Friday, June 3, 2022

လာခြင်းကောင်းသော လူ


 

❝ လာခြင်းကောင်းသော လူ ❞

ကလျာမဂ္ဂဇင်း ( ၁၀ ) နှစ် ပြည့်ပွဲ မှာ ဆရာမင်းလူ ကို စ မြင်ဖူးသည် ။ ဆေးပေါ့လိပ်တို ၊ လွယ်အိတ်တစ်လုံး နှင့် အင်္ကျီလက်တို နှင့် ။ ဒါဟာပင် မင်းလူ စတိုင်ဖြစ်သည် ။ ၁၉၉၃ ခုနှစ် ၊ လွတ်လပ်ရေးနေ့ မှာ ကျင်းပသော ပွဲ ဖြစ်၍ သူက ကျွန်မတို့ အော်တိုစာအုပ် မှာ အခုလို အမှတ်တရ ရေးပေးသည် ။

“ လွတ်လပ်ပျော်ရွှင်စွာ စာပေများ ရေးသားနိုင်ပါစေ ” တဲ့ ။ သူ့ မှာ အကြားအမြင် ရှိပုံ ရသည် ။ အနှစ် ၂၀ စာ ကြို ရေးပေးထား၏ ။ ကျွန်မတို့ အားလုံး မလွတ်လပ် မပျော်ရွှင်စွာ ရေးသားခဲ့ရသော စာများစွာ အနက် က စာပေစိစစ်ရေး ကို နောက်ပြောင် အောင်မြင်နိုင်သူမှာ သူ တစ်ယောက်တည်း ဖြစ်လိမ့်မည် ထင်ရ၏ ။ ၁၉၉၃ ခုနှစ် ထဲ မှာပဲ ဆရာငြိမ်းကျော် က ကျွန်မ ကို မေးသည် ။ “ သမီး ဘယ် စာရေးဆရာ ကို သိချင်လဲ ” တဲ့ ။ ချက်ချင်းပဲ ဖြေမိသည် ။ “ ကိုမင်းလူ ” ပေါ့ ။

တစ်ရက် မှာ ဆရာ က တက္ကသိုလ် ထဲ ခေါ် သွားသည် ။ ရန်ကုန်တက္ကသိုလ် က ပိတ်ထားဆဲ ။ ရန်ကုန်တက္ကသိုလ် “ ကန်တင်း ” မှာ ဆရာငြိမ်းကျော် ၊ ဆရာမင်းလူ နှင့် ဆရာနွမ်ဂျာသိုင်း တို့ ဆုံ ကြသည် ။ ခေတ်ညွန့်စာပေ က အလွမ်းပျော် ရဲ့ မေ့မရတဲ့ အချစ်ဆုံး အတ္ထုပ္ပတ္တိ ဒုတိယအကြိမ် စာအုပ် ပြန် ထုတ်ရန်ဖြစ်သည် ။ ထိုစဉ်က ကိုယ် အလွန် အထင်ကြီး အားကျခဲ့သော စာရေးဆရာ ကို အရှင်လတ်လတ်ကြီး မျက်စိရှေ့ မှာ မြင်ရပြီး သူ့ ရဲ့ ပန်းကျောင်း နှင့် ချစ်သောပန်းကလေး ဇာတ်ကောင်တွေ က ကျွန်မ ရှေ့ မှာ ပြေးလွှားနေကြ၏ ။

၁၉၇၇ ခုနှစ် မှာ ကျွန်မတို့ သူငယ်ချင်း နှစ်ယောက် ရွှေတိဂုံစေတီရင်ပြင် က တန်ဆောင်း တစ်ခု မှာ ပန်းကျောင်း ဝတ္ထု ဖတ်ပြီး ဆရာမင်းလူ ဆီ မိတ်ဆက်စာ ရေးခဲ့ကြဖူး၏ ။ စာရေးဆရာ တစ်ယောက် ဆီ မိတ်ဆက်စာ ရေးခြင်း မှာ ပထမဆုံး နှင့် နောက်ဆုံး ဖြစ်ပြီး မိတ်ဆက်စာ ရေး၍ ဝ,သွားသော် မပို့ဖြစ်ခဲ့ ။ ထိုစဉ်က ရှစ်တန်းကျောင်းသူလေး တစ်ယောက် ၏ အနုပညာ အိပ်မက် ဖြစ်ပေလိမ့်မည် ။ ကိုမင်းလူ ဆုံး သည့်သတင်း ကြားတော့ မတွေ့တာကြာသည့် ပြည် မှာ နေသော အဲဒီ သူငယ်ချင်းမ က ဖုန်း လှမ်းဆက်၏ ။ “ စိတ်မကောင်းလွန်း ၊ နှမြောလွန်းလို့ ” ကျွန်မ ကို လည်း ချက်ချင်း သတိရမိသည် တဲ့ ။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကာလများ မှာ ကိုမင်းလူ ရေးသော စာပေကယ်ရီကေးချား ဝတ္ထုရှည် ကို ဖတ်ပြီး ကျွန်မ နှင့် စာရေးဖက် သူငယ်ချင်း ခင်လေးသင် တို့ ရုံးခန်း ထဲ မှာ ခွက်ထိုးခွက်လန် ရယ်မဆုံးခဲ့သလို ရွှေအမြုတေ ရဲ့ငွေရတု ဖတ်ရစဉ် ကလည်း မန္တလေး မှ ချောအိမာန် က ဖုန်း ထဲ ကနေ တခိခိ ရယ်လိုက် ပြောလိုက် နှင့် ။ ကျွန်မတို့ စာပေလောက ကို ကွက်ကွက်ကွင်းကွင်း သရော် ပုံဖော်ချက် ပိုင်လွန်းသော သူ့ ကလောင်စွမ်း ကြောင့် ရယ်လို့မဆုံး တပြုံးပြုံး ဖြစ်ခဲ့ကြရသည် ။ သူ အာရုံကျဖို့ ဆိုတာ နည်းတဲ့ ကုသိုလ် မဟုတ်ဘူး ဟု ခံယူထားကြသည် ။ ဟင်းချက်သည့် အခါတိုင်း ကျွန်မ က ဂျူးကုန်းကုန်း နှင့် ဝိုင်းကုန်းကုန်း ကို သတိရပြီး ချန်ဂျင်အဖွဲ့တွေကို ပြုံး မိတာ မကြာခဏ ။ အစ်မ ခင်မြဇင် ကို မြင်တိုင်းလည်း “ ဒေါသ ဖြစ်လို့ ရန် တွေ့ရင်တောင် သီလရှင်လေသံ နှင့် ” ဟု အစ်မ ၏ သဘောထားပျော့ပျောင်း အေးဆေးမှုကို တင်စားတတ်သော ကိုမင်းလူ ၏ ဥပမာတွေ ကို အံ့ဩ မဆုံးနိုင်အောင် ဖြစ်ခဲ့ရသည် ။ သူ့ လို ရေးတတ်ဖို့ ဝေးစွ ၊ တွေးတတ်ဖို့ပင် ဉာဏ် မမီကြသောကြောင့် သူ့ ပါရမီ က ဤကမ္ဘာ မှာ သူတစ်ယောက်တည်း ရခဲ့လေရော့သလား ထင်မိ၏ ။

