❝ တစ်ပိုင်း တစ်စ ❞
ရန်သူ တို့ သည် မြို့တွင်း သို့ ပင် ဝင်ရောက်ခဲ့လေပြီ ။ ထို့ကြောင့် မိဖုရားကြီး မြနန္ဒာ သည် သားတော် ၏ အထိန်းတော် ဖြစ်သူ ဦးဝါလ ကို ဤသို့ ပြောကြားလိုက်၏ ။
“ အထိန်းတော်ကြီး ဦးဝါလ ၊ အခြေကတော့ဖြင့် ဆိုးပြီ ၊ ဒီတော့ သားတော်လေး သုဗလ ကို တစ်ပါတည်း ခေါ်ဆောင်သွားပြီး ရုပ် ဖျောက်၍ နေပါတော့ ”
အထိန်းတော်ကြီး ဦးဝါလ မှာ မျက်ရည်အသွယ်သွယ် ကျ ၍ မိဖုရားကြီး ကို ရှိခိုးပြီးသော် သူ ထိန်းကျောင်းရသည့် ဘုရင့်သားတော် သုဗလ ကို ခေါ်ဆောင်၍ နန်းတော် ထဲ မှ လူ မသိအောင် တိတ်တဆိတ် ထွက်ပြေး တိမ်းရှောင် သွားလေ၏ ။ ထိုအခါ တွင် သုဗလ မှာ ဆယ်နှစ်သား ခန့် ရှိပေပြီ ။
ရန်သူ စစ်သား တို့ သည် စစ်အောင်နိုင် သွားသော အခါ ဘုရင် ကို သုတ်သင် ပြီး လျှင် မြနန္ဒာ မိဖုရားကြီး ကိုကား ဖမ်းဆီး ခေါ် ဆောင်သွားကြလေ၏ ။ မိဖုရားကြီး တွင် ပဋိသန္ဓေ သုံးလသား သည် ပါရှိ သွားလေသည် ။
ဦးဝါလ သည် ရွာငယ် တစ်ခု တွင် ဆင်းရဲသား အသွင် ဆောင် ၍ သုဗလ ကို မွေးမြူ လာခဲ့လေရာ သုဗလ သည် ၁၆ နှစ် သား အရွယ် သို့ ရောက်ရှိ လာလေ၏ ။
ထိုအခါတွင် သူ အလွန် စိတ်ဝင်စားလျက် ရှိသော ကိစ္စ တစ်ခု ကို ပြုရန် ဦးဝါလ ထံ တွင် ခွင့် ပန်လေ၏ ။
“ ဘဘကြီး .. ကျွန်တော် ရွာထိပ် က တွင်းကြီး ထဲ ဆင်းပါရစေ ”
ဤ အတိုင်း ပင် ဦးဝါလ ထံ တွင် သူ သည် ယခင် က အကြိမ်ကြိမ် ခွင့် ပန်ခဲ့ဖူး၏ ။ သို့သော် ဦးဝါလ မှာ အန္တရာယ် ရှိသည် ထင်၍ ထို တွင်းကြီး ထဲ သို့ မဆင်းရန် အကြိမ်ကြိမ် ဖျက်ခဲ့၏ ။ သို့သော် တောင်းပန်လွန်း မက တောင်းပန်လွန်း သည် တွင် အသက် ဆယ့်ခြောက်နှစ် ပြည့် ပြီးသော် ဆင်းခွင့် ပြုပါမည် ဟု လိုက်လျော ခဲ့ရသည် ။ ထို့ကြောင့်ပင် ယခု ကဲ့သို့ အသက် ဆယ့်ခြောက်နှစ် ရောက်သော အခါ သုဗလ က ဦးဝါလ ထံ တွင် ခွင့် ကို ထပ်မံ ၍ ပန်ကြားခြင်း ဖြစ်ပေ၏ ။
ဦးဝါလ မှာ များစွာ စိတ်မကောင်း ဖြစ်ပြီး ဤသို့ ပြန် ပြော၏ ။
“ သုဗလ ရယ် .. ဘာဖြစ်လို့ ဆင်း ချင်ရတာလဲကွယ်”
“ တွင်းဝ က .. ကျောက်စာ အတိုင်း ချမ်းသာဖို့ လမ်းစ တွေ့နိုင် အောင်လို့ပါ ဘဘကြီး ရယ် ”
“ ဒါက မသေ မှ ဖြစ်မှာပါ ၊ သေ ရင်လည်း ကေသျှောင် ဖြစ်မယ် ဆိုပေမယ့် သေပြီး မှ ဖြစ် ရတာ အလကားပေါ့ ”
“ ကေသျှောင် ဆိုတာ ဘာလဲ ဘဘကြီး သိလား ”
“ ကေသျှောင် ဆိုတာ ယောင်ထုံး ပေါ့ကွယ် ၊ သေ ပြီးရင် သူများတွေ ရဲ့ ယောင်ထုံး ကဲ့ သို့ အထွတ်အထိပ် ရောက်မယ်လို့ ဆိုလိုတာပေါ့ ”
သုဗလ သည် ပြုံး ၍ ဦးခေါင်း ကို ခါယမ်း လိုက်၏ ။
“ ဘဘကြီး အဓိပ္ပာယ် မကောက်တတ်ပါဘူး ၊ ကျွန်တော် ကောက်တတ် ပါတယ် ၊ ဒါကြောင့် ကျွန်တော် မသေစေရပါဘူး ... သွားပါရစေ ”
ဦးဝါလ သည် သုဗလ ကို ငေးကြည့်လိုက်မိ၏ ။
သူတို့ ပြောနေကြသော တွင်းကြီး သည် ရွာထိပ် တွင် ရှိ၏ ။ ထို တွင်းကြီး ထဲမှ မြွေကြီးများ မကြာခဏ ထွက် ထွက်လာ၍ လူတို့ ရိုက်ရိုက် သတ်ကြ၏ ။ သို့သော် မြွေကြီးများ ကား မကြာခဏပင် ထွက်လာစမြဲ ဖြစ်သည် ။ ချမ်းသာချင်လွန်းသော လူတို့ သည် မကြာခဏ တွင်း ထဲ သို့ ဆင်းကြ၏ ။ သို့သော် မည်သူ တစ်ဦးတစ်ယောက် မျှ ပြန်၍ တက်လာနိုင်ခဲ့သည် မရှိချေ ။
တွင်း ထဲ သို့ ဆင်းရန် အုတ်လှေကား သည် အသင့် ရှိ၏ ။ သို့သော် တွင်းကြီး မှာ နက်လှသဖြင့် အောက်ပိုင်း ကို မမြင်ရချေ ။ ထို့ကြောင့် အုတ်လှေကား မှာ မည်သည့် နေရာတွင် အဆုံးသတ်မှန်း မည်သူမျှ မသိကြရ ။ တွင်း ထဲ ဆင်း၍ သိရသည် ဟု ယူဆရသော သူများသည် လည်း ပြန် တက်လာနိုင်ခြင်း မရှိသဖြင့် ပြန် ပြောပြမည့် လူများ မရှိချေ ။ လူ တစ်ယောက် ဆင်းသွား ပြီးတိုင်း လူ ပြန် မလာ ။ ရက်မကြာမီ တွင် မြွေကြီး တစ်ကောင် သာ ထွက် ထွက် လာတတ်သဖြင့် ရွာသား က ရိုက် ရိုက် သတ်ကြရ၏ ။ ထိုကြောင့် ဤ တွင်း ထဲ သို့ ဝင် ဝံ့သည့် ရွာသား မရှိတော့ချေ ။ အခြားသော ရပ်ရွာ က လူများ သာ လာရောက် ဝင် တတ်ကြလေသည် ။
တွင်းကြီး ၏ အဝ နား တွင် ကျောက်စာချပ်ကြီး တစ်ခု ရှိ၏ ။ ထို ကျောက်ချပ်ပြားကြီး ပေါ် တွင် အောက်ပါ စာများ ရေးထားလေသည် ။
ဤ တွင်း ထဲ ဝင်
ရောက်မသေ လျှင်
ချမ်းသာခြင်း လမ်း သို့
တစ်ပိုင်း ရောက်မည် ။
ဤ တွင်း ထဲ ဝင်
ရောက် သေလျှင်
ကေသျှောင် ဖြစ်မည် ။
ဤမျှသာ ရေးသား ထားလေရာ ၊ မသေလျှင် ချမ်းသာနိုင်သည် ထင် မိ၍ လူများ ဝင်ရောက်ကြခြင်း ဖြစ်၏ ။ သို့သော် ယနေ့ အထိ တစ်ယောက်မျှ ပြန်၍ ပေါ် မလာချေ ။
ဦးဝါလ သည် သုဗလ ကို မေး လိုက်ပြန်သည် ။
“ ငါ့တူလေး က ဘာဖြစ်လို့ မသေဘူးလို့ ပြောနိုင်တာလဲ ”
“ ဒီလို ဘဘကြီး ရဲ့ ၊ ကျောက်စာ က စကား ကို လူတွေ နားမလည် ကြလို့ပါ ။ လူတွေ က ဤ တွင်း ထဲ ဝင်ရောက် မသေ လျှင် .. လို့ ဖတ် ကြတာ ကိုး ။ ဒီလို မဟုတ်ဖူး ဘဘကြီး ရဲ့ ။ သူ့ စာ ဆိုလိုတာက - ဤ တွင်းထဲ ဝင် နောက် အထဲ ရောက်တော့ ရောက်တော့ - ရောက်မသေ လျှင် လို့ ပြောတာ ဖြစ် ရမယ် ”
“ ဘာလဲ ကွဲ့ .. ရောက်မသေ လျှင် ဆိုတာ ”
“ ရောက်မသေ လျှင် ဆိုတာ ရေ မသောက် လျှင် လို့ ပြောတာပေါ့ ”
ထိုအခါ တွင် ဦးဝါလ မှာ ငေး သွားရာ က မျက်နှာ ကြည်လင် သွား လေ၏ ။
“ အေး .. ဟုတ်နိုင်တာပေါ့ ၊ သုဗလ က ဉာဏ် ကောင်းတာကိုး ရေ မသောက်လျှင် ဟန် ကျမယ် ၊ နေပါဦး .. ရောက်သေလျှင် - အဲ - ရေ သောက် လျှင် ကေသျှောင် ဖြစ်မှာက ဘာ ဖြစ်တာလဲ ”
“ ကေသျှောင် ဆိုတာက မျက်စိ လှည့်စားထားတာ ဘဘကြီး ရဲ့ ၊ ကေရှောင် ဆိုတာပဲ ”
“ ဆံပင်တွေ ကို ရှောင်ကြဉ်ရမယ်ပေါ့ - ဟုတ်လား ၊ ဘာဖြစ်လို့လဲ ပါးစပ် ထဲ ဝင် ရင် ချောင်းဆိုး မှာ စိုးလို့လား ”
“ မဟုတ်ပါဘူး ဘဘကြီး ရဲ့ ၊ ကေရှောင် ဆိုတာ ကောင်ရှေ ကို ပြောတာ ။ အကောင် ရှည်ရှည်ကြီး ဖြစ်တဲ့ မြွေ ဖြစ်လိမ့်မယ် လို့ ပြော ပါ ။ ဒါကြောင့် တွင်း ထဲ ဆင်းပြီး သေကုန် တဲ့ လူတွေ မြွေ ဖြစ် ပြီး ပြန် တက်လာကြတာပေါ့ ”
ဦးဝါလ မှာ အံ့ဩပြီး သုဗလလေး ကို ဖက်ရမ်း ချီးကျူးလေ၏ ။
“ အေး .. ဟုတ်မှာဘဲ ၊ တော်လိုက်တဲ့ ငါ့ တူ ရယ် ၊ ဒီလို စဉ်းစား ဉာဏ် ကောင်းတဲ့ လူ ဟာ လောက မှာ အလကား မဖြစ်နိုင်ပါဘူးလေ ။ တွင်း ထဲ ကို ဆင်း ကြည့်ခွင့် ပေးပါပြီ ။ ဒါပေမယ့် သောက်ရေ အတွက် ရေဗူး ကို တော့ ဆောင် သွားပေတော့ ”
နောက် တစ်နေ့ တွင် သုဗလကလေး သည် ဦးဝါလ ပေးလိုက်သည့် ရေဗူးကလေး ကို လွယ် ကာ တွင်း ထဲ သို့ ဆင်း လာခဲ့လေ၏ ။ သူ့ လက် ထဲ တွင် လည်း ဓါးရှည်ကြီး တစ်ချောင်း ကို ကိုင် ထား၏ ။
လှေကားထစ်များ မှာ ရှည်လျား လွန်းသဖြင့် တော်တော် နှင့် မဆုံးနိုင်ချေ ။ အောက်ပိုင်း ရောက်လေလေ မှောင်လာလေ ဖြစ်သဖြင့် သုဗလ သည် နံရံ ကို စမ်း၍ တထစ်ချင်း ဆင်း နေရ၏ ။ အောက်နား ရောက်သော အခါ လှေကား မှာ ကွေ့ သွားလေသည် ။
များမကြာမီပင် ရှေ့ ၌ အလင်းရောင် ထွက်နေသော အခန်း လိုလို အရာတစ်ခု ကို မြင် ရလေရာ ထို နေရာသို့ ရောက်သောအခါ လှေကားထစ်များ မှာ ကုန်ဆုံးသွားလေတော့သည် ။
သုဗလ သည် ထို အလင်းရောင် ထွက်နေသော အခန်း ဆီ သို့ လျှောက် သွား၏ ။ အခန်း ဝ သို့ ရောက်သည် နှင့် တစ်ပြိုင်နက် အတွင်း မှ သာယာသော အသံ တစ်ခု ထွက်ပေါ် လာလေသည် ။
“ လာပါ ... မောင်လေး ၊ မောင်လေး လို အာဇာနည်သူရဲကောင်း ကို မမ က ဆီးကြို နေပါတယ်ကွယ် ”
အခန်း ထဲ တွင် မည်သည့် နေရာ က လာမှန်း မသိသော အလင်းရောင် ဖြင့် လင်းထိန် နေ၏ ။ အခန်း ၏ တစ်နေရာ တွင် ကျောက်စားပွဲ တစ်ခု နှင့် ကျောက်ကုလားထိုင် ပေါ် တွင် အလွန် လှပသော မိန်းမပျိုလေး တစ်ယောက် သည် ထိုင်နေ၏ ။ ထို မိန်းမပျို ကပင် သုဗလ ကို ချိုသာစွာ ပြောလိုက်ခြင်း ဖြစ်သည် ။
သို့သော် သုဗလ သည် ထို မိန်းမပျို ကို မယုံကြည်ချေ ။
“ လာပါ မောင်လေး ၊ မောင်လေး ကို မမ က ကျောက်စက်ရေ နဲ့ ကြိုဆို နေပါတယ် ”
မိန်းမ သည် ကျောက်စားပွဲ ပေါ်မှ ကျောက်ခွက် ကို ပြ ၍ ပြော ၏ ။ သို့သော် သုဗလ က မိန်းမပျို ကို ခပ်တည်တည် ပင် ကြည့်ရင်း ခပ်မာမာ ပြောသည် ။
“ ကျွန်တော့် မှာ သောက်ရေ ပါ ပါတယ် ”
“ အို .. ဒီ က ကျောက်စက်ရေ ဟာ .. အပေါ် က ရေတွေ နဲ့ မတူ ပါဘူး ကွဲ့ ၊ သိပ်ပြီး အေးမြကြည်လင်တယ် ။ လာ ကြည့်ပါဦး ၊ သူ့ ကို သောက် လိုက်ရင် ဉာဏ်တွေ ကောင်းပြီး ကမ္ဘာ မှာ ရှိတဲ့ ပညာတွေ အားလုံး ကို တတ် လာရော ၊ ပညာ ဆိုတာ ချမ်းသာခြင်း ကို သွားတဲ့ လမ်း မဟုတ်လား ... မောင်လေး ”
“ အို .. ကျွန်တော် မသောက်ဘူး ၊ ကျွန်တော့် မှာ ရေဗူး ရှိပါတယ် လို့ ဆိုနေမှပဲ ”
မိန်းမပျို သည် ရယ်လိုက်လေ၏ ။
“ အော် ... မောင်လေး က ရေဘူး နဲ့ မှ သောက်တတ်တယ် ထင် ပါရဲ့ ။ ကဲပါလေ ... ဒါဖြင့် မမ က ရေ ကို လှယ်ပေးပါ့မယ် ”
မိန်းမပျို သည် သုဗလ ထံ သို့ ထ ၍ ကပ် လာလေရာ သုဗလ သည် လက် ထဲ မှ ဓား ဖြင့် ထိုး ချိန် လိုက်သည် တွင် မိန်းမပျို မှာ တွန့်ခနဲ ဖြစ် သွားလေ၏ ။
“ အို .. မောင်လေး ကလည်း မမတို့ လို အင်အား ပျော့ပျောင်းတဲ့ မိန်းမသား ကို ဓားကြီး နဲ့မချိန်ပါနဲ့ လေ ..”
“ ဗျာ ... အင်အားပျော့ပျောင်း တဲ့ လူ က ဒီ တွင်းကြီး ထဲ မှာ တစ်ယောက် တည်း ဘာ လာ လုပ် နေမှာလဲဗျ ၊ စကား မရှည်ပါနဲ့ ဗျာ .. တွင်း ဝ က ကျောက်စာ မှာ ပါတဲ့ ချမ်းသာခြင်း လမ်း ကို တစ်ပိုင်း ရောက်မယ် ဆိုတာ ဘာလဲ ပြော ”
မိန်းမပျို ၏ မျက်နှာ မှာ ချက်ချင်းပင် တင်းမာ သွား လေ၏ ။
“ အော် .. မင်း က လူစွာလေး ပါလား ၊ ကိုင်း ... ကြောက်ချေး ပါ လေရော့ကွာ .. ဟား .. ဟား .. ဟား ”
မိန်းမပျို မှာ ချက်ချင်းပင် အလွန် အရုပ် ဆိုးသော မိန်းမကြီး တစ်ဦး ဖြစ်သွားပြီး သုဗလ ကို စိုက် ကြည့်နေလေ၏ ။
“ ကြောက်တယ် ဆိုတာ ကျွန်တော် နား မလည်ဘူး ဗျ ၊ ခင်ဗျား ရီးတီးယားတား တော့ လုပ်မယ် မကြံ နဲ့ ၊ ဟောဒီ ဓား နဲ့ နုတ်နုတ် စဉ်း ပြီး ခွေးစာ ကျွေး ပစ်လိုက်မယ် ၊ ဘာလဲ တကယ် မလုပ်ဘူး ထင်သလား .. ကဲလေ ..”
ပြောပြောဆိုဆို နှင့် သုဗလ သည် ဓားဦး နှင့် လှမ်း၍ တဆတ်ဆတ် နှင့် ထိုး လိုက်ရာ မိန်းမရုပ်ဆိုးကြီး မှာ “ အလယ်လယ် .. အလယ်လယ် ” နှင့်အော်၍ ခါး ကို ဟိုဘက် ရှောင် ရ ၊ သည်ဘက် ရှောင် ရ နှင့် လုပ် နေရသဖြင့် အမဲခြောက် ကို မီး ဖုတ်သလို တွန့်လိမ် တွန့်လိမ် နှင့် ဖြစ် နေလေ၏ ။
သို့သော် သုဗလ သည် အထိုး မရပ်သေးဘဲ ဆက်လက်၍ ပင် ဟို ထိုး သည် ထိုး နှင့် လုပ်နေလေရာ အရုပ်ဆိုးမကြီး မှာ ..
“ အောင်မယ်လေး ၊ ခါး တွေ နာတယ်တော့ .. ခါးတွေနာသဟဲ့ ” ဟု ပင် မြည်တမ်း မိလေ၏ ။
ထိုအခါ သုဗလ သည် ခြေထောက်များ ဆီ သို့ ဓားဦး ကို ချ ကာ ဟိုဘက် ထိုး သည်ဘက် ထိုး နှင့် လုပ်ပြန်လေရာ အရုပ်ဆိုးမကြီး မှာ သံပူပြား ပေါ် ၌ ပစ်တင်ထားသော မျောက်မကြီး ကဲ့သို့ ခုန်ဆွ ခုန်ဆွ နှင့် ဖြစ်နေပြန်လေ၏ ။
“ ဟဲ့ .. ဟဲ့ .. အမယ်လေး ၊ နင့် ဓားကြီး က ငါ့ ကို ထိ တော့မှာပဲ ။ မလုပ်ပါနဲ့ ၊ ကြောက်ပါပြီတော့ .. ကြောက်ပါပြီ ။ တစ်ပိုင်း ကို ပေးပါ တော့မယ် ၊ တစ်ပိုင်း ကို ပေးပါတော့မယ်”
ထိုအခါ မှ သုဗလ သည် ဓား နှင့်ဟို ထိုး သည် ထိုး လုပ်ခြင်း ကို ရပ် လိုက်လေ၏ ။ အရုပ်ဆိုးမကြီး လည်း အခန်း တစ်ခု တွင်း သို့ ဝင်ကာ ကျောက်ပြားလေး တစ်ချပ် ကို ယူ လာပြီး သုဗလ ကို ပေး၏ ။
“ ကဲ - အာဇာနည်လေး ၊ အိမ် ကို မြန်မြန် ပြေးပေတော့ ၊ နောက် ကို လှည့် မကြည့်နဲ့ ”
သုဗလကလေး သည် ကျောက်ပြား ကို ယူကာ လှေကား ကို ပြေးတက် ခဲ့လေရာ မကြာမီတွင် ပင် အပြင်သို့ ရောက် လာလေသည် ။ မနီးမဝေး တွင် စိတ် ပူ ၍ လှံကြီး တစ်ချောင်း နှင့် လာ ကြိုနေသော ဦးဝါလ ကို တွေ့ရလေရာ သုဗလ က ပြေး၍ ဦးဝါလ ၏ လက် ကို ဆွဲ ကိုင်ကာ အိမ် ဆီ သို့ ဆက် ပြေးလေသည် ။
ထိုခဏတွင် ပင် ပေါက်ကွဲသံကြီး ပေါ်လာပြီးလျှင် တွင်းကြီး သည် ပိတ် သွားလေတော့၏ ။ တွင်းမှ ကျောက်စာချပ်ကြီး မှာလည်း တွင်း ထဲ သို့ ကျ ပြီး မြုပ် သွားလေတော့သည် ။ အိမ် သို့ ရောက်သော အခါ သုဗလ နှင့် ဦးဝါလ တို့ သည် ကျောက်ပြားလေး ကို စစ်ဆေး ကြည့်ရှု ကြ၏ ။ ကျောက်ပြားလေး မှာ အလယ်ခေါင် ဆီ မှ ချိုးဖဲ့ ထားသကဲ့သို့ ဖြစ်နေပြီး တစ်ဖက် တွင် အောက်ပါ စာများ တစ်ပိုင်းတစ ပါ ရှိလေသည် ။
တောက်တီး
ရှောက်မဲ့
တန်ဆောင်
ခါးခါး
ဤမျှသာ ပါ လေသည် ။ တစ်ဝက် က ပဲ့ နေ၏ ။ မူလ က စာ ကြောင်း လေးကြောင်း ရေးထားပုံ ရသည် ။ တစ်ဖန် ကျောက်ပြားလေး ၏ ကျောဘက် သို့ ကြည့် သောအခါ “ မရဏဂူ ကို သွား ရွှေငွေ ကျောက်သံပတ္တမြား ” ဟု ရေးထား၏ ။ ထို စာကြောင်း ကား ကျောက်ပြား ကို ဖဲ့ ပြီးမှ ရေးထား သကဲ့သို့ တစ်ကြောင်း အပြည့် ကန့်လန့် ရေးထားလျက် ရှိသည် ။ ဦးဝါလတ စိတ်ပျက်သွား၏ ။
“ ဘာမှလဲ နား မလည်ပါလား ဟေ့ ”
သုဗလ က မူ ပြုံး လိုက်သည် ။
“ တွင်းဝ က စာ က ချမ်းသာခြင်းလမ်း သို့ တစ်ပိုင်း ရောက်မည်လို့ ပြော ထားသားဘဲ ဘဘကြီး ရဲ့ ၊ ဒီတော့ ကျန်တဲ့ အပိုင်းက မရဏ ဂူ ကျရင် တွေ့မယ် ထင်တာပဲ ”
“ မရဏဂူ ကို မင်း သွားမယ်ပေါ့ ”
“ သွားရမှာပေါ့ ... ဘဘကြီး ရဲ့ ၊ လုပ်ငန်းတစ်ခု ကို စ မိပြီ ၊ မျှော်လင့်ချက် လည်း ရှိမယ် ဆိုရင် ဆုံး အောင် လုပ်ရမှာပေါ့ ”
“ အဲဒီ မရဏဂူ ဆိုတာက ဘယ်မှာလဲ ”
“ မသိဘူးလေ ၊ မေးစမ်း သွားရမှာပေါ့ ဘဘကြီး ရယ် ”
“ ဟင်း ငါ သေလိုက်ချင်တာပဲ နော်- သေမှာ ကြောက် လို့သာ ”
••• ••• ••• •••
သုဗလ နှင့် ဦးဝါလ တို့ မှာ လမ်းခရီး တွင် လိုအပ်မည် ထင်သည်များ ကို ယူငင် ပြီး အထုပ်အပိုး ကိုယ်စီ နှင့် ခရီး ထွက်ခဲ့ကြလေ၏ ။
တစ်မြို့ ဝင် တစ်ရွာ ထွက် နှင့် ခရီး အတော်ပင် ပေါက်ရောက်ခဲ့ ကြသော်လည်း မရဏဂူ ရှိရာ အရပ် ကို မေး၍ မရချေ ။ သို့သော် မလျှော့သော လုံ့လ ဖြင့် ဆက်လက် ၍ ခရီး ထွက် ခဲ့ကြရာ တစ်နေ့တွင် တောအုပ်ကြီး တစ်ခုတည်း သို့ ရောက်လာ ကြလေ၏ ။
တောအုပ်ကြီး ထဲ တွင် လမ်းစ ရှာ မတွေ့သဖြင့် တဝဲလည်လည် နှင့် ရှိနေစဉ် တစ်နေရာ သို့ ရောက်သော အခါ လူသွားလမ်းကလေး တစ်ခု ကို ဖုံ နေအောင် တွေ့ရ၏ ။ လမ်းထိပ် တွင် တိုင် တစ်တိုင် စိုက် ထူ ထားပြီး တိုင်ထိပ် နား ၌ ပျဉ်းပြား တစ်ချပ် ကပ် ထား၏ ။ ပျဉ်ပြား ပေါ် တွင် အောက်ပါ စာများ ရှိလေသည် ။
အခက်အခဲ ကို မကြောက် လျှင် လာခဲ့လော့
“ တို့တော့ ကြောက်သဟ”
ဦးဝါလ က ပြောပြောဆိုဆို နှင့် ကွေ့ သွားရန် ကြံ လိုက်၏ ။ သို့ သော် သုဗလ က မကျေနပ်ချေ ။
“ အို .. ဘဘကြီး ကလည်း ဘဝ ဆိုတာ အခက်အခဲ နဲ့ တွေ့ရ တတ်တာ ချည်း ပေါ့ ၊ အခက်အခဲ ကို ကျော်လွန် နိုင် မှ အထွတ်အထိပ် ကို ရောက် နိုင်တာ ၊ ဘဘကြီး ကြောက်ရင် ဒီမှာ နေခဲ့ ၊ ကျွန်တော် သွား စုံစမ်းပြီး ပြန် လာခဲ့မယ်”
“ အောင်မယ်... ဘာရမလဲ ၊ ငါ တစ်ယောက် တည်း ဒီ တောကြီး ထဲ မှာ မနေဝံ့ပေါင် ၊ မင်း နဲ့ ပဲ လိုက်ခဲ့မှာပါ ”
သူတို့ နှစ်ယောက် သည် လမ်းကလေး အတိုင်း လာ ခဲ့ကြရာ တစ် နေရာ ရောက်သောအခါ ချောင်းကြီး က ကန့်လန့်ဖြတ် စီးဆင်းနေသည် ကို တွေ့ ရလေ၏ ။ ထိုအခါ ဦးဝါလ က အော် ရယ်လိုက်သည် ။
“ အောင်မယ် ... ဒါများ အခက်အခဲ တဲ့ ၊ ဝါလ တို့ က ဒါမျိုးတော့ ရယ် သဟ .. ရယ်သဟ .. ဝါးဟားဟား”
ပြောပြောဆိုဆို ရယ်မောရင်း ဦးဝါလ သည် ခါးတောင်လေး မြောင်လှအောင် ကျိုက် ကာ ရေ ကူးတော့မည့် ပုံမျိုး နှင့် ချောင်းကမ်းစပ် သို့ ပြေးဆင်းသွားလေ၏ ။ သူ ကမ်းစပ်နား ရောက်သည်နှင့် တစ် ပြိုင်နက် မိချောင်း လေးငါးကောင် တို့ သည် သူတို့ ဆီ သို့ ဦးတည် ကာ တဝုန်းဝုန်း နှင့် ကူး လာသည် ကို မြင် လေသော် ဦးဝါလ သည် ချာခနဲ လှည့် ၍ ပြန် ပြေးလာလေ၏ ။
“ အမယ် ... ဝါလ တို့ က ဒါမျိုးတော့ ကြောက်သဟ ... ကြောက် သဟ”
ထိုအခါ သုဗလ က ရယ်မော လိုက်လေ၏ ။
“ ဘဘကြီး ကလည်း မစူးစမ်း ဘဲ နဲ့ အရမ်း လုပ်ချင်တာကိုး ၊ ကဲပါ လေ .. ဆေး အတွက် လိုရမယ်ရ ဆိုပြီး ဘဘကြီး ထည့်ခဲ့တဲ့ နနွင်းမှုန့် တွေ နဲ့ပက်ပေါ့ ”
ထိုအခါ မှ သတိ ရကာ ဦးဝါလ သည် သူ့ အထုပ်အပိုး ထဲ က နနွင်းမှုန့်များ ကို ထုတ် ကာ မိချောင်းများ ကို ပက် လေရာ မိချောင်း တို့ သည် ရေ ထဲ သို့ ငုပ်လျှို ထွက်ပြေး ကုန်ကြလေ၏ ။
ထိုအခါတွင် မှ နှစ်ယောက်သား သည် ချောင်း ကို ကူးခပ် ကျော် ဖြတ်ခဲ့ကြပြီး လမ်းကလေး အတိုင်း ဆက် လျှောက်ခဲ့၏ ။
တစ်နေရာ သို့ ရောက်သော အခါ သစ်ပင်များ အကြားမှ လေး ငါး ကောင် မျှ ရှိသည့် မျောက်ဝံကြီးများ သည် ကုန်းကွ ကုန်းကွ နှင့် ထွက် လာကြလေ၏ ။
“ ဟယ် .. ဒီ တစ်ခါတော့ အခက်အခဲ က မျောက်ဝံ ပုံသဏ္ဍာန် မျိုး နဲ့ လာသဟေ့ ၊ ဘယ့်နှယ် လုပ်မလဲ ၊ နနွင်းမှုန့် လည်း ကုန်ပြီ ၊ ငှက်ပျောသီးတွေ နဲ့ ပေါက် မလား ”
“ အို ... ဘဘကြီး ကလည်း ငှက်ပျောသီး နဲ့ ပေါက်ရင် ဒီကောင် တွေ က ကောက် စားမှာပေါ့ ။ ငှက်ပျောသီး လည်း ကုန် ရော ဘဘကြီး ကို ဝင် ဆွဲမှာပေါ့ ”
“ ဟင် ... မင်း ကိုတော့ ဘာဖြစ်လို့ ချန် ထားသလဲ”
“ ကျွန်တော့် လည်း ဆွဲကြမှာပါ ”
“ ဒါဖြင့် ဘယ်လို လုပ်ကြမလဲ ... တစ်ခါဖြင့် ခက်ပြီ .. မင်း ဆတ် ဆော့တာ ၊ အဲဒါ ... မင်း ဆတ်ဆော့ တာ ၊ သေတာတောင် ကောင်း ကောင်း မသေရဘဲ မျောက် ကိုက် လို့ သေတဲ့ မသာလေးတွေ ဖြစ်တော့မှာဘဲ ”
“ အို .. ဘဘကြီး လည်း ညည်း မနေပါနဲ့လေ ၊ အင်္ကျီ မြန်မြန် ချွတ် ”
“ ဘာလုပ်ဖို့လဲ ၊ မသာ ဖြစ်ရင် အဆင်သင့် ဖြစ်အောင် အင်္ကျီ ကို နောက်ပြန် ဝတ် ထား ရမှာလား”
“ မဟုတ်ပါဘူးလေ ၊ မြန်မြန် ချွတ် ၊ အဲ - ဟုတ်ပြီ ၊ နောက်ပြီး ကျွန် တော့် လို လိုက် လုပ် ”
သုဗလ သည် အင်္ကျီ ကို ချွတ်၍ တောင်ရှည်ပုဆိုး ကို ခါးတောင်း ကျိုက် ကာ အစ ရှည်ရှည် ကို အမြီး ကဲ့သို့ ချ၏ ။ ထို့နောက် ခုန်ဆွခုန်ဆွ လုပ် သည် ။ ပြီးတော့ ပါးစပ် က “ ကွိကွိ ကွကွ ခွီးခွီး ” နှင့် အော် ကာ သစ်ကိုင်းများ ကို ခုန် ဆွဲ ၍ တွဲလောင်း ခို လွှဲ နေလေ၏ ။
ဦးဝါလ မှာ လည်း ဘုမသိ ဘမသိ နှင့် သုဗလ လို လိုက် လုပ်ကာ သစ်ကိုင်းတွေ ကို ကားယားကားယား နှင့် ခိုဆွဲ ပြီး ပါးစပ် က လည်း “ တကွိ တည်း တကွိ - ဟယ် - တကွ တည်း တကွ ၊ ခွီးခွီးလဟ ” နှင့် ရမ်းအော် နေ လေတော့၏ ။
မျောက်ဝံကြီးများ သည် သူတို့ နှင့် မနီးမဝေး အထိ ကပ် လာပြီး သော် သူတို့ ကို လည်း မျောက်တွေ ထင် သွားပြီး တခြားသို့ ထွက် သွား ကြလေ၏ ။ ထိုအခါတွင် မှ သူတို့ နှစ်ယောက် သည် ခရီး ကို ဆက်ကြ ပြန်ပေသည် ။
“ အမယ်လေး - ဒီအရွယ်ကြီး ကျ မှ ကိုးရိုးကားယား လုပ်ရတာ တယ်ပြီး ခါး နာလှပါကလား ကရို ”
သုဗလ က မူ ဦးဝါလ ညည်း သမျှ ရယ်မောရလေသည် ။
“ အေး .. မင်း က ရယ် နေ ၊ မင်း ကြီးတော်ကြီး နဲ့ တွေ့ မှာပေါ့ ”
ဦးဝါလ က စိတ် တို ၍ ငေါ့ခြင်း ဖြစ် သော်လည်း တကယ်ပင်လား ဟု ထင် ရသည် ။ အဘယ့်ကြောင့် ဆိုသော် လမ်း ဆုံးသည့် အခါ တွင် သူတို့ သည် အိမ် တစ်ဆောင် တွေ့၍ ထို အိမ် တွင် ညီအစ်မ လေးဖော် နေကြသည် ကို တွေ့ရသောကြောင့် ပင် ဖြစ်သည် ။
“ ကျွန်တော့် ကြီးဒေါ် က လေးယောက် တောင် ပါလား ”
“ ကဲပါ .. မဟုတ်တာတွေ မပြောနဲ့တော့ ၊ သွား စကား ပြောချည် ”
သုဗလ သည် ညီအစ်မလေးဖော် ထံ သွား ရောက်၍ စကား ပြောရ၏ ။
“ အဒေါ်တို့ က ဘာ ဖြစ်လို့ အခက်အခဲတွေ မကြောက်တဲ့ လူ ကို ခေါ် ရတာလဲ ”
“ အို .. မရဏ ကို သွား ချင်ရင် ဒါလောက်တော့ အခက်အခဲ ကို ကျော် နိုင်ရမှာပေါ့ ။ ဒါတောင်မှ ကံ စပ်ဖို့ လူတစ်ယောက် ကို ရှာ ရဦး မယ် ”
“ အဒေါ် တို့ က မရဏဂူ သွားတဲ့ လမ်း ကို သိသလား ”
“ သိတယ်လေ ၊ ဒါပေမယ့် အဒေါ် တို့ ချည်း မဖြစ်ဖူး ၊ ဒါက တစ်ပိုင်း ဘဲ ရှိသေးတာ ၊ တစ်စ က လို သေးတယ် ၊ တစ်ပိုင်း နဲ့ တစ်စ ပေါင်း မှ တစ်ခုလုံး ရမှာ ”
ထိုအခါ ဦးဝါလ က ဝင် ပြောလိုက်သည် ။
“ ဒါဖြင့် တို့ သွားလို့ မရဘူးပေါ့ ”
“ သွားလို့ ရပါတယ် ၊ ကျွန်မ တို့ လည်း လိုက် ခဲ့မယ် ၊ ဟို ရောက် မှ တစ်စ ကို ရှာ ကြတာပေါ့”
“ ဒါထက် နင် တို့ က ဘယ်သူတွေ လဲ ”
“ ကျွန်မ နာမည် က မယ်တောက်တဲ့ ပါ ၊ ကျွန်မ ကို မွေးတုန်းက တောက်တဲ့ တွေ စုပြုံ လာကြလို့ ၊ ဟောဒီ ညီမ က မစံအောင် တဲ့ ။ သူ့ မွေးပြီး တော့ ကျွန်မတို့ မိဘတွေ စံ ထားလောက်အောင် အောင်မြင် လို့ ပဲ ။ ဟောဒီ ညီမ အငယ် က မိရွှေသွား တဲ့ ။ သူ က မွေး ကတည်းက ရွှေသွား တစ်ချောင်း ပါ လာတယ် ၊ ဟောဒီ ညီမ အထွေးဆုံး က အလှ ဆုံး ပေါ့ ။ ဒါကြောင့် သူ့ နာမည် က ခင်ရူပါတဲ့ ”
ဦးဝါလ မှာ သူတို့ ၏နာမည်များ ကို မှတ်မိအောင် ကျက် ရလေသည် ။
ရက်များ မကြာမီပင် သုဗလ ၊ ဦးဝါလ နှင့် ညီအစ်မလေးဖော် တို့ သည် မရဏဂူ သို့ ထွက်ခဲ့ကြလေ၏ ။
••• ••• ••• •••
မင်းသားကလေး သုဓဇ သည် နောက်လိုက် အနည်းငယ် နှင့် တောကစား ထွက်လာခဲ့လေသည် ။ အပြန်တွင် ကျေးရွာကလေး တစ်ခု နား သို့ ရောက်လာသော အခါ လူ လေးယောက် တို့သည် တစ်စုံတစ်စု ကို စုပြုံ ၍ ဝိုင်း လုနေကြလေရာ သူတို့ ထံ မှ အသံ များစွာ သည် အမျိုးမျိုး ထွက်ပေါ် နေလေတော့ သည် ။
“ ဟေ့ကောင်တွေ ၊ ဒါ ငါဖို့ ကွ ၊ အာရိုရို - ခြေမ ကို တက်နင်းထား တယ် ထင်တယ် ၊ တက်နင်းထားတယ် ”
“ ဖယ်ကြကွ ၊ ငါ့ ဖို့ သိကြားမင်း က ချ ပေးတာ ၊ ဟယ် - နင့် ကြီးဒေါ် မှ ဘဲ ၊ ဘာဖြစ်လို့ ပုဆိုး စ ကို နင်း ထားရတာလဲ ကွ .. ဒီမှာ ကုန်းကုန်း ကြီး ဖြစ် နေပြီ ”
“ ဟေ့ .. ဖယ်ကြ လဟာ ၊ ဒါ ငါ့ ဖို့ ကွ ၊ ဟဲ့ .. ဟဲ့ ငါ့ ယောင်ကြီး က ဘယ် ကောင့် ခြေထောက် မှာ ပတ် နေသလဲဟေ့ - ငါ့ ခေါင်းကြီး ကော့လန်လန် ဖြစ်နေပြီလဟဲ့ ”
“ ဖယ်ဆို ဖယ်နော် ၊ ဒါ ငါ့ ဖို့ ကွ ၊ အာ - အာ .. တယ်ခွေးသား က ငါ့ နားရွက် ကို ဆွဲဆုပ် ထားရတာလဲ ဟ ၊ နားရင်းတွေ နားအုံတွေ ပူ ထူ နေပြီ ကွ ”
မင်းသားလေးသုဓဇ သည် သူတို့ နား သို့ လျှင်မြန်စွာ ချဉ်းကပ် လိုက်ပြီးလျှင် မြင်း ကို ဇက် သတ်လိုက်၏ ။
“ ဟေ့ .. အားလုံး ရပ်ကြစမ်း ၊ ဒါက ဘာ ဖြစ်တာလဲ ”
လူလေးယောက် ချက်ချင်းပင် ရပ် လိုက်ကြ၍ မင်းသားလေး မှန်း သိသောအခါ ရှိခိုးကြ ပြီးလျှင် တစ်ယောက် က လျှောက်တင်လေ၏ ။
“ ကျွန်တော်မျိုးတို့ လေးယောက် လမ်း လျှောက်ကြတုန်း ကောင်း ကင် က ဝင်းခနဲ လက် ပြီး “ ဟောဒီမှာ တစ်စတစ်ပိုင်း ကို ရအောင် ရှာ” ဆိုတဲ့ အော်သံ နဲ့ အတူ ဖုတ်ခနဲ ကျလာတာပဲ ဘုရား”
“ ဘာ ကျလာတာလဲ ”
“ ဟောဒါပါဘဲ ဘုရား ”
သူ ပေးတာကို မင်းသားလေး က လှမ်း ယူလိုက်သည် ။ တစ်ဝက် ကနေ ချိုးဖဲ့ထားသလို ဖြစ်နေသည့် ကျောက်ပြားကလေး ဖြစ်ပြီး တစ်ဖက်တွင် အောက်ပါ စာများ ရေးထား၏ ။
တောက်တဲ့ ။
စံအောင် ။
ရွှေသွား ။
ရူပါ ။
စာများ မှာ လေးကြောင်း ရှိပြီး အရှေ့ပိုင်းများ မှာ ပဲ့ သွားသည့် အထဲသို့ ပါ သွားပုံ ရလေသည် ။
ကျောဖက်တွင် ကား “ မရဏဂူကိုသွား ၊ ရွှေငွေကျောက်သံပတ္တမြား ” ဟူ၍ ရေးသား ပါရှိလေ၏ ။
“ ကဲ .. မောင်မင်းတို့ နာမည် ကို လျှောက်တင်ကြစမ်း ”
“ မှန်ပါ ၊ ကျွန်တော်မျိုးတို့က သူငယ်ချင်းတွေပါ ။ ကျွန်တော်မျိုး နာမည် က တောက်တီး ပါ ဘုရား ၊ ကျွန်တော်မျိုး ငါးနှစ်သား အရွယ် က ခုနစ်ရက်လောက် ဟာ တောက် ခတ် ရင် ရွာထိပ် က စည် က အလိုလို တီး လို့ ငတောက်တီး လို့ ခေါ် ပါတယ် ဘုရား ။ သူ က မောင်ရှောက်မှဲ့ ပါတဲ့ ဘုရား ၊ ရှောက်သီးမှည့် ကို ကြိုက်တတ်လွန်း လို့ ၊ ဟော .. သူ ကတော့ ကိုတန်ဆောင် ပါတဲ့ ဘုရား ၊ တန်ဆောင်မုန်းလ မှာ မွေးလို့ပါ ဘုရား ။ သူ ကတော့ ဦးခါးခါး ပါတဲ့ ဘုရား ၊ သူ့ ကို မွေးတုန်း က ငှက် က “ တက်တက်တူးခါးခါး ” လို့ လာ အော်လို့ပါတဲ့ ဘုရား ”
မင်းသားလေး သည် ခေတ္တမျှ စဉ်းစားလိုက်ပြီး လျှင် နောက်လိုက် တို့ ကို ဤသို့ မှာကြားလိုက်၏ ။
“ ကိုင်း ငါ ဟာ ဒီ လူတွေ နဲ့ အတူ မရဏဂူ ကို သွားမယ် ၊ မယ်တော် ဧကရီမိဖုရားကြီး ကို မောင်မင်းတို့ စိတ် မပူအောင် ကြည့်ပြီး လျှောက်တင် လိုက်ကြပေတော့ ”
ထိုအခါ နောက်လိုက်တို့ လည်း နန်းတော် သို့ ပြန် ကုန်ကြလေ၏ ။ မင်းသားလေး သည် ငတောက်တီး တို့ ဖက်သို့ လှည့်၍ “ ကျွန်ုပ် ပါ မရဏဂူ သို့ သွားမည် ၊ သဘောတူကြရဲ့လား ” ဟု မေးရာ “ ဘုန်းရှင်ကံရှင် က ဦးဆောင်လျှင် ပို ကောင်းမှာ မို့ သဘော တူပါတယ် ” ဟု လျှောက် ကြသဖြင့် လမ်းခရီး ကို မေးစမ်းရင်း မရဏဂူ ရှိရာ သို့ မှန်းဆ ၍ ထွက် လာခဲ့ကြလေ၏ ။
••• ••• ••• •••
သုဗလ တို့ နှင့် မင်းသားလေးသုဓဇ တို့ သည် မရဏဂူ ရှိ ရာ တောင်ထိပ် သို့ ပြိုင်တူ ရောက် လာကြလေသည် ။
ဂူပေါက်ကြီး မှာ လူနှစ်ရပ်ခန့် မြင့် ၍ လူလေးဦး တစ်ဆန့်အိပ်စာ မျှ ကျယ်ဝန်းသည် ။ သို့သော် ဂူတံခါး မှာ ကျောက်ပြားတံခါးရွက်ကြီး နှစ်ချပ် ဖြင့် ကျကျနန တိတိကျကျ ပိတ် နေလေသည် ။
သုဗလ က အော် ပြောလိုက်သည် ။
“ ဟေ့ ... ရှေ့က ဘယ်သူတွေလဲ ”
“ ဘယ်သူတွေရမလဲ ၊ မင်းသား သုဓဇ ဆိုတာ ငါ ပဲ ”
“ မကြားဖူးပါဘူး ၊ မင်းသား ရော မင်းသက် ရော လာ မရှုပ်နဲ့ ၊ ဒီ ဂူ ဟာ တို့များ ပိုင်တယ် ”
“ အောင်မယ် ... ဘာဆိုင်လို့လဲ ၊ ဆင်းရဲသား က လူပါး ဝ လို့ ”
ပြောပြောဆိုဆို နှင့် သုဓဇ သည် ဓား ကို ဆွဲထုတ်လိုက်၏ ။ သုဗလ က လည်း မခံချင်သဖြင့် ဓား ကို ဆွဲ ထုတ်လိုက်၏ ။
“ မင်းသား က ကျုပ် ထက် ငယ်ပါတယ်လေ ... မပြိုင်ချင်စမ်း ပါနဲ့ ”
“ ဘာလဲ .. ကြောက် ရင်လည်း ကြောက်တယ် ပြောပေါ့ ”
ပြောပြောဆိုဆို နှင့် မင်းသားလေး သုဓဇ က စတင်၍ ခုတ်တော့ ၏ ။ သုဗလ က မူ ကာကွယ်ရုံ ကာကွယ်ရင်း မင်းသားလေး အမော ကို စောင့် သည် ။
ထိုခဏတွင် အထူးအဆန်း တို့ သည် ဖြစ် ကုန်လေ၏ ။
မင်းသားလေး သုဓဇ ဘက် မှ ယောက်ျားများ နှင့် သုဗလ ဘက် မှ မိန်းမများ သည် သံလိုက်များ ကဲ့သို့ တစ်ယောက် ဆီ သို့ တစ်ယောက် ဘေးတိုက်ကြီး တွေ ပြေး ကပ် မိကြကာ ဂျိမ်းဂျိမ်း နှင့် ပခုံး တွေ ဘေး တိုက် ခွါ မရအောင် ကပ် ကုန်ကြလေရာ ဂူပေါက် သို့ မျက်နှာ လှည့် ၍ နှစ်ယောက်တွဲ ၊ နှစ်ယောက်တွဲ လေးတန်း ဖြစ် သွားကြလေ၏ ။ သူတို့ ထံ မှ အသံဗလံများ လည်း ဆူညံစွာ ထွက်ပေါ် လာကြလေသည် ။
“ ဟဲ့ - ကောင်မတွေ ဖယ်လေ ၊ ဘာ လာ ကပ်တာလဲ ”
“ အောင်မယ် ... နင်တို့ က လာ ကပ်တာ အကောင်တွေ ရဲ့”
“ ဖယ်စမ်းလဟာ”
“ ဖယ်စမ်းလေတော် ”
“ ဟင် - ခွာလို့ မရဘူးတော့”
သုဓဇ နှင့် သုဗလ တို့ လည်း ဓား ခုတ်ခြင်း ကို ရပ် လိုက်ကာ သူတို့ ကို နောက်ဖက် မှ ကြည့် လိုက်ကြလေ၏ ။ ထို့နောက် သုဗလ က သူ့ တပည့်မတွေ ကို တစ်ယောက်စီ နာမည် ခေါ်သလို သုဓဇ က လည်း သူ့ တပည့်တွေ နာမည် ကို ခေါ် ရာ တစ်လှည့်စီ ဖြစ်ပြီး အောက်ပါ အတိုင်း အသံ ထွက်ပေါ်လာလေ၏ ။
“ တောက်တီး ”
“ တောက်တဲ့ ”
“ ရှောက်မဲ့ ”
“ စုံအောင် ”
“ တန်ဆောင်”
“ ရွှေသွား ”
“ ခါးခါး ”
“ ရူပါ ”
ထိုအခါ သုဗလ နှင့် သုဓဇ တို့ မှာ အံ့အား သင့်၍ ကိုယ့် ကျောက်လေးများ ကို ကိုယ် ပြန် ထုတ်၍ ကြည့် မိကြလေသည် ။ တစ် ယောက် က ခေါ်လိုက်သော နာမည်များ မှာ တစ်ယောက် ၏ ထံ မှ ကျောက်ပြား ပေါ် တွင် အားလုံး ရှိနေကြသောကြောင့်ပင် ဖြစ်၏ ။
သို့ဖြစ်လေရာ သူတို့ နှစ်ယောက် မှာ ရန် မဖြစ်ကြတော့ဘဲ ကျောက်ပြားချင်း ဆက် ကြည့်လိုက်၏ ။ ကျောက်ပြားလေး နှစ်ချပ် မှာ အလယ် က စ၍ တစ်သားတည်း ဖြစ်ကာ ကျောက်ပြား တစ်ချပ်တည်း ဖြစ် သွားတော့သည် ။ ထို ကျောက်ပြား ပေါ် မှ စာတန်း များ လည်း လေးတန်း ပြည့်ပြည့်စုံစုံ ဖြစ်ပေါ်လာကြလေ၏ ။
တောက်တီး တောက်တဲ့ ။
ရှောက်မဲ့ စံအောင် ။
တန်ဆောင် ရွှေသွား ။
ခါးခါး ရူပါ ။
သို့သော် ဘာ အဓိပ္ပာယ် မှ ကောက် ၍ မရသဖြင့် စိတ် ရှုပ် သွား ကြရ၏ ။ သုဗလ ကား ဉာဏ် ကောင်းသူပီပီ လေးနက်စွာ စူးစိုက် ကြည့် ၍ စဉ်းစား နေရာက ရုတ်တရက် ဝမ်းသာ သွားလေ၏ ။
“ မင်းသား .. မင်းသား .. စာကြောင်းတွေ ရဲ့ ထိပ် စာလုံးတွေ ကို ဆက် ဖတ်ပြီးတော့ နောက်ဆုံး စာလုံးတွေ ကို ဆက်ဖတ်”
သုဓဇ က သူ ပြောသည့်အတိုင်း လိုက် ဖတ်ကြည့်၏ ။
“ တောက်ရှောက်တန်ခါး တဲ့အောင်သွားပါ ၊ ဘာတဲ့တုန်း ”
“ စာလုံးပေါင်းတွေ ကို နည်းနည်း ပြင် ကြည့်ပေါ့ ၊ ပြင် ကြည့် လိုက် ရင် တောက်လျှောက်တံခါး တည့်အောင်သွားပါ - ဆိုတာ ဖြစ်လိမ့် မယ် ”
ထို့နောက် သုဗလ သည် နှစ်ယောက်တွဲ ဖြစ်နေသော သူများ ၏ ပခုံးချင်း ထိစပ်နေသော အလယ်နေရာ နှင့် ကျောက်တံခါးရွက် နှစ် ချပ် ထိစပ်နေသော အကြားနှင့် တည့်အောင် ချိန်၍ ချီတက် လျှောက်သွားစေရာ သူ တို့ တံခါး နား ရောက်သည် နှင့် တစ်ပြိုင်နက် ကျောက်တံခါးရွက်ကြီးများ မှာ အလိုလို ပွင့် သွားလေတော့သည် ။
ကျောက်ဂူ ထဲ တွင် ကား များစွာသော ရွှေငွေကျောက်သံပတ္တမြား တို့ ရှိကြလေသည် ။ သူတို့ သည် အနီးအနား ရွာများ မှ လှည်းများ ဖြင့် တင်ဆောင်ယူပြီး သုဗလ တို့ ကို မင်းသားလေး က တိုင်းပြည် သို့ ဖိတ်ခေါ်ခဲ့၏ ။
နန်းတော် သို့ ရောက်သော အခါ တွင် စိတ်ပူလျက် ရှိသော ဧကရီ မိဖုရားကြီး သည် သားတော်လေးသုဓဇ ပြန် လာ၍ ဝမ်းသာ သွားရာ က ဝါလ ကို မြင်သော် “ ဟဲ့ .. ဝါလ မဟုတ်လား ” ဟု မေးတော်မူ၏ ။ ဤတွင်မှ ဦးဝါလ လည်း မိဖုရားကြီးမြနန္ဒာ ကို မှတ်မိသွားရလေ၏ ။
“ အမယ်လေး .. မတွေ့လို့ သေရ အသက် ရှိ ပါအုံးမလား - ဟာ ဟုတ်ပေါင် .. မသေ လို့ တွေ့ရ မေ့နိုင်ပါ့မလား သခင်မ ဖုရား ”
မင်းသားလေး သုဓဇ မှာ နောင်တော်ရင်း ကို ပြန် တွေ့ရသဖြင့် ဝမ်းသာပြီး နောင်တော် သုဗလ ကို ပင် ဘုရင် အဖြစ် ထား ၏ ။ မယ်တော် သည် လည်း ဥပုသ်ဆောင် ဝင် ကာ ညီနောင် နှစ်ဖော် တို့ ပျော် နေသည် ကို ပီတိ ဖြစ်နေတော့သည် ။
ဦးဝါလ မှာ လည်း မင်းသားလေး သုဓဇ တို့ ၏ တိုင်းပြည် မှ အပျိုတော်ကြီး မယ်သိင်္ဂီ ကို မျက်စေ့ ကျ၍ လက်ထပ်သည် ကို အားကျမခံပဲ - တောက်တီး တို့ တစ်သိုက် လည်း တောက်တဲ့ တို့ တစ်သိုက် နှင့် အသီးသီး လက်ထပ်ပွဲကြီး ဆင်မြန်းကြလေသတည်း ။
ကလေးတို့ ရွှင်လန်းကြပါစေ ။
◾ကြပ်ကလေး
📖 ဆင့်အချစ်တော် မောင်အောင်ဘော် နှင့် ပျော်ရွှင်ဖွယ်ပုံပြင်များ ( ၃ )
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment