Friday, June 24, 2022

တုံးမှတ်လို့ခုန်


 

❝ တုံးမှတ်လို့ခုန် ❞

ဝတ္ထုကောင်း ကြိုက်သူများ အဖို့

ငွေစန္ဒာ  ဟူသော ကလောင် နာမည် ကား မောင်ဝင်းထိန် ၏ နာမည်ပင် ဖြစ်ပေ၏ ။ မောင်ဝင်းထိန် သည်  ဝတ္ထုကလေးများ ထည့်သွင်း ကာ ကုန်ပစ္စည်းများ ကြော်ငြာ သော မဂ္ဂဇင်းတစ်စောင် တွင် ဝတ္ထု ၃ ပုဒ် တိတိ ပါ ဖူးသဖြင့် သွေးကြွ ဝမ်းမြောက်နေ သူ ဖြစ်၏ ။ မောင်ဝင်းထိန် မှာ ပန်းချီ အကြွေး ၊ ပုံနှိပ်ခ လက်ငင်း မဟုတ် ၊ စက္ကူဖိုး တွေ့လှည့် ၍ နောက် ဘယ်အခါမျှ ပြန်ပေးလေ့ မရှိသော ဇမ္ဗူဒီပါ ဝတ္ထု ထုတ်ဝေသော တိုက် မှ နိုင်ငံကျော် စာရေးဆရာ ငွေစန္ဒာ ရေးသော တုံးမှတ်လို့ခုန် ဝတ္ထု ဟု စာခေါင်းစဉ် တပ်လျက် ပုံနှိပ်ပြီး ဝတ္ထု တစ်ပုဒ် ထွက် လာသဖြင့် ငွေကြေး တစ်ပြား မှ မရသော်လည်း အထူး ကျေနပ်၍ နေလေ၏ ။ မောင်ဝင်းထိန် သည် ပုံနှိပ်ပြီး မိမိ ၏ ဝတ္ထု ကို မိမိ ပက်လက်ကုလားထိုင် ပေါ်တွင် ဇိမ် ယူ၍ ပြန်လှန် ဖတ်ရှု ရာ .. ။

ပဉ္စကိုးကွယ်ရာ ၊ အဟံဝန္ဒာမိ

နိဒါန်း

အကျွန်ုပ် ငွေစန္ဒာ သည် အသက် ၂၁ နှစ် မျှ ရှိသေးသော စာရေးဆရာ ဖြစ်၏ ။  အကျွန်ုပ် ကိုယ်တိုင် မှာ ရည်းစား တစ်ခါမျှ မထားဖူးသော လူပျို စင်စစ်လည်း ဖြစ်၏ ။  အချို့ပုဂ္ဂိုလ်များ က ချစ်ခန်းကြိုက်ခန်းများ တွင် ကိုယ်တိုင် မတွေ့ကြုံဖူး က ပိုင်ပိုင်နိုင်နိုင် မရေးတတ် ဟု ပြော ကြ၏ ။ ကျွန်ုပ် ကား ထို စကား ကို ဝန်မခံလို ။ မည်သူမဆို သူများ ဘယ်လို ဖြစ်တယ် ဟု ကြားဖူး က ရေးနိုင်ရမည် ပင် ။ ကျွန်ုပ်လည်း မတွေ့ကြုံဖူးသော အောက်ပါ အဖြစ်အပျက် ကို သဘာဝယုတ္တိ ပါအောင် ရေးသားပြတော့အံ့ ။ စာရှုသူ မိတ်ဆွေအများ တို့ ကသာ ကျွန်တော် ၏ အရည်အချင်း ကို ဆုံးဖြတ်ရန် ဖြစ်ပါ၏ ။ ဤ စာအုပ် ထွက်ပေါ်လာသည် ကို ထောက်သဖြင့် ကောင်း မကောင်း ကိုလည်း အကဲခတ်နိုင်မည် ဟု ယုံကြည်ပါ၏ ။
            ငွေစန္ဒာ

တစ်ပါးခင်မေ အသားညက် ပွေရက်နဲ့ လွမ်းတယ် ။ ခွေလျက်နွမ်းသူမှာ ကျွမ်းပါပြီအသည်း ။ ကမ္ဘာမီးလောင်တဲ့ သူ လို မောင် နဲ့အတူ ဖြစ်ရလေငြား ၊ ဘယ်တော့အခါ တူစုံပေါင်းရမယ်လို့ ပူပုံကောင်း မေးလိုက်ချင်တယ် ။ သည်မောင်ဖြင့် ရတက်ဖြာသည် မသက်သာတော့ဘူး နှင့်လေး ။

ဪ ... ခင်လှ ခင်လှ ချစ်ပါတယ် ကြိုက်ပါတယ် နဲ့ ၊ ခုတော့ မောင့် ကို မေ့ပြီလား ခင် ရယ် ။ မီးဖိုချောင် ထဲ မှာ မောင် နဲ့ စကား ပြောတာတွေ သတိ မရတော့ဘူးလား ။ ပန်းခြံ ထဲ မှာ နှင်းဆီပန်း ခူးတော့ နှင်းဆီပန်းကလေး မောင် ကိုင် လို့ နမ်းတာများ သိ သေးရဲ့လား ။ မောင့် မှာ နှမ အတွက် စားရမှန်း အိပ်ရမှန်း မသိတော့ဘူး ခင် ရဲ့ လှ ရဲ့ ... ။ မောင့် ဖြစ်အင်ကို မြင် လှည့်ပါဦး ။

အထက်ပါ အတိုင်း ညည်းတွားနေသူကလေး ကား မောင်သန်းမောင်ကလေး ပင် ဖြစ်ပေ၏ ။ မောင်သန်းမောင် သည် ရွှေကူမြို့ သစ်ကုန်သည် ဦးဘိုးထီ ၊ ဒေါ်သီလှ တို့၏ တစ်ဦးတည်းသော ချစ်သားကလေး ဖြစ်၍ အသက် မှာ ( ၁၈ ) နှစ်မျှ ရှိ သေးပေ၏ ။ မောင်သန်းမောင် မှာ ကသာမြို့ ဂန်းဗန်းမင့် ဟိုက်စကူး တွင် သတ္တမတန်း အောင် ၍ အဋ္ဌမတန်း တွင် သင်ကြားရမည် ဖြစ်၏ ။ သို့ရာတွင် ဆမ်းမားဟောလီးဒေး ခေါ် နွေရာသီ ကျောင်းပိတ်ရက် နှင့် ကြုံသဖြင့် မိဘရပ်ဌာန် သို့ ပြန်လည် ရောက်ရှိနေခြင်း ဖြစ်၏ ။

မောင်သန်းမောင် ကား ခုံးမျက်စ သုံးရက်လ ပမာ မျက်လုံးအိမ်ကလေး မှာ အခါလယ် နွားကလေး ၏ မျက်လုံး ကဲ့သို့ ကြည်လင်သန့်ရှင်း လှပပါပေ၏ ။ အသားအရောင် မှာ နနွင်းတက် ကို ချိုး ထားသည့်ပမာ ဝါဝင်းစိုပြည်လျက် သိပ်ပြီး လှသူ ယောက်ျားထူး ယောက်ျားမြတ် တစ်ယောက် ဖြစ်ပါပေ၏ ။ နှာတံ နှုတ်ခမ်း သွားဒန္တာ စသည် တို့ မှာ စာဆိုနှင့် အညီ လှပသူ ဖြစ်ပေ၏ ။ မြင်ရသူ မိန်းကလေး တိုင်း မောင်သန်းမောင် အား ပိုးချင်ပန်းချင် လောက်အောင် လှပသူ ဖြစ်ပေ၏ ။ မောင်သန်းမောင် ၏ မျက်နှာမှာ ပေါင်ဒါ ၊ ကတ္တီပါရည် မလိမ်းကျံပဲ နဂို ချော ဖြစ်ပေ၏ ။ သူ့ မိဘ သည် သားတစ်ယောက် ဆို သလောက် လူချောလူလှကလေး တစ်ယောက် ကို ရ ပါပေ၏ ။

အတွင်းကား ရွှေ ၊ အပကား ဖန်ရည်အတိ ပြီးလျက် ရှိသော ရောင်ခြည်တစ်ထောင် ကို အလင်းဆောင်သော ဘာဏုရာဇာ မည်သော ဒေါင်းစကြာရဝိန် နေမင်းကြီး သည် အရှေ့ဂေါ်ယာ ဝိဒေဟာ မှ ထွန်းပေါ်ပြူထွက် လာခဲ့လေ၏ ။ သို့သော်ငြားလည်း အညာနယ် တွင် ကဆုန် မိုးသားတိမ်တိုက် တို့ ကျူးကျော်စော်ကား ၍ မော်ကြွားပိတ်ဖုံးသောကြောင့် ဒေါင်းစကြာ နေမင်းကြီး မှာ အလင်း ကို မပေးနိုင် ၊ တိမ် ထဲတွင် ဒိုင်ဗင် ထိုးသည့်အလား ငုတ်ချည်ပေါ်ချည် နှင့် ဖြစ်၍ နေပေ၏ ။ တိမ်ရောင် အောက် မှ နေခြည် သမ်း၍ နေ လေရာ အလွမ်းအဆွေး အခံ ရှိသော မောင်သန်းမောင်ကလေး မှာ အိမ်ပြတင်း မှာ နေမင်းကြီး ကို ကြည့်ရှုရင်း ဖော်ပြရာပါ တေးထပ် ကို သီဆိုကာ ရှေးဖြစ်ဟောင်း ကို အောက်မေ့ နေခြင်း ဖြစ်လေ၏ ။

၎င်းတို့ အကြောင်း ကို ပြန်ပြောင်း ရေးသားရသော် ဤသို့ ဟူသတတ် ။

ခင်လှ အမည်ရှိ သမီးကလေး တစ်ယောက် ရှိ လေ၏ ။ မခင်လှ မှာ အသက် ( ၁၆ ) နှစ် မျှ ရှိသေး၍ အမရာ ကိန္နရီ မဒ္ဒီ  သမ္ဘူ ပမာ များစွာချောမော လှပသူကလေး ဖြစ်ပေ၏ ။ ဆယ်နှစ်သားကလေး က အစ အသက် ( ၈၀ ) အရွယ် အဘိုးကြီး အထိ မခင်လှ အကြောင်း ကို ပြောကြားလျှင် နားစွင့် ကြ၏ ။ မခင်လှ ကို မြင်လျှင် ငေးစိုက် ကြည့်ရှုကြ၏ ။ ဤကဲ့သို့ အလှဘုရင်ကလေး ကို ပိုးပန်းချင်သူ တို့ မှာ လခ ( ၄၀ ) စား အလုပ် ကို လျှောက်လွှာ တင်ကြသော လူဦးရေ ထက် များပေရာ မခင်လှကလေး မှာ ငယ်လည်း ငယ်သေး မိဘမျိုးရိုး ကလည်း ကောင်း သောကြောင့် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ဘာသိဘာသာ နေခဲ့လေ၏ ။ မခင်လှ ၏ မိဘများ မှာ လည်း ကျောက်ကောင်းတစ်စေ့ ဆိုသည့်ပမာ ကိုင်းကျွန်းမှီ ကျွန်ကိုင်းမှီ ဟူသကဲ့သို့ သမီးကလေး ကို မျက်စိ အောက် က အပျောက်မခံ ၊ များစွာ ယုယ ချစ်ခင်ကြပါပေ၏ ။ အရေးပိုင်သား ၊ ဝန်ထောက်သား ၊ သူဌေးသား စသည် တို့ မှာ မခင်လှကလေး အား ကြိုက်လွန်းလှသဖြင့် မိဘများ နှင့် ကပ်ရပ်ကာ ပူဆာ ကြသော်လည်း မခင်လှ ၏ မိဘများ မှာ သမီးချစ်ကလေး ငယ်လှသေးသည် ဟု မည်သူ့ မျှ သဘော မတူကြသေးပဲ ပိုနေမြဲ ကျားနေမြဲ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုသလို နေခဲ့ကြပေ၏ ။

မခင်လှကလေး ကား ဗိုင်းကောင်းကျောက်တင် ဟူ သကဲ့သို့ မိန်းမ ပီသလှ၍ များစွာ ဣန္ဒြေရှင်ကလေး ဖြစ်ပါပေ၏ ။ လမ်းသွားလမ်းလာ ၌ တစ်ပိုးတစ်လံ ဟူ သကဲ့ သို့ ဓာတ်မသိသူ တို့ မူ ဇက်ကြော သေနေ၍ ဟု မှတ်ထင်လောက်အောင် အောက်သို့ စိုက်၍ သွားလေ့ ရှိ၏ ။ လုံချည်ကလေး မှာ ခြေမျက်စိ ဖုံးအောင် ဝတ်၍ ထားရာ မြေကြီး နှင့် ဒရွတ်တိုက် ဆွဲ နေသဖြင့် လမ်း တစ်ခါ ထွက်လျှင် အဝတ်တစ်ခါ လဲ ရပေ၏ ။ အသားအရေ တို့ မှာ လပိုင်ဆီ သုတ်ထားသည့် အလား များစွာ ပျော့ပျောင်းလှပပေ၏ ။

အစိန္တိတံပိဘဝတိ စိန္တိတံပိ ဝိနဿတိ ကျမ်းဂန်ပါဠိ လာ ရှိ သည် နှင့် အညီ ကြံ သော်လည်း မဖြစ် ၊ မကြံသော်လည်း ဖြစ်ချင် ဖြစ်တတ် ဟူသည့် အတိုင်း တစ်နေ့သ၌ ကား ဘော်ဒါ ခေါ် ညကျောင်းအိပ် ၊ နေ့ကျောင်းစား မောင်သန်းမောင်ကလေး သည် ကျောင်းဝင်း အပြင်သို့ ထွက်လေ့ မရှိဘဲ ဒိုဘီကုလား အဝတ် လာ မပေးသဖြင့် ထိုနေ့ က အရဲ စွန့်၍ မြို့ထဲ သို့ ထွက် ခဲ့လေ၏ ။ မောင်သန်းမောင် သွားသော လမ်း မှာ သူဌေးဦးဘိုးမြတ် ၏ တိုက်ကြီး နှင့် ဝင်းခြံရှေ့ က ဖြစ်ရာ ထိုအချိန် ၌ အလှဘုရင်မလေး မခင်လှ မှာ တိုက်ပြတင်းပေါက် တွင် ပဲလှော် စား၍ နေခိုက် ဖြစ်လေ၏ ။ မောင်သန်းမောင် မှာ ခပ်လှမ်းလှမ်း မှ ပင် မခင်လှ အား မြင်ရာ အစ ပထမ သော် မခင်လှ ဟု မထင်မိ ။ လမင်းကြီး တစ်ဆူ ပြတင်း မှ ထွက်ပေါ်နေပြီ ဟု အောက်မေ့ရာ မှ သေသေချာချာ ကြည့် သောအခါ နတ်သမီးတမျှ လှပသူကလေး ဖြစ်သည် ကို သိ ရသဖြင့် အောက်ပါ ရှစ်လုံးဘွဲ့ကဗျာကလေး ကို သီဆို မိလေ၏ ။

ရွှေလမင်းကြီး ပြတင်းကထွက်လာ
အစတုန်းက ၊ အဟုတ်ပဲထင်တာ
သေချာကြည့်တော့ နတ်သမီးထင်တာ
သူဌေးသမီး သွေးကြီးနေလိုက်တာ ။

မောင်သန်းမောင် သည် မခင်လှ ၏ တိုက်ရှေ့ သို့ နီးသည် နှင့် တစ်ပြိုင်နက် ဖရဏာပီတိ ဂွမ်းဆီ ထိ သကဲ့သို့ စက္ခုရူပေသန သံသာရာဂပိုတ္ထ ဝိဇာနေယ ဟူသည် နှင့် အညီ မြင်လျှင် မြင်ချင်း ပမာအားဖြင့် မြောက်ပြင်သူဌေးသမီး သည် ယောသက သတို့သား ကို မြင်လျှင် မြင်ချင်း ကြိုက်ချင်စိတ် ပေါ် သကဲ့သို့ မောင်သန်းမောင် မှာ မခင်လှကလေး ကို ချစ်ကြိုက်စိတ်များ တဖွားဖွား ပေါ်ထွက်ရကား အရဲ စွန့်ကာ လျှာကလေး ကို ထုတ်၍ ပြ လိုက်မိလေ၏ ။

ဝတ္ထုရေးဆရာ ၏ ရှင်းလင်းချက် ။  ။

မောင်သန်းမောင် သည် လျှာ ထုတ်ပြသည် ဆိုရာ၌ အချို့က အလွန်သေးသိမ်သည် ဟု  ထင် ကြပေမည် ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူသော ဒေသနာမြတ်တွင် ပေမံအတ္တံ - အကျိုးအကြောင်း အဆိုးအကောင်းကို  ၊ ပဇာနာတိ - မသိမမြင်ဘူးတဲ့ ။ ထို့ကြောင့် ဘုရားလောင်း ကုသမင်း လျှင် သီချင်းဆို ပြ လို ပြ ဖျာ ရက် လိုက် ၊ အိုး ဖုတ် လို ဖုတ် ၊ ပဝဝတီ အား လက် ကိုးရိုးကားယား လုပ် ပြ လို ပြ နှင့် ပြုမူခဲ့သေးရာ ဘာ လောင်းမှန်း မသိရသော မောင်သန်းမောင် အတွက် မှာ မူ လော်မာဖောက်ပြားသည် ဟု အပြစ် လုံးဝ မဆိုသင့်ပေ ။
           ငွေစန္ဒာ

မခင်လှကလေး မှာ လည်း အဝေး က လမ်း လျှောက်၍လာသော မောင်သန်းမောင်ကလေး အား မြင်၍ ထားလေရာ လူငယ်တစ်ယောက် ဟု မထင်ပေ ။ နတ်သားကလေး တစ်ပါး လမ်းလျှောက် လာသည် ဟု ထင်မှတ်ကာ သေချာစွာ ကြည့်ရှုမှ လူသား မှန်း သိ ရသဖြင့် အောက်ပါ ဒွေးချိုးကလေး ကို တိုးတိုး သီဆို၍ နေမိ ရှာလေ၏ ။

ဝေလွင်လွင် တမေခင် ၊
သည်ပြတင်းဆီက မျှော်နေမိဆဲ
အို .. နတ်သားပေထင့် ၊
လျှောက်သွားတာ တမေကြည့်တယ်
ဘုန်းမောင့်မောင်လား  ။

မခင်လှကလေး မှာ ဤသို့ တွေးတောနေခိုက် မောင်သန်းမောင် က မော့ ကြည့်ပြီး လျှာကလေး ထုတ်ပြသည်ကို မြင် လိုက်ရာ မိန်းမတို့ ဣန္ဒြေ ကို သတိထားခြင်းငှာ မစွမ်းတော့ဘဲ နီထွေးသော လျှာကလေး ကို ခပ်ကွေးကွေး ပြန်လှန် ထုတ်၍ ပြ လိုက်လေ၏ ။ မောင်သန်းမောင် မှာ ကား မခင်လှ ၏ အမူအရာ ကို မြင် ရသဖြင့် အထူး ကျေနပ်ကာ ဒိုဘီဆိုင် သို့ ခပ်မြန်မြန် ပြေး ၍ သွားပြီးလျှင် ပြန် လာရာ မခင်လှ မှာ ပြတင်း မှ မထသေးဘဲ ပြုံးပြုံးကလေး လှမ်း ကြည့်နေသည် ကို မြင် ပြန်သဖြင့် စာ ပေး ပါရစေဟူသော အဓိပ္ပာယ် နှင့် ပထဝီနတ် ( note ) မှတ် ထားသော စာရွက်ခေါက်ကလေး ကို ထောင်၍ ပြလေ၏ ။ မခင်လှကလေး မှာ လည်း ပေးသာ ပေးပါ ဟူသော သဘော ဖြင့် လက်ဖြန့် ၍ ခံယူ ဟန် ပြ လိုက်လေ၏ ။ မောင်သန်းမောင် ကား စိန်လယ်ဂျာဒါထီ ၊ ယိုဒယားထီ ၊ အိုင်ရာလန်ထီ ၊ ရိမ်းဂျားထီ ရှိသမျှ ထီ တွေ အကုန်လုံး ပထမချည်း ပေါက်ခဲ့သူ ပမာ သိပ်ပြီး ဝမ်းသာလှသဖြင့် မြေကြီး တွင် ခြေ ချရမှန်း မသိ ။ ရှေ့က သွားသော မော်တော်ကား ကို လွန်အောင် အပြေး စိုင်းရှာလေ၏ ။

ကျောင်း သို့ ရောက်သောအခါ သူငယ်ချင်းများ မမြင်အောင် ပုန်း၍ အကောင်းဆုံး မေတ္တာစာပုဒ် ကို ရေးသား နေလေ၏ ။ စာ ကား အောက်ပါအတိုင်း ဖြစ် လေ၏ ။ ရည်းစား ထား လိုသူများ နည်းလမ်းကောင်း ရရှိရန် မောင်သန်းမောင် ၏ စာမူအတိုင်း ထည့် လိုက်ပါပေအံ့ ။

အဆန်းအလှ ၊ မန်းနဝ တွင် ပန်းသကလို မောင်ချစ်စရာ အလွန်ကောင်းပါတဲ့ ချစ်နှမကလေး ထံ ငွေမင်လွှာ ရေးသား၍ ပေးတင်ဆက်တော် မူလိုက်ရပါသည် ။ မောင့် မှာ ပရံပရ ဘဝရေစက်ကြောင့် နှမ ငွေသော်တာလမင်း ပမာ မျက်နှာကလေး ကို မြင်ရ ကတည်းက မစားနိုင် အိပ်မရ ဒုက္ခ အလွန် များ၍ စိန် စား သေရတော့ မလောက် စိတ်ညစ်သွားပါသည် ။ နောက်မှ နှမ ၏ မျက်နှာကလေး ကို မြင်ရရာ တစ်ဦး မေတ္တာ တစ်ဦး မှာ ဟူသကဲ့ သို့ မောင် ကဲ့ သို့ မေတ္တာတော် ချစ်လိမ့်မည် ဟု ယုံကြည်ကာ ဤ စာ ကို ပေးသနားရခြင်း ဖြစ်ပါသည် ။ မောင် ကဲ့ သို့ ချစ်ကြိုက်တော်မူ ပါ က စာကလေးတစ်စောင် လောက် ပြန်၍ သနားပါမည့်အကြောင်း ။

တေးထပ်

ခင့်မျက်နှာ မြင်ကတည်းရယ်က ဘဝင်စွဲနေပြီ မစားနိုင် မအိပ်နိုင်တယ် ။ မှိုင်လို့သာ နေရ ၊ လောင်းဇနက စွန့်စားတာလို မောင့်မေတ္တာကြီးလှတာပဲ ။ ခင်ကသာ သွေဖည်လွဲရင်ဖြင့် သေမယ်လို့ ဖြစ်အင် သနားလို့ စာ ပြန်ပါလျှင် သက်ခန္ဓာ မြဲမည်ခင်လေး ။

မောင်သန်းမောင် သည် လက်ရေး တိုင်း စာလုံးလှလှလေး နှင့် တရိုတသေ ရေးသားပြီးလျှင် ပန်းရောင်စာအိတ်လှလှကလေး တွင် ထည့်ကာ ဒိုဘီဆိုင် သို့ အဝတ်ဟောင်း ပေးဦးမည် ဟု ဆရာ အား တိုင်လျက် ထွက် ၍ သွားပြန်လေ၏ ။ မခင်လှကလေး ကား တိုက်ဘေး ပန်းခြံ ထဲ တွင် လမ်းလျှောက်၍ နေရာ မောင်သန်းမောင် သည် "အဟမ်း ... အဟမ်း .. ” ဟု ချောင်းသံ ပေးလျက် မခင်လှ လှည့် ကြည့်သောအခါ မရဲတရဲ နှင့် စာအိတ်ကလေး ကို ဝင်းထရံ ကြား တွင် ညှပ် လိုက်လေ၏ ။ မခင်လှ သည် မသိသလို နေရာမှ မောင်သန်းမောင် လွန် သွားသောအခါ စာအိတ်ကလေး ကို ယူ၍ ( ၃ - ၄ ) ခေါက် ဖတ်ပြီးလျှင် စာရွက်ကလေး ကို အကြိမ်ကြိမ် နမ်း၍ နေရှာ လေ၏ ။

မောင်သန်းမောင် ကား ခပ်လှမ်းလှမ်း မှ အကဲခတ် နေရာ စာအိတ်ကလေး ထရံကြား က ပျောက် ၍ သွားသောအခါ မခင်လှ ယူသွားပြီ ဟု ဝမ်းမြောက်ဝမ်းသာစွာ ကျောင်းသို့ ပြန် သွားလေ၏ ။ နောက်တစ်နေ့ ၌ မခင်လှ ဆီ မှ စာကလေး တစ်စောင် ပြန်၍ ရလေ၏ ။ ထို စာကား မောင်သန်းမောင် မှာ ရည်းစားများ ရှိ နေသလား ။ မောင်သန်းမောင် မိဘ က သဘောမတူ လျှင် ဘယ့်နှယ် လုပ်မလဲ စသည်တို့ ပါ လာလေ၏ ။ ထိုကဲ့သို့ စာပေးစာယူ ( ၂ ) ကြိမ် ပြုလုပ်ကြပြီး နောက် မောင်သန်းမောင် မှာ တစ်မနက်ခင်း တွင် အရဲ စွန့်ကာ မခင်လှကလေး နှင့် တွေ့ရန် ထွက် ခဲ့လေ၏ ။ မခင်လှ မှာ မီးဖိုချောင် တွင် ထမင်းအိုး တည် ၍ နေရာ ထိုအချိန် တွင် တွေ့ရန် ဝင်းထရံများ ကို ကျော်တက်ရန် အကောင်းဆုံး ဟု ကြံစည်ရာ ဝင်းထရံထိပ် တွင် သံချောင်းများ ရိုက်ထားသဖြင့် အောက် က တိုးရန် အပေါက် ရှာလေ၏ ။ မတွေ့သေးချေ ။ ချစ်ကြိုက် စိတ်ကြောင့် ခွေး ယက်သလို ယက်၍ ကြည့်ရာ လက်သည်းများ နာ လှသဖြင့် လက်လျှော့ နေရလေ၏ ။ ထို့နောက်မှ အကြံ ရ၍ ဝင်းထရံထောင့် တွင် ရှိသော အိမ်သာ မှ မစင်ပုံ ကို ဖယ် လိုက်လျှင် ငါ ဝင်၍ ဖြစ်ကြောင်း သိရှိကာ ပေမံအတ္တံ နဇာနာတိ ဟူသကဲ့ သို့ ခွေး ဝင်သလို ဝင်၍ သွားရှာလေ၏ ။

မခင်လှကလေး ကား မီးဖိုချောင် တွင် ရှေ့ သို့ အာရုံ စူးစိုက်နေရာ မောင်သန်းမောင် က “ ခင် ဘာလုပ်နေသလဲ ” ဟု ခါး ကို ဖက်လိုက်မှ “ အမယ်လေး လန့်လိုက်တာ ကိုကို ပါ လား ” ဟု ပြုံးပြုံးကလေး မော့၍ ကြည့် လိုက်သော မခင်လှ ကို မြင် ရရာ မောင်သန်းမောင် မှာ များစွာ ကျေနပ်သွားကာ “ ခင် လန့် သွားသလား ” ဟု မေးလိုက်သည်တွင် “ အသံမပေး ဘာမပေးဘဲ လာတာကိုး ... လန့်သွားတာပေါ့ ကိုကို ရဲ့ ” ဟု ပြောလိုက်မှ မောင်သန်းမောင် မှာ များစွာ သဘောကျပြီး လျှင် “ မောင် ဘယ်လောက် စွန့်စားလာရတယ် မှတ်သလဲ ခင် ရဲ့ ” ဟု မေးတော့မှ ...

“ အို ... ဟင် .. ” ဟူသော အသံ ကို သာ ကြား ရလေသတည်း ။

ချစ်သူ နှစ်ဦး မှာ ချစ်တင်း နှောပြီးလျှင် လူကြီးများ မရှိသဖြင့် ပန်းခြံ ထဲ သို့ ထွက်ကာ နှင်းဆီ ၊ ဇလပ် ၊ ဂန္ဓမာ ၊ သော်က ၊ မုန်လာထုပ် စသော ပန်းပင်များ ကို ကြည့်ရှုရင်း စကား ပြော ၍ နေ ကြလေ၏ ။ မောင်သန်းမောင် မှာ “ ခင် မောင် နမ်း ချင်တယ် ၊ မနမ်းရဘူးလား ”  ဟု မေးရာ မခင်လှ မှာ ပြုံးပြုံးကလေး လုပ်လျက် “ နမ်းချင် နမ်းပါလား ” ဟု ပြောလိုက်သဖြင့် အားပါးတရ နမ်း လိုက်လေ၏ ။ ထိုကဲ့သို့ ကျေနပ်နေကြသည့် အတွင်း မခင်လှ ၏ ဖခင်ကြီး သည် “ ဟဲ့ ခင်လှ ကော ” ဟု ခေါ်လိုက်သဖြင့် “ ကိုကို ... မြန်မြန်ပြေး ” ဟု ပြောလိုက်သဖြင့် အလျင်က ဝင် ခဲ့သော ခွေးတိုး ပေါက် မှ တိုး ၍ ထွက်ပြေး ရလေ၏ ။

မောင်သန်းမောင် မှာ ဤကဲ့သို့ ချစ်ခင်နေရာ မှ နွေကျောင်းပိတ် နီးသဖြင့် မခင်လှကလေး အား နှုတ်ဆက်ရင်း သွား၍ တွေ့ပြန်လေ၏ ။

“ မောင် ... ”

“ ခင်ရယ် .. မောင် တော့ ရွှေကူ ကို ပြန်ရဦးမယ် ” ဟု တရှုံ့ရှုံ့ ငိုရင်း ပြောရာ ..

“ မောင် ငို တော့ နှမ ဘယ့်နှယ် လုပ် နေရစ်ရမှာလဲ မောင် ရဲ့ ” ဟု မခင်လှ သည် ငို ပြန်ရာ မောင်သန်းမောင် သည် “ မငိုနဲ့ ခင် .. မငိုနဲ့ခင် ” ဟု ချော့သဖြင့် တိတ်၍ သွားလေ၏ ။

“ တကယ်လို့ ခင့်မိဘတွေ က သဘော မတူရင် ဘယ့်နှယ် လုပ်မလဲ ”

“ ရွှေမြင့်မိုရ် တစ်တောင်လုံး တုံးမှတ်လို့ ခုန် ဆိုတာလို မယ်ပဋာ ကိုဒါသ တို့ လို အထုပ်အပိုး နဲ့ ခိုးရာ လိုက်မှာပေါ့ ကိုကို ရဲ့”

မောင်သန်းမောင် သည် ချစ်သူကလေး ၏ ပြောစကား ကို အားရလှသဖြင့် ပြုံးပြုံးကြီး ရယ် လိုက်လေ၏ ။

      •••   •••   •••   ••• 

ဝတ္ထု ကား ၄ ပုံ ၃ ပုံ မျှသာ ရောက် သေးရာ စာရေးဆရာ ကိုဝင်းထိန် မှာ မိမိ ဝတ္ထု ကောင်း ၍ လား မသိ ဝတ္ထု စာအုပ် ကို လက် က ကိုင်ရင်း အိပ်ပျော် ၍ သွားလေသတည်း ။

◾ မဟာဆွေ

📖  ကြီးပွားရေးမဂ္ဂဇင်း
       ၁၉၃၇ - ခု ၊ ဇွန်လ 

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment