါ  ဘုရား ..... ”

“ အိမ်း ..... သာသနာ ကို ပြုစုသည့် မင်း အဖြစ် ခံယူသူ က သာသနာအကျိုး သယ်ပိုးမည့် ရဟန်းတော် ၊ သံဃာတော်များကို ကွပ်မျက်ရပါသလော .... ၊ သူ့ အပြစ်ကို ကိုယ့် အပြစ် ဘောက်မဲ့ ပြုရမည်နည်း တကာတော်  ....”

မင်းတုန်းမင်း တရားကြီးဘုရား လည်း အတန်ငယ် စဉ်းစားတော်မူပြီးနောက် လျှောက်တင်လိုက်သည် ။

“ အသျှင် ဘုရား .... ဘာကို အလိုရှိပါသနည်း ဘုရား  ....”

“ ငါ အလိုရှိသည်မှာ  သာသနာ တိုးတက်ထွန်းကားဖို့ပင် ဖြစ်ပေသည် တကာတော် ...  ။ သို့အတွက် သာသနာ ပြုစုမည့် ရဟန်းရှင်လူ အားလုံးကို လွတ်စေလိုသည် တကာတော်  ...”

“ လွတ်စေရပါမည်  ... ဘုရား ”

“ လွတ်စေရရုံဖြင့် မပြီးပြေနိုင်သေး တကာတော်  ...  ။ သူတော်ကောင်း တို့ကို  ပြစ်မှားမိသောအပြစ် တကာတော် တွင် ရှိနေပေသည် ။ သို့အတွက် အကျဉ်းချခံနေရသော ရဟန်းတော် အားလုံး အပြစ်မှ ကျေချောအောင် တိစေဝရိတ် သင်္ကန်းများ ဖြင့် ငါ့ ရှေ့တွင် ယခုပင် ကန်တော့ပါလေ တကာတော်  ...”

“ မှန်လှပါ .. ဘုရား ။ ယခုပင် လွတ်စေ၍ ဆွမ်းတော်များ ကျွေးမွေးဆက်ကပ်၍ တိစေဝရိတ် သင်္ကန်းတော်များ လှူဒါန်းပါမည် ဘုရား ....” ဟု ကတိပေးရပါလေသည် ။  ( ပထမ ရွှေကျင်ဆရာတော်ဘုရားကြီး မှာ သာသနာပိုင် ဖြစ်၍ အလိုတော် မကျလျှင် မင်းတရားကြီး ကိုပင် တောင်ဝှေးတော် ဖြင့် ထိုးတတ်သည် ဟု သတင်းကြီးနေသော  ဆရာတော် ဖြစ်ပါသည် ။ )

မင်းတရားကြီးဘုရား လည်း  ရွှေကျင်ဆရာတော်ဘုရားကြီး အား စွယ်တော်ဆောင် တွင် ပင့်ဖိတ်၍ အာရုံဆွမ်း ကပ်လှူပါသည် ။ ဆွမ်းဘုန်းပေးနေသခိုက် အချုပ်အကျဉ်းချခံ ရဟန်းတော်များ အားလုံး နှင့် လူဝတ်ကြောင်များ သည် အမိန့်တော်ဖြင့် မင်းတရားကြီးဘုရား နှင့် ဆရာတော်ဘုရားကြီး ရှိရာသို့ ရောက်ရှိလာပါလေသည် ။ ထို ပုဂ္ဂိုလ် တို့ကို မြို့ဝန်ကြီး နှစ်ပါး ဘီရိုလှည်း ဖြင့် ပင့်ဆောင်ခေါ်လာခြင်း ဖြစ်လေသည် ။

ဘဝရှင်မင်းတရားကြီးဘုရား လည်း ပထမရွှေကျင် သာသနာပိုင် ဆရာတော်ဘုရားကြီး အလိုတော် အတိုင်း ဆွမ်းများ လုပ်ကျွေးဆက်ကပ်ပြီး နောက် တိစေဝရိတ် သင်္ကန်းများလှူဒါန်း ၍  အပြစ်မှ ကျေချောအောင် တောင်းပန်ရပါသည် ။ ထိုသည့်နောက် သီတင်းသုံးရာ ကျောင်းတိုက်အသီးသီး သို့ လိုက်လံ ပို့ဆောင်ပေးလိုက်ပါတော့သည် ။

ထိုနေ့မှစ၍ ဘဝရှင်မင်းတရားကြီးဘုရား သည် “ လှေကြီးပေါ် လှေငယ်တင် ။ ပဲ့ပြင် က လှုပ် ၊ လှိုင်း က ပုတ်  “ လာရသော အရေးအခင်းအတွက် မမေ့မလျော့နှိင်ဘဲ ဖြစ်ပေါ်လာရသည့် အကြောင်းအခြင်းအရာ တို့ကို ကြေညက်စွာ အပြန်ပြန် အလှန်လှန် သုံးသပ်ပါသည် ။ ဖြစ်ခဲ့သမျှသော အဖြစ်တို့၏ ဇစ်မြစ်အကြောင်းကို ချင့်တွက်တော်မူသည် ။ မိဖုရား တပါး ရရှိခံစားအပ်သော အခွင့်အရေး နှင့် အာဏာစည်းစိမ် ချမ်းသာ ၊ မင်းချမ်းသာ တို့ကား လောကတွင် နှိုင်းယှဉ်တုပ မရနှိင်လေသော လောကီ စည်းစိမ် ချမ်းသာတို့ပင် မဟုတ်ပါလား ။  သို့ပေမင့် ထိုအရာတို့ထက် ခုံမင်တွယ်တာ မက်မောစွာဖြင့် အသက်ကို စွန့်ဝန့်လောက်အောင် ဖြစ်ပေါ်လာရသော အဖြစ်တို့ ၏ အဖြေကား အဘယ်နည်း ။ ထို အဖြေ ကို မင်းတရားကြီး တွေ့ရှိပေပြီ ။ “ ငါသည် ရေမြေ့သနင်း ပြည့်ရှင်မင်း ဖြစ်ချေ၍ ငါ့ အလိုတော် ရှိတော်မူတိုင်း ပြည့်စုံရသည် ချည်းပင် ။ ငါ သည် နုနယ်ပျိုမြစ်ဆဲ အချိန်အရွယ်ပင် ရှိနေဆဲပင် ။ ငါ ၏ စွမ်းပကားဖြင့် သင်းတို့ ခံစားလိုသော လောကီစည်းစိမ် ကာမဂုဏ်ရမက် ကို ဉာဏ်တော်ဖက်၍ ငါ ၏ မိဖုရား အပေါင်းတို့ အား အလိုတော် ပြည့်ဝစေအံ့ ” ဟု ကြုံးဝါးတော်မူလျက်  ငယ်ကျွန် လက်စွဲတော်ကြီး ဦးရွှေမောင်ကြီး အား “ ငါ့ မိဖုရားများ အဆောင်နန်းသို့ ငါ ကိုယ်တော် ကူးသည့် အချိန်နာရီ နေ့ရက် တို့ကို စာရင်းဖွင့် မှတ်တမ်း ထားရှိစေ ။ မိဖုရားတို့ အား တည လျှင် တပါးကျ အလှည့်တော် ပေးရမည် ။ မည်သည့် မိဖုရားအဆောင်တော် မှ  စတင်၍ မည်သည့် နေ့ရက်  မည်သည့် အဆောင်တော် ကူးရမည်ဆိုသော အစီအစဉ် စာရင်းဇယား နှင့်တကွ ငါ ၏ အလိုတော် ကို သိရှိပြီးသော ငယ်ကျွန် ငမောင်ကြီး က နေ့စဉ် ငါ့ အား ညညီလာခံ မတိုင်မှီ တင်ဆက်စေ ” ဟု အမိန့်တော်မြတ် မှတ်လိုက်ပါလေသည် ။

မြန်မာမင်းဆက်ပေါင်း ( ၁၈၆ ) ဆက် ၊ နှစ်ပေါင်း ( ၃၀၀၀ ) နီးပါးမျှ ၊ မြန်မာနိုင်ငံတော် ကို တကောင်းမြို့ မှ စတင်တည်ထောင် အုပ်စိုးခဲ့သော မြန်မာမင်းအပေါင်း တို့ ကိုယ်ရေးမှတ်ရာများ ကို ရှာဖွေစူးစမ်း လေ့လာခဲ့သော်လည်း မင်းတုန်းမင်းတရားကြီး မှ တပါး မိဖုရား အဆောင်တော်ကူး မှတ်တမ်း ထားရှိခဲ့သည်ဟု မကြားဖူး ၊ မတွေ့ဖူးမိပါ ။ ထူးခြားစွာ ဆောင်တော်ကူးမှတ်တမ်း ဖွင့်လှစ်ထားရှိခဲ့သော တပါးတည်းသော မင်း ဖြစ်သည် ။  ဘဝရှင် မင်းတရားကြီးဘုရား စိတ်တော်ကြည်သာသော နေ့တနေ့တွင် ငယ်ကျွန်တော် လက်စွဲတော်ကြီး ဦးရွှေမောင်ကြီး မှာ စကားစပ်မိသည့် အဖြစ်ကြောင့် ...

“ ကျွန်တော်မျိုးကြီး စောင့်ရှောက်ထိမ်းသိမ်းရတော်မူသော ဆောင်တော်ကူးမှတ်တမ်း ကို နာမတော် အသစ် ပြောင်း၍  သားစပ် မှတ်တမ်း ဟု ပြောင်းလွဲ ခေါ်ဝေါ်တော်မူခွင့် ပြုတော်မူပါဘုရား ....” ဟု နားတော် အလျှောက်တွင်  သောက်တော်ရေ ရွှေဖလားဖြင့် ဦးရွှေမောင်ကြီး နဖူး ကို ဘဝရှင် မင်းတရားကြီးဘုရား ထုတော်မူလိုက်၍ ဦးရွှေမောင်ကြီး နဖူးတော် “ ဖု ” သွားပါလေသည် ။

ဦးရွှေမောင်ကြီး ၏ နဖူးတော်ကြီးမှာ ၁ ရက် မက ၁ဝ ရက် မျှနှင့်လည်း မပြေပျောက်သည်ကို မြင်ကြရသော ဝန်ကြီးများ ၊  ဝန်လေးများ တွေ့ရှိ၍ မေးတော်မူကြသောအခါ ဦးရွှေမောင်ကြီး က “ မင်းတရားကြီးဘုရား ၏ ဆောင်ကြာမြိုင် မှတ်တမ်း အရေးအသား ချို့ယွင်း ချွတ်ချော်မိသည်ကို အပြစ်တော်ယူကာ ရွှေဖလားတော်ဖြင့် ထုတော်မူသောကြောင့် နဖူးတော် “ ဖု ”  ရခြင်း ဖြစ်ကြောင်း မေးမြန်းစုံစမ်းသူများအား ပြန်လည်ပြောပြ၍ တသောသော ရယ်ကြသောဟူ၏ ။

ထိုနေ့ ထိုရက်ထိုအချိန်အခါ မှ စ၍ တညလျှင် တဆောင်ကျ ကူးတော်မူသော ဘဝရှင် မင်းတရားကြီးဘုရား အား ၆၃ ပါးမျှ ရှိသော မိဖုရားများ က အဆောင်တော်ကူး ရက်ဝေး အလှည့်ပေး နည်းသည်ကို ဦးရွှေမောင်ကြီး အား ဆန္ဒပြ အရေးဆိုကြပါသည် ။ ထိုပြဿနာ စတင်ပေါ်ပေါက်လာပြီးသည့်နောက် ချီးကျူးအံ့ဩဖွယ် မယုံကြည်နှိင်ဖွယ် ကောင်းသော ဗမာ့ ဆေးပညာ အစွမ်းဖြင့် မင်းတုန်းမင်းတရားကြီး ဘုရား ၏ မိဖုရားကြီး အပေါင်းတို့အား  နှိင်နင်းစွာ ထိန်းချုပ် ကွပ်ကဲတော်မူခဲ့ပုံတို့သည် စံတင်ရလောက်ပေသည် ။

မင်းတုန်းမင်းတရားကြီးဘုရား နတ်ရွာလားတော်မူချိန်တွင် မိဖုရားပေါင်း ၈ဝ ၊ ရှစ်ကျိပ်တိတိ ကျန်ရှိခဲ့ကြောင်း အချို့သော ရာဇဝင် သုတေသီများပင် မသိရှိလိုက်ပါ ။

ရင်သပ်အံ့ဩ ချီးမွန်းဖွယ်ကောင်းသော မြန်မာ့ ဆေးပညာ စွမ်းပကားကို အခြေခံ ထား၍ ဖြစ်ပေါ်လာရသော မင်းတုန်းမင်းတရားကြီးဘုရား ၏ ဆောင်ကြာမြိုင် ပုံပြင်ပေါင်းမှာလည်း အရာမက အထောင်မျှလောက်ပင်   မှတ်တမ်း မတင်ရသေးဘဲ လူထုထဲတွင် တဝဲလယ်လယ်ဖြင့်  ရှေးစကားအဖြစ် ကျန်ရှိနေရစ်သေးသည် ကို    အခွင့်ရလျှင် စာဖတ်သူများသို့ စုဆောင်းတင်ပြပေးနှိင်ရန် ကြိုးစားပါမည့်အကြောင်း သတင်းကောင်းပါးရင်း  “  ပဲ့ပြင်ကလှုပ် ၊ လှိုင်းကပုတ် ” သားစပ် မှတ်တမ်း ကို နိဂုံးချုပ်လိုက်ပါသည် ။


◾ချစ်စိန်လွင်

📖 ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း

အပိုင်း ၂  ❝ ခြိုးခြံတော် မူပါဘုရား ❞  ကို ဆက်လက် တင်ပေးပါမည် ။

koaungnaingoo.blogspot.com

.

ရာဇဝင်ထဲက တစ္ဆေများ

 

❝ ရာဇဝင်ထဲက တစ္ဆေများ ❞


၁၁၁၅ - ခုနှစ်တွင် ရွှေထီးရွှေနန်း သိမ်းမြန်းစိုးစံတော်မူသည့်  အလောင်းမင်းတရားကြီးသည် တပယင်းမြို့ စီရင်စု ဥသျှစ်ကုန်းကျေးရွာဇာတိ ဖြစ်တော်မူသော ရှင်ယသအမည်ရှိ မထေရ် မြတ်ကို မဟာအတုလယသဓမ္မရာဇဂုရု တံဆိပ်တော် ကပ်လှူတော်မူ၍   သာသနာတော်ကို စည်ပင်ပြန့်ပွားအောင် ဆောင်ရွက်တော်မူပါဟု အပ်နှင်းသည် ။ ထိုအခါ ဆရာတော်ကြီး သည် အလဇ္ဇီ ပွဲကျောင်း ၊ လက်ဝှေ့သတ် ၊ မီးဖောက် ၊ စည်တီးကြသည့် ရှင်ကြမ်းများကို နှိမ်နင်း၍  သာသနာတော်မြတ်၏ အကျိုးစီးပွားကို ရွက်ဆောင်လေသည် ။


ထိုကာလ၌ ဥသျှစ်ကုန်းကျေးရွာသည် တောင်အရပ် ၊  မြောက်အရပ် ၊ အရှေ့အရပ် ၊ ကုန်းရိုးအရပ် ၊ အိုးသည်ရပ် ဟူ၍ ရပ်ကွက်ပေါင်း ( ၆ ) ခုရှိသည့်အနက် တောင်အရပ်မှာ အတုလဆရာတော်က အမိအဘတို့အိမ်နေရာတွင် စေတီတည်၍  စေတီ၏ဘွဲ့တော်ကို  တောင်းတိုင်းပြည့်ဟု သမုတ်သည် ။ ၎င်းစေတီ၏အရှေ့ဘက်တွင်လည်း ဘေးမဲ့ချမ်းသာဟူသော စေတီတစ်ဆူကို တည်သည် ။ ဥသျှစ်ကုန်းကျေးရွာတွင် ရှေးကောင်းမှုဖြစ်သည့်စေတီဟောင်း ရွှေချမ်းသာဘုရား ဟူ၍ ရှိလေသည် ။ နှစ်စဉ်နှစ်တိုင်း နယုန်လပြည့်နေ့တွင် ရွှေချမ်းသာဘုရားမှာ ဆွမ်းကပ်လှူပူဇော်ကြသော  ဓလေ့ထုံးစံများ ရှိသည် ။


ရွာမ ၊ သစ်ချိုရွာ ၊ အင်ကြင်းပင်ရွာ ၊ ကန်နီရွာ ၊  တောင်ချောင်းရွာ ၊ လိမ်လှရွာ ၊ ကျောက် ဆောက်ရွာ ၊ ငနောင်ကြီးအိုင်ရွာ စသည်များမှ လူကြီးလူငယ်များကလည်း ဆီမီးတန်ဆောင်များ ထွန်းညှိပူဇော်ကာ မီးစက် ၊ မီးပျံပွဲသဘင်များခံ၍ ဘုရားကို ပူဇော်ကြသည် ။ ဝါကျွတ် ၊ တန်ဆောင်မုန်းလပြည့်များတွင်လည်း သင်္ကန်း ၊ ဆွမ်းကပ်လှူခြင်း ၊ သံဃာတော်များအား ဆွမ်းကပ်လှူခြင်း စသည်ဖြင့် တစ်နှစ်ပတ်လုံး တန်ခူးလ ၊   ကဆုန်လများမှာပါ အလွန်စည်ကား သိုက်မြိုက်စွာ လှူဒါန်းနိုင်ကြလေသည် ။


ထိုကာလ၌ ဥသျှစ်ကုန်းကျေးရွာသည် အိမ်ခြေတစ်ထောင်ရှိသည့်  ကျေးရွာကြီးဖြစ်လေ သည် ။  ဥသျှစ်ကုန်းကျေးရွာ တောင်ပိုင်းရပ်တွင် နေထိုင်သည့် အလွန်သတ္တိကောင်းသည်ဟု နာမည်ကျော်စောသော ငချမ်းကောင်း ကြောင့်လည်း ဥသျှစ်ကုန်းကျေးရွာကို ထိုဒေသတစ်ဝိုက်က လူသိများသည် ။ ငချမ်းကောင်းကား အသက် ( ၃ဝ ) ခန့်ရှိပြီးလျှင် သူ့တွင် မယား မိအေးညိုနှင့် သူ့ လိုပင် သတ္တိကောင်းသည့် တောလုံးမွေး နှင့် တွေ့မရှောင်ဟူသော ခွေးနှစ်ကောင်ရှိ၏ ။  ငချမ်းကောင်း ၏ အသက်မွေးမှုပညာကားဥသျှစ်ကုန်းကျေးရွာ နှင့် ခရီးနှစ်တိုင်ခန့် ဝေးသည့် ထင်ကုန်း တောတွင် နွေမိုးမပြတ် တဲကလေးနှင့်နေထိုင်ကာ လယ်ယာလုပ်ကိုင်စားသည် ။ ခွေးနှစ်ကောင် နှင့် ဒရယ် ၊ ယုန် စသည့် သားကောင်ငယ်များကို လိုက်သည့်အခါလည်း လိုက်သည် ။ သူ၏ခွေး နှစ်ကောင်သည် ထိုသို့သော သားကောင်ငယ်များကို သာမက သူတို့သခင်က အလိုရှိလျှင် ကျား သစ်ကိုပင်  သေအောင်ကိုက်၍ ဖမ်းယူလာနိုင်သည်ဟု ကျော်စောလေသည် ။

 

ငချမ်းကောင်းနေသော ရွာ နှင့် တော အကြားသည် တစ္ဆေသရဲအလွန်ခြောက်သည် ၊ တော ကြမ်းသည်ဟု နာမည်ကြီးသည် ။ အခြောက်အလှန့်ခံရသူများသည်လည်း လန့်ပြီး ဖျားကာ သေကျေကြသည်ဟုဆိုသည် ။ ထို့ကြောင့် ဤခရီးအကြားသို့ မဖြစ်မနေ သွားရမည်ဆိုလျှင် အဖောက် သုံးလေးယောက်ပါမှ  သွားဝံ့ကြသည် ။  နေဝင်ရီတရော ဆိုလျှင်လည်း  မည်သူမျှ မသွားဝံ့ကြ ။ ထို့ ကြောင့် ထိုခရီးသည် အမြဲပင် လူပြတ်လျက်ရှိ၏ ။ တစ်ခုသော  တပေါင်းလပြည့်နေ့တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် သံဃဒါန ဆွမ်းလောင်းပွဲကြီး ရှိသည်ဖြစ်၍  ငချမ်းကောင်း သည် လဆန်း ( ၁၄ ) ရက်ညတွင် ရွာပြန်အိပ်မည်ဟူသော  စိတ်ကူးဖြင့်  ညစာထမင်းကိုစားပြီး ကိုင်စွဲနေကျ ဓားမကို ယူကာ ခွေးနှစ်ကောင်ကို အဖော်ပြု၍ တောနေတဲကလေးမှ ထွက်လာခဲ့၏ ။


ရွာ နှင့် သူနေသော တောအကြားတွင် ထိန်ပက်ကားခေါ်သည့် ရေအိုင်ကြီးရှိ၏ ။ ထိုရေအိုင် ကြီးအနီးတွင် အရိပ်အာဝါသကောင်းလှသော ညောင်ပင်ကြီးတစ်ပင်လည်း ရှိသည် ။ တစ္ဆေ ခြောက်လှန့်တတ်သည်မှာ ဤညောင်ပင်ကြီး ပတ်ဝန်းကျင်မှာပဲ ဖြစ်သည် ။ ထို့ကြောင့် ငချမ်း ကောင်း သည် သတိမြဲမြဲနှင့် လက်တစ်ဖက်ကလည်း ဓားကိုဆုပ်ကိုင်ကာ ညောင်ပင်ကြီးအနီးသို့ ရောက်လာလျှင် မြင်းတစ်ကောင်သည် ခွာသံပြင်းပြင်းနှင့် သူ့ထံသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရ၍ သူသည် အသင့်အနေအထားဖြင့် ဓားကိုစွဲကာ   တည်တံ့စွာ ရပ်နေလိုက်၏ ။ မြင်းသည် သူ့ ရှေ့မှာပဲ ဖျပ်ခနဲ ပျောက်သွားကာ လူတစ်ယောက်အသွင်ဖြင့် ညောင်ကိုင်းမှာ တွဲလဲဆွဲလျက် လျှာအရှည်ကို ထုတ်ကာ  မြေကြီးပေါ် ပုံချထားပြီးသူ့ကို ခြောက်သည် ။


'' ရော် ... ဒီတစ်ခါ နင် နဲ့ ငါ   တွေ့ကြပြီပေါ့ ''


ငချမ်းကောင်းသည် ဤသို့ရေရွတ်အော်ဟစ်ရင်း လက်မှ ဓားနှင့်ညောင်ကိုင်းကို ခုတ်လျှင် တစ္ဆေသည် တွဲလဲချနေရာမှာ ညောင်ကိုင်းကို လွှတ်ကာ တောထဲသို့ ဝင်ပြေး၏ ။ ထိုအခါ ခွေးရဲ နှစ်ကောင်ကလည်း တစ္ဆေနောက်သို့ တစ်ဟုန်ထိုးလိုက်ကြလျှင် ငချမ်းကောင်း သည်လည်း သူ့ ခွေးများကို အမီပြေးလိုက်၏ ။ တစ္ဆေသည် ကျွန်းပင်ပေါ်သို့ တက်ကာ ပုန်းနေသည်ထင်၏ ။ ခွေး နှစ်ကောင်သည် ကျွန်းပင်ကိုပတ်ကာ   စူးစူးရဲရဲဟောင်နေလျှင် ငချမ်းကောင်းသည် ကျွန်းကိုင်းများကို နှင်တံနှင့် လိုက်ရိုက်သောအခါ   တစ္ဆေသည် ကျွန်းပင်ပေါ်မှ  ဆင်းကာ မထင်မရှား တရိပ်ရိပ်ဖြင့် ပြေးပြန်၏ ။ ခွေးရဲနှစ်ကောင်ကလည်းထိုအရိပ်နောက်သို့ လိုက်၏ ။ တစ္ဆေသည် လမ်းမှာရှိသမျှသော သစ်ပင်များပေါ်သို့   အတက်အဆင်း လုပ်ကာပြေး၏ ။ ခွေးနှစ်ကောင်ကလည်း  အလွတ်မပေးပဲ တကောက်ကောက် လိုက်၏ ။ ဤသို့ဖြင့် ပြေးရင်းလိုက်ရင်း ဥသျှစ်ကုန်းကျေးရွာ အနီးရှိ မုက္ကောဘုရားဝင်းအနီးသို့ ရောက်လာကြ၏ ။  နေကလည်း ဝင်လေပြီ ။


ထိုအခါ မုက္ကောဘုရားတောင်ဘက်ရှိ ရေကန်အနီးတွင် ပေါက်နေသော ခံတက်ပင်တစ်ပင်၏ အခေါင်းပေါက်ကြီးထဲသို့ တစ္ဆေဝင်သွားသည်ကို ခွေးရဲနှစ်ကောင်သည် မြင်သည်ဖြစ်၍ ထိုသစ်ပင်ခေါင်းကိုကြည့်ကာ ဟောင်တော့၏ ။ ထိုနေရာက မခွာတော့ချေ ။ ငချမ်းကောင်းမီလာ လျှင်  တစ္ဆေ သစ်ခေါင်းထဲမှာရှိနေပြီကို  သိလိုက်၏ ။ ( ခွေးများသည် လူတို့မျက်စိဖြင့် မမြင်နိုင်သည့်နာနာဘာဝ ၊ တစ္ဆေသရဲ စသည်များအား သူတို့မျက်စိဖြင့်  ထင်ရှားစွာ မြင်တွေ့နိုင်သည်ဟု ရှေးလူများက ယုံကြည်လက်ခံထားကြ၏ ၊ ) ငချမ်းကောင်း သည် သစ်ပင်ခေါင်းထဲသို့ နှင်တံသွင်း ကာ မွှေနှောက်လျှင်  တစ္ဆေသည် နေရာမရှိတော့ပြီဟု  သစ်ခေါင်းမှ ထွက်ကာ ပြေးပြန်၏ ။ ခွေးရဲနှစ်ကောင်ကလည်း တစ္ဆေ ပြေးရာသို့   အစဉ်တစိုက် လိုက်ပြန်၏ ။   ငချမ်းကောင်း သည်လည်းသူ့ ပကတိမျက်စိဖြင့် တစ္ဆေကို မြင်တွေ့ခြင်း မရှိသော်လည်း  ခွေးများပြေးရာနောက်သို့  အမီလိုက်ရင်းဖြင့် အားကုန်ပြေး၏ ။


ဤသို့ဖြင့် ဥသျှစ်ကုန်းရွာ နှင့် နီးကပ်နေသော နှောရင်း ခေါ် လယ်ကန်သင်းရိုးမှာ ရှိနေသည့် ပုစွန်တွင်း( ကဏန်းတွင်း ) ဝကို   ခွေးရဲနှစ်ကောင် ယက်ရင်းဟောင်နေကြသည်ကို ငချမ်းကောင်း မီလာ၍ တွေ့ရလျှင် -


'' ဒီထဲ ရောက်နေတာကိုး ၊  နင်နဲ့ငါ တွေ့ကြပြီပေါ့ ၊ နင်မသေရင် ငါမနေဘူး '' ဟု ကြုံးဝါး ကာ ပုစွန်တွင်းခေါင်းဝကို  လုံခြုံစွာ ပိတ်ထားပြီးလျှင် အိမ်သို့ပြန်၍ သံတူးရွင်းကို ယူ၏ ။ ခွေးရဲ နှစ်ကောင်ကိုကား တွင်းစောင့်ထားခဲ့သည် ။ ရောက်လာလျှင် ပုစွန်တွင်းကို တူးတော့၏ ။ ထိုအခါ ကြောက်လွန်း၍  ပုန်းလျှိုးဝပ်ခွေနေသည့်  ပုတ်သင်ကြီးတစ်ကောင်ကို  ငချမ်းကောင်း တွေ့လိုက်ရလျှင်  '' နင်ပဲ မဟုတ်လား '' ဟုဆိုရင်း တူးရွင်းနှင့် ရိုက်လျှင်  ပုတ်သင် သေ၏ ။ ထိုပုတ်သင်အသေ ကောင်ကို ငချမ်းကောင်းသည် အမြီးမှဆွဲကာ ရွာအနောက်ဘက်ရှိ ကန်နီတောထန်းတဲစုသို့ယူ သွားပြီးလျှင် ထန်းသမား ငပိုက် နှင့် သူ့မယား မိလွမ်းမွှေးတို့၏ တဲ၌ ပုတ်သင် ကို မီးဖုတ်၍   ထန်းရေခါး နှင့် ကုန်အောင်  မြည်း၏ ။


ထိုတစ္ဆေသည် ပုတ်သင်ဟူသော  မိမိ၏ ရုပ်ကို စွဲလမ်းသောစိတ်ဖြင့် ငချမ်းကောင်း နောက် သို့     လိုက်ပါလာသည်ဖြစ်ရာ သေလျှင် ထန်းရည်သည်မ မိလွမ်းမွှေး ဝမ်း၌ ပဋိသန္ဓေ ယူလေ၏ ။ မွေးလာလျှင် သားယောက်ျားလေး ဖြစ်နေ၏ ။ ထိုကလေးသည် နို့စို့အရွယ်ကပင် ငချမ်းကောင်း ထန်းရည် သောက်လာသည်ကို  မြင်တိုင်း ချော့မြှူမရအောင် သည်းထန်စွာ ငို၏ ။ မိလွမ်းမွှေး က တဲပြင်သို့ ချီယူသွားသောအခါမှ အငိုတိတ်၏ ။ စကားပြောတတ်သည့် သုံးနှစ်ကျော်အရွယ်သို့ရောက်လျှင် ငချမ်းကောင်း   ထန်းရည်ခါး လာသောက်သည်နှင့်   ကိုးကွယ်ရာ ရှာမရသကဲ့သို့ သူ့ အမေရင်ခွင်မှာ မျက်နှာဝှက်ကာ '' ကြောက်တယ် ၊ ကြောက်တယ် '' ဟု အော်ငို၏ ။


အမိဖြစ်သူ မိလွမ်းမွှေး က '' ငါ့သား ဘာဖြစ်လို့ ကြောက်တာလဲ '' ဟုမေးလျှင် '' ငါ့ ကို မီးဖုတ်ပြီး ထန်ရေခါးနှင့် သူမြည်းလို့ သူ့ကို ကြောက်တယ် '' ဟု  ပြော၏ ။ ထိုအခါ ငချမ်းကောင်း က တဟားဟား ရယ်၏ ။ ထိုတစ္ဆေ ပုတ်သင်ဘဝ နှင့် သေသွားသည့် နေ့မှစ၍ ထိန်ပက်ကားအိုင် အနီးရှိ ညောင်ပင်ကြီး တောလမ်းခရီးတွင် အခြောက်အလှန့် မရှိတော့ ။ ခရီးလမ်း သာယာသွား၏ ။ ငချမ်းကောင်းသည် အသက် ( ၈ဝ ) ကျော်သည်အထိ နေသွားရကာ ( ၁၁၅၈ ) ခုနှစ်သို့ ရောက်မှ အနိစ္စ ရောက်လေ၏ ။


( ရဟန္တာအရှင်မြတ်  ရှင်နာဂသိန် နှင့် မိလိန္ဒမင်းကြီး တို့၏ အမေးအဖြေတွင် အရှင်နာဂသိန် ဖြေဆိုတော်မူသည်မှာ ဘီလူးတဇ္ဇေ စသည်တို့ သေလွန်လျှင်  ပုတ်သင် ၊ ဖား ၊ ငှက်  စသည့်သဏ္ဌာန် ဖြစ်သွားသည် ) ဟု  ဆိုထား၏ ။


တစ္ဆေသရဲ စသည့် ပရလောကသားများတွင် အယောင်ဆောင်ခြင်း ၊ ဖန်ဆင်းခြင်းအစရှိ သည့်  ကမ္မဇသိဒ္ဓိ တန်ခိုး ရှိတတ်ကြသည် ။ သူတို့၏ ကံအလျောက် ဖြစ်ပေါ်လာသည့်တန်ခိုးဟု ဆိုနိုင်မည်ဖြစ်သည် ။ သူတို့ကို အကြောင်းအကျိုး ဆက်မှ မြင်တွေ့နိုင်ခွင့် ရှိသည်ဟုလည်း ရှေးစာ များက ဆိုသည် ။


ရာဇဝင်တွင် ရာမညတိုင်း ၊ ဟံသာဝတီ ၌ စိုးစံခဲ့ကြသည့် မင်းများ အနက်မှ သုရှင်တကာရွတ်ပိမင်းသည် တဇ္ဇေမ နှင့် သံဝါသ ဖြစ်ခဲ့ကြောင်း အထင်အရှား တွေ့ဖူးသည် ။ သုရှင်တကာရွတ်ပိမင်းသည် သက္ကရာဇ် ( ၈၈၈ ) ခုနှစ်တွင် ဟံသာဝတီ မှာ မင်း ဖြစ်သည် ။ မြန်မာမင်း တပင်ရွှေ ထီး နှင့် ခေတ်ပြိုင်မင်း ဖြစ်၏ ။ တစ်ခါသော် သုရှင်တကာရွတ်ပိမင်း သည် အင်္ဂပူတပ် တွင် စံနေ သည့်အခိုက် ဆင်ကောင်းပေါ်သည် ကြားသောကြောင့် ဆင်ကျော့မည် ဟု  တိုက်ဆင် ( ၇ဝ ) ၊ ဗိုလ်ပါ ( ၁ဝဝဝ ) ခန့်နှင့် တောသို့ ဝင်၏ ။ ဆင် ကို တွေ့သော်လည်း အကျော့ မခံဘဲ  ထွက်ပြေးလျှင် သုရှင်တကာရွတ်ပိ သည် စီးတော်ဆင် နှင့် အပြေးလိုက်၏ ။ ထိုအခါ  နောက်ပါ ဗိုလ်ပါများနှင့် ကွဲကာ  မုရ သိမ်တော သို့ ရောက်သည်အထိ ဆင် ကို ဖမ်း မမိချေ ။


သူ သည် မောလှသည် ဖြစ်၍ ဆင် မှ သက်ကာ သောက်ရေရှာလျှင် အိုင်တစ်ခုကို တွေ့၏ ။ ရေသောက်တော်မူနေစဉ်  နတ်သမီးတမျှ လှပသော မိန်းမတစ်ယောက် သည် အဝတ်မပါ ဗလာ အချည်းနှီး ကိုယ်လုံးတီးဖြင့် အိုင် ကို လှည့်၍ ပတ်၍ သုရှင်တကာရွတ်ပိ ကို ဖြားယောင်းလျှင် မင်း သည်လည်း အာရုံကို မပယ်ရှားနိုင်သောကြောင့် ထိုမိန်းမ နှင့် သံဝါသ ဖြစ်ကြလေ၏ ။ မင်း သည် ထိုမိန်းမ ၌ များစွာသော သာယာမှု နှင့် တပ်မက်လျက် ရှိနေစဉ် ထိုမိန်းမသ ည်   မင်း ၏ မျက်မှောက်၌ပင်  ဖြုတ်ခြည်း ကွယ်ပျောက်လေ၏ ။ မင်း သည်လည်း ထိတ်လန့်ကြောက်ရွံ့ခြင်းပြင်းစွာ ဖြစ်လျက်နှင့် အင်္ဂပူတပ် သို့ ပြန်တော်မူလေ၏ ။


တပ်သို့ ရောက်သည်နှင့် အပြင်းဖျားလေလျှင် သမားဟူးရားများက ကြီးစွာသော လုံ့လဖြင့် ကုသကယ်မကြပါသော်လည်း မိုးမသောက်မီမှာပင် အနိစ္စရောက်လေ၏ ။ ဤ သတင်းကို သိရ လျှင် ပြည်ဘုရင် နရပတိ နှင့် အဝဘုရင် သိုဟန်ဘွား တို့ တပ်အလုံးအရင်းနှင့်အတူ အင်္ဂပူတပ်သို့ ရောက်လာကြကာ သုရှင်တကာရွတ်ပိ ၏ အလောင်းကို  သင်္ဂြိုဟ်တော်မူကြပြီးလျှင် သုရှင်တကာရွတ်ပိ ၏ ဆင်မြင်းလူသူတို့ကို သိမ်းယူ၍ ပြန်ကြလေကုန်၏ ။ ဤသို့ဖြင့် မင်းဧကရာဇ် ပင် ဖြစ်ပါသော်လည်း နတ်ဆိုးတဇ္ဇေမ ကြောင့် အနိစ္စ ရောက်သွားရသည့် သုရှင်တကာရွတ်ပိ ၏ သမိုင်းသည် ရာဇဝင်တွင် ထင်ရှားစွာ စာတင်ခံခဲ့ရ၏ ။


ဤအဖြစ်ကဲ့သို့ပင် အင်းဝမင်းကြီးစွာ၏ သား ဆင်ဖြူရှင် တရဖျား သည်လည်း သုရှင်တကာရွတ်ပိမင်း ထက် အနည်းငယ် စောစွာ သက္ကရာဇ် ၇၆၂ - ခုနှစ် ၌ အောင်ပင်လယ် အရပ် သို့ မှူးမတ် အပေါင်းနှင့် တောကစား  ထွက်ကြွတော်မူရင်း သမင် လိုက်ရာတွင် တစ်ယောက်တည်းသာ တော ချုံ တို့ ထူရာသို့ ရောက်သွားစဉ် ဇော်ဂီတစ်ယောက် နှင့် တွေ့၍ ဇော်ဂီ ၏ မန္တန် အတတ်ဖြင့် ကောင်းကင် မှ ကျလာသည့် နတ်သမီး ကို ရလေ၏ ။ ထိုနတ်သမီး ကို မင်းကြီး မြတ်နိုးစွာဖြင့် သံဝါသ ပြုပြီး ခဏမှာပင်  နတ်သမီး ကွယ်လေ၏ ။  နတ်သမီး ကွယ်လျှင် မင်းကြီး သည် စိတ်မတည်ငြိမ်စွာဖြင့် ရပ်တည်ရာ မရသော  ရောဂါရကာ အနိစ္စရောက်သည်ဟု  ရာဇဝင်တွင် ဆို၏ ။


ဤသို့အားဖြင့် ဘုရားဟောကျမ်းဂန် ကဏ္ဏမုဏ္ဍပေတ ဝတ္ထုတွင်လည်း ရုပ်အဆင်းလှပ တင့်တယ်သည့် ပြိတ္တာနတ်သမီးများ သည် ဗာရာဏသီမင်းကြီး အား ခရီးဦးကြိုဆိုကြကြောင်း ကို ဖော်ပြထားသဖြင့် ဉာဏ်နှင့်ထောက်ချင့်ဆင်ခြင်ကာ  ယုံကြည်လက်ခံမှု သင့် ၏ မသင့် ၏ ကို တွေး သင့်ကြပေသတည်း ။


◾ကြည်ဦး


📖 သူရဇ္ဇမဂ္ဂဇင်း 

     ၂ဝဝ၃ ခုနှစ် ၊ ဩဂုတ်လ

Sunday, November 28, 2021

ဆောင်ကြာမြိုင်မှတ်တမ်း 03


 ဘဝရှင်မင်းတရားကြီးဘုရား ၏ မိန့်တော်မူသံ ကြားကြရသော အဆောင်ရ ၊ နန်းရ မိဖုရားကြီးချုပ် တို့မှာ တိုင်ပင်ထားဘိ သကဲ့သို့ ပင်းတလဲစားကြီး ဦးရွှေမောင်ကြီး ရှိရာသို့ တပြိုင်တည်း ခေါင်းငဲ့ ကြည့်ကြပါလေသည် ။ အချို့သော မိဖုရားကြီးများ ၏ မျက်မာန်တော် အဝင့်ခံကောင်း ခံရမည်ကို ဦးရွှေမောင်ကြီး   သိလင့်ကစား ....


“ မှန်လှပါ ဘဝရှင် မင်းတရားကြီးဘုရား ၊ နှစ်ကိုယ်တော် တိုင်ကြားလျှောက်တင်တော်မူရန် အကြောင်း ရှိပါသဖြင့် ကျွန်တော်မျိုး ငံ့လင့်လျက် ရှိနေကြောင်းပါ ဘုရား” 


“ အိမ်း ... ထူးသည် ဆိုသည်ပ ၊  ငါ့ အား တင်လျှောက်မည့် အရေးအခင်းအတွက် ပန်းခုံတော်မှ စောင့်စေ ငမောင်ကြီး ” 


“ ဗျာဒိတ်တော်မြတ် အတိုင်းပါ  ဘုရား” ဟု ဦးရွှေမောင်ကြီး လည်း ပြန်လည် လျှောက်ထားရင်း ပန်းခုံတော်ဆောင် သို့ ဦးတည် ထွက်လှမ်း သွားပါလေသည် ။ ( ပန်းခုံတော် အဆောက်အဦး မှာ အုတ် ဖြင့် ဆောက်လုပ်ထားပြီး မင်းတုန်းမင်းတရားကြီး အနားယူချင်သည့်အခါ နှင့် အထူးတလည် ကိစ္စများ တိုင်ပင်လိုရာများ ရှိလျှင် ၎င်း ပန်းခုံတော်  အုတ်တိုက် အတွင်း တိုင်ပင်လေ့ ရှိပါသည် ။ ) ပန်းခုံတော် ခန်းမဆောင် ရှိ သလွန်တော် နံဘေး ရှိ  ထိုင်နားရာမှ စောင့်ဆိုင်း၍ မကြာမီ  ကာလအတွင်း ဘဝရှင် မင်းတုန်းမင်းတရားကြီး ကိုယ်တော် ထီးထီး  ကြွချီတော် မူလာ၍  သလွန်ညောင်စောင်းပေါ် ထိုင်တော်မူရင်း


“ လက်သုံးတော် ငမောင်ကြီး ၊ တင်လိုသမျှ တင်ဘို့ ငါ ခွင့်ပြုသဗျ ” 


“ မှန်လှပါ ။ ဘုန်းတော်ကြီးမြတ်တော်မူလှသော  မင်းတရားကြီးဘုရား ၏ သစ်စိမ့် မိဖုရားအဆောင်တော် တွင် ယမန်နေ့  ညပိုင်း ၊ ပေါင် ပေါ်တွင် ထိုးကွင်းမှင်ကြောင် ပါရှိသော နန်းတွင်းအပျိုတော် အသွင် ဝတ်ဆင်ထားသူ တဦး ကျူးကျော်တော် မူကြောင်းပါ ဘုရား ” 


ဦးရွှေမောင်ကြီး တင်လျှောက်သံ ကြားနာရပြီး မျက်နှာတော် မသာမယာ ဖြစ်သွားလျက် အခိုက်အတန့်

ဆိတ်ငြိမ်သွားရာမှ ....


“ ဘယ်ပုံနည်း သိရသည်ပ ၊  ဘာပြုမဲ့ တပါတည်း နှောင်ကြိုး တဲပြီး ရှေ့တော် မသွင်းခဲ့သနည်း

ငမောင်ကြီး ရဲ့ ” 


“  မှန်လှပါ ၊ အိပ်ဖန်တော်မှူး ငဖိုးညွန့် ၏ အိပ်ဖန်တော်သား ငအောင်ခင် ဆို သသူ အိပ်ဖန်တော် တာဝန် ထမ်းဆောင် ဆဲ ညဉ့်သန်းခေါင် မတိုင်မှီ  တဗဟိုလ် အလို  ထို အပျိုတော် အသွင် ဝတ်ဆင်ထားသည့် သူ မှာ အဆောင်တော် ဝင် ကျည်းရှင်တံခါး အကျော် တပေါင် ပေါ် ၍  ထိုးကွင်းမှင်သေ့ ၊ မြင်တွေ့ရကြောင်း တင်လျှောက် ပေးပါရန်  အိပ်ဖန်တော်မှူး က နံနက်ညီလာခံ မစမီ အလာတော် ရှိကြောင်းပါ  ဘုရား ” 


“  သည်လိုဖြင့် ငါ ကိုယ်တော်မြတ်  အမိန့်တော် နဲ့ သည် မိဖုရားပေးရပြီးသား အဆောင်အနန်း တို့ ကို သိမ်းရုတ်၍ အိမ်နိမ့်စံထားစေ ၊ စစ်မေးပြီး ကျူးကျော်သသူ ကို ဖမ်းဆီး ၊  အားပေးသသူ ၊ အကူအညီပံ့သူ ၊ အဆက်အနွယ် ဝင်သသူ  အားလုံး  ကွပ်မျက်စေ” 


မင်းတရားကြီးဘုရား လည်း  အမိန့်တော် မှတ်၍ ထို အမှု ကို  ပင်းတလဲစားကြီး  ဦးရွှေမောင်ကြီး အား

အာဏာကုန် နှင်းအပ်လျက် မျက်နှာတော် လွှဲသွားပါတော့သည် ။ သို့ဖြစ်၍ ဦးရွှေမောင်ကြီး မှာ အမိန့်တော် ကို

သုံးလျက်  မြို့တော်ဝန် ကို ဗြဲတိုက်တော် သို့ ဆောလျင်စွာ လာရောက်ရန်  ဆင့်ခေါ်လိုက်ပါသည် ။


ဦးရွှေမောင်ကြီး လည်း ဗြဲတိုက်တော် သို့ သွားရောက်ပြီးနောက် အိပ်ဖန်တော်မှူး နှင့်အတူ အိပ်ဖန်တော်သား ငအောင်ခင် ကို ပါ  လာရောက်ရန် ခြေမြန်တော် လွှတ်ပြန်ပါသည် ။ မကြာမီ အတွင်း ရှေ့ဆင့် နောက်ဆင့် ဆိုသလို အိပ်ဖန်တော်မှူး ၊ မြို့ဝန်မင်း နှင့် အိပ်ဖန်တော်သား  ငအောင်ခင် တို့ ပါ ဆိုက်ရောက်လာကြပါသည် ။


ဦးရွှေမောင်ကြီး ကို ဘုရင်မင်းမြတ် က သစ်ဆိမ့် မိဖုရား ကိစ္စ နှင့် ပတ်သတ်သမျှ ကို အာဏာကုန် အပ်နှင်း၍ မျက်နှာတော်  လွှဲသွားတော်မူသောကြောင့် မည်ကဲ့သို့  ပြုလုပ်ဆောင်ရွက်ရမည် တို့ကို  မြို့တော်ဝန် မင်းအား အကြံဉာဏ် တောင်းလို၍ အမိန့်တော်ကို သုံး၍  ဆင့်ခေါ်ရခြင်းဖြစ်ကြောင်း ဦးရွှေမောင်ကြီး က

ရှင်းလင်းပြလေသည် ။


“ ပင်တလဲစားကြီး ရဲ့ ၊ သည်အတိုင်း ဆိုရင်ဖြင့် ကျုပ်တို့ အနေနဲ့ သစ်ဆိမ့်မိဖုရားကြီး ထံ အရင် သွားကြရမယ် ။ သည် ကိစ္စ ကို အိပ်ဖန်တော်မှူး က ကိုယ်တိုင်ကိုယ်ကျ မြင်သသူ ငအောင်ခင် သာ ကျုပ်တို့နှင့် အတူ ပါးလိုက်ရင် ဖြစ်သည်ပ ” 


“  အိမ်း ..... ကောင်းသဗျား ။ သာမှလဲ ကျုပ်တို့ မိဖုရားကြီး ထံမှ ပေးရပြီးသား ၊ အဆောင်အနန်း တို့ကို

ရုပ်သိမ်းမိန့် လည်း  ဆောင်ရွက်ပြီး  ဖြစ်မပေါ့ ။ ဘယ်သူ ဘယ်ဝါရယ်လို့လဲ  စစ်မေးတော်မူကြသာပ ” 


“ သည်လိုဖြင့်ရင် ကျုပ် လက်ရုံး သွေးသောက် မောက်ပေါက် ကို တပ်စိတ် တခု နဲ့  ကျူးကျော်သသူ ကို အရအမိ ဖမ်းဆီးပြီး အနွယ်အခင်တွေ ကိုလဲ ချုပ်နှောင်ဖို့  စီစဉ်ပမယ် ။ ပင်းတလဲစားကြီး သာ သစ်ဆိမ့်မိဖုရားကြီး အဆောင် သွားနှင့်သည်ပ ” ဟု ပြောဆို မှာထားပြီး  မြို့ဝန်မင်း လည်း ဗြဲတိုက်တော် မှ မြင်း ကို အသော့နှင်းကာ သူ ၏ လက်ရုံး သွေးသောက်ကြီး မောင်ပေါက် ကို  အမှုကိစ္စ စီရင်ရန်စေခိုင်းဖို့ အိမ်တော် သို့ အရောက် ပြန်ပါလေတော့သည် ။


ဦးရွှေမောင်ကြီး နှင့် ငအောင်ခင် ပါ တပ်သား အချို့ခေါ်ယူလျက် အနောက်တော်ကြီး မှ သစ်ဆိမ့်မိဖုရားအဆောင်တော် သို့ သွားကြပါသည် ။ ဦးရွှေမောင်ကြီး တို့  လူသိုက် ရောက်သည် ဆိုလျှင်ပင် ခစားလျက်ရှိသော မိဖုရားကြီး ၏  အပျိုတော်တသိုက် မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားပါလေသည် ။ သစ်ဆိမ့်မိဖုရား မှာလည်း မျက်နှာတော်ပျက်ပျက် နှင့် .....


“ ပင်းတလဲ မြို့စာကြီး ရဲ့ ဘယ်လို  အကြောင်းအရေးအတွက် နှင့်  သည်ကို လာရသည်လဲ  ” 


“  မှန်လှပါ ..... ဘဝရှင် မင်းတရားကြီးဘုရား ၏ အမိန့်တော် ကို  ဦးထိပ်ရွက် ပန်လျက်  အရှင် သစ်ဆိမ့် မိဖုရားကြီး ကို အပ်နှင်းချီးမြှင့်တော်မူသော အဆောင်အနန်း တို့ကို ရုပ်သိမ်းရပါမည် ဘုရား ” 


သစ်ဆိမ့်မိဖုရား နှင့် တကွ  အဆောင်တော် အတွင်း ရှိနေကြကုန်သော အထိန်းတော်  အချော့တော် အပျိုတော်များ အံ့ဩထိတ်လန့် ကုန်ပေသည် ။


“  မှန်လှပါ ..... ခြေ က ကျူးလျှင်  ဒူး ဖြတ်ရန် အမိန့်တော် မှတ်ထားသည့် အဆောင်တွင်း သို့ ထိုးကွင်းမှင်ကြောင် ပါရှိသူ အပျိုတော်တု နှင့် ကြည်ဖြူတော်မူကြောင်း  ဘဝရှင် မင်းတရားကြီးဘုရား ကြားသိတော် မူ၍ အမျက်တော် ရှပါသဖြင့် ပေးရပြီးသား  အဆောင်အနန်း တို့ကို ရုပ်သိမ်း၍ အိမ်နိမ့်စံ အဖြစ် ထားရှိရပါမည် ဟု  အမိန့်တော် မှတ်ပါသည် ။  ကျူးကျော်သသူ ကိုလည်း ပေးအပ်ရမည်ပါ ... ” 


ပင်းတလဲမြို့စားကြီး ၏ အမိန့်စကား ကြားကြရသော သူအပေါင်း တို့မှာ လှုပ်လှုပ်ရွရွ နှင့် တယောက်မျက်နှာ  တယောက် ကြည့်ပြီး  တိတ်ဆိတ်နေကြပါသည် ။


ထို အခိုက်ဝယ် မြို့တော်ဝန်ကြီး နှင့် သူ ၏ လက်ရုံးသွေးသောက်ကြီး တို့  အဆောင်တော် အတွင်း

ဝင်ရောက်လာကြပြီး နောက်  .....


“ ပင်းတလဲမြို့စားကြီး ဗျား ၊  ဘဝရှင် မင်းတရားကြီးဘုရား ၏ အမိန့်တော်ကို မိဖုရားကြီးအား

ပန်ကြားပြီးတော် မူပါစ ....” 


“ ဟုတ်သပ .... သည်နှယ်ကြောင့် ကျုပ်တို့ လာရခြင်းပေပ ... ” 


“ မှန်လှပါ .... သည်လို အရေးအခင်း အတွက် ကျွန်တော်မျိုးကြီး လက်သို့   ကျူးကျော်သူ ကို ပေးအပ်တော်မူပါ ၊ ရှင်မိဖုရားကြီး ဘုရား   ....” 


အတန်ကြာ တိတ်ဆိတ်နေကြပြန်ပါသည် ။ အပျိုတော် တချို့၏ ရှိုက်သံ သဲ့သဲ့ သာ ခန်းမဆောင် အတွင်းမှ လှုပ်ရှားသံ အဖြစ် ထွက်ပေါ်လာနေပါသည် ။မြို့ဝန်မင်း ကပင် ဆက်လက်ပြီး “ အသျှင်မိဖုရားကြီး ၊ ကျွန်တော်မျိုး တို့ လက်ဝယ်သို့ ကျူးကျော်သူ မပေး မအပ် ရှိကြောင်း ဘဝရှင်မင်းတရားကြီးဘုရား ရွှေနားတော် ပေါက်ကြားတော် မူပါလျှင် ၊ မိဖုရားကြီး အသက်တော်ပင် စိုးရိမ်ရကြောင်းပါ ဘုရား ..... ” 


“ ငမောင်ကြီး လက်ဝယ် သို့ အသျှင်မိဖုရားကြီး အနေဖြင့် ကျူးကျော်သူ မပေး မအပ်ခဲ့ပါလျှင် အမိန့်တော်မြတ်အတိုင်း အဆောင်တော် အတွင်း နေ့ည မဟူ ခစားသသူ အထိမ်းအရာ နှင့် အချော့တော်ပျိုများ အားလုံး သေမိန့်သေဒဏ် မှတ်၍  ကွပ်မျက်ချင်း ခံရမည် ဖြစ်ကြောင်းပါ .....” 


ဦးရွှေမောင်ကြီး ၏ စကားအဆုံး တွင် သစ်ဆိမ့်မိဖုရားကြီး မှာ မနေသာတော့ဘဲ


“ အထိမ်း မမများ နှင့် အချော့တော်ပျိုများ နှင့် မပတ်သက်စေချင်ပါ ။  ကျူးကျော်သသူ မှာ မြို့မြောက်ပြင် ဂေါသီတာရာမ  ကျောင်းတိုက်မှ ဆရာတော်ကြီး ၏ တပည့်သား မောင်မြတ်စံ ဖြစ်သပ မြို့စားမင်းကြီး တို့  ...” 


“ မိဖုရားကြီး မိန့်ဆိုချက် အကြားအတိုင်း ဆိုလျှင်  ကျောင်းထိုင်ဆရာတော် ဘုရားကြီး တပည့်သား ဖြစ်နေသည်ကြောင့် ဘယ်သို့ ပြုရအံ့ ပင်းတလဲစားကြီးဖျား ” 


“ ကျုပ်တို့  ဝန်မင်းတို့ သည် ဘဝရှင်မင်းတရားကြီး ၏ အမိန့်တော် ကို ဦးထိပ်ရွက်ပန် မလွန်ဆန်ဝံ့ကြပါ ။

မည်သူပင် ဖြစ်ပါစေ အနွယ်အစင် တို့ကို  ကုန်စင်အောင် စစ်မေး ရှင်းလင်းပေးရမည်ပ ”  


မိဖုရားကြီး နှင့် အပျိုတော် ၊  အချော့တော် တို့၏  ရှိုက်ငိုသံ တို့မှာ တဖြည်းဖြည်း တိုးရာမှ ကျယ် ၊ ကျယ်ရာမှ

ဆူညံသံ ထွက်လာပါတော့သည် ။ သို့နှင့် ဝန်မင်း လည်း လက်ရုံးသွေးသောက်ကြီး ဘက်သို့  လှည့်၍  .....


“ သွေးသောက်ကြီး  အမရဋ္ဌာနီရပ် ရှိသော ဂေါသီတာရာမတိုက် သို့ သွား၍  သီတင်းသုံးနေသော  ရဟန်း ၊ သာမဏေ ၊ ကပ္ပိယ ကျောင်းသား ပါ မကျန်စေရ ။ ကျူးကျော်သူ ငမြတ်စံ နှင့် အဆက်အသွယ် ရင်းသသူများ ရှိက ရဟန်းရှင်လူ မရွေး အမြန်ဆုံး ဖမ်းဆီး ထောင်သွင်း အကျဉ်းအချုပ်ထားပါလေ ....”  ဟု မြို့ဝန်မင်း က အမိန့်ပေးပြီးနောက်  သွေးသောက်ကြီး လည်း အဆောင်တော် အတွင်း မှ ထွက်ခွာသွားပါတော့သည် ။


မိဖုရားကြီး လည်း စံနေရာသလွန် ထက်မှ ပင် အထိမ်းတော်ကြီး အား  ...


“ မမခင်ဖွားမြစ် ၊  အဆောင်တော် တွင်းမှ ဘဝရှင်မင်းတရားကြီးဘုရား ၏ ချီးမြှင့်ပေးသနားထားသော မိဖုရား တို့နှင့် အပ်စပ်ပိုင်ဆိုင်သော ပစ္စည်းများ ကို ပင်တလဲစားကြီး လက်ဝယ် သို့ စာရင်း နှင့် တကွ လက်ရောက်အပ်နှံ ဆက်သပ  .... ” 


အထိန်းတော်ကြီး  ခင်ဖွားမြစ် ကပင် .... “ မှန်လှပါ၊   သခင်မဖုရား ။ အဆောင်ရနန်းရ တို့ ပိုင်ဆိုင်အပ်သော  ပစ္စည်းများ ကိုသာ ဆိုလိုရင်း  ဖြစ်ပါလျှင် ၊ အသျှင်မဖုရား  ပိုင်ဆိုင်သော ပစ္စည်း အများ ကျန်ရှိပါလိမ့်မည် ။ ဘဝရှင်မင်းတရားကြီးဘုရား ဆုတော်ချထား  ပေးသနား ၊   ရထားတော်မူသော ရွှေ ၊ ငွေ ၊ ရတနာ ၊ ဘဏ္ဍာပစ္စည်းများကို မည်ကဲ့သို့ ပြုပြင်စီရင်ရမည်ကို မိန့်တော်မူပါ အသျှင်မဖုရား ......” 


“ မမခင်ဖွားမြစ် ရယ် ....  မဖုရား မှာ အမျက်တော် ရှလို့  မျက်နှာတော် မလှ ဖြစ်နေသမျှ ရွှေ ၊ ငွေ ၊ ရတနာ ၊ ဥစ္စာပစ္စည်းများ သည် ပသို့မျှ   တောင့်တ မက်မောဖွယ်  မရှိပါ ။ မင်းကြီး လက်ဝယ်သာ  အပ်နှံပ ...” 


မိဖုရားကြီး အမိန့်တော် စကား အဆုံး ပင်တလဲမြို့စားကြီး သည်  ဂရုဏာ သက်သွားမိပါလေသည် ။


မိဖုရားကြီး ဟုသာ ပညတ်သတ်မှတ်ထားသော်လည်း  သူ့ သမီးရွယ် လုံမလေး သာရုံမျှ ရှိသေးသော နုနယ်ပျိုရွယ်သူ တို့ မှောက်မှားတတ်သော သဘော ကို    ရိပ်စားမိသည်ကြောင့်  မသက်ဆိုင်သော ပစ္စည်းသည် ဘဝရှင်မင်းတရားကြီး အတွက် မဟုတ်ကြောင်း ကို ... “ အထိမ်းတော်ကြီး  လျှောက်တင်ချက်သည် သင့်မြတ်လှပါပေသည် ။ ကျုပ် ကို  လက်ဝယ်သို့ အပ်နှံရန် အမိန့်တော် ပါရှိသည့်အတိုင်း အဆောင်ရ နန်းရစဉ်က ပါဝင်သော ပစ္စည်းများ သာ သက်ဆိုင်မည်ပ ။ ရွှေသင်ဖြူး ၊  ငွေသင်ဖြူး ၊ ရွှေကွမ်းအုပ် ၊ ရွှေရေတကောင်း ၊ ရွှေကရား ၊ ရွှေဖလား ၊ ရွှေကလပ် ၊ ရွှေထွေးခံ  စသော မင်းမိဖုရား တို့ ကိုင်ရဆောင်ရသည် တို့သာ ဖြစ်ပါမည် ....” 


မြို့ဝန်မင်း ကလည်း  ...  “  ဦးရွှေမောင်ကြီး  ပြောကြားချက်  သင့်မြတ်မှန်ကန်လှသည်ပ ။ ကျုပ် အနေဖြင့် ကျူးကျော်နှင့် အညီအကူပြုသသူ  အမှန် ရရှိစေရန် တာဝန် ကျန်ရှိသေးသမို့   ထောက်လှမ်း ခရီးဆက်ရပါဦးမည်ပ .....” 


“ ဟုတ်ပေသဗျို့ ။  ခင်ဗျား ပြောသည့်အတိုင်းသာ ပြေချောအောင် စီရင်လိုက်ပါ ၊ ညညီလာ အမှီ

ဘဝရှင်မင်းတရားကြီးဘုရား ကို  ရွှေနားတော် လျှောက်နိုင်ဖို့ ကိုသာ ပြည့်စုံစေဘို့  လုံးလ စိုက်ပေတော့

ဝန်မင်းရေ့  ....” 


မန္တလေးမြို့တော်ဝန်ကြီး လည်း မြောက်ပြင် အမရဋ္ဌာဏီ အနီးရပ် မှ ဂေါသီတာရာမတိုက် ဆီသို့ လိုက်ပါသွားပါလေသည် ။ ညညီလာခံ တွင် တင်လျှောက်ရန် ရရှိသော အချက်ကလက်များ ကို ရွှေလွှတ်တော် အဆောက်အဦး အဖြစ် သတ်မှတ်ထားသော မြေနန်းတော် တွင်  ညီလာခံ မစမှီ  တဗဟိုရ် အလို  တွေ့ဆုံကြရန် အချိန်းအချက်  ပြုသွားခဲ့ပါသေးသည် ။  မြို့တော်ဝန် လည်း  ဂေါသီတာရာမတိုက် ရောက်ရှိသွားချိန်တွင် ကျူးကျော်သူ ငမြတ်စံ နှင့်  နီးစပ်သသူ  ရဟန်းရှင်လူ နှစ်ဆယ်ကျော်တို့ ဖမ်းဆီးပြီးသား တွေ့ရှိရပါသည် ။ သွေးသောက်ကြီး နှင့် အမှုတော်ထမ်း အချို့ မှာ နန်းရှေ့ ရှိ အရှေ့ သင်္ကန်းတိုက် ဟု ခေါ်သည့် မဟာဝိသုဒ္ခါရုံ ပထမတိုက် သို့ ငမြတ်စံ ၏ အစစ်ခံချက် အရ သံဃာအချို့ နှင့်   သူ့ အပေါင်းအသင်းများ ကို ဖမ်းဆီးရန် ထွက်ခွာသွား၍  မတွေ့ရတော့ပါ ။


ဂေါသီတာရုံ ကျောင်းတိုက်   ဆရာတော်ဘုရား မှာ သက်တော် ငါးဆယ် ကျော်ဟန် မရှိသေးသော်လည်း သိက္ခာတော် ရှိပါသည် ။ ပထမကျော် အောင်မြင်ပြီးသူ  စာတတ်ပုဂ္ဂိုလ် သီလသမာဓိ ရှိသော ဆရာတော်တပါး အဖြစ် ကျော်ကြားပါသည် ။ ဘဝရှင် မင်းတုန်းမင်းတရားကြီး ၏ လက်ထက်တော် အခါက သာသနာကို ချီးမြှင့်မြှောက်စားသည့် အတွက် စာတတ်ကျမ်းတတ် ပုဂ္ဂိုလ်တို့မှာ အထူးအခွင့်အရေး ရရှိပါသည် ။ အကျော် အောင်လျှင် ဆယ့်နှစ်မှုပင်တိုင် ကင်းလွတ်၍ အခိုင်းရေအတွက် ခုနှစ်အိမ်ထောင် ရရှိပါလေသည် ။


ယခု ဖမ်းဆီးထားသော ဆရာတော် မှာ နန်းတွင်းသူ နန်းတွင်းသားများ  ကိုးကွယ်ဆည်းကပ်သော ဆရာတော် ဖြစ်၍လည်း မြို့ဝန်မင်း မှာ ဇောချွေးများ ပြန်လာအောင် အခက်အခဲ တွေ့ပါလေသည် ။ မြို့ဝန်မင်း လည်း ဆရာတော် ထံပါး သို့ သွား၍ ဦးချပြီး “ ခွင့်လွှတ်တော်မူပါ အသျှင် သူမြတ် ဘုရား .... ဘုရား တပည့်တော် တို့မှာ မင်းခယောက်ျား ဖြစ်၍ အမိန့်တော် ကို  လွန်ဆန်ရန် မဝံ့ကြောင်း တင်လျှောက်ပါသည် ....  ။ ဘဝရှင်   မင်းတရားကြီးဘုရား အကြောင်းစုံ ကြားသိတော် မူပါလျှင် အပြစ်တော် မှ ချမ်းသာရာ  ရနိုင်ကောင်းပါသည် ဘုရား .....” 


“ ရှိပစေ .... တကာတော်မြို့ဝန်မင်း ...။  ဘုန်းကြီး ကံကုသိုလ်အတိုင်း ဖြစ်ရပါမည်....။

ဝဋ်မကင်း၍သာ ယခုကဲ့သို့ ကင်းအောင် နေသော်လည်း မရှင်းရခြင်း ဖြစ်ပါသည်  ...  ။ ငါ သည် ဘုရား သားတော် စစ်စစ် ဖြစ်၍  ရတနာသုံးပါး ကိုသာ ဦးထိပ်ထား၍  တရားသဘော ကို နှလုံးသွင်းပါသည် ...  ။ တကာတော် ကို အပြစ် မယူပါ ...  ။ ခံရသူမှာ  အဟောင်း ဖြစ်၍  ပြုသူမှာ အသစ် ဖြစ်မည်ကို  စိုးရိမ်မိ၍

မေတ္တာပို့သပါသည် .... ။ မြို့ဝန်မင်း  ဝတ္တရားအတိုင်းသာ  ဆောင်ရွက်ပါ ... ။ သည်ကိစ္စ သည်

ရဟန်း တို့ ကိစ္စ မဟုတ်သော်လည်း  ငါ့ တပည့် ဖြစ်၍ ငါ မသိရ ဆိုသော်လည်း တာဝန် မကင်း

မယုံကြည်မည် ကို  ငါ သိရှိ၍ ဆိတ်ဆိတ်နေပေသည်  တကာတော် ..... ” 


မြို့ဝန်မင်းလည်း တရားသဘော ပြည့်ဝသည့် သူတော်စင် ဆရာတော်   ဘုန်းကြီး စကားကို

ကြားနာတော်မူရသဖြင့် စိတ်ဝမ်း မချမ်းမြေ့လှစွာဖြင့် ခြေတော်ဦးခိုက်ရင်း ....


“ အရှင်ဘုရား သည် သူတော်စင် သူမြတ်ကောင်း  ဖြစ်ကြောင်း ကို  ဘုရားတပည့်တော် တွင် ယုံမှားသံသယ မရှိကြောင်းပါ အသျှင်ဘုရား ....။ ဘုန်းတော်ကြီး မိန့်တော်မူ စကားအရ  ဝဋ်မကင်း၍ ဖြစ်ခြင်းကို ဘုရားတပည့်တော်  ဆင်ခြင်မိပါသည်  ဘုရား .... ” ဟု လျှောက်ထားပါသည် ။  ၎င်းနောက်  စိတ်နှလုံး ငြိုငြင်ချင်းကြီးစွာဖြင့် မြို့ဝန်မင်း လည်း ဘီရိုလှည်းပေါ် သို့ တက်ရောက်ရင်း ပြန်လည် ထွက်ခွာသွားပါလေသည် ။


( ၃ )


လက်ရုံးတော်  သွေးသောက်ကြီး ပြန်လည်အစီရင်ခံချက်ပေါ်တွင်   မူတည်၍ ညညီလာခံ တွင် တင်လျှောက်နှိင်ရန် အစီအစဉ် ပြုနိုင်ရန်  သူ့ အိမ်တော် သို့ ဦးတည်ခဲ့ပါသည် ။ မြို့ဝန်မင်း မျက်စိ ၊ မျက်နှာ အပျက်ပျက် နှင့် ဘီရိုလှည်းပေါ် မှ ဆင်းလာသည်ကို မြို့ဝန်ကတော် မြင်လျှင်  စိတ်မချမ်းမြေ့စွာဖြင့် .....


“ လုံမလေး တို့  ဘဘဘုရား  စိတ်ဝမ်းတော်  မသာ မျက်နှာမလှသည့်  ဝိသေသထူးကြောင့် ကျန်းခန့်ရှိတော်မူပါစ  .... ” 


“ မိမိငယ် စိုးရိမ်လင့်သလို   ကျုပ် တွင် မဖြစ်ရိုးပါ ... ။  ဒါ ပေသည့်  ကျုပ် ထမ်းရွက်ရသည့် အမှုတော် တသက်တာ အတွင်း ဒီလောက်  စိတ်ဝမ်းတော် မညို့အဖြစ်ဆိုးလှသည့် အမှုမျိုး မကြုံတွေ့ဘူး၍ မျက်နှာမလှခြင်းပါ  မိမိငယ်  .....” 


“ လုံမလေးတို့  ဘဘဘုရား ။  စိတ်တော်ညို အလိုတော်မကျရသည့်ကိစ္စမှာ ပြည်တွင်းရေးရာ ပုန်းစားခြားနားသသူ  ရှိလေတော်မူသောကြောင့်ပေလား ။ သလို မဟုတ်ပဲ  လုံမလေး တို့ ဘဘ အပေါ် ဘဝရှင် မင်းတြားကြီးဘုရား စိတ်ဝမ်းတော် မကျ ၊ အလိုတော် မကျ၍ ပေလား မိန့်ဆိုပေမှ သိရမည်ပ .... ” 


မြို့တော်ဝန် လည်း လှုပ်လှုပ်ရှားရှား အမူအရာဖြင့်  .....


“ သည်လို  မဟုတ်ဘူးပ မိမိငယ်  ..... ပြောရမှာ မသင့်လျော်  လျှပ်ပေါ်သည့်  အရေးအတွက် သစ်ဆိမ့်မိဖုရား အရှုပ်ဇာတ်ကြောင့်  ထေရ်ရဝါရ ဆရာတော် အကျော် မြို့မြောက်ပြင် ဂေါသီတာရာမ ကျောင်းထိုင်ဆရာတော် အပါအဝင် ရဟန်းရှင်လူ တို့ ကို ကွပ်မျက်ရမည့် အရေးကြောင့် တွေးမိ၍ စိတ်ဝမ်းတော် မအေးဖြစ်ရသည်ကြောင့်ပါ မိမိငယ်  ..... ” 


ဝန်ကတော်ကြီး လည်း မြို့ဝန်မင်း ဆိုချက် စကား ကြောင့် ရင်ဘတ် ကို လက်ဖြင့် ဖိကပ်ရင်း .....


“ မြတ်စွာဘုရား  ကယ်တော်မူပါ .....  ဂေါသီတာရာမ ဆရာတော်ကြီး မှာ အဂ္ဂမဟေသီ တောင်နန်းစံ စကြာဒေဝီ  မိဖုရားခေါင်ကြီး မှ အစ  ကျမ်းတတ်အကျော်  သီလသိက္ခာတော် တို့ဖြင့် ပြည့်စုံသည်မို့ နန်းတွင်းသူ ၊ နန်းတွင်းသား တို့ ကိုးကွယ် ဆည်းကပ် မစဲ တသဲသဲ ရှိနေသည်မှာ မြို့သိရပ်သိ ဖြစ်သည်ကိုမှ ကြုံပါလေ လုံမလေး တို့  ဘဘရယ် ..... ” 


“ သဟာကြောင့် ကျုပ်ဘဝ   တာဝန်ထမ်းရွက်စဉ် ခရီးမှာ  မတွေ့မကြုံဘူးသည်မို့ မျက်နှာတော် မလှ စိတ်ဝမ်းတော် မကျရခြင်းပါ မိမိငယ် .... ၊ ညညီလာခံ အမှီ  လက်သုံးတော်ကြီး  ပင်းတလဲစား ဦးရွှေမောင်ကြီး မှ တဆင့် တင်ကြားရလျက် အပြစ်တော်သာ  ပေါ့လျော့လာတန်ကောင်းပ  မိမိငယ် ရယ်  ... ” 


မြို့တော်ဝန်မင်း လည်း သက်ပြင်းသံ ရှည်ရှည်ချရင်း အထက်ပါ စကား ကို ဆိုလျက် ဆင်ဝင်ပေါ်တွင် ချေပစ်လက်ပစ် ထိုင်ပါတော့သည် ။ ဝန်ကတော် လည်း နံနက်စာ အချိန် လွန်နေပြီ ဖြစ်သော်လည်း နံနက်စာ ပွဲတော်စာ နှင့် အတူ အချိုယမကာ အဖြာဖြာသော စားတော်အုပ် ကို ယူစေခဲ့ပါသည် ။ အပါးတော်မြဲ အစေခံ မယ်ထွေး နှင့်  ကျွန်ယုံတော် ဖိုးသန့် တို့ကို မြို့ဝန်မင်း ထိုင်နေရာ အရောက် သယ်ယူ မချီ၍

ကျွေးမွေးပြုစုသော်လည်း မြို့ဝန်မင်း မှာ မသုံးဆောင်နိုင်တော့ပါ ။ သည်လိုနှင့် နှစ်ပတ်သာသာ ဆယ်ဗီဇနာ စွန်းလောက်တွင် လက်ရုံးတော်ကြီး မောင်ပေါက် ချွေးသံ တရွှဲရွှဲဖြင့် ဝင်ရောက်လာပါသည် ။


“ မြို့တော်ဝန်မင်းအမိန့်တော်ဖြင့် ကျွန်တော်မျိုးကြီး သစ်ဆိမ့်မိဖုရား ကိစ္စ နှင့် သက်ဆိုင်သူ အားလုံး

ဘမ်းဆီးထောင်သွင်း အကျဉ်းချထားပြီး ဖြစ်ပါကြောင်း ... ” 


မြို့ဝန်မင်း လည်း မျက်ခုံးပင့်ချီလျက် သွေးသောက်ကြီး အား .....


“ သည်ကိစ္စဟာဖြင့်  ဘုန်းတော်ကြီးဘုရား အမိန့်တော်ကြောင့် ဆောင်ရွက်ရပေမင့်  .. သွေးသောက်ကြီး ရာ .....  ကျုပ် အနေဖြင့် အတော် စိတ်မချမ်းမြေ့  ရသည်ပ ၊ ဝတ္တရား ဆောင်ရွက်ရာမှာ တပည့် တာဝန်ကျေပါမှ ဆရာ  စိတ်ဝမ်းသာပေမယ် မဟုတ်လား .... ။ သာကြောင့်ပ မင်းတရားကြီး စိတ်တိုင်းကျ ဖြစ်စေဘို့ မောင်တို့ ကျုပ်တို့ ကြိုးစားနေရသည်ပ .... ” 


“ မှန်လှပါ .... ကျွန်တော်မျိုး လည်း အမိန့်တော် ကို ဦးထိပ် ပန်ရွက်ရသည့် အတွက် လုပ်ဆောင်ရပေမင့် ဂေါသီတာရာမ ဆရာတော်ဘုရား မှာ အကျော်ဒေယျ နှင့် ဖြစ်သည့် ပြင် ၊ ကိုးကွယ်ဆည်းကပ်သူများမှာလည်း မြို့တော်ကြီးအတွင်း နှင့် နန်းတွင်းသူ ၊ နန်းတွင်းသား လူကြီး လူကောင်းများ သာ များကြသပ  ..... ” 


“ ခု အရေးအခင်းကြောင့်  သွေးသောက်ကြီး ဖမ်းဆီးချုပ်နှောင်၍ စစ်မေးရန်  ရဟန်းသံဃာတော် ဘယ်နှပါး ၊ လူ ဘယ်နှယောက်  ရှိသနည်း ။ ငမြတ်စံ ကို  ဘယ်လို အကြောင်းနဲ့  နန်းတွင်း ရောက်လာရသည်ကိုလည်း မင်းတရားကြီးဘုရား  သိလိုတော် မူပေမယ်  သွေးသောက်ကြီးရဲ့ ..... ” 


“ ကျွန်တော်မျိုးကြီး တို့  အမိန့်တော်ဖြင့် ဖမ်းဆီးစကပင် ငမြတ်စံ ဖြောင့်ဆို အစစ်ဆေးခံပြီး

ဖြစ်ပါသည်  ။ အလွှာထက်တွင် ရေးဆက်ပြီး မြို့ဝန်မင်း ထံ တင်ရန် အသင့်ပါ  ။ ငမြတ်စံ မှာ လူလုံးလူရပ် ခပ်ပြတ်ပြတ် ရှိပေမင့် ရုပ်ရေ ချောမော လှပသူ ဖြစ်ကြောင်းပါ မြို့ဝန်မင်း .....” 


“ ကျုပ် ကိုယ်တိုင် စစ်မေးရပေဦးမယ် ဗျာ  .. ။ ဘဝရှင်မင်းတရားကြီးဘုရား အရေးနှင့် ပတ်သတ်နေသူ ဖြစ်သမို့ ငယ်လူများ နှင့် လွှဲအပ်ထားလျှင် အမှုတော်ထမ်း ပေါ့လျှော့ပေတယ်လို့ ရွှေနန်းတော်ကြီး က ထင်မှတ်စရာ ရှိပေမယ်  မဟုတ်လား   ....” 


“ မှန်လှပါ ... ကိုယ်တိုင်  ကိုယ်ကျ စစ်ဆေးရန် သင့်လှသည်ပ ၊ အဖမ်းအဆီးခံ ရဟန်း သံဃာသာမဏေ သုံးကျိပ်နှစ်ပါး ရှိ၍   လူဝတ်ကြောင် ၆ ယောက် တွင် နန်းတွင်းသူ နှစ်ယောက် ပါဝင်ခါ  ... ပေါင်း ၃၈ ကျိပ် ရှစ်ပါး ရှိပါသည်  ... မြို့ဝန်မင်း ..... ” 


“ ကျုပ် ကိုယ်တိုင် ငမြတ်စံ ကို စစ်မည်ပ  ... ၊ ကျန် အနွယ်အခင်များ ကိုတော့  သွေးသောက်ကြီး ကိုယ်တိုင် မည်ကဲ့သို့ ကူပံ့သည်  အားပေးအားယူပြုသည် ကို  ကျကျစိပ်စိပ်  စစ်ဆေးပါဘိ  ...  ၊ မဆိုင်သသူ အပြစ် မယူစေပါ နှင့်  သွေးသောက်ကြီး ... ” 


“ ငမြတ်စံ ကို ထောင်သွင်း အကျဉ်းချထားရှိသည် ဖြစ်၍ မြို့ဝန်မင်း စစ်ဆေးလိုပါက မည်သည့်နေရာ ခေါ်ဆောင်လာခဲ့ရမည်ကို မိန့်တော်မူပ ... ။ ညညီလာခံ အမှီ တင်ရမည် ဆိုပါက အချိန်တော် နည်းလှပေကပြီ  မြို့ဝန်မင်း ..... ” 


“ အိမ်း .... ဟုတ်ပေသဗျို့ ... ။  ကျုပ်တို့ မလဲ သည် အရေးကိစ္စ တွေးနေရသမို့ နေတောင် အတော်ကျလာပပြီ ...  ။ သွေးသောက်ကြီး လည်း အမှုတော် လုံးပမ်းနေရသမို့ ယနေ့တာ အဖို့ နားနေပ  ... ။ ကျုပ်ဟာ ကျုပ်ဘဲ စီးတော်မြင်း နဲ့ ထောင်ချုပ် ကို သွားစစ်ဆေးမဗျ ....” 


သွေးသောက်ကြီး လည်း မြို့ပြင်တွင် နေထိုင်သူ ဖြစ်သဖြင့် လေးချက်တီး အမှီ  ပြန်ထွက်ရပေမည် ။ ( ညနေ နေဝင်ချိန် အရှေ့ဘက်ရှိ နာရီစင်မှ ကြီးမားသော  မောင်းကြီး ကို တီး၍  အချက်ပေးသည် ။  ၄ ချက် တီးသောအခါ  နန်းတော် တံခါးများ အားလုံး ပိတ်တော့သည် ။ စာရေးသူ )  မြို့ဝန်မင်းအား နှုတ်ဆတ်၍

သွေးသောက်ကြီး  ပြန်သောအခါ မြို့ဝန်မင်း လည်း ဇောင်းတွင်း မှ  စီးတော်မြင်း ကို ကျွန်ယုံတော်  ဖိုးသန့် ကို ကုန်းနှီးတင်ခိုင်းလိုက်ရင်း  အတွင်းတော် သို့  ခေတ္တ ဝင်ရောက်  သွားပါသည် ။


            ( ဆက်ရန် )

               

koaungnaingoo.blogspot.com


.

Saturday, November 27, 2021

ကုန်းဘောင်ခေတ် ဆောင်ကြာမြိုင်မှတ်တမ်း 01


 “ ဖျောက်လေ  ယားလေ ၊

ယားမပြေတည့် ၊

ယားသေ သေမည့်နှယ် ၊

နန်းသူ့  ကိုယ်ထည်း ၊

ယားမပြီးသည် ၊

ယားကြီး  ယားခါဝယ်၌ .... ” 


         ◾ မန်လည်ဆရာတော်


ကုန်းဘောင်ခေတ်  ဆောင်ကြာမြိုင်မှတ်တမ်း အပိုင်း ( ၁ )


❝ ပဲ့ပြင် က လှုပ် လှိုင်း က ပုတ် ❞


အနောက်တောင် လေအသွေး ၊ သင်းမွှေးသော စံပယ်ရနံ့ ၊ မြတ်လေးပန်းရနံ့များတို့သည် လေနုလှိုင်းကလေးကို စီးခိုရင်း လွင့်ပြန့်မျောပါလာပါသည် ။ ပြည့်ဝင်းသော  လအရောင်အောက် တိတ်ဆိတ်ညိမ်သက်ချင်းတို့ စိုးမိုးနေသော နန်းရင်ပြင်တော်ပေါ်တွင် ရွှေပြဿဒ်တို့ အကြား လှုပ်ရှားသွားလာနေရသော အိပ်ဖန်တော်မှူးမှာ ပတ်ဝန်းကျင်၏ တွေ့ထိကြည်စားသည့် ကလိခြင်းဒဏ်ကို မခံမရပ်နိုင်တော့သည့်အတွက် ကြည်နူး ဆွတ်ပျံ့ဖွယ်တို့ကို ခံစားမိပါလေတော့သည် ။


တာဝန်ထမ်းဆောင်နေရသည်ကိုပင် အခိုက်အတန့် မေ့လျော့သွားမိတော့ခါ ဂရုဏာရသ အပြည့် ပါရှိသည့်

မြန်မာစာပေ လောကတွင် ထင်ရှားသော ဥတုကို လေသံမျှဖြင့်


“  သိမ်ကန်မိန်တွင် ၊  ဆယ့်နှစ်ခွင်ကို ၊ လွမ်းပင်စည်ဖြင့် ၊  ကြာရှည်တာအကူး ၊  တပေါင်းမင်းလွင် ၊

ရွက်ကျင်တောင်လေကမြူး ၊  ပြတ်ဖွယ်နု   စီးသွယ်ဖြာ ၊  မတတ်သာချေ ၊    ဤထွေထွေကို ” 


ရွတ်ဆိုနေရင်း လျှောက်၍ အိပ်ဖန်တော်သားများကို လိုက်လံစစ်ဆေးနေသူမှာ အိပ်ဖန်တော်မှူး ကဖိုးညွန့်

ဖြစ်ပါလေသည် ။ ကဖိုးညွန့် မှာ လအရောင် အောက်တွင် မိမိထံ တူရူလာနေသော လူရိပ် နှင့် ခြေသံ ကြားသယောင် ရှိ၍ တပိုင်းတစနှင့် ဥတု အဆို ရပ်သွားပါသည် ။


အိပ်ဖန်တော်မှူး တစ်ယောက် အနေဖြင့် အိပ်ဖန်တော်သားများ ကို တာဝန် ကြေပွန်စွာ ထမ်းဆောင်ခြင်း

ရှိ ၊ မရှိ ကို နှစ်ပဟိုရ် လျှင် တကြိမ်ကျ လှည့်ပတ်စစ်ဆေးရိုးထုံးစံအတိုင်း ကင်းစစ်ထွက်ခဲ့ခြင်း ဖြစ်ပါသည် ။

သို့စစ်ဆေးရင်း အနောက်တော်ကြီး အဆောင်ကူးလမ်းကူးအရောက်တွင် သူ့ ထံသို့ ဦးတည့်လာနေသူကို

မြင်မိ၍ ရန်သူလော ၊ မိတ်ဆွေလော မခွဲခြားနိုင်သေးသဖြင့် ဆောင်ဓါး ကို ဆွဲ၍ အရိပ်အကဲ ခပ်ရင်း

စောင့်ဆိုင်းနေပါသည် ။ သူ့ တပည့် အိပ်ဖန်တော်စောင့် ငအောင်ခင် မှန်း ကွဲကွဲပြားပြား သိရတော့မှ “ ငအောင်ခင် ဘယ်သို့ အကြောင်းကြောင့် နင်ရပ်သည့် တာဝန်မရှိ ရဘိသနည်း ” ဟု ပြတ်သားစွာနှင့် ခပ်အုပ်အုပ် အမေးလိုက်တွင် .....


“ မှန်လှပါ  ကျွန်တော်မျိုး တာဝန် ထမ်းဆောင်ရသည့် သစ်ဆိမ့် မိဖုရား အဆောင်တော်ဝမှ ဗိုလ်မင်း

လာသည်ကို မြင်မိ၍ တင်ကြားရန် အကြောင်းထူးကြောင့် လာရခြင်းပါ  ” 


“ ဘယ်လို အရေးလဲ  ငအောင်ခင် ၊ မင်းတရားကြီး ကြွလာသခိုက် အဆောင်တော်ဝ နေရာ ၊ ဟင်းလင်း ဖြစ်လျှင်

နင့် ခေါင်းရော ငါ့ ခေါင်းပါ ဖြတ်ရော့မယ် ၊ နင့် နေရာ ရောက်လေမှ ပြောလိုရာ ပြောဘဲ ” 


ကဖိုးညွန့် ရဲ့  အမိန့်ကြောင့် ငအောင်ခင် လည်း နောက်ဆုတ်ရင်း  ကိုယ်ကို ကိုင်းညွတ် အရိုအသေ ပြုကာ

ထွက်ခွာသွားပါသည် ။


ငအောင်ခင် သွားရာ နောက်သို့  ကဖိုးညွန့် လည်း စိုက်စိုက်မကွာ လိုက်ပါလာရင်း ငအောင်ခင် ပုခုံး ကိုပုတ်၍ .....  “    ဆိုစမ်းပါ    နင့်အရေး ”   ဟု တီးတိုး လေသံဖြင့် မေးလိုက်လေသည် ။


“ မှန်လှပါ ။ ဗိုလ်မင်း မလာမီ  တဗဟိုလ် မရှိ တရှိလောက် အဆောင်တော် တွင်းသို့  ဝင်ရောက်သူ အပျိုတော်ချောချော  တယောက် ပေါင်တော် မှ မှင်သေ့မှင်ကြောင် ပေါ်သွားသည်ကို  မြင်ပါသည် ။ ကျွန်တော်မျိုး တာဝန်ရွက်ရသော အဆောင်တော်  ကျည့်ရှင်  တံခါး အကျော်  ထိုးကွင်းမှင်ကြောင် ပေါ်သွားသည်ကို  ငွေလရောင် အောက်တွင် ထင်းထင်း တွေ့ပါသည် ဗိုလ်မင်း ” 


“ ဟယ် ... ငအောင်ခင် သေချာအောင် နင် ဆိုဝံ့ရဲ့လား ။ အခုကော သည် အပျိုတော် ဘယ်မှာ ရှိပ ” 


“ ဗိုလ်မင်း အပြစ်ပေးရင်လဲ ခံရမည်ပ ။  သည် အဆောင်တော် တံခါးဝက ကျွန်တော်မျိုး တဖဝါး မှ

မရွှေ့သေး၍ သည် အဆောင်အတွင်း ရှိရမည်ပါ ” 


ငအောင်ခင် လည်း တီးတိုး လေသံဖြင့်ပြောရင်း အဆောင်တော် အတွင်း သို့ မေးငေါ့ မျက်ရိပ် ပြပါလေသည် ။


ရှေးနန်းတွင်း အဆောင်များ ဝင်လျှင် တံခါးစီး အဖြစ်ဖြင့် တတောင်လောက် ရှိသော တံခါးခြေချုပ် အတားများ ကို ကျော် ဝင်ရသည် ။ မန္တလေးနန်းတွင်း ဝင်ရောက်ကြည့်ဘူးသူများ သိပါသည် ။ ( ထမီ ဝတ်ဆင်ရသူ တို့မှာ  ထို တံခါးများ ကျော်ဝင်ရတိုင်း  ရင်ခွဲ ထမီများ ဖြစ်၍  တပေါင် ပေါ်လေ့ရှိပါသည် ။  ... စာရေးသူ )

ကဖိုးညွန့် လည်း  မစဉ်းစားတတ်အောင် ရှိနေသဖြင့်  ငအောင်ခင် ပြောဆိုချက် မှန် မမှန် သိရှိရန် အချိန် အတော်ကြာ စောင့်ဆိုင်း ကြည့်မိပါသည် ။  ထိုးကွင်းမှင်ကြောင် ပေါ်သွားသော  အပျိုတော် မှာ ထွက် မလာပါ ။  မိုးလင်းခါနီး   ရောက်လေတော့မှ  တခြား တာဝန်ရှိသူများ ပေါ့လျော့မှု ရှိ မရှိ စစ်ဆေးရမည့် အတွက်  ထို အဆောင်တော် မှ   ထွက်ခွာခဲ့ရပေသည် ။


အိပ်ဖန်တော်သားများ မှ အပ တောင်ဆောင်တော် ၊ မြောက်ဆောင်တော် ၊ ၎င်းနောက် အနောက်နန်းမစဉ် ၊ အနောက်ဆောင်တော် တို့တွင် ယောက်ျား များ ဝင်ထွက်သွားလာခွင့် မရှိရပေ ။ ခြေ က ကြူးလျှင် ဒူး ကို ဖြတ်ရမည် ဟု အမိန့်တော် မှတ်ထားသည် ။ အဆောင်တော်တွင် ထိုးကွင်းမှင်သေ့ ပါရှိသော အပျိုတော် ရှိသည် ဟု အိပ်ဖန်တော်မှူး ကဖိုးညွန့် အဖို့  တခါဘူး မှ မကြားမိခဲ့ပေ ။ ထိုးကွင်းမှင်ကြောင် ထိုးနှံခြင်း အလုပ်မှာလည်း  မိန်းမများ အတွက် မဟုတ်ပါပေ ။ မှင်သေ့ဆရာ ကိုယ်တိုင်ကလည်း မှင်သေ့ထိုးနှံ သည့် စုပ်အပ် ကို  အသားနာခံ၍  ထိုးပေးမည် မဟုတ်ဟုလည်း  ကဖိုးညွန့် စဉ်းစားမိပါသည် ။


ကဖိုးညွန့် အနေဖြင့် ထိုးကွင်းမှင်သေ့ ပြဿနာကြောင့် အတော် စိတ်မော လူမော ဖြစ်နေမိပေသည် ။

သူ သည် အိပ်ဖန်တော်မှူး မဖြစ်မီ ယမန်နှစ် ဆီက ကနောင်အိမ်ရှေ့ကိုယ်တော်ကြီး ၏ လူပျိုတော်သား တယောက် ဖြစ်ခဲ့ပါသည် ။ ဘဝရှင်မင်းတရားကြီး အလိုတော် အရ မင်းညီမင်းသားများ ထံပါး ခစားနေသော လူပျိုတော်သားများ နှင့် သူ ၏ နန်းတော်ကြီး မှ လူပျိုတော်သားများ ပါ စုစုပေါင်း ငါးကျိပ် နှင့် အဆောင်ရနန်းဦး မိဖုရားကြီး တို့ထံ  ခစားသူ အပျိုတော် ငါးကျိပ် တို့ကို တပြိုင်တည်း လက်ထပ်မင်္ဂလာပွဲ ကျင်းပပေးခဲ့ပါသည် ။ ထိုသို့ လက်ထပ်မင်္ဂလာပွဲ တွင် ပါဝင်ခဲ့ရသူများကို တန်ရာတန်ရာ ရာထူးရာခံများ ပေးအပ်ခဲ့ပါသည် ။ ထို ငါးကျိပ် ထဲတွင် ပါဝင်ခဲ့သည့် ကဖိုးညွန့် မှာ အိမ်ရှေ့စံဥပရာဇာ ကနောင်ကိုယ်တော်ကြီး ၏ လက်စွဲ ဖြစ်၍

ဘုန်းတော်ကြီးဘုရား ယုံကြည်တော်မူသဖြင့် အိပ်ဖန်တော်မှူး အဖြစ် မြှောက်စားခဲ့ခြင်း ဖြစ်ပါသည် ။


ကဖိုးညွန့် မှာ မဟာသွေး မဟာနွယ် မကင်းသော မင်းဆွေမင်းမျိုး တယောက် မဟုတ်ရိုး မှန်သော်လည်း ရွှေနန်းတော်ကြီး နှင့် နီးစပ်သူဖြစ်၍ နန်းတွင်းတွင် ဆယ်နှစ်သား ဘဝကတည်းက သူငယ်တော်သားလေး အဖြစ် အမှုတော် ကို ထမ်းခဲ့ဖူးပါသည် ။ သူငယ်တော် ထမ်းဆောင်ရသည့် တာဝန်ဆိုသည်မှာ  မိဖုရား အဆောင်တော် တွင်းရှိ မိန်းမများ နှင့် မအပ်စပ်သော ဝတ္တရားများ ကို ထမ်းရွက်ရန် ဖြစ်ပါသည် ။ သူငယ်တော်များ ကို မိဖုရားဆောင်တော် များတွင် အမှုထမ်းခိုင်းရန် အတွက် နန်းသုံးဆရာကြီးများ ထံ အပ်နှံ၍ ရတု ဆိုနည်း ၊ ရကန် ဆိုနည်း ၊ ကြိုး ၊  ဘွဲ့ ၊  ယိုးဒယား ၊  ဘောလယ် ၊ တေးထပ် စသည်တို့ကို စနစ်တကျ သင်ကြားပေးပါသည် ။  အစအန ရှိသူများ ဖြစ်ခဲ့လျှင် သူငယ်တော်ကလေးများ နှင့် အပ်စပ်မည်ဟု နန်းသုံးဆရာကြီးများ က ယုံကြည်စိတ်ချရသော တူရိယာငါးပါး ( ကြေး ၊  ကြိုး ၊  သားရေ ၊  လေ ၊ လက်ခုပ် )  ထည်းမှ  အနည်းဆုံး  တပါး တော့ သင်ကြားပေးပါလေသည် ။ ဖြေဖျော်ရန် အသင့်လျော်ဆုံး ဟု ထင်ရသော  စောင်းတီး ၊ ပတ္တလားတီး စသော တူရိယာမျိုး တို့ကို သင်ကြားပေးပါသည် ။  အပြောအဆို  အနေအထိုင်မှ စ၍  နန်းတွင်း အသုံးအနှုန်းများ ကို  သင်ပြပေးပါသည် ။


ထို ပညာရပ်များ တတ်မြောက်ပြီးသူများသည် မိဖုရား အဆောင်များတွင် ရှင်ပြုချိန် ၁၄ နှစ် အရွယ် မျှခန့် အထိသာ အမှုတော် ထမ်းစေပါသည် ။ ထို အသက်အရွယ် ထက် ပို၍ မိဖုရားဆောင်တော်များ တွင် အမှုတော် ထမ်းခွင့် မရကြတော့ပါ ။


ထို ဘဝများမှ နေ၍ အိပ်ဖန်တော်မှူး  ရာထူး အထိ  တိုးတက်လာခဲ့သော  ကဖိုးညွန့် အဖို့ နန်းတော်ကြီး နှင့် နန်းတွင်း အကြောင်း အတွင်းသိ အစင်းသိ သိရှိသူ ဖြစ်ပါသည် ။ ထီးသုံး နန်းသုံး နည်းထုံးပေါင်းစုံ တို့ကို နှုတ်ငုံရသူပင် ဖြစ်ပါသည် ။ နန်းတွင်းတွင် အင်မတန် စည်းကမ်းကြီးပုံတို့ကိုလည်း  စဉ်းစားရင်း သတိရလာပါလေသည် ။


အရှေ့တော်ကြီး ၊  အနောက်တော်ကြီး ဟူ၍ နှစ်ပိုင်း ရှိပါလေသည် ။ အရှေ့တော်ကြီး ဆိုသည် မှာ ဘဝရှင်မင်းတရားကြီး နှင့် သာ ဆိုင်၍  အသျှင်နန်းမတော်  မိဖုရားခေါင်ကြီး တပါးသာ  အချိန်မရွေး

ဝင်ခွင့် ထွက်ခွင့် ရှိပါလေသည် ။  တနည်းဆိုရပါလျှင်  ဘုန်းတော်ကြီးဘုရား ကြီးစိုးသည့် အတွက် ယောကျာ်းများ နှင့် သာ  ဆိုင်ပါသည် ။  အနောက်တော်ကြီးမှာ  အသျှင်မိဖုရားခေါင်ကြီး ( အဂ္ဂမဟေသီ စကြာဒေဝီ   တောင်နန်းစံမိဖုရား )   စိုးပိုင်သောကြောင့်  မိန်းမများ နှင့် သာ  သက်ဆိုင်၍  ယောက်ျားများ မဝင် မထွက် ရပါ ။  မိဖုရား မိန်းမများ နှင့် သက်ဆိုင်သော  အနောက်ဝန်  ( မိန်းမစိုး )   အနောက်ဝန် အမှုထမ်း ၊ အရာထမ်းများပင်   အကြောင်းထူး မရှိပဲ  မဝင် မထွက် ရပါ ။  အိပ်ဖန်တော်သားများ နှင့် အိပ်ဖန်တော်မှူးများ အစရှိသော လုံခြုံရေးတာဝန် ထမ်းဆောင်နေရသူများပင် အဆောင်တော်အတွင်း သို့ လုံးဝ ဝင်ခွင့် မရှိပါ ။


“ ခြေကကျူးရင် ဒူးဖြတ် ” အမိန့်တော်မြတ် မှတ်၍  တားမြစ်ပိတ်ပင်ထားသည့်  နေရာတွင် တွေ့ရပါသည် ဆိုသော  ထိုးကွင်းမှင်ကြောင် ပြဿနာကြောင့်  ကဖိုးညွန့် မှာ မည်ကဲ့သို့ ပြုလုပ် ဆောင်ရွက်ရမည် ကို မသိနိုင်အောင် အကြံအိုက်နေပါသည် ။


သည်ကိစ္စကို  အနောက်ဝန်မင်း ထံ  လျှောက်ထားတိုင်ကြားရမည်လား ၊  သို့တည်းမဟုတ်  အိမ်ရှေ့စံ ကနောင်ကိုယ်တော်ကြီး ကို  လျှောက်ထား  တိုင်ကြားရမည်လား ၊ မဝေခွဲတတ်အောင်  ဖြစ်နေ ပါသည် ။ မိမိ ကိုယ်တိုင် တင်လျှောက်ဖို့ရန်မှာလည်း သက်ဆိုင်ရာ အကြီးအကဲများ ကျော်လွန်ရကောင်းလား ဟု အပြစ်တော် ရှိမည်ကိုလည်း စိုးရိမ်မိပါသည် ။  မိမိ တင်လျှောက်ချက်ကို  အရေးမယူပဲ နေတော်မူ၍ သစ်ဆိမ့်အဆောင်တော်မိဖုရား ကြားသိ၍  အမျက်သိုမည် ကိုလည်း  စိုးရွံ့ရပြန်လေသည် ။  သည်အတိုင်း ဥပေက္ခာပြု လျစ်လျူရှုထားရမည်  ဆိုပြန်ကလည်း ရွှေနားတော် အရောက် သည် သတင်း ပေါက်ကြားသွားပါလျှင် မိမိ ကိုပင် စိတ်တော် ခုပေဦးမည် ။  မဆိုစကောင်း ဆိုစကောင်း ကြံရာပါ ဟု ထင်မှတ်မှားပြန်ပါလျှင် ကွပ်မျက်ခြင်း ခံရမည်က မုချ ။


မင်းခယောကျာ်း ပီပီ  နီးရာဓါး ကို ကြောက်ရသဖြင့်  ချွေးစေးများပင်  ပြန်လာပါလေသည် ။ညအိပ်ဖန်တော်သားများ ကိုယ်စား နေ့ကင်းလှည့်တာဝန်  လူလဲများ  ရောက်ရှိလာချိန်ထိ  ကဖိုးညွန့် မှာ မည်ကဲ့သို့ ပြုမူဆောင်ရွက်ရမည်ကို  မဆုံးဖြတ်နှိင်သေးပေ ။  နေ့ခင်းစောင့်အမှူး တို့  တာဝန်များ လွဲပြောင်းအပ်နှံပြီး၍   တရေးတမော အိပ်ရင်း  စဉ်းစားပြီး မှ လုပ်သင့်ရာရာ ကို  ပြုလုပ်တော့မည် ဟု ဆုံးဖြတ်ချက်ချအပြီး ပြန်လာသည် ။  ထိုသို့အပြန် ဘောင်းတော်ဆောင် မှ ထွက်၍ မှန်နန်းစနုဆောင် ဖြတ်လျက်  မှန်နန်းတော်ဆောင် ဘက် သို့  ကူးဝင်သွားသော  ပင်တလဲမြို့စားကြီး ဦးရွှေမောင်ကြီး ၏  နောက်ပိုင်း ကို  မြင်လိုက်ရတော့မှ ပင်တလဲစားကြီး မှ တဆင့်  ဘဝရှင်မင်းတြားကြီး ရွှေနားတော် အရောက် တင်ရလျှင်  ကောင်းမည်ကို သဘောပေါက်သွားပါသည် ။


ဦးရွှေမောင်ကြီး ဝင်ရောက်သွားသည့် မှန်နန်းဆောင်တွင်း သို့ အသော့နှင်း၍  လိုက်ပါသွားလေသည် ။ ဦးရွှေမောင်ကြီး ကို တွေ့လျှင်  ကဖိုးညွန့် လည်း  ရိုသေစွာဒူးတုပ်ပြီး  “ ဝန်မင်း ကို တိုင်ကြားရမည့် ကိစ္စ အထူး ရှိပါ၍  ခွင့်ပြုတော်မူပါ ” 


“  အလို  .. အိပ်ဖန်တော်မှူး ပါလား ၊ ဘယ်လို အရေးအခင်းနဲ့ ကြုံကြိုက်ရသည်လဲ ၊ ကျုပ်ကို ပြောရမှ

ကျုပ် နဲ့ သက်ဆိုင်သပ ဆိုရင်လဲ ပြောပါဘိ ” 


“  မှန်လှပါ  မနေ့ ညဉ့်သန်းခေါင် မတိုင်မှီ  တဗဟိုလ်လောက် အလိုတွင် အိပ်ဖန်တော်သား  ငအောင်ခင် စောင့်ရှောက်နေရသည့်  သစ်ဆိမ့်မိဖုရားကြီး အဆောင်တော်  နန်းတွင်း သို့  မှင်သေ့ထိုးကွင်း ပါသသူ အပျိုတော် တယောက်  ဝင်ရောက်သွားသည် ကို  တွေ့ရကြောင်းပါ ဝန်မင်း ” 


ကဖိုးညွန့် လျှောက်ထားချက်ကို ကြားရသော ပင်တလဲစား ဦးရွှေမောင်ကြီး မှာ  ရုတ်ချည်း စကား မပြန်နိုင်သေးပဲ  အတန်ကြာ  စဉ်းစားဟန် ပြုပြီးမှ  “  စိတ်ဝမ်းချချ  ရှိရပါမလား ၊  အိပ်ဖန်မှူး ရဲ့ ၊ ကျုပ် အနေနဲ့ က  မင်းတြားကြီးဘုရား ကို ရွှေနားတော်  အရောက်  ဝင်လျှောက်ဖို့  ဝန်မလေးလှပေမယ့် စစ်ဆေး လို့  မမှန်တော်မူဘူး ဆိုရင်    အိပ်ဖန်တော်မှူး ကို  အမျက်သို နေမှမယ် ” 


“  မှန်လှပါ ငအောင်ခင် ဟာ ရိုးသားပြီး တာဝန်ကျေချေသူ တယောက် ဖြစ်ကြောင်း ကျွန်တော်မျိုး သိသပ ၊

သူ့ အသက်ထက် ဘုန်းတော်ကြီးဘုရား ရဲ့  အရှက်တော်  ငဲ့ကွက် လို့  ကျွန်တော်မျိုး တိုင်ကြားခဲ့ခြင်းပါ ” 


“  အိမ်း ... သည်လို  စိတ်ဝမ်းချချ လျှောက်ထားဝံ့သပ ဆိုရင်လဲ အိပ်ဖန်တော်မှူး အလိုတော် အတိုင်း

ရွှေနားတော် ကို  ချက်ချင်း ဆိုသလို  တင်လိုက်ပမယ် ”  


ပင်တလဲမြို့စားကြီး  ဦးရွှေမောင်ကြီး ထံမှ ပြန်ကြားချက် ရရှိလေတော့မှ  စိတ်အေးသွား၍  အရိုအသေပေးလျက် နှုတ်ဆတ်ပြန်ခဲ့ပါတော့သည် ။  အပြန်လမ်းတွင် ပင်တလဲဝန်  ဦးရွှေမောင်ကြီး  အကြောင်း ကြားဘူးခဲ့သည် တို့ကို  ပြန်လည် သတိရလာပါသည် ။  ဦးရွှေမောင်ကြီး သည်  အသည်ကြီးမျိုးရိုး မှ ဆင်းသက်လာသူ တယောက် ဖြစ်ပါလေသည် ။  အိုးအိမ်ထောင် ပြုပြီးသည့် တိုင်အောင် အလုပ် လုပ်သူ မဟုတ်ဟု  ကြားဘူးပေသည် ။


သူ ၏ ဇာတာစန်းလာဘ် ကောင်းသည်ဟု ယုံကြည်ပြီး ဂုဏ်ယူနေသူ တယောက် ဖြစ်ကြောင်း သိရသည် ။ မြို့စားကြီး ၊  နယ်စား ၊ ပါယ်စား ဖြစ်မည် ဟူသော ယုံကြည်ချက်ကြောင့်  မည်သည့် အလုပ် ကိုမျှ မလုပ်ပဲ မိဘ အိမ် တွင် အခန့်သား  ထိုင်၍ စားသောက်နေသူ တယောက်  ဖြစ်ပါလေသည် ။  မည်သည့် အလုပ်ကို မျှလည်း မိခင် ဖြစ်သူ က လက်ကြောတင်းအောင် မလုပ်စေရပေ ။  သား ၏  ရုပ်ရည် ရူပကာ အသွယ်သွယ် တို့မှာ တင့်တယ် ရှုမောဖွယ်ရာ ဖြစ်ပေသည် ။  ဇာတာစန်းလာဘ် မှာလည်း  ကောင်းမွန်လှပေသည် ။ ဥုစ်ကသစ် တို့လည်း လူသာမာန် တို့ အတွက်  တခုတလေပါရန်  မလွယ်ကူပေမင့် သူမ ၏ သားချစ် သည် ဥုစ်သုံးချပ် နှင့် ကသစ် နှစ်ပွင့် ရထားသည် ။  ထို့ပြင်  နိစ် ပြ လည်း ကင်း၍  မှူးကြီးမတ်ရာ သေနာပတိ အမှန်စစ်စစ်  ဧကန်ဖြစ်ရမည့်  ရာဇယုဂ် ပါသူ ဟု  ရွာဦးကျောင်းဆရာတော်  ဦးကေတု မကြာမကြာ မိန့်ဆိုခဲ့ပေသည် ။


မိတ္ထီလာမြို့  အရှေ့မြောက် ကန်ကျိုးရ ရွာ အတွင်း ရှိ  ရဟန်းရှင်လူ ပရိတ်သတ် အပေါင်း သည်  သူ့ သား ရွှေမောင်ကြီး ၏  ဇာတာ ကို   မှီမည့် သူ  မရှိကြောင်း သူ့ မိဘများက သိသည် ။  ဥပဒိရုပ် ကောင်းပုံမှာလည်း သူမ ၏ သား ရွှေမောင်ကြီး ကို  ယှဉ်နိုင်သူ မရှိဟု  အထင် ရှိနေပါသည် ။  ဦးရွှေမောင်ကြီး ၏  ဖခင်မှာ

ရိုးသားသူ တယောက် ဖြစ်၍  အေးချမ်းစွာ နေလိုသူတို့ သဘာဝအတိုင်း အလုပ် လုပ်သူ မှသာ

ကြီးပွားမည် ဟူသော အစွဲကြောင့် သား ဖြစ်သူ၏ နေပုံထိုင်ပုံ ကို  သဘော မကျပေ ။ မိန်းမ ရပြီးသည့်တိုင်အောင်  မိဘ မှီခိုစားရသည့် ဘဝက  မလွတ်ကင်းသေးသည့်  သား အဖြစ် ကို  မကျေမနပ်နှင့် တနေ့သော နံနက်ခင်းတွင်   သူ့ သား ကို ဂရုဏာဒေါသော ဖြင့်  မည်တွန်တောက်တီးလိုက်ပါသည် ။


ဆူပူကြိမ်းမောင်းခြင်း ခံရသော  ဦးရွှေမောင်ကြီး သည် ခရင်း ကို ထမ်းရင်း  ဖခင် ၏ လယ်ငုတ်လပ် ကို အလုပ် လုပ်အံ့ ဟု  နေအိမ် မှ ထွက်ခဲ့ပါလေသည် ။


လယ်ပွဲ ရှိရာ အသွား  ရွာပေါက်  ရောက်သည်တွင်  ကိုရွှေမောင်ကြီး ထမ်းလာသော ခရင်းရိုး ကို မိုးကြိုး ခ ပါသည် ။  ထင်ရှားသော  ထို အတိတ်နိမိတ် ကြောင့် ခရင်း ကို  နေအိမ်သို့ပင် ပြန် မပို့တော့ပဲ ရွာလယ်ဇရပ် တွင်  စိုက်ထောင်ထားခဲ့ပြီး  အမရပူရ သို့ ထွက်ခွာလာခဲ့ရာ မှ  မင်းတုန်းမင်းသား နှင့် အဆက်ရ၍ ခစားရပါတော့သည် ။  ဘဝရှင်မင်းတရားကြီး အဖြစ် အမြင့် သို့  ရောက်ရှိလာချိန် တွင် လက်စွဲတော်ကြီး ကျွန်ယုံ ဦးရွှေမောင်ကြီး ကို ပင်းတလဲမြို့ ကို  စားစေ၍  ဘုရင့်အပါးတော် ကို  ခစားရသူ ဖြစ်သည် ။  ညီတော် အိမ်ရှေ့ဥပရာဇာ   ကနောင်ကိုယ်တော်ကြီး ကလည်း  ယုံကြည်တော် မူ၍ အရေးပေးတော်မူခဲ့ပေသည် ။


ပုဂံမင်း ထံ မှ ထီးနန်း ကို လုပ်ကြံစဉ် က ကိုယ်တိုင်ကိုယ်ကျ  စွန့်စားပါဝင်ခဲ့သူ ဖြစ်ပါသည် ။ အတွင်းအပြင်ရေးမှ စ၍  ဘုန်းတော်ကြီးဘုရား နှင့်  ညီတော်ကနောင်  အိမ်ရှေ့စံကိုယ်တော် ပါ ၊  မင်းနှစ်ပါးစလုံး အရေးတယူ  တိုင်ပင်ခြင်း ခံရသူ  ဖြစ်လေသည် ။  ( ပင်တလဲ မြို့စား  ဦးရွှေမောင်ကြီး ကို နောင်နှစ် အနည်းငယ်အကြာ  ရေနံ့သာမြို့ ကိုပါ  အပိုင်စားပေးသနားတော်  မူပြန်လေသည် ။  မင်းတုန်းမင်းတရားကြီး နတ်ရွာစံ၍   သီပေါမင်းကလေး  နန်းတက်ချိန်တွင် နန်းတွင်းအရေးတော်ပုံကြောင့် ကွက်မျတ်ခံရလေသည် ။   ...  ။ စာရေးသူ )


အိပ်ဖန်တော်မှူး ကဖိုးညွန့် လည်း  ဦးရွှေမောင်ကြီး  အကြောင်း စဉ်းစားရင်း သူ့ ဘုန်း သူ့ ကံ က ပါသောကြောင့် မြို့စားကြီး  ဖြစ်ရသည့် အပြင် ဘဝရှင်မင်းတရားကြီး ၏  အရေးယူ မြှောက်စားခြင်း ခံရပုံတို့ကို သုံးသပ်မိ၍ မအံ့ဩတော့ပါပေ ။


ဦးရွှေမောင်ကြီး လည်း  မင်းတရားကြီးဘုရား ကို  နံနက်ညီလာခံ  အပြီးမှ ရွှေမျက်နှာတော် ကို ကြည့်၍ တင်လျှောက်လျှင် တင်လျှောက်မည် ဟု  ရည်စူးထားပါလေသည် ။  နံနက်ညီလာခံကို မှန်နန်းဆောင် တွင် ကျင်းပလေ့ ရှိပါသည် ။  နေ့ခင်းပိုင်းညီလာခံ ကိုတော့ မှန်နန်းစံဆောင်တွင် ပြုလုပ်ပါသည် ။ နိုင်ငံတော် ၏ အမြင့်ဆုံး တရားရုံးတော်ကြီး ဖြစ်သော ရွှေလွှတ်တော်ကြီး ကို မြေစိုက်နန်း တွင် သတ်မှတ်ပြုလုပ်ပါသည် ။ ၎င်း  ရွှေလွှတ်တော်ကြီး တွင်  ပြည်မှုပြည်ရေး ၊  ကြီးလေးသော တရားများ ကို  မင်းတရားကြီး ကိုယ်တိုင် ထွက်တော်မူ၍  တရားစီရင်တော် မူပေသည် ။  ရွှေလွှတ်တော်ကြီး ကို အကြောင်းထွေအထူး မရှိခဲ့ပါလျှင် အဖိတ်နေ့များ မှသာ  ကျင်းပပြုလုပ်လေ့ရှိပါသည် ။


ထိုနေ့ နံနက်ညီလာခံ  စတင်သည့်အချိန်မှ စ၍  ညီလာခံစဲချိန် တိုင်အောင် မည်သည့် ကိစ္စများ ကို မည်သူက စတင်တင်သွင်း လျှောက်ထား၍  မည်ကဲ့သို့   ဆုံးဖြတ်တော်မူလေသည် ၊  မည်သည့်  ဝန်ကြီး က မည်ကဲ့သို့  အမိန့်တော်ချ မှတ်တော်မူသည် တို့ကို  ဦးရွှေမောင်ကြီး  လုံးဝ မကြားမိပါ ။  ညီလာခံချိန်တွင် ဘဝရှင်မင်းတရားကြီး အား  မည်ကဲ့သို့  စတင် လျှောက်ထားရမည် ဆိုသည် ကို စဉ်းစားတွေးတောခါ ကရဝေးသား ဖြင့် ထုလုပ်ရသည့်  ပိတုန်းရုပ်ခံ  ရတနာများ စီချယ် ထားသည့် ဘမယာသန ပလ္လင်တော် ပေါ် ထိုင်တော်မူရင်း   ဝန်ကြီးဝန်ကလေးများ တို့ လျှောက်တင်ချက်များ ကို  အဆုံးအဖြတ်ပေးတော်မူနေသော ဘဝရှင်မင်းတုန်းမင်းတရားကြီး ၏  မျက်နှာရိပ် ၊  မျက်နှာကဲ ကိုသာ ဖူးမျှော်စောင့်စား ငံ့လင့်နေမိပါတော့သည် ။


ညီလာခံ စဲ၍  လူစုခွဲခါနီး တခဏဝယ် တောင်ဆောင်တော် အဂ္ဂမဟေသီ စကြာဒေဝီ မိဖုရားကြီး စိန်တုန်းမိဖုရား   အပါအဝင် အလယ်နန်းမတော် ဆင်ဖြူမရှင် မိဖုရားနှင့် လောင်းရှည်မိဖုရား ( သီပေါမင်း မယ်တော် ) ၊  သရစိန်းမိဖုရား ၊  သက်ပန် မိဖုရားစသော မိဖုရားကြီး ၆  ပါး တို့ ထုံးတမ်းစဉ်လာ အတိုင်း အခစား  ဝင်ရောက်လာကြပါလေသည် ။


ထို မိဖုရားကြီးများ တို့  အခစား  ဝင်ရောက်ချိန်တိုင်းတို့တွင်  မင်းခစားယောကျာ်း ၊  မှူးမတ် သေနာပတိ ၊ အတွင်းဝန်ကြီး  ဝန်ကလေးများပါ မကျန် တဦးတယောက် မှ  မရှိစေရပါ ။  သားရေး ၊  သမီးရေး နှင့် ကိုယ်တော် ၏  အတွင်းရေးတော်များ ကို  လျှောက်ထားရသည် ဖြစ်၍  မည်သူမျှ  ထိုညီလာခံတွင် နေခွင့် မရှိပါပေ ။  ပင်းတလဲဝန်  ဦးရွှေမောင်ကြီး မှာ  လက်သုံးတော်ကြီး အိမ်တော်ပါ ငယ်ကျွန်ရင်း တယောက်ဖြစ်၍  တံခါး မရှိ  ဆောင်တော် အတွင်း  အချိန်မရွေး ဝင်ထွက်စေ အမိန့်တော် ရသူ ဖြစ်သဖြင့် သာ မထွက်မူဘဲ ခစားလျက် နှင့်  ရှိနေပါသည် ။


မိဖုရားကြီး များ ခစား လျှောက်ထား အရေးဆိုသမျှ အကြားမှ ဘဝရှင်မင်းတရားကြီး သည် တယောက်ထည်းတည်း ခစားတော် မူနေသော  အိမ်တော်ပါလက်စွဲတော်ကြီး  ဦးရွှေမောင်ကြီး အား တွေ့ရှိ သတိချပ်မိတော်မူသဖြင့်   .... “ အလို  ..  ပင်တလဲစား  လက်စွဲတော်ကြီး ငရွှေမောင်ကြီး ပါလား ၊ ဝိသေသထူးဟန် ရှိသည်ပ  အခစားတော် ထူးသည့် အကြောင်း အရာကို  တင်လျှောက်ခွင့် ရှိစေ မောင်မင်း”  


                        ( ဆက်ရန် )


koaungnaingoo.blogspot.com


.