Monday, June 6, 2022

မျက်လုံး ၏ အစိတ်အပိုင်း


 

❝  မျက်လုံး ၏ အစိတ်အပိုင်း ❞

မျက်လုံးများ သည် လူ ၏ ကိုယ်ကာယ အစိတ်အပိုင်းများ ဖြစ်ကြောင်း သေချာလျှင် သို့မဟုတ် မျက်လုံး ဖြင့် ကြည့်သော အကြည့်များ သည် ကာယကံ မြောက်သည် ဟု သေချာလျှင် ...

ကျွန်တော်တို့ နှစ်ယောက် သည် ကာယကံမြောက် အပြစ် ကျူးလွန်မိကြသူများပါတည်း ။

ည က မိုး သည်းထန်စွာ ရွာခဲ့လိမ့်မည် ထင်၏ ။ မျက်နှာသစ် ရန် သွားသောအခါ စည်ပိုင်း တွင် ရေများ ပြည့်လျှံနေသောကြောင့် ဖြစ်ပါသည် ။ ည က မိုးရွာနေသော အချိန်တွင် အိပ်မက် ထဲ ရောက် နေသောကြောင့် မသိလိုက်ခြင်း ဖြစ်ပါလိမ့်မည် ။

ည က အိပ်မက် ထဲ တွင် သူ့ ကို ထူးထူးခြားခြား ပြန်တွေ့ ခဲ့လေသည် ။ သူ နှင့် ခွဲခွာပြီး နောက် တစ်လ နှစ်လ လောက် အထိ သူ့ အကြောင်း ကို ညစဉ် လို ပင် အိပ်မက် မက် ခဲ့၏ ။ နောက် မ မက်တော့ချေ ။ ည က မှ တစ်ကြိမ် ပြန် မက်ခြင်း ဖြစ်သည် ။ သုံးနှစ် ရှိခဲ့ပြီ ။

သူ နှင့် ခွဲခွာခဲ့ပြီး နောက် နှစ်လ လောက် အထိ အလူးအလဲ ခံ လိုက်ရပါသည် ။ နှစ်လ လောက် အထိ ဟု ဆိုသောကြောင့် နောက်ပိုင်း တွင် မခံ ရတော့ ဟု မဆိုလိုပါ ။ ရက်ဆက် ၍ မခံ ရတော့ခြင်း ကိုသာ ဆိုလိုပါ၏ ။ ရက် ခြား ၍ လာခဲ့သည် ။ နောက် လ ခြား လာသည် ။ နောက်တော့ တစ်ခါ တလေ သူ နှင့် ဆိုင်သော အကြောင်း တစ်ခုခု နှင့် တိုက်ဆိုင် လာ မှပင် သတိ ရပါတော့သည် ။

ည က သူ ပါဝင်သော အိပ်မက် သည် ဟို ယခင်အခါဆီက မက်ခဲ့သော အိပ်မက်များ ထက် ပို၍ လက်တွေ့ ဘဝ နှင့် နီးစပ်လာသည် ။

ထို အိပ်မက် ထဲ ၌ သူ့ ကို အိမ်ထောင် ကျပြီးသော အမျိုးသမီး တစ်ယောက် အဖြစ် တွေ့ ခဲ့သောကြောင့် ဖြစ်လေသည် ။

လွန်ခဲ့သော သုံးနှစ် ခန့် က မက် ခဲ့သော အိပ်မက်များ ထဲ ၌ မူ သူ့ ကို အပျိုစင် အဖြစ် ဖြင့် သာ မက် ခဲ့သည် ။ ထိုအချိန် က သူ အိမ်ထောင် ကျ ပြီး လေပြီ ။ သို့ရာတွင် ထိုစဉ်က အိပ်မက် ထဲ ၌ မူ သူ သည် အပျိုစင် ဖြစ်နေလေ၏ ။

ည က အိပ်မက် ထဲ တွင် သူ နှင့် ကျွန်တော် သည် ဘတ်စ်ကား ပေါ် တွင် တွေ့ ကြသည် ။ ထိုင်ခုံ တစ်ခု တွင် ဘေးချင်း ယှဉ်လျက် ။ သူ က သူငယ်ချင်း တစ်ယောက် အိမ် သွားချင်သည် ဆို၍ ကျွန်တော် လိုက် ပို့သည် ။

ကျွန်တော်တို့ နှစ်ယောက် သည် လက် တွဲ၍ လျှောက် နေကြလေသည် ။ ထို အချိန်မျိုး တွင် သူ့ ခင်ပွန်း သည် ကသာ ကျွန်တော် တို့ ကို မြင် သွားလျှင် ဘယ်လိုများ သဘော ထား လိမ့်မလဲ ဟု တွေးရင်း ပြုံးမိ၏ ။

ထိုနေရာ အရောက် မှာ ပင် အတွေးစ ရပ် သွားသးည် ။ ကိုယ့် အဖြစ် ကို သတိ ထား မိသောအခါ ကျွန်တော် သည် သွားပွတ်တံ ကို ကိုင် လျက် ပြုံးပြုံးကြီး ဖြစ် နေလေသည် ။ ဆက်လက်၍ ပြုံး မနေ မိစေရန် ပါးစပ် ထဲ သို့ သွားပွတ်တံ ကို ထိုး ထည့် လိုက်ရသည် ။ မျက်နှာ သစ် လိုက်သော အချိန် မှာပင် အိပ်မက် အကြောင်း အတွေး ထဲ က ပျောက် ၍ သွား ပြန်လေသည် ။

ဒီနေ့ သူ နှင့် တွေ့ရလိမ့်မည် ဟု မမျှော်လင့်ခဲ့ ။ အမှတ် ခုနစ် ကား ပေါ် မှာ တုန်း ကတော့ သူ နှင့် တိုက်ဆိုင်သော နေရာ တစ်ခု ကို ဖြတ် အသွားမှာ သူ့ ကို ခဏတဖြုတ် သတိ ရမိခဲ့သည် ။ ရွှေတိဂုံဘုရား ကို လှမ်း မြင် လိုက်ရသောအခါ သူ အိမ်ထောင် ကျ ပြီးချိန် မှ စ၍ တစ်ခါမျှ ပြန် မတွေ့ခဲ့ဖူးသည့် အကြောင်း စဉ်းစား မိခြင်း ဖြစ်ပါသည် ။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ထဲ သို့ ဝင် ခဲ့သည် ။ မြွေစိမ်းမြီးခြောက် ကို ကြည့် ချင်သောကြောင့် ဖြစ်၏ ။ မမြင်ဖူး၍ မဟုတ်ပါ ။ ရေးလက်စ ဝတ္ထု ထဲ တွင် မြွေစိမ်းမြီးခြောက် အကြောင်း ပါ နေသောကြောင့် သေချာအောင် လာ ကြည့်ခြင်း ဖြစ်ပါသည် ။

ဟော ... မြွေ ဆိုလို့ သူ့ ကို သတိ ရပြန်ပြီ ။ သူ သည် မြွေ ကို အလွန် ကြောက် တတ်၏ ။ သူ နှင့် ကျွန်တော် ဒီ မြွေရုံ ထဲ ကို ဝင် ကြည့်ခဲ့စဉ်က သူ သည် ကျွန်တော့် လက် ကို တင်းကျပ်စွာ ဆုပ် ကိုင်၍ ထားခဲ့သည် ။

“ မကြောက်ပါနဲ့ သားသားရဲ့ ၊ မြွေကြီးတွေ က လှောင်အိမ် ထဲ မှာပါ ၊ ထွက် လာလို့ မရပါဘူး ကွ ”

လူတို့ တွင် ကိုယ်ပိုင် အသံ တစ်မျိုးစီ ရှိကြသော ကြောင့် ည အမှောင် ထဲမှာ ပင် အသံ ကို ကျက်၍ တစ်ဦး နှင့် တစ်ဦး မှတ်မိ နိုင်ကြသည် မဟုတ်လား ။ ထို အသံရှင် သည် သူ ဖြစ်ကြောင်း သိ လိုက်သည်နှင့် တစ်ပြိုင်နက် ကျွန်တော့် ဦးခေါင်း သည် ဖျတ်ခနဲ လှည့် ကြည့်မိသည် ။

ကျွန်တော့် ကို မြင် သောအခါ သူ့ မျက်လုံး ထဲ ၌ အံ့ဩဟန် ကို ခဏတွေ့ရသည် ။ “ မောင် ” ဟု ခေါ်ရန် နှုတ်ခမ်း ကို စေ့ လိုက်၏ ။ သူ့ ဘေး မှာ ရပ် နေသော နှစ်နှစ်သား ခန့် ကလေးငယ် ကို ငုံ့ ကြည့်သည် ။ ထို့နောက် ...

“ ဪ ... ကိုဇော်ဦး ”

လူ့ စိတ် သည် စက္ကန့်ပိုင်း အတွင်း မှာ အကြောင်းများစွာ ကို စဉ်းစား နိုင်ပါသလား မသိ ။ ထို အခိုက်အတန့် မှာ ပင် သူ့ ကို အရင်က လို “ မ ” ဟု ခေါ် ရမလား ၊ သို့တည်း မဟုတ် “ ခင်မမ ” ဟု ခေါ်ရမလား ၊ “ မခင်မမ ” ဟု ခေါ် ရမလား စဉ်းစား ဆုံးဖြတ်ရသည် ။

“ မ နေကောင်းတယ် နော် ”

ခုချိန်မှာ သူ့ ကို “ မခင်မမ ” ဟု ခေါ် လျှင် ငေါ့ ရာ ကျမည် ထင်သည် ။ သူ့ အနေနှင့်ကား ကျွန်တော့် ကို “ မောင် ” ဟု မခေါ်သင့်တော့ မှန်း ကျွန်တော် နားလည်ပါသည် ။ အမှန်အားဖြင့်မူ ဘယ်လို ခေါ်ခေါ် ခုချိန် မှာ အကြောင်း ထူး မလာနိုင်တော့ပါ ။

“ သား ကို တိရစ္ဆာန်ရုံ ထဲ လာ ပြတာပါ ”

နောက်ထပ် ပြောစရာစကား ကို စဉ်းစား လိုသောကြောင့် ထင်၏ ။ သူ့ သားကလေး ကို ငုံ့ ကြည့်နေသည် ။ သူ့ သားကလေး သည် မှန်လှောင်အိမ် ထဲ က ငါးကလေးများ ကို ငေး ကြည့်နေသည် ။

ထိုအချိန်တွင် သူ့ ကို ဂရုစိုက် ကြည့်ရန် အခွင့်အရေး ရသည် ။ သူ့ မျက်နှာ သည် အရင် ကထက် ပို၍ ရင့်ကျက် နေသည် ။ သူ့ ကိုယ်ခန္ဓာအချိုးအစား ကား လုံးဝ ပြောင်းလဲ နေလေပြီ ။ သူ့ ပါး ပေါ် က မှဲ့နီကလေး တစ်လုံးကြောင့် သာ သူ့ ကို မြင်မြင်ချင်း မှတ်မိနေခြင်း ဖြစ်သည် ။ သို့တည်း မဟုတ် သူ့ အသံ ကို မှတ်မိခြင်း လည်း ဖြစ်နိုင်သည် ။

ခု သူ့ ကိုယ်ခန္ဓာ အချိုးအစား သည် လွန်ခဲ့သော သုံးနှစ် ခန့် က အချိုးအစား နှင့် ပြောင်းပြန် ဖြစ် နေလေသည် ။

အရင်က ဆိုလျှင် သူ့ခန္ဓာကိုယ် အပေါ်ပိုင်း သည် ဖုသင့် ဖောင်းသင့် သည့် နေရာ မှ လွဲ၍ ချပ်ချပ်ရပ်ရပ် ရှိ၍ ကိုယ်ခန္ဓာ အောက်ပိုင်းသည် စွင့်စွင့်ကားကားရှိသည် ။ ခု ကျ တော့ ကိုယ်ခန္ဓာ အပေါ်ပိုင်း သည် စွင့်စွင့်ကားကား ဖြစ်နေ၍ အောက်ပိုင်း သည် ချပ်ချပ်ရပ်ရပ် ဖြစ်နေလေပြီ ။

သူ့ ကို ပထမဆုံး အကြိမ်  စ တွေ့ တုန်း က သာ ခုလို ကိုယ်ခန္ဓာ အချိုးအစားမျိုး ဆိုလျှင် သူ့ ကို ကျွန်တော် ချစ် ချင် မှ ချစ်ခဲ့ပေလိမ့်မည် ။

သူ နှင့် မခွဲခွာမီ နောက်ဆုံး တွေ့ ခဲ့ သော နေ့ က ကျွန်တော် ပြော ခဲ့သော စကားများ ကို သတိ ရမိသည် ။

“ တစ်ချိန် ချိန် မှာ များ မ မောင့် ကို ပြန် ချစ်လာခဲ့မယ် ဆိုရင် အချိန် မရွေး ပြန်လာခဲ့ပါ ၊ အဲဒီအခါ မ ဘယ်လို ဘဝမျိုး မှာပဲ ဖြစ်ဖြစ် ၊ ဘယ်လို အခြေအနေမျိုး မှာပဲ ဖြစ်ဖြစ် ၊ အို .. ကလေး ငါးယောက် အမေ ပဲ ဖြစ် နေပစေ ၊ မောင် ကြည်ကြည်ဖြူဖြူ လက် ခံမှာပါ ”

သို့ရာတွင် ထိုသို့ စဉ်းစားမိသည့် အတွက် ကျွန်တော် မပြုံးမိပါ ။

“ ဒါ ကျွန်မ သား လေ ”

ကလေး ၏ ဆံပင် ကို ပွတ်သပ်ရင်း ပြောသည် ။ ထို စကားသည် မထူးဆန်းပါ ။ သို့ရာတွင် သေသေချာချာ တေွး ကြည့် လျှင် ဆန်းသည် ။ တစ်မျိုး ပဲ ၊ သူ က ကလေး ကို ကျွန်မ ကလေး ဟု ပြောသည် ။

သူ နှင့် ကျွန်တော် သည် ချစ်သူ များ ဖြစ်ခဲ့ ကြဖူး၏ ။ အမှန်အားဖြင့် ဆိုလျှင် ဒီ ကလေး သည် သူ နှင့် ကျွန်တော်တို့ တစ်ဖက် တစ်ချက် စီ လက် ကို ဆွဲ ၍ တိရစ္ဆာန်ဉယျာဉ် အနှံ့ လိုက် ပြသော ကလေး ဖြစ်သင့်သည် ။

သို့ရာတွင် ကျွန်တော် ဆိုလိုသော ကလေး သည် ယခု တွေ့နေရသော ကလေး မဟုတ်ပြန် ။ အတွေး စ တစ်ခု ရလျှင် တစ်သီကြီး ဆက်တွေး  တတ်သော ဝါသနာ ကြောင့် သာ လျှောက် တွေး နေခြင်း ဖြစ်ပါသည် ။ စိတ် ထဲ ကမူ ဆွေးဆွေး မြည့်မြည့် မခံစားရပါ ။ ရင် က လည်း မခုန်ပါ ။

“ ကျွန်တော် လည်း မြွေစိမ်းမြီးခြောက် ကို လာ ကြည့်တာ ”

ပြောပြီး မှ သတိ ရသည် ။ ကျွန်တော် သည် အရင်တုန်းက လိုပဲ စကား ကို ပြော ချင်သည့် နေရာက စပြော၍ ရပ် ချင်သည့် နေရာတွင် ရပ် တတ်တုန်းပဲ ဟု သူ ထင် သွားမည်လား မသိ ။

“ ဟို ... ဒီလိုပါ ၊ ဝတ္ထု တစ်ပုဒ် ထဲ မှာ မြွေစိမ်းမြီးခြောက် အကြောင်း ထည့် ရေးမလို့ ၊ အဲဒါ သေချာအောင် လာ ကြည့်တာပါ ”

“ ဪ ... ဪ ၊ အင်း ... ကိုဇော်ဦး ရဲ့ ဝတ္ထုတွေ ဖတ် ရပါတယ် ၊ ဟိုတစ်နေ့ကတောင် ငွေတာရီ မဂ္ဂဇင်း ကို အပျင်းပြေ လှန်ရင်း ဝတ္ထုတိုကလေး တစ်ပုဒ် ဖတ် လိုက်ရသေးတယ် ၊ ရေခဲရေ ရောင်းတဲ့ ကောင်လေး အကြောင်း ”

သူ သည် ကျွန်တော့် ဝတ္ထုများ ကို တမင်တကာ ရှာဖွေ၍ ကျွန်တော့် ကိုယ်စား အလွမ်းပြေ ဖတ်ခြင်း ဟူသော အဓိပ္ပာယ် သို့ မရောက် စေရန် အပျင်းပြေ လှန်ရင်း ဆိုသော စကား ကို ထည့် ပြောခြင်း ဖြစ်သည် ဟူ၍ ကျွန်တော် မယူဆပါ ။

“ ဒီလိုပေါ့ဗျာ ”

ကျွန်တော့် စကား သည် ဘာကို ဆိုလိုမှန်း ကျွန်တော့် ဘာသာ ပင် မသိ ။ သူ လည်း သိလိမ့်မည် မထင် ။ ဘာ ပြောရမှန်း မသိသော အခါ ဤသို့ပင် ဒီလိုပေါ့ဗျာ ဟူ၍ ဘာမှန်း မသိ ပြော တတ်သော အလေ့အထ ပင် ဖြစ်ပါလိမ့်မည် ။

သူ့ အကြံ ကို ကျွန်တော် က ဦး သွားသောကြောင့် “ ဒီလိုပေါ့ရှင် ” ဟု သူ ပြောရန် မဖြစ်နိုင်တော့ချေ ။ ထို့ကြောင့် သူ သည် တစ်ခြား စကား တစ်ခုခု ကို ရှာဖေွရလေသည် ။

“ ကျွန်မ သူငယ်ချင်းတွေ ကတော့ ကြိုက် ကြပါတယ် ”

“ ခင်ဗျာ ”

ပြော ပြီးမှ သူ့ စကား အဆက်အစပ် မရှိမှန်းကို သိ သွား၏ ။ သေသေချာချာ စဉ်းစား ရွေးချယ်ပြီးမှ ပြော လိုက်သော စကား သည် ကမောက်ကမ ဖြစ် သွားသောကြောင့် ရယ်ချင်သွားဟန် တူသည် ။

သူ ရယ် ၏ ။ ကျွန်တော် လည်း ရယ်သည် ။ ထို စကားသည် အကြီးအကျယ် ရယ်ချင်စရာ မကောင်းသော်လည်း စောစောတုန်း က ရယ်ချင် နေသော ကိစ္စများ ကို ပါ ရော၍ ရယ် လိုက်ရသောကြောင့် နည်းနည်း ကြာသွားသည် ။

“ ဟို ... အဟင်း ... မဟုတ်ပါဘူး ၊ ကိုဇော်ဦး ရဲ့ ဝတ္ထုတွေ ကို ပြော တာပါ ”

ရယ်မိကြ ပြန်သည် ။ သူ့ ဟန်အမူအရာ သည် ရဲတင်း ၍ လာသည် ။ သူ သည် ကျွန်တော့် ကို ပွင့်လင်းရိုးသားစွာ ဆက်ဆံရန် ဟန် ပြင်လိုက်လေသည် ။

“ အိမ်ထောင် မပြုသေးဘူးလား ”

သူ့ မေးခွန်း သည် ကျွန်တော် ၏ ကိုယ်စိတ်နှစ်ပါး ကို မည်သို့မျှ မထူးခြားစေပါ ။ သူ သည်လည်း မျက်လွှာ ကို ချ ၍ မနေပါ ။ လက်သည်းချင်း ကုတ်ဖဲ့ ၍ မနေပါ ။ လက်ကိုင်ပဝါ ကို လက်ညှိုး မှာ ရစ်ပတ် ၍ မနေပါ ။

“ မပြုသေးပါဘူးဗျာ ”

မ ကို လက် မထပ် ရရင် တစ်ခြား ဘယ် မိန်းကလေး ကို မှ လက် မထပ်တော့ဘူး ဟူသော အဓိပ္ပာယ် ဖြင့် ပြောခြင်း မဟုတ်ကြောင်း သူ နားလည်ပါလိမ့်မည် ။

“ ဘာလဲ ၊ များ လွန်းလို့ အရွေး ရ ခက်နေတာလား ”

“ မဟုတ်ပါဘူး ၊ ကြိုက်မယ့် လူ မရှိလို့ပါ ဗျာ”

သူ က မိတ်ဆွေ တစ်ယောက် ကို မေး သလို မေး၍ ကျွန်တော် က သူငယ်ချင်း တစ်ယောက် ကို ဖြေ သလို ဖြေ ပါသည် ။

ကျွန်တော်တို့ ကား လွမ်းဆွတ်ဖွယ် ကောင်းသော စကားတို့ ကို ရယ်ကာ မောကာ ပြော နေကြလေသည် ။

“ ဟိုင်း သွားတော့လည်း လူပျိုကြီး ပဲ လုပ် နေလိုက်တာပေါ့ လေ ”

ပြုံး သည် ။ ခဏ စဉ်းစားသည် ။

“ ဆေးလိပ် ပြတ်သွားပြီလား ”

“ ဟာ ... ဟုတ်တယ် ၊ ခုမှ ဆေးလိပ် သောက်ဖို့ သတိရတယ် ၊ ခုလို သတိပေးတာ ကျေးဇူးတင်တယ် ဗျို့”

ပြိုင်တူ ရယ် လိုက်ကြသည် ။ ခပေါင်းစီးကရက် တစ်လိပ် ကို ထုတ်ယူ ၍ ညှိ သည် ။ တစ်ဖွာ နှစ်ဖွာ လောက် ဖွာပြီး တစ်ခုခု ကို ပြောရန် ဟန် ပြင်သည် ။

“ မေမေ ... ရေ ရေ တောက် ”

ကလေးငယ် က ဝင်၍ သတိ ပေး မှပင် လမ်း ခွဲဖို့ ကို သတိ ရမိတော့သည် ။

“ အေး ... အေး ၊ သောက်ရမယ် သား ၊ ကဲ ကိုဇော်ဦး ကျွန်မတို့ သွားဦးမယ် ”

“ ဟုတ်ကဲ့ ကြုံရင်လည်း ဝင် ပါ ၊ ကျွန်တော် မျောက်ရွာ မှာ နေပါတယ် ”

သူ အသံ ထွက်အောင်ပင် ရယ် ၏ ။ သူ့ သားကလေး ကို ပွေ့ ချီ လိုက်သည် ။

“ ကဲ ... သားသား ၊ ဦးဦး ကို နှုတ်ဆက် လိုက် ”

ကလေးငယ် က ပြူးကြောင်ကြောင် ကြည့် နေသည် ။

“ အမေတူ သားကလေး ပဲ ၊ ချော တယ် ”

“ ခုလို မြှောက် ပြောတဲ့အတွက် ကျွေးစရာမွေးစရာ ဆိုလို့ ဒီ နားမှာ မြေွတွေ ပဲ ရှိတယ် ”

“ ဟုတ်ကဲ့ ၊ ကျွန်တော် ကလည်း မြွေသား ကြိုက်ပါတယ် ”

“ ကဲ ... အရွှတ်အနောက် ပြော နေလို့ မပြီးသေးဘူး ၊ သွားလိုက်ဦးမယ် ၊ သား ... ပြော လေကွာ ၊ ဦးဦး ပြန်ပါဦးမယ် ခင်ဗျာ လို့ ”

ကလေးငယ် သည် တစ်ချက် ရယ်သည် ။ လက်မောင်းကလေး ကို ကုတ်သည် ။ ပြီးတော့ ...

“ ဝူးဝူး ၊ တွားဝါးမယ် ”

“ အေး ... အေး ၊ ကောင်းပါပြီ သား ရယ် ”

သူ့ ကလေး ကို သား ဟု လွှတ်ခနဲ ခေါ်မိသည် ။ ထိန်းချုပ်ရန် အချိန် မရလိုက် ။ မှား ပြီ ။ သူ ကျွန်တော့် ကို ဖျတ်ခနဲ ကြည့်သည် ။ သူ့ ကို ပထမဦးဆုံး အကြိမ် ချစ်စကား ပြောစဉ်က တစ်ကြိမ် ၊ သူ့ လက်ကလေး ကို ပထမဦးဆုံး အကြိမ် ဆုပ်ကိုင်ခဲ့စဉ် က တစ်ကြိမ် ၊ နှစ်ကြိမ် သာ တွေ့ ခဲ့ဖူးသော အကြည့်မျိုး ။

ရင် ထဲ က ကျင်ခနဲ ခံစားလိုက်ရသည် ။ စိတ် အစဉ် သည် ကိုယ် မှ ခဏ ခွာ၍ အတိတ် ဆီ သို့ ပြန် သွားသည် ။ စက္ကန့်ပိုင်း အတွင်း မှာ ပင် အကြောင်းပေါင်း များစွာ ။

ချစ်စကား ပြောသည် ။ ဖျတ်ခနဲ ကြည့်သည် ။ မြွေကြီးများ ။ လက် ကို ဆုပ် ကိုင်သည် ။ ကြေးဆင်းတုတော် ။ ဗိုလ်ချုပ်ပန်းခြံ ။ ရယ် သည် ။ ဆံပင်ကို ပွတ်သပ်သည် ။ နှုတ်ခမ်း စူသည် ။ ဆီချက်ခေါက်ဆွဲ ။ ငိုသည် ။

စိတ် နှင့် ရုပ် ပြန် ပေါင်း မိသောအချိန်တွင် “ သွားမယ် ” ဟူသော စကား ကို ကြား မိသည် ထင်၏ ။ သူ ထွက်သွားသည် ။ သူ့ ကျောဘက် ကို ငေးကြည့် မနေမိစေရန် မျက်နှာ ကို ချာခနဲ လှည့် ပစ် လိုက်ရသည် ။

လှောင်အိမ် ထဲ က စပါးကြီးမြွေများ သည် လူတို့ ကို ညှို့နိုင်စွမ်း မရှိတော့ ဟု ယုံကြည်ရန် ခက်သည် ။

◾ မင်းလူ

📖 ရှုမဝ မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၁၉၇၉

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment