❝ လွမ်းစာခွေ ❞
“ ကိုမင်းလူ နေမကောင်းဘူး အဆုတ်ကင်ဆာ တဲ့ ” ကျွန်မ ကို သတင်းပေးသူ က ကျွန်မအစ်မ ပန်းချီမမွှေး ၊ သူ့ မျက်နှာမကောင်း ၊ လူ ကလည်း ခြောက်ကပ်ကပ် ။ ကျွန်မ လည်း ဘာ ပြန် ပြောရမှန်း မသိအောင် လည်ချောင်းဝ မှာ တစ်ဆို့ဆို့ ဖြစ်နေသည် ။ ထို သတင်း မကြားခင် ကျွန်မတို့အဖွဲ့ ဇဝနရပ်ကွက် ရှိ သူ့ အိမ်သစ် သို့ ရောက်ခဲ့သေးသည် ။ သူ အလွန် ခင်သည့် ကိုစိန်လှိုင်လည်း ပါသည် ကို မှတ်မှတ်ရရ ရှိနေသည် ။ ကိုစိန်လှိုင် ကို တွေ့တော့ သူ့ မျက်နှာ အပြုံးကြီး ပြုံး နေသည် ။ ကိုစိန်လှိုင် ကို သူ သိပ် ခင်ကြောင်း ဘေးက ကျွန်မတို့ ရိပ်မိလောက်အောင် သူ့ အပြုံး က ချို လွန်းသည် ။ ရယ်သည့် အသံတွေ က အသက် ပါလှသည် ။ သူတို့ က ဘဝတက္ကသိုလ် မှာ အတူ နေလာကြသည့်သူ တွေ ကိုး ။ မကြာခင် က မှ မြစ်ကြီးနားထောင် က ထွက် လာသည့် ကိုစိန်လှိုင် က -
“ အဲဒီဘက် မှာ လူ ရဲ့ကိုယ်ခန္ဓာ ထဲ က ကလီစာတွေ ရောင်း ကြတာဗျ ။ ယောက်ျားတွေ ရဲ့အင်္ဂါတောင် ပါတယ် ။ လူတော်တော်များများ အင်္ဂါ မစုံကြတော့ဘူး ၊ မိုဘိုင်းဆေးခန်းတွေ နဲ့ လှီးဖြတ် ဝယ်နေကြတာ ”
ကျွန်မတို့ က အံ့ဩနေစဉ်မှာ ကိုမင်းလူ က “ ခင်ဗျားရော ရောင်းတယ် မဟုတ်လား ။ ခင်ဗျား ဟာ မဝယ်ဘူး မဟုတ်လား ” ကျွန်မတို့ အားလုံး ရယ်မိကြသည် ။ သူ့ ဆီ ကို ရောက်လျှင် အမြဲ ရယ်ရသည် ။ လူ ကြည့်တော့ ခပ်တည်တည် ၊ သို့သော် လူအများ ကို ရယ်အောင် ဖန်တီးနိုင်စွမ်း သူ ၊ ဘာမှ သိပ်မမှတ်ပါသလိုမျိုး နှင့် အသေးစိတ် သူ မှတ်သည် ။ ပြီးလျှင် ကျွန်မတို့ အဖွဲ့ ကို ဇာတ်ဆောင် လုပ်ပြီး သူ စာရေးတော့သည် ။ မမွှေး တို့ ၊ ဝိုင်း တို့က စာမူခ ရလျှင် ကျွေးရမည် ဟု ဆိုကာ သူ့ အိမ် သို့ လူ စုပြီး ဖုန်းဆက်ပြီး ချီတက်ကြသည် ။ သူ က ည မှာ စာ ရေးတတ်သဖြင့် သူ နိုးချိန် ကို မှန်းပြီး ဖုန်းဆက် ချိန်းကာ သွား ရခြင်းဖြစ်သည် ။ သူ ပိုက်ဆံအကုန်အကျ မများစေလိုသဖြင့် ကျွန်မတို့ က ဝမ်းတူး ရိုက်ကြသည် ။ နှစ်ယောက် တစ်ပွဲ သာ မှာ စားကြသည် ။ ကိုစိန်လှိုင် ကလည်း ဧည့်သည်များ ပါလာသဖြင့် သူ့ ကို အားနာ ဟန် ရှိသည် ။ တစ်ပွဲ သီးသန့် မမှာသဖြင့် “ ခင်ဗျား က မှာလေ ” ဟုပင် ဆိုသေးသည် ။ အစ်မကြီး သန်းမြင့်အောင် က ဆန်ပြုတ်သောက် တတ်သဖြင့် “ အစ်မကြီး က ဆန်ပြုတ်ပဲလား ” ဟု မေးတတ်သေးသည် ။ နာရေးအသင်းက အစ်မကြီး ကို “ Marketing ဆင်း လာတာလား ” ဟု နောက်တတ်သည် ။ ကျွန်မကိုတော့ မြန်မာစာဌာနအကြောင်း မြန်မာစာပေအကြောင်း မေးတတ်သည် ။ သမီး ယုယ ၏ ဆရာ ဖြစ်သူ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် မြန်မာစာဌာန မှ တွဲဖက်ပါမောက္ခ ဦးဌေးလွင် ကိုလည်း သူ ခင်သည် ။ လေးစားသည် ။ ဦးဌေးလွင် နှင့် တောင်ငူဆောင် စာတမ်းဖတ်ပွဲ တစ်ခု မှာ တွေ့တော့ ကိုမင်းလူ ဆီ သတင်းမေးသွားမည့် အကြောင်း ပြောသည် ။
“ သူ ထွက် တွေ့ပါ့မလား ” ကျွန်မတို့ စိုးရိမ်တကြီး မေးမိသည် ။ ကျန်းမာရေး ကောင်းစဉ်ကပင် သူ နှင့် တွေ့ရန် ကျွန်မတို့က မနည်းခိုင်းရသည် ။ သောကြာနေ့ ဆို တွေ့နေကျ သူငယ်ချင်းတွေ က ရှိသေးသည် ။ နေ မကောင်းလျှင် စိတ် ပါ မကောင်း ဖြစ်တတ်သည် ကို ကျွန်မ သိသည် ။ နေမကောင်း သည့် လူ က လူကောင်းတွေ ကို ဧည့်ခံ စကား ပြော ရမှာ သိပ်ပြီးမဖြစ်သင့် ဟု ကျွန်မ ယူဆသည် ။ ကျွန်မ သူ့ဆီ သတင်းမေး မသွားဖြစ်ခဲ့ပေ ။ သူ့ ထံ သတင်းသွား မေးဖြစ်သည့် မသီတာ ( စမ်းချောင်း ) ၊ မမွှေး တို့ ကိုသာ တစ်ဆင့်ပြန်မေးမြန်းဖြစ်ခဲ့သည် ။ ကျွန်မ က ရိုးရိုး နေမကောင်းဖြစ်လျှင်ပင် မည်သူ့ကိုမျှ သိပ် မတွေ့ချင် ၊ ကိုယ့် အတွေး နှင့် ကိုယ် နေချင်သူ ဖြစ်သည် ။ ကိုယ် နေမကောင်းသည့် မျက်နှာကြီးကိုလည်း မပြချင်ပါ ။ ကိုမင်းလူ စိတ် ကို လည်း ထိုကဲ့သို့ ထင်ထားမိသည် ။ ရှစ်လေးလုံးငွေရတုပွဲ သို့ သွားတော့ အဲဒီ ပွဲ က အထွက် မှာ သမီး ယုယ နှင့် တွေ့သည် ။ ကျွန်မ ကို တော့ မျက်လုံးလေး အဝိုင်းသားနှင့် နှုတ်ဆက်သည် ။ ကျွန်မ စိတ်ထဲမှာ ယုယ ကို ကိုယ်ချင်းစာသနားနေမိသည် ။ သို့သော် ထိုမျက်နှာပေးမျိုး မဖြစ်အောင်ထိန်းရင်း ကြည့် နေမိသည် ။ ကိုယ့် နှုတ် က ဘာ ပြောလိုက်သည် ကို မမှတ်မိတော့ပါ ။ ယုယ က “ အဖေ ဆေးရုံမှာလေ ” ဟု ပြောသည် ကို တော့ မှတ်မိနေပါသည် ။ နောက် သိပ်မကြာလိုက်ပါ ။ ဆရာ ဦးဝံသ ဆုံး သည် ။ ပြီးတော့ ကိုမင်းလူ ဆုံးပြန်သည် ။ နေမယ် ဆိုရင် နေနိုင်သေးသည့် အရွယ်ကောင်းတွေ ။ ဘာဖြစ်လို့များ အကြွေစောကြပါလိမ့် ။ ချစ်သူတို့သက်တမ်း တို လှပေသည် ။
သူ့ ဈာပနကို ကျွန်မ ပို့ဖြစ်ခဲ့ပါသည် ။ ရောဂါဝေဒနာ ခံစားနေရသည့် သူ့ ရုပ် ကို မမြင်ခဲ့ရသော်လည်း သူ ၏ အသက်မဲ့ခန္ဓာကိုယ် ကို တော့ ကျွန်မ အကြာကြီး ဝမ်းနည်းကြေကွဲစွာ ကြည့်နေမိသည် ။ သူ့ ဘေး မှာ လွယ်နေကျ လွယ်အိတ်ကလေးကို မြင်တော့ ဒီ အခန်းမှာ ဒီလိုပုံမျိုး ကျွန်မ ပို့ခဲ့ရသည့်ဈာပနတွေကို သတိရမိပြန်သည် ။ အဲဒီအခန်း မှာ ကျွန်မ တို့ ချစ်သော တာရာမင်းဝေ ၏ ဈာပနကို သူ နှင့် အတူ ကျွန်မတို့ ပို့ခဲ့ဖူးသည် ။ နီကိုရဲ ၏ ဈာပနကိုလည်း ပို့ခဲ့သည် ။ ကျွန်မ ချစ်သော ဆရာအောင်ပြည့် ၏ ဈာပန ကို လည်း ဒီ အခန်း မှာ ဒီလို ပုံမျိုး ကျွန်မ ပို့ ခဲ့ရသည် ။ လွယ်အိတ်ကလေးရယ် ၊ စာရေးတဲ့ ဖိုင်ချပ်ကလေးရယ် ၊ “ ပြိုမှာလေလား မိုးရဲ့ ” ဟု တစ်ယောက်သော သူ က ရေးထားသည့် စာသားလေးရယ် ၊ နှင်းဆီပန်းနီနီရယ် သေသူ ၏ ရင်ဘတ်ပေါ်မှာလေ ။ ဒီလိုဈာပနမျိုး ကျွန်မ မကြုံချင် ၊ မပို့ချင်တော့ပါ ။ ကိုမင်းလူ ရေးခဲ့ဖူးသည့် ဒေဝတာမြို့တော် မှာ ကွယ်လွန်ပြီးသော စာရေးဆရာတွေ အများကြီး သူ လည်း ဒေဝတာမြို့တော် ကို သွားပြီပေါ့ ။ သူများတွေ ကို ရယ်အောင် ပျော်အောင် လုပ်နိုင်သူကို ယမမင်းကြီး ခေါ် သွားတာ စောလိုက်တာ ။ ယမမင်းကြိး အကောင်း ကြိုက်လိုက်လေခြင်း ။
သူ့ အိမ် အဟောင်းလေး ကို ရောက်တိုင်း ဧည့်ခန်းမှာ ချိတ်ထးသည့် စီးပွားရေးဦးတည်ချက် (၂ ) ရပ် ကို နှစ်သက်လွန်း ၍ ခဏခဏ ကြည့် မိရသည် ။ စစ်အစိုးရလက်ထက် က စီးပွားရေးဦးတည်ချက်များ နှင့် တော့ မတူ တစ်မူ ထူးခြားလှသည် ။
“ လျှော့သုံး ၊ ပိုရှာ ” တဲ့ ။သည်ကနေ့ အထိ သွေးထွက်အောင် မှန်နေသော စီးပွားရေးဦးတည်ချက်များပါတကား ။ ကျွန်မတို့ ပြည်သူလူထု ရှုထောင့် မှ ရေးထားသည့် စေတနာပါသော ဦးတည်ချက်များပင် ဖြစ်သည် ။ ပို ရှာပြီး လျှော့ သုံးတာတောင် မလောက်မငနိုင်သည့် ဘဝတွေ ၊ လခ တိုး တာက ( ၂ ) သောင်း ၊ မီတာခ နှင့် အခွန်တွေ ပြန် ဆောင်လိုက်ရတာက ဘယ်လောက်လဲ ။ စားသောက်ကုန် လူသုံးကုန်ပစ္စည်းတွေ ကလည်း ဈေး တက်သေးသည် ။ တိုတို နှင့် လိုရင်း ရောက်ပြီး ဒက်ဒက်ထိ မှန်လှသော ကိုမင်းလူ ၏ စီးပွားရေး ဦးတည်ချက်များပါတကား ။ သည်ကနေ့ ခေတ် ဝန်ကြီးတစ်ပါး က ထမင်းတစ်နပ် လျှော့စား တဲ့ ။ သမ္မတကြီးအကြံပေးတစ်ဦး က ဖယောင်းတိုင် ထွန်းပြီး နေ တဲ့ ။ ဒုသမ္မတ က တစ်နေ့ နှစ်ထောင် သုံးရင် လောက်ပါတယ် တဲ့ ။ ချစ်သမ္မတကြီး စေတနာ ကတော့ အရက် သောက်မယ့်အစား နွားနို့ သောက် တဲ့ ။ နွားနို့ က လွယ်လွယ် ဝယ် မရဘဲ ဘီယာ နဲ့ အရက် က ဝယ် ရတာ လွယ်လွန်းနေတာ ချစ်သမ္မတကြီး က အလုပ်များလွန်းလို့ မသိတာဘဲ ဖြစ်မှာ ။ တကယ်တော့ အကြံပေးတွေ က ပြောသင့်တာပေါ့ ဟု စဉ်းစားမိသည် ။ ဘာပဲဖြစ်ဖြစ် ကိုမင်းလူ ရဲ့စီးပွားရေး ပြော စကားတွေ က ထောက်ခံသလို ဖြစ်နေသည် ။
အမှတ်ရစရာတွေကို ပြန်တွေးမိတိုင်း ကိုမင်းလူ ကို လွမ်းရသည် ။ သူ ဘာလို့ ဒီ ရောဂါ ရပြီး အကြွေ စောရတာလဲ ။ ည မအိပ်ဘဲ စာ ရေးပြီး အိပ်ရာ ထ နောက်ကျလို့လား ။ လက်ဖက်ရည် နဲ့ ဆေးလိပ် အသောက် များလို့လား ။ ဘာတွေ ဖြစ်ကုန်ကြပြီလဲ ကဗျာ ကို ရေးမိလို့ ထောင် ကျပြီး ထောင်ထဲက ညှဉ်းပန်းနှိပ်စက်မှုကြောင့် ရလာသည့် ဒဏ်တွေကြောင့် ဒီရောဂါ ရတာလား ၊ ဘာကြောင့်လဲ ကျွန်မ မသိ ။ သူ ဒေဝတာမြို့တော် ကို ထွက်ခွာသွားတာ စောလွန်းသည် ဆိုတာ ကိုတော့ ကျွန်မ သိသည် ။
••••• ••••• •••••
ကိုမင်းလူ ဆုံးပြီး နောက်ပိုင်း ကျွန်မ သင်္ဃန်းကျွန်း ဘက် သို့ မရောက်ဖြစ်ခဲ့သည် မှာ အတော် ကြာသွားပြီး တစ်နေ့ ၊ သွားရင်း လာရင်း သင်္ဃန်းကျွန်း ဘက် ကျွန်မ ရောက်ခဲ့သည် ။ သင်္ဃန်းကျွန်း မြေ ကို နင်းမိတိုင်း ကျွန်မ အမြဲ ငေးကြည့်မိတတ်သည့် နေရာ က “ သာဓုခြံ ” ဟု ခေါ်သည့် ကိုမင်းလူ တို့ညီအစ်ကို တွေ နေခဲ့ကြသည့်ခြံကြီး ။ အရှေ့က ကိုရူပ ၏ လက်ဖက်ရည်ဆိုင်ကလေး ။ အခုတော့ အခုတော့ အဲသည်နေရာမှာ ပုဂ္ဂလိ က ဘဏ် တစ်ခု က ခမ်းခမ်းနားနား ထည်ထည်ဝါဝါ တည်ရှိလျက် ။ ကျွန်မ မျက်စိ ထဲ မှာတော့ ကိုမင်းလူ တို့ နေခဲ့စဉ် က ကိုရူပ ၏ လက်ဖက်ရည်ဆိုင်ကလေးနောက် က အိမ် ။ ထို အိမ် မှာ ခွေး တစ်ကောင် ရှိ၏ ။ ကျွန်မ က ခွေး ကြောက်နေတော့ -
“ ဒီ ခွေး က စာရေးဆရာ ကို မကိုက်ဘူး ၊ ထုတ်ဝေသူ ကို ကိုက်တာ ” ဟု ကိုမင်းလူ က သူ့ ထုတ်ဝေသူ ဝိုင်း( ကံကော်ဝတ်ရည် ) ကို ရည်ရွယ်ပြောပြီး နောက် လိုက်တာ ကို သတိရမိပြန်သည် ။ သတိ ရစရာတွေက များ လှပါတကား ။ ကျွန်မမျက်ဝန်း ထဲ မှာ ဘဏ် ကို မမြင် ၊ အိမ် ကို မြင် နေသည် ။ ပုံရိပ်တွေ ကို လွမ်းနေသည် ။ အသံတွေ ကို ကြားနေသည် ။
◾ရာသက်ပန် ( တောင်ငူဆောင် )
📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment