Sunday, June 19, 2022

ပါတိတ် တစ်ထည် တစ်ရာ့နှစ်ဆယ်


 

❝ ပါတိတ် တစ်ထည် တစ်ရာ့နှစ်ဆယ် ❞

မမြခင် တစ်ယောက် အခုတလော ငွေ အသုံးအစွဲ နှင့် ပတ်သက်၍ အလွန် ဇယား ကိုက် နေသည်ကို တွေ့ရသဖြင့် စာရေးကြီး ကိုဘတူ မှာ အသံ မထွက်ဘဲ သာဓု နှစ်ကြိမ် ခေါ်လိုက်မိသည် ။

ကြည့်ပါ ။ ယခင်က ဆို မိုး မလင်းသေးခင် လမ်းထိပ် ကုလားလက်ဖက်ရည်ဆိုင် မှ မလိုင်တစ်ခွက် နှင့် နံပြား ထောပတ်သုပ် တစ်ချပ် စား ပြီးနေပေပြီ ။ မလိုင် နှင့် နံပြား ထောပတ်သုပ် ဟု သာ အလွယ် ပြောရသော်လည်း မလိုင် တစ်ခွက် က ပြား ၆ဝ ၊ နံပြားထောပတ်သုပ် ပြား ၃၀ ၊ သူ တစ်ယောက် တည်း မိုး မလင်းမီ သရေစာ ဖိုး ပြား ၉ဝ ရှိ လေ ပြီ ။ နောက် ကိုဘတူ အတွက် လက်ဖက်ရည်တစ်ခွက် နှင့် ပါ ဆိုလျှင် ငါးမတ် မှ တစ်ပြား မလျော့တော့ ။

သည်မျှ နှင့် ပြီးပါပြီလား ၊ မပြီးသေးပါ ။

ခုနစ်နာရီ ခန့် ရှိလျှင် မမြခင်တစ်ယောက် ဈေးဆွဲခြင်း လက် ချိတ်၍ ဈေးဝယ် ထွက်ပါလေ၏ ။ ဈေးဝယ် ထွက် သည် သာ ဆိုရ ၊ ဈေး ထဲ မှ မရောက်သေး ဈေး ထိပ် မသန်း မုန့်ဟင်းခါးဆိုင် တွင် မုန့်ဟင်းခါး အကြော် နှင့် တစ်ပန်းကန် ပြားလေးဆယ်ဖိုး ကို နေ့စဉ် စားမြဲ ဖြစ်၏ ။ သည်လောက်ဆို လျှင် မမြခင် ၏ နံနက် သရေစာ စားသောက်ခြင်း အမှု ပြီးစီး ပါပြီလား ဟု မေးစရာ ရှိ၏ ။ ကျန်ပါသေးသည် ။ ဟင်းလျာ အတွက် ဝယ်ခြမ်းသမှု ပြီးစီး၍ ဈေး ထဲ မှ မထွက်ခင် ကိုအေး ရေခဲခြစ်ဆိုင် မှ ဆေးကုလားမ ဖြစ်စေ ၊ ကျောက်ကျော ဖြစ်စေ ဆယ့်ငါးပြားဖိုး မပျက်မကွက် သောက်လိုက်ပြီး မှ နံနက်ပိုင်း စားသောက်မှု ကိစ္စ ပြီးဆုံးပါလေ၏ ။

အိမ်သို့ ရောက်သည် ဆိုလျှင်လည်း ကိုဘတူ ရုံးသွား ချိန် အမီ သူ့ ခမျာ ကြိုးစားပမ်းစား ချက်ပြုတ်ရ ရှာပါ၏ ။ ထမင်းအိုး တစ်လုံး မှာ ဈေး မသွားမီ ကျက်နှင့်သမို့ ၈ နာရီ ခွဲ လျှင်ပင် ထမင်း နှင့် ဟင်း မှာ ကိုဘတူ လက်ဆေး စားရုံ အဆင်သင့် ရှိနေမြဲ ဖြစ်၏ ။

“ အမယ်လေး ၊ ဈေး က ရောက် ကတည်း က သေပြေး ရှင်ပြေး တစ်ယောက် တည်း ချက် လိုက်ရတာ စား ထားတဲ့ အစာတွေ တောင် ဘယ် ရောက်ကုန်မှန်း မသိတော့ဘူး ”

ကိုဘတူ ထမင်း စား တိုင်း မမြခင် ရွတ်နေကျ မန္တန် ။

“ ဒါဖြင့်လည်း ဝင် စားလေကွာ ”

“ မစားသေးပါဘူး တော် ၊ နောက် မှ ကျုပ် ဘာသာ အေးအေးဆေးဆေး စား ပါ့မယ် ”

အမှန်ပင် ဘယ်ခါမှ နံနက်ပိုင်း တွင် ကိုဘတူ နှင့် မမြခင် ထမင်း အတူ ဝင် မစား ။ ဆာသထက် ဆာစေရန် တမင် အဆာခံ နေခြင်း ဖြစ်၏ ။ အိမ် ဗာဟီရများ ကို လုပ်ရင်း ဆယ်နာရီခွဲ ခန့် မှ မမြခင် နံနက်စာ ထမင်း ကို စား ၏ ။

ထမင်း စားနေစဉ် နေ့လယ် စားရမည့် သရေစာ ကို စဉ်းစား နေတတ်၏ ။ ငရုတ်သီးစိမ်း ပါးပါးလှီး ၊ အချိုမှုန့် ပါ လေဟန် ဖြူး ၊ ပုစွန်ခြောက် နိုင်နိုင်ဖြင့် သံပရာရည် ညှစ် လက်ဖက်သုပ် ကို သူ အသဲအမဲ ကြိုက်၏ ။

ရက်ခြား တစ်ခါလောက် ထိုသို့ သုပ်စားတတ်သည် ကို ခေါင်းရင်းအိမ် မှ ဘုမ က “ ကောင်းလိုက်တဲ့ လက်ဖက်သုပ် တော် ၊ ကျုပ်တို့ များ ဘယ်တော့ သုပ်သုပ် အဲ့လို ဘယ်ခါမှ မကောင်း ” ဆိုကာ မမြခင် အိမ် ဘက် ကူး လာပြီး ညာညာ စား၏ ။ ဒါကိုပင် မမြခင် က ကျေနပ် နေပေသည် ။

“ စား ... စား မဘုမ ရေ ၊ ကျွန်မ ကလည်း လက်ဖက် ဆို ဒီလို မှ မစားရရင် စားတာ မဟုတ်ဘူး ” ဟု ပြောရင်း လက်ဖက် စားပြီး ရေနွေးကြမ်း နဲ့ ကြံသကာလေး တော့ မြည်းဦး မှ ဟု စိတ် တွင် တေး ထားလိုက်သေး၏ ။

ညစာ ထမင်း စားပြီးလျှင် မူ ခဏတစ်ဖြုတ်တော့ ကိုဘတူ အပါး မှာ ထိုင် ပါသည် ။ အတန်ကြာလျှင် “ လမ်း ထိပ် မှာ ဘာသည်များ ရှိလဲ သွား ကြည့်ဦးမယ် တော် ” ဟု ပြောပြီး ကျပ်တန် တစ်ရွက် ထဘီ ကြား ညှပ် ထွက်တတ်၏ ။

“ ကောင်းလိုက်တဲ့ အမဲအူပြုတ် ရှင် ၊ နူးလိုက်တာ အိ လို့ ၊ အမဲခေါင်းသုပ်ကလေး ကလည်း အစပ် တည့်ပါဘိ သနဲ့ ။ ကိုဘတူ ရှင် ကော စား ဦးမလား ” ဟူ၍ တစ်ဖုံ ...

“ မအိ လက်သုပ်စုံလေ ၊ ဟင်းခါးပူပူလေး နဲ့ ကျွန်မ စား ခဲ့တယ် ၊ အရသာ ရှိလွန်းလို့ ရှင် ကော စားကြည့်ပါဦးလား ” ဆိုသည် က မရှား ...

“ ကနေ့ တော့ ဘိလပ်ရည် ပဲ သောက်ခဲ့ပါတယ် ၊ ရှင့် ဖို့ တော့ ကွမ်းအချို တစ်ယာ ဝယ် ခဲ့တယ် ” ဟုတစ်မျိုး ... 

“ ဘိုင်စကုပ်ရုံ ဘက်တောင် ရောက် ခဲ့တယ် ၊ ဆီချက် သွား စားတာလေ ၊ တရုတ်က ကျုပ် အတွက် စပယ်ရှယ် ဆီရွှဲရွှဲလေး ထည့် ပေးပါတယ် ” ဆိုခြင်း က မကြာခဏ ပြန် လာတိုင်း ပြောမြဲ ။ 

ထို့ကြောင့်ပင် ဖြစ်ပါ၏ ။

အခုတလော မမြခင် တစ်ယောက် ငွေ အသုံးအစွဲ နှင့် ပတ်သက်၍ အလွန် ဇယား ကိုက် နေသည်ကို တွေ့ရသဖြင့် ကိုဘတူ မှာ သာဓု နှစ်ကြိမ် ခေါ်မိခြင်း ဖြစ်ပါ၏ ။

ကြည့်လေ ...

ယခင် က နံနက် မိုး မလင်းမီ မလိုင်နံပြားထောပတ်သုပ် တို့ ကို စား နေရာမှ ယခုဆို ရိုးရိုးနံပြား တစ်ချပ် ကိုပဲ လက်ဖက်ရည် တွင် နှစ်၍ သောက် နေပေပြီ ။ ဈေး သွားလျှင် လည်း မသန်းမုန့်ဟင်းခါးဆိုင် ဘက် လှည့်စောင်းမျှ မကြည့် ။ နေ့လယ်ပိုင်း တွင် မူ ရေနွေးကြမ်း ပဲကြီးလှော် တစ်ထုပ် ဖြင့် သာ ကိစ္စ ပြီးလိုက်ပြီး ညဘက် တွင် လမ်းထိပ် မျှ ပင် မပြူ တော့ဘဲ ခပ်စောစော အိပ်လေ၏ ။

“ ဟဲ့ ... မြခင် နင် ဘာမှ မစားတော့ဘူးလား ၊ အိပ်ပြီ လား ”

တစ်ခါတစ်ရံ ကိုဘတူ က ကရုဏာ မကင်း မေး တတ်၏ ။

“ မစားတော့ပါဘူး ၊ ပိုက်ဆံ ကုန်ပါတယ် ၊ ညနေ က နည်းနည်း မိုးချုပ် ခံပြီး မှ ထမင်း အဝ သိပ် လိုက်တာ မဆာ တော့ပါဘူး ”

သည်ပုံဖြင့် မမြခင် ဇယား ကိုက်နေသည်မှာ တစ်ရက် လည်း မဟုတ် ၊ တစ်ပတ် မက ၊ တစ်လ ပင် ကျော်ခဲ့လေပြီ ဖြစ်သဖြင့် စကား နည်းလှပါသည် ဆိုသော ကိုဘတူ ပင် ရေငုံနှုတ်ပိတ် မနေနိုင်တော့ ...

“ နေပါဦး မမြခင် ရဲ့ ၊ ကျုပ် မရှင်းတာ တစ်ခု မေး ရပါ ဦးမယ် ၊ မင်း အရင် က လို မိုးလင်း က မိုးချုပ် သရေစာ မစား မသောက်တော့ ဘဲ ငွေ ကုန်မှာ ဒီလောက် ဘာကြောင့် ကြောက် နေရတာလဲ ”

“ ရှင့် လခ က ဘယ်လောက်များ ရ လို့လဲ ”

“ ဟ ... နှစ်ရာ ကျော် ပဲ ရတယ် ဆိုတာတော့ ငါ သိသပေါ့ ၊ ဒါပေမဲ့ ဒီ လခ အားလုံး ကို တစ်လ နဲ့ တစ်လ အလျင် မမီအောင် မင်း ပဲ စား စား ပစ်ခဲ့တယ် မဟုတ်လား ။ အိမ် က လည်း အိမ်ပိုင် ဆိုတော့ လခ မပေးရ ၊ ငါ့ စရိတ် ဆိုလို့လည်း ရုံးကြိုကားခ တစ်ဆယ် အပြင် ဘယ် နှစ်ကျပ် ထပ် တောင်းဖူး လို့လဲ ၊ တခြား ကုန်ကျစရာ သားသမီး ဆိုလို့လည်း တစ်ယောက် မှ မရှိဘဲ ငါ ရ သမျှ အားလုံး မင်း ဗိုက် ထဲ ချည်း သွတ် ခဲ့တာ မဟုတ်လား ”

“ ဒါတော့ ဒါပေါ့  ”

“ ဒါဖြင့် ခုမှ မင်း က ဘာလို့ အဆန်း လုပ်ပြီး ရှင့် လခ ဘယ်လောက် ရလို့လဲ မေး ရတာတုံး ၊ ငါ ရတဲ့ လခ မင်း မစား လောက်လို့လား ”

ကိုဘတူ စကားမှာ နည်းလမ်း ကျ လွန်းလှ၍ မမြခင် မငြင်းသာတော့ ။

“ စားလို့ ကတော့ လောက်ပါတယ် ကိုဘတူ ရယ် ၊ ဒါပေမဲ့ ဝတ်ချင်တာလေး ဝတ်ဖို့ အတွက်တော့ ငွေ မပိုဘူး မဟုတ်လား ၊ ဒါကြောင့် ခုတစ်လော အရာရာ ခြိုးခြံ သုံးနေရတာ ၊ ဘာပြောပြော ခုလောက် တစ်လကျော်ကျော် ခြစ် ချုတ်လိုက်တယ် ဆို ဟော .. ဒီလ ကုန်ရင် ကျုပ် လိုချင်တဲ့ ငွေ ပြည့်တော့မယ် ”

“ မင်း က ဘာ ဝယ်မှာ မို့လို့လဲ ၊ ငွေ ဘယ်လောက် လို လို့လဲ ”

“ ငွေ က တစ်ရာ့နှစ်ဆယ် လောက် လိုသတော့ ”

“ ဟေ ..”

“ အင်ဒိုနီးရှားပါတိတ် တစ်ထည် ဝယ် ဖို့လေ ”

“ ဟေ ....”

“ ဒီ ပါတိတ် တွေ့ပြီး ကတည်းက ကျုပ် သရေစာ မစားဘဲ ပိုက်ဆံ ခုလို စု ခဲ့တာပေါ့ ”

“ ဟေ ...”

ကိုဘတူ သည် “ ဟေ ” သုံးလုံး ဆင့် ရင်း မမြခင် ကို ပြူးကျယ်သော မျက်လုံးများ ဖြင့် ကြည့် လိုက်ရာ က ...

“  ပါတိတ် တစ်ထည် တစ်ရာ့နှစ်ဆယ်တော့ ငါ မကြားဖူးပေါင် ” ဟု မယုံသင်္ကာ ပြောလိုက်၏ ။

“ ရှင် မပြော နဲ့ ကျွန်မ တောင် ခုမှ ကြားဖူးတာ ၊ ခု တစ်လော လူတကာ ခါး မှာ တွေ့ နေရတာ က အင်ဒိုနီးရှား မဟုတ်ဘူး တော့ ၊ ယိုးဒယားပါတိတ် တစ်ထည် အများဆုံး မှ လေးဆယ် ပဲ ။ ခု ကျွန်မ ဝယ် မှာက တကယ့် ပါတိတ် ဆို မှ ပါတိတ် ၊ အရောင်လေး က စို လိုက်တာ ရေဆွတ် ထားသ လိုပဲ ။ အဆင်လေး ကလည်း ဆန်း ပါဘိသ နဲ့ တစ်ရာ့နှစ် ဆယ် တန်ပါ သတော် ၊ ရှင် တောင် မြင်ရင် ကြိုက်မှာ ”

မမြခင် က အဘယ်မျှ ရွှန်းဝေနေအောင် ပြော စေကာမူ တစ်လလုံး ရုံး တက်ပါမှ နှစ်ရာ ကျော် သာ ရသည့်  စာရေးကြီး ကိုဘတူ အဖို့ တစ်ရာ့နှစ်ဆယ် တည်းဟူသော နှစ်ဆယ် တန် ခြောက်ရွက် ကို မျက်စိ ထဲ တွင် မြင်ယောင် လာပြီး နှမြော တ,သ စိတ်များ ပေါက်ဖွား လာလေသည် ။

“ ထားပါတော့ လေ ၊ သူ့ ဟာ သူ ဘယ်လောက် လှ လှ မင်း လို စာရေး မယား တစ်ယောက် နဲ့ ဒီ အင်ဒိုချိုင်းနား ဆိုလား အဲလေ ... အင်ဒိုနီးရှား ပါတိတ် နဲ့ တန် လို့လား ကွ ”

သည် စကား တစ်ခွန်း မှာ မမြခင် အရှိုက် ကို ထိုး လိုက် သည့်နှယ် ရှိ၏  ။ မမြခင် ၏ ကနဦး က ဝင်းပနေသော မျက်နှာကြီး မှာ ချက်ချင်းပင် ညှိုးငယ်နွမ်းနယ်သွားရာ က မျက်ရည်လုံးကြီး တချို့ ပါးပြင် ပေါ် သို့ တလိမ့်ကောက်ကွေး ခုန် ဆင်း လာကြသည် ။

“ ရှင် ... ရှင် ပြောရင်လည်း ခံရမှာပါပဲ တော် ၊ ကျွန်မ လေ အဲဒီ ပါတိတ် အဆင် မြင်ပြီး ကတည်း က ဝတ်ချင်လွန်းလို့ အင်မတန် ကြိုက်တဲ့ သရေစာ ကို တောင်မှ အငတ်ခံ စု ခဲ့တာ ပါ ကိုဘတူ ရယ် ၊ ဒီ ငွေဟာ ပါတိတ် မဝယ်လည်း ကျွန်မ စား ပစ်တာနဲ့ ကုန် မှာပါ တော် ၊ ဝယ်ပါရစေနော် ဟုတ်လား ”

ကိုဘတူ သည် မျက်ရည်အသွယ်သွယ် ဖြင့် မမြခင် ကို မကြည့်ရက် ၍ သာ “ ကဲ ... မင်းသဘော ” ဟု ပြောလိုက် ရသော်လည်း အဖြစ်မှန် မသိခင်က ခေါ်ခဲ့သော သာဓု နှစ်ကြိမ် ကို မူ သုံးကြိမ် ပြည့်အောင် နောက်ထပ် ဖြည့်ခေါ်ဖို့ ဝေးစွ ၊ ခေါ်ပြီးသား သာဓု ကို ပင် ' ဘွာ ' ခတ် ပစ်လိုက်ချင်ပေသည် ။

        •••   •••   •••   ••• 

“ ကြည့်ပါဦး ကိုဘတူ ရယ် ၊ အသွေးမကျလား ”

“ အင်း .. မဆိုးပါဘူး ”

“ အဆင်လေးကကော မဆန်းလား ”

“ အင်း ... မဆိုးပါဘူး ”  

မမြခင် ပြောသမျှ မဆိုးပါဘူး ချည်း နှစ်သိမ့်ရင်း ကိုဘတူ မျက်စိ ထဲ တွင်မူ ပါတိတ် ကို မမြင် ၊ နှစ်ဆယ်တန် ခြောက်ရွက် သာ မြင် နေ၏ ။

“ ဒါကြောင့်လည်း အင်ဒိုနီးရှားပါတိတ် နာမည် ကြီး ပေတာပဲ ၊ တစ်ရာ့နှစ်ဆယ် တန် တယ်နော် ကိုဘတူ ”

မမြခင် သည် ပါတိတ် ကို ကိုယ် တွင် ကပ် ကြည့် လိုက် ၊ ထရံ တွင် ချိတ်၍ အဝေး မှ ပြေး ကြည့်လိုက် နှင့် ပီတိ ကျ မဆုံးဖြစ်နေ၏ ။

“ ဒီ ပါတိတ် ကို တော်ရုံ လမ်း ဝတ်လို့ မဖြစ်ဘူး ၊ လူစုံ တက်စုံ တွေ့မယ့် တကယ့် ပွဲလမ်း မျိုးမှ ဝတ် ရမယ် ၊ ဟင်း .. ဒီ ပါတိတ် သာ ဝတ် သွားရင် ငါ့ ကို အားလုံးက ဝိုင်း ကြည့် မှာ ပဲ အဟီး ”

မမြခင် သည် အရူး လို ပင် ပါးစပ် က တတွတ်တွတ် ရွတ် လိုက် ၊ ပါတိတ် ကို ဝတ် ကြည့်လိုက် ဖြင့် မမောနိုင် အောင် အလုပ် များ နေတော့သည် ။

မကြာပါချေ ။ တကယ့် ကို မကြာလှပါချေ ။

စာရေးကြီး ဦးဘတူ နှင့် ဇနီး ဒေါ်မြခင်

မမြခင် တစ်ရာ့နှစ်ဆယ် တန် အင်ဒိုနီးရှားပါတိတ် ဝယ်ပြီး ဆယ်ရက် မျှ အကြာ လန်ကွတ်တီ ပတ် ထားသော မြားနတ်မောင်လေး အသည်း ကို မြား နှင့် ခွင်း နေပုံဖြင့် မင်္ဂလာဆောင် ဖိတ်စာ တစ်စောင် ရောက်ရှိ လာပါ၏ ။

မမြခင် ပျော်ပါသည် ။ လက်ဖွဲ့ ရတော့မည် ဖြစ်၍ ကိုဘတူ မပျော်နိုင်သော်လည်း မမြခင် က အားမနာတမ်း ပျော်ပါသည် ။ တိုင်းရက်တဲ့ ကမ္ဗလာ - မိုး ရွာသည်နှင့် အသင့် ကြုံ လိုက်သည့်ဖြစ်ခြင်း ။

မင်္ဂလာဌာန မှာ မမြခင် တို့ လမ်း နှင့် တစ်လမ်း ကျော် ရှိ ဆယ်ဦးကော်မီတီ အိမ် ဖြစ်၍ လူ မစုံ မှာ ပူစရာ မလို ။ တစ်ရပ် လုံး ဝက်ဝက်ကွဲ သွားရောက် ချီးမြှင့်ကြမည် မှာ မလွဲ ။

ထိုအခါ ...

ပါတိတ်ကလေး ဝတ်၍ အိမ် က ထွက်သည် နှင့် လူ တကာ က အထင် ကြီး သော အကြည့်ဖြင့် ကြည့် ကြပေလိမ့် မည် ။ အချို့ဆို “ မမြခင် တစ်ယောက် အတော် ဝတ်နိုင်စားနိုင် တာပဲ ” ဟုတစ်မျိုး ၊ “ အဝတ်အစားကောင်း နဲ့ အတော် ကြည့် ကောင်းတာပဲ ” ဟု တစ်ဖုံ နှုတ် မှ ပင် ဖွင့်ဟ ပြောချင် လည်း ပြောကြမည် ကို တွေးရင်း က သည်ရက်ပိုင်း တွင် မှ ဆိုက်ဆိုက်မြိုက်မြိုက် မင်္ဂလာ ဆောင်ခဲ့သော မင်္ဂလာစုံတွဲ အား ကျေးဇူးအနန္တ ပင် တင် မိချေသေး၏ ။

မင်္ဂလာ ဆောင် သော နေ့ ရောက်လျှင် ကိုဘတူ က တစ်ဘက် အိမ် မှ ယောက်ျားဖော် ဖြင့် စောစော သွားနှင့်ပြီး ဖြစ် သဖြင့် မမြခင် တစ်ယောက် တည်း သည် မျှ အဖိုးတန် ပါတိတ်ကြီး ဝတ်ပြီး  အိမ် က ထွက်ရမှာ ရှိန်း နေသည် ။

ထိုစဉ် အိမ် ရှေ့ မှ ဖြတ် သွားသော ကလေးငယ် တစ်ယောက် ကို တွေ့ လိုက်သဖြင့်  ဝမ်းသာအားရ ဖြစ်သွားသည် ။

“ ဟဲ့ ... ပေါက်ကျော် ၊ နင့် အစ်မ တိုးတိုး မင်္ဂလာ ဆောင် သွားပြီလား ”

“ မမတိုး လား ၊ မသွားသေးဘူး ၊ ကျွန်တော့် ကို ဈေး မှာ စံပယ်ပန်း သွား ဝယ်ခိုင်းလို့ ”

“ အေး ... အေး ဒါဖြင့် ငါ လာ မှ သွား လို့ ပြောလိုက် ၊ ငါ နဲ့ အတူတူ သွားရအောင် စောင့် နေလို့ ”

“ ဟုတ်ကဲ့ ”

တိုးတိုး ဆိုသူ မှာ မမြခင် အိမ် နှင့် ငါးအိမ် ကျော် လောက် တွင် ရှိသော စက်ချုပ်သမလေး ဖြစ်၏ ။ မောင်ငယ် နှစ်ယောက် နှင့် အမေအို ကို စက်ချုပ် ကာ ချို့ငဲ့စွာ ရှာဖွေ ကျွေးမွေးနေသူ ဖြစ်၏ ။

မင်္ဂလာဆောင် အိမ် သွား ရာတွင် တိုးတိုး အိမ် ရှေ့မှ ဖြတ် သွားရမည် ဖြစ်သဖြင့် တိုးတိုး ကို ဝင် ခေါ်သွားလိုက် လျှင် အဖော် လည်း ရမည် မို့ တစ်ရာ့နှစ်ဆယ် တန် ပါတိတ်ကြီး နှင့် တစ်ယောက် တည်း မသွားချင်သော မမြခင် အဖို့ အတော် ကျသွား၏ ။

မမြခင် သည် အိမ် ပြတင်းပေါက်များ ကို ပိတ် လိုက် ပြီး ကိုယ့် ကိုယ် ကို မှန် တွင် နောက်ဆုံး အကြိမ် ထပ်မံ ကြည့်ရှုရ ပြန်သည် ။ မှန်ရိပ် မှ မိမိ ရုပ်ပုံလွှာ မှာ ကျက်သရေမင်္ဂလာ အဖြာဖြာ ပြည့်ဝနေသည် ထင်ပြီး ပီတိမိုး စွေ စွာဖြင့် အိမ် မှ ထွက်ခဲ့၏ ။

“ တိုးတိုး ရေ .. လာဟေ့ သွားကြစို့ ”

တိုးတိုး အိမ် ရှေ့ရောက် လျှင် အိမ် ဝ တွင် စောင့်လျက် သား အဆင်သင့် မတွေ့ရသဖြင့် လှမ်း အသံ ပြု ရသေး၏ ။

“ ဟုတ်ကဲ့ မမမြ လာပါပြီ ”

ပြောပြောဆိုဆို တိုးတိုး သည် အိမ် ပေါ် မှ သွက်လက်စွာ ပြေး ဆင်းလာ၏ ။

“ ဟင် .. ဟင် ... အို ”

မမြခင် သည် ဘာမျှ မပြောနိုင်ဘဲ မိမိ မျက်စိ ကိုသာ မယုံနိုင်သလို အထပ်ထပ် ပွတ်သပ်နေမိပြီး သေချာသည် ထက် သေချာစေရန် အဖန်ဖန် ပြန်လည် စူးစိုက် ကြည့်လိုက် ၏ ။ ဟုတ်ပါပြီ ၊ မလွဲပါဘူး ၊ ဒါပါပဲ ။

“ လာလေ မမမြ ၊ ဘာ ငိုင်နေတာလဲ ၊ သွား ရအောင် ”

တိုးတိုး က ဆွဲခေါ်နေ၏ ။

“ ညည်း .. ညည်း ”

“ ညည်း ... ညည်း ”

မမြခင် သည် တိုးတိုး ခါး မှ ဝတ် ထားသော ပါတိတ် ကို ကြည့်ပြီး ထစ်အ နေရှာ၏ ။

“  ဪ ... ဟုတ်ပါရဲ့  ၊ ဟင် ... ကြည့်ပါဦး ၊ မမမြ နဲ့ ကျွန်မ နဲ့ ပါတိတ် ဆင်တူ ဖြစ်နေပြီ ၊ ဟယ် ... ချိန်း ထားမိရင် တောင် လွဲ ဦးမယ် ၊ ဟန်ကျလိုက်တာ ”

တိုးတိုး က သဘောဖြူ အူစင်း စွာဖြင့် မမြခင် ကိုယ် မှ ပါတိတ် နှင့် သူ့ ကိုယ် မှ ပါတိတ် ကို တစ်ပြန်စီ ကြည့်ရင်း အူ မြူးနေ၏ ။

“ နေပါဦး တိုးတိုး ရဲ့ ၊ ညည်း က ဒီ ပါတိတ်မျိုးတောင် ဝယ် ဝတ်နိုင်သတဲ့ လား ”

မအောင့်နိုင်သည့် အဆုံး မမြခင် နှုတ်မှ ပွင့်အန် ထွက် လာသော စကားစုများ ဖြစ်၏ ။ တိုးတိုး က ခပ်ဟက်ဟက် ကလေး ရယ်မောလိုက်သည် ။

“ အမလေး မမမြ ရယ် ၊ ကျွန်မ တို့ က ဆင်းရဲတယ် ဆို ပေမယ့် ပြည်သူ့ဆိုင် က ရတဲ့ အနားပြာ ပေါ်ပလင်လေး ကို တော့ ဆေးရိုက် ဝတ် နိုင်ပါသေးတယ် ”

“ ပေါ်ပလင်ဆေးရိုက် ဟုတ်လား ”

“ ဟုတ်တယ်လေ ၊ ဆေးဆိုးပန်းရိုက်စက်ရုံ မှာ တိုက်ရိုက် ပိတ် ပေးအပ်ရင် ရိုက်ခ တစ်ဆယ် ၊ ဈေး ထဲ က မိန်းမတွေ ဆီ မှာ တစ်ဆင့် အပ် ရင် ဆယ့်နှစ်ကျပ် ပေး ရတယ် ”

တိုးတိုး က ဘာမျှ မသိသလို ရှင်းလင်း၍ ပင် ပြ နေ ပြန်သေး၏ ။

“ မမမြ ကော ဈေး ထဲ က တစ်ဆင့် အပ်တာပဲလား ၊ ဒီလိုဆို နှစ်ကျပ် များမှာပေါ့ ၊ စောစော က သိရင် စက်ရုံ သွား ရင်း ကျွနမ် အပ် ပေးခဲ့ပါတယ် ၊ စက်ရုံ က ပြောတယ် ၊ ဒါ နောက်ဆုံးပေါ် အင်ဒိုနီးရှားဆင် တဲ့ ၊ လူ သိပ် ကြိုက်လို့ မန္တလေး ကို နှစ်သိန်း တောင် ရိုက် ပို့ရသတဲ့ ”

မမြခင် ဘာကို မျှ ထပ် မပြောနိုင်တော့ ။ ပြောချင် စိတ်လည်း မရှိတော့ဘဲ အင်ဒိုနီးရှား မှ တိုက်ရိုက် လာသော တစ်ရာ့နှစ်ဆယ် တန် ပါတိတ် အစစ် နှင့် တိုးတိုး ဝတ်ထားသော ဆေးဆိုးပန်းရိုက် ပါတိတ် တို့ ဘာများ ခြားနားပါလိမ့် ဟု စိတ် ထဲ တွင် ကျိတ် ဆန်းစစ်မှု ပြုရင်း မင်္ဂလာဆောင် အိမ် သို့ ရောက်အောင် ပင် ခြေလှမ်းများ ကို အနိုင်နိုင် သယ်ယူခဲ့ ရလေသည် ။

◾ သက်ငုံဖူး

📖 ငွေတာရီမဂ္ဂဇင်း
      ၁၉၆၈ ခု ၊ ဖေဖော်ဝါရီ လ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment