Saturday, June 18, 2022

မီးလေးတင်ကွေး နာဘိသေးလော့


 

❝ မီးလေးတင်ကွေး နာဘိသေးလော့ ❞

မီးလေးတင်ကွေး ရေ

လဇူလိုင် မှာ မိုးတွေ လည်း ဖြိုင်ဖြိုင်ရွာသွန်းနေပြီ ဖြစ်လို့ ဘာကို လွမ်းရမှန်း မသိပေမယ့် ဘဘ တစ်ယောက် မှောက်လိုက် လှန်လိုက် လုပ်ရင်း စာအုပ်ပုံ ကြားထဲ ငိုက် နေမိတာ အတော် ကြာ ပါရောလားကွယ် ။ နောက်မှ သတိရမိတာ က မီးလေး အီးမေးလ် နဲ့ ပို့ ထားတဲ့ မေးခွန်းလွှာ အထပ်ထပ် က ဘဘ အနားမှာ ကပ်လျက်သား ရှိနေသေးတာကိုး ။ ကောင်းလေစွ ။ ကောင်းလေစွ ။ အောင်း နေတဲ့ ဉာဏ်နီ ဉာဏ်နက် ဉာဏ်ဘလူးဘလက် တွေ ကို ရှိသမျှ အကုန် ထုတ်လို့ ဟုတ်တာရော မဟုတ်တာတွေ ပါ ရောသမ မွှေကာ ဖြေလိုက်ပါ့မယ် ။

မီးလေးတင်ကွေး နာဘိသေးလော့ပေါ့  ။

မီးလေး ပို့ လာတဲ့ စုံစီနဖာ မေးခွန်းတွေ ထဲက ဘယ်ဟာတွေ က ရယ်စရာ ပရိသတ်ရဲ့ ဟဒယ နဲ့ ပိုပြီး ငြိ နိုင်သလဲဆိုတာတွေ ဆွဲထုတ် ကြည့်လိုက်တော့ ဟော .. တွေ့ပါပြီဗျာ ။

နံပါတ်တစ် မေးခွန်း က “ လင်စံရွေး လင်ကွေး နဲ့ မိ ”  ဆိုတဲ့ စကား က ဘာ ကို ပြော တာလဲ တဲ့ ။

အဲ ... ဒုတိယ နံပါတ်နှစ် မေးခွန်း က တော့ “ သြဂဲနစ် ”  ဟင်းသီးဟင်းရွက် ဆိုတာ က ရော ဝဲသြဃ ထဲ မှာ ခဲတွေ နှစ်ပြီး စိုက်ပျိုးထားတာ ကို ပြောတာလား တဲ့ ။ ဒီကနေ့ ခေတ် နဲ့ စပ်ဟပ်လို့ အင်မတန် စမတ် ကျတဲ့ မေးခွန်းတွေများ မေးတတ်လိုက်တာ မီးလေး ရယ် ။

ဘဘ နဲ့ ပေါင်း တော့လည်း ခေါင်း ကောင်း နေတာ ဘယ် ဆန်းပါ့ မလဲ နော် ။

ကဲ .. တတိယ မေးခွန်း က ဘာပါလိမ့် ။

ဟိတ် ... ခရစ်နှစ် ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလ ၂၁ ရက် နေ့ မှာ ကမ္ဘာကြီး ပျက်မယ် ဆိုတာ ဘဘ ယုံသလား တဲ့ ။

ထိတ်လန့်စရာကြီးပါလား ကွယ် ။

ကြည့်စမ်း ၊ မေးခွန်း သုံးခု အပြင် မဖြစ်စလောက် ဒစ်စကောင့် မေးခွန်းလေး တစ်ခုတောင် အပို ပါလာတာ ဘာတဲ့ ။

ဒီလောက် ပညာ ရှိပြီး ပဏ္ဍိတ တောင် ခေါ်လောက်တဲ့ ဘဘ ကရော ဒေါက်တာဘွဲ့ တစ်ခု ခု ရဖို့ အလားအလာ ရှိရဲ့လား တဲ့ ။

ဟီး ... ဟီး ... ဒစ်စကောင့် မေးခွန်း ဖြစ်ပေမယ့် အရင်ဆုံး ဖောက်ပြီး ဖြေ လိုက်ပါ့မယ် ။ ဘဘ က အစဉ်အမြဲ ဒေါက်တာရူး ရူး နေတဲ့သူကိုး ကွယ့် ။

အမှန်အတိုင်း ဝန်ခံရရင် ဘဘ က ဘွဲ့ အထပ်ထပ် နဲ့ ဘာ ပညာ မှ လည်း ဟုတ်တိပတ်တိ တတ်တာ မဟုတ် ။ မဟာ ဘုတ်တိုင် ထူ တာတောင် ကမောက်ကမ ဖြစ်နေသေးတဲ့ ဗေဒင် ပညာ က လည်း မတောက်တခေါက် ။ စာရေးဆရာတွေ ရဲ့ သာ ရေးနာရေး လောက် ကိုပဲ လေအန်ကုန်း မှာ အလှူငွေကောက်ခံ ခဲ့ဖူးတာ ဘယ်အဖွဲ့ ဘယ်ကျောင်း ကရော ဘဘ ကို ဒေါက်တာ ဘွဲ့ ချီးမြှင့်ဖို့ စဉ်းစားကြမှာတဲ့လဲ ကွယ် ။ ဒီကြားထဲ ဒေါက်တာ ဘွဲ့ မပေးတဲ့အပြင် ကပေါက်တိကပေါက်ချာ အမေးအဖြေ ကဏ္ဍ ကြောင့် သွေးလေချောက်ချား တဲ့ သူတွေကတောင် ဖနောင့် နဲ့ ဝိုင်း ပေါက်ဖို့ ဗျူဟာ ခင်း နေကြတာလေ မီးလေး ရဲ့ ။ 

ပြောရဦးမယ် ။ ရန်ကုန်မြို့ရဲ့ နွေအပူ ကို ရှောင် သလိုလို နဲ့ ဂစ္ဆဂီရိတောင် ပေါ် က ရသေ့ကျောင်းလေး တစ်ကျောင်း မှာ ဘဘ စာ သွား ရေးဖူးသေးတယ်ကွယ် ။ တကယ်တော့ စား စရိတ်လည်း မကုန် ၊ ဗေဒင်ပညာ အဖုံဖုံ ကျွမ်းမလား ထင်ပြီး ရသေ့ကြီး ဆီ ချဉ်းကပ် လို့ ပညာ ယူ ။ ဝေဒကျမ်း တစ်ဆူ တင်ပြီး ဒေါက်တာဘွဲ့ တောင်းဆိုမယ် အကြံ နဲ့ ဘဘ ဒုက္ခ ခံ ခဲ့တာ အမှန် ပါ ။ ဒါပေမဲ့ ရသေ့ကြီး က ဝေဒ အကြောင်း ဘာမှ နားမလည် ဘဲ သံသေ တစ်ပြည်ဝ ၊ ပြဒါးသေ တစ်ဆွေဝ နှုန်း နဲ့ မီးသွေးဖြုန်း ဖို ထိုး နေတာ ဆိုတော့ သေပြီပေါ့ မီးလေး ရယ် ။ ဘဘ လည်း စာရေးစာဖတ် နဲ့ ရသေ့ကြီး ရဲ့ ဆွမ်းကျန်တွေ ကပ် စားတာ ဝ လို့ ပြန်ခါနီးမှာ ရသေ့ကြီး ကို နှုတ်ဆက် ဂါရဝ ပြုတော့ ဘာပြောတယ် မှတ်သလဲ ။ “ အေးလကွယ် ... မောင်မင်း က အဖြီးအဖြန်း ပရိယာယ်တွေက ကောင်းလွန်းတော့ လူတကာ အထင်ကြီးနိုင်လောက်တဲ့ ဒေါက်တာဘွဲ့တစ်ခုခု လိုချင်တာ မှန်တာပေါ့ ကွယ့် ၊ ကျုပ် မှာ ပေးစရာ ဒေါက်တာဘွဲ့ ကလည်း မရှိ ၊ ကြွက် ကိုက် ပိုးထိုး လို့ ဟို စင်ပေါ် တင်ထားတဲ့ ဒေါက်ခြာ အစုတ် တစ်ခု ပဲ ရှိတာ ။ ယူ သွားဗျာ ၊ ဒေါက်တာဘွဲ့ မဟုတ် ရင်တောင် ဒေါက်ခြာဦးပေတုံးကြီး ဆိုရင်လည်း ခေသူ မဟုတ် တဲ့ စာရင်း ထဲ ပါပြီး လူရာ ဝင်ချင် ဝင် မှာကွယ့် ” တဲ့ ။ ရှက်လိုက် တာ မီးလေး ရယ် ။

ကိုင်း ... ကိုင်း ... မီးလေး ရဲ့ နံပါတ်တစ် မေးခွန်း တွန်းပြီး ဖြေကြည့်ပါ ဦးမယ် ။ လေရှည်တယ် ထင်ရင်လည်း ခုတင်ပေါ် အိပ် ဖတ်ရုံပေါ့ မဟုတ်ဘူးလား ။ ဘာတဲ့ ၊ လင် စံ ရွေး လင်ကွေး နဲ့ မိ ဆိုတဲ့ စကား နားမလည်ဘူးတဲ့ လား မီးလေး ရယ် ။ ပိန်း လိုက်တာကွယ် ။ လင် လိုချင်လွန်း လို့ ယောက်ျား တစ်ယောက် ပြီး တစ်ယောက် ရွေးရင်း အရိုး များသလေး ချေး ခါးသလေး နဲ့ ကြေး များလှတဲ့ အပျိုကြီး တစ်ယောက် နောက် ဆုံး စိတ်ကြိုက် ရွေးချယ် ယူ လိုက်တဲ့ ယောက်ျား ကျ မှ ခြေကြော လက်ကြော တင်းအောင် အလုပ် မလုပ်တဲ့အပြင် အကြော တစ်ခု တည်း တင်း ပြီး ( ပျင်းကြော ပြောတာပါ ။ ) အိပ်ရာ ထဲ အမြဲ ကွေး အိပ် နေတာ ဖြစ်လို့ လင်စံ ရွေး တာ များ ရင်လည်း လင် ကွေး နဲ့ မိ တတ်တာကို ပြောတာ ၊ ရှင်းတယ်နော် ။ ဒါပေမဲ့ သိုးဆောင်း ဒဿနဆရာ တစ်ယောက် ပြောတဲ့ စကား ဘဘ မှတ်ထားတာ ထုတ် ပြဦးမယ်ကွယ့် ။ ဘယ် အမျိုးသမီး မဆို လင် လို ချိန်မှာ ယောက်ျား တစ်ယောက် ကောက် ယူ လိုက်စမ်းပါ တဲ့ ။ တင်း ချင် ရာ အကြော တင်းပြီး ပျင်းပျင်း နဲ့ ကွေး အိပ်နေတဲ့ ယောက်ျား မဟုတ်ရင်တော့ လောက မှာ ကိုယ် ဟာ ကံ အကောင်းဆုံး အမျိုးသမီး လို့ ပဲ မှတ်တော့ပေါ့ တဲ့ ။ အဲ .. မတော်လို့ အမြော် အမြင် ကလည်း မရှိ ၊ အသိတရား ကလည်း ချို့တဲ့ပြီး အင်မတန် ဆိုး တဲ့ ယောက်ျား ဖြစ်ရင်လည်း စိတ်ညစ်စရာ မလိုပါဘူး ။ သင် ဟာ ပညာရှိ တစ်ယောက် ဖြစ်လာမှာ အမှန်ပဲ တဲ့ ။ လင်ယူ လို့ ကတော့ မှားသည် ၊ မှန်သည် ဖြစ်ပါစေ ၊ ကံ ကောင်း သူ နဲ့ ပညာရှိ တစ်ခုခု ဖြစ်ခွင့် ရှိနေတယ် ဆိုတဲ့ အဓိပ္ပာယ် ပေါ့ ကွယ် ။ စိတ် လွယ်လွယ် နဲ့ ယုံပြီး မကြိတ်လိုက်နဲ့ဦး မီးလေး နော် ။ အဘ ရေ ၊ ကျွဲ မတွေ့ဘူးဖြစ်သွားမှာ ဟ ။ 

ဟုတ်တယ် ။ မိန်းမတွေ မပြောနဲ့ ၊ ဘဘတို့ လို ယောက်ျားသား တွေ မှာ တောင် မယား စံ ရွေး လို့ မယားကွေး နဲ့ မိ ရုံ မကသေး ၊ မယားဆွေး ကြီး နဲ့ပါ မိ ခဲ့တဲ့ ဘဘ မိတ်ဆွေ စာရေးဆရာ တစ်ယောက် ရှိ တယ်လေ ။ မိဘတွေ က လုပ်ငန်းရှင် လူချမ်းသာ တွေ ။ ဒီ ဆရာ က စီးပွားရေးလုပ်ငန်း မှာ စိတ် မဝင်စားဘဲ စာရေးဆရာ ဘဝ နဲ့ ရေးလိုက် ၊ သောက်စားလိုက် ၊ ပျော်လိုက် လုပ်ရင်း လူပျိုကြီး ဖြစ် နေတာပဲ ကြာပြီ ဆိုပါတော့ ။ မိန်းမ ရ ရင်တော့ စာဝါသနာ ကို ဘေးဖယ်ပြီး သားကျွေးမှု ၊ မယားကျွေးမှု ကြောင့် တစ်ခုခုတော့ စီးပွားရေး လုပ် လာလိမ့် မယ် ထင်ပြီး သူ့ မိဘတွေ က ပထမဦးဆုံး ဆရာဝန်မ အပျိုကြီး တစ်ယောက် နဲ့ စေ့စပ် ပေး ကြည့် သေးတာလေ မီးလေး ရဲ့ ။ ဟဲ ဟဲ .. ကိုယ့် ဆရာ က ဘာ ပြောတယ် ထင်သလဲ ။ “ ဘာ လုပ်မှာလဲ ဗျာ ၊ ဆရာဝန်မ ဆိုတော့ ကိုယ် က စိတ် ပါလို့ အကြင်နာ ပေးချင်တာတောင် နှာခေါင်းတွေ ၊ နှုတ်ခမ်းတွေ ကို အရက်ပြန် နဲ့ အရင် သုတ် ဦးမှာ ၊ တော်လိုက် ” တဲ့ ။ မိုက်တယ် နော် ။ ဒါနဲ့ပဲ သူ့ မိဘတွေက ကျောင်းဆရာမ တစ်ယောက် နဲ့ ကြောင်း လမ်း ကြည့်ပြန်ရောတဲ့ ကွယ် ။ အဲဒါလည်း ဘာပြော သလဲ ။ “ ဒါမှ ပို ဆိုးသွားမှာဗျ ၊ ဟိုဟာ မလုပ်နဲ့ ၊ ဒီလမ်း မသွားနဲ့ ကိုယ့် ကို ကွပ်ညှပ်ဦးမှာလေ ” တဲ့ ။ နောက်ဆုံးမှာတော့ မိဘ တွေ က ဖြစ်ချင်ရာ ဖြစ် ဆိုပြီး ရှေ့နေမ တစ်ယောက်နဲ့ အတင်း ပေးစားမယ် လုပ်ပြန်တော့ “ ဟာ ... ဒါက ပိုတောင် ကြောက် ရတာပျို့ ၊ ကျွန်မ ဆန္ဒ မပါလို့ကတော့ အနား ကပ်ဖို့ မစဉ်းစား နဲ့နော် ၊ ဘယ်လိုပဲ လင်မယား အရာ မြောက်နေတယ် ပြောပြော ၊ သုံးခွန်ခြောက် နဲ့ ချက်ချင်း ကိုင် လိုက်မှာ သိလားလို့ နို့တစ် ပေး လာရင်ရော ” တဲ့ ။ ရွေးတာ ရွေးတာ ။ ကိုယ့် ဆရာ စံတင် လောက်ပါပေ ရဲ့ မီးလေး ရယ် ။ နောက်ဆုံးတော့ မိဘတွေ လက်လျှော့စိတ်ဖြေ အမွေ ဖြတ် လိုက်တာပဲ အဖတ် တင်တော့ တယ် ဆိုပါတော့ကွယ် ။ 

အေးကွယ် ။ ကြေး များပြီး မယား အရွေး လွန်ခဲ့တဲ့ ကိုယ့် ဆရာ ။ ကြည့်စမ်း ... တကယ်လည်း မဖြစ်မနေ အတိအကျ ယူ လိုက်ရော မမိုက်လိုက်တာကွယ် ။ လေအန်ကုန်း တစ်ဝိုက် မှာ အရက်ပုန်း ခွက်ခြင် ရောင်းနေတဲ့ မက်မဆုံး ဒေါ်လေဘာတီကြီး နဲ့ ဆိုပါလား ။ ညားကြလေသတည်း ဆိုတာ တောင် အပိုဆုတွေ ဖြစ်တဲ့ ဘေးတိုက် တို့ ၊ တွတ် တို့ တောင် ပါလာသေး ဆိုသကိုး ။ နောက်မှ ဘဘ သိရတာက ကိုယ့် ဆရာ ခွက်ပုန်း ချထားတဲ့ အကြွေးတွေ က မနည်းမနော ဆိုတော့ ငွေ မရရင် နေပါစေ ၊ လူ ရရင်လည်း ပြီးတာပဲ ဆိုပြီး ရှေးခေတ် ချစ်တီးတွေ လယ် သိမ်းသလို ဒေါ်လေဘာတီကြီးက ကိုယ့် ဆရာ ကို သိမ်းလိုက်တာ ဆိုပဲ ။ အဲဒါလည်း မယားစံရွေး မယားဆွေးကြီး နဲ့ မိတာ ဖြစ်လို့ မီးလေးတင်ကွေး နာဘိသေး လော့ပေါ့ကွယ် ။

ဒုတိယမေးခွန်း ကတော့ စိုက်ပျိုးမွေးမြူရေး ကိစ္စ ။ စိုက်စိုက်နုတ်နုတ် လောက်ပဲ သဘော ပေါက်တဲ့ ဘဘ ဆီ လှမ်း မေးပုံ ထောက်ရတာ သိချင်တာက နည်းနည်း ၊ ပညာ စမ်းတာ က များများ နဲ့ ဘဘ ကို ဉာဏ် ကစား ခိုင်းတာတော့ မဟုတ်ပါ ဘူးနော် ။ သြဂဲနစ် ဆိုတဲ့ စကား အသုံးအနှုန်း ကို လယ်ယာ ထဲ မှာ ပဲ ရုန်းကန်နေကြရတဲ့ လယ်သမားအများ စု ကလည်း သိကြမှာ မဟုတ်တော့ ထိမိတဲ့ စကား နဲ့ ချုပ်ပြီး ဖြေလိုက်ပါ့ မယ် ။ ကျေနပ်လိမ့်မယ် ထင်ပါရဲ့နော် ။ သြဂဲနစ်ဟင်းသီးဟင်း ရွက် ဆိုတာ ဓာတုပစ္စည်းတွေ ပါဝင်တဲ့ ဓာတ်မြေသြဇာ တို့ ၊ ပိုးသတ်ဆေး တို့ ကို လုံးဝ မသုံးဘဲ သဘာဝမြေသြဇာ နဲ့ စိုက်ပျိုး လို့ ဖြစ်ထွန်းလာတဲ့ ဟင်းသီးဟင်းရွက်တွေ ကို ပြောတာပါ မီးလေး ရယ် ။ ဓာတ်မြေသြဇာ နဲ့ ပိုးသတ်ဆေး တွေ သုံးပြီး စိုက်ပျိုးတဲ့ အသီးအနှံအရွက် တွေ က ဖွံ့ထွားသန်မာတယ် ဆိုပေ မယ့် စားသုံးသူတွေ အတွက် အန္တရာယ် အဖုံဖုံနဲ့ ရောဂါစုံ ဖြစ်စေ တယ်လို့ ဆေးသိပ္ပံပညာရှင်တွေ ပြော နေကြတာ ကြား ဖူးမှာ ပေါ့ ။ ဒါကြောင့်လည်း ဓာတုပစ္စည်း တွေ မပါဘဲ သဘာဝ မြေသြဇာ နဲ့ စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်တွေ ပဲ စားသုံးကြပါ ဆိုပြီး မီဒီယာ အမျိုးမျိုး က ပညာ ပေးနေကြတာလည်း တစ် ကမ္ဘာအနှံ့ မဟုတ်ပါလား မီးလေး ရယ် ။ ခက်တာက ဟင်းသီး ဟင်းရွက်တွေ ပဲ အဓိကထား စားသောက်နေကြရတဲ့ ဘဘ တို့ လို လူတန်းစားတွေ အတွက် ခွဲခြားစရာ ကိရိယာ ကလည်း မရှိ နဲ့ ဘယ်ဟာ က ဓာတ်မြေသြဇာ ၊ ဘယ်ဟာကတော့ သဘာဝမြေသြဇာ နဲ့ စိုက်ပျိုးထားတာပါ လို့ အတပ် ပြောနိုင်ပါ့ မလဲ ။ သေချင် သေ ၊ သေရင် မသာကြီးပါ ကွယ် သဘော နဲ့ ပေါပေါလွယ်လွယ် ဝယ်ခြမ်း လို့ ရတဲ့ ဟင်းသီးဟင်းရွက်တွေ နဲ့ ပဲ နှစ်ပါး သွား နေရ ဦးမှာပေါ့ ကွယ် ။ 

စိုက်ပျိုးမွေးမြူရေး နဲ့ ပတ်သက်ရင် အထင်တကြီး နဲ့ ကိုယ့် ကိုယ် ကိုယ် ယုံထားပြီးသား ဖြစ်လို့ စာ စကား နဲ့ ပြော ရရင် လာထား အာဘွား ပေါ့ မီးလေး ရယ် ။ ပြော လိုက်ဦးမယ် ။ မယုံ မရှိတော့ မဖြစ်နဲ့ နော် ။ ခေတ်တစ်ခေတ် ရဲ့ မြို့နယ်အုပ်ချုပ်ရေး ဌာန တစ်ခု မှာ ဘဘ ရွှေထီးသေးသေးလေး ဆောင်း နေရတဲ့ အချိန်တုန်း က အထက်ဌာန က နေပြီး ခိုင်းလိုက်တာ ရေရှည် စိုက်ပျိုးမွေးမြူရေး စီမံချက် တစ်စောင် အမြန်ဆုံး ရေးဆွဲ တင်ပြ ပါတဲ့ ။ ဘဘ ကလည်း ခေသူမှ မဟုတ်တာ ။ ကျွန်းပင်တွေ စိုက်ပျိုးပြီး ဆင်ကောင်ရေ များများ မွေးမြူမယ့် မဟာ ရေရှည် စိုက်ပျိုးမွေးမြူရေးစီမံချက် ဆိုပြီး တင် လိုက်တယ် ဆိုပါတော့ မီးလေး ရယ် ။ ဒီထက် ရေရှည်ဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေး ဘယ်မှာ ရှိသေးလို့လဲကွယ် ။ နှစ် ၆၀ ၊ ၇ဝ ရောက် တာနဲ့ ကျွန်းပင်တွေ လည်း တန်းဝင် ၊ ဆင်တွေ ကလည်း သစ်ဆွဲနိုင် တဲ့ အရွယ် ဆိုတော့ တန်းပေါက် အကျိုး ဖြစ်ထွန်းမယ့် စီမံချက် မဟုတ်လားလို့ ။ ဒါကိုပဲ အထက်လူကြီး က သူတို့ ကို လှောင် ပြောင်ရမလား ဆိုပြီး ဘဘ ကို အဝေး ချောင်ကလောင် ပို့ လိုက် တာ ဟို ခါကာဘိုရာဇီတောင်ထိပ် မှာ ရှိတဲ့ မြို့ကလေးကို ရောက် သွားပါရောလား ။ 

လူ ကို သတ် ပေမယ့် ပညာ က မသေ စကား ရှိသားပဲ ။ အေးခဲနေတဲ့ ဒေသ ရောက်တာတောင် ပြောင်လက်လက်ဖွေး နေတဲ့ သဘာဝရေခဲပြင် ကို ကြည့်ပြီး ဘဝင် ထဲ ငြိလာတဲ့ စီးပွားရေး တွက်ခြေကိုက် စီမံချက် ခပ်မိုက်မိုက် တစ်စောင် ထပ် ရေး လို့ တင် လိုက်သေးတာလေ ။ စရိတ်ငြိမ်း အလကား ရရှိမယ့် ရေခဲပြင်ကြီး ကို အတုံးအခဲတွေ လုပ် ပြီး ရေချို ရှားပါး တဲ့ နိုင်ငံတွေ အိတ်စပို့ လုပ် လိုက်ရင်ဖြင့် ဘယ်လောက် တွက် ခြေကိုက်မလဲ ဆိုတဲ့ စီမံချက်ကြီးပဲ ပေါ့ ။ ဒီတစ်ခါတော့ လူကြီး တွေ မနေနိုင်ကြတော့ပါဘူး ။ ရူးသွပ်နေတယ် ဆိုတဲ့ သုံးသပ် ချက်နဲ့ ဆုံးဖြတ်လို့ ပို့လိုက်တာ က စိတ်ရောဂါကုဆေးရုံကြီး ပေါ့ကွယ် ။ ဒါလည်း လူ့ အရင်းအမြစ် ဆုံးရှုံးမှုပါလား ဆိုတာ နား မလည်ကြတဲ့ လူကြီးတွေ ကို အသနား ခံရင်လည်း ထူးမှာ မဟုတ်တာကြောင့် ထားလိုက်ပါတော့ မီးလေး ရယ် ။

ကဲ ... သြဂဲနစ် အကြောင်း ပဲ ပြန် စကြရအောင်နော် ။ ဟိုတုန်းက တောလက်ကျေးရွာတွေ မှာ နေထိုင်ကြတဲ့ ဘဘ တို့ ရဲ့ ဘိုးဘွားဘီဘင်တွေ ဆို ဓာတ်မြေသြဇာ တို့ ၊ ပိုးသတ်ဆေး တို့ ရှိတာတောင် သိကြတာ မဟုတ်ဘဲ သဘာဝ က ပေးတဲ့ နွားချေး ၊ မြေဆွေး ၊ သစ်ရွက်ဆွေးတွေ နဲ့ စိုက်ပျိုးဖြစ်ထွန်းလာ တဲ့ အသီးအရွက်တွေ ပဲ စားသုံး နေရတာ ကင်ဆာ ဆိုတာလည်း မရှိ ၊ ရောဂါအဆန်းတွေ ရှိတာလည်း မသိ နဲ့ အသက်ရှည်ရှည် ကျန်းမာစွာ နေထိုင်သွားကြတာ ဘဘ မျက်မြင် ပဲလေ ။ ဟင်းသီးဟင်းရွက်တွေ တင် ဘယ် ကပါ့မလဲ ။ အသား ၊ ငါး တွေ တောင် ဩဂဲနစ် မှ သြဂဲနစ် စစ်စစ်တွေ နော် ။ အဲဒီတုန်းက အပေါ့ အလေး သွားစရာ အိမ်သာ ဆိုလို့ ဘယ်မှာ မှ မရှိ ။ အရိပ်အခြည် ကြည့်ပြီး ရွာပြင် တောစပ် ၊ လယ်ကန်သင်း တွေ မှာပဲ အခင်းကြီးအခင်းငယ် ကိစ္စ ပြီးကြရတာ ၊ သူ့ ခေတ် နဲ့ သူ ဟုတ်လို့ပဲ ဆိုပါတော့ ။ လူတွေ က သွား ၊ ဝက်တွေ ၊ ကြက် တွေ က စား နဲ့ ဘာ အသားတိုးဆေး တို့ ၊ ဗီတာမင် တို့ ၊ ကာကွယ်ဆေး တို့ မှ မလိုဘဲ ကြက် ၊ ဝက်တွေ ဝအစ် နေလိုက်ကြ တာ ။ အဲဒီ ဩဂဲနစ်အသား ကို လူတွေ က ပြန် စားကြတော့ ကျန်းမာတာပေါ့ မီးလေး ရယ် ။ အခုတော့လည်း အိမ်တိုင်း မှာ အိမ်သာတွေ ရှိ နေကြပြီးဖြစ်လို့ သြဂဲနစ်အသားငါး ဆိုတာ အိပ်မက် ထဲတောင် ရောက် မလာတော့ဘဲ ဓာတုဆေးဝါးအစာတွေ နဲ့ မွေးမြူထားတဲ့ အသားငါးတွေ ကို စားသောက်ရင်း ချို့ယွင်းမှု တစ်ခုခု ဖြစ်လာရင်လည်း ရှိသမျှ  ပေါင်နှံပြီး အထူးကု တွေဆီ အမြန်ဆုံး ပြေးဖို့ အရေး မီးလေးတင်ကွေး နာဘိ သေးလော့ပေါ့ ကွယ် ။

မီးလေးတင်ကွေး ရေ... မီးလေး ရဲ့ နောက်ဆုံး မေး ထားတဲ့ အကြောင်းအရာ က မထိတ်သာ မလန့်သာ ရှိလိုက်တာ နော် ။ ကမ္ဘာကြီး ပျက်မယ်လို့ ပြောထားတဲ့ ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ကလည်း ဘာ ဝေးတော့လို့လဲ ။ အရေး ကြီး တဲ့ စိန်ခေါ်မှု ဖြစ်ပေမယ့် ဥပေက္ခာပြု အရေး မလုပ်တဲ့ နိုင်ငံကြီးတွေ မှ အများကြီး ။ ဘဘ တို့ ဆီ မှာတောင် ဒီမိုကရေစီ အရေး ၊ လစာတိုးမယ့် အရေး ၊ ငါးထောင်တန် ဖုန်း တွေ ချပေး ဖို့ အရေး တွေ ကို ပဲ အလေးထားပြီး စတုတ္ထမဏ္ဍိုင် ရော ပဉ္စမ မဏ္ဍိုင် ပါ ရေးသား ပြောဆိုနေကြတာ ကမ္ဘာ ပျက်မယ့် အကြောင်း တစေ့တစောင်းတောင် မတွေ့ရသေးပါဘူး ကွယ် ။ မီးလေး ကျ မှ တင်ကွေး သလောက် ဖင်လေး မနေဘဲ စိုးရိမ် တကြီး မေးလာတာ ဆိုတော့ အဝေးကပဲ ဝမ့်စွေ့ ဝမ့်စွေ့ လုပ် လိုက်ပါ ရစေနော် ။

မာယာလူမျိုးတွေ ရဲ့ အဆို အရ ကမ္ဘာကြီး ကို သူတို့ ရဲ့ နတ်ဘုရားတွေ က စောင့်ရှောက်ကြတာ တဲ့ ။ မာယာပြက္ခဒိန် တစ်ခု ကုန်မြောက်သွားတဲ့ အခါတိုင်းမှာ ကမ္ဘာကြီး ဟာ လည်း သူ့ ကိစ္စ သူ့ တာဝန် ပြီးမြောက်တဲ့ အတွက် ပျက်သုဉ်းပြီး နောက် ထပ် လာမယ့် မာယာပြက္ခဒိန် အသစ် တစ်ခု အတွက် ကမ္ဘာကြီး အသစ် တစ်ခု နဲ့ ပြန် စ ရမှာတဲ့ လေ ။ ဟဲ ... ဟဲ .. ဘဘ တို့ ဆီ မှာ ကတော့ ပြက္ခဒိန် တစ်ခု မကုန်ခင် ကတည်း က လာမယ့် နှစ် အတွက် ပြက္ခဒိန် တွေ မှ ခြောက်လလောက် ကြိုပြီး ပလက်ဖောင်းဆိုင်တွေ ပေါ် ရောက်နေပြီဟာ ။ ကမ္ဘာစောင့် တဲ့ မာယာ နတ်ဘုရားတွေ မျက်စိ လည် သွားနိုင်တာမို့ ဘာမှ စိုးရိမ်စရာ မရှိ လို့ပဲ ဆို ရတော့မှာပါနော် ။ ဒီကိစ္စ ကို နိုင်ငံတကာသိပ္ပံပညာ ရှင်တွေ က လည်း အတိအကျ ထောက်ခံတာ မဟုတ်ဘဲ လက်ရှိ ကမ္ဘာကြီး မှာ ဖြစ်ပျက်နေတဲ့ သဘာဝဖောက်ပြန်မှု အန္တရာယ် အမျိုးမျိုး နဲ့ ထောက်ပြပြီး ချောက်ချားအောင် လုပ်နေကြတာ ဆို တော့လည်း ကြောက်အား ပိုတတ်တဲ့ နိုင်ငံ တချို့မှာ သင်္ဘော ကြီးတွေ ၊ လှေကြီးတေွ တောင် တည်ဆောက်နေကြတယ် ဆို ပါလား ။ ကမ္ဘာ ပျက် မှတော့ ဘယ် စက်တပ်ယာဉ်တွေ ကရော ကျန် ဦးမှာတဲ့ လဲ ။ ရူးတာ ရူးတာ မီးလေး ရေ ။

မီးလေး ရော ကြည့် လိုက်ရသေးလား ကွယ် ။ ၄ - ၃ - ၂၀၁၂ ရက် ညတုန်းက MRTV - 4 Sunday Talk အစီအစဉ် မှာ ကမ္ဘာပျက်မယ့် အရေး ကို ဆရာစံ - ဇာဏီဘို ဆွေးနွေးတာလေ ။ ပြေး ပြီးတော့ ခေါင်းတုံးပြောင်ပြောင် ကို နမ်းချင်လောက် အောင် ကောင်း လိုက်တာ တကယ် ။ ဒီ မတိုင် ခင် လွန်ခဲ့တဲ့ တနင်္ဂနွေပတ် တစ်ခုမှာလည်း မိုးလေနတ်သား ဇလဗေဒ ပညာရှင် ဦးထွန်းလွင် ပြောသွားတာလည်း အတွေး မှားစရာ မလိုဘဲ ကိုယ့် အသိ နဲ့ ဆင်ခြင် ကြည့်ဖို့ ကိစ္စ လှ မှ လှနော် ။ ကမ္ဘာ့သံလိုက်ဆွဲအား လမ်းကြောင်း က ပြောင်းလဲ လာပြီ ဆိုတာနဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား ဂြိုဟ်အနေအထားတွေ ကလည်း ကပြောင်းကပြန် ဖြစ်နိုင်တာကြောင့် ကမ္ဘာကြီး ဟာ ပုံမှန် လည်ပတ်နေရာက ပြောင်းပြန် လည်လာမယ် ။ နောက်တော့ တဖြည်းဖြည်း လည် တာ ရပ် သွားပြီး မြစ်တွေ ၊ ချောင်း တွေက အထက် ဆန်စီး ၊ ပင်လယ်ကြီး တွေ က သဲကန္တာရ ဖြစ်နဲ့ တကယ် ကမ္ဘာကြီး ပျက်သွားနိုင်တာ ကို ဒီကနေ့ ဖြစ်ပျက်နေတဲ့ သဘာဝဖောက်ပြန်မှုတွေ နဲ့ ချိန်ဆ ကြည့်ပြန်တော့ မှန် နေ သလိုလို ရှိပြန်ရောလို့ ။ ဂိုဘီသဲကန္တာရ မှာ အခုအချိန် အထိ ခရု ကောက် သွားတဲ့ လူတွေ ရှိသေးတာ ကို ဆရာစံ - ဇာဏီဘို ထောက်ပြဆွေးနွေးသွားတာ ကြည့်ရင် တစ်ချိန်တစ်ခါ က ပင်လယ်ပြာ နေရာတစ်ခု ဆိုတာ ထင်ရှားနေပြီပဲ ။

ဘာဖြစ်ဖြစ်ပေါ့ ကွယ် ။ ကမ္ဘာကြီး အမှန်တကယ် ပျက်မယ် ဆိုရင်ရော ဘဘတို့ မီးလေးတို့ ဘာတွေ ကြိုတင်ပြင်ဆင် ပြီး ဘာတွေ လုပ်ကိုင်ရမလဲ ဆိုတာ စဉ်းစား ရတော့မှာပေါ့  ။ အချိန်ကာလ က သိပ် ကျန်တော့တာမှ မဟုတ်ဘဲ ။ ဘာသာရေး စာပေတွေ ရေး နေတဲ့ ဆရာနန္ဒာမိုးကြယ် ကတော့ ပြော ပါ တယ် ။ မေတ္တာပို့ ၊ တရားမှတ် ၊ ကောင်းမှုကုသိုလ် အထပ်ထပ် လုပ် နေရင်လည်း ကပ်ဘေးအန္တရာယ် အသွယ်သွယ် ကို လွယ်လွယ်လေး နဲ့ ကျော်လွှား သွားနိုင်မှာတဲ့ ။ အကြောက်တရား နဲ့ ပြောတာလား မသိ ။ မုဆိုးဝတ္ထုတွေ ရေးတဲ့ ဆရာမောင်ခွတို ( ဘိုကလေး ) ကတော့ ဒီလို မဟုတ်ပြန် ။ လံကြုပ် ဟောကိန်းတွေ တကယ် ယုံရင်တော့ ဘုံဆိုင် မှာ ရှိတဲ့ ယမကာတွေ များများ ဝယ်ပြီး အနား မှာ ထား ။ ဇယားကွက် ထဲ ကမ္ဘာပျက် မယ့် နေဝင်ပြီ ဆိုတာနဲ့ မေ့လောက် မူးလောက် အောင် သောက် လိုက်ရင် ချောက်ချားစရာ မလိုဘဲ အေးအေးဆေးဆေး ပြီးသွား မှာ ကျိန်းသေပဲ တဲ့ ။ အစိမ်းသေ ဆိုတော့လည်း နောက်ကမ္ဘာ သစ် တစ်ခုမှာ အမှတ်စဉ် ၃၈ မင်း နတ်စာရင်း ဝင်ချင်တာလည်း ဖြစ် မှာပေါ့လေ နော် ။

ရှင်းရှင်း ပြောရရင် မာယာပြက္ခဒိန် ကုန်မယ့် ရက် ကို ယုံပြီး ဘဘ ကတော့ တုန်လှုပ်လိမ့်မှာ မဟုတ်တာ အမှန်ပါပဲ ။ ဘယ်နိုင်ငံ ဘယ်လူမျိုး မဆို သူ့ ဘာသာတရား သူ့ အယူဝါဒ တွေ ရှိကြသလို ဘဘ တို့ မှာလည်း ကိုယ့် ဘာသာတရား ကိုယ့် အယူဝါဒ နဲ့ ကိုယ် ပဲလေ ။ ဘဘ တို့ ထေရဝါဒဗုဒ္ဓဘာသာ မှာ ဘုရားတစ်ဆူ နဲ့ တစ်ဆူ အကြား ဘဒ္ဒကမ္ဘာတွေ အများကြီး ခြား တာ မီးလေး လည်း နာ ဖူးတယ် မဟုတ်လား ။ ကဲ ... နောက်ထပ် ပွင့်တော်မူမယ့် အရိမေတ္တယျဘုရား တစ်ဆူ တောင် ကျန် သေးတာ ။ ကမ္ဘာပျက်မယ့် အရေး အသာလေး ခေါက်ထား လိုက်ရုံပေါ့ မီးလေး ရယ် ။ အိမ်နီးချင်း ပေါက်ဖော် နိုင်ငံမှာဆိုရင် ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလ ၂၁ ရက် သောကြာနေ့ ဟာ တရုတ် မုန့်လုံးရေပေါ်နေ့ တဲ့ ။ ပြက္ခဒိန် ပြန် ကြည့်လိုက်ဦးနော် ။ ကမ္ဘာ ပျက်မယ် ဆိုတဲ့ နေ့ ကို ကျော်လွှားဖို့ ပျော်ပါးစရာ ကောင်းတဲ့ နိမိတ် အသစ် နဲ့ ပေါက်ဖော် အစစ် ဖြစ်တဲ့ ဆရာမောင်ခေတ်ထွန်း အိမ် မှာ မုန့်လုံးရေပေါ် စားဖို့အရေး တွေးရင်းတောင် သွားရည် ယို လိုက်တာ ၊ ရွှတ် ... ရွီး ... ။ မီးလေး လည်း ကမ္ဘာ ပျက် မှာ ထည့် စဉ်းစား မနေပါနဲ့ ။ ကိုရီးယားဇာတ်လမ်းတွဲလေး လွတ် ထွက် မသွားအောင်သာ သတိ ပေးရင်း မီးလေးတင်ကွေး နာဘိသေးတော့ ပေါ့ ကွယ် ။

မီးလေးတင်ကွေး ရေ ... 

ဒီ တစ်လ မှာတော့ ပျော်ရွှင်ရယ်မောစရာ အဖုံဖုံမှာ သုတလေးတွေ ပါ စုံလင်အောင် ရောသမမွှေ ထားတာမို့ စောဒက တက်စရာ မလိုအောင် သဘောကျ ကျေနပ်လိမ့်မယ် ထင် ပါတယ် မီးလေး ရယ် ။ နယ် က ဘဘ ရဲ့ ပရိသတ် ပျိုပျိုအိုအို တွေ ဆိုရင် စာပို့ခ ဈေးကြီးတာ အကြောင်း ပြုပြီး ရွတတမေးခွန်း တွေ မပို့ကြတာလည်း ကြာပါပြီ ။ ၃ - ၃ - ၂၀၁၂ ရက်နေ့ ထုတ် သတင်းစာ တွေ မှာ နိုင်ငံတော်သမ္မတကြီး ရဲ့ တာဝန်ထမ်းဆောင်မှု တစ်နှစ်ပြည့် အထိမ်းအမှတ် နဲ့ ပြော သွားတဲ့ မိန့်ခွန်း နဲ့ အညီ မိုဘိုင်းတယ်လီဖုန်းတွေ ရဲ့ ပြောဆိုခ နှုန်း ကို ည ၁၁ နာရီ က နေပြီး မနက် ၇ နာရီ အတွင်း မူလခေါ်ဆိုနှုန်း ရဲ့ ထက်ဝက် ဖြစ်တဲ့ တစ်မိနစ် ၂၅ ကျပ်နှုန်း လျှော့ချလိုက်တဲ့ အကြောင်း ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း က ပြည်သူတွေ ထံ အသိပေး ထား တာ ဖတ် ရမှာပေါ့ ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကတော့ ဘယ်လို သဘော နဲ့ ပြည်သူတွေ အိပ်မောကျရမယ့် အချိန် ကို မှ ရွေးပြီး ဖုန်းခေါ်ဈေး ကို လျှော့ချပေးမှန်း ဘဘ မသိပေမယ့် ကသိကအောက် ဖြစ်ရတာတော့ အမှန်ပါပဲ ။ ရောဂါ နဲ့ ဆေး ကိုက်ညီ လျက် နဲ့ ဆေးတိုက်ချိန် လွဲသလို ဖြစ်နေတာကြောင့် ညဘက် ဖုန်းဖွင့်ထားဖို့တောင် မရဲသလို ဖြစ်နေပြီ မီးလေး ရေ ။ ဟုတ် တယ်လေ ။ ဖုန်းခေါ်ဆိုခ လျှော့ချတဲ့ ည က စ လို့ နယ်တကာ စုံ က လာ လိုက်တဲ့ ဖုန်း ခေါ်သံ ။ တစ်ညလုံး ညံ နေပါရောလို့ ။ အရည်မရ အဖတ်မရ တဲ့ အလုပ်မှန်းတော့ သိတာပေါ့ကွယ် ။ ရယ်စရာမဂ္ဂဇင်း က ဘဘ ကဏ္ဍလေး ဖွင့်ထားတာ ဆိုတော့ လည်း စာပို့ခ ထက် ဈေးနည်းတဲ့ ဖုန်း နဲ့ပဲ မေးကြ မြန်းကြတာ သူတို့ အပြစ် မှ မဟုတ်တာ ။ ဘာ တတ်နိုင်မှာလဲ ။ မဟုတ်ဘူး လား ။

ဒီလောက်ပါပဲ မီးလေး ရေ ။ မီးလေး လည်း အား အားယားယား ရှိတိုင်း ညဘက် မှာတော့ လက် မဆော့နဲ့ပေါ့ ကွယ် ။ ဘဘ ကိုင် မှာတော့ မဟုတ်တာ အမှန်ပဲ ( ဖုန်း ကို ပြောတာပါ ) ။ ဒီ တစ်လ မှာ ဘဘ ပေးသမျှ ဗဟုသုတအထွေထွေ ကို အသုံးချပြီး သန်းရှာ အတင်းပြော ရာက လမ်းတကာ က သတင်းပလင်းတွေ ကြား ရရင်လည်း ချင့်လို့သာ ယုံဖို့ သတိ ပေးရင်း မီးလေးတင်ကွေး နာဘိသေးလော့ပေါ့ ကွယ် ။

    လေအန်ကုန်း က မှန်ကြောင်ခေါင်းတုံး
    ဘဘဦးပေတုံးကြီး

◾ မင်းရွှေသိန်း ( ဇင်းကျိုက် )

📖 ရယ်စရာ  မဂ္ဂဇင်း
     ၂၀၂၁ ခုနှစ်  ၊ ဇူလိုင်လ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment