Friday, June 3, 2022

အိပ်မက်မြို့


 

❝ အိပ်မက်မြို့ ❞

လေ ငြိမ်နေသောကြောင့် သစ်ရွက်ကလေး က ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း မြေပြင်ပေါ် ဆင်းသက်လာတယ် ။ အမှောင်ထု နက်နက်ကြီး ထဲ အလင်းကလေး တစ်စ ဆိုက်ရောက်လာပုံ က သစ်ရွက်ကလေး ကြွေသလိုပဲ ။

နောက်တော့ အဲ့ဒီ အလင်းစကလေး ဟာ တံခါးကြီးကြီး တစ်ချပ် ပေါ်  ခို နားသွားတယ် ။ တစ်ဆက်ထဲပဲ တံခါးကြီး ရဲ့ ရင်ခွင် ကို တင်းတင်း ဆွဲစေ့ထားတဲ့ သော့ခလောက် ဟာ ချောက်ခနဲ အသံ မြည်ပြီး ပွင့် ထွက်သွားတယ် ။ မြင်ကွင်းကတော့ မှုန်သီဝေဝါးနေဆဲ ။ အမြင်ဓာတ် ဖြစ်ပေါ်လောက်အောင် လုံလောက်တဲ့အလင်းရောင် မရသေးဘူး ။

တံခါးကြီး ကို သူ မြင်နေရတယ် ။ သော့ခလောက်ကြီး ပွင့်သွားတာ ကိုလည်း သူ မြင်နေရတယ် ။ အမှောင် ထဲ စမ်းတဝါးဝါး ခြေလှမ်းတွေ နဲ့ သူ ဆက် လျှောက်လာတယ် ။

ကောင်းကင် ရဲ့ အာခေါင်ခြစ်ပြီး အော် လိုက်တဲ့ အသံတွေ ဟာ ကြောက်မက်ဖွယ် မိုးခြိမ်းသံတွေ လို သူ့ နား ထဲ တလိမ့်ခေါက်ကွေး စီးဝင်လာတယ် ။ ဘာမှန်း မသိတဲ့ စိုးရိမ်မှုကြီး တစ်ခုတော့ သူ့ ခန္ဓာကိုယ် တွင်းမှာ ဖြစ်သွားတယ် ။ ဒါပေမဲ့ သေခြင်းတရား ကို သတိ ရလောက်အောင် မဖြစ်တဲ့ အတွက် သူ့ လက်ချောင်းတွေ ဟာ သော့ခလောက်ကြီး ကို အလိုအလျောက် ဆွဲ ဖွင့်မိလျက်သား ဖြစ်သွားတယ် ။

တံခါးချပ်ကြီးတွေ ကတော့ လေးလံ လွန်းလှတယ် ။ သူ အလွယ်တကူ တွန်း မဖွင့်နိုင်ဘူး ။ ရှိသမျှ အားတွေ သုံးပြီး တံခါး ကို ကိုယ် တစ်ခြမ်းစောင်း တိုက်ချလိုက်တယ် ။ တံခါးကြီး ပွင့် သွားတယ် ။

စူးစူးရဲရဲ အလင်းတွေ သူ့ မျက်စေ့ ထဲ ကို အခိုက်အတန့် ကန်းသွားတယ် ။ ဘာကိုမှ မမြင်ရဘူး ။ အလင်းတွေ နဲ့ ပိန်း ပိတ်နေတယ် ။ သူ့ စိတ် ထဲမှာတော့ အလိုလို သိလိုက်တယ် ။ သူ ဟာ နယ်မြေသစ် တစ်ခု ထဲ ရောက်ရှိသွားပြီ ဆိုတာ ကို ။

ဆည်းလည်းသံ မဟုတ်ပေမဲ့  ဆည်းလည်းသံ လို သာယာနာပျော်ဖွယ် အသံတွေ လေ ထဲမှာ ပုန်းခို လိုက်ပါလာတယ် လို့ သူ ထင်နေမိတယ် ။ တံခါး တွန်းဖွင့် အပြီးမှာ အရာရာ ဟာ ပြောင်းလဲ သွားခဲ့ပြီ ။ စူးစူးရဲရဲအလင်းတွေကြောင့် သူ့မျက်လုံးတွေ ခဏ ပိတ် ထားလိုက်ရတယ် ။ ပတ်ဝန်းကျင် အသစ် ကို စူးစမ်းဖို့ သူ ငြိမ်ငြိမ်လေး ရပ် နေလိုက်တယ် ။ လူ ကို လန်းဆန်းစေ တဲ့ လေညင်း သွဲ့သွဲ့ ၊ စိတ် ကို လန်းဆန်းစေတဲ့ ခေါင်းလောင်းသံ အဲဒါတွေကို သူ သတိ ပြုမိနေတယ် ။

လေးလံ ဖိစီးလွန်းတဲ့ စိတ် ရဲ့ ဝတ်ရုံ ဟာ တစ်နေရာရာ မှာ ကျန်ခဲ့ပြီလား လို့တောင် သူ တိတ်တခိုး ယူဆ မိနေတယ် ။ သူ့ မျက်စိတွေ ကို လည်း ဖြည်းဖြည်းချင်း ပြန် ဖွင့်နေတယ် ။ ဖြည်းဖြည်းချင်း ၊ ဖြည်းဖြည်းချင်း သူ့ မြင်ကွင်းထဲ မြို့ကြီး တစ်မြို့ ရောက် လာတယ် ။ ကမ္ဘာကြီး ထဲ မှာ အမှန်တကယ် တည်ရှိနေတယ် လို့ ယူဆရတဲ့ မြို့ကြီး တစ်မြို့ ။

ကျယ်ပြောလွန်းလှတဲ့ မြို့ကြီး က သူ့ ကို ဆွဲ ခေါ်နေတယ် ။

သူ ရှေ့ကို ခြေလှမ်းနည်းနည်းလောက် လျှောက်လိုက်စဉ်မှာပဲ တံခါးကြီး  ဝုန်းခနဲ ပိတ်သွားတဲ့ အသံ ကို သူ ကြား လိုက်ရတယ် ။ သူ နောက်လှည့် မကြည့်ဘဲ ရှေ့ ကို သာ ဆက်လျှောက်လာခဲ့တယ် ။

ကောင်းကင် မှာ တိမ်တွေရောင်စုံပဲ ။ သိပ်လှတယ် ။ ငြိမ်သက်သိမ်မွေ့တဲ့ ခံစားမှု ကို ပေးစွမ်းတယ် ။

•••••   •••••   •••••

လမ်းလျှောက် လာရင်း နဲ့ အဆောက်အဦကြီးတွေ နဲ့ လမ်းတစ်ခု ကို ရောက် လာတယ် ။ ပလက်ဖောင်း ပေါ် မှာ သူ တစ်ယောက်ထဲ ။ ကားတွေ ကတော့ စုန်ဆန် သွားလာနေတာပဲ ။ ခေတ်မီတိုးတက်ပုံ ရတဲ့ ဒီ မြို့ရဲ့ အဆောက်အဦ ဗိသုကာ လက်ရာတွေ က သူ့  ကို ဖမ်းစားနေတယ် ။ စူးစမ်းလိုစိတ် က သူ့ ကို လှုံ့ဆော်နေတာကြောင့် သူ့ ခြေလှမ်းတွေ ဟာ မြို့ ရဲ့ အတွင်း ထဲ ကို အလိုလို ရွေ့လျားနေတော့တယ် ။

နောက်တော့ သူ ဟာ တက္ကစီတစ်စီး ကို လက်ပြ တား လိုက်မိတယ် ။

“ ကျွန်တော့် ကို ဒီမြို့ရဲ့ နေရာအနှံ့လိုက်ပို့ပေးပါ ”

“ အိုကေ ၊ ကား ပေါ် တက် မောင်ရင် ၊ ကား ကို ဖြည်းဖြည်း မောင်း ပေးရမလား ၊ မြန်မြန် မောင်း ပေးရမလား ”

လို့ အသက် ၅ဝ ကျော် အရွယ် တက္ကစီ ဒရိုင်ဘာကြီး က မေးတယ် ။

“ ဖြည်းဖြည်း ပဲ မောင်း ပေးပါ ။ ကျွန်တော် ဒီမြို့ ကို အေးအေးဆေးဆေး ကြည့်လို့ ရတာပေါ့ ”

သူ ပြန်ပြောလိုက်တယ် ။

တက္ကစီကားလေး ဟာ ငြိမ့်ငြိမ့်လေး ရွေ့ လျား နေတယ် ။ သူ့ စိတ်တွေ အလိုလို တက်ကြွနေတယ် ။ သူ မသိတဲ့ မြို့တစ်မြို့ မှာ ခရီး သွား နေရတာက သူ့ စိတ်တွေ ကို အလိုလို လန်းဆန်းနေစေတယ် ။ အဆောက်အဦတွေ ဟာ သိပ် အမြင့်ကြီးတွေ မဟုတ်သလို ၊ သဘာဝ သစ်ပင်ပန်းမန်တွေ ကိုလည်း သူ တွေ့နေရတယ် ။ စိတ် ထဲ မှာ ဒီ နေရာတွေ ကို သူ ရောက်ဖူး သလိုလို ပဲ လို့ ထင် ခဲ့မိနေတယ် ။ စဉ်းစားလို့ မရဘူး ။ ဘယ်တုန်းကမှ ရောက်ဖူးခဲ့မှာ မဟုတ်ဘူး ။ စိတ် ထဲ ထင်တာပဲ ဖြစ်မှာပါ လို့ သူ တွေးမိပြန်တယ် ။ ရှုခင်းတွေ လှပုံက ကြည့် မဝနိုင်အောင်ပဲ ။ ဘယ်တုန်းက ရောက်ဖူးတာလဲ ။

“ ငါတို့ မြို့ က အေးချမ်းသာယာတယ်ကွ ။ ဘာ ပြဿနာ ၊ ဘာ အပူအပင် မှ မရှိကြဘူး ။ မကြာခင် မင်း နားလည် လာမှာပါ ”

“ ဒီ မြို့ကို နောက်ခံ ရာဇဝင်အမျိုးမျိုး နဲ့  လူ တွေ ရောက် လာကြတယ် ။ ထူးခြားတာကတော့ သူတို့ ရဲ့ နောက်ကြောင်း ရာဇဝင်တွေ ကို အားလုံး မမှတ်မိကြတာပဲ ။ ဒါပေမဲ့ အားလုံးမှာ တူညီတဲ့အချက် တစ်ချက်တော့ရှိတယ် ။ အဲဒါကတော့ ဒီ မြို့ ကို ရောက် လာတဲ့ လူတိုင်း ဒီ မြို့ ကနေ ပြန် ထွက်လို့ မရတော့တဲ့ အချက်ပဲ ။ ဒီ ကို ရောက်လာတဲ့ လူတိုင်း လည်း ပျော်ပျော်ရွှင်ရွှင် အေးအေးဆေးဆေး ပဲ နေထိုင် ကြတယ် ။ ငါ ကိုယ်တိုင်လည်း ဒီ မှာ တက္ကစီမောင်းပြီး ဘဝ ရှင်သန်ရတာကို ပျော်တယ် ။ ငါ့ ရဲ့ နောက်ကြောင်း ရာဇဝင် ကို ငါ ကိုယ်တိုင်လည်း မသိဘူး ။ ဒီ မြို့ ကနေ ထွက်ပြေးဖို့ ကို ငါ မစဉ်းစားဘူး ။ ငါ ဒီမှာ နေ ရတာကို ပျော်တယ် ။ အဲဒီ အတွက် ပေးဆပ် လိုက်ရတာကတော့ ပြန် ထွက်လို့ မရတာပဲ ”

လို့ တက္ကစီသမားကြီး က ရှည်လျားစွာ ပြောတယ် ။

“ ဗျာ ဒါဆို ဒီ မြို့က ပြန်လမ်း မရှိတဲ့ မြို့ ပေါ့ ။ ကျွန်တော် ပြန် ထွက်လို့ မရတော့ဘူး ဆိုတဲ့သဘောပေါ့ ဟုတ်လား ။ ဒါဆို ကျွန်တော် အခု ဘယ်ကို သွားရမှာလဲ ”

လို့ သူ ထိတ်ထိတ်ပျာပျာ နဲ့ မေးလိုက်တယ် ။ လောလောဆယ် သူ ကိုယ်တိုင် လည်း သူ ဘယ်က လာတယ် ဆိုတာကို စဉ်းစားလို့ ကို မရတော့ဘူး ။

တက္ကစီသမားကြီး က ဆက်ပြောတယ် ။ “ ငါ မင်း ကို ဟိုတယ် တစ်ခု ကို လိုက် ပို့ပေးမယ် ” တဲ့ ။

•••••   •••••   •••••

နောက်တစ်နေ့ မနက်ခင်း မှာတော့ သူ ဟာ ဟိုတယ်ဧည့်ခန်းထဲ မှာ ထိုင်ပြီး ဒီမြို့ ထုတ် သတင်းစာတွေ ကို ဖတ်နေမိတယ် ။ သတင်းစာတိုင်း ရဲ့မျက်နှာဖုံး က ဒီ မြို့ ကို လူ တစ်ယောက် ရောက်လာတဲ့ အကြောင်းတွေ ဖော်ပြထားတယ် ။ ပိုပြီး ထူးဆန်းတာက သတင်းစာ ထဲ က လူ က သူ ကိုယ်တိုင် ဖြစ်နေတာပဲ ။ သူ့ ရဲ့ဓာတ်ပုံတွေ ကို ထောင့်ပေါင်းစုံကနေ ဖော်ပြ ထားတာ ကို အံ့ဩဖို့ကောင်း လောက်အောင် တွေ့ လိုက်ရတယ် ။ မြို့ထဲ ကို သူ ရောက်ခါစ က ပုံ ၊ သူ တက္ကစီ တား နေတဲ့ ပုံ ၊ သူ တက္ကစီကား ပေါ် ကနေ အပြင်ကို ငေးမောနေ ပုံ ၊ သူ ဟိုတယ်ကို ရောက်ရှိလာ ပုံ စတာတွေကို တသီတတန်းကြီး ဖော်ပြထားတယ် ။ သူ အံ့ဩ မင်သက်နေရုံက လွဲပြီး ဘာမှ မတတ်နိုင်ဘူး ။ မြို့ ထဲ ကို လူ တစ်ယောက် ရောက် လာတာကို အထူးအဆန်း လုပ်ပြီး တခမ်းတနား ဖော်ပြကြတဲ့ ဒီမြို့ က သတင်းထောက်တွေ ဟာ စိတ် မှ မှန်ရဲ့လား လို့ သူ တွေးမိတယ် ။

မနေနိုင်တော့ဘဲ အဆုံးမှာတော့ သူ ဟိုတယ်မန်နေဂျာ ဆီ သွားပြီး မေးခွန်းတချို့ မေးလိုက်တယ် ။

“ ဘာကြောင့် ဒီလို ဖော်ပြတာလဲ ၊ ဒီ မြို့ ကို လူတစ်ယောက် ရောက်လာတာ အထူးအဆန်းလား ။ ခင်ဗျားတို့ ဟိုတယ် ကိုရော ဧည့်သည်တွေ မရောက်ဘူးလား ။ ကျွန်တော် ဒီကနေ ပြန်ထွက်လို့ မရဘူးလား ။ ပြန်ထွက်လို့ မရရင် ကျွန်တော် ဘယ်မှာ နေရမှာလဲ ”

စတဲ့ မေးခွန်းတွေ ကို သူ မရပ်မနား မေး လိုက်မိတယ် ။

ဟိုတယ်မန်နေဂျာ ပုံ က အေးအေးဆေးဆေး ပဲ ။ သူ့ အတွက် မထူးဆန်း တဲ့ မေးခွန်းတွေမို့ တည်တည်ငြိမ်ငြိမ် ပဲ ပြန် ဖြေတယ် ။

“ စိတ် မပူပါနဲ့ ညီလေး ရာ ၊ အားလုံး အဆင် ပြေ သွားလိမ့်မယ် ။ ခင်ဗျား ဒီ မြို့ မှာ အသား ကျသွားမှာပါ ။ ဒီ မြို့ မှာ ရှိတဲ့ လူတွေ အားလုံးလည်း ရောက်ခါစ က ဒီလို ပါပဲ ။ နောက်တော့လည်း အဆင် ပြေသွားတာချည်းပဲ ”

လို့ ဟိုတယ်မန်နေဂျာ က ပြောလေတယ် ။

ဟိုတယ်မန်နေဂျာ စကား ပြောတဲ့ ပုံ က ဇာတ်ညွှန်း ကြည့်ပြီး ပြော နေတဲ့ ပုံစံမျိုးကြီး ဆိုတော့ သူ့ စိတ် ထဲ မှာ အလို မကျမိဘူး ဖြစ်နေတယ် ။ သူ့ ပုံစံ က အားမလို အားမရ ဖြစ် စရာပဲ ။

ဒါပေမဲ့ သူ မေးရမယ့် မေးခွန်းတွေ ကိုတော့ တရစပ် မေးလိုက်မိတယ် ။

“ ကျွန်တော့် ပုံ တွေ ကို သတင်းစာ မှာ ဖော်ပြထားတာကတော့ ထား လိုက်ပါတော့ ။ ကျွန်တော် ဒီ မြို့ ကနေ ပြန်ထွက်လို့ မရတော့ဘူး ဆိုတော့ ကျွန်တော် ဘယ်လို ဆက် နေရမှာလဲ ။ ကျွန်တော့် မှာ ပါတဲ့ပိုက်ဆံ ကလည်း နည်းနည်းလေး ဆိုတော့ မကြာခင် ကုန်တော့မှာ ။ ကျွန်တော် ရှေ့လျှောက်  ဘယ်လို ဘဝရပ်တည် ရမှာလဲ ။  ဘယ်မှာ နေရမှာလဲ ။ ကျွန်တော့် အတိတ်ကာလ က ဘယ်လိုလဲ ။ ကျွန်တော် ဘာတွေ လုပ်ခဲ့လို့ ဒီ နေရာ ကို ရောက်ခဲ့တာလဲ ။ ကျွန်တော် ဘာ ဆက်လုပ်ရမှာလဲ ”

လို့ သူ မေးခွန်းတွေ ကို မမောတမ်း မေး ချလိုက်တယ် ။

ဟိုတယ်မန်နေဂျာ ဟာ သူ့နှုတ်ခမ်း ကို မပွင့်တပွင့်လေး ပြုံး လိုက်တယ် ။ ပြီးတော့

“ မင်း ရဲ့ တချို့ မေးခွန်းတွေ အတွက် အဖြေတွေ ကို မကြာခင် သိ လာရမှာပါ ။ အခု ပြောနိုင်တာကတော့ ဒီနေရာ မှာ နောက်ထပ် ရက် အနည်းငယ်လောက် နေရဦးမယ် ။ ပြီးတော့မှ မင်း ကို နေရာ ပြောင်းရွှေ့ ပေးကြလိမ့်မယ် ။ လောလောဆယ် မေးခွန်းတွေ အတွက် အဖြေတွေ ကို ငါ လည်း မသိဘူး ”

လို့ ပြောတယ် ။

“ ဒီ အတောအတွင်း ကျွန်တော် ပိုက်ဆံ မလောက်တော့ရင် ဘယ်လို လုပ်ရမလဲ ”

လို့ သူ့ ကို ထပ် မေးလိုက်တယ် ။

“ အဲ့ဒီ အတွက် စိတ် မပူနဲ့ ။ ဒီ မြို့ မှာ ပိုက်ဆံ မလိုဘူး ”

•••••   •••••   •••••

သူ နောက်ထပ် လေးရက် တိတိ ဟိုတယ် မှာ ဆက် နေလိုက်ရတယ် ။ ဟိုတယ် တစ်ခုလုံး မှာ ဧည့်သည် ဆိုလို့ သူ တစ်ယောက် ပဲ ရှိတယ် ။ ကျန်တာ အားလုံး က  ဟိုတယ်ဝန်ထမ်းတွေ ချည်းပဲ ။ သူတို့ အားလုံး သူ့ ကို လိုအပ်တဲ့ ဝန်ဆောင်မှု မှန်သမျှ ကို ပေးတာကိုတော့ ချီးကျူးရမှာပါ ။

ဒီ ဟိုတယ် မှာ တည်းခို နေထိုင်ရတဲ့ အတွက် သူ တစ်ပြားတစ်ချပ် မှ ပေးစရာ မလိုတာ ကိုတော့ သူ အံ့ဩမိလေရဲ့ ။ ညနေခင်းတွေ မှာ ဟိုနား ဒီနား သူ လမ်းလျှောက်တဲ့ အခါတွေ မှာလည်း သူ ပိုက်ဆံ မလိုပြန်ဘူး ။ သူ စီးကရက် ဝယ်တာပဲ ဖြစ်ဖြစ် ၊ အအေးဘူး ဝယ်တာပဲ ဖြစ်ဖြစ် သူ ပိုက်ဆံ ပေးတိုင်း ဘယ်သူ က မှ မယူကြဘူး ။ သူ ပေးတဲ့ ပိုက်ဆံ ဟာ ဒီ မြို့ မှာ အသုံးမဝင်ဘူး လို့ ပြော လိုက်ကြတာချည်းပဲ ။

များသောအားဖြင့်တော့ သူ ဟာ ပြတင်းပေါက် ကနေ မြင် နေရတဲ့ သစ်ပင်ပန်းပင်တွေ နဲ့ ငှက်ကလေးတွေ ကို ပဲ ထိုင် ကြည့်မိနေတယ် ။ တစ်ရက် နှစ်ရက် ကြာလာတာနဲ့အမျှ အရာရာဟာ သူ့ အတွက် မထူးဆန်းတော့တဲ့ အရာတွေ ဖြစ် ကုန်ကြတယ် ။ သူ ရောက်ခါစက အထူးအဆန်း ဖြစ်ခဲ့တဲ့ အရာတွေဟာ အချိန် သုံးရက် လောက် အကြာမှာ ဘာမှ မထူးဆန်းတော့ဘူး ။ ဒီ မြို့နဲ့ သူဟာ အသားတကျ ဖြစ်လို့သွားခဲ့တယ် ။ သူ့ အတွက် စောင့်မျှော်ရမှာက ဒီ မြို့ မှာ အတည်တကျ မှတ်ပုံတင်ခွင့် ပဲ ။ အဲဒီ မှတ်ပုံတင်ခွင့် ဆိုတာကလည်း သူ့ အနေနဲ့ စောင့်ဆိုင်းနေရုံက လွဲလို့ ဘာမှ လုပ်စရာ မရှိဘူး ။

ဟိုတယ် ကို ရောက်ပြီး  ငါးရက်မြောက် တဲ့ နေ့ မှာတော့ သူ့အတွက် စာရွက်စာတမ်းတွေ က  ဟိုတယ်ဧည့်ခန်း ကို ရောက် ရှိလာတယ် ။ သူ လုပ်ရမယ့် အလုပ်အကိုင် အတွက် ရွေးချယ်မှု ငါးမျိုး ပေးထားတာ တွေ့ရတယ် ။

၁ ။ အင်ဂျင်နီယာ
၂ ။ သတင်းလုပ်ငန်း
၃ ။ ဟိုတယ်လုပ်ငန်း
၄ ။ အရောင်းအဝယ်လုပ်ငန်း
၅ ။ ပို့ဆောင်ရေးလုပ်ငန်း

အဲဒီ ငါးမျိုး နဲ့ ပတ်သက်လို့ ဟိုတယ်မန်နေဂျာ ကို သူ မေး ကြည့်တော့ တစ်ယောက် နဲ့ တစ်ယောက် ရွေးချယ်ရတဲ့ လုပ်ငန်းတွေ မတူဘူး လို့ ဟိုတယ်မန်နေဂျာ က ပြောတယ် ။ ဒါပေမဲ့ ကိုယ့် စိတ်အကြိုက်ဆုံး အခြား လုပ်ငန်း ရှိရင်လည်း တောင်းဆိုပိုင်ခွင့် ရှိတယ်လို့ ပြော ပြန်တယ် ။ အခုလို ပေးလိုက်တဲ့ ရွေးချယ်မှုတွေဟာ လူတစ်ယောက်ချင်း နဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အတွက် ဦးစားပေး ရွေးချယ်သင့်တယ် လို့ လည်း မန်နေဂျာက ပြောပြန်ပါတယ် ။

ပေးထားတဲ့ လုပ်ငန်းတွေ ကို သူ  စေ့စေ့ တွေး ကြည့်မိတယ် ။ ဒါပေမဲ့ သူ ရေရှည် လုပ်နိုင်မယ့် လုပ်ငန်းတွေ မဟုတ်ဘူး လို့ လည်း သူ တွေးမိတယ် ။ တကယ်လို့ သူ ရွေးချယ်ခဲ့တဲ့ အလုပ် ကို သူ ရေရှည် မလုပ်နိုင်ရင် ဘာ ဖြစ်မှာလဲ ဆိုတာ ကို လည်း သူ မသိချင်ဘူး ။ မေးလည်း မမေးချင်ဘူး ။ အဲဒီတော့ သူ တောင်းဆိုပိုင်ခွင့် ရှိတဲ့ အခွင့်အရေး အရ အခြား အလုပ် တစ်ခု ကို သူ တောင်းဆိုမိတယ် ။ အဲဒါကတော့ သူ မုန့်ဖုတ်သမား လုပ် ဖို့ပဲ ။ ဖုန့်ဖုတ်သမား ဘာဖြစ်လို့ လုပ် ချင်တာလဲ လို့ သူ ပြန် စဉ်းစားကြည့်မိတယ် ။

သူများတွေ ကို အစားအသောက် ပေး ရတာဟာ ပျော်စရာပဲ လို့ သူ ယူဆထားတာကြောင့် လည်း ဖြစ်နိုင်တယ် ။ တစ်ဖက်က ပြန် စဉ်းစားတော့လည်း သူ ဘာမှ လုပ်ချင်စိတ် ရှိ မနေတာကို တွေ့ ရပြန်တယ် ။ သူ အလုပ်မလုပ်ဘဲ ဒီမြို့ ရဲ့ နေရာအနှံ့လျှောက် သွားပြီး ကြည့်ချင်ရုံ သက်သက်ပဲ ။. စိတ်လက်ပေါ့ပါးစွာ ဝတ္တရား ကင်းမဲ့စွာ လေ့လာကြည့်ချင်ရုံပဲ ။ ပြီးတော့ သူ့ ကိုယ် သူ ခံယူနေမိတယ် ။ ဒါပေမဲ့ သူ့ ကို ဒီ မြို့ သား တစ်ယောက် အဖြစ် သတ်မှတ်ကြတော့ မှာ ကိုလည်း သတိ ထား နေမိပြန်တယ် ။ သူ လက်ညမခံချင်လို့ မရဘူးလား ။ သူ ငြင်းပယ်လို့ကော မရဘူးလား ။ အခု ဖြစ်နေတာက သူ ငြင်းပယ်လို့  မရတော့မယ့်ပုံပဲ ။ ဟိုတယ်မန်နေဂျာ က လည်း သူ့ လက် ထဲ အလုပ်အကိုင် ရွေးချယ်မှုဆိုင်ရာ စာရွက်စာတမ်းတွေ ထိုး ပေးနေတယ် ။ ဖြည့် ပြီးတာနဲ့ တစ်ခါထဲ ပြန် ယူသွားမယ့် ပုံပဲ ။ သူ မုန့်ဖုတ်သမား ဖြစ်ချင်တဲ့ အကြောင်း ပဲ ဖြည့်ပေးလိုက်တယ် ။

မြို့ ဆိုတာ လူသားတွေ မှီတင်းနေထိုင်ရာ အဝန်းအဝိုင်းလေး တစ်ခု လို့ ပဲ သူ ခံယူ မိတယ် ။ လူ့ အဖွဲ့အစည်း တစ်ခု အခြေ ချ တဲ့ နေရာပေါ့ ။ အမှန်တမ်း ဆိုရရင် ကိုယ် လုပ်ချင်တဲ့ လူ့အဖွဲ့အစည်း ကို ကိုယ်တိုင် ရွေးချယ်ခွင့် ရှိ သင့်တာပေါ့ ။ ဒါမှ နေပျော်နိုင်မှာ ဖြစ်သလို ၊ ရှင်သန်ချိန်တွေ အဓိပ္ပါယ် ရှိမှာလို့ သူ ထင်နေမိတယ် ။ ဒါပေမဲ့ သူ ကတော့ မြို့တစ်မြို့ထဲ ကို ရောက်ရှိလို့ လာခဲ့ပြီး သူ ပြန်ထွက်လို့ မရဘူး တဲ့ ။ သူ ပြန်ထွက်ပြီးရင်ကော ဘယ်ကို သွားနေ ရမှာလဲ သူ ဘယ်ကနေ လာတာလဲ ။ သူ ကိုယ်တိုင် မသိတဲ့ မေးခွန်းတွေ အတွက် သူအဖြေ ရဖို့ မကြိုးစားတော့ဘူး ။ ဒီအတိုင်းပဲ စီးဆင်း လိုက်တော့မယ် ။ သူဟာ ရေစီးကြောင်း တစ်ခု ထဲ မျောပါလာတဲ့ ရေစက် တစ်စက် လို့ ပဲ ယူဆ လိုက်တော့တယ် ။

ဟိုတယ်မန်နေဂျာ ကို စာရွက်စာတမ်း ဖြည့်ပေးပြီးတဲ့နောက် အပြင် ကို ထွက် လာခဲ့မိတယ် ။ မြို့ ထဲ လျှောက် ကြည့်ဖို့ သူ ဆုံးဖြတ်လိုက်တယ် ။ ပြီးခဲ့တဲ့ ရက်တွေ တုန်း က သူအပြင် ကို မထွက်ဖြစ်ခဲ့ဘူး ။ သူ့ ဘဝသစ် အကြောင်း တွေးမိပြီး ရှော့ခ်တွေ ဖြစ် နေခဲ့တယ် ။ နေရထိုင်ရတာ မသက်မသာ ဖြစ်နေခဲ့တယ် ။ အခုတော့ အများနည်းတူ စီးဆင်းနိုင်ဖို့ သူ ဆုံးဖြတ် လိုက်တာကြောင့် သူ နေလို့ထိုင်လို့ ပိုကောင်း လာတယ် ။ ဘဝ ဆိုတာ ဘာမှန်း မသိဘဲ ရောက်ရှိလာတဲ့ ပါဆယ်ထုပ် တစ်ထုပ်ပေါ့ ။ ဖွင့် ကြည့်လိုက်လို့ တွေ့တဲ့ ပစ္စည်း ဟာ ကိုယ့် ပစ္စည်းပဲ ပေါ့ ။ ဘာ တတ်နိုင်ပါ့မလဲ ။ ကောင်းကောင်း ဆိုးဆိုး ယူရတော့မှာ ပေါ့ ။

အပြင် မှာ ပြာပြာလွင်လွင် ကောင်းကင် ကို မိုးမျှော်တိုက်ကြီးတွေ မေးတင်ထားပုံ က သိပ် ကြည့်လို့ ကောင်းတယ် ။ တအိအိ လွင့်မျောနေတဲ့ အဆုပ်လိုက် အဆုပ်လိုက် တိမ်ဖြူဖြူကြီးတွေ ဟာ တည်ငြိမ်ရင့်ကျက်ပြီး ဉာဏ်ပညာ နဲ့ ပြည့်စုံတဲ့ မုတ်ဆိတ်ဖြူ အဘိုးအိုတွေ လိုပဲ ။

ကားတွေ ဟာ တိတ်တဆိတ်ရွေ့ လျားနေသလို ၊ လူတွေ ဟာလည်း အေးအေးဆေးဆေး လမ်းလျှောက် နေကြတယ် ။ အရာရာဟာ ပကတိ တိတ်ဆိတ်နေပြီး အသံတိတ် ရုပ်ရှင်ကား ကို ကြည့် နေရသလိုပဲ ။ သူ့ စိတ်တွေ လည်း လွတ်လပ် ပေါ့ပါးနေတယ် ။ သူ ဦးတည်ရာ မဲ့ လမ်းတွေ လျှောက်သွားနေတယ် ။ ပတ်ဝန်းကျင် ကို ကလေးတစ်ယောက် လို စူးစမ်းနေမိတယ် ။

သူ့ ဘေးနား ဖြတ်လျှောက်သွားတဲ့ လူတွေ ရဲ့ မျက်လုံးတွေ ကို သူ သတိ ထားမိလာတယ် ။ သူတို့တွေ ရဲ့ မျက်လုံးတွေ က အသိ မဲ့ နေသလိုလို အသက်ဝိညာဉ် ကင်းမဲ့ နေသလိုပဲ လို့ သူ ခံစားမိတယ် ။ မျက်လုံးတွေဟာ ငြိမ်သက်လွန်းနေတယ် ။ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်း ၊ နာကျင်ခြင်း ၊ ပူပန်ခြင်း စတာတွေ လုံးဝ မရှိတဲ့ ပုံတွေပဲ ။ ပြီးတော့ သူတို့တွေ ဟာ မျက်တောင် မခတ်ကြဘူးလို့ ထင် ရတယ် ။ အားလုံး က မျက်လုံးသေ တွေ နဲ့ ။

အဲဒီ မျက်လုံးတွေ ကို သူ ကြာကြာ မကြည့်နိုင်ဘူး ။ အဲဒီမျက်လုံးတွေ ရဲ့ အကြည့် တွေက သူ့ မျက်လုံးတွေ ထဲ ကနေတစ်ဆင့် ခန္ဓာကိုယ် ထဲ ပူနွေးစီးဆင်းသွားသလိုပဲ ။ သူ့ စိတ် ထဲ အမျိုးအမည် တပ်ရ ခက်တဲ့ ကြောက်ရွံ့ မှုမျိုး ကို ခံစားမိလာတယ် ။ သူ လမ်း ကို ခပ်သုတ်သုတ် လျှောက်ပြီး အနီးအနား မှာ ရှိတဲ့ ကော်ဖီဆိုင် တစ်ဆိုင် ထဲ ပြေး ဝင်လိုက်တယ် ။

ကော်ဖီဆိုင် က ကျယ်ကျယ်ဝန်းဝန်းပေမယ့်  စားပွဲ သုံးလေးလုံးလောက် မှာပဲ လူတွေ ရှိနေတယ် ။ ဝိုင်း တစ်ဝိုင်း မှာ လူ နှစ်ယောက် ၊ သုံးယောက်လောက်ပဲ ရှိတယ် ။ သူတို့တွေ ဟာ လဲ ဘာ စကား မှ မပြောကြဘူး ။ တုံဏှိဘာဝေ တွေတွေကြီး တွေ ပဲ ထိုင် နေကြတယ် ။ သူတို့တွေ ရဲ့ မျက်လုံးတွေ ဟာလည်း အသေတွေ ချည်းပဲ ။ တိတ်ဆိတ်မှု အသံ က ကြောက်ရွံ့ဖို့ ကောင်း လောက်အောင် ကျယ်လောင်နေတယ် ။ သူ လည်း နီးစပ်ရာ ခုံ တစ်ခုံမှာ ထိုင် လိုက်တယ် ။

စားပွဲထိုး တစ်ယောက် သူ့ အနား ကို ရောက် လာတယ် ။ ဘာ သောက်မလဲ လို့ မမေးဘူး ။ မီးနူးစာရွက် ပဲ ထိုးပေးတယ် ။ အမှန်တကယ် ဆိုရင် သူ့ ကို တစ်ခုခု ပြော သင့်တာပေါ့ ။ သူ ကိုယ်တိုင် ကလည်း တစ်ယောက် ယောက် ရဲ့ စကား ပြောသံ ကို ကြားချင် နေတယ် ။ စားပွဲထိုး က ဘာမှ မပြောတော့ သူက “ အက်စ်ပရက်ဆိုတစ်ခွက် ” လို့ပဲ ပြော လိုက်တယ် ။

စားပွဲထိုးဟာ ခေါင်းညိတ်ပြီး ပြန် အလှည့်မှာ သူ က စီးကရက် တစ်ဘူး ယူ ခဲ့ဖို့ပါ ထပ် မှာလိုက်တယ် ။ ခုနက လွတ်လပ်ပေါ့ပါးတဲ့ သူ့ စိတ်တွေဟာ ဘယ်ကို လွင့်စဉ်ပျောက်ကွယ်သွားပြီလဲ ။ တစ်မိနစ်အတွင်း စားပွဲထိုး ဟာ ကော်ဖီခွက်ရယ် ၊ စီးကရက်ဘူးရယ် ကို ဗန်း တစ်ဗန်း ပေါ်တင်ပြီး ယူဆောင်လာတယ် ။ သူ့အိတ်ထဲ ပါလာတဲ့ မီးခြစ် ကို အလျင်အမြန် ထုတ်ပြီး စီးကရက် ကို အလောတကြီး ဖွာရှိုက် လိုက်တယ် ။ သူ့ စိတ်တွေ ငြိမ်သက်သွားအောင် စီးကရက်မီးခိုးတွေ ကို တစ်ဝကြီး ရှူသွင်းလိုက်တယ် ။ ပြီးတော့မှ ကော်ဖီပူပူ ကို တစ်ကျိုက် မော့ သောက်လိုက်တယ် ။ သူ စိတ်တွေ ဖြည်းဖြည်းချင်း  ပြန် အနည်ထိုင်စ ပြုလာတယ် ။ မျက်လုံးသေတွေ ကို သူ ခဏ မေ့လျော့ ပစ်လိုက်တယ် ။ တိတ်ဆိတ်မှု ကတော့ ရေစီးသန်တဲ့ မြစ်တစ်စင်း လို ပဲ မပြတ်တမ်း စီးဆင်းနေလေရဲ့ ။

သူ ဟိုတယ် ပြန်ပြီး အနားယူဖို့ ဆုံးဖြတ်လိုက်တယ် ။ သူ အနားယူ မှ ဖြစ်တော့မယ် လို့ သူ့ အာရုံကြောတွေ က သူ့ ကို သတိ ပေးနေတယ် ။ သောက်လက်စ ကော်ဖီ ကို ကုန်အောင် အမြန် သောက်လိုက်တယ် ။ ပိုက်ဆံ ရှင်း ပြီး မှ ပြန်မယ် လို့ သူ ပြင်ဆင်လိုက်တော့ မှ ဒီမြို့မှာ ပိုက်ဆံ မလိုဘူး ဆိုတာ သူ သတိ ပြန် ရလာတယ် ။ သူ ဒီမြို့ စ ရောက်တဲ့ နေ့ က စလို့ ပိုက်ဆံ တစ်ပြား မှ သုံးစရာ မလိုသေးဘူး ။ ပထမဆုံး တက္ကစီ ငှား စီးတုန်းကလည်း ကားသမား အဖိုးကြီး က သူ ပိုက်ဆံ ဘယ်လောက် ကျသလဲလို့ မေးတော့ ပေးစရာ မလိုပါဘူး လို့ ပဲ ပြန် ပြောခဲ့တယ် ။ နောက် ဟိုတယ် မှာလည်း ပိုက်ဆံ ပေးစရာ မလိုဘူး ။ ပြီးတော့ သူ့ အိတ် ထဲ မှာ ရှိမယ် လို့ ထင် တဲ့ပိုက်ဆံတွေ လည်း ပျောက် သွားတယ် ။ သူ ဟာ အဝတ်တစ်ထည် ကိုယ်တစ်ခု နဲ့ ရောက်လာတာကြောင့် ပိုက်ဆံတွေ ပျောက် သွားတော့ သူ ဘယ် နိုင်ငံ က ရောက် လာတာလဲ ဆိုတာ ခန့်မှန်းလို့ မရပြန်ဘူး ။

သူ ကော်ဖီဆိုင် ထဲ ကနေ ပြန်ထွက် လာတယ် ။ တက္ကစီ ငှားပြီး ဟိုတယ် ပြန်ဖို့ပဲ သူ  ဆုံးဖြတ် လိုက်တယ် ။ တက္ကစီ တစ်စီး လာ နေတာ တွေ့တော့ သူ လက်ပြပြီး တားလိုက်တယ် ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တက္ကစီဒရိုင်ဘာဟာ သူ ပထမဆုံး စ ရောက်တဲ့ နေ့ မှာ တွေ့ခဲ့တဲ့ ဒရိုင်ဘာ အဖိုးကြီး ပဲ ဆိုတာကို တွေ့လိုက်ရတယ် ။ သူ က “ ကျွန်တော့် ကို ဟိုတယ် ကို ပဲ  ပြန် ပို့ပေးပါ ” လို့ ပြောလိုက်တယ် ။ အဖိုးကြီး က ဘာမှ ပြန် မပြောဘူး ။ ဒရိုင်ဘာအဖိုးကြီး ရဲ့ မျက်လုံးတွေ ဟာ လည်း ဒီနေ့ တစ်နေကုန် မြင်တွေ့နေရတဲ့ မျက်လုံးတွေ လို အသေ ပဲ ။ ဘာမှလဲ မပြောဘူး ။ ကား ပေါ် သူ တက် ထိုင်ပြီးတာနဲ့ တစ်ပြိုင်နက် မောင်း ထွက်သွားတယ် ။ ဖြည်းဖြည်းလေး ပဲ ။ သူ စကား ပြောဖို့ ကြိုးပမ်းပေမဲ့ သူ့ စိတ်တွေ ဟာ လည်း စကား မပြောချင်ဘဲ လေးလံနေမှန်း သတိ ထားမိလိုက်တယ် ။ အဲဒါကြောင့် သူ လည်း တိတ်တဆိတ် ပဲ လိုက် လာတယ် ။

ဟိုတယ် ရှေ့ရောက်တော့ ကားပေါ်က သူ အဆင်း မှာ တက္ကစီဒရိုင်ဘာအဖိုးကြီး ကို ကျေးဇူးပဲလို့ ပြော လိုက်တယ် ။ အဖိုးကြီး က ဘာမှ ပြန်မပြောဘဲ ကား ကို မောင်း ထွက်သွားတယ် ။

သူ အထဲ ဝင်တော့ သူ့ ကို စောင့်နေတဲ့ ဟိုတယ်မန်နေဂျာ ကို တွေ့လိုက်ရတယ် ။ သူ့ မျက်လုံးတွေ ဟာလည်း အသေတွေ ပဲ ။ ဟိုနေ့ ကတည်းက သူ့ မျက်လုံးတွေ အသေ ပဲ လား ဆိုတာတော့ သူ မမှတ်မိဘူ ။ သူ  ဟိုတယ်မန်နေဂျာ ကို လှမ်း ပြုံးလိုက်ပေမယ့် သူ့အပြုံး ဟာ အထ မမြောက်လိုက်ဘူး ဆိုတာ သိ လိုက်ရတယ် ။

“ ခင်ဗျား မနက်ဖြန် အလုပ် စလုပ် ရတော့မယ် ။ ခင်ဗျား နေဖို့ နေရာအသစ် တစ်ခု စီစဉ်ပေးထားတယ် ။ အခု အနားယူချင် ယူတော့ ။ မနက်ကျရင် လာခေါ်မယ်“ 

လို့ ဟိုတယ်မန်နေဂျာ က သူ့ ကို ပြောတယ် ။

သူ တကယ်ပဲ ဒီ မြို့သား ဖြစ်တော့မှာပေါ့ ။ သူတို့ လို မျက်လုံး အသေတွေ နဲ့ တုံဏှိဘာဝေကြီး ဖြစ် လာတော့မှာလား ။ သူ့ စိတ် တွေ ရှုပ်ထွေးလာတယ် ။ မနက်ဖြန် သူ မုန့်ဖုတ် တဲ့ အလုပ် လုပ်ရတော့မယ် ။ သူ တစ်သက်လုံး အဲဒီလို နေရတော့မှာလား ။ သူ အာရုံတွေ နောက်ကျိလာတယ် ။ သူ ဒီ မြို့ကနေ ပြန် ထွက်သွားချင်လာပြီ ။ တစ်နေရာ ထဲ မှာ တစ်သမတ်ထဲ ပုံစံအသေကြီး နဲ့ မနေချင်ဘူး ။ သူ ဟိုတယ်မန်နေဂျာ ကို မေး လိုက်တယ် ။

“ ကျွန်တော် ဒီ မြို့က ပြန် ထွက်လို့ မရတော့ဘူးလား ။ ကျွန်တော် ပြန် ထွက်ချင်ရင် ဘယ်လို လုပ်ရမှာလဲ ။ ကျွန်တော် အလုပ် လုပ် ရင်းနဲ့ ငြီးငွေ့လာလို့ တခြား မြို့တွေ ကို အလည် သွားလို့ကော ရလား ”

“ ဒီ မြို့ကနေ မင်း ဘယ်လိုမှ ပြန် ထွက်လို့ မရတော့ဘူး ။ ကျွန်တော် ကိုယ်တိုင်လည်း ပြန်ထွက်လို့ မရဘူး ။ မြို့ကို မမြင်ရတဲ့ ပိုက်ကွန် တွေ က ခင်ဗျား ကို ဟန့်တား လိမ့်မယ် ။ ပိုက်ကွန် မှာ ရှိတဲ့ လျှပ်စစ်လှိုင်းတွေ က ခင်ဗျား ရဲ့ အာရုံကြောတွေ ကို ပြုပြင်ပြောင်းလဲ လိမ့်မယ် ။ ခင်ဗျား ဘယ်လောက်ပဲထွက်ပြေးဖို့ ကြိုးစားပေမဲ့ မြို့ ထဲ ပြန် ရောက်လာမှာပဲ ။ လျှပ်စစ်လှိုင်းတွေ ကလည်း ခင်ဗျား ရဲ့ အမြင်အာရုံ ၊ အကြားအာရုံ တွေ ဟာ လည်း သုံးစား မရ ဖြစ်လာလိမ့်မယ် ။ ဒီ မြို့မှာ အများနည်းတူ နေနိုင်အောင်ပဲ ခင်ဗျား ကြိုးစားပါ ”

လို့ ဟိုတယ်မန်နေဂျာ က ပြောတယ် ။

Loading တွေ များလို့ လေးလံ ထိုင်းမှိုင်းသွားတဲ့ ကွန်ပျူတာ တစ်လုံး လို သူ့ လှုပ်ရှားမှုတွေ နှေးကွေးသွားတယ် ။ စကား ပြောဖို့တောင် မနည်း အား ယူ နေရတယ် ။

“  ကျွန်တော် ဘာ ဆက်လုပ်ရမှာလဲ ”

လို့ သူ မေးလိုက်တယ် ။

“ ခင်ဗျား အိပ်ပြီးပဲ အနား ယူလိုက်ပါတော့ ”

  လို့ မန်နေဂျာ က ပြောတယ် ။

သူ အခန်း ပြန်ပြီး ကုတင် ပေါ် မှာ လှဲ အိပ်လိုက်တယ် ။ သူ အိပ်ပြီလား မအိပ်သေးဘူးလား ဆိုတာ မကွဲပြားနိုင်သေးခင်မှာ သူ အိပ်မက်တွေ မက် နေတယ် ။ အိပ်မက် ထဲ မှာ သူ ပြေးနေပေမဲ့ သူ့ ခြေထောက်တွေ က တစ်စက် မှ မလှုပ် လို့ အားမလို အားမရ ဖြစ် နေတယ် ။ ပြေးလွန်းလို့ သူ့ စိတ် ထဲမှာ မောဟိုက် နေပေမဲ့ သူ့ ခြေထောက်တွေ က သစ်တုံးကြီးတွေ လိုပဲ ။ မလှုပ်မယှက် ။ အိပ်မက် က အတော် ကြောက်ဖို့ ကောင်းပေမဲ့ သူ ပြန်လည် မနိုးထနိုင်သလို ၊ အိပ် လည်း မပျော်ဘဲ အိပ်မက် ထဲ မှာ ပြေး နေမိတော့တယ် ။

◾မိုးသက်ဟန်

📖 ပိတောက်ပွင့်သစ်
      ၂ဝဝ၉ ၊ ဇူလိုင် ၊

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment