❝ သူတော်ငတေ ၏ ပီယဆေး ❞
တစ်နေ့တွင် သူတော်ငတေ ၏ အနား ၌ ရောက်တတ်ရာရာ တစ္ဆေ ပုံပြင်များ ကို ပြောဆို နေကြသော ကျောင်းသားများ က ပီယဆေး အကြောင်း စကား ရောက်သွားကြ သည် ။ ထိုအခါ သူတော်ငတေ က -
“ ငါ့ တပည့်တို့ ပီယဆေး လိုချင်ကြ လား ”
ဟု မေး၏ ။
သူ့ ဆီ၌ ဗေဒင်ပညာ ၊ ဆေးပညာ ၊ အင်း ၊ အိုင် ၊ ခါးလှည့် ၊ လက်ဖွဲ့ပညာ သင်ယူနေကြသော ကျောင်းသားကြီး များ မှာ ဆယ့်လေးငါးနှစ် ခန့် အရွယ် များဖြစ်ကြရာ အားလုံးက လိုလိုချင်ချင်
“ ဟာ လိုချင်တာပေါ့ ဘဘရယ် ”
ဟု ပြိုင်တူ ပြောဆိုကြသည် ။
ထိုအခါ သူတော်ငတေ က -
“ ပီယဆေးများ ကွာ ၊ ဘာခက်လဲ ”
ဟု ဆိုပြန်သည် ။
“ မခက်ရင် ကျွန်တော်တို့ ကို ပီယဆေးနည်း ပေးပါ ဘဘ ရယ် ”
ဟု တောင်းဆိုကြ၏ ။
“ မင်းတို့ လိုချင်ရင် ဘဘ ပီယဆေး နည်း လင်္ကာ ရွတ် ပြမယ် ၊ မင်းတို့ အဲဒီ ဆေး ကို ရအောင် ရှာ နိုင်ပါ့မလား ”
ဟု မေး၏ ။
“ ကျွန်တော်တို့ ရအောင် ရှာ ပါ့မယ် ဘဘ ၊ ဆေးနည်း ကို သာ ရွတ်ပြပါ ”
ဟု တညီတညွတ်တည်း ပြော ကြ ပြန်၏ ။
“ ကောင်းပြီ ၊ ဒါဆို ပီယဆေး အလွယ်ဆုံးနည်း ကို ငါ ပြောပြမယ် ။ ဖြုတ်သည်းခြေ တစ်ပိဿာ ၊ တီ နားရွက် ငါးဆယ်သား ”
ဟု ဆိုရာ ကျောင်းသားကြီးများ က
“ ဟာ ဘဘ ကလည်း ဖြုတ်ကောင် က သေးသေးလေး ၊ ဘယ်လိုလုပ် သည်းခြေ တစ်ပိဿာ ရအောင် ယူ မ လဲ ၊ တီကောင် မှာ လည်း နားရွက် မှ မ ရှိတာ ဘဘ ”
ဟု ဝိုင်းပြောကြသည် ။
“ ဟုတ်လား မသိဘူးလေကွယ် ၊ ဘဘ ကလည်း တီကောင်တွေ ၊ ဖြုတ်ကောင်တွေ ကို တစ်ခါမှ သေသေချာချာ မကြည့်မိတော့ စာထဲ တွေ့တာ ပြောရတာ ၊ တီကောင် မှာ နားရွက် မရှိဘူးလား ”
“ ဟာ ဘဘ ကလည်း တီ မှာ ဘယ်လိုလုပ် နားရွက် ရှိမလဲ ”
“ ဟေ ဟုတ်လား ၊ ဒါဆို ရှေးရှေး က ဆရာရှစ်သောင်း တွေဟာ ဘာတွေ ရေးထားခဲ့ကြပါလိမ့် ။ အေး တစ်ခုတော့ ရှိတာပေါ့ကွယ် ၊ ဒီ ပညာ တွေဆိုတာ အင်မတန် ခက်ခဲနက်နဲ တဲ့ ဂမ္ဘီရပညာတွေ ဆိုတော့ လျှို့ဝှက်ပြီး ရေးထားခဲ့ကြတာလည်း ဖြစ် နိုင်တာပေါ့နော် ။ ရှင်းတာ ကို ရှုပ် အောင် လုပ်ရတယ် ၊ လွယ်တာ ကို ခက်အောင် လုပ်ရတယ် ၊ ခက်တာ ကို နား မလည်အောင် ရေး ရတယ် ။ အဲဒါမှ ပြင်ညာရှိ ဆိုတာ ကိုး ဟ ။ ခု ဖြုတ် သည်းခြေ ဆိုတာက မင်းတို့ ငါတို့ သိ တဲ့ ဖြုတ်ကောင် တော့ ဘယ်လိုမှ မ ဖြစ်နိုင်ဘူး ။ မင်းတို့ က တီကောင် မှာ နားရွက် မရှိပါဘူး ဆိုတော့ ဒီ ရသေ့ တွေ ဘယ်လို အယူအဆ နဲ့ ရေးခဲ့ကြ လဲဆိုတာ ဘဘ ပြန် သုံးသပ်ကြည့် ရ ဦးမယ် ။ ပီယဆေးနည်း စာတွေကတော့ အများကြီးပဲ ။ ကဲ ဒါဆို ပီယဆေး နည်း ဒုတိယ တစ်ဖုံ ကို ဘဘ ပြောမယ် ”
“ ဟုတ်ကဲ့ပါ ဘဘ ”
“ တောင်ကြာ ၊ လိပ်ခေါင်း ၊ ဖား, ဖလောင်း ၊ မိုးကောင်း ရေညှိ ၊ မျှော့ ၊ ပက်ကျိ တဲ့ ဗျာ ။ အဲဒါသာ ရှာလို့ ရရင် အဲဒါကို အမှုန့်ကြိတ် ၊ တို့ လိုက်တိုင်း သူ့ နောက်ပါ ပီယဆေး တဲ့ ဗျာ ၊ ကဲ အဲ ဒါကော မောင် တို့ ရအောင် ရှာနိုင်ကြ ပါ့မလား ”
“ တောင်ကြာ ဆိုတာကတော့ အပင် လား ၊ အကောင် လား ဘာလဲ ၊ ကျွန်တော်တို့ မကြားဖူးဘူး ဘဘ ။ တခြားဟာတွေကတော့ လွယ်ပါ တယ် ၊ အဲဒီ တောင်ကြာတစ်ခုပဲ ခက် လိမ့်မယ် ထင်တယ် ”
“ ဟဲ့ ၊ ပီယဆေး ပါ ဆို ခက်တော့မှာ ပေါ့ ဟ ၊ လွယ်သာ လွယ်ရင် နင်တို့ အမျိုးတွေ အကုန်လုံး ငတေ့ မယား ချည်း ဖြစ် ကုန်ကြတော့မှာ ပေါ့ ။ စောစော က ပြောပါပကောလား ၊ လွယ်တာ ကို ခက်အောင် ရေး ထားရ ပါတယ် ဆို ဒါမှ ပြင်ညာရှိ ဖြစ်တော့ မ ပေါ့ဟ ”
သူတော်ငတေ စကား ကို ကျောင်းသားကြီးတွေ က ရယ် ကြ သည် ။ ပြီးမှ တစ်ယောက် က
“ တောင်ကြာ က လွဲ ရင် လိပ်ခေါင်း ၊ ဖား ၊ ဖလောင်း ၊ ရေညှိ ၊ မျှော့ ၊ ပက်ကျိ ဆိုတာတွေ ကတော့ လွယ်ပါတယ် ဘဘ ၊ တောင်ကြာ ဆိုတဲ့ စကားဝှက် တစ်ခု ပဲ ။ ဘဘ ကျွန်တော်တို့ ကို ဖော် ပေးပါ ၊ ဘဘ ပြော တဲ့ ဆေးနည်းတွေ အားလုံး ဟာ ပီယဆေး ဖြစ်နိုင်တယ် ဆိုတာ ကျွန်တော်တို့ လည်း ယုံကြည် ပါတယ် ”
“ တယ် ဆိုတဲ့ စာပါလား ၊ ဘယ်လို ကြောင့် ပါလိမ့် ”
သူတော်ငတေ က စောစောက သူ ပြောသော ဆေးနည်း မှာ ပီယဆေး ဖြစ်နိုင်ကြောင်း ယုံကြည်ပါသည် ဆိုသော ကျောင်းသား ကို စေ့စေ့ ကြည့်၏ ။
“ အကြောင်းက ရေညှိ ၊ မျှော့ ၊ ပက်ကျိ ၊ ဖား ၊ ဖလောင်း ဆိုတဲ့ အရာ တွေဟာ အားလုံးနီးနီး စေးကပ်တဲ့ အရာတွေချည်း မို့ ပါ ဘဘ ။ ပီယဆေး ဆိုတာ ကပ် မှ ချွဲ မှ ဖြစ်မယ် ဘဘ ”
“ အေး ငါ့တပည့် အတွေးအခေါ် မ ဆိုးဘူး ”
သူတော်ငတေ က ကျောင်းသားကြီး ၏ အပြော ကို မှတ်ချက် ချ၏ ။
“ ဟုတ်ပြီ ၊ ကဲ ပက်ကျိ ၊ ဖား ၊ ဖလောင်း ၊ ရေညှိ တော့ ရပြီ ။ တောင်ကြာ ကို ခဏ ထားဦး ၊ နောက်ဆုံး မှ တို့ ဉာဏ် ကစားပြီး ဖော် မယ် ၊ လိပ်ခေါင်း ကကော ရဖို့ လွယ် ပါ့ မလား ကွယ် ”
“ လိပ်ခေါင်း က ရဖို့ သိပ် လွယ်တာ ပေါ့ ဘဘ ၊ ကုန်ခဲ့တဲ့ မိုးဦး ကတောင် ကျွန်တော်တို့ ကျောင်းသားတွေ မှို ရှာ သွားရင်း မှို လာ စားနေတဲ့ လိပ် တစ်လုံး ကို မှိုကျင်း ထဲ တွေ့လို့ ဆရာတော် မသိအောင် ကျွန်တော်တို့ ရွာ ထဲ မှာ သွား ချက်စားကြသေးတယ် ။ အဲဒီတုန်း ကသာ ပီယဆေး ဖော်တဲ့ နေရာ မှာ သုံးရကောင်းမှန်း သိရင် ခေါင်း ဖြတ် ယူ ထားလိုက်ရုံပဲ ”
“ လိပ်ခေါင်း ဆိုတာ နင်ပြောတဲ့ လိပ်ခေါင်း လိုမျိုး မဟုတ်ဘဲ လူ့ လိပ်ခေါင်း ဆိုရင်ကော လွယ်ပါ သလား ၊ နင် တို့ အမျိုး ထဲ လိပ်ခေါင်း ထွက် နေတဲ့ လူ ရှိလို့လား ”
သူတော်ငတေ ၏ စကား ကို ကျောင်းသားတွေ က ဝိုင်း ရယ်ကြ ပြန်၏ ။
“ လူ့ လိပ်ခေါင်း ဆို ရင်တော့ ရဖို့ နည်းနည်း ခက်မယ် ဘဘ ”
“ လူ့ လိပ်ခေါင်း ဆို ငထီးတို့ ဘကြီး အရင်က လိပ်ခေါင်း ထွက် ဖူးတယ် ကွ ”
စောစော က ရဖို့ နည်းနည်း ခက်မယ် ဟု အရှက်ပြေ ပြောသော ကျောင်းသား ၏ စကား မဆုံးမီ နောက် တစ်ယောက် က ငထီး ၏ ဘကြီး လိပ်ခေါင်း ထွက် ဖူးသည် ဟု ဝင် ၍ ပြောလိုက်သောအခါ ရယ် ကြပြန်သည် ။ သူ တို့ ရယ်မောနေကြစဉ် ကျောင်းသားကြီး တစ်ယောက် က ပြော လာပြန်၏ ။
“ တောင်ကြာ ဆိုတာ ကို ကျွန်တော် စဉ်းစားတွေးကြည့်တော့ တောင်ပေါ် မှာ ရှိတဲ့ စမ်းအိုင်တွေ ဘာတွေ ထဲ မှာ ပေါက် တဲ့ ကြာ ကို များ ပြောသလား ထင်တာပဲ ဘဘ ”
“ ငါ့ တပည့် အတွေး မဆိုးပါဘူး ၊ ကဲ တောင်ကြာ ကလည်း ဟုတ်တယ်ပဲ ထား လိုက်တော့ ။ လိပ်ခေါင်း ကကော လူ က ထွက်တဲ့ လိပ်ခေါင်း လား မင်း တို့ ပြောတဲ့ အကောင်လိပ် ရဲ့ ခေါင်း လား ၊ အဲဒါကို ဘယ်လို ဆုံးဖြတ်ကြမလဲ ”
“ စောစောက ဘဘ ပြောသလို လူ က ရောဂါကြောင့် ထွက်တဲ့ လိပ်ခေါင်း ဆို ရင်တော့ ရဖို့ ခက်လိမ့်မယ် ထင်ပါ တယ် ဘဘ ”
“ ဟဲ ဟဲ အေးလေကွယ် ၊ အဲသလို ခက် လို့လည်း ရှေးရှေး ပညာရှင် တွေ က ယ လေးလုံး ရှောင် ၊ အိုတောင် မ ဆင်းရဲ လို့ အဆိုအမိန့် ထားခဲ့ကြတာပဲ ”
“ ဘယ်လို ယ လေးလုံး လဲ ဘဘ အမိန့် ရှိပါဦး ”
သူတော်ငတေ ပြောစကား မှန်သမျှ အကုန် သိချင်နေသော ကျောင်းသား တစ်ယောက် က ဝင် မေးပြန်၏ ။
“ ယ လေးလုံး ဆိုတာက နံပါတ်တစ် စောစော က မင်းတို့ ပြောတဲ့ ပီယ တဲ့ ၊ နံပါတ်နှစ် က ဘူမိယ ”
“ ဘူမိယ ဆိုတာ ဘာကို ပြောတာလဲ ဘဘ ”
“ ဘူမိယ ဆိုတာ ဥစ္စာစောင့်သိုက် တို့ ဘာတို့ ရနိုးနိုး နဲ့ ဟို ဘုရားပျက် သွား တူး ၊ ဟို တောင်ပို့ သွား ပေါက် လုပ်နေတဲ့ သိုက်စာရူးတွေပေါ့ကွယ် ။ နံပါတ်သုံး ကတော့ အဂ္ဂိရတ် တဲ့ ၊ အဲဒီ ထဲ ဘဘ လည်း ပါ တာ ပေါ့နော် ။ ရသ မျှ ကုန် နေတာ သာ ကြည့်တော့ ဟဲ ဟဲ ”
“ နံပါတ်လေး ကကော ဘဘ ”
“ နံပါတ်လေး ကတော့ ဣတ္ထိယ တဲ့ ကွဲ့ ”
“ ဣတ္ထိယ ဆိုတာ ဘာ ပြောတာလဲ ဘဘ ”
စောစောက အမေးအမြန်း ထူသော ကျောင်းသား က ဝင် မေးပြန်၏ ။
“ ဟိုက် သောက်ကျိုးနည်း မှ ပဲ ၊ ဘုန်းကြီးကျောင်းသား ဖြစ်နေပြီး ဣတ္ထိယ တောင် နင် မသိဘူး ”
“ ဟုတ်ကဲ့ပါ ဘဘ ၊ မသိလို့ပါ ”
“ အဲဒါဆို ငါ့ ကို မမေးနဲ့ ၊ ညနေ ထမင်းစား ပြန်မှ နင့် အမေ ကို မေး ”
သူတော်ငတေ ၏ စကား ကို ကျောင်းသားများ အားလုံး က ဝိုင်း ရယ်ကြပြန်သည် ။ အရယ် ရပ် သွားကြ ပြီး မှ ကျောင်းသားကြီး တစ်ယောက် က
“ အဘ ပြောသလိုဆို ပီယ မျက်ချစ်ဆေး ဆိုတာ မရှိဘူး လို့ ဆိုလိုတာလား ဘဘ ”
“ ဟာ ဘယ့်နှယ် ပြောပါလိမ့် ၊ သိပ် ရှိ တာပေါ့ကွယ် ”
“ အဲဒါဆို ပြောပါဦး ဘဘ ”
“ အေး ၊ လောကီနည်း ပီယဆေးစာ တွေ တော့ ဘဘ ပြောခဲ့ပြီ ၊ မင်း တို့ လည်း ဖော် မရ ၊ ဘဘ လည်း မသိဘူး ၊ လောကုတ္တရာနည်း ပီယဆေး တွေ ကတော့ တို့ ဘုန်းဘုန်း ဦးပဉ္စင်း ၊ ကိုရင်တွေ ဆီ မှာ ပေါ ပဗျား ”
“ ဗျာ ပီယဆေး နဲ့ ဘုန်းကြီးရဟန်း တွေ နဲ့ ဘာ ဆိုင်လဲ ဘဘ ရာ ”
“ သိပ် ဆိုင်တာပေါ့ကွယ် ၊ ဘဘ အထင် ပြောရရင် ပီယဆေး မတတ် တဲ့ ဘုန်းကြီး ရဟန်း ရယ် လို့ ဘဘ တို့ ဆီ မရှိသလောက် ထင်တာဘဲ ။ စာ များများ တတ်လေ ၊ အဲဒီ ဘုန်းဘုန်း ဟာ ပီယဆေး စွမ်း လေပဲ ။ မင်း တို့ ကို ရှင်းအောင် ပြောရမယ် ဆိုရင် ခု တို့ ကျောင်း က ဆရာတော် ဟာ ဦးပဉ္စင်း တွေ နဲ့ ကိုရင်သာဗြည့် တို့ ကို တစ် မိုး တွင်း လုံး ပီယဆေး တွေ သင် နေ တာ ဘဘ ကြား နေရတာပဲ ”
“ ဟာ ဘဘ ကလည်း မဟုတ်တာ ၊ မိုး တွင်း က ဦးပဉ္စင်း ကိုရင်တွေ ကို ဆရာတော် စာ ချနေတာ သဒ္ဒါကြီး ပါ ဘဘ ။ ပီယဆေး သင်တာ မဟုတ် ပါဘူး ”
“ ဟဲ ဟဲ ၊ အဲဒီ ဆရာတော် သင်ပေး နေတဲ့ သဒ္ဒါကြီး ဆိုတဲ့ ကျမ်း ထဲမှာ မင်း တို့ လိုချင်လှချေ ရဲ့ဆိုတဲ့ ပီယဆေး တွေ ပေါ မှ ပေါ မောင်တို့ ရယ် ၊ မင်း တို့ ကြားဖူးကြမလား မသိ ဘူး ၊ ငါ ပြောတာ မယုံရင် ဦးပဉ္စင်း နဲ့ ကိုရင်သာဗြည့် တို့ ကို မေးကြည့် ။ သဒ္ဒါကြီး ထဲ မှာ ဗောဓိရုပ် ဆိုတာ ရှိ တယ် ၊ ဟိုး ရှေးရှေးတုန်းက ကိုရင်လေး တစ်ပါး ဟာ အဲဒီ ဗောဓိရုပ် ကို ခု မင်း တို့ ငါ့ ဆီ မှာ ဗေဒင် တွက်သလို ပေါ့ ။ သင်ပုန်းကြီး နဲ့ ကံ့ကူဆံ နဲ့ ဆရာတော်ကြီး အနား မှာ ဗောဓိ ရုပ် တွက် နေသတဲ့ ။ အခေါက်ခေါက် အခါခါ တွက် လိုက် ၊ ဖျက် လိုက် ဆိုတော့ ကံ့ကူဆံ က ထွက် တဲ့ ကံ့ကူမှုန့်တွေ ၊ မီးသွေးသင်ပုန်း က ထွက်တဲ့ သင်ပုန်းချေးတွေ ကလည်း ကိုရင်လေး လက်မှာ ပေကျံ နေတာ ပေါ့ ။ အဲဒါနဲ့ ဒကာမလေး အပျို တစ်ယောက် ကျောင်း ကို ဆွမ်း လာပို့ တယ် ။ အဲဒီတော့ ဘုန်းကြီး က “ ဟဲ့ ကိုရင် ၊ ဒကာမလေး ဆွမ်းအုပ် လှယ် ပေးလိုက် “ လို့ မိန့် လိုက်တယ် ၊ ဗောဓိ ရုပ် တွက်နေတဲ့ ကိုရင်လေး က ကမန်းကတန်း ဆွမ်းအုပ် ထ လှယ် ပေးလိုက်တယ် ။ သူ့ စိတ် ကတော့ ဗောဓိရုပ် ဆီ ကိုပဲ ရောက် နေတော့ ဟင်းခွက်တွေ ကို မဆေးမိဘဲ ဒကာမလေး ကို သွား ပေးတယ်တဲ့ ။ ဒီတော့ ဒကာမလေး က ကိုရင်လေး မျက်နှာ ကိုပဲ တစိမ့်စိမ့် ကြည့်ပြီး ထိုင် နေရာ က မထတော့ဘူး ။ ကိုရင်လေး ကတော့ မသိရှာဘူး ။ သူ့ တွက်လက်စ ဗောဓိရုပ် ကို ပဲ ဆက် တွက် နေတယ် ။ ဒကာမလေး ဟာ ဗောဓိရုပ် တွက် နေတဲ့ ကိုရင်လေး မျက်နှာ ပဲ ထိုင် ကြည့်ပြီး ပီတိ ဖြစ် နေတာ မြင်တော့ အဲဒီအခါ မှ ဆရာတော်ကြီး ကလည်း ရိပ်မိသွား တယ် တဲ့ ။ ဗောဓိရုပ် အခေါက် တစ်ထောင် လောက် တွက် ထားတဲ့ ကံ့ကူ ချေး ၊ သင်ပုန်းချေးတွေ က ဒကာမလေး ဆွမ်းဟင်း ပန်းကန်တွေ ကို ပေကျံသွားတော့ ဒကာမလေး က ကိုရင်လေး ကို ချက်ချင်း ချစ်ကြိုက် သွားတာ ။ အဲဒါ ဆရာတော် က သဘော ပေါက်လိုက်တော့ “ ကိုရင် ၊ နင့် ဟာ မဟုတ်သေးပါဘူး ၊ ဒကာမလေး ရဲ့ ဆွမ်းဟင်းခွက်တွေ ကို စင်ကြယ်အောင် ဆေးကြော ပေးလိုက်စမ်း ” လို့ မိန့် လိုက်ရတယ် ။ ကိုရင်လေး ဆွမ်းဟင်းခွက်တွေ ကို ဆေးကြော ပေး လိုက်တော့မှ ဒကာမလေး လည်း ရှက်ရှက် နဲ့ ထ ပြန်သွား တယ် တဲ့ ။ ဟင်းခွက်တွေ ကို ပေကျံနေ ရုံ နဲ့တောင် ဒီလို ဖြစ်ရတယ် ဆိုရင် အဲဒီ ဗောဓိရုပ် တစ်ထောင် တွက် ထား တဲ့ သင်ပုန်းချေး ၊ ကံ့ကူချေးတွေ နဲ့ များ လူ ကိုသာ တို့ လိုက်မယ် ဆိုရင် ဘယ်လို ဖြစ်သွားမလဲ ဆိုတာ မင်း တို့ စဉ်းစားသာ ကြည့်ကြတော့ ။ ဘုန်းကြီးရဟန်းတွေ ဟာ တရား ရှိကြ ၊ ကျင့်ကြံအားထုတ် နေကြလို့ပေါ့ ။ အဲဒါကြောင့် စာဆိုကြီး ဦးပုည က တောင် - ဘုန်းကြီးကြိုက် ၊ မင်း ကြိုက် ၊ ကာလသားများ နဲ့ လားလား မှ မထိုက်တဲ့ ဗျာဆံဝိုက် ဗျာဆံခါ အပျိုတွေ လာ လွန်းလို့ ဆရာတော် ကျောင်း ပေါ် က ကြိမ် ဆော်ပြီး ချရတယ် ဆို မဟုတ်လား ”
“ ဘဘ ပြော သလိုဆို ကျွန်တော်တို့ လည်း ပီယဆေး ရဖို့ ဗောဓိရုပ် တွက်ရမလို ဖြစ်နေပြီ ”
“ လိုချင်ရင် တွက် ကြပေါ့ကွ ရှင်မဟာကစ္စည်း ရေးသားပြုစုခဲ့တဲ့ သဒ္ဒါကြီး ထဲ မှာ ပီယဆေး သာ မဟုတ် ဘူး ၊ တခြား ဆေးနည်းတွေ လည်း အများကြီး ပဲ ။ အဝသုဿတု မေသရီ ရေ မံသလောဟိတံ ဆိုတဲ့ သဒ္ဒါပုဒ် က သွေး တိတ် တဲ့ ဂါထာ ပဲ ။ တစ်ခုခု ဖြစ် လို့ ကိုယ် က သွေး မတိတ်ရင် အဲဒီ အဝ သုဿတု မေ သာ ရွတ်လိုက် ၊ အခေါက် တစ်ထောင် မပြည့်မီ သွေး တိတ်သွား လိမ့်မယ် ။ ခု ဝေယံလင်း တို့ အဖေ ဟို တတ်ယောင်ကား ဆေးဆရာ တောင် လူ ကို ဝင် ပူးနေတဲ့ သရဲတစ္ဆေတွေ ထွက် မပြေးနိုင်အောင် ဘာ နဲ့ ချုပ်ပြီး နင် ဘယ်လူလဲ ဘယ်ဝါလဲ မေးတာ ဘာ နဲ့ လုပ်လဲ မင်း တို့ သိလား ”
“ မသိပါဘူး ဘဘ ”
“ အထွေအထူး ဘာမှ မဟုတ်ဘူး ၊ ဘုန်းကြီး ရဟန်းတွေ ဝါဆို ဝါကပ် လုပ်တဲ့ အခါ ရွတ်တဲ့ ဣမသ ဝိဟာရေ ဣမံ တေမာသံ ဝဿံ ဥပေမိ ဆိုတဲ့ ဂါထာ ခေါ်မလား အဲဒါနဲ့ ချုပ် ထားပြီး မေး စစ် တာဗျ ။ ခု မင်း တို့ သင် ထားကြ တဲ့ ပရိတ်ကြီး တွေ ထဲ မှာလည်း သိ ထားရင် ဆေးတွေ အများကြီး ပဲ ။ ဟို ခက်အားကြီး လို့ ရှင်ဖျက် ဓဇဂ် ၊ လူ ဖျက် အရက် ၊ ဓားဖျက် ဝါးမျက် ဆိုတာ ကြားဖူးကြတယ် မဟုတ်လား ”
“ ဟုတ်ကဲ့ ၊ ကြားဖူးပါတယ် ဘဘ ”
“ ခက်အားကြီးလို့ ကိုရင် တွေ လူ ထွက် ပြေးကြတယ်ဆိုတဲ့ ဓဇဂ္ဂ သုတ် ထဲ မှာလည်း ဆေးနည်းတွေ အများကြီး ပဲ ။ ကိုရင်လေး တစ်ပါး ဓဇဂ္ဂသုတ် ရွတ်ရင်း မျက်စိ မှိတ် စင်္ကြံ လျှောက် ကျက်နေတာ ခြေတံရှည်ကျောင်း ပေါ် က လိမ့် ကျလိုက် တာ ဦးစောက်ပြောင်းပြန် သင်္ကန်း တွေ ဘာတွေ အကုန် လန် နေမှာပေါ့ ။ အောက် ကို ရောက်တော့ ကိုရင် လေး ဘာမှ မဖြစ်ဘူး မတ်တတ် ကလေး တဲ့ ။ ကောင်းလိုက်တဲ့ ဂါထာ ၊ အန္တလိက္ခေပိ ပါဏိနော ၊ ပတိဋ္ဌ မဓိဂစ္ဆန္တိ ၊ ဘူမိယံဝိယ သဗ္ဗထာ တဲ့ဗျာ ။ သဒ္ဒါကြီး မှာ ရော ပရိတ်ကြီး မှာပါ သိသာ သိရင် ဆေး နည်းတွေ ပြော မကုန် နိုင်လောက်အောင် ပါဘဲ မောင်တို့ ရယ် ။ ဗောဇ္ဈင်္ဂသုတ် ကြည့် ဦးမ လား ။ ဘာဝိတာ ၊ ဗဟုလီကတာ ကြိမ်ဖန်များစွာ သာ ပွားများထားမယ် ဆိုရင် ဩသဓဉ္စ ဣမံမန္တံ တဲ့ ။ နတ်ဆေး ၊ နတ်မန္တရား ထက်တောင် အစွမ်း ထက်တယ် ။ ဝဋ္ဋသုတ် ကျ ပြန်တော့လည်း ကပ္ပဌာယိံ မဟာ တေဇံ တဲ့ ။ တစ်ကမ္ဘာပတ်လုံး တည်တဲ့ အာနုဘော် ရှိတဲ့ အဆောင်ကောင်း တွေ ၊ ဘုရားဆေး တွေ ၊ မင်း တို့ ကျက် မှတ်ထားကြတဲ့ ပရိတ်ကြီး ဆယ့် တစ်သုတ် ဆိုတာ စွမ်း တာလည်း မ ပြောနဲ့ ၊ အားလုံး နိကာယ်ငါးရပ် ပိဋကတ် သုံးပုံ ထဲ က မြတ်ဗုဒ္ဓ ရဲ့ ရွှေ နှုတ်တော် က ထုတ် ဟ လိုက်တဲ့ ဆေးဝါးတွေ ချည်းပဲ ။ အဲဒါကို ပိဋကတ် နှံ့စပ်တဲ့ ဆရာတော်တွေ က လူတွေ အကျိုးရှိ အောင် ကောက်နုတ် ရွေးထုတ်ပြီး လူ တွေ အတွက် ဆေးတွေ ထား ခဲ့ကြတာ ။ မန္တန် တွေ ပေးခဲ့ကြတာ ။ အဲဒါကြောင့် ပရိတ်ကြီး ထဲ မှာ လည်း ဆေး တွေ သုံးမကုန်အောင် ရှိတာ ၊ အရင်တစ်ခါ ဟို ကောင်မ ကိစ္စ တုန်း ကလည်း မင်း တို့ က ငါ့ ကို မေးတယ် ။ မင်း တို့ ကို မဲနက်မ တစ်ခါ မှ မ ခြောက်ပါလား တဲ့ ။ နေ့တိုင်း ဘုရားရှိခိုး ၊ ပရိတ် ရွတ် နေတဲ့ မင်း တို့ ကို မဲနက်မ မိစ္ဆာမ က ခြောက်ရဲ ဖို့ နေ နေသာသာ မင်း တို့ နဲ့တွေ့ ရ မှာတောင် သူ့ခမျာ ကြောက် လွန်းလို့ ဝေးဝေး က ရှောင် ရှောင် ပြေး နေရတာ ။ အဲဒါကြောင့် ရပ် မှာ ရွာ မှာ တစ္ဆေ ခြောက် ခံ ရတယ် ဆိုရင် အဲဒီ လူ ကြပ်ကြပ် သတိ ထားတော့ ။ ယုတ်ညံ့ တဲ့ မိစ္ဆာတွေ ဆီ မှာ တောင် အခြောက် ခံ ရတယ် ဆိုရင် သူ ဘယ် အဆင့် ရောက် နေမလဲ တွေးကြည့်ကြ ။ ခွေးတွေ ဟာ တစ္ဆေသရဲ တွေ ကို မြင် ရတယ်ဆို မဟုတ်လား ၊ မြင် ရမှာပေါ့ အပါယ်ဘုံသား အချင်းချင်း ကိုး ။ အဲ ၊ လူ က အပါယ်ဘုံသား ကို ၊ တစ္ဆေ သရဲတွေ ကို မြင် ရတယ် ၊ အခြောက်ခံ ရတယ် ဆိုရင် အဲဒီ လူ လည်း အပါယ် ဘုံ နဲ့ နီး နေပြီသာ မှတ် ပေတော့ ”
“ ဒါနဲ့ အဘ ၊ ပရိတ်ကြီး ထဲ က ပီယဆေးနည်းလေး ကိုလည်း ကျွန်တော် တို့ ကို ပြောပြပါဦး ”
“ ခက်လိုက်တာ ၊ တည့်တည့် ပြော တာတောင် မင်း က သဘော မပေါက်သေးဘဲ ကိုး ။ ပရိတ်ကြီး ထဲ က ပီယဆေး ဟာ မေတ္တသုတ် ပဲ ကွယ့် ၊ မင်း တို့ ချစ်စေ ချင်တဲ့ ကောင်မလေး မျက်နှာ ကို မြင်အောင် ကြည့် ပြီး မေတ္တသုတ် သာ များ များ ရွတ် ၊ မင်း တို့ ကို အဲဒီ ကောင်မလေး ကြိုက် လာ ချစ် လာ ပါ လိမ့်မယ် ၊ ပီယဆေး ဆိုတာ မေတ္တသုတ် ပဲကွယ့် ”
“ ဒါနဲ့ နေပါဦး ဘဘ ၊ သိကြားမင်း ကို ဘဘ မိုးကြိုး ပစ်ခိုင်း လိုက်တဲ့ အဲ မဲနက်မ သရဲ ခု ဘယ် ရောက်သွားပြီ လဲ ၊ သေ သွားပြီလား ”
ကျောင်းသားကြီး တစ်ယောက် က စကား အမျှင် မပြတ် ပြော နေသော သူတော်ငတေ ကို ဖောက် မေး ပြန်သည် ။
“ မသေသေးဘူးကွ ၊ ခြေထောက် တစ်ဖက် တော့ ဆာတာ ဆာတာ ဖြစ် သွားတယ် ။ အဲဒါလည်း သူ့ အတွက် ပို ပြီး ကောင်း သလို ဖြစ် သွားတော့ တစ်နေ့ က ငါ နဲ့ လမ်း မှာ တွေ့ လို့ ကောင်မ က ငါ့ ကို ကျေးဇူး တင်လွန်း လို့ ဆိုပြီး ထိုင် တောင် ကန်တော့ သွား ပါပကောလား ”
“ ဟင် ဘဘက မိုးကြိုးစက်ကွင်း ကို ဆင် လိုက်လို့ သူ့ ပြပင်ကြီး မိုးကြိုး ပစ် ချတာ ၊ ခြေထောက် တစ်ဖက် ဆာ သွား တာတောင် ဘဘ ကို ကျေးဇူး တင်ပြီး ထိုင် ကန်တော့သွား သေးတယ် ။ အဲဒါ ဘယ်လို ဖြစ်လို့လဲ ”
“ ဟကောင်ရ စောစော က ဘဘ ပြော ပါပကောလား ၊ မိုးကြိုး ပစ်ခံ လိုက် ရလို့ ခြေထောက် တစ်ဖက် ဆာ သွားတာ သူ့ အတွက် သိပ် ကောင်း သွားတာပါ ဆို ”
“ ဘယ်လို ကောင်းသွားလို့လဲ ဘဘ ”
“ သူ့ အတွက် ကောင်း သွားတာက ဒီ လို ကွဲ့ သူ နေတဲ့ ပြပင်ကြီး ကို ငါ က အမြင်ကတ်ကတ် နဲ့ မိုးကြိုးစက်ကွင်း ဆင် လိုက်တော့ သူ့ မှာ နေထိုင်စရာ လည်း မရှိ ၊ ခြေထောက် တစ်ဖက်က လည်း ဆာတာ ဆာတာ နဲ့ တငိုငို တရယ်ရယ် နဲ့ လျှောက် သွားနေတာကို မင်းရွာ အလယ်ကောင် မှာ နေတဲ့ တောင်မင်းပြိတ္တာကြီး က မဲနက်မ ကို သနားလှချေ ရဲ့ ၊ ဒီ အကျိုးမ ကို ငါ မှ လုပ် မကျွေးရင် ဒုက္ခ ကြီးတော့မှာ ပဲ ဆိုပြီး တောင်ပိုင်ကြီး ကတော် တင်မြှောက်ပြီး ကောက် ယူထား လိုက်ပါပကော ”
သူတော်ငတေ အကောင်း ပြော နေရာ က ဖောက် လာပြီ ကို သိသဖြင့် ကျောင်းသားကြီးတွေ က ဝိုင်း ရယ်ကြ ပြန်သည် ။
“ ဟေ့ကောင်တွေ ၊ ငါ အကောင်း ပြော နေတာ မရယ်ကြနဲ့ ၊ ပုထုဇန ထို မျှ ပုဂ္ဂိုလ် များလူဗိုလ် တို့ မလို မကောင်း လိုလျှင် ကောင်း၏ ။ အဟောင်းအသစ် ပျို အို ဖြစ်လည်း မချစ်မလှ ချစ်ရင် လှတယ် တဲ့ ။ ဒီ အကျိုးမ ခုန်ဆွ ခုန်ဆွ သွား နေတာကို ဟို ပြိတ္တာကြီး က သူ့ မျက်စိ ထဲ သနား စရာ ချစ်စရာ မြင်လား မှ မသိတာ ။ အဲ ဒါကြောင့် ကောက် ယူ လိုက်တာနေမှာ ပေါ့ ။ ဒီနေ့ မင်း တို့ နဲ့ ပြော ရတဲ့ စကား တွေ ကလည်း ပရိတ်ကြီး သဒ္ဒါကြီး တွေ ထဲ က ပီယဆေး အကြောင်း နဲ့ ဘယ်က ဘယ်လို အချစ် အကြောင်း ရောက် သွားပြန်ပါလိမ့် ။ တော် လောက်ပြီ နဲ့ တူတယ် ”
“ အစောကြီး ရှိပါသေးတယ် ၊ ပြော ပါဦး ဘဘ ”
“ ပြောဆို တို့ ပီယဆေး က စ တဲ့ ကိစ္စ ဆိုတော့ သဒ္ဒါကြီး ထဲ မှာ နောက် ပီယဆေး တစ် ဂါထာ ရှိ သေးတယ်ကွ ၊ ငါ သိတာ ပြော တာနော် ၊ နောက် ဘဘ မသိတာတွေ ဘယ်လောက်ရှိ နေဦးမယ် မသိသေးဘူး ၊ မင်း တို့ ကို ငါ အရင်တစ်ခါ လူ ကို နွား တိုက်ပွဲ လုပ် ပြ အပြီးမှာ ဝါးခြမ်းပြား နှစ်ပြား ကို သူ့ အလိုလို ပူးလိုက် ခွာလိုက် လုပ် ပြခဲ့ သေးတယ် ဟုတ်လား ”
“ ဟုတ်ပါတယ် ဘဘ ”
( သူတော်ငတေ ၏ နွားတိုက်ပွဲ အကျယ် ကို သိလိုမူ သူတော်ငတေ စာအုပ် တွင် ရှု )
“ အဲဒါလည်း ပီယဆေးဂါထာ နဲ့ ပူး ပြ ခွာ ပြ လိုက်တာပဲ မောင်တို့ ရေ ”
“ အဲဒီ ပီယဆေး လည်း ပြော ပါဦး ဘဘ ”
“ ကိုရင်သာဗြည့် ကို သာ မေး ကြည့် တော့ကွာ ၊ သဒ္ဒါကြီး ထဲ က နယေပရံ ယုတ္တေ ဆိုတာ သဒ္ဒါရုပ် တွက်တဲ့ ပုဒ် ပါ ။ ယုတ္တေ - ယှဉ်သင့် ယှဉ် အပ်သည် ရှိသော ။ ပရံ - နောက် အက္ခရာ သို့ ။ နယေ - ဆောင်ရာ ကပ်ရာ ၏ တဲ့ ဗျ ၊ အဲဒါလည်း ပီယဆေး ပဲ ။ ငါ ပြောမယ် မင်း တို့ လိုချင်တဲ့ မိန်းကလေး ရဲ့ လက် ကို ကိုင်ပြီး နယေ ပရံ ယုတ္တေ ကို နာနာရွတ် ”
“ ဘဘ ကလည်း သူ့ ကို လက် ဆွဲရပါ့ မလား လို့ ပါး ရိုက် ရင်ကော ဘဘ “
“ နင့်အမေကလွှား မှ ပဲ ၊ ခံ လိုက်ပေါ့ ။ အဲဒါကြောင့် နင် တို့ ပြောရတာ ကျွဲပါး စောင်းတီး ပါလား ။ ဘယ်နှချက် ရိုက် နိုင်မလဲ ၊ ကောင်မလေး တွေ လက် နုနုလေး ရယ် ၊ မသကာ ဆယ်ချက် ဆယ့် ငါးချက် ပေါ့ ။ အဲဒါမှ “ ဟင် ငါ ပါး ဆယ်ချက် ၊ ဆယ့်ငါးချက် ရိုက်တာ တောင် တစ်ချက်ကလေး မှ ပြန် မလုပ်ရှာဘူး ၊ ငါ့ အနွံ အတာ ခံ ရှာလိုက်တာ “ ဆိုပြီး သနား ချစ် ချစ် သွားမှာပေါ့ ။ ဟို အကျိုးမ ကို အလယ်ကောင် က ပြိတ္တာ ကြီး သနား ချစ် နဲ့ ကောက်ယူ သွား သလိုပေါ့ ”
ဤ တစ်ခါ လည်း သူတို့ ဆရာ ငတေ ၏ စကားလုံးများ ကို ကျောင်းသားများ မှာ တဝါးဝါး နှင့် ပွဲ ကျသွားကြပြန်လေ သတည်း ။
◾ ဝေယံလင်းခေါင်
📖 သူတော်ငတေ ၏ ပိတုန်းတစ်ထောင် နှင့် အခြားဝတ္ထုတိုများ
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment