Tuesday, June 7, 2022

ဒိုင်း ရသော ဒိုင်လူကြီး


 

❝ ဒိုင်း ရသော ဒိုင်လူကြီး ❞

ကိုအဏ္ဏဝါ သည် ကံကောင်းသူ လို့ ပြော ရမလား ၊ ကံဆိုးသူ လို့ ပြောရမလား မသိ ၊ မတန်မရာ ကိစ္စတွေ နဲ့ မမျှော်လင့်ဘဲ ဝင်ဝင် တိုးသည် ။ သူ့  ရွာ ကိုအလွမ်းပြေ ပြန် သွား မိရာ ၊ ကျေးရွာဘောလုံးပွဲ မှာ ကွင်းလယ်ဒိုင်လူကြီး အဖြစ် ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံခြင်း ခံရသည် ။ ကိုအဏ္ဏဝါကြက်သီးမွေးညင်း ထ သွားသည် ။ ဘောလုံး ပညာ ကို ဘာမှ မသိနားမလည်ဘဲ ဒိုင်လူကြီးဘယ်လို လုပ်ရပါ့ဟု သူ့ ကိုယ် သူ မေး နေမိသည် ။ သို့သော် ဟန် ကိုယ့်ဖို့ ဆိုသည့် ထုံးကို နှလုံး မူ ပြီး သဘော တူ လက်ခံလိုက်သည် ။

ရန်ကုန်မြို့ကြီး မှာ နေသည့် နိုင်ငံခြားပြန် သင်္ဘောသား ဆို ပြီး ဘောလုံးပွဲ မှာ ကွင်းလယ်ဒိုင်လူကြီး လုပ်နိုင်တဲ့အရည်အချင်း မရှိဘူး ဆိုလျှင် အထင်သေး ခံရမည် စိုး၍ ဟန်မပျက် လက်ခံရခြင်း ဖြစ်သည် ။ ဘောလုံးပွဲ ကလည်း ကြီးကျယ်သည့် ပွဲ မဟုတ် ၊ ကိုအဏ္ဏဝါ ၏ မွေးရာဇာတိ ဖြစ်သည့် ကိန္နရီချောင်းရွာ နှင့် သဖန်းကုန်းရွာ တို့ လောင်းကြေး ထပ်ပြီး ကန်ကြမည့် ချိန်းပွဲ မျှသာ ဖြစ်သည် ။ ကိန္နရီ ချောင်း ရွာသား မြအေး နဲ့ သဖန်းကုန်း ရွာသား တင်ရွှေ တို့ အရက် ဆိုင် မှာ တွေ့ ကြပြီး တစ်ယောက် ကို တစ်ယောက် ကလိကြ ၊ ရိကြရာ မှ ဘောလုံးပြိုင်ကန်ကြမယ် ဆိုပြီး ချိန်းပွဲ ဖြစ် သွားခြင်း ဖြစ်သည် ။

ကိန္ဒရီချောင်းရွာ နှင့် သဖန်းကုန်းရွာ တို့သည် တစ်ရွာ နှင့် တစ်ရွာ ပြိုင်ဆိုင်မှု အစဉ်အလာရှိခဲ့ဖူးသော ရွာ နှစ်ရွာ ဖြစ်သည် ။ တိုက်နယ် အတွင်း ရှိ ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲ မှာ ဗိုလ်လုပွဲ ကြုံ ခဲ့ဖူးသည် ။ လွတ်လပ်ရေးနေ့ မှာ ပြုလုပ်သည့် လှေလှော်ပြိုင်ပွဲ မှာ ကြုံခဲ့ဖူးသည် ။ တစ်ရွာ ကို တစ်ရွာ က သာအောင် ပြိုင်ချင် နေကြ သော ရွာ နှစ်ရွာဖြစ်သည် ။ ဘာမှ ပြိုင်စရာ မရှိလျှင် အလှူ ပြိုင်ကြ သည် ။ ကိန္နရီချောင်းရွာ က စုပေါင်းရဟန်းခံရှင်ပြု မှာ နွားလှည်း တွေ နဲ့ ရှင်လောင်းလှည့်လျှင် သဖန်းကုန်းရွာ က ဟိုင်းလတ်တွေ ၊ ဒိုင်နာတွေ နဲ့ လှည့်ပြသည် ။ သဖန်းကုန်းရွာ က မြင်းတွေ နဲ့ လှည့်လျှင် ကိန္နရီချောင်းရွာ က ဆင်တွေ ရအောင် ရှာပြီး ရှင်လောင်း လှည့် သည် ။ ကိန္နရီချောင်းရွာ က ရုပ်ပွားတော် တည် လျှင် သဖန်းကုန်း ရွာ က စေတီ တည်ပြသည် ။ ဒီလို ပြိုင်ဆိုင်မှု အစဉ်အလာ ကြီးခဲ့သော ရွာနှစ်ရွာ ဖြစ်သည် ။ ဒီ ရွာ နှစ်ရွာ ကန်ကြမည့် ဘောလုံးပွဲ မှာ ကိုအဏ္ဏဝါ က ဒိုင်လူကြီး လုပ်မည် ဆိုတော့ ဘကြီးဦးထွန်းကြိုင် က ကိုအဏ္ဏဝါ ကို ချီးကျူးသည် ။

“ မောင်စိုး ရေ ဘောလုံးသမားအချင်းချင်း ကွင်း ထဲမှာ ရန် ဖြစ် မှာ ကတော့ သေချာတယ် ၊ ဒီ ပွဲမှာ ရန် မဖြစ်အောင် ဒိုင်လူ ကြီးလုပ် နိုင်ရင် ကုလသမဂ္ဂ မှာ အတွင်းရေးမှူး လုပ် လို့ ရပြီ ၊ ဒီပွဲ ကတော့ မင်း လိုအရည်အချင်း ရှိတဲ့ အကောင် နဲ့ မှ ဖြစ်မယ်ဟေ့ ”

ကိန္နရီချောင်းရွာ နှင့်သဖန်းကုန်းရွာ တို့ ယှဉ်ပြိုင်ကြမည့် ဘောလုံးပွဲ မှာ သာမညအရည်အချင်း ဖြင့် ဒိုင်လူကြီး မလုပ်နိုင်ဘူး ဆိုတာ ကတော့ ဘကြီးဦးထွန်းကြိုင် ၏ စကား နဲ့ ပဲ ထင်ရှား နေပြီ ဖြစ်သည် ။ ဒီတော့ ဒိုင်လူကြီး လုပ်မည့် ကိုအဏ္ဏဝါ သတိ ထား ရတော့မည်ဖြစ်သည် ။ ဒီ ပွဲ မှာ ပေါ့ပေါ့တန်တန် လုပ်လို့ မဖြစ်ဘူး လို့ နားလည် လိုက်သည် ။ ကိုအဏ္ဏဝါ သည် ဒီ ပွဲ မှာ ဒိုင်လူကြီး ဝင် လုပ်တာက ကိုယ်တိုင် လုပ်ချင်လို့လည်း မဟုတ် ၊ အရည်အချင်း ရှိလို့ လည်း မဟုတ် ၊ လုပ်မည့် သူ ရှာ မရလို့ ဆွဲခန့် ရာထူး ဖြင့် ဝင် လုပ် ရတာဖြစ်သည် ကိုအဏ္ဏဝါသည် ဘာ တာဝန် ကို မှ ယူချင် သည် မဟုတ် ၊ ဘေးထိုင် ပွဲကြည့်သမား အဖြစ်နဲ့ အေးအေး ဆေးဆေး နေချင်သူဖြစ်သည် ။

ကိန္နရီချောင်းရွာ နှင့်သဖန်းကုန်းရွာ တို့ ချိန်းပွဲ ဘောလုံး ကန်ကြတော့မည် ဆိုတော့ ဒိုင်လူကြီး ပြဿနာ တက် နေစဉ်မှာ ကိုအဏ္ဏဝါ ရွာ ကို ရောက်လာခြင်း ဖြစ်သည် ။ ပြည်နယ်လက်ရွေးစင် ရွေးချယ်ပွဲတွေ မှာ ဒိုင် လုပ်ဖူးသူ ကျောင်းအုပ်ဆရာကြီး ဦးထွန်းရင် ရှိ နေပါလျက် နှင့် ကိန္နရီချောင်း ရွာသား ဖြစ်နေ၍ သဖန်းကုန်း ရွာသားတွေ က မယုံကြည် ဟု သိရသည် ။ ကိန္နရီချောင်းရွာသား လည်း မဟုတ် ၊ သဖန်းကုန်းရွာသား လည်း  မဟုတ် သူ ဖြစ်ရမည် ဟု သဘောတူ ကြပြီး ဒိုင်လူကြီးလုပ်မည့်သူ ရှာနေကြစဉ် ကိုအဏ္ဏဝါ ရွာ ကို ရောက်လာခြင်းဖြစ်သည် ။ ကိုအဏ္ဏဝါ သည် ကိန္နရီချောင်းရွာသား ပင် ဖြစ်သော်လည်း ရန်ကုန် မှာ နေတာ နှစ်ပေါင်း လေးဆယ် ကျော်ပြီ ဖြစ်လို့ ဒေသစွဲ စိတ် နှင့် သံယောဇဉ် ကုန်ခမ်းနေသူ ဟု သတ်မှတ်ကြသည် ။

သင်္ဘောသား ဖြစ်၍ ဘောလုံးပညာ နှင့် ပတ်သက်လျှင် နိုင်ငံတကာ အဆင့် မီ သူဖြစ်သည် ဟု ယုံကြည်ကြသည် ။ ကိန္နရီချောင်း ရွာသား ကိုအဏ္ဏဝါ ကို ဒိုင်လူကြီး အဖြစ် ရွေးချယ်ရန် သဖန်းကုန်း က အဆို တင်သွင်းခြင်း ဖြစ်သည် ။

ကိန္နရီချောင်း ရွာသားတွေ က လျင်လျင်မြန်မြန် သဘော တူလိုက်သည် ။ ကိုအဏ္ဏဝါ သည် ဘောလုံးပညာ နှင့် ပတ်သက်လျှင် ဘာမှ မသိ ၊ ဘာမှ မတတ်ဆိုတာ ကို မသိကြ၍ အထင် တကြီးဖြင့် တာဝန် ပေးကြခြင်းဖြစ်သည် ။ ကိုအဏ္ဏဝါ ကလည်း အထင်ကြီး ခံ ချင်သူမဟုတ်ပေမယ့် အထင်သေး ခံရမှာ ကြောက်ပြီး မနိုင်ဝန် ကို ထမ်း ဖို့ သဘော တူလိုက်ခြင်းဖြစ်သည် ။ သို့သော် ဆုံးဖြတ်ချက် တစ်ခု ခု ကိုတော့ အခိုင်အမာ ချထားသည် ။ ဘက်မလိုက်ဘဲ မျှမျှ တတ နှင့် တရားသဖြင့် ဖြစ် စေရမည်ဟူ၍ ဖြစ်သည် ။

ကိန္နရီချောင်းရွာ အပြင်ဘက် က နွားစားကျက်ကွင်း ကို ဘောလုံးကွင်း လုပ် ထားတာတွေ့ ရသည် ။ တောင်ဘက် နှင့်မြောက် ဘက် မှာ အရောင်အသွေး မထွက်တော့သည့် ဂိုးတိုင် ယိုင်နဲ့နဲ့ နှစ်ခု ရှိ နေလို့သာ ဘောလုံးကွင်း ဟု ဆိုရသော်လည်း မြက်ရိုင်းတွေပေါက် နေသည့် နွားစားကျက်ကြီး သာ ဖြစ်သည် ။ အနိမ့်အမြင့် မညီမညာ ဖြစ်နေသည် ။ နွားခြေရာ ၊ ကျွဲခြေရာ ချိုင့်ခွက်တွေ ရှိ နေသည် ။ ဘေးထွက်ဘော သတ်မှတ်ရန် အနားသတ်မျဉ်း မရှိ ၊ ဒေါင့်ကန်ဘော တည်ရန် နေရာ မသေချာ ၊ ဂိုးစည်းဧရိယာ ထဲ မှာ ပြစ်ဒဏ်ဘောဖြစ် လျှင် ပင်နယ်လ်တီဘောလုံး ကို ဘယ်နေရာ မှာတည်ရမှန်း မသိ ဖြစ် နေသည် ။ ဒီလို ကွင်းမျိုး မှာ ကစားကြမည့် ပွဲ မှာ ကိုအဏ္ဏဝါ က ဒိုင်လူကြီး လုပ်ရမည် ဖြစ်သည် ။

တစ်ရွာ ကို ငွေ တစ်သောင်း စီ ထည့်ကြ၍ လောင်ကြေးငွေ နှစ်သောင်း ဖြစ်သည် ။ နိုင် သည့် ရွာ က ငွေနှစ်သောင်း ရမည် ။ ကိုအဏ္ဏဝါ ၏ အကြံပေးချက်အရ လက်သမားဆရာဦးလူ က ဒိုင်း တစ်ခု ပြုလုပ်သည် ။ ပေပျဉ် မရှိ၍ ခြောက်လက်မ ပျဉ်နှစ်ချပ် ကို စပ်ပြီး ဒိုင်းပုံ ဖြတ်တောက်ပေးသည် ။ တောပန်းချီဆရာ ကိုချစ်သန်း က ဆေးသုတ်ပြီး စာလုံးတွေ ရေးပေးသည် ။ အနက် ရောင် အောက်ခံ ပေါ် မှာ အဖြူရောင်ဖြင့် ( ကိရီချောင်း - သဖန်းကုန်း ၊ ဗိုလ်လုပွဲ ဆုရ ဒိုင်း ) စာလုံးတွေ ကို ရေး ပေးသည် ။ ဘောလုံး ကွင်း ထဲ သို့ ယူလာသည့် အချိန်မှာ ဆေး မခြောက်သေး ဖြစ်နေသည် ။

ဘောလုံးပွဲ ကို အားပေးကြည့်ရှုကြမည့် ကိန္နရီချောင်းရွာ သားတွေ က ကွင်း ၏ အရှေ့ဘက်မြက်တော ထဲ မှ လည်းကောင်း ၊ သဖန်းကုန်းရွာသား တွေ က အနောက်ဘက် မြက်တောသာမက ၊ ဗွက်တော ထဲ က လည်းကောင်း ထိုင်လျက် တစ်ချို့ ရပ်လျက် တစ်စု အားပေးနေကြသည် ။ ကွင်း ထဲ မှာ ရောက် ရှိ နေကြသည့် နှစ်ဘက် ကစားသမားတွေ အနက် ကိန္နရီချောင်းရွာ အသင်း က ရှေ့တန်းတိုက် စစ်မှူး အောင်မွှေး ၊ ထွန်းကြည် ၊ မြအေး ၊ ထွေးမောင် ၊ ဂိုးသမား လှမောင် နှင့် သဖန်းကုန်းရွာအသင်း က ရှေ့တန်းကစားမည့် အောင်မြင့် ၊ တင်ရွှေ ၊ မဲအောင် ၊ သိန်းမောင် ၊ တင်အေး ၊ ထွန်းမြင့် တို့ လောက်သာ ဘောင်းဘီ အတို တွေ ဝတ်ထားကြသည် ။ အများစု ကတော့ လုံချည်ခါးတောင်းကြိုက် ဖြင့် ကန် ကြမည်ဖြစ်သည် ။ ဒီ ပွဲ မှာ ဒိုင်လူကြီးလုပ်မည့် ကိုအဏ္ဏဝါ ကိုယ်တိုင်ကလည်း ဘောင်းဘီတို မရှိလို့ ဘောင်းဘီရှည် နှင့် လည်ကတုံး ရှပ်လက် တို့ ကို ဝတ် ထား သည် ။

မုဆိုးဖို အမူးသမား နှင့် အရူးမအပျိုကြီး တို့ သုသာန်ဇရပ် မှာတွေ့ ကြသလို အတော် ကြည့်ရဆိုး နေသည် ။

ဒိုင်လူကြီး ကိုအဏ္ဏဝါ ၏ လည်ပင်း မှာ ပီနံကြိုး ဖြင့် တွဲလောင်း ဆွဲ ထားသည့် ဝစီ ( ဝှက်ဆဲလ် ) က မှုတ်တိုင်း မမြည် ။ အဆင့်သင့် လျှင်မြည်သည် ။ တစ်ခါတစ်လေ မမှုတ် ဘဲ ပါးစပ် မှာ တပ် ထားရုံဖြင့် အသက် ရှူ မိလို့ ထမြည် သည် ။ ဒီ ကိစ္စ ဟာ အရေး ရယ်အကြောင်းရယ် ဆိုရင် ဘယ်လိုလုပ် ရမလဲ ဆိုတော့ နှစ်ဘက်အသင်း က ကစားသမားအားလုံး ကပင် ဒိုင်လူကြီးအနေဖြင့် ဝစီ မှုတ် လို့ မမြည်လျှင် လက်ခေါက် မှုတ်ပြီး အချက် ပေးပါ ဟု သဘော တူကြသည် ။

ပွဲ စ ကစားတော့မည် ဖြစ်၍ တောင်ဘက်ဂိုး နှင့် မြောက် ဘက်ဂိုး ရွေးချယ်ရန် ခေါင်းပန်း လှန် ရမည့် ကိစ္စ ပေါ်လာသည် ။ ပိုက်ဆံအကြွေစေ့ မတ်စေ့လေး ကို ကိုအဏ္ဏဝါ က လက်မ ဖြင့် ခတ်ပြီး မြှောက်လိုက်ရာ ပြန် အကျမှာ မြက်ဖုတ်ကြား ထဲ က ကြွက်တွင်း ထဲ ကျ သွားလို့ ခေါင်း မှန်း မသိ ၊ ပန်း မှန်း မသိ ဖြစ် သွား သည် ။ မိမိ ကြောင့်ဖြစ်ရသည့် အတွက် ဒိုင်လူကြီး ကိုအဏ္ဏဝါ က ပဲ တောင်းပန်ပြီး သဖန်းကုန်းရွာ ဘက် က လိုချင်သည့် တောင်ဘက်ဂိုး ကို ပေးလိုက်ပါရန် ကိန္ဒရီချောင်းရွာ အသင်း ကို တောင်းပန်ရသည် ။ ကိန္နရီချောင်းအသင်း က အောင့်သက်သက် ဖြင့် သဘော တူလိုက် သည် ။

ပွဲ စ ကစား လို့ ငါးမိနစ် လောက် အကြာ မှာ လူချသည့် ပြဿနာ ပေါ် လာသည် ။ သဖန်းကုန်းရွာအသင်း က အောင်မြင့် ကို ကိန္နရီချောင်းရွာ အသင်း က ထွန်းကြည် က နောက် ကနေ သိမ်းရိုက် တယ် ဆိုပြီး သဖန်းကုန်းရွာသားတွေ ဝိုင်း အော်ကြသည် ။

“ ဒိုင်လူကြီး မမြင်ဘူးလားကွ ၊ မျက်စိ ကန်းနေလား ၊ ဘက် လိုက်တယ်ကွ မတရားဘူး ” .

ပရိတ်သတ် ဆူ ရုံ သာမက အောင်မြင့် က ထွန်းကြည် ထိုးမယ်ကြိတ်မယ် ဆိုပြီး ဆွဲလား ရမ်းလား လုပ်သဖြင့် ပွဲ ကို ခေတ္တ ရပ် လိုက်ရသည် ။ သဖန်းကုန်းအသင်း က ကိုအဏ္ဏဝါ ကို အော်ဟစ် မေးကြသည် ။

“ ခင်ဗျား ဘာကြောင့် ခရာ မမှုတ်တာလဲ ၊ ဘက် မလိုက်နဲ့နော် ”

ဒိုင်လူကြီး ကိုအဏ္ဏဝါ က သဖန်းကုန်းအသင်း က ဘောလုံ သမားတွေ ကို အနူးအညွတ်တောင်းပန်သည် ။ အလံကိုင်ဒိုင်လူကြီး မရှိသည့် အပြင် မိမိ တကယ် မမြင်လိုက်လို့ ခရာ မမှုတ်မိတာပါ ဟု တောင်းတောင်းပန်ပန် ပြောသည် ။

“ ကျွန်တော် တကယ် မမြင်လိုက်လို့ပါဗျာ ”

“ ခင်ဗျား မမြင်တာ နဲ့ ကျွန်တော်တို့ လူ တစ်ချက် ခံလိုက် ရပြီ ၊ အဲဒါ ဘယ်လို လုပ်မလဲ ”

ကိုအဏ္ဏဝါ ခေါင်း ကုတ်လိုက်သည် ။ ပြီးသွားသည့် အတွက် ဘာ လုပ်ရမှန်း မသိ ဖြစ်သွားသည် ။ ပြစရာ အနီကဒ် လဲ မရှိ ၊ အဝါကဒ် လည်း မရှိ ၊ ဒိုင်လူကြီး ကိုယ်တိုင် မမြင်လိုက်သည့် ပြစ်ဒဏ် အတွက် ဘယ်လို အရေး ယူရမှန်း မသိ ဖြစ်နေသည် ။ သဖန်းကုန်းရွာသားတွေ ကလည်း ဒီကိစ္စ ကို ကျေနပ်အောင် မဆောင် ရွက်လျှင် အကြမ်းဖက်မည့် လက္ခဏာ ပြ နေကြသည် ။

“ ဆောရီးဗျာ ဒီ တစ်ခါတော့ ကျွန်တော် မမြင်လိုက်လို့ ဖြစ်သွားတာပါ ။ ခင်ဗျားတို့ ကျေနပ်အောင် ကျွန်တော် စီစဉ်ပေး ပါ့မယ် ။ အောင်မြင့် က ထွန်းကြည် ကို တစ်ခါ ပြန်ချပါ ။ သိပ်ပြီး မနာပါစေနဲ့ ၊ ဒူးဆစ်အောက် ကို ခြေထောက် နဲ့ ပဲကန် ရမယ်နော် လက် မပါစေနဲ့ ”

သဖန်းကုန်းအသင်း ကဘောလုံးသမားတွေ နှင့် သဖန်း ကုန်းရွာသားတွေ ကျေနပ်သွားကြသည် ။ ဒိုင်လူကြီး ကိုအဏ္ဏဝါ အထူး သတိထား နေရပြီဖြစ်သည် ။ ဘောလုံးသမားတွေ နှင့် အတူ ပြေးပြီးမျက်တောင် မခတ် ကြည့်နေရတော့သည် ။ ပြစ်ဒဏ် တစ်ခု ဖြစ်တာ နဲ့ ဝစီ မှုတ်နိုင်ရန်အတွက် ပါးစပ် မှာ အသင့် ကိုက်ထား သည် ။ ကိုအဏ္ဏဝါပြေးရင်း လွှားရင်း နွားခြေရာခွက် မှာ ခြေကျွံ ပြီးပါးစပ်မှာကိုက်ထားသည့် ဝစီ ကအသံ ထွက်သွားသည် ။ ကစားသမားတွေ အားလုံး ပြေး နေတာ ရပ်လိုက်ကြသည် ။ ဘယ်သူ ဘာဖြစ် လို့လဲ ဆိုသည့် အကြည့်ဖြင့် ကိုအဏ္ဏဝါ ကို ဝိုင်း ကြည့်နေကြသည် ။

“ ဘာမှ မဖြစ် ၊ ဘာမှ မဖြစ် ခလုတ် တိုက် မိလို့ မြည်သွားတာ ဆက်ကန် … ဆက်ကန် ”

ဒိုင်လူကြီး ကြောင် လွန်း၍ ကစားသမားတွေ အိုးနင်း ခွက်နင်း ဖြစ်နေကြသည် ။ ဒိုင်လူကြီး က ဆက်ကန် ဆိုတော့ ကိန္နရီချောင်းအသင်း က အောင်ရွှေ က ဘောလုံး ကို တည်တောင်  မတည်နိုင်တော့ပဲ ကန် လိုက်သည် ။ သဖန်းကုန်းဂိုး ရှေ့ ကို ရောက် သွားသည် ။ ထွန်းကြည် ပြေး လိုက်သွားသည် ။ သဖန်းကုန်းဂိုး ရှေ့တွင် ထွန်းကြည် နှင့် သဖန်းကုန်းနောက်တန်း က လူတွေ ရှုပ်ယှက် ခတ်နေသည် ။ ထွန်းကြည် ဘောလုံး ရလို့ ဂိုး သွင်းမလို့ ခြေလှမ်း ပြင် နေစဉ် အောင်မြင့် က ထွန်းကြည် ရဲ့ ခြေနှစ်ချောင်း ကို သိမ်း ရိုက်လိုက်သည် ။ ထွန်းကြည် ပုံလျက်သား လဲ ကျသွားသည် ။ ကိန္နရီချောင်း ရွာသားတွေ က အော်တော့သည် ။

“ ဟေ့ ပယ်နယ်တီ ပေးကွဂိုးစည်း ထဲ မှာ တမင် ချတာကွ ”

ကိုအဏ္ဏဝါ ခရာ မှုတ်ပြီး ပြစ်ဒဏ်ဘော ပေးဖို့ လိုက်သွား သည် ။ သဖန်းကုန်းအသင်း က ဘောလုံးသမား တွေ က ကိုအဏ္ဏဝါ ကို ဝိုင်း ထားပြီး ကျီး အာသလို ဝိုင်း အာကြသည် ။

“ ဘာဖြစ်လို့ ပယ်နယ်တီ ပေး ရမှာလဲ ၊ စောစောက ဟာ ကို လက်စား ချေတာပဲ ဟာ ”

“ လက်စား ချေတာ ပယ်နယ်တီဧရိယာ ထဲ မှာ မချေရဘူး ကွင်းလယ် မှာ ချေပေါ့ ”

“  လက်စား ချေတာပဲ ဘယ်နေရာမှာ မဆို ချေမှာပေါ့ ဗျ ”

“  မရဘူး ၊ ဒါတော့ လုံးဝ မရဘူး ၊ အောင်မြင့် ကို ထွန်းကြည်  ချတာလဲ ကွင်းလယ် မှာ ပဲချတာ ၊ အောင်မြင့် က ထွန်းကြည် ကို ပြန် ချလျင်လည်း ကွင်းလယ် မှာပဲ ဖြစ်ရမယ် ”

သဖန်းကုန်းအသင်းသားတွေ နှင့် ရွာသားတွေ ငြိမ်ကျသွား သည် ။ ပယ်နယ်တီ ကန် ရတော့မည် ဖြစ်၍ ဂိုးတိုင် မှ ခြေလှမ်းကျဲ ကျဲ ဆယ်လှမ်း အကွာ မှာ ဘောလုံး ကို တည်ပြီး အသင့်ပြင်သည် ။ ကိန္နရီချောင်းအသင်းခေါင်းဆောင် အောင်ရွှေ ကန် မည် ဖြစ်သည် ။ သဖန်းကုန်း ရွာသားတွေကတော့ မကျေမနပ် ဖြစ်နေကြသည် ။ ကိုအဏ္ဏဝါ က ခရာ မှုတ်လိုက်သော အခါ အောင်ရွှေသည် ဂိုးသမား ၏ ယာဘက် ကို အယောင် ပြပြီး ဘယ်ဘက် ကို ကန်သွင်း လိုက်၍ ဂိုးဝင် သွားလေတော့သည် ။

ပထမပိုင်း ၄၅ မိနစ် ကစား ပြီးသွား ချိန်မှာ ကိန္နရီချောင်း ရွာ က တစ်ဂိုး ၊ သဖန်းကုန်းရွာ က ဂိုး မရရှိသေးသဖြင့် မကျေမနပ် ဖြစ် နေကြသည် ။ ဒုတိယပိုင်း ကို အထူး သတိ ထားရမည်ဖြစ်သည် ။ သဖန်းကုန်းအသင်းသားတွေ ကြမ်းတော့ ရမ်းတော့မည် ဖြစ်သည် ။ ကိန္နရီချောင်းရွာသား ဒိုင်လူကြီး ကိုအဏ္ဏဝါ ကို လည်း ဘက်လိုက် သည် ဟု မသင်္ကာ ဖြစ်လာကြသည် ။

ဒုတိယပိုင်း ပွဲ ပြန် စသည်နှင့် လူချပွဲ စ တော့သည် ။ ကိုအဏ္ဏဝါ ၏ လည်ပင်း က ခရာ သည်လည်း ပါးစပ် က ချွတ်ရသည် လို့ မရှိပဲ အမြဲ ကိုက်ထားရသည် ။ မကြာခဏ ပြစ်ဒဏ်ဘော ပေးနေ ရသည် ။ ခရာ ကလည်း မှုတ် လို့ မြည်တဲ့အခါ မြည်သည် ။ မမြည် တဲ့ အတွက် ပြစ်ဒဏ် မပေးလိုက်ရတဲ့ ပွဲတွေလည်း မနည်းဘူး ဖြစ် နေသည် ။ နှစ်ဘက် ပွဲကြည့် ပရိတ်သတ်တွေ က ဘောလုံးသမားတွေ ကို သာ မက ဒိုင်လူကြီး ကို ပါ ဆဲ နေကြပြီ ဖြစ်သည် ။ ပွဲ ဆူပြီး ဝရုန်းသုန်းကား ဖြစ်နေသည် ။ ဘောလုံးပွဲ နှင့် မတူပဲ ဘုရာထီးတော် တင်ပွဲ က ကြဲ ချသည့် တစ်ထောင်တန်တွေ ကို လု ကောက်နေကြပုံ နှင့် တူသည် ။ 

ကိန္နရီချောင်း ဂိုး ရှေ့မှာ ရှုပ်ယှက်ခတ် နေစဉ် ကိန္နရီချောင်း အသင်း က ရှေ့တန်းကစားသူ မြအေး က သဖန်းကုန်းအသင်း က မဲအောင် ကို ရင်ဝ ဆောင့် ကန်လို့ ဆိုပြီး ပယ်နယ်တီ တောင်းသည် ။ ပယ်နယ်တီ ဧရိယာ ၏ အပြင် မှာ ဖြစ်လို့ ပယ်နယ်တီ မပေးနိုင် ၊ ဖရီး ကစ် သာ ပေးရမည် ဆိုပြီး နှစ်ဘက် အသင်းသားတွေ စကား များကြ သည် ။

ရန် ဖြစ်တော့မည့် အခြေအနေ ဖြစ်နေသည် ။ ဒိုင်လူကြီး ၏ အဆုံးအဖြတ် ကို နား မထောင်ကြဘဲ အပြန်အလှန် အော်ဟစ်ငြင်းခုန် နေကြသည် ။ ပယ်နယ်တီ ဧရိယာ သတ်မှတ်သည့် မျဉ်းကြောင်း မရှိလို့ ခြေလှမ်းကျဲ ဆယ်လှမ်းဖြင့် တိုင်းကြည့်တော့လည်း အခင်း ဖြစ်ပွားသည့် နေရာ သည် အပြင် ကိုနည်းနည်း ရောက်နေသည် ။ ဒါလည်း သဖန်းကုန်းရွာသားတွေက နောက် မဆုတ်ဘဲ ပယ်နယ်တီ ပေး ကို ပေးရမည် ဟု တောင်းဆိုနေသည် ။ ဒိုင်လူကြီး ကိုအဏ္ဏဝါ မနေသာ လို့ ကိန္နရီချောင်း အသင်းခေါင်းဆောင် အောင်ရွှေ ကို တိုးတိုး ပြောရတော့သည် ။

“ သူတို့ ကျေနပ်အောင် လျော့ ပေးလိုက်ပါကွာ ၊ ပယ်နယ်တီ တစ်ယောက် တစ်လုံးစီ ရတဲ့ သဘော ဖြစ်သွားတာပေါ့ ၊ နင်တို့ ဂိုးသ မား လှမောင် က စိတ်ချရပါတယ် ၊ မဝင်နိုင်ပါဘူး ”

ကိုအဏ္ဏဝါ အချော့ ကောင်းလို့ ကိန္နရီချောင်းအသင်း က အလျော့ ပေးလိုက်သည် ။ သဖန်းကုန်းအသင်း က ကျေနပ်သွား သော်လည်း ကိန္နရီချောင်းအသင်း က ကောင်တွေ က ကိုအဏ္ဏဝါ ကို ပါ ဆောင့် ကန်ချင်သည့် ပုံ ပြလာကြသည် ။ ကိုအဏ္ဏဝါ ကို ဘက် လိုက်သည်လို့ ထင်ထားသည့် သဖန်းကုန်းအုပ်စု က သံသယ စိတ် နည်းနည်း ပြေသွားပုံရသည် ။

သဖန်းကုန်းအသင်း က ရှေ့တန်းတိုက်စစ်မှူး အောင်မြင့် က ပယ်နယ်တီဘောလုံး ကို တည် ထားပြီး လက်အုပ် ချီလျက် ဆိုင် ရာပိုင်ရာတွေ ကို ကန်တော့သည် ။ ကိုအဏ္ဏဝါ က ခရာ မှုတ်လိုက် သည်နှင့် ပြေးကန်လိုက်ရာ ဂိုး ဝင်သွားလေတော့သည် ။ ကိန္နရီချောင်း ဂိုးသမား လှမောင် ခမျာ ထုတ်စည်းတိုး နေသည့် ပုံစံမျိုး ကြီးဖြင့် ဘောလုံး ကို မဖမ်းနိုင်ဘဲ ကားယားကြီး ဖြစ် ကျန်ရစ်သည် ။

သဖန်းကုန်းရွာသားတွေ အော်ဟစ်ပြီး ကျွမ်း ထိုးသူ ထိုး ၊ ကသူ က ဖြစ်ကုန်ကြသည် ။

တစ်ဘက် တစ်ဂိုးစီ ဖြစ်နေ၍ သရေ ဖြစ်နေသည် ။ ပွဲပြီးရန် ၁၅ မိနစ်ခန့် သာ လို တော့သည် ။ နောက်ထပ် ဂိုး ရဖို့ထက် မရှုံးဖို့ က အရေးကြီးသည် ဆိုပြီး ဂိုးရှေ့ မှာ ပိတ် ကစားနေကြ၍ တစ်ဘက် ကို တစ်ဘက် ဂိုးမသွင်းနိုင်ကြဘဲ ဒုတိယပိုင်း ၄၅ မိနစ် အချိန် ပြည့် သွားသည် ။ ပွဲသာ ပြီး သွားသည် ။ အနိုင်အရှုံး မရှိ ဖြစ်နေ၍ လောင်း ကြေးငွေ နှစ်သောင်း ကို တစ်သောင်းစီခွဲဝေ ယူမည် ဆိုလျင် အဓိပ္ပါယ် မရှိ၍ မနိုင်မချင်း ဆက် ကန်ကြမည် ဟု ဆိုသည် ။ ဒိုင်လူကြီး ကိုအဏ္ဏဝါ က ကျော်မကောင်း ကြားမကောင်းဖြစ်မည် ။ ထုံးစံအတိုင်း အချိန်ပို ၁၅ မိနစ် ၂ ခါ ကစားလို့မှ ဂိုး မသွင်းနိုင်လျှင် ပယ်နယ်တီ ၅ လုံး စီ ဖြင့် အနိုင်အရှုံး ဆုံးဖြတ်တာကို ကျေနပ်ကြပါ ဟု မေတ္တာရပ်ခံသည် ။ ကိန္နရီချောင်းရွာ က ဂိုးသမားလှမောင် အားကိုးဖြင့် သဘော တူလိုက်သည် ။ သဖန်းကုန်း ကလည်း သိက္ခာ ကျ မခံဘဲ သဘောတူသည် ။ .

အချိန်ပို မိနစ် ၃ဝ ကစားပါသော်လည်း ဂိုးဝင် ခံ ရမှာ ကြောက်လို့ ဂိုးပေါက် ပိတ်ပြီးကစားနေသဖြင့် တစ်ဘက်ကိုတစ်ဘက် ဂိုး မသွင်းနိုင်ဘဲ အချိန် စေ့ သွားပြန်သည် ။ ပယ်နယ်တီ ၅ လုံး စီ ဖြင့် အဆုံးအဖြတ် ပေး ရတော့မည်ဖြစ်သည် ။ ကိန္နရီချောင်း က စတင် ကန်သွင်းသည် ။ ဝင်သွားသည် ။ သဖန်းကုန်း က ကန်ရမည့် အလှည့် ဖြစ်သည် ကိန္နရီချောင်း က ဂိုး သမားလှမောင် ကို အတော် အထင်ကြီးပြီး အားကိုးကြပုံ ရသည် ။ သဖန်းကုန်း က အသင်းခေါင်းဆောင် အောင်မြင့် ကန် သည် ။

ဝင်သွား ပါသည် ။

ထင်သည့်အတိုင်းပင် ဂိုးသမားလှမောင် သည် ထုတ်စည်း တိုးနေသလို ကားယားကြီး ဖြစ်ကျန်ရစ်သည် ။ တစ်လှည့် စီကန်သွင်းကြရာ ၅ လုံး စီ ဝင်ကြသဖြင့် ၆ ဂိုး စီ ဖြင့် သရေ ဖြစ်နေ သည် ။ ပွဲ ကလည်း ပြီးသွားပြီ ဖြစ်သည် ။ ဒိုင်းဆုပေးရေး ၊ လောင်း ကြေးငွေ နှစ်သောင်းပေးရေး အခက် တွေ့နေတော့သည် ။ 

ဒီ အခြေအနေ မှာ ကိန္နရီချောင်း ဘက် က ဒိုင်လူကြီး ကိုအဏ္ဏဝါ ကို မကျေမနပ် ဖြစ်လာကြသည် ။ ကိုယ့် ရွာသားတွေ ကို ဘက် မလိုက်ရုံ သာမက သဖန်းကုန်း ဘက် ကို ပေးခဲ့သည့် ပယ်နယ်တီ သည် လုံးဝ မတရား ဟု ဆိုလာကြသည် ။ လောင်းကြေးငွေ နှစ်သောင်း သာ အပြည့်အဝ မရလျှင် ကိုအဏ္ဏဝါ ကို ဝိုင်း ထိုးကြတော့ မည့်ပုံ ဖြစ်လာသည် ။ သဖန်းကုန်း က လည်း ငွေနှစ်သောင်းကို လိုချင် လို့ အပင်ပန်းခံပြီး ကစားတာ ဟု ပြော လာကြသည် ။ ဒိုင်လူကြီး ကိုအဏ္ဏဝါဦးနှောက် ခြောက်သွားသည် ။ ဘာ လုပ်ရမှန်း မသိ ဖြစ်နေ သည် ။ သူ့ ဘကြီး ဦးထွန်းကြိုင် ပြောခဲ့သည့် စကား ကိုပြန်လည် ကြားယောင်လာသည် ။

“ ဒီပွဲ မှာ ရန် မဖြစ်အောင် ဒိုင်လူကြီး လုပ်နိုင်ရင် ကုလသမဂ္ဂ မှာ အတွင်းရေးမှူး လုပ်လို့ ရပြီ မင်း လို အရည်အချင်း ရှိတဲ့ အကောင် နဲ့ မှ ဖြစ်မယ် ”

ရွာ နှစ်ရွာ ကို ကိုယ်စားပြုသည့် ဘောလုံးသမားတွေ ကျေနပ် အောင် ၊ အထူးသဖြင့် ဒီနေ့ညနေ မှာ ကြက်သားဟင်း ချက် ပြီး ကိုအဏ္ဏဝါ ကို အရက် နှင့် ဧည့်ခံကြမည့် ကိန္နရီချောင်းရွာသား တွေ ကို ကျေနပ်အောင် အသင်းခေါင်းဆောင် အောင်ရွှေ နှင့် ရှေ့တန်း ကစားသည့် ထွန်းကြည် တို့ ကို ချော့ရတော့သည် ။ ထွန်းကြည် ဆိုတာက ကိုအဏ္ဏဝါ ၏ ညီ ဝမ်းကွဲ ဖြစ်သည် ။

“ လောင်းကြေးငွေ နှစ်သောင်း ကို သဖန်းကုန်းအသင်း ကို ပေး လိုက်ပါကွာ ၊ မင်းတို့ အတွက်နှစ်သောင်း ကို ငါ ပေးပါ့မယ် ။ ငါ့ အိတ် ထဲ ကပဲ စိုက်ပေးပါ့မယ် နော် … ၊ နော်လို့ ”

“  ဒါဆိုရင် ဒိုင်း ကရော ဘယ်သူ့ ကို ပေးမလဲ ”

“  အေး အဲဒါတော့ ပြဿနာ ပဲ ”

“  လွယ်ပါတယ် ဒိုင်း က ပေပျဉ် နဲ့ လုပ် ထားတာမှ မဟုတ်ပဲ ခြောက်လက်မပျဉ် နှစ်ချပ် ကို စပ်ထားတာ ဆိုတော့ ကိန္ဒရီချောင်း စာလုံး ပါတဲ့ အခြမ်း ကို ငါတို့ ယူမယ် ၊ သဖန်းကုန်း စာလုံး ပါတဲ့ အခြမ်း ကို ဟိုကောင်တွေ ကို ပေးလိုက် ၊ ဒါရှင်းတာပဲ ”

ဆေးတောင် မခြောက်သေးသည့် နှစ်နှံစပ်ဒိုင်းလေး ကို တစ်ခြမ်းခွဲ ယူကြဖို့ ပြော လာကြသည် ။ ဒီလို လုပ်လို့ သင့်တော်ပါ့ မလား ဟု ကိုအဏ္ဏဝါတွေးနေသည် ။ တစ်စုံတစ်ယောက် က အော် ပြော လိုက်သည် ။

“ ဟေ့ အဲဒီ ဒိုင်း ကို ငါတို့ မလိုချင်ဘူး ကွ ၊ အရေးကြီးတာ က ပိုက်ဆံ ကွ ”

ပိုက်ဆံ နှစ်သောင်း ရသာ မရလျှင် ဒီနေ့ ည အဖို့ ကိုအဏ္ဏဝါ အိပ်ဖို့ မစဉ်းစားနဲ့ ဆိုသည့် ရုပ်မျိုး ရှိသူ တစ်ယောက် က အော်ပြော သည် ။ ကိန္နရီချောင်းအသင်း က ဒိုင်း ကို မလိုချင်လို့ ပြောတော့ သဖန်းကုန်းအသင်း ကလည်း မလိုချင် ဟု ပြော လာသည် ။

“  ဘောလုံးသမားများ နဲ့ ပွဲကြည့်ပရိတ်သတ်များ ခင်ဗျား ကျွန်တော်တို့ ရွာ နှစ်ရွာ ကို ရန် မဖြစ်အောင် ဒိုင်လူကြီး လုပ်ပေး နိုင်တဲ့ အပြင် အလှူငွေနှစ်သောင်း ထည့်ဝင်ပေးတဲ့ ဒိုင်လူကြီး ကို ဂုဏ်ပြုတဲ့ အနေနဲ့  ဒီ ဇိုင်းဆု ကို ပေးပါမယ် သဘော တူပါသလား ခင်ဗျား  ”

“ တူပါတယ် တူပါတယ် တူပါတယ် ”

ကိန္နရီချောင်းအသင်းခေါင်းဆောင် အောင်ရွှေ က သဘော တူပါသလား လို့ အော်မေးလိုက်၍ အားလုံး က ပင် တူပါတယ် ဟု သုံးခါ အော်လိုက်ကြသည် ။ ရန် ဖြစ်မည် ဟု ထင်ထားသည့် ဘောလုံး သမား အချင်းချင်း ပျော်ရွှင်စွာ လက်ဆွဲ နှုတ်ဆက်ကြပြီး ဘောလုံး ပွဲ ကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြပါသည် ။

◾အဏ္ဏဝါစိုးမိုး

📖 ရယ်စရာ မဂ္ဂဇင်း     
     ၂၀၀၃-မေလ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment