Tuesday, June 21, 2022

ပျော်မဆုံး မော်မဆုံး ဘောလုံး ကစားကြသည်


 

❝ ပျော်မဆုံး မော်မဆုံး ဘောလုံး ကစားကြသည် ❞

ကိုကြီးငွေ ၊ စာကလေး ၊ မောင်ဝ ၊ ဉာဏ်စိန် ၊ ပတေး ၊ ကိုပု ၊ ဦးကုလားက အစ “ ဍ ”  ရပ်ကွက် ဘောလုံးအသင်းကြီး ကို “ ရယ်စရာမောစရာ ”  အဖြစ် ဖန်တီးပေးခဲ့တဲ့ ကိုမင်းလူ ။

ဝိတိုရိယဆေးရုံ ရောက်နေချိန် နေပြည်တော်ယူနိုက်တက် နဲ့ ရန်ကုန်ယူနိုက်တက် တို့ ရဲ့ နေပြည်တော်ကွင်း ( ဆီးဂိမ်းလုပ်မယ့်ကွင်း ) မှာ ဘောလုံးပွဲ ကနေ လက်ဝှေ့ပွဲ အသွင်ပြောင်း သွားတာ ကို ဆရာ သိလိုက်မယ် ထင်ပါတယ် ။

ရက်ပိုင်းသာ လိုတော့တဲ့ ဆီးဂိမ်း တခြား အားကစားပွဲ တွေ နဲ့ အတူ ကျင်းပမယ့် ဘောလုံးပွဲကို ဆရာ စောင့်ကြည့်သွားနိုင်လိမ့်မယ် လို့ ထင်ထားတာ ။

“ ၂၀၁၄ -၂၀၁၅ ပွဲ ”  ဟာ မြန်မာပြည် ရဲ့ ရယ်စရာမောစရာ ပွဲ ပဲ ဖြစ်မလား ၊ လက်ဝှေ့ပွဲ ပဲ လား ၊ ဘယ်သူ မှ ဘာမှ မပြောနိုင်သေးဘူးလေ ။ သေချာတာ တစ်ခု ကတော့ ခုညကတည်း က ကိုမင်းလူ ရေးခဲ့တဲ့ ဘာတွေ ဖြစ်ကုန်ကြပြီလဲ လို့ သာ တွင်တွင်အော် နေကြရဦးမှာပါ ။

၂၀၀၉ ဇွန် ၊ ၁၉ ရက် ဖေဖေ “ ကာတွန်း ဦးဖေသိန်း ”  ဆုံးစဉ် က ကိုမင်းလူ အမှတ်တရ ရေးခဲ့တဲ့ စာ မှာ တော့ -

နောက်နှစ် အထိတော့ စောင့်ကြည့်သင့်ပါတယ် ဆရာ ။ အသေအလဲ ၊ အကြိတ်အနယ် ယှဉ်ပြိုင်ကြရမယ့် ကမ္ဘာ့ဖလားဘောလုံးပွဲ ရှိတယ်လေ …
             မင်းလူ

၂၀၁၀ ၊ ဇွန် ၊ ၁၉ ရက် ၊ ဖေဖေ့အမှတ်တရ တစ်နှစ် ပြည့် မှာ အမှတ်တရ ရေးခဲ့ပါသေးတယ် ။

၂၀၁၀ ပွဲ ကို စောင့်ကြည့်ပါလို့ ပြောခဲ့ရဲ့သား နဲ့ အပေါ် က ထိုင်တဲ့လူတွေ အကုန် ကွဲတာပဲ ဆရာရေ …
( ကမ္ဘာ့ဖလားဘောလုံးပွဲ )
     လွမ်းဆွတ်သတိရလျက် …
           မင်းလူ

( ၂၀၁၀ ရွေးကောက်ပွဲ ကို ရည်ညွှန်းသည် )

၂၀၁၃ မြန်မာနိုင်ငံ အရှေ့တောင်အာရှ ဆီးဂိမ်း ဖွင့်ပွဲ ကတော့ ဝက်ဝက်ကွဲ ပဲ ဆရာရေ့ ။ တရား အားထုတ်လိုက်တာ ဖွင့်ပွဲ မီးဆလိုက်ကြီးတွေ က ကျပ်ဘီလီယံ ဘယ်လောက် ကုန်တယ် ဆိုလား ။ မြန်မာ့ဘောလုံး ကတော့ အမျိုးသား က အုပ်စုပွဲ ကတည်း က ပြုတ်တယ် ။ အမျိုးသမီးပွဲ ကတော့ တတိယဆု ရ လိုက်ပါတယ် ။ ကြိုးစားပမ်းစားပဲ ၊ အမျိုးသမီးပွဲ ပြောပါတယ် ။ ၂၀၁၅ ဆီးဂိမ်းပွဲ က စင်ကာပူနိုင်ငံ အလှည့်ဆိုတော့ ပိတ်ပွဲ နေ့ မှာ စင်ကာပူ က မိတ်ဆက် သွားပါတယ် ။ ကျွန်မ တို့ ကတော့ ၂၀၁၅ ကျော် မှ စင်ကာပူ ကို ပြန် မိတ်ဆက်နိုင်လိမ့်မယ် ထင်ပါတယ် ။

ခု ၂၀၁၄ အစပိုင်း ကတည်း က ဂဏန်းတွေ ခေတ် စားနေတာ ။ ဂိုး အရေ အတွက် မဟုတ်ပေမယ့် ၉၆၉ ဂယက် က ပွဲကြည့်ပရိသတ်တွေ ထဲ မှာ တောင် အတော် ဆူသွားတယ် ။ ဘယ်သူတွေ ဘာပဲ အော်အော် ၊ ဘယ်လိုပဲ အုပ်စု ဖွဲ့ဖွဲ့ ၊ အုပ်စုတွေ ကွဲကွဲ အားလုံး ရဲ့ရင်ဘတ်ထဲ ကို အရောက် သွင်းနိုင်တဲ့ ဂိုးကတော့ ၄၃၆ ပဲ ဆရာ ရေ ။

( ၂၀၁၄ ) ဖီဖာ ကမ္ဘာ့ဖလားပွဲ က ဘရာဇီးလ် မှာ ဆိုတာ ကို တော့ ဆရာ သိပြီး ဖြစ်မှာပါ ။ အိပ်ရေး ပျက်ပြီး ဘောလုံးပွဲ ကြည့်ဖို့ က Sky Net တပ် ထားမှ Live ကြည့်လို့ ရတာ ။ အရင်နှစ်တွေ တုန်း က ဖေဖေ က မအိပ်ဘဲ စောင့်ပေးနှိုးပေးရတာ အိပ်ရေးတွေ ကို ပျက်လို့ ။

ဖေဖေ မရှိတော့တဲ့ နောက်တော့ ကမ္ဘာ့ဖလားပွဲ ကို ဆီမီး နဲ့ ဖိုင်နယ် လောက် မှ တခုတ်တရ ကြည့် ဖြစ်ပါတော့တယ် ။ အဲဒီကျမှ ပဲ MRTV က ပြပါလိမ့်မယ် ။

၂၀၁၄ မှာ ကျွန်မ တို့ လည်း စာ တတ်သွားပြီ ။ ဒီနှစ် ပွဲစဉ် ဘာလဲ ဘတ်စ်ကား ပေါ် မှာ ရောင်းတဲ့ ပွဲစဉ် စာအုပ် ဝယ်ပြီး လေ့လာထားစရာ မလိုပြီ ။ ရှုံးထွက် က ဘယ်သူ ၊ နာမည်ကြီးအသင်းတွေ အောင်ဖျာလိပ် ပြန်ကြပြီ ။ ဒေးလီးသတင်းစာတွေ ထဲ လည်း စောင့်ဖတ်စရာ မလိုပြီ ။ မနက် နိုး တာ နဲ့ အိပ်ရာဘေး အသင့် ထားတဲ့ ဖုန်းလေးကို ဖွင့် လိုက် fb ဖွင့် လိုက် “ ဟော - လန်ဒန် ဘောလုံးသမားအရှုံး နဲ့ အိမ် ပြန်တော့ ဘယ်သူက ဘယ်လို ဆီး ပြောလိုက်ပြီ ။ အိုဘားမား ကို ဒီနှစ် ဘယ်အသင်း နိုင်မလဲ ဘီယာတိုက်ကြေး လောင်းမလား လို့ ဘယ်နိုင်ငံ က ဘယ်သူ က အလောင်းအစား လုပ်ပြီ တို့ ”  ဒါတွေဒါတွေ ကို စက္ကန့်မလပ် သိ နေကြပြီ ။ ကျွန်မတို့ နိုင်ငံသားတွေ fb ဖွင့် ပြီး စက္ကန့်တိုင်း ၊ မိနစ်တိုင်း ၊ နာရီတိုင်း နေရာမရွေး ဖုန်းတွေ ပွတ်ပွတ်ပြီး မွှေနှောက် လိုက်ကြတာ ။

၂၀၁၅ ပွဲ အတွက် စတုတ္ထမဏ္ဍိုင်ကြီး ကတော့ ဟုတ်လာ သလိုလို ။

ခုတော့ ၅ နှစ် တစ်ကြိမ် ပွဲစဉ်တွေကို စောင့် ကြည့်ဖို့ “ ဍ ”  ရပ်ကွက် က ခွန်အားတွေ ဖြည့်နေကြပါပြီ ။ စိတ်အေးချမ်းသာစွာ အနား ယူ ပါ ကိုမင်းလူ ။ ဒါနဲ့ ပြောရဦးမယ် လှထုံ တောင် fb ပွတ် နေပြီ ဆရာ ။ ဇာတ်ဆရာ ပြုံးပျော်ပါလေလော့ ။

ချစ်ခင်စွာဖြင့် …

စာပေစတိတ်ရှိုး မှ ပန်းပွား အကမယ် တစ်ဦး

◾ဇွန်ပွင့်

📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment