Sunday, June 12, 2022

ယောင်တတ်သူများ


 

❝ ယောင်တတ်သူများ ❞

ခါး တို့ လိုက်ရင် အမှန်အကန် ယောင်တတ်သူများ ကို ကျွန်တော် တွေ့ဖူးပါသည် ။ တစ်ခါတလေ လူတော ထဲ မှာ ပေါ်ပြူလာ ဖြစ်အောင် ယောင် ပြတာလား ဟု သံသယ ဖြင့် ထို ယောင် တတ်ခြင်း ကို နောက်ယောင်ခံ၍ လေ့လာဖူးပါသည် ။ အမှန်တကယ် ယောင်တတ်မှန်း သိ၍ သူ ၏ အားနည်းချက် ကို သနားမိပါသည် ။

ထို ယောင်တတ်သူ ကိုပင် စချင် နောက်ချင် ရယ်မောကြချင်သူများ က အချိန် ကုန် ခံ၍ သက်သက်မဲ့ ခါး လိုက်တို့ ခြင်း ကို ကျွန်တော် ၏ ပုဂ္ဂလိ က အမြင် ဖြင့် တော်တော် မုန်းပါသည် ။ တစ်ဖက် က ယောင်တတ်သူ မှာ အမှန်တကယ် မော နေပါသည် ။ မိမိ ပတ်ဝန်းကျင် နှင့် ခဏတာ ပျော်ရွှင်မှု အတွက် တစ်ဖက် လူ ကို အသုံးချခြင်း ဟု ယူဆမိ ပါသည် ။

နယ် တစ်နယ် မှာ ဖြစ်ပါသည် ။ ခုနှစ်တော့ မမှတ်မိပါ။ မုန့်ဟင်းခါးဆိုင် မှာ ဖြစ်ပါသည် ။ မုန့်ဟင်းရည် ထည့် နေ သူ ဘေး မှ မိန်းမတစ်ယောက် သည် ရေပုလင်း ကို ဖွင့် ၍ မြေကြီး ပေါ် သို့ သွန် ချနေသည် ။ မုန့်ဟင်းခါး စားနေ သူ မိန်းမ တစ်ယောက် သည် ကောက်ကာ ငင်ကာ မိမိ ရှေ့ မှ ဆီပုလင်း ကို အဖုံးဖွင့်၍ မြေကြီး ပေါ် သို့ သွန်ချနေတော့သည် ။ ပတ်ဝန်းကျင် မှ မြင်သူအချို့မှ ...

“ ဟဲ့ ... မထော် ... ကုန်ပြီ ကုန်ပြီ ”

ဝိုင်း အော်ကြသည် ။ ထို “ မထော် ” ဆို သူ မှာ ဆက်၍ သွန်နေဆဲ ပင်။ အမှန်တကယ်ပင် သူ့ ဘေး မှ ထိုင် စားနေသူ အမျိုးသမီးတစ်ဦး ၏ ဈေးဝယ် ဆွဲခြင်း ထဲ မှ စပါးလင် တစ်ချောင်း က ထို “ မထော် ” ၏ ခါး ကို သွား ထောက် နေ၍ ပင်ဖြစ်သည် ။ ထို စပါးလင် တစ်ချောင်း ကြောင့် အိမ်အတွက် ဝယ် လာ သော ဆီပုလင်း မှာ မြေကြီးပေါ်တွင် ဝေ့ဝေ့ဝဲဝဲ ။ အမှန်တကယ် ယောင်တတ်သူ ဟု ကျွန်တော် ၏ စိတ် ထဲတွင် မှတ်တေး ထားလိုက် မိသည် ။ ဆီပုလင်း သွန်နေသည့် အချိန် နှင့် စပါးလင် ခါး ကို ထိ မိသည် က အချိန် ကိုက် ။

နောက် တစ်ဦးကား “ ဆောင်းစာလေး ” ။

သူ ကား လူရွှင်တော် ။ အငြိမ့်လူရွှင်တော် ဆောင်းစာကလေး ဟု လူသိ များ သည် ။ ဆောင်းစာလေး လူရွှင်တော်ပညာ အတွက် စပေါ် ထုတ်လာတဲ့ နေ့ ဆို ကိုယ့် စပေါ် ကို ကိုယ် သုံး ရသည် က နည်း သည် ။ သူ ၏ အားနည်းချက် ကို သိနေသူများ သုံး ရသည် က များ သည် ဟု လူရွှင်တော် တစ်ဦး မှ ပြောပြခဲ့ဖူးသည် ။

သူ ယောင်တတ်မှု က “ စာလေး ... လာဦး ” ဆိုပြီး လက်ထိတ်ခတ် ဟန်ပန် အပြည့် တော့ လုပ် ရသည် ။ စာလေး ကို ဟန် နှင့် လက်ထိတ် ခတ်ကာ သစ်ပင် မှာ ချည်ပြီး စပေါ် ထုတ်လာတဲ့ ငွေ တွေ ကို ယူသွား ( အမှန်တကယ် နောက်သူ ရှိသလို ၊ အမှန်တကယ် လိုချင်သော သူများ လည်း ရှိသည် ) ။ မသိသော လူများ က ဘာဖြစ်နေတာလဲ ဟု မေးလျှင် သူ က မျက်နှာငယ် ဖြင့် ပြန်ပြောပြသည် ။ အဲဒီ လက်ထိတ် ကို ဟန်ပန် နှင့် ပြန် မဖြုတ်မချင်း ဆောင်းစာလေး ကတော့ တစ်နေ ကုန်ပြီသာ မှတ် ။

နောက်တစ်ဦး ကား AK ။ ရုပ်ရှင် ဗီဒီယို တည်းဖြတ် ၊ မှတ်တမ်း AK ။ သူ ကား တစ်မျိုး ။ ပြင်ဦးလွင် မှ ဖြစ်သည် ။ မန္တလေး မှ ပြင်ဦးလွင် အတက် ရွာ တစ်ရွာ မှာ ဗီဒီယိုကားရိုက်ကြသည် ။ AK ကား မှတ်တမ်းဆရာ ။ ညနေစောင်း တော့ ထုံးစံအတိုင်း ပြင်ဦးလွင် ရှိ မိမိ တည်းခိုရာ ပြန် ကြသည် ။

ဒါရိုက်တာ မှ ဒီနေ့ ရိုက်ခဲ့သော ဇာတ်ဝင်ခန်းများ ကို ပြန်လည် စစ်ဆေးလို၍ ရှူတင် မန်နေဂျာ ကို ခေါ်၍ AK အား ခေါ်ခိုင်းလိုက်သည် ။ ရှူတင်မန်နေဂျာ ဒေါင်းတောက်အောင် ရှာသည် ။ AK ကို မတွေ့ ။ တစ်ဖွဲ့လုံး စိတ်ပူကုန်ကြသည် ။ စက်အဖွဲ့ မှ ချာတိတ်တစ်ယောက် က

“ ကျွန်တော်တို့ စက်အဖွဲ့တွေ ကားပေါ် ကို ပစ္စည်းတွေ တင်တော့ ကိုAK အိမ်သာ ဘက် ကို သွားတာ တွေ့လိုက်တယ် ... ကျွန်တော်တို့ စက်အဖွဲ့ ပြန်တာ နောက်ဆုံးပဲ ”

အားလုံး သဘောပေါက်သွားကြသည် ။ တစ်ယောက် တစ်မျိုး ထင်ကြေး ပေးကြသည် ။

“ ရွာ ထဲ က ဆိုင် တစ်ဆိုင်များ ဝင် ကွတ် နေလားမှ မသိတာ ”

“ သောက် ချင်ရင် ကိုယ့် အခန်း ရောက် မှ ကိုယ် သောက်မှာ ပေါ့ကွ ”

တစ်ယောက် တစ်မျိုး ထင်ကြေး ပေးနေသည့် ကြားမှ ဒါရိုက်တာ လုပ်သူမှ

“ သွား ... အဲဒီ ရွာ ကို ကား အမြန် မောင်းသွား ... AK ကို ရှာခဲ့ ”

ကား က တစ်ရှိန်ထိုး မောင်းထွက်သွားသည် ။

AK ပြန် ပါလာသည် ။ မျက်နှာ မှာ ဖြူဖပ်ဖြူရော် ။ ဖြစ်ပုံက ...

AK အိမ်သာ တက်ပြီး ပြန်ထ ၊ နယ် အိမ်သာ မို့ အိမ်သာ က ထိုးထိုးထောင်ထောင်၊ ခါး ကို အရာဝတ္ထု တစ်ခု က သွား ထောက်။ အီး အီး အီး အီး ဆိုပြီး ယောင်နေလိုက်တာ။ သွား ရှာတဲ့ သူတွေ တစ်နာရီ လောက် နောက်ကျရင်တော့ AK အိမ်သာ ထဲ မှာ အမောဆို့ပြီး သေပြီ သာ မှတ် ။

ဤကဲ့သို့ အမှန်အကန် ယောင် တတ်သူများ ကို ကျွန်တော် တွေ့ဖူးသလို ... ။

ရုပ်ရှင် ၊ ဗီဒီယို လောက မှ လူပုဂ္ဂိုလ် အချို့ ( ဟာသသရုပ်ဆောင် ) လူဦးရေ က ပိုများ သည် ။ အချို့ လည်း ခါး တကယ် မတို့ ခင် က “ ယား ” တယ်လို့ “ တွန့် ” ဆိုသူတွေလည်း ရှိပါသည် ။

ထို ယောင်တတ်သူများက ပုံသဏ္ဌာန်အမျိုးမျိုး နှင့် ရိုက်ကွင်းတိုင်း မှာ ယောင်ပြ ကြပါသည် ။ အမှန်တကယ် ယောင်တတ်သူ နည်းပါးသလို ၊ အတုအယောင် ယောင်တတ်သူများ က ပို များ ပါသည် ။ အဘယ်ကြောင့် ဆိုသော် ထို ယောင်တတ်သူ ကို မင်းသား ၊ မင်းသမီး ( စူပါ ဖြစ်ရပါမည် ) ဆိုသူများ က ယောင်တတ်သည့် ပုံစံ ကို ယောင်အောင် လုပ်လိုက်ပြီ ဆိုသည် နှင့် အမူအရာ ကောင်းကောင်း နှင့် မင်းသား မင်းသမီး အကြိုက် ယောင် ပြတတ်ကြပါသည် ။ ထို ယောင်တတ်သူ ကို စက်အဖွဲ့ မှ လူ တစ်ယောက် က မင်းသား မင်းသမီး ပုံစံအတိုင်း ယောင် အောင် လုပ်လိုက်ပြီ ဆိုလျှင် ထို ယောင်တတ်သူ မှာ မယောင်တော့ သည့် အပြင် ဘု ကြည့် အကြည့် ခံ ရပါသေးသည် ။

ဆိုလိုချင်သည် က ...

ထို ယောင်တတ်သူ မှာ လူတန်းစား ခွဲခြားတတ်ပါသလား ။ အမှန်တကယ် ယောင် တတ်သူ က စူပါတွေ မစူပါ တွေ မရွေးတတ်မှန်း ကျွန်တော် သိပါသည် ။

အကြွင်းအကျန် ယောင်တတ်သူများ တော့ ရှိပါသေး သည် ။ အယူအဆ မှားယွင်းခြင်း မှ ယောင်တတ်သူများ ( အင်ယောင် ) ကို ဆိုလိုပါသည် ။ မင်းသား မင်းသမီး အကြိုက် ယောင် ပြနေလျှင် ထိုပုဂ္ဂိုလ်တွေ ရယ်မောပျော်ရွှင်ဖို့ ကိုယ့် သိက္ခာ လူပုံ အလယ် မှာ အဓိပ္ပာယ် မရှိ ကျဆုံးခြင်း ။

ထို မင်းသား မင်းသမီး တွေ က ကျွန်တော် ကျွန်မ ပျော်ရွှင်ဖို့ အတွက် ကျွန်တော် ကျွန်မ နယ် သွားလျှင် ထို ယောင်တတ်သူ ကို မရမက ခေါ်ခဲ့ပါ ဟု ပြောခဲ့ရင်တောင် တစ်ခါ နှစ်ခါ ပေါ့ ။ လိုက်သွားရမည်ပဲ ထား ... ကိုယ့် အနုပညာ ကို ကြိုက်လို့ ခေါ်သည် မဟုတ်ဘဲ ဖျော်ဖြေရေး သက်သက် အခေါ်  ခံရကတည်း က ကိုယ် ဘယ်လောက် ပေါ သွားပြီလဲ ဆိုတာ ရှက်တတ်ဖို့ လိုသည် ။

ရှေ့က အောင်ရင် များ နောက်သို့ ဘုမသိ ဘမသိ နှင့် ဇာတ် တို့ ၊ အငြိမ့် တို့ မှ လူရွှင်တော် ပေါက်စ လေးများ က ရိုက်ကွင်း မှာ အောင်ရင် လာ လုပ်ပြကြသည် ။ ခေတ် မစားသည့် အတွက် မည်သူ တစ်ဦး တစ်ယောက် မှ ဟက်ဟက်ပက်ပက် မရယ်တော့ ။ ဝတ်ကျေတန်းကျေ သဘောမျှသာ ။

မိမိ အနုပညာ ကို သာ မိမိ အာရုံ စိုက်ရမည် ။ ကြိုးစားရမည် ။ ပရိသတ် အကြိုက် အနုပညာ သမား တစ်ယောက် ဖြစ်ရမည် ဆိုသည့် ယုံကြည်ချက် မရှိ ။ ကျွန်တော် ယုံကြည်ထားသည် မှာ ..

“ အနုပညာ ဆိုတာ လှေကားထစ် ကို ကျော်နင်းပိုင်ခွင့် မရှိ ... အောင်ရင် အလိုမရှိ ” ဆိုတာ ပါပဲ ။

◾ဗေလုဝ

📖 ဟဒယမဂ္ဂဇင်း
      ဇူလိုင်၊ ၂၀၀၇

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment