Sunday, June 19, 2022

စာရေးဆရာ မင်းလူ ကို ...


 

❝ စာရေးဆရာ မင်းလူ ကို လှိုက်လှိုက်လှဲလှဲ ဆို့ဆို့နင့်နင့်ကြီး ကို လွမ်းနေမိရပါသည် ❞

စာရေးဆရာတွေ ဆို လည်း သူ့ မတိုင်ခင်ရော သူ့ နောက်မှာပါ ရိုက်သတ်လို့ မကုန်အောင် ပေါများလှပါသည် ။

သို့သော် ဘယ် စာရေးဆရာ မှ “ တစ်ကိုယ်တော်မဂ္ဂဇင်း ” မထုတ်ဖူးသေးပါ ။

ဆရာမင်းလူ အမှတ်တရတဲ့ ။ အဲဒါမှ ဒုက္ခ ။ ကျွန်တော် ကား အင်မတန် အမှတ် မရှိသူ ဖြစ်ပါသည် ။

( ၁ )

သူ နှင့် ပတ်သက်လို့ အမှတ်တရတွေ ပြန်စဉ်းစားကြည့်သည် ။ မစဉ်းစားလို့လည်း မဖြစ်တော့ချေ ။ သူ့ သမီးတော်နှစ်ပါး ဖြစ်သော ဒေါ်ရွှေသူမ နှင့် ဒေါ်ရွှေယုယ တို့နဲ့ ကလည်း တအား ရင်းနှီးနေပြီ ။ သူ့ ဇနီး ဒေါ်ရှန့် မုန့်ဟင်းခါး ကိုလည်း နောက်ဖေး မီးဖိုချောင် အထိ ဝင်ပြီး လိုက်ပွဲ ကို ကိုယ့် လက် နှင့် ကိုယ် ခူးခပ်ကာ မက်မက်ခြိုက်ခြိုက်ပင် စားခဲ့ဖူးပြီ ။ အနှီအကြောင်းများကြောင့် ကျွန်တော် အမှတ်ရ မှ ဖြစ်မည် ။

စဉ်းစားစမ်း ၊ စဉ်းစားစမ်း …  ။

•••••   •••••   •••••

( ၂ )

တစ်ခုတော့ သတိရပြီ ။

သူ နှင့် ကျွန်တော် သိကျွမ်းခင်မင် ခွင့် ရလိုက်သည့် ဆယ်နှစ်မျှ သက်တမ်း အတွင်း မှာ တစ်ခါမှ အတူ တွဲပြီး အရက် ၊ ဘီယာ မသောက်ဖူးခဲ့ပါချေ ။ ပြောရင်းနှင့်ပင် ရင်ထုမနာ လွမ်းရပါပြီ ။

အံမယ် မင်း … တစ်ခါမှ မတစ်ခါလိုက် ရလေခြင်း …  ။

•••••   •••••   •••••

( ၃ )

နောက်တစ်ခု …

တစ်ခါမှ အတူ တွဲပြီးလည်း စာပေဟောပြောပွဲ မနွှဲဖူးပြန်ချေ ။ သူ့ အစ်ကိုကြီး ဆရာ မောင်ဝဏ္ဏ နှင့် သာ နှစ်ပွဲ သုံးပွဲ အတူ ဟောဖူးသည် ။ သူ နှင့်တော့ မဟောဖူးလိုက်ချေ ။ တစ်ခါက အခွင့်ကြုံသဖြင့် သူ့ကို ကျွန်တော် လှမ်းချိတ်ဖူးသည် ။ သူ က မဟောနိုင် ဟု ယတိပြတ် ဆိုသည် ။ ကျန်းမာရေး က အဓိက ဖြစ်သည် ။ သည်တော့လည်း သူ့ ကို ကျွန်တော့် မှာ ဇွတ်မခေါ်သာခဲ့ ။

အမှန်တော့ သူ သာ ဟောမည် ဆိုလျှင် အလွန် စွဲမက်ဖွယ် ကောင်းလှမည် မှာ သေချာသည် ။ စာပေဟောပြောပွဲ မဟုတ်သော တခြားအခမ်းအနားတွေ မှာ သူ ပြောတာ နှစ်ကြိမ် ၊ သုံးကြိမ် နားထောင်ဖူးသည် ။ အခံ နှင့် အအုပ် နှင့် ၊ ဟုတ်ဟုတ် ဟုတ်ဟုတ် မြည်နေအောင်ပင် သူ ပြောတာကို ကြားခဲ့ရသည် မို့ သူ့ စာပေဟောပြောပွဲ သာ ဆိုလျှင်လည်း ကောင်းလိုက်မည့်ဖြစ်ခြင်း ။

သို့သော် အဲဒါလည်း တစ်ခါမှ မတစ်ခါလိုက်ရပြန်ချေ ။

•••••   •••••   •••••

( ၄ )

သူ နှင့် ပတ်သက်ပြီး အမှတ်ရစရာအကောင်းဆုံး မှာ မူ သူ့ ဝတ္ထုတိုပေါင်းချုပ် စာအုပ်ထူကြီး ထွက်လာသည့် အခါတွင် ဖြစ်သည် ။

ထိုအချိန်က သူ့ မရီး ဒေါ်ချိုရီ ၏ လလည်ဆွမ်းကျွေး တွင် ဖြစ်ပါသည် ။ ထို ဆွမ်းကျွေး သို့ ကျွန်တော် မလွဲမသွေ ရောက်လာမည် ကို သူ သိသည် ။ သည်တော့ ထို စာအုပ်ထူကြီး ကို သူ့ လွယ်အိတ် ထဲ တွင် အလေးခံ သယ်လာသည် ။ ပြီးတော့မှ တိုးတိုးတိတ်တိတ် ကျိတ်ပြီး ပေးလေသည် ။ တခြားသူတွေ မမြင်အောင် ကျွန်တော့် မှာ ထို စာအုပ် ကို ဝှက်ပြီး ယူ ရသည် ။ ပြီးလျှင် လူ မမြင်အောင် ခိုးကြောင်ခိုးဝှက် နှင့် ကိုယ့် ကားထဲ အပြေး ထည့် ထားရသေးသည် ။ သူ့ စာအုပ် လက်ဆောင် ယူရသည် မှာ တကယ့် လျှို့ဝှက်သည်းဖိုဇာတ်လမ်း တွင် ပါဝင်သရုပ်ဆောင်နေရသည့်အလား ။

အဲတော့လည်း ဒါကို မှ အမှတ် မရလျှင် ဘာ ကို အမှတ် ရမည်နည်း ။

•••••   •••••   •••••

( ၅ )

နောက်ထပ် ခွကျကျ အမှတ်ရစရာ ရှိသေးသည် ။

ကျွန်တော့် စာအုပ် တစ်အုပ်အတွက် သူ့ ကို အမှာစာ ရေးပေးဖို့ မေတ္တာရပ်ခံလိုက်မိတုန်းက ဖြစ်သည် ။

သူ့ ကို ထို စာအုပ် အတွက် အမှာစာ ရေးပေးရန် ရဲရဲကြီးတောင်းဆိုမိရခြင်း အကြောင်းရင်း ကား သူ က ထိုစာအုပ် ဖြစ်လာမည့် ကျွန်တော့် ခရီးသွားဆောင်းပါး ကို သဘောကျကြောင်း တစ်ကြိမ်မက ပြောဖူးသောကြောင့်လည်း ဖြစ်သည် ။

သို့သော် ထိုစာအုပ် အတွက် အမှာစာ ရေး ပေးရန် ပြောသောအခါ သူ က “ သိပ်ရေးလေ့ ရေးထတော့ မရှိဘူး ။ ဒါပေမဲ့ ရေးပေးမယ် ” ဟု မဆိုင်းမတွ ဆိုပါသည် ။ ကျွန်တော် ကလည်း မလျှော့ချေ ။ “ ကျွန်တော်လည်း ကျွန်တော့် ပထမဆုံးစာအုပ် တောင် မှ ဘယ်သူ့ အမှာစာ မှ တောင်းဖူးတာ ၊ ထည့်ဖူးတာ မဟုတ်ဘူးခင်ဗျ ။ အုပ်ရေသာ ၂၀ ကျော် ထုတ်ဖြစ်သွားတယ် ၊ ကနေ့အထိ အစ်ကို မောင်ဝဏ္ဏ ကို ချစ်လို့ သူ့ အမှာစာ တောင်း ထည့်ဖူးတဲ့တစ်အုပ် ပဲ ရှိဖူးသေးပါတယ်ဗျာ ” ဟု ပြန်ပြောမိခဲ့ရဖူးပါသည် ။

သူ က ခပ်အေးအေးပင် ပြန် ပြောသည် ။

“ အဲ … အမှာစာ ရေးပေးတဲ့ အတွက် စာမူခ လည်း မပေးရဘူး ။ ဘာ လက်ဆောင်ပစ္စည်း မှလည်း မပေးရဘူး ။ အဲဒါကို သဘော တူ မှ ရေး ပေးမှာနော ”

မြတ်စွာဘုရား …

ကျွန်တော် က သူ့ ကို အမှာစာ ရေးပေးလျှင် စာမူခ စို့စို့ပို့ပို့လေး ချီးမြှင့်ရန် စိတ်ကူးကြံစည်ပြီးသား ။ သူ က အကြားအမြင်များ ရ နေသလား မသိ ။ ကျွန်တော့် စိတ်ကူး ကို တစ်ခါတည်း ယတိဖြတ် ပစ်လိုက်သည် ။

“ ဘယ်လိုလဲ သဘောတူလား ”

“ ဟုတ်ကဲ့ပါ ကိုကို ရယ် ၊ သဘောတူပါတယ်”

ကျွန်တော့် လေသံ က ယဲ့ယဲ့ ၊ သဲ့သဲ့ကလေး ။ စိတ် ထဲ မှ မူ တော်တော် ခွကျတဲ့ လူ ။ ငါ့ ထက်တောင် ခွ ကျသေးတယ် ဟု တွေးနေမိခဲ့ပါသည် ။

•••••   •••••   •••••

( ၆ )

စာရေးဆရာတွေ ဆီ က စာမူတစ်ပုဒ် ရဖို့ မှာ အတော် လော ဆော်နိုင် မှ ဖြစ်သည် ဟု အစဉ်အလာအရ နားလည်ထားပါသည် ။ အထူးသဖြင့် သူ လို လျှမ်းလျှမ်းတောက် စာရေးဆရာမျိုး ထံမှ ဖြစ်သည် ။

ကျွန်တော့် ကို လည်း အခုနောက်ပိုင်းတွင် အတော်လော ဆော်ရသည် ။ ရုံး မှာ အလုပ်လုပ်တုန်း က စာမူချိန် တိုင်လျှင် ဘယ်သူမှ လောဆော်စရာ မလို ၊ မှန်မှန်ကြီး ပေး နိုင်နေခဲ့ပါသည် ။ ရုံးအလုပ် မဟုတ်တော့ဘဲ ကိုယ်ပိုင်အလုပ် လုပ်ခါမှ ကျွန်တော့် မှာ စာရေးချိန်တွေ လုံးပါး ပါးလာပါတော့သည် ။ အခု နောက်ပိုင်း ဆိုလျှင် စာရေး အား တအား ကျဆင်းနေလေပြီ ။ သည်တော့ ကျွန်တော့် ထံ မှ စာမူ အတောင်းရ ခက်လှသည် ဟု စာနယ်ဇင်းများ က မှတ်ယူကုန်ကြလေပြီ ။ ကံဆိုးလေစွ ။

အဲ … သူ့ ထံမှ အမှာစာ မှာ မူ ကျွန်တော် လောဆော်စရာ မလိုပါ ။ သိပ် မကြာခင် မှာ ပင် ကျွန်တော့် လက်ထဲသို့ သူ့ စာမူရောက် လာပါသည် ။ သူ့လက်ရေး သပ်သပ်ရပ်ရပ် ၊ လှလှပပ နှင့် ။ အကျအန ရေးသားထားသည် ။

သူ့ စာမူ ကို မြင်သောအခါ သူ့ကို အစ်ကို မောင်ဝဏ္ဏ ၏ ညီအရင်း မပီသလှ ဟု ပင် စိတ်ထဲက တွေး မိသွားရပါသည် ။

အစ်ကိုမောင်ဝဏ္ဏ ၏ လက်ရေးကား အတော် သော့ သည် ။ ထိုအထဲ ခြစ်ရာတွေ ၊ ဟိုဟာ သည်နား ရွှေ့ ၊ သည်ဟာ ဟိုနား ပို့ လုပ်ခိုင်းသည့် မြားတွေ ၊ ညွှန်ကြားချက်တွေ နှင့် ဖတ်ရသူ ၊ စာစီရသူ မှာ အီစလံ ဝေနေတတ်မြဲ ။

သူ့ စာမူကား ထိုသို့ မဟုတ် ၊ လက်ရေးလက်သား သပ်ရပ်သလို ဖျက်ထား ၊ ခြစ်ထားလျှင်လည်း သပ်ရပ်သည် ။ သူ့ နှယ် အလွန် သပ်ရပ်သည့် သွားလေသူ ဆရာ တစ်ယောက် ဖြစ်သည့် ဆရာငြိမ်းကျော် ကို ပင် ချက်ချင်း သတိ ရ မိသွားခဲ့ပါသေးသည် ။

သူ့ အမှာစာ မှာ သူ့ ရေးဟန်အတိုင်း ရွှင်ရွှင်သွက်သွက်ကလေး ဖြစ်သည် ။ ကျွန်တော့်ကိုလည်း တရားလွန် မချီးမွန်း ၊ ကျွန်တော့် စာ ကိုလည်း တရားလွန် မညွှန်း ၊ သူ မြင်သည့်အတိုင်း ရိုးရိုးကလေး ရေးထားခြင်းသာ ဖြစ်သည် ။

သေချာသည်ကတော့ ကျွန်တော့် အား ရသတွေ ကို သာ အဓိက ထားပြီး ရေးစေချင်သော သူ့ စေတနာ ကို ထို အမှာစာ ထဲ မှာ ပီပီပြင်ပြင် တွေ့လိုက်ရပါသည် ။

ခက်တာက သူ ကျွန်တော့် ကို လွှတ် အထင်ကြီးနေခြင်းသာဖြစ်သည် ။ အမှန်က ကျွန်တော်သည် အလွန် အပျင်း ထူသော သတ္တဝါ ဖြစ်လေသည် ။ ရသ ရေးလျှင် အား စိုက်ရသည် ။ နှလုံးသား ရင်း ရသည် ။ ပင်ပန်း သည် ။ ကျွန်တော် ကား အပင်ပန်း သိပ် ခံလို သူ မဟုတ်ချေ ။ သည်တော့ ရသ ကို ဖြစ်နိုင်သမျှ လှည့်ပတ် ရှောင်ပြီး အားမစိုက်ရသော တွေ့ကရာ ရှစ်သောင်းများ ကို သာ လျှောက်ရေး နေရသည် ကိုသာ အာတွေ့နေပါလေပြီ ။

ကျွန်တော် ထိုမျှ အပျင်းကြီးလှမှန်း သူ့ ခမျာ သိ မသွားရှာ ။ အဲတော့လည်း … ဩော် … လွမ်းစရာ ။

•••••   •••••   •••••

( ၇ )

ဒါမျိုး တောင်စဉ်ရေမရတွေ လျှောက် လွမ်းမည်သာ ဆိုလျှင်တော့ သူ နှင့် ပတ်သက်ပြီး လွမ်းစရာတွေက တစ်ပုံကြီး ဟု မဆိုနိုင်သည့်တိုင် အတော်အတန်တော့ ကျွန်တော့်မှာ ရှိပါသည် ။

သို့သော် အဲဒါမျိုးတွေ ဆက်ရေးနေလျှင် ပရိသတ် က ကျွန်တော့် ကို သတ်ချင်လာပါလိမ့်မည် ။ ဘယ့်နှယ် … သွားလေသူကို လွမ်းပါတယ် ဆိုမှ နောက်တီးနောက်တောက်တွေ လျှောက် ရေးနေရကောင်းလာဟု လည်း ဒေါမနဿတွေ ပွားလာစရာအကြောင်း မြင်ပါသည် ။

အမှန်တော့ အဲသလို ဖြစ်ကုန်ရခြင်းသည်လည်း သူ့ ကြောင့်ပင် ။

•••••   •••••   •••••

( ၈ )

အခု စာ ကို ရေးနေသည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၄ ရက် နေ့ ညနေက သူ့ သမီး ဆရာမလေး ယုယ ရောက်လာကာ နောက်ဆုံးထုတ် သူ့ စာအုပ်သစ် ကို လာပေးသည် ။ တစ်ကိုယ်တော်မဂ္ဂဇင်း ဟူသတတ် ။

ထို စာအုပ် ကို ကောက်လှန်မိသည် ။ လှန်ရင်း က “ မောင်ဗလကျော မှာ ဒဏ်ရာတွေနဲ့ ” ဟူသော သူ့ အစ်ကို ကို လွမ်းထားသည့် စာကို သွား ဖတ်မိသည် ။ အဲဒီ့မှာ သူ က သူ့ အစ်ကို ကို ခပ်သောသောရွှင်ရွှင်လေး လွမ်း ထားသည် ။ ထို အကြည်ဓာတ် က ကျွန်တော့် ကို ကူးစက်လာခိုက်မှာ သည် စာတွေ ကို ကျွန်တော် ချရေးဖြစ်နေခဲ့ခြင်း ဖြစ်လေရာ ကျွန်တော့် စာ မှာ တည်တာတွေ ပျောက်ပြီး ဗွေဖောက်နေပါတော့သည် ။

•••••   •••••   •••••

( ၉ )

တစ်ကိုယ်တော်မဂ္ဂဇင်း

သေချာသည် ။ ဒါ သူ့ စိတ်ကူးပင် ဖြစ်မည် ။ သူ သည် တစ်ချိန်လုံး စိတ်ကူးနေသူ သာဖြစ်သည် ။ ညည ကျ မအိပ် ။ စာ ရေး လျှင် ရေး ၊ စာ ဖတ် လျှင် ဖတ် ၊ မရေးမဖတ် လျှင် တွေးနေတတ်သူ သာ ဖြစ်သည်ဟု ကြားဖူးပါသည် ။ မြင်တော့ မမြင်ဖူးပါ ။

သူ ကွယ်လွန်ခါ နီး မှာ ကျွန်တော့် စာအုပ်တိုက် အတွက် သူ့ ပန်းကျောင်း စာအုပ်အဟောင်း ကို ပြန် ထုတ်ခွင့် ပေးသည် ။ ထိုအခါ အဖုံး ကို ဘယ်ကဲ့သို့ လုပ်ချင်သည် ဟု သူ ပြောဖူးသည် ။ ပထမအကြိမ် ထုတ်တုန်း က ဘယ်သို့ ၊ ဒုတိယအကြိမ် ထုတ် တုန်းက ဘယ်သို့ ၊ တတိယအကြိမ် တုန်း က ဘယ်သို့ စသဖြင့်လည်း အဖုံးကို ဆန်းသစ်ထားပုံများ ကို သူ က စီကာပတ်ကုံး ပြောပြသည် ။

ထို ကတည်း က ရိုးရိုးလေး နှင့် ဆန်းသစ်သွားစေတတ်သည့် သူ့ စိတ်ကူးသစ်များ ကို ရိပ်စား မိခဲ့ပါသည် ။

ယခုလည်း ကြည့် …

တစ်ကိုယ်တော်မဂ္ဂဇင်း တဲ့ ။

သီပေါမင်း ပါတော်မူပြီးနောက် သုံးနှစ် အကြာ တွင် စတင် ထုတ်ဝေခဲ့သော ဟာတင်ကာယီ ဝတ္ထုတော်ကြီး မှ စတင်ရေတွက်လျှင် ယနေ့ထက်တိုင် နှစ်ပေါင်း တစ်ရာကျော် ကာလအတွင်း မြန်မာဘာသာ ဖြင့် ရေးသားထုတ်ဝေခဲ့သော စာအုပ်ပေါင်း သောင်း နှင့် သိန်း နှင့် ချီရုံ မျှ မက မနည်းလှပြီ ဖြစ်သည် ။ ဘယ်တုန်းကမှ “ တစ်ကိုယ်တော်မဂ္ဂဇင်း ” ရယ်လို့ မထွက်ခဲ့ဖူးသေးပါ ။

•••••   •••••   •••••

( ၁၀ )

သူ့ တစ်ကိုယ်တော်မဂ္ဂဇင်း ကို ကြည့်မိသောအခါ ဒါမျိုးကို သူမို့ ထုတ်နိုင်တာ ဟု တွေးမိရပါသည် ။

သူ ကား စာရေးဆရာ အစစ် ပင်တည်း ။

သူများ ကို မပြော လိုပါ ။ ကိုယ့် သာသာ ပြော တာပဲ အန္တရာယ် ကင်းပါသည် ။ သူ့ တစ်ကိုယ်တော်မဂ္ဂဇင်း ကို မြင်ပြီးသည့် နောက် သူ စာရေးဆရာ အစစ် ဖြစ်သည် ဆိုပါလျှင် ကျွန်တော် သည် စာရေးဆရာ အတု ဟု ပင် မိမိ ကိုယ် ကို မဆိုဝံ့ပါချေ ။ အလွန်ဆုံး မှ “ စာရေးသူ ” လောက်သာ ကိုယ့် ကိုယ် ကိုယ် ဖော်ရဲပါသည် ။ စာရေး သည့်နေရာတွင် သူ့ လောက် “ ဆရာ ” မကျသောကြောင့် ဖြစ်သတည်း ။

ရှင်းပါမည် ။

သူ့ တစ်ကိုယ်တော်မဂ္ဂဇင်း တွင် မဂ္ဂဇင်း တစ်အုပ် တွင် ပါအပ်သော အင်္ဂါရပ်များ ဖြစ်သည့် ကဗျာ ပါသည် ။ ရသစာတမ်း ( အက်ဆေး ) ပါသည် ။ ဆောင်းပါး ပါသည် ၊ ဝတ္ထုတို ပါသည် ၊ မဂ္ဂဇင်း ( လပြတ် ) ဝတ္ထုရှည် ပါသည် ။ စာရေးသူ နှင့် တွေ့ဆုံမေးမြန်းခန်း ပါသည် ။ ကြံဖန် ချန်ရစ်ခဲ့သည် ဆိုလျှင် ဗေဒင်ကဏ္ဍ သာ ဖြစ်လိမ့်မည် ။

သူ ကား စာစုံ ကို အောင်အောင်မြင်မြင် ရေးနိုင်သူ ၊ တစ်နည်းဆိုသော် အထက် က ကျွန်တော် ညွှန်း ခဲ့သလို စာရေးရာတွင် “ ဆရာ ” ကျ လွန်းသူ မင်းလူ ဖြစ်လေသည် ။

တစ်ကိုယ်တော် မဂ္ဂဇင်း ဖြစ်လာဖို့ သူ ဖျစ်ညှစ် ရေးထားသော ကဗျာ မဟုတ် ၊ သူ ရေးခဲ့သော အောင်မြင်သည့် ကဗျာတွေ ထဲက တချို့ကို ထည့်ထားခြင်း သာ ဖြစ်လေသည် ။ အချစ်ကဗျာ လည်း ပါ ၊ အနှစ်ကဗျာ လည်း ပါသည် ။ အားလုံးမှာ ထင်ရှားအောင်မြင်သော ကဗျာချည်းသာပင် ။ အခြား ရသစာတမ်း ၊ ဆောင်းပါး ၊ ဝတ္ထုတို ၊ ဝတ္ထုရှည်များလည်း ထို့ အတူ ။ ပုံနှိပ်ဖော်ပြပြီး ၊ ထင်ရှားပြီး ၊ လူကြိုက်များပြီး “ ဒင် ” တွေ သာ ဖြစ်သည် ။ တော်ရိလျော်ရိ တစ်ပုဒ် မှ မပါချေ ။

မပါဆို သူ က တစ်ခါမှ ကျွန်တော့် လို တော်ရိလျော်ရိတွေ လျှောက် မရေးခဲ့ဖူးပဲ လေ ။ စာ ရေးရာတွင် လွန်စွာ “ ဆရာ ” ကျလှသော သူ ပင် ဖြစ်သည် ။ ဒါကြောင့် သည်လို စာအုပ်မျိုးကို သူမို့ ထုတ်နိုင် ၊ ထုတ်ဝံ့ခဲ့ခြင်း ဖြစ်ဟန် တူပါသည် ။

•••••   •••••   •••••

( ၁၁ )

လွမ်းမိပါသည် ။

သူ့ တစ်ကိုယ်တော်မဂ္ဂဇင်း ကို ဖတ်နေရင်း က သူ့ ကို တအား လွမ်း လာရပါသည် ။ သူ သာ အသက်ရှည်ရှည် နေရမည် ဆိုလျှင် သည့်ထက်မက ဆန်းတာ သစ်တာတွေ ကို ဖန်တီးသွားမည့်သူ ဖြစ်မှန်း ထို စာအုပ် ကို ဖတ်ရင်း က တနုံ့နုံ့ တွေးနေရပါသည် ။

သို့သော် သေမင်း က သူ့ ကို ချစ်ပုံ ရသည် ။ စောစောစီးစီး ခေါ်ချသွားသည် ။

အဲတော့ ဘာဖြစ်တုံး ။

စာ ရေးရာ မှာ လွန်စွာ “ ဆရာ ” ကျသော ရှားရှားပါးပါး လူ တစ်ယောက် ကို ကျွန်တော် တို့ ဆုံးရှုံးရချေပြီ ။ စာဖတ်ပရိသတ် လည်း နစ်နာ ရချေပြီ ။ မည်သို့ပင် ဆိုစေ ကျွန်တော်တို့ ဘာ မှ မတတ်နိုင်ပါ ။ ကျွန်တော် တတ်နိုင်တာကတော့ သူ့ ကို လွမ်းတာပင် ဖြစ်ပါသည် ။

စာ ရေးရာတွင် လွန်စွာ ဆရာကျလှသော စာရေးဆရာ မင်းလူ ကို စာ ရေးရာတွင် လွန်စွာချာ လှသော စာရေးသူ ပမွှားကလေး ကျွန်တော် က လှိုက်လှိုက်လှဲလှဲ ၊ ဆို့ဆို့နင့်နင့်ကြီး ကို လွမ်း နေမိရပါသည် ။ အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ ။

◾အတ္တကျော်

📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment