Wednesday, June 8, 2022

အလဲအလှယ်


 

❝ အလဲအလှယ် ❞

“ ကလေး က နှလုံးရောဂါ ပါ ။ ခွဲစိတ်ကုသ မှ ရမယ် ”

“ ဗျာ ”

စောကျားဖြူ နှင့် နော်သန်းမြ တို့ နှစ်ယောက် စလုံး ပါးစပ် အဟောင်းသား ဖြင့် ဖြစ်သွားကြသည် ။

“ ကျွန်တော်တို့ က ဘားအံမြို့နယ် ၊ ရွာလေး တစ်ရွာ က တောသား ဆင်းရဲသား  တွေပါ ။ ပိုက်ဆံများများ လည်း မတတ်နိုင်ပါဘူး ။ ခွဲစိတ် ရင် ဘယ်လောက် ကုန် မလဲ ဆရာ ”

“ အဆို့ရှင် နှစ်ခု လဲတာ က သိန်းနှစ်ဆယ် ကျမယ် ၊ ဆေးဖိုး က သိန်းနှစ်ဆယ် ။ စုစုပေါင်း သိန်းလေးဆယ် က အနည်းဆုံး ပါ ။ ဒါတောင် ကျွန်တော်တို့ က ပြည်သူ့ဆေးရုံ ကြီး ဆိုတော့ ခွဲစိတ်ခ မယူကြလို့ပါ ။ အပြင် ဆေးရုံ မှာ ဆိုရင် အနည်းဆုံး သိန်း ၆၀ ကျော် ပါတယ် ”

“ ဟာ ... ဒုက္ခပဲ ၊ ကျွန်တော် ပိုင် တဲ့ တော က အိမ် ကို ရောင်းရင်တောင် ဆယ်သိန်း ရ မှာ မဟုတ်ဘူး ဆရာရယ် ။ ကူညီပါဗျာ ။ ကျွန်တော့် မှာ ဒီ သားလေး တစ်ယောက် ပဲ ရှိတာပါ ”

နော်သန်းမြ ကား တစ်ရှုပ်ရှုပ် ငိုနေလေပြီ ၊ ဆရာဝန် လည်း အတော် စိတ် မကောင်း ဖြစ် သွားဟန် တူသည် ။ သူတို့ လင်မယား ကို ကရုဏာသက်စွာ စိုက်ကြည့်နေရင်း -

“ ကလေး အဖေ က ဘာ လုပ်တာလဲ ” ဟု မေးလိုက်သည် ။

“ ကျွန်တော်က မြန်မာလက်ဝှေ့ ထိုး ပါတယ် ”

လက်ဝှေ့သမား ဖြစ်သောကြောင့် လက်ဝှေ့ ရာသီ မိုးကင်းသော လများတွင် အလုပ် ရှိပြီး ယခု ရာသီ ကဲ့သို့ မိုး ကျခါ နီး သည် နှင့် လက်ဝှေ့ပွဲများ မရှိတော့ပေ ။ လက်ဝှေ့ပွဲ မရှိ တော့ သည် နှင့် ဝင်ငွေ လည်း မရှိနိုင်သည် ကို ဆရာဝန် က လည်း ခန့်မှန်းမိနေသည် ။

“ ဪ - တစ်ခုတော့ မျှော်လင့်ချက် ရှိတယ် ။ ဟောဒီမှာ ဖုန်းနံပါတ် ၊ ကရုဏာရှင် ရွှေပေါက္ကံဆရာတော်လေး က ကရုဏာရှင်ဖောင်ဒေးရှင်း တည်ထောင်ပြီး နွမ်းပါးသူတွေ အတွက် ပညာရေး နဲ့ ကျန်းမာရေးကို အဓိက ထား ထောက်ပံ့လေ့ ရှိတယ် ”

“ အရင် လ က တောင် အဲဒီ ဆရာတော် ရဲ့ အထောက်အပံ့ နဲ့ နှလုံးရောဂါသည် လူနာ တစ်ယောက် ကို ခွဲစိတ် ပေး လိုက်ဖူးတယ် ”

စောကျားဖြူ ဆရာဝန် လက်ထဲ မှ ဖုန်းနံပါတ် ရေးထားသော ကတ်လေး ကို လှမ်း ယူ ကာ ဖုန်း အမြန် ခေါ်လိုက်သည် ။ ကံ ကောင်းလိုက်တာ ။ ဖုန်း က တစ်ခါတည်း ဝင် သွား သဖြင့် စောကျားဖြူ ဝမ်း သာ သွားသည် ။ တစ်ဖက် မှ အမျိုးသားတစ်ယောက် ၏ အသံကို မင်္ဂလာ ရှိစွာ ကြား လိုက်ရသည် ။

“ မင်္ဂလာပါ ၊ ကရုဏာရှင် ဖောင်ဒေးရှင်း ကပါ ။ ဘာ အကူအညီ ပေးရမလဲ ခင်ဗျာ ”

“ ကျွန်တော်တို့ ရန်ကုန်ဆေးရုံကြီး က ဆက် နေတာပါ ။ ကျွန်တော်တို့ က ဘားအံမြို့နယ် ၊ တောရွာ တစ်ရွာကပါ ။ ကျွန်တော့် သားလေး နှလုံးရောဂါ ခွဲစိတ်ဖို့ ငွေ မတတ်နိုင်ဘူး ဖြစ်နေပါတယ် ။ အဲဒါ ကျွန်တော်တို့ ကို ကူညီနိုင်မလားလို့ ”

“ ကျွန်တော်တို့ ကိုယ်တိုင် ဆေးရုံ ကို လာပြီး လေ့လာပါ့မယ် ။ ရောဂါ ဖြစ်တာ လည်း မှန်မယ် ၊ နွမ်းပါးတာ လည်း မှန်မယ် ဆိုရင် ကုန်ကျစရိတ် ရဲ့ ထက်ဝက် ထောက်ပံ့ ပါတယ် ။ ကျန် တစ်ဝက် ကိုတော့ လူနာရှင် က ရှာ ရပါမယ် ”

“ ကျေးဇူးတင်ပါတယ် ခင်ဗျာ ။ လာ စုံစမ်းပါ ။ ကျွန်တော်တို့ ရန်ကုန်ဆေးရုံကြီး နှလုံးရောဂါကုဌာန အခန်း ( ... ) ၊ ခုတင် ( .... ) မှာ ရှိပါတယ် ”

ဖုန်း ချပြီးသည် နှင့် စောကျားဖြူ ဒေါက်တာ ကို လှမ်း မေးလိုက်သည် ။

“ ဆရာ ... ကရုဏာရှင် ဖောင်ဒေးရှင်း က သိန်းနှစ်ဆယ် ကူမယ်လို့ ပြောပါတယ် ။ ဒီ သိန်းနှစ်ဆယ် ကို အရင် သွင်း ထားပြီး ကျန် သိန်းနှစ်ဆယ် ကို နှစ်ပတ် အတွင်း ပေး နိုင်ရင် ဖြစ်တယ် မဟုတ်လား ဆရာ ။ ကျွန်တော် နောက်အပတ် ထဲ မှာ လက်ဝှေ့ပွဲ တစ်ပွဲ ရှိပါတယ် ။ အဲဒီက ရတဲ့ ငွေ နဲ့ ဆိုရင် အဆင် ပြေသွားမှာပါ ”

“ ရပါတယ် ၊ ခင်ဗျားတို့ ရှေ့က လူနာတွေ ကို က အတော် များသေးတယ် ။ နှစ်ပတ် ကျော် လောက်မှ ခွဲ ဖြစ်မှာပါ ”

      •••   •••   •••   •••

နော်သန်းမြ ကို သား နှင့် အတူ ဆေးရုံကြီး တွင် ထားခဲ့ပြီး လက်ဝှေ့ပွဲ ကန်ထရိုက် နှင့် ရေးမြို့ မှာ သွား တွေ့ရသည် ။ သူ့ သားလေး ကုဖို့ အတွက် ထိုးသတ်ကြေး တိုး တောင်း ကြည့်ဖို့ ဖြစ်သည် ။ စာရေးဆရာများ နှင့် လက်ဝှေ့သမား တို့ ၏ တူသော အချက် တစ်ချက် ရှိသည် ။ စာရေးဆရာ တစ်ယောက် ဖြစ်ဖို့ ဘဝတွေ ၊ အချိန် တွေ အများကြီး ရင်းနှီး ခဲ့ ရသည် ။

အောင်မြင် လာသောအခါတွင် ကား စာရေးဆရာ ရသော ဉာဏ်ပူဇော် မှာ ထုတ်ဝေ သူ မြတ်သော အမြတ် ၏ ဆယ်ပုံ ပုံ တစ်ပုံ ပင် မရှိချေ ။ ထို့အတူ မြန်မာလက်ဝှေ့ကျော် တစ်ယောက် ဖြစ်ဖို့ အတွက် သွေးတွေ ၊ ချွေးတွေ ၊ အချိန်တွေ ၊ ဘဝတွေ အများကြီး ရင်းနှီးခဲ့ ရသည် ။ လက်ဝှေ့ကျော်တစ်ယောက် ဖြစ်လာသောအခါ တွင် ကား ပွဲကြီး တစ်ပွဲ ၌ လက်ဝှေ့သမား အားလုံး ရသော ထိုးသတ်ကြေး သည် ပွဲသွင်း သူ မြတ်သော အမြတ် ၏ ဆယ်ပုံ ပုံ တစ်ပုံ ပင် မရှိချေ ။

ဝါသနာ ပါ လွန်းသဖြင့် အရှုံး ခံပြီး ပွဲသွင်း သူ အချို့လည်း ရှိပေသည် ။ ထိုသူမျိုးကား အလွန်ပင် နည်းပါးသည် ။ စောကျားဖြူ ကား ဒုတိယတန်း လက်ဝှေ့သမား တစ်ယောက် သာ ဖြစ်သည် ။ သူ ဒုတိယတန်း တွင် ထိုးသက် က မနည်းတော့ပေ ။ ပထမတန်း အဆင့် သို့ မရောက် သည် မှာ လူကောင် သေးခြင်း ပါသကဲ့သို့ ဖွင့် မထိုးတာလည်း ပါသည် ။

မြန်မာပြည် တွင် လက်ဝှေ့ပွဲ က အလွန် နည်းပါးသည် ။ ထို့ကြောင့် စောကျားဖြူသည် နယ်စပ် နှင့် ထိုင်းနိုင်ငံ ထဲ တွင် သွား၍ အထိုး များသည် ။ ထိုင်းလက်ဝှေ့ နှင့် မြန်မာလက်ဝှေ့ သည် ထိုးသတ်ပုံ သိပ်မကွာချေ ။

ထိုင်းလက်ဝှေ့ က လက်အိတ် စွပ်သည် ။ မြန်မာလက်ဝှေ့ က လက်အိတ် မစွပ် ။ ထိုင်းလက်ဝှေ့ က ခေါင်း ဖြင့် မတိုက်ခိုက်ရ ၊ မြန်မာ့လက်ဝှေ့ က ခေါင်းပါ တိုက်ခိုက်ရသည် ။ ဒါပဲ ကွာခြင်း ဖြစ်သည် ။ အရေးအကြီးဆုံး ခြားနားချက်ကား ထိုင်းလက်ဝှေ့ တွင် အမှတ်ဖြင့် အနိုင်အရှုံး သတ်မှတ်ချက် စည်းမျဉ်း ပါ ရှိပြီး မြန်မာလက်ဝှေ့ တွင် ထို စည်းမျဉ်း မပါခြင်း ပင် ဖြစ်သည် ။

မြန်မာလက်ဝှေ့ တွင် ကား လဲရှုံး ၊ ကွဲရှုံး ၊ သက်လုံရှုံး ဟူ၍ သုံးမျိုး သာရှိသည် ။ ချက်ကောင်း ထိပြီး မေ့ လဲ သွားလျှင် အရှုံး ပေးရသည် ။ ထိုသို့ မေ့ လဲရာ၌ တစ်ချီ မှ လေးချီ အတွင်း ဆိုလျှင် နှစ်မိနစ် အတွင်း သတိ ပြန် ရပါက ဆက် ထိုးချင် လျှင် ထိုးခွင့် ရသေးသည် ။ ငါးချီမြောက် မှာ မေ့ သွားလျှင်ကား အနား တောင်းခွင့် မရဘဲ အရှုံး ပေး ရသည် ။

ကွဲရှုံး တွင် သာမန် ကွဲတာ ၊ သွေးထွက်တာ လောက် ဆိုလျှင် အရှုံး မပေးလည်း ရသည် ။ အသက် အန္တရာယ် ရှိလောက်အောင် သွေးများ ထွက် ကျနေလျှင် သာ အရှုံး ပေးရသည် ။ ပြန် မထ နိုင် လောက်အောင် မော နေလျှင်လည်း အရှုံး ပေးရသည် ။ မြန်မာ့လက်ဝှေ့ ကို ကမ္ဘာ က မသိခင် က ဘက်စုံပညာသုံး ထိုးသတ်ပွဲ MMA ကို အရက်စက်ဆုံး အားကစား အဖြစ် သတ်မှတ် ထားကြသည် ။

ထို MMA ပွဲ သည် လဲကျလျှင်ပင် အပေါ် က ခုန် အုပ်ပြီး တစ်ဖက် လူ အရှုံး မပေး  မချင်း ထိုးသတ်ခွင့် ရှိသည် ။ သို့သော် ချက်ကောင်း ထိပြီး သတိ လစ် သွား၍ အမှတ်စဉ် ရေတွက် ကာ တစ်ဆယ် ပြည့် သည်အထိ မထ နိုင်လျှင် အရှုံး ပေးရသည် ။ မြန်မာလက်ဝှေ့ ကား ပထမအချီ မှ စတုတ္ထအချီ အတွင်း ချက်ကောင်း ထိ၍ မေ့ သွားသော်လည်း နှစ်မိနစ် အနား တောင်း ၍ ပြန် သတိရလျှင် ပြန်လည် ထိုးသတ်ခွင့် ပြုထားသည် ။ 

ထိုအချက်ကြောင့် ကမ္ဘာ က မြန်မာလက်ဝှေ့အားကစား ကို အရက်စက်ဆုံး အားကစား အဖြစ် သတ်မှတ်ခြင်း ဖြစ်သည် ။ စောကျားဖြူ ဖွင့် ထိုး သော အကျင့် ပျောက် သွား သည်မှာ ထိုင်းလက်ဝှေ့သမားများ နှင့် အထိုး များ သောကြောင့် ဖြစ်သည် ။ အမှတ် ဖြင့် နိုင်သော စည်းမျဉ်းပါ နေသည့် အတွက် အနာ မခံတော့ဘဲ အမှတ် ရရုံ ထိုး ကာ ရှောင်ထွက်တတ် သော အကျင့် က ပါနေခြင်း ဖြစ်သည် ။

ပွဲသွင်းသူ ဦးမြင့်ဦး နှင့် တွေ့သော အခါ စောကျားဖြူ က သွယ်ဝိုက် မနေတော့ဘဲ တဲ့ ပြောလိုက်သည် ။

“ ကျွန်တော့် သားလေး နှလုံးရောဂါ ခွဲစိတ် ကုသရမယ် ။ နောက်ထပ် သိန်းနှစ်ဆယ် လောက် လို နေတယ် ။ ကျွန်တော့် ထိုးသတ်ကြေး ကို တိုးပေးပါ ”

“ အရင် က ငါးသိန်း ပေးနေကျလေ ။ အခု ထိုင်း နဲ့ ထိုးမှာမို့ ခုနစ်သိန်း ပေးထား တယ်လေ ”

စောကျားဖြူ က ဦးမြင့်ဦး ၏ မျက်နှာကို စိတ် မသက်မသာဖြင့် လှမ်း ကြည့်လိုက် သည် ။ နာမည်ကြီး ဘီယာဆိုင်ကြီး တွင် ငါးသိန်းတန် အရက်ပုလင်း ကို တစ်ထိုင်တည်း  ကုန်အောင် သောက်ပြီး အလှဆုံး အဆိုတော် မိန်းကလေး ကို ဆယ်သိန်းတန် ပန်းကုံး စွပ် ပေးခဲ့သော သူ သည် အသက် နှင့် ရင်းရသော သူတို့ လက်ဝှေ့သမား များ ထိုးကြေး ကျ မှ  တွန့်တို နေသည် မှာ မည်မျှ အသည်း နာစရာ ကောင်း လှပါသနည်း ။ 

“ နည်းနည်း တော့ တိုး ပေးပါဗျာ ကျွန်တော် တစ်ခါမှ အခုလို တိုး မတောင်းဖူး ပါဘူး ။ ကျွန်တော့် သားလေး အသက် ကို ကယ်ချင်လို့ပါ ”

“ ကဲလေ ... ၊ ဒါဆိုရင် သုံးသိန်း တိုး ပေးလိုက်မယ် ။ စုစုပေါင်း ဆယ်သိန်း ပေါ့ ”

“ အဲဒါဆိုရင် တောင် နောက်ထပ် ဆယ်သိန်း ကို ကျွန်တော် ဘယ်လို ရှာ ရမယ် မသိသေးဘူး ”

“ အေး မင်း အတွက် မျှော်လင့်ချက် တစ်ခုတော့ ရှိတယ် ။ ဒီပွဲ မှာ စပွန်ဆာ ပေးတဲ့ သူဌေး က မင်း တို့ ထိုင်းတွေ နဲ့ ထိုးတဲ့ သုံးပွဲ မှာ ထိုင်းတွေ ကို အလဲ ထိုး နိုင်ရင် ဆယ်သိန်း ဆီ အပိုဆုကြေး ပေးမယ် တဲ့ ”

“ ဟာ ... တကယ်လားဗျာ ”

“ တကယ်ပေါ့ ဟ ”

“ စိတ်ချ ။ ကျွန်တော် အလဲ ထိုးမယ် ”

       •••   •••   •••   ••• 

ရေးမြို့နယ် အတွင်း ကျင်းပသော ဤ လက်ဝှေ့ပွဲကြီး ကား ၂၀၁၄ ခုနှစ် အတွက် နှုတ်ဆက်ပွဲကြီး ပင် ဖြစ်၏ ။ နောက်လ ဆိုလျှင် မိုး ရွာပြီ ဖြစ်၍ လက်ဝှေ့ပွဲများ နား ရပေတော့ မည် ။ ထို့ကြောင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် မှ လက်ဝှေ့ ဝါသနာအိုးများ ရုံပြည့်ရုံလျှံ လာရောက် အားပေးကြသည် ။

“ ပွဲစဉ် ( ၉ ) အဖြစ် ယှဉ်ပြိုင် ထိုးသတ်ကြမှာကတော့ မြန်မာပြည်နယ်စပ် လက်ဝှေ့ ကျော် စောကျားဖြူ ၊ မြန်မာ နဲ့ ထိုင်းလက်ဝှေ့ကျော် ဆမ်ခွန် တို့ ပဲ ဖြစ်ပါတယ် ခင်ဗျာ ”

“ ရွှီ ... ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ”

လက်ခေါက်မှုတ်သံ နှင့် လက်ခုပ်သံများ ဆူညံစွာ ထွက် ပေါ်လာသည် ။ ရှေ့မှ မြန်မာနိုင်ငံတော်အလံ ဝှေ့ယမ်းလျက် အကူ လူ နှစ်ယောက် နှင့် အတူ စောကျားဖြူ စင်မြင့် ထက် သို့ ရဲရင့်စွာ တက် လာသည် ။ လက်ဝှေ့စင် လေးဘက်လေးတန် သို့ လက်အုပ် ချီ ရှိခိုး ကာ သူ ရ သည့် အနီထောင့် တွင် သွား ရပ်နေလိုက်သည် ။

“ မြန်မာလက်ဝှေ့သမား စောကျားဖြူ အတွက် ရွာစားရေ မတိမ်းမစောင်း နဲ့ ဗိန်းဗောင်းသံလေး ပေးလိုက်ပါဦး ”

“ ဗေ ပေါင် ထီ ပေါင်ထီ ”

“ ဗေ ပေါင် ထီ ပေါင်ထီ ”

ဗိန်းဗောင်းသံ နှင့် အတူ စောကျားဖြူ လက်ဝှေ့ရေး သုံးမိနစ် ခန့် ပြ ရသည် ။ စောကျားဖြူ လက်ဝှေ့ရေး ပြ အပြီး မှာပင် ထိုင်းအလံကြီး တလူလူ လွှင့် ထူလျက် ထိုင်း လက်ဝှေ့သမား ဆမ်ခွန် စင်ပေါ် သို့ တက် လာသည် ။ စင်ပေါ် ရောက်သည်နှင့် သူတို့ မွေထိုင်း လက်ဝှေ့နည်း အတိုင်း ထိုင်းနှဲသံ နှင့်အတူ လက်ဝှေ့ ရေး ပြသည် ။

ကြိုးဝိုင်းဒိုင်လူကြီး ဦးဇမ္ဗူကျော် က နှစ်ဦးလုံး ဆီ သို့ သွားပြီး အသေးစိတ် စစ်ဆေး သည် ။ တချို့ ညစ်ပတ်သော လက်ဝှေ့သမားများ က လက်သီး နေရာ ပတ် ထားသော ပတ်တီး တွင် ပရုပ်ဆီများ သုတ် ထားတတ်သော ကြောင့် ထို နေရာများကို ဒိုင် က နှာခေါင်း ဖြင့် နမ်း ပြီး စစ် ရသည် ။

အားလုံး စစ်ဆေး ပြီးသည်နှင့် နှစ်ဦး စလုံး ကို ဝိုင်း အလယ် သို့ ခေါ် လာပြီး မျက်နှာ ချင်း ဆိုင်ကာ နှုတ်ဆက် ခိုင်းသည် ။ အားလုံး ပြီးသည် နှင့် မော်ဒယ်မလေး နှစ်ယောက် က နံပါတ် ( ၁ ) ဂဏန်း ဘုတ်ပြားများ ကို ကိုင်၍ လက်ဝှေ့စင် ကို ပထမ အချီ ဖြစ်ကြောင်း ပတ် ပြ သည် ။

“ ကဲ ... အဆင်သင့် ဖြစ်ရင် ပထမ အချီ လွှတ် မယ် ”

“ ဒေါင် ”

စောကျားဖြူ ဆပ်ခွန် ကို အကဲခတ် ကြည့်လိုက်သည် ။ လေ့ကျင့်ရည် ဝနေသည်မှာ သေချာသည် ။ သူ့ တစ်ကိုယ်လုံးတွင် အဆီ ပို မရှိ ။ ဝမ်းဗိုက် က အစ ကြွက်သားများ အဖုလိုက် အထစ်လိုက် ပေါ်နေသည် ။ သူ့ ထက် ဒေါင် ကောင်း သကဲ့သို့ ဗလ လည်း သာသည် ။ ယခင် အချိန်က လိုမျိုး ဆိုလျှင် သူ ခံစစ် ကစား ရမည့် လက်ဝှေ့သမားမျိုး ဖြစ်သည် ။

တစ်ချက် နှစ်ချက် စီ ထိုးလိုက်ကြ ၊ ရှောင်လိုက်ကြ နှင့် အချိန် ဆွဲ နေသဖြင့် တကယ် မနားတမ်း ထိုးသော ရှေ့ပွဲများ ကို ကြည့် ထားသည့် ပရိသတ် က အားမလို အားမရ ဖြစ်လာ သည် ။ အနည်းငယ်ပင် ဆူညံလာသ ဖြင့် ဒိုင် က ပွဲ ကို ခဏ ရပ်ကာ တကယ် ထိုးသတ်ကြရန် လက်ဟန် ခြေဟန် ဖြင့် သတိပေးပြီး ပြန်လွှတ်သည် ။ 

ဆမ်ခွန် က ဘယ်ညာဝိုက် ခြေနှစ်ချက် ဆက်တိုက် ကန်သည် ။ စောကျားဖြူ နောက် သို့ ရှောင်သည် ။ နောက်ဆုံး ညာခြေ ခတ် အပြီး ထို ညာခြေ မြေသို့ ပြန် မကျမီ အောက် မှာ ထောင် ထားသော ဆမ်ခွန် ၏ ဘယ်ခြေထောက် ကို စောကျားဖြူ က ခပ်ပြင်းပြင်း ညာခြေ ဖြင့် ပတ် ရိုက် ပစ်လိုက်သည် ။

“ ဖောင်း ”

ဟူသော အသံ နှင့် အတူ ဆမ်ခွန် မှာ ကြမ်းပြင်ပေါ် သို့ ခြေပစ်လက်ပစ် ပြုတ် ကျသွား သည် ။ ပရိသတ် ၏ လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာသည် ။ ထိုအချိန်မှာပင် ပထမ အချီ ပြီးဆုံးကြောင်း ခေါင်းလောင်းသံ ပေါ် လာသည် ။

အကူလူများ စင်ပေါ်သို့ ပြေးတက်လာကာ ကိုယ့် လူ ကို ပွေ့ချီ ယူ ကာ သတ်မှတ်ပေး ထားသောထောင့် တွင် အမော ပြေအောင် ပြုစုပေးကြသည် ။ သူ့ အကူလူ နှစ်ယောက် ထဲ တွင် ပထမ ညက ထိုင်းလက်ဝှေ့သမား တစ်ယောက် ကို အလဲ ထိုးခဲ့သော ဖျံသွေး လည်း ပါသည် ။

ဖျံသွေး သည် ကရင်ပြည်နယ် ၊ ဖားအံမြို့နယ် နောင်လုံရွာ မှ ပထမတန်းလက်ဝှေ့ ကျော် နောင်လုံပျံ ၏ သားဖြစ်သည် ။ ပညာ စုံ ပြီး သတ္တိ ကောင်း သကဲ့သို့ လက်သီးပါဝါ လည်း ပြင်း သဖြင့် သူ့ အတန်းတွင် သူ နှင့် ထိုး ခဲ့သူ မြန်မာလက်ဝှေ့သမား ပင် အတော် ရှားပါးနေသူ ဖြစ်သည် ။

၂၀၁၅ ခုနှစ် ရွှေခါးပတ်ချန်ပီယံလုပွဲ ဝင် ပြိုင်မည်ဟု စာရင်း ပေး ထားသူဖြစ်သည် ။

(မှတ်ချက် ။  ။ ဖျံသွေး သည် ၂၁၁၅ ရွှေခါးပါတ်ချန်ပီယံ လုပွဲ တွင် ကွာတားဖိုင်နယ် ၌ နဂါးမာန်ကလပ် မှ ရဲရင့်အောင် ၊ ဆီမီးဖိုင်နယ်တွင် ရွှေမိုးထိ ငြိမ်းချမ်းရေးကလပ် မှ သမ္ဘာရင့် ဝါရင့် ရန်နိုင်အောင် တို့ကို အလဲ ထိုးကာ ဗိုလ်လုပွဲ သို့ တက်ရောက်ခဲ့သည် ။ ဗိုလ်လုပွဲ တွင် အဖြူရောင်သွေးသစ်ကလပ် မှ စိုးထက်ဦး ကို လက်ရည် အသာစီး ဖြင့် ထိုးကာ ရွှေခါးပတ်ချန်ပီယံ ဘဝ ကို အရယူ နိုင်ခဲ့သော သူ ဖြစ်သည် ။ )

လက်ဝှေ့လောက တွင် ဖခင် ၏ လက်ဝှေ့ အမွေ ကို သားများ က အရ ယူလေ့ ရှိကြ သည် ။ အဖေ အသည်းတစ်ပွင့် မှ သား အသည်းတစ်ပွင့် ၊ အဖေ ချောလှ မှ သား ချောလှ ၊ အဖေ အောင်ပွဲမောင် မှ သား အောင်ပွဲမောင် တို့ ကို မွေးဖွား ပေးခဲ့သလို အဖေ စောကျားဖြူ မှ သား စောကျားဖြူ ကို မွေးဖွား ပေးချင်သော အာသာဆန္ဒများ က သူ့ ရင်ထဲ တွင် ပြည့်ကျပ် နေ သည် ။

ဒုတိယ အချီ စ လေပြီ ။ ဒီ ပွဲ နိုင် မှ သူ့ သား အသက် ကို ဆက် နိုင်မည် ။ သူ့ သား အသက် ရှည် မှ သာ သား စောကျားဖြူ အဖြစ် သူ့ အမွေ ကို ခံယူနိုင်မည် မဟုတ်ပါလား ။ သားဇော သန် လာသဖြင့် သူ့ တစ်ကိုယ်လုံး သတ္တိတွေ ဘယ်က ဘယ်လို ရောက် လာသည် မသိ ။ ခံစစ် ကစားနေကျ သူ သည် ဆမ်ခွန် ကို မရပ်မနား တိုက်စစ် ဆင် ထိုးသတ်လေတော့သည် ။

ပြေးဝင် ကာ ဆမ်ခွန် ၏ ခါးလောက် သို့ မှန်း၍ ညာခြေ ဖြင့် ပတ်ကန် ပစ်လိုက်ရာ ပစ်မှတ် ကို ထိ သွားသည် ။ ဘောင်း ဟူသော အသံ နှင့် အတူ ဆမ်ခွန် ဘယ်ဘက် သို့ ယိုင်ဆင်းသွားသည် ။ အရင်က ဆိုလျှင် ထိုသို့ တစ်ချက် ထိ လိုက်သည်နှင့် ပြန်ခုန် ထွက်တတ်သော သူ သည် ယခုအခါ တွင် ကား နောက် မှ လိုက်သွားကာ ဘယ်ဝိုက်လက်သီး တစ်လုံး ကို ဆမ်ခွန် ၏ မေးစေ့ သို့ မှန်း ၍ ပစ် လွှတ်လိုက်သည် ။

“ ဒုတ် ”

ဟူသော အသံ နှင့် အကူ ဆမ်ခွန် ကြမ်းပြင်ပေါ် သို့ ပြုတ် ကျသွားသည် ။ ဆမ်ခွန် ကံကောင်း သွားသည် ။ စောကျားဖြူ ၏ လက်သီး က သူ ၏ မေ့ကြော ဖြစ်သည့် မေးစေ့ ကို မထိဘဲ နားထင် ကို သာ ထိ သွားခြင်း ဖြစ်သည် ။

ထို့ကြောင့် လဲ ရာမှ ချက်ချင်း ပြန် ထ လာနိုင်သည် ။ ပြန် တည်ပေးလိုက်သည် နှင့် လက် တွေ့လာသော စောကျားဖြူ က အရင် အကွက် အတိုင်း ညာခြေ ဖြင့် အားကုန် ပတ်ကန် ပြန်သည် ။ မွေထိုင်း လက်ဝှေ့ပွဲပေါင်း ( ၁၅၀ ) ကျော် ထိုး ထားသော ဆမ်ခွန် က မြန်မာ့ လက်ဝှေ့ပွဲ ( ၄၀ ) ကျော် ထိုးထားသော စောကျားဖြူ ထက် အတွေ့အကြုံ ပို သာ နေသည် မှာ ထင်ရှားသည် ။

သူ့ ခါး ဆီ ဝင်လာသော စောကျားဖြူ ၏ ညာပတ်ခြေ ကို ဘယ်တံတောင် ဖြင့် တား ကာ စောကျားဖြူ ၏ ဘယ် နားအုံ သို့ ချိန် ၍ ညာဝိုက် အမြင့် ကန် ထည့်လိုက်ရာ ဖြောင်း ... ဟူသော အသံကြီး နှင့် အတူ စောကျားဖြူ တစ်ယောက် ကြမ်းပြင် ပေါ် သို့ ပုံ ကျသွားတော့ သည် ။ ပရိသတ်များ မှာ ဟာခနဲ ဟင်ခနဲ ဖြစ်ကာ ကြိုးဝိုင်း နှင့် နီးသောသူများ က မတ်တတ် ထ ၍ ပင် ကြည့် လိုက်ကြသည် ။

ကြိုးဝိုင်းဒိုင် က ဆမ်ခွန် ကို သူ့ ထောင့် သူ ပြန် သွား ခိုင်းကာ အမှတ်စဉ် စတင် ရေ တွက်တော့သည် ။ 

"ဝမ်း .... တူး .... သရီး ”

ဝါရင့် ပရိသတ်များ ထံမှ သုံးသပ်ချက် အသံများ ထွက်ပေါ် လာသည် ။

“ ပွဲက ပြီးပါပြီ ။ စောကျားဖြူ က ပညာ ကောင်း ပေမယ့် ခံနိုင်ရည် အားနည်းတယ် ။ ဒါကြောင့် ပထတန်း ကို မတက်နိုင်တာ ”

“ အေးလေ ၊ သူ ထိုး ခဲ့တဲ့ ပွဲ ၄ဝ မှာ သုံးဆယ် က သရေပွဲ တွေ ပဲ ။ ငါးပွဲ ပဲ နိုင်ပွဲ ရှိတယ် ။ ကျန် ငါးပွဲက ရှုံး တာလေ ”

အရင်က ထို ကန်ချက်မျိုး ထိ လိုက်လျှင် စောကျားဖြူ လုံးဝ ပြန် မထနိုင်တော့ပေ ။ မျက်စိ ထဲ မှာ မီး ပွင့်သွားသည် နှင့်အတူ သူ ၏ ခြေ နှစ်ဖက် ၊ လက် နှစ်ဖက် စလုံး မလှုပ်ချင်လောက်အောင် ပျော့ ခွေ သွားသည် ။ သို့သော် သူ့ နား ထဲ တွင် သားလေး အသက် ရှင်ရမယ် ၊ သားလေး အသက် ရှင် ရမယ် ဟူသော စကားသံများ ကို အဆက်မပြတ် ကြား နေရသည် ။ တစ်စုံတစ်ယောက် က လာ သတိပေး သကဲ့သို့ ပင် ။

ထို စကားသံ နှင့် အတူ နံပါတ်စဉ် ( ၅ ) အရောက် တွင် သူ ပြန်လည် မတ်တတ် ရပ် နိုင် လာသည် ။ ပရိသတ်များ သာ မက အမှတ်စဉ် ရေ နေသော ကြိုးဝိုင်းဒိုင် ဦးဇမ္ဗူကျော် ပင် တအံ့တဩ ဖြစ်သွားသည် ။ ဤ ကန်ချက်မျိုး ဖြင့် ပြန် ထ လာနိုင်သော မြန်မာလက်ဝှေ့သမား ဟူ၍ စိုးလင်းဦး တစ်ယောက် သာ ရှိသည် ။

ထိုင်း မှ ဝီဂျစ် နှင့် ထိုးသော ပွဲတွင် ဝီဂျစ် ၏ ညာဝိုက် ကန်ချက် ကြောင့် နားထင် အထိ ခံရသော စိုးလင်းဦး ကြမ်းပြင်ပေါ် ပုံ ကျသွားခဲ့ဖူးသည် ။ အမှတ်စဉ် အရေ ခံရသော်လည်း ပြန် ထ လာနိုင်ခဲ့သည် ။  ယခု စောကျားဖြူ တစ်ယောက် တိုး လာပေသည် ။

အမှတ်စဉ် ( ၈ ) ရောက်သည်နှင့် စောကျားဖြူ ပုံမှန် ပြန် ဖြစ်သွားသဖြင့် ဒုတိယ အချီ ကို ဆက်လက် ထိုး သတ်ကြသည် ။ ချက်ကောင်း ထိထားသော စောကျားဖြူ တစ်ယောက် တိုက်စစ် ဆင်နိုင်မည့် အနေအထား သို့ မရောက်နိုင်သေး ဟု သိထားသော ဆမ်ခွန် က ဘယ်ခြေ ဖြင့် အောက်ထောက် ဖြတ် ကန်လိုက်ရာ စောကျားဖြူ မရှောင်နိုင် ဘဲ ကြမ်းပြင် ပေါ် ပြုတ် ကျပြန်သည် ။ အကန် ခံ လိုက်ရသော ညာဒူး မှာ အတော် နာ သွားဟန် တူသည် ။ ပြန် တည့် သောအခါ ကောင်းကောင်း မထောက် နိုင်တော့သည် ကို တွေ့ရသည် ။ ထို့ကြောင့် ဆမ်ခွန် က ထို နာနေ သော ညာဒူး ဆီ သို့ သာ ဆက်တိုက် လိုက် ကန် နေသည် ။ စောကျားဖြူ ညာဒူး ကို ဆက် အကန် မခံ ရအောင် ဆမ်ခွန် ကို ဝင် ပူး ဖက်ရင်း ဒုတိယ အချီ ကို ပြီးဆုံးစေ လိုက်ရသည် ။

တတိယ အချီ မစမီ မှာပင် ပွဲသွင်းသူ ဦးမြင့်ဦး ပြော ထားသည့် မင်္ဂလာသတင်း ကို အစီအစဉ် တာဝန် ယူ သူက လက်ဝှေ့သမားများ ရော ပရိသတ်များ ပါ သိအောင် မိုက် ဖြင့်  ကြေညာ ပေးသည် ။

“ အားတက်စရာ မင်္ဂလာသတင်းပါ ခင်ဗျာ ၊ ရေးမြို့ က လုပ်ငန်းရှင်ကြီး ဦးထူးဇော် က ထိုင်း နဲ့ ထိုး တဲ့ ပွဲ သုံးပွဲ မှာ အလဲ ထိုး နိုင် တဲ့ မြန်မာလက်ဝှေ့သမားများ ကို ထိုးသတ်ကြေး အပြင် ဆယ်သိန်းကျပ်တိတိ ဆုချီးမြှင့်မည် ဖြစ်ပါကြောင်း ကြေညာအပ်ပါတယ်ခင်ဗျား ”

“ ဖြောင်း .. ဖြောင်း ... ဖြောင်း ... ဖြောင်း ”

အားပေးလိုက်သော လက်ခုပ်သံများ မှာ တစ်ခဲနက် ထွက်ပေါ်လာသည် ။ တတိယ အချီ စသည်နှင့် စောကျားဖြူ ၏ လက်ဝှေ့သက်တမ်း  တစ်လျှောက် တွင် အကြမ်းဆုံး အရမ်းဆုံး တိုက်စစ်ကို စလေပြီ ။ ဒိုင် လွှတ် သည်နှင့် တစ်ပြိုင်နက် စောကျားဖြူ က လက်သီး  မိုး ရွာကာ တရစပ် ဝင် ထိုးရာ ထိုင်းလက်ဝှေ့သမား မှာ ပြန် မထိုးနိုင်ဘဲ တစ်ဆုတ် တည်း ဆုတ် နေရသည် ။ ထိုသို့ ဆုတ် နေရာမှ ကြိုးတန်း ကို ကျော ကပ်မိသွားသည် ။ ပရိသတ်များ ထံမှလည်း - 

“ စောကျားဖြူ ၊ ထိုး ... ထိုး ... အသေထိုး ”

“ စောကျားဖြူ ကွ ”

မြန်မာလက်ဝှေ့သမားများ က ကြိုးတန်း ကပ် မိလျှင် ဘာမှ မလုပ်တတ်တော့ဘဲ ဂတ်ပိတ် ခံကြလေ့ ရှိသည် ။ ဂတ်ပိတ်ခြင်း ဟူ သည် မေ့ကြော ရှိသည့် မေးရိုး ကို လက်နှစ်ဖက် ဖြင့် ကာ ထားပြီး ကျန်သည့် နေရာများ ကို ကြိုက်သလို အထိုး ခံခြင်းကို ဆိုလိုပေသည် ။

ထိုင်းလက်ဝှေ့သမားများ ကား ကြိုးတန်း ကပ်ခြင်း သည် သူတို့ အတွက် အကာ အကွယ် တစ်ခု ရ သွားခြင်းပင် ဖြစ်သည် ။ ဖြောင့်လက်သီး ၊ ထောက်လက်သီးများ ဝင်လာ လျှင် ခေါင်း ကို ယိမ်းပြီး ရှောင် သကဲ့သို့ လက်သီး က လုံးရေ များပြီး ရှောင်၍ မရလောက် အောင် မြန် နေလျှင် ခေါင်း ကို ကြိုးတန်း အပြင်ဘက် ထိ ရောက်အောင် နောက်သို့ လှန်ပြီး ရှောင်တတ်ကြသည် ။

ထိုအချိန်မျိုး တွင် ခြေကန် ၊ ဒူးကိုက် ၊ ခေါင်းရိုက် ဖြင့် တိုက်မှသာ ထိနိုင်သည် ။ ထိုင်းလက်ဝှေ့သများတို့ ၏ အလေ့အထ ကို နော ကြေနေသော စောကျားဖြူ က ကြိုးတန်း ကပ်နေသော ဆမ်ခွန် ထံ သို့ ဝိုက်ခြေများ ဆက်တိုက် ကန်သည် ။ ဆမ်ခွန် က မျက်နှာ ကို တံတောင် ဖြင့် ကာခါ တားဆီးသည် ။

မျက်နှာ ကို ကာ ထားသဖြင့် ဆမ်ခွန် ၏ ဝမ်းဗိုက် က အကာအကွယ် မဲ့ နေသည် ။ ထို ဝမ်းဗိုက် ထဲ သို့ စောကျားဖြူက ပစ်ဒူး တစ်လုံး ခုန် သွင်းသည် ။ ထိ လျှင် ပွဲသိမ်း ပင် ဖြစ် သည် ။ အတွေ့အကြုံ များ သော ဆမ်ခွန် က တစ်ဖက် လှည့်ကာ သတ်ကွင်း ထဲ မှ ရှောင် ထွက် သွားသည် ။ ထိုအခါ အရှိန် လွန်ပြီး စောကျားဖြူ သည် လက်ဝှေ့စင် အောက် မြေကြီး ပေါ် သို့ ပြုတ် ကျသွားလေသည် ။ အရှိန် ပြင်းသော ကြောင့် နဖူး ကွဲ သွားသည် ။

စင်ပေါ် ပြန် ရောက်သော အခါ ဒိုင် က ပွဲ ကို ဆက် မထိုးခိုင်းသေးဘဲ ပွဲ ကို ခဏ ရပ်ကာ စောကျားဖြူ ၏ နဖူးမှ ဒဏ်ရာ ကို ဆရာဝန် အား ပြသသည် ။ နဖူး ကွဲကာ သွေးများ ထွက်လာ  စဉ် က  မည်သို့မျှ မနေသော စောကျားဖြူ သည် ဒိုင် က ပွဲ ကို ရပ် လိုက်သောအခါ ရင်ဘတ် ထဲ သို့ တစ်စုံတစ်ခု ဒုန်းခနဲ လာ တိုက် သကဲ့သို့ ခံစား လိုက်ရသည် ။

အရှုံး ပေး လိုက်ရင် သားလေး တော့ သွား ပါပြီ ဟူသော သောက ကြောင့် နှလုံးခုန် မြန် သွားခြင်းဖြစ်သည် ။ ကြိုးတန်း ဘေး မှ ဆရာဝန် က စောကျားဖြူ ၏ နဖူး မှ ဒဏ်ရာ ကို ဂွမ်း ဖြင့် သုတ် ပြီး သေချာ ကြည့်သည် ။ ဆရာဝန် က လက်မ ထောင် ပြ လိုက်ရာ စောကျားဖြူ ဝမ်းသာ လိုက်သည့် ဖြစ်ခြင်း ။

ကြိုးဝိုင်း အလယ်သို့ တရကြမ်း ပြေး သွားမိသည် ။ ဒိုင် က ပြန် လွှတ်သည် နှင့်  စောကျားဖြူ က ဝိုက်လက်သီးများ ၊ ဖြောင့်လက်သီးများ ကို တစ်ပြိုင်နက် ပစ်လွှတ်တော့သည် ။ ဆမ်ခွန် ကလည်း နာ နေသော စောကျားဖြူ ကို သုံးချီ အတွင်း အလဲ သိပ် ချင်သဖြင့် ဖြတ်လက်သီးများ ၊ ပင့်လက်သီးဖြင့် တန်ပြန် ထိုးရာ တိုင်ပင် မထားဘဲ ပရိသတ်များ ၏ လက်ခုပ်သံ ၊ အော်ဟစ် အားပေးသံများ က ရုံကြီး တစ်ခုလုံး တုန်ဟည်းသွားသည် ။

စောကျားဖြူ ၏ အား ပါးသော ဝိုက်လက်သီးချက် ကြောင့် ဆမ်ခွန် ကြမ်းပြင်ပေါ် ဘေးစောင်း ကျ သွားသကဲ့သို့ ဆမ်ခွန် ၏ ပြင်းထန်သော ပင့်လက်သီး ကြောင့် စောကျားဖြူ ဖင်ထိုင် ကျ သွားသည် ။ ပွဲသိမ်းလက်သီး အဖြစ် တစ်ကိုယ်လုံး ရှိသည့် အား များကို အကုန် ထည့် ထားသောကြောင့် နှစ်ယောက် စလုံး ချက်ချင်း မရပ်နိုင်ဘဲ ယိမ်းယိုင် နေသဖြင့် ဒိုင်လူကြီး က တစ်ယောက် တစ်ကြိမ် စီ အမှတ်စဉ် ရေတွက် ပေးရသည် ။

ပရိသတ်များ ထံ မှ စောကျားဖြူ ကို ချီးမွမ်းသော စကားသံများ ၊ အော်ဟစ်အားပေး သံများ ၊ လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာသည် ။ 

“ ငါ စောကျားဖြူ ထိုးတဲ့ ပွဲ တွေ အတော်များများ ကြည့် ဖူးတယ် ။ ဒီပွဲလောက် အနာခံ ထိုးတာ တစ်ခါမှ မတွေ့ဖူးဘူး ။ ဒီနေ့ကျ မှ ထိုးရဲတဲ့ သတ္တိ တွေ သူ့ ကိုယ်ထဲ ဘယ်လို ဝင် လာသလဲ မသိဘူး ”

“ ဟုတ်တယ် ...ကျွန်တော်လည်း သူ့ ပွဲတွေ ကြည့် ဖူးတယ် ။ သူ့ ကို အထိ မခံဘူး ။ အလှ လောက်ပဲ ထိုးတာ များတယ် ။ တစ်ဖက် က သိပ် နိမ့်နေရင်သာ အတင်း လိုက်ပြီး လဲအောင် ထိုး တာ ၊ ဒီနေ့ ပြိုင်ဘက်က သူ့ ထက် ပညာ ၊ အရပ်အမောင်း ၊ လက်သီးပါဝါ အကုန် သာတယ် ” 

“ ငါ သိထားတာ က ဆမ်ခွန် က တံတောင်ရိုက် အင်မတန် ပြင်းတယ် ။ အင်တာနက် မှာ သူ့ ပွဲ လေးပွဲ လောက် ကြည့် ဖူးတယ် ။ တံတောင် ဟာ သူ့ရဲ့ ပွဲသိမ်း တိုက်ကွက် ပဲ ။ ဒါကြောင့် အခု သုံးချီ ထိ သူ မသုံးသေးတာ ။ လေးချီ က စပြီး စောကျားဖြူ ကို တံတောင် နဲ့ ပွဲ သိမ်းမယ် ထင်တယ် ”

နှစ်ယောက် စလုံး ကို အမှတ်စဉ် ရေ အပြီးမှာတင် အချီ စေ့ သွားသဖြင့် နှစ်ယောက် စလုံး ကိုယ့် ထောင့် ကိုယ် သွား ကြသည် ။ စောကျားဖြူ မျက်နှာ တစ်ပြင်လုံး သွေးတွေ  ရွှဲ နေသဖြင့် ဖျံသွေး နှင့် အကူလူ က ရေဝတ် ဖြင့် သုတ် ပေးကြသည် ။ ပါးစပ် ထဲ သွေးတွေ  ပြည့် နေသဖြင့် ရေ ငုံပြီး ပလုတ်ကျင်း ထွေး လိုက်ရာ သွေးများ နှင့်အတူ အောက်သွား ၂ နှစ် ချောင်း ပြုတ် ပါ သွားသည် ။

သွေး က မရပ် သဖြင့် စောကျားဖြူ ပါးစပ် ကို တင်းတင်း စေ့ ထားလိုက်သည် ။ နဖူး ကွဲရာ မှ လည်း သွေး က စိမ့် ထွက်နေသည် ။

“ မင်း လက်သီးတွေ အား ကုန်နေပြီ ။ အခွင့်အရေး ရလို့ သေချာရင် ခေါင်း နဲ့ ဆောင့် ပါ ။ ထိုင်းတွေ က သူတို့ ဆီ မှာ သုံးချီ ပဲ ထိုး နေက ဆိုတော့ လေးချီ ကျော် တာနဲ့ မမာ ဖောက် လာကြတယ် ။ ဒါကြောင့် တိုက်စစ် ဆက် ဆင်ပါ ။ ခံစစ် ကစား နေရင် သူ့ ကို အနား ပေး သလို ဖြစ် နေလိမ့်မယ် ”

ဖျံသွေး ၏ အကြံပေး စကား ကို စောကျားဖြူ က ခေါင်းညိတ်လိုက်သည် ။ စတုတ္ထ အချီ စ လေပြီ ။ စောကျားဖြူ က ခုန် ဝင်ကာ လက်သီးမျိုးစုံ ကို တရစပ် ပစ် သွင်းပြန်သည် ။ ဆမ်ခွန် က လည်း ရင်း မှ ရ တော့မည် ကို သိဟန် တူသည် ။ ထို့ကြောင့် လက်သီးမျိုးစုံ ဖြင့် တုံ့ပြန်သည် ။

“ ဖောင်း ... ဖောင်း ”

“ ခွပ် ... ခွပ် ”

မရှောင်တမ်း အပြိုင် ထိုး နေသောကြောင့် ထိုးချက်တိုင်း က ထိတာ များ နေသည် ။ ဆမ်ခွန်  မျက်စိ တစ်လုံး ရောင်ပြီး ပိတ် သွားသကဲ့သို့ စောကျားဖြူ ၏ နားထင် နှစ်ဖက် တွင် ဘုသီးကြီး နှစ်လုံး ထွက် လာသည် ။ ထိုကဲ့သို့ အနာ ခံပြီးရင်း ထိုး သော ပွဲ မှာ ဆယ်နှစ် ရှိမှ တစ်ပွဲ လောက် သာ ရှိ တတ်သည် ။

ထို့ကြောင့် ပွဲ စီစဉ်သူ က မတိုက်တွန်း ရဘဲ ပရိသတ်များ က လက်ခုတ် တီး ကာ ဆက်တိုက် အားပေးကြသည် ။ ၂၀၀၆ ဝန်းကျင် က တွေ့မရှောင် နှင့် မန္တလေး မှ ဖိုးကေ တို့ သည် ငါးချီ ပြည့် သည် အထိ လှဲ မချ ၊ ပတ် မပြေး ဘဲ လက်သီးချင်း ယှဉ်ပြိုင်ထိုးခဲ့ကြ ဖူးသည် ။ ၂၁ ရာစု အတွင်း အကောင်းဆုံးလက်ဝှေ့ပွဲ အဖြစ် သတ်မှတ် ခံရသည် ။

ရွှေခါးပတ် ချန်ပီယံ လုပွဲ ဖြစ်သောကြောင့် ဖိုးကေ က အမှတ်ဖြင့် နိုင် သွားခဲ့သည် ။ ၂၀၁၅ ရွှေခါးပတ် ချန်ပီယံလုပွဲ တွင် တောင်ကလေးကလပ် မှ ရဲသွေးနီ နှင့် မုဒုံသားကလပ် မှ တိမ်တိုက် တို့ သည်လည်း လေးချီ အထိ လှဲ မချ ၊ ပတ် မပြေး ဘဲ အသည်းချင်း ယှဉ်ကာ ထိုး သတ်ခဲ့ကြသည် ။ ရဲသွေးနီ က အကွဲထိုး ဖြင့် အနိုင် ရရှိသွားသည် ။ အမှတ် ရေတွက် ရာ ၌လည်း ဒိုင်လူကြီး သုံးဦး စလုံး က အနိုင် ပေးခဲ့သည် ။

ဆယ်နှစ် ကြာမှ တစ်ကြိမ် ခန့် သာ ကြည့်ခွင့် ရသော လက်ဝှေ့ပွဲကြီး ကို ပရိသတ်များ မှာ မျက်တောင်ပင် မခတ်ရဲလောက်အောင် စူးစိုက်စွာ ကြည့် နေကြသည် ။ တစ်ခါတွင် နှစ်ယောက်သား ညာဝိုက်လက်သီး နှစ်လုံး အပြိုင် သွင်းကြရာ ...

“ ခွပ် ”

“ ခွပ် ”

ဟူသော အသံ နှင့် အတူ နှစ်ယောက် စလုံး ပုံ ကျသွားကြသည် ။ သို့သော် စိတ် တင်းပြီး နှစ်ယောက်စလုံး ပြန် ထ ကြသည် ။ ဒိုင် ပြန်အလွတ် တွင် ဆမ်ခွန် သည် စောကျားဖြူ ၏ အရှိုက် ကို ညာဒူး ဝင် တိုက် လိုက်ရာ ကွက်တိ ထိ သွားပြီး -

“ အွတ် ”

ဟူသော အသံ နှင့် အတူ စောကျားဖြူ ဒူးညွတ် ကျကာ ခါး ကုန်းသွားသည် ။ သူ ၏ ပွဲသိမ်း တိုက်ကွက် ကို လေးချီ စလုံး မျက်ခြည် မပြတ် ကြည့် နေသော ဆမ်ခွန် အတွက် အကွက် ဝင် သွားလေပြီ ။ စောကျားဖြူ ၏ နောက်စေ့ ကို ညာ တံတောင်နှစ်ချက် အားကုန် လွှဲရိုက် ပစ်လိုက်သည် ။

“ ဒုတ် ”

“ ဒုတ် ”

ဟူသော အသံနှစ်ချက် သည် ဗိန်းဗောင်းသံ ကိုပင် လွှမ်းသွားသည် ဟု ထင် ရသည် ။

စောကျားဖြူ ၏ နောက်စေ့ ကွဲ ထွက်သွားပြီး သွေးများ ဖြာခနဲ စီး ဆင်းလာသည် ။ ထို တတောင်ရိုက်ချက် ထိသည်နှင့် မြန်မာလက်ဝှေ့သမား ၊ ထိုင်းလက်ဝှေ့သမား အားလုံး အရုပ်ကြိုးပြတ် ပုံ ကျသွားသည် ချည်း ဖြစ်သည် ။ ယခု စောကျားဖြူ က ပြုတ်ကျ မသွားဘဲ ကုန်းကုန်းကြီး ဖြစ် နေသည်ကို ဆမ်ခွန် တစ်ယောက် တအံ့တဩ ဖြစ်ပြီး ရုတ်တရက် မင် သက်သွားသည် ။

စောကျားဖြူ ၏ ခေါင်းတစ်ခု လုံး မူးဝေနောက်ကျိ နေပြီ ဖြစ်သည် ။ စိတ် လျှော့လိုက် သည် နှင့် သတိ လစ် မေ့မျောတော့မည် ကို သူ အလိုလို သိနေသည် ။ သားလေး မသေရဘူး ဟူသော အတွေး ကြောင့် သူ သတိ မလစ်အောင် တောင့် ထားရင်း သူ့ ကို ငုံ့ ကြည့်နေသော ဆမ်ခွန် ၏ မေးရိုး ဆီ သို့ သေချာ ချိန် ကာ တစ်ကိုယ်လုံး ရှိ အား များကို ခေါင်း ဆီ ပို့ပြီး အားရ ပါးရ ဆောင့် တိုက် ပစ် လိုက်တော့သည် ။

“ ခွပ် ”

“ ဘောင်း ”

“ ဘုန်း ”

ဟူသော အသံ သုံးသံ က မရှေးမနှောင်း ပေါ် လာသည် ။ ခွပ် ဟူသော အသံ က ဆမ်ခွန် ၏ မေးစေ့ ကို စောကျားဖြူ ၏ ခေါင်း တိုက်ချက် ထိ သွားသော အသံ ဖြစ်သည် ။ ဘောင်း ဟူသော အသံ သည် စောကျားဖြူ ၏ ခေါင်းတိုက်ချက် ကြောင့် မေးရိုး ကျိုး ကာ လေပေါ် မှာ တင် သတိ လစ်သွားသော ဆမ်ခွန် ၏ ခန္ဓာကိုယ်ကြီး ကြမ်းပြင်သို့ ခွေးကျ ၊ ဝက်ကျ ၊ ပြုတ် ကျသော အသံဖြစ်သည် ။ 

တိုက်ချက် ပြင်းထန်လွန်းသောကြောင့် လေပေါ် ထိ မြောက် တက် သွားပြီးမှ ပြန် ကျ ခြင်း ဖြစ်သည် ။ ဘုန်း ဟူသော အသံ သည် ရှိသမျှ အား ကုန် သွားသဖြင့် စောကျားဖြူ ပါ ကြမ်းပြင်ပေါ် လဲ ကျသော အသံ ဖြစ်သည် ။

ပရိသတ် အားလုံး သာ မက စင် ပေါ် က ဒိုင်လူကြီး ပါ မကျန် အားလုံး တအံ့တသြ ငေးမော မင်သက်မိကာ သူတို့ နှစ်ဦး လဲ ကျသည် ကို စိုက် ကြည့် နေကြသည်မှာ စက္ကန့် အတော် လေး ကြာ သွားသည် ။ ပြန် ထ လာ နိုင်သူ က အနိုင် ဖြစ် သောကြောင့် မည်သူ ပြန် ထ လာ မည်ကို ရင် တထိတ်ထိတ် ဖြင့် စောင့် ကြည့် နေကြသည် ။

မိနစ် ဝက် ခန့် ကြာသော အခါတွင် မှ စောကျားဖြူ က ဒယီးဒယိုင် ဖြင့် ကုန်း ထ လာ သည် ။ ပရိသတ်များ ၏ ဩဘာ ပေးသံများ ကား လက်ဝှေ့ရုံကြီး ပွင့် ထွက်ခမန်း ပင် ဖြစ် သည် ။ ဆမ်ခွန် ကား လှုပ်ပင် မလှုပ် တော့၍ ဆေးအဖွဲ့များ က ထမ်းစင်ဖြင့် တင် ခေါ်သွား လေပြီ ။ 

“ စောကျားဖြူ မြန်မာ က ဆမ်ခွန် ထိုင်း ကို အလဲထိုး ဖြင့် အနိုင် ရကြောင်း ကြေငြာ အပ်ပါတယ် ခင်ဗျား ”

ဒိုင် က စောကျားဖြူ ၏ ညာလက် ကို ကိုင် မြှောက် ပြလိုက်သည် ။

“ ဦးထူးဇော် ဆုချငွေ ဆယ်သိန်း နဲ့ ပရိသတ်များ စုပေါင်းဆုချငွေ ဆယ်သိန်း စုစုပေါင်း သိန်းနှစ်ဆယ် ကို ပရိသတ် အားလုံး ကိုယ်စား ဦးထူးဇော် က မြန်မာ့ဂုဏ်ဆောင် လက်ဝှေ့သမား စောကျားဖြူ ကို ချီးမြှင့် ပေးရန် စင်မြင့်ပေါ် သို့ ကြွ ပါခင်ဗျား ”

ဦးထူးဇော် စင်ပေါ် တက် လာသည်ကို စောကျားဖြူ လှမ်း ကြည့် သော်လည်း သဲကွဲ စွာ မမြင်ရချေ ။ သွေးတွေ က မျက်စိ ထဲ ဝင် နေသောကြောင့်လော ဟု ထင် သဖြင့် မျက်စိ နှစ်ဖက်စလုံး ကို လက်ဖြင့် ပွတ်ကြည့်သည် ။ မမြင်ရချေ ။ သိ လိုက်ပါပြီ ။ သူ့ မျက်လုံးများ ပြာ နေပြီ မဟုတ်ပါလား ။ အကူလူ ဖျံသွေး က တွဲပြီး ဦးထူးဇော် ရှေ့သို့ ပို့ ပေး၍ တော် သေး သည် ။

ဦးထူးဇော် ပိုက်ဆံတွေ လှမ်း ပေးတာ ကို သူ မမြင်ရသဖြင့် လက် မလှမ်း မိ ။ အကူလူ က သူ့ လက်နှစ်ဖက် ကို ကိုင် ၍ ပိုက်ဆံထုပ် ရှိရာ တွန်း ပို့ ပေး၍ သိန်းနှစ်ဆယ် ကို ကျစ်ကျစ်ပါအောင် ဆုပ် ကိုင်လိုက်သည် ။ ပိုက်ဆံများ ကို ဆုပ်ကိုင်ပြီး နောက် လှည့် မသွားဘဲ ရှေ့သို့ တိုး လိုက်သဖြင့် ဦးထူးဇော် နှင့် ကပ်လျက်သား ဖြစ် သွားသည် ။

သူ နောက်ဆုံး အနေဖြင့် တစ်လုံးချင်း အား ယူ၍ ပြော လိုက်သည် ။

“ ဦးထူးဇော် ၊ ရန်ကုန်ဆေးရုံကြီး က ကျွန်တော့် သားလေး ဆီ ကို ဒီ ငွေတွေ ရောက်အောင် ပို့ပေးပါ ”

“ အေး ... ပို့ ပေးမှာပေါ့ ။ မင်း က ဘယ် သွားစရာ ရှိလို့လဲ ”

ဦးထူးဇော် က သူ့ ကို ပွေ့ဖက် နှုတ်ဆက်ချင်သည် ဟု ထင် ၍ တစ်ကိုယ်လုံး သွေးခြင်းခြင်း နီ နေသော စောကျားဖြူ ၏ ကိုယ်လုံး ကို ပွေ့ ဖက် လိုက်သည် ။ ထိုအချိန် မှာပင် စောကျားဖြူ ဇက် ကျိုး ကျကာ သူ့ခေါင်း က ဦးထူးဇော် ၏ ပခုံး ပေါ် တွင် တင် နေသည် ။

သိန်းနှစ်ဆယ် သော ပိုက်ဆံအုပ်များ က စောကျားဖြူ လက် ထဲမှ ကြမ်းပြင် ပေါ် သို့ ပြုတ် ကျသွားကြသည် ။

◽ မေတ္တာရှင် ( ရွှေပြည်သာ )

( မှတ်ချက် ) ၂၁၁၄ ခု ဧပြီလ က မွန်ပြည်နယ် ၊ ရေးမြို့နယ် ၊ ဟံကန်ရွာ တွင် ထိုင်းလက်ဝှေ့သမား နှင့် ထိုးသတ်ရင်း ကွယ်လွန် သွားရှာသော မြန်မာလက်ဝှေ့သမား ပဲပြားမောင်မောင် ကို သတိတရ မှတ်တမ်းတင် ရေးဖွဲ့ ပါသည် ။ ၈ ၊ ၇ ၊ ၂၀၁၆ နေ့က အိမ် သို့ အလည် လာသော မြန်မာ့လက်ဝှေ့ကျော် စိုးလင်းဦး မှ တစ်ဆင့် ကျန်ရစ်ခဲ့သော ပဲပြား မောင်မောင် ၏ ဇနီး နှင့် သားလေး အတွက် ငွေငါးသောင်းကျပ် ထောက်ပံ့ ကူညီခဲ့ပါသည် ။

လေ ဖြတ် နေသော ဖခင် နှင့် ကျန်းမာရေး မကောင်းသော မိခင် တို့ ကို လက်ဝှေ့ ထိုးပြီး လုပ်ကျွေးနေသော စိုးလင်းဦး အား ငါးသောင်း ထောက်ပံ့ ဂုဏ်ပြုခဲ့ပါသည် ။

◾   မေတ္တာရှင် ( ရွှေပြည်သာ )

📖  ရသကြယ်ဖြူ ဝတ္ထုတိုများ အမှတ် ( ၃ )

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment