Monday, June 20, 2022

အသိုက် ပျောက် ငှက်


 

❝ အသိုက် ပျောက် ငှက် ❞

“ စား ၊ ဝတ် ၊ နေ ၊ ရေး ”  ၊ “ စား ၊ ဝတ် ၊ နေရေး ” နဲ့ လူတွေ နိစ္စဓူဝ ပြောနေ ၊ ဆိုနေ ၊ ကြားနေ ကြတယ် ။ ကျုပ် လည်း သူများ ပြောဆို ဆုံးမ တာ ကြားခဲ့ရဖူးသလို ၊ ကျုပ်ကိုယ်တိုင် လည်း သူများကို ပြောဆို ဆုံးမ ခဲ့ဖူးတာပဲ ။ တကယ်တော့ ဒီ စကား သုံးလုံး က ရိုးရိုးလေး ပဲ ။ ဘာ ဆန်းတာ မှတ်လို့ ။ ဒါပေမဲ့ ဆန်းတယ်ဗျ ။ တစ်နေ့ က တီဗွီ က နေ ဆရာတော်ကြီး တစ်ပါးရဲ့ တရား တစ်ပုဒ် ကို နာ လိုက်ရတယ် ။ “ ပထမ အရွယ် မှာ ပညာ ရှာ ၊ ဒုတိယ အရွယ် မှာ ဥစ္စာ ရှာ ၊ တတိယ အရွယ် မှာ တရား ရှာ ”  ဆိုတာ ဟုတ်ပါ့မလား တဲ့ ။ ကိုယ့် အသက် ကို အစိုး ရ ပါသလား တဲ့ ။ “ ပထမ အရွယ် ” မှာ ရော ၊ “ ဒုတိယ အရွယ် ”  မှာ ရော ၊ တရား မရှာ သင့်ဘူးလား တဲ့ ။ စောစော တရား သဘော သိ တော့ ကုသိုလ် ၊ အကုသိုလ် ခွဲခြားတတ်တာပေါ့ တဲ့ ။ အဲဒီတော့ စိတ် မချမ်းသာ ပေဘူးလား တဲ့ ။ အဲဒါ တွေးမိပြီး ဆန်းတယ်လို့ ကျုပ် က ပြော လိုက်တာ ။ တကယ်ဆို “ စား ၊ ဝတ် ၊ နေရေး ” မှာ “ နေရေး ” ကို ဘာလို့များ နောက်ဆုံး မှာ ထား ပါလိမ့် ။

       •••   •••   •••   ••• 

“ သက်ပြည့် အငြိမ်းစား ယူမည့် ဦးစိန်ဝင်း ( အလုပ်ကြပ် ) အား ၊ တွင်ရုံ မိသားစု မှ ဂုဏ်ပြု နှုတ်ဆက်ပွဲ ”

သူ တို့ ကျုပ် ကို ဂုဏ်ပြုကြမှာ လေ ။ နောက်ပြီး နှုတ်ဆက်ကြမှာ ပေါ့ ။ ကျုပ် ကိုယ် ကျုပ် ဝမ်းသာ နေတာလား ၊ ဝမ်းနည်း နေတာလား ၊ ဝေခွဲ မရဘူး ။ ကျုပ် ခံစားနေရတာတွေ ကို အာရုံ လွှဲဖို့ ကြိုးစား လိုက်ဦးမှ ။ သံဆန်ခါ ဘေး မှာ ထားတဲ့ ပျက်နေတဲ့ တွင်ခုံ အပေါ် ကျုပ် အကြည့် ရောက် သွားတယ် ။ နံရံ ထောင့် မှာ အလုပ် ရှုပ်နေတဲ့ စာကလေး တစ်ကောင် ။ အသိုက် ဆောက် နေတာ နေ မှာ ။ ဒီ နေရာမှာ မှ အမှတ် မရှိ လာ ဆောက် တတ်ပလေ ။ မကြာခင် ဖျက်ချ ခံရဦးမယ် ။ သင်းတို့ အစား ရင်လေး ပါ့ ။

ကျုပ် တတ်နိုင်သလောက် စိတ် ကို ပြန်လည် စုစည်းလိုက်တယ် ။ ခါး ကို မတ်မတ်ထား ၊ အသက် ကို ဝဝ ရှူ လိုက်တယ် ။ ဖိုမင်ကြီး ဦးတင်ရီ က ကျုပ် နဲ့ပတ်သက်လို့ ဂုဏ်ပြုစကားတွေ ရွှန်းရွှန်းဝေအောင် ပြော နေပြီ ။ ကျုပ် အလုပ် ကို ဘယ်လို ကြိုးစားကြောင်း ၊ ဘယ်လို တာဝန် ကျေပွန်ကြောင်း ၊ ဒီ စက်ရုံကြီး အတွက် ၊ မီးရထားကြီး အတွက် ၊ နိုင်ငံတော် အတွက် ၊ လုပ်သားကောင်းကြီး တစ်ဦး ဖြစ်ကြောင်း ၊ စုံ နေတာပါပဲ ။ သူ ပြော မှ ကိုယ့် ကိုယ် ကိုယ် ဂုဏ်ယူ ရမှန်း သိ လာတယ် ။ ကျုပ် က ကိုယ် လုပ်ရမယ့် အလုပ် ကို အချိန် မီ ပြီးအောင် လုပ်ခဲ့ရုံပါ ။ အလုပ် အပေါ် မှာ စေတနာ အပြည့် ထည့်ပြီး လုပ် လိုက်တာ ပဲ ရှိတာ ။ တိုင်းပြည် အတွက် ၊ နိုင်ငံ အတွက် ဆိုပြီး စကားကြီး စကားကျယ် တစ်ခွန်းတလေ တောင် မဟ မိ ခဲ့ပါဘူး ဗျာ ။ ကျုပ် အတွက် ချီးမွမ်းခန်း ပြီးတော့ ဂုဏ်ပြုခန်း ဆက် လို့ ။ ဖိုမင်ကြီး ရဲ့ မျက်နှာ က အရောင် ပြောင်း သွားတယ် ။ အသံ က သံစဉ် ပြောင်းသွားတယ် ။ လုပ်ဖော်ကိုင်ဖက် တစ်ယောက် ကို လက်တွဲ ဖြုတ် လိုက်ရတာ ဆိုတော့ သူ့ ပုံ က အငို မျက်လုံး ၊ အပြုံး မျက်နှာ လို ဖြစ် နေတာ ဘယ် ဆန်းပါ့မလဲ ။ သံယောဇဉ် ဆို တာ ငြိတွယ်တတ်တဲ့ သဘောမျိုး နေ မှာ ။

လက်ခုပ်သံတွေ တဖြောင်းဖြောင်း ကြောင့် ကြက်သီးဖျဉ်းဖျဉ်း ထ သွားတယ် ။ ကျုပ် အလှည့် ရောက်ပြီ ။ စိတ်အိုက် လူအိုက် မို့ ဖြုတ် ထား ခဲ့တဲ့ အပေါ်ဆုံး ကြယ်သီး ကို ကမန်းကတန်း ပြန် တပ် ရပြီ ။ သည် အထက် အပြာ ၊ အောက် အပြာ ဟာ ကျုပ် ဘဝ ရဲ့ နောက်ဆုံး ဝတ်ဆင် ခွင့် ရတဲ့ ဝတ်စုံ လေးပါ ။ မတ်တပ် ရပ် လိုက်တဲ့ အချိန် မှာ ဝတ်စုံ မှာ ခင်တွယ်နေတဲ့ ဆီချေးနံ့ လေး က ကျုပ် နှာခေါင်း ကို လာပြီး ကလိ တယ် ။ တွန်းအား ပေးတာ နေမှာပေါ့ ။ ကျေးဇူးတင် စကား ကို ပြောသာ နေရတာ အဆီအငေါ် သိပ် မတည့်ချင် ။ မျက်လုံး တွေ က ဂဟေဆော်မျက်မှန် တပ် ထားသလိုမျိုး မို့ မြင်ကွင်းတွေ က ဝိုးတဝါး ၊ လည်ချောင်း ထဲ မှာ သံရည်ကျို ဖို က သံရည်ပူတွေ လောင်းချ ထားရသလိုမျိုး မို့ အသံတွေ က အက်တက်တက် ။ ခန္ဓာကိုယ်ပေါ် မှာ ပန်းပဲဖို က တန်ငါးဆယ် တူကြီး ဖိ ထားသလိုမျိုး မို့ လှုပ်ရှားမှု က လေးကွေး လှ ။ ဒီ နေ့ ဟာ ကျုပ် အဖို့ ဝန်ထမ်း ဘဝ နောက်ဆုံး နေ့ လေ ။

     •••   •••   •••   ••• 

အယ်လ်ပီအာ ကာလ ( အငြိမ်းစားပင်စင် ပြင်ဆင်ခွင့် ကာလ ) လေးလ ရတယ် ။ မီးရထား က ပေး ထားတဲ့ လိုင်းခန်း မှာ နေပြီး လ ကုန်ရင် လစာ အပြည့် သွား ထုတ် ရုံပေါ့ ။ အလုပ် ဆင်းစရာ မလိုဘဲ ရတဲ့ ပိုက်ဆံ ။ ကျုပ် ဗီဇ က အလုပ် မလုပ် ရရင် မနေတတ်ဘူး ဗျာ ။ မနက် အိပ်ရာ ထ တာ နဲ့ လိုင်းထိပ် မှာ ရှိတဲ့ ဘုန်းကြီးကျောင်း ကို မသွားခင် ၊ စာကလေးတွေ ကို အစာ ကျွေး နေကျ ။ အလုအယက် စား နေလိုက်တာများ ကြည့်လို့တောင် ကောင်းသေး ။ တစ်ကောင် နဲ့ တစ်ကောင် ထိုးလိုက် ဆိတ်လိုက် နဲ့ ။ စာ မောင်နှံပဲ ဖြစ် မှာပါ ။ သူတို့ အပျော်လေးတွေ က ကျုပ် ဆီ ကို စီးကူး လာ တယ် ဗျာ ။ ဒါနဲ့ပဲ ပျဉ်ပြားဟောင်းလေးတွေ ရှာပြီး သူတို့ နေစရာ အိမ် ကလေး တစ်ခု ဖန်တီး ပေးလိုက်တယ် ။ အိမ် ဘက် ထွက် တဲ့ ဗာဒံကိုင်းလေး မှာ နေရာ ရ သွားတယ် ။ ဒါ သူတို့ ရဲ့ ပိုင်နက် ဧရိယာ ပေါ့ ။ တစ်ခါတစ်ခါ ငှက်အိမ်ဘေး နား သစ်ကိုင်းပေါ် ကနေ အိမ် ဘက် လှည့်ပြီး အသံစာစာ နဲ့ သူ တို့ အော် တတ်တယ် ။ ကျုပ် သေချာ နားထောင်ပြီး ဘာသာ ပြန် ကြည့်တယ် ။ သူတို့ ရဲ့ “ စားရေး နဲ့ နေရေး ” အဆင် ပြေ လို့ ကျုပ် တို့ လင်မယား ကို ဂုဏ်ပြုတဲ့ တေးသံတွေ နေမှာပေါ့ ဗျာ ။ ကျုပ် ကလည်း ပြန် ပြောလိုက်ချင်တာ ။ မင်း တို့ မိသားစုတွေ အတွက် လုံခြုံတဲ့ အရိပ်အာဝါသလေး တစ်ခု ဖြစ် သွား ရင် ငါတို့ ကျေနပ်ပါတယ် လို့ ။

       •••   •••   •••   ••• 

ဒီလိုနဲ့ အလကား နေထိုင်ခွင့် ရတဲ့ အချိန် တွေ တောင် ကျော် သွားပြီ ။ စက်ရုံ ရဲ့တောင်ဘက် မြေကွက်လပ် မှာ အများလိုပဲ ဆောက် ထားတဲ့ အိမ်ကလေး က ပြီးကာတော့ နီးပါပြီ ။ ဓနိမိုး ၊ ထရံကာ ၊ ဝါးကြမ်းခင်း ၊ ဆယ် ပေ ၊ ပေနှစ်ဆယ် ၊ နေဖြစ်ရုံ တဲ အိမ်ပေါ့ ။ မစို့မပို့ လုပ်သက်ဆုငွေ ( ဂရယ် ဂျူတီ ) ရဲ့ အမှတ်တရ သင်္ကေတ ပေါ့ ဗျာ ။ လောလောဆယ်တော့ ဝန်ထမ်း လိုင်းခန်း မှာ ပဲ နေရဦးမယ် ။ ချက်ချင်း မပြောင်းသေးဘူး ဆိုတာကလည်း အိမ်ဆောက် မပြီးသေးတာနဲ့ ဒီ ပတ်ဝန်းကျင် ကို ခင်တွယ် နေမိတာ လည်း ပါ တာပေါ့ ။ ဒါနဲ့ပဲ “ သည် ရပ်ကွက် က မခွာရက်နိုင်တယ် ” ဖြစ်နေတာ ။

ဒီနေ့တော့ လင်မယား နှစ်ယောက် မင်းဓမ္မကုန်း က ကျောက်တော်ကြီးဘုရား ကို ဖူးဖို့ ပြင်ဆင်လိုက်တယ် ။ ကျုပ် ကတော့ ကျုပ် ရဲ့ လုပ်ဖော် ကိုင်ဖက်တွေ က ဂုဏ်ပြုလက်ဆောင် ပေးလိုက်တဲ့ စတစ်ကော်လံ အဖြူရယ် ၊ ဦးဂျမ်း ပုဆိုးရယ် ကို ဝတ် ထားလို့ ။ ကျုပ် ဇနီး ကတော့ ယောဂီ ထဘီ ၊ ယောဂီတဘက် နဲ့ ။ ကျုပ်တို့ မှာလေ ပီတိတွေ ဖြာ လို့ ။ အိမ် က မထွက်ခင် စာကလေးတွေ ကို အစာ ကျွေးတယ် ။ ကျုပ် တို့ ရဲ့ နိစ္စဓူဝ ကုသိုလ် လေ ။ သူတို့လေးတွေ ရဲ့ တေးသီမှု ဟာ ကျုပ်တို့ လင်မယား ရဲ့ ကျေးဇူးတော် ဖွင့် သံစဉ်တွေ ပဲ ဖြစ်မှာ ပါ ။ ကျေးဇူး ရှိမှု နဲ့ ကျေးဇူး သိမှု ကြား မှာ ချိုမြတဲ့ သံစဉ်တွေ ရှိနေတယ် ဆိုတာ ၊ အသိတရား ရှိ မှ နားဆင်လို့ ရတဲ့ အရာပါ ကလား ။ ကျုပ် က တွေး ကောင်းတုန်း ရှိသေး ၊ ရုံးစာရေး က စာရွက် ခေါက်လေး လာ ပေးတယ် ။ သူ့ မျက်နှာ က လငပုတ် ဖမ်း ထားသလိုမျိုး ။

“ လူကြီးမင်း သည် သက်ပြည့် အငြိမ်းစားပင်စင် ခံစားပြီးနောက် နေထိုင်ခွင့် ပြုသည့် ကာလ ကုန်ဆုံးပြီး ဖြစ်၍ အခြား ဝန်ထမ်း တစ်ဦး အား နေရာ ချထားပြီး ဖြစ်ကြောင်း လူကြီးမင်း အား အသိပေးပြီး ဖြစ်သော်လည်း ၊ လူကြီးမင်း ရယူထားသော ဌာနပိုင် နေအိမ်ခန်း အား ပြန်လည် အပ်နှံခြင်း မရှိသေးပါ သဖြင့် သတ်မှတ်ရက် အတွင်း အမြန်ဆုံး ဖယ်ရှား အပ်နှံရန် နှင့် ဖယ်ရှားအပ်နှံခြင်း မပြုပါက ဥပဒေ နှင့် အညီ အင်အားသုံးပြီး နေအိမ်ခန်း မှ ဖယ်ရှားစေရေး စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း အသိပေး အကြောင်းကြား ပါသည် ။  ”  .. တဲ့ ။

သေသွားတဲ့ ဝန်ထမ်း တစ်ယောက် အတွက် ထုတ်ပြန်လိုက်တဲ့ အမိန့်စာ ကို ဖတ် လိုက်ရသလိုပါပဲ ဗျာ ။ ကျုပ် ကို နှင်ထုတ်တဲ့ စာ ။ မောင်း ထုတ်လိုက်တဲ့ အမိန့်စာ လေ ။ ဝန်ထမ်းဘဝ မှာ နှစ်ပေါင်း လေးဆယ်ကျော် ဘဝ တစ်ခုလုံး ရင်းနှီးမြှုပ်နှံခဲ့တဲ့ ဝန်ထမ်း တစ်ယောက် ရဲ့ လက်ကျန် ဘဝ အာမခံချက် ဆိုတာ ဘာ ပါလိမ့် ။ ဘယ်သူ့ မှာ တာဝန် ရှိတာပါလိမ့် ။ မြေပိုင် ၊ အိမ်ပိုင် ၊ ကားပိုင် ၊ ဖြစ်စေနိုင်တဲ့ အလုပ် ကို လုပ်ခွင့် မရခဲ့တဲ့ ၊ မလုပ်တတ်ခဲ့တဲ့ ၊ လုပ် ရမှာ ဝန်လေးတတ်တဲ့ ၊ ကျုပ် ကိုယ် ကျုပ် ပဲ အပြစ် တင်ရမယ် ထင်ပါရဲ့ ဗျာ ။ ကျုပ် က ရိုးသားမှု ကို ဂုဏ် ယူ တတ်တာကိုး ။ နောက်ပြီး မီးရထားကြီး ကို လည်း ဘိုးစဉ်ဘောင်ဆက် သံယောဇဉ် ရှိ ခဲ့ တာကိုး ။

ကျုပ် ကတော့ ကျုပ် ရဲ့ လုပ်သက် လေးဆယ် ကျော် မှာ တွင်ရုံ မှာ တင် နှစ်သုံးဆယ် လောက် ကြာမယ် ။ တွင်ခုံပေါင်း ရာဂဏန်း လောက် ရှိတယ် ။ ကျုပ် မကိုင်ဘူးတဲ့ တွင်ခုံ ဘယ် ရှိလိမ့်မလဲ ။ တွင်ခုံ တော်တော် များများ က ဗမာပြည်ကြီး လွတ်လပ်ရေး မရခင် ကတည်း က ဟာတွေ ၊ ဒါပေမဲ့ အခုထိ အလုပ် ဖြစ်နေတုန်းပဲဗျ ။ စီးပွားရေး ပိတ်ဆို့မှုဒဏ် ခံရတဲ့ ကာလ က ဆို စက်ခေါင်းတွေ ရဲ့ အရံပစ္စည်း က ဝယ် မရဘူးလေ ။ မြန်မာ့နည်း မြန်မာ့ဟန် တီထွင် ဖန်တီးရတာပေါ့ ။ နောက်ပြီး ကျုပ်တို့ စက်ရုံ က ပါလေရာ လေ ။ ကျောက်တော်ကြီး ဘုရား သယ် တော့လည်း ပါ လေရဲ့ ။ ရွှေတိဂုံ ဘုရားကြီး ထီး တင်တော့လည်း ပါ လေရဲ့ ။ “ သူ့ကျွန်မခံပြီ ”  မှာ လည်း ပါလေရဲ့ ။ အဲဒီ အချိန်တုန်း က ဒီ စက်ရုံကြီး နာမည် သိပ် ရ ပါ့ ။ ကျုပ်တို့ ရဲ့ နေ့မအိပ် ၊ ညမအိပ် ၊ ကြိုးစားမှုတွေ ပေါ့ ။ ကျုပ်တို့ ကတော့ ပခုံးလေး လာ ဖက် ရင်ကို အကျေနပ်ကြီး ကျေနပ်နေကြတဲ့ အောက်ခြေ လူတန်းစား တွေပဲ ဗျာ ။ ခုတော့ အဲဒီ ပခုံး လာ ဖက်တဲ့ လက်တွေ ဘယ် ပျောက် ကုန်ပြီလဲ ။ ကျောက်တော်ကြီး ကလည်း ကျုပ် ကို မကယ်နိုင်တော့ဘူး ။ ရွှေတိဂုံ ကလည်း ကျုပ် ကို မကူနိုင်တော့ဘူး ။ “ သူ့ကျွန်မခံပြီ ”  ဆိုတာ က လည်း .... ။

“ တောက် လုပ်ရက်တယ် ကွာ အိမ်ကလေး ဆောက် မပြီးသေးလို့ ခဏတစ်ဖြုတ် နေ နေတဲ့ဟာ .... နှစ်ပေါင်း လေးဆယ်ကျော် လောက် ... လူတစ်ယောက် ရဲ့ အင်အားတွေ ကို ... အကျဉ်းထောင်လိုလို စက်ရုံကြီး ထဲ မှာ ပိတ်လှောင် ... စွမ်းအားတွေ ကို စုပ်ချင်တိုင်း စုပ်ပြီး တော့ ဝ မှ အီ မှ ... သုံး မရတော့ မှ ပစ် ထားရက်တယ်လို့ ကွာ .... ”

“ စိတ် ကို ထိန်းပါ .. ကိုစိန်ဝင်း ရယ် ... ခုပဲ ... ဘုရား သွားမယ့် ဟာ... လူ ကြား လို့မှ မတော်ပါဘူး တော် .... ”

“ အေးပါကွာ ...မီးရထားကြီး ကို ဘိုးစဉ်ဘောင်ဆက် သံယောဇဉ် ရှိလွန်းလို့ ပြောနေတာပါကွာ .... ”

      •••   •••   •••   ••• 

ကျုပ် ဘကြီး ပြောတာ မှတ်မိတယ် ။ အခု ကျုပ်တို့ နေတဲ့ လေးခန်းတွဲ ရဲ့ ဒီ အခန်း နေရာမှာ ကျုပ်တို့ ရဲ့ “ ဘင် ” ကြီး မစ္စတာရမ်းကူးမား နေ သွား တာ တဲ့ ။ သားစဉ်မြေးဆက် အတွက် ဒီ နေရာလေး ဟာ ဇာတိ ၊ ဒီအခန်းလေး ဟာ ချက်မြှုပ် ။ ဒါကြောင့် ဘိုးဘွားစဉ်ဆက် ဒီ အခန်းလေး ကို သံယောဇဉ် ထား ကြတာပေါ့  ။ ရာထူး အဆင့် တက် လို့ ပြောင်းရမယ် ဆိုရင်တောင် မှ တခြား အခန်း ကို မပြောင်းတော့ဘူး ။ ဒီ အိမ်ခန်းတွေ က ကျဉ်းကျဉ်းကျုတ်ကျုတ် ပဲ ။ ဒါပေမဲ့ ဘေးအစွန်ခန်း ရ ထားတာ ဆိုတော့ ရှေ့ ၊ နောက် ၊ ဘေး ၊ ရသလောက် ချဲ့ ထားလိုက်တာ မိသားစု နှစ်စု အတွက် ချောင်ချောင်ချိချိ ပါ ပဲ ။ အရင်က  ဒီ စက်ရုံကြီး မှာ လေဘာ အဖြစ် နဲ့ ကျုပ် ဘဝ စ ခဲ့တယ် ။ မီးရထား ဝင်္ကပါ ထဲ ဝင်ခဲ့ပြီ ဆိုတော့ ဒီ ရပ်ကွက် မှာ သံသရာ လည် တော့တာပေါ့ ဗျာ ။ နောက်တော့လည်း ဒီ အသိုက်အဝန်း က မိန်းမ နဲ့ ပဲ အိမ်ထောင် ကျ ပြီး အဖေ့ အခန်း မှာ တက် နေရုံ ။ အဖေ ပင်စင် ထိုင် တော့ လည်း ဒီ အခန်း က ကျုပ် နာမည် ပေါက် သွားတာ ။ ဒါက မီးရထား ရဲ့ အရင်တုန်းက ဖော်မြူ လာ ။ နို့မို့ဆို ကျုပ် အဖေ တို့ က သောင်ပြင် မှာ လွှတ် တဲ့ ဟင်္သာ မောင်နှံ ဖြစ် သွားမှာ ။ အခုတော့ အဖေ ရော ၊ အမေ ရော မရှိတော့ပြီ ဆိုတော့ ကျုပ်တို့ သားအမိ သားအဖ လေးယောက် အဖို့ အခန်းက တော်တော် ကျယ် ပါတယ်ဗျာ ။ သမီး တစ်ယောက် ၊ သား တစ်ယောက် မွေး ထားတာ ။

ခုတော့ သမီးကြီး က ဘိုကေ နောက် လိုက် သွားလေရဲ့ ။ သူ့ ယောက်ျား က ကုမ္ပဏီ မှာ ယာဉ်မောင်း ။ ကျုပ် သားငယ် က ဖအေတူ သား ထင်ပါရဲ့ ။ ဆယ်တန်း ကို မအောင်ဘူး ဖြစ်နေတာ ။ တစ်နှစ် လည်း မဟုတ် ။ နှစ်နှစ် လည်း မဟုတ် ။ ကျုပ် ကလည်း ပင်စင် နီးပြီ ဆိုတော့ အလုပ်ထဲ သွင်းဖို့ စီစဉ်ရတာပေါ့ ။ သူ အလုပ် ရ သွားရင် ကျုပ်တို့ အတွက် နေစရာ မပူရတော့ ဘူးလေ ။

“ ဆရာ.. နေ့စားလုပ်သားတွေ ခေါ်မယ် ကြားပါတယ် ... ကျွန်တော် လည်း ... ပင်စင်ထိုင်ဖို့ သိပ် မလိုတော့ဘူး ဆရာ ... ဖြစ်နိုင် ရင် .. ကျွန်တော့် သားလေး ကို ... အလုပ် တစ်နေရာ လောက် ခန့် ပေးပါ ဆရာ ...”

“ အေးဗျ ... ကျွန်တော်တို့ ကတော့ ဖြစ်နိုင်ရင် ကိုယ့် ဝန်ထမ်း သားသမီးတွေ ကို ပဲ အလုပ် ခန့် ချင်တာပေါ့ဗျာ ... ဒါပေမဲ့ ... ဝန်ထမ်း သားသမီးတွေ က အလုပ် ခန့် ပြီးရင် အလုပ် ထဲ မှာ စိတ်ပါဝင်စား တာ နည်း ကုန်တယ်ဗျာ ... အဲဒီတော့ အပြင် နဲ့  မျှ ခေါ်ဖို့ ကျွန်တော်တို့ မူ ချ ထားပါတယ် ... ခင်ဗျား သား အတွက် လျှောက်လွှာတော့ တင်ကြည့် ပေါ့ဗျာ ...”

ကျုပ် က လျှောက်လွှာ ပဲ တင် တတ်တာ ။ လက်ဖက် ကို တော့ မထုပ်တတ်ဘူး ။ တတ်သိတဲ့ သူ ကို မေး ကြည့်တော့ ဒီ ဆရာ က “ လာဘ် ပေး ရန် မလို ”  တဲ့ ။ ခန့်ထားမယ့် လူစာရင်း ထွက်တော့ ကျုပ် သား နာမည် ပါ မ လာဘူးဗျာ ။ နားလည်တဲ့ သူ ကို မေးကြည့်တော့ “ ခင်ဗျား သား ကို မခန့် က ... မရလို့ ဘဲ ဖြစ်ပါလိမ့်မယ် ... ” တဲ့ ။

“ တောက် ၊ ငါ ရင်နာတယ် ကွာ ... ဆွေ ခုနစ်ဆက် မျိုး ခုနစ်ဆက် ရထား ကို သမိုင်း နဲ့ ချီ ပြီး အလုပ်အကျွေး ပြု လာတာ ... ငါ့ သား လက်ထက် ကျ မှ ကွာ ... ငါ့ သား လက်ထက် ကျ မှ ... ”

ကျုပ် ရဲ့ အသံ မှာ ငိုသံများ ပါ သွားသလား မသိပါဘူး ဗျာ ။ ကျုပ် ဝမ်းနည်းနေတာတော့ အမှန် ။ ကျုပ် အသားတွေ တဆတ်ဆတ် တုန်နေတယ် ။ ယူကျုံးမရ ဖြစ်နေတာတော့ သေချာတယ် ။ ကျုပ် သား လက်ထက် ကျ မှ မီးရထား မျိုးရိုး ပြတ် တော့မယ် ။ ကျုပ် လူညံ့ တစ်ယောက် ဖြစ် သွားပြီလား ။ ကျုပ် ရဲ့ ဘိုး ၊ ဘေး ၊ ဘီ ၊ ဘင် တွေ ကို ရှက် လိုက်တာဗျာ ။ ကျုပ် က သူတို့ ရဲ့ “ တီ ”  “ တွတ် ”  တွေ ပါ ။ ကျုပ်တို့ အနွယ်တော်တွေ အားလုံး ဟာ ဒီ မီးရထားလိုင်း ထဲ မှာ မွေး ၊ ဒီ စက်ခေါင်းပြင်စက်ရုံကြီး မှာ အလုပ် လုပ် ။ ပင်စင် ထိုင်တော့ ဒီ လိုင်းခန်း မှာ ပဲ သားသမီး မြေးမြစ်တွေ ဆီ မှာ ကပ် နေ ၊ နောက်ဆုံး ဒီ လိုင်းခန်း မှာ ပဲ ခေါင်း ချ ကုန်တာပါပဲ ။ ကျုပ် အလှည့် ရောက်မှ ဒီ လိုင်းခန်း မှာ ခေါင်း ချ ခွင့် မရတော့ဘူး ဗျာ ။

“ ကိုစိန်ဝင်း ရယ် ... ဝန်ထမ်း ဆိုတာ အချိန်တန်တော့ လည်း ... အရပ်သား ဖြစ် သွားတာပဲ ဟာ ... တော် က သာ ... မီးရထားကြီး ကို ... သံယောဇဉ် မပြတ် ဖြစ်နေတာ ... သူတို့ က တော့် ကို ရှင်ခန်း ဖြတ် လိုက် ပြီးပြီ ... သူတို့ အလုပ် ... သူတို့ လုပ်ပါစေ ... ကိုယ့် အလုပ် ကို ကိုယ် လုပ်ရုံပါ့ .. မနက်ဖြန် အခန်း ပြန် အပ်လိုက်ကြတာပေါ့ တော် ... ”

      •••   •••   •••   ••• 

ဇာတိချက်ကြွေရာ ကို မမေ့ကောင်းပေမယ့် ကျုပ် မေ့ ရပါတော့ မယ် ။ ပျော်ရာမှာ မနေ ရတော့လည်း တော်ရာမှာ နေလိုက်ရုံပေါ့  ။ ကျုပ် ရဲ့ အိမ်ထောင် ပရိဘောဂတွေ က သိပ် များတာ မှ မဟုတ်တာ ။ လိုင်း ထဲ က ကလေးတွေ ဝိုင်း သယ် လိုက်ကြတာ ဘာ ကြာတာ မှတ်လို့ ။ ကျုပ် တို့ ကိုယ်တိုင် ဘာမှ သယ်စရာ မလို ။ ကျုပ် ဇနီး ကတော့ ပါးစပ် နဲ့ စီမံခန့်ခွဲ နေလေ ရဲ့ ။ သူ က မိန်းမ ကိုး ။ ကျုပ် ကတော့ အခန်း ရှေ့ က ဗာဒံပင် အောက် မှာ ခြေပစ်လက်ပစ် ထိုင် ပြီး ကွမ်း တပျစ်ပျစ် ထွေး နေရုံပါ့ ။ တွေး နေရုံပါ့ ။

“ အ ..... အ .... အ ... ” 

“ ဂျွတ် ... ဖျောင်း ..... ”

ကျပ် ရုတ်တရက် လန့် သွားတယ် ။ ကျုပ် ခေါင်းပေါ် မှာ ကျီးကန်း တစ်ကောင် ရဲ့ ဝရုန်းသုန်းကား အော် ပျံသွားသံ ကြား လိုက်ရတယ် ။ နောက်ပြီး ကျုပ် ရှေ့ ကို ကျုပ် လုပ်ပေးထားတဲ့ စာကလေး နေအိမ် ပြုတ် ကျလာတယ် ။ ပျဉ်ချောင်းလေးတွေ က တစ်စစီ ပြန့်ကျဲ ကုန်ပေါ့ ။ စာကလေး နှစ်ကောင် က ကျုပ် နဲ့ မျက်စောင်းထိုး မှာ ရှိတဲ့ ပုဏ္ဏရိပ်ပင် ပေါ် လာ နားတယ် ။ သိပ် ဂနာ မငြိမ်လှ ။ တစ်ကောင် နဲ့ တစ်ကောင် တကျိကျိ နဲ့ တွတ် ထိုးနေတာ ။ ကျုပ် ကို တစ်ခုခု ရင်ဖွင့်ချင်နေပုံ ရပါတယ် ။

“ ဘကြီးစိန် ပစ္စည်းတွေ အားလုံး .... ကားပေါ် ရောက်ပြီ ... ကား ထွက်တော့မယ် ... ” တဲ့ ။

ကျုပ် နေခဲ့တဲ့ နေအိမ်ခန်းလေး က ကျုပ် ကို နောက်ဆုံးပိတ် နှုတ်ဆက် အကြည့်နဲ့ ကြည့် နေတယ် ထင်တယ် ။ ကျုပ် ရင်ဘတ် ထဲ မှာဗျာ ဟာတာတာကြီး ဖြစ်လို့ ။ ကျုပ် လေ ကျုပ် အိမ်ခန်းဟောင်းလေး ကို မကြည့်ရက်တာ နဲ့ မျက်နှာ လွှဲ လိုက်တော့ တစ်စစီ ဖြစ် သွားတဲ့ စာကလေး အိမ် ကို မြင် ရပြန်တယ် ။ ဒီလိုနဲ့ ..... ။

လိုက်ထရပ်ကားလေး က ချောင်ကြိုချောင်ကြား ထဲ လူးလိမ့် ရုန်းကန်ရင်း ကျုပ် ရဲ့ ဘုံဗိမာန်သစ် ဆီ ကို ရောက် ခဲ့ပေါ့ ။ ကားဘေး ကို ရောက် လာတဲ့ ဘဝတူတွေ ရဲ့ မျက်နှာ က အရောင် ကင်းမဲ့ နေသလို အသံ လည်း ဆိတ်သုဉ်းနေတယ် ဗျာ ။ ဒါပေမဲ့ ကျုပ် အာရုံမှာမင်္ဂလာ ရှိရှိ အိမ် တက်ဖို့ပဲ တွေး နေတယ် ။ အိမ်တံခါးသော့ ဖွင့် ဖို့ လက် အလှမ်း လိုက် ၊ အိမ် ရှေ့ထရံ နံရံ မှာ ကပ် ထားတဲ့ ဖြူညစ်ညစ် စာရွက်လေး က ကျုပ် ကို ကြိုဆို လိုက်တယ် ဗျာ ။ သို့ - ဦးစိန်ဝင်း ... တဲ့ ။

“ သင် သည် အစိုးရပိုင် ဥပစာ တွင် ခွင့်ပြုချက် မရဘဲ နေထိုင် လျက်ရှိသည် ဟု အောက်တွင် လက်မှတ် ရေးထိုးသူ ကျွန်ုပ် က ယူဆကျေနပ်သော ကြောင့် ( ၁၉၅၅ ) ခုနှစ် ၊ အစိုးရအိမ်ဥပစာ ( နှင်ထုတ်ခြင်း ) အက်ဥပဒေ ၏ ပုဒ်မ ( ၃ ) အရ ဤ နို့တစ်စာ ရသည့် နေ့ မှ တစ်ဆယ့်ငါးရက် အတွင်း အဆိုပါ ဥပစာ မှ ထွက်ခွာသွားရမည် ဟု သင့် အား ကျွန်ုပ် ဆင့် ဆိုလိုက်သည် ။ အကယ်၍ အဆိုပါ ဥပစာ မှ အထက်တွင် သတ်မှတ်ထားသည့် ရက် အတွင်း ထွက်ခွာ၍ မသွားလျှင် သင် သည် အနိုင်အထက်ပြုမှု ခံရခြင်း ဖြင့် ထို ဥပစာ မှ ဖယ်ရှားခြင်း ခံ ရလိမ့်မည် ။ ”

ကျုပ် ဘယ်ဘက် ရင်ဘတ် က စစ်ခနဲ ကျင် သွားတယ် ။ နှလုံးသား က နင့်ခနဲ ခံစားသွားတယ် ။ အိမ်တက် မင်္ဂလာ လုပ်ခွင့် မရလိုက် တဲ့ ကျုပ် ရဲ့ အိမ်လေး က မကြာခင် သည် မြေပေါ် က ပျောက်ကွယ် သွားတော့မယ် ။ ကျူးကျော် ရှင်းလင်းရေး တာဝန်ခံ ကို လား ။ ဒါမှမဟုတ် ကိုယ်ပိုင် ဂရံမြေ ပေါ် မှာ “ နေရေး ”  အတွက် “ အိမ် ” ကလေး တစ်လုံး လောက် တောင် မှ မဆောက်နိုင်တဲ့ ကျုပ် ကိုယ် ကျုပ် လား ။ လက်သည် ကို ဝေဖန်ပိုင်းခြား ဖို့ အသိ မရှိ ခင်မှာပဲ ကျုပ် ရဲ့ ခပ်ပြင်းပြင်း လက်သီးချက်တွေ က အိမ်ထရံ ကို တစ်ချက် ပြီး တစ်ချက် ။

တံစက်မြိတ် အမိုး နဲ့ ထရံ အကာ ကြား က နေပြီး စာကလေး တစ်ကောင် လန့်ဖျပ် ပျံသွားတယ် ။ ကျုပ် ခြေထောက် ရင်း မှာတော့ အဝါရောင် ခပ်ဖျော့ဖျော့ မြက်အခွေလေး က ပုံပျက် ပန်းပျက် နဲ့ ။

◾မင်းအဂ္ဂ ( ဆင်တဲဝ )

📖 မုခ မဂ္ဂဇင်း ( Faces Magazine )
     ၂၀၁၈ ခုနှစ် ၊ ဇွန်လ 

📖 လင်းရောင်ခြည်
      အွန်လိုင်းရသစာပေ
      စာမူပြိုင်ပွဲ
      ပထမဆုရ စာမူ ။

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment