Tuesday, June 21, 2022

ပန်းတစ်ပွင့် ၏ အရောင်အသွေး


 ❝ ပန်းတစ်ပွင့် ၏ အရောင်အသွေး ❞


မိန်းကလေး တစ်ယောက် ဖြစ် လာရခြင်း အတွက် ဝမ်းနည်း သောအခါ ထွေးငယ် မျက်ရည် ဝဲ မိလေသည် ။ ပြူတင်းပေါက် မှ ကြည့် လိုက်လျှင် အောက်ဖက် ရှိ လမ်း တစ်ခုလုံး ဆူဆူညံညံ နှင့် လှုပ်ရှားသွား လာကြသူတွေ ကို မြင် ရစမြဲ ။ ဆိပ်ကမ်း မှ ဝင် လာသော မော်တော်သံ ၊ တဂျောက်ဂျောက် တဂျက်ဂျက် မြင်းလှည်းသံတွေ ကြားတိုင်း ခရီး တခုခု ကို သွားချင် မိတတ်သည် ။ အဝေး မြစ်ပြင် ဆီ မှာ မီးခိုးတလူလူ နှင့် သင်္ဘော တစ်စင်း တလေ ရွေ့လျား ပျောက်ကွယ်သွားတာ မြင်ရတိုင်း ငှက်ကလေး လို ပျံဝဲပြီး လိုက်ပါ သွားချင်သည် ။


မရောက်ဘူးသော ကမ်းခြေတွေ ၊ အရပ်ဒေသတွေ ၊ သူ မသိ သော နေရာတွေ ကို တခါတခါ စိတ်ကူး ယဉ်မိသည် ။


မေမေ က “ သမီးလေးရေ ” လှမ်း မခေါ် မချင်း ပြူတင်းဝ မှာ ထိုင် ပြီး အကြာကြီး နေ တတ်သည် ။ အစ်ကို ( ၂ ) ယောက် နှင့် အစ်မ ( ၃ ) ယောက် ကြား က အထွေးဆုံး သမီးကလေး မို့ ဖေဖေ နဲ့ မေမေ က အချစ် ပို လှသည် ။ ဖေဖေ ကတော့ သမီးငယ် ကို အစ်ကိုတွေ အစ်မတွေ ထက် အလိမ္မာဆုံး ၊ အတော်ဆုံး သမီးကလေး ဖြစ်စေ့ချင် လှသည် ။ မေမေ က လည်း သည်အရွယ် တိုင် ပွေ့ပွေ့ပိုက်ပိုက် နှင့် ကြင်နာသည် ။ ထွေးငယ် ကလဲ မေမေ့ ရင်ခွင်မှာ ခေါင်းခွေ့ ဆိုးနွဲ့ဆဲ ။ ကတ်တီးကပ်ဖဲ့ လည်း မေးတတ်သည် ။


“ မေမေ သမီး ကို ဘာဖြစ်လို့ မိန်းကလေး ဖြစ်အောင် မွေးခဲ့တာ လဲ ဟင် ၊ ရဲလင်း တို့ လို ယောက်ျားလေး ဖြစ် ရ ရင် သိပ် ကောင်းမှာဘဲ ”


မေမေ က သူ့ လက်မောင်း ညိုညိုတွေ ကြား မှာ သမီး ခေါင်း ကို ဆွဲယူ ထွေးပွေ့ပြီး ဟက်ဟက်ပက်ပက် ရယ်သည် ။ ရဲလင်းသူ က မျက် စောင်းထိုး အိမ် က သူ့ ကစား ဖေါ်  ဖြစ်သည် ။ အစ်ကိုတွေ မှာ ဖေဖေ က ကျောင်း ထားသော်လည်း စာဘက် ကို စိတ်မသန် ။ မိဖရိုးရာ လက်သမား အလုပ် ကိုလဲ ဝါသနာ မပါကြ ။ တစ်ယောက် က စစ်ထဲ ဝင်သည် ။ တစ်ယောက် က ( ၇ ) တန်း နှင့် ကျောင်း ထွက် ကာ ကောက်ပဲသီးနှံရုံး မှာ ရုံးအကူ ဝင် လုပ်သည် ။ ခုတော့ သူတို့ အိမ်ထောင် နှင့် သူတို့ ရုန်းကန် နေကြပြီ ။


ထွေးငယ် က သူ့ အစ်မတွေ လို အပျို မလုပ်တတ်သေး ။ စာကျက် ဖို့လဲ စိတ် မဝင်စားလှဘဲ သူငယ်ချင်း ကောင်လေးတွေ တရုန်းရုန်း နှင့် ကျောက်ဒိုး ထုကြ ၊ ဘောလုံးပစ်ကြ နှင့် ညနေတိုင် လျှင် တစ်လမ်းလုံး စီစီ ညံ အောင် ဆော့ တတ်သည် ။ အနီးအနား မိန်းကလေး အဖေါ်လဲ မရှိပေ ။ ဘောလုံး အမှန် ခံရပြီး ကျယ်ကျယ်လောင်လောင် ငို ပြန်လာလျှင် မလေး က အမေ မသိအောင် အိမ်ပေါက် ဝ က ဆီးပြီး ခေါင်း ခေါက် တတ်သည် ။


နောက်တော့ အစ်မတွေ က သနပ်ခါး လိမ်းပေး ၊ ပန်း ပန်ပေး ကာ မိန်းကလေး ဘဝ ကို ခုံမင် စေကြသည် ။ သို့သော် ထွေးငယ် က အိမ် တွင်းပုန်းကလေး လို အခန်း အောင်း တတ် တာ က လွဲ၍ မိန်းကလေး ပီသစွာ မနေလှ ။


သူ့ စိတ် သူ့ ဝိညာဉ် ကို စင်္ကြာဝဠာ အပြင်ဘက် ထိ ခြေ ဆန့်ချင် ဆန့် နေတတ်သည် ။ မိုးကုတ်စက်ဝိုင်း အစွန်ထိ ပြေးလွှားချင် ပြေးလွှား နေတတ်သည် ။ ရံဖန်ရံခါ မျက်လုံးကလေးများ မှိုင်းညိုဝေသီရာ တရုတ် တရက် ကမ္ဘာသစ် တစ်ခု ကို ရှေ့မှာ တွေ့ လိုက်ရသလို တဖြတ်ဖြတ် တ လက်လက် တောက်ပ လာသည် ။ 


ခဏအတွင်း ပင့်သက်ရှိုက်သံ နှင့် အတူ မျက်ရည်စ တို့ ရစ်ဝဲ ဝေ့လည်လာကာ ..


“ ငါ ဘာလို့ မိန်းကလေး တစ်ယောက် ဖြစ် လာပါလိမ့် ”


နှလုံးသား ထဲ မှာ အနှစ်တည် စွဲမြဲလာသော အမေး ပုစ္ဆာ ကို ထပ်ခါ မေးမိပြန်သည် ။ ရင် ထဲ မှာ နင့်ကနဲ စူးစူးရှရှ ခံစားလိုက်ရပြီး နှုတ်ခမ်း ကို ကိုက်ကာ မှန်ထဲ က သူ့ ပုံရိပ် ကို အမှတ်တမဲ့ စိုက် ကြည့် နေသည် ။ ထိုအခါမျိုး တွင် ထွေးငယ် မှာလှောင်အိမ် ထဲ တွင် မပျော်နိုင်ဘဲ နှုတ်သီး သွေး နေသော ငှက်ကလေး နှင့် တူသည် ။


( ၂ )


“ ငါ မေးတာ ၃ ခါရှိပြီ ၊ မကြားဘူးလား ထွေးငယ် ဟင် ”


ရဲလင်း က လက်ထဲ က ဂျီဩမေတြီ စာအုပ်  ကို စားပွဲပေါ် ဗုန်း ကနဲ ပစ် ချလိုက်သည် ။ ထွေးငယ် က စာအုပ်ကလေး ကို ကပြာကရာ ကောက် ကိုင်ရင်း ...


“ နင် ကလဲ စိတ် တိုလိုက်တာ ”


“ မတွက်တတ်ရင်လဲ ငါ တွက် ပေးမှာဘဲ ။ ဒါပေမယ့် ပြ တာတော့ သေသေခြာခြာ နားထောင်ဟ ၊ ပြီးတော့ မေးတာလဲ ဖြေအုံး ၊ သိပ်မတွေး နဲ့ ပေါက် သွားမယ် ”


ထွေးငယ် က ရှက်ကိုးရှက်ကန်း ပြုံး ပြသည် ။ သင်္ချာ နှင့် ပတ် သက်လျှင် ဘယ်တုန်းကမှ သူ စိတ် မဝင်စား ။ ရဲလင်းသူ က ယောက်ျား လေးမို့ သူ့ ထက် ဉာဏ် ထက်သည် ထင်သည် ။ ဖေဖေ ရွေဘော် ထိုး နေသံ တရှဲရှဲ ကြားရသည် ။ သစ်တိုသစ်စ နံ့များ ပျံ့လွင့်လာသည် ။ စောစောက သည် အသံ မှာ သူ အာရုံ ရောက်နေခဲ့ သည် ။ မကြီး က အိမ်ထောင် ကျ သွားပြီ ။ မလေး က တက္ကသိုလ် မှာ ။ မသေး နဲ့ သူ က ဆယ်တန်း မအောင်ကြသေး ။ သည် အိမ်ထောင် ဝန်တာ အတွက် ဆံဖြူဖွေးလွလွ ဖြစ်သည့်တိုင် အားသွန် နေရသော ဖေဖေ့ ကို သနားသည် ။ ပြန်ပြီး မှိုင်းညို သွားသော ထွေးငယ် မျက်လုံးများ ကို စူးစမ်းရင်း ရဲလင်း က ဂရုဏာ ဖြစ်မိသည် ။ နှစ်သိမ့်သံ ဖြင့် ...


“ ဒီနှစ် အောင်မှာပါ ဟာ ... စိတ် ကို မလျှော့စမ်းပါနဲ့  ၊ သင်္ချာ နဲ့ ဓါတုဗေဒ ကို ဖိဖိစီးစီး တွက်ဖို့ ပဲ လိုတယ် ”


“ အေးဟယ် ... နင့် ကျလဲ ကံ ကောင်းလိုက်တာနော် ၊ နှစ်ချင်း ပေါက် ပဲ ၊ ငါ တော့ ဖြေ သာ ဖြေ ရမှာ ၊ စိတ် ကုန်တယ် ။ ဖေဖေ သာ မဆူရင် မသေး လို မြောက်ပိုင်း မှာ ဆေးလိပ် သွား လိပ်ဖြစ်မှာ ”


“ ထားလိုက်ပါ ခု တို့ သင်ရမှာ က သီအိုရမ် ( ၄၉ ) ၊ ပုံ အရင် ရှင်းပြ မယ် ” .


“ အေးပါ ... သင် သာ သင်ပါ ဟယ် ၊ ဒါပေမယ့် ဒီ သီအိုရမ် တွေ နိယာမတွေ က ငါ့ ဘဝ အတွက် ဘာမှ ထူးခြားလာမယ် မထင်ပေါင် ” 


“ ဘာပြောတယ် ” 


“ အော် ... နင် စာ သင်စရာ ရှိတာ ဆက် သင်ပါ ပြောတာ ” 


“ နင်နော် ... သိပ်လည်ပါးတယ် ”


ရဲလင်း စကားကြောင့် ထွေးငယ် က ရဲလင်း မမြင်ခင် ဖြတ်ကနဲ မျက်စောင်း ထိုးလိုက်သည် ။ ပြီးတော့ ထွေးငယ် က သူ့ အပြစ် သူ ဝန်ခံ ကာ ခေါင်း ငုံ့ပြုံးသည် ။ တောင်းပန်တိုးလျှိုးသော အကြည့်ဖြင့် ရဲလင်း ကို မော့ ကြည့်သည် ။ထိုခဏ တွင် ဝံ့ဝံ့စားစား စိုက်ကြည့်နေသော ရဲလင်း မျက် လုံးအစုံ နှင့် ဒက်ထိ တိုးမိကာ ပါးပြင် မှာ ပန်းသွေး ယှက်ဖြာသွားသည် ။


ရဲလင်း က ရုတ်တရက် အဖြေ တောင်း လာတော့ ထွေးငယ် အံ့ဩ မိသည် ။ 


သင်္ချာပုစ္ဆာတွေ လောက် ခေါင်း ပူအောင် မခက်ခဲသော် လည်း သည် ပုစ္ဆာ က နက်နဲလှသည် ။ သူ့ နှလုံးသား မှာ ခိုင်မာစွာ အမြစ် တည် စွဲနေသော အကြောက်တရား က သူ့ တကိုယ်လုံး လွှမ်းခြုံသွားကာ လက်ဖျားများ အေးစက်လာသည် ။


“ နင် က ငါ့ ကို ဘယ်လိုပြော လိုက်တာလဲ ဟင် ”  


ရန်ထောင်မည် ပြင်ပြီးမှ ရှက်ရွံ့စိတ်ဖြင့် မျက်ရည် ဝဲ လာသည် ။ 


“ ဟင့်အင်း ... ငါ မသိဘူး ”


ခေါင်း ကို တွင်တွင် ခါ ရမ်းရင်း လက်ထဲ က စဉ့်ပန်းအိုး ကို သဲ ဆပ်ပြာဖြင့် တကျီကျီ ပွတ် တိုက်မိသည် ။ ရဲလင်း က ရေစက်တွေ စိုရွဲ နေသော မေမြို့ပန်းစည်းများ ဆီ မျက်နှာ လွဲ ကာ ...


“ ငါ က တစ်ရက် နှစ်ရက် ဆို ကျောင်း ကို ပြန် ရတော့မှာ ထွေးငယ် ၊ ပြောပါ ဟာ ။ မုန်း ရင်လဲ မုန်းတယ် ပေါ့ ။ နင့် နှုတ်ဖျားက တခုခု ကြား ရရင် တော်ပါပြီ ” 


ထွေးငယ် လက်ချောင်းကလေးများ မှာ တုန်ရီ နေသည် ။ ပန်း စည်း မှ လျှော်ကြိုးစကို အနိုင်နိုင် ဖြည်ရင်း ခေါင်းငုံ့ ငြိမ်သက်နေသည် ။


“ ထွေးငယ် က စိတ်ဆိုးလို့လား ၊ တို့ ကို စကားတောင် မပြော ချင်တော့ဘူးလား ”


ထွေးငယ် က ခွန်းတုန့်မပြန် ။ သလဲပင်များ ပေါ် မှ ရှဉ့်ကလေးတွေ ကွိကွိ အော်မြည်ကာ ခုန်ပေါက်ပြေးလွှား နေကြသည် ။ သလဲ စေ့ နီနီတချို့ ထွေးငယ် တို့ အနား မှာ ကျလာသည် ။ ထွေးငယ် က ပန်း စည်း ကို ခဲခဲယဉ်းယဉ်း ဆက် ဖြည်နေသည် ။ နှစ်ယောက် စလုံး ငြိမ်နေ ကြသည် မှာ စက္ကန့်အနည်းငယ်မျှသာ ကြာ သော်လည်း ထွေးငယ် က ကမ္ဘောကမ္ဘာ မက ကြာခဲ့ပြီ ထင်သည် ။ ရဲလင်း က သလဲစေ့ နီနီကလေး များ ကို ကောက်ယူကာ ရေအိုင်ကွက်ကလေး ထဲ ပစ် ပေါက်ပြီး ...


 “ ရှဉ့်ကလေးတွေ ဘဝ က မှ ကောင်း သေးတယ် ၊ တစ်ကောင် နဲ့ တစ်ကောင် အခွင့်အရေးသမား လို့ ထင်စရာ မရှိဘူး ၊ လွတ်လပ်လိုက်တာ ၊ ပြောပါ ထွေးငယ် ... နင် ငါ့ ကို အထင် လွဲနေသလား ၊ နင့် ကို ငါ တကယ် ချစ်တာပါ ဟာ ၊ ဒါတော့  ”


ရဲလင်း အသံ က တုန်ရင်လှိုက်လှဲနေသည် ။ မျက်နှာ ညိုနေ သည် ။ ထိုစဉ် ထွေးငယ် က အမှတ်မဲ့ ပြုံးမိသည် ။ နှုတ်ခမ်းကလေးများ တုန်ရီကာ အပြုံး မှာလမ်းခုလပ်တွင် ရပ်တန့်သွားသည် ။ ခေါင်းမော့ သည့် အခိုက် မှာ ပင် ဈေးတောင်း ကို ရွက်ကာ လက်တဖက် က ဈေးခြင်း နှင့် မနိုင်မနင်း ခြံဝ မှ ဝင်လာသော မသေး ကို လှမ်း မြင်သည် ။ ရဲလင်း ဖက် ကို တချက် မှ လှည့် မကြည့်ဘဲ ...


“ ဟင့်အင်း ... နင့် ကို ငါ ချစ်လို့ မရဘူး ၊ ပြန်ပါ ရဲလင်း ရယ် ၊ ငါ့ အစ်မ လာ နေပြီ ” 


ရဲလင်း က ... 


“ နင် စဉ်းစား ... ”


“ အို ... ဘယ်တော့မှ မစဉ်းစားဘူး ”


ထွေးငယ် က ပြောရင်း ခလုတ် တိုက်လု မတတ် ပြေးသွားကာ မသေး ကို ဆီးကြိုသည် ။ ရဲလင်း က ရေတိုင်ကီ နား မှာ ငြိမ်သက်စွာ ရပ်လျက် ကျန်ခဲ့သည် ။


( ၄ )


ဆယ်တန်း ကို လေးကြိမ်မြောက် ရှုံးပြီးသော အခါ ထွေးငယ် မှာ မိန်းမကြီး တစ်ယောက် လို ရင့်ကျက် လာသည် ။ သူ့ ဘဝ ကို မကြီး တို့ မသေး တို့ ကလေးတွေ ကူ ထိန်းရင်း ကုန်ဆုံးစေမည် ထင်လာသည် ။ ရဲလင်း နှင့် လည်း သိပ် မဆုံတော့ ။ တစ်ယောက် ကို တစ်ယောက် ရှောင် နေကြသည် ။ ရဲလင်း ကတော့ ထွေးငယ် ကို စိတ် နာသည် ဆိုသည် ။ ထွေးငယ် ကတော့ မိန်းကလေး ဘဝ ကို စိတ် နာသည် ပြောရင်း အိမ်ထောင်သားမွေးမှုတွေ ကို စက်ဆုတ်ဟန် ပြုသည် ။


“ ကြည့်ပါလား  ၊ မကြီး တို့  မသေး တို့ ဆို အမေ့ အိမ် ပဲ ပြန် ကပ် ရတာဘဲ ၊ ကလေးတွေ ကျ ထွေးငယ် ပဲ ထိန်းရတာ ” 


ထိုနှစ်မှာ ပင် ဖေဖေ့ လက်ထောက် ကိုမြင့်ဆွေ နှင့် တွေ့ဆုံခဲ့ လေသည် ။ အိမ် မှာ အနေ များ သော ထွေးငယ် နှင့် အိမ် ကို အလုပ် လာ လုပ်သော ကိုမြင့်ဆွေ တို့ တွေ့ဆုံသည်မှာ မဆန်း ။ ဖေဖေ က အထွေးဆုံး သမီး ကို ဖြင့် သူ့ အလုပ်ဝိုင်း က သာမန် လက်သမား ဆရာကလေး နှင့် သဘော မတူနိုင်ပါလေ ။ ထွေးငယ် ကလည်း အမ တွေ ဘယ်လို တားသော် လည်း သည်လက်သမား ဆရာကလေး ပေါ် မှ မေတ္တာ ပို မိသည် ။


မော်တော်စက်သံ က တဂျုန်းဂျန်း နဲ့ ဆူညံနေသည် ။ မီးခိုး တန်းများ မှာ ဆိပ်ကမ်း ဆီ သို့ လွင့်မျော ကျန်ရစ်သည် ။ ဦးခန်းဖက် မှ ခေါင်းလောင်းသံ က ဒေါင်ဒေါင်ဒင်ဒင် မြည် နေသည် ။ ထွေးငယ် နှင့် ကိုမြင့်ဆွေ က ခရီးသွားဖေါ်တွေ ကြား မှာ ခပ်လျှို လျှို ထိုင် နေကြသည် ။ ကိုမြင့်ဆွေ က မှ အသိတွေ နှင့် တိုး လေမလား စောင်းငဲ့ ကြည့်ဖေါ်ရသေးသည် ။ ထွေးငယ် က နေခြည်လက်ဖြာနေ သော လှိုင်းကြက်ခွပ်ငယ် တို့ ကို ငေး နေသည် ။ နှုတ်ခမ်းအစုံ ကို တင်း တင်း စေ့ထားသည် ။ လေကြောင့် ဆံစများ ဝဲဖြာနေသည် ။ ခဏကြာ


“ ညောင်ဦး မှာ ကိုမြင့်ဆွေ အသိ တွေ ရှိ ပါတယ်နော် ”


တွေးတွေးဆဆ ဆိုသည် ။ ကိုမြင့်ဆွေ က ခေါင်း ကို ခပ်သွက်သွက် ညိတ်သည် ။ သူ့ ရင်ထဲ မှာလည်း ဧရာဝတီ ထဲ က တဖြတ်ဖြတ် တလက်လက် လှိုင်းကြက်ခွပ်တွေ လို တုန်ရင် ရိုက်ခတ် နေသည် ။ နှလုံး ခုန်သံ က မော်တော်စက်သံ နှင့် အပြိုင် တဒုန်းဒုန်း မြည်ဟီးသည် ။ ကိုမြင့်ဆွေ က အိပ်မက် ထဲ မှာ လေလား ဝိုးတဝါး တွေးသည် ။ ထွေးငယ် အပြုံး တွေ မြင်ရတော့ အားတက် ရွှင်ပြလာသည် ။


“ အထွေး အရင်က ဟိုဟိုဒီဒီ သွားဖူးလား ”  


“ ဟင့်အင်း ” 


 “ မော်တော် တောင် ခုမှ စီးဖူးတာ ”  


“ ရေလမ်း က သွားစ လာစ မရှိရင် ကြောက် တတ်ကြတယ် ” 


“ ထွေး တော့ မကြောက်ပေါင် ”


ထွေးငယ် က ကလေးတစ်ယောက် လို နူးညံ့ချိုသာစွာ ရယ် မောလိုက်သည် ။ ကိုမြင့်ဆွေ လက်တွေ က နွေး နေသည် ။ ထွေးငယ် ဆီ က မေတ္တာ တောင်းခံစဉ် က ကြမ်းထရော်သော သူ့ လက်တွေ ကို ဖြန့် ပြပြီး ...


“ အထွေး အချစ် ကို ရမယ် လို့တော့ ကျနော် မမျှော်လင့်ရဲပါဘူး ။ ဆောက်သွား ကို ကိုင်တဲ့ ကျွန်တော် လက်တွေ ကို အထွေး လက် တွဲ နိုင်ပါ့ မလား ။ အထွေး က နုနုနယ်နယ် နဲ့ ဆယ်တန်း ဖြေ ထားတာ ။ ကျွန်တော် က ခြောက်တန်း တောင် အောင်တဲ့ ကောင် မဟုတ်ဘူး ”


ထွေးငယ် က ရုတ်တရက် အံ့သြသွားပြီး မှ မျက်စောင်း ထိုး ကာ ...


“ ပြောပြော .. ကိုမြင့်ဆွေ .. ရှင့် ဘာသာ ဆုံးဖြတ်တော့ ၊ ဒါပေမယ့် ထွေး က ဘုရင့်သမီး မဟုတ်ဘူး ရှင့် ... ရှင့် လိုပဲ ဆောက်သွား ကိုင် တဲ့ လက်သမားဆရာ သမီး ” 


ကိုမြင့်ဆွေ က ကြောင်အမ်းအမ်း ဖြစ်သွားကာ 


“ ဟာဗျာ .. အထွေး ရယ် ”


ထွေးငယ် နောက် နေသည် ထင်သည် ။ ထွေးငယ် က ခေါင်း ကို ခါရမ်း ကာ ...


“ ထွေးငယ် နောက်တာ မဟုတ်ပါဘူး ။ ဒါပေမယ့် အောင်စာ ရင်း ထွက်တဲ့ အထိ တော့ စောင့်ပါ ၊ ခုတော့ ထွေးငယ် ခေါင်းတွေ နောက် နေတယ် ကိုမြင့်ဆွေ ၊ စာမေးပွဲ အောင်ရင် ဆိုပြီး ထွေးငယ် မျှော်လင့်ခဲ့ တာ အများကြီး ပဲ ၊ ဘာမှ ဖြစ်မလာတော့ သစ်ရွက်ကလေး တစ်ရွက် လို လေတိုက်ရာ မှာ လွင့် သွားချင်တယ် ” 


ကိုမြင့်ဆွေ က ပြန် တွေးရင်း ထွေးငယ် ကို ကြင်နာစွာ ငုံ့ ကြည့် သည် ။ သူ့ ရင်မှာ ကြည်နူးစိတ် တဝက် စိုးရွံ့စိတ် တဝတ် နှင့် သက်ပြင်း ညင်သာစွာ ချသည် ။


( ၆ )


ပြူတင်းပေါက် မှ ကြည့် လိုက်လျှင် ဆေးရုံ အပြင်ဖက် ပန်းခြံ ထဲ က နှင်းဆီပင်တွေ ကို လှမ်း မြင်ရသည် ။ အပင်တွေ မှာ အပြုအပြင် ကင်းမဲ့သဖြင့် ရိုင်း နေကြသည် ။ နေခြည် ကို ငံ့လင့်ကာ ရှည်လျား ကျုံလှီ သော ကိုင်း တို့သည် သူ့ ထက် ငါ မိုး သို့ ထိုး တက်ကြသည် ။ ကိုင်း အချို့က မြက်ပင်ရှည်များ ကြား တွင် တွားသွား နေကြသည် ။ ရှေ့လမ်း မ မှာတော့ သွားသူလာသူ မစဲ ။ ဆေးရုံ တက် လာသူတွေ ၊ ပြန်ဆင်းသွား သူတွေ မျက်နှာပေါ် က ပျော်ရွှင်မှု နှင့် ပူဆွေးမှု တို့ ကို အတိုင်းသား မြင်ရသည် ။


သည်တော့ ဟိုတုန်းက နှစ်တွေ ကို သတိ ရလာသည် ။ ပြူတင်း ပေါက် တစ်ခု ကနေ အောက် က လူတွေ ကို ငုံ့ ကြည့်ရင်း ဆိတ်ဆိတ်ငြိမ် ငြိမ်သွားခဲ့ရသော ရက်များ ၊ စိတ် မောခဲ့ရသော အချိန်များ ၊ သူ မသိသော ကမ်းခြေမြို့ရွာတွေ ကို စိတ်ကူးယဉ်ခဲ့ ရသော အချိန်များ ၊ အခန်းကျဉ်း ကလေးထဲက အတွေး ဝတ်ရုံကြီး အောက်မှာ ကလေးဘဝ ကို နှစ်မြုပ် ကုန်ဆုံးစေရင်း စိတ်ညစ်ညူး နောက်ကျိခဲ့ သော အချိန်များ အားလုံး ကုန်ဆုံးခဲ့ပြီ ။


ညဉ့်ဦး က နှင်းဆီဖူးများ ပွင့်အာလာသော မနက်ခင်း မှာ ပင် သမီးငယ် ကို သူ မွေးဖွားခဲ့လေသည် ။ ထွေးငယ် မျက်နှာ မှာ ချောင် ကျလျက် ပါးရိုးတွေ ထွက်နေ သည် ။ အသက် ကို ခဲခဲယဉ်းယဉ်း ရှုရင်းက ဖြူဆွတ်ချိနဲ့သော လက် ချောင်းများ ဖြင့် နဘေး ရှိ ကလေး ကို စမ်း သည် ။


“ သမီး ဒီမှာလေ အထွေး ၊ ကလေး ကြည့်ချင်လို့လား ”


ကိုမြင့်ဆွေ အသံ က တိုးတိတ်ညင်သာသော်လည်း တစုံတရာ ကို မျိုသိပ် ထားရသလို ဆို့နစ်တုန်ရီနေသည် ။ နှင်းဆီပန်း ရနံများ ကို လေ က ခုန်ပေါက် သယ်ယူလာသည် ။ ထွေးငယ် က မျက်လုံးများ ဖြင့် ကိုမြင့်ဆွေ ကို အားတင်း ပြုံးပြဖို့ ကြိုးစားသည် ။


“ အထွေး ... နေကောင်းရဲ့ လား ၊ ကိုယ် တံခါး ပိတ် လိုက်မယ် လေ ။ အပြင် က နဲနဲ အေးတယ် ”


ထွေးငယ် က မျက်လုံးများ ဖြင့် တားဆီးသည် ။ အသက် ကို အမောတကော ရှုရှိုက်လိုက်ရသဖြင့် ရင် မှာ လှိုက်ဖိုသွားသည် ။အေးကနဲ ဟာကနဲ ဖြစ်သွားသည် ။ ကိုမြင့်ဆွေ က သူ့ ရင်ဝ ကို ဖိပေးရင်း ခေါင်း ကို မထူကာ ..


“ နေသာရဲ့ လား အထွေး ”


ထွေးငယ် က နှင်းဆီပွင့်ဖတ်ကလေး လို နူးညံ့နီရဲသော ပါး ပြင် နှင့် ကလေးငယ် ကို အားယူ ငဲ့ ကြည့်သည် ။ သမီးကလေး က ' အင့် ကနဲ ' လှုပ်ရှားရင်း နိုးလာသည် ။ မိခင် ကို လဲ့ရွမ်းနက်မှောင်သော မျက် ဝန်းကလေးများ ဖြင့် မော့ ကြည့်ကာ ကျောကော့ ငိုယိုသည် ။ ထွေးငယ် နှုတ်ခမ်းများ နှင့် မျက်လုံးများမှာ အပြုံးရိပ် သန်းလာသည် ။ ထွေးငယ် က တုန်ရင်သော လက်ချောင်းများ ဖြင့် သမီးငယ် ကို ကိုင်တွယ်ရင်း ပွေ့ချီမ လိုဟန် ပြသည် ။ ကိုမြင့်ဆွေ က သမီး ကို မရင်ခွင်နား သို့ တိုးကပ် ပေး သည် ။


ထွေးငယ် ပါးပြင် မှာ နေခြည် ဟပ်၍ သွေးရောင် ရွှမ်းစိုလာ သည် ။ တခဏချင်းပင် သွေးဆုတ်ဖြူယော် သွားကာ လေသံ သဲ့သဲ့ ဖြင့် ...


“ ထွေးငယ်သမီးကလေး လေ ... ဘယ်လောက် ကျက်သရေ ရှိလိုက်သလဲ လို့ ”


ထို့နောက် မျက်ဝန်းများ မှာ မလှုပ်မယှက် ငြိမ်သက်သွား သည် ။ လက်ချောင်းများ မှာ လျော့ သွားသည် ။ နှုတ်ခမ်းအစုံ တွင် မူ ခပ်သဲ့သဲ့ အပြုံးတို့ ထင်ကျန်ရစ်ခဲ့သည် ။ စူးရှမွှေးကြိုင်သော နှင်းဆီ ပန်းရနံ့များ ကို သယ်လာသောလေက ဆံစတို့ ကို လွင့်ဖြာလှုပ်ရှား စေလေသည် ။


◾ ခင်မြဇင်


📖 မိုးဝေ စာပေ မဂ္ဂဇင်း

      မေလ ၊ ၁၉၈၀ ၊ 


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment