Friday, June 17, 2022

အထင်

❝ အထင် ❞

လူ တစ်ကိုယ် ထင် တစ်လုံး ဟု ပြောလေ့ ရှိကြသည် ။ အထင် ဟူသည် မှာ အတွေး သာလျှင် ဖြစ်လေသည် ။ အတွေး ကို မည်သူမျှ တားဆီး၍ မရပေ ။ မည်သူကမျှ လည်း ချုပ်ချယ်ခွင့် မရှိပေ ။

လူတိုင်း လူတိုင်း မှာ သူ့ စိတ်ကြိုက် ၊ သူ့ သဘောကျ တွေး နိုင်ခွင့် ၊ ထင် နိုင်ခွင့် ရှိနေသည် ။

“ လိုက် မလား အန်ကယ်လ်ကြီး ၊ လူ ဆန့်သေးတယ် ”

ခပ်သုတ်သုတ် လျှောက်လာသော သူ့ ကို အသက်ဆယ့်ငါးနှစ် ခန့် ရှိ ချာတိတ်ကလေး က ပြုံးရွှင်စွာ မေးသည် ။ ဓာတ်လှေကား ခလုတ် ကို လက် နှင့် ဖိထားကာ သူ လှမ်းပြီး ဝင်သာအောင် ကိုယ် ကို ရွှေ့ပေးသည် ။

“  ကျေးဇူးပဲ သား ရေ ၊ ကျူရှင် က ပြန် လာတာလား ”

ဓာတ်လှေကား ကျဉ်းကျဉ်း ထဲ လှမ်း ဝင်လိုက်တော့ ဒူးရင်းသီး အနံ့ က လှိုင် သွားသည် ။ “ ဒီတစ်ခါ သာယာရေးကော်မတီ အစည်းအဝေး ခေါ်ရင် တော့ ဒူးရင်းသီး သယ်ချင်ရင် ဓာတ်လှေကား မသုံးဖို့ တင်ပြမှ ဖြစ်မယ် ... အောင်မလေး ... ဆိုးလိုက်တဲ့ အနံ ” .... ဟု တွေးရင်း မျက်စိ ဝေ့ဝဲ ကြည့်လိုက်တော့ အမျိုးသမီး ခပ်ပိန်ပိန် တစ်ဦး က သူ့ ကို အားနာပြုံး ပြုံး ပြသည် ။ သူက ပြန် မပြုံးချင်သည့် အတွက် ချက်ချင်း မျက်နှာ လွှဲကာ ခုနတုန်းက ချာတိတ်ကလေး အား

“ ဆရာ မလာတော့ .... မင်းတို့တွေ ပျော် မှ ပျော်သွားကြရဲ့လား ”

ဟု လှမ်း မေးလိုက်သည် ။

သူ နေထိုင်သော တိုက်ခန်း က ကွန်ဒိုမီနီယမ် ဟု ခေါ်နေကြသော ဓာတ်လှေကား နှစ်စင်း ပါ တိုက်ခန်းကျယ် ဖြစ်သည် ။ တစ်လွှာ လျှင် အခန်း ပေါင်း ခြောက်ခန်း ၊ စုစုပေါင်း ဆယ့်နှစ်လွှာ ဆိုတော့ ခုနစ်ဆယ့်နှစ်ခန်း သော အခန်းများ အတွက် ဓာတ်လှေကား နှစ်စင်း ရှိသည် ။ တိုက်ခန်း နေသူ အပေါင်း သူတော်ကောင်း အသီးသီး မှာလည်း လူ ပီပီ လူမှုရေး ကိစ္စတွေ ရှုပ်ထွေး လှတော့ တပျော်တပါးကြီး ဆင်းလိုက်ကြ တက်လိုက်ကြ နှင့် မို့ ဓာတ်လှေကား နှစ်စီး ခမြာ မှာ နား ရသည် ဟူ၍ မရှိရှာချေ ။ လူ သာ ဆိုလျှင် မောပြီး အသက် ထွက်နေတာ ကြာလှချေတော့မည် ။

“ ကိုမောင်မောင်ထွန်း မဟုတ်လား ဟင် ”

သူ မြင်ပြင်းကပ် နေသော အမျိုးသမီးကြီး က ခပ်တိုးတိုး မေးသည် ။ မစောင်းတစောင်း ကဲ ကြည့်လိုက်တော့ .... အင်း ... ဒီမျက်နှာ မြင်ဖူး သလို လိုတော့ အရှိသား ပင် ... ။

“ အို ... မမှတ်မိဘူးလား ... ကျွန်မ ကြူကြူ လေ .. အင်းလျားဆောင် က ခင်မြကြူ လေ ... ”

“ ဟာ .... ခင်မြကြူ ”

သူ က အလန့်တကြား အော် လိုက်မိသည် ။ ကြည့်စမ်း ... ခင်မြကြူ ။

“ မကြည့်မိလို့ပါ ဗျာ ... ဒီ မျက်နှာ ကို ဘယ် မမှတ်မိဘဲ ရှိပါ့မလဲ ... ကြည့်စမ်း အရင်တုန်း က အတိုင်း ရုပ် မပြောင်းဘူးနော် .. ဘော်ဒီ ကလည်း ထိန်း နိုင်လိုက်တာ ၊ တကယ့် ကို စလင်းမ် ပဲ ၊ ဘာလဲ ဒီခေတ် မော်ဒယ် ကောင်မလေးတွေ ငို သွားအောင်လို့ ကတ်ဝေါ့ ( ခ် ) လျှောက်ဦး မလို့လား  ”

တကယ့် တကယ် က “ ကျွန်မ ကျွန်မ ခင်မြကြူ လေ ” ဟု ပြောမှ ဇဝေဇဝါ နှင့် အပြေးအလွှား သိ လာရခြင်း ဖြစ်လေသည် ။ သို့သော် သူ က စီးပွားရေးလောက ထဲ တိုး ဝင်ရင်း အများအကြိုက် လိုက်ခါ နှုတ်ပေါ့ လျှာပေါ့ နှင့် ရွှန်းရွှန်းဝေအောင် ပြောတတ်သည် မှာ အကျင့် ပါ နေပြီဖြစ်သည် ။ နှုတ် မှ သာ ရုပ် မပြောင်းဘူး နော် ၊ တကယ့် စလင်း ( မ် ) ပဲ ဟု ပြော နေသော်လည်း အတွင်းစိတ် ထဲ ကတော့ ' ကြည့်ပါဦးဗျာ .... အိုစာ သွားလိုက်တာ ၊ မပြော ရင် မှတ်မိပါမလားတောင် မသိဘူး ၊ ပိန်လိုက်တာလဲ ကပ် လို့ ' ဟု တွေးနေမိလေသည် ။

“ ကိုမောင်မောင်ထွန်း လည်း ရုပ် မပြောင်းပါဘူး ”

“ ဒီလိုပဲ ... ကျန်းမာရေးလေး ဘာလေး လိုက်စားရတာပေါ့ ဗျာ .. ဟော ... ဟော ရောက်ပြီ ... ကျွန်တော် က ဆဲဗင်း ( ဘီ ) မှာ .. သွားမယ်နော် ”

“ ဟုတ် ... ကျွန်မ က နိုင်း ( ဒီ ) မှာ ရှင့် ”

ဦးမောင်မောင်ထွန်း က ဓာတ်လှေကား ထဲ မှ ကမန်းကတန်း တိုးထွက်လိုက်သည် ။ အပြင် ရောက်သော အခါမှ လတ်လတ်ဆတ်ဆတ် ၊ အေးအေးသန့်သန့် လေ ကို တစ်ဝကြီး ရှိုက်၍ ရှုလိုက်သည် ။ ဒေါ်ဒူရင်းသီး နှင့် ခင်မြကြူ ... အဲလေ .. ဒေါ်ခင်မြကြူ နှင့် ဒူရင်းသီး ကို တော့ ဓာတ်လှေကား နှင့် အတူ ဆက်ပြီး မြောက်တက်သွားလေသည် ။

“ အင်း ကျောင်း တုန်းက အတော် လှ တဲ့ မိန်းမ ၊ ပိုးတဲ့ ပန်းတဲ့ သူတွေ လည်း ဝိုင်းဝိုင်းလည် လို့ ၊ ဟတ် ဟား .... ငါ တောင် ပါခဲ့သေးလား မသိပါဘူး ... ”

ဦးမောင်မောင်ထွန်း စိတ်ထဲ မှ နေပြီး ခပ်ရွှင်ရွှင် တွေးသည် ။ ပါခဲ့သေး သလား မဟုတ်ပါ ၊ ပါ ကို ပါ ခဲ့ ပါ သေးသည် ။သို့သော် ထိုအချိန် က သူ က ပညာ ကို သာ ရိုးရိုးကုပ်ကုပ် ကြိုးစားနေသော စာကြမ်းပိုးလေး တစ်ယောက် ဖြစ်သည်မို့ ခင်မြကြူ ကလည်း အထင်ကြီး ဟန် မရှိပါ ။ သူ ကလည်း နှုတ် နှင့် သော် လည်းကောင်း ၊ စာ နှင့် သော် လည်းကောင်း ၊ ချစ်ခွင့် ပန်ခဲ့ခြင်း မရှိခဲ့ဖူးချေ ။

“ နေပါဦး ဟ ..... ခင်မြကြူ ဘယ်သူနဲ့ များ ရ သွားပါလိမ့် ... ”

သူ က အခန်းတံခါးသော့ ကို လှည့် ဖွင့်ရင်း စဉ်းစားသည် ။ ကျောင်း မှ ထွက်ပြီး နောက်ပိုင်း အဆက်အသွယ် သိပ် မရှိသဖြင့် ခင်မြကြူ တစ်ယောက် ဘယ်သူ နှင့် ဘယ်အချိန်တုန်း က ဘယ်လို အိမ်ထောင် ကျ သွားသနည်း မှတ်မှတ်သားသား မရှိလှပေ ။

သူ ကတော့ အမေ ရှာပေးသော သူဌေးသမီး တစ်ဦး နှင့် ရ ခဲ့သည် ။ မိန်းမ က သူ့ အတွက် သားလေး တစ်ယောက် မွေးပေးသည် ။ ထို့နောက် ပစ္စည်း တွေ တစ်ပုံတင်ပင်ကြီး ထားခဲ့ကာ တမလွန် သို့ ခပ်သုတ်သုတ် ထွက်ခွာ သွားသည် ။ သူ လည်း နောက် အိမ်ထောင် ပြုရန် စိတ် မဝင်စားသည့် အတွက် စီးပွားရေး လောက ထဲသို့ ကိုယ်ရော စိတ်ပါ ပစ်ပြီး ဝင်ခဲ့သည် ။ သူ တစ်သက်လုံး ကုသိုလ်ကံ ကောင်းခဲ့သူ ဖြစ်သဖြင့် ရှုံးသည် က နည်းနည်း ၊ နိုင်သည် က များများမို့ ပစ္စည်းဥစ္စာတွေ တစ်နေ့တစ်ခြား တိုးပွားခဲ့လေသည် ။ အခုတော့ တစ်ဦးတည်းသော သား က စင်ကာပူနိုင်ငံ တွင် သူ့ အိမ်ထောင် နှင့် သူ အခြေ ကျ နေချေပြီ ။ သူ့ အသက် က လည်း ငါးဆယ် နှင့် ခြောက်ဆယ် အကြား အလယ် တိတိ ငါးဆယ် နှင့် ငါးနှစ် ရှိခဲ့ပြီ ဖြစ်လေသည် ။

အခုတော့ သူ က အလုပ် ကို ပင်ပင်ပန်းပန်း လုပ်ရန် သိပ်ပြီး စိတ် မဝင်စားတော့ပေ ။ အလားအလာ ကောင်းသော ကုမ္ပဏီများ တွင် သာ ရှယ်ယာများ ထည့်ဝင်ပြီး ကုမ္ပဏီဒါရိုက်တာ ဟူသော အမည် ကို လူရိုသေ ၊ ရှင်ရိုသေ ခံယူ ထားသည် ။ ကံ ကောင်းချင်တော့ သူ ရင်းနှီးမြှပ်နှံထားသော ကုမ္ပဏီတွေ ကလည်း အကျိုးအမြတ် တော်တော်လေး ဖြစ်ထွန်းလေသည် ။ သူ့ အတွက် တော့ ဘဝ က သက်တောင့်သက်သာ ရှိ လွန်းသည် ။ အင်းလျားလမ်း က လုံးချင်းတိုက်ကလေး ကို ငှားထားသည့် ငွေ ကိုပင် သူ တစ်ဦး တည်း ကုန်အောင် မသုံးနိုင်ချေ ။ အပျော်အပါး ဝါသနာ မပါလှသဖြင့် အဖြုန်း မရှိ သောကြောင့်လည်း ဖြစ်နိုင်သည် ။ အလှုအတန်း ဝါသနာ မပါသောကြောင့် လည်း ဖြစ်နိုင်ပါသေးသည် ။

အခုတော့ ဆံပင် အတန်ငယ် ကျဲ ၊ ဗိုက် အနည်းငယ် ရွှဲသော သူဌေးကြီး ဘဝ သို့ ရောက်နေပြီ မို့ ရေကလေး ကူး လိုက် ၊ ဂေါက်သီးလေး ရိုက် လိုက် နှင့် ကိုယ့် ကျန်းမာရေး ကိုယ့် ဟာ ကိုယ် ဂရုစိုက် နေရသည် ။ ဆေးပေး မီးယူလေးအတွက် နောက် အိမ်ထောင်များ ပြုရရင် ကောင်းမလား ဟု တစ်ခါတစ်ရံ စဉ်းစားနေမိသည် ။ လူပျိုကြီး ဟု ခေါ်ခေါ် ၊ လူပြိုကြီး ဟု ခေါ်ခေါ် ခေါ်ချင် သလို ဘယ်လို ခေါ်ခေါ် ၊ သူ က အိမ်ထောင် မရှိသော လူလွတ် ယောင်္ကျား တစ်ဦး ဖြစ်သည် ။ ဒီတော့လည်း သူ ၏ စည်းစိမ်ဥစ္စာ နှင့်တကွ သူ့ ကိုပါ အိမ်ထောင် မရှိသော လူလွတ် မိန်းမများ က စိတ်ဝင်တစား ရှိနေကြလိမ့်မည် ဟု အတွင်း စိတ် က အမြဲ ထင်နေတတ်လေသည် ။

အခန်းတခါး ဖွင့်လိုက်တော့ တပည့်ကျော် မောင်ဦး ၏ စာ က ထုံးစံ အတိုင်း ဆီးကြို နေသည် ။

ဦးလေး
ကြက်သား ၊ ကြက်သွန် နှင့် ကြက်ဥ သွားဝယ်နေပါသည် ။
                    မောင်ဦး

“ အင်း .... ကြည့်ရတာတော့ သူ ကိုယ်တိုင် ကြက် ဖြစ်ပြီးမှ ပြန်လာ တော့မယ် ထင်ပါရဲ့ ”

သူ က မှန်ဘောင် တွင် ကပ် ထားသော စာ ကို စိတ်တိုတို နှင့် ဆွဲဆုတ်လိုက်သည် ။ မောင်ဦး က အပေါင်းအသင်း လည်း ဆံ့ ၊ စပ်လည်း စပ်စုတော့ ရောက်ရာ အရပ်တွင် တွေ့ရာ လူ နှင့် စကား လက်ဆုံ ကျနိုင်စွမ်း ရှိသူ ဖြစ်သည် ။ သူ ပြန်လာလျှင်လည်း သတင်းစကား အစုံအလင် ပါ လာတတ် သည် ။

ထမင်းအုပ်ဆောင်း ဖွင့် ကြည့်တော့ အဆင်သင့် ပြင်ထားသည်ကို တွေ့ရသည် ။ မဆာသေးသဖြင့် အသာ ပြန် အုပ်ခဲ့ကာ ဂြိုဟ်တုသတင်း ဖွင့်ကြည့်လိုက်သည် ။ ခဏနေတော့ ဒူရင်းသီး ကို လည်းကောင်း ၊ ခင်မြကြူ ကို လည်းကောင်း သူ မေ့သွားလေသည် ။

အင်း ... ခက်သည်က သူ က မေ့သော်လည်း ၊ ခင်မြကြူ က မမေ့ခြင်းပင်ဖြစ်သည် ။ နောက် နှစ်ရက် နေတော့ သူ့ ဆီ ကို ခင်မူမူဝင်း ရောက် လာသည် ။

“ မူမူ က ဒေါ်ခင်မြကြူ ရဲ့တူမ ပါ အန်ကယ်လ် ... ဒေါ်လေးကြူ က မုန့်ဟင်းခါး ပို့ ခိုင်းလိုက်လို့ပါ ၊ ဒီနေ့ မေမေ ဆုံးတာ ဆယ်နှစ်ပြည့် မို့ ဘုန်းကြီး ဆွမ်း ကျွေးပါတယ် ”

စိုပြည်ဝင်းဝါသော မိန်းကလေး ကို ငေး ကြည့်ရင်း ဦးမောင်မောင်ထွန်း က သူ့ ကိုယ် သူ ပင် အသက် သုံးဆယ် လောက် ငယ် သွားသည် ဟု ထင် မိသည် ။

“ အဲဒါမှ ခင်မြကြူ ၊ လွန်ခဲ့တဲ့ အနှစ် သုံးဆယ်ကျော် က တွေ့ခဲ့ဖူးတဲ့ ခင်မြကြူ အစစ် .... ”

တပည့်ကျော် မောင်ဦး က မုန့်ဟင်းခါးချိုင့် ကို လှမ်းနေစဉ် မူမူ က ဧည့်ခန်း တွင် ဝင် ထိုင်သည် ။မူမူ့ ဆီ မှ နံ့သာဖြူသနပ်ခါးနံ့လေး က တသင်းသင်း မွှေးနေသည် ။ သူ ငယ်ငယ်တုန်းက ခင်မြကြူ ဆီ သွား လည်တုန်းက လည်း နံ့သာဖြူနံ့လေး ရှုရှိုက်ခဲ့ရဖူးသည်ကို သတိရသည် ။

“ မူမူ က ခင်မြကြူ နဲ့ အတော် တူ တယ် နော် ... ခင်မြကြူ သမီး ဆိုရင်လည်း ယုံမှာပဲ ”

“ အို ... ဒေါ်လေး က အပျိုကြီးပါ နော် ... အန်ကယ်လ် ကလဲ... ”

“ ဟာ ... ကျောင်း မှာ တုန်းက ဝိုင်းဝိုင်း ကို လည်နေတာ ၊ ဘာလို့ အပျိုကြီး ဖြစ်ရတာတုံး ”

“ ရွေးလွန်းလို့ နေမှာပေါ့ အန်ကယ်လ် ရဲ့ ၊ ငါးသိုင်းများတော့ ဟင်းဟုန်တယ် တဲ့ ”

ဦးမောင်မောင်ထွန်း နှင့် ခင်မူမူဝင်း သည် ချက်ချင်း ရင်းနှီးသွားကြသည် ။

“ အေး အေး ညည်း လည်း ညည်း အဒေါ် လို သိပ် ရွေးမနေနဲ ”

သူ က နှုတ်ပေါ့ပေါ့ နှင့် နောက်ပြောင်သည် ။ ပြောမိပြီးမှ စိတ်များ ဆိုးသွားလေမလား စိုးရိမ် မိသော်လည်း ခင်မူမူဝင်း က ပြုံး နေလေသည် ။ ပြန်ခါနီးတော့ ' အန်ကယ်လ် တို့ စားချင် သောက်ချင် တာ ရှိရင် ပြောလေ ... မူမူတို့ ချက် ပေးပါမယ် ... ' ဟု ပြော သွားသည် ။

ခင်မူမူဝင်း ပြန် သွားတော့ သူ့ စိတ် ထဲတွင် အလိုလို ရွှင် နေသည် ။ မောင်ဦး က မုန့်ဟင်းခါး ထည့်ပေးတော့လည်း တော်တော်လေး အရသာ တွေ့ပြီး စားလို့ ကောင်းနေ၍ နောက်ထပ် တစ်ပန်းကန် ပင် ထပ် ထည့်ခိုင်းရသည် ။

“ သူတို့ က ကိုးထပ် မှာ နေတာလေ ... အဒေါ် နဲ့ တူမ နှစ်ယောက် တည်း နေတာ ၊ အိမ်ဖော် ကောင်မလေး တစ်ယောက် တော့ ရှိတယ် ထင်ပါရဲ့ ၊ အခု တစ်လောတော့ မတွေ့ပြန်ဘူး ၊ တော ပြန်သွားတယ် ထင်တယ် ၊ ခုနတုန်းက အစ်မ ပဲ ဈေး ဝယ်နေတာတွေ့ရတယ် ”

မောင်ဦး က သတင်း စကား စုံသည် ။

“ သူ ကရော ဘာ လုပ်သလဲ ”

“  တက္ကသိုလ် က ဆရာမ လို့ ပြောတာပဲ ၊ သိပ် ချမ်းသာပုံတော့ မရဘူး ဦးလေး ရဲ့ ၊ ချမ်းသာ ရင် ကိုယ်ပိုင်ကားလေး မောင်းပြီး ကျောင်း သွားမှာပေါ့ အခုတော့ ဘတ် ( စ် ) ကားနဲ့ ”

ဦးမောင်မောင်ထွန်း က “ ဪ ... သူ့ခမျာ ဘတ် ( စ် ) ကား တိုးပြီး ကျောင်း သွားနေရ ရှာတာကိုး ” ဟု တွေးပြီး ကရုဏာ ပိုချင်ချင် ဖြစ်သွားသည် ။ “ လမ်းကြုံရင်တော့ လိုက်ပို့ချင်ပါတယ် ကွယ် ” ဟု စိတ် ထဲမှ ဆက် တွေးနေမိသည် ။

ကုမ္ပဏီ က အစီရင်ခံစာတွေ ရောက်နေသည်မှာ သုံးလေးရက် ရှိပြီဖြစ်သည် ။ ဒီနေ့ မနက် ဖတ်မည် ဟု စိတ်ကူးထားသော်လည်း အခုတော့ မဖတ်ချင်သေးသဖြင့် အသာ ပြန် ချထားလိုက်သည် ။ ဂြိုဟ်တု သတင်း ဖွင့် ကြည့်လိုက်တော့ မိန့်ခွန်း ပြောနေသော အမေရိကန်သမ္မတ ကို တွေ့ရသည် ။ ခဏနေတော့ သမ္မတ ၏ မျက်နှာပေါ်တွင် ပြုံးနေသော ခင်မူမူဝင်း ၏ မျက်နှာ က ထပ်ပြီး ပေါ်လာသည် ။ ' အိမ် လာ လည် နော် အန်ကယ်လ် ' ဟု အပြုံးချိုချို နှင့် ပြောသည် ။

“ အင်း သွား လည်ဦးမှ ၊ လည်ဦးမှ ”

       •••   •••   •••   ••• 

ဒေါ်ခင်မြကြူ က သူ ၏ ဆံပင်များ ကို ဖြန့်ချပြီး ဘီးနှင့် ညှာညှာတာတာ ဖီးသည် ။ဆံပင်တွေ က တအား ကျွတ်ပြီး တဖြည်းဖြည်း ပါးလာတော့ အရင်တုန်းကလို အားရပါးရ မဖီးရဲချေ ။ ဆံပင် ဖီးနေရင်း ဦးမောင်မောင်ထွန်း ကို သတိ ရသည် ။ ကျောင်း တုန်းကလို နှုတ် မနည်းတော့ပဲ နှုတ်သွက် ၊ လျှာသွက်နှင့် အာဝဇ္ဇန်း ရွှင် လာသည်ကတော့ အမှန်ပင် ။

“ ဒေါ်လေး ”

ခုတင် ပေါ် တွင် ထိုင် နေသော မူမူ က လှမ်း ခေါ်သည် ။ မျက်နှာ ကလည်း မချိုမချဉ်လေး ပြုံး နေသည် ။

“ အန်ကယ်လ်ကြီး တော့ မရိုး ဘူးနော် .... သိလား ”

“ ဘာ မရိုးလို့လဲ မူမူ ရဲ့ ”

“ ဒေါ်လေး ကို အပျိုကြီး ပါ လို့ ပြောလိုက်တော့ ပြုံး သွားလိုက်တာများ ဒေါ်လေး ကို ပြ ချင်တယ် ”

အင်း .... သူ လည်း မြင်ခွင့် ရလျှင် မြင် ချင်ပါသည် ။ ရိုးရိုးကုပ်ကုပ် နှင့် စာကြိုးစားလှသော မောင်မောင်ထွန်းကလေး သူ့ ကို တမ်းတ မြတ်နိုးသော မျက်လုံးများ နှင့် ငေးကြည့် တတ်တာ ကို သူ မမေ့သေးပါ ။စက်မှု တက္ကသိုလ် မှ ကိုညွန့်မောင် နှင့် သူ ရယ်ရယ်မောမော စကား ပြောနေသည်ကို တွေ့တုန်းကလည်း မျက်နှာလေး ညှိုး ကာ ခေါင်းငိုက်စိုက် နှင့် ပြန် သွားသည် ကို မှတ်မိပါသေးသည် ။ ရှက်တတ်တာလား ၊ ကြောက်တတ်တာလား အားမရ စရာ ကောင်းလှသည် က ပွင့်ပွင့်လင်းလင်းပင် ဖွင့်ဟ ပြီး ချစ်ခွင့် မပန်ခဲ့ချေ ။

“ အခုလည်း ကြည့်ပါလား ... လက်ဆောင်တွေ တစ်ခု ပြီး တစ်ခု ယူပြီး လာလာ လည် နေလိုက်တာ ၊ ချောင်း ပေါက်တော့မယ် ... အဟင်း ဟင်း ”

ခင်မူမူဝင်း က ရယ် နေသည် ။

“ ဒေါ်လေးကြူ တူမ ဆိုတော့ မူမူ က လည်း မျက်နှာတွေ ကြီး လို့ ၊ အဒေါ် လို ချင် သူ့ တူမ ကို ဖျာ လို လိပ် ၊ ထိပ် ပေါ် တင် ... ”

“ ဟဲ့ ကောင်မလေး ၊ ဘာတွေ လျှောက်ပြောနေတာလဲ ... ”

“ ဟုတ်ဘူးလား ဒေါ်လေး က လဲ ... ကျောင်း ကို ကား နဲ့လိုက် ပို့တာလည်း နှစ်ခါ ရှိပြီ ၊ တစ်လမ်းလုံး သူ တို့ ငယ်ငယ်တုန်းက အကြောင်း ၊ ကျောင်းတုန်းက အကြောင်း တွေ ပြော ပြပြီး တဟားဟား နဲ့ ၊ ဒေါ်လေး ကို မကြိုက်ခဲ့ဘူးလား လို့ မေး လိုက်တယ် သိလား ”

“ သူ က ဘာပြန် ပြောတုံး ... ”

ဒေါ်ခင်မြကြူ က မသိမသာ ရင် ခုန်သွားလေသည် ။

“ အန်ကယ်လ်ကြီး က ရယ် လိုက်တာလေ ။ ဒေါ်လေး က လှတော့ ကြိုက်တာပေါ့ တဲ့ ... ဒေါ်လေး ရဲ့ အလှ က ကျောင်း မှာ သိပ် ထင်ရှားခဲ့တာ တဲ့ ”

မူမူ က ဒေါ်ခင်မြကြူ ၏ ဆံပင်များ ကို နောက်ဖက် မှ စုသိမ်းကာ ပုံ့ပုံ့ကလေး ထုံးဖွဲ့ ပေးသည် ။ ထို့နောက် မှန်တင်ခုံ ပေါ် တွင် အသင့် ရှိနေသော စံပယ်ပန်းကုံးကလေး ကို ရစ်ခွေ ပန်ဆင်ပေးသည် ။

ဒေါ်ခင်မြကြူ က မှန် ထဲ တွင် ပေါ်နေသော မူမူ ၏ အရိပ် ကို ငေးစိုက် ကြည့်နေရင်း သူ့ ကိုယ် သူ လည်း အဲဒီလောက် နီးပါး လှ နေသည်ဟု ထင်နေသည် ။ ကိုမောင်မောင်ထွန်း ကတောင် ပြောလိုက်သေးသည် မဟုတ်လား ။ အရင်တုန်းက အတိုင်းပဲ ၊ ရုပ် မပြောင်းဘူး တဲ့ ၊ မော်ဒယ် တွေ တောင် ငိုသွားမယ် တဲ့ ... အို ဒါကတော့ သူ ပို တာပါ ကွယ်... ကြူကြူ အဲဒီလောက်တော့ မလှ နိုင်တော့ပါဘူး ။

ဒေါ်ခင်မြကြူ သည် မှန် ထဲ ကို ငေးကြည့်ရင်း ကြည်ကြည်နူးနူးလေး ပြုံး နေမိသည် ။ တစ်နေ့တုန်း ကတော့ သူ့ ကိုယ် သူ တစ်ပေါင်း များစွာ နဲ့ မောင်မောင်ထွန်း ဟု ပြောနေသေးသည် ။

“ မိန်းမ တစ်ယောက် ၊ သား တစ်ယောက် ၊ ကား တစ်စီး ၊ တိုက် တစ်လုံး ၊ တိုက်ခန်း တစ်ခန်း ၊ တပည့် တစ်ယောက် ... ဟာ ... တစ် တွေ အရမ်း များနေတယ် ခင်မြကြူ ရဲ့ ၊ အဲဒီ ထဲ မှာ မိန်းမ တစ်ယောက် က ဆုံးသွားတာ ကြာပြီ ဆိုတော့ အစား ထိုး လို့ ရနေပြီ ”

ဟု ချိုရီဝေစွာ ပြောသည် ။ ကြည့် ... မူမူ ပြောတာတော့ ဟုတ်နေပြီ ထင်ပါတယ် ။

“ ကိုကျော် က လက်ထပ်ဖို့ ပူဆာလှပြီ ဒေါ်လေး ရဲ့ ... နိုင်ငံခြား မှာ တစ်ယောက် ထဲ အလုပ် လုပ် နေတာ ဆိုတော့ မူမူ ကလည်း သိပ်ပြီး စိတ် မချဘူး ၊ ဒေါ်လေး ကို တစ်ယောက် ထဲ ထားခဲ့ရမှာ စိုးလို့သာ အချိန် ဆွဲ နေရတာ အခုတော့ အေးဆေးပဲ ၊ အန်ကယ်ကြီး လက် ထဲ မှာ စိတ်ချလက်ချ အပ် ခဲ့မှာ သိလား ”

“ ဪ .... ဒီကောင်မလေး .. ပြောလေ ကဲလေပါလား ဟဲ့ ”

ဒေါ်ခင်မြကြူ က ရှက်စနိုး ဖြစ် နေသည် ။ ကိုမောင်မောင်ထွန်း ခမြာ သနားစရာ ။ ယူ လာလိုက်သည့် ပန်းသီးတွေ ၊ စပျစ်သီးတွေ ဆိုတာ စား ၍ပင် မကုန်နိုင် ၊ ရေခဲသေတ္တာ ထဲ တွင်လည်း ချောကလတ် တွေ ရှိ နေသေးသည် ။ မူမူ့ ကို လည်း မျက်နှာ လုပ်ရရှာသည် မှာ အမော ... ။ မူမူ ကလည်း သူ့ ကို ခင်ရှာပါသည် ။ ခင်လွန်း လို့ သူ အင်မတန် ချစ်သည့် ဒေါ်လေး နှင့် သဘောတူတာပေါ့ ။ ဒါပေမဲ့ ကိုယ် ကလည်း အသက် ငါးဆယ် ကျော် နေပြီ ကွယ် ... သူ ဖွင့် ပြောလာရင် ငြင်းတော့ ငြင်း ရဦးမှာ ပေါ့ ၊ ဟန်ဆောင်လေး ဖြစ်ဖြစ် ငြင်းရဦးမှာပေါ့ နော် ... ။

ဒီနေ့တော့ စိတ် မရှည်တော့သော မူမူ က သူတို့ နှစ်ဦး ကို ပေါ်တင်ကြီးပင် စတော့ နောက်တော့ သည် ။

“ ဒါပဲနော် အန်ကယ်ကြီး ၊ မူ မရှိတော့ရင် ဒေါ်လေး ကို ပစ် မထားရဘူး နော် ”

“ မူ က ဘာလို့ မရှိရမှာလဲ ”

“ မူ က လက်ထပ်တော့မှာ လေ ”

“ ဟင် ... ”

“ မူ လက်ထပ်ပြီး သူ့ နောက် လိုက် သွားရရင် ဒေါ်လေး ကို စောင့်ရှောက်ရမှာ နော် ... မူ့ ဒေါ်လေး ကို အန်ကယ်ကြီး က လွဲလို့ ဘယ်သူ နဲ့ မှ စိတ်မချဘူး ”

“ ဟဲ့ .... မူမူ လူကြီးတွေ ကို နောက် စရာလား ”

ဒေါ်လေး က အသံတုန်တုန်လေး နှင့် အော်ရင်း ခေါင်း ငုံ့ထားသည် ။ အန်ကယ်ကြီး ကတော့ မျက်နှာကြီး နီ နေလေသည် ။

       •••   •••   •••   ••• 

ဦးမောင်မောင်ထွန်း သည် ထိုနေ့ မှ စ၍ ဒေါ်ခင်မြကြူ တို့ ၏ တိုက်ခန်း ဆီ သို့ အလည် မလာတော့ပေ ။ ဒေါ်ခင်မြကြူ ကတော့ ' သူ့ခမျာ ဟိုး အရင် ကတည်း က သိပ် ရှက်တတ်တာ .... မူမူ က အတင်း စ တော့ ရှက်ပြီး မလာရဲတော့ဘူး ပေါ့ ကွယ် ... သနားစရာ ' ဟု ခပ်ဆွေးဆွေးလေး ပြောရှာလေသည် ။

◾ မစန္ဒာ

📖 နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်း
     ၂ဝဝ၂ ခုနှစ် ၊  ဩဂုတ် လ

www.facebook.com/aung.naingoo.3726613

.

 

No comments:

Post a Comment