Wednesday, June 1, 2022

အချစ် မှာ စွမ်းအင် ရှိတယ်


 

❝  အချစ် မှာ စွမ်းအင် ရှိတယ် ❞

တယ်လီဖုန်း ကို အသာ ပြန်ချပြီး သက်ပြင်း ကို မောမောလျလျ ရှိုက်လိုက်မိ သည် ။ လက် က တယ်လီဖုန်း ကို မလွှတ်နိုင်သေးဘဲ အသက် ၄၀ ဆိုသည့် အရွယ်နှင့် မလိုက်ဖက်စွာ ရင် ခုန်နေသေးသည် ။

အသံရှင် ။ ခံ့ညားအောင်မြင်သော အသံ ကို ခပ်ထိန်းထိန်း ပြောရင်း တစ်ဖက်သား ကို စွဲမက် သွားစေနိုင်စွမ်းသော အသံရှင် ။

ပြီးတော့ မြလေးနွယ် ၏ ဘဝ တစ်ခု လုံး ကို ထက်အောက်ပြောင်းပြန် ပြောင်း လဲပစ်နိုင်စွမ်းသည့် အသံရှင် ။

သည် အသံရှင် က မြလေးနွယ် ထံ သတ္တုသံကြိုးမှ တစ်ဆင့် ဆက်သွယ်ပေပြီ ။ အကူအညီတောင်းချင်လို့ ခဏ လာ တွေ့ ရ ပါရစေ တဲ့ ။ ဪ ... ဆရာ ရယ် ။

မြလေးနွယ် ဝမ်းနည်း ရမှာလား ၊ ဝမ်းသာ ရမှာလား ၊ ဂုဏ်ယူ ရမှာလား ၊ မာန် တက် ရမလား ၊ ကြေကွဲ ရမှာလား ။ သူ လာလျှင် ကိုယ် က အောင်နိုင်သူ တစ်ယောက် အနေဖြင့် ခပ်ထေ့ထေ့ ပြုံး ကြည့်လိုက်ရမှာလား ။

စင်စစ်တော့ သည် အသံရှင် ဆရာ ကို သည် လို အနေအထားမျိုး နှင့် တစ်နေ့ ပြန်လည် ဆုံတွေ့ဖို့ မြလေးနွယ် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပါသည် ။ 

ပို၍ တိတိကျကျ ဆိုရလျှင် ယခုလို ပြန်လည် ဆုံတွေ့ရေး သည် မြလေးနွယ် ၏ ဘဝရည်မှန်းချက် ပင် ဖြစ်တော့သည် ။

မြလေးနွယ် သူ့ ကို နာကြည်းပေမဲ့ မမေ့နိုင်ပါ ။

နှစ် ၂ဝ ဆိုသော ကာလ သည် အခြား လူများအတွက် ကြာရှည်ကောင်း ကြာရှည်မည် ဖြစ်သော်လည်း မြလေးနွယ် အတွက် ကတော့ မနေ့တစ်နေ့ က အဖြစ် အပျက်များ ဟု အောက်မေ့ဆဲ ပင် ။

ယင်း အဖြစ်အပျက်များ နှင့် ဆက်နွှယ်ပတ်သက်သော ခံစားချက်များ သည် လည်း မြလေးနွယ် ၏ နှလုံးသား ဝယ် ပူနွေးလတ်ဆတ် လျက် ရှိနေပေသေးသည် ။

ဟိုး ..... လွန်ခဲ့သော အနှစ် ၂ဝ ကတော့ ... ။

လွန်ခဲ့သော အနှစ် ၂၀ ကတော့ ယခုလို မြလေးနွယ် ကို တွေ့ဖို့ အရေး တတန်တက ဖုန်း ဆက်ပြီးမှ လာရောက် တွေ့ဆုံရသည့် အနေအထား မှ မဟုတ်ဘဲ ။ 

“ ဆရာ ခေါ်တယ် ” ဟု တင်စုံတစ်ယောက် က လာ ပြောလျှင် အလုပ် လုပ် နေလျှင် လုပ်လက်စ အလုပ် ကို ချ ။ ထမင်း စားနေလျှင် လည်း စားလက်စ ထမင်း လုတ် ကို လက်စ သတ်ပြီး သူ့ ရုံးခန်း ထဲ ချက်ချင်း သွားကာ သူ့ စားပွဲ ရှေ့ ရပ်လျက် သူ့ အမိန့် ကို စောင့်စား လက်ခံခဲ့ရသည့် မြလေးနွယ် ပဲ ။

ချောမောခံ့ညားသော လူပျို အရာရှိ ကို စိတ်ကူးတွေ ယဉ် ကာ သူ့ ပေးစား ၊ ကိုယ့် ပေးစား ဖြင့် တီးတိုးတီးတိုး သဖန်းပိုး ထိုးခဲ့သော အလုပ်ဝင်စ စာရေးမလေး တွေ ထဲ က တစ်ယောက် ဖြစ်သော မြလေးနွယ် ပဲ ။

အားလုံး ထဲ မှာ သွက်လက်ချက်ချာသည် ဟု အသိအမှတ် ပြု၍ အသက် လည်း အငယ်ဆုံး ဖြစ်သော မိမိ ကို အလုပ်တာဝန်တွေ ပိုမို ပေးခြင်း ခံရသောအခါ တိတ်တိတ် ကလေး ဝမ်းသာကြည်နူးခဲ့ရသည့် မြလေးနွယ် ပဲ ။

ဆရာ က ပျော်တတ်သည် ။

အလုပ် နှင့် ပတ်သက်လျှင် တိတိကျကျ ပြတ်ပြတ်သားသား လုပ်တတ်ပေ မယ့် ကျန် အချိန်များ မှာတော့ ရုံးသူရုံးသားတွေ နှင့် ရင်းရင်းနှီးနှီး နေသည် ။ ရာထူး ကြီးသည် ၊ ငယ်သည် မရွေး ခင်ခင်မင်မင် ပေါင်းတတ်သည် ။ နောက် နောက်ပြောင်ပြောင်လည်း ပြောတတ်သည် ။

“ မင်းတို့ အားလုံး ထဲမှာတော့ မြလေးနွယ် က အချောဆုံး ပဲ ၊ အလုပ် ပါး တဲ့ အချိန် ပေါ့ကွာ ... ”

နေ့ခင်းဘက် အပုပ်ချိန် ရောက်ပြီ ဆိုရင် ဆရာ သည် သူ့ အခန်းထဲ မှ ပြုံးစိ ပြုံးစိ ဖြင့် ထွက်လာကာ မြလေးနွယ် တို့ မိန်းကလေးဝိုင်း ထဲ ဝင် ၍ လက်ဖက်သုပ် ပန်းကန် တွေ့လျှင် လက်ဖက်သုပ် နှိုက်စားရင်း ၊ နေကြာစေ့ထုတ် တွေ့လျှင် နေကြာစေ့ ကောက်ဝါးရင်း ဝင် ရောတတ်သည် ။

"အလုပ် ပါး တဲ့ အချိန်ပဲလား ဆရာ ၊ အလုပ် များတဲ့ အချိန် ကော ”

“ အလုပ်များပြီ ဆိုရင် သူ့ နှုတ်ခမ်း က ရှေ့ဘက် အတော်ကလေး စူ ထွက်လာ တယ်လေ ၊ အဲဒီတော့ ဘယ် သိပ် လှတော့မယ် ”

“ အမယ် ဆရာ ကလည်း မြလေး က အဲဒီလို မဟုတ်ပါဘူး ။ ဆရာ ဘာခိုင်း ခိုင်း မြလေး အကုန် လုပ်ပေးတာပါ ။ တစ်ခါမှလည်း မညည်းညူ ဖူးပါဘူး ၊ နှုတ်ခမ်းက နဂို စူ ပြီး မလှတာတော့ ဘယ် တတ်နိုင်မလဲ ”

မြလေးနွယ် က ဤကဲ့သို့ ပြန် ပြောလျှင်တော့ ဆရာ က တဟဲဟဲ နှင့် သဘော ကျစွာ ရယ်ပြီ ...

“ မြလေးနွယ် က မဆိုးဘူး ဟ ၊ မဟုတ်ရင် ပြန် ပြော တတ်သားပဲ ၊ တို့ က ပြန် မပြောတတ်ဘူး မှတ်လို့ ” ဟု ပြောရင်း ဆရာ နှင့် တစ်သုတ်တည်း အလုပ် အတူ ဝင်သော ဆရာ ဦးမြင့်ထွန်း တို့ ၊ ဆရာမ ဒေါ်မြကေသီ တို့ အခန်း ဘက် သို့ ကူး သွား တတ်သည် ။

သည်အခါမှာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ၏ စနောက်ကြသည့် ဒဏ် ကို မြလေးနွယ် ကောင်းကောင်း ခံရပြီပေါ့ ။

“ သေချာပါပြီ ဟာ ၊ ဆရာ ကိုကို က နင့် ကို မျက်စိ ကျနေတာ သေချာပါပြီ ”

“ အေးဟယ် ... နင် လှ တဲ့ အကြောင်း လူကြားထဲတောင် မရှောင်ဘူး ၊ ပြော ချလိုက်တာပဲ ”

“ နင့် နှုတ်ခမ်း ဖောင်းဖောင်းလုံးလုံးလေး ကို သူ စွဲလမ်းနေပြီ နဲ့ တူတယ် ”

“ ငါ့ စိတ်ထဲ က သံသယ ရှိနေတာ ကြာပြီ ဟ ၊ သူ့ မျက်လုံးတွေ က လေ နင့် ကို ကြည့်ပြီ ဆို တစ်မျိုးပဲ ၊ သံယောဇဉ် အရိပ်အငွေ့ခေါ်မလား ၊ ဘာလား မသိဘူး ဟာ ”

အသက် ၁၈ နှစ် သာသာ ၁၉ နှစ် ပင် မပြည့်တတ်သေးသော မြလေးနွယ် အတွက် မျက်နှာထားခက်စွာ ၊ ကြည်နူးစွာ ရင်ခုန်ခဲ့ရသော အချိန်တွေပေါ့လေ ။

တစ်ခါတစ်ရံ မှာ တော့ ဆရာ က မြလေးနွယ် ကို သူ့ ရုံးခန်း ထဲ သို့ ခေါ်ကာ မြလေးနွယ် ၏ ကိုယ်ရေးကိုယ်တာလေးများ ကို စိတ်ဝင်တစား မေးမြန်းတတ်သည် ။

မြလေးနွယ် က သူ့ တွင် အဖေ မရှိတော့ကြောင်း ၊ အမေ နှင့် မောင်ငယ် တစ်ဦး သာ ရှိတော့ကြောင်း ၊ မောင်လေး က ၁၀ တန်း ဖြေထားကြောင်း ၊ သူ က စီးပွားရေး တက္ကသိုလ် တက်ရန် အမှတ် မီပေမဲ့ အမေ့ ကို ကူညီသည့် အနေနှင့် အလုပ် ထွက် လုပ် ကြောင်း စသည်ဖြင့် ပြော ပြလျှင် ဆရာ သည် စိတ်မကောင်းစွာ နားထောင်သည် ။ ကရုဏာမျက်လုံးများ ဖြင့် မြလေးနွယ် ကို ကြည့် တတ်သည် ။ အကြင်နာ စကားများ ဖြင့် နှစ်သိမ့်တတ်သည် ။

“ ကြိုးစားပေါ့ မြလေးရယ် ၊ အခု လုပ်သားကောလိပ် လည်း တက် နေပြီ မဟုတ်လား ၊ တစ်နေ့တော့ အောင်မြင်မှာပေါ့  ။ အကူအညီ လိုရင် ပြောနော် ၊ ကိုယ် တတ်နိုင်သမျှ ပေးပါမယ် ”

မြလေး တဲ့ ။ ကိုယ် တဲ့ ။ မြလေးနွယ် ၏ ခန္ဓာကိုယ် သည် လေထဲ မြောက် တက် သွားသလို ခံစားလိုက်ရသည် ။

အားတွေ ၊ အင်တွေ လည်း အလိုလို ပြည့်မောက်လာကာ ဆရာ့ အပေါ် ခင်မင် အားကိုးစိတ်တွေ လည်း ဖိတ်လျှံ ခဲ့သည် ။

ရုံး တက်ရမှာ ကို အပျော်ကြီး ပျော်ခဲ့သော မြလေးနွယ် ။

ရုံးပိတ်ရက်များ ကို အမုန်းတီး အခါးသီးဆုံး ရက်များ ဟု မှတ်ယူခဲ့သော မြလေးနွယ် ။ 

မျက်လုံး ညိုညို သွား ညီညီလေးများဖြင့် ရွှင်ကြည်စွာ ရယ်မောတတ်သော ဆရာ့ မျက်နှာ ကို ခိုး ကြည့်ရင်း အိပ်မက်ကမ္ဘာ မှာ မွေ့လျော်ယစ်မူးခဲ့မိသော မြလေး နွယ် ။

အမှန်ကို ဝန်ခံရလျှင် ထိုအချိန်အထိ ဘဝ တိုးတက်မြင့်မားရေးတို့ ၊ ဘာတို့ ကို မြလေးနွယ် သိပ် အလေး မထားခဲ့မိပါ ။

မြလေးနွယ် တို့ မှာ ဖေဖေ မရှိတော့ဘူး ဆိုပေမဲ့ ဖေဖေ ရှာဖွေထားရစ်သော ပစ္စည်း ဥစ္စာများသည် မြလေးနွယ် တို့ သားအမိ သုံးယောက် ကို ကြွယ်ပိုးကြွယ်ဝ မဟုတ်သည့်တိုင် ဣန္ဒြေရရ နေ နိုင်အောင် လုံလောက်စေပါသည် ။  ။

မေမေ့ မှာ လည်း ဝင်ငွေ ရှိသည် ။ မေမေ က အထက်တန်းပြဆရာမ ။ လူရည်ချွန် သုံးထပ်ကွမ်း မောင်ငယ် ကလည်း သူ ကျောင်း တက်ဖို့ နိုင်ငံတော် မှ ထောက်ပံ့ ကြေး ရ ထားသည့် သူ ။

မြလေးနွယ် က တက္ကသိုလ် ကို တက်မည် ဆိုပါက တက် နိုင်သော်လည်း အဖော် ကောင်း၍ အလုပ် လျှောက်ဖြစ်ကာ ကံအားလျော်စွာ ရလာသဖြင့် ဝင်လုပ် ဖြစ်သော စာရေးမ ။

ရလာသော လခ ကို မေမေ့ ကို နည်းနည်း အပ်ကာ ကိုယ် က စိတ်တိုင်းကျ များများ သုံးရသည်ကို သာယာ ကျေနပ်သည့် မိန်ကလေး ။ 

ဘဝ ကို သိပ် လေးလေးနက်နက် မတွေးဘဲ ခပ်အေးအေး ၊ ခပ်ပျော်ပျော် နေခဲ့မိပါသည် ။

သို့သော် အလုပ် ဝင်ပြီး တစ်နှစ်ခန့် အကြာတွင် ဆရာ က မြလေးနွယ် ၏ အတ္တမာန ကို ရိုက်ချိုး လိုက်သောအခါ မြလေးနွယ် ခပ်အေးအေး ၊ ခပ်ပျော်ပျော် မနေနိုင်တော့ပေ ။

မြလေးနွယ် ၏ အတ္တမာန ကို အရိုက်ချိုး ခံရပြီး ဘဝ တခုလုံး ကပြောင်း ကပြန် ဖြစ်အောင် ဖန်တီးလိုက်သော အရာကတော့ ဆရာ့ မင်္ဂလာဖိတ်စာ ပင် ဖြစ် တော့ သည် ။

ဆရာ နှင့် မမမြကေသီ တို့ လက်ထပ်တော့မည် တဲ့ ။ မင်္ဂလာဖိတ်စာ ကို မြင် မှ မြလေးနွယ် တအံ့တသြ ဖြစ်ရသည် ။

မထင် ။ ဒီလိုဖြစ်မည် ဟု လုံးဝ မထင် ။ ဆရာ က ပျော်တတ်သူ ပီပီ လူတကာ ကို နောက်ပြောင် နေသည်မို့ မမမြကေသီ ကို လည်း သာမန် နောက်ပြောင်နေသည် ဟု ပဲ ယူဆခဲ့သည်လေ ။

ပြီးတော့ လှပေမယ့် မာန ကြီးပြီး ဆရာ့ ထက် လည်း အသက် နှစ်နှစ် လောက် ကြီးသူ တစ်ယောက် ကို ဆရာ စိတ်ဝင်စားမည် ဟု ဘယ်သူ ထင်မလဲ ။

အားလုံး ထင်နေသည် က မြလေးနွယ် နှင့် ။

ဆရာ ပိရိလွန်းလှသည် ။ လှည့်စားနိုင်လွန်းသည် ။ ချစ်ယောင် ပြ၍ နှိပ်စက် နိုင်အားရက်သည် ။

မြလေးနွယ် အလူးအလဲ ခံစားခဲ့ရသည် ။ ရင်ပွင့်မတတ် ခံစားခဲ့ရသည် ။ လုပ်ဖော်ကိုင်ဖက် ကြား မှာ မျက်နှာ မဖော်ရဲအောင် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရသည် ။

ထိုစဉ်က ကိုယ့် အသက် ကို ပင် အန္တရာယ် ပြုဖို့ အထိ စိတ်ကူး ခဲ့ဖူးသည် ။

မခံမရပ်နိုင်လွန်းသဖြင့် ခွင့် တစ်လ ယူ လိုက်သည် ။

ကိုယ့် စိတ် ကို ကိုယ် တည်ငြိမ်အောင် ကြိုးစားသည် ။

တစ်ဦး ကို ချစ်ယောင် ပြ၍ လက်ထပ်ဖို့ ကျတော့ အခြား တစ်ဦး ကို ဘာကြောင့် ရွေး သနည်း ဟူသော အဖြေ ကို စေ့စေ့ငှငှ ရှာသည် ။

အဖြေ ကတော့ ရှင်းသည် ။ အလွန့် ကို ရှင်းပါသည် ။ ယောက်ျား ဆိုတာ တွက်ချက်ရေး အလွန် ကောင်းသည့် သတ္တဝါတွေ ပဲ ။

မမေမြကေသီ က အသက် ကြီးပေမယ့် ဖွံ့ထွားလှပသည် လေ ။ ပြီးတော့ အရာရှိ ။ မိဘ က လည်း ပြည့်စုံ ကြွယ်ဝသည် ။ အသိုင်းအဝိုင်း ကလည်း မခေ ။

ပြီးတော့ မမမြကေသီ က ခပ်ကြွားကြွား ပြော တတ် နေ တတ် တော့ လူ အထင် ကြီး စရာ ။

ဒါပဲပေါ့ ။ နောက်ဆုံးတော့ ဂုဏ် ၊ ငွေ ၊ ရာထူး ဒါပဲပေါ့ ။

သည် အဖြေ ကို တိတိပပ ရသော အခါ မြလေးနွယ် သူ့ ဘဝ ကို သူ ပြောင်း ပြန်လှန် ပြောင်းလဲ ပစ်လိုက်တော့သည် ။ 

တစ်နေ့ ရာထူး ကြီးအောင် ၊ ဂုဏ် ရှိအောင် ၊ ငွေ ရှိအောင် လုပ်မည် ဟု သန္နိဋ္ဌာန် ချသည် ။

ခွင့် စေ့ ၍ ရုံး ပြန်တက်သည့်နေ့ မှ စ၍ လူသစ် စိတ်သစ်ဖြင့် အားသစ်တွေ မွေး လိုက်သည် ။ 

အစ အရာရာ အလေးနက် ထားလိုက်သည် ။

အရင်လို လုပ်သားကောလိပ် ကို မှန်မှန် မတက်ဘဲ ကမ်းနား သွား ထိုင်တာမျိုး ၊ ဗိုလ်တထောင်ဘုရား ဝင်း ထဲ သွား ယောင်တာမျိုး လုံးဝ မလုပ်တော့ အတန်း ကို မှန်မှန် တက်ပြီး စာ ကို ဖိဖိစီးစီး ကြိုးစားသည် ။

ရုံးချိန် အတွင်း မှာလည်း အလုပ် အားလျှင် ရုံးအောက် ဆင်း၍ လမ်း သလားတာမျိုး ၊ ဗိုလ်ချုပ်ဈေး သွားတာမျိုး ကိုလည်း ရှောင်သည် ။

အချိန် အားလေး ရသည် နှင့် ကျောင်းစာ ဖတ်သည် ။ သတင်းစာ ဖတ်သည် ။ ပြင်ပစာအုပ် မှ ရသော ဗဟုသုတ ကို မှတ်သည် ။ အင်္ဂလိပ်စာပေ ကို လေ့လာသည် ။

ဆရာ က “ ငြိမ်လှချည်လား ” ဟု လာ ရိ သည့်တိုင် ဘာ စကားမျှ မတုံ့ပြန်ဘဲ ပြုံး ပြလိုက်သည် ။

မြလေးနွယ် ၏ အာရုံ တွင် ကြီးပွားတိုးတက်ရေး တစ်ခု တည်း သာ ထားတော့သည် ။

သည်လိုဖြင့် သတ်မှတ်ထားသော ကာလအတွင်း ဘွဲ့တစ်ခု ကို ထိုက်ထိုက် တန်တန် ရရှိခဲ့သည် ။ ဘွဲ့ ရပြီးသည် နှင့် ဝန်ထမ်းရွေးချယ်ရေးအဖွဲ့ က ခေါ်သော အလုပ် စာမေးပွဲတိုင်း ကို အကြိမ်ကြိမ် ဝင် ဖြေ သည် ။

ပထမ သုံးကြိမ် ရေး ဖြေ ပင် မအောင် ။ စိတ်ဓာတ် မကျ ။ ထပ် ကြိုးစားသည် ။ နောက် တစ်ကြိမ် ရေးဖြေ အောင်ပြီး နှုတ်ဖြေ မှာ ကျ သည် ။

နောက်ဆုံး ခြောက်ကြိမ်မြောက် တွင် မှ ရေးဖြေ ရော နှုတ်ဖြေ ပါ အောင်ကာ အရာရှိ ဘ၀ ကို ချက်ချင်းလက်ငင်း ရ၍ ဌာန ပြောင်းခဲ့ရသည် ။

အသက် ၂၆ နှစ် တွင် မြလေးနွယ် ပြန်တမ်းဝင်အရာရှိ ဖြစ် ခဲ့သည် ။ ရည် မှန်းချက် တစ်ဆင့် အောင်မြင်ခဲ့ပါသည် ။ 

သူ ဌာန ပြောင်းမည့် နေ့ က သူ့ ကို သူတို့ ရုံးခန်းလေးမှာ နှုတ်ဆက်ပွဲလေး လုပ်သည် ။

နှုတ်ဆက်ပွဲ မှာ ဆရာ က စကား အနည်းငယ် ပြောသည် ။ မြလေးနွယ် ချီးမွမ်း ခန်း ပဲ ဆိုပါတော့ ။

မြလေးနွယ် အဘယ်မျှ ကြိုးစားကြောင်း ၊ အဘယ်မျှ တော်ကြောင်း ၊ အဘယ်မျှ အလုပ် လုပ်ကြောင်း ၊ ကျန် ဝန်ထမ်းများ လည်း သူ့ကို နမူနာ ယူ၍ ကြိုးစားစေလိုကြောင်း ၊ ဘဝ တိုးတက်ရေး အတွက် ကြံဆောင်သင့်ကြောင်း စသည်ဖြင့် ပြောကြား သည် ။

နိဂုံး ကတော့ ရာထူး တိုးမြင့်သွားသည့် အတွက် ဝမ်းသာ ရသော်လည်း ခွဲခွါ ရမည် ဖြစ်သဖြင့် ဝမ်းနည်းပါကြောင်း ပြော ကြားပါသည် ။

ဆရာ ၏ နိဂုံးချုပ် စကား မှာတော့ မြလေးနွယ် စိတ် မထိန်းနိုင်တော့ ။ အားလုံး ရှေ့တွင် မျက်ရည်ဖြိုင်ဖြိုင် ကျကာ ရှိုက်၍ပင် ငို လိုက်မိသည် ။ 

“ မြလေး က ပို ဝမ်းနည်းတာပါ ဆရာ ရယ် ” ဟူသော စကားတွေ က ရင်ထဲ မှာ ပြည့်သိပ်ရုန်းကန်လျက် ရှိနေခဲ့ပါသည် ။ 

ဌာနသစ် ရောက်တော့လည်း မြလေးနွယ် ကြိုးစား ပြသည် ။ ဖောင်ကြီး တက် တော့လည်း အကောင်းဆုံး သင်တန်းသူ ဆု ကို ရအောင် ယူသည် ။ အခွင့်ကြုံတော့ ဌာနသစ် မှာ နှစ်နှစ် အတွင်း နိုင်ငံခြားပညာသင် သွား ရသည် ။ နိုင်ငံခြား မှာ သုံး နှစ် ကြာသည် ။ ပြန် ရောက်လာပြီး အထက်မြန်မာနိုင်ငံရုံးခွဲ မှာ လေးနှစ် တာဝန် ထမ်းဆောင် ရသည် ။ ၁၀ နှစ် အတွင်း အကြီးတန်းအရာရှိ ဖြစ် ခဲ့ရပေပြီ ။ ရန်ကုန် လည်း ပြန် ပြောင်းခွင့် ရပြီ ။

ခုတော့လည်း လူရိုသေ ရှင်ရိုသေ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြလေးနွယ် ပေါ့ ။ မှန်ကန်တိကျ ပြတ်သားသော အရာရှိ အပျိုကြီး ဒေါ်မြလေးနွယ် ပေါ့ ။ လုပ်ပိုင် ခွင့်တွေ အပြည့်အဝ နှင့် ဒေါ်မြလေးနွယ် ပေါ့ ။

သည်အချိန် မှာတော့ အကူအညီ တောင်းခံသူတွေ မြလေးနွယ် အပါး ဝယ် ဝိုင်းဝိုင်း လည် လာကြသည် ။

ဝိုင်းဝိုင်းလည်သူတွေ ထဲ မှာ မမျှော်လင့်ဘဲ “ ဆရာ ” တစ်ယောက် ပါဝင် လာသည့် အတွက်တော့ မြလေးနွယ် ကျေနပ်သလို ရှိ ခဲ့ပါသည် ။

ဆရာ့ ကို တွေ့ချင်ပါသေးသည် ။ 

ဆရာ့ မျက်လုံး ညိုညို နှင့် အပြုံးလက်လက် ကို မြင် ချင်ပါသေးသည် ။

ဆရာ နှင့် ရယ်မောရွှင်ပျ စကားလက်ဆုံ ကျ ချင်ပါသေးသည် ။

ဆရာ့ ကို မမျှော်လင့်ကောင်းပေမယ့် တစ်ခါတစ်ရံ တမ်းတအိပ်မက် မက် ခဲ့ မိတာ ကိုတော့ မညာချင်ပေ ။

သူ့ ကို လက်တွဲဖို့ ကမ်းလှမ်းသူများ ကို လည်း ယခုထိ ဘာကြောင့်များ ဆရာ နှင့် ယှဉ် ယှဉ်ပြီး ပယ်ချခဲ့မှန်း သူ့ ဘာသာ သူ မစဉ်းစားတတ်တော့ပေ ။

ဘာပဲဖြစ်ဖြစ် ဆရာ့ ကို တွေ့ဆုံ ရင်ဆိုင်ဖို့ မြလေးနွယ် ဆိုသည့် မိန်းမ တစ်ယောက် ကတော့ ရင်ခုန် နေပါသေးသည် ဆိုတာကို ဆရာ သိ မှ သိပါစ ကွယ် ။

       •••   •••   •••   •••

အာမေဍိတ်သံ တစ်စွန်းတစ်စ သည် မြလေးနွယ် နှုတ်ဖျား မှ မထိန်းသိမ်း နိုင်လိုက်မီ ပွင့်ထွက် သွားသည် ။ သူ့ မျက်လုံးပင် သူ မယုံချင်တော့ ။

ဆရာ မှ ဟုတ်ရဲ့လား ဟူသော သံသယတွေ က သူ့ ရင်တွင်း ဝယ် ဖြိုးမောက် ပြည့်လျှံ၍ လာပါသည် ။

“ အလုပ် ရှုပ် နေသလား မြလေးနွယ် ”

သည် အသံ ကို ကြားမှ ၊ အိုး ... သူ့ နှလုံးအိမ် ကို တိုးဝင် ထွေးပိုက်ခဲ့ဖူးသည့် သည် အသံ ကို ကြားမှ အိပ်မက် က လန့် နိုးလာသလို ခံစားရသည် ။

“ ဟုတ် .. ဟုတ်ကဲ့ .. ၊ အဲ ... မရှုပ်ပါဘူး ။ ထိုင်ပါ ဆရာ ထိုင်ပါ ”

ကယောင်ကတမ်း ပျာပျာသလဲ ဖြစ်နေသော သူ့ ကို ဆရာ က အံ့သြဟန် မပြဘဲ သူ့ ရှေ့တည့်တည့် က ကုလားထိုင် တစ်လုံးကို ဆွဲယူ၍ ထိုင်သည် ။

“ ဆရာ က သိပ် ဝ လာတော့ မြလေး ဖြင့် ရုတ်တရက် မှတ်တောင် မမှတ်မိ ချင်တော့လို့ပါ ဆရာရယ် ”

ဆရာ ပြုံး သည် ။ မြလေးနွယ် တင်ချိန် က စွဲမက်ခဲ့သော အပြုံး ပါ ။

သို့ပေမယ့် အတော်ကြီး မို့အစ်နေသော မျက်နှာပေါ်တွင် နေရာ ယူထားသည်မို့ အရင်တုန်း ကလို မလှတော့ဘူး ဟု မှတ်ချက် ပြုချင်သည် ။

“ နေကောင်းတယ် နော် မြလေးနွယ် ” 

“ ဟုတ်ကဲ့ ၊ ဆရာ လည်း နေကောင်းတယ်နော် ”

“ ဆိုပါတော့ ကွယ် ”

“ မမမြကေသီ လည်း အရင်လို လှတုန်းပဲ ထင်တယ် ”

“ သူ လည်း ကိုယ့် လိုပဲ သိပ် ဝ နေတယ် ” ဟု ဆရာ က ရယ်ပြီး ပြောသည် ။

“ ဆရာတို့ ဘဝ က စိတ် ချမ်းသာစရာ ကောင်း တာကိုး ”

"ဒီလိုလည်း မဟုတ်ပါဘူး မြလေးနွယ် ။ စိတ်ချမ်းသာစရာ ရှိ သလို စိတ် ဆင်းရဲစရာတွေ လည်း ရှိပါတယ် ။ ဘာဖြစ်ဖြစ်ပေါ့ ၊ အသက် ကြီးပြီး ဝ လာတော့ မကောင်းဘူး ကွယ့် ။ ရောဂါ ထူတယ် ။ အခု ကိုယ့် မှာ သွေးတိုး ရှိနေတယ် ။ ကေသီ က ကိုယ့် ထက် ရောဂါ တစ်ခု ပိုတယ် ၊ သွေးတိုး ရော နှလုံး ရော ”

“ ဪ ... အစားအသောက် ၊ အနေအထိုင် ဆင်ခြင်ရင် ဒါလောက် မစိုး ရိမ်ရပါဘူး ဆရာရယ် ၊ အသက်ရှည်ရှည် နေ နိုင်ပါတယ် ။ မြလေး ရဲ့ မေမေ လည်း သွေးတိုးသမား ပဲ ဆရာ ။ မေမေ က ချမ်းမြေ့ရိပ်သာ မှာ မကြာမကြာ တရား သွား သွား ထိုင်တော့ အခုလေ သွေး မတိုးတာ ကြာပြီ ”

“ အေးကွယ် ... ၊ စိတ်အာရုံတွေ ကို ငြိမ်းအေးအောင် အနား ပေးတဲ့ အလုပ် မျိုးတော့ လုပ်ဖို့ အာသီသ ရှိပါတယ် ။ ဒါပေမဲ့ အခြေအနေ က မပေးသေးဘူး ”

မြလေးနွယ် ဆရာ့ မျက်နှာ ကို စေ့စေ့ ကြည့်မိသည် ။

ဪ ... အရင်နှင့် ဘာ ဆိုင်တော့လို့လဲ ကွယ် ။ အရင်က စိုပြည်လတ်ဆတ်သော အသားအရေ ၊ နှုတ်ခမ်းမွေး စိမ်းစိမ်း နှင့် ရွှင်ကြည်လင်နေသော ရူပကာ ။ 

ယခုတော့ အရေးအကြောင်း အချို့နှင့် ဘီယာတန်ခိုး ကြွ နေသည်ဟု ယူဆ ရသော ထူအန်းမို့အစ်နေသည့် မျက်နှာ ။

အရင်က မျက်ခုံးမွေး နှင့်အပြိုင် နက်မှောင်နေသော ဆံပင်ခွေနွဲ့နွဲ့ ။

ယခုတော့ နဖူးဆံစပ် မှာ ဖြူကြောင်ကျားကျား နှင့် ၊ ဇရာနှင့် နပန်းလုံးစ ပြု နေသော ကေသာ ဖျော့ဖျော့ ။

အရင်က တစ်ဖက်သား ကို ကြည့် လိုက်တိုင်း အကြည့် ခံရသူ ၏ နှလုံးသား သို့တိုင် ထိုးဖောက်ဝင်ရောက်သွားသလား ဟု ထင်မှတ်မှား နိုင်စွမ်းသော မျက်ဝန်း လဲ့ ညိုညို ။

ခုတော့ ကြောင့်ကြ သောက တွေ ကြောင့် မှုန်မှိုင်းနေသည် ဟု ထင်ရဖွယ်ဖြစ် သော အရောင် မှိန်နေသည့် မျက်လုံး ။

အရင်က ဖွေးလက်နေသော သွားညီညီလေးများ ဝင်းခနဲ ပေါ်သွားအောင် လှပစွာ ပြုံးရယ်တတ်သော နှုတ်ခမ်းများ ။

အခုတော့ ...

အိုး ... အရင်လို မလှတော့ဘူး ။ အရင်လို မလှတော့ဘူး ။

“ မြလေးနွယ် ဆီ လာတာ အကူအညီ တောင်းချင်လို့ပါ ” ဟု ဆို လာ မှ ဆရာ့ လာရင်း ကိစ္စ ကို မေး ဖို့ မြလေးနွယ် သတိ ရသည် ။ 

“ ဟုတ် .. ဟုတ်ကဲ့ ဆရာ ၊ မြလေး ဘာ လုပ်ပေးရပါမလဲ ”

ဆရာ တောင်းသော အကူအညီ က အခြား မဟုတ်ပါ ။ နိုင်ငံခြား သွားမည့် လူပုဂ္ဂိုလ်တွေ တော်တော်များများ မြလေးနွယ် ထံ အူယားဖားယား ၊ အရေးတကြီး ရောက်လာကာ တောင်းလေ့တောင်းထ ရှိသော အကူအညီမျိုး ပါ ။

ယခုလည်း နိုင်ငံခြား မှာ သွားရောက် အလုပ် လုပ်မည့် ဆရာ ၏ သား ဤ နိုင်ငံ မှ အချိန်မီ ထွက်ခွာနိုင်ရေး ကို အထောက်အကူ ပြုသော ကိစ္စပါပဲ ။

မြလေးနွယ် အတွက် ခဲယဉ်းသော ကိစ္စ  မဟုတ် ။ လက်မှတ် တစ်ချက် ထိုး ပေး ရုံ နှင့် ပြီးမြောက်နိုင်သည့် ကိစ္စ မို့ ချက်ချင်း ဆောင်ရွက်ပေးမည့် အကြောင်း ဆရာ့ ကို ကတိ ပေးလိုက်ပါသည် ။

ဆရာ စိတ်ချမ်းသာအောင် ကူညီ လိုက်ရသည့် အတွက်တော့ မြလေးနွယ် ကျေနပ်သည် ။

“ ဒီ ကိစ္စများ ဆရာရယ် ၊ ဆရာ ကိုယ်တိုင် လာစရာ မလိုပါဘူး ။ ဖုန်း နဲ့ ဆက် ပြောပြော ၊ စာလေး တစ်လုံးနှစ်လုံး ရေးပြီး တစ်ယောက်ယောက် လွှတ်လိုက် လည်း ရတဲ့ဥစ္စာ ”

မြလေးနွယ် အရိုးခံ အတိုင်း ပြော မိသည် ။ ဟုတ်ပါသည် ။ ဆရာ့ အဆင့် ၊ ဆရာ့ ရာထူး နှင့် မြလေးနွယ် ထံ လူ ကိုယ်တိုင် လာစရာ မလိုပါ ။ ဆရာ့ မှာ ခိုင်းစရာ လူတွေ တစ်ပုံတစ်ပင် ရှိမှာပါ ။

“ တွေ့လည်း တွေ့ချင်သေးလို့ ပါ မြလေးနွယ် ၊ ကိုယ်တို့ မတွေ့ကြတာ ကြာပြီ မဟုတ်လား ”

သံယောဇဉ် စကားများ ပေလား ။ မြလေးနွယ် ကတော့ စိတ် ကြည်ကြည်လင်လင် ဖြင့် ရယ်မော လိုက်ပါသည် ။

“ ကဲ ... ဒီလိုဆို ကိုယ် ပြန်မယ် မြလေးနွယ် ၊ သား အတွက် တော့ စိတ်ချမယ်နော် ”

“ စိတ်ချပါ ဆရာ ”

ဆရာ က စားပွဲ ပေါ် လက် ထောက် အား ယူ၍ ထိုင်ရာ မှ ထ သည် ။ ဆူဖြိုးနေ သော ဝမ်းဗိုက် အနေအထား က ဘဝ မှာ ပြည့်စုံနေပြီ ဖြစ်သော အသက် ၅၀ ကျော် ယောက်ျား တစ်ဦး ၏ သင်္ကေတ အစစ် ပါပဲ ။

ဆရာ့ ကို ရုံးအောက် ဆင်း၍ ကား ပေါ် ရောက်သည် အထိ မြလေးနွယ် လိုက် ပို့ ဖြစ်ပါသည် ။

ဆရာ့ ကား ထွက်သွားသည် အထိ မြလေးနွယ် ငေး ကြည့်နေမိသည် ။

မြင်ကွင်း မှ ပျောက်သွားသော အခါ မြလေးနွယ် ရင်ထဲ မှာလည်း ထူးထူးခြား ခြား ပေါ့ ပါး ရှင်းလင်းသွားသည် ။ ရှင်းသမှ ဘာဆို ဘာမျှ မကျန်ရစ်တော့သည် အထိ ဖြစ်သည် ။

တကယ့် ကို ရင်ထဲ မှာ ဗလာ ။ မည်သည့် သံယောဇဉ် တစ်စွန်း တစ်စ မျှ ရှိတော့ ။ ရုံးခန်း သို့ ပြန် တက်လာရင်း မြလေးနွယ် တစ်ဦး တည်း ကျိတ် ပြုံးမိသည် ။

ဪ ... ပုံပျက်ပန်းပျက် ဝဖြိုး ပြီး သိပ် လည်း မချောမောတော့ သည့် လူ တစ်ယောက် ကို များ အနှစ် ၂ဝ လုံးလုံး စွဲလမ်း ခဲ့ရသလား ။

ကိုယ့် အဖြစ် ကို ကိုယ် တွေးမိပြီး အံ့သြခြင်းများစွာ နှင့်အတူ ရယ်ချင်ချင် ဖြစ် လာသည် ။

တစ်နေ့ မှာ ဆရာ့ ကို ဒီလို ဥပဓိရုပ်မျိုး နှင့် ပြန် တွေ့ရမည် ဟု များ စောစော က ကြို သိခဲ့လျှင် မြလေးနွယ် ယခုလို ကြိုးစားခဲ့မိ မှာ မဟုတ်ပါဘူး ။

ခုချိန်မှာ လွတ်လပ်သူ ဘဝ နှင့် ဆရာ က သူ့ ကို ကမ်းလှမ်းခဲ့ပါလျှင်လည်း “ ဝမ်းနည်းပါတယ် ဆရာရေ ” ဟု ပဲ ပြော ဖြစ်တော့မည် ထင်သည် ။

ဟိုတုန်းက ဆရာ နှင့် ယခု ဆရာ တူ မှ မတူတော့ဘဲ ။

သို့သော် ဘာပဲဖြစ်ဖြစ် ဆရာ့ ကို တော့ ကျေးဇူး တင်ပါသည် ။

ဆရာ့ ကို စွဲလမ်း ချစ်ခင်စိတ် တစ်ခု တည်း ကြောင့် မြလေးနွယ် ဤမျှ ကြိုး စားခဲ့သည် ။ ဤသို့ ရည်မှန်းချက် ထားခဲ့သည် ။ ထို့ကြောင့် ဤ အခြေအနေ ရောက် ခဲ့ခြင်း ဖြစ်သည် ။

ယခု အချိန် မှာတော့ အချစ် မှာ အစွမ်း သတ္တိ ခွန်အား တွေ ရှိသည် ဆိုသည့် အချက် ကို သံသယ စိုးစဉ်းမျှ မရှိတော့ဘဲ မြလေးနွယ် ယုံကြည် သဘောပေါက်ရပေပြီ ။

◾   မနှင်းဖွေး

📖   ရသကြယ်ဖြူ
    ဝတ္ထုတိုများ အမှတ် ( ၃ )

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment