Tuesday, June 14, 2022

ရှည်ရှည် နှင့် တိုတို


 ❝  ရှည်ရှည် နှင့် တိုတို ❞ 


ကဆုန် ၊ နယုန် မိုးသံ ကြားပြီ ဆိုလျှင် လယ်ငှား စာချုပ် ချုပ် ရန် ကိုရာပျို တို့ လင်မယား မြို့ သို့ တက်လာလေ့ ရှိပါသည် ။


လယ်ငှား စာချုပ် ချုပ်ပြီ ဆိုလျှင် ကိုရာပျို က လက်မှတ် ကို သာ ထိုး ရသည် ။ သူ့ မိန်းမ ကား သည်နှစ် စပါး ပိုး ကျ ၍ လယ်ခ ကို ဘယ်ရွေ့ဘယ်မျှ လျှော့ပေါ့သင့် ပါသည် ။ ကျွဲခ ကို တော့ အပြေ မပေးပါရစေနှင့် ဦး ၊ စပါးပေး ကို မူ အပြေ ဆပ်ပါမည် ၊ သို့သော် ရှစ်ဆယ်ဈေး တော့ မထားပါ နှင့် ၊ ဒီနှစ် စပါးဈေး ကောင်းတော့ တစ်ပိဿာ ဈေးထားပါ ။ ဆရာကတော့် ဆီက သရက်ထည် ဖိုးကလေးကိုတော့ စပါးဦး ပေါ်မှပဲ အပြေ ဆပ်ပါရစေ ၊ ယခု လယ်ထဲ ဆင်းခါနီးမှာ ကို ရာပျို ပုဆိုး ဆီးစရာ မရှိသဖြင့် ဆီစိမ်ပုဆိုး တစ်ထည် ကို အကြွေး ယူ လိုပါသေးသည် ၊ အဲဒီ ပုဆိုးဖိုး ကို လည်း ထမီ ဖိုး နှင့်မှ တစ်ပါးတည်း ပြေလည်အောင် ဆပ်ပါမည် ၊ တရုပ် ဆိုင်မှာ ရွှေကျင်ဆေး တစ်ဖုံ လောက် အကြွေး ယူပေးပါဦး စသည်ဖြင့် လယ်မှုကိစ္စ ၊ ကြွေးမြီကိစ္စ အဝဝတို့ကို စကား ပြောသည် ။ မိန်းမ ၏ အာဝဇ္ဇာန်း ကို ထောက်၍ လုပ်ငန်း ၌ သူ မပါလျှင် ဘာမျှ မပြီးနိုင်သည် ကို သိသာသည် ။ ဤမှ တစ်ဆင့် တွေးရလျှင် ကိုရာပျို မှာ ယောက်ျား ဟု သာ ဆိုရ ငြားလည်း အရာရာ လေမျိုး ၌ သူ့ မိန်းမ သာလျှင် အခရာ ဖြစ်ပေသည် ။


ကိုရာပျို သည် အသား လတ်သည် ၊ လူလုံးလူဖန် သေးသွယ်သော်လည်း တောင့်တင်းသည် ။ အရပ်အမောင်း မှာ ရှိသမျှ လယ်သမား ထဲ တွင် သူ က လက်လေးသစ် လောက် ပို၍ မြင့်သည် ။ သျှောင်တစောင်း အမြဲ ထုံးသည် ။ စကား ပြောလျှင် စဉ်းစားရင်း နှင့် အချိန် ကုန် တတ်သည် ။ ဘာမဆို သူ့ ကိစ္စ ကို သူ မဆုံးဖြတ် တတ် ၊ မိန်းမ က ပြော မှ ပြီး ပြတ်သည် ။


လယ်သမား အများ ထဲတွင် ကိုရာပျို သည် ရုပ်ရည် အတော် သန့်သည် ။ လူ ကြည့် လိုက်လျှင် ခါးကလေး က နွဲ့နွဲ့ နှင့် မို့ အလုပ်ကြမ်း လုပ်နိုင်ပါ့မလား ဟု အောက်မေ့ ရ သည် ။ သို့သော် အလုပ်ခွင် ၌ မခိုမကပ် ကြိုးစားသည် ။ ထို့ကြောင့် သူ့ အား လယ်သီးစား ချသော လယ် တွင် သူ များ တစ်ဧက ကို သုံးဆယ် ထွက် အောင် လုပ်သည် ဆိုလျှင် သူ က အဖျင်းဆုံး သုံးဆယ့်ငါးတင်း ထွက်အောင် လုပ်နိုင် သည် ။ ထို့ကြောင့် ကျွန်ုပ် ၏ ဖခင် မှာ ကိုရာပျို့ ကို အသည်း စွဲ ဖြစ်လေရာ ကိုရာပျို မိန်းမ က မည်မျှပင် ကပ်သီးကပ်သပ် နိုင် စေကာမူ ပြုံးပြုံးပြုံးပြုံး နှင့် အလျှော့ ပေးသည် ။


ကိုရာပျို မိန်းမ နာမည် ကို ကျွန်တော် ကောင်းစွာ မမှတ်မိတော့ပါ ။ မစိန်နှစ် ဟု ခေါ်သည် ထင့် ။ မစိန်နှစ် မှာ ငါးကျည်းခြောက် ကျပ်တိုက် ထားသော ရုပ်မျိုး ရှိသည် ။ ကိုရာပျို နှင့်ယှဉ် လိုက်လျှင် ဗျိုင်း ခြေတံရှည် ၏ ဘေး တွင် လာ နားသော တင်ကျီးငှက် နှင့် သဏ္ဌာန် တူ လှ၏ ။ ကွမ်း အမြဲ ဝါး သဖြင့် သွား မှာ ညိုပုပ်ပုပ် ရှိသည် ။ ဆံပင် မှ ဆီ ချေး တို့သည် မွဲခြောက်သော ကုပ် ပေါ်၌ ရွှံ့ ၍ နေရာ ဂေါ်ရင် ဂျီကုလား မွေးကင်းစ ကို ဆီ သုပ်၍ မီးကပ် ပေါ် တင် လှိမ့် ထားသည့် ရုပ်မျိုး နှင့် တူလှသည် ။  


သို့သော် ထို လင်မယား ကို ရှေ့သွား နောက်လိုက် မညီ ဟု အသူ ဆိုဝံ့အံ့နည်း ။  မယား ရှေ့ က သွားလျှင် လင် က နောက် က တကောက်ကောက် လိုက်ရသည် မဟုတ်လော ။


လယ်ငှားစာချုပ် ချုပ်တိုင်း ချုပ်တိုင်း ကျွန်တော် သည် သူတို့ လင်မယား ကို အကဲ ခတ် ကြည့်မိသည် ။ ကိုရာပျို က သူ့ လိုဘ ရှိရာကို ဘာပဲ ပြောပြော မစိန်နှစ် က တစ်ချက် ဝင် တော လိုက်လျှင် ကိုရာပျို မှာ သူ့ လိုဘ ဘာလဲ ဆိုတာကို မပြော တတ်တော့ပြီ ။ ကိုရာပျို က သူ့ ၌ လိုဘ ဘာ မျှ မရှိ ဟု ဆိုစေကာမူ မစိန်နှစ် က ဝင်၍ ထောက် လိုက်လျှင် သူ သည် သူ ဘာကို လိုချင်သည် ဆိုသဟာ ကို စကား တစ်ခွန်း လျှင် တစ်ထောက် တစ်ထောက် နားရင်း တောက်လျှောက်ကြီး ပြောချ နိုင်ပါသည် ။ ထိုသို့သော အခါမျိုး ၌ ကျွန်တော် စောင့် ကြည့်၍ မြင်ရသော ထူးခြားချက် မှာ မစိန်နှစ် ၏ တောက်ပသော မျက်လုံးများ ဖြစ်၏ ။ ထို မျက်လုံး နှစ်စုံ တို့ သည် ပင်လျှင် ကိုရာပျို အား “ ဇိုး ဟဲ့ နွား ” ဟု နှင် လျက်ရှိသည် ဟူ၍ ကျွန်တော် ယူဆမိသည် ။ ကိုရာပျို က တောင်စဉ်ရေမရ တို့ ကို အအ ထစ်ထစ် နှင့် ရေရွတ် နေသည့် အခါ မစိန်နှစ် ၏ မျက်လုံး တစ်ချက် လောက် ဝင့် လိုက်လျှင် ကျွန်ုပ်တို့ ၏ မိတ်ဆွေ ကိုရာပျို ၏ သျှောင်တစောင်းက လေး မှာ ပု ၍ ဝင်သွားသည် ။  


ထို အကြောင်းများ ကြောင့် ကျွန်တော် ၏ မိခင် ဖခင် တို့ သည် လယ်ကိစ္စ နှင့် တကွ ကိုယ်ရေးကိုယ်တာ ဟူသမျှ တို့တွင် မစိန်နှစ် နှင့် သာ စခန်း သွားသည် ။ လင် ကို နိုင်သော မယား ဟူ၍ အမှတ် မထားချေ ။ နိုင်သင့်သော ကြောင့် နိုင် ခြင်း ဖြစ်လေရာ ကိုရာပျို တည်း ဟူသော လူငနွား ၏ နဖား ကြိုး ကို မစိန်နှစ် တည်း ဟူသော ကျွဲကျောင်းသူကလေး က မှ ကျကျနန ကိုင် မပေးလျှင် သည် နွား ဘယ် ပါးစပ် နှင့် မြက် ကို ဝါးရ ပါ့မတုန်း ။


တစ်နှစ် ၊ နှစ်နှစ် ၊ သုံးနှစ် ၊ လေးနှစ် စသဖြင့် ကိုရာပျို တို့ လင်မယား သည် ကျွန်ုပ်တို့ ၏ လယ် ကို အငှား ခံကြ သည် ။ စာချုပ်အသစ် ချုပ်တိုင်း သူတို့ နှင့် ကျွန်တော် မှာ ဆုံခဲ့ ကြရသည် ။ သို့သော် သည်တစ်ခါ ကျောင်းပိတ်ရက် အတွင်း ကိုရာပျို့လင်မယား စုံတွဲ သည် မြို့သို့ တက် မလာ ကြပေ ။ အမှန်မှာ ကိုရာပျို တော့ လာပါ၏ ။ ကျွန်တော် ကျောင်း ပြန်ရမည့် နေ့ မတိုင်မီ ကမှ သူ ရောက်လာသည် ။ သည်တစ်ခါ စာချုပ် ချုပ်တာ ပြီးစီးလွယ်လှပါသည် ။ မစိန်နှစ် မှာ လိုက်သည့် အတိုင်း ဖခင် ဖြစ်သူ က လိုက်လျောသည့်


အပြင် မစိန်နှစ် မရှိ၍ သူ့ ယောက်ျား မလည်မဝယ် ကို သူငယ်နှပ်စား လုပ်သည် ဟု အများက မလိုလျှင် မလိုသလို ပြောနိုင်အောင် မနှစ်က ကျန်သော ကျွဲခများ ကိုပင် လျှော် ပစ် လိုက်ပါသေး၏ ။


စာချုပ် ပြီးသော် ကိုရာပျို သည် ကျွန်တော့် မိခင် နှင့်  ဘယဆေးများ အကြောင်း စုံစမ်း မေးမြန်း နေပါသည် ။


“ စပါး လှေ့ ပြီးတဲ့ အချိန်က စပြီး တပိန်ပိန် တလိမ်လိမ် နဲ့ ဘာဖြစ်နေသလဲ မသိပါဘူး ၊ သွေးဝမ်း ကလည်း ခဏ ခဏ ကျတယ် ဆရာကတော် ရဲ့ ” 


ဟူ၍ ကိုရာပျို က ကျွန်တော့် မိခင် ကို ပြော နေသည် ။ 


“ မီးယပ်ဝမ်း ပေါ့ ကွယ် ”


ဟု ကျွန်တော့် မိခင် က ဆို၏ ။


“ အဲ .. အဲ ဟုတ်တယ် ။ မီးယပ်ဝမ်း ပါပဲ ။ လူ လည်း အရိုးပေါ် အရေတင် ကျန် တော့တယ် ။ စိန်နှစ် တော့ ဒီ တောင် က မှ ကျော် နိုင်ပါ့မလား မသိပါဘူး ဆရာကတော် ရယ် ”


ကိုရာပျို ငို များ ငို လိုက်လေသလား ။ သူ့ အသံ က ပြောရင်း ပြောရင်း ပျော့ သွားသည် ။  


နွေကျောင်းပိတ်ရက် ကုန်သောအခါ ကျွန်တော် သည် ကျောင်းသို့ ပြန်ပြီးလျှင် သီတင်းကျွတ် ပြန်တော့ အိမ် သို့ ပြန် လာရပြန်သည် ။


အိမ် ရောက်သောအခါ အိမ်ဦးခန်း တွင် ကျွန်တော့် ဖခင် နှင့် ကိုရာပျို တို့ သည် စားပွဲတင်မှန်အိမ်ကလေး ကို ရှေ့ ချကာ ကကူရန်ခြောက် နှင့် လက်ဖက်ရည်ကြမ်း ကို မြည်း ရင်း စကား မပြောဘဲ တွေဝေ နေကြသည် ။ သူတို့ အကဲ ကို ခတ် ကြည့်လိုက်သော် မစိန်နှစ် တစ်ယောက် ရှိမှ ရှိသေး၏ လော ဟု စဉ်းစားစရာ ဖြစ်ပေါ်လာသည် ။


ကူလီများ သည် ကျွန်တော် ၏ အိပ်ရာလိပ် နှင့် တကွ ထင်းရှူးပုံး စာအုပ်သေတ္တာကြီး ကို နေရာ ချပြီးသော် ကျွန်တော့် ကို ကူလီခ တောင်းလေသည် ။


“ ဟောဒီမှာ ကူလီခ တဲ့ ”


ဟု ကျွန်တော် က မိခင် ကို လှမ်း ပြောသည် ။  


“ တကတဲ တော် ၊ ပြန်စရိတ် အပြင် နောက်ထပ် ငွေ မလောက်ဘူး ဆိုလို့ ငွေငါးဆယ် ထပ် ပို့ လိုက်ရတဲ့ ဥစ္စာ ကိုယ့် ကူလီခ မှ ကိုယ် မပေးနိုင်ဘူးလား ” 


ဟု မိခင် က ဗျစ် တောက်ဗျစ်တောက် နှင့် ငြီး သည် ။  


“ အမယ်လေး ကွယ် ။ ထုံးစံ ပဲဟာ စကား ထဲ ထည့် ထည့် ပြော မနေစမ်းပါနဲ့တော့ ကျောင်း ပြန် တိုင်း မှာ ဘယ်တုန်းကများ ကူလီခ ကျန်ဖူးလို့ တုန်း ”


ဟု ဖခင် ဖြစ်သူက ထောက် လိုက်သည် ။


ဤသို့ ပြောပြီးသော် ကျွန်တော့် ဖခင် သည် မိခင် အနီး သို့ တိုးကပ်၍ “ မင့် သား ကိစ္စ ကို ထားစမ်းပါဦး ၊ ဟောဒီ ကိုရာပျို ကိစ္စ ကို ကြည့်ပြီး နေရာ ချစမ်းပါ ။ ငါ တော့ မလုပ် တတ်ဘူး ” ဟု ပြောလိုက်ပြန်သည် ။  


ကိုရာပျို သည် ငိုင်မြဲတိုင်း ငိုင်နေသည် ။ မိခင် သည် သူ ထိုင်နေရာသို့ သွား၍ “ ဘာ ဖြစ် လာတာလဲ ၊ စိန်နှစ် ရှိသေး တယ်မဟုတ်လား ” ဟု မေးသည် ။ အဖြစ်သနစ် ကို နား မလည်ရှာသေးသော ကျွန်တော် ၏ မိခင်မှာ ရင်လေးလေး နှင့် အရဲ စွန့်၍ မေးရသည် ။


ကိုရာပျို မှာ ဒူးနှစ်လုံး ကို လက်နှစ်ဖက် နှင့် ဆွဲ၍ မှန်အိမ် မှ မီးတောက် ကို ဝေနေသော မျက်လုံး ဖြင့် စိုက်ကြည့် ရင်း “ ရှိပါသေးတယ် ၊ ဒါပေမဲ့ ဆရာကတော် ရဲ့ ဒီလို ခင်ဗျာ ” ဟု သူတို့ လင်မယား အကြောင်းကို နိဒါန်း သွယ်လေ၏ ။


လင်မယား ရန် ဖြစ်ပြီ ထင်တယ် ။ အင်း မိန်းမ က လင် ကို နိုင်ချင်ဦးတော့ နေရာတကာတိုင်း နိုင်လို့ ဘယ် ဖြစ်မ လဲ ။ ဟာ - မဟုတ်သေးပါဘူး ။ ကိုရာပျို လို လူမျိုး ကို တော့ မစိန်နှစ် က နိုင် ရမှာ မုချပဲ ။ ဧကန္တ မစိန်နှစ် တော့ မနေရတော့ ဘူး ထင်တယ် ။ ယင်းသို့ တွေးမိပြီးလျှင် ကျွန်တော် သည် သူတို့ နှစ်ဦး မကြားတကြား ပြောနေသော အိမ်ဦးခန်း သို့ တစ်လှမ်း ချင်း တိုး သွားပြီးလျှင် နား ကို စွင့်လိုက်ပါသည် ။


“ ဟုတ်တယ် စိန်နှစ် တော့ မနေရတော့ဘူး ။ သူ က တော့ သူ့ ဟာ သူ သိ တာကိုး ။ ဒါကြောင့် ပြောပါရစေတော့ ဆရာကတော် ရယ် ၊ ကျွန်တော် လုပ်တဲ့ လယ်ကွင်း ထဲ က စာရင်းငှား ငကြွယ် ရဲ့ တူမ ကို ဆရာကတော် မြင်ဖူးမှာ ပေါ့ ” 


ဟူ၍ ကိုရာပျို က စကား စ လိုက်သည် ။


“ မြင်ဖူးသားပဲ ”


ဟု ကျွန်တော့် မိခင် က ပြန် ဖြေသည် ။ 


“ အဲဒါ ကျွန်တော် ဟိုဒင်းလေ အဲဒီ ကောင်မကလေး က စိန်နှစ် ကို ပြုစုလာတာ ဟိုနှစ် နွေ က ပါပဲ ။ ဟဝှာ - အဲဒီ ဥစ္စာ ကို ဟိုသင်း ပြု ... ”


“ အမယ်လေး .. လေး ... ကိုရာပျို နှယ် ။ အဲဒီ ကောင်မကလေး ကို နောက်ထပ် ဆက်ချင်လို့ မဟုတ်လား ”


“ မဟုတ်ပါဘူး ဆရာကတော် ရယ် ။ ကျွန်တော် က ဆက်ချင်တာ မဟုတ်ဘူး ။ စိန်နှစ် က ဒီ ကောင်မကလေး ရဲ့ အပြုအစု ကို ခံရတော့ သူ့ ကို သိပ်ပြီး သဘော ကျနေတယ် ။  အခုတော့ သူက သူ လူ့ပြည် မှာ ကြာကြာ နေရတော့ မယ် မထင်ဘူး တဲ့ ”


ကိုရာပျို သည် ရင် မှ တက်လာသော ရှိုက်လုံးကြီး ကို လက်ဖက်ရည်ကြမ်း နှင့် ရောပြီး မျို ချ လိုက်သည်ထင်သည် ။ လည်ချောင်း မှ ဂလုပ်ဂလုပ် သံများ ပြုံ၍ ထွက်လာသည် ။


ကျွန်တော် ၏ မိခင် လည်း စိတ် မရှည်နိုင်သော အမူ အရာ ကို ပြန်၍ ချုပ်တည်း ထားလိုက်၏ ။


“ အမလေးကွယ် ... အားငယ်စရာ မဟုတ်ပါဘူး ။ စိန်နှစ် ဟာ ဒီ ရောဂါ နဲ့ တော့ ပိုးစိုးပက်စက် မဖြစ်နိုင်ပါဘူး ။ ယောက်ျား က စိတ် တင်းမှပေါ့ ။ မင်း ဒီလို ဖြစ်နေရင် စိန်နှစ် မှာ သာလို့ ဆိုး မှာပေါ့ ကွဲ့ ”


“ မဟုတ်ဘူး ဆရာကတော် ။ သူ့ ရောဂါ အခြေအနေ ကို သူ သာ သိတာ ။ သူ က “ မနေရတော့ဘူး ” တဲ့ ။ ဒါကြောင့် “ ကိုရာပျိုရယ် ” တဲ့ ၊ “ ရှင့် ကိုလည်း စိတ် မချရဘူး ” တဲ့ ၊ “ ရှင် လည်း အရွယ်ကောင်းတုန်း မို့ ကျွန်မ သေပြီးလည်း အိမ်ထောင်ပြုဦးမှာပဲ ” တဲ့ ။ “ ဒီလို ပြုမယ့် အတူတူ ငကြွယ့် တူမ ဆိုတာ တခြားဟာလည်း မဟုတ်ပါဘူး ” တဲ့ ။ “ ဆွေရိပ် မျိုးရိပ်မကင်းတဲ့ဟာပါ ”  တဲ့ ။ ဒီတော့ ပစ္စည်းပစ္စယ ကျန် ရစ်ခဲ့သမျှ ကို ထိန်းသိမ်းနိုင်အောင် ဆိုပြီး သူ က ကျွန်တော့် ကို ဟဝှာ - ဒီကောင်မလေး နဲ့ ဟဝှာ ပြု အဟင်း ... အဟင်း ”


“ ကောင်မကလေးကတော့ အတော်သားပဲ ” 


“ ဟုတ်ကဲ့ ” 


“  ဒါတော့ စိန်နှစ် ကလည်း ရှိ နေသေးတော့ တို့ သဘော ပြောလို့ ဘယ် ဖြစ်မလဲ ”


“ ဟုတ်ကဲ့ ”


“ မင့် သဘောက ကော ”


“ ကျွန်တော့် သဘော ကတော့ ဆရာကတော် သိတဲ့ အတိုင်းပဲ စိန်နှစ် က တော်တယ် ဆိုရင် ...”


“ အေးကွယ် မင့် သဘော ကတော့ စိန်နှစ် က ထိုင် ဆို ထိုင် ၊ ထ ဆို ထ ၊ သေ ဆို သေ ပေါ့ ”


ကိုရာပျို ခေါင်းငုံ့ နေသည် ။


“ တို့ သဘောတော့ ပြောလို့ ဘယ် ဖြစ်မလဲ ကွဲ့ ။ ကိုရာပျို ပဲ စဉ်းစားပေါ့ ဟုတ်လား ။ ဒါမျိုးဆိုတာ ပြင်လို့ ရတဲ့ ကိစ္စ မဟုတ်ဘူး ၊ စိန်နှစ် ကိုလည်း ငါ က တွေ့ရ မြင်ရ တာ မဟုတ်တော့ သူ့ ရောဂါ ဟာ ဘယ် အထိ ကျွမ်းနေပြီ ဆိုတာ တော့ မမှန်းတတ်ဘူး ။ ဒီတော့ ကိုယ့် ဝမ်း နာ ကိုယ် သာ သိ သတဲ့ ။ ဒီတော့ စိန်နှစ် က ကြည်ဖြူ ပြီ ဆိုရင်တော့ တို့ ပြော လို့ အပို ပဲ ”


“ ကျွန်တော် ကတော့ ဆရာကြီး နဲ့ ဆရာကတော် တို့ ဆိုရင် တိုင်ပင်သင့်တယ် ထင် လို့ပါပဲ ”


“ အင်း ... အင်း တိုင်တော့ တိုင်ပင်သင့် တာပေါ့  ။ ဒါ ပေမဲ့ ဒီ အရေး က မင့် အရေးပဲ ။ စိန်နှစ် ကဲ့ သြဇာ ဆိုတာ လည်း တစ်သက်လုံး က မင့် အပေါ် ညောင်း လာတယ် ။ ဒီလို ညောင်း လာသမျှ ကိုလည်း တို့ အကဲခတ် ကြည့်သမျှတော့ မင်းတို့ နှစ်ဦး စလုံး အကျိုး မဲ့ တာရယ် လို့ မတွေ့ရ သေးဘူး ။ ဒီ ကိစ္စ မှာ သူ လည်း အမြော်အမြင် ရှိတဲ့ မိန်းမ မို့ လို့ မင့် စိတ် မချတာနဲ့ ဒီလို စီမံရတာ ဖြစ်မှာပါပဲ ”


အားလုံး သတ္တု ချ ကြည့်သော် ကိုရာပျို မှာကိုကြွယ် ၏ တူမ ဆိုသည်ကို ဘယ်အခါ က မျှ မပြစ်မှား ခဲ့ ။ မစိန်နှစ် က သာ လျှင် သူ့ ယောက်ျား နားထူပါးထူကြီး ကို လောက ၌ တစ်ယောက် တည်း ထားခဲ့ရမယ့် ကိစ္စ အတွက် စိတ်အချ ကြီး မချနိုင်သောကြောင့် မထနိုင်သော လူမမာ ဘဝ မှ နေ၍ သူ့ လင် ကို အတင်း နေရာ ချခြင်း ဖြစ်သည် ။ သည်အတိုင်း သာ ဆိုလျှင် သေရာ က နေ၍ ပင်လျှင် လင်တော်မောင့် အတွက် သူ့ ကိုယ်စား မယား ရှာ ပေးမည့် ပုံ ဖြစ်နေသည် ။


“ အေးလေ နောက်ဆုံးတော့ မင်း သာ ပဓာနပဲ ကွဲ့ ။ မင်း သာ ပဓာန ပဲ ”


ဤ စကား ကား ကိုရာပျို ကို ပေး လိုက်သော ကျွန်တော့် မိခင် ၏ သြဝါဒ ပင် ဖြစ်သည် ။


ကျွန်တော် လည်း သီတင်းကျွတ် ကျောင်းပိတ်ရက် က ရက်တိုတို နှင့် မို့ ကျောင်းသို့ ပြန်ရပြန်သည် ။ မပြန်မီ အတောအတွင်း ကိုရာပျို နှင့် မစိန်နှစ် တို့ အကြောင်း ပြော၍ ရယ်လည်း ရယ်ရသည် ။ ချီးလည်း ချီးမွမ်းရသည် ။ မိန်းမ ဆို သဟာ အူတိုမျိုးပါ ကလား ဟူသော ရှေးစကား မှာ တစ်ခါ တစ်ခါ မှား တတ်သေး၏ ဟူသော ဥပဒေသ တစ်ရပ် ကို လည်း အများက ကောက်ချက် ချနေကြသည် ။ ချမည် ဆို လည်း ချလောက်ပါ၏ ။ အကြောင်းကို ဆိုသော် ကျွန်တော် မပြန်မီတွင် ပင် ကိုရာပျို သည် ကိုကြွယ် ၏ တူမ နှင့် မင်္ဂလာ ဆောင် လိုက်သည် ။ မစိန်နှစ် က အကျွေးအမွေး အခမ်းအနား နှင့် လုပ်ရမည် ဆိုသဖြင့် သူ မသေမီ သူ စိတ်ကောင်း အောင် လယ်တော ၌ လယ်သမား တို့ ဘာဝ မုန့်လက်ကောက် ကျွေး ၍ မင်္ဂလာ ဆောင်လိုက်သည် ။ မင်္ဂလာဆောင် သည့် နေ့ တွင် မစိန်နှစ် မှာ ဖုန်လှိုက်ဖုတ်လှိုက် နှင့် နေ၍ ကိုရာပျို နှင့်တကွ သူ့ မယား အသစ်စက်စက် တို့ သည် မင်္ဂလာဆောင် မှာ ကမ်းသော ယပ်တောင် နှင့် မစိန်နှစ် ကို ယပ်ပေး ရသည် ဟု သတင်း စကား ကြား သိရလေသည် ။


ဤ အကြောင်းအရာတို့ ကို ဤမျှနှင့် ရပ်လျှင် ကောင်း မည် ထင်သည် ။ အမှန်မှာ ကျောင်း ပိတ်လျှင် အိမ် ပြန်သည့် အစဉ်အလာ မရှိခဲ့ပါမူ ကိုရာပျို့ အကြောင်း ဤတွင် ရွေ့၍ တစ်ခန်း ရပ် ရပေမည် ။ သို့သော် ကျွန်တော့် မှာ ထုံးစံအတိုင်း တပေါင်း - တန်ခူး ကျောင်း ပိတ်သည် နှင့် အိမ် ကို ပြန် ရပြန် သည် ။ ထုံးစံအတိုင်း အိမ် ရောက်သော် မိခင် ထံ မှ ပိုက်ဆံ တောင်း ၍ ကူလီခ ပေး ရသည် ။ ထုံးစံအတိုင်း လယ်ငှား စာချုပ်များ ချုပ်ဆိုရာ၌ ကူညီ ရသည် ။


သို့ရာတွင် ထုံးစံအတိုင်း မဟုတ်သည် လည်း ရှိပါ သေးသည် ။ ဥပမာ - ထုံးစံအတိုင်း လာနေကျ ကိုရာပျို တို့ လင်မယား မပေါ်လာပါ ။ အဲလေ - မစိန်နှစ် မှ မရှိတော့ပဲ ။ ဘယ် လာနိုင်ကြတော့မလဲ ။ မဟုတ်သေးဘူးလေ မသကာ ဆိုရင် အများ ချစ်လောက် တဲ့ မယား အသစ်ဆံတောက် နဲ့ အလကား ဖြစ်ဖြစ် တစ်ခေါက် တော့ မြို့ ကို ရောက် ဖို့ မကောင်းပါလား ။  


စာချုပ် ပြီး၍ လယ်သမား နှင့် လယ်ငှား အများ ပြန် သွားကြသောအခါ ကျွန်တော် သည် အထက်ပါ အတိုင်း စိတ်ကူးယဉ်မိသောကြောင့် ကိုရာပျို တို့ လင်မယား ဘာကြောင့် စာ လာ မချုပ်သည် ကို ဦးလေး အား မေးကြည့်မိ သည် ။  


“ ဟဲ ... ဟဲ ... လင်မယား နှစ်ယောက် ကြား ဗျာ များ တာပေါ့လကွာ ”


ကျွန်တော့် ပါးစပ် အဟောင်းသား နှင့် နေ မိပါ သည် ။ ဘယ့်နှယ် လဲ မစိန်နှစ် မသေမီ က ကိုရာပျို ကို မိန်းမ ပေးစားသွား တာ နှစ်ယောက် တောင် မှ ပေးစား သွားလေ ရော့ သလား ။ သူ သေပြီး မှ တော့ သူ့ လင် က တစ်ယောက် ပဲ ယူယူ ၊ နှစ်ယောက် ပဲ ယူယူ ဘာမျှ ထူးခြားတော့မှာ မဟုတ် ။ ဒါပေမဲ့ မိန်းမ များ အူ ရှည် မဲ့ ရှည် တော့လည်း နှစ်ယောက် စာ အတွက် ရှည် နိုင်လွန်းလှ ချည့် ။

 

ကျွန်တော့် ပါးစပ် အဟောင်းသား ကို ကြည့်ပြီး ကျွန်တော့် စိတ် ထဲမှာ ရှိသည့် ဒွိဟ ကို စဉ်းစားမိဟန် ရှိသော ကျွန်တော် ၏ ဦးလေးတော် မှာ ကျွန်တော် ၏ သံသယ ကို ဖျောက် လိုသောကြောင့် “ ဟဲ .. ဟဲ ... မင်း က မသိသေးဘဲ ကိုး ကွ ။ အကြောင်း သိချင်ရင် ကိုဖိုးရိပ် ကို သာ မေးကြည့် ပေတော့ ” ဟု ပြောရင်း နှီး ထိုးရန် ဓားတန်း ၌ ဓား ရှာ သွား လေသည် ။


ကိုဖိုးရိပ် ဆို သူ မှာ လူပြောင် ၊ လူပျော် ၊ လူပြက် တစ်ယောက် ဖြစ်သည် ။ စကား ပြောလျှင် ထစ်ထစ် နှင့် အမြဲ တမ်း ဟား တိုက် နေလေ့ ရှိသည် ။ ဦးလေး ၏ စကား ကို သူ ကြားသောအခါ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ရယ်မော လိုက်သည် ။


“ နေပါဦးဗျ ... မစိန်နှစ် သေပြီးတော့ ကိုရာပျို က မယား နှစ်ယောက် ”


ကိုဖိုးရိပ် မှာ အရယ် ကို ရပ်၍ ပန်းနာရင်ကျပ် သော ကြောင့် လည်ချောင်း တွင် တစ် နေသော ချောင်းခြောက် ကို တဟွတ်ဟွတ် နှင့် ဆိုးရင်း “ စ .. စ ... စ ... စိန်နှစ် က ... မ .... မ .... မသေလို့ ... အဟွတ် ... အဟွတ် ... အဟွတ် ... ”


ဟင် ... ဒီလိုလား ၊ သူ သေရမည် ထင်၍ သူ့ လင် ကို သူ နေရာချပြီးတဲ့ နောက် သူ နာလန်ထူလာလျက်ကယ် နှင့် သူ့ လင် ရဲ့ မယားအသစ် ဆံတောက်ကလေး ကို သူ ကြည် ဖြူနိုင်သည် ဆိုလျှင် သည် မိန်းမလို မိန်းမမျိုး ကို ထမင်းထုပ် နှင့် လိုက် ရှာတောင်မှ သည် ဇမ္ဗူ မပြောနှင့် ဟို ဇမ္ဗူ မှာတောင် တွေ့နိုင်မည် မဟုတ်ပေဘူး ။


“ ဟား ... ဟား ... ဟား .... အဟွတ် ... အဟွတ် ... အဟွတ် စိန်နှစ် က မသေတော့ ငါ့ - ငါ့ - ငါ့ - ငါ့လခွေး - သ - သ - သ - သ ... ”


စကား အကွက်ကောင်း ဆိုက်မည့် ကျန်လျှင် ကိုဖိုးရိပ် စကား ပို ၍ ထစ်သည် ။ သူ သိပ်ပြီး စကား ထစ် လျှင်လည်း တော်တော် ကြောက်စရာ ကောင်းသည် ။ သို့သော် သူ ထစ် နေ သော စကား ကို ကျွန်တော် သိပါသည် ။ စိန်နှစ် မသေတော့ သိပ် ခက်တာပေါ့ ။ အင်း ... သူ စကား ထစ်ထစ်ပြော တတ်သလို ကျွန်တော် လည်း ပြန် မပြောတတ်ပါ ။ သူ ပြော သမျှ ကို အရင်း စစ် လိုက်လျှင် ဤသို့ ဖြစ်ပါသည် ။


ကိုဖိုးရိပ် သည် ကျွန်တော် ၏ ဖခင် စေခိုင်းချက် ဖြင့် ကိုရာပျို တို့ လယ် ထဲ သို့ သွား၍ စပါး သိမ်း ပါသည် ။ ကိုဖိုးရိပ် ၏ ဝါသနာ မှာ နောက်တီးနောက်တောက် ဝါသနာ ဖြစ် သည် ။ ကိုရာပျို တို့ လင်မယားသုံးယောက် ၏ သတင်း မှာ ဟိုးလေးတကျော် ဖြစ်နေရာ ကိုဖိုးရိပ် အတွက် ဟဒယရွှင်ဆေး သဖွယ် ဖြစ်သည် ။ မစိန်နှစ် နှင့်လည်း အတော် ခင်မင် ရင်းနှီးသဖြင့် တော်တော် နောက်လို့ ကောင်းမည် ။ သို့သော် ကိုရာပျို တို့ လယ် ထဲ သို့ ရောက်သောအခါ ကိုဖိုးရိပ် မှာ နောက်ပြောင်ဖို့ ဝေးစွ ။ နားရွက် ပင် မခတ်ဝံ့တော့ပြီ ။  


“ စ - စ - စ - စိန်နှစ် ဟာလကွာ ၊ င - င - င - င - ငါး ဖောင်ရိုးခြောက် ကျနေတာပဲ ”


ကိုဖိုးရိပ် ၏ စကားအရ ငါးဖောင်ရိုးခြောက် ပမာတမျှ ချူချာပိန်ချုံးလှသော မစိန်နှစ် ၏ ခန္ဓာကိုယ် ထဲ ၌ ဇီဝိတ အသက် တွဲဖက်၍ နေသည် ကို ပင်လျှင် ကိုဖိုးရိပ် အံ့သြ၍ မဆုံးနိုင် ။ တကယ်လို့ နောက် လိုက်လျှင် ဖုတ်လှိုက်ဖုတ် လှိုက် အသက်ကလေး သည် ထွက်ပြေးလေ မလား ။ ထို့ကြောင့် ကိုဖိုးရိပ် နားရွက် မခတ်ခြင်းပင် ဖြစ်သည် ။ သို့သော် ထို ည အဖို့ ၌ ကိုဖိုးရိပ် သည် သူ ၏ အကျင့် ကို မဖျောက်နိုင် ။


ကိုရာပျို ၏ တဲ မှာ လယ်တဲ ဟု ဆိုသော်လည်း အကျ အန ဆောက်ထားသော တလိုင်းအိမ်ငယ် ဖြစ်သည် ။ ဖိနပ် ချွတ် မှ လှမ်း တက်လျှင် အိမ်တစ်ပိုင်း ၏ ကြမ်းပြင်ပေါ် သို့ ရောက်သည် ။ ထို ကြမ်းပြင် ခြေရင်းဘက် ၌ အိမ် အပေါ်ထပ် အထပ်ခိုး ကို တက်ရန် လှေကား ရှိသည် ။ ထို အထပ်ခိုး ၌ လင် မယား သုံးယောက် အိပ် ကြသည် ။ အိမ်တစ်ပိုင်းကြမ်းပြင် ကား ထမင်းစားခန်း လည်း ဟူ၏ ၊ ဧည့်ခန်း လည်း ဟူ၏ ၊ ဘုရားခန်း လည်း ဟူ၏ ၊ ဝမ်းစာစပါး ထားရာ အခန်းလည်း ဟူ၏ ။ ကိုဖိုးရိပ် မှာ ဘုရား စင် ရှေ့ က ဝမ်းစာစပါး လှောင်သော ထင်းရှူးသေတ္တာနှစ်လုံး ဆက် အပေါ် တွင် အိပ် သည် ။ လူခြေ တိတ်ဆိတ်သော အချိန်တွင် အများတကာ အိပ် နေကြပြီ ဆိုသော်လည်း ကိုဖိုးရိပ် သည် မအိပ်သေး ၊ သူ့ နေရာ က နေ ကြည့်လျှင် ဓနိထရံအပေါက်ငယ်များ အ ကြား မှ ရေနံဆီမီးခွက် ၏ အရောင် သည် အပြင် သို့ လု ၍ ထွက် နေသည် ။ ထို မီးရောင်ကလေး က ကိုဖိုးရိပ် ၏ အကျင့် ကို မြှောက်ပင့်၍ ပေးနေသည့် အထဲတွင် အခန်း ထဲ မှ ဘာသံ လိုလို ကြားသည် ။ ကိုဖိုးရိပ် က နား စွင့်လိုက်သည် ။ ဧကန္တ ပါ ပဲ ။ ဟုတ်ပါပြီ ။ သို့ပေမင့် ထရံပေါက် ကို ဖြဲ ၍ ကြည့်နေသော မီးရောင်တန်းကလေး မှာ အငြိမ် မနေပါ ။ မြင့်ချည် နိမ့်ချည် ၊ ဘယ်ဘက် ယိမ်းချည် ၊ ညာဘက် ယိမ်းချည် ။ ထို အတွင်း တစ်စုံတစ်ယောက်  က ဖင် ရွှေ့ သွား သည့် အသံ လို လို ကြား ရသည် ။ ဟုတ်ပြီ ၊ ဟုတ်ပြီ မီးခွက် ကို ကိုင်ပြီး တစ်ယောက် ယောက် ဖင် ရွှေ့သွားနေတာ ကတော့ ဟုတ်ပြီ ။ ဟင်း .. ဆိုတဲ့ အသံ က ဘာ သံလဲ ။ ညွှတ်ပက် ၊ ညွှတ်ပက် နှင့် အသံ ကတော့ တစ်ဖက်ထောင့် က လာတဲ့ အသံပဲ ။


ထို့နောက် မီးရောင် ပျောက် သွားသည် ။ သို့သော် မီး ငြိမ်းသွားသည် မဟုတ်သေး ။ ခေါင်မိုး ပေါ် ၌ မီးရိပ် ကစား လျက်ပင် ရှိ သေးသည် ။ ဧကန္တ ကိုဖိုးရိပ် ဘက် က ထရံ နှင့် အခန်း တွင်း က မီးခွက်အကြား တွင် တစ်စုံတစ်ယောက် ကွယ် လျက် ရှိမည် ။


ကိုဖိုးရိပ် သည် ထရံ ပေါက် ကို မှန်း၍ မျက်စိတစ်လုံး ကို ရွေးပြီး လျှင် ကပ် ထားလိုက်သည် ။ ထို မျက်စိ မှာ ထရံ ကို တောက်တဲ့ ကပ် ကပ်၍ နေလေ၏ ။


အခန်း ထဲ ၌ မီးရောင် သည် ကတ္တီပါသွေး ကို ပက်ဖြန်း ၍ နေသည် ။ ကိုရာပျို သည် သူ့ မယား အသစ်ကလေး ၏ အ ပါး တွင် ဒူး ထောက်၍ နေသည် ။ သူ့ မယား အသစ်ကလေး မှာ မီးရောင်ကြောင့် မျက်နှာ ကို မှောင်ဘက် သို့ တစောင်း လှည့် ထားသည် ။ မီးရောင် ကို မူ တစ်စုံတစ်ယောက်သော သူ က ကွယ် ထားသည် ။ မှန် ၏ ။ ဘယ်သူများပါလိမ့် ။ မီးရောင် သည် ကိုရာပျို ၏ နံပါး သို့ တဖြည်းဖြည်း ချဉ်းကပ်လာသည် ။ မီးရောင် နှင့် ကိုရာပျို ၏ အကြား မှ လူ ရိပ် သည် လည်း ဘယ်ပခုံး နိမ့်ချည် ၊ ညာပခုံး နိမ့်ချည် နှင့် ကို ဖိုးရိပ် မျက်စိ နှင့် ဝေး၍ ဝေး၍ ကိုရာပျို  ဒူး ထောက်နေ သည့် ဘက်သို့ နီး၍ နီး၍ လာသည် ။  


ကိုရာပျို သည် မီးရောင် ဘက် သို့ မျက်နှာ လှည့်လိုက် သည် ။ သူ့ မျက်နှာ မှာ ရှက်အမ်းအမ်း ၍ နေသော်လည်း “ မထူးတော့ပါဘူးလေ ” ဟူသော သဘော ကို သရုပ်ဖော် နေဘိ သကဲ့သို့ ။ သို့သော် ... တစ်ချက်လောက် မျက်နှာက လေး ရှုံ့ လိုက်ပုံက “ စိန်နှစ်ရယ် ဇိမ်ပျက်လှချည် ရဲ့ ” ဟု ဆိုလိုက် သလိုလို ။ သို့သော် ဘယ်သူ ဘယ်သို့ ပြောပြော ကိုရာပျို နှင့် သူ ၏ နှစ်ခုမြောက်သော ဇနီးသည် တို့မှာ ထို မီးရောင် ကို ကျင့်သားရနေကြပုံ လက္ခဏာ ရှိ၏ ။ 


“ အဲ .. အဲ .. စိန်နှစ် မှ စိန်နှစ် အစစ် ကိုး ကွ ”


“ ဟာ ... ဟာ .. ဒီတစ်ခါ ကိုဖိုးရိပ် စကား ပြောတာ မထစ်ပါ ကလား ”


“ စ - စ - စ - စိန်နှစ် က မ - မ - မ - မီးခွက်ကြီး မြှောက်ပြီး ခြေရင်းဘက် မှာ ဆောင့် - ဆောင့် - ဆောင့် -  ဆောင့်ကြောင့် ထိုင် လိုက်တော့မှ သ - သ - သ - သူ့ မျက်လုံး ကို ငါ မြ - မြ - မြင် ရတာကိုးကွ ”


မစိန်နှစ် ၏ မျက်လုံး သည် အရောင် တောက်ပ သည် ။ အရှိန်အဝါ ရှိပါသည် ။ သည် မျက်လုံး တစ်ချက် ဝင့် လိုက်လျှင် ကိုရာပျို ဆိုသူ ပြာလောင်ခတ် ရသည် မဟုတ်လော ။ သည် မျက်လုံး က “ သေဦးဟဲ့ ” ဆိုလျှင် ကိုရာပျို ၏ အသက် ဘယ် ရောက်သွားမှန်း မသိ ။ သည် မျက်လုံး က “ ရှင်ဦးဟဲ့ ”  ဆိုလျှင် ကိုရာပျို သေရာ က ငေါက်ခနဲ ထ ထိုင်ရသည် ။

 

“ ဟာ - ဟာ - ဟာ - မ - မ - မီးခွက်ကြီး မြှောက်ပြီး ရာပျို တို့ လ - လ - လ - လင်မယား ကို စ - စ - စ - စိန်နှစ် က ကြည့် ရင်း မျ - မျ - မျက်ရည်တွေ ကျ - ကျ - ကျနေတာ ကိုး ကွ ”


ဪ ... ကိုဖိုးရိပ် နှယ် သူများ မျက်ရည် ကျ မှ သူ က ပျော် သကိုး ။


“ တ - တ - တ - တကတဲ ကွာ ။ လင်မယား အိပ်နေ တာ ကို မ - မ - မီးခွက်ကြီး မြှောက်ပြီး အမလေး .. အမလေး အဟွတ်ဟွတ်ဟွတ် ။ ရီ - ရီ - ရီချင်လိုက်တာ ကွာ ။ တ - တကတဲ ပြောရင်းဆိုရင်း တောင်မှ .. ဟား .... ဟား .. ဟား ။ ဒ- ဒ- ဒ - ဒီအထဲမှာ ဟင်း ၊ ဟင်း ၊ ဟင်း ၊ ဆိုတာက စ - စ - စ - စိန်နှစ် သက်ပြင်းကြီး ချ - ချ - ချတာကိုး ကွ ”


မစိန်နှစ် ၏ မျက်လုံးများ မှာ အရောင် တောက်လျက် ပင် ရှိပေဦးမည် ။ သို့သော် ... ဘာရောင် တောက်နေမည် ကို ကျွန်တော် မမှန်းဆတတ်ပါ ။ ဟင်းခနဲ - ဟင်းခနဲ သက်ပြင်း ချ လိုက်ပုံ ၊ င - င - င - ငါးဖောင်ရိုးခြောက် လို တပိန်ပိန်တလိမ် လိမ်နေပုံ ၊ ညတိုင်း ညတိုင်း မ - မ - မ - မီးခွက်ကြီး ကို မြှောက် မြှောက်ပြီး ဒုက္ခ ခံရပုံ ၊ ဒါတွေကို ထောက်ကြည့်ရလျှင် ဧကန္တ မစိန်နှစ် ၏ မျက်လုံးများ သည် အရောင် တောက်ရ ပေမည် ဒိဋ္ဌ ။ သို့သော် ... ဘာရောင် တောက်နေပါသနည်း ။ ထို တောက်နေသော အရောင် သည် ပင်လျှင် ကိုရာပျို အား စေခိုင်း၍ နေပါသေးသလော ။


ကိုဖိုးရိပ် ၏ အူ တက်မတတ် ရယ်သံ မှာ ကျွန်တော် ဖြေရှင်းနေသော ပြဿနာ ကို ပို၍ ရှုပ်ထွေးစေလေသောကြောင့် မစိန်နှစ် ၏ အူ သည် ရှည် သလော ၊ တို သလော ဟူ သော ပုစ္ဆာ ကို ယနေ့ ထက်တိုင် ဝိသဇ္ဇန မပြုနိုင်သေးပါ ။


◾  မောင်ထင်


📖  ရှုမဝ မဂ္ဂဇင်း

       အတွဲ -၂ ၊ အမှတ် - ၁၅ 

       ၁၉၄၈ ခုနှစ် ၊ သြဂုတ် လ


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment