Wednesday, June 15, 2022

အရက် ဖြတ်ခြင်း အကြောင်း

❝ အရက် ဖြတ်ခြင်း အကြောင်း ❞

ဤ စာ ကို ဆေးရုံ ပေါ် မှာ ရေးနေခြင်း ဖြစ်ပါသည် ။

ကျွန်တော် ရောက်ရှိနေသော ဆေးရုံ မှာ ( ငါးထပ်ကြီးဘုရားလမ်း ) ရှိ ပြည်သူ့ ဆေးရုံ ( တိုင်းရင်းဆေး ) ရန်ကုန်မြို့ ဖြစ်ပါသည် ။

ဆေးရုံ တက်ရခြင်း အကြောင်းရင်း မှာ ကျွန်တော် အရက် ဖြတ်လိုက်သောကြောင့် ဖြစ်ပါသည် ။ ဟို တစ်ခါက ရုပ်ရှင်စာစောင် တစ်ခု တွင် သုမောင် အရက်တကယ် ပြတ်ပြီ ဟူသော သတင်း ပါလာသဖြင့် ကျွန်တော် နှင့် ပတ်သက်သမျှသော ပရိသတ် ၊ မိတ်ဆွေများ ၊ မိသားစုများပါ မကျန် အားလုံး ဝမ်းသာခဲ့ကြသည် ။

သို့ရာတွင် ထိုစဉ် က ကျွန်တော် အမှန်တကယ် အရက် ပြတ်သွားခြင်း မဟုတ်သေးကြောင်း ရိုးသားစွာ ဝန်ခံရမည် ဖြစ်ပါသည် ။

မပြတ် မဟုတ် ၊ ပြတ်တော့ ပြတ်သည် ။ အိမ်မှာ သာ ပြတ်သည် ။ အပြင် မှာ မပြတ် ။

ထို အနက် ကို ထပ်မံ ရှင်းလင်းရမည် ဆိုပါလျှင် ထိုစဉ် က ကျွန်တော် သည် အိမ် မှာ သာ လုံးဝ အရက် မသောက်ခြင်း ဖြစ်သည် ။ အပြင် မှာ အနည်းအကျဉ်း မှီဝဲနေတုန်း ရှိသေးသည် ။

ထိုစဉ် ကာလတုန်း မှာ ပင် ကျွန်တော့် စိတ် ထဲ ၌ အရက် ဖြတ်ဖို့ အစီအစဉ် ရှိသည် ။ ဆုံးဖြတ်ထားပြီးလည်း ဖြစ်သည် ။

သို့ရာတွင် အရက် ဆိုသော အရာ သည် လွယ်လွယ်ပေါ့ပေါ့ကလေး နှင့် ဖြတ်၍ မရသည် ကို ကျွန်တော် သိ ထားသလို အများလည်း သိထားကြပြီး ဖြစ်ပေမည် ။

မည်သို့ပင် ဆိုစေ ၊ ဆုံးဖြတ်ထားသည့် အတိုင်း ကျွန်တော် အရက် ဖြတ်သည် ။

အိမ် မှာ ရော အပြင် မှာ ပါ လုံးဝ မသောက်တော့ ။

°°°°°  °°°°°  °°°°°

စ၍ ဖြတ်သော နေ့ မှာပင် အကြီးအကျယ် ခံစားရလေသည် ။

သို့ရာတွင် အရက် ဖြတ်လိုသော စိတ် ဖြင့် တင်း၍ ခံထားသည် ။ ထို ကြိတ်မှိတ် ခံထားသော စိတ် တို့သည် ည အိပ်ရာ ဝင်ခါနီး တွင် အရည်ပျော်စ ပြုလာ‌လေ တော့သည် ။

ပို၍ပို၍ ခံစားလာရသည် ။ ရင် ထဲ မှာ တလှပ်လှပ် ။ ကတုန်ကယင် ။ ခြေ မကိုင် မိ လက် မကိုင် မိ ။

မတတ်သာလွန်း၍ နောက်ဆုံး နည်းနည်း သောက် လိုက်ရသည် ။ နေသာထိုင်သာ ရှိသွားသည် ။ အိပ်ပျော်သွားသည် ။

သို့ရာတွင် နံနက် အိပ်ရာမှ နိုးလိုက်သည် နှင့် တစ်ပြိုင်နက် မနေ့တုန်းကလိုပဲ ခံစားရပြန်သည် ။

မနေ့ တုန်း က လိုပဲ အောင့် နေလိုက်သည် ။

အဲ … ညနေ စောင်း လိုက်ပြီ ဆိုတာ နဲ့ တစ်ပြိုင်နက် မနေ့ တုန်း က လိုပဲ မနေနိုင် မထိုင်နိုင် ဖြစ်လာပါလေရော ။

သည်လိုနှင့် အောင့်လိုက် သောက်လိုက် ၊ သောက်လိုက် အောင့်လိုက်နေရင်း နောက်ဆုံးတော့ မူလပုံမှန်အတိုင်း ပြန်၍ ချာလပတ် လည် သွားလေတော့သတည်း ။

မည်သို့ပင် ချာလပတ် လည်သွားစေကာမူ အရက် ကို မဖြစ်မနေ ဖြတ်မည် ဟု ဆုံးဖြတ်ထားသော စိတ် သည် မကုန်ခမ်းသေးရကား တကယ် စိတ်နိုင်ရင် တကယ် ပြတ်သည်ဆိုသော ဌာန ကို အမှတ်မထင် တွေ့ လိုက်ရပါသည် ။

ကျွန်တော် အထက် က ဆိုခဲ့ပြီး ဖြစ်တဲ့ တိုင်းရင်းမြန်မာ ပြည်သူ့ဆေးရုံ ။

ထို ဆေးရုံ ကို ကျွန်တော် တက်၍ အရက်ဖြတ်သည် ။

ထို့ကြောင့် ဤ စာ ကို ထို ဆေးရုံ မှာပင် ရေးသည်ဟူ၍လည်း အစ၌ ဖော်ပြခဲ့ပြီး ဖြစ်ပါသည် ။

°°°°°  °°°°°  °°°°°

ကျွန်တော့် တွင် ပြဿနာပေါင်းစုံ ရှိကြောင်း ပြောရန်မလိုပါ ။

ကျွန်တော် လုပ်ကိုင်အသက် မွေးဝမ်းကျောင်း နေရသော လုပ်ငန်းဆောင်တာများနှင့်ရော ။

ကျွန်တော့် မိသားစု နှင့် ပတ်သက်နေသည့် ကျွန်တော် ပိုင် ကိုယ်ရေးကိုယ်တာ ကိစ္စများရော ။

အဆိုပါ ကိစ္စများ မှ ပြဿနာ အချို့တို့ကို ကျွန်တော့် ပရိသတ် နှင့်တကွသော မိတ်ဆွေသင်္ဂဟ ဆွေမျိုးဉာတိများ သိသည်လည်း ရှိမည် ။ မသိသည်လည်း ရှိမည် ။

မည်သို့ပင်ဖြစ်စေ ထို ပြဿနာများ ထဲ မှ ကျွန်တော့်အတွက် အရေးအကြီးဆုံး ပြဿနာ တစ်ခု ရှိသည် ။

အခြား မဟုတ်ပါ  ။

ကျွန်တော့် သား နဲ့ သမီး နောင်ရေး ။

သူတို့လေးတွေ ၏ နောင်ရေး သည် ကျွန်တော် အရက်ဖြတ်ခြင်းနှင့် တိုက်ရိုက်သော်လည်းကောင်း ၊ အပြန်အလှန်သော် လည်းကောင်း ပတ်သက်နေသည်ကို စာဖတ်သူ တို့အား ဋီကာ ချဲ့ ပြနေရန် လိုမည် မထင်ပါ ခင်ဗျား ။

ထို့ကြောင့် ကျွန်တော် အရက် ဖြတ်ရန် တိုင်းရင်းဆေးရုံ သို့ ရောက်ရှိနေပြီ ဖြစ်ပါသည် ။

°°°°°  °°°°°  °°°°°

ကျွန်တော် သည် များစွာသော ပရိသတ်တို့နှင့် ထာဝစဉ် ထိတွေ့နေရသူတစ်ဦး ဖြစ်ပါသည် ။

ထို့ကြောင့် ဆေးရုံ ကို ရွေးချယ်၍ တက်ရောက်ရခြင်း ဖြစ်ပါသည် ။

ဆေးရုံဝင်းကြီး က လည်း ကျယ်လွန်းလှသည် ။

ကြီးမားသော အဆောက်အအုံ ကြီးများပင်လျှင် ဆယ်လုံးခန့် ( လူနာဆောင် အပါအဝင် ) ရှိလေသည် ။

ဤ ဝင်းကြီး ထဲ မှာပင်လျှင် တိုင်းရင်းဆေးသင်တန်း အဆောင်ကြီးများ ၊ စာကြည့်တိုက် ၊ ဆေးပစ္စည်းပြခန်း ၊ ပြင်ပလူနာ စသည် တို့ ဖြင့် အလွန် ခေတ်မီတိုးတက်စွာ ရှိလေသည် ။

သစ်ပင်ပန်းမန် ၊ စားပင်သီးပင်တို့ဖြင့် စိမ်းစိုလျက် သာယာစည်ပင်လှလေသည် ။

အထူးသဖြင့် တိုင်းရင်းဆေး နှင့် ပတ်သက်သော ပရဆေးပင်များကို စုံလင်သလောက်နီးနီး စိုက်ပျိုးထားလေသည် ။

ဤ ဥယျာဉ်ပန်းခြံကြီး နှင့် တူသော ဆေးရုံဝင်းကြီးထဲတွင် သန့်ရှင်းသပ်ရပ်သော လူနာဆောင်များပေါ်၌ ဆေးကုသမှု ကို ခံယူနေကြသော လူနာတို့မှာ ဆေးရုံရောက်စ နေ့ မှာပင် ရောဂါ တစ်ဝက် သက်သာသွားနိုင်စရာ ရှိလေသည် ။

ဤမျှ အေးချမ်းသာယာ၍ ကြည်နူးစရာကောင်းသော ဆေးရုံကြီးပါပေ ။

ကျွန်တော် သည် စောစောက ပြောသလို ဤ ဆေးရုံကြီး ကို ရွေးချယ်ခဲ့ပါသည် ။

ဆေးရုံ ဝင်း ထဲရှိ အဆောင်တစ်ဆောင် တွင် ကျွန်တော် ဆေးကုသမှု ခံယူနေပါသည် ။

ထို့ကြောင့် ရုတ်တရက် အားဖြင့် ပရိသတ်အများသည် ကျွန်တော့် ကို မြင်တွေ့သွားနိုင်စရာ အကြောင်း မရှိပါ ။

ဤသည်မှာ လည်း မင်းသား တစ်ယောက်အနေ နှင့် ခမ်းနားသော စိတ် ဖြင့် ကြီးကျယ်နေခြင်း မဟုတ်ပါ ။

ကျွန်တော် သည် ကျွန်တော့် ပရိသတ်များ ကို အတော်ပင် လေးစား ချစ်ခင်ပါသည် ။

အရက် ဖြတ်နေသော ယခုလို အချိန်ကာလမျိုးတွင် ၎င်းတို့နှင့် ဆုံရန် အလွန် မျက်နှာ ပူလှပါသည် ။

ထို့ကြောင့် သူတို့ အား လေးစားချစ်ခင်သောအားဖြင့် တိမ်းရှောင်နေခြင်းမျိုးမျှသာ ဖြစ်ပါသည် ။

ကျွန်တော် ပြောလိုသည် မှာ ဤ ခြံဝင်းကြီးအတွင်းရှိ လူနာဆောင် ပေါ် တွင် အရက် ဖြတ်နေခြင်း အကြောင်းသာ ဖြစ်ပါသည် ။

°°°°°  °°°°°  °°°°°

ကျွန်တော် ရောက်ရောက်ချင်း ပင်လျှင် ဆရာဝန်ကြီးက စိတ် ခိုင်ရဲ့လား ဟု မေးပါသည် ။ ကျွန်တော် ခေါင်းညိတ် ပြလိုက်သည် ။

ထိုအခါ အပြာရောင်ဝတ် ဆရာမကြီး ထံ မှ ဆေးတစ်ခွက် ယူ၍ တိုက်ပါသည် ။ ရိုးရိုး မြန်မာဆေးပင် ဖြစ်ပါသည် ။ နောက် မှ သိ ရသည်မှာ ဤ ဆေးရုံ တွင် ရိုးရိုး မြန်မာဆေး မှ အပ အခြား မည်သည့် ဆေးကိုမျှ မသုံးခြင်းပင် ဖြစ်လေသည် ။

အင်္ဂလိပ်နည်း ဆို၍ ပြဒါးတိုင်တိုင်းခြင်း ၊ သွေးပေါင်ချိန်ခြင်း နှင့် နားကြပ် ဖြင့် စမ်းသပ်ခြင်း သုံးမျိုး ကို သာ သုံးသည် ။ ဆေး မထိုး ၊ ဆေး မသွင်း ။

ထူးခြားသည် မှာ ဆရာဝန် ၊ ဆရာမများ အားလုံး တို့ သည် အင်္ဂလိပ်ဆေးပညာနည်း ဖြင့် သင်ယူခဲ့ကြသော ဘွဲ့ရပညာတတ်များ ဖြစ်ကြသည် ။

ကျွန်တော့် ကို လည်း လိုအပ်သည်များ ပြုလုပ်ပြီး ဆရာဝန်ကြီး က အနား ယူစေပါသည် ။

စိတ် ကြောင့်လားတော့ မသိ ။ ကျွန်တော် အရက်ဆာလောင်ခြင်း လုံးဝ မဖြစ်ခဲ့ပါ ။ ည အိပ်ရာဝင်တော့လည်း ကောင်းမွန်စွာ အိပ်ပျော်သည် ။

ထိုအချိန် အတောအတွင်း မှာ လည်း ဆေးလေးငါးခြောက်ခွက် ခန့် ကျွန်တော် သောက်ရပြီးပြီ ။

အဲ ... ည ဆယ့်နှစ်နာရီ လောက် မှာ တော့ ပြဿနာ တက်တော့သည် ။ ကျွန်တော် လူးလှိမ့်အော်ဟစ် နေရသည် ။ ဘယ်လို ခံစားနေရမှန်း မသိ ။ အနေရ ခက်သည်သာ သိသည် ။

နံနက်လင်း မှ အစောင့်ကူညီသော သူငယ်ချင်းက ပြောပြမှ အကြောင်းစုံ သိသည် ။

သူ ချုပ်ကိုင်ထားသည့် ကြား က ကျွန်တော် အတင်း ရုန်းသည် ။ နံရံ ကို လက်သီး နှင့် ထိုးသည် ။ ညည်းညူသည် ။ အရက် တောင်းသည် ။ သူ့ ဗိုက်ကို ကျွန်တော် လက်သီး နှင့် ထိုးသည် ။ ဆိုပါစို့ဗျာ ၊ သေလုမျောပါး သောင်းကျန်းသည် တဲ့ ။

ထိုအခါ ကျ မှ အသိစိတ်ကလေး အနည်းငယ်လောက် ပြန် ဝင်လာသည် ။

သို့ရာတွင် ခန္ဓာကိုယ် အပြင်ပိုင်းရော အတွင်းပိုင်းပါ မသက် မသာ ရှိနေသည် ။

ဦးနှောက် သည် အဆိုးဆုံး ။

ကိစ္စရပ် တော်တော်များများ ကို မေ့ သလိုလို ၊ သိ သလိုလို ဝေခွဲ မရအောင် ဖြစ်နေသည် ။

အလွန် ဒေါသ ဖြစ်နေသည် ။ သို့သော် ကိုယ့်vကတိ နှင့် ကိုယ် မို့ အောင့်အည်းနေကြည့်သည် ။ ရအောင် တော်တော်ကြီး သည်းညည်း ခံရသည် ။

အဖတ် ဆိုလို့ ဘာတစ်ခုမျှ စားချင်စိတ် မရှိ ။ အရည် ဆိုလို့လည်း သံပုရာရည်နှင့် ရိုးရိုးရေလောက်သာ သောက်နေရသည် ။

ခက်သည် က တစ်ခွက် သောက်လိုက် တစ်ခွက် အန်လိုက် ။

ခက်သည် က မသောက်ဘဲ နေပြန်တော့လည်း ပို့သည် ။ ပျို့ပြီးတော့ လေတွေ အန်သည် ။

ဆရာမတို့ သည် တစ်နေ့ပတ်လုံး မကြာမကြာ ဆေး လာတိုက်သည် ။ ထို ဆေးတွေ လည်း ပြန်အန်ထွက်သည် ။

ဆရာဝန်များ က လာရောက် စမ်းသပ်တိုင်း ခံရလှ တစ်ရက် ၊ နှစ်ရက် ပါပဲဟု အားပေးသည် ။ ပြောသည့်အတိုင်း နှစ်ရက်မြောက်သောနေ့ ညနေပိုင်းတွင် နေသာထိုင်သာ ရှိလာသည် ။

အစား မစားသဖြင့် ခြေဖျား လက်ဖျား များ တုန် နေသည် ။ ရင် ထဲ မှာလည်း တလှပ်လှပ် နှင့်တော့ ခံစားနေရသည် ။ အား မရှိသဖြင့် လမ်းလျောက်လျှင် ယိုင်ထိုးနေသည် ။

သို့ရာတွင် သာမန် နာမကျန်းသည့် လူနာတစ်ယောက် လို မျိုးတော့ နေသာထိုင်သာ ရှိသွားပါပြီ ။ သုံးရက် မြောက်သော နေ့ ။

ဟာ ... ဟုတ်သဗျို့ ။

ကျွန်တော့် ကို လိုက်ပါ စောင့်ရှောက်သော သူငယ်ချင်း ( မလှိုင်မောင်ငယ်သွေး ) နှင့် မိမိအိမ် တွင် မိမိ နေထိုင်ဘိ သကဲ့သို့ စကားစမြည် ပြော ၊ ညနေတိုင်း ပန်းခြံထဲ လမ်းလျှောက် ၊ စာဖတ်စာရေး စသဖြင့် ။

လေးရက် မြောက် သော နေ့ ဟန်ကျတုန်းဗျာ ။

အဲ ... ငါးရက် မြောက် သော နေ့တွင် ပြဿနာ စ တက်သည် ။ ကျွန်တော့် တွင် မိဘ အပြည့်အစုံ ရှိသော်လည်း မိခင် က တခြား တွင် နေသည် ။ ဖခင် က လည်း တခြားနေသည် ။

ကျွန်တော် ဆေးရုံ တက်သည့် နေ့မှ စ၍ မိခင် က ကျွန်တော် ကြိုက်တတ်သော စားဖွယ်ရာ တို့ ကို စုံလင်စွာ နေ့စဉ် ပို့ပေးသလို ဖခင် ထံ မှ လည်း ထိုနည်းလည်းကောင်း ပင် ဖြစ်လေသည် ။

၎င်းအပြင် ကျွန်တော့် ယောက္ခမကြီး ထံ မှလည်း ဖွယ်ဖွယ်ရာရာ ချက်ပြုတ်၍ လာပို့ရှာသည် ။

ကျွန်တော့် မိန်းမ ဆိုတာ ကတော့ ပြောစရာ အထူး လိုမယ် မထင်ပါဘူးဗျာ ။

ထို့ကြောင့် ဆရာဝန်ကြီး က သီးသန့် ပေးထားသော ကျွန်တော့် အခန်းထဲ တွင် စားသောက်ဖွယ်ရာများ ပေါဌေးလောဌေး ။

သို့သော် ကျွန်တော့် သူငယ်ချင်း နံနက်စာ ၊ ညစာ စားပြီးသည်နှင့် ကျန် နွမ်းပါးသော လူများထံသို့ “ နိဗ္ဗာနပစ္စယောဟောတု ” လိုက်သည်ချည်းသာ ဖြစ်သည် ။

အဘယ့်ကြောင့် ဆိုသော် ဤသို့ ကျွန်တော် ဆိုရသည် ဆိုသော် ဆေးရုံ တက်သည့် နေ့မှ စ၍ ယခု ပြောနေသော ငါးရက် မြောက်သည့် နေ့ အထိ ကျွန်တော် လုံးဝ အစာ မစားသောကြောင့် ပင် ဖြစ်သည် ။

ရိုးရိုးသားသား ပြောရလျှင် ကျွန်တော် ဆေးရုံ သို့ ရောက်သည့် ညဘက် မှ စ၍ ယခု ငါးရက်မြောက်သည့် နေ့ အထိ လုံးဝ အစာ မစားသဖြင့် အင်အားချည့်နဲ့ကာ ကြောင်တောင်တောင် ဖြစ်လာသည် ။

ကျွန်တော် သည် အရက် ကို စ သောက် စ ကတည်းက လိုသလို သောက် နိုင်သော အခြေအနေ တွင် ရှိလေသည် ။

ဆိုလိုသည် မှာ ကျွန်တော် သောက်သမျှ အရက်ဖိုး အတွက် မပူပင်ရခြင်း ကို ဆိုခြင်းပါ ။ သို့သော် ယခု အရက် ဖြတ်ပါပြီ ။

အထက်က ဆိုခဲ့ပြီးတဲ့ အတိုင်း ကျွန်တော့် သားသမီး နောင်ရေးအတွက် အချိန် မနှောင်းမီ လောက် ကတည်း က ကြိုတင်၍ ဖြတ်လိုက်ခြင်း ဖြစ်ပါသည် ။

ဤသို့ ပြုလုပ်ရခြင်း အတွက် ကျွန်တော် သည် ကျွန်တော့် သားသမီးများကို မည်ရွေ့မည်မျှ ချစ်ကြောင်း တွေးချင့်၍ သိနိုင်ပါသည် ။

ကျွန်တော် အရက် ဖြတ်၍ လူးလူးလိမ့်လိမ့် အပြင်းအထန် ခံစားနေရသောဒဏ် ကို ကျွန်တော့် ရင်သွေးငယ်များ ကို ချစ်ရသည့် စိတ် နှင့် ကျွန်တော် ရင်စီး ခံရပါသည် ။

ထိုနေ့ည ဆယ့်နှစ်နာရီ လောက် မှာ ပြဿနာ တစ်ခု ထပ် တက်လာပါသည် ။

တခြား မဟုတ် ။

အသံဗလံများ ကြား နေရခြင်းပင် ဖြစ်သည် ။ တော်တော် အခံရ ဆိုးလှသည် ။ အခံရ ဆိုးလှသဖြင့် အိပ်လို့ မပျော်နိုင်ပါ ။ သူငယ်ချင်း ဖြစ်သူ က ဆရာဝန်ကြီး ထံ သွား၍ အကူအညီ တောင်းသောအခါ သည်းခြေဆေးဟု ခေါ်သော ဆေးတစ်မျိုး လာ တိုက်သည် ။

အနည်းငယ် သက်သာသလို ရှိပြီး အိပ်ပျော် သွားသည် ။ သို့သော် ခဏသာ ဖြစ်သည် ။ မကြာမီ အိပ်ရာမှ နိုးပြီး ထိုအသံများ ပြန်ကြားနေရပြန်သည် ။

ထို အသံများ မှာ ကျွန်တော် သီဆိုထားသော သီချင်းသံများ ဖြစ်သည် ။ သို့သော် ကျွန်တော် ကိုယ်တိုင် သီဆိုနေခြင်းကား မဟုတ် ။ နာနာဘာဝ ။ ဝိနာဘာဝ တစ္ဆေသရဲများ က ဆိုပြနေခြင်း ဖြစ်သည် ။ အလွန်တရာ ဆိုးရွား ခံခက်လှသော အသံများ ဖြစ်သည် ။ ထို အသံများ ကို မကြားချင်တိုင်း ဆရာဝန်ကြီး ထံ သည်းခြေဆေး တောင်း၍ သောက်သောက် နေရသည် ။ နိုးလာလျှင် ပြန်ကြားရမြဲ ။ ဖြစ်နိုင်လျှင် ထို အသံဆိုးများ ကို လုံးဝ မကြားချင် ။ ထာဝရ ချုပ်ငြိမ်းပျောက်ကွယ်သွားစေချင်သည် ။ ကျွန်တော် သည် တစ္ဆေသရဲ ကို ယုံကြည်သူ မဟုတ်ပါ ။ သို့သော် နား ထဲတွင် ဤသို့ပင် ကြား ပြီး ဤသို့ပင် ထင် နေသည် ။ အမှန်မှာတော့ စောစောက ပြောသလို “ ဈာန်ကြောင် ” နေခြင်းသာ ဖြစ်သည် ။

ဤသို့ဖြင့် ၎င်း အသံများ ကြားလိုက် ၊ သည်းခြေဆေး သောက်လိုက် ၊ အိပ်ပျော်သွားလိုက် ၊ ခဏ ပျောက်သွားလိုက်နှင့် မိုးစင်စင် လင်းသောအခါ အလွန် ဆိုးရွားသော အသံ တစ်ခု ကို ထပ်မံ ကြား ရပြန်လေသည် ။ တော်တော် ဆိုးပါတယ်ဗျာ ။ ဘယ်လောက် အထိ ဆိုး သလဲ ဆိုရင် ကျွန်တော် မျက်ရည် မကျ ဖူးသော အကောင် တောင် မျက်ရည် ကျ လောက်အောင် ဆိုးသော အသံ ဖြစ်ပါသည် ။ ကောင်းလွန်းစွာ ဆိုးသော အသံပါ ။

အခြား မဟုတ်ပါရိုးလား ။

သမီး အသံ “ ဖေဖေကြီးရေ ကလောင် ကလောင် ဝယ်ခဲ့ နော် ” ( ကလောင်ကလောင် ဆိုသည် မှာ ကျွန်တော် အပြင် သွားတိုင်း ကျွန်တော့် သမီး က အမြဲတမ်း မှာသော ရေခဲချောင်း ကို ဆိုလိုပါသည် )

ထို အသံ သည် တစ်မနက်လုံး ကျွန်တော့် ကို နှိပ်စက်နေပါသည် ။ ပထမ ကြား ခဲ့ရသည့် အသံများ ထက် ပို၍ ကျယ်ပြီး ပို၍ မြန်ဆန်ပါသည် ပို၍လည်း အခံရ ခက်ပါသည် ။ ကြည်နူးစွာသော အခံ ရ ခက်ခြင်းမျိုး ဖြစ်ပါသည် ။

ကျွန်တော် မျက်ရည် ကျလောက်အောင် ခံစားနေရ၍ ကျွန်တော့် သူငယ်ချင်း သည် လည်း စာနာစိတ် ဖြင့် မျက်ရည် ကျ ကာ အစ တုန်းက နည်းတူပင် ဆရာဝန်ကြီး ထံ ပြေး၍ အကူအညီ တောင်းလေတော့သည် ။

ဆရာဝန်ကြီး လည်း ချက်ချင်း ဆိုသလိုပင် သည်းခြေဆေးကလေး တစ်ခွက် ကိုင် ၍ ပြေးလာရှာသည် ။

°°°°°  °°°°°  °°°°°

ကျွန်တော် သည် မျက်ရည် လည် နေရင်း ကြား မှ ပင် ဆရာဝန်ကြီး အား ပြုံး၍ ကြည့်လိုက် မိပါသည် ။

ထို့နောက် အောက်ပါ စကား တစ်ခွန်း ကို ဆရာဝန်ကြီး အား ပြောလိုက် မိပါတော့သတည်း ။

“ ဆရာရယ် .. ဆရာ့ ဆေး သောက် လိုက်တိုင်း ကြားခဲ့ရတဲ့ အသံတွေ ပျောက်သွားပြီး ၊ နား သက်သာရာ ရ ခဲ့တာတော့ အမှန်ပါပဲ ၊ ဒါပေမဲ့ ဆရာ ရယ် အခု ကြားနေရတဲ့ အသံလေး ကို ကျွန်တော် ည အိပ်ရာ ဝင်ခါနီး ထိ ကြား နေပါရစေ ဆရာ ရယ် ၊ ဆရာ့ ဆေး ကို အိပ်ခါနီး မှပဲ သောက်ပါရစေ ”

◾ သုမောင်

📖 ချည်မျှင် နှင့် အထည်စက်ရုံ ( စစ်ကိုင်း ) မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၁၉၈၄ ခု
     
www.facebook.com/aung.naingoo.3726613

.

 

No comments:

Post a Comment