Thursday, June 2, 2022

ကိုလုပ်တတ်ကြီး

❝ ကိုလုပ်တတ်ကြီး ❞

လင်မယား နှစ်ယောက် ထမင်း စား၍ နေကြလေ၏ ။ အခါတိုင်း ထမင်းပွဲ ၌ ရယ်ကာမောကာ စကား ပြောကြ၏ ။ ယခုသည်ကား ထိုကဲ့သို့ မဟုတ်ချေ ။ မျက်နှာ မချို ၊ လွန်စွာ အို လျက် တိုတုတ်သော စကားများ ဖြစ်ကြလေ၏ ။

“ နေရာချင်း လဲ ပြချင်တယ် ခင်ရယ် ၊ ခင် ပြောတော့ တယ်လွယ်တယ် လုပ်ကြည့်ရင် သိမှာဘဲ ”

“ လဲကြည့်လေ ။ တစ်နေ့လုံး အိမ်ခေါင်းကလေး ထဲ မှာ တစ်ယောက်တည်း အိမ်ခေါင်းရင်း နဲ့ မီးဖိုချောင် က လွဲပြီး ဘာမှ အသစ်အဆန်း မရှိ ၊ တစ်ခါလာလည်း နေ့စဉ်နေ့တိုင်း တံမြက်စည်းလှဲ တိုက်ချွတ်ပွတ်သည့် ဆေးကြောချက်ပြုတ် တဲ့ အလုပ် ကို ချည်း တစ်ယောက်တည်း လုပ်နေတော့ ဘယ်လောက် စိတ် ပင်ပန်းတယ် ဆိုတာ မောင်တို့ ယောက်ျားများ ဘာမှ မသိဘူး ။ မောင်တို့ မှာ တော့ အလုပ်တိုက် မှာ ဝင်းပြောင်တောက်ပပြီး သခင်တစ်ပါး လုပ် နေရတာပါ ”

စိန်အေး သည် ထို စကား ကို ကြားသောအခါ မိမိ ၏ သွေ့ခြောက်သော အလုပ်ခန်းကလေး ကို တွေးမိ ထင်မြင်လေ၏ ။ အခု ထမင်း စား ပြီးလျှင် မိမိ သေးငယ်သော အေဂျင်စီ အလုပ်တိုက်ခန်း ၊ စားပွဲစိမ်းကလေး မှာ ထိုင်ပြီး စာရေးမကလေး ၏ စာလုံးစက် နှိပ်သံ မှ တစ်ပါး ဘာသံကို မျှ မကြားရဘဲ သွေ့ခြောက်သော စာရင်းစာအုပ်တွေ ကို မျဉ်းချ ပြီး ဂဏန်းတွေ ကို ထိုး ကာ တစ်ပုံတခေါင်းကြီး လာသော စာတွေ ကို ပြန်ကြားရမည့် အလုပ် ဟာ တစ်နေ့ လာ လည်း ဒါ ၊ တစ်နေ့ လာ လည်း ဒါ အဘယ်မျှလောက် ငြီးငွေ့ဖွယ်ကောင်းသည် ကို တွေးတောရင်း ဝန်လေး၍ နေလေ၏ ။ မိမိ မယား ခင်ညွန့် ကို ထိုနေရာ၌ တစ်လ လောက် ထားပြီး အိမ် မှာ ထမင်းချက် နေရလျှင် မိမိ မှာလည်း အားလပ်ခွင့် ရသလို နေမှာပဲ ဟု အောက်မေ့ လေ၏ ။

“ ခင် မသိလို့ ပြောတာပါ ။ အလုပ်တိုက် မှာ လုပ်ရတဲ့ အလုပ်ဟာ ပျော်စရာမဟုတ်ပါဘူး ။ ပရိယေသန ဝမ်းစာ မို့ လုပ်ရတာပါ ။ နေ့စဉ် ဒီ စားပွဲ မှာထိုင် နေ့စဉ် ဒီ စာတွေ ကို ပြ၍ နေ့စဉ် စာရင်းစာအုပ် ကို လှန်ပြီး တိုက် ရိုက်သံကို ဓာတ်စက် လုပ်နေရတယ် ။ ခင့် မှာ ပျင်းရင် တကယ့် ဓာတ်စက် ဖွင့်ပြီး နားထောင် နေနိုင်ပါသေးတယ် ၊ ဝတ္ထု ၊ မဂ္ဂဇင်းတွေ ကို ဖတ်နေ နိုင်ပါသေးတယ် ။ ညောင်းညာရင် မသော့ကြီး ခေါ်ပြီး အနှိပ် ခံ လို့ နေရာချင်း လဲ ပြလိုက်ချင်ပါရဲ့ ခင်ရယ် ”

“ ဓာတ်စက် ကို ချည်း တစ်နေ့လုံး နားထောင်ပြီး မနေနိုင်ဘူး ကိုစိန်အေး ရဲ့ ။ ဒီ ဓာတ်စက်ဓာတ်ပြားတွေ ကို ခွဲပစ်ချင်ပြီး ။ မီးဖိုချောင် က အလုပ်ဆိုတာတော့ ကိုစိန် အေး လုပ် ကြည့်ရင် သိမှာပဲ ”

စသည်ဖြင့် တစ်ယောက်တစ်လဲစီ အခြေအတင် ပြောရင်း စကားနိုင် လုကြလျက် စိတ် ထွက် ၍ လာကြသော ကြောင့် ထမင်း ကို ဆက် ၍ မစားနိုင်ဘဲ ထ ကြလေ၏ ။

သိမ်းဆည်း၍ ပြီးသောအခါ ခင်ညွန့် သည် လျင်မြန်စွာ ဖြီးလိမ်းပြီး ထီး ကို ဆွဲလျက် စိတ်ဆိုးမာန်ဆိုး နှင့် ခင် မေမေ့ဆီ ကို သွားဦးမယ် ။ ညနေ ခင် မရောက်မီ ပြန်လာရင် ကြောင်အိမ် ထဲ မှာ အကုန် အဆင့်သင့်ပဲ ဟု ပြောပြီး ထွက်သွားလေ၏ ။ စိန်အေး လည်း စကား ပြန်၍ မပြောဘဲ အိမ်တံခါး ကို သော့ခတ် ပြီး အလုပ် သို့ လေးလံစွာ သွားလေ၏ ။

အလုပ်တိုက် သို့ မျက်နှာမသာမယာ နှင့် ရောက်၍ လာသည် ကို စာရေးမလေး သည် မိမိ ၏ စားပွဲ၌ ထိုင်ကာ မှန်ကလေး ကို ကြည့်ရင်း တို့ပတ် ရိုက်ရာမှ သတိ ထားလိုက်မိ၏ ။ မှန် နှင့် တို့ပတ် ကိုသာ သားရေးအိတ် ထဲ ကပျာကယာ ပြန် ထည့်ပြီး စာရွက်များ ကို ရှင်းလင်း၍ နေ၏ ။ သို့ နေရာမှ တစ်ခါတစ်ခါ စိန်အေး ကို အမှတ်တမဲ့ ကြည့်လေရာ စိန်အေး နှင့် မျက်နှာချင်း ဆိုင်၍ နေလေ၏ ။

စိန်အေး ၏ စိတ် ၌ ဒီကောင်မလေး ဟာ ငါ့ ကို  ခဏခဏ ဘာပြုလို့ ကြည့်သလဲ မသိဘူး ၊ ကြည့်ပုံ ထူးတယ် ဟု မသင်္ကာ သော စိတ် နှင့် တွေးလေ၏ ။ သို့သော်လည်း ဤမျှသာ တွေးပြီး ဆက်လက် ဂရု မစိုက်ဘဲ ယနေ့ စာတွေ ရောက်ပလား မယ်စိန် ဟု မေးရာ မယ်စိန် သည် စာများ ကို စာလုံးစက်နံဘေး မှ ယူပြီး လာ၍ ပေးလေ၏ ။

စိန်အေး သည် စာတွေ ကို ဖောက်၍ ကြည့်ပြီး စာ တစ်ခု ကို တစ်ကြိမ် နှစ်ကြိမ် ဖတ်၍ ကြည့်လေ၏ ။ ထိုနောက် စဉ်းစား၍ နေ၏ ။ မယ်စိန် ကို ကြည့် လေ၏ ။ မယ်စိန် ၏ မျက်လုံးများ မိမိ အပေါ် ၌ စူးစိုက်၍ နေသည် ကို မြင်မိလေ၏ ။ ဒီ ကောင်မကလေး ဘာ ဖြစ်သလဲ မသိဘူး ဟု တွေးပြီး စက္ကူတစ်ချပ် ကို ဆွဲပြီး ပြန်စာ ကို ရေးခြစ်လေရာ စက္ကူသုံးလေးချပ် ကို တစ်ချပ်ပြီး တစ်ချပ် ချေဆုတ်၍ သာ ပစ်ရလေ၏ ။ စာ ကို မူကား ရေး၍ မရ ။ အဘယ်ပုံ စ၍ အဘယ်ပုံ အဆုံး သတ်ရမည် ကို မကြံတတ်အောင် စိတ် ထဲ၌ ရှုပ်ပွ၍ နေလေ၏ ။ သို့ ဖြစ်သောကြောင့် ဆက်ကာ မရေးဘဲ နောက်ဆုံး စာတစ်ရွက် ကို ဆုတ်ပစ်၍ ပြီးသောအခါ ကလောင် ကို ချပြီး ကုလားထိုင်နောက်မှီ ကို မှီလျက်ဆေးပြင်းလိပ် ကို ထုတ်ပြီး ညှိ ၍ ဖွာရင်း စဉ်းစား၍ နေလေ၏ ။

မိမိ ၏ သေးငယ်သွေ့ခြောက်သော အလုပ်ခန်းကလေး ကို ကြည့်လေ၏ ။ ဤ စားပွဲ နှစ်လုံး ၊ ဤ ကုလားထိုင် ခြောက်လုံး ၊ ဤ ဗီရို သုံးလုံး မှ တစ်ပါး အခြား ပြောင်းလဲခြင်း တစ်စုံတစ်ရာ မရှိ ။ နေ့စဉ် တွေ့ရှိရသော မစိုမပြည်သော အရာများ ကို တွေးမိ လေ၏ ။

ထို့နောက် လေးလံသော စာရင်းစာအုပ်များ ကို ဆွဲယူကာ လှန်လှောပြီး စာရင်းများ ကို ကြည့် လေ၏ ။ သို့ ကြည့်ရင်း ၁၂ နာရီ ကျော် ၍ သွားသဖြင့် မယ်စိန် လက်ဖက်ရည်သောက် မဆင်းသေးဘူးလား ဟု ပြောပြီး ကုလားထိုင် မှ ထ၍ ထီး ကို ဆွဲပြီး ဆင်းသွားလေ၏ ။

ဟိုတယ်ဆိုင်ဖြစ်လေး တစ်ဆိုင် သို့ သွား၍ လက်ဖက်ရည် သောက်ပြီး ပြန်လာသောအခါ မယ်စိန် သည် စာများ ကို တွင်တွင်ကြီး ရိုက် နှိပ်နေသည်ကို တွေ့ရှိရလေ၏ ။

မိမိ ၏ စားပွဲ၌ မြင်ရသော အရာတစ်ခု ကို အံ့အားသင့်စွာ ကြည့်၍ နေလေ၏ ။ ထိုအရာသည် ကား ကြွေပန်း အိုးတစ်ခု ၌ ထိုးစိုက်၍ ထားသော လတ်ဆတ်သော နှင်းဆီပန်းများ ဖြစ်ကြလေ၏ ။

စိန်အေး သည် ပန်းအိုး ကို ကိုင်ကြည့်လေ၏ ။ မိမိ ဘက် သို့ မလှည့်ဘဲ စာလုံးစက် ကို သာ တွင်တွင်ကြီး ရိုက်၍ နေသော မယ်စိန် ကို ကြည့်ပြီး မသင်္ကာ ဖြစ်လေ၏ ။ ဒီ ကောင်မလေး ဘာ ဖြစ်တာလဲ မသိဘူး ၊ ဘာပြုလို့ ဒီ ပန်းအိုး ကို သူ လုပ်သလဲဟု တွေးပြီး မယ်စိန် ဒါ ဘယ်က ဟာလဲ ဟု မေးလေ၏ ။

မယ်စိန် သည် လှည့် ကြည့်ပြီး ကျွန်မ မသိဘူး ဟု ပြောကာ စိန်အေး ၏ မျက်နှာ နှင့် ပန်းအိုး ကို တစ်လှည့်စီ ကြည့်ပြီး တစ်စုံတစ်ရာ မျှ ဆက်လက် ၍ မပြောဘဲ မိမိ၏ အလုပ် ကို သာ ဆက်၍ လုပ်လေ၏ ။

သင်းအတတ်ပဲ ငါ့ကို လိမ်ပြောတာပဲ ၊ အာဂ ကောင်မကလေး ။ သင်း ဖောက်ပြန်တဲ့ လက္ခာဏာ ရှိတယ် ၊ ငါ သတိထား နေမှဘဲ ၊ အင်း မိန်းမကလေးတွေ ဟာ လွတ်လွတ်လပ်လပ် လခ လုပ်စားရင် ဒီလို ဘို ဆန်ပြီး ပျက်ကြတာပဲ ထင်ပါ ရဲ့ စသည် ဖြင့် တွေးပြီး စိန်အေး သည် ပြန်စာများ လေးငါးစောင် ကိုရေးပြီး ခပ်တင်းတင်း ခပ်မာမာအသံ မျက်နှာထား ခပ်တည်တည် နှင့် မယ်စိန် ဒီ စာတွေ ကို ယနေ့ထည့်ဖို့ ဘယ်နှစ်နာရီ ထိုးပြီးလဲ ၊ အင်း နှစ်နာရီခွဲ ပါ ကလား ဟု နာရီ ကို မော့၍ ကြည့်ကာ ပြောပြီး မယ်စိန် ကို တစ်ဖန် ကြည့်ကာ ယနေ့ စနေနေ့ မဟုတ်လား ၊ အေး ဒီစာတွေ ပြီးရင် ပြန် နိုင်တယ် ၊ ဒီကနေ့ ကားသစ် လဲတဲ့ နေ့ ပဲ ဟုပြောပြီး အလုပ်တောင်း ထဲ က ဖိုင်တစ်ခု ကို ဆွဲယူ ၍ လှန်လှော ကြည့်ရှုနေလေ၏ ။

မယ်စိန် လည်း လျင်မြန်စွာ စာများ နှိပ်ပြီး ပို့ဖို့ရန် အသင့် စာရင်း သွင်းလေ၏ ။ ခေါင်းလောင်း ကို နှိပ်လိုက်ရာ ဒရဝမ် ကုလား ဝင် ၍ လာလေ၏ ။ စာများကို ပေးပြီး စားပွဲ ကို ရှင်းလင်းပြီးနောက် ထ ပြီးလျှင် စိန်အေး ကို ကြည့်ကာ ကျွန်မ သွား တော့မယ် ဟု ပြောပြီး ပန်းအိုး ကို ကြည့်လျက် စကား ဆက် မလို လို လုပ်ပြီး စကား မဆက်ဘဲ လျင်မြန်စွာ ထွက်၍ သွားလေ၏ ။ စိန်အေး သည် ခေါင်း ကို ညိတ်လိုက်ပြီး ဒီ ကောင်မကလေး ဘာ ဖြစ်ပါလိမ့်မလဲဟု စဉ်းစားရင်း ကျန်ရစ်လေ၏ ။ ထို့နောက် အလုပ် သိမ်းပြီး တိုက်မှ ထွက် ၍ အိမ်သို့ သွားလေ၏ ။

အိမ် ၌ ခင်ညွန့် ရှိမည် မဟုတ်ကြောင်းကို တွေးမိသဖြင့် တခြား ကို အလည်အပတ် သွားရလျှင် ကောင်းမလား ဟု တွေးလေ၏ ။

ထို့နောက် မသွားပါဘူးလေ ၊ သွားရင် ငွေ ကုန်မှာပဲ ဟု တွေးပြီး အိမ် ကို အရောက် သွားလေ၏ ။ အလုပ် မှ ပြန်လာသည့် အခါ အခြား နေ့များ၌ ခင်ညွန့် နှင့် အသင့် တွေ့ လေ့ရှိ၏ ။ ယခုမှာ မတွေ့ရသဖြင့် သွေ့ခြောက်ဆိတ်ငြိမ်လျက် စိတ် ထဲ မှာ မသာမယာ တစ်မျိုး ဖြစ်၍နေလေ၏ ။ အဝတ်များ ကို လဲပြီး ပက်လက်ကုလားထိုင် ၌ထိုင်ကာ ဆေးလိပ် ကို ဖွာရင်း တွေးတောခါ နေလေ၏ ။ ထို့နောက် ခင်ညွန့် ပြောသော စကားများ ကို သတိရ သဖြင့် မီးဖို အလုပ် ကို လုပ်စမ်းကြည့်မည် ဟု အောက်မေ့ကာ မီးဖို သို့ သွား လေ၏ ။

ကျဉ်းမြောင်းသေးငယ်သော မီးဖို မှာ မှောင်၍ နေလေ၏ ။ ပြတင်းပေါက်ကလေးတစ်ခု ကို ဖွင့်လိုက်မှ အလင်းရောင်ကလေး အနည်းငယ် ရလေ၏ ။ အကြောင်းမူကား နောက်ဖေး ရှိ တိုက်ကြီး တစ်ခု သည် အလင်းရောင် ကို အမြဲကွယ်ကာ ၍ နေလေ၏ ။

မီးဖို ၌ မီးမွှေးလေ၏ ။ မီးသွေးများ မှာ ရေ စွတ်သဖြင့် လွယ်ကူစွာ မွှေး၍ မရ ။ ထင်းကလေးများ ကို ခွဲစိတ်ကာ မီးပြိုးရန် အစအန လုပ်ရာတွင် လက်များ ကို ဓား နှင့် ခုတ်မိလေရာ ဓားတုံး သဖြင့် ပြတ်၍ မသွားသော်လည်း အသားကြေ၍ သွားသလို ဖြစ်သောကြောင့် လက်ဖျား ကို ပါးစပ် ထဲ ထိုး ၍ ငုံ လိုက်လေရာ လက် ၌ ပေနေသော မီးသွေးများ သည် နှုတ်ခမ်းပတ်လည် ၌ အမည်းကွက် အမှတ် ကို ပေးလိုက်လေ၏ ။

ရေနံဆီ နှင့် ထင်းပေါက်စများ ကို လောင်း ၍ မွှေးပြီးလေရာ မီး ခိုးသဖြင့် မျက်ရည်တွေ အတော် ကျ မှ မီးတောက် စ ပြုလေ၏ ။

ထို့နောက် ဘုံဘိုင် ၌ ရေနွေးအိုး ကို ဆေးကြောပြီး ရေနွေးအိုး ကို တည် လေ၏ ။ ဘုံဘိုင်အောက် ၌ ထမင်းလုံးများ နှင့် စားကြွင်းစားကျန် အစအနများကို သုတ်သင်ဆေးကြော ၍ ပစ် လေရာတွင် ဘုံဘိုင်ခေါင်း ပြုတ်ပြီး ရေတွေ ပန်းမှုတ်သဖြင့် ရှပ်အင်္ကျီ တစ်ခြမ်းစို၍ သွားရာ မနည်းကြီး ပြန်၍ တပ်ရလေ၏ ။

ထိုနောက် ပန်းကန်စင် မှ ပန်းကန်များ ကို ယူ၍ ဆေးကြောလေ၏ ။ မှောက်လျက် ဆင့်၍ ထားသော ပန်းကန်သုံးချပ် လျော ကျပြီး သမံတလင်း ပေါ် ၌ အစအန ဖြစ်၍ သွားကြလေ၏ ။

အဲဒါမှ ခက်တာပဲ ခင်ညွန့် ငါ့ကိုဆူတော့မှာပဲ ၊ သူ့ အလုပ် ဟာ တော်တော်လေးခက်ခဲ တဲ့ အလုပ် ပါကလား ၊ နေ့စဉ် နေ့တိုင်း ဒီ အလုပ်မျိုး ကို နေ့ချည်း ထပ်ခါထပ်ခါ လုပ်ရလျှင် ငြီးငွေ့စရာကြီးပဲ ၊ ဒါ့ကြောင့်လည်း ငြီးရှာပေတာကိုး ဟု ပြောပြီး ဆေးကြော ပြီးစီးသဖြင့် အိပ်ရာခန်း သို့ ဝင် လာရာ ခင်ညွန့် မရှိ သဖြင့် ရှုပ်ပွေ ၍ နေသည် ကို တွေ့ရှိရလျှင် ရှင်းလင်း သိမ်းဆည်းလေ၏ ။ ဒါလည်း ကိစ္စ တော်တော်များတဲ့ အလုပ်ပဲ ။ နေ့စဉ် လုပ်ရသူမှာ တော်တော် ဝန်လေးမှာပဲ ၊ ငါ့ အလုပ် က မှ လွယ်ကူသေးရဲ့ ဟု တွေးလေ၏ ။

သို့ ရှင်းလင်းပြီးသော အခါ မီးဖိုသို့ သွားလေလျှင် မီး သေ၍ နေသဖြင့် ထပ်၍ မွှေးရလေ၏ ။

“ အင်း တော်တော် စိတ်ညစ်စရာ အကောင်းသားပါကလား ” ဟု တွေးပြီး ပြန်၍ မီးမွှေး လေ၏ ။

ထို့နောက် အိမ်ရှေ့ခန်းသို့ လာပြီး တံမြက်စည်း ကို ကိုင်ကာ လှဲ၍ သုတ်သင်လေ၏ ။ ပြီးလျှင် ရေနွေး ဆူသဖြင့် ကာဖီကို ဖျော်ပြီး မွှေးကြိုင်သော ကာဖီ ခရား ပန်းကန်များ ကို ကျောက်ကာဗန်းကလေးပေါ် ၌ တင်ကာ အပြင်သို့ ယူလာပြီးလျှင် စားပွဲကလေး တစ်ခု ပေါ်၌ တင်ထားပြီးနောက် မီးဖို သို့ပြန်၍ ထမင်းအိုး ကို တည်လေ၏ ။

ထို အခိုက်တွင် တံခါး ၌ ခေါက်သံ ကြားသဖြင့် ပြေး ၍ ဖွင့် ရာ ခင်ညွန့် ကို မြင်ရလေ၏ ။

“ အလို ခင် ခင့် မေမေ ဆီသွားတယ် ဆို မြန်လှချည်လား ”

ခင်ညွန့် က ပြုံးလျက်

“ မေမေ မရှိဘူး ၊ ဒါနဲ့ ဈေးရောက် သွားတယ် ။ ဈေး ကပြန်တော့ ခင် က ကိုစိန်အေး တိုက် မရောက်ဘူးတာ နဲ့ ဝင် သွားတာပေါ့ ။ ကိုစိန်အေးစာရေးမလေး က အပြင် မှာ တခြား စာရေးတစ်ယောက် နဲ့ စကား ပြောနေတယ် ။ ခင်လည်း သူတို့ကို ဘာမှ မမေးဘဲ အလုပ် ထဲ ကို ဝင် သွားတော့ သိပ်ပြီး ပျင်း စရာကောင်းမှာပဲ သွေ့သွေ့ခြောက်ခြောက် ကျဉ်းကျဉ်းမြောင်းမြောင်း နဲ့ နေ့စဉ် ဒီလို နေရတာ သိပ် ဝန်လေးမှာပဲလို့ တွေးမိပြီး ခင် မနက် က ပြောမိတာတွေအတွက် ခင် အများကြီး ဝမ်းနည်းသွားတာပဲ ။ ဒါနဲ့ အိမ် မှာ ထားဖို့ ဈေး က ဝယ်တဲ့ ပန်းအိုး နဲ့ နှင်းဆီပန်းတွေ ကို ထိုးပြီး ကိုစိန်အေး စားပွဲ ပေါ် မှာ ထားပစ်ခဲ့တယ် ။ ကိုစိန်အေး လက်ဖက်ရည် သောက် ထွက်နေတယ် ထင်ပါရဲ့  ”

“ ဟုတ်တယ် ။ ဪ ဒါကြောင့်ကိုး ။ မယ်စိန် သူ့ ရည်းစား နဲ့ စကား ပြော နေပြီး အလုပ် နောက်ကျနေလို့ ဒီ က ရောက်သွားတော့ အလုပ်တွေ ကို ကုန်းလုပ်နေတာ နဲ့ တူပါတယ် ။ ဒီ အတွက် ပန်းအိုး ကို သူ သတိ မထားမိပါဘူး ၊ မေး ကြည့်တော့ မသိဘူး လို့ ပြောတယ် ။ ကျုပ် လည်း မနက် က ပြောမိတာတွေ အတွက် စိတ် မကောင်းလို့ အလုပ် မလုပ်နိုင်တာ နဲ့ပြန်လာပြီး ခင့် မီးဖိုချောင် ကို ဝင် လုပ်စမ်းကြည့်တယ် ။ အခုမှ သိရတာပဲ ခင်ရေ ။ ခင့် အလုပ်လည်း တော်တော်စိတ်ညစ်စရာ ကောင်းတာပဲ ။ မနက်က ပြောတာတွေ စိတ် မဆိုးပါနဲ့ ခင်ရယ် ။ မသိလို့ပါ ။ လာလာ အခန့်သင့် ပဲ ကာဖီ သောက်ရအောင် ”

ဟု ပြောပြီး ခါး ကို ဖက် ကာ ကာဖီ ပြင်ထားသော စားပွဲပေါ် သို့ သွားလေ၏ ။

မကြာမီ နှစ်ယောက်သား ကျေနပ်လျက် ဂိုးလဒင်းပတ် ဘီစကွတ်များ ကို တစ်ယောက် ၏ ပါးစပ်သို့ တစ်ယောက် လက် နှင့် ခွံ့ရင်း ပျော်ရွှင်စွာ ကာဖီ သောက်၍ ပြီးကြသောအခါ စိန်အေး က ခင်ညွန့် ၏ လက်ဆွဲပြီး လာ ကြည့်စမ်း ခင် အိပ်ရာခန်း ကို လှဲလို ပြင်ဆင်ထားတယ် ။ ခင့် အလုပ် တွေဟာ တော်တော် များတာပဲ ဟု ပြောရင်း အိပ်ခန်းထဲ သို့ ရောက် သွားကြလေရာ ဖြူစင်သပ်ရပ်စွာ ခင်း၍ ထားသော အိပ်ရာ ကို ခင်ညွန့် သည်ကြည့်ပြီး ကိုစိန်အေး မိန်းမ , မသာဘူး ဟု ပြောပြီးခုတင်ပေါ်၌ ယှဉ်ကာ ထိုင်ကြလေ၏ ။

ခင် ။ ။ ခင် ကလည်းလန်ချား မရလို့ ခြေကျင် လျှောက်လာခဲ့တယ် ။ မောလိုက်တာ ။ ကိုစိန်အေး ခင်းတဲ့ အိပ်ရာ ကို တစ်ခါမှ မအိပ်ရသေးဘူး ။ အခု အသားယူပြီး ဆန့်လိုက်ဦးမယ် ဟု ပြောကာ လှဲချလိုက်လေသတည်း ။

စိန် ။   ။ ကောင်းလား ၊ အရသာရှိလား ။

ခင် ။  ။ ရှိပါတယ်တော့ ၊ ကောင်းပါတယ် ။

စိန် ။  ။ ခင် အိပ်ရာ ခင်းတော့ အရင်က သတိမှ မထားဘဲ ။ မွေ့ရာ က ဟောင်းလို့ တချို့နေရာတွေ မှာ လဲတွေ ပါး ပြီး တချို့နေရာတွေမှာ စုပြီး ဖုနေတယ် ။ ဒီတော့ ခိုးလိုးခုလု ဖြစ် နေတာပေါ့ ။ အခုလိုတော့ ညီ မနေဘူးလား ။ ခင် မီးညောင့် ရိုး နာ နေသေးလား ။ ဘယ်နှယ်လဲ ၊ ကိုင်း နာသေးလား ။

ခင် ။  ။ မနာတော့ပါဘူးတော့ ။

စိန် ။  ။ ခင်တို့ မိန်းမ အလုပ် ပေမယ့် မလုပ်တတ်ဘူး ထင်လို့လား ။ တကယ် လုပ်တော့ တကယ် ဖြစ်တယ်လို့ မှတ် လိုက်ပါ ။

ခင် ။  ။ တော်ပါတယ် ။ ကောင်းပါတယ် ။ လုပ်တတ်ပါတယ် ။ ကိုလုပ်တတ်ကြီး ရဲ့ဟု ပြောရင်း မျက်လုံး ချင်း ၊ နှာခေါင်း ချင်း ၊ နှုတ်ခမ်း ချင်း ဆက်၍ သွားကြလေ၏ ။

◾ပီမိုးနင်း

📖 ဗန္ဓုလဂျာနယ်
      ၂၈ ၊ ဇန်နဝါရီ ၊ ၁၉၃၁

www.facebook.com/aung.naingoo.3726613

.

 

No comments:

Post a Comment