၂၀၀၇ ခုနှစ် ၊ နီကိုရဲ နာရေး မှာ ကျွန်မတို့ စာရေးဆရာမ တစ်စုက ဝမ်းနည်းခြင်းသစ်ခွ ခရမ်းပွင့်လေးတွေ သူ့ ရင်ဘတ်ပေါ် သွား တင်ပေးပြီး ဝမ်းနည်းကြေကွဲနေကြရင်း သင်္ဂြိုမည့်ဘက်သို့ လိုက်ပို့ကြရာ ကျွန်မ ဘေး ကနေ ကိုမင်းလူ ပြောလိုက်တဲ့ ဝမ်းနည်းမှတ်ချက်စကားကြောင့် ငိုချိန် မရလိုက်ဘဲ တခိခိ နှင့် ရယ်နေမိ၏ ။ နီကိုရဲ ကို ကြည့်ပြီး နောက်နေ၏ ။ နီကိုရဲ လွဲနေသည့် “ အရပ် ” ကိစ္စ ပဲ ဖြစ်မည် ။ ချစ်လို့ နောက်ရင်း ဝမ်းနည်းခြင်း ကို ဖေးမခဲ့သောကြောင့် နီကိုရဲ က တမလွန် ကတောင် ဝမ်းသာနေနိုင်၏ ။ ကိုမင်းလူ ကြောင့် သူ့ နာရေး က အလွှဲတွေ နှင့် ပျော်စရာကြီး ဖြစ်နေသည် ။ မိသားစု ကို အားနာပေမယ့် ကျွန်မတို့ စာရေးဆရာမတွေ နီကိုရဲ ကို အားနာရကောင်းမှန်း မသိဘဲ ကိုမင်းလူ ပြောသမျှ ကြိတ် ရယ်နေ၏ ။ ဒါကိုက နီကိုရဲ အပေါ် သူ့ ရဲ့ ချစ်ခြင်းပဲဖြစ်သည် ။

၂၀၀၈ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့ ဆရာ ငြိမ်းကျော် ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် မှာ ဆရာမင်းလူ တို့ ညီအစ်ကို ၃ ယောက် စလုံး အမှတ်တရစကား ပြောသည် ။ ဆရာ ငြိမ်းကျော် အမျိုးသားစာပေဆုရသော သုတေသနစာအုပ် ဖြစ်သည့် ငွေတောင်ပြည် စာအုပ် ကို သူ အရှုံးခံ ထုတ် ပေးလိုက်၍ အမျိုးသားစာပေဆု ရ သွားတာ ဟု ဆို၏ ။ သူ က ဆရာငြိမ်းကျော် ၏ ထုတ်ဝေသူ လည်း ဖြစ်ခဲ့သည် ။ သွယ်ယှက်ထားသော စာပေသံယောဇဉ်ကြိုးများ က ရစ်ထုံးဖွဲ့ခွေနေ၏ ။ သည်တုန်းက ထုတ်ဝေသူ ကိုမင်းလူ အသက် က ရှိလှ အသက် နှစ်ဆယ်ကျော် အစိတ်ပေါ့ ။ ရယ်စရာ ပြော နေပေမယ့် ထို စာအုပ် က ဆရာငြိမ်းကျော် ၏ “ သုတေသန သမားတစ်ယောက် ၏ နှံ့စပ်သေချာသောစာပေ ဖွဲ့ဆိုမှု သမိုင်းအစစ်အမှန် ” လည်း ဖြစ်သည် ။ အားကောင်းသော အနုပညာ ကိုမှ ရွေးချယ်စိစစ်တတ်သော ထုတ်ဝေသူ ပါရမီ လည်း ကိုမင်းလူ မှာ ရှိ နေခဲ့ပြန်၏ ။

၂၀၀၈ ခုနှစ် ၊ ဒီဇင်ဘာ မှာ နာဂစ်မုန်တိုင်း ကို နာကျင်စွာ အမှတ် ရဖို့ မုန်တိုင်း နှင့် လူ စာအုပ် ကို စာရေးဆရာ ၄၀ ရေးသား ၍ ထုတ်ဝေဖြန့်ချိပြီး လှူဒါန်းပွဲ မှာ ကိုမင်းလူ လည်း အမှတ်တရ ပြော ပေးပါသည် ။ “ ဒီသစ်သားရုပ်တုလေး ကို စာပေအကယ်ဒမီ ဆု ရသလို တန်ဖိုး ထားပါကြောင်း ၊ ဒါပေမဲ့ ဒီ ဆုမျိုး ဒီ တစ်ကြိမ် ပဲ လိုချင်ပါကြောင်း ” ကျွဲကူးရေပါ ပြော သွားခဲ့သည် ။ ထိုနေ့ က ရွှေသစ်ကိုင်း ရုပ်တုလေး တကိုင်ကိုင် နှင့် စုပေါင်းဓာတ်ပုံရိုက်ရင်း ဆရာမ တစ်ယောက် နှင့် တိုးမိ၍ သစ်ကိုင်းစလေး ပဲ့သွားရာ စုတ်တသပ်သပ် နှင့် ချက်ချင်း မှတ်ချက် ပေးသည် ။ “ဒါလေးက အဖိုး တန်တယ်ဗျ ။ ကျိုးပဲ့သွားလို့ မဖြစ်ဘူး ။ ပြင်ဖို့ မက္ကင်းနစ်တော့ လိုသေးတယ် ” ဟု ပြောဖြစ်အောင် ပြောသွား၏ ။ တစ်ရက် ကိုမင်းလူ အိမ်ရောက်သွား၍ ထိုသစ်ကိုင်းရုပ်တုလေး ကို ကော် နှင့် သေချာ ကပ် ၍ မှန်ဗီရို ထဲ မှာ ထည့် ထားတာ တွေ့ရ၏ ။

၂၀၀၉ ခုနှစ် ၊ မေလ မှာ ကိုသုမောင် ဆုံးတော့ ညဘက်ကြီး ကျွန်မ တို့ ရောက် သွားသည် ။ နာရေး မှာ ဝိုင်းကူကြမည် ဆိုသောအခါ “ လူရင်းတွေ ဆိုတော့ စောစော လာဗျာ ” ဆိုသည့် အသံ ကို အခုထိ နားထဲ စွဲနေတုန်း ။

၂၀၁၃ ခုနှစ် ၊ ဇူလိုင်လနောက်ဆုံးပတ် မှာ ဆရာ မောင်ဝံသ နှင့် ကိုမင်းလူ ဆေးရုံ တက်ရာ သို့ လူနာ မေး ရောက်ခဲ့သည် ။ အစ်မ မိချမ်းဝေ ၊ ကံ့ကော်ဝတ်ရည် မဝိုင်း နှင့် ဖြစ်သည် ။ ကျွန်မတို့ အားလုံး ဆရာ နှင့် သူ့ ကို လက်လွှတ်ရမည်မှန်း သိပါလျက် ရှင်စဉ် မှာ မြင်ချင်စိတ် အပြင် မတွေ့လိုက်ရလေခြင်း ဟု နောင်တ လည်း မရ ချင်သောကြောင့် “ ကင်ဆာ ” ရောဂါသည် ကို လမ်းကြုံ၍ အိမ် ဝင် လည်သလို ဟန်ဆောင် ကောင်း ခဲ့ကြ၏ ။ မမရှန် က သူ့ လက်မောင်းလေး ကို မပြတ် နှိပ် ပေးနေသလို သူ့ သူငယ်ချင်း ကလည်း ဘေး မှာ အဆင်သင့် ။ ကျွန်မ က “ ဒါက ဘယ်သူလဲ ၊ ချစ်သော ပန်းကလေးလား ” ဟု မေးရာ “ ကျွန်တော် က ပန်းကျောင်း ” ဟု ဖြေသည် ။ သူ့ ဇာတ်ကောင်တွေ အားလုံး နီးပါး သူ့ သူငယ်ချင်းတွေ ဖြစ် လေ၏ ။

သူ့ ဇနီး မမရှန် က နှိပ်ပေးနေရာ သူ က ကျွန်မတို့ ကို ဘာ ပြောသည် ထင် ပါသလဲ ။ “ မနှိပ်လည်း ရတယ် ။ အသားချင်း ထိ ထားရင် ရပြီ ” ဟု ဆိုသောအခါ ဝါးခနဲ ရယ်သံတွေ လူနာခန်း ထဲ မှာ ဆူညံကုန်၏ ။ နောက်ရက်တွေ မှာ ကြား တာက လူနာ မေးသူ တစ်ယောက် က ကင်ဆာ ဆိုးကျိုးပြောတာ ကို သူ က ရယ်ပြီး “ ကင်ဆာ မဟုတ်လည်း သေမှာပါပဲ ဗျာ ” ဟု ပြန်ပြောသည် ။

သူ့ ကို မိတ်ဆက် ချင်သည့် ဇော်ပိုင် တို့ ကို သူ့ အိမ် လိုက်ပို့ဖူးသည် ။ စာမူ တောင်း ဖူးသည် ။ သူ့ အ နိုး စောင့် ပြီး လက်ဖက်ရည် သောက် ဖူးသည် ။ တစ်ခါတစ်ရံ သူ့ အိမ် ကို အိမ်ရှေ့ မိန်းလမ်း က သွားပြီး တစ်ခါတလေ သူ က ကိုရူပ လက်ဖက်ရည်ဆိုင် အနောက်ဘက် က လှမ်း ကွေ့ လာရန် ခေါ်လျှင် ကျွန်မတို့ က ခြံနောက်ဘက် က ချုံ တိုးပြီး သူ့အိမ်ပေါ် ရောက်အောင် သွားသည် ။ မလွယ်ပေါက် က ငုံ့သွားသည့် အခါလည်း ရှိ၏ ။ “ ဘာလို့ ဒီလို သွားရတာလဲ ။ လမ်းကောင်း က သွားပါလား ။ တော်တော် ကြောင်ကြတယ် ၊ နင်တို့ စာရေးဆရာမ တွေ က ” ဟု အတူ သွားသူတွေ က ပြောလျှင် “ မသိဘူးလေ ကိုမင်းလူ ခေါ်လို့ ” ဟု ဖြေမိသည် ။ ဘယ်လမ်းဖြစ်ဖြစ် ကိုမင်းလူ ကို ယုံကြည်သည့် စိတ်ကြောင့် သွားတာပဲ ဖြစ်သည် ။

တစ်ခါက ရွှေလာငွေလာပင်လေး စိုက် ချင်သည် ဆိုမိ၍ သူ့ခြံ ထဲ မှာ လိုက် ခူးပေးသဖြင့် ကျွန်မတို့ အလုပ်ခန်း မှာ စိုက်ရာ ရှင်သန်နေတာ ကို ကြည့်ပြီး ပျော်ရွှင်ခဲ့ဖူးသည် ။

၂၀၁၃ ခုနှစ် ၊ ဩဂုတ်လ ၂၂ ရက် ၊ အခုတော့ မမရှိန် က သူ့ ခင်ပွန်း အကြောင်း ဝမ်းနည်းကာ ပြောလေပြီ ။ “ နှစ်ပေါင်းသုံးဆယ် ပေါင်းလာတာ ။ ကိုယ်က စာကြည့်တိုက်မှူး ဖြစ်ပြီး သူ့ စာအုပ်တွေ ကို စနစ်တကျ မစီ ပေးရဘူး ။ မှတ်တမ်း မလုပ်ရဘူး ။ သူ က သူ့ စာအုပ်တွေ ကိုင်တာ မကြိုက်ဘူးလေ ။ အထား မှား မှာစိုးတယ် ” ဟု ဆိုသောအခါ ကျွန်မ ထပ်ပြီး အံ့ဩလွန်းရာကနေ “ ဒီနေ့က စပြီး မမ စိတ်တိုင်းကျသာ စာရင်း လုပ်နေပေါ့ ။ မမ ကျေနပ်လောက်တဲ့ အထိ ” ဟု ပြောပြီး အသံတိတ် သွားပါတော့သည် ။ ဘာကြောင့်လဲ ဆိုလျှင် မစန်းစန်းအောင် မျက်လုံးအိမ် မှာ မျက်ရည်တွေ ပြည့် နေပြီလေ ။ မပြန်ခင် မှာ သမီး ယုယ က “ ဖေဖေ့ အချစ်တော်တွေ အတွက် ချန်ထားတာ ” ဆိုပြီး နာရေးချသည့် နေ့က မပေးရသေးသည့် ပန်းဖလက် နှင့် ယပ်တောင်လေး ကမ်းပေး၏ ။ ကျွန်မ နှင့် ဆရာမ ခင်မြဇင် က မနက်အစောကြီး ချိန်းပြီး အစ်မ က မင်္ဂလာဒုံ က လာတာ ကျွန်မ စမ်းချောင်း က စောင့်၍ လက်ဖက်ရည်ဆိုင်လေး မှာ ဆုံပြီး ကိုမင်းလူ အကြောင်း ပြောလို့ ဝ မှ ရက်လည် သို့ သွားခဲ့ကြလေသည် ။ အစ်မ ခင်မြဇင် က ကျောင်းနေဖက် သူငယ်ချင်းအစစ်ကြီး ဆိုသောကြောင့် ပိုကြေကွဲ မဆုံး ၊ ထိခိုက် မဆုံး ။ ဟို ရောက်တော့ “ မိသားစု ထက် ပို ငိုတဲ့ အဖွဲ့တွေ ” ဟု ပြောသော စာရေးဆရာ မောင်ငယ် တစ်ယောက် အသံကြောင့် သူ့ ဆီ လှည့် ကြည့်မိ၏ ။ သူ က အားနာသွားပုံ ရပြီး “ အဲဒီနေ့ က လာတဲ့သူတွေ မျက်နှာတွေ အားလုံး ကြေမွနေတာပဲဗျ ။ ကျွန်တော်တို့ က မျိုးဆက် တစ်ဆက် နောက်ကျတယ်လေ ” ဟု အားနာပြော ဆက်ပြောလေသည် ။ စာရေးဆရာ မျက်ရည် ဆိုတာ အလကား ကျ လို့ ရတာ မဟုတ်ပါဘူး ဟု ကျွန်မတို့ ပြန် မပြောတော့ပါ ။ သမီးယုယ နှင့် မှ ဘော်ဒါတွေ ဆိုတော့ … ။

ကိုမင်းလူ ဆိုတာ ကျွန်မတို့ အားလုံး အတွက် မိသားစုပါပဲ ။ အရှေ့က “ စာပေ ” ဆိုတာလေး ဖြည့်စွက်ပေးဖို့တော့ မမေ့ပါနှင့် ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုမင်းလူ က သူ့ စာအုပ်လက်ဆောင် ပေးတိုင်း “ စာပေမောင်နှမ ” အတွက် ရည်ညွှန်းနေကျမို့ပါ ။ ဆုံးရှုံးမှု ထပ်တူ ကျွန်မ ဆိုတာ ကိုလည်း ကျွန်မတို့ စာပေ တစ်လောကလုံး သိနေ၏ ။ မြန်မာစာပေလောကအတွက် “ မင်းလူ ” နှစ်ကိုယ်ခွဲ မရနိုင်ပါ ။

သူ့ ရက်လည် က အပြန် ကားပေါ်မှာ သူ့ ရဲ့ ဘာတွေဖြစ်ကုန်ကြပြီလဲ ဖတ်ရင်း တဟားဟားနှင့် အော် ရယ်နေမိသည် ။

ဒါကြောင့် ပြောတာပေါ့ ။ သူ ဟာ “ နတ်တို့ ဖန်ဆင်း ရယ်မောခြင်း နှင့် လာခြင်းကောင်းသောလူ ” ပါ ။

◾နှင်းဝေငြိမ်း

📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